ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …” အပိုင်း (၂)

True FaithJune 10, 20101min2462
ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစု စုံစုံ ညီညီ
ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစု စုံစုံ ညီညီ

ရေးသူ – မင်းဟန်

အပိုင်း (၁) ကို ဒိနေရာတွင် ဖတ်ရှုနိုင်ပါသည်။

အခန်း (၄)
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှင်သန် နေထိုင်ခဲ့ရသည့်ကာလက …. တိုတိုကျဉ်းကျဉ်းလေးသာဖြစ်သည်။တိတိပပ တွက်စစ်ပါမူ ….. စုစုပေါင်း ၂၅ လမျှသာ….။

ဤမျှတိုတောင်းသော အချိန်လေးများကိုပင် ပြည့်ပြည့်ဝဝ အတူနေခဲ့ကြရခြင်း မဟုတ်ခဲ့…။ ဗမာ့တပ်မတော်အား အသစ် ပြန်လည်ဖွဲ့စည်းရန်အတွက် ဗိုလ်ချုပ်ကြီးမောင့်ဘတ်တန်နှင့် ဆွေးနွေးရန် ဗိုလ်ချုပ်သည် သီရီလင်္ကာနိုင်ငံသို့ သွားရ၏။ ရန်ကုန်မှ ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်၏။ ဗိုလ်ချုပ်၏ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်မှ ဗိုလ်လကျာ်၊ ဗိုလ်ဇေယျ၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော ပါကြ၏။ နိုင်ငံရေးခေါင်းဆောင်များမှ သခင်သန်းထွန်း၊ ဦးဘဘေ၊ ဦးညိုထွန်းနှင့် စောဘဦးကြီး ပါဝင်၏။

ခရီးစဉ်က….ရန်ကုန်မှ ကာလက္တား….။ ကာလက္တားမှတဆင့် သီရိလင်္ကာနိုင်ငံ ကန္ဒီသို့ သွားရန် ဖြစ်သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ဗိုလ်ချုပ်တို့အဖွဲ့ ရန်ကုန်မှ ထွက်သည်။ ၆ ရက်နေ့တွင် ကန္ဒီမြို့၌ “မောင့်ဘတ်တန်” ဦးဆောင်သော မဟာမိတ် စစ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်တို့ ဆွေးနွေးကြသည်။

တပ်မတော်သစ် ဖွဲ့စည်းရေးဆိုင်ရာ “ကန္ဒီစာချုပ်” အား ချုပ်ဆိုကြ၏။ ကန္ဒီမှ ပြန်ရောက်ပြီးသည့်နောက်….ဗိုလ်ချုပ်သည် တပ်မှ နုတ်ထွက်၍ ဖဆပလတွင်ပင် ဥက္ကဋ္ဌ အဖြစ်နှင့် နိုင်ငံရေးတာဝန်များအား အချိန်ပြည့် ထမ်းဆောင်၏။ ဖဆပလဥက္ကဋ္ဌ အနေဖြင့်လည်း ဗိုလ်ချုပ်သည် အမှတ် ၂၅ တာဝါးလိန်းနေအိမ်၌ နေရသည့်နေများက နည်းသည်။ တပြည်လုံးအနှံ့ ခရီးထွက်၍ လူထုနှင့်တွေ့ဆုံပြီး ရှင်းလင်းပြောကြားနေခဲ့ရသည်က များ၏။ မြစ်ကြီးနားသို့ သွား၏။ ဒူးဝါးကြီးများနှင့် ဆွေးနွေး၏။ ကချင်လူထုနှင့် တွေ့၏။ အိမ်တွင်ရှိသည့် အချိန်များတွင်လည်း ဗိုလ်ချုပ်သည် နေ့နေ့ညည အလုပ်များနှင့်ပိ၍ နေခဲ့သည်။

၁၉၄၆ ခုနှစ် ဇွန်လတွင် ဘုရင်ခံ ဒေါ်မန်စမစ်သည် ကျန်းမာရေးကြောင့် အင်္ဂလန်သို့ ပြန်သွားခဲ့၏။ ဒေါ်မန်စမစ်နေရာတွင် ဆာဟူဘတ်ရန့်စ်သည် ဘုရင်ခံသစ်အဖြစ်နှင့် ရောက်လာ၏။ ဘုရင်ခံသစ်က ရန်ကုန်သို့ရောက်ပြီး မကြာ…. ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့၏။ ဖဆပလနှင့် ဆွေးနွေး၏။ နှစ်ဖက် …. အလျှော့အတင်းနှင့် ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဖဆပလမှ ပါဝင်ရန် ဗိုလ်ချုပ်တို့ သဘောတူလိုက်၏။

၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် အမှုဆောင်ကောင်စီသစ်အား ဖွဲ့စည်း၏။ ဆာဟူးဘတ်ရန့်စ်က ကောင်စီ၏ ဥက္ကဋ္ဌ …. ဗိုလ်ချုပ်အောင်ဆန်းက ဒု-ဥက္ကဋ္ဌ။ ကောင်စီဝင် ၁၁ ဦး ရှိသည်။ ဖဆပလက ကောင်စီတွင် ၆ ဦး ပါရှိ၏။ ပြီးလျှင် …. ဗိုလ်ချုပ်က …. ဝန်ကြီးအဖွဲ့တွင် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုလည်း ယူရ၏။ သို့သော် … လွတ်လပ်ရေးခရီးက …..အဆုံးတိုင်သို့ မရောက်သေး…..။ ဗိုလ်ချုပ်၏ ဦးဆောင်မှုအောက်၌ ဆက်၍ချီဆဲ…။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဒေါင်းနင်းလမ်းက ဗိုလ်ချုပ်တို့အား အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံ တည်ထောင်ရေးအတွက် ဆွေးနွေးရန် ကမ်းလှမ်း၏။ ဖဆပလက “ဝှိုက်ဟော”၏ ကမ်းလှမ်းချက်ကို လက်ခံ၍ ဗိုလ်ချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တဖွဲ့ လန်ဒန်သို့ သွား၏။

၁၉၄ရ ခုနှစ် ဇန်နဝါရီလ တလလုံးနီးနီး လန်ဒန်တွင် နေပြီး ဒေါင်းနင်းလမ်းနေအိမ်၌ အက်တလီအစိုးရအဖွဲ့နှင့် ဗိုလ်ချုပ်တို့ ဆွေးနွေးကြသည်။ အဆုံး၌ သဘောတူညီမှု ရခဲ့ကြ၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီတို့ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးကြ၏။

“အောင်ဆန်း-အက်တလီစာချုပ်”

တနှစ်အတွင်း လွတ်လပ်ရေး ရ….ရမည်….။ ဗိုလ်ချုပ်၏ အင်္ဂလန်ပြန် လက်ဆောင်က မြန်မာပြည်သူများအတွက်…. တနှစ်အတွင်း လွတ်လပ်ရေး ရ….ရမည်ဖြစ်၏။ သူ၏ ကလေးများအတွက်လည်း လက်ဆောင်များ ပါခဲ့၏။ သမီးငယ်အတွက်က အရုပ်ကြီးတရုပ်….။ ထိုအရုပ်ကြီးက လန်ဒန်တွင် ဒိုရာသန်းအေး (ဘိလပ်ပြန်သန်း) အား သမီးအတွက် ဗိုလ်ချုပ်က အဝယ်ခိုင်း၍ ဒိုရာသန်းအေးက ဝယ်ပေးလိုက်သည့် လက်ဆောင်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်က ထိုလက်ဆောင်အရုပ်ကြီးအား နှစ်ပေါင်းများစွာ ကြာသည့်အထိ မပျက်မစီး ထိန်းသိမ်းထားခဲ့၏။

အခန်း (၅)

မိုးသောက်ယံကတည်းက .. ကောင်းကင်သည် အုံ့အုံ့မှိုင်းမှိုင်း …. ညို့ညို့ဆိုင်းဆိုင်း ….၊ ကြည်ကြည်လင်လင် မရှိ။ မြင်ရသည်မှာ မြူသန်းနေသည့် ပင်လယ်ပြင်ကြီးအလား….။ အရပ်ရပ်သည် ဝိုးဝိုးဝါးဝါး…..။ မိုးသည် လွတ်လွတ်ကင်းကင်း စဲသည်ဟူ၍ မရှိ။ ဖွဲလိုက်….။ သည်းလိုက်…..။ တဖြိုင်ဖြိုင် ရွာချလိုက်နှင့် စွေနေသည်။ သနပ်ခါးရောင် ပိုးပျော့ရင်ဖုံး၊ ဘန်ကောက်လုံချည်၊ ပန်းနုရောင်ခေါင်းပေါင်းနှင့် ရုံးသွားရန် ပြင်ဆင်နေသော ဖခင်အားမြင်ရသည်မှာ ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲ၌ “ဆန်း”၍ နေသည်။

ယခင်ကမူ….. ဖေဖေ့အား စစ်ဝတ်စုံနှင့်သာ အမြဲလိုလို တွေ့ရမြဲ….။ မိုးကမစဲ…..။ ဖွဲလိုက်၊ သည်းလိုက်နှင့်…..။ မိုးရေထဲမှာပင် ဗိုလ်ချုပ်သည် အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့်အတူ ကားပေါ်သို့ တက်ပြီး ရုံးသို့ ထွက်သွား၏။ မိုးသည်းနေသဖြင့် အိမ်အဝ အထိပင် ဖခင်ဖြစ်သူအား ဒေါ်အောင်ဆန်းစုကြည်တို့ လိုက်ပို့နိုင်ကြ၏။ ဤလိုက်ပို့ခြင်းက ဖခင်ဖြစ်သူအား နောက်ဆုံးလိုက်ပို့ခဲ့သည့် နောက်ဆုံး ခရီးဟု ထိုစဉ်က …. ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အကိုများ မတွေးမိ၊ မထင်မှတ်မိခဲ့…..။

ထိုနေ့က …… ၁၉၄ရ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်……။

အခန်း (၆)

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရခဲ့၏။ လွတ်လပ်သောနိုင်ငံသစ်တွင် ပထမဦးဆုံး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်က သခင်နု ဖြစ်လာခဲ့သည်။ လွတ်လပ်သော နိုင်ငံသစ်၌ ဒေါ်ခင်ကြည်သည်လည်း နိုင်ငံ့တာဝန်အား ထမ်းဆောင်၏။ အရွယ်မရောက်သေးသည့် သားသမီး ၃ ယောက်အား ထိန်းကျောင်းရင်း……။ တဖက်တွင် မိခင်နှင့် ကလေး စောင့်ရှောက်ရေးဌာန၊ လူမှုဝန်ထမ်းဌာနတို့တွင် တာဝန်ကြီးကြီးယူ၍ ထမ်းဆောင်ရ၏။ ထူထောင်ကာစ တိုင်းပြည်သစ်တွင် ဒေါ်ခင်ကြည်သည်လည်း အလုပ်တာဝန်များနှင့် မအားမလပ်…..ပိ၍နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ကလေးဘဝက ….. တပ်မတော်သား ရဲဘော်ရဲဘက်များ၏ ထိန်းကျောင်း၊ စောင့်ရှောက်မှု လက်ပေါ်၌သာ ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်။ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမများအပေါ် အနွံအတာ အခံရဆုံးက …… ဗိုလ်ချုပ်၏ ကားအား မောင်းရသည့် ရဲဘော်ဖြစ်၏။ မပီ့တပီနှင့် ထိုရဲဘော်၏ အမည်အား ဒေါ်အောင်ဆန်းစုကြည်က ခေါ်တတ်၏။ ဒေါ်အောင်ဆန်းစုကြည်တို့ မောင်နှမများက မိခင်၏ အုပ်ထိန်းမှု တပ်မတော်သား ရဲဘော်ရဲဘက်များ၏ ထိန်းကျောင်းမှုအောက်၌ ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်ဖြစ်သော်လည်း စင်စစ်တွင်မူ ဗိုလ်ချုပ်၏ … “ကလေးတွေကို ဘာကိုမှ မကြောက်စေနဲ့။ သူတို့ ကြောက်ဖို့ဟာ နှစ်ခုပဲရှိတယ်။ မတရားတဲ့ ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ မမှန်တဲ့ ကိစ္စကို လုပ်ဖို့ ကြောက်ရမယ်။ လောကမှာ ကြောက်ဖို့ဆိုတာ ဒီနှစ်ခုပဲရှိပါတယ်။” ဟူသည့် သွန်သင်မှု၊ သင်ကြားမှုများအတွင်း၌သာ အသားကျ၊ အရိုးစွဲရှင်သန်ကြီးပြင်းခဲ့သည်ဟု ဆိုရမည်….။

အခန်း (၇)
၁၉၄၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကျောင်းစ၍ နေရသည်။ ရန်ကုန်ရှိ “စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်းတွင် ဖြစ်သည်။ အင်းစိန်၌ သေနတ်သံတို့က စဲစပြုပြီ….။ ယမ်းငွေ့ကမူ ဝေဆဲ…..။ KNDO တို့က အင်းစိန်အား ၁ဝ၁ ရက်တိုင်တိုင် သိမ်းပိုက်ထားခဲ့ရာမှ စွန့်၍ မြစ်ဝကျွန်းပေါ်ဘက်သို့ တဖြေးဖြေး ဆုတ်ခွာသွားကြ၏။ ည ၉ နာရီကျော်လျှင် ….. အပြင်မထွက်ရ….။ နေဝင်မီးငြိမ်းအမိန့်အား ရန်ကုန်မြို့တွင် ထုတ်ပြန်၍ထားဆဲ….။

ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်နှင့် KNDO တပ်များက မြန်မာပြည်မြို့ကြီး အများအပြားအား သိမ်းပိုက်ထား၏။ ပုသိမ်၊ မြောင်းမြ၊ ဓနုဖြူ၊ ညောင်တုန်းတို့က KNDO တို့၏ လက်အောက်၌ ရှိနေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ အမေဘက်မှ အဖိုးအဖွားနှင့် ဆွေမျိုးများက …..ပုသိမ်၊ မြောင်းမြဘက်၌ ရှိကြ၏။ ပြည်သူ့ရဲဘော်တို့ တောခိုသွားကြ၏။ တိုင်းပြည်က မီးလျှံအတွင်း၌…..။

“စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၅ရ ခုနှစ်အထိ နေခဲ့၏။ အလယ်တန်းပညာအား “စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်းမှပင် ပြီးဆုံးအောင်မြင်ခဲ့၏။ ထိုစဉ်က မြန်မာပြည်ပညာရေး၌ အစိုးရကျောင်းများနှင့် သာသနာပြုကျောင်းများဟူ၍ ၂ မျိုး ရှိ၏။ ဝန်ကြီးချုပ်ဦးနု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးလိုလိုက သူတို့၏ သားသမီးများအား ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရကျောင်းများ၌ မထား….။ သာသနာပြုကျောင်းများတွင်ပင် ထားကြ၏။

၁၉၅၆ ခုနှစ်….။

ဒေါ်အောင်ဆန်းစုကြည် “စိန့်ဖရန့်စစ်” ကွန်ဗင့်ကျောင်း၌ အလယ်တန်းပညာအား သင်ယူနေစဉ်… ရ တန်း စာမေးပွဲ မေးခွန်းပေါက်ကြားမှုမှစ၍ ကျောင်းသားတဦး သေဆုံးခဲ့ရသည့် အရေးအခင်းတခု ဖြစ်ခဲ့၏။ မေးခွန်းပေါက်ကြားမှုအား အထောက်အထားနှင့်တကွ ဗမာ့ခေတ် သတင်းစာက ရေးသည်။

ဗမာ့ခေတ်တွင် ဖော်ပြပါရှိသည့် မေးခွန်းနှင့် စာမေးပွဲ စာစစ်ခန်းမှ မေးခွန်းက ထပ်တူဖြစ်နေသည်။ ဤတွင် …. ပညာရေးအာဏာပိုင်တို့က စာမေးပွဲအား ရက်အကန့်အသတ်မရှိ ရွှေ့လိုက်ကြောင်း …. စာမေးပွဲဖြေရန် ရောက်လာကြသည့် ကျောင်းသားများအား ရှင်းကြ၏။ နောက်ဆုံး ….. ကျောင်းသားများက သတင်းဖော်ပြခဲ့သည့် ဗမာ့ခေတ်သတင်းစာတိုက်သို့ ချီတက်၍ ဝိုင်းကြ၏။ သတင်းစာတိုက်အား ဖျက်ဆီးရန် ကြိုးစားကြ၏။

ဤတွင် ပစ်ခတ်မှုဖြစ်ပြီး ကျောင်းသားတဦး ဒဏ်ရာရ၏။ နောက်ပိုင်း …. သွေးလွန်၍ ထိုကျောင်းသား ကွယ်လွန်ခဲ့၏။ ကွယ်လွန်ခဲ့သည့် ကျောင်းသားအမည်က ….“ဟယ်ရီတန်…”…..။ ထိုအရေးအခင်းအား ….“ဟယ်ရီတန်” အရေးအခင်း” ဟု ဆိုကြ၏။ ထိုနှစ်က …. အစိုးရကျောင်းများ အားလုံးရှိ ရ တန်းကျောင်းသား အားလုံးအား အတန်းအအောင်ပေးခဲ့၏။

၁၉၅၇-၅၈ ပညာသင်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မက်သဒစ် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့၍နေသည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် အသက်သည် ၁၃ နှစ်မျှ ရှိပြီ။ ပြည်တွင်းစစ်နှင့် စခဲ့ရသည့် လွတ်လပ်ရေးနှင့် ဒီမိုကရေစီသည် ၁ဝ နှစ်ခရီး လျှောက်လှမ်းပြီးသည့်အချိန်၌ ….ဖဆပလ၏ အာဏာရပ်ဝန်း အကွဲအပြဲတို့ကြောင့် နိဂုံးချုပ်ရတော့မည့်အလား ဖြစ်နေ၏။

ဦးနုက ဖဆပလအတွင်း သန့်ရှင်းရမည်ဟု ကြွေးကြော်၏။ တဖန် “ဆွေ-ငြိမ်း” တို့ကလည်း ဖဆပလ တည်မြဲရမည်ဟု ဟစ်အော်ပြန်၏။ ကြွေးကြော်ရင်း ….. ဟစ်အော်ရင်းနှင့် ၁၉၅၈ ခုနှစ် ကမ္ဘာအေး ဖဆပလ ညီလာခံကြီးတွင် နှစ်ခြမ်းကွဲသွားတော့၏။ သန့်ရှင်းနှင့် တည်မြဲဟူ၍……။ ဦးနုနှင့် မင်းလှ ဗိုလ်တဲသခင်တင်တို့က သန့်ရှင်းအား ဦးဆောင်၏။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က တည်မြဲအား ခေါင်းဆောင်ကြ၏။ ညီလာခံအကွဲက…. လွှတ်တော်ထဲအထိ သယ်လာကြသည်။

၁၉၅၈ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ပါလီမန်လွှတ်တော်၌ တည်မြဲတို့က ဦးနု၏ အစိုးရအဖွဲ့အား အယုံအကြည်မရှိ အဆိုတင်၏။ သန့်ရှင်းအစိုးရအား ပမညတ တို့က လွှတ်တော်အတွင်း မဲတင်းပေးလိုက်ကြသဖြင့် တည်မြဲတို့၏ အဆိုက မအောင်…..။ ရှုံးနိမ့်ခဲ့ရ၏။ အာဏာရပ်ဝန်း၏ အလှုပ်အရမ်းအား ကြည့်ပြီး စစ်တပ်က တစခန်းထလာပြန်သည်။ တည်မြဲစစ်ဗိုလ်တို့က သန့်ရှင်းဦးနုအား အကျပ်ကိုင်၏။ အာဏာသိမ်းရန်အထိ ခြေလှမ်းပြင်လာကြသည်။ သန့်ရှင်းအစိုးရက …. တည်မြဲနှင့် စစ်တပ်။ စစ်မျက်နှာနှစ်ဖက်အား ရင်ဆိုင်နေရ၏။

၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဝန်ဒါမီယာရှိ ဝန်ကြီးချုပ်ဦးနု၏ အိမ်တွင် တပ်မှူးအချို့နှင့် ဦးနု ဆွေးနွေး၏။ တပ်မှူးများက ဗိုလ်မှူးချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးမောင်မောင် ဖြစ်သည်။ တပ်သို့ အာဏာလွှဲပြောင်းပေးရန် သေနတ်ပြ၍ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲက ၄ နာရီခန့် ကြာသည်။

နောက်ဆုံး ဦးနုလိုက်လျောလိုက်ရ၏။ စစ်တပ်၏ ကတ္တီပါ အာဏာသိမ်းပွဲ…..။ ထိုထိုသော အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် မက်သဒစ်ကျောင်းတွင် ကျောင်းတက်ရင်း သိခွင့်၊ ကြားခွင့် ရခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့ပြီး သည့်နောက်တွင်လည်း ဗိုလ်ချုပ်၏ ကျောင်းနေဘက် သူငယ်ချင်းများ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ….. တပ်မတော်အတွင်းမှ ဗိုလ်ချုပ်၏ ရဲဘော်ရဲဘက်များက ဒေါ်အောင်ဆန်းစုကြည်တို့၏ နေအိမ်သို့ ဝင်ထွက်မြဲ၊ စောင့်ရှောက်မြဲ၊ ကူညီမြဲ ….. ဝန်းရံကြဆဲပင်…..။

ထိုအထဲ၌ …. ဦးအုန်း၊ သခင်အုန်းမြင့်၊ အိုးဝေ ဦးညိုမြ၊ တရားသူကြီးချုပ် ဦးမြင့်သိန်းတို့က နီးနီးကပ်ကပ် ပို၍ရှိကြသည်။ နွေးနွေးထွေးထွေး ဆက်ဆံကြ၏။ မိခင်ဒေါ်ခင်ကြည်နှင့် ထိုပုဂ္ဂိုလ်များ၏ စကားဝိုင်းများတွင် ဒေါ်အောင်ဆန်းစုကြည်သည် အနားမှ နားထောင်ခွင့်ရခဲ့၏။ သူတို့၏ အသိ၊ သူတို့၏ အတွေးအမြင်၊ အယူအဆများအား ဒေါ်အောင်ဆန်းစုကြည်သည် နီးနီးကပ်ကပ် သိရှိခွင့်ရခဲ့၏။ ထိုစဉ်က …. စစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ….. ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် အတွင်း မော်လမြိုင်မြို့ NLD ရုံး၌ အတိတ်အား ပြန်ပြောင်း၍ အမှတ်တရ ထုတ်ဖော်ပြောဆိုခဲ့၏။

“၁၉၅၈ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းကတည်းက ကျမ သဘောမကျခဲ့ဘူး။ သဘောမကျရတဲ့ အကြောင်းအရင်းကတော့ တပ်မတော်ဟာ နိုင်ငံရေးအာဏာသိမ်းဖို့ ဖေဖေက တည်ထောင်ထားတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဖေဖေကိုယ်တိုင် နိုင်ငံရေးလုပ်တဲ့အခါ တပ်မတော်ထဲက ထွက်ပြီးမှ လုပ်ပါတယ်။ ဒီလိုတပ်မတော်ထဲက ထွက်ပြီးမှ နိုင်ငံရေးလုပ်ခဲ့ရတဲ့ အကြောင်းကတော့ အစဉ်အလာ ကောင်းစေချင်လို့ပဲ။ တိုင်းပြည်တပြည်ကို လက်နက်အားကိုးပြီးတော့ အုပ်ချုပ်တယ်ဆိုတဲ့ အစဉ်အလာ မဖြစ်စေချင်လို့။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်များဟာ ပြည်သူလူထုထောက်ခံမှု အင်အားနဲ့ပဲ အုပ်ချုပ်တာ ဖြစ်ရမယ်။ လက်နက်အင်အားနဲ့ အုပ်ချုပ်တာ မဖြစ်ရဘူးဆိုတာ ကျမကို မွေးကတည်းက သင်ထားခဲ့တဲ့ ကျမသိခဲ့တဲ့ သင်ခန်းစာပါ။ ဒါ့ကြောင့် ၁၉၅၈ ပထမအကြိမ် စစ်တပ်အာဏာ သိမ်းတုန်းကလည်း ကျမ မထောက်ခံခဲ့ဘူး။ အဲဒီတုန်းက ကျမ ငယ်ငယ်ပဲ ရှိပါသေးတယ်။ အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း ကျမတို့အသိုင်းအဝိုင်းက လူကြီးတွေက ဒီဟာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာ သင်ထားခဲ့လို့ ကျမ အဲဒီကတည်းက နားလည်ခဲ့ပါတယ်”

အပိုင်း (၃) ကို ဆက်လက် ဖော်ပြပါမည်။

2 comments

  • Amie

    June 13, 2010 at 6:04 pm

    great!!! ….. what a respectable lady !!!! ….. than shwe’s family should take some shit from Our Lady “Daw Su.”………….

  • sususan

    July 9, 2010 at 8:59 am

    ခုလိုဖတ်ရတော့.ဗဟုသုတရသွားပါတယ်.

Leave a Reply