Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၉)
အခန်း (၉)
ကျွန်မရဲ့ အတိတ်အကြောင်းကို ပြောနေခဲ့တာ အချိန်တွေ ဘယ်လောက် ကြာသွားပြီလဲ ဆိုတာတောင် ကျွန်မ မသိပါဘူး။ ကျွန်မဘဝ အကြောင်းကို တော်တော်များများ ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံး မဟုတ်ဘူးဆိုတာကိုတော့ ကျွန်မစိတ်ထဲမှာ သေချာနေပါတယ်။
ကျွန်မစကားရပ်လိုက်တော့ အချိန် တမိနစ်လောက် တိတ်ဆိတ်သွား ပါတယ်။ ပြီးတော့မှ အေးဂျင့် Kirwan က ကျွန်မရဲ့ ကျောင်းမှတ်တမ်းတွေအားလုံးကို သူတို့ကြည့်ပြီးပြီလို့ ပြောပါတယ်။ ဒါက သူမရဲ့ စတိုင်ပါပဲ။ တိုက်ရိုက်ဆန်လွန်းပြီး၊ ဘတ်စ်ကားအိုကြီးရဲ့ အမြီးတွေလိုပဲ ဒုန်းတိတိနဲ့။ ဒါပေမယ့် ကျွန်မနဲ့ ပတ်သက်ပြီး သူတို့စုံစမ်းလေ့လာနေတယ်ဆိုတာကိုတော့ သူမပြောလိုက်ပါပြီ။
” မင်းက ဆရာ၊ ဆရာမတွေအတွက်တော့ သိပ်ပြီး ဉာဏ်ကောင်းလွန်း နေတယ်”
သူမက ဆက်ပြောပါတယ်။ ဒါက ပထမဆုံးသူပြောလိုက်တဲ့ ဒုန်းတိတိစကားကို အနည်းငယ် ပြန်ပြီး ချောမွေ့သွားစေပါတယ်။
” ဟုတ်ပါတယ်။ ကျွန်မ အသက် (၁၆) နှစ်မှာ ကောလိပ်ကျောင်း ရောက်နေပြီလေ”
ကျွန်မ ဆက်ပြောလိုက်ပါတယ်။
” ဒါဖြင့် မင်းဘာလို့ ကောလိပ်ကျောင်းက ထွက်သွားရပြန်တာလဲ”
အေးဂျင့် Miller က ဆက်မေးလိုက်ပါတယ်။
” ဘာကြောင့်လဲဆိုတော့ အဲဒီကျောင်းသင်ခန်းစာတွေအတွက် ကျွန်မမှာ ပေးစရာ အချိန်မရှိလို့ပဲပေါ့။ သင်ရိုးညွှန်းတန်းထဲက စာတွေကို ကျွန်မသိပြီးသားလေ။ ကျွန်မလုပ်ချင်တာက ဒါတွေကနေ ဖောက်ထွက် တွန်းလှန်မှု တခုခုပေါ့”
ပြောရင်းနဲ့ ကျွန်မ ရပ်လိုက်ပါတယ်။ ကျွန်မ အသေးစိတ် ဆက်ပြောနေလို့ မဖြစ်သေးဘူးဆိုတာ သတိထားလိုက်မိလို့ပါ။ ပြဿနာက သူတို့ကျွန်မကို ခြေရာခံမိနေပါပြီ။ ရှေ့ဆက်ပြီးဘာတွေ ထပ်ဖြစ်လာမလဲဆိုတာ ကျွန်မ မသိနိုင်သေးပါဘူး။
ကျွန်မ အတန်ကြာ နှုတ်ဆိတ်နေမိပါတယ်။ ဘာဆက်ပြောရမယ်ဆိုတာ မသိလို့ပါ။ ဒီလိုနဲ့ ၅ စက္ကန့်လောက်ကြာတော့ အေးဂျင့် Kirwan က စကားဝိုင်းထဲ ခုန်ဝင်လာပြီး၊ ကျွန်မ ဆက်ပြောစရာ လမ်းစကို ပေးလိုက်ပါတော့တယ်။
” ကွန်ပျူတာ သိပ္ပံလေ။ မင်းစိတ်ဝင်စားတာ ကွန်ပျူတာ သိပ္ပံပဲ”
အမှန်ကတော့ ကွန်ပျူတာတွေကို ကျွန်မ သိပ်ပြီး စိတ်မဝင်စားလှပါဘူး။ ကျွန်မရဲ့ ရည်မှန်းချက်တွေ ပြည့်မှီဖို့အတွက် ကွန်ပျူတာတွေကို အသုံးချစရာ တန်ဆာပလာတခုအနေနဲ့ပဲ ကျွန်မ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ကျွန်မကို သူတို့ ခေါ်လာတာဆိုရင်တော့ ကျွန်မမှာ ငြင်းစရာ အကြောင်းမရှိပါဘူး။ တကယ်တော့ သူတို့တွေဟာ ကျွန်မဆင်ခြေပေးစရာ အကြောင်းအရာ တခုကို ကျွန်မလက်ထဲ လာထည့်ပေးနေတာပါပဲ။
” ဟုတ်ပါတယ်။ ကွန်ပျူတာတွေကို ကျွန်မစိတ်ဝင်စားပါတယ်”
ကျွန်မ လိမ်ညာလိုက်ပါတယ်။ ပြီးတော့ အတန်ငယ်ငြိမ်ပြီး၊ သူတို့ကပဲ ကျွန်မရဲ့ စိတ်ထားနဲ့ လုပ်ရပ်တွေကို သိသွားသလိုလို ဟန်ဆောင် နေလိုက်ပါတယ်။
အဲဒီမှာတင် အေးဂျင့်အမျိုးသမီးဆီက အောင်မြင်မှု အရိပ်အယောင် သန်းနေတဲ့ မျက်လုံးအကြည့်ကို ကျွန်မ ရလိုက်တော့တာပါပဲ။
” ဒါနဲ့ပဲ မင်းက တခြား ကွန်ပျူတာတွေက လျှို့ဝှက်ချက်တွေကို စခိုးတော့တာပဲပေါ့”
သူမက ထပ်မေးပါတယ်။ ကျွန်မ အသက်ကို ပြင်းပြင်းရှုရင်း စိတ်ထဲက ပြောလိုက်မိပါတယ်။
အိုကေ။ အေးဂျင့် Kirwan ရေ။ ရှင်က ဒီလိုပဲကြားချင်တာဆိုရင်တော့ ကျွန်မလဲ ဒီလိုပဲ ပြောရတော့မှာပေါ့။ အမှန်တရားကို သိရဖို့အတွက်၊ big picture ကြီးကို မြင်ရဖို့အတွက် ရှင့်မှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ခုတော့ ရှင်ကိုယ်တိုင်ပဲ အားလုံးကို ဖြိုချပစ်လိုက်ပြီပဲ
ဒီလို စိတ်ထဲက ပြောအပြီးမှာ ကွန်ပျူတာကို စိတ်ဝင်တစား ရူးသွပ်နေတဲ့ လူငယ်လေးတယောက်အသွင်ကို ကျွန်မဖန်တီးလိုက်ပါတော့တယ်။
” ကျွန်မ ကောလိပ်ကိုရောက်တော့ အားလုံးက Hacker တွေချည်းပဲ။ တခြားကွန်ပျူတာ အသုံးပြုသူတွေရဲ့ ပရိုဂရမ်တွေကို ကျွန်မတို့ ငှားရမ်းသုံးစွဲကြတယ်လေ”
အေးဂျင့် Kirwan က ကျွန်မကို သတိပေး အကြည့်နဲ့ လှမ်းကြည့်လိုက်ပါတယ်။ ပြီးတော့
” ငှားရမ်းတယ်ဟုတ်လား။ ခိုးတာကို ဒီလိုပဲ ပြောရသလား”
” အသိပညာဗဟုသုတတွေအားလုံးဟာ အခမဲ့ပဲ ဖြစ်သင့်တယ်။ ဒါက hacker တွေရဲ့ ကျင့်ဝတ်ပဲ”
ကျွန်မ ပြန်ပြောလိုက်ပါတယ်။
” ဘာပဲဖြစ်ဖြစ် ခိုးတာကတော့ ခိုးတာပါပဲ။ တစုံတယောက်က အချိန်တွေ အများကြီးယူပြီး၊ ငွေတွေ အများကြီးနဲ့ ပရိုဂရမ်တွေ တီထွင်ထားကြတယ်။ မင်းက သူတို့ ကွန်ပျူတာစနစ်ထဲဝင်ပြီး ခိုးယူတယ်”
” အိုကေ၊ အိုကေ”
ကျွန်မ လက်မြှောက်ပြလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အငြင်း မပွားချင်လို့ပါ။
” ဒါပေမယ့် မင်းကတော့ နည်းနည်းလေးကွဲပြားတဲ့ တစုံတရာကို ကြိုးစားကြည့်လိုက်တယ်။ ဟုတ်တယ်မဟုတ်လား အဲလစ်”
အေးဂျင့် Miller က စကားဝင် ဖြတ်လိုက်ပါတယ်။ သူက အချိန်အတန်ကြာ ငြိမ်သက်နေခဲ့တာကြောင့် သူရှိနေတယ်ဆိုတာတောင် ကျွန်မ မေ့နေခဲ့တာပါ။
ကျွန်မ သက်ပြင်းခပ်သဲ့သဲ့ ချလိုက်ပါတယ်။ အေးဂျင့် Miller ကတော့ ထက်မြက်တဲ့ အေးဂျင့်တယောက်ဆိုတာကို ထပ်ပြီး သက်သေပြ လိုက်ပြန်ပြီ။ ကျွန်မ ဝန်ခံလိုက်သင့်သလား။ ဝန်ခံလိုက်မယ် ဆိုရင် သူတို့ မသိသေးတဲ့ တခြား အကြောင်းအရာတွေကိုပါ ဝန်ခံလိုက်သလို ဖြစ်သွားမလား။
စက္ကန့်အနည်းငယ် တုန်းကတော့ ဒီကိစ္စတွေကနေ ကျွန်မ ရှောင်ထွက်နိုင်မယ်လို့ ကျွန်မစိတ်ထဲမှာ ယုံကြည်နေပါတယ်။ ဒါပေမယ့် ခုတော့ သိပ်ပြီး မသေချာတော့ဘူး။ အေးဂျင့် Miller က ကြောင်နဲ့ ကြွက် ကစားနည်းကို ကစားနေပုံပေါ်တယ်။ ကျွန်မ သတိရှိရမယ်လို့ တွေးလိုက်မိပါတယ်။ အနည်းငယ် ကျန်နေသေးတဲ့ အိပ်ငိုက်နေမှုကနေ ကျွန်မ လန့်နိုးသွားပါပြီ။ ထိုင်ခုံပေါ်မှာ ခပ်မတ်မတ် ပြင်ပြီး ထိုင်လိုက်ပါတယ်။
” ကျွန်မကတော့ မထင်ဘူး”
ဒီလိုလဲ ပြောလိုက်ရော အေးဂျင့် Kirwanက ဒုန်းတိတိနဲ့ ဝင်လာပြန်ပါတယ်။
“ရေတပ်ထောက်လှမ်းရေးက ဖိုင်တွေကို မင်းဝင်ပြီး hack ခဲ့တာနဲ့ ပတ်သက်လို့ သဲလွန်စတွေ ရထားတယ်”
” ရေတပ်ထောက်လှမ်းရေးဟုတ်လား။ ရှင်ဆိုလိုတာက ကျွန်မက ရှင်တို့ရဲ့ ဖိုင်တွေကို hack ခဲ့တယ်လို့ ဆိုလိုတာလား”
” မင်းလုပ်ခဲ့တယ်ဆိုတာ တို့သိတယ်”
ပွဲကပြီးသွားပါပြီ။ ကျွန်မ Philadelphia စမ်းသပ်ချက်နဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းနေတယ်ဆိုတာ သူတို့ သိသွားပါပြီ။ ခု သူတို့တွေ ကျွန်မကိုလဲ ရထားပြီးပါပြီ။ ပြီးရင် ကျွန်မရဲ့ တွက်ချက်မှုတွေကို သူတို့တွေ အပိုင်သိမ်းကြပါတော့မယ်။ ကျွန်မရဲ့ တွက်ချက်မှုတွေက သူတို့ လက်ထဲမှာ ရှိနေတာတွေထက် ပိုပြီး အဆင့်မြင့်ပါတယ်။
ကျွန်မ ခေါင်းငိုက်စိုက်ချ လိုက်မိပါတော့တယ်။ ကျွန်မကို လက်ထိပ်မခတ်ခင် အေးဂျင့် Kirwan ရဲ့ ခပ်ကြမ်းကြမ်းအသံနဲ့ အခွင့်အရေးရှင်းပြတာတွေကို ကြားရတော့မယ်လို့ ထင်လိုက်မိပါတယ်။
ဒါပေမယ့် ကျွန်မ အေးဂျင့် Kirwan ကို ပြန်ကြည့်လိုက်မိချိန်အထိ တိတ်ဆိတ်နေတုန်းပါပဲ။ သူက လက်ပိုက်ထားပြီး၊ စိုက်ကြည့်နေပါတယ်။ သူ့ဘေးက အေးဂျင့်ကိုလဲ ကျွန်မ လှမ်းကြည့်လိုက်ပါတယ်။ သူကလဲ ငြိမ်သက်နေပါတယ်။ သူတို့နှစ်ယောက်လုံးက ကျွန်မဆက်ပြောမယ့် စကားကို စောင့်နေကြပုံနဲ့ ကျွန်မကို ကြည့်နေကြပါတယ်။
အဲဒီမှာတင် ကျွန်မလုပ်ထားတာတွေနဲ့ ပတ်သက်ပြီး သူတို့ ဘာမှ မသိဘူးဆိုတာကို ကျွန်မ သိလိုက်ပါတော့တယ်။ သူတို့သိတာက သူတို့ရဲ့ ဖိုင်တွေကို ကျွန်မ hack လုပ်ခဲ့တာကိုပဲ သိတာပါ။ ဘာကြောင့်လဲ ဆိုတာ သူတို့ မသိပါဘူး။ တော်တော်တုံးတဲ့ လူတွေပဲ။ ကျွန်မ စိတ်ထဲက ပြောလိုက်မိပါတယ်။
ဒါပေမယ့် ကျွန်မစိတ်သက်သာရာ ရသွားတာကို မျက်နှာပေါ်မှာ မပေါ်စေပဲ စိတ်ထဲကပဲ ကြိတ်ပြီး ဝမ်းသာနေမိပါတယ်။ ကျွန်မရဲ့ ယုံကြည်ချက်တွေ ပြန်ရှင်သန်လာပါပြီ။ သူတို့ထက် ကျွန်မ ပိုပြီး လိမ္မာပါးနပ်တယ် ဆိုတာကို ရိပ်မိသွားပါပြီ။
နည်းနည်းလေးထပ်ပြီး ကစားဖို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။ ကျွန်မ ပြောတာကို သူတို့စောင့်စားနေပါတယ်။ ဒါကြောင့် နောက်ဆုံး ကျွန်မ ပြောလိုက်ပါတယ်။
” ကျွန်မဒီလိုလုပ်တာက လုပ်လို့ ရမလားဆိုတာ သိချင်လို့ပါ”
ပွဲက ခုမှ တကယ်ပြီးသွားတာပါ။ အေးဂျင့် Kirwan လိုချင်တာက ဒါပါပဲ။ ကျွန်မဟာ သူတို့ကွန်ပျူတာစနစ်ကို စိန်ခေါ်ချင်နေတဲ့ ထက်ထက် မြက်မြက် လူငယ်လေး တယောက်အဆင့်ထက် မပိုပါဘူး။ သူမက ခပ်မတ်မတ် နေလိုက်ပြီး ကျွန်မကို လက်ချာရိုက်ပါတော့တယ်။. ကျွန်မဟာ ဖယ်ဒရယ်ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ ဒီလိုကျူးလွန်မှုကြောင့် ကွန်ပျူတာတွေကို သိမ်းဆည်းနိုင်သလို၊ ဒဏ်ငွေအမြောက်အမြားလဲ ရိုက်နိုင်တယ်။ ထောင်လဲကျနိုင်တယ်။ ပြီးတော့ ကျွန်မရဲ့ အဖိုး အတွက်လဲ အရှက်ရစေနိုင်တယ်။
သူမ ဒီလို ပြောနေတဲ့ကာလတလျှောက်မှာ ကြောက်ရွံ့သွားတဲ့ ပုံဖြစ်အောင် ကျွန်မ အတော်ကြီး ကြိုးစားလိုက်ရပါတယ်။ မျက်ရည်တစက်၊ နှစ်စက်တောင် ကျသွားအောင် လုပ်ယူလိုက်နိုင်တယ် ထင်တာပဲ။
” ဒို့လက်ထဲကနေ လွတ်အောင် လုပ်နိုင်လိမ့်မယ်လို့ မင်းဘယ်လိုများ ယုံကြည်ခဲ့တာလဲ” လို့ သူမက ဆိုပါတယ်။
” ကွန်ပျူတာ hackers တွေရဲ့ သဲလွန်စတွေကိုလိုက်ဖို့ ဒို့တွေဆီမှာ နည်းလမ်းစုံ ရှိတယ်”
သူမက ဆက်ပြောပါတယ်။
ပြီးတော့မှ ကျွန်မကို သေချာ စိုက်ကြည့်ပြီး
” ဒီတခါတော့ မင်းကို ပြန်ခွင့်ပြုလိုက်မယ်။ ဒါပေမယ့် ဒီကိစ္စပြီးသေးတာ မဟုတ်ဘူး။ မင်းကို စောင့်ကြည့်နေမယ်။ ဖဒရယ်ဥပဒေကို ထပ်ပြီး ချိုးဖောက်မယ်ဆိုရင် မင်းရဲ့ ခြေထောက် မြေကြီးကို မထိခင်မှာတင် ဒီကို အမြန် ပြန်ရောက်လာလိမ့်မယ်။ မင်းနားလည်လား”
ကျွန်မ သူမကို လှမ်းကြည့်လိုက်ပါတယ်။
” ဟုတ်ကဲ့။ ဒါဆိုကျွန်မ သွားလို့ ရပြီလား”
သူမက ခြေလှမ်းစပြင်လိုက်ပြီး၊ ခေါင်းညိတ်ပြပါတယ်။
” အိမ်ကို ကျွန်မ လမ်းလျှောက်ပြန်ရမလား”
ကျွန်မ ထပ်မေးလိုက်ပါတယ်။
သူမက တံခါးဆီကို လျှောက်သွားနေရာက ခေါင်းပြန်လှည့်ပြီး
” အေးဂျင့် Miller က ကားနဲ့ ပြန်ပို့ပေးလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်”
ကျွန်မက ရိုကျိုးစွာနဲ့ပဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာတော့ အောင်မြင်မှု မီးရှူးမီးပန်းတွေ ထွန်းလင်းနေသလိုပါပဲ။ သူတို့က ကျွန်မကို သတိပေးဖို့ ခေါ်လာခဲ့တာပါ။ တနည်းအားဖြင့် ဆိုရင်တော့ ကျွန်မကို ချောက်လှန့်တာပါ။
ကျွန်မ နာရီကို ကြည့်လိုက်ပါတယ်။ အချိန်က (၇) နာရီ ရှိနေပါပြီ။ ကျွန်မ အိမ်ပြန်ရောက်ချိန်ကျရင်တော့ ကျွန်မအဖိုး အိပ်ယာက နိုးနေလောက် ပါပြီ။
အိမ်ရှေ့ကိုရောက်ချိန်အထိ ကျွန်မ စိတ်ထဲမှာ အောင်ပွဲအရှိန် တက်နေဆဲပါပဲ။ အိမ်ရှေ့ရောက်တော့ အေးဂျင့် Miller က ကားတံခါးဖွင့် ပေးပါတယ်။ ပြီးတော့
“တို့တွေ အိမ်ထဲသွားပြီး၊ မင်းအဖိုးနဲ့ စကားပြောကြရအောင်” လို့ ဆက်ပြောလိုက်ပါတယ်။
တစက္ကန့်အတွင်းမှာတင် ကျွန်မရဲ့ အောင်ပွဲအရှိန်တွေ ပျောက်ကွယ် သွားပါတယ်။
” အဖိုးနဲ့ ဟုတ်လား။ သူက ကျွန်မရဲ့ hacking ကိစ္စကို ဘာမှ မသိဘူး”
” ဒါပေမယ့် Philadelphia စမ်းသပ်ချက်ကိုတော့ သူသိတယ်လေ။ ဟုတ်တယ် မဟုတ်လား”
သူရဲ့ စကားအဆုံးမှာ ကျွန်မ သူ့မျက်လုံးတွေကို ကြည့်လိုက်မိပါတယ်။ အေးစက်တည်ငြိမ်နေတဲ့ အဲဒီမျက်လုံးတွေက ကျွန်မဆီမှာ ရှိတဲ့ ဉာဏ်ရည်လိုမျိုး သူ့ဆီမှာလဲ ရှိနေတယ် ဆိုတာကို ပြသနေမှန်း ကျွန်မ ရိပ်မိသွားပါတယ်။
ဒီလိုနဲ့ပဲ ကျွန်မသူ့ကို အိမ်ထဲ ခေါ်သွားလိုက်ရပါတော့တယ်။
(ဆက်လက်ဖော်ပြပါမည်)
ရေးသားသူ- Terry Deary
စာအုပ်အမည်- The Philadelphia Experiment
စာအုပ်ထုတ်ဝေသည့်နှစ်- (၁၉၉၆) ခုနှစ်
စာအုပ်အမျိုးအစား- လူငယ်စာပေ
ဘာသာပြန်သူ – ခင်မမမျိုး (၁၆၊ ဝ၅၊ ၂၀၁၂)
9 comments
ဦးဦးပါလေရာ
May 16, 2012 at 11:59 pm
ဒီတခေါက် တို တယ်..။
အလျော်ပေးတဲ့အနေနဲ့ နောက်တပိုင်း အမြန်တင်ပါရန်….။ 😛
pazflor
May 17, 2012 at 1:33 am
မေ့တေ့တေ့တောင်ဖြစ်နေပီ။ ကောင်းပသဂျီးရာ နောင်စိတ်ဝင်စားစရာ science fiction တွေရှိရင်လည်း လုပ်ပါဦးဗျ။
Khin Latt
May 17, 2012 at 5:33 am
ဒီလို မမေ့မလျော့ သတိတရတင်ပေးတာ ကျေးဇူးပါတော်။ 🙂
မဟုတ်ရင် သူကြီး ဆာဗာကြီး ကို hack ပြီး ဝင်ကြည့်တော့မှာ။ 😉
ဗိုက်ကလေး
May 17, 2012 at 11:38 am
ဒါကို ကြိုသိလို ့ဗိုင်းရပ်စ် အကောင်တစ်ရာ ထည့်မွေးထားတယ်ပြောတယ်..
ဗိုက်ကလေး
May 17, 2012 at 11:40 am
လောလောဆယ် ဘင်လာဒင်နဲ ့ချောစုခင်တော့ စတွေ ့တော့မယ် 😀
အခန်းဆက်ရေးတဲ့လူတွေက စိတ်ဝင်စားစရာအခန်းရောက်ရင် ဖြတ်ဖြတ် ချပစ်တတ်တယ်နော
ဘာတဘောလဲ တိဘူး..
windtalker
May 17, 2012 at 8:16 pm
သဂျီးအတွက် မြန်မာကနေ ဟက်ပေးနေတဲ့ အေးဂျန် ့တစ်ယောက် ရှိနေတယ် ။ အဲဒါကတော့ ဇီးရိုးဇီးရိုးဗိုက် ဘဲ ။ ဟုတ်တယ်မို ့လား သဂျီး ။
Kaythi Lin
May 20, 2012 at 10:57 am
အဖွဲ့ဝင်တစ်ယောက်မဟုတ်ပေမဲ့ သူကြီးဆိုတဲ့ “kai” ရေးတဲ့ ဒီ ဘာသာပြန်ဝတ္ထု စိတ်ဝင်စားလို့ ဒီပို့စ်ထဲကိုဝင်ပြီး ဖတ်ဖြစ်တယ် ။ တစ်နေ့တစ်နေ့ အပိုင်း (၁၀) များတင်ပြီးလာလို့ မျှော်နေရတာ သစ်ကုလားအုပ် ဖြတ်နေပြီး ။
အခုတော့ မရတော့ဘူး member ဝင်ပြီး အပိုင်း (၁၀) ကိုမျှော်နေပါကြောင်း comment ပေးလျှက် ။
ရွာသူအသစ် ……..
kai
May 20, 2012 at 1:09 pm
ဘာသာပြန်သူ – ခင်မမမျိုး (၁၆၊ ဝ၅၊ ၂၀၁၂)
metallic
August 7, 2012 at 11:36 am
အိုး …….
အခန်းတွေအများကြီးရောက်နေပါလား ၈ နောက်ပိုင်းမဖတ်ဖြစ်ခဲ့ဘူး
ဆရာမရဲ့ ဆိုဒ်တောင်သွားကြည့်မိသေးတယ်
ဒီမှာ တင်ထားတာတွေ မသိခဲ့ရလို့
ကျေးဇူးပါနော်