ပုဂံဂူဘုရားနံရံပေါ်က အင်းဝခေတ် ခေတ်စမ်းကဗျာ…

lu ta loneJune 7, 20101min2510
ပုဂံဂူဘုရားနံရံပေါ်က အင်းဝခေတ် ခေတ်စမ်းကဗျာ

ပုဂံက ရှေးဟောင်း ဂူဘုရားတွေမှာ နံရံဆေးရေးပန်းချီနဲ့ မင်စာတွေ အနည်းနဲ့အများ ရှိကြတာချည်းပါ။ ပုဂံခေတ်က မူလရေးဆွဲခဲ့တဲ့ လက်ရာတွေရှိကြသလို၊ အင်းဝ၊ ကုန်းဘောင်၊ အမရပူရ ရတနာပုံ
နှောင်းခေတ်တွေမှာ ရေးဆွဲ မှတ်တမ်းတင်ထားတာတွေလည်း ရှိပါတယ်။

၁၉၆၂ ခုနှစ်အတွင်းက သမိုင်းကော်မရှင် ရဲ့ လုပ်ဆောင်ချက်တခု အနေနဲ့ ပုဂံဒေသတဝိုက် ရှေးဟောင်း ဘုရားတွေက မင်စာတွေကို စုဆောင်းမှတ်တမ်းတင်တဲ့
မင်စာစု သုတေသနလုပ်ငန်း လုပ်ခဲ့တယ်။ မင်စာတွေကို ကူးရေး၊ ပုံဆွဲ၊
ဓာတ်ပုံရိုက် မှတ်တမ်းတင်ကြတယ်။

ပုဂံမြို့ဟောင်း ရွှေဆံတော်စေတီရဲ့ အနောက်ဘက်မှာရှိတဲ့ ဂူဘုရား အမှတ် ၁၄၆၇/၇၈ဝ က နရပတိစည်သူ မင်းကြီး (နန်းစံနှစ်၊ ၅၃၆-၅၇၃) ရဲ့ ကောင်းမှု၊
လောကဥသျှောင် နှစ်ထပ်ဂူဘုရားဖြစ်ပါတယ်။

နရပတိစည်သူမင်းကြီး ကောင်းမှု၊ လောကဥသျှောင် ဂူဘုရား၊ ပုဂံမြို့

မင်စာစုသုတေသနအဖွဲ့က လောကဥသျှောင် ဘုရားအတွင်း အာရုံခံ နံရံတလျှောက် နေရာအနှံ့အပြားက မင်စာတွေကို လိုက်ရှာကြည့်ကြတယ်။ အရှေ့ဘက်အာရုံခံ
မြောက်ဘက်နံရံပေါ်မှာရှိတဲ့ မင်စာ အစုကို ဖတ်ကြည့်လိုက်တဲ့အခါ၊ လေးလုံးစပ်
ကဗျာတပုဒ် ဖြစ်နေတာကို ရင်သပ်ရှုမောစရာ တွေ့ကြရပါတော့တယ်။

လောကဥသျှောင် ဂူဘုရားအတွင်း၊ အရှေ့ဘက်အာရုံခံ မြောက်ဖက်နံရံပေါ်မှာရှိတဲ့ မင်စာ

ဒီနေ့ခေတ်သုံး မြန်မာ အက္ခရာနဲ့ ကူးရေးတယ်။

။ ဝ ။ နမာမိရတနတ္တယံ။ ပန် (ပ) လင်တော်အောက် အစောက်ငါသူ တွင်
ကြီတူ၍၊ ဖျက်လေပြီ၊ ပေါင်တော်နှစ်ဖက် ချက်တော်မကြွင်
ဓိပ်တော်ထွင်၍ အချင်အောက်သိုဝ်တူလေပြီ၊ ပခုံမ် ေ
တာ်နှစ်ဖက်၊ ဒိဋ္ဌိဖျက်၍ ပျက်ပြီသည်ကိုဝ် ဖုန်လိုဝ်သု
တော် စော်သည်တည်၊ လူပြိတ္တာတိုဝ်၊ စာရာမသိ မိမိမယာ
သာနှင့်တကွ ရှာစကြလည် စာမလောက် အစောက်နက်စွာ၊ တူက (ရှာ)၏
ဥစ္စာမရ၊ (ယ)င်ဓ (တ) သျှိုဝ် သျှို(ဝ်) သျှိုက်သျှိ၊ လူဒိဋ္ဌိတိုဝ် ဖျက်မိ
သောအာ ပါယ်လေပါသိုဝ် လာလေအမြဲ အဝီဇိဓဲ ငရဲ
ခံ၏၊ မီလျှံကိုဝ်လုံမ်လတောက်၊ ပြုပြင်သူကောင် နိဗ္ဗာန် ေ
တာင်၏၊ သျှောင်သျှောင်နတ်ရွာ၊ ဆကာမာသိုဝ်လရော
က်။

ဒီနေ့ခေတ်သုံး မြန်မာ စကားနဲ့ ပြန်ရေးတယ်။

။ ဝ ။ နမာမိရတနတ္တယံ။
(၁) ပလ္လင်တော်အောက်၊ အစောက်ငါးသ ူ၊ တွင်းကြီးတူး၍၊ ဖျက်လေပြီ။
(၂) ပေါင်တော်နှစ်ဖက်၊ ချက်တော်မကြွင်း၊ ထိပ်တော်ထွင်း၍၊ အချင်းအောက်သို့ တူးလေပြီ။
(၃) ပခုံးတော်နှစ်ဖက်၊ ဒိဋ္ဌိဖျက်၍၊ ပျက်ပြီးသည်ကို၊ ဖုန်းလိုသူတော်၊ စော်သည်တည်း။
(၄) လူပြိတ္တာတို့၊ စားရာမသိ၊ မိမိမယား၊ သားနှင့်တကွ၊ ရှာစားကြလည်း၊ စားမလောက်။
(၅) အစောက်နက်စွာ၊ တူးကာ (ရှာ)၏၊ ဥစ္စာမရ၊ (ယ)င်ဓ (တ)။
(၆) သျှိုဝ် သျှို(ဝ်) သျှိုက်သျှိ၊ လူဒိဋ္ဌိတို့၊ ဖျက်မိသောအား၊ ပါယ်လေးပါသို့၊ လားလေအမြဲ၊ အဝီဇိထဲ၊
ငရဲခံ၏၊ မီးလျှံကိုယ်လုံးလတောက်။
(၇) ပြုပြင်သူကောင်း၊ နိဗ္ဗာန် တောင်း၏၊ သျှောင်းသျှောင်းနတ်ရွာ၊ ဆကာမာသို့လရောက်။

အဲဒီ မင်စာမှာ ခုနှစ်သက္ကရာဇ်လည်း မပါ၊ ရေးတဲ့သူလည်း မသိရပေမယ့်၊ ရှေးဟောင်းသုတေသန ပညာရှင်တွေက ခုနှစ်သက္ကရာဇ် မှတ်တမ်းပါတဲ့ ခေတ်ပြိုင်
မင်စာတွေနဲ့ နှိုင်းယှဉ်ကြည့်ကြပါတယ်။ သမိုင်းကော်မရှင်ဥက္ကဋ္ဌ ဆရာကြီး
ဦးဘေမောင်တင်၊ ဗိုလ်မှုးဘရှင် နဲ့ ဆရာကြီး ဦးဝန် (မင်းသုဝဏ်) တို့က
မြန်မာသက္ကရာဇ် ဂ၅ဝ နဲ့ ၉ဝဝ အကြား၊ ပထမအင်းဝခေတ်၊ ရှင်ဥတ္တမကျော်(၈၁၅-၉ဝ၄)၊
ရှင်မဟာရဋ္ဌသာရ (၈၃ဝ-၈၉၂) တို့နဲ့ခေတ်ပြိုင် အချိန်လောက်မှာ
ရေးခဲ့တာဖြစ်နိုင်တယ်လို့ မှန်းဆခဲ့ကြပါတယ်။

စာလုံးပုံစံက မန်ကျည်းစေ့ လေးထောင့်လည်းမကျ၊ ခရာဝန်း အဝိုင်းလည်းမဟုတ်ပါ။ စာအရေးအသားကတော့ စကားပြေရိုးရိုးမဟုတ်ဘဲ၊ ကာရန် နဲ့
လေးလုံးစပ်အခြေခံ ကဗျာဟန် ဖြစ်နေပါတယ်။ အချပိုဒ်တွေနဲ့ အားလုံးပေါင်း
ခုနှစ်ပိုဒ် ပါဝင်ပါတယ်။

ဘုရားဌာပနာ တူးဖောက်သူတို့ လက်ချက်ကြောင့် ပျက်စီးသွားလေတဲ့ ပဓာန ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးနဲ့ ပလ္လင်တော်ရဲ့မြင်ကွင်းကို
ကွက်ကွက်ကွင်းကွင်း ရေးပြလိုက်တာပါပဲ။ ‘အစောက် ငါးသူ’ ဆိုရာမှာ၊ တသူ ကို
လက်ခုပ်တဖောင်ရှိတယ်ဆိုတော့ လက်ခုပ်ငါးဖောင်ပေါ့။ ထူးထူးကဲကဲ
ရသမြောက်အောင် တင်စားဖွဲ့ဆိုတာ ဖြစ်လိမ့်မယ်။ ‘အသူတရာနက်သော’
ဆိုတဲ့စကားမှာပါတဲ့ ‘အသူ’ပါ။ နောက်အပိုဒ်နဲ့ကာရန်မမိပေမယ့်၊ ဆရာကြီး
ဦးဝန်က အဲဒီအဓိပ္ပာယ်ပဲ သင့်တော်တယ်လို့ဆိုပါတယ်။

လောကဥသျှောင်ဂူဘုရားအတွင်းက၊ မင်စာကဗျာမှာပါတဲ့ ပြုပြင်ပြီး ဗုဒ္ဓရုပ်ပွား ဆင်းတုတော်

ဖျက်ဆီးတဲ့လူတွေအတွက် ကျိန်စာကလည်း ရိုးရိုးနဲ့ ကြောက်ခမန်းလိလိ ရှိလိုက်ပါဘိတော့တယ်။ တဆက်တည်းမှာလည်း ပြုပြင်တဲ့ကောင်းမှုရှင်တွေကို
ဆုတောင်းပေးလိုက်ပါသေးတယ်။

တချို့စာလုံးတွေကိုလည်း အဓိပ္ပာယ်အဖော်ရခက်နေပါသေးတယ်။ (ယ)င်ဓ (တ)။ ကိုတော့ အဓိပ္ပာယ် မမှန်းဆနိုင်ပါ။ အသံထွက်အတိုင်း အနက်အဓိပ္ပာယ်တွေကို
ယူရသလိုပဲ၊ သျှိုဝ်၊ သျှိုက်၊ သျှိ စာလုံးတွေက သက်ပြင်းချ စုတ်သပ်ပြီး
မမြင်ရက်စရာ၊ ဆုံးရှုံး လို့ ဝမ်းနည်းတာကို ဖော်ပြတာဖြစ်နိုင်ပါတယ်။
သျှောင်း ကတော့ မြန်မြန်ဆန်ဆန် ဆိုတဲ့ အထူးပြု စကားလုံးအဖြစ်
သုံးစွဲထားတယ်လို့ မှန်းဆရပါတယ်။ ဆကာမာ ဆိုတာကတော့ ဆကမာဝစရ
နတ်ပြည်ခြောက်ထပ် ကိုခေါ်တာပါ။

အထူးခြားဆုံးကတော့ ရှင်ဥတ္တမကျော်ရဲ့ တောလား ၉ ပုဒ်မှာ ‘လ’ သုံးခဲ့သလို၊ ‘မီးလျှံကိုယ်လုံး လ တောက်’ နဲ့ ‘ဆကာမာသို့ လ ရောက်’
အပိုဒ်တွေက ‘လ’ တွေဖြစ်ပါတယ်။ အချပိုဒ်တွေကိုလည်း အဲဒီခေတ်က စပ်ရိုးစပ်စဉ်
ခေတ်ပြိုင် ကဗျာလင်္ကာတွေလိုမဟုတ်ဘဲ တိုတိုပြတ်ပြတ် ရေးထားပါတယ်။
အဲဒီစာကိုရေးခဲ့တဲ့ခေတ်ရဲ့ ခေတ်စမ်းကဗျာလေလားလို့ တွေးစရာပါပဲ။

ကျေးဇူးအထူးတင်စွာဖြင့် ကိုးကားခြင်း

(၁) ပုဂံမင်စာစုသုတေသနလုပ်ငန်း အစီရင်ခံစာ (ဗိုလ်မှူး ဘရှင်)၊ ၁၉၆၄
(၂) နှစ်အမည်ပါသော မြန်မာရှေးဟောင်း မင်စာများ (ဦးဆွဲ)၊ မေလ ၂ဝဝ၁
(၃) မြန်မာရှေးဟောင်းမင်စာ နှင့် မြန်မာ့ယဉ်ကျေးမှု (မောင်သစ္စာ-သမိုင်းသုတေသန)၊ ၂ဝဝ၃
(၄) ရှင်ဥတ္တမကျော်-ရှင်မဟာရဋ္ဌသာရ တောလားများ၊ ၁၉၆၇
(၅) ပုဂံရှေးဟောင်းသုတေသနလမ်းညွှန် (ဦးဗိုကေ)၊ ၁၉၈၁