ကျွန်တော်ဖတ်ခဲ့ရသောသတင်းများ(၂၃.၄.၂၀၁၂)

moe moeApril 23, 20121min1858

မန္တလေး၊ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများ၏ စက်ဆုပ်ဖွယ်လုပ်ရပ်။
မန္တလေးမဟာသင်္ကြန် မြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲနဲ့ ပိတ်ပွဲ လာရောက် ပါဝင်ကပြ ဖြေဖျော်ကြတဲ့ ကျောင်းသူလေးတွေကို မြို့တော်ဝန်ကြီးက တစ်ဦးလျှင် ဆုငွေ ၁၀,၀၀ဝ ကျပ်စီ ချီးမြင့်တာမို့ ကျောင်းသူလေးတွေက ဝမ်းသာနေကြပါတယ်။ဒါပေမယ့် သူများပျော်လို့ မပျော်နိုင်သူကတော့ လမ်း ၈ဝ က အမှတ် ၂၂ အထက ကသင်္ကြန်မယ်လေးတွေပါ။ မြို့တော်ဝန်ကြီးက တစ်ဦးလျှင် ဆုငွေ ၁၀,၀၀ဝ ကျပ်စီ ချီးမြင့်တယ်လို့ သိရပြီး ကျောင်းက ဆရာမတွေက ဆုငွေ ထုတ်ပေးရာမှာတော့ ဆုငွေ ၁၀,၀၀ဝ လက်ခံ ရရှိပါသည်လို့ လက်မှတ်ထိုးခိုင်းပြီး တစ်ဦးကို ကျပ် ၅၀၀ဝ စီသာပေးတယ်လို့ ဆိုပါတယ်။
ဒီတော့ မြင်သာမြင် မကျင်ရ၊ သမီးတို့မှာ တစ်ဝက်ပဲရကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
×××××××××××××××××××××××××××××××××××သတင်း(CJ myanmar)××××××××××××××××××
ပြည်ခိုင်ဖြိုးပါတီဝင်ဘုရား ဂေါပကအတွင်းရေးမှူး တစ်ဦးမှ We Generationလူမှုရေးအဖွဲ့အား ဘုရားသန့်ရှင်းရေး မလုပ်ရန်တားမြစ်။
လှိုင်သာယာမြို့နယ်၊အောင်မြေသာယာဘုရားဂေါပကအတွင်းရေးမှူး၊ပြည်ခိုင်ဖြိုး
ပါတီဝင်ဖြစ်သူမှဘုရားသန်းရှင်းရေးလုပ်ကိုင်နေသော We Generationလူမှုရေးအဖွဲ့
အား ၎င်းအဖွဲ့၏တူညီဝတ်စုံအားဝတ်ဆင်ပြီးဘုရားသန့်ရှင်းရေး မလုပ်ရန်နှင့်
၎င်းအဖွဲ့ အမည် We Generationအားပြောင်းလဲရန်တားမြစ်ဟန့်တားခဲ့ကြောင်း
သိရပါသည်။အခြားသောဂေါပကအဖွဲဝင် လူကြီးများနှင့်မြို့ခံလူထုက အောင်မြေသာယာဘုရား
အား We Generation အဖွဲ့မှ ထိုသို့သန့်ရှင်းရေး လုပ်ဆောင်ခြင်း အလွန်သဘော
ကျနှစ်ခြိုက်သော်လည်း အဆိုပါပြည်ခိုင်ဖြိုးပါတီဝင်ဘုရား ဂေါပကအတွင်းရေးမှူး
တစ်ဦးတည်းကသာ ဟန့်တားနှောက်ယှက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ We Generation အဖွဲ့အား ဗကသ ကျောင်းသားခေါင်းဆောင်
ကိုနန္ဒာစစ်အောင်နှင့်လှိုင်သာယာမြို့ခံလူငယ်များမှ သာရေး၊နာရေး၊ လူမှုရေး
လုပ်ငန်းများလုပ်ဆောင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
We Generation အဖွဲ့မှ လှိုင်သာယာမြို့နယ်၊ အောင်မြေသာယာဘုရားတွင်
နှစ်ဆန်းတစ်ရက်နေ့မှစတင်ကာ တနင်္ဂနွေနေ့တိုင်း ဘုရားသန့်ရှင်းရေးနှင့်
ရောင်တော်ဖွင့်ခြင်းကုသိုလ်ပြုလုပ်ကိုင်ခြင်းဖြစ်သည်။
ယခုအချိန်သည် နိုင်ငံတော် သမ္မတကိုယ်တိုင် အရပ်ဖက်လူမှု့အဖွဲ့အစည်းများ
ပေါ်ပေါက်လာရန် အတိအလင်းအားပေး နေချိန်ဖြစ်ပြီး ၊မြို့ခံလူထုက လူငယ်များ၏
သာသနာရေးလုပ်ရပ်အားကြည်နူးပီတိဖြစ်နေချိန်တွင် အဆိုပါပြည်ခိုင်ဖြိုး
ပါတီဝင်သည် သာသနာအရေခြုံကာ ထိုသို့ဟန့်တား
ခြင်းမှာမသင့်တော်သောလုပ်ရပ်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့်
သာသနာရေးဝန်ကြီးဌာနအနေနှင့် အထက်ပါ ပါတီဝင်ကာဘာသာရေးခုတုံးလုပ်နေ
သူအားထိရောက်စွာအရေးယူသင့်သည်ဟု We Generation အဖွဲ့မှ ပြောကြားပါသည်။
×××××××××××××××××သတင်း(သစ်ထူးလွင်)×××××××××××××××××××××××××××××××××××××××××××××××××××××××××××
နှစ်၅ဝပြည့်ဆဲဗင်းဂျုလိုင်ကျင်းပရေးကော်မတီအစည်းအဝေး(ပထမ)အကြိမ်ကျင်းပခြင်း။
နှစ် ငါးဆယ်ပြည့် ဇူလိုင်(၇)ရက် အရေးတော်ပုံ အခမ်းအနားကျင်းပရေး ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၂-၄-၁၂)နေ့ ၊ နေ့လည်(၄းဝ၀)နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆပ်ကော်မတီ အသီးသီး၏ လုပ်ငန်းဆိုင်ရာကိစ္စများကို ဆပ်ကော်မတီအလိုက် တင်ပြဆွေးနွေူကြပြီး ဒုတိယအကြိမ် ကျင်းပမည့် အစည်းအဝေးအတွက် လုပ်ငန်းကြိုတင်ပြင်ဆင်မှုများ ဆက်လက်ညှိနှိုင်းခဲ့ကြသည်။
ထိုဆွေးနွေးပွဲသို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) နှင့် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ ရှိ တက္ကသိုလ် သမဂ္ဂ အသီးသီးမှ ကော်မတီတွင် ပါဝင်ကြသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ(၆း၃၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။ဆဲဗင်းဂျုလိုင်အရေးတော်ပုံ ဟု လူသိများသောထိုနေ့သည် ကျောင်းသားတို့၏ အရေးဆိုမှုကို ရက်ရက်စက်စက် ပစ်ခတ် နှိမ်နှင်းခဲ့ပြီး သွေးလွှမ်းခဲ့သော နေ့တစ်နေ့ ဖြစ်သည်။ထို့ အတူ ဇူလိုင်(၈)ရက် နံနက်ပိုင်းတွင်လည်း ကျောင်းသားသမဂ္ဂ အဆောက်အဦ အား ဦးနေဝင်း အစိုးရမှ ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခဲ့သည်။
ယခု အခါ နှစ်(၅၀)ပြည့်မြောက်ပြီ ဖြစ်သည်။ကျဆုံးသွားသော ကျောင်းသားရဲဘော်များနှင့် ပြိုကျသွားသော သမဂ္ဂ အဆောက်အဦးအတွက် ရည်ရွယ်လျက် ဗကသများအဖွဲ့ချုပ်၏ မူ(၅)ချက်နှင့် အညီ ကျင်းပသွားရန် ကော်မတီမှ သံဓိဌာန်ချထားသည်။

××××××××××××××××သတင်း(ကိုဝိုင်ဝိုင်ကေ)မိုးမိုး(ဓါတ်ပုံ)×××××××××××××××××××××××××××××××××××××××××××××××××××××××××××
မန္တလေး၊ ၈၄ လမ်း၊ မန်းမြို့ဈေးအနီးက ဓာတ်ဆီဆိုင် ယာဉ်အသွားအလာအတွက် အန္တရာယ်ရှိနေကြောင်းတာဝန်ရှိသူများသိစေချင်။
မန္တလေးမြို့၊ ၈၄ လမ်းပေါ်၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် KZH အမည်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဆီဝယ်ယူရန် လာရောက်သည့် ဆိုင်ကယ်များကြောင့် (၈၄)လမ်းတစ်လျှောက် မောင်းနှင်သွားလာနေသော ယာဉ်များမှာ လမ်းကျဉ်းမြောင်းမှု အနေအထားအရ သတိထားရှောင်ကွင်းနေရသဖြင့် ၎င်းဓာတ်ဆီဆိုင်အား အဆိုပါနေရာ၌ မဖွင့်လှစ်စေသင့်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။အဆိုပါနေရာ၌ မန်းမြို့ဈေးဝင်ပေါက်ရှိနေသဖြင့် ဈေးဝယ်သူများ စည်ကားရာနေရာဖြစ်နေခြင်း၊ ရွှေဆိုင်များလည်း လမ်းဘေးဝဲယာ ဖွင့်လှစ်ထားရာ လူအဝင်အထွက် ရှုပ်ထွေးခြင်း၊ ၈၄ လမ်းမသည်ပင်လျှင် အမရပူရ၊ စစ်ကိုင်း၊ မြို့သစ်များသို့ ပြေးဆွဲနေသော လိုင်းကားမျိုးစုံ ဥဒဟိုသွားလာရာ ပင်မလမ်းမကြီးဖြစ်နေခြင်းတို့ကြောင့် ၎င်း ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ မြို့တွင်း ယာဉ်အသွားအလာနှင့် လူစည်ကားရာ လမ်းဘေး၌ ရှိရန် မသင့်လျော်ခြင်းဖြစ်ကြောင်း မန်းမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။”ဓာတ်ဆီလာထည့်တဲ့ ဆိုင်ကယ်တွေက တစ်ခါတစ်ရံဆို အဲဒီဘက် ယာဉ်ကြောမှာ လမ်းပေါ်တစ်ဝက်လောက် ထွက်နေတယ်။ နဂိုကမှ လမ်းက ကျဉ်းကျဉ်းရယ်။ ၈၄ လမ်းဆိုတာ လိုင်းကားတွေ တောက်လျှောက်ပြေးနေတဲ့ လမ်း။ တချို့ လိုင်းကားတွေဆို ကားချင်း အပြိုင်အဆိုင် အရှိန်တင်မောင်းနေကြတာ။ ဆီထည့်ပြီး လမ်းဖြတ်ကူးလာတဲ့ ဆိုင်ကယ်တွေကို ကားတွေက ကြည့်ရှောင်နေရတယ်” ဟု အဆိုပါ လမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။
အဆိုပါ ၈၄ လမ်းပေါ်၌ လမ်းလယ်ကျွန်းငယ်တစ်ခု ယခင်က ပိုင်းခြားထားဖူးပြီး လမ်းကျဉ်းမြောင်းမှုကြောင့် ဖျက်သိမ်းပြီးဖြစ်ရာ ယခုအခါ အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း ယာဉ်ကြောများအတိုင်း စည်းကမ်းတကျ မဟုတ်ဘဲ အဆင်ပြေသည့် ယာဉ်ကြောဘက်ခြမ်းအထိ ယူ၍ မောင်းနှင်နေကြပြီး အဓိက အကြောင်းရင်းခံတစ်ခုမှာ ဆီဆိုင်တွင် ဓာတ်ဆီထည့်နေသော ဆိုင်ကယ်များကြောင့်ဟု သိရသည်။ ဧပြီ (၇) ရက်၊ ည (ရးဝ၀) နာရီဝန်းကျင်၌လည်း စစ်မန်းဧရာ ကားလိုင်းမှ ဒိုင်နာယာဉ် (၁က/၂၄၃၃)သည် ဓာတ်ဆီဆိုင်မှ ထွက်လာသည့် ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်ရင်း တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၃)ဦးနှင့် လမ်းသွားလမ်းလာ (၄)ဦး၊ စုစုပေါင်း (၇)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
×××××××××××××××××××××××××××××××××××သတင်း(CJ myanmar)××××××××××××××××××
အောင်လံမြို ့အမှတ်(၉၆)သစ်စက်က ဝန်ထမ်းများရဲ့ အဂတိလိုက်စားမှုများ
မကွေးတိုင်းဒေသကြီး အောင်လံမြို့မှာ ရှိတဲ့ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနလက်အောက်က အမှတ်(၉၆)သစ်စက်က ဝန်ထမ်းများရဲ့ အဂတိလိုက်စားမှုများကို တင်ပြပေးချင်ပါတယ်။ အမှတ်(၉၆)သစ်စက်မှာ သစ်ထုတ်နေကြတဲ့ သစ်ကုန်သည်များကိုယ်တိုင် မကျေမနပ်ဖြစ်နေကြပြီး နိုင်ငံတော်အကြီးအကဲများကို တင်ပြပေးဖို့ပြောတဲ့အတွက် အခုလိုရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ အောင်လံသစ်စက်မှာ သစ်ထုတ်ကြတဲ့ သစ်ကုန်သည်တွေဟာ အုပ်စု(၁)သစ်ခွဲသားထုတ်မယ်ဆိုရင် သစ်စက်က အထွေထွေမန်နေဂျာ ဦးနေဝင်းလှိုင် ကို တစ်တန်လျှင် ၇၀၀၀ဝိ/-နှုန်းနဲ့ လ/ထ အထွေထွေမန်နေဂျာ ဦးသန်းဦးကို တစ်တန်လျှင် ၁၀၀၀ဝိ/-နှုန်း လာဘ်ငွေအဖြစ်ပေးရပါတယ်။ အခြားသားသစ်ခွဲသားထုတ်မယ်ဆိုရင်တော့ ဦးနေဝင်းလှိုင်ကို တစ်တန် ၃၅၀၀ဝိ/-နှုန်းနဲ့ ဦးသန်းဦးကို တစ်တန် ၅၀၀ဝိ/-နှုန်းပေးရပါတယ်။ မည်သည့်ပါမစ်ကိုပဲ ထုတ်ထုတ်ပေးရတာဖြစ်ပါတယ်။ဒါ့အပြင် အဆိုးဆုံးတစ်ခုကတော့ မကွေးမြို့မှာ ရုံးထိုင်တဲ့ မြန်မာ့သစ်လုပ်ငန်း တိုင်းဒေသကြီးမန်နေဂျာနဲ့ တောင်တွင်းကြီးနယ် မန်နေဂျာတို့ကို သစ်လုံးချပေးဖို့အတွက် လာဘ်ငွေပေးရတာ ဖြစ်ပါတယ်။ သစ်ခွဲသားတစ်တန်ရဖို့ ပျမ်းမျှခြင်းအားဖြင့် လုံးတန် (၅)တန်လောက် ခွဲရပါတယ်။ သစ်ခွဲတဲ့ လုံးတန်အလိုက် အုပ်စု(၁)သစ်လုံးတစ်တန်လျှင် တိုင်းဒေသကြီးမန်နေဂျာကို ၁၀၀၀ဝိ/-နှုန်း၊ တောင်တွင်းကြီးနယ် မန်နေဂျာကို ၃၀၀ဝိ/-နှုန်း၊ အောင်လံမြို့မှာ ရုံးထိုင်တဲ့ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးက တောင်တွင်းကြီး(ခ)နယ်မန်နေဂျာ ဦးအောင်ကျော်မျိုးနဲ့ သစ်ဆိပ်တာဝန်ခံ သစ်အုပ် ဦးကျော်မိုးတို့ (၂)ဦးကို ၅၀၀ဝိ/-နှုန်း ပေးရပါတယ်။ အခြားသားသစ်ခွဲသားထုတ်မယ်ဆိုရင်တော့ တစ်ဝက်နှုန်းပေးရပါတယ်။ အဲဒီငွေတွေကို သစ်ဆိပ်တာဝန်ခံ ဦးကျော်မိုးကတစ်ဆင့် ပေးရတာဖြစ်ပါတယ်။
ဥပမာအားဖြင့်-အောင်လံသစ်စက်မှာ သစ်ခွဲသားထုတ်သူ သစ်ကုန်သည်တစ်ဦးဟာ အုပ်စု(၁) သစ်ခွဲသား (၁၀)တန်ထုတ်မယ်ဆိုရင် လုံးတန် (၅၀)အတွက်
တစ်တန်လျှင် ၁၀၀၀ဝိ/-နှုန်းနဲ့ တိုင်းဒေသကြီးမန်နေဂျာကို ငွေ ၅၀၀၀၀ဝိ/-
တစ်တန်လျှင် ၃၀၀ဝိ/-နှုန်းနဲ့ တောင်တွင်းကြီးနယ် မန်နေဂျာ ကို ၁၅၀၀၀ဝိ/-
တစ်တန်လျှင် ၅၀၀ဝိ/-နှုန်းနဲ့ ဦးအောင်ကျော်မျိုးနဲ့ ဦးကျော်မိုးတို့ (၂)ဦးကို ၂၅၀၀၀ဝိ/-ပေးရပါတယ်။
ဒါအပြင်အောင်လံသစ်စက်မန်နေဂျာ ဦးနေဝင်းလှိုင်ကို ၇၀၀၀၀ဝိ/-၊ လက်ထောက်မန်နေဂျာ ဦးသန်းဦးကို ၁၀၀၀၀ဝိ/- ပေးရပါတယ်။ ဒါ့ကြောင့် သစ်ခွဲသား(၁၀)တန် ထုတ်ရဖို့အတွက်
ပေးရတဲ့ လာဘ်ငွေဟာ ၁၇၀၀၀၀ဝိ/-(၁ရ သိန်း)ဖြစ်ပါတယ်။ ဒါဟာ လူကြီးအဆင့်တွေကိုပဲပေးရတာကို ပြောတာပါ။ သစ်စက်က အောက်ခြေဝန်ထမ်းတွေဖြစ်တဲ့ ဝိုင်းဆရာတို့၊ အလုပ်သမားတို့၊ ရုံးအဖွဲ့တို့ ပေးရတဲ့ငွေ မပါသေးပါဘူး။ ဒါကြောင့်မို့ လာဘ်ငွေရယူနေတဲ့ မြန်မာ့သစ်လုပ်ငန်း တိုင်းမန်နေဂျာ၊ တောင်တွင်းကြီးနယ်မန်နေဂျာ၊ အောင်လံမန်နေဂျာနဲ့ သစ်ဆိပ်တာဝန်ခံ၊ အမှတ်(၉၆)သစ်စက် မန်နေဂျာနဲ့ လက်ထောက်မန်နေဂျာတို့ကို စစ်ဆေးအရေးယူပေးဖို့ ကိုသစ်ထူးလွင်မှတစ်ဆင့် နိုင်ငံတော်အကြီးအကဲများထံ တင်ပြတိုင်ကြားရခြင်းဖြစ်ပါတယ်။
အောင်လံသစ်စက်မှာ သစ်ထုတ်နေကြတဲ့ သစ်ကုန်သည်များက မကျေနပ်လို့ တိုင်ကြားတာဖြစ်တဲ့အတွက် သူတို့ကို ခေါ်ယူစစ်ဆေးရင် အမှန်အတိုင်းထွက်ဆိုမည်ဖြစ်ကြောင်းပြောကြားပါတယ်။
××××××××××××××××××××××××××သတင်း(facebook : Infinity Power)××××××××××××××××××××××××××××××××××××
တရုတ်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်
တရုတ်ပြည်မကြီးနဲ့ ကိုရီးယားနိုင်ငံ ကျွန်းဆွယ်အကြားက ပင်လယ်ဝါအတွင်း တရုတ်နဲ့ ရုရှားရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ဒီကနေ့ စတင် ကျင်းပပါတယ်။
၆ ရက်ကြာ ကျင်းပမယ့် ဒီရေတပ် စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်က စစ်သင်္ဘော ၁၆ စင်း၊ ရေငုပ်သင်္ဘော ၂ စင်းနဲ့ ရုရှားဘက်က စစ်သင်္ဘော ၄ တို့ ပါဝင်ကြမှာ ဖြစ်ပါတယ်။
ဒီ စစ်ရေးလေ့ကျင့်မှုအတွင်း လေကြောင်းရန် ကာကွယ်ရေး၊ ရေငုပ်သင်္ဘောရန် ကာကွယ်ရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ ပြန်ပေးဆွဲခံရတဲ့သင်္ဘောတွေ ကယ်ဆယ်ရေးနဲ့ အကြမ်းဖက်သမား ဆန့်ကျင်ရေးဆိုင်ရာ ရေကြောင်း လေ့ကျင့်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။စစ်အေးခေတ်က ရန်သူတွေဖြစ်ခဲ့ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ၂၀၀၅ ခုနှစ်ကစပြီး အခုလို နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုပေါင်း ၄ ကြိမ်တိုင်တိုက် ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ဒီနှစ်နိုင်ငံစလုံးဟာ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် အဆုံးသတ်ရေး ၆ နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှာ ပါဝင်ကြတဲ့ နိုင်ငံတွေလည်းဖြစ်ပါတယ်။
××××××××××××××××××××××××သတင်း(ဗီအိုအေ)×××××××××××××××××××××××××××××××××××××××××××
NLD ပါတီ လွှတ်တော်တက်ဖို့ ရွှေ့ဆိုင်း
နေပြည်တော်မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ပါတီက မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘဲ လွှတ်တော် တက်နိုင်မယ့် အချိန်ကို စောင့်နေတာဖြစ်တယ်လို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလို်က်ပါတယ်။ ဒီကနေ့ NLD ရုံးချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ညှိနှိုင်းစရာတွေ ကျန်နေသေးတဲ့အတွက် မနက်ဖြန် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်စမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ဖြစ်သေးဘူးလို့လည်း NLD ပါတီကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
ရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ခင် ကျမ်းကျိန်စဉ်အတွင်း ရွတ်ဆိုရတဲ့ ပုဒ်မ (၁၂၅) ဇယား (၄) ပါ စာသားအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့အစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ် ပြောင်းလဲရွတ်ဆိုနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတာ မပြီးပြတ်သေးလို့ လွှတ်တော် မတက်ဖြစ်သေးတာသာ ဖြစ်ပြီး လွှတ်တော် မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် ဥပဒေရေးရာ သင်တန်းအပြီး သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့တာဖြစ်ပါတယ်။
“Boycott လုပ်တာ မဟုတ်ပါဘူး။ သွားနိုင်တဲ့အချိန်ကို စောင့်နေတာပါ။ အဲဒီကိစ္စက မပြီးသေးဘူးလေ။ အမေတို့ ဆုံးဖြတ်ရမှာ မဟုတ်ဘူး။”
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ NLD ပါတီက အခုကြိုးစားနေတဲ့ စကားရပ်ပြင်ဆင်နိုင်ရေး ကိစ္စကို ဧပြီလ ၁၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတဆီ အကြံပြု မေတ္တာရပ်ခံစာ တစောင်ပေးပိုခဲပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံး တာဝန်ရှိသူတွေက ဧပြီလ ၂ဝ ရက်မှာ ဒီစကားလုံး အသုံးအနှုန်းပြင်နိုင်ရေး ကိစ္စနဲ့ ပတ်သက်ိလို့ NLD ပါတီကို ခေါ်ယူရှင်းပြခဲ့ပါတယ်။ ဧပြီလ ၂၁ ရက်စနေနေ့မှာတော့ NLD ပါတီက နိုင်ငံတော် သမ္မတအပါအဝင် လွှတ်တော်နှစ်ရပ်က အကြီးအကဲတွေဆီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွေဆီကို နောက်ထပ် အကြံပေးစာတွေ ထပ်ပြီးတော့ ပို့ထားပါတယ်။ ဒါကြောင့် ဒီညှိနှိုင်းချက်တွေ မပြီးပြတ်သေးလို့ မနက်ဖြန် ဧပြီလ ၂၃ မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ကိုယ်စားလှယ်တွေ မတက်ဖြစ်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ မနေ့က စာတွေဘာတွေ ပို့ထားတယ်။ စာက ဆိုတာကတော့ ကျနော်တို့ရဲ့ အမြင်ပေါ့နော်။ အခု ဖြစ်နေတဲ့ ဇယားလေးနဲ့ ပတ်သက်တဲ့အမြင်ကို ဘယ်လို ပြုပြင်လို့ရမလဲ ဆိုတဲ့ အကြံပြုချက် ကျနော်တို့ ပေးပို့ထားတယ်။ ဒီနေ့ထိတော့ အဖြေမသိသေးပါဘူး။ အဲဒီတော့ ဒီနေ့ ၂၂ ဆိုတော့ မနက်ဖြန် ၂၃ စမယ့် လွှတ်တော်ကိုတော့ ကျနော်တို့ အဖွဲ့ချုပ်က မတက်ဖြစ်ဘူးလို့ပဲ ပြောရမှာပါ။”
NLD ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD က ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ မနက်ဖြန် လွှတ်တော် မတက်ဖြစ်ဘူး ဆိုပေမဲ့ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) လားရှိုး မြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် အနိုင်ရခဲ့တဲ့ ကျားဖြူပါတီ ခေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ကိုယ်စားလှယ် စိုင်းစံမင်း ကတော့ ဧပြီလ ၂၃ မှာ စမယ့် အမျိူးသား လွှတ်တော် အစည်းဝေးကို တက်ဖို့ နေပြည်တော်ကို ရောက်နေပါပြီ။“အမျိုးသားလွှတ်တော်ကို ပေါ့လေနော်.. တက်ဖို့ အစီအစဉ်ကတော့ ကျနော် လွှတ်တော်ရုံးကို ကျနော် အကြောင်းကြားပြီးပါပြီ။ နောက် ကိုယ်စားလှယ် လက်မှတ်လည်း ဒီနေ့ပဲ ကျနော်တို့ကို ထုတ်ပေးလိုက်တယ်။ တကယ်လို့ ကျမ်းကျိန်ရမယ် ဆိုရင်လည်း ကျမ်းကျိန်ပြီးတော့ ကျနော် တခါတည်း တက်ပါမယ်။ ဒီတခေါက်တော့ အရင် စထားတဲ့ လွှတ်တော် အစည်းအဝေးက မပြီးပြတ်သေးတဲ့ အနေအထားမှာ ဖြစ်နေတော့ ဒီတခေါက်တော့ ကျနော် ကျမ်းသစ္စာ ဆိုပြီးရင် ကျနော် လေ့လာသူအဆင့်ပဲ ရှိပါမယ်။ နောက်တခေါက်မှ ကျနော် တင်ပြစရာတွေ ကျနော် ပြုစုပြီးတော့ နောက်တပတ်မှ တင်ပြရမှာ ဖြစ်ပါတယ်။”ကျားဖြူပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းစံမင်း ဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်ဟာ ပထမအကြိမ် တတိယပုံမှန် အစည်းအဝေးတုန်းက မပြီးပြတ်သေးတဲ့ ကိစ္စတွေကို လွှတ်တော် ၂ ရပ်မှာ ဆွေနွေးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု NLD ပါတီက ကျမ်းကျိန်စဉ်တွင်း ရွတ်ဆိုရတဲ့ စကားရပ် ပြင်ဆင်နိုင်ရေး ကိစ္စဟာ လွှတ်တော်ထဲမှာ ကြားဖြတ်အစီအစဉ်တွေနဲ့ ဆွေးနွေးလာနိုင်စရာ အခြေအနေတွေ ရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေက သုံးသပ်နေကြပါတယ်။ NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃ရ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၄ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂ နေရာနဲ့ အများစုကို အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။
×××××××××××××××××××××သတင်း(ဗွီအိုအေ မြန်မာ)××××××××××××××××××××ဘီဘီစီ မြန်မာတွင်လည်းဖော်ပြပါရှိပါသည်။×××××××××××××××××××××××××××××
AGD ဘဏ် ငွေလွှဲလုပ်ငန်း စင်ကာပူ ခွင့်မပြု
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်၏ စင်ကာပူနိုင်ငံ၌ တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုကို စင်ကာပူ ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) က ခွင့်မပြုကြောင်း သတင်းရရှိသည်။စင်ကာပူအစိုးရအနေဖြင့် AGD ဘဏ်၏ တရားဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပယ်ချခဲ့ခြင်းမှာ အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းမရှိသေး၍ ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
AGD ဘဏ်မှ ဒါရိုက်တာ ဦးရဲမင်းဦးကမူ အဆိုပါ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နိုင်ရန် မြန်မာအစိုးရ၏ ခွင့်ပြုချက်ရယူပြီး ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် သက်ဆိုင်ရာ စင်ကာပူ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းနှင့်အညီ လျှောက်ထားခြင်းဖြစ်ကြောင်း ပြောသည်။၎င်းက “MAS ညွှန်ချုပ်က ဘာအကြောင်းပြချက်မှ မပေးဘဲ မတင်ပါနဲ့လို့ပဲ ပြောတယ်။ လျှောက်လွှာတောင် လက်ခံပြီး ယူမထားဘူး” ဟု ဆိုသည်။
AGD ဘဏ်အနေဖြင့် စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ မိသားစုထံသို့ ငွေလွှဲရာတွင် လုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့်ရရှိရန် ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောသည်။စင်ကာပူနိုင်ငံတွင် တရားဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံမှ AGD ဘဏ်နှင့် CB (သမဝါယမ) ဘဏ်တို့က ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိအခြေအနေတွင် စင်ကာပူနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေသည့် ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ဖိလစ်ပိုင်စသည့် နိုင်ငံသားများအတွက်မူ တရားဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ကို စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့က ခွင့်ပြုထားသည်။စင်ကာပူနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် မမိုးမိုးက “ဘဏ်တွေဖွင့်ပြီး တရားဝင်လွှဲရရင်တော့ ပိုအဆင်ပြေတာပေါ့၊ အခုတော့ ကြုံသလို ဆိုင်တွေမှာ တရားမဝင် လွှဲရတာပေါ့။ လိမ်ရင်လည်း ခံရတာပဲ” ဟု ပြောသည်။ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စင်ကာပူရှိ တရားမဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် ရွှေရတနာ Trading မှ အမျိုးသမီးတဦး စင်ကာပူဒေါ်လာ သန်းနှင့်ချီ၍ လွှဲငွေများ လိမ်လည်မှု ဖြစ်ပွားခဲ့သေးသည်။ပြည်ပနိုင်ငံများ၌ နိုင်ငံခြားငွေ လွှဲပြောင်းရေးလုပ်ကိုင်ရန် AGD ဘဏ်၊ ဧရာဝတီဘဏ်၊ ကမော္ဘဇဘဏ် (KBZ)၊ CB ဘဏ်တို့ကို မြန်မာအစိုးရသည် ယခုနှစ် ဇန်နဝါရီလအတွင်းက လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ယခုအခါ AGD ဘဏ်သည် မလေးရှားနိုင်ငံ၌ May ဘဏ်၊ CIMB ဘဏ်တို့နှင့် ပူးပေါင်းကာ ငွေလွှဲလုပ်ငန်းကို တရားဝင်လုပ် ဆောင်နေပြီဖြစ်သည်။
KBZ ဘဏ်က ထိုင်းနိုင်ငံ၊ CB ဘဏ်က May ဘဏ်နှင့် ပူးတွဲ၍ မလေးရှားနိုင်ငံတို့တွင် ငွေလွှဲလုပ်ငန်းကို စတင်လုပ်ဆောင်မည်ဟု သိရသည်။
××××××××××××××××××××သတင်း(ဧရာဝတီ)×××××××××××××××××××××
ဘုရားသုံးဆူဒေသတွင် မွန်ပြည်သစ်ပါတီတပ်မှ ကားတစ်စီးကို ပစ်ခတ်
ဧပြီလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲ တာဒိန်ကျေးရွာ အခြေစိုက် မွန်ပြည်သစ်ပါတီ-NMSP လက်အောက်ခံ တပ်ဖွဲ့ဝင်တစ်စုသည် တာဒိန်ရွာဂိတ်ကို ဖြတ်သန်းသွားသည့် ဆာ့ကား(ကားအသေး) တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ကားထဲတွင် ကိုယ်တိုင်ပါခဲ့သူတစ် ဦးက ပြောသည်။ကားမောင်းသူ အပါအဝင် သံဃာတော်နှစ်ပါးနှင့် အမျိုးသမီး သုံးဦး လိုက်ပါလာသည့် အဆိုပါကားမှာ ဧပြီလ ၁၈ရက်နေ့က ဘုရားသုံး ဆူမှ ထွက်ခွါ၍ မနက် ၆နာရီ၌ တာဒိန်ရောက်နေစဉ် NMSP မှ ဂိတ်စောင့်နေသူ နိုင်ငြိမ်းချမ်းက အမ်-၁၆ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်ဟု ကားတွင် ကိုယ်တိုင်ပါသွားခဲ့သူ သံဃားတစ်ပါးဖြစ်သည့် ဦးဝဏ္ဏသီရိ ဝါတော် ၁၈ဝါက ပြောသည်။၎င်းက “ဦးပဉ္ဇင်းတို့ စီးလာတဲ့ ကားကို ဘာမှပြောဆိုတာ မရှိဘဲ ဒီလို သူတို့(NMSP)က သေနတ်ပစ်တာ ကျိုးကြောင်း ဆီလျော်မှု မရှိဘူး။ သူတို့က ကားသမားကို ပစ်တယ်လို့ ပြောတယ်။ ကားသမားလည်း ဘာမှ အပြစ်ရှိတာမှ မဟုတ်တာ။”ဟု ကေအိုင်စီသို့ ပြောသည်။၎င်းကားပေါ်တွင် ဘုရားသုံးဆူ အမှတ်(၃) ရပ်ကွက်မှ ဓမ္မဟေဝန် ပရဟိတကျောင်းထိုင်ဆရာတော် ဦးဉာဏောဘာသ (၃၂ဝါ)နှင့်အတူ ဆရာတော်၏ ညီမတော်နှင့် တူမ တော်စပ်သူ ၂ဦးကို ဖားအံမြို့သို့ ပို့ဆောင်ရန် ပါလာခဲ့ပြီး ယခုလို တာဒိန်အရောက်တွင် အခင်းဖြစ်ပွားခဲ့ ခြင်းလည်း ဖြစ်သည်။
သို့သော် ပစ်ခတ်မှုကြောင့် တစုံတရာ ထိခိုက်မှု မရှိသော်လည်း ဒေသတွင်း မတည်ငြိမ်မှုနှင့် မလိုလားအပ်သည့် ပဋိပက္ခများ တိုးပွားလာ နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
အခင်းဖြစ်ပွားပြီးနောက် မွန်းလွဲပိုင်းတွင် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူ ၄ဦးသည် ဓမ္မဟေဝန် ပရဟိတကျောင်းတွင် ဆရာတော်အား ၁နာရီခန့် လာရောက်လျှောက်တင် တောင်းပန်ခဲ့သည်ဟု ဦးဝဏ္ဏသီရိက ပြောသည်။
၎င်းပစ်ခတ်မှုနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူအား ကေအိုင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပါ။တာဒိန်တွင် အခြေစိုက်နေသည့် မွန်ပြည်သစ်ပါတီ လက်အောက်ခံများသည် ကားဖြင့် ဖြတ်သန်းသွားလာနေသည့် ခရီးသည်များကို ယခင်က စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သော်လည်း ပစ်ခတ်သည်အထိ မရှိခဲ့ဖူးကြောင်း သိရသည်။
××××××××××××××××××××××××သတင်း(KAREN Information Center)×××××××××××××××××××××××

8 comments

  • moe moe

    April 23, 2012 at 1:46 am

    ကျွန်တော်ကူးယူဖော်ပြသောသတင်းဌာန/လူပုဂိ္ဂုလ်/အဖွဲ့အစည်းအသီးသီးအား သတင်းတစ်ပုဒ်ချင်းစီ၏အောက်တွင်ဖော်ပြပေးထားပါကြောင်း။
    ကျွန်တော်၏စေတနာအား နားလည်ပေးနိုင်ကြပါစေလို့ဆုတောင်းရင်း——————

  • htoosan

    April 23, 2012 at 7:43 am

    ကိိုမိုးမိုးရေ . ကိုမိုးမိုးစေတနာကိုနားလည်တဲ့ အပြင် အခုလို စုစည်းဖော်ပြပေးတာ ကျေးဇူးလည်းတင်ပါသည်။
    ကိုမိုးမိုးပြောခဲ့ သလို မြန်မာနိုင်ငံက လူတွေ အတွက် ကွန်နက်ရှင်မကောင်းတာကော ငွေကုန်ကြေးကျနဲ့ ဆိုဒ်တစ်ခုစီ လိုက်ဖတ်ရတာထက်စာရင် အခုလို ကိုမိုးမိုးက ကောင်းနိုးရာရာ စိတ်ဝင်တစား ဖြစ်မှာလေးတွေ တင်ပေးတာ ဂေဇတ်သာဝင်ဖတ်တဲ့သူတွေ အတွက် အကျိုးရှိတာ ၊ ကိုမိုးမိုးရဲ့ စေတနာ ဟာယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး ။
    ကျွန်တော်တို့ရဲ့ စေတနာကိုလည်း နားလည်ပေးပါ ။ ဝင်ပြီး ဆရာကြီးလုပ်ကြတာမဟုတ်ဘဲ ရွာသူား အချင်းချင်းထိန်းပေးတာပါ ။
    သူကြီး ခင်ဗျာ၊ ကျွန်တော်တို့ကြောင့် တောင်းပန်ရတာ ကိုမိုးမိုး မဖတ်မိလို့ပါ ။ အဲ့ဒီလိုမဖြစ်စေချင်လို့ ပြောပြရတာပါ။

    • kai

      April 23, 2012 at 12:17 pm

      ကျေးဇူးပါ..ကိုရင်ထူးဆန်းရေ..

      ကိုမိုးမိုးခင်ဗျား…
      တချို့မီဒီယာတွေဝက်ဘ်ဆို်က်တွေက.. အဲလိုကူးတင်တာကို မကြိုက်လို့.. ကန့်ကွက်ယုံတင်မက.. သူတို့ဝက်ဘ်ဆိုက်မှာပါ.. စာတင်ပြီးကို.. ရေးပါတယ်.
      ကျုပ်လည်း တောင်းပန်ရပါတယ်..
      ဖြစ်ခဲ့တာ.. တခါ..၂ခါမကပါဘူး..
      တချို့များ တရားစွဲလို့ရတယ်တောင်လုပ်သေးရဲ့.. 😆

      ဆိုတော့…
      ချင့်လုပ်ပါနော..
      သူတို့ဆီမှာ ခွင့်ပြုချက်တောင်းပါ.. ရရင်တင်ပါ..။
      ဒါမှမဟုတ်.. ခရက်ဒစ်ပေးပြီး.. Fare use နဲ့လုပ်ပါ..

      http://www.copyright.gov/fls/fl102.html
      Fair use is a limitation and exception to the exclusive right granted by copyright law to the author of a creative work. In United States copyright law, fair use is a doctrine that permits limited use of copyrighted material without acquiring permission from the rights holders. Examples of fair use include commentary, criticism, news reporting, research, teaching, library archiving and scholarship. It provides for the legal, unlicensed citation or incorporation of copyrighted material in another author’s work under a four-factor balancing test.

      The term fair use originated in the United States. A similar principle, fair dealing, exists in some other common law jurisdictions. Civil law jurisdictions have other limitations and exceptions to copyright.

      မူရင်းစာအပေါ်မှာ.. ကိုယ်ပိုင်မှတ်ချက်ထည့်ပြိး ကိုးကားရေးတာဖြစ်ပါတယ်..

  • Gipsy

    April 23, 2012 at 8:31 am

    Up to date သတင်းလေးတွေ လဲ တင်ပေးပါဦး…
    သတင်းဖတ်ချင်တဲ့ သူအဖို့ အချိန်ကုန်လဲ သက်သာ အကျိုးလဲရှိပါတယ်…

  • နေဝန်းနီ

    April 23, 2012 at 9:33 pm

    ဆည်တဲကို ဘယ်သူကယ်မလဲ

    အဲဒီနေ့က မှတ်မှတ်ရရ နှစ်ဆန်းသုံးရက်နေ့ကတော့်။ မနက်ဖြန်ဆို ကျုပ်တို့ရွာထဲမှာ အလှူရှိတယ်ဆိုတော့ ကျုပ်တို့လည်း ယာလုပ်ငန်းလေးပြီးရင် စောစောပြန်မယ်ပေါ့လေ။ အဲဒီလိုနဲ့ နေထန်းတဖျားအချိန်လောက် ရှိမှာပေါ့။ ဟိုဘက်ယာထဲမှာ မြေတွေလာပုံနေတယ်လို့ သတင်း ကြားပါရောလား။ အပြေးသွားကြတာပေါ့။ အမယ်လေး။ ကျုပ်တို့မှ နောက်ကျနေသေးတယ်။ ဟိုကောင်မ တွေက ရောက်တောင်နေပြီ။ ပုံလက်စမြေဘေးမှာ ကားတစ်စီးတွေ့တယ်။ ကားပေါ်မှာက တရုတ်သုံးယောက်။ ကားမောင်းတာက ဗမာတစ်ယောက်။ ကျုပ်တို့လည်း တားတာပေါ့တော်။ မရဘူးတော့်။ ဆက်ပုံတာပဲ။ ဒါနဲ့ ကျုပ်တို့လည်း ကားကိုလည်း ဝိုင်းထားကြတာ။ ဟုတ်တယ် ဟုတ်တယ်။ ကျုပ်တို့ မိန်းမတွေ တွေချည်းပဲ။ ကြောက်ပေါင်တော်။

    တရုတ်တွေကလည်း ကျုပ်တို့ကြည့်၊ ကျုပ်တို့ကလည်း တရုတ်ကောင်တွေ ကြည့်နဲ့ပေါ့တော်။ ကျုပ်တို့ကလည်း မိန်းမတွေ တွေသာဖြစ်သာ။ ဒေါင်နဲ့ သတ္တိက သိကြတဲ့အတိုင်း။ သွေးနည်းတာ မဟုတ်ဘူးရယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ဘာလဲနဲ့ ဝိုင်းပြောကြတာပေါ့တော်။ ကားမောင်းတဲ့ ကောင်လေးကလည်း တရုတ်လို မတတ်တတတ်နဲ့ သူပြောတတ်သလို ပြန်ပြောပြနေပါရဲ့။ အမှန်ပြောရင် ကျုပ်တို့က သူတို့လို အောက်ခြေအဆင့်လောက်နဲ့လည်း ပြောချင်တာ မဟုတ်ဘူးရယ်။ ပြောလို့လည်း မပြီးဘူးလေ။ ပြောပေါင်းလည်း များပြီ။ ပြီးတော့လည်း သူတို့က ခိုးပြီးလာလုပ်တာပဲ။ ကျုပ်တို့က ဘွင်းဘွင်းသမားရယ်။ အထက်က တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ပြီး တည့်ပြောချင်တာရယ်။

    ဒါကြောင့် ဒီတစ်ချီတော့ ဒင်းတို့ကို ပြန်မလွှတ်မှ ဒင်းတို့ဆရာတွေ ထွက်လာမှာဆိုပြီး ကျုပ်တို့ လည်း ဝိုင်းထားတော့တာပဲ။ အချိန်ကလည်း မွန်းတည့်ချိန်။ အညာနွေဆိုတော့တော်။ သူတို့ကတော့ အဲယားကွန်းပါတဲ့ ကားကြီးထဲမှာ ထိုင်နေတာ။ ကျုပ်တို့ကသာ နေပူကျဲကျဲထဲကနေ သူတို့ကို စောင့်နေရတာဆိုတော့ ကြာရင် မလွယ်ဘူးဆိုပြီး ရွာကို လိုက်ခဲ့ဖို့ ပြောရတာပဲ။ ကားသမားလေး စကားပြန်ပေးသလိုဆို သူတို့ကလည်း လိုက်ခဲ့မယ်လို့ ပြောတယ်တဲ့။ တော်ကြာနေတော့ ရွာထဲက သတင်းကြားပြီး ဆိုင်ကယ်တွေနဲ့ ရောက်လာကြတယ်။

    သူတို့က လိုက်မယ်ပြောပေမယ့် ကားနဲ့ဆိုတော့ မောင်းပြေးသွားမှာလည်း စိုးသေးတာတော့်။ ဘာရမလဲ။ ကျုပ်တို့ မိန်းမတွေတွေတစ်သိုက် သူတို့ကားနောက်ခန်းပေါ် တက်လိုက်တာပေါ့။ သူတို့ကားက ရှေ့ကနှစ်ခန်းတွဲနဲ့ နောက်က အမိုးပွင့်လေ။ ရွာထဲက လာတဲ့ ဆိုင်ကယ်တွေကလည်း ဘေးနှစ်ဘက်က ညှပ်လို့ပေါ့။ ပြီးမှ ရွာက ဘုန်းကြီးကျောင်းကို မောင်းခိုင်းတော့တာပဲ။ ဪ ကျုပ်တို့ရွာဆိုမှတော့။ ဟုတ်တယ်။ အရင်ရွာပေါ့။ တကယ်တန်းကျတော့လည်း ဒါကျုပ်တို့ ဓားမဦးချလုပ်ခဲ့တဲ့မြေ၊ ကျုပ်တို့ ဘိုးဘွားတွေ ခေါင်းချခဲ့တဲ့ အရပ်ပဲလေ။

    မရွှေ့နိုင်ပါဘူးတော်။ ကျုပ်တို့ ဒီရွာမှာ ရှိနေတာတောင် ကျုပ်တို့လယ်တွေကို ထင်သလို လုပ်နေတာ။ ကျုပ်တို့က ဟိုးအဝေးက သူတို့ရွှေ့ခိုင်းတဲ့ရွာများ ရွှေ့ပေးလိုက်ရင် ဒီမြေတွေဆိုတာ မြင်ရတော့မှာတောင် မဟုတ်ဘူး။ ဒါတွေကို ကျုပ်တို့ အခါခါ ပြောခဲ့ပြီးပါပြီ။ သူတို့က ဒီမြေမှာ ဘာလုပ်ချင် တာလဲ။ ကျုပ်တို့အတွက် ဘာတွေ ဖြစ်လာနိုင်လို့လဲ။ အန္တရာယ်ရှိနိုင်တယ် ဆိုရင်လည်း ဘာတွေဖြစ်နိုင် တာလဲ။ ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်း ပြောစေချင်တာပါ။ အခုလည်း ဒါတွေကို လူကြီးတွေနဲ့ ဆွေးနွေး ချင်လို့ ကျုပ်တို့လည်း အခွင့်အရေးပေးတုန်း ကျုပ်တို့ နားလည်သလို ကြံလိုက်ရတာပဲ။ ကျုပ်တို့ ဦးဇင်း လား။ ဘယ်ကြိုက်ပါ့မလဲတော်။ ကျုပ်တို့ကို ဆူတာပေါ့။ နောက်တော့လည်း မဖြစ်သင့်တာ မဖြစ်ရအောင် တခြားမှာ ထားတာနဲ့ စာရင် ကျောင်းမှာထားတာ တော်သေးတယ်ဆိုပြီး နေမှာပေါ့။ မပြောတော့ဘူး။

    အစားအစာတွေ၊ ငှက်ပျောသီးတို့၊ ရေတို့ ကျုပ်တို့က ကျွေးပါတယ်။ ကားပေါ်ကလည်း ဆင်းခိုင်းပါတယ်။ ဒါပေမယ့် သူတို့က မဆင်းဘူးတော့်။ ကားပေါ်တင် နေကြတာရယ်။ ကျုပ်တို့လည်း ကားမောင်းပြေးမှာစိုးလို့ လေးဘက်၊ လေးတန်ကနေ သစ်တုံးတွေနဲ့ ခုထားတာပေါ့။ နေ့ခင်း နှစ်ချက်တီး၊ သုံးချက်တီးလောက်မှာ တရုတ်တွေဆီကို သရေစာလာပို့တဲ့ တရုတ်တစ်ယောက် နောက်ထပ် ရောက်လာပြန်တော့ ပေါင်းငါးဦးဖြစ်သွားတာပေါ့။ သတင်းကြားနဲ့ တခြားရွာတွေကလည်း ရောက်လာတယ်။ အလှူရှိနေတော့ လူကလည်း စုံတယ်လေ။

    ညနေပိုင်းကျတော့ မြို့နယ်က လူကြီးတွေ ရောက်လာတယ်တော့်။ နောက် ခရိုင်က လူကြီးတွေ ရောက်လာတယ်။ အောင်မယ်လေး။ ဘုန်းကြီးသုံးပါးတောင် ပါသေး။ အဲဒီ ကိုယ်တော်တွေပေါ့။ ကျုပ်တို့လို အရွှေ့မခံတဲ့ ဟိုဘက်ရွာက ဘုန်းကြီးကျောင်းကို ချိတ်ပိတ်လိုက်ဖို့ ဦးဆောင်တာ။ အဲဒီရွာက အလှူလုပ်ချင်လို့ ချိတ်ဖွင့်ပေးဖို့ သွားပြီး မေတ္တာရပ်ခံတော့ လောကီကိစ္စ ဘုန်းကြီးနဲ့ မဆိုင်ဘူးလို့ ပြောလိုက်သေးတာ။ အခု တရုတ်အရေးကျတော့မှ မားမားကြီး ပါလာတော့တယ်။ ကျုပ်တို့ မခံချင်တာလည်း အဲဒါပဲ။ သာတူညီမျှဆိုတာ ကျုပ်တို့လို တောင်သူလယ်သမားတွေနဲ့ မဆိုင်ဘူးလား။ ကျုပ်တို့က ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီ သံဏာတော်ကို ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့လူတွေပါတော်။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကို ကိုယ့်ဆရာတော်တွေက စောင့်ရှောက်ရမှာ မဟုတ်ဘူးလား။

    လူကြီးတွေလာတာမြင်တော့တော် ကျုပ်တို့လည်း ကိုယ်ခံစားရသမျှကို တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတာပေါ့။ တောသူတောင်သားဆိုတော့လည်း တုတ်ထိုးအိုးပေါက်၊ ရှင်းရှင်းဘွင်းဘွင်းသာ ပြောတတ်တာရယ်။ အရေးအကြောင်းဆိုတော့ ကျုပ်တို့ဦးဇင်းလေးကပဲ ကျုပ်တို့ရှေ့ကနေ မားမားမတ်မတ် ပေါ့တော်။ သူတို့က ဒါမျိုးလုပ်တာ ဥပဒေနဲ့ မညီတဲ့အကြောင်းတွေ ပြောတာတော့။ ကျုပ်ဖြင့် ဝင်ပြောချင် လိုက်တာတော်။ ကျုပ်တို့ သီးနှံအောင်မြင်နေတဲ့ မြေတွေကို သူတို့ကားတွေနဲ့ အတင်းဖြတ်မောင်း။ တစ်ပေါက်တွင်းတွေ တစ်ယာခြားတစ်ခုဆိုသလို နေရာအနှံ့လိုက်တူး။ အဲဒီတုန်းက သူတို့ဘယ်ဥပဒေနဲ့ လုပ်ခဲ့တာလဲ။

    ကျုပ်တို့ ပြောလွန်းမက ပြောတော့မှ သီးနှံလျော်ကြေးဆိုပြီး ကျုပ်တို့ကို ငွေလာထုတ်ခိုင်းတာရယ်။ ဒါလည်း ဘာအတွက် ဘယ်လောက်ဆိုပြီး ကျုပ်တို့ကို ဘယ်သူမှ ရှင်းမပြပေါင်။ ကျုပ်တို့ကလည်း မေးရကောင်းမှန်း သိတာ မဟုတ်ဘူး။ အရိုးခံတွေကိုးတော့်။ ရိုးတာ မဟုတ်ပါဘူးလေ။ အ, တာ။ အ,တာ။ ငဖြူလာ၊ ငနီလာ ဆိုပြီး သူတို့ခိုင်းတဲ့နေရာ လက်မှတ်ထိုးရတာရယ်။ အများစုကလည်း လက်မှတ်ထိုးတတ်ရုံလောက် စာတတ် ကြတာရယ်။ စာတတ်တဲ့လူလည်း အပေါ်က ဘာရေးထားမှန်း ဖတ်ချိန်ကို မရှိတာ။ လက်ထဲရလာတဲ့ငွေကို ဘယ်ဟာအတွက် ဘယ်လောက်ပေးမှန်းလည်း မသိ။ ကိုယ့်ငွေလေး ကိုယ်ဆုပ်ပြီး ပြန်ခဲ့ရတာ။

    ဒါတောင် လူတိုင်းရတာ မဟုတ်ဘူးတော့်။ မရတဲ့ လူတွေ သွားမေးတော့ အဲဒီနာမည်နဲ့ ထုတ်ပြီးသားတဲ့။ ဒါလည်း တရားတဘောင် ရင်ဆိုင်ရကောင်းမှန်း ဘယ်သိပါ့မလဲတော်။ နောက်တော့မှ တဖြည်းဖြည်းနဲ့ ကြားတာက ဒါက ယာတစ်ကွက်ရဲ့ တစ်ရာသီစာထွက်မယ့် သီးနှံအထွက်နှုန်းကို အခြေခံ တွက်ပြီး သုံးနှစ်စာ လျော်ပေးတာတဲ့။ ကိုယ့်ယာမှာ သီးနှံစိုက်ထားတဲ့အချိန် သူတို့ကားတွေ ဖြတ်သန်း သွားလာတာတို့၊ တစ်ပေါက်ကျင်းတူးတာတို့ကြောင့် ပျက်စီးဆုံးရှုံးတာဖြစ်ခဲ့ရင် နစ်နာကြေးပေးတာတဲ့။ အဲဒီတော့ ကျုပ်တို့ကလည်း သူ့ပိုက်ဆံယူထားမိတာကိုး။ ဂတိတည်ပါတယ်တော်။ သာမာန်လိုဆို သူ့အခင်း၊ ကိုယ့်အခင်း အပင်တွေဖြစ်ထွန်းနေချိန်မှာ ဘယ်လှည်းမှ အဖြတ်မခံဘူး။ အခုဟာက သူတို့ကားတွေ ဖြတ်သွားနေတာပဲ။ သီးနှံတွေ အများကြီး ပျက်စီးတာပေါ့။ ကျုပ်တို့ မပြောပါဘူး။

    ဒါပေမယ့် အလိုလိုက်လို့ အမိုက်စော်ကားတာတော့ ကျုပ်တို့က သည်းမခံတတ်ဘူးတော်။ အခု ယာပြင်တွေ၊ ယာခင်းတွေဆို မီးတိုင်တွေ စိုက်မယ်လို့လည်း မပြောဘူး။ တိုင်တွေ ဆွဲတော့ နေကြာသမားတွေမယ် မအောင်သေးဘဲနဲ့။ ဘယ်လောက်နစ်နာသွားတယ် မှတ်သလဲ။ အဲဒီနောက်မယ် လမ်းဖောက်မလို့တဲ့။ ကျုပ်တို့ကလည်း လမ်းဖောက်မခံနိုင်ဘူးလို့။ ဒီတိုင်း ကားမောင်းလို့ကတော့ မောင်း။ ဟိုဘက် ရွှေ့ပေးလိုက်တဲ့ရွာက မြေတွေဆို အဆောက်အဦးဆောက်လို ဆောက်နဲ့။ ငွေကုန်တာက ပြန်ရှာလို့ရတယ်။ အခု နစ်နာတာက မြေယာဆိုတော့။ ကျုပ်တို့မှာ ပိုင်ဆိုင်တာ ဒါပဲ ရှိတာ။

    လယ်ယာတွေလည်း အသိမ်းခံရမယ်။ ရွာလည်း ရွှေ့ရမယ်။ ကျုပ်တို့ ဒီလိုလက်မဲ့နဲ့ ဆင်းသွားရ မယ်ဆိုတော့ တောင်သူတွေ အဲ့ဒါ မခံချင်တာ။ သူတို့ ပေးထားတဲ့ ငွေက သီးနှံလျော်ကြေး။ မြေသာရှိရင် တတ်နိုင်တဲ့လူက မြေလုပ်။ မတတ်နိုင်တဲ့လူက လက်စားလုပ်လို့ ရတယ်။ အခုကျ လုပ်စားစရာကို မကျန်တော့လို့။ ကျုပ်တို့ ဆင်းသွားရင် ဒီရွာလုံးကျွတ် မိသားစုလိုက်ကို ဘယ်သူက တင်ကျွေးထားမှာလဲ။ တောင်းစားတော့ရော ဒီသန်သန်မာမာကြီးတွေကို ဘယ်သူက ထည့်မှာတဲ့လဲ။ ခိုးစားပြန်တော့ ခိုးတဲ့အမှုက လာဦးမယ်။ ဓားပြတိုက်စားတော့ ဓားပြတိုက်စားတဲ့ အမှုက လာဦးမယ်။ သူတို့ မြေတွေသိမ်းသွားတော့ ကိုယ့်မှာ လုပ်စားစရာမှ မရှိတော့တာ။ သူတို့ ဒီလိုသိမ်းခွင့် ရှိတယ်ဆိုရင် ကျုပ်တို့ စားစရာမရှိလို့ ခိုးစားရင်လည်း အရေးမယူနဲ့လို့ ပြောချင်တာ။

    ကျုပ်တို့က ပညာလည်း မတတ်ပါဘူး။ အသိဉာဏ်လည်း မရှိပါဘူး။ ဒါပေမယ့် ကျုပ်တို့ သွေးနည်းပြီး အလျော့ပေးလိုက်ရင် သားစဉ်မြေးဆက် ဒီမြေတွေမြင်တိုင်း ကျုပ်တို့ အရှက်ရမယ့် ကိစ္စတော့်။ အသက်သေချင်သေပါစေ။ ကျုပ်တို့ ရှိနေသရွေ့ကတော့ ဒီမြေတွေကို တစ်လက်မတောင် တရုတ်တွေ မကျူးကျော်စေရဘူး။ ကျုပ်တို့ စာမတတ်ပေမယ့် “ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ” ဆိုတဲ့ အဓိပ္ပါယ်ကို အရိုးစွဲနေအောင် သိပြီးသား။ ကျုပ်တို့ မသိနားမလည်လို့ ဘာမှန်းမသိတဲ့ စာချုပ်မှာ လက်မှတ်ထိုးလိုက်ရပေမယ့် အခုနည်းနည်း ရိပ်မိလာတဲ့ အချိန်မှာ ကျုပ်တို့မြေကို ကျုပ်တို့နားလည်သလို ကာကွယ်ပါတယ်တော်။ ရာဇဝင်မှာ ကျုပ်တို့နာမည်ဆိုး မကျန်စေရပါဘူး။

    အရိုင်းအစိုင်းတွေတဲ့။ စာမတတ်လို့ ရိုင်းတယ်ဆိုရင်တော့ ကျုပ်တို့က အရိုင်းမကြီးတွေပေါ့တော်။ ဒါပေမယ့် သမိုင်းမှာ ကျုပ်တို့ မရိုင်းစေရဘူး။ ဘာတဲ့။ တရုတ်တွေကို ရွာသားတွေက ပြန်ပေးဆွဲသွားလို့ ဆိုပြီး ပြောကြသတဲ့။ ပြောပြလိုက်စမ်းပါတော်။ ပြန်ပေးဆွဲတာ မဟုတ်ပါဘူး။ ခေါ်ပြီးဆွေးနွေးတာပါလို့။ ရွာသားတွေလည်း မဟုတ်ပါဘူး။ ရွာသူမတွေ ခေါ်သွားတာပါလို့။ အဲဒီညနေပဲ တရုတ်တွေကို လူကြီးတွေနဲ့ ပြန်ထည့်ပေးလိုက်ပါတယ်။ ဘယ်တစ်ယောက်မှ မှည့်တပေါက် မစွန်းပါဘူး။ လူကြီးတွေကတော့ အထက်ကို ဆက်လက်တင်ပြပေးပါမယ် လို့တော့ ပြောသွားတာပဲ။ မြေတွေ ထပ်လာမပုံတော့ပါဘူး၊ စက်တွေ ယာထဲမှာ မထိုင်တော့ပါဘူးလို့လည်း ပြောသွားတာပဲ။ သူတို့ ပြောသလို တည်ပါစေ။ အထက်က တာဝန်ရှိပုဂ္ဂိုလ်တွေ အမြန်ဆုံးသိပါစေ။ ကျုပ်တို့ ဘဝတွေကို စာနာကယ်တင်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတာပါပဲ။

    တီဗွီထဲမှာပဲ မြင်ဖူးတဲ့ သမ္မတကြီး ဆိုတာကိုပဲ အားကိုးပါတယ်။ ကျုပ်တို့ ကြားဖူးတာပေါ့။ တရုတ်တွေ လာလုပ်တဲ့ မြစ်ဆုံစီမံကိန်းဆိုတာကို ရန်ကုန်မှာ ပွဲတွေကျင်းပပြီး ကန့်ကွက်ကြတဲ့အကြောင်း၊ တစ်နိုင်ငံလုံးကလည်း တက်ညီလက်ညီ၊ ဝိုင်းဝန်းကန့်ကွက်ကြတဲ့အကြောင်း၊ နောက်ဆုံး သမ္မတကြီး ကိုယ်တိုင် ပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်လို့ စီမံကိန်းကြီး ရပ်ပစ်လိုက်ရတဲ့အကြောင်း။ ကျုပ်တို့ဖြင့် သတင်းကြားရတော့ အားရလိုက်တာလေ။ သာဓုခေါ်လိုက်ရတာ မပြောပါနဲ့တော့။ ကျုပ်တို့ ယုံကြည်ပါတယ်။ ကျုပ်တို့ အရေးကိုလည်း မျိုးချစ်စိတ်ရှိတဲ့ ဘယ်မြန်မာပြည်သူ၊ ပြည်သားမှ လျစ်လျူရှု ထားမှာ မဟုတ်ဘူးဆိုတာ။ ပညာမဲ့တဲ့ ကျုပ်တို့တတွေ မဖြေနိုင်တဲ့ ပုစ္ဆာတွေ၊ မရှင်းနိုင်တဲ့ ဒုက္ခတွေကို ကူပြီး ရှင်းပေးလှည့်ကြပါဦး။ ဆည်တဲကို ဘယ်သူကယ်မလဲ ဆိုတဲ့အဖြေက အခု ကျုပ်တို့အတွက် အရေးပေါ် လိုအပ်နေပါပြီ။

    လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်သော
    ဆည်တဲရွာမှ ရင်ထဲက စကားသံများ

    ဒီဘက်ကအမြင် ဆိုရင်တော့ သူတို့ ရှေ့ဆက်ပြီး ဒီလုပ်ငန်းကြီးအောင်မြင်သွားမယ်ရင်တော့ ကျန်းမာရေးကို ထိခိုက်တာပ။ ဘာလို့ဆို အက်စစ်တွေဘာတွေနဲ့ လုပ်တာဆိုတော့ အက်စစ်အဆိပ်ဓာတ် တွေတို့၊ ဒိုင်းနမိုက်ခွဲတာတို့ ဆိုတော့ မြေတုန်တာတို့၊ အိမ်ပြိုတာတို့ ဖြစ်နိုင်တာပေါ့။ ဥပမာတစ်ခု – သူတို့ ကန်နဲ့လုပ်မယ်ဆိုရင်တောင်မှ အက်စစ်စက်ရုံထဲမှာ စွန့်ပစ်ရေတို့၊ ဘာတို့ထည့်တဲ့အခါကျ ချင်းတွင်းမြစ်ထဲ သွားမယ်ဆိုရင်လည်း ငါးတွေသေမှာပေါ့။ လူတင်မကဘူး။ ငါးတွေပါ ပျက်ကုန်မှာ။ ဒီဘက်ကလည်း အနံ့ငွေ့နဲ့ဆိုတော့ ကလေးတွေပေါ့ဗျာ။ ကြီးတဲ့လူဆို ဒဏ်ခံနိုင်တယ်။ မွေးခါစကလေးတွေကျ ဒဏ်မခံနိုင်ဘူး။ အဲဒါကျ လပိုင်း၊ ရက်ပိုင်းနဲ့ ဖြစ်နိုင်တဲ့ အခြေအနေရှိတာပလေ။

    ပြီးတော့ကျ သူတို့က လုပ်လာမယ်ဆို အရင်တုန်းကဆိုရင် မိုင်းမှာ ဒုက္ထာလို့လုပ်ကြတယ်လေနော်။ ပြွန်တွေနဲ့ စုပ်တဲ့အခါကျ မိန်းမတွေ တွေမှာနှော့။ တချို့ကျတော့လည်း ပါးစပ်နဲ့ စုပ်တဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ ပါပါကုန်တာပေါ့လေ။ ဗိုက်ထဲရောက်တာ။ အဆုပ်တို့ အသည်းတို့ ထိခိုက်တာပေါ့။ ရတဲ့ ပိုက်ဆံလေးသာမြင်တာလေနှော့။ ကျန်းမာရေးကျတော့ မမြင်တော့ဘူး။ အဲဒါမျိုးထိခိုက်တာတွေ အရင်တုန်းကလည်း ရှိခဲ့တယ်။ အခုလည်း သူတို့ကဆက်လုပ်မယ်ဆိုရင် ထိခိုက်မှုက လောလောဆယ် ရှိမှာအမှန်ပဲ။ သေချာပေါက်ရှိတယ်။ ကျန်းမာရေးရောပေါ့ဗျာ။

    ဓာတ်ငွေ့တို့၊ ဘာတို့ရော။ သူတို့ ယမ်းတွေဘာတွေရော ဖောက်ခွဲတာပေါ့ဗျာ။ အခု ကျော်ရွာဘက်ဆို နေလို့ကို မရဘူး။ ကားတွေက ဖုန်ထောင်းတာရော၊ ဒိုင်းနမိုက်ခွဲတာတွေရောဆိုတော့ တခါတည်း ထောင်းနမောင်းထတော့တာ။ ဖုန်လုံးတွေဆိုတာ။ အဲဒီဘက်ကျ ကျန်းမာရေး တော်တော်ထိခိုက်နိုင်တယ်။ သူတို့ဘက်က။ ဒီဘက်ကတော့ အဲဒီလောက်ထိအောင်တော့ မဆိုးရွားသေးဘူး။ နောက်ပိုင်း တဖြည်းဖြည်း သူတို့အလုပ်အောင်မြင်လာရင်တော့ ဒီဘက်တွေလည်း ဆိုးရွားလာတော့မှာ။ ဒီကလူတွေကလည်း ဘယ်မှ တင်ပြစရာလည်း မရှိဘူး။ ဘယ်မှလည်း အားကိုးစရာ မရှိဘူး။ အသိပညာ၊ အတတ်ပညာ နည်းပါးတဲ့ဒေသတွေဆိုတော့ အဲဒါတွေက ဒီလိုခံနေရမှာပါပဲ။

    ရွာအရှေ့မှာ ရေတွင်းတစ်တွင်းရှိတယ်လေ။ အဲဒီရေတွင်းလေးပဲ စစ်ပုံပေါက်တယ်ပေါ့လေ။ အဲဒီတွင်းလေးပဲ သူတို့ အသန့်ပြမှာပေါ့လေ။ ဒီပြင်တွင်းတွေကတော့ တူးပြီး ဖို့ဖို့ပစ်တာ။ အဲဒီတစ်တွင်းကျန်တာပဲ။ တွင်းပေါင်း လေး၊ငါးဆယ်လောက် တူးတာမှ အဲဒီတစ်တွင်းပဲ အကောင်းကျန်တာ။ တခင်းခြာ၊ တခင်းခြာ တွင်းတွေတူးတာ။ အဲဒီနေရာလေးတော့ ကောင်းတယ် ထင်တာပေါ့လေ။ ကိုယ့်အထင်ကတော့။ ရေသန့်ဘူးတွေနဲ့ ရေနမူနာ လာလာယူတာ။ ကနေဒါတွေတုန်းကဆိုရင် တလတစ်ကြိမ်၊ တလနှစ်ကြိမ်လောက် လာလာပြီး အဲဒီရေတွင်းလေးကို စမ်းသပ်တာ။ သူတို့စမ်းသပ်တာတော့ ဘယ်လိုစမ်းသပ်ကြောင်းတော့ မသိဘူးပေါ့လေ။

    ရပ်ရွာကတော့ လူသာညီတာ။ ပညာရေးကတော့ သိပ်ရှိတာမဟုတ်ဘူး။ အားကိုးရှာနေတာပါပဲ။ ဘာမှ အသိပညာမရှိ။ အတွေ့အကြုံလည်း မရှိဆိုတော့။ အထက်ကို မပေါက်တာပေါ့နော်။ ဒီကတော့ ဘယ်မှလည်း မသွားတတ်တော့လေနှော့။ ဒီတော့ သူတို့ကလုပ်လိုက်၊ ရပ်ရွာက ထွက်တားလိုက် ဖြစ်နေတာပေါ့။ ရပ်ရွာနဲ့ ဆွေးနွေးပါ။ ပြေလည်သည်အထိ ဆွေးနွေးပေးပါ။ ရပ်ရွာတွေက သူတို့လုပ်ငန်းကို နှောက်ယှက်တာ မဟုတ်ဘူး။ တဦးနဲ့တစ်ဦး ပြေလည်အောင် ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ပါ။ လုပ်ချင်ရင်လည်း။ အဲဒီလို ပြောတာကို မရဘူး။ ဦးပိုင်ကပေါ့။

    ဆီထွက်သီးနှံက ဒီက အဓိက ထွက်တာလေ။ ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့ မလိမ့်တပတ်နဲ့ လုပ်တာ။ တောင်သူတွေကို။ ဒီက နားမလည်၊ ပါးမလည်နဲ့ ပညာကလည်း မတတ်။ အဲဒီတောင်ကြီးမှာ ဆိတ်တွေ၊ နွားတွေ ကျောင်းရတာ။ အခု သူတို့က အကျောင်းမခံတော့ဘူးဆိုတော့ ဆိတ်အုပ်တွေ၊ နွားအုပ်တွေ ရောင်းပစ် ရတာ။ စီးပွားရေးက ထိခိုက်တာပေါ့။ သူတို့က တောင်ကြီးထဲ အဝင်မခံတော့ဘူးလေ။ ကိုယ်တွေကလည်း ဒီတောင်ကြီး မှီခိုစားသောက်နေရတာ။ အမှန်ပြောရရင် ဆူးပုပ်ချိန်ဆို ဆူးပုပ်။ ခံတက်ချိန်ဆို ခံတက်ပေါ့။ အခုကျ အဝင်မခံတော့ စားဝတ်နေရေးက ခက်ခဲသွားပြီလေ။ သာမာန်လက်လုပ်လက်စားသမားတွေ အရင်ထိတာပေါ့။ သူတို့က ထင်းဆိုလည်း ထင်းခုတ်ရောင်းရတာကိုး။ ခေါင်းရွက်စည်းလေးတွေပေါ့။

    ငလျင်တို့၊ ဘာတို့လှုပ်လို့ကတော့ သူ့အက်စစ်ကန်တွေလည်း ဘာခံနိုင်မှာတုန်း။ ဟုတ်တယ် မဟုတ်လား။ ပေါက်ကျိုးမှာပဲ။ အဲဒါဆိုရင် ချင်းတွင်းမြစ်ထဲပဲ ရောက်မှာပဲ။ ဒီလှောင်ထားတဲ့ ရေတွေက။ သားငါးတွေ အကုန်သေကုန်မှာ။ ဒီမြစ်ကို မှီခိုသောက်သုံးတဲ့ လူတွေလည်း ထိခိုက်ကုန်မှာ။ ကျန်းမာရေး ဘက်ကပေါ့။ အခု ရပ်ရွာတွေကတော့ ရွှေ့ပြောင်းရမယ်လို့ ပြောတာပဲလေ။ အဲဒီရွှေ့ပြောင်းရမယ့် လူတွေကတော့ အရင် ဒုက္ခရောက်တာပေါ့။ ဟိုကျတော့လည်း ဘာမှ လုပ်စား၊ကိုင်စားစရာလည်း မရှိဘူး။ သူတို့ပေးမယ်ဆိုတဲ့ အလုပ်ကလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အခါကျတော့ ဥပမာတစ်ခုဆို စားဝတ်နေရေး ခက်ခဲသွားမှာပေါ့။ တောင်သူဆိုတော့ တောင်သူ လုပ်ငန်းပဲ လုပ်တတ်တာကိုး။

    တတ်သိနားလည်တဲ့ လူတွေကို ပြောပေးကြပါ။ ဒီကလူတွေ ဒုက္ခရောက်နေတယ်လို့။ ဒီတောင်ကြီး ပတ်လည်က ရွာတွေ အများကြီး ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်း။ ဒီက အခက်အခဲကို အတော့်ကို တွေ့နေရတာပါ။ မသိမ်းအောင်လို့သာ တားနေရတာ။ ပညာပိုင်းတော့ ကျုပ်တို့က ဘာမှ သိတာ မဟုတ်ဘူး။ တောင်သူက လွဲရင်ဘာမှ မလုပ်တတ်တော့ ဒါလေးတွေ သိမ်းမှာကိုပဲ နှမြောနေရတာ။ အခု နိုင်ငံအနေအထားလေး ပြောင်းလဲလာတာကိုပဲ မျှော်လင့်နေရတာပါပဲ။

    သူတို့က အစတုန်းက ပြောတာက သီးစားသုံးနှစ်လျော်ကြေးလေး ပေးလိုက်တာပေါ့ဗျာ။ မလိမ့်တပတ် နဲ့။ ၂၀၁ဝ ကပေါ့။ တစ်ဧကကို သုံးနှစ်စာသီးနှံလျော်ကြေးဆိုပြီး ငွေနဲ့သင့်ပြီး ပေးတာပဲ။ ဒီမြေဆိုတာက ကျွန်တော်တို့အတွက် အများကြီး တန်ဖိုးရှိပါတယ်။ တန်ဖိုးဖြတ်လို့ မရပါဘူး။ ကိုယ့်မြေဆိုတာ အစဉ်အဆက် လုပ်ကိုင်စားသောက်လို့ ရတာဆိုတော့လေ။ ငွေထုတ်ပေးတုန်းကလည်း ဒီမြေတွေကို သိမ်းတယ်လို့လည်း မပြော။ လျော်တယ်လို့လည်း ပြောတာမဟုတ်ဘူး။ အခုကျတော့မှ ဒီမြေမှာ အဆောက်အဦးတွေ ခိုင်ခိုင်မာမာ လာဆောက်တော့မှသာ သုံးနှစ်စာတော့ မကတော့ဘူးလို့ မှန်းရတာပဲ။ ဘာကိုမှ ပွင့်ပွင့်လင်းလင်း မပြောဘူး။ တောင်သူတွေကို အသိမပေးဘူး။

    ထန်းတက်တဲ့ တောင်သူတွေဆိုလည်း အဲဒီထန်းပင်တွေကို ထိုးပစ်ခံရတာပဲ။ ကျွန်တော်တို့ သိထားတဲ့ သုံးနှစ်စာ သီးနှံနစ်နာကြေးဆိုတာက ကျွန်တော်တို့ သီးနှံတွေစိုက်ထားချိန် အကွက်တွေထဲမှာ သူတို့ ကားတွေ ဖြတ်မောင်းမယ်။ တစ်ပေါက်ကျင်းတွေတူးမယ်။ အဲဒါကြောင့် ပျက်စီးတာတွေအတွက် နစ်နာကြေးလို့ ထင်တာ။ သူတို့ကတော့ ဘာမှကို ရှင်းမပြဘူး။ အဲဒီတုန်းကလည်း ကြောက်နေတာဆိုတော့ မေးလည်း မမေးရဲဘူးလေ။ ဘယ်အကွက် ဘယ်နှစ်ဧကအတွက် ဘယ်လောက်လို့လဲ မပြောဘူးဗျာ။ သူတို့က ငဖြူလာပါ၊ ငနီလာပါ။ ကိုယ့်နာမည်ခေါ်ရင် တက်သွားရတာပဲ။ ငွေကို သူတို့ဘာသာ ပေးလိုက်ရော။ ဘယ်လောက်ဆိုတာလည်း မစစ်ရဘူးတဲ့။ ဒီနေရာ လက်မှတ်ထိုး၊ ဒီနေရာ လက်မှတ်ထိုးဆိုပြီး ထိုးရတာပဲ။ မျက်စိမမှုန်တဲ့လူလည်း ဒီဟာကို ဖတ်ခွင့်မရှိဘူး။ မျက်စိမှုန်တဲ့လူတော့ ပိုဆိုးတာပေါ့ဗျာ။ ဖတ်ကို မဖတ်ရဘူး။ ဟောပြောပွဲတွေ၊ ဘာတွေလုပ်ပြီး ရှင်းတာမျိုးလည်း မရှိဘူး။

    တောင်သူလယ်သမားတွေက တော်တော့်ကို မျက်နှာငယ်ရပါတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ် ကြောက် နေရတာ။ တစ်ခုခုပြောဖို့ဆိုလည်း အရှိန်ယူနေရတာနဲ့ကို။ မရဲဘူးလေ။ ဒီဘက်က အဖြစ်တွေကို တတ်ကျွမ်းနားလည်သူတွေဆီ ရောက်သွား၊ သိသွားစေချင်တာပါ။ ပညာတတ်တဲ့လူတွေ ပြောတော့ ပိုထိရောက်တာပေါ့။ ဒီက ပညာမတတ်တဲ့လူတွေဆိုတော့ ကိုယ်ခံစားရတာတွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တာဆိုတော့ နားထောင်ရတာ ထောင့်တောင့်တုံးတိပေါ့လေ။ ဒီကသတင်းတွေကို ပြောပြ၊ ရေးပြမယ့်လူမရှိလို့ အားကိုးရတာပါ။ ဒီက တတ်သလောက်၊ မှတ်သလောက်တော့ စာတွေ၊ ဘာတွေလည်း တင်နေတာပဲ။ အထက်ထိ မရောက်ဘူးထင်ပါရဲ့။ ကိုယ့်ဟာကိုယ်တော့ တောက်လျှောက်လုပ်နေတာပဲ။ လုပ်တာကတော့။

    ဒီဒေသတွေက ဒီရှေ့ရောက်လေ ပိုဆိုးလေဖြစ်မှာ။ ထွန်ချိန်ရောက်ပြီလေ။ ထွန်ချင်လှပြီ။ အဓိက ကတော့ ပွင့်ပွင့်လင်းလင်း ပြောစေချင်တာပါ။ အခု သူတို့က ခိုးလုပ်နေသလို ဖြစ်တော့ ရုန်းရင်းဆန်ခတ် တွေ ဖြစ်ရတာပေါ့။ သူတို့လာလိုက်ပြန် ကိုယ်တွေက တားလိုက်ပြန်နဲ့။ ပြီးတော့ကျလည်း ပြန်လုပ်တာပဲ။ အထက်က ဆင်းကြည့်စေချင်ပါတယ်။ ကိုယ်တွေဘက်က အဲဒီလို ပေါက်ပေါက်မြောက်မြောက် စာတွေ၊ ဘာတွေရောက်အောင် လုပ်တတ်သူလည်း မရှိတော့လေ။ ပြောရမယ်ဆို ဆားလင်းကြီးက လွှတ်တော် အမတ် ဘယ်သူလည်း ဆိုတာတောင် ဒီက သိကြတာ မဟုတ်ဘူး။ ကိုယ်ကလည်း သွားပြောရကောင်းမှန်း မသိဘူး။ သူကလည်း တစ်ခါမှ လာမကြည့်ဖူးပါဘူး။

    ဒီဝန်ကို ဘယ်သူကူထမ်းပါ့

    ဝက်မှေးရွာတဲ့။ သစ်သားပြားလေးမှာ ရေးပြီး ရွာအဝင်တမာပင်ကြီးမှာ ချိတ်ထားတဲ့စာသားလေး။ ကြည့်လေ။ ပတ်ဝန်းကျင်တစ်ခုလုံး ထန်းတောကြီးတွေက မှိုင်းလို့၊ ညို့လို့။ တစ်ရွာလုံးကလည်း သီးပင်၊ စားပင်တွေနဲ့ စိမ်းမြလှပလို့။ တစ်စက်မှ ပြစ်ရက်စရာမရှိတဲ့မြေ။ အခုတော့ စာအံသံလည်း ဆိတ်၊ ဆည်းလည်းသံလည်း တိတ်လို့။ စွန့်ခွာသွားသူတို့ရဲ့ သရုပ်ကို ရေတွင်းဟောင်းတွေ၊ အိမ်တိုင်ဟောင်းတွေ၊ တူးလက်စ မြေကျင်းတွေ၊ အိုးခွက် အကွဲအပဲ့တွေက ထင်ဟတ်ပြသနေရဲ့။ ဒီဘက်နားမှာ အိမ်တစ်ဆောင် ရိပ်ကနဲ မြင်ရ။ ဖျတ်ကနဲ ပျောက်သွား။ ပြီးခပ်လှမ်းလှမ်းမှာ နောက်အိမ်တစ်ဆောင်။ ဟိုတစ်စု၊ သည်တစ်စု။

    “ရွာကိုရွှေ့ရမယ်ဆိုတော့ ကျုပ်တို့ဦးဆောင်ကန့်ကွက်တာပဲ။ ကျုပ်တို့ရွာက အစကြီးကတည်းကိုက ဒီကိစ္စကို လက်မှတ်ထိုးခဲ့တာမှ မဟုတ်တာ။ တစ်ချို့လည်း ကြောက်ကြတာပေါ့လေ။ အရင် မပြောင်းဘူး ဆိုပြီး တင်းခံတာက (၃၉) အိမ်တည်းရယ်။ တကယ်ရွှေ့ရမယ့်နေ့ကြတော့ ကျုပ်က သူတို့ လာဖျက်ရင် ကျုပ်အိမ်အရင်ဖျက်။ ကျုပ်အိမ်ပြိုမှ ကျန်တဲ့အိမ် ထိလို့ရမယ်ဆိုပြီး နေတာ။ ဖြစ်ချင်တော့ ပစ္စည်းတွေ ရွှေ့တဲ့ကားက ကျုပ်အိမ်ခြံစည်းရိုးကို တိုက်မိရော။ ထရံသုံးချောင်းပဲ ကျိုးတာပါ။ ဒါပေမယ့် ကျုပ်လည်း အစရှိ အနောင်နောင်ဖြစ်မှာစိုးလို့ သူတို့ကို အဲဒီစည်းရိုုး ပြန်ယက်ပေးခိုင်းတယ်။ ပြန်ယက်ပေးပါတယ်။ အဲဒီမှာ ကျိုးတဲ့ထရံတောင် ပြန်ယက်ပေးရင် ငါတို့ကိုလည်း ဘာမှ လုပ်လို့မရဘူးဆိုပြီး နောက်ထပ် (၉)အိမ်က နေခဲ့တော့ အခု အားလုံးပေါင်း (၄၈)အိမ် ကျန်တာပေါ့။”

    သူမက သက်လတ်ပိုင်းအရွယ်။ အသားညိုညို၊ လူပုံနွဲ့နွဲ့။ သနပ်ခါးကို မျက်နှာအပြည့် လိမ်းထားသည်။ ဆံပင်ရှည်ကို လိပ်ခေါက်တင်ပြီး ကလစ်နှင့် ညှပ်ထားသည်။ ခြုံပြောရလျှင် ပုံပန်းသဏ္ဍန်သည် အညာဒေသမှ အခြား အမျိုးသမီးများနှင့် ဘာမှ မကွာခြား။ သို့သော် စိတ်ဓာတ်သည် တည်ငြိမ်မှုအပြည့်။ ရင့်ကျက်မှုအပြည့်။ ပြောထွက်လာသည့် စကားလုံးတို့က “အသက်ဆိုတာ တစ်သက်ပဲ ရှိတာရယ်။ လက်ဗလာနဲ့ ချို့ချို့တဲ့တဲ့ ထွက်သွားရမှာထက် ကိုယ့်မြေ၊ ကိုယ့်ဒေသမှာပဲ သေချင်သေပစေ။ ကျုပ်သေမှပဲ ဒီနေရာက ဖယ်မှာ။”

    “အဖေတို့၊ အမေတို့ကတော့ စိတ်ပူတာပေါ့။ မနီ(အညာဒေသတွင် သမီးဟု ခေါ်သော အမည်)နော် မဟုတ်ဘဲနဲ့ လျှောက်လျှောက်လုပ်မနေနဲ့တဲ့။ အန္တရာယ်ဖြစ်မယ်တဲ့။ လူကြီးဆိုတော့ စိတ်ပူတာပေါ့။ ဒါပေမယ့် ကျုပ်တို့က လူလွတ်။ ဘာမှ နောက်ဆံငင် စရာမရှိဘူး။ မိသားစုကို ငဲ့ရမယ့်အိမ်ထောင်သည်တွေ ရွှေ့ချင်ရွှေ့ကြပါစေ။ ကျုပ်တို့ကတော့ မားမားမတ်မတ် ကျန်ခဲ့ရမှာပဲ။ လူမျိုးခြားတွေလက်ထဲ ကျုပ်တို့မြေ တော့ အပါမခံနိုင်ဘူး။ မတော်လို့ ကျုပ် ထောင်ကျရင်လည်း ကျုပ်တို့မှာ ညီအမလေးယောက် ရှိတယ်။ လူလွတ်တွေချည်းပဲ။ သူတို့ ဆက်လုပ်လိမ့်မယ်။ ခုနေချိန် ကျုပ်တို့ ပျော့ညံ့ညံ့လုပ်လို့ ဒီမြေတွေ ပါသွားရင် တစ်သက်လုံး အစားပြန်မရတော့ဘူး။ အဲဒါမှ သားစဉ်မြေးဆက် လက်ညှိုးထိုးခံရမှာ။”

    “သူတို့က ဒီလက်ပံတောင်းတောင်ကြီးမှာ မြေတွေတူးရင်၊ မိုင်းနဲ့ ဖောက်ခွဲရင် ကျုပ်တို့ရွာဘက်ကို ခဲတွေ လွင့်နိုင်တယ်။ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ရွှေ့ခိုင်းတာပဲ။ ကျုပ်တို့ ဖယ်ပေးလိုက်ပြီထားပါတော့ ဒီအကျိုးအမြတ်က ဘယ်သူတွေဆီကို ရောက်မှာလဲ။ နိုင်ငံတော်နဲ့ ကျုပ်တို့ပြည်သူတွေဆီကို ရောက်မှာ လား။ ကျုပ်တို့ မသိဘူး။ ဘာဆိုဘာမှ မသိဘူး။ ဘယ်သူမှလည်း လာရှင်းမပြဘူး။ ကျုပ်တို့ မြင်နေရတာ တော့ ကျုပ်တို့မြေပေါ်ရောက်နေတာ တိုင်းတပါးသားတွေပဲ။ ကျုပ်တို့ ရွှေ့ပေးလိုက်တဲ့နေရာမှာရော ဒီအန္တရာယ်တွေ ကင်းပါတယ်လို့ ဘယ်သူအာမခံမှာလဲ။ သူတို့လုပ်မယ့် အက်စစ်ကန်တွေ လျှံမကျပါဘူးလို့ ဘယ်သူ တာဝန်ယူမှာလဲ။ ဒီတော့ ကျောက်တုံးပိလို့ သေခါမှသေရော။ တခြားမှာလည်း ငတ်ပြီးသေမယ့် အတူတူ။ ဒီမြေမှာပဲ အသေခံတော့မယ်။”

    “ကျုပ်တို့က ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ညှိုနှိုင်းဆွေးနွေးတာမျိုးကို လိုချင်တာပါ။ ကျုပ်တို့ ဘာမှ မသိတဲ့ တောသူတောင်သားတွေ ဆိုပေမယ့် ပြောပြရင် နားလည်တတ်ပါတယ်။ အခုလို ဘာမှ မပြောဘဲ ထင်ရာလုပ်တာကိုတော့ ခေါင်းငုံ့မခံနိုင်ဘူး။ အရင်တစ်ခေါက် ယာတွေထဲမှာ မြေလာပုံတုန်းကလည်း ကျုပ်တို့ မိန်းမတွေတွေ အယောက်(၆၀)လောက် လက်ပံတောင်းတော်ပေါ် တက်သွားပြီး သွားပြောတာ။ အဲဒီက လူကြီးက နင်တို့ရွာက ယောက်ျားတွေ ဘယ်ရောက်ကုန်ပြီလဲလို့ မေးတယ်။ ဟုတ်တယ်။ ကျုပ်တို့ ရွာမှာတော့ ဘာကိစ္စပဲရှိရှိ မိန်းမတွေလူလွတ်တွေက များတာလေ။ ပြီးတော့ ဒီကိစ္စက ယောက်ျားရယ်၊ မိန်းမရယ် မဟုတ်ဘူး။ အားလုံးနဲ့ ဆိုင်တဲ့ကိစ္စ။ ကျုပ်တို့ရွာတင် မဟုတ်ဘူး။ တနယ်လုံးနဲ့ ဆိုင်တဲ့ကိစ္စ။ ပြောရမယ်ဆိုရင် ချင်းတွင်းမြစ်ကို အမှီပြုပြီး နေကြတဲ့လူတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ။”

    “ယာထဲမြေပုံတဲ့ကိစ္စနဲ့ရော၊ ရွာရွှေ့ဖို့ကိစ္စနဲ့ရော၊ ရွာဘုန်းကြီးကျောင်း ချိတ်ပိတ်တဲ့ကိစ္စနဲ့ရော ခဏ၊ ခဏပါပဲ။ သက်ဆိုင်ရာလူကြီးတွေနဲ့ ပြောရတာ။ တစ်ယောက်လာတိုင်း ဒီစကားတွေပဲ ပြောနေရတော့ ထပ်တောင်နေပြီ။ အထက်ကို တင်ပြပေးမယ်ဆိုပြီး ဘာမှလည်း ထူးခြားမလာပါဘူး။ တစ်ခေါက်ကတော့ ရဲတွေဝိုင်းထားတော့ ဦးရဲကြီးတို့က ပြည်သူ့ရဲလား။ တရုတ်ရဲလား ဆိုပြီး မေးလိုက်မှ နောက်ဆုတ် သွားကြတယ်။ တစ်ခေါက်ကလည်း အမျိုးသမီးထုကို ဖြိုခွဲဖို့ ရဲမေတွေ ခေါ်လာတော့ ရဲမေ အစ်မကြီးရယ် ကျုပ်တို့မှာ ဘာလက်နက်မှလည်း မပါပါဘူး။ ကျုပ်တို့မြေကို ကျုပ်တို့ကာကွယ်လို့ အပြစ်ရှိတယ်ဆိုရင် လာဖမ်းသွားလိုက်ကြပါဆိုပြီး ပြောတာ။ သူတို့ မဖမ်းပါဘူး။ ဘယ်သူမဆို ကိုယ်ချင်းစာစိတ်တော့ ရှိကြပါတယ်။”

    “ဟုတ်တယ်။ သုံးတန်းကျောင်းသူလေး စာမေးပွဲဖြေနေတုန်း ပြန်လိုက်ခေါ်တယ်ဆိုတာ ကျုပ်ပါပဲ။ ၂၀၁၁၊ ဒီဇင်ဘာမှာ ကျုပ်တို့ရွာတွေ ရွှေ့ခိုင်းတယ်လေ။ အဲဒီမှာ စာသင်ကျောင်းကိုပါ တစ်ခါတည်း ရွှေ့သွားတယ်။ ဒီရွာဟောင်းမှာ ကျန်နေခဲ့တဲ့အိမ်က ကလေးတွေက ဟိုဘက်မှာ ကျောင်းမတက်ရဘူး။ တခြားကျောင်းတွေကလည်း အအပ်မခံဘူး။ ၂၀၁၂ ဖေဖော်ဝါရီမှာ စာမေးပွဲတွေဖြေရော။ အဲဒီသုံးတန်း ကျောင်းသူလေးက တူမတော်တယ်။ သူက သွားဖြေတယ်။ သုံးလနီးနီး စာမသင်ခဲ့ရတဲ့ကလေးက တစ်နေ့ တည်းနဲ့ ဒီစာတွေ ဘယ်လိုလုပ်ဖြေနိုင်မှာတဲ့လဲ။ ဒါကြောင့် ကျုပ်လိုက်ခေါ်လိုက်တာ။ ဘယ်နေမလဲ။ သက်ဆိုင်ရာ လူကြီးတွေက ခေါ်မေးတာပေါ့။ ကျုပ်ကို။ ကျုပ်လည်း အခုလိုပဲ ပြောပြလိုက်တယ်။ ဒီနှစ် ပြန်ဖွင့်ရင်တော့ ရွာက ကလေးတွေကို ဘယ်ကျောင်းမှာ အပ်အပ် လက်ခံမယ်ပြောတာပဲ။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာကျောင်းမှာပဲ ကိုယ့်ကလေးတွေ တက်စေချင်တာပေါ့။”

    “လူညီတဲ့ရွာတွေကို အားကျတာပေါ့။ ကိုယ့်ရွာကတော့ တော်တော်များများ ရွှေ့သွားတာ ဆိုတော့လေ။ ဒါပေမယ့် ရွှေ့ခိုင်းပြီးနောက်မှ မပြောင်းဘဲနေတာ ကျုပ်တို့ရွာက နမူနာပြပဲ။ အချုပ်အနှောင် ခံရရင်တော့ ကျုပ်တို့ချည်းပဲပေါ့လေ။ ကျုပ်တို့ကလည်း အဆုံးထိ တွက်ပြီးလုပ်တာပဲ။ နောက်တော့ ကျန်တဲ့ရွာတွေကလည်း မပြောင်းတော့ဘူးပေါ့။ ကျုပ်တို့အရင် ရွှေ့ခိုင်းတဲ့ရွာကတော့ တစ်အိမ်ပဲကျန်တယ်။ အကုန်ရွှေ့ကုန်တာ။” ထိုပြောင်းသွားသော ရွာဟောင်း၏ ဘုန်းကြီးကျောင်းနေရာသည် အုတ်တံတိုင်းခတ် အုတ်တိုက်ဖြစ်တန်ရာသည်။ သို့သော် ယခုအခါထိုနေရာသည် အုတ်ပုံအတိဖြစ်လျက်။ “အခု ကျုပ်တို့ရွာမှာ ပညာရေးလည်း မရှိတော့ဘူး။ ဘာသာရေးလည်း မရှိတော့ဘူး။ သင်္ကြန်တွင်း သီလယူချင်တာတောင် ဟိုး အဝေးက ကိုယ်တော်တွေ သွားပင့်ရတယ်။ ဘုရားနားမှာ တဲလေးထိုးပြီး နာရတာပေါ့။”

    “အရင်တုန်းကတော့ ကြောက်တတ်တယ်။ ဒါပေမယ့် ကျုပ်သေပစေ၊ ဒီမြေကို မပေးဘူးလို့ တွေးပြီး ကတည်းက ဘာလာလာ မကြောက်တော့ဘူး။ တစ်ခုခုဆို ကျုပ်တို့အထဲက ကြုံတဲ့လူ ထွက်ပြောတာပဲ။ ဘာဇာတ်မှလည်း တိုက်စရာ မလိုဘူး။ အားလုံးက ဖြစ်ရပ်မှန်။ ပြီးတော့ ရင်ထဲကလာတဲ့ အသံတွေချည်းပဲ။ ပိုပြီးလည်း စည်းလုံးလာတယ်။ နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် တစ်ခုခု အသံကြားတာနဲ့ အိမ်တိုင်းက အကုန်ထွက်ကြတာပဲ။ ဘယ်အချိန် ဘာဖြစ်လာမယ်မှန်း မသိတော့လေ။ အမြဲတန်း သတိနဲ့ နေနေရတယ်။ သူတို့ကလည်း လစ်ရင်လစ်သလို ပြန်စချင်နေတာ။ လူကြီးတွေကတော့ ကတိတည်ပါတယ်။ တောင်းဆိုထားလို့ မြေထပ်မပုံစေရဘူးဆို တကယ်မပုံဘူး။ ဒါပေမယ့် ဒီစီမံကိန်းကြီး အဆုံးသတ်လို့ လွတ်လွတ်လပ်လပ် နားရမယ့်ရက်ကို ရောက်ချင်ပါပြီ။”

    သူမတို့က အရိုးခံသက်သက်။ ပရိယာယ်မကြွယ်။ ဟိတ်ဟန်မများ။ ဥပမာ နှိုင်းရလျှင် ခါချဉ်ကောင် များ။ သို့သော် ဤခါချဉ်ကောင်များက တောင်ကြီးကို ဖြိုမည့်ခါချဉ်ကောင်များမဟုတ်။ တောင်ကြီးကို ကာကွယ်မည့် ခါချဉ်ကောင်များ။ အားမတန်သော်လည်း မာန်မလျော့သော ခါချဉ်ကောင်များ။ သီချင်းထဲကနှင့် တူညီသည်က တစ်ချက်သာ ရှိသည်။ အားမာန်တင်းပေမယ့် အခင်းမလှနိုင်ရှာပေ – ဆိုသော အချက်။ သူမအပါအဝင် လူနည်းစုတို့ ရှေ့ဆက်လှမ်းနေကြပါသေးသည်။ ဒီဝန်ကို ဘယ်သူ ကူထမ်းကြပါမည်နည်း။ သူမရွာမို့ သူမနှင့်သာဆိုင်သည်ဟု သင်ရဲရဲဆိုဝံ့ပါသလား။ မနက်ဖြန်တွင် ရေးမည့် သမိုင်းသည် သင့်အဖြေပင် ဖြစ်ပါသည်။

    လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်သော
    ဝက်မှေးရွာမှ ရင်ထဲက စကားသံများ

    အစပိုင်းမှာ ဌာနဆိုင်ရာကနေတဆင့် ဒီရွှေ့ခိုင်းတဲ့ ကန်တော၊ ဝက်မှေး၊ ဆည်တဲနဲ့ ဇီးတောရွာ လေးရွာကို မူလတန်းကျောင်းသားလေးတွေအတွက် ပညာရေးနဲ့ ကျန်းမာရေး ရန်ပုံငွေဆိုပြီး သိန်း(၅၀) ချပေးတယ်။ ဆားလင်းမှာ ခေါ်ပေးတာပေါ့။ ဝက်မှေးရွာကတော့ ငွေလည်း မယူခဲ့ဘူး။ လက်မှတ်လည်း မထိုးခဲ့ဘူး။ ငွေယူရင် လက်မှတ်ထိုးရမှာကိုး။ ကိုယ်က ရွှေ့ပေးဖို့ သဘောတူသလို ဖြစ်သွားမှာ။

    အခု ကျုပ်တို့ရွာမှာ ဘုန်းကြီး မရှိဘူး။ ကျုပ်တို့ရွာကျောင်းဘုန်းကြီးက အစကတော့

  • နေဝန်းနီ

    April 23, 2012 at 10:06 pm

    အခု ကျုပ်တို့ရွာမှာ ဘုန်းကြီး မရှိဘူး။ ကျုပ်တို့ရွာကျောင်းဘုန်းကြီးက အစကတော့ ဒီကျောင်းတိုင် ဖက်ပြီး အသေခံမယ်လို့ မိန့်တာပဲ။ ပြီးမှ သိန်းငါးဆယ်၊ ဖုန်းတလုံး၊ ဆိုင်ကယ်တစ်စီး လှူပြီးပင့်တော့ ကြွသွားတာလေ။ ကျောင်းကိုလည်း အခွင့်မရှိဘဲ ဘယ်ဘုန်းကြီးမှ သတင်းမသုံးရဆိုပြီး ချိပ်ပိတ်သွားတာပဲ။ ဘုန်းကြီးမရှိရင် ရွာတွေ မနေနိုင်ဘူးလို့ သူတို့က ယူဆတာကိုး။ ကျုပ်တို့ရွာနဲ့ ကန်တောက ဘုန်းကြီးတွေ ကိုတော့ သူတို့ပင့်လို့ရတယ်။ ဟိုဘက် ဆည်တဲနဲ့ ဇီးတောကတော့ တစ်ပါးမှ မကြွဘူး။ သူတို့ရွှေ့ခိုင်းတဲ့ နေရာတွေက အပြင်ပန်းတော့ အဖြစ်ပေါ့။ တကယ်တန်းတော့ ခရမ်းချဉ်သီးသေတ္တာကမှ ပိုခိုင်ခန့်ဦးမယ်။

    ကျုပ်တို့သိထားတာက လူ့အခွင့်အရေးကြေငြာစာတမ်းမှာလေ။ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းက နိုင်ငံတော်အကျိုးစီးပွားအတွက်ဆိုရင် ပြည်သူတွေက နေရာဖယ်ပေးရမယ်။ ကုမ္မဏီနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွား အတွက်ဆို ဖယ်ပေးစရာမလိုဘူး။ ၁၉၇၈ ခုနှစ် မြေယာတွေ သတ်မှတ်တော့ သတ္တုတွင်း ဝန်ကြီးနဲ့ သစ်တောဝန်ကြီးက မြေတွေတိုင်းပြီး စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုတွင်းအတွက် မြေသတ်မှတ်ပေးခဲ့တာ။ နိုင်ငံအတွက် သိမ်းတာဆိုတာ အားလုံးက ကြည်ကြည်ဖြူဖြူပါပဲ။ အခုဟာက ဘာရယ်လို့ကို ဂဃနဏ မသိရဘဲ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနဲ့ လုပ်နေကြလို့ပါ။

    ဒီတောင်ကြီးကိုလည်း အဲဒီ ၁၉၇၀-၈ဝ ယူဂိုတွေနဲ့ တွဲလုပ်စဉ်အတည်းက လာကြည့်၊ စမ်းသပ်နဲ့ လုပ်နေကြတာ။ အိုင်ဗင်ဟိုး လက်ထက်မှာလည်း ဒီလိုပဲ။ သူတို့လည်း သူတို့အလုပ်လုပ်။ ကျုပ်တို့လည်း ကျုပ်တို့အလုပ်လုပ်ပေါ့။ အားလုံးစည်းကမ်းရှိရှိ၊ သေသေဝပ်ဝပ်ပေါ့။ သူ့စည်း၊ ကိုယ့်စည်းနဲ့ပေါ့။ သူတို့တွေ ရောက်လာတဲ့အချိန်ကျမှပဲ အားလုံး ဒုက္ခရောက်ကြတော့တာ။ တစ်ချိန်မှာ ဒီလက်ပံတောင်းတောင်ကြီးကို ဟိုဘက်က စံပယ်တောင်နဲ့ ကြေးစင်တောင်လိုပဲ ကြေးနီတူးမယ် ဆိုတာ ကျုပ်တို့နယ်က တွက်ပြီးသားပါ။ အခုဟာက ကျုပ်တို့ကို ဘာမှမပြော၊ ဘယ်သူကမှ လာအသိမပေးဘဲ ကျုပ်တို့သီးနှံစိုက်ထားတဲ့ မြေတွေပေါ်မှာ ကားတွေဖြတ်တယ်။ စက်တွေလာထိုင်တယ်။ ကျုပ်တို့ မေးလည်း သူတို့က ဗမာလိုလည်း ပြောတတ်တာမဟုတ်။ ထားတော့။ ကျုပ်တို့ မပြောသေးဘူး။ အခုဟာက မြေလာပုံတာဗျ။

    ဟိုတလောက ဟိုဘက်သတ္တုတွင်းနားက ရွာသာရွာမှာလည်း မြေပုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတက်သေးတယ်။ ပြောင်းခင်းစိမ်းစိမ်းစိုစိုကြီးထဲကို မြေတွေ လာပုံတာလေ။ သူတို့ အကြီးအကဲနဲ့ ခေါ်ရှင်းတော့ နောက်မပုံစေရပါဘူးဆိုပြီး ညကျ ပြန်ခိုးပုံတယ်။ ရွာသားတွေက စုပြီး လိုက်ရော။ နောက် နိုင်ငံတော်သမ္မတရုံးကလူ လာရှင်းပေးရတယ်။ အဲဒီနောက်ပိုင်း မြေမပုံတော့ဘူး။ ချောင်းဦးက လွှတ်တော် ကိုယ်စားလှယ် ကူညီဖြေရှင်းပေးတာ။ အခု ဒီရွာက လူတွေကျ ကူညီမယ့်လူ မရှိဘူး။ ကိုယ့်ဘာသာ ချနေရတာ။ ကိုယ့်ဆားလင်းကြီးက လွှတ်တော်အမတ်က သတ္တုတွင်းက ညွှန်ကြားရေးမှူးဟောင်းတဲ့။ ဒါပေမယ့် လာလည်းမလာဘူး။ ဘာမှလည်း မလုပ်ဘူး။

    တကယ်တန်းတွက်ကြည့်ရင် ဖိုးဝင်းတောင်က မြစ်ဖျားခံလာတဲ့ ချောင်းက လက်ပံတောင်းတောင် ဘေးက ပတ်ပြီး ဒီရွာတွေ ဘေးကနေတဆင့် ရွှေလှေတံတားကနေ ချင်းတွင်းမြစ်ဘက်ကို ပွင့်တာ။ မတော်လို့ ဒီစီမံကိန်းများ အကောင်အထည်ပေါ်ခဲ့ပြီး တခုခု ချွတ်ချော်ခဲ့ရင် ဒီဘက်တစ်ကြောက ရွာတွေအားလုံး မလွတ်ဘူး။ အက်စစ်ရေဖုံးတဲ့မြေဆိုတာ တစ်သက်လုံး အဆုံးပဲ။ ကံကုန်းရွာက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီလို ကြုံခဲ့ရပြီးပြီ။ နောက်ထပ်ဘယ်ရွာ၊ ဘယ်မြေကိုမှ ထပ်အဖြစ်မခံနိုင်ဘူး။ ရှင်းရှင်းပြောရရင် ဒီမြေမှာ မြေလာပုံမှာလောက်ကိုတောင်မှပဲ လက်သင့်မခံနိုင်တာ။ ဒီသတ္တုတွင်းမြေ တွေက တစ်ခါပုံလိုက်ပြီးရင် ပြန်ဖော်သုံးလို့လည်း မရတော့ဘူး။ မြေသေဖြစ်သွားတော့တာ။

    မီဒီယာတွေကိုလည်း အားကိုးပါတယ်။ ကျုပ်တို့လည်း အားကိုးရှာရတာပေါ့လေ။ ဥပဒေ နားလည် တဲ့ လူကလည်း ဥပဒေပိုင်းပေါ့။ ဒါပေမယ့် ပေါက်ပေါက်မြောက်မြောက် ဖြစ်ဖို့ကတော့ မီဒီယာကို အားပြုရ မှာပဲ။ eleven journal မှာလည်း ဝက်မှေးရွာအကြောင်းကို ထည့်ပေးဖူးတယ်။ တခြား ပြည်တွင်း၊ ပြင်ပ တချို့အဖွဲ့တွေကလည်း သတင်းတွေ ထည့်ပေးနေတာ ရှိပါတယ်။ ကြိုကြားကြိုကြားပေါ့။ အားလုံးက သတိထားမိစေချင်တာပါ။ အကူအညီတွေရချင်တာပါ။ ဘယ်လိုရှေ့ဆက်သင့်တယ်ဆိုတာ သိချင်တာပါ။

    မမီးငယ် – ဒေသံခံတွေနဲ ့ကိုယ်တိုင်သွားရောက်တွေ ့ဆုံမေးမြန်းပြီး ရေးသားပေးပို ့ထားတာပါ။

    Sent at 9:16 PM on Monday
    http://www.thithtoolwin.com/2012/04/blog-post_3517.html

    လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ ပဲ ့တင်သံ

    • Swal Taw Ywet

      April 23, 2012 at 10:29 pm

      Dear Brother နေဝန်းနီ,
      Your comments are very important for the people.
      If you can, Please post it by your name ( I believed that you will credit to main web sites ).
      If it is standing as a post, we can easily read and write comments.
      If any one from government see it, it can change the condition.
      Please support to find the truth and fairness.

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • Patriotic Burma

    April 24, 2012 at 12:22 am

    I’d like to make the same the same suggestion as Swal Taw Ywet<Yeah, right.The government said the people live in country-side are now getting better than they were a long time ago.But it's not true.The most important thing Brother နေဝန်းနီ,u should post that comment.So that we can comment on that.

Leave a Reply