“ဈေးဝယ်ခြင်းနှင့်ဈေးလည်ခြင်း”
“ဈေးဝယ်ခြင်းနှင့်ဈေးလည်ခြင်း…………..”
ကျနော်တို့ငယ်ငယ် 25လမ်းဝင်းထဲမှာနေတုံးက မနက်ခြောက်နာရီခွဲ ခုနှစ်နာရီလောက်ဆိုရင်
ပဲပြုတ်သည်ပုဏ္ဏားမကြီး အိမ်ရှေ့ကိုရောက်လာပါပြီ။
ဘာနဲ့မှနိုင်းယှဉ်ပြလို့မရလောက်တဲ့ ပုဏ္ဏားမကြီးရဲ့ “ပဲပြုတ်”လို့ ဆွဲဆွဲငင်ငင်အော်လိုက်တဲ့ မပီမသဂီတသံကြားလိုက်ရင်သူအိမ်ရှေ့ကိုရောက်လို့ လာပါပြီ။
သူ့ခေါင်းပေါ်ကတောင်းမြေကြီးအောက်အချ ကျနော်တို့မောင်နှမတွေကလဲ
အပြေးအလွားရောက်လို့သူ့ရှေ့မှာ လက်ဝါးဖြန့်ပြီးသားပါဘဲ။
ကျနော်တို့ကိုမြင်တာနဲ့သူကလဲ စားတော်ပဲပြုတ်အိအိလေးတွေကို လက်ကလေးနဲ့အသာဆုပ်၊
နှမ်းထောင်းလေးနည်းနည်းထဲ့ပြီးအလုံးလေးဖြစ်အောင်လုပ်လို့ ကျနော်တို့စားဘိုု့လုပ်ပေးပါတယ်။
ကလေးဘဝကတော့ ဒီ ပုဏ္ဏားမကြီးပေးတဲ့ ပဲတစ်ဆုပ်က နတ်သုဒ္ဓာပါဘဲ။
ကျနော်တို့အဖွားက ထမင်းကြော်နဲ့စားဘို့အတွက် ပဲပြုတ်နှစ်ဆယ်သားနေ့တိုင်းဝယ်ပါတယ်။
ကျနော်တို့ကလဲ နေ့တိုင်းပဲပြုတ်တောင်းစားပါတယ်။
သူကလဲ ကျေကျေနပ်နပ်နဲ့နေ့တိုင်းပေးပါတယ်။
(ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ ဒိုးတူဒိုး စစ်စတမ်နဲ့ပရိုိုမိုးရှင်းတွေပေးပြီး မားကက်တင်းလုပ်သွားတာပါဘဲ။)
&&&&&&&&&&&&&&& &&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&
ကျနော်ခြောက်တန်းရောက်တဲ့အခါ ဈေးဆွဲခြင်းကို ဆွဲနိုင်တော့အဖွားနဲ့ဈေးလိုက်ခွင့်ရပါတယ်။
ကျနော်တို့အိမ်ကနေ တောင်ဘက်ကို လေးပြလောက်လမ်းလျှောက်လိုက်ရင် တရုပ်တန်းဈေးကို
ရောက်ပါတယ်။
အရင်က တရုပ်တန်းဈေးက( 28လမ်းနဲ့လမ်း30ကြား)(79လမ်းနဲ့လမ်း80ကြား)မှာရှိတာပါ။
အသီးအရွက်အသားငါး အမြဲတမ်းရောင်းတဲ့အသယ်ရော မန်းလေးမြို့အနီးကရွာတွေကလာ
ရောင်းကြတဲ့အာဂန္တုသည်တွေနဲ့အမြဲတမ်းစည်ကားနေတဲ့ဈေးကြီးပေါ့။
အဖွားကို မြင်တာနဲ့ဈေးသည်တွေက “ဆရာကတော်ကြီးဒီနေ့ဘာချက်မှာလဲ”
ဝိုင်းအုံလို့မေးကြပါတယ်။
ငါးသည်က လဲ “ဒီနေ့မြစ်ငါးတွေလတ်သတော် ရဲနေတာဘဲ ဟောသမှာကြည့်”ဆိုပြီး
ငါးပါးဟက်ကိုဖြဲပြပါတယ်။
ငါးပေါက်စနလေးတွေရောင်းတဲ့အသယ်ကလဲ
“ဆရာကတော် ငါးဇင်ရိုင်းအိုးကပ်လေးများး မချက်ချင်ဘူးလားတော်”ဆိုနုပ်ခမ်းမွှေးတွေနဲ့
ခန့်ခန့်ကြီးနေတဲ့ငါးတွေကို ကိုင်လို့ပြပြန်ပါရော။
ဝက်သားသည်ကလဲ “ကျောရိုးမြောင်းကလေးဆရာကတော်ကြီးအတွက်သတိရလို့ချန်ထားတာ
အသားချည်းဘဲ”ဆို ဝက်သားမြောင်းလေးထောင်ပြသလို၊
ကြက်သားသည်က လဲ “ဗမာကြက်အနေတော်လေး ငါးဆယ်သားရော့ရော့လောက်ဘဲရှိမယ်”
လို့ကြက်ကလေးကိုမြှောက်ပြလို့မဲဆွယ်ပါတယ်။
အဖွားကတော့ သူစိတ်ထဲမှာ ကြိုတင်လို့ဆွဲထားပြီးသား “ယနေ့အတွက်ချက်ရန်ဟင်းလျာ”
အစီအစဉ်အတို်င်းဘဲဝယ်တာများပါတယ်။
ဈေးအလာလမ်းမှာကတည်းက ဒီနေ့ကတော့
“ကန်စွန်းရွက်ချဉ်ရည်ထဲ ပုန်းရည်ကြီးလေး နည်းနည်းထည့်ချက်၊ငံပြာရည်ချက်ကလေးဆီသတ် သခွားသီးလေးရှောက်ရွက်လေးတို့၊ငါးကလေးအိုးကပ်ချက်မယ်”ဆိုတာလေးက တစ်မျုးိ
“ဒီနေ့တော့ ကုလားပဲပြုတ်ပြီးတော့ ဘဲဥ၊ဒန့်ဒလွန်သီးနဲ့ငါးခြောက်ရိုးလေးနဲ့ချဉ်ရေချက်
၊ငရုတ်သီးခြောက်ကိုကြက်သွန်ဖြူနည်းနည်းထည့်ပြီး
ဘိုးသိုးဘတ်သပ်ကလေးထောင်း၊ဆိတ်သားလေးထောင်းပြီးကြော်” ဆိုတာကတစ်ဖုံ
“ဂေါ်ဖီထုပ် ရယ်၊ဘိုစားပဲသီးရယ်ကိုပန်းမုံလာနဲ့အစိမ်းကြော်လေးကြော်၊
ခရမ်းချဉ်သီးလေးပန်ထွေဖျော် ကြက်သားကိုဂေါ်ရခါးသီးနဲ့ဆီလည်ရေလည်ချက်”ဆိုတာကတနည်း၊
“ပုဇွန်ဆိတ်ကလေးတွေက ခရမ်းချဉ်သီးနဲ့အူပေါက်ချက်ပြီး ဆလပ်ရွက်အတို့အမြုတ်လုပ်”ဆိုတာကပုံစံတစ်ခု၊
“ဒီနေ့တော့ ပေါ်ဦးပေါ်ဖျား အင်ဥလေးနဲ့ဝက်သားနဲ့ချက် အအီပြေ ချဉ်ပေါင်ရွက်ချဉ်ရေချက်၊
အဆိပ်အတောက်ပြေအောင်ငရုတ်သီးစီမ်းလေးထောင်း”ဆိုတာက မူကွဲ
ဈေးသွားလမ်းမှာကျနော်တို့စားရမယ့် တစ်နေ့တာမီနူးကိုပြောပြလေ့ရှိပါတယ်။
အဲတော့ ကျနော်အဖွားက ဈေးထဲရောက်မှာ ဘာဝယ်ရမှန်းမသိဘဲလည်နေတာမျိုးမဟုတ်ဘဲ
သူဘာချက်မယ်ဆိုတာကိုအစီအစဉ်ဆွဲ ပြီးသားဆိုတာ အသေအချာပေါ့။
တစ်ခါတစ်လေတော့လဲ “ဆရာကတော်ကြီးရေ ဒီနေ့ဈေးဦးမပေါက်သေးဘူးတော့၊လာဘ်ဖွင့်သွားအုံး”
လို့ဆိုတဲ့အခါများမှာတော့ သူဆွဲထားတဲ့ စကက်ဂျုးကိုအပြောင်းအလဲလုပ်တဲ့အခါလဲလုပ်ပေါ့။
အသီးအနှံတန်းရောက်ရင်လဲ
“ဒီနေ့တော့ မုံလာဥကြီးတွေထွားမှထွားရယ်”တို့၊
“မိုးဦးကျ ရှားပါမိူလေးတွေစားပါအုံးလား”တို့၊
“ပေါ်ဦးပေါ်ဖျား မရမ်းသီးလေးထောင်းပါအုံးလား”တို့။
“အင်ဥတွေပေါ်ပြီနော် ဖြူသန့်နေတာဘဲ နုနုလေးရယ်”ဆိုတာတွေပြောလို့
ရာသီပေါ်သီးနှံတွေကို ပြောလို့ဝယ်ချင်အောင် အပြောချိုချိုလေးနဲ့ဆွဲဆောင်ပါတယ်။
ဇီးသီးတို့ခံသီးတို့ ဘောက်သီးတို့ သစ်ချိုသီးတို့ပေါ်ချိန်ဆိုရင် ဈေးတောင်းဆွဲဘို့အဖော်လို်က်လာတဲ့
ကျနော်တို့ကို “ စားဟဲ့”ဆိုပြီးရော့အင့်နဲ့ ဇွတ်ထိုးကြွေးတတ်ပါသေးတယ်။
သူမကြွေးလဲ တောင်းထဲမှာထည့်ထားတဲ့ ဇီးသီးတို့ ဘာတို့ကိုကျနော်တို့ကနှိုက်စားတတ်ပါတယ်။
အဲဒီအခါမျိုးမှာတော့ ဈေးသည်ကြီးတွေ က ခပ်ပြုံးပြုံးနဲ့ကြည့်နေတတ်ပါတယ်။.
အဖွားက အားနာလို့ ကျနော်တို့ကို ဟန့်ရင်
“စားစမ်းပါစေ …………ကလေးတွေဘဲ ဝမ်းအပြင်အိတ်အပိုပါတာမှတ်လို့”ဆိုပြီးခွန်းတုန့်ပြန်တတ်ပါတယ်။
ကျနော်တို့အမြည်းစားရပြီဆိုရင် အဖွားကို ဝယ်ဘို့ကျနော်တို့ကပူဆာပြန်ပါတယ်။
နောက်အဖွားနဲ့ဈေးလိုက်ချင်ရတဲ့အကြောင်းတစ်ခုက ဈေးလိုက်ပြီး တောင်းဆွဲပေးရင်
ဈေးဝယ်ပြီးတာနဲ့ မုန့်ဟင်းခါး ကြာဇံဟင်းမုန့်တီ မြီးရှည် တစ်ခုုခုတော့ဝယ်ကြွေးတတ်ပါတယ်။
မုန့်ဟင်းခါးကတော့မန်းလေးချက်အထမ်းသည်ကြီးဆီမှာစားရတာများပါတယ်။
မုန့်ကုန်တာနဲ့ပုဂံလေးထိုးပေးလိုက်ရင် မုန့်ဟင်းငါးသည်ဦးလေးကြီးက
ဟင်းရည်လေးတစ်ဇွန်းခပ်ထဲ့ အကြော်အကြေလေးတွေများထည့်ပေးရင်သဘောတွေကျ။
မုန့်တီစားပြန်ရင်လဲ စားပြီးတာနဲ့ဟင်းရည်ထဲကို မုန့်ဖတ်ကြော်လေးများထည့်ပေးရင်လဲ
သဘောတွေကျ၊
မြီးရှည်သည်ဦးလေးကြီးက မုန့်တွေပြင်ပြီးမှ အသားဖတ်လေး ဝက်ဆီကြော်ဖတ်လေး
ထပ်ဖြူးပေးရင်သဘောကျ၊
ကလေးဘဝကတော့ ဘာလေးရရ သဘောကျလိုက်တာပါဘဲ။
အခုများနဲ့တော့ တခြားစီလို့ ကိုယ့်ကိုကိုယ်ထင်မိပါရဲ့။
ကျနော်မှတ်မိသလောက် ကျနော့်အဖွားဝယ်နဲ့သူဝယ်တဲ့အသယ်လေးတွေက
အမြဲတမ်းဖောက်သည်တွေပါဘဲ။
ဒီလူ ဒီဆိုင်မှာဘဲ အမြဲတမ်းဝယ်တာများပါတယ်။
သူတို့ကလဲ ကျနော့်အဖွားကို အမြဲတမ်းဖောက်သည်လိုသဘောထားပါတယ်။
နောက်လူကလည်း ဇွတ်အတင်းလုမရောင်း သူ့လူသူရောင်းကိုယ့်လူကိုယ်ရောင်း
အိန္ဒြေရရပါဘယ်။
ဈေးအပိုမဆို အလေးမခိုး သာသာထိုးထိုးလေးထည့်ပေးလို့ ရောင်းသူနဲ့ဝယ်သူကြားစကားများစရာမလို
ငြိမ်းချမ်းစွာ ရောင်းကြဝယ်ကြတဲ့ကာလလေးပေါ့။
နောက်အဲဒီခေတ်က ဈေးသည်များ ပိုက်ဆံတွက်တာမြန်မှမြန်။
မိန်းမတွက် ဈေးတွက် ဆိုတာ ကျနော်တို့ကျောင်းသားတွေလိုက်မမှီဘူး။
ခွဲခြမ်းစိတ်ဖြာလို့တွက်လို်က်တာများ ဂွပ်ကနဲ ချပ်ကနဲကွက်တိ။
ဘာဂဏန်းပေါင်းစက်မှမလိုဘူး။
ကျနော်တို့က မနုတ်လောက်လို့တစ်ဆယ်ချေးတုံးရှိသေးတယ်သူတို့က ဘယ်လောက်ဆိုတာ
အဖြေထွက်ပြီးပြီ။
ဒါကြောင့်လဲ ဈေးတွက်တို့ မိန်းမတွက်တိုု့ဆိုတဲ့ခွဲခြမ်းစိတ်ဖြာနည်းတွေနာမယ်ကြီးတာပါဘဲ။
နောက်တစ်ခုအမှတ်ရစရာလေးကတော့အမြဲဝယ်နေတဲ့ဖောက်သည်တွေဆိုတော့
အနည်းအပါး ပိုနေလိုနေတဲ့ အနုတ်ပြဿနာမရှိတာပါဘဲ။
နည်းနည်းလိုနေရင်လည်း နောက်နေ့မှဖြည့်ပေးလိုက်။
ပိုနေရင်လဲချန်ထားလိုက် နောက်နေ့ဈေးဝယ်မှ “ဟိုနေ့ကဘယ်လောက်ကျန်ခဲ့တာလေ”
ဆိုပြီး နှိမ်ရှင်းလိုက်ရုံပါဘဲ။
အဲတော့ကိုယ့်ပိုက်ဆံကျန်နေခဲ့မှာစိုးလို့ လိုလို မလိုလို ပေးထားတဲ့ပိုက်ဆံမပြည့်မချင်း
မလိုအပ်တာတွေကို အပိုမဝယ်ရတာကလဲ စိတ်ချမ်းသာစရာတစ်မျိုးပါဘဲ။
နောက်တစ်ချက်က နေ့တိုင်းမြင်နေကြဆိုပြန်တော့ “နံနံပင်လေး၊ငရုတ်သီးလေး”အနည်းအပါးလိုတာ
လောက်နဲ့တော့ ပိုက်ဆံအကုန်ခံပြီးဝယ်စရာမလိုပါဘူး။
ဈေးသည်ကိုပြောလိုက်တာနဲ့ ကြည်ကြည်ဖြူဖြူ ယူသွားဆိုပြီးပေးလိုက်ကြတာပါဘဲ။
တစ်ခါတစ်လေ အဖွားက ဈေးကနေဝယ်ဘို့မေ့လာတဲ့တစ်မယ်စ နှစ်မယ်စကို
ကျနော်တို့ကိုလွှတ်ပြီးဝယ်ခိုင်းပါတယ်။
ကျနော်တို့ကလဲ ကစားတာပျက်မှာစိုးတော့ အဖွားခိုင်းတဲ့ဆိုင်ထိမသွားဘဲလွယ်တဲ့နေရာကဝယ်လာပါတယ်။
နောက်နေ့ရောက်လို့ အဖွားခိုင်းတဲ့အတိုင်းမဝယ်တာသိလို့ကတော့ အဆူခံထိပါတယ်။
သူတို့ပြောတဲ့ဆိုင်က ဝယ်လာတာမဟုတ်ရင်မကောင်းဘူူးလို့သတ်မှတ်ထားတာမဟုတ်ပေမယ့်
ဒီပြင်ဆိုင်ကို သွားဝယ်မိရင် အားနာပြီး သိသွားမှစိုးလို့ ဒီပြင်ဆီမှာဝယ်ဘို့ စိတ်မလုံပါဘူးတဲ့။
ဪ………..ရှေးလူကြီးတွေသစ္စာရှိပုံများကတော့ ဩချလောက်ပါရဲ့နော်။
(ဒါလေးကတော့ ဖောက်သည်ကို မလွတ်အောင်ဆွဲဆောင်ထားတဲ့ ထာဝရ မတ်ကက်တင်းပါဘဲ)
&&&&&&&&&&&&&&& &&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&
အဝတ်အစားဝယ်မယ်ဆိုရင်လဲ အဖွားမိတ်ဆွေတွေရှိတဲ့ဈေးချိုထဲက”အောင်ဈေးတန်း”က
ဆိုင်တွေကိုခေါ်သွားတတ်ပါတယ်။
ပိတ်စတို့ လုံချည်တို့ ဆွယ်တာတို့ ကို သူ့မိတ်ဆွေဆို်င်တွေက နေဘဲဝယ်ပေးပါတယ်။
ဟိုအဆင်ဒီအဆင်တွေလဲကြေး များလို့မရပါဘူး။.
သူ့မိတ်ဆွေဆို်င်မှာရှိတာဘဲဝတ်။
သူ့မိတ်ဆွေရောင်းကိုဘဲဝယ်ပေးပါတယ်။
အဲဒီဆိုင်တွေကလဲ ကျနော်တို့မြေးအဖွားကိုမြင်ရင်
”ဆရာကတော်ကြီးတို့လာတယ်”လို့နုတ်ဆက်ပြီးတာနဲ့ သူတို့ဆိုင်ကနေဝယ်ဝယ် မဝယ်ဝယ ်
စားစရာတစ်ခုမဟုတ်တစ်ခုကတော့ ရောက်လာတာပါဘဲ။
နွေဆိုရင်”ကြံရည်၊မုန့်လုပ်ဆောင်း၊ရွှေရင်အေး”
ဆောင်းဆိုရင် “လက်ဖက်ရည် ကော်ဖီ”သူ့ရာသီနဲ့သူ။
တစ်ခါတစ်လေနေ့လည်ပိုင်းများလာလို့ကတော့ ဈေးရုံးအောက်မှာရောင်းတဲ့
“ခိုတောင်မုန့်တီ” ကျနော်တို့အကြိုက်ပေါ့။
နောက်တော့ မှပစ္စည်းကြည့်ရင်း ရွေးရင်းမေးရင်း မာကြောင်းသာကြောင်းတွေပြောကြ
ရပ်ရေးရွာရေးတွေပြောကြ နဲ့ မပြီးနိုင်မစီးနိုင်အေးဆေးပါဘဲ။
ဈေးလည်လာရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ နဲ့အေးဆေးပါဘဲ။
ကျနော်တို့ကလေးတွေကတော့ ချပေးထားတာ စားသောက်ပြီးရင် ဟိုငေးဒီငေးနဲ့
ပျင်းနေအောင်စောင့်ရပါတယ်။
ဒါပေမယ့်လဲအဖွားဈေးချိုသွားမယ်ဆိုရင်လိုက်ချင်ပါတယ်။
မုန့်လဲစားရ ငေးလဲငေးရကိုးဗျ။
အဖွားမှာပိုက်ဆံပါပါ မပါပါ ပိုက်ဆံလောက် လောက် မလောက်လောက် လိုချင်တာယူသွား ကြုံမှလာပေးဆိုတော့ပိုက်ဆံမလောက်လို့ လိုချင်တာမရတဲ့ ဒုက္ခတို့ ပိုက်ဆံမပါလို့ ဝယ်မယ်လုပ်ပြီးမှ ပြန်ချထားခဲ့ရတာမျိုး အရှက်ကွဲရတာမျိုး၊
ဝယ်မှဝယ်နိုင်ပါ့မလားဆိုပြီး အထင်သေးခံရတာမျိုးလဲမရှိတော့ စိတ်ချမ်းသာရသပေါ့ဗျာ။
ဒီဆိုင်တွေမှာ နှစ်ပေါင်းများစွာ ဝယ်လာကြတာမိတ်မပျက်ဆွေမပျက်။
(ဒါကတော့ မိတ်ရင်းဆွေရင်း မာကက်တင်းလို့ထင်ပါတယ်)
&&&&&&&&&&&&&&& &&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&
ကျနော်တို့အိမ်ထောင်ရက်သားကျလာတဲ့အခါ တစ်ခါတစ်လေ မဒမ်ပေါက်က ခြင်းတောင်း
ဆွဲဘို့ ခေါ်တတ်ပါတယ်။
သူက မဏ္ဍပ်တိုင်တက်ချက်တယ်ဆိုတော့ မလိုက်ချင်လဲလိုက်ပေါ့။
သမီးရီးစားဘဝကတော့ ဈေးအတူလိုက်ပြီး ခြင်းတောင်းဆွဲတာဝန်ကိုဇွတ်ယူချင်ပေမယ့်
အိမ်ထောင်လဲကျပြီးရော သူတို့နောက်က တကောက်ကောက်မလိုက်ချင်တော့ပါဘူး။
ကိုယ့်ဘာသာကိုယ် သစ်ပင်အရိ်ပ်မှာ စာအုပ်လေးဖတ်ရင်းစောင့်ချင်စောင့်၊
ဒါမှမဟုတ်ဈေးသွားဈေးလာတွေကို ငေးချင်ငေး အေးဆေးဘဲနေချင်ပါတယ်
မဒမ်ပေါက်တို့ခေတ်ဈေးဝယ်တာကြည့်ရတာ”စိတ်လေ-ခြေညောင်း”ပါ။
ကန်စွန်းရွက်တစ်စီးကျပ်နှစ်ဆယ်ဆိုတာကို တစ်ရာဘိုးခြောက်စီး ဇွတ်ဆစ်ချင်ဆစ်ပါတယ်။
မရရင်မဝယ်ပါဘူး။
“မရောင်းချင်နေ…….ဆို်င်တွေအများကြီး”ဆိုတဲ့မျက်နှာပေးနဲ့ တစ်ဈေးလုံးခြေတိုအောင်ပါတ်ပါတယ်။
“မင်းကွာ ကုန်တာလဲမဟုတ်ဘဲနဲ့”လို့ပြောရင် မျက်စောင်းလေးက ဖျောင်းကနဲ့ရောက်လာတတ်ပါတယ်။
“မသိရင် အသာနေ”ဆိုတဲ့သဘောပေါ့။
အသား သည်က “ အမရေ………..အားပေးပါအုံး” လို့ဇွတ်ခေါ်နေပေမယ့် အားနာပါးနာလှည့်တောင်မကြည့်ပါဘူး။
“ခေါ်နေတာ အားနာစရာကွာ”လို့ပြောမိရင်
ဈေးတော့ သက်သာတယ် အလေးမမှန်ဘူး…………….
ဈေးမှန်အလေးမှန်ပေမယ့် ဆက်ဆံရေးကျဲတယ်……………. ဆိုတဲ့အကြောင်းပြချက်တွေရဲ့နောက်မှာ
မျက်စောင်းကလေး လက်ဆောင်ရတတ်ပါတယ်။
“ဘာမှလဲမသိဘဲနဲ့ပေါ့”။
မဒမ်ပေါက်တို့ခေတ်ဈေးဝယ်ပုံကအဖွားနဲ့တော့ပြောင်းပြန်တစ်ခါဝယ်တစ်ဆိုင်ပါဘဲ။
ဆစ်လို့ရတဲ့ဆိုင် သူစိတ်တိုင်းကျပြောလို့ရတဲ့ဆိုင်ကို တစ်ကြိမ်တစ်မျိုးမရိုးအောင်
ဆိုင်ပြောင်းလို့ ဝယ်ပါတယ်။
ပြီးရင် “ဈေးသမာဓိ”ချိန်ခွင်ကြီးမှာသွားချိန်။
အလေးမပြည့်ဘူးဆိုရင် မမောနိုင်မပန်းနိုင်တစ်ခေါက်ပြန်သွားတောင်း။
ခြေညောင်းတာ ပါးစပ်ညောင်းတာတွေကို ဂရုမစိုက်အားဘဲ အပြန်အလှန်တွေပြောကြ။
သူတို့အစားမောလှပါတယ်။
ကိုယ်ကသာသူတို့ကြည့်ပြီးမောနေပါတယ် သူတို့လိုချင်တာများပြန်ရရင်
“တွေ့တယ်မလား “ဆိုတဲ့မျက်နှာပေးလေးတွေနဲ့ ပီတိတွေဖြာလို့။
အဲ……..မရများမရလို့ကတော့ ဘေးကလိုက်လာတဲ့ကျနော်မှာ မဆီမဆိုင
ကြားထဲကနေပြီး နားတွေပူရပါတယ်။
“အလကားနေရင်း ရွာလည်နေတာမဟုတ်ဘူး။
ဟော အခုတွေ့လား အခုခေတ်က ဆစ်နိုင်ပြောနိုင်တာတောင်
ကိုယ်ပေးလိုက်တဲ့ပိုက်ဆံနဲ့တန်တာကို ရတာမဟုတ်ဘူး” ဆိုပြီးတော့ပေါ့။
သူပြောတာဟုတ်တော့လဲဟုတ်ပါရဲ့။
“အမ ကြည့်နော် ……..ဒီမယ်ဇောက်ထိုးကြီး”ဆိုပြီး ချိန်ခွင်ကိုထောင်ပြတော့
ချိန်ခွင်လျှာက အောက်ကို ဇောက်ထိုးကြီးစိုက်နေတာမျက်စေ့နဲ့အမြင်ပါဘဲ။
ပြီးမှ “ရော့ဒီမှာ………..အဆစ်နော်”ဆိုပြီး ဖက်ထဲကို ဘုတ်ကနဲ့ထပ်ပြီး ပစ်ထည့်လိုက်တာတောင်သမာဓိချိန်ခွင်မှာ ပြန်ချိ်န်ကြည့်ရင် ” “အစိတ်သားဆို အစိတ်သား အတိ“တရွေးသားမှမပိုအောင် တိကျလှပါတယ်။
တစ်ခါတစ်လေဆိုရင် ငါးကျပ်သားလောက်ရော့ချင်ရော့နေပါတယ်။
အဲဒီအခါမျုးိမှာ နောက်တစ်ခေါက်ပြန်သွားပြီး ပြောရတာ နဲ့ တင်မောလှပါတယ်
အဲတော့ ကျနော်ကလဲ ဈေးဝယ်လိုက်ရင် ဈေးအပြင်ကဘဲ စောင့်တာများပါတယ်။
(ဒါကတော့လစ်သလိုတွယ်မယ်ဆိုတဲ့မားကက်တင်းပါဘဲ)
တစ်ခါတစ်လေ အဝတ်အစားတွေကို်ယ်ဘာသာကိုယ်သွားဝယ်မိလို့အိမ်ပြန်ရောက်ရင်
နားပူလှပါတယ်။
ကိုယ်ကလဲ သူတို့ပြောတဲ့ဈေးကို ဆစ်တော့ ဆစ်ဝယ်တာပါဘဲ။
ပုုဆိုးဝယ်တဲ့အခါ သူတို့တစ်ရာဆိုရင် နှစ်ဆယ်သုံးဆယ်တော့ ဆစ်တာပါဘဲ။
“မကိုက်လို့ပါ တစ်ထည်မှ ကိုးဆယ်တစ်ရာရင်းပြီးမှ လေးငါးကျပ်မြတ်တာပါ”လို့
ရောင်းသူက ပြောရင် အားနာပြီးထပ်မဆစ်တော့ဘူး။
ဒီအဆင်ဒီအသွေးကို မဒမ်ပေါက်များဝယ်လာရင် ကိုယ်ဝယ်တာထက် သုံးလေးဆယ်သက်သာနေတတ်ပါတယ်။
ကြာတော့လဲ ကိုယ့်ဘာသာ ကိုယ်ဈေးမဝယ်ရဲအောင်ပါဘဲ။
လိုချင်ရင်မဒမ်ပေါက်မှာလိုက် ကိုယ်လိုချင်တာကို နားမငြီးဘဲဈေးသက်သက်သာသာနဲ့ရပါတယ်။
(ဒါကတော့ ဆစ်နိုင်မှရမယ်ဆိုတဲ့မာကက်တင်းပါဘဲ။ )
$$$$$$$$$$$$$$$$$$$$$$$$$$ $$$$$$$$$$$$$$$$$$$$$$$$ $$$$$$$$$$$$$$$$
နောက်ပိုင်းမှာတော့ နိုင်ငံရဲ့ပြောင်းလဲလာတဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာကြီးနဲ့အတူ
စတိုးဆိုင်လေးတွေပေါ်လာပါတယ်။
ဒီစတိုးဆိုင်လေးတွေကတော့ အဝတ်အစားနဲ့လူသုံးကုန်ပစ္စည်းတွေဘဲရောင်းတာပါ။
“တစ်ခွန်းဆိုင်”ဆိုတဲ့ဆိုင်းဘုတ်ကိုနေရာအနှံ့ကပ်ထားတတ်ပါတယ်။
အဲဒီဆိုင်းဘုတ်အပြင် “ဝယ်ပြီး ပစ္စည်းပြန်မလဲပါ” ဆိုတာကလဲ မရှိမဖြစ်ဆိုင်းဘုတ်ပေါ့။
အဲတော့ကျနော်တို့ယောက်ျားလေးတွေကလဲ အဝတ်အစားဝယ်မယ်ဆိုရင် စတိုးဆိုင်ကိုဘဲ
ပြေးကြပါတယ်။
တစ်ခွန်းဆိုင်လို့စာကပ်ထားတော့ဈေးနူန်းမှန်တယ်လို့ယူဆရ။
ဆစ်စရာပြုစရမလိုတဲ့အတွက်ပါ။
ဒါပေမယ့် စိတ်ညစ်စရာကောင်းတာကတော့ ကိုယ်က လိုချင်တာလေးကို လိုက်ကြည့်နေတဲ့အခါ
အရောင်းဝန်ထမ်းကောင်မလေးတွေက ပစ္စည်းပျောက်မှာ အလစ်သုတ်သွားမှာစိုးတော့နောက်က
တကောက်ကောက်လိုက်နေတော့ ကြည့်ရတာ မလွတ်လပ်။
ကိုယ်က ဘာဝယ်ရင်ကောင်းမလဲလို့ကြည့်နေတုန်းရှိသေးတယ်ဟိုဟာကောင်းတယ် ဒီဟာကောင်းတယ်ဆိုပြီး မဝယ်မချင်း တတွတ်တွတ်နဲ့နားပူအောင်ပြောတော့ စိတ်လေပါတယ်။
ဒီလိုစတိုးဆိုင်တွေမှာလည်း နာမယ်ကြီးတံဆိပ်တွေကို အင်ထု ပြီးရောင်းတာမျိုးရှိတတ်ပါတယ်။
ကျနော်တို့မြန်မာလူမျိုးကလဲ တူအောင်တုတဲ့နေရာမှာပြိုင်စံရှားကိုးဗျ။
အဲတော့ အဟုတ်မှတ်ပြီးဝယ်လာလိုက်တာ အတုနဲ့ညားတာလဲခဏခဏ။
တစ်ခါတစ်လေတော့လဲအမှန်အကန်ပစ္စည်းရတော့စိတ်ကျေနပ်ရ။
တစ်ခါတစ်လေတော့လဲအင်ထုခံရဆိုတော့ ဝယ်ရမှာ မဝံ့မရဲ။
ဒီစတိုးအရောင်းကောင်တာက ကလေးမလေးတွေမှာလဲသူ့အခက်အခဲနဲ့သူပါ။
ကိုယ်ရောင်းတဲ့ကောင်တာက ပစ္စည်းပျောက်ရင် ပျက်စီးသွားရင်အလျော်ပေးရတဲ့အပြင်
ဆိုင်ရှင်ရဲ့အဆူအပူကိုခံရတတ်ပါတယ်။
ဒီလိုဆိုင်လေးတွေကိုသုံးလေးယောက်လောက်လူခွဲလို့ဝင်လာပြီး ခပ်တည်တည်နဲ့ဟိုဟာပြခိုင်းဒီဟာပြခိုင်း မျက်စေ့နောက်အောင်လုပ်ပြီးလစ်တာနဲ့
တစ်ယောက်က “မ”ပြေးတာမျိုးလဲကြုံရပြန်ပါတယ်။
တစ်ခါတစ်လေ ဈေးဝယ်သူက အူတာလိုလိုအတာလိုလို သွားစရာရှိလို့
ဝယ်ပြီးတစ်ခါတည်းဘဲဝတ်သွားမယ်ပုံစံမျိုးနဲ့ အဝတ်အစားအသစ်တွေလဲ
အဟောင်းတွေကို ချွတ်ပြီးအိပ်ထဲထည့်ခိုင်း။
လူလစ်တာနဲ့ခပ်တည်တည်ထွက်ပြေးတဲ့လူမျိုးလဲရှိတတ်ပြန်တော့ ဈေးဝယ်တစ်ယောက်
နောက်က တကောက်ကောက်လို်က်နေတာလဲအပြစ်မဆိုသာ။
နောက်တစ်ချက်က ဒီဆို်င်တွေက ကလေးတွေမှာ မနက်ရှစ်နာရီကနေညကိုးနာရီအထိ
ပိတ်ရက်မရှိ အလုပ်လုပ်ကြရပါတယ်။
(အချို့ဆိုင်တွေကတော့ အလှည့်ကျနဲ့နားတာတို့ လပြည့်လကွယ်ပိတ်လုပ်ပေမယ့်
အများအားဖြင့်ကတော့ ပိတ်ရက်မရှိနားရက်မရှိပါဘဲ)
ဒီလို့နေ့စဉ်ရက်ဆက်ကြီးအလုပ်လုပ်ရတော့ သူတို့လေးတွေရဲ့စိတ်က မလန်းဆန်း
တော့တာလဲအမှန်ပါဘဲ။
ရိုးအီနေတဲ့ အလုပ်ကြီးလိုဖြစ်လာတော့ စိတ်မဝင်စားတော့ပါဘူး။
ဝယ်ချင်နေ မဝယ်ချင်နေ ဝတ်ကျေတန်းကျေ ပုံစံမျိုးပေါက်လာပါတော့တယ်။
အားလုံးလို့တော့ မဆိုလိုပါဘူူး ။
မဝယ်ချင်ဝယ်ချင်အောင်စိတ်ရှည်လက်ရှည်ရှင်းပြလို့ ရောင်းပေးတတ်တဲ့
အလွန်တော်တဲ့အရောင်းသမလေးတွေလဲတွေ့ဘူူးပါတယ်။
တစ်ခါတစ်ရံစိတ်တိုစရာကောင်းတာကတော့ ပစ္စည်းလေးကြည့်ချင်လို့မေးခါမှ
“အဲဒါက ဘယ်လောက်တောင်တန်တာနော်”လို့ခပ်ထည်ထည်လေးပြောတတ်တဲ့
အရောင်းသမားမျိုးနဲ့ဆုံရတဲ့အခါပေါ့။
နောက်မှ ဒီဝန်ထမ်းကလေးတွေဘက်ကပါ စဉ်းစားလို့ ဖြေတွေးလေး တွေးရပါတယ်။
“သူတို့ကရောင်းရဘို့ထက် ပစ္စည်းအလစ်သုတ်မခံရရေး အပျောက်အရှမရှိရေးကို
ပို ဦးစားပေးတာကိုးလို့”တွေးလိုက်မှ စိတ်သက်သာရာရပါတယ်။
တစ်ခါတစ်လေတော့ကိုယ်က အားလပ်လို့ ပစ္စည်းလေးဝင်ကြည့်မယ်
အဆင်ပြေတာလေးတွေ့ရင်ဝယ်ချင်ဝယ်မယ်ဆိုတဲ့စိတ်ကလေးနဲ့ဝင်လိုက်မိပါတယ်။
မချောသုံးလေးယောက်က နောက်က တကောက်ကောက်ဇွတ်လို်က်။
ပိုက်ဆံပြည့်မပြည့် ပါမပါလဲမသိ ဇွတ်အတင်းထိုးထည့်ရောင်းတော့လဲ
အရှက်ကွဲမှာစိုးတော့ မလိုချင်လဲဝယ်ခဲ့ရတာမျိုး၊
ပိုက်ဆံမပါတော့ တော်ပြီလို့ အတင်းငြင်းပြီးအရှက်ကွဲတာမျိုးတွေကြုံလာရတတ်တော့
စတိုးဆိုင်တွေဖက်ခြေဦးမလှည့်မိသလို ဝယ်မယ်ဆိုပြန်ရင်လဲ
မိန်းကလေးတွေရောင်းတဲ့ဆိုင်ဆိုရင် သိပ်ပ်မဝင်ဖြစ်မဝယ်ဖြစ်တော့ပါဘူး။
(ဒါကတော့ ဝယ်ချင်ဝယ်မဝယ်ချင်နေမတ်ကက်တင်းနဲ့ဇွတ်အတင်းမတ်ကက်တင်းပါဘဲ)
$$$$$$$$$$$$$$$$ $$$$$$$$$$$$$$$$$$$$$ $$$$$$$$$$$$$$$$$$ $$$$$$$$
မန်းလေးမြို့သူမြို့သားအများစုက ဈေးဝယ်ရင် ဈေးချိုကမှသက်သာတယ်ဆိုတဲ့အတွေးလေးတွေရှိခဲ့ဘူးပါတယ်။
ဘာလေးဝယ်ဝယ်ဈေးချိုကဆိုင်မှာသွားဝယ်လိုက်ရမှရင်ချောင်ပါတယ်။
ဒါပေမယ့် မန်းလေးဈေးချိုတော် ဆယ့်နှစ်ရုံကို ဖျက်ခံလိုက်ရတဲ့အခါမှာတော့
လောလောဆယ် နေရာမပေးနိုင်သေးတာ အစားပြန်မရတာဆိုတာတွေကြောင့်
ဈေးချိုသူဈေးချိုသားအတော်များများက အိမ်မှာပြောင်းလို့ဖွင့်ကြပါတယ်။
အဲတော့လဲ နဂိုရ်မိတ်ဟောင်းဆွေဟောင်းများကအိမ်ကိုလိုက်ပြီး အားပေးရင်းကနေ
အိမ်မှာဖွင့်တဲ့စတိုးဆိုင်လေးတွေခေတ်စားလို့လာပြန်ပါတယ်။
ဈေးချိုမှာနေရာပြန်ပေးပေမယ်လဲ လမ်းမတန်းနေသူတော်တော်များများက
အိမ်မှာတင်ဖွင့်ရတဲ့အရသာကိုတွေ့သွားတော့ အိမ်မှာဘဲဆက်ဖွင့်ကြပါတယ်။
အိမ်ဖွင့်တာက ကိုယ်စိတ်ကြိုက်ဖွင့်လို့ရ ပိတ်လို့ရ ဘာကြေးညာကြေးလဲမကုန်ဆိုတော့
အဆင်ပြေလွန်းလှပါတယ်။
အခုနောက်ပိုင်းဈေးကွက်စီးပွားရေးအရ မြန်မာပြည်မှာကုမ္ပဏီတွေပေါ်လာပါတယ်။
အဲဒီကုမ္ပဏီတွေက အစကတော့ ဈေးချိုတော်က ဆိုင်တွေကို အခြေပြုလို့ရောင်းကြဝယ်ကြ။
နောက် ထိုင်ရောင်းတဲ့စနစ်ကနေ အိမ်တိုင်ယာရောက်လိုက်ပြီးရောင်းချတဲ့နည်းစနစ်အသစ်
တွေနဲ့ပုံစံတွေပြောင်းရောင်းကြပါတော့တယ်။
အရင်ကနဦးကတော့ ထုတ်လုပ်သူ ဒါမှမဟုတ်ကိုယ်စားလှယ်ယူထားတဲ့ကုမ္ပဏီကမှဈေးချို၊
ဈေးချိုကမှာ မြို့လေးပြင်လေးရပ်မှာရှိတဲ့ဈေး၊အဲဒီဈေးကမှတစ်ဆင့် ရပ်ကွက်ထဲကဆိုင်လေးတွေ
အဲဒီဆိုင်လေးတွေကမှစားသုံးသူဆီရောက်တာကိုး။
အခုနောက်ပိုင်းမှာတာ့ ဈေးချိုကနေတစ်ဆင့်သာဝယ်ပြီးပြန်ရောင်းနေကြတဲ့မန်းလေးမြို့လေးပြင်လေးရပ်မှာ
ရှိနေတဲ့အရှေ့ပြင်က နန်းရှေ့ဈေး၊မြောက်ပြင်က မီးပါဈေး ၊သူရဲဈေး၊
အနောက်ပြင်က ညောင်ပင်ဈေး၊ သမီးတော်ဈေး၊ပြည်ကျော်ဈေး၊တောင်ပြင်က မင်္ဂလာဈေး .
ဘုရားကြီးဈေး အစရှိတဲ့ဈေးတွေကို ရော ရပ်ကွက်အလိုက်ဖွင့်ထားတဲ့ အိမ်ဆိုင်တွေကိုပါ
ကုမ္ပဏီတွေက အရောက်ပို့စံနစ်နဲ့ရောင်းချပေးပါတော့တယ်။
အရင်က ဈေးချိုကိုသာ သွားဝယ်နေရတဲ့လူကလဲ ဈေးချုိုထိသွားရတာအချိန်ကုန်လူပင်ပန်း။
သွားပြန်ရင်လဲ စက်ဘီးအပ်ရ ဆိုင်ကယ်အပ်ရ ကားအပ်ရနဲ့အလုပ်ရှုပ်။
နည်းနည်းပါးပါးဆိုလို့ကတော့ အိမ်နားမှာရှိတဲ့ဆိုင်တွေမှာဘဲဝယ်လိုက်ပါတော့တယ်။
တစ်ခါတစ်လေများအိမ်နားကဆိုင်မှာဝယ်ရတာ ဈေးချိုထက်ဈေးသက်သာနေပါသေးတယ်။
အဲဒီကစပြီး အိမ်မှာဖွင့်တဲ့ အိမ်ဆိုင်ကြီး စတိုးဆိုင်အကြီးအသေးတွေမှ ဈေးဝယ်တဲ့စနစ်၊
ကိုယ်နဲ့နီးတဲ့ဈေးမှာဘဲဈေးဝယ်တဲ့စံနစ်က ထွန်းကားလာတော့ဈေးချိုဆိုင်များမှာ
နေ့စဉ်လက်လီရောင်းရတာ နည်းလာပြီးနယ်ဖောက်သည်ကိုသာအားကိုးရောင်းရပါတော့တယ်။
မန်းလေးမြို့ရဲ့ အဝတ်အထည်စတိုးဆိုင်လောကမှာနိုင်ငံခြားကလာတဲ့ရယ်ဒီမိတ်ဆိုရင်
မြင့်ညီအကို၊ပန်းသီးစတိုး၊စင်္ကြာမင်း၊ပရက်စီးဒင့်၊မီနီစတိုး၊ဖိုင်းစတိုး၊ဒေါ်နက်စတိုး၊ခိုင်သစ္စာစတိုးတွေက
တစ်ခေတ်တစ်ခါကအတော်လေးနာမယ်ရခဲ့ပါတယ်။
ဈေးချိုထဲမှာဆိုရင် မြဂုဏ်ရောင်ပေါ့။
သူကတော့ပြည်တွင်းဖြစ်သက်သက်။.
(လက်ရှိအနေအထားမှာတော့ပြောင်းလဲလာတဲ့ခေတ်ရေစီးအရ
အချို့လဲဆက်လဲစီးမျော၊
အချို့ကတော့ရပ်တန့် ၊
အချို့ကတော့ ခေတ်နဲ့အညီအရှိန်အဟုန်မြှင့်၊
အချိုကတော့လုပ်ငန်းပြောင်းလဲလို့သွားပါတယ်။)
မန်းလေးမြု့ိမှာ စတိုးဆိုင်အကြီးကြီး ရဲ့အစလို့ပြောရရင် 81လမ်းနဲ့26ဘီလမ်းဒေါင့်က“ဟောင်ကောင်စတိုး”ကလို့ပြောရင်ရပါမယ်။
နိုင်ငံခြားဖြစ်ရယ်ဒီမိတ်အဝတ်အထည်တွေရနိုင်တယ်၊
မိန်းကလေးအသုံးအဆောင်အလှကုန်ပစ္စည်းတွေရမယ်၊
နာရီရမယ် မျက်မှန်ရမယ် ဖိနပ်ရမယ်
အိတ်အမျိုးမျိုးရမယ် လူသုံးကုန်ပစ္စည်းတွေရမယ်။
ဝန်ထမ်းတွေကလဲ အရင်ကလိုတကောက်ကောက်မလိုက်ဘဲ
ကိုယ့်သက်ဆိုင်ရာကောင်တာထဲကနေပြီးဈေးဝယ်သူကို ကောင်းကောင်းမွန်မွန်ပြပေးမယ်။
လိုချင်တယ်ဆိုမပစ္စည်းယူပြီး အဲဒီကောင်တာမှာ ငွေရှင်းပေါ့။
လမ်း30နဲ့လမ်း80ဒေါင့်မှာဖွင့်ထားတဲ့ ဖူဂျီစတိုးကတော့ လူသုံးကုန်တွေစားသောက်ကုန်တွေကိုရောင်းချလို့စည်ကားပေမယ့် ဟောင်ကောင်စတိုးလောက်လဲ မကြီးပါဘူး ပစ္စည်းလဲသူ့လောက်မစုံလင်ပါဘူး။
ဖူဂျီရဲ့အဓိက ရောင်းကုန်ကတော့ နိုင်ငံခြားဖြစ်အရက်စစ်စစ် နဲ့စားသောက်ကုန်ပစ္စည်းတွေ
ကို သာရောင်းချတာဖြစ်ပေမယ့်ပစ္စည်းမှန်တယ် ဈေးမှန်တယ်ဆိုတဲ့အချက်နဲ့နာမယ်ကောင်းရထားပါတယ်။
(အခုလက်ရှိအချိန်မှာတော့ ဟောင်ကောင်စတိုးက ပိတ်သွားပေမယ့် ဖူဂျီစတိုးကတော့
ခေတ်နဲ့အညီအရှိန်အဟုန်မြင့်လို့ မားကက်အဆင့်ကိုပြောင်းလို့ဆို်င်ခွဲတွေတောင်ဖွင့်ထားလိုက်တာ
မြို့သစ်မှာတစ်ဆိုင် မန်းလေးမြို့တောင်ဘက်ဦးပွားဂုံးကျော်မှာတစ်ဆိုင်ပေါင်းသုံးဆိုင်ပေါ့။)
2000ပြည့်နှစ်ဆိုတဲ့ ရာစုနှစ်ကြီးရဲ့အပြောင်းအလဲနဲ့အတူ ကျနော်တို့ မန္တလေးမြို့ကြီးကလဲ
ခေတ်သစ်မြို့တော်ကြီးအဖြစ်တစ်စထက်တစ်စပြောင်းလဲလို့လာပါတယ်။
အဲဒီအထဲမှာဈေးဝယ်တဲ့ဈေးလည်တဲ့ပုံစံကလဲပြောင်းလာပါတယ်။
မန်းလေးမြို့ကို စူပါမတ်ကက်ဆိုတဲ့နာမယ်နဲ့မိတ်ဆက်ပေးသူကတော့
လမ်း80 28လမ်းနဲ့29လမ်းကြား ဖူဂျီစတိုးရဲ့တောင်ဘက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ “ဘလေဇွန်”ပါဘဲ။
ဒါပေမယ့်အများကတော့ အောရင့်လို့ဘဲ နုတ်ကျိုးနေပါတယ်။
2003ခုနှစ်ဖေဖော်ဝါရီလဆန်းမှာ စတင်လို့ဖွင့်ပါတယ်။
ဒီဆိုင်တွေက ထူးခြားချက်ကတော့ အသီးအနှံအပါအဝင် စားသောက်ကုန်အစုံကိုပါတင်ရောင်းတာပါဘဲ။
အရင်ကအသီးအနှံဆိုရင် အလုံးလိုက်ဝယ်၊အလေးချိန်နဲ့ဝယ်ရာကနေ
တစ်ကီလိုဈေး သတ်မှတ်လို့ ဝယ်ရတာလေးကတော့ထူးခြားချက်။
နိုင်ငံခြားဖြစ်စပျစ်သီးလို ပန်းသီးလို အသီးအနှံလေးတွေကို ပက်ကင်ပိတ်လေးနဲ့ဝယ်စားရတာကိုက
အရသာပိုရှိသလိုလို ခံစားရပြန်ပါတယ်။
နောက်ကိုယ်ဝယ်ချင်တာလိုချင်တာကို ချပေးထားတဲ့ခြင်းလေးထဲစုထည့်။
အားလုံးဝယ်ပြီးပြီဆိုမှ ငွေရှင်းကောင်တာမှာတန်းစီလို့ပိုက်ဆံရှင်း။
တကယ်လို့များ ယူလာပြီးမှမလိုချင်တော့လို့ဘဲဖြစ်ဖြစ်၊
ဝယ်ဘို့ပိုက်ဆံမလောက်တော့ဘူးဆိုရင်ဘဲဖြစ်ဖြစ် အဲဒီနားတင်ထားခဲ့လိုက်။
ဘယ်သူကမှလာပြီး မငြူစူဘူး၊အပြစ်မတင်ဘူး။
တကယ်ကိုလွတ်လပ်စွာဈေးဝယ်ခွင့်အပြည့်အဝရတာပါဘဲ။.
တော်တော်လေးကျဉ်းကျပ်တဲ့နေရာထဲမှာဖွင့်ထားတဲ့ ဘလေဇွန်မှာ မန်းလေးသူမန်းလေးသားတွေ
အုံးအုံးကြွက်ကြွက်တိုးမပေါက်အောင်စည်ကားခဲ့သလို ဘလေဇွန် တံဆိပ်ပါတဲ့ အိ်ပ်ကလေးကို
ကိုင်လာပြီးလမ်းလျှောက်ပြန်လာရရင်ခြေလှမ်းလေးတွေနည်းနည်းပိုကြွနေသလိုပါဘဲ။
ဒါပေမယ့်လည်းလောကထုံးစံအရ သူ့ထက်သူ့လူစွမ်းကောင်းဆိုတာပေါ်စမြဲပါဘဲ။
မန်းလေးမြို့ရဲ့အထင်ကရ 78လမ်းမ 34လမ်းနဲ့33လမ်းဒေါင့်မှာ
ခမ်းနားလှပတဲ့ အဆောင်အဦးကြီးက မန်းလေးမှာမရှိသေးတဲ့ ရှော့ပင်းမောလ်ဖွင့်မယ်လို့
အသံတွေကြားလာရပါတယ်။
ဒီမောလ်ရဲ့ နာမယ်ကိုတောင်ပြိုင်ပွဲတွေလုပ် ထိုက်တန်တဲ့ဆုကြေးပေးပြီးရွေးလိုက်ပါတယ်။
နာမည်လေးကတော့မြန်မာလိုဘာသာပြန်ရင်” ကောင်းကင်လျှောက်လမ်း”လို့အမည်ရတဲ့
စကိုင်းဝပ်လ် (sky walk)ပါတဲ့။
ဘလေဇွန်ဖွင့်ပြီးသုံးနှစ်အကြာ 2006ခုနှစ်မတ်လ24ရက်နေ့မှာဖွင့်ပါတယ်။
(ကျနော်အမှတ်မမှားဘူးဆိုရင်တော့အဲဒီနေ့ဟာ 1984ခုနှစ်က ဦးကျားကြီးဝင်းမီးလောင်တဲ့ရက်နဲ့
သိ်ပ်မကွာလောက်ဘူးထင်ပါတယ်)
စက်လှေခါးနဲ့အတက်အဆင်းလုပ်။
နေရာကလဲအကျယ်ကြီး။
စားသောက်စရာခန်းမကလဲပါ။
လိုချင်တာအကုန်ဝယ်လို့ရ။
နောက်ကနေတကောက်ကောက်လိုက်မယ့်သူမရှိ။
မဝယ်မခြင်းနားပူမယ့်သူလဲမရှိ။
ကိုယ်သိချင်တာရှိရင် ဘေးနားမှာရပ်နေတဲ့ဝန်ထမ်းလေးတွေကိုမေး။
စိတ်ရှည်လက်ရှည်ရှင်းပြပေးမယ်။
ပစ္စည်းဈေးနူန်းတွေက ကပ်ထားပြီးသား။
လိုချင်တာကို သူတို့ပေးထားတဲ့ခြင်းလေးထဲထည့်ပြီးအထွက်ကျမှငွေရှင်း။.
တကယ်လို့များ ငွေရှင်းကောင်တာရောက်မှ မလိုချင်တော့လို့စိတ်ပြောင်းသွားရင်ဖြစ်ဖြစ်၊
ငွေမလောက်တော့လို့ဘဲဖြစ်ဖြစ် ထားခဲ့လို့ရသေးတယ်။
အားနာစရာမရှိ ငြူစူမယ့်သူမရှိ။
တစ်ခုတော့ရှိတယ် အဝင်မှာပါလာတဲ့အိတ်တွေကို အစစ်ခံရ တိပ်နဲ့အပိတ်ခံရတာရယ်။
မတော်လို့များပိုက်ဆံမရှင်းဘဲမေ့ပြီးထွက်လာလို့ သတ်မှတ်ထားတဲ့စည်းကျော်တာနဲ့
တကွီကွီထအော်လို့အရှက်ကွဲရတာလောက်ကတော့ ရှိသပေါ့။
နောက်ဒီ စကိုင်းဝပ်မှာက အရင်ကလို အစားအသောက် အသီးအနှံတွေရောင်းတဲ့
အောရင့် တွဲပါလာသလို အပေါ်ထပ်မှာ ကိုယ်ပိုင်သီးသန့်ဆိုင်လေးတွေပါရှိလာတာပါဘဲ။
အဝတ်အထည်ပြည်တွင်းဖြစ်တွေ၊နိုင်ငံခြားဖြစ်တန်ဘိုးကြီး ဘရင်းဒတ်ပစ္စည်းတွေ၊
လူသုံးကုန်ပစ္စည်းတွေ၊ဖိနပ်ဆိုင်တွေ၊မျက်မှန်ဆိုင်တွေ၊အလှကုန်ဆိုင်တွေစုံမှစုံ။
လေအေးပေးစက်ကလဲတစ်နေကုန်ဖွင့်ထားပြန်တော့ အပြင်မှာပူတယ်ဆိုရင်
အညောင်းပြေအညာပြေလမ်းလျောက်ရင်း ဟိုငေးဒီမောနဲ့ အပန်းဖြေနို်င်ပါသေးတယ်။
ဒီစကိုင်းဝပ်ပေါ်လာတဲ့ အချိန်ကစလို့ မန်းလေးသူမန်းလေးသားများ “ဝင်းဒိုးရှောပင်း”
လို့ခေါ်ရင်ရတဲ့ ဈေးလည်ထွက်တတ်သွားပါတယ်။
ဒါပေမယ့် မန်းလေးသားများခေတ်မီတာကြာကြာမခံလိုက်ပါဘူး။
အဲဒီစကိုင်းဝပ်ကြီးအောက်ဆုံးမြေညီထပ်မှာရှိနေတဲ့ ပြွတ်သိပ်ညှပ်ကျပ်နေတဲ့
“ရတနာပုံဈေး(အရင်တရုပ်တန်းဈေး)ကြီးမီးလောင်တာနဲ့အတူ ဒီစကိုင်းဝပ်ဆိုတဲ့
အဆင့်မြင့်ဈေးကြီးဟာလဲ ထူးဆန်းစွာပြာပုံဘဝရောက်သွားပါတော့တယ်။
အဲဒီနေ့ကတော့ ဖွင့်ပြီးလို့လေးနှစ်မပြည့်ခင် 2008ခုနှစ်ဖေဖော်ဝါရီလ 25ရက်နေ့ပါဘဲ။
$$$$$$$$$$$$$$$$$$$ &&&&&&&&&&&&& *************** @@@@@@@@@@@
ဒီစကိုင်းဝပ်ကြီးမီးလောင်သွားတာနဲ့အတူမန်းလေးသူမန်းလေးသားများရင်မှအတော်လေးကို ဟာတာတာကြီးဖြစ်သွားပါတယ်။
အရင်ကဆိုပျင်းရင် စကိုင်းဝပ်သွားလျောက်ကြည့် ကြိုက်တာတွေ့ရင်ဝယ်။
ပိုက်ဆံမပါသေးရင်မှတ်ထားနောက်မှသွားဝယ်။
အခုတော့ဈေးလည်စရာနေရာမရှိ။
ဒါပေမယ့် 2007 ဖေဖော်ဝါရီလထဲမှာ 78လမ်းမ38လမ်းဒေါင့်မှာ 78 စီးတီးမတ်ဆိုပြီး စူပါမတ်ကက်တစ်ခုဖွင့်လာပါတယ်။
လူတွေအားလုံးကတော့ 78 လို့ဘဲခေါ်ကြပါတယ်။
ဒါပေမယ့် 78 က မီးလောင်သွားတဲ့စကိုင်းဝပ်လောက်တော့ မခန်းနား မကြီးကျယ်တာကတော့အမှန်။
နေရာလည်းကျဉ်းပါတယ်။
အပေါ်ဆုံးထပ်မှ ကလေးကစားစရာခန်းမလည်းရှိတော့လူစည်ပါတယ်။
အစက 78ကိုသေးလို့စိတ်မဝင်စားပေးမယ့် စကိုင်းဝပ်မရှိတော့တဲ့အချိန်မှာတော့
အလုပ်ပိတ်ရက်တွေ ရက်ကြီးအခါကြီးတွေမှာတိုးမပေါက်အောင်စည်ကားပြန်ပါတယ်။
အဲတော့လည်း 78 မတ်က မန်းေးလသူမန်းလေးသားများအတွက်ဈေးလည်စရာနေရာတစ်ခုဖြစ်လာပါတယ်။
သူနောက် 2009ခုနှစ်ဖေဖော်ဝါရီလမှာ ဂရိတ်ဝေါ စူပါမတ်ကက်ဖွင့်လာပါတယ်။
78လမ်း 32-33ကြားမှာပေါ့။
ဒါပေမယ့် စကိုင်းဝပ်နဲ့အသားကျပြီးသားမန်းလေးသူမန်းလေးသားအတွက်ကရင်ခုန်စရာ
မဟုတ်ဘူးဖြစ်နေပါတယ်။
2011 ဇွန်လမှာတော့ အရင်မီးလောင်သွားတဲ့နေရာမှာ ဒိုင်းမွန်းစူပါမတ်ကက်ဆိုတာကြီး
ပေါ်လာပါတယ်။
သူ့ရဲ့ မြေအောက်ထပ်ကြီးတစ်ထပ်လုံးကို အိုးရှင်းစင်တာကနေယူလို့လူသုံးကုန်တွေ
စားစရာတွေအစုံအလင်ရောင်းပါတယ်.။
တွက်ကြည့်ရင်အရှေ့နဲ့အနောက်က တပြနီးပါးရှည်လျားပါတယ်။
အပေါ်ထပ်မှာတော့အထည်ဆိုင်တွေ အလှကုန်ဆိုင်တွေနဲ့အပြည့်။
အရင်က ခမ်းနားပါတယ်ဆိုတာထက် ပိုခမ်းနားတဲ့ စူပါမတ်ကက်အသစ်ပါဘဲ။
ပိုလို့လဲကြီးမားကျယ်ပြန့်ပါတယ်.။
အခုဆိုရင်မန်းလေးသူမန်းလေးသားများဈေးလည်ထွက်ဘို့ နေရာအသစ်ကလေးတစ်ခုတိုးလာပါတယ်။
ကုမ္ပဏီဝန်ထမ်းအိမ်ထောင်သည်လေးတွေ ညနေအလုပ်ကပြန်ရင် အဆင်သင့်ခုတ်ထစ်ပြီး
ဆေးကြောသန့်စင်ပြီးတဲ့အသားဘူးငါးဘူးလေးတွေကို ဝယ်၊
အသီးအရွက်လေးတွေလိုသလောက်ဝယ်။
ဈေးဆစ်စရာမလို ပစ္စည်းအလေးချိန်မှန်မမှန် အတွက်စိတ်ညစ်စရာမလို၊
ပစ္စည်းစစ် မစစ် အုံးစားစရာမလို။
ပေရေညစ်ပတ်သွားမှာကိုစိုးရိမ်စရာမလိုဘဲဈေးဝယ်လို့ရပါပြီ။
ကျနော်တို့လိုယောက်ျားလေးတွေလဲ အားရင်း ဒီအိုးရှင်းစင်တာထဲဝင်
လိုချင်တာတွေ့ရင်ဈေးနူန်းလေးဖတ်လိုက် ကိုယ်တတ်နိုင်ရင်ဝယ်၊
မကြိုက်ရင်ထားခဲ့ ဘယ်သူ့မှအားနာစရာမလို။
ဈေးအပေးမှားစရာမလို။
တော်တော်လေးကို အဆင်ပြေလို့အားရင်ဈေးလည်ထွက်ပါတယ်။
ဒီမတ်ကက်ကြီးထဲမှာ ကလေးပါလာရင်စီးဘို့တွန်းလှည်းလေးတွေကအဆင်သင့်၊
ဈေးဝယ်ဝယ် မဝယ်ဝယ် ကလေးလေးကို တွန်းလှည်းထဲထည့်ပြီးတွန်းသွားရင်လဲရ။
အစားအသောက်တန်းမှာဆိုရင်လဲ ရယ်ဒီမိတ်လုပ်ပြီးသား စိန်ဖေကြီး၊
သာကူပြင်၊ကျောက်ကျော၊ဆနွင်းမကင်းဆိုတာကလဲ 900ဘိုးလောက်ဝယ်ရင်
တစ်ခါစားလောက်အံကျ။
ရွှေရင်အေး၊မုန့်လုပ်ဆောင်း ဆိုတာကလဲ တစ်ဘူးကို ငါးရာဆိုရင်ရ။
ရေခဲမု့န့် အအေးဘူးတွေကလဲ အဆင်သင့်။
သားငါးဆိုတာကလဲခုတ်ပြီးထစ်ပြီး ဆေးပြီးကြောပြီးအဆင်သင့်။
မုန့်ဟင်းငါး၊မာလာဟင်း၊ကြာဇံဟင်းလို့နည်းပညာပါတဲ့အစားအသောက်မျိုးအတွက်ကလဲ
စပ်ပြီးပြုပြီးအဆင်သင့်။
အသီးအနှံလေးတွေကို စုပေါင်းစပ်ပေါင်းစားချင်တယ်ဆိုလဲခွဲစိတ်ပြီးထည့်ထားတဲ့သီးနှံစုံကလဲ
အဆင်သင့်။
ဘာဝယ်ရမှန်းမသိလို့ လျှောက်သွားရင်ကြည့်ချင်ရင် ပစ္စည်းလေးတွေက မျိုးတူရာကို
စုထားတော့ ကိုယ်လိုအပ်တာလေးကို သတိတရနဲ့ဝယ်ဘို့ကလဲအဆင်သင့်၊
(ဒီတော့လဲ အခုခေတ်မတ်ကက်တွေကတော့ အဆင်သင့်မတ်ကက်တင်းလို့အမည်ပေးချင်ပါတယ်)
ဒါပေမယ့်…………………………………………….
ခေတ်ဟောင်းခေတ်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ကျနော်ကတော့
ပုဏ္ဏားမကြီးပေးခဲတဲ့ ပဲပြုတ်ဆုပ်ကလေးကိုလဲလွမ်းပါတယ်။
မုန့်ဟင်းခါးသောက်တဲ့အခါ အဆစ်တောင်းရတဲ့ ဟင်းရည်ကိုလဲလွမ်းပါတယ်။
ငယ်ငယ်တုန်းက အဖွားနဲ့သွားခဲ့ရတဲ့လူရှုပ်ရှုပ် ညစ်ပေပွထနေတဲ့ဈေးလေးကိုလည်းလွမ်းပါတယ်။
ရာသီပေါ်သီးနှံတွေကို ရေမဆေးဘာမဆေးနဲ့နိုှက်စားခဲ့ရတာကိုလဲလွမ်းပါတယ်။
ကို်ယ်သွားရာနောက်ကို တကောက်ကောက်လိုက်နေတတ်တဲ့အရောင်းသမလေး
ကိုလည်းလွမ်းပါတယ်။
ဆစ်ပြီးမှ မတန်ဘူူးထင်လို့ မဝယ်ဘဲထားခဲ့ရင် ရန်လုပ်တတ်တဲ့ လမ်းဘေးကဈေးကလေးကိုလည်းလွမ်းပါတယ်။
ခုခေတ်လူငယ်တွေကတော့ ရှော့ပင်းမောထဲမှာဟန်ပါပါနဲ့ဈေးလည်တာကိုကျေနပ်နေသလို
အရပ်ထဲက အိမ်ဆိုင်လေးမှာလဲ ရောင်းသူဝယ်သူ အသံတူနေမြဲ။
ဈေးထဲမှာလဲ ဟိုးရှေးရှေးကလို ခေါင်းရွက်ဗျပ်ထုးိသည်လေးတွေဆီမှာဝယ်သူတွေရှိနေဆဲ၊
ဈေးထဲမှာတိုးခွေ့သွားရင်း ဈေးဆစ်ပြီးမှ ဝယ်ရတာကို ကျေနပ်နေဆဲ၊
ဘယ်လောက်မှများတာလဲမဟုတ်ဘဲနဲ့ဈေးသည်ဆီမှာအဆစ်ကလေးနည်းနည်းတောင်းရမှ
နေသာထိုင်သာရှိလို့ဈေးဝယ်ရင်းအဆစ်တောင်းနေဆဲ
ဘာကြီးဖြစ်နေဖြစ်နေ အဆစ်ကလေးတောင်းလိုက်ရမှ စိတ်ကျေနပ်သူကလဲရှိနေဆဲ၊
ခေတ်တွေဘယ်လိုပြောင်းပြောင်း ကိုယ့်ကျင်လည်ရာဘဝလေးနဲ့ကိုယ် ကျေနပ်နေကြတာအမှန်ပါဘဲ။
လွမ်းမယ်ဆိုရင်တော့လွမ်းစရာတွေက အများသားပါကလားနော်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
(3-4-2012)
36 comments
ကိုပေါက်(မန္တလေး)
April 5, 2012 at 9:10 am
ဒီပို့စ်လေးက ရေးရင်းရေးရင်းနဲ့ရှည်သွားတယ်ဗျာ။
မျက်စေ့ညောင်းရင်တော့ ခွင့်လွှတ်ပါနော်။
TTNU
April 5, 2012 at 10:07 am
ကိုပေါက်ရေ…
ဒီ post ကို အကြိုက်ဆုံးပဲ။
စာဖတ်သူကို အသာအယာဆွဲခေါ်ညှို ့ယူဖမ်းစား သွားပါတယ်။
(မနည်းနားလည်အောင်ဖတ်ယူရစေတဲ့ မျက်မှောင်ကြုတ် အရေးအသားမဟုတ်)။
ဟိုတုန်းကဈေးလေးတွေကို တသနေစေသလို
ခေတ်မီဈေးတွေ မဟာမားကက်တွေကိုလည်း လှစ်ဟပြနေပြန်ပါတယ်။
မားကက်တင်းနားမလည်သေးသူတွေကိုလည်း
စကားလုံးအလေးကြီးတွေနဲ့ မဖိစီးစေဘဲ
လွယ်လွယ်ကူကူ သဘောကျစရာဖြစ်လာစေပြန်ပါတယ်။
အဖွားနဲ့မြေး ဈေးသွားကြပုံလေးတွေ
ဇနီးမောင်နှံဈေးသွားကြပုံလေးတွေ
ရုံးဆင်းရုံးပြန် ဈေးလည်ကြပုံလေးတွေ ကလည်း
ပို့စ်တစ်ပုဒ်လုံးကို ချစ်စရာကောင်းနေစေပါတယ်။
ဆိုတော့ ကိုပေါက်ရေ… Super A+ ပါနော်။
ဒီရွာကြီးမှာ မင်းမရှိလို့ မဖြစ်ဘူး..သိလား။ 😛
htoosan
April 5, 2012 at 10:38 am
ဆရာမကြီး မန့်တာကို နောက်မှ .. ditto… ပါတယ် ဦးပေါက်ရေ..
Diamond Key
April 5, 2012 at 10:41 am
တားတားလည်း တီတီနုနဲ့ ထပ်တူပါ ကိုပေါက်ရေ။ 😀
မင်းကို လွမ်းတယ် မင်းကို လွမ်းတယ် မင်းကို လွမ်းတယ် ………….. Skywalk ရယ်
ဦးဦးပါလေရာ
April 5, 2012 at 12:27 pm
ဈေးဝယ်ရပုံ စုံစုံလင်လင် လေးနဲ့ဆွဲခေါ်သွားလို့ ရှည်လို့ရှည်မှန်းတောင်သတိမထားမိတဲ့ ပိုစ့်လေးပါ ကိုပေါက်ရေ..။
ခေတ် စံနစ် နဲ့ လူနေမှု့ပုံစံတွေအလိုက်
ခေတ်တွေပြောင်းသလို
ဈေးတွေလဲ ပြောင်းသွားကြတာပေါ့..။
ကျွန်တော့်မှာတော့
ထာဝရမာကက်တင်းတွေ မိတ်ရင်းဆွေရင်းမာကက်တင်းတွေ
မရနိုင်တော့တဲ့ ဒီခေတ်ကြီးမှာ
အဆင်သင့်မားကက်တင်းနဲ့ပဲ
လိုက်လျှောညီထွေဖြစ်အောင် ကြိုးစားနေရတော့တာပါပဲ..။
kyeemite
April 5, 2012 at 1:24 pm
ကောင်းပါတယ် ကိုပေါက်ရယ်..
ခေတ်နဲ့အတူပြောင်းလာတဲ့..ဈေးရောင်း ဈေးဝယ်ကြပုံလေး
တွေ ရေးပြသွားတာ ဖတ်လို့ကောင်းပါတယ်…
ကျွန်တော်ငယ်ငယ်ကလည်းဈေးလိုက်ရတာပျော်ပါတယ်
ကိုပေါက်ပြောသလို မုံ့စားရလို့ပေါ့..ဒါပေမဲ့ အဖေနဲ့ဆိုပိုလိုက်ချင်
တယ်..အမေနဲ့လိုက်ရင်လည်းကြွေးပါတယ်..ဒါပေမဲ့ဈေးဝယ်ပြီးပြန်တော့မယ်ဆိုမှ
မုံ့ဆိုင်ဘက်သွားတာ..တခါတလေ ဈေးဝယ်လွန်သွားလို့
မုံ့ဘိုးမပိုတော့လို့ ဆိုပီး မစားဘဲပြန်ခဲ့ရတာတွေရှိတယ်..
အဖေကျတော့ဒီလိုမဟုတ်ဘူး..ဈေးရောက်ပီဆိုတာနဲ့
ဘာမှမဝယ်သေးခင် ဈေးထိပ်ကလဘက်ရည်ဆိုင်အရင်ဝင်တာဘဲ
လဘက်ရည်၂ခွက်မှာ ပဲပလာတာဖြစ်ဖြစ် စမူဆာဖြစ်ဖြစ်
တစ်မျိုးမျိုးနဲ့စိန်ပြေနပြေစားပီးမှ ဈေးစဝယ်တာ..အစားအတွက်သေချာတာပေါ့
နောက်ပီး အမေနဲ့လိုလည်းခြေတိုအောင်မပါတ်ဘူး ..
ဝယ်နေကြဆိုင်တွေမှာခတ်သွက်သွက်ဝယ်ပြန်တာဘဲ..
အင်း..ကိုပေါက်ဆောင်းပါလေးဖတ်ပီး ငယ်ဘဝကိုလွမ်းသွားပါဂျောင်း..
Ma Ei
April 5, 2012 at 2:54 pm
ကိုပေါက်ရေ…
အတော့်ကို စေ့စေ့စပ်စပ် မြင်တတ် ကြားတတ် ရေးတတ်ပါလားလို့…
ချီးမွမ်း ဂုဏ်ပြုလိုက်ပါတယ်…
KoNyeinChan
April 5, 2012 at 9:35 pm
အောင်မြတ်လေး.. ရှည်လိုက်တာ.. အတွေးပါးပါးလေးပေလို ့ဘဲ. 🙂 . ဒါပေမယ့် ဖတ်လို ့ကောင်းတယ် အကိုပေါက်ရေ… ဟိုအလျင် လှည်းတန်းဈေးသွားတုန်းက ကြက်သားသည်တွေပြောတာကတော့ အရမ်းနုတဲ့ကြက်သားဆိုပြီး ရင်နုရိုးချိုးပြတယ်. အိမ်ရောက်လို ့ချက်ကြည့်တော့ နှစ်ရည် သုံးရည်လောက်ချက်ရတယ် 🙂 ငါးရံ့သည်ကလည်း အရမ်းလတ်တဲ့ငါးတွေဆိုပြီး အပေါ်ကသွေးတွေကိုပြတယ်.. တကယ့်တကယ် လှည်းတန်းမှာနေဖြစ်တော့မှ ကြက်သားသည် နဲ ့ ငါးသည်တွေလုပ်တာကို မမြင်ချင်အဆုံးဘဲ.. ငါးသည်လုပ်တာက တခြားလတ်တဲ့ငါးဆီက လည်ချောင်းသွေးကို ယူ ညသိပ်ပြီးသား ရေခဲ ငါးအပေါ်လောင်းလိုက်တာကိုး…
windtalker
April 5, 2012 at 9:40 pm
ဒီဘဝကြီး အချိန်တွေ တိုက်စားလို ့ တဖြေးဖြေးနဲ ့အငွေ ့တွေ ပျံကုန်ပြီ….
ကျွန်တော် တစ်ကယ်ကြီး ကံနိမ့်ခဲ့တာလား မသိတော့ပါဘူး… ( စိုင်းစိုင်းခမ်းလှိုင်သီချင်းမှ )
MaMa
April 5, 2012 at 10:15 pm
ကိုပေါက်ရေ-
ရှေးလူကြီးတွေရဲ့ မလှူတတ်ရင် ဈေးရောင်းပါ ဆိုတဲ့ စကားလေးကို သဘောကျတယ်။
ဝယ်သူဘက်ကလည်း ဝယ်နေကျဆိုင်ကိုပဲဝယ်တယ်။
ရောင်းသူဘက်ကလည်း ကိုယ့်ဖောက်သည်ကို မျှတမှန်ကန်မှုတွေနဲ့ ရေရှည်ဝန်ဆောင်မှုပေးတယ်။
နောက်ပြီး ကိုယ့်ဆိုင်ကို ကိုယ့်ဖောက်သည်လာရင် ရောင်းရကောင်းစေဆိုတဲ့ စိတ်နဲ့ မဟုတ်ပဲ
ဧည့်သည်လို သဘောထားပြီး ဧည့်ခံကျွေးမွေးတာလေးကလည်း ချစ်စရာကောင်းတယ်။
ရောင်းသူ ဝယ်သူ စိတ်ရှင်းရှင်းနဲ့ ဆက်ဆံရတာ စိတ်ချမ်းသာစရာပါ။
ခုခေတ်မှာတော့ လက်ဆောင်ပေးရင်၊ အမြည်းကျွေးရင် စားရယူရမှာ စိုးရွံ့နေရတယ်။
သိပ်ဖော်ဖော်ရွေရွေ ဧည့်ခံရင်၊ ဆက်ဆံရင် သတိသာထားပေရော့။ 🙁
FattyCat
April 5, 2012 at 10:28 pm
ကိုုပေါက်ရေ-
ရင်ထဲရှိတဲ့အတိုုင်းပြောလိုုက်ရရင် ဈေးတန်းထဲကိုု ကိုုယ်တိုုင်ရောက်သွားသလိုုခံစားရတယ်ဗျာ…
အခုုထက်အထိပြန်ကြားနေတုုန်းပဲ
ခင်တဲ့-
ကြောင်ဝတုုတ်
ကိုပေါက်(မန္တလေး)
April 5, 2012 at 10:55 pm
ကျေးဇူးပါဗျာ ဒီဆောင်းပါးလေးရေးပြီးတော့ ပြန်ဖတ်ပါတယ်။
ရှည်လွန်းတယ်လို့ ထင်မိတယ်။
ပြန်ထပ်ပြီးဖတ်တယ်။
ဖြတ်စရာနေရာမတွေ့ဘဲ ထပ်တောင်တိုးရေးပေးလိုက်သေးတယ်။
အဲဒါနဲ့ ကိုယ်ကိုယ့် မသေချာတာနဲ့
(1)ကျနော်ထက် ဝါ သဘာ ပညာကြီးသောသူရယ်
(2)ကျနော်ထက်နည်းနည်းငယ်ပြီး ကျနော်စာတွေကို နှစ်သက်သူရယ်
(3) ကျနော် တူမလေးလောက်အရွယ်ရှိပြီး စိတ်ပါရင်စာရေးတဲ့ သူသုံးယောက်ဆီမှာ
ကျနော်စာမေးပွဲဖြေကြည့်လိုက်ပါတယ်။
သူတို့က ရေမော့သောက်ပြလိုက်မှ စိတ်ချလက်ချတင်လိုက်ပါတယ်။
ရေမော့သောက်ပြ=ဂွတ်
ပဟေဠိဖြေချင်ရင်ဖြေလို့ရတယ် ဘယ်သူတွေဆီမှာ ကျနော်စာမေးပွဲဖြေသလဲဆိုတာကိုနော်။
pooch
April 6, 2012 at 12:17 am
ဟိုးခေတ်ကနေ ခုခေတ်ထိ ဈေးဝယ်ဈေးသည်ကို တဦးချင်း အနုစိတ်သွားတာပါ။ မသိသေးတာလေးတွေရော သိပြီးတာလေးတွေရော ပြန်လွမ်းသွားပါတယ်။ နောက်လည်း ဘယ်လိုလာမယ်မသိဘူး။ အော် ခေတ်ခေတ် ….တခါတခါတော့လည်း မှီအောင်လိုက်ရင်း မောနေရပြန်ပါတယ်။
surmi
April 6, 2012 at 12:18 am
မန်းလေးကို ပြန်ရောက်သွားသလိုဘဲ ကိုပေါက်ရေ …
ဟောင်ကောင်စတိုးကဝယ်ထားဘူးတဲ. GQ ရှပ်အကျင်္ီလေးခုထိရှိတုန်း ။
ဒီမှာတော. အဆင်သင်.မားကက်တင်းနဲ.ဘဲကျေနပ်နေရတာ ၊ ကြော်ငြာလိုက်ဦးမယ် … အရောင်းစာရေး
မလေးတွေ နောက်ကအလိုက်ဆုံးဆိုင်ကိုပြောပါဆိုရင် Sliver Star ကိုဘဲပြရမှာဘဲ ။တကယ်စိတ်လေတယ်
zarzarhtwe
April 6, 2012 at 4:45 am
အနှစ်သက်ဆုံးpostပါ ဦးပေါက်ရေ ။ ကျမ အတွက်တော့ အဆင်သင့်မားကတ်တင်းက အဆင်ပြေဆုံးပါ။
လက်မတချောင်းထောင်ခဲ့ပါတယ်နော်
ဖားသက်ပြင်း
April 6, 2012 at 7:54 am
ပစ်ထားတယ် လို့ စကားနာ ထိုးတဲ့ လေးပေါက်ရေ…
ပစ်မထားပါဘူးဗျာ…
chat room တွေမှာ အချိန်အကန့်အသတ်နဲ့ သုံးနေဖြစ်လို့..
မတွေ့ဖြစ်တာပါ …
မန့်ပြီဗျို့ ….
မန့်မယ့်မန့်တော့လည်း … ဆန့်ကျင်ရေးသားတာတွေချည်း လို့ …
မပြောနဲ့ဦးနော…
လွဲနေတာ လေးတွေ တွေ့လို့ရယ်ပါ…
ဘဘဘလက်ပြောတဲ့ sales က sales
marketing က marketing ဆိုတာလေး ပြန်ရှာဖတ်မယ်ဆို
အဆင်ပြေမယ်ထင်ရဲ့ဗျာ ….
ဘာကြောင့်လဲဆို sales တွေကို marketing တံဆိပ် ကပ်ထားတာ
တချို့ …တွေ့လို့ပါ… အသေးစိတ် ရေးပါ့မယ်ဗျ…
၁။ ထိပ်ဆုံးက ပဲပြုတ်သည်ပုဏ္ဏားမကြီး က ဒိုးတူဒိုး ဆေဲးလ်စ် ပါပဲဗျာ..
မားကတ္တင်း အငွေ့အသက် ဆိုလို့ ပဲပြုတ် အဆစ် ပေး စား တဲ့ အချက်လောက်ပဲ
တွေ့နိုင်ပါရဲ့..။
၂။ ဝက်သား သည်ရဲ့ “ကျောရိုးမြောင်းကလေးဆရာကတော်ကြီးအတွက်သတိရလို့ချန်ထားတာ
အသားချည်းဘဲ”
အဲ့ဒါ ညာတာ … မလုပ်သင့်ဘူး ..
ဆရာကတော်ကြီး မလာခင် ဝယ်သူတယောက်ယောက်က လာဝယ်ခဲ့မယ်ဆိုရင်
သူမရောင်းမှာ မှ မဟုတ်ဘဲရယ်…
ကျန်တဲ့ လေးပေါက် အဘွားလက်ထက်က မြန်မာ့ဈေးတန်းလေးဟာဖြင့်
ချစ်စရာကောင်းတဲ့ ပုံရိပ်တွေ လို့ ဆိုချင်ရဲ့ဗျာ…။
relationship marketing အရိပ်အငွေ့တွေ အများကြီးထုံလွှမ်းနေတဲ့
ကျုပ်တို့ မြန်မာတွေ… မညံ့ခဲ့ကြပါဘူးရယ်…။
၃။ ဖောက်သည်ကို မလွတ်အောင်ဆွဲဆောင်ထားတဲ့ ထာဝရ မတ်ကက်တင်း
ဆိုတဲ့အချက်ကို လုံးဝ ထောက်ခံပါတယ်ဗျို့ …
”အောင်ဈေးတန်း” က မားကတ္တင်း ကိုလည်း လေးစားပါရဲ့ဗျာ…
relationship marketing မှာ ဖြည့်စွက်တန်ဖိုး တခုလေး ကတော့ …
ထပ်ချဲ့ ဆိုတာပါပဲ …. ဟုတ်တယ် … အမြဲတမ်းအားပေးနေမယ့်
စားသုံးသူ ပမာဏကို ထပ်ချဲ့ ဖို့လိုရဲ့ … ထပ်ချဲ့တဲ့အခါရော…
ရှေးဟောင်းနှောင်းဖြစ် ပြောစရာမရှိမယ့် လူသစ်ကို လူဟောင်းလို
ရင်းနှီးတွယ်တာ နိုင်ပါ့မလား … ဘဲလင့်စ် လေးနည်းနည်းအောက်မယ်ထင့်..
ဒါကြောင့်ပဲ ခေတ်တွေ စနစ်တွေ ဆယ်စုနှစ်ချီလာတဲ့အခါ… ဒီ အငွေ့အသက်
ပြိုလဲလာပြီး မဒမ်ပေါက် လက်ထက် ဈေးဝယ်တဲ့ ကာလချာ ဘက်ရောက်သွားတယ်ထင့်
”စိတ်လေ-ခြေညောင်း” ဈေးဝယ် စနစ်မှာ အဓိက ပြဿနာက
အလေးခိုးတဲ့ အောက်တန်းစား စိတ်ဓါတ်ကြောင့်ပါပဲ …။
ဟိုတနေ့က မန်ဘာတယောက်ပိုစ့်မှာ ကလေးတွေ အသီးခိုးစားလို့
တီယုတ်က သိန်းဂဏန်း လျော်ကြေးတောင်းတဲ့ ဟာလေး ဖတ်မိတော့
ကျုပ်တို့ အယူလွဲပုံအကြောင်း တွေးမိသေးရဲ့…
ဆင်းရဲတယ်ဆိုတာ right to steal မဖြစ်သင့်ပါဘူး …
ဆင်းရဲတယ် …မတတ်နိုင်ဘူး ..မစားဘူး ..မသုံးဘူး
စားနိုင် သုံးနိုင်အောင် ကြိုးစားမယ် ဆိုတာပဲ ဖြစ်သင့်ရဲ့ဗျာ..
ဦးဖောပြောတဲ့ mindset ဆိုတာ သွားတွေ့ရရဲ့ …
ကျနော်လည်း ငယ်ဘဝ နှစ်အတော်များများ မားသားကြီးနောက်လိုက်ပြီး
ဈေးခြင်းဆွဲဖူးလေတော့.. ဈေးသံပန်သလင်း မှာ အလေးထိုင်သွေးနေတဲ့
ဈေးသည်တွေ အတော်များများ တွေ့ဖူးလေတော့ …
၄။ (ဒါကတော့လစ်သလိုတွယ်မယ်ဆိုတဲ့မားကက်တင်းပါဘဲ)
ဆိုတာကို လက်မခံပါဘူးဗျာ …လစ်ရင်တွယ်တဲ့ sales ပါ….
၅။ (ဒါကတော့ ဆစ်နိုင်မှရမယ်ဆိုတဲ့မာကက်တင်းပါဘဲ။ )
ဆိုတာလည်း မဟုတ်ဘူးဗျ…ဒါလည်း sales ပဲ
လေးပေါက် အောက်မှာ ရေးထားတဲ့ တခွန်းဆိုင် ဆိုတဲ့ စကားလေးကနေ
ပြန်ကောက်ချင်ရဲ့… ကျုပ်တို့ လူမျိုးများ …တယ် အလုပ်မဟုတ်တာ ကို
အလုပ်လုပ်ချင်တာကိုး ..
demand & supply theory မှာ ရောင်းတဲ့ဘက်ကလည်း
အမြင့်ဆုံးဈေး ရချင်သလို ဝယ်တဲ့ဘက်ကလည်း ဖြစ်နိုင်ရင် အလကားသာမက
အလိုက်ပေးတာတောင် လိုချင်တတ်သေးတာ သဘာဝ ပဲကိုး ..
ဈေးမကပ်ထားဘဲ ဆိုင်ရှင် က အထက်စီးက ရောင်းတဲ့ခေတ်..
(ဆစ်နိုင်မှရမယ် ဆိုတဲ့ ခေတ်) နောက်တော့ ဈေးမကပ်ထားပေမယ့်
တခွန်းဆိုင် ဆိုင်းဘုတ်ထောင်ပြီး (ဆိုင်ရှင်ပါးစပ်ကပြောတဲ့ဈေး ကို အောက်ကျနောက်ကျ
ဝယ်ရတဲ့ခေတ်) ဟို မိုးပေါ်ထောင် အဝှာမပြုဘူး ဆိုတဲ့ လူဂျီးရဲ့ ခေတ်အမွေဆိုးတွေအရ
လုပ်သားပြည်သူတွေဆိုပြီး (တကမာ္ဘလုံးမှာ customer is king ဖြစ်နေပေမယ့်) အနှိမ်ခံခဲ့ရတဲ့
စားသုံးသူ လူထု ကို ပြည်သူထဲက ပြည်သူဖြစ်တဲ့ ရောင်းသူက ပြန်နှိမ်တဲ့ ကာလ…
ပြောရတာ အသည်းနာပါတယ်ဗျာ ..
အဲ့သည့်ခေတ်တော့ ကျော် ခဲ့ပြီ ထင်ရဲ့ ….. အဟတ် ..၉ဝပြည့်လွန်တဝိုက်က
အပြိုင်းအရိုင်း ပေါ်လာခဲ့တဲ့ ဈေးမှန်ကပ်ရောင်းတဲ့ စူပါမားကတ်တွေကြောင့်…
စကော့ဈေးကြီး ဘာဖြစ်သွားတယ် ဆိုတာ မြင်နိုင်မယ်ထင့် …
၆။ ဒါကတော့ ဝယ်ချင်ဝယ်မဝယ်ချင်နေမတ်ကက်တင်း
မဟုတ်ဘဲ ဝယ်ချင်ဝယ်မဝယ်ချင်နေ sales ခေတ် လို့ ပြောချင်ရဲ့ဗျာ…
ခုနောက်ပိုင်းမတော့ sales forces တွေ ပေါ်လာပြီး door-to-door
တွေ လုပ်လာကြရဲ့….marketing strategy အရ ..သည်နှစ် ဖြုန်းအား
ခုရေ ၁သန်း သတ်မှတ်လိုက်ပြီဆိုရင် operational level marketing tactics အရ
HR နဲ့ပေါင်းပြီး salegirls တွေငှားမယ် ခန့်မယ် နေရာဖြန့်ကျက်မယ်
သွားရောင်းခိုင်းမယ် သူတို့ပြန်လာတဲ့အခါ ရလာတဲ့ results တွေ တိုင်းတာမယ်
လိုတိုးပိုလျော့လုပ်မယ် ပြုပြင်မယ် ..ဒါတွေလုပ်ရတယ်ဗျ… အနှီ salegirls
လုပ်တဲ့ အလုပ်ကတော့ sales သက်သက်ဖြစ်လို့
၇။ ဇွတ်အတင်းမတ်ကက်တင်း
မဟုတ်တဲ့ ဇွတ်အတင်းsales လို့ ပြောင်းချင်ပါတယ်ဗျား…
၈။ အောက်ဆုံးက စူပါမားကတ် စတိုရီလေးကိုတော့
အဆင်သင့် မားကတ္တင်းလို့ ခေါ်ဖို့ရယ်မှာ မသင့်လျော်လှပါကြောင်း… ငြင်းပါရစေဦးဗျာ
(အတော် အငြင်းသန်တဲ့ မောင်ဂီ)
အိမ်ဆိုင် စတိုး အဆင့်နဲ့ ခေတ်ဟောင်း ဈေး(အဝတ်အထည်အစ- စားစရာ-ကုန်စိမ်း အဆုံး)
သည်၂မျိုးစလုံးမှာ ဝယ်ယူရရှိမယ့် အရာတွေကို ပေါင်းစည်းထားပြီး ဈေးမှန် ပစ္စည်းမှန်
ရွေးချယ်စရာများ ..ကိုယ်တိုင် စိတ်ကြိုက်ရွေး ဝယ်ထည့်..(self-service) ပေါင်းစည်းထားတဲ့
အရောင်းပုံစံကွဲတခု ဖြစ်လို့ပါ …။
သေချာအောင် ထပ်ပြောရရင်… မားကတ္တင်းဟာ ဈေးမရောင်းဘူးဗျ…
သူက ပြန်တောင် ဖြုန်းတောင် ဖြုန်းလိုက်သေး…branding, advertising, PR,
customer relationship ငွေကုန်ပေါက်ချည်းပဲ …။
(Mkt အစစ် လုပ်သော Mkt သမားများကိုသာ ဆိုလိုပါသည်)
ဒါကြောင့်မို့လို့ finance department တွေရဲ့ ထာဝရ ရန်သူဟာ
marketing department ဖြစ်နေတော့တာကိုး…
sales ရဲ့ သဘောသဘာဝကတော့ သူဟာ ထုတ်ကုန်နဲ့ အဆိုပါထုတ်ကုန်ရောင်းရတဲ့ငွေကြေးကို
ကိုင်တွယ်ပြီး စားသုံးသူနဲ့ တိုက်ရိုက်ဆက်ဆံတယ်ဗျ…။
ဘဘဘလက် မြန်မာ့မြန်မာ့ ရုပ်ရှင်ထဲက စာသားလေး ကိုးကားရရင်
ရုပ်ရှင်ရိုက်တဲ့အခါ …ဇာတ်ပို့ ၂ယောက်မသုံးချင်လို့ …မင်းသမီးမိဘ ၂ယောက် များပါတယ် ..
၁ယောက်ဆိုတော်ရောပေါ့… ဆိုတာမျိုး ပြောရရင် Mkt သီးသန့်မထားချင်လို့ Sales & Marketing
ဆိုတာမျိုးထား… ဂျာ ၁ယောက်လောက်ခန့် ..၂မျိုးလုံးတော်သလို ခိုင်း …
ကြာတော့ ပရုတ်လုံးတွေ ဖြစ်ကုန်…. လေပါတယ်ဗျာ ….
ဒီကြားထဲ ..အဂ္ဂမဟာ ဒီမို သဂျီးတို့က ဗမာ မာကတ္တာတွေ ၆၃မကျဘူး လုပ်ချင်သေး…
(အကွက်ဝင်တုန်း ..တွယ်ဦးမှ..)
မှန်တာပြော AKB နဲ့ ညားရပါစေရဲ့ဗျာ … သဂျီးရေ့ …
ဘယ် မာကတ္တာမှာ နိုင်ဂျံဂါး မထွက်ချင်ဘူး .. ဘဖော ရေးထားတဲ့ ရှေ့နေ ကိစ္စလိုပဲ
မာကတ္တာမှာ လည်း localized value ဆိုတာ ရှိတယ်ဗျ … လိုကယ်မှာနေမှ
ပိုတန်ဖိုးရှိတာရယ်… သည်မြေသည်ရေ သည်လူ သည်စီးပွား သည် ကာလချာ ကို
သည်လူမျိုး မာကတ္တာထက် ပိုသိတဲ့နိုင်ဂျံဂါးသား မရှိ…။ ဟားဗတ်ကဆင်းတဲ့ အမေဒစ်ကင်န်
မာကတ္တာတယောက် ထက် ဘိရုမာ မာကတ္တာတယောက်က လိုကယ်ဈေးကွက်မှာ
ပိုခြေစွမ်းပြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး..။
နိုင်ဂျံဂါး ထွက်တဲ့ မာကတ္တာဆိုတာ အဲ့သည့် ဗဲလျူးကို စွန့်လွှတ်ခံပြီး လုပ်စားနေရတာ ဆိုတာလေး
ပြောချင်လို့ပါ…..။ ဘာလို့ထွက်လဲ …ဟုတ်ကဲ့ ..ငတ်လို့ပါ …. မားကတ္တင်း ဘာမှန်းမသိတဲ့ အလုပ်ရှင်နဲ့
အပိုတွေပါကွာ ဆိုတဲ့ ကတ်စတမ်မာ ကြားမှာ ရပ်တည်ရခက်လို့ပါ…
ခုလည်း လိုကယ်မှာမရှိဘူးမဟုတ်ဘူး ရှိပါတယ်… ကိုယ့်ဆြာတို့ မသိကြလို့ရယ်..
အန်ကယ်ဒုံရဲ့ ပရုတ်လုံး ကိစ္စပြန်ပြောရရင် … တံခါးကြီးတွေဖွင့်တဲ့ အခါ… ဘစ်ပလေယာတွေက
ဘိရုမာ မာကတ္တာတွေ ပြန်ငှားပြီး ပရုတ်လုံးတွေကို သတ်ကြပါလိမ့်မယ် ဆိုတာလေး..
😛
တော်သေးဘီ…
weiwei
April 6, 2012 at 8:33 am
ကျွန်မနေတဲ့နယ်မှာကတော့ ဟင်းချက်စရာအတွက် ဈေးဝယ်ရတာ အခုထိ အပြောင်းအလဲ သိပ်မရှိသေးဘူး … နှစ်ပေါင်း ၃ဝ ကျော်အတွင်း ဈေးသည်တွေကလဲ အတူတူပါပဲ … ဒါပေမယ့် ငယ်ငယ်ကနဲ့မတူတာကတော့ သူတို့တွေ အလေးခိုးကြတယ် …
မြန်မာမုန့်တွေ တဖြေးဖြေးညံ့သွားကြတယ် … ဒီလူတွေပဲရောင်းတာကို ညံ့သွားတာကတော့ စိတ်ပျက်စရာကောင်းလှတယ် … ကောင်းကောင်းလိုချင်ရင် အော်ဒါမှာရင်တော့ ကောင်းအောင်လုပ်ပေးတယ် … ဈေးထဲမှာ တစ်ခုမှ တစ်ရာလောက်နဲ့ရောင်းစားရတာ မကိုက်လို့ ခိုသင့်တာတွေခိုလိုက်ရတာလို့ပဲ ဆင်ခြေပေးပါတယ် …
ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့မုန့်ဟင်းခါးဆိုင်ကို အခုစားတော့ စားလို့မရအောင် ညံ့သွားပါပြီ .. နင်တို့အမေတွေလက်ထက်ကလို မချက်တတ်တော့ဘူးလားလို့မေးမိတော့ ငါးတွေ ငံပြာရည်တွေကို အကြောင်းပြပြီး ဆင်ခြေပေးရင်း ပြီးသွားတာပါပဲ ….
ကျွန်မတို့ကတော့ ငယ်ငယ်တုန်းက စားခဲ့ဖူးတဲ့ အရည်အသွေးပြည့်မီတဲ့ အစားအစာတွေကို ပြန်လည်တမ်းတရင်း ခေတ်နဲ့အံဝင်အောင် ကြိုးစားနေရပါတယ် …
blackchaw
April 6, 2012 at 9:55 am
လွမ်းမယ်ဆိုရင်တော့ လွမ်းစရာတွေက အများသား ဆိုတဲ့ အဆုံးသတ်စာပိုဒ်လေးက
ပိုလွမ်းဖို့ကောင်းပါတယ်ကိုပေါက်ရေ။
ဟိုးတုန်းကနဲ့ ဒီကနေ့ ခေတ်ကို ဆွဲစေ့လိုက်တဲ့အခါ
ဒီအလွမ်းတွေ က ပိုပိုလာတတ်ပါတယ်။
အလွမ်းကောင်းကောင်းလေးကို အတွေးကောင်းကောင်းလေးနဲ့ ရေးထားတဲ့ ပို့စ်လေးအတွက်
လက်မကောင်းကောင်းလေး တစ်ချောင်း ထောင်ခဲ့ပါတယ် ကိုပေါက်ရေ။
😛
kyeemite
April 6, 2012 at 9:57 am
ကိုရင်ဂီမန့်တာဖတ်ရတော့လည်း ဆေးလ် နဲ့ မားကက်တင်းကို
ရေးတေးတေးလေးသဘောပေါက်ရပါတယ်…
ကိုပေါက်ရေ..ပဟေဠိဖြေချင်ရင်ဖြေလို့ရတယ်ဆိုလို့ ကျွန်တော်ကတော့
နံပါတ်နှစ်လူပါဗျာ…
Khaing Khaing
April 6, 2012 at 10:42 am
လေးပေါက်ရေ မီးတို့ကတော့ Super Market ပဲဈေးဝယ်ထွက်မယ်ဗျို့ ……..
ကိုပေါက်(မန္တလေး)
April 6, 2012 at 3:05 pm
ဂီရေ မတူတဲ့အမြင်ကိုချပြခြင်းအတွက် စေတနာအငွေ့အသက်များခံစားရပါ၏။
သို့သော် ယခုချပြထားသောအချက်များသည် စာအုပ်ထဲမှလာသော စာများမဟုတ်ဘဲ
နေ့စဉ်မြင်တွေ့ ခံစားခဲ့ရသော လက်တွေ့ဘဝများမှလာသော အမှန်တရားများသည်ဖြစ်ပေ၏။
တစ်ခါတစ်ရံတွင် ဘိုစကားလုံးများကို မြန်မာလိုုဘာသာပြန်ခြင်းကြောင့်လည်း ဘာသာစကား
အနက်ကောက်လွဲတတ်ပါသေး၏။
မြန်မာနိုင်ငံတွင်သုံးနေကြသော စီးပွားရေးနည်းဥပဒေသများ၊
စီးပွားရေးနည်းပညာများသည် နိုင်ငံတကာစံများနှင့်တိုက်ကြည့်ပါက လွဲကောင်းလွဲနေပါမည်။
အဘယ့်ကြောင့်ဆို်သော် ခေတ်နောက်ကျနေသေးသော မြန်မာပြည်ဖြစ်နေသောကြောင့်။
နောက်တနည်း မိမိကိုယ်မိမိအားကိုး ကိုယ်ဝန်ကိုယ်ထမ်းကိုယ့်ကိစ္စကိုယ်ဖြေရှင်းတတ်ကြသော
အနောက်နေသူများ၏အတွေးနှင့် ဘယ်သူကိစ္စဖြစ်ဖြစ် နည်းနည်းလေးတော့ဝင်ပူုလိုက်ရမှနေသာထိုင်သာရှိသော
ဘာလေးဖြစ်ဖြစ် သူများကို နည်းနည်းလေးလောက်တော့အမှီပြုလိုသော ကျနော်တို့၏မြန်မာစစ်စစ်အတွေးများ ထပ်တူညီမည်မဟုတ်ပေ။
ထို့ကြောင့် မိမိအတွေးဖြင့်သာ မိမိ မှန်ကြကုန်၏။
Khaing Khaing
April 10, 2012 at 12:02 pm
လေးပေါက်ရေ အပြည့်အဝထောက်ခံပါတယ်ချင့် …….. လက်မထောင်သွားပါတယ်နော် ….
နေဝန်းနီ
April 6, 2012 at 8:24 pm
ကိုပေါက်ရေ့….။ ခင်ဗျား အဖွားနဲ့ ဈေးလိုက်တဲ့အချိန်က 1970 တစ်ဝိုက်ပေါ့ ဒီလိုပဲမှန်းလို့ရတယ်…။ အဲဒိအချိန်လောက်က လူဦးရေ ခုလောက်မများသေးဘူးဗျ….။ ပြီးတော့ နိုင်ငံရေးအခြေအနေကလည်း ဆိုရှယ်လစ်ခောတ်…။ ခုလိုအပြိုင်အဆိုင်လုပ်လို့ မရဘူး…။ ဟင်းးး…. ဘာမှတ်နေလဲ ပြည်သူပိုင်သိမ်းလိုက်လို့ ဟတ်ကော့ကြီးကျန်ခဲ့မှာပေါ့….။ ပြီးတော့ စားရေးသောက်ရေး အတွက်ပဲ အဓိက ထားပြီး ငွေရှာကြတာပါ…။ ခုခောတ်လို သူဌေးကြီးဖြစ်ဖို့ ဟိုလူ့ကျော်ဖို့ ဒီလူ့ခွဖို့ဆိုတဲ့ မတော်လောဘစိတ်တွေ လူတွေမှာမကိန်းအောင်းသေးဘူးဗျ…။ နောက်မဒမ်ပေါက်နဲ့ ဈေးဝယ်တဲ့ အချိန်ရောက်တော့ 1990 တစ်ဝိုက်ဖြစ်မယ်ထင်တယ်…။ လူတွေက မျက်စေ့နည်းနည်းပွင့်လာပြီ …။ ကိုယ်လိုချင်တာရှိရင် ပိုက်ဆံပဲလိုတယ်ဆိုတဲ့ အချိန်ရောက်လာပြီ..။ တစ်ချိန်က သူမသာကိုယ်မသာ ဖြစ်နေတဲ့ ခောတ်ကနေပြီး တံခါးဖွင့်စီးပွားရေး ကွင်းထဲမှာ ဝင်ပြိုင်နွဲနိုင်ဖို့ ငွေကိုပဲ အဓိကရှာနေတဲ့အချိန်ဖြစ်သွားရှာပြီ…။ စားဖို့ သောက်ဖို့ထက် သူတစ်ကာထက်သာဖို့ အဓိကငွေရှာတဲ့ အချိန်ရောက်သွားပြီ…။ တစ်ချိန်က သူလိုကိုယ်လို မှေးလုပ်နေခဲ့ပေမဲ့ အဲဒိအချိန်က ငွေသာရရင် ဘာမဆိုလုပ်မယ် …..။ ဘယ်သူ့ ဘယ်ဝါ့ကို အသားစီးရရင်ပြီးရော ဆိုတဲ့ အချိန် ဖြစ်သွားသလို လူဦးရေကလည်း အရင်ကထက် သန်းနှစ်ဆယ်လောက်ပိုလာပြီ….။
လောက ဦးစီးငွေရှာတဲ့ ခောတ်ရောက်လာပြီဗျ…။ ရိုးရိုးသားသားရှာလို့ တစ်သက်လုံး ခြစ်ခြစ်ခြုပ်ခြုပ်စုရင်တောင် သိန်းနှစ်ဆယ် ပြည့်မှာမဟုတ်ဘူးဆိုတဲ့စကားတွေဘာတွေ ပေါ်လာပြီ…။ အဲ နောက်ဆုံးရောက်နေတဲ့ အချိန်ကတော့ သိပ်ပြောစရာမလိုတော့ပါဘူး …။ အားလုံးမျက်မြင်အခြေအနေမှာပါပဲ…။ ခိုင်းစေသူနဲ့ အခိုင်းခံ အလုပ်သမားခောတ်ပေါ့ဗျာ…။
ဘယ်သူနဲ့မှမတူအောင်ဝင်ပြီးလျှာရှည်သွားပါသည်….။
ကိုပေါက်(မန္တလေး)
April 6, 2012 at 9:34 pm
ကိုနေမှန်းပေးတဲ့အချိန်တွေကွက်တိပါဘဲ၊
နုပ်ခမ်းမွှေးရိတ်ထားနော.်
စိုးပြည့်လေးနဲ့တွဲ့ပြီးရုပ်ရှင်ရိုက်ရမှာလေ။
Khin Latt
April 7, 2012 at 3:45 am
ကိုပေါက်ရေ
ဇာတ်လမ်းလေးဆုံးသွားမှာတောင် နှမြောပြီး ဖြေးဖြေးလေးမျက်စိထဲ မြင်ကြည့်ပြီး ဖတ်ခဲ့ပါတယ်။
ဖတ်လို့ အရမ်းအရမ်း ကို ကောင်းတာပါဘဲဗျို့။ 🙂
ကိုပေါက် ရဲ့ အဖွားတို့ ငယ်ငယ် သူ့အမေ ရဲ့ ဈေးဝယ်ခြင်း နည်းပညာ လေး ကရော ဘယ်လို နေခဲ့မလဲ မသိဘူး လို့ တွေးနေမိသေး။
ကျွန်မ အဖွား ကတော့ “ဟဲ့ ငါတို့ ငယ်ငယ် တုန်းကလေ ဆီ က ဘယ်ဈေး၊ ရွှေက ဘယ်ဈေး၊ ” နဲ့ ပြောတာကို ကျွန်မတို့ ထိုင်ဟားခဲ့ဘူးတယ်။
အဲဒီ တုန်းက ဆီရော၊ ရွှေရော ပစ္စည်းတွေက မစစ်မှာ မပူရ။
ကျွန်မတို့ ခေတ်မှာတော့ ကိုယ့်မျက်စိရှေ့မှာတင် တက်လာတဲ့ ကုန်ဈေးနှုန်း နဲ့ ကျလာတဲ့ ပစ္စည်းတွေ ရဲ့ အရည်အသွေး။ 🙁
ကျွန်မတော့ ကိုပေါက် ရဲ့ ဂျေမောင်မောင် ရဲ့ သီချင်း ကိုဘဲ ဟစ်တော့မယ်။
“ဘယ်သူ့ကြောင့် မင်းထင်သလဲ။ ဘယ်သူ့ကြောင့် မင်းထင်သလဲ။ ထင်သလဲ”
Thel Nu Aye
April 9, 2012 at 4:07 pm
အရီးလတ်ရေ ကျွန်မအဘွားက အခုအသက် ၉ဝ ပါ။ သူ့ဆီသွားကန်တော့ရင် မုန့်ဖိုးပြန်ပေး တတ်တယ်။ ၂ဝ တန် တရွက်။ အမေတို့က သူ့ကို အကြွေ အသစ် ကလေးတွေ ရှာရှာပေး ထားရတယ်။ သူ့ဖို့မုန့်တို့၊ ဆေးတို့ဝယ်လာရင်တခါတလေ မေးတတ်တယ်။ ဘယ်လောက်ပေး ရလဲဆိုပြီး။ ၁ဝ ပေးရတယ်။ ၂ဝ ပေးရတယ်ဆိုပြောရတယ်။ အဲဒါဆိုရင်ဘတ် ဖိပြီးများလိုက် တာအေ နောက် မဝယ်ပါနဲ့ဆိုပြောတတ်တယ်။ တကယ်တော့ ၄၊ ၅ ထောင်ပေးခဲ့ ရတာ။ မပြောရဲဘူး။
ကိုပေါက်(မန္တလေး)
April 7, 2012 at 8:50 am
ဘယ်သူ့ကြောင့်လို့မင်းထင်သလဲကို ဖြေရရင်
စည်သူလွင်ပါဘဲ။
အချစ်ရေ…………..ကိုယ့်ကြောင့်…………………..
(ကျနော်တို့ကြောင့်ပါဘဲ)
ကြောင်ကြီး
April 9, 2012 at 7:57 am
ဈေးသွားငါးဝယ်
အမယ်စုံချက်ပြုတ်
အိမ်လုပ်စီမံ
စားမယ်ကြံခိုက်
ဟင်းမယ်နတ္ထိ
ကြောင်ဆွဲဘိသည်
ေဩာ်…တွတ်ပီတို့
ဂနေ့ကံမကောင်းပါလား…။
ကိုပေါက်(မန္တလေး)
April 9, 2012 at 9:44 am
မောင်ကြောင် မင်းမန်းရင်ငါကြောက်တယ်။
တိမ်းလွယ် တုံးက အလွမ်းတွေအပီအပြင်ထည့်ထားတာ မင်းမန်းတာဖတ်ပြီး ဆက်မလွမ်းနိုင်ဘူူးဖြစ်သွားတယ်။
ရီရလို့။.
etone
April 9, 2012 at 2:45 pm
လေးပေါက်ရေ … ဈေးဝယ်ခြင်းနဲ့ ဈေးလည်ခြင်းအကြောင်းရေးပြထားတာ စုံစိနေတာပါပဲ … ။
သမီးကတော့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးဈေးဝယ်တာပဲ ဖြစ်ဖြစ် ၊ အဝတ်ထည်ဝယ်တာပဲဖြစ်ဖြစ် … ဈေးသိပ်မဆစ်တတ်ဘူး …. ။ ပြောရလျှင် .. အားနာမိလို့လို့ပဲ ဖြေရမယ် … ။
ဈေးသည်က … တစ်ထောင်တန် ပစ္စည်းကို သုံးထောင်ရောင်းတာ သိပေမယ့် ….အဲ့လိုအခါမျိုး ဈေးမစစ်ဘူး ..ဝယ်လည်း မဝယ်ဘူး … ။ သူလည်း သူ့လုပ်ပိုင်ခွင့်နဲ့သူ စိတ်ကြိုက်ဈေးသက်မှတ်တယ် .. ကိုယ်လည်း ကိုယ့်အတိုင်းတာနဲ့ကိုယ် ချင့်ချိန်ပြီးဝယ်တယ်ပေါ့လေ …
အဲ့စိတ်နဲ့ …ဈေးမှာသွားဝယ်လျှင် .. အမြဲလိုလို ဈေးကြီးမိတယ် ဟိဟိ 😀 နောက်ပိုင်းတော့ တခွန်းဆိုင်တွေ၊ စင်တာတွေလောက်မှာ ဝယ်တာများတယ် …. ။ ဈေးကွာလည်း နည်းနည်းပေါ့လေ … ။
သူများတွေဆို ဈေးဆစ်တဲ့နေရာမှာ .. လက်ဖျားခါလောက်အောင်ကိုတော်တယ် …. ။ ခေါက်ချိုးကြီး ဆစ်ပစ်လိုက်တာ .. ကိုယ့်မှာဖြင့် ဘေးကပါတာတောင် အားနာလို့ မျက်နှာတွေပူရတယ် … 😛
အရင့်ရောင်
April 9, 2012 at 2:51 pm
ဟမလေး………ဟမလေး…
မောလိုက်တာ မစ္စတာကျွီးလက် ရေ…………….
နာမည်ပေးကင်မွန်းတပ် လုပ်ဦးနော်
ကိုကို မစ္စတာ ကျွီးလက်
ဟဲဟဲ
Thel Nu Aye
April 9, 2012 at 4:13 pm
ဟားဟား မိုက်တယ်ကွာ။ လေးပေါက်ကြီးရဲ့ ရွာထဲမှာပထမဆုံးရတဲ့နာမည်မှတ်တာပဲ။ အဲလိုခေါ်ရမှာလားဟင်င်င်င်င်င်င်င်င်င်င်င်။ ၁ ၂ ၃ ရီလို့မှ မုန့်မကျွေးရင်ခေါ်မှာ။ ဟဲဟဲ။
ကဲစရီပြီ တစ်စ်စ်စ်စ်စ်စ်စ်စ် နှစ်စ်စ်စ်စ်စ်စ်စ်စ်စ်စ် သုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ကဲမကျွေးဘူးနော်။ ခေါ်ပြီ။ ဟီဟိ
Thel Nu Aye
April 9, 2012 at 3:44 pm
အေးဆေးငြိမ်းချမ်းတဲ့အချိန်အခါမှာ ငယ်ဘဝကုန်ဆုံးရတာ အားလုံးအမှတ်ယစရာချည်းပဲပေါ့။ စောမွေးတာ ကံကောင်းတယ်ပြောရမယ်။ လေးပေါက်ရဲ့မှတ်တမ်းတင်နိုင်မှု့အားကို ချီးကြူးပါတယ်။ ခုနှစ်ကအစသေးစိတ် မှတ်တမ်းတင်ထားနိုင်တာ တကယ်တော်ပါတယ်။
ကိုပေါက်(မန္တလေး)
April 9, 2012 at 6:17 pm
မသဲရေ
နှစ်သက်သလိုခေါ်ကြပါရပါ၏။
ခုနှစ်သက္ကရာဇ်က ကိုယ်တိုင်မှတ်မိတာလဲရှိတယ်။
ရှောပင်းမောလ်တွေနဲ့ပါတ်သက်တဲ့ခုနှစ်တွေကတော့ ရွာသားဘော်ဘော်ကြီး
ကိုကိုသေ့ာကို အကူအညီတောင်းပြီး မေးလို့အတိအကျပြောနိုင်တာပါ။
unclegyi1974
April 9, 2012 at 11:08 pm
ကိုပေါက်ကဈေးအကြောင်းတွေပြောသွားတာ
စကိုင်းလျှောက်ကြီးမီးလောင်သွားလို့နှမြောတာ
ကျွန်တော်ကဈေးချိုတော်ကြီး၁၂ရုံနဲ့တိုက်တန်းကြီးတိုက်တန်းလေးဖျက်ပြီးအသစ်ပြန်ဆောက်
တာကိုပိုနှမြောပါတယ်ဗျာ
စကို်င်းလျှောက်ကြီးလိုအဆောက်အဦးအသစ်ကအခုပြန်ဆောက်အခုသူ့ထက်ကောင်းတာ
ထွက်လာပြီလေ
ဈေးချိုတော်ကြီးကတော့ဘယ်တော့မှအစားပြန်မရတော့လို့မန်းလေးမြို့ကြီး
အစားနှမြောလှပါတယ်
ကိုပေါက်(မန္တလေး)
April 10, 2012 at 9:01 am
အဲဒီဈေးချိုတော်အကြောင်းက မလွမ်းစကောင်းလွမ်းစကောင်းတုံးက လွမ်းပြီးသားမို့ ထည့်မရေးတော့တာ။.
အဟောင်းတွေအသစ်မဖြစ်ချင်တော့ဘူးအီးကယ်ဂျန်ရေ