2000 Group ( B -10 ) မှတ်စု (၃၆) မေတ္တာ by May Aye Oo

Swal Taw YwetApril 23, 20121min1091

In these days, Weather is Hot. In Mandalay Gazette also Hot.

So Please let me share loving kindness of our MG Villager ( Daw May Aye Oo )’s  မေတ္တာ  .

Please read it carefully and repeatedly.

With respect,

Swal Taw Ywet.

မှတ်စု (၃၆) by May Aye Oo on Monday, April 23, 2012 at 10:26am ·

 

The smile on my face doesn’t mean my life is perfect,

it means I appreciate what I have … ! 

သားလေးကို ရင်ထဲက သတိတရ ရှိနေတာ..  ခုတလော .. အချိန်တိုင်းလို ဖြစ်နေလို့ ဒီစာလေးကို ရေးဖြစ်တာပါ..။ 

ဒီစာလေးကို ရေးရင်း ရင်ထဲမှာ အေးချမ်းတဲ့ မေတ္တာ ရဲ့ ခံစားမှုလေးကို .. ကြည်နူးနေမိပါတယ်..

ဆရာတော် ဦးဇောတိက ရဲ့ “ဝေဒနာနုပဿနာတရားတော်” ထဲမှာ ပြောထားတာ.. ဘုရားရှင်လက်ထက်က “နကုလ ပိတာ” နဲ့ “နကုလ မာတာ” ဆိုတဲ့ အဘိုးအို၊ အဖွားအို လင်မယား ရှိသတဲ့..။ “နကုလရဲ့ အဖေ” နဲ့ “နကုလ ရဲ့ အမေ” ဆိုပါတော့..။ သူတို့ နှစ်ဦးဟာ .. အိုမင်းကြတဲ့ အထိ တစ်ဦးကို တစ်ဦး သိပ်ချစ်ကြတယ်.. ဆိုဘဲ..။ နကုလပိတာ ကလဲ ဘဝဆက်တိုင်းမှာ နကုလမာတာ နဲ့ဘဲ ရေစက်ဆုံချင်ပါသတဲ့..။ အဲသလိုဘဲ .. နကုလမာတာ ကလဲ ဘဝဆက်တိုင်းမှာ နကုလပိတာနဲ့ဘဲ ရေစက်ဆုံချင် တာဘဲ.. တဲ့..။ အခြား တစ်ပါးသောသူကို စိတ်တောင် မကူးပါဘူး.. တဲ့..။ (ကျမ မှာတော့ အဲသလို ရေစက်ဆုံချင်တဲ့ ခံစားချက်မျိုး မရှိပါ..) တစ်သက်လုံး သားတွေကို ကိုယ်ဘဲ အဖေ၊ ကိုယ်ဘဲ အမေ ဘဝ နဲ့ အရာရာ ကြိုးစားပေးခဲ့ရတာမို့ .. “တရားအသိ” နဲ့ “ပညာ” အတွက်က လွဲရင် Depend .. ဆိုတဲ့ စကားလုံးနဲ့ သူစိမ်းယောကျင်္ားတစ်ဦးဦး ကို မှီခိုလိုက်ချင်တဲ့ ခံစားချက်တွေက ကျမမှာ သိပ်ကို ရှားပါးပါတယ်..။

အဲဒီ နကုလပိတာ နဲ့ နကုလမာတာ ဆိုတဲ့ အဘိုးအို၊ အဖွားအို လင်မယားဟာ မြတ်စွာဘုရား ကို မြင်မြင်ချင်းဘဲ သားအရင်းကဲ့သို့ အလွန်ချစ်မြတ်နိုးပါသတဲ့ ..။ ဒါကြောင့် မြတ်စွာဘုရားကို ဘုရားကဲ့သို့လည်း ကြည်ညိုဆည်းကပ်..၊ “သား” ကဲ့သို့လည်း ချစ်မြတ်နိုးလှပါသတဲ့..။ မြတ်စွာဘုရားကိုလဲ “သား”  လို့ဘဲ ခေါ်ပါသတဲ့ ..။ ဒါဟာ .. ဘဝပေါင်း များစွာ.. သားအဖြစ် တော်စပ်ခဲ့ကြလို့ပါ.. တဲ့..။

နကုလပိတာ နဲ့ နကုလမာတာ တို့ လင်မယား အဖြစ်နဲ့ မြတ်စွာဘုရားကို သားအဖြစ်တော်စပ်ခဲ့ရတာ .. ဘဝပေါင်း ၅၀၀၊ နကုလပိတာ က တခြား အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး မြတ်စွာဘုရားကို သားအဖြစ်တော်စပ်ခဲ့ရတာ .. ဘဝ ပေါင်း ၅၀၀၊ နကုလမာတာ က တခြား အမျိုးသား နဲ့ အိမ်ထောင်ကျပြီး မြတ်စွာဘုရားကို သားအဖြစ်တော်စပ်ခဲ့ရတာ က ဘဝ ပေါင်း ၅၀၀၊ အဲသလို ဘဝပေါင်းများစွာ သားအဖြစ်တော်စပ်ခဲ့ဖူးတော့..၊ ဒီဘဝမှာလဲ.. တွေ့တာနဲ့ “သား” တည်း ဟူသော ချစ်ခြင်း နဲ့ အလွန်ချစ်မြတ်နိုးပါသတဲ့..။ ဘဝ၊ ဘဝ က ချစ်ခဲ့ရတဲ့ အရှိန်က မကုန်နိုင်ဘဲကိုး .. တဲ့..။ ဒါကြောင့် အခုဘဝ မှာ သားအရင်း မဟုတ်သော်လည်း၊ သားအရင်းကဲ့သို့ ချစ်ပါသတဲ့..။

ကျမလဲ.. ကျမရဲ့ volunteer သားတွေ၊ သမီးတွေကို ရင်ထဲ က လှိုက်လှိုက်လှဲလှဲ သား လို၊ သမီးလို ချစ်ပြီး အမြဲ သတိရ နေတတ်ပါတယ်..။ တစ်ခါတစ်လေ လဲ ထူးထူးခြားခြား တစ်ဦးတစ်လေ ကို အရမ်းသတိရနေတတ်ပါတယ်..။ သတိရတဲ့ အခါတိုင်းမှာ ကျမက “ကျန်းမာပါစေ၊ ချမ်းသာပါစေ..” လို့ ချည်းဘဲ တွင်တွင် မေတ္တာပို့နေမိပါတယ်..။

ဒီလို အခါမှာ ကျမ စဉ်းစားမိပါတယ်..။ ဘာလို့ အဲသလို အရမ်း လွမ်းလွမ်းဆွတ်ဆွတ် သတိရနေမိသလဲ.. လို့ ..။ အဲဒီအခါမှာ ကျမက အခုနက ရေးခဲ့ သလိုဘဲ.. အော် ဘဝ၊ ဘဝ တွေ တော်တော် များများမှာ .. သား အဖြစ် တော်စပ်ခဲ့ ဘူးတယ်.. ဖြစ်မယ်.. လို့..။ ဒါကြောင့်လဲ .. သိကျွမ်းရတာနဲ့ ကိုဘဲ ရင်ထဲမှာ သားကလေးတစ်ယောက် ကောက်ရ သလို ခံစားမိတာကိုး..။

ကျမက အဲသလို သတိတွေ ရနေပေမဲ့ .. သူတို့ကတော့ သတိရချင်မှ ရမှာပေါ့လေ..။ ဘာလို့လဲ.. ဆိုတော့ မိဘ နဲ့ သားသမီး မေတ္တာ.. ဆိုတာ.. “စုန်ရေ..” ကိုး..။ “မေတ္တာ..” ဆိုတာ “ရေ” .. လိုဘဲ မြင့်ရာက နိမ့်ရာ ကို စီး စမြဲမို့. ..၊ သူတို့ က ကျမကို သတိရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ..၊ သူတို့ရင်ထဲမှာ “ကျမ” .. ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ..၊ ကျမကတော့ ကျမ ပေးနိုင်သလောက် မနောကံမေတ္တာ ၊ ဝစီကံမေတ္တာ နဲ့ ကာယကံမေတ္တာ တွေကို ပေးမိပါတယ်..။

မေတ္တာ ရဲ့ သဘောက အအေးဓါတ်မို့ ကျမရဲ့ မေတ္တာဓါတ်ကြောင့် ကျမသားကလေးတွေ၊ သမီးကလေးတွေ  အေးချမ်းပါစေ..၊ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ..။

မေတ္တာ ရဲ့ လုံခြုံနွေးထွေးစေမှု ကတော့ ကျမ နဲ့ ကျမသားကြီးကြားမှာတော့ လက်တွေ့ပါဘဲ..။ လွန်ခဲ့တဲ့ ရ နှစ်လောက် က တစ်ညမှာ သားကြီးက ည ၁၁ နာရီကျော်ထိ အိမ်ပြန်မရောက်သေးတော့ ကျမက ဒီလောက်မိုးချုပ်ပြီ ပြန်မလာရ  ကောင်းလားလို့ စိတ်တိုလာပါတယ်..။ အိမ်ရဲ့ ဝရံတာ ကို ထွက်မျှော်မိတော့ ကျမအိမ်က ဗိုလ်ချုပ်လမ်းမ ပေါ် ရ လွှာ မှာမို့ ဝရံတာ ထွက်လိုက်တာနဲ့ ရွှေတိဂုံဘုရားကြီးက ရွှေရောင်တွေဝင်းပြီး သပ္ပါယ်နေတာပေါ့..။ ကျမလဲ စိတ်တိုနေတာနဲ့ စာရင်..၊ သားကြီး ဘာကြောင့်နောက်ကျနေလဲ မသိ ..၊ တစ်ခုခုများဖြစ်နေသလား.. စိတ်လဲပူမိရင်း..၊ ဘယ်ကိုဘဲ ရောက်နေနေ၊ ဘာတွေဘဲ ဖြစ်နေနေ အန္တရာယ်ကင်းပါစေ.. လို့ မေတ္တာပို့နေလိုက်ပါတယ်..။ ည သန်းခေါင်လောက်မှာ သားကြီးပြန်ရောက်လာပါတယ်..။ ကျမက သားရယ်.. ဘာလို့နောက်ကျနေတာလဲ..။ မေမေစိတ်ပူလို့ မေတ္တာပို့ပေး နေတာ.. လို့ပြောတော့..၊ သားကြီးက မေမေ ဘယ်အချိန်က စ, မေတ္တာ ပို့နေတာလဲ.. တဲ့။ ၁၁ နာရီ ခွဲလောက်ကပေါ့.. သား..။ ဆိုတော့.. မေမေရေ.. သားက အဲဒီအချိန်မှာ မြောက်ဥက္ကလာ ရေဝေးနား ကို ရောက်နေတာ..၊ မှောင်မဲနေပြီး.. ဘတ်စကားတွေလဲ မရှိတော့ဘူး..။ သားလဲ ဘယ်လိုပြန်ရမလဲ စိတ်ပူနေတုံး.. Taxi တစ်စီး က သားနားလာရပ်တယ်..။ ဘယ်ကရောက်လာလဲ မမြင်လိုက်ဘူး မေမေ.. သိလား..။ အဲဒီ Taxi နဲ့ ပြန်လာတာ..။ မေမေ မေတ္တာ ပို့ပေးလိုက်လို့ သားပြန်ရောက်လာတာ.. လို့ ပြောရှာပါတယ်..။ သူက အမေတူသားမို့ သူများကို အင်မတန်ကူညီတတ်ပါတယ်..။ သူများကို ကူညီရင်း.. သူ နောက်ကျနေတာလေ..။

ဒါကြောင့်လဲ ကျမက နောက်ဆိုရင်…. သတိရတိုင်း၊ စိတ်ပူတိုင်း မေတ္တာပို့ပေးပြီး စိတ်ချ လက်ချ အိပ်တော့တာပေါ့..။

ဒီဘဝ မှာ အခုလို အမျိုး၊ ဘာသာ၊ သာသနာ အတွက် နဲ့ လူမှုရေး အလုပ်တွေ လုပ်တဲ့ အခါ .. volunteer သားတွေ၊ သမီးတွေ၊ အလှူရှင် သားတွေ၊ သမီးတွေ၊ (မောင်တွေ၊ ညီမတွေ) အများကြီး ရလာပါတယ်..။ ဒီကလေးတွေဟာ.. ဘဝ၊ ဘဝ က ကျမရဲ့ သားသမီးတွေ (မောင်တွေ၊ ညီမတွေ)  ဖြစ်ခဲ့ကြတယ်.. နဲ့တူပါရဲ့..။ တခါတလေ အဝေးက donor သားတွေ၊ သမီးတွေ (မောင်တွေ၊ ညီမတွေ) ကိုလဲ မမြင်ဘူးဘဲနဲ့ကို ရင်ထဲက အလိုလို ချစ်နေမိတာ ..။ အခုလို သားတွေ၊ သမီးတွေ နဲ့ ပြန်ဆုံတွေ့ရတာ.. အရမ်းကို ဝမ်းသာရပါတယ်..။ တွေ့ဆုံကြရတာ ကလဲ ကုသိုလ်ကောင်းမှု ပြုကြရဖို့ တွေ့ရတာ.. ဆိုတော့ ..၊ ကောင်းသော တွေ့ဆုံခြင်းပေါ့.. ကွယ်..။

အခု ဘဝ မှာ ကုသိုလ်တွေ အတူပြုကြရတာမို့ နောင်လဲ နိဗ္ဗာန် မရောက်မှီ ကြားဘဝတွေ မှာလဲ.. အခုလိုဘဲ.. ကောင်းသော တွေ့ဆုံခြင်းမျိုးတွေ နဲ့ ကြုံကြ၊ ဆုံကြ၊ တစ်ဦး နဲ့ တစ်ဦး ပါရမီတွေ ဖြည့်ကြရပြီး အေးချမ်းတဲ့ မေတ္တာတွေ နဲ့ လွှမ်းခြုံနေကြရမှာပါ.. သားတို့ သမီးတို့ရေ…။

ခုလဲ သားလေးကို သတိရနေတော့ နကုလပိတာ နဲ့ နကုလမာတာ တို့ အကြောင်းတွေးမိ၊ အဲလိုတွေးမိတော့ .. အော်.. ဒီအကြောင်းကို ဆရာတော် ဦးဇောတိက ရဲ့ “ဝေဒနာနုပဿနာတရားတော်” ထဲမှာ ပြောထားတာဘဲ.. ဆိုပြီး ဆရာတော် ဦးဇောတိက ရဲ့ တရားတော် ကို ပြန်နာဖြစ်တယ်..။ အဲဒီက ဆက်ပြီးတော့ .. တရားတွေ တစ်ပုဒ်ပြီး တစ်ပုဒ် နာဖြစ်သွား ရော၊ ဆရာတော်ဦးဇောတိက ရဲ့ တရားတွေက သတိပဌန်ကိုဘဲ Targetထား ဟောတာမို့ တရားတွေနာရင်း သတိလေး နဲ့ နေဖြစ်သွားရောလေ..။ ဒါကြောင့် သားကလေးကိုသတိရမိတာကို အကြောင်းပြုပြီး ကုသိုလ်တွေပိုရ၊ အသိတွေ ပိုတိုးသွားတာပေါ့..။

သားတို့ သမီးတို့လည်း မေမေ့ကို အကြောင်းပြုပြီး ကုသိုလ်ကောင်းမှုတွေ ပိုလုပ်ဖြစ်၊ အသိဉာဏ်တွေ ပို .. ပို တိုးတက်နိုင်ပါစေ..ကွယ်..။

မေမေ့ရဲ့ ဘဝ အဆက်ဆက်က ယနေ့ထိ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ အားလုံး အတွက် အမျှပေးပါတယ်.. ကုသိုလ် တူမျှမှ ဘဝ၊ ဘဝ တွေ မှာ ဆုံကြရမှာ မို့ သာဓု ခေါ်ကြနော်..။

အမျှ ..၊ အမျှ ..၊ အမျှ ..၊

သာ..ဓု…။ သာ..ဓု…။ သာ..ဓု…။

 

ရင်မှ မေတ္တာ များစွာဖြင့်…

(၁၂-ဧပြီလ-၂၀၁၂)

မေမေ (မေအေးဦး)

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

One comment

  • Moe Z

    April 24, 2012 at 12:45 pm

    အန်တီမေအေးဦးနဲ့ 2000 group member များအားလုံးလည်း ကျန်းမာချမ်းသာကြပါစေ ..
    အလုပ်တွေလည်း ရှေ့လျှောက် ဒီထက်မကအောင်မြင်ပြီး အားငယ်သူများကို လက်တွဲခေါ်နိုင်ပါစေ
    အဲ .. မေ့တော့မလို့ သဂျီးမင်းလည်း ကျန်းမာချမ်းသာပါစေ :mrgreen:

Leave a Reply