တတိယအိမ်နီးချင်း အကြောင်းကို ပြောပြရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်၏အိမ်နှင့် ကပ်လျက်အိမ်ကို ဝယ်ပြီး အိမ်သစ်ပြင်ဆောက်၍ နေသောသူ ဖြစ်၏။ သူ၏အမည်မှာ ကိုစိန်ဖေဟူ၍ ဖြစ်၏။ သူသည် မူလတန်းကျောင်းအုပ် လုပ်ခဲ့ဖူးသည်ဟု သိရ၏ စကားပြောလျှင် သူ့ကိုယ်သူ “ဆရာတို့က” ဟု ခေါင်းစဉ်တပ်၍ ပြောလေ့ရှိ၏။ သူသည် အိမ်ပြင်၍ ဆောက်သောအခါ၌ ကျွန်ုပ်၏မြေကို ခြောက်လက်မ ခိုး၍ ဆောက်လေ၏။ သူ၏ အိမ်ခေါင်းရင်းတွင်လာ၍ ဆောက်သူကလည်း သူ့ထံမှ မြေခြောက်လက်မကို ခိုးယူ ပြန်၏။

ထိုအခါ၌ ဦးစိန်ဖေသည် မခံမရပ်ဖြင့်ကာ မြေတိုင်းစာရေးကို ခေါ်၍ မြေတိုင်းလေတော့၏။ ခြောက်လက်မ ခိုးယူထာကြောင်း ထင်ရှားလျှင် ဦးစိန်ဖေက ရပ်ကွက်လူကြီးများကို ပြသတိုင်းတန်းလေတော့၏။ ထို့ကြောင့်သူ၏ ခေါင်းရင်းအိမ်မှ လူသည် ရေတံလျှောက် ကြီးကို ဖြတ်ပစ်လိုက်ရ၏။ ပြတင်းပေါက်မှ တံခါးများကို အသေပိတ်ပစ်လိုက်ရ၏။ ပြတင်းပေါက်ပေါ်တွင် လုပ်ထားသော ဆန်းရှိတ်ပင် ဖြိုချပစ်လိုက်ရ၏။ ထိုကိစ္စများ ပြီးသွားသောအခါ၌ ကျွန်ုပ်မှာလည်း ဖဲဝိုင်း မရှိသောကြောင့် အားလပ်နေသည်ဖြစ်ရာ တစ်စုံတစ် ယောက်ကို ပြဿနာရှာဦးမှပဲဟု တွေးကာ မြေတိုင်းစာရေးကို ခေါ်၍ မြေတိုင်းခိုးလေတော့၏။

ထိုအခါ ဆရာဦးစိန်ဖေသည် ကျွန်ုပ်ထင်သကဲ့သို့ ကျွန်ုပ်၏ မြေကို ခြောက်လက်မ ခိုးထားခြင်းမဟုတ် တစ်ပေတိတိ ခိုးထားကြောင်းတွေ့ရလျှင် ကျွန်ုပ်လည်း ရပ်ကွက် လူကြီးများကို ပြသ၍ တိုင်းတန်းရလေ၏။ ဓာတ်ပုံများ ရိုက်ကူး၍ မှတ်တမ်းတင်ရလေ၏။ ဆရာဦးစိန်ဖေသည် မျက်ဖြူဆိုက်နေပြီ ဖြစ်၏။ သူ၏ ခေါင်းရင်းအိမ်မှ လူကို လုပ်သကဲ့သို့ ကျွန်ုပ်က သူအား လုပ်ရပါမူသူ၏ အိမ်နံရံ တစ်ချပ်လုံး ဖြိုချပစ်ရမည် ဖြစ်၏။ ထိုအဖြစ်ကို ကြားလျှင် ဦးစိန်ဖေ၏ ခေါင်းရင်းအိမ်မှလူသည် ကျွန်ုပ်အိမ်သို့ မဖိတ်ခေါ် ရပါပဲလျက် လာ၍လည်၏။

ထို့နောက် ထိုသူက “မိတ်ဆွေကြီး အမှုကို ကျုပ်ဝယ်ချင်လိုက်တာဗျာ၊ ဘာမှမဟုတ်ပါဘူး၊ ဒီလူကြီးကို နှိပ်စက်ချင်လို့ပါ” ဟု ပြောင်ပြောင်တင်းတင်းပြောလေ၏။ ကျွန်ုပ်ကလည်း ထိုလူကြီးအား “ဆရာတို့က ဆရာတို့က ” ဟု ပြောလေ့ရှိသည်ကို နားကလောနေရကား ကျွန်ုပ်အမှုကို မရောင်းနိုင်ပေ၊ ရှိုးသမား စကားဖြင့် ပြောရပါမူ ဒီတစ်လှည့်တွင် ရှိသမျှပုံ၍ ရှိုးရမည့်အလှည့် ဖြစ်၏။

ကျွန်ုပ်သည် ဦးစိန်ဖေကြီးအား.. “ ဘယ်လိုလဲ ဆရာကြီး” ဟု မေးလိုက်ရာ ဦးစိန်ဖေကြီးက “ကျုပ်လဲ မတိုင်းမိဘဲ ဆောက်လိုက်မိပါတယ်ဗျာ၊ အိမ်နီးချင်းတွေပဲ မြေကလေး တစ်ထွာတစ်မိုက်အတွက် နင်လား ငါလား ပြောကြဆိုကြဖို့ မရှိပါဘူး၊ ကျုပ်တို့တောမှာဆိုရင် သူ့မြေကိုယ့်မြေ တစ်လံနှစ်လံဝင်ပြီး ဆောက်ကြတာ” ဟု ပြောလေ တော့၏။ “တောမှာတော့ ဟုတ်ပါလိမ့်မယ် ဆရာကြီး မြို့မှာဆိုတော့ မရဘူ၊ ခြောက်လက်မလောက် ကိုယ့်မြေထဲ ရောက်နေရင် တချို့ ဆိုေ ရတံလျှောက်တွေ ဖြတ်ခိုင်း၊ ပြင်းပေါက်မိုးတွေ ဖြိုခိုင်းလုပ်ကြတာ မဟုတ်လား၊

ခြောက်လက်မဆိုရင်တော့ ကျွန်တော်အနေနဲ့ဘာမှ မပြောပါဘူး၊ အခုဟာက တစ်ပေခင်ဗျ၊ အဲဒီတော့ ကျွန်တော့်အနေနဲ့ မတရားလဲ မလုပ်ချင်ပါဘူး၊ ဆရာကြီး လုပ်တဲ့နည်းအတိုင်းပဲ ကျွန် တော့်မြေ ကျွန်တော် လိုချင်တယ်၊ ကျွန်တော်မြေထဲ ရောက်နေတဲ့ ဆရာကြီးရဲ့ အဆောက်အဦး ဖျက်ပေးဖို့ပါပဲ” ဟု ကျွန်ုပ်က ပြော လိုက်ရာ ဦးစိန်ဖေ၏ မျက်နှာသည် ဝါအဝင်၌ စွန့်ပစ်ခြင်းခံရသော နတ်အုပ်သီးကဲ့သို ရှုံ့တွ၍ သွားလေတော့၏။ အိမ်ကို ဖျက်ပစ်ရန် အခက်အခဲရှိသော ဆရာဦးစိန်ဖေသည် ကျွန်ုပ်အား ငွေသုံးသောင်း အလျှော်ပေးရတော့၏။

ကျွန်ုပ်၏မြေတစ်ကွက်လုံး ဝယ်လျှင်ပင် သုံး သောင်းနှင့်ပင် ရနိုင်၏။ ယခုမူ မြေတစ်ပေအတွက် ငွေသုံးသောင်းကို ကျွန်ုပ်က လက်ဖြောက်တီး၍ ယူလိုက်လေ၏။ ဦးစိန်ဖေကြီး ကား ကစားလိုက်သည်နှင့် ခါးကျိုးသွားသော ရှစ်သုံးလုံး ဖဲထုပ်နှင့် တူ၏။ ကျွန်ုပ်မှာမူကား ကုလားဖန် ထိုးရခက်သော အေဝမ်းဖဲထုပ်နှင့်တူ၏။ သို့ရာတွင် ကျွန်ုပ်တို့နှစ်ဦးသည် အိမ်နီးချင်းများသာတည်း။

About အူးစည်

has written 140 post in this Website..