ကြောက်စရာ ကောင်းသော လူ
တစ်စုံတစ်ဦးကို ကြောက်ရွံ့ဖူးသလားလို့မေးရင် ဟုတ်ကဲ့ လို့ဖြေလိုက်မိမှာပါပဲ။ ကြောက်ရွံ့ခြင်းတွေနဲ့ ကင်းဝေးတယ်လို့ပြောရင် ကျွန်တော်မယုံပါဘူး။ အားလုံးဟာ တစ်ခုမဟုတ် တစ်ခုတော့ ကြောက်ရွံ့ မိနေတတ်ကြပါလိမ့်မယ်။ ဘယ်လိုအရာမျိုးကို ကြောက်ရွံ့နေကြသလဲလို့မေးရင် တစ်ဦးနဲ့တစ်ဦး အဖြေတွေကတော့ တူညီနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ကြောက်သလား၊ ပိုးမွှားတိရိစာ္ဆန်တွေကို ကြောက်သလား၊ သက်မဲ့ အရာဝတ္ထုတွေကို ကြောက်နေသလား၊။ အဲဒီမေးခွန်းတွေထဲက အဖြေတစ်ခုခုကတော့ ကျွန်တော့်ဆီမှာ အဖြေတစ်ခုကတော့ မုချရှိနေပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော် လူတွေကိုကြောက်ပါတယ်။ လောကမှာ ကြောက်စရာအကောင်းဆုံးဟာ လူတွေပါပဲ။
အတ္တတွေကို တံခွန်ထူထားတဲ့လူတွေ။ အငြိုးကြီးတဲ့ လူတွေ။ လက်တုန့်ပြန်တတ်တဲ့ လူတွေ။ လက်စားချေတတ်တဲ့ လူတွေ။
လူတွေထဲက လူဖြစ်နေတဲ့ ကျွန်တော်က ဘာကြောင့်များ လူတွေကိုကြောက်နေရပါလိမ့်လို့ မေးခွန်းထုတ်လာခဲ့ရင် အဖြေဟာ ရှည်လျား ထွေပြားပါတယ်။ တစ်ဦးတစ်ယောက်တည်းဆိုတဲ့ အသိထက် လူတွေနဲ့ ရောနှော ပေါင်းသင်း ဆက်ဆံလာရင်းနဲ့ကို တစ်နေ့တစ်ခြား ကျွန်တော် ကြောက်ရွံ့လာရတဲ့အခါ လောကကြီးထဲမှာ နေစရာ မဲ့နေသလိုပါပဲ။
ငယ်ရွယ်စဉ်ကလေးဘဝကနေ သိတတ်တဲ့ အရွယ်ကစပြီး ကနေ့အထိ ပေါင်းသင်းဆက်ဆံလာတဲ့ မိတ်ဆွေတွေ များလှပါတယ်။ တစ်ချို့လည်း မေ့တေ့တေ့ရှိနေပြီး တစ်ချို့ကတော့ ကျွန်တော့်ဘဝရဲ့ မှတ်တိုင်တစ်ခုနည်းပါး အမှတ်ထင်ထင်ရှိနေဆဲပါ။ ရင်းနှီးပတ်သက်မှုအတိုင်းအတာတစ်ခုကိုပြပါဆိုရင် တစ်ချို့သော မိတ်ဆွေများဟာ မရှိမဖြစ်လိုအပ်နေပြီး တစ်ချို့သော မိတ်ဆွေများကတော့ လမ်းခုလပ်မှာ ပြတ်ကျန်ခဲ့တာတွေလည်း ရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆွေဆိုတာ အဖိုးမဖြတ်နိုင်တဲ့ တန်ဘိုးကြီးဖြစ်တည်မှု တစ်ခုပဲမဟုတ်လား။
ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာ အခိုက်အတန့်လေးပဲဖြစ်ဖြစ် ခင်မင်ခဲ့ရတဲ့ လူတွေဟာ ကျွန်တော်ရဲ့ မိတ်ဆွေကောင်းများပဲ ဖြစ်ခဲ့ပါတယ်။ ချွင်းချက်အနေနဲ့ စုန်းပြူး မိတ်ဆွေများကလွဲလို့ အတိုင်းထက်အလွန် သဘောကျစရာ မိတ်ဆွေတွေက ကျွန်တော့် ဘဝရဲ့ မြတ်သော ရတနာများပါပဲ။ လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေခြင်းထက် အပေါင်းအသင်းဖွဲ့ပြီးနေခြင်းက ပိုမိုသင့်တော်တာပါ။
အထီးကျန်ခြင်းဆိုတာ အဖော်မဲ့ခြင်းရဲ့ အဓိပ္ပါယ်သက်ရောက်မှု တစ်နည်းပါ။ အထီးကျန်ခြင်းကနေ ကင်းဝေးခဲ့တာကလည်း မိတ်ဆွေသူငယ်ချင်း ပေါများခြင်းကြောင့်ပဲဖြစ်တယ်။ လောကမှာ အကောင်းချည်းပဲ မရနိုင်သလို အဆိုးချည်းပဲလည်း မရနိုင်ပါဘူး။ မိတ်ဆွေကောင်း၊ မိတ်ဆွေဆိုးဆိုတာ ရောနှောနေတတ်တယ်ဆိုပေမယ့် ကြိုတင် သိနေနိုင်တာမျိုးမဟုတ်တော့ ပေါင်းသင်းလာနေရင်းနဲ့ပဲ အကောင်းအဆိုးကို ခွဲခြားရစမြဲပါ။ အဲဒီလို လူတွေနဲ့ ရောထွေးနေရင်းက ကျွန်တော်ကြောက်လာရတဲ့ လူတွေဟာ တစ်စထက် တစ်စ ပိုမိုများပြားလာပါတော့တယ်။
လူတွေ တော်တော်များများက ပွင့်လင်းမှုကို ကြိုက်နှစ်သက်ကြပါတယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ။
ပွင့်လင်းစွာ ဆက်ဆံတတ်ခြင်းရဲ့ နောက်ဆက်တွဲက အကောင်းဘက်ချည်းကလည်း မဟုတ်ပါဘူး။ နားလည်မှု လွဲချော်သွားတဲ့အခါ ဆိုးကျိုးတွေ တစ်ရံတစ်ခါ ရတတ်တာကလွဲလို့ ကောင်းတယ်လို့ ပြောလို့တော့ရပါတယ်။ မြိုသိပ်စွာ ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲ အကျိုးရလာဒ်ကတော့ များပြားလှတဲ့ ခံစားချက်ဝေဒနာတွေကိုသာ ထွေးပိုက်ရတတ်ပါတယ်။
မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ အတ္တကြီးရင် အထီးကျန်တတ်တယ်တဲ့။ မြိုသိပ်မှုရဲ့ နောက်ကွယ်မှာ အတ္တဟာ ပုန်းလျှိုး ကွယ်လျှိုးရှိနေတတ်တယ်။ အတ္တစိတ်ကြောင့်ပဲ တစ်ဦးနဲ့တစ်ဦး နားလည်မှုလွဲလာရတဲ့အခါ ကျွန်တော် မှားနေပြီလားလို့ သံသယတွေဖြစ်လာရပါတယ်။ အားလုံးမှန်တယ်လို့ ထင်ထားတဲ့ ကိစ္စများဟာ တစ်ကယ်တော့ မှားယွင်းစွာ လက်ခံထားတဲ့ အကြောင်းတွေ ဖြစ်နေတတ်တယ်။
မြိုသိပ်စွာ ထားတတ်တဲ့စိတ်တစ်ခုရဲ့နောက်မှာ လက်စားချေလိုမှုတွေကို ကျွန်တော်မသိခဲ့ဘူး။ အတုန့်အလှည့်ဆိုတာကို ကျွန်တော် မမျှော်လင့်ခဲ့ဖူးဘူး။ လူတွေဟာ ကိုယ်အသာစီးရနေတုန်းမှာ မသိလိုက် မသိဘာသာ နေတတ်ခဲ့ပေမယ့် ကိုယ်ပြန်လည် ခံစားလိုက်ရတဲ့အခါမှာတော့ နာကျည်းတတ်ကြတာ ဖြစ်မြဲ ဓမ္မတာတစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်လုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုဟာ တစ်ဖက်သားအတွက် ကြီးမားစွာ ထိခိုက်သွားတာမျိုး မဖြစ်စေချင်ခဲ့ပါဘူး။ အနည်းနဲ့အများ ကိုယ့်ကိုကိုယ် ဂရုတစိုက်နဲ့ ကျင့်ကြံနေမိပေမယ့် အမှားဆိုတာ လူတွေနဲ့ လက်ပွန်းတသီးရှိနေတတ်တာမို့ မှားယွင်းခဲ့ဖူးပါတယ်။ ကြီးကြီးမားမား ထိခိုက်သွားပါစေဆိုတဲ့ ရည်ရွယ်ချက်မျိုး မထားမိသော်လည်း တစ်ဖက်သားရဲ့ ခံယူချက်လွဲနေတတ်တဲ့ အခါမျိုးမှာ ဖြေရှင်းရခက်တဲ့ အနေအထားမျိုးကိုရောက်ခဲ့ဖူးတယ်။ အဲဒီ အနေအထားတစ်ခုကို ပြန်လည် တုန့်ပြန်လာတဲ့အခါ ကျွန်တော် တစ်စ တစ်စ နဲ့ လူတွေကိုကြောက်လာရခြင်းရဲ့ အဓိက အကြောင်းအရာဖြစ်လာရပါတော့တယ်။
မဖြစ်စလောက်လေးပါကွာ လို့ ဘယ်အရာမှကို လျှော့မတွက်ဖို့ သင်ခန်းစာတစ်ခုရခဲ့ဖူးတယ်။ အဲဒီ မဖြစ်စလောက်ကိစ္စလေးကပဲ ကျွန်တော်တို့ရဲ့ ရင်းနှီးလှပါတယ်ဆိုတဲ့ ဆက်ဆံရေးတွေကို သူစိမ်းဆန်စေတာပါ။ အပြန်အလှန် နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သူငယ်ချင်းဆိုတဲ့ အသိုက်အမြုံကလေးဟာ အက်ကြောင်းတွေနဲ့ ခိုင်မာမှုလျော့နည်းလာခဲ့တယ်။
စကားတစ်ခွန်းကြောင့် အက်ကြောင်းရာတွေနဲ့ သံသယတွေကို ဖြစ်တည်စေခဲ့တယ်။ သူ ငါ့ကို ဆိုတဲ့ စိတ်ထားကနေ ငါက သူ့ကို ဘယ်လိုဆိုတဲ့ လက်စားချေလိုမှုတွေ များလာတဲ့အခါမှာ ရင်းနှီးပတ်သက်ခဲ့ဖူးသော မိတ်ဆွေစိတ်ဆိုတာ ကွယ်ပျောက်တတ်ပါတယ်။ ဘယ်တုန်းက ဆိုတာထက် ဘယ်တော့လောက် ဆိုတဲ့ အကြောင်းအရာကိုတော့ ဦးတည်လာခဲ့ရင် ကျွန်တော်တို့ရဲ့စိတ်မှာ အတ္တတွေ ကြီးမားနေပြီဆိုတာ သိသင့်ပါပြီ။
ဘယ်တုန်းက ပြောခဲ့ဖူးမှန်းမသိတဲ့ စကားတစ်ခွန်းကို မထင်မှတ်တဲ့အချိန်မှာ ပြန်လည် အပြောခံရတာမျိုး။ ဘယ်တုန်းက လုပ်ခဲ့ဖူးမှန်းမသိတဲ့ လုပ်ရပ်မျိုးကို အထင်မှတ်တဲ့အချိန်မှာ ပြန်လည် ခံစားလိုက်ရတာမျိုး ကျွန်တော်တို့ ကြုံဖူးကြပါလိမ့်မယ်။
အဲဒီအခါမျိုးမှာ ကျွန်တော်တို့ ပြုလုပ်ခဲ့စဉ်တုန်းက တမင် ကြံရွယ်ပြီး အခံရခက်တဲ့ စကားမျိုးကိုပြောခဲ့တာလားဆိုတာ ပြန် စဉ်းစားဖို့လိုပါတယ်။ ပြုလုပ်ခဲ့ဖူးတဲ့ နာကျင်စေမှုမျိုးကလည်း ထိုနည်း လည်းကောင်းပါပဲ။ စိတ်သန့်သန့်နဲ့ ရည်ရွယ်လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ခဲ့ဖူးဆိုတာ စိတ်ထဲမှာ သေချာခဲ့ရင် လိပ်ပြာသန့်စွာ နဲ့ အဲဒီလို လုပ်ဆောင်လာတဲ့လူကို ရှင်းပြတတ်ဖို့ လိုပါတယ်။
အငြိုး ဆိုတာ ကြောက်ဖို့အလွန်ကောင်းတဲ့ စိတ်လို့ ထင်ပါတယ်။ အငြိုးတကြီးဆိုတဲ့ စကားစုကို ကျွန်တော်တို့ ရင်းနှီးဖူးပါတယ်။ လူတွေဟာ အရှုံးကို ကြောက်တတ်ကြပါတယ်။ အရှုံးဆိုတာ ပြန်လည် အောက်မေ့စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုမဟုတ်မှန်းလည်း သိကြတယ်။
အောင်မြင်ခဲ့တာတွေကိုပဲ ပြန်လည်ပြောပြ ဂုဏ်ယူတတ်ကြတာက များပါတယ်။ ကိုယ်ခံလိုက်ရတာကို မှတ်ထားပြီး နောင်တစ်ချိန်မှာ ငါ့လို သူ့ပြန်ခံစားရအောင်လုပ်မယ်ဆိုတဲ့ စိတ်ရိုင်းဝင်လာပြီဆိုရင် အမြန်ဆုံး ပြုပြင်လိုက်ပါ။ ကိုယ့်ကို လူတွေ ကြောက်လာအောင် လုပ်မလား။ ကိုယ့်ကို လူတွေ ချစ်လာအောင်လုပ်မလား။ ရွေးချယ်စရာ နှစ်ခုထဲက တစ်ခုကိုရွေးပါဆိုရင် အဖြေဟာ ဘယ်လိုဖြစ်လာမှာပါလဲ။
ကျွန်တော် လူတွေကိုကြောက်လာပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုလည်း ကြောက်လာပါတယ်။ ကျွန်တော် အမှားတွေ လုပ်နေမိခဲ့မယ်။ လုပ်ခဲ့ဖူးမယ်။ မသိခြင်းရဲ့ လုပ်ရပ်တစ်ချို့လည်း ရှိခဲ့ဖူးတယ်။ အဲဒီ အကျိုးရလာဒ်တွေက မျက်ဝန်းတွေဆီကနေတဆင့် တစ်ချို့လူတွေ ဖော်ပြနေကြတယ်။တစ်ချို့က လုပ်ရပ်တစ်ချို့နဲ့ ဖော်ပြကြတယ်။ တစ်ချို့ စကားတစ်ခွန်းနဲ့ ပြန်လည် အမှတ်ရစေတယ်။ သေချာတာက ကျွန်တော် တမင်ရည်ရွယ်ပြီး လုပ်ခဲ့သော လုပ်ရပ်တွေ မဟုတ်ဘူးဆိုတာ အမှန်တရားပါ။ အတ္တကြီးတဲ့ လူတွေပီပီ အဲဒီ အဖြေကို ကျေနပ်ရောင့်ရဲလိမ့်မယ်လို့တော့ ကျွန်တော်လည်း မထင်ထားပါဘူး။
လူတွေကို ကြောက်ရွံ့နေရင်းကပဲ ပြောလာမယ့် စကားတွေကို နားထောင်တတ်ဖို့၊ လက်တုန့်ပြန်မှုကို ခံယူတတ်ဖို့၊ အငြိုးတကြီး တုန့်ပြန်မှုတွေကို ကျေကျေနပ်နပ် ခံယူတတ်ဖို့ ကျွန်တော် ကြိုးစားနေပါတယ်။
တကယ်တော့ ကျွန်တော့်ကိုယ် ကျွန်တော် လည်း ပိုပို ကြောက်ရွံ့လာ မိနေတာ သေချာနေပါတယ်။
သော်ဇင်(လွိုင်ကော်)
Date-28th-April-2012
Time-9:50Pm
4 comments
Gipsy
May 6, 2012 at 10:07 pm
ကျုပ်လဲ ကြောက်တယ်ဗျ.. ဘာကိုကြောက်ရမှန်းမသိပေမဲ့..
ကြောက်တာတော့ အမှန်..
တခါတခါ ကိုယ့်ကိုကိုယ်လဲ ကြောက်မိပါရဲ့…
အကြောက်လွန်ပြီး ကြောက်ကြောင်ကြောင် ဖြစ်နေသလားပဲ….။
ဦးဦးပါလေရာ
May 6, 2012 at 10:59 pm
သတ္တဝါတွေထဲမှာဖြင့်…
ကိုယ့်ကို ဒုက္ခ အပေးနိုင်ဆုံးဟာ လူ ပါပဲ။
ကိုယ့်ကို အနှိပ်စက်နိုင်ဆုံးဟာလဲ လူ ပါပဲ။
ကိုယ့်ကို စိတ်အဆင်းရဲစေနိုင်ဆုံးဟာလဲ လူ ပါပဲ။
ကိုယ့်ကို ချမ်းသာသုခတွေ ဆောင်ကျဉ်းပေးနိုင်ဆုံးကလဲ လူ ပါပဲ။
ကိုယ့်ကို ဖေးမကူညီစောင့်ရှောက်နိုင်ဆုံးကလဲ လူ ပါပဲ။
ကိုယ့်ကို ပျော်ရွှင်ချမ်းမြေ့စေနိုင်ဆုံးကလဲ လူ ပါပဲ။
ပြီးတော့ ကိုယ့်ကိုယ်ကို ကိုယ့်ဆန္ဒအတိုင်း အပြုပြင်နိုင်ဆုံးသတ္တဝါဟာလဲ လူ ပါပဲ…။
HM S
May 7, 2012 at 10:25 am
ဘယ်လောက်ပဲကြောက်စရာကောင်းကောင်း လူဆိုတာ အပောင်းအသင်းနဲ့ပဲနေတတ်တာဆိုတော့ လူအချင်းချင်း ပောင်းသင်းဆက်ဆံမှုဟာ ရှိနေအုံးမှာပါပဲ။ အဲဒီတော့ ကိုယ်နဲ့တွေ့တဲ့ လူတိုင်းကို တတ်နှိုင်သလောက် စိတ်ထားကောင်းကောင်းနဲ့ ပြောဆိုဆက်ဆံ ကူညီလုပ်ကိုင်ပေးတာ အကောင်းဆုံးပါပဲ။ အဲဒါမှလက်မခံတဲ့လူဆိုရင်လဲ ဘုရားရှင်ဟောထားသလိုပဲ သူ့ထိုက်နဲ့သူ့ကံပဲ ထားလိုက်ရတော့မှာပဲပေါ့။
Lwin Aung
May 7, 2012 at 1:09 pm
It shouldn’t afraid that someone will become friend or enemy because it is natural. But simple is essential.
Please notice that I am not Sayagyi.