Plan များနှင့် လူသား

စဆရ ႀကီးApril 1, 20121min129227

ကျွန်တော် ဘဝကို Plan ချခဲ့ပါသည်။ အောင်မြင်ခဲ့သည့် Plan လဲရှိသလို မအောင်မြင်ခဲ့သည့် Plan များလဲရှိပါသည်။ အဘယ်သို့ဆိုစေကာမူ ကျွန်တော်သည်ကား Plan ချမြဲ ချလျက် ရှိနေပါစဲ..။

(၁၀)နှစ်

ထိုစဉ်က ကျွန်တော်သည်ကား ဆယ်တန်းကျောင်းသားကြီးလုံးလုံးဖြစ်ချင်ခဲ့သည်။ နေရာတစ်ကာတွင် နင်က ကလေးပဲရှိသေးတယ်ဟူသော အပြောကို ခံနေရသဖြင့်တစ်ကြောင်း၊ ဆယ်တန်းကျောင်းသားကြီးများမှာမူ အိမ်မှ ဖူးဖူးမှုတ်ခံထားရခြင်း၊ မုန့်ဖိုးများ အများကြီးရခြင်း၊ ကျောင်းတွင် အခမ်းအနားများလုပ်တိုင်း နေရာပေးခံရခြင်းများကို တွေ့ခြင်းကြောင့် ဆယ်တန်းကျောင်းသား မြန်မြန်ဖြစ်ပါစေတော့ဟု ဆုတောင်းမိခဲ့သည်။

(၁၆)နှစ်

ဆယ်တန်းကျောင်းသားကြီးဖြစ်လေပြီ။ သိသင့် သိထိုက်သလောက်လဲ သိလာပေပြီ။ ဆယ်တန်းအောင်ပြီးလျင် ဘာလုပ်မလဲဟု စဉ်းစားသောအခါ အင်ဂျင်နီယာသာ ဖြစ်လိုရင်းဖြစ်သောကြောင့် ထိုစဉ်က နာမည်ကြီး RIT ကျောင်းကို ဝင်ခွင့်ရရေးအတွက် စာကို အပါတ်တကုပ် ကြိုးစားတော့သည်။ ဆရာ/မ များထံ နည်းလမ်းများတောင်းပြီး ကိုယ့်အချိန်စာရင်းကိုယ်ဆွဲကာ စာတစ်ခုမှလွဲ ကျန်တာဘာမှစိတ်မကူးပဲ RIT ကျောင်းသားကြီး အဖြစ်ကိုသာ စိတ်ကူးယဉ်နေတော့သည်။ ထိုမှစ Plan ချဖြစ်တော့သည်။

၁၆ နှစ်သားတွင် ဆယ်တန်းအောင်မည်။ RIT ၆ နှစ်တက်မည်။ ၂၂ နှစ်တွင် အင်ဂျင်နီယာဖြစ်မည်။ ၂၅ နှစ်တွင် ကိုယ်ပိုင်အိမ်နှင့် ခြံနှင့် မိဘများအားထားနိုင်မည်။ မိန်းမယူမည်ဟူသတတ်။

(၁၈)နှစ်

ပထမ Plan မှာ ဆယ်တန်းအောင်ပြီးနောက် လုံးလုံးပျက်သုန်းသွားတော့သည်။ ကျောင်းဝင်ခွင့်ပင် ရပါသော်ငြား ကျောင်းစရိတ်များ တွက်ချက်ပြပြီးနောက် ကျောင်းပြီးလျင် မိဘများအား လုပ်ကြွေးမည်မဟုတ်ပဲ မိန်းမယူပြီး သွားမည်ကို စိုးရိမ်သောကြောင့် ကျောင်းမထားသဖြင့် စိတ်မပါလက်မပါဖြင့် ကိုယ့်ဖာသာအလုပ်လုပ်ပြီး အဝေးသင်ကိုသာ ယူလိုက်ရတော့သည်။ ပထမ Plan အတွက် မျက်လုုံးတစ်စုံ မှုန်ဝါးသွားခြင်းကို အရင်းပြုလိုက်ရပေသည်။ သို့သော် Second Plan ရှိသေးပြန်သည်။ အဝေးသင်မှတစ်ဆင့် Q ဝင်အောင်လုပ်ပြီး Master ဆက်တက်ကာ တက္ကသိုလ်ဆရာ ပြန်လုပ်မည်ဟု။

မိန်းမယူရန်အစီအစဉ်ကား မပါတော့ပေ။

(၂၀)နှစ်

ဒုတိယ Plan သည်ကား အလုပ်လုပ်ရင်း ကျောင်းတက်နေရသော ကျွန်တော့်အဖို့ ပျက်သွားပြန်သည်။ ဘွက်လက်မှတ်တစ်ခုရပြီးနောက် ဘာပညာမှလဲ ဆက်သင်ရန် အချိန်လဲမပေးနိုင်၊ ငွေလဲ မတတ်နိုင်တော့သဖြင့် အလုပ်သမားဘဝကိုသာ တစ်စိုက်မတ်မတ် ရွေးချယ်လိုက်ရတော့သည်။

တတိယ Plan ကို အသေအချာဆွဲတော့သည်။ ၅ နှစ်စီမံကိန်းဖြစ်၏။ ပထမနှစ်နှစ် အိမ်တစ်လုံးပိုင်ရမည်။ တတိယတစ်နှစ် ကိုယ်ပိုင်စီးပွားရေးတစ်ခုစမည်။ ၅ နှစ်မြောက်တွင် မိန်းမယူမည်ဟူသတတ်။

(၂၃)နှစ်

အိမ်တစ်လုံးပိုင်ခဲ့ပါပြီ။ ကိုယ်ပိုင်စီးပွားရေးတော့ မစနိုင်သေးပေ။ စရန်လမ်းစလဲ မမြင်နိုင်တော့သဖြင့် နောက်ထပ် Plan ထပ်ဆွဲရပြန်တော့သည်။ နိုင်ငံခြားသွားပြီး ၅ နှစ်ခန့်ငွေစု၊ အလုပ်လုပ်ရင်း ကျောင်းတက်၊ လစာပိုကောင်းတာရှာ၊ ဥစ္စာ/ပညာ တစ်ပြိုင်တည်းစု၊ အသက် ၃ဝ ကိုယ်ပိုင်မိသားစုလေးနှင့် ပျော်ပျော်ပါးပါးဘဝကို ဖြတ်သန်းသွားတော့မည်ဟု။

ကိုယ်ပိုင်အိမ်လေးကို ရောင်းချလိုက်ပြီးသည့်နောက် နိုင်ငံရပ်ခြားသို့ စိတ်ကူးယဉ်အိမ်မက်များ တစ်ပွေ့တစ်ပိုက်ကြီးဖြင့် ထွက်ခွာလာတော့သည်။

(၂၇)နှစ်

အိမ်တစ်လုံး ကုန်သွားပါ၏။ နောင်တတွေသာ တစ်ပွေ့တစ်ပိုက်ကြီးရလာပြီး ပြန်တော်ပြန်လာခဲ့ရတော့သည်။ ပြန်သောအခါ နေစရာအိမ်လဲ မရှိတော့သဖြင့် အခက်တော့ တွေ့ရပြန်သည်။ သူများတွေလို တက်နေစရာ မိဘအိမ်လဲမရှိ၊ ဆွေမျိုးအိမ်လဲမရှိပဲ တစ်ယောက်တည်း ယောင်ချာချာဖြစ်နေရာမှ ကြံရာမရသည့်အဆုံး နိုင်ငံရပ်ခြားသို့သာ အလုပ်သမားအနေဖြင့် ထွက်လာရတော့ပြန်သည်။

ကျရှူံးခဲ့သမျှကို ဒီတစ်ခေါက်တွင်မတော့ အောင်မြင်စေရမည်ဟု Plan ချသည်မှာ-
(၁) မြန်မာလူမျိုးထဲမှ ပထမဆုံးသော ရာထူးကြီးကြီးမားမားရသူဖြစ်စေရန်
(၂) ရသမျှငွေကို ရသလောက်စုရန်
(၃) တစ်ချိန်က ကျရှူံးခဲ့ဖူးသည့် နေရာများအား အောင်မြင်မှုများဖြင့် ပြန်လည်သွားရောက်ရန်

(–)နှစ်

တစ်ချို့တစ်ဝက်တော့ Plan အတိုင်း သွားလျက်သား..
တစ်ချို့တစ်လေမှာတော့ ဖြစ်လာလေမလား ထင်ရသား

ကျွန်တော်သည်ကား…
Plan များနှင့် လူသားပေမလား။ ။

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

27 comments

  • Khin Latt

    April 1, 2012 at 4:55 am

    အသစ်ပြန်ရေးနိုင်ခဲ့ပြီပေါ့လေ။
    Well Done! ကိုရှုံး 🙂

    ကိုယ့်ဘဝကိုယ်ကို ဒါမျိုးတစ်ခါမှ ပြန်မတွေး ကြည့်မိခဲ့ဘူး။
    တကယ်တော့ ဘဝ ရဲ့ အဆင့်တိုင်းမှာ ဒါမျိုး ချလိုက်တဲ့ Planနဲ့ အဲဒီ အတွက် Feedback တွေ လိုတာတော့ အသေအချာဘဲ၊

    ကိုယ့်ကိုယ်ကို ဒီလိုပြန်သုံးသပ်ကြည့်ရင်တော့ ကျွန်မ လဲ ကိုယ်ချထားခဲ့တဲ့ (တနည်း ကိုယ်ဖြစ်ချင်တဲ့) PLan တွေ နဲ့ လွဲ လွဲ ပြီး ကြုံသလို မျှော လိုက်နေရတာ တွေ့လိုက် ရပါတယ်။

    ဒါပေမဲ့
    အနာဂါတ်ဆိုတာ မမြင်နိုင်ပေမဲ့ အဲဒါဟာ ကိုရှုံး လက်ထဲမှာဘဲ ရှိပါတယ်။
    ကိုယ့်ကိုယ်ကို ယုံကြည်ပြီး အင်အားရှိရှိ နဲ့သာ ဆက်လျှောက်ပါ။
    ဘဝ မှာ တွေ ဘယ်လိုပြောင်းပြောင်း ကိုရှုံးအနေနဲ့ ကိုယ့်ကိုယ်ကိုသာ လုပ်နိုင်မဲ့ စိတ်ကို ပျော်ရွှင်စွာ ထားဖို့ Plan ကိုတော့ ပြောင်းလို့ မရပါဘူး။
    တစ်ခု တော့ရှိတယ်။
    ပျော်ရွှင်မှု ဆိုတာ သူများကဖန်တီးပေးမှရတာ မဟုတ်ဘူး ဆိုတာကို သိဖို့တော့ လိုမယ်။
    ပျော်ရွှင်စွာ အောင်မြင်ပါစေ ကိုရှုံးရေ။ 🙂

    • ဟုတ်တယ်အရီးရေ… ကျွန်တော်ဒီတစ်ခါတော့ Word မှာရိုက်ပြီးတော့မှ တင်လိုက်တာ… ကိုယ့်ကိုယ်ကို Feedback လိုက်ရှာတော့ အောင်မြင်ချင်စိတ်များနေပြီး အချိန်မစောင့်နိုင်လို့ ဘယ်လိုင်းမှာမှ Pro မဖြစ်တာကို ဆယ်စုနှစ်တစ်စုကျော် အလုပ်သမားဘဝအနေနဲ့ ဖြတ်သန်းလာပြီးမှ သုံးသပ်မိလို့ ခုဒီ KFC လိုင်းကို Pro ဖြစ်အောင်လုပ်နေပါတယ်.. တစ်နေ့မှာတော့ လိုချင်တဲ့ဘဝ ရောက်နိုင်မယ်ထင်ပါရဲ့.. ခုတော့ ၃ဝ ကျော်ပီ

      😀

    • TTCG

      April 1, 2012 at 5:31 pm

      ကျွန်တော် သိသလောက်တော့ KFC ကို မြန်မာနိုင်ငံမှာ တစ်ဦးတည်း ကိုယ်စားလှယ် Franchise ယူမယ်ဆိုရင် အနည်းဆုံး မြန်မာငွေ သိန်းတစ်သောင်းလောက် (USD 1 Million) တော့ ပေးရမယ်ထင်တယ်

  • kai

    April 1, 2012 at 8:28 am

    ကိုယ်လုပ်ရတဲ့အလုပ်ကို.. အနည်းဆုံး၅နှစ် ပေတေပြီးလုပ်ရင်း အဲဒီကနေ ဝင်ငွေရရင်.. အဲဒီနယ်မှာ.. ပရိုဖြစ်ပါတယ်..။
    ဒီလိုပဲပြောချင်တယ်..

    အဲဒီပရိုကို မြန်မာပြည်ပြန်ပြီး ..အသုံးချစေချင်တယ်..
    ကျုပ်ကတော့.. KFC ကြက်ကျော်ကို.. မြန်မာပြည်မှာ မြင်ချင်မိတယ်..။
    ကိုရင်ကသာ.. အဲဒီဆိုင်မျိုး ရန်ကုန်မှာဖွင့်ထားနိုင်ရင်.. တကယ့်KFC ကမြန်မာပြည်ကို ရင်းနှီးမြုတ်နှံဖို့.. လာဖို့.. ဖရန်ချိုင်းရှာဖို့ စဉ်းစားတဲ့အခါ.. ကိုရင့်ကို ဦးစားပေးမှာပေါ့..
    ဝန်ထမ်းလည်းဖြစ်ဖူးတာကိုး..

    အမှတ်မမှားရင်.. KFC က..ပက်စီနဲ့ချိတ်ထားပါတယ်..
    ပက်စီဝင်ပြီဆိုရင်..သူဝင်တယ်..
    ဆိုတော့… 😆

    • သူကြီးပြောသလို စဉ်းစားပြီးလုပ်နေတာပါ.. မြန်မာနိုင်ငံကို American Business တွေဝင်လာရင် အသင့်ဖြစ်နေအောင်လဲ ပြင်ဆင်ထားတာပါတယ်.. အဲဒီလိုအချိန်ဆိုရင် ကိုယ့်နိုင်ငံမှာပဲ ကိုယ်ပိုင်လုပ်ငန်းနဲ့ ဝင်ငွေကောင်းကောင်း၊ အိုးမကွာ၊ အိမ်မကွာလုပ်နိုင်မယ်လို့ ထင်ပါတယ်..

      သို့သော်လည်း ကိုယ်ပိုင်ဖွင့်နိုင်ဖို့အတွက်ကတော့….

      • pooch

        April 2, 2012 at 12:29 pm

        အဲ့ဒီ စိတ်ကူးဖြစ်အောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အောင်မြင်ပါစေ။

        ” အရိုးကြေကြေ အရေခန်းခန်း အခွင့်အလမ်းကို အမိဖမ်း”
        တဲ့ တောင်အာဖရိက က နဒီဘီလီ ဆိုရိုးစကားလေးပါ။

  • စပ်ဖြဲ

    April 1, 2012 at 11:31 am

    ဪ ..သူကြီး သူကြီး .. ပြောပြန်ရင်လဲ နှိမ်တယ် ထင်ဦးမယ်.. မင်းကကောဘယ်လောက်တတ်လို.လဲမေးဦးမယ်… KFC ကြက်ကျော်ဆိုင်မျိုးဖွင့်မယ်ဆို
    ဆိုင်ခန်းခကြီးဘဲ ငှားခ ဆယ်သိန်းမကဘူး သူကြီးရဲ. …. ဆိုင်အပြင်အဆင်မပါဘူးနော်
    အလုပ်သမားကကော တယောက်နှစ်ယောက်နဲ.ပီးမယ်ထင်လို.လား
    KFCက လာရင်ရော ကိုရှုံးလိုလူမျိုးကို ဦးစားပေးမယ်ထင်လို.လား KSS တို. TOKYO တို.
    အများကြီးဘဲဗျို. သူတိုက ဝိတ်ကော အဆက်အသွယ်ကောဖိပါလိမ့်မယ်ဗျာ 😀
    သူကြီးသာ ဒီပြန်လာရင် စီးပွားဖြစ်မှာ မြင်ရောင်သေးတယ်ဗျို. 😀
    နိုင်ငံခြားမှာ နေတဲ့လူက နိုင်ငံခြားပြန်ပြေးတယ်ဆိုတာ ဒီလိုအတွေးအခေါ်လူတွေဗျို. 😀
    ကိုရှုံးရေ.. ဒီမှာနေဖို.စဉ်းစားတယ် ဆိုရင်တော့ အိမ်တလုံးစာလောက်ရအောင်ရှာ နေရာအသင့်အတင့်မှာ အိမ်ဆိုင်လေးဖွင့်ပီး
    ဈေးကွက်လေ့လာပါ လို.မပြောချင်ဘူး… ဘာလုပ်ရမလဲ ရှာဖွေပါလို. အကြံပေးချင်တယ်ဗျာ
    ပြောမယ့်သာ ပြောတာဗျို. မြောက်ဒဂုံတောင် ရှစ်ရာ လောက်ဖြစ်နေပီဗျာ… ကြိုးစားကြဦးစို. 😛

    • ပြောမယ့်သာပြောရတာပါ.. မြန်မာနိုင်ငံမှာ သိန်း၈၀ဝ လောက်ပေးပြီး ကိုယ်ပိုင်အိမ်နဲ့ နေမယ့်အစား စလုံးမှာပဲ သိန်း၅၀ဝ လောက် အိမ်တစ်လုံးဝယ်ပြီး နေချင်စိတ်ပဲရှိပါတယ်.. ဒါကြောင့် သိန်း၈၀ဝ တန်မြန်မာပြည်က အိမ်ကို ဝယ်ဖို့ စိတ်မကူးပါကြောင်း…

      • စပ်ဖြဲ

        April 1, 2012 at 2:39 pm

        စိတ်မကောင်းဖြစ်ရပါတယ် ကိုရှုံးရေ… ကိုရှုံးဒီမှာနေပီး အိမ်တလုံးရခဲ့တာကိုမေ့သွားပြီလားဗျာ..
        ကိုရှုုံးစိတ်ကူးယဉ်တဲ့ မိသားစုဘဝ ကို စွန့်လွှတ်လိုက်ပီလားဗျာ…
        စင်္ကာပူ ဘဝအတိုင်းပေါက်ဖွားလာမဲ့ သားသမီးတွေနဲ. နေနိုင်လို.လားဗျာ…
        အရင်းအနှီးလိုချင်လို. ထွက်ခွာခဲ့တာကိုမေ့သွားပြီလားဗျာ….
        ကိုရှုံးရေးထားတာတွေက….. plan plan plan plan plan plan plan plan……………………..

    • kai

      April 2, 2012 at 6:20 am

      မြန်မာ့ အိမ်မြေဈေးက.. ကမောက်ကမဖြစ်နေတာပါ…
      သူ့ထက်ပိုကောင်းပြိး ဖက်စစ်လတီအပြည့်ရှိတဲ့.. တိုင်းပြည်တွေထက် သိသိသာသာ ပိုများနေတာဟာ.. ငွေရှင်တွေက.. ငွေဘယ်နားကစားရမယ်မသိလို့.. မြေကြီးနဲသွားကစားရာကနေ.. ထဖြစ်နေတဲ့ဈေးပါ..
      လူဆိုတာက.. အလောင်းအစား.. ရင်းနှးိမြုတ်နှံတာ.. လုပ်ပါတယ.်.။
      ဒိသဘာဝကို.. တခြားနည်းလမ်းမရှိပဲ.. ပိတ်ဆို့ထားသလိုဖြစ်နေတာမို့.. မြေကြီး(အရင်က ကား) ဈေးကွက်ထဲ.. မြုတ်နှံကစားနေလို့.. ဖြစ်တာပါ..။

      နိုင်ငံခြားရင်းနှီးမြုတ်နှံမှုတွေနဲ့အတူတူ.. စတော့ရှယ်ယာဈေးကွက်ပေါ်လာရင်.. ပြုတ်ကျပါလိမ့်မယ်..။
      သတိထားကြစေလိုကြောင်း…
      လုပ်ချင်လည်း.. ခတ်သွက်သွက်.. ချိန်ဆလုပ်ကြစေချင်ကြောင်း…။

      တဆက်ထဲ.. မြန်မာပြည်ဟာ.. ကမ္ဘာ့အရက်စက်ဆုံး ငွေရှင်ကြီး ၂ယောက်ရဲ့ အားရုံစိုက်မှုအောက် ရောက်နေတယ် ဆိုတာလည်း မမေ့ပါနဲ့..

      အဲဒါလေး… 😆

  • အံစာတုံး

    April 1, 2012 at 11:52 am

    ကိုရှုံးရေ …
    ” လဲရင် ပြန်ထ ဒါဘဝ ” ဆိုတဲ့ စာသားလေးက ..
    ကောင်းလွန်းအားကြီးနေသလားလို့ ….

    ကိုရှုံးရဲ့ ပလန်တွေက အားရစရာပါ …
    ဖြစ်မလာတော့လည်း အရှုံးမပေးဘဲ ထပ်ချပြန်တယ် ..
    အဲဒီ စိတ်ဓာတ်ကတော့ဖြင့် အားရစရာ …..

    ဒါနဲ့ ကိုရှုံးရေ ပလန် ချတဲ့အခါ ပလန် တစ်ခုထဲ ရှိတဲ့သူဟာ အဲဒီ ပလန် ဖြစ်မလာရင် များသောအားဖြင့် ဒုက္ခ ရောက်တတ်ပါတယ် ..
    ဒါကတော့ ခု ကျနော့်ရဲ့ ကိုယ်တွေ့ပါပဲ …
    ဒါကြောင့် ပလန်တွေကို ၃ ခုလောက်တော့ ချထားသင့်တယ်လို့ ထင်မိကြောင်းရယ်ပါ ………..

  • ဆူး

    April 1, 2012 at 12:16 pm

    ကိုရှုံး ပလန် (ရည်မှန်းချက်) တွေ ကြည့်ပြီး ဆူး အသက် ၁ဝ နှစ်လောက်မှာ ဖြစ်ချင်တဲ့ ဆန္ဒ အပို မရှိခဲ့ဘူး။
    တနေ့ တနေ့ မကျက်ချင်တဲ့ စာတွေကို အတင်းဖိအားပေး ကျက်ခိုင်း ခံရတဲ့ ဘဝက လွတ်မြောက် ချင်တာပဲ သိတယ်။ အဲဒီ တုန်းကတော့ စဉ်းစားမိတာ တခုရှိတယ်။ ငါ အခုနေ သေသွားလို့ နောက်ဘဝ လူပြန်ဖြစ်လို့ ကျောင်းတက်ရရင် သူငယ်တန်းကနေ ပြန်စဖတ်ရလို့ရှိရင် နောက်တခါ ပင်ပန်းအုန်းမှာပါလားလို့.. ငယ်ဘဝက အတွေးကတော့ တော်တော် ရီစရာ ကောင်းတယ်။ အိမ်မက်ဆိုးတွေ ကြောင့် တွေးမိတွေးရာ တွေးမိလိုက်တာပဲ။ အရှေ့ကို စဉ်းစားရင် နေ့စဉ် ဒီလို ဘဝနေ့ရက်တွေကို ဖြတ်သန်းရမှာပါလား ဆိုတဲ့ အသိကြောင့် အများကြီးတောင် ကြိုမတွေးရဲဘူး။

    ငယ်ငယ်က တော့ လူကြီးတွေက အသက်ကြီးရင် ဘာလုပ်ချင်လဲ မေးတဲ့ လူတိုင်းကို ဆရာမ လုပ်ချင်တယ် ပြောခဲ့ဖူးတယ်။

  • Gipsy

    April 1, 2012 at 12:27 pm

    ကြိုးစားပါ ကိုရှုံးရာ …၊
    လူ့လောကီဘုံဘဝဆိုတာ ဒါပဲဗျ…၊
    မသေမချင်း ကြံစည် ၊ ကြိုးစားအားထုတ်နေနေရတာပဲမဟုတ်လား…၊
    လမ်းဆုံးရင် ရွာတွေ့မတဲ့….၊
    ကျုပ်တို့လဲ ကြိုးစားနေရဆဲပါ…၊

  • MaMa

    April 1, 2012 at 12:49 pm

    သူများ ပလန်တွေကြည့်ပြီးမှပဲ ကိုယ်တိုင်တော့ တသက်လုံး ရေစုန်မျော လိုက်လာမိပါလားဆိုတာ သိတော့တယ်။
    ရှုံးလူရေ…….
    ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တယ်လို့ ဆိုထားတယ် မဟုတ်လား။
    ကြီးပွားချင်စိတ်ရှိသူဟာ ကြိုးစားတယ်။
    ကြိုးစားတဲ့လူဟာ သေချာပေါက် ကြီးပွားပါတယ်။
    အချိန်အခါလေးတော့ စောင့်ပေါ့နော်။
    (စိတ်ရှည် ဇွဲသန် သည်းညည်းခံ ဖို့လည်း လိုတယ် နော။)

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 6:54 pm

    ဦးရှူံးရေ…. ပလန်များများဆွဲရင် ပုလင်းများများထပ်တယ်နော်…..
    ကျွန်တော်ကတော့ပလန်ဆွဲရင်း ပုလင်းကွဲရင်းဖြစ်နေလို့ ပလန်ဆိုတာကိုမချဘဲပေါ်လာတာမှန်သမျှ
    အဆင်ပြေအောင်သာကောက်တွယ်နေရပါတယ်ဗျာ……
    ဆရာရှူံးရှမ်းပြည်ကိုဘာကိစ္စတွေနဲ့ရောက်ဖူးခဲ့တာလေးလည်း မန့်ပါဦးဗျ…….
    ကျွန်တော့်အမျိုးများဖြစ်နေလေမလားလို့……. ဆရာရှုံးသမီးလေးမွေးထားရင်ပေါ့….
    စတာနော်…. ခင်တဲ့….ရှမ်းပြည်သား(တောင်ပိုင်း) ဓါတ်ပုံအကြီးတွေတင်ပြီးပြီနော်….
    ပွိုင့်မရလည်းနေပါ……..ဆိုတဲ့ခေါင်းစဉ်မှာကြည့်ပါဦး…… ရှမ်းပြည်ကိုလွမ်းပီပေါ့နော်…..

    • ဘာကိစ္စနဲ့ရောက်ခဲ့ဖူးတာလဲဆိုရင်တော့ ဘာကိစ္စနဲ့မှ မဟုတ်ပါဘူးကွယ်
      ရောက်ခဲ့ဖူးတာလဲ မဟုတ်ရပါဘူး.. နေခဲ့တာပါ၊ ပြီးတော့ကျောင်းတက်ခဲ့တယ်၊ ပီးတော့ အဲဒီကထွက်လာတယ်ဝေ့… ဂလောက်ပဲ

  • ကြောင်ကြီး

    April 1, 2012 at 9:21 pm

    planများနဲ့လူ မဖြစ်ချင်ရင် plant များနဲ့လူဖြစ်အောင်လုပ်။ ခြံစိုက်စားပါ…။ ဘဝဆိုတာ ဒီလိုပါပဲဗျာ… ကျနော်လည်း မီလျံနာ (ယူအက်စ်ဒေါ်လာနော်) မဖြစ်ခံက မီလျံနာသိပ်ဖြစ်ချင်.. ဖြစ်လာတော့ ဘီလျံနာရူးရူး..အဲဒါလည်းမတင်းတိမ် ထရီလျံနာဖြစ်အောင် ကြိုးစား.. အလိုပြည့်သွားတော့ အဓိပ္ပါယ်မဲ့မှန်းသိပြီး ပိုင်ဆိုင်သမျှအားလုံးကို စွန့်လွှတ်လှူဒါန်းလိုက်တယ်။ ဘဝကို ရိုးရှင်းစွာနေမယ်ပေါ့.. ဒါပေမဲ့ ခရက်ဒစ်ကတ် အကြွေးကျန်နေခဲ့သဗျို့… ရှိသမျှလည်း တပြားမကျန် ပေးလိုက်ပြီ.. ကိုယ့်အလှည့်ကြတော့ ကယ်မည့်သူမရှိ… အကြွေးဆပ်ဖို့ ပလန်ပြန်ချနေရသဗျို့….။

    • ဦးကြောင်က ဘီလျံနာကြီးတောင် ဖြစ်ခဲ့ဖူးတယ်လား… အဲဒါတွေ တစ်ပြားမကျန်ပေးလိုက်တုန်းက ကျွန်တော့်ကို လှမ်းခေါ်တာ မဟုတ်ဘူး.. တစ်ပြားလောက်များ ရမလားလို့ 😀

  • TTNU

    April 2, 2012 at 2:22 am

    မောင်ရှုံးရေ…
    ပြန်မလာချင်တော့ဘူးလား။
    မင်္ဂလာဆောင်ငါ့ဖိတ်မယ်ဆို။
    စလုံးကိုတော့ မင်္ဂလာဆောင်ဝင်ဖို့ ကျုပ်မလာနှိုင်ဘူးနော်။

    • ဆရာမရေ… မောင်ဂလာဆင်က ရက်ထပ်မံရွှေ့ဆိုင်းလိုက်ပါကြောင်း
      ပြောရရင် အုပ်ထိန်းသူလောင်းလျာလေးက ငယ်သေးတဲ့အတွက် အချိန်ထပ်ဆွဲထားပါကြောင်း

      (ခုမှ ၃ဝ ကျော်လေးတွေပဲ ရှိသေးလို့တဲ့.. အဲ့ဂလို)

  • mocho

    April 2, 2012 at 9:50 am

    ကျမဆိုရင် ငယ်ဘဝတလျာက်လုံးရဲ့ အကြီးမားဆုံး ရည်မှန်းချက် ကြီး ပျက်သွားပြီးတဲ့နောက် ဘာ ပလန်မှ မချတော့ဘူး ဟို ကွေ့ ဟိုတတ်နဲ့လှော်၊ ဒီကွေ့ ဒီတတ်နဲ့လှော် ပဲ။စကား မစပ် မြန်မာပြည် ပြန်နေတဲ့အချိန် လွမ်းရတဲ့ အထဲမှာ ချစ်ချစ် ကြီး ပြီးရင် KFC ပဲ။

    • ကောင်းပါ၏။ နောင်များ ကျွန်တော်မြန်မာပြည်မှာဖွင့်ဖြစ်ရင်တော့ ချစ်ချစ်ကြီးတစ်ယောက်တည်းကိုပဲ ပြိုင်ဘက်မရှိ လွမ်းနေလို့ ရပီ ဖြစ်ပါကြောင်း…

  • manawphyulay

    April 2, 2012 at 11:02 am

    Plan နဲ့လူသားတစ်ယောက်ဟာ ဆက် လက်လျှောက်လှမ်းမြဲ လျှောက်လှမ်းပါ။ ဒါမှ တစ်နေ့ အောင်မြင်မှုကို လှမ်းတက်နိုင်မယ်လို့ ပြောပါရစေ… ဘယ်တော့မှ နောက်မဆုတ်ပါနဲ့….

  • kyeemite

    April 2, 2012 at 2:01 pm

    ကိုရှုံးရဲ့ပလန်ဆိုတာတွေက “GOAL”ပေါ့နော်…ကြားဘူးတာကတော့..
    “GOAL” SETTING SHOULD BE SMART…တဲ့…
    စမတ်ဖြစ်အောင်ချထားတဲ့ ပလန်(ပန်းတိုင်) ဆိုရင်ရကိုရမှာပါ..
    ခင်ဗျားကိုယ်တိုင်အတော်ကြိုးစားခဲ့လို့ အခုနေရာရောက်နေတာဘဲလေ..
    အဆင်ပြေသွားမှာပါ..

  • Moe Z

    April 2, 2012 at 4:30 pm

    ကိုရှူံးရေ fighting!
    “Columbus didn’t have a business plan when he discovered America” တဲ့ Andrew S. Grove ကပြောဖူးတယ် 😀

  • alinsett

    April 2, 2012 at 6:36 pm

    ရဲဘော်တွေ..အချင်းချင်း…အားပေး နေပါတယ်ဗျ ။

Leave a Reply