သတင်းသမားဘဝ(သို့မဟုတ်) ချစ်လူမိုက်များအကြောင်း…

kaiJune 9, 20101min1084

“သတင်းစာဆရာ၊ သတင်းထောက်ခေါင်းဆောင်မှုမပါခဲ့တဲ့ခေတ် တခေတ်မှမရှိဘူး။ အမြဲခေါင်းဆောင်မှုပေးနေ တာဘဲဆိုတာ ကျွန်တော်ရဲရဲကြီးပြောချင်ပါတယ်။ အဲဒီတော့ မေးစရာရှိပါတယ်။ ခေါင်းဆောင်မှုပေးလို့ သတင်း စာဆရာတွေ၊ သတင်းထောက်တွေကဘဲ အစိုးရဖြစ်လို့လား။ သတင်းစာဆရာတွေ၊ သတင်းထောက်တွေကဘဲ ယခုအခေါ် တာဝန်ခံပုဂ္ဂိုလ်ကြီးတွေဖြစ်လို့လားဆိုရင် မဟုတ်ပါဘူး။ သူတို့ခေါင်းဆောင်မှုပေးတာ ငတ်ပြီး ခေါင်းဆောင်မှုပေးတယ်။ အသတ်ခံပြီး ခေါင်းဆောင်မှုပေးတယ်။ ထောင်ချခံပြီးခေါင်းဆောင်မှုပေးတယ်။”

ယင်းစကားစုသည် သတင်းစာဆရာ၊ သတင်းထောက်တို့၏ ရှေ့ဆောင်လမ်းပြကြယ်များထဲမှ တစ်ပွင့်တစ်ခိုင် အဖြစ် ပါဝင်ခဲ့သည့် သတင်းစာဆရာကြီးဦးထွန်းဖေ၏ စကားပင်ဖြစ်သည်။ ဆရာကြီး၏စကားသည် ခေတ် အဆက်ဆက် ခေတ်တိုင်းမှန်ကန်နေမည့်စကားဖြစ်သည်။

ခေါင်းဆောင်မှုပေးသူ

သတင်းစာဆရာ၊ သတင်းထောက်(ဝါ) သတင်းသမားတို့သည် ခေါင်းဆောင်မှုပေးနေသည်မှာ မှန်သည်။ မည်သို့မည်ပုံခေါင်းဆောင်မှုပေးနေသနည်း။ မေးစရာရှိသည်။ သတင်းသမားတို့သည် ပြည်သူ၏ရှေ့မှ မားမား မတ်မတ်ရပ်တည်ကာ မတရားသောလုပ်ရပ်များကို ဖော်ထုတ်၍ တရားသောလုပ်ရပ်များဖြစ်ပေါ်လာစေရန် ခေါင်းဆောင် မှုပေးသည်။ မှားနေသောအရာများကို ထောက်ပြကာအမှန်ဖြစ်လာစေရန် ခေါင်းဆောင်မှုပေး သည်။ လိုအပ်ချက်ရှိနေသောနေရာများတွင် ပြည်သူ၏အားပါယူ၍ ဝိုင်းဝန်းဖြည့်တင်းရန်လိုအပ်လာပါက ဆော်ဩမှုပြုခြင်း၊ ကိုယ်တိုင်ပါဝင်ခြင်းဖြင့် လိုအပ်ချက်များပြည့်ဝစေရန် ရှေ့တန်းမှပါဝင်ကာ ခေါင်းဆောင်မှုပေး သည်။ ထိုအတွက် သတင်းသမားတို့ ရရှိသည့်ရလဒ်မှာ မည်သည့်အရာဖြစ်မည်နည်း။ ကောင်းသောဘက်မှ ရရှိ မည့် ရလဒ်သည် ပြည်သူအများ၏ အားပေးထောက်ခံမှု၊ အသိအမှတ်ပြုမှုသာလျှင်ဖြစ်သည်။ ဤရလဒ်သည် လည်း သတင်းသမားတို့ လိုချင်တောင့်တဆုံးသောအရာဖြစ်ခဲ့သည်။ ဤရလဒ်တစ်ခုသာရရှိပါစေ သတင်း သမားတို့ ပင်ပန်းနွမ်းနယ်စွာလုပ်ဆောင်ခဲ့ရသမျှသည် တစ်ခဏချင်း ပြေပျောက်သွားစေသော ဆေးကောင်း တစ်ခွက်ဖြစ်သည်။

ဆိုခဲ့ပါအတိုင်း ပြည်သူတို့၏ ရှေ့မှ မားမားရပ်၍ ခေါင်းဆောင်မှုပေးခဲ့သည့်အတွက် ဆန့်ကျင်ဘက်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့မှပေးသော ဆိုးသောရလဒ်သည် ပြစ်တင်ကြိမ်းမောင်းခြင်း၊ အချုပ်အနှောင်အဖမ်းအဆီးခံရခြင်း၊ ထောင်ချခံရခြင်း၊ အသက်ပေးရခြင်း စသည့် ရလဒ်များနှင့်လည်း အခါမလပ်သတင်းသမားတို့ကြုံတွေ့ကြရ သည်။

ယင်းသို့ ဆိုးသောရလဒ်များ ရရှိလာမည်ကို သတင်းသမားတို့ ကြိုတင်မသိရှိခဲ့၍ ပြည်သူလူထု၏ အရှေ့မှ မားမားရပ်ခဲ့ခြင်းလား။ ထိုသို့ မဟုတ်ပါ။ ခြွင်းချက်မရှိ လက်ခံယုံကြည်ပေးလိုက်ပါ။ သတင်းသမားတိုင်း ဆိုးသောရလဒ်ကို ကြို၍မြင်ခဲ့၊ သိခဲ့ပါသည်။ သို့သော် ထိုရလဒ်ကို စိုးရွံ့နေပါက သတင်းသမားမဟုတ်တော့။ ထိုရလဒ်ကိုမကြောက် ရင်ဆိုင်ဝံ့သည့်အတွက်သာ ခေါင်းဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သာပင် သတင်းသမားသည် သတင်းသမားဖြစ်နေခြင်းကို အကြွင်းမဲ့ယုံကြည်နိုင်ပေသည်။

သို့အတွက်ကြောင့်ပင် ဆရာကြီးဦးထွန်းဖေကလည်း အထက်ပါစကားကို ရဲရဲဖွင့်ဆိုခဲ့ခြင်းဖြစ်သည်။ ယနေ့အထိ လည်း ထိုစကားသည် မှန်သောစကားဖြစ်နေဆဲပင်။ နောင်နှစ်ပေါင်းများစွာတိုင်လည်း မှန်နေပေဦးမည်။

ဤနေရာတွင် စာနယ်ဇင်းလောက၊ သတင်းလောကနှင့်စိမ်းသူ၊ ကင်းကွာသူတို့က ဆိုနိုင်သည်။ “ဒါဆိုရင် ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ပြည်သူတွေသိသင့်တဲ့ဖြစ်ရပ်၊ ဖြစ်စဉ်မှန်သမျှ ဒီကနေ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ထည့် ရေးပါလား။ ဘာလို့မရေးကြတာလဲ” ဟု ဆိုမည်။ ယင်းအမေးစကားတို့သည် သတင်းသမားတို့အား အများဆုံး အမေးခံနေရသည့် မေးခွန်းများလည်းဖြစ်သည်။ ယခုဆောင်းပါးကို ရေးသားရခြင်းအကြောင်းတွင် ထိုမေးခွန်း အတွက် အဖြေတစ်ခုပေးလိုသည့်အတွက်လည်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် သတင်းလွတ်လပ်ခွင့်

မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့် လွန်စွာဆင်းရဲသောနိုင်ငံဖြစ်သည်။ သတင်းရယူခြင်း၊ ပုံနှိပ်ဖော်ပြခြင်း တွင် အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီးများစွာကို ရင်ဆိုင်ရ၊ ကျော်လွှားကြရသည်။

သတင်းဖြစ်ပေါ်ရာနေရာများမှ သတင်းအချက်အလက်ရရှိရန်ခက်ခဲစွာလုပ်ဆောင်ရသည်။ အန္တရာယ်မြောက် မြားစွာကို ရင်ဆိုင်ကျော်လွှားရသည်။

ယာဉ်တိုက်မှု၊ မီးလောင်မှုကဲ့သို့သော အခင်းဖြစ်ပွားရာနေရာမျိုး၌ပင် သတင်းသမားတို့ လွတ်လပ်စွာသတင်းရ ယူခွင့်မရှိ။ သတင်းသမားဆိုသည်ကို သိရှိသည်နှင့်သက်ဆိုင်ရာအဖွဲ့အစည်းက တားဆီးပိတ်ပင်မှုများပြုတော့ သည်။ ထိုနေရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းအနေဖြင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သကဲ့သို့ သတင်းသမားသည်လည်း သတင်းလောက၏တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။

၂၀၀၈ခုနှစ် မေလ ၂ရက်နှင့် ၃ ရက်တွင် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသသို့ နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့သည်။ နောက်တစ်နေ့(မေ ၄ရက်)တွင် သတင်းသမားတို့ ထိုဒေသသို့ ရောက်ရှိသတင်းရယူခဲ့ကြသည်။ ပျက်စီးယိုယွင်း မှုများနှင့် အသက်ရှင်ကျန်ရစ်သူတို့၏ ဘဝအခြေအနေကို အနီးစပ်ဆုံးပေါ်လွင်ထင်ရှားစွာ ပြည်သူလူထု သိရှိနိုင်စေရန် ရေးသားဖော်ပြကြသည်။ ဤနေရာတွင်လည်း တားဆီးပိတ်ပင်မှုများနှင့်ရင်ဆိုင်ရပြန်သည်။ စစ်ဆေးမေးမြန်းထိန်းသိမ်းခြင်းခံရသော သတင်းသမားများစွာရှိခဲ့သည်။

နာဂစ်မုန်တိုင်းသည် ပြည်သူလူထုတစ်ရပ်လုံးနှင့်သက်ဆိုင်နေသော အမျိုးသားအရေးဖြစ်သည်။ သို့အတွက် သတင်းသမားတို့သည်လည်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ကြခြင်းဖြစ်သော်လည်း လွတ်လပ်စွာ သတင်း ရယူခြင်းမပြုနိုင်ခဲ့။

သတင်းတိုင်း ပြည်သူထံ ချပြခွင့်မရ

သတင်းသမားသည် သတင်းရယူရာတွင်သာ အခက်အခဲများနှင့်ရင်ဆိုင်ရသည်မဟုတ် ပုံနှိပ်ဖော်ပြရာတွင် လည်း ရင်ဆိုင်ရပြန်သည်။ မျက်မှောက်ကာလတွင် ဌာနဆိုင်ရာသတင်း ၅ဝ ရာခိုင်နှုန်းခန့်သည် စာပေစိစစ်ရေး ၏ ထောက်ချက်၊ မှတ်ချက်များနှင့်ရင်ဆိုင်နေရတတ်သည်။ ဌာနထောက်ခံစာ၊ တာဝန်ရှိသူအမည်နှင့် ထောက်ခံ ချက်၊ ဂျာနယ်မှ တာဝန်ယူရန်၊ ဖြုတ်ပယ်၊ ဆိုင်းငံ့စသည်ဖြင့် ကြုံတွေ့ကြရသည်။ ထိုအခါ သတင်းသမားသည် မိမိသတင်းနှင့်သက်ဆိုင်သည့် အကြောင်းအရာအလိုက် တာဝန်ယူရပြန်သည်။ ဌာနထောက်ခံစာတင်ပြပါဆို လာလျှင် သတင်းရယူခဲ့ရာ ဌာနသို့ သွားရောက်၍ ထောက်ခံစာရရှိစေရန်ဆောင်ရွက်ရပြန်သည်။ မိမိ၏သတင်း အတည်ပြုချက်ရရှိရန် ဆောင်ရွက်ရပြန်သည်။ ထိုသို့ရယူရာတွင်လည်း လွယ်လွယ်နှင့်မရ။ မည်သူမဆို မိမိ လက်မှတ်နှင့် တံဆိပ်တုံးရေးထိုး ရိုက်နှိပ်ပေးခြင်းကို မလုပ်ဆောင်လိုကြ။ တာဝန်မခံလိုကြ။ ဌာနဆိုင်ရာအနေ ဖြင့် သတင်းအချက်အလက်ပေးသည်ကိုပင် ယနေ့ကာလတွင် လွန်စွာကောင်းမွန်သည့်အခြေအနေဟု ဆိုနိုင် သည်။ ဤသို့ဖြင့် သတင်းအများအပြားသည် ပြည်သူလူထုသိသင့်သိထိုက်ပါလျှက် ပုံနှိပ်စာလုံးအဖြစ် ပြည်သူ ထံချပြခွင့်မရဖြစ်ကြရသည်။ ထိုအခါမျိုးတွင် သတင်းသမားတို့အဖို့ အားမလိုအားမရဖြစ်ကြရပြန်သည်။ လက်ထဲရောက်လာပြီးမှ လွှတ်ပေးလိုက်ရသည့် ဆုလဒ်တစ်ခုဖြစ်သည်။

တစ်ဖန် ဖြုတ်၊ ပယ် သတင်းမျိုးသည် အားကြိုးမာန်တက်ရယူခဲ့။ အပင်ပန်းအဆင်းရဲခံ ရယူခဲ့သည့် သတင်းဖြစ် နေပါကလည်း သတင်းသမားအတွက် စိတ်နွမ်းကိုယ်ကြေဖြစ်ရပြန်သည်။ ထိုအခါမျိုး၌လည်း သတင်းလောက ကို စိတ်ကုန်ခန်းသွားတတ်ကြသည်။ အချို့သတင်းလောကမှ အပြီးတိုင်ထွက်ခွာသွားကြသည်။ သတင်း လောကအတွက် နစ်နာစရာကိစ္စတစ်ခုဖြစ်သည်။ အချို့သတင်းကို ရွေးချယ်လာတော့သည်။ အပင်ပန်းခံ၍ သတင်းရယူခြင်းမပြုတော့။ ထိုအခါ သတင်းသမားအရည်အသွေး၊ အရည်အချင်းတို့ ကျဆင်းရတော့သည်။ ယင်းသည်လည်း သတင်းသမားတို့ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲအကျပ်အတည်းတစ်ခုဖြစ် သည်။ သတိရှိရှိ ရင်ဆိုင်နိုင်ဖို့လိုသည်။ ကျော်လွှားဖြတ်သန်းနိုင်ရန်အထူးလိုအပ်သည်။

နောက်ဆက်တွဲ ရလဒ်ဆိုးများ

နောက်တစ်ဆင့် သတင်းသမားတို့ရင်ဆိုင်ကြရသည်က မိမိ၏သတင်း ပုံနှိပ်ဖော်ပြခံရပြီးနောက် ဖြစ်ပေါ်လာ သည့်ရလဒ်ဖြစ်သည်။ ကောင်းသောရလဒ်ရှိသကဲ့သို့ မှန်ရာကိုရေးသားကြရသည့်အတွက် ဆိုးသောရလဒ်များ နှင့်လည်း ရင်ဆိုင်ကြရစမြဲပင်။ အမှောင်တွင်းနေထိုင်သူတို့၏ အပြစ်ရှာခြင်းကို ခံကြရပြန်သည်။

ယင်းသို့ သတင်းသမားများ ရင်ဆိုင်ကျော်လွှားကြရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့သည့် ‘ပြည်သူတို့၏စကားပြန်’စာအုပ်၌ “သတင်းစာသမားသည် သတင်းနှင့်ထင်မြင်ချက်များကို ရှာဖွေစုဆောင်းတည်းဖြတ်ဖော်ပြရာ၌ အခက်အခဲများစွာကို ရင်ဆိုင်ရသည်။ သတင်းနှင့်ထင်မြင်ယူဆချက် များကို ရှာဖွေစဉ်ကလည်း သတင်းစာ၏တာဝန်ကို နားမလည်သူ၊ သဘောမ ပေါက်သူ(သို့မဟုတ်) သတင်းစာ၏တာဝန်ကို နှောင့်ယှက်လိုသူတို့က သတင်းပိတ်၊ သတင်းဖုံး၊ သတင်းထိမ်၊ သတင်းလိမ်ကြသည်။ သတင်းနှင့်ထင်မြင်ချက်များကို ဖော်ပြပြီးသည်၏နောက်ပိုင်းတွင်လည်း အငြိုးထား အရေးယူ၊ ရန်သတ္တုရုပြု စသည်ဖြင့်တုံ့ပြန်ကြသည်။ သို့ဖြင့်သတင်းစာသမိုင်းတစ်လျှောက်လုံးတွင် သတင်းစာ သမားများစွာ၊ ထင်မြင် ယူဆချက်ဖော်ထုတ်သူများစွာ အပြစ်ရှာခံရ၊ တရားစွဲခံရ၊ အဖမ်းအဆီးအညှဉ်းအပန်း၊ အရိုက်အနှက်ခံရ သည်မှာ ကြိမ်ဖန်များစွာဖြစ်သည်”ဟု ရေးသားဖော်ပြထားသည်။ ယနေ့ခေတ်အထိ မှန်နေသောဖြစ်ရပ်ပင်။

တိတ်တဆိတ်အသက်ပေးခဲ့ရသူတွေ

နိုင်ငံနှင့်လူမျိုးအတွက် ရှေ့တန်းမှပါဝင်လှုပ်ရှားခဲ့ရာမှ ကမ္ဘာ့နိုင်ငံအသီးသီး၌ သတင်းသမားပေါင်းမြောက်မြားစွာ တို့ အသက်ကိုပင် ပေးဆပ်ခဲ့ရသည့်သာဓကများလည်း ရှိနေသည်။ ယင်းသို့အသက်ပေးခဲ့ရသော သတင်း သမားများနှင့်ပတ်သက်၍ ဆရာမရွှေကူမေနှင်းက“၂၀၀၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ ဂျာနယ်လစ်သတင်းသမား ၆၅ယောက်ဟာ သတင်းလိုက်ရင်း အသတ်ခံခဲ့ကြရတယ်။ ဒီအရေအတွက်ဟာ ၁၉၉၄ ခုနှစ်တုန်းက ၇၂ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက်ပိုင်း အများဆုံးပါပဲ။ ဆယ်စုနှစ်တစ်နှစ်လုံးအတွင်း သေဆုံးခဲ့သူတွေကို ရေတွက်မယ်ဆိုရင်တော့ ၃၃ရ ယောက်တောင်ရှိခဲ့ပါပြီ။ ဒီ ၃၃ရ ယောက်ထဲမှာ သတင်းဆိုင်ရာအလုပ်သမား များဖြစ်ကြတဲ့ သုတေသီတွေ၊ ဘာသာပြန်သမားတွေ သေဆုံး ခဲ့တာမပါသေးပါဘူး။ အထက်ပါသေဆုံးမှုတွေ ထဲမှာ သေဆုံးမှုအများဆုံးဟာ လူမသိသူမသိသေခဲ့ကြတာပါ”ဟု မီဒီယာလောကစာအုပ်တွင် ရေးသား ဖော်ပြထားသည်။

ယင်းအဖြစ်အပျက်အရဆိုလျှင် ဝမ်းနည်းစရာကောင်းနေသည်က သေဆုံးခဲ့ရသည့် သတင်းသမားအများစုသည် လူသိရှင်ကြားသေဆုံးခဲ့ကြခြင်းမဟုတ်။ လူမသိသူမသိသေဆုံးခဲ့ရသည်က အများစုဟုဆိုထားသည်။

တစ်ဖန်အမှန်တရားကို ဖော်ထုတ်ရေးသားခဲ့သည့်အတွက် အသက်ပေးခဲ့ရသော သတင်းသမားများလည်းရှိရာ ထိုအထဲမှတစ်ဦး၏အကြောင်းနှင့်ပတ်သက်၍လည်း ဆရာမောင်ဝံသက “မကြာသေးခင်လပိုင်းအတွင်း လုပ်ကြံ သတ်ဖြတ်ခံရတဲ့ သတင်းစာဆရာကတော့ သီရိလင်္ကာက Sunday Leader ဆိုတဲ့ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီ တာချုပ် ဝိကရမတွန်ဂေးဖြစ်ပါတယ်။ သူဟာ သတင်းစာဆရာမလုပ်မီက ရှေ့နေတစ်ယောက်ဖြစ် ပါတယ်။ နောက်မှ သူ့ရဲ့နိုင်ငံရေးအမြင်တွေကို ဖော်ထုတ်တင်ပြချင်တဲ့အတွက် သတင်းစာဆရာဖြစ်လာသူပါ။ သူရဲ့ ထက်မြက်တဲ့ ကလောင်ထိုးနှက်ချက်ကို အစိုးရကလည်း မကြိုက်၊ အစွန်းရောက်သမားတွေကလည်း မကြိုက် ရန်သူအတော်များခဲ့ပါတယ်။ သည်လိုနဲ့ ၈၊ ဇန်နဝါရီ ၂၀၀၉နေ့မှာ အလုပ်သို့လာစဉ် လမ်းမှာ မော်တော် ဆိုင်ကယ်စီး သေနတ်သမားလေးယောက်က သူ့ကားကို ပိတ်ဆို့ပြီး သေနတ်နဲ့ပစ်သတ်သွားကြပါတယ်”ဟု ရှုထောင့်သစ်စာစောင်၊ အမှတ်-၁၊ အတွဲ-၁ မှာ `အမှန်တရားဘက်တော်သား သတင်းစာဆရာများ´ ခေါင်းစဉ် ဖြင့်  ရေးသားခဲ့သည်။

ယင်းသတင်းသမားသည် မိမိအားလုပ်ကြံသတ်ဖြတ်မည်ကို ကြိုတင်သိရှိခဲ့ရသည့်အကြောင်းနှင့်ပတ်သက်၍ လည်း ဆရာမောင်ဝံသက “ထူးခြားတာကတော့ လုပ်ကြံခံရတဲ့ သတင်းစာဆရာ ဝိကရမတွန်ဂေးဟာ သူတစ်ချိန်မှာ အသတ်ခံရတော့မယ်ဆိုတာ သိနေတယ်။ ဒါကြောင့် သူသေရင်ထည့်ဖို့ အယ်ဒီတာအာဘော် ရေးသွားတယ်။ သူအသတ်ခံရပြီးချိန်မှာ Sunday Leader ဂျာနယ်က အဲဒီခေါင်းကြီးကို ဖော်ပြလိုက်ပါတယ်။ လိုရင်းကတော့ အစိုးရလူတွေက သူ့ရဲ့ကလောင်ကို ရိုက်ချိုးဖို့ လူကို အပျောက်ရှင်းကြတာပဲဖြစ်ကြောင်း ရေး ထားပါတယ်”ဟု ဆိုထားသည်။

မြန်မာသတင်းသမားတို့သည် မျက်မှောက်ကာလ၌ ထိုသို့လုပ်ကြံသတ်ဖြတ်ခြင်းကို မခံကြရသော်လည်း ပြစ်တင်ခြင်း၊ အရေးယူခြင်း၊ ဖမ်းဆီးခြင်းတို့ကိုမူ အများစုခံကြရသည်။ မြန်မာသတင်းသမားတို့တွင် ဝိကရမ တွန်ဂေးကဲ့သို့ သတင်းသမားတစ်ယောက်၏ စိတ်ဓာတ်အပြည့်အဝရှိနေကြသည်။ ပြည်သူအတွက်၊ အမှန် တရားအတွက်ဆိုလျှင် အသက်နှင့်ဘဝကို စွန့်လွှတ်ရဲသူများဖြစ်သည်။

ကမ်းနားသစ်ပင်သည် မြစ်ရေတိုက်စားခြင်း၏ဒဏ်ကို အချိန်နှင့်အမျှ ခံစားနေကြရသည်။ အခြေခိုင်စွာရပ်တည် နိုင်ခွင့်သူ့မှာမရှိ။ သတင်းသမားတို့၏ဘဝသည် ထိုကမ်းနားသစ်ပင်ထက်ပင် အစိုးမရကြ။ မိမိတို့၏ ဘဝကို ဆုပ်ကိုင်ထားနိုင်ခွင့် မရရှိကြသူများဖြစ်သည်။

သတင်းသမားဘဝ ဘာကြောင့် ပြည်သူမသိရှိရသလဲ

ထိုသို့ သတင်းသမားများ ပြည်သူနှင့် အမှန်တရားအတွက် အသက်ကိုပင်ပေးဆပ်နေကြရသော်လည်း သူတို့၏ ဘဝမှန်ကို ပြည်သူအများစုက မသိရှိကြ။ ဂရုမထားမိကြ။

ထိုဘဝမျိုးကိုပင် သတင်းသမားသည် နှစ်လိုစွာလက်ခံထားတတ်သည်။သူ၏ဘဝ၊ သူ၏အသက်ထက် မှန်သော သစ္စာကိုသာ ဦးစားပေးတတ်သူဖြစ်သည်။ ပြည်သူအတွက်၊ အမှန်တရားအတွက် သူသည် သူ၏ ဘဝကို သတင်းများနှင့်ကုန်လွန်စေခဲ့သည်။ ကန့်လန့်ကာနောက်ကွယ်မှ သူ၏ဘဝအမှန်ကို ဖုံးကွယ်ထားတတ်သည်။ ယင်းနှင့်ပတ်သက်၍ “သတင်းသမားသည် သတင်းမဟုတ် ဆိုသည့်ခံယူချက်နှင့်အညီ သတင်းစာသမား သည် အများပြည်သူပိုင်ဆိုင်သော သတင်းစာ၌ သတင်းမဟုတ်ဘဲ ကိုယ့်အကြောင်းကို ကိုယ်ရေးခဲသည်။ သတင်းမဟုတ်ဘဲ ကိုယ့်ဓာတ်ပုံကို ကိုယ်ဖော်ပြခဲသည်။ သတင်းမဟုတ်ဘဲ ကိုယ့်ဘဝကို ကိုယ်ဆွေးနွေးခဲ သည်။ ဤသည်ပင် စည်းကမ်း၊ ဤသည်ပင်ကိုယ်ကျင့်သိက္ခာ၊ ဤသည်ပင် ခြိုးခြံမှုဟု သတင်းစာသမားတို့ ယူဆကြသည်။

ထို့ကြောင့်လည်း သတင်းစာသမားတို့၏ ဘဝ၊ သတင်းစာသမားတို့၏တာဝန် အယူအဆကို ပြည်သူတို့ကြားရ နည်း၊ သိရနည်းသည်။ ထို့ကြောင့်လည်း လုပ်သားပြည်သူတို့သည် သတင်းစာကို မိတ်ဆွေရင်းချာပမာ နံနက် တိုင်းတွေ့ဆုံနေရသော်လည်း သတင်းစာကို ပြုစုထုတ်လုပ်ကြသည့် သတင်းစာသမားတို့၏ လက်တွေ့ဘဝ အခက်အခဲ၊ လုပ်ငန်းနှင့်တာဝန်ပြဿနာများကို မသိကျိုးကျွန်ဖြစ်နေကြခြင်းဖြစ်သည်”ဟု ပြည်သူတို့၏ စကားပြန်စာအုပ်၌ ရေးသားထားပြန်သည်။

ပြည်သူနှင့် အမှန်တရားကို ချစ်သူ

သတင်းသမားတို့နေထိုင်ကျင်လည်ရသည့် ဘဝက ခါးသက်မှုများနှင့် ရေပြွမ်းနေတတ်ပြီး ရေရှည်ရပ်တည် နိုင်ရန်မှာ တော်ရုံဇွဲလုံလဖြင့် မဖြစ်နိုင်။ ယင်းနှင့် ပတ်သက်၍ ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ ဆရာလူထု စိန်ဝင်းက “သတင်းသမားဆိုတာ ပင်လယ်ထဲမှာ ရေငတ်နေသူနဲ့တူပါတယ်။ လူတွေကြားမှာ လှုပ်ရှားကျင်လည် နေရပေမယ့် အင်မတန်အထီးကျန်နိုင်လှတဲ့ တစ်ကောင်ကြွက်ဘဝမျိုးနေရလေ့ရှိပါတယ်။ အဲဒါကြောင့် တော်ရုံသင့်ရုံ ဝါသနာရှိရုံလောက်နဲ့တော့ သတင်းသမားဘဝ ရာသက်ပန်ခံယူနိုင်ဖို့မလွယ်ပါဘူး။ လမ်းခုလတ် ကနေ လမ်းခွဲသွားတတ်သူသာ များပါတယ်။ အင်မတန်မှ ဝါသနာကြီးသူများသာ သေတပန် သက်တဆုံး သတင်းသမားဘဝနဲ့ အရိုးထုတ်လေ့ရှိပါတယ်။ ဝါသနာပါရင် စာနယ်ဇင်းသမားဖြစ်ပါတယ်။ စေတနာပါမှ စာနယ်ဇင်းသမားကောင်းဖြစ်ပါတယ်”ဟု သတင်းသမားဖြစ်ရန်မှာ ဝါသနာပါရန်လိုအပ်ပြီး ပြည်သူလူထုအပေါ် ချစ်စိတ်ဖြင့် စေတနာပါပါလုပ်ဆောင်မှသာ သတင်းသမားကောင်းဖြစ်လာနိုင်မည်ဖြစ်ကြောင်း ရှုမြင်သုံးသပ် ထားသည်။

သတင်းသမားသည် ပြည်သူထဲက ပြည်သူ၊ လူထဲက လူတစ်ယောက်သာဖြစ်သည်။ ထိုသူသည်လည်း ဘဝကို တည်ငြိမ်သေချာစွာနေထိုင်ရန် ရွေးချယ်ခွင့်ရှိသည်။ သာမန်ပြည်သူကဲ့သို့ပင် သာမန်လစာငွေလုပ်အားဖြင့် ရပ်တည်နိုင်ခွင့်ရှိသည်။ သို့သော် သူသည် ပြည်သူနှင့်အမှန်တရားကို ဘဝထက်၊ အသက်ထက် ချစ်ခဲ့သည်။ ထိုအခါသူသည်….

‘ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်…’ ဆိုသည့် သီချင်းစာသားလေးကို နားထောင်ဖူးကြမည်။ သတင်းသမားတို့ သည်လည်း ပြည်သူကိုချစ်စိတ်၊ အမှန်တရားကိုချစ်စိတ်ဖြင့် ကျရောက်လာမည့်အန္တရာယ်အသွယ်သွယ်ကို မိုက်မိုက်ကန်းကန်းဖြင့်ရင်ဆိုင်နေကြသည့် ‘ချစ်လူမိုက်’များသာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။

မှတ်ချက်။    ။ ယခုဆောင်းပါးသည် သတင်းလောကအတွင်း ကျင်လည်နေကြသည့် သတင်းသမားတို့၏ ဘဝကို ထင်ဟပ်မြင်သာစေလိုသောသဘောဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် သတင်းလောက အတွင်းရှိ သတင်းသမားစစ်စစ်တို့၏ ဘဝဖြစ်ရပ်မှန်ဖြစ်သည်။

မိသားစုတစ်စုတွင် သားဆိုးသားမိုက်များရှိနေတတ်ကြသည်။ သတင်းလောကမိသားစုထဲတွင်လည်း သားဆိုး သားမိုက်များရှိနေသည်က အမှန်ပင်ဖြစ်သည်။ ယင်းသားဆိုးသားမိုက်များကြောင့်ပင် သတင်းလောကနှင့် သတင်းသမားတို့၏ဘဝကို ပြည်သူလူထုအမြင်စောင်းခဲ့ကြသည်များလည်း များစွာရှိနေသည်။ ထို့အတွက် ဆိုခဲ့ပါသားဆိုးသားမိုက်(သတင်းသမားစုန်းပြူး)များအကြောင်းကို သီးခြားဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားပါ ဦးမည်။

ကိုးကား။     ။               ၁၉၇၄ ခုနှစ်ထုတ်-ပြည်သူတို့၏စကားပြန်စာအုပ်
လူထုစိန်ဝင်း-အလင်းတန်းဆောင်းပါးများစာအုပ်
ရွှေကူမေနှင်း-မီဒီယာလောက
၂၀၀၉ခုနှစ် မေ၊ ၁ရက်နေ့ထုတ် ရှုထောင့်သစ်စာစောင်


အယ်ဒီတာမှတ်ချက်။   ။ အီးမေလ်းမှတဆင့် လက်ခံရရှိသည်ကို တင်ပေးခြင်းဖြစ်ပါသည်။ ယခုကဲ့သို့သော စာကောင်းများ အများဖတ်ရအောင် ပေးပို ့ခြင်းအတွက် စာရေးသူအား ကျေးဇူးတင်ပါကြောင်း။

4 comments

  • kai

    June 9, 2010 at 11:48 pm

    မန်းလေးဂေဇက်မှာ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း မဆုံးခင်က စာတွေရေးသွားဖူးတယ်။
    ပြန်ရှာပြီး တင်ပေးပါဦးမယ်။

    ဘာပဲဖြစ်ဖြစ်ပါ..။
    ပြီးခဲ့တဲ့လက အင်္ဂလန်မှာပေးတဲ့ဆု “Journalism under Threat” award က မြန်မာပြည်ရဲ့ ချစ်လူမိုက်များကိုပေးတာမို ့အဲဒါလေးနဲ့ကြေနပ်နေကြပါဦးလို့..။
    http://www.irrawaddy.org/article.php?art_id=18605

  • zamte

    June 10, 2010 at 6:11 am

    သတင်းသမားတွေရဲ့ ဘဝကို ဖော်ကျူးထားတဲ့ ဆောင်းပါးကောင်းလေး တပုဒ်ပါ။ ဖတ်ရှုမှတ်သားသွားပါတယ်။ ပြည်တွင်းက သတင်းသမားများ စာပေကင်ပေတိုင်ရဲ့ ရန်က အမြန်ဆုံး လွတ်ကင်းနိုင်ကြပါစေ။

  • HayMonChan

    October 26, 2010 at 4:52 pm

    ကောင်းလိုက်တာရှင်

Leave a Reply