နှတ်မဆက်နိုင်ခဲ့ပါ…
နှတ်မဆက်နိုင်ခဲ့ပါ…
ခုမနက်ပေါ့…
အိမ်ကထွက် မှတ်တိုင်ရောက် ကားစီးလိုက်တဲ့ အထိ ကြည်ကြည်လင်လင်ပါဘဲ…
ကားခ ပေးတော့မှ စိတ်တိုရတော့တာ…
စိတ်တိုလိုက်တာ… စိတ်တိုလိုက်တာ…
အဖြစ်က ဒီလိုလေ…
ကားမှတ်တိုင်မှာ လူများနေတာတွေ့ထဲက ကျမစိတ်ထဲမှာ…
ဟင်း…ကားတော့ကျပ်တော့မှာဘဲ…
ကားငှားစီးရတော့မယ်နဲ့တူရဲ့…
စပ်စီးမဲ့သူတွေ့ရင်ကောင်းမှာဘဲ…
တခါတလေတော့လဲ တစ်ယောက်ထဲစီးရတာ ကောင်းပါတယ်လေ…
ကိုယ်ပိုင်ကားလို့သဘောထားပြီး စိတ်ချမ်းသာရတာပေါ့…စသည်ဖြင့်အမျိုးမျိုး တွေးနေမိပါပြီ…
တစ်ကယ်လဲ နဲနဲအကြာမှာ ကျပ်ပိတ်သိပ်နေတဲ့ ကား နှစ်စီး အချိန်ခြားလို့ ရပ်လာပါတယ်…
တစ်စီးဆိုရပ်တောင်မရပ်တော့ပါဘူး…ဆင်းမဲ့သူမှမရှိဘဲကိုး၊သူလဲထပ်မတင်နိုင်တော့ဘူးလေ…
ခြေနင်းခုံထိ တွယ်နေကြရတဲ့သူတွေကိုကြည့်လို့ ကားပေါ်တက်ဖို့ စဉ်းစားလို့တောင် မရပါဘူး..
ဆင်းလာတဲ့သူတွေကလဲကြည့်ဦး…
အမျိုးသမီးနှစ်ယောက်တိုးဆင်းလာကြပြီး ကားပေါ်ကိုအော်ခေါ်ကြပါတော့တယ်…
ဟဲ့…မ… …. ရေ မှတ်တိုင်ရောက်ပြီ..ဆင်းလေ..ပါသွားတော့မှာဘဲ..
ကားသမားရယ်လုပ်ပါအုံး..ကလေးအမေ.. ဟဲ့…မ… …. ဆင်းတော့လေ…
စသည်ဖြင့် အသံစုံကြားရပြီးနောက် ကလေးငယ်ပိုက်ထားတဲ့ တစ်ဦးတိုးဝှေ့ဆင်းလာပါတယ်…
အသက်ခြောက်ဆယ်နားနီး၊လေးဆယ်ကျော်၊နှစ်ဆယ်ကျော် အမျိူးသမီးများနဲ့ ရင်ခွင်ပိုက်ကလေးလေးတစ်ယောက်…
တောမှလာကြသူများဖြစ်ဟန်တူပါသည်… ဂျိုင့်ထည့်ထားသောခြင်းတောင်းတစ်လုံး နှင့် အိတ်နှစ်လုံးပါလာကြသည်…
နောက်ဆုံးမှဆင်းလာသူ ကောင်မလေးမှ…အမေ ကျမတို့ဆင်းရမှာ ဒီမှတ်တိုင်မဟုတ်ဘူးလေ..ကျမမှတ်ထားတာက
မှတ်တိုင်နားမှာ ကျောင်းအကြီးကြီးရှိတယ်လေ…ကားလမ်းက ဒီလို လေးခုဆုံ မဟုတ်ဘူး သုံးခုဆုံလေ အမေရဲ့…
မရောက်သေးလို့ ကျမက မဆင်းသေးတာ..အတင်းခေါ်ချကြတယ်…ခုဘယ်လိုလုပ်မလဲ..
စသည်ဖြင့် ကြွက်ကြွက်ညံ ကြပါတော့တယ်…
အဒေါ်ဖြစ်ဟန်တူသူမှ…နေကြပါဦး ငါမေးပါဦးမယ်ဟယ် ဆိုပြီး ကျမဘက်ကိုလှည့်လို့
တူမရေ..ကလေးဆေးရုံကြီး ဒီကနဲ့ ဘယ်လောက်ဝေးလို့ ဘယ်လိုသွားရမလဲကွယ်လို့ မေးလာပါတယ်…
ကျမလဲ လမ်းညွှန်ရင်း ငါတက်စီ ငှားပြီး ရုံးသွားရင် တင်ခေါ်သွားပြီး ဆေးရုံရှေ့ ချပေးခဲ့ရမလား..
စဉ်းစားနေတဲ့ အချိန်မှာ ကျမ တက်စီငှားမှာ လိုက်ခဲ့ပါ ဆေးရုံရှေ့ချပေးခဲ့မယ်…လို့
ဘေးနားမှာ ရပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောလိုက်ပါတယ်…
ကြည့်လိုက်တော့ကျမထက်နဲနဲငယ်ပုံရတဲ့ အမျိုးသမီးတစ်ဦးပါ…သူ ဆူးလေမှတ်တိုင်မှာဆင်းတာ
သတိထားမိတဲ့ ကျမက ကားစပ်စီးဘို့ အဖော်ရပြီဆိုပြီးဝမ်းသာသွားပါတယ်……
မြို့ထဲသွားမှာ မို့လား၊ဆူးလေမှတ်တိုင်လား ဆိုတော့ သူက..အင်းဆိုပြီးခေါင်းညိတ်ပါတယ်…
ဒို့လဲ လိုက်မယ်နော် လို့ ပြောလိုက်ပါတယ်…သူခေါင်းညိတ်တာလား၊သူပြန်ကြည်တဲ့အကြည့် တစ်မျိုးဖြစ်နေလားကိုလဲ
ကားစီးဘို့စိတ်လောနေတာနဲ့သတိမထားမိခဲ့ပါဘူး…
ကားမှတ်တိုင်မှာတော့ ဒီလိုဘဲ ခရီးတူသူတွေဝမ်းသာအားရ စုငှားတတ်ကြတာမို့ဖြစ်ပါတယ်…
မှတ်တိုင်နဲ့ ခတ်လှမ်းလှမ်းကိုလျှောက်သွားပြီး သူကားငှားပါတယ်…ကလေးနဲ့မိသားစုနဲ့ ကျမက မှတ်တိုင်မှာဘဲ ရပ်နေခဲ့ကြပါတယ်…
ကားရတော့ သူက အမတို့ လာလေ ပြောပြီး နောက်ခန်းမှာဝင်ထိုင်ပါတယ်…ကျမက ရှေ့မှာထိုင်လိုက်မယ်နော်လို့ သူ့ကိုပြောပြီး
ရှေ့ခန်းမှာ ဝင်ထိုင်လိုက်ပါတယ်…ဟိုမိသားစု ထိုင်ဘို့ သူနေရာရွှေ့ပေးပါတယ်…
ကလေးနဲ့ မိသားစု ကိုကားပေါ်မှာ ဘယ်သူဘာဖြစ်တာလဲ…
ကလေးဖြစ်တဲ့ ရောဂါ စတဲ့ အကြောင်းတွေ သူမေး ကျမလဲ နောက်လှည့်မေး ဟိုကလဲပြောပြ နဲ့
စကားပြောကြပြီး ဆေးရုံရှေ့ ချပေးခဲ့ပါတယ်…အမေလုပ်သူက ကျေးဇူးတင်ပါတယ် အထပ်ထပ်ပြောလို့
ဆင်းသွားကြပါတယ်…ဆေးရုံ အကြောင်းကိုတောင် ကားသမားနဲ့ ပြောလာကြပါသေးတယ်…
မြို့ထဲနားနီးလာတော့ သူ့ကို ဆူးလေဘဲလား ဘယ်ထိငှားထားလဲ လှည့်မေးလိုက်တော့ သုံးဆယ့်နှစ်လမ်းထိတဲ့
ဒါဆို ဆူးလေမှတ်တိုင်နောက်ကနေ ကွေ့မှာဆိုတော့ ဒို့ မှတ်တိုင်မှာဘဲ ဆင်းလိုက်မယ်နော် လို့ သူ့ကိုလဲပြော
ကားသမားကိုလဲပြောလိုက်ပါတယ်… ကျသင်ငွေရဲ့ တစ်ဝက်ကို သူ့ကိုလှည့်ပေးလိုက်ပါတယ်…
ကျမလှမ်းပေးတာကို လက်နဲ့ကာလိုက်ပြီး…
မပေးပါနဲ့ ကျမငှားတာမို့ပါ…
ဟယ် မဟုတ်တာဘဲ ဒို့လဲ စပ်စီးတာဘဲ တစ်ဝက်ယူပါဟယ်..
ဟိုမိသားစုလိုဘဲ ကုသိုလ်ယူပါ့မယ်…
မဟုတ်ဘူးလေ..ဒီလိုဘဲ ကားစပ်စီးကြတာပေါ့ ယူပါ..
မယူပါဘူး စီးသွားပါ…
နောက်အခေါက်တွေလဲ ဒီလိုဘဲ ကြုံရင် စပ်စီးကြရမှာ ယူပါ…
မပေးပါနဲ့…
… … …
ဘယ်လိုပြောပေးပေး သူမယူဘူးချည်း ငြင်းပါတော့တယ်…
ကျမ သူနဲ့ ကားစပ်စီးတာပါ…ခုတော့
ကျမ အဲ့ဒီလိုမျိုး မခံစားဖူးပါ…ကျမစိတ်ထဲမှာ အတွေးမျိုးစုံနေပါတယ်…
သူသဘောမတူတာကို လိုက်လာခဲ့မိတာလား ၊ ကြောတာလား ၊ စိတ်ထဲမှာ
မငြိမ်းချမ်းနိုင်ခဲ့ပါဘူး၊ ကျမ လက်ထဲမှာ ကိုင်ထားတဲ့ ပိုက်ဆံကို ဘယ်လိုလုပ်ရမလဲ…
သူ့ကိုဘယ်လိုပေးရမလဲ…ငွေမပေးရဘဲ ကျမဒီအတိုင်း မဆင်းနိုင်ပါဘူး…
ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်… ရိုင်းတယ်ထင်လဲ ကျမကျေနပ်စွာခံယူပါ့မယ်…
ဆူးလေမှတ်တိုင် အနောက်ဖက်မှာ ကားရပ်လိုက်ပါပြီ…
ကားဒက်ရှက်ဘုတ်ပေါ်ကို ကျမ ကျသင့်ငွေကို တင်လိုက်ပြီး ကားသမားကို…
လမ်းကြုံ တစ်ဦးတင်တယ်သဘောထားပြီး ယူပါ..
လို့ ပြောခဲ့ပါတယ်…ကားသမားလဲ ကျမတို့ အဖြစ်ပျက်တွေကိုသိပြီးမို့ …
ဟုတ်ကဲ့..ဟုတ်ကဲ့ တဲ့လေ..
ကျမ သူ့ကိုနှတ်မဆက်ဖြစ်ခဲ့ပါဘူး…
စာဖတ်သူတို့ကရော…
ဘာမှ ဖြစ်လောက်စရာ မရှိတဲ့ အကြောင်းလေးလို့ ပြောမလား…
ကျမကို သဘောထားမကြီးနိုင်သူလို့ ပြောကြမလား…
အဲ့ဒီခဏမှာ ကျမ စိတ်ပင်ပန်းခဲ့တာ အမှန်ပါ…
ခုတော့ ဘာမှမဖြစ်တော့ပါဘူး..
ဒါပေမဲ့
ကျမ သူ့ကိုနှတ်မဆက်နိုင်ခဲ့သလို…
နောက်ထပ်တွေ့ရင်လဲ ခေါ် ဖြစ်မှာ မဟုတ်တော့ပါဘူး…
ခင်တဲ့
မအိ
30 comments
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 28, 2012 at 5:58 pm
အင်း ဘယ်လိုပြောရပေါ့မလဲ မအိရေ။
Ma Ei
May 29, 2012 at 9:39 am
ဟုတ်တယ်နော်…
ဘယ်လိုပြောရပါ့မလဲ ဖြစ်သွားတယ်…
MaMa
May 28, 2012 at 6:28 pm
ကျမတွေးကြည့်မိသလောက် ပြောပြရရင်…..
မအိဘက်က ကားကို စပ်တူငှားစီးတာလို့ သဘောထားပေမယ့်
ဟိုဘက် တစ်ယေက်အနေနဲ့က တောကလာတဲ့ မသိနားမလည်တဲ့ မိသားစုတွေကို စာနာကူညီပေးတဲ့ မအိကို လေးစားတဲ့စိတ်နဲ့ ကားခပေးလိုက်တာလို့ ထင်မိပါတယ်။
အကူအညီလိုနေသူကို ကူညီပေးလိုက်တဲ့ မအိတို့ နှစ်ယောက်စလုံးကို ချီးကျူးပါတယ်။ 🙂
Ma Ei
May 29, 2012 at 10:52 am
မမရေ…
နားလည်မှုလွဲသွားကြပြီး ပြင်မရဖြစ်သွားကြပါတယ်…
ချီးကျူးပေးလို့ ဝမ်းသာမိပါတယ်…
sealion
May 28, 2012 at 6:33 pm
စိတ်ထဲမှာဘာမှ မထားပါနဲ ့အစ်မရယ် အစ်မတာဝန်ကျေပါတယ် သူ ့ကမပေးပါနဲ ့လို ့ပြောပေမဲ ့ အစ်မ က အစ်မပေးရမယ် တဝက်ကို ပေးသင့်တယ်လို ယူဆပြီးပေးခဲ ့ ဒီကိစ်စ ကို တကစ်စီ နဲ ့ အတူထားခဲ ့လိုက်ပါ…စိတ်ထဲ မသယ်ခဲ ့ပါနဲ ့တော့
Ma Ei
May 29, 2012 at 4:36 pm
အေးပါဟယ်…မသယ်ခဲ့ပါဘူး…
ဒီလိုဖြစ်ခဲ့တယ်လို့ ရေးမိတာပါ…
လူ ဟား
May 28, 2012 at 7:38 pm
လူဟား အထင်တော့ မအိက ကိုယ်လုပ်ခဲ့မိတာကို သိပ်လိပ်ပြာ မလုံသလို ဖြစ်ခဲ့တယ်နဲ့တူတယ်.. အဲဒါကြောင့် ကိုယ်လုပ်ခဲ့တာ မှန်တယ် မှားတယ်ဆိုတာကို ပိုင်းခြားချင်လို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ဖြေသိမ့်ချင်လို့ ဒီပို့စ်လေးကို လာတင်တယ်လို့ ယူဆတယ်။ လူဟားက တိုင်းရင်းသား ရှမ်းပြည်နယ်ကပါ … ဒီတော့ မအိရဲ့လုပ်ရပ်ဟာ တကယ်လို့ အဲဒီကောင်မလေးကသာ လူဟားလို တိုင်းရင်းသား ရှမ်းပြည်ဖက်ကဆိုရင်တော့ မအိကို ရိုင်းတယ်လို့ ထင်မှာဘဲ။ ဒါပေမယ့် ရန်ကုန်သူ/သားတွေ အတွက်တော့ အဆန်းမဟုတ်လောက်ပါဘူး..။ လူဟားသာ မအိလို ကိုယ့်ကိုကျောတယ်လို့ ထင်မိရင် .. အဲဒီကားခ အပြည့်ပေးလိုက်မှာပဲ..သူ့အတွက်ပါယူလိုက်ဆိုပြီးတော့…။
Ma Ei
May 29, 2012 at 9:28 am
လူဟားရေ…
ကားခအပြည့် ပေးလိုက်ရင် မအိလိုမျိုး သူခံစားရတော့မှာပေါ့…
ထိခိုက်မခံနိုင်တဲ့ စိတ်ကလေး တစ်ခုအကြောင်းကိုဖွဲ့လိုက်တာပါ…
ဝေဖန်ပေးတဲ့အတွက် ကျေးဇူးပါနော်…
Foreign Resident
May 28, 2012 at 7:51 pm
” ဒို့လဲ လိုက်မယ်နော် လို့ ပြောလိုက်ပါတယ် ”
မအိ ကမှ စပ်တူစီးမှာလို့ ၊
စကတည်းက ရှင်းရှင်းလင်းလင်း ၊
မပြောခဲ့ပဲကိုး ။
သူက တလမ်းလုံး ၊
ဘလိုင်းကြီး ကားကပ်စီးတယ်လို့ ၊
ထင်နေသလားမှ မသိတာ ။
Ma Ei
May 29, 2012 at 9:15 am
သူအဲ့လိုထင်နေမှာလို့
ကျမထင်လိုက်မိတဲ့အတွက်
အဲ့လိုတွေဖြစ်ကုန်တယ်
ထင်ပါတယ်…
အရီး Khin Latt
May 28, 2012 at 8:24 pm
မအိရေ
စိတ်မကောင်း မဖြစ်ပါနဲ့။
မအိ ပိုက်ဆံ တစ်ဝက် ထားခဲ့တာလဲ မှန်ပါတယ်။
ကျွန်မ သာ မအိနေရာမှာ ဆိုလဲ ဒီလိုဘဲ လုပ်မှာဘဲ။
ကျွန်မသာ အဲဒီ အမျိုးသမီးနေရာ ဆိုရင်လဲ မအိကို “မပေးပါနဲ့” ဆိုပြီး ပြောနေခဲ့မှာဘဲ။ 😉
နောက်ပြီး ဒုက္ခရောက်နေတဲ့ မိသားစု ကို ကြည့်တတ်တဲ့ အမျိုးသမီး ဆိုတော့ မအိ ကိုလဲ ငြိုငြင်မယ် လို့ ကျွန်မတော့ မထင်မိပါဘူး။
ကျွန်မ ထင်တယ်။
မအိ ကြည့်ရတာ ကိုယ့် အတွက်နဲ့ သူများ စိတ်အနှောက်အယှက်ဖြစ်မှာ ကို တွေးပြီး ပူပန်တတ်တဲ့ သူမို့ ထင်ပါတယ်။
သူများ အတွက် ကို ဦးစားပေးတတ်လွန်းရင် အဲလိုလေး ခံစားရတတ်ပါတယ်။
တစ်ချို့ လူတွေ က စိတ်ရင်းတော်တော်ကောင်းပေမဲ့ မျက်နှာမချို၊ အပြောမတတ်၊ အပေါင်းအသင်း မဝင်ဆန့်တတ်သူ တွေ လဲ ရှိလို့ အဲဒီ အမျိုးသမီး ကို အဲဒီ အသင်းဝင်လို့ မှတ်လိုက် ရင် စိတ်သက်သာရာ ရသွားမယ် ထင်ပါရဲ့ မအိရေ။ 🙂
ခင်တဲ့
မလတ်
Ma Ei
May 29, 2012 at 9:05 am
မလတ်ရဲ့ Comment လေးကို မျှော်နေမိပါတယ်…
ကျမအတွက် ဖြေပြောပေးမှာ သိနေလို့ပါ…
တစ်ကယ်တော့ အဲ့ဒီအသင်းဝင်က ကျမဖြစ်မှာပါ…
windtalker
May 28, 2012 at 9:22 pm
လမ်းမတွေ ့ရင် ပြောပြပေးပါ ကျွန်မ စိတ်ရှုပ်တာကိုး…. ။
Ma Ei
May 29, 2012 at 4:42 pm
ကဗျာရေးတဲ့ … ကိုပေ
သီချင်းတွေဆိုတဲ့ … ကိုပေ…
ရဲစည်
May 29, 2012 at 2:25 am
အမရေ ကျနော့်အမြင် ပြောရရင်ဖြင့် ဒါက ဖြစ်တတ်တဲ့ သဘောလေးပါ။
အစောက အမက စပ်တူစီးဖို့ သဘောပြောတာ မပွင့်လင်းတာလဲ ပါတာနေမှာ အစောကသိရင် အမတို့နှစ်ယောက် သွားတာကြာလှပေါ့ ဟိုဆေးရုံသွားမဲ့ မိသားစုနဲ့ မကြုံရလောက်ဘူးထင်တယ်။ ဒါပေမဲ့ သူလည်းဘဲ လိုင်းကား ချောင်မလား ဆိုပြီး စောင့်နေကောင်း စောင့်နေတာလဲ ဖြစ်နိူင်ပါတယ်။ သူက ဟိုမိသားစုကို အကူညီပေးပြီး တင်မဲ့အချိန်ကျ အမလဲ ပါနေတော့ ပိုက်ဆံတောင်းဖို့ အားနာတာနေမှာပါ ကြုံရတတ်တဲ့ အလွဲလေးတွေလို့ မှတ်ယူ စေချင်ပါကြောင်း………………. ။
Ma Ei
May 29, 2012 at 4:45 pm
ကြုံရတတ်တဲ့ အလွဲလေးတွေ ကိုမှ
နဲနဲ ထပ်လွဲသွားတဲ့ အကြောင်းပေါ့ကွယ်…
ကိုပေါက်(မန္တလေး)
May 29, 2012 at 9:48 am
မယ်အိရေ
နှစ်ယောက်စလုံးမှန်လဲမှန်တယ် မှားလဲမှားတယ်။
စေတနာကြောင့်မှန်ပြီး စေတနာကြောင့်မှားတာ။
မအိက အခက်အခဲတွေ့သူကို ကူညီချင်တဲ့စိတ်ဘဲရှိနေတာရယ်
ကြောင့် ရှည်ရှည်ဝေးဝေးပြောဘို့သတိမရ။
နောက် စကတည်းက တစ်ဝက်ပေးမှာနော် ဆိုတာကို လဲ တရားဝင်မကြေငြာ.။
ကူညီချင်တာက မှန်ပြီး ရှင်းအောင်မပြောမိတာကမှားတာ။
ဟိုမမကလည်း ရပါတယ်ရှင် အမတို့မပါလို့ ကျမတစ်ယောက်ထည်းဆိုလည်းဒီလောက်ဘဲကားခပေးရမှာမို့
ကျမအတွက်ပိုကုန်တယ်လို့ မယူဆပါဘူး။
ဒီတစ်ခေါက်ကျမပေးမယ် နောက်တစ်ခါစပ်စီးရင်အမပေးလိုက်နော်လို့
ကိုပေါက်လိုလျှာရှည်တတ်ရင် မအိဒီလိုခံစားရမှာမဟုတ်ဘူး။
မအိရေ ကားခ သူပေးတာ ငါပေးတာ ကို အဓိကမထားပါနဲ့၊
ဒုက္ခရောက်နေသူ မိသားစုကို ကူညီနိုင်လိုက်တာ အမြတ်ပါဘဲ။
မအိ ကားခ ပေးလိုက်ရတာ မပေးလိုက်ရတာကို ခေါင်းထဲမထားဘဲ တကယ်လို့များ
မအိတို့လိုကူမယ့်လူ မရှိရင် ဟိုမိသားစုလေးရဲ့အခက်အခဲက ဘယ်လောက်ထိ များသွားနိုင်မလဲနဲ့
ယှဉ်ပြီးတွေးကြည့်လိုက်ရင် စိတ်တိုတာတွေလုံးဝပျောက်သွားမှာ အသေအချာပါဘဲ မအိရေ
ကူညီစိတ်ကလေးကို လက်ခုပ်တီးပေးလိုက်ပါတယ်။
ကျနော်သာဆိုရင် ဖာသာဘာသာ နေမိမှာ 80%ပါခင်ဗျာ။
Ma Ei
May 29, 2012 at 10:59 am
နှစ်ယောက်စလုံးမှန်လဲမှန်တယ် မှားလဲမှားတယ်…
အဲ့ဒါအမှန်ဘဲနော်…
etone
May 29, 2012 at 9:52 am
အန်တီအိရေ .. လူဆိုတာကလည်း ခက်သားလားနော် … ။
ကိုယ်က တစ်မျိုးတွေးပေမယ့် … သူတို့ဘက်က တစ်မျိုးမြင်တတ်ကြတယ် ။ သမီးထင်တာကတော့လေ … အန်တီအိက သူ့ကို လိုက်မယ်လို့ပြောတုန်းက … သူ့စိတ်ထဲ ၊ အလကားလိုက်မယ်လို့ထင်သွားပုံရတယ် ။ ဘာလို့လဲဆိုတော့ ဟိုတောက မိသားစုကို သူကားငှားမယ်လိုက်ခဲ့လို့ပြောတုန်းက အန်တီအိရှေ့မှာဆိုတော့လေ … ကိုယ့်ကိုုပါ ကယ်လိုက်မယ့်လူထင်သွားတာဖြစ်မယ်… ။
အန်တီအိ အခုလို လုပ်ခဲ့တာလည်း … ဘယ်လိုပဲတွေးကြည့်တွေးကြည့် … ကောင်းပါတယ် … ။
နဂိုကတည်းက ကိုယ်က အချောင်ကပ်စီးချင်လို့ ကြံခဲ့တာမှမဟုတ်တာ … မပေးနဲ့တော့ပြောလည်း …ကိုယ်ပေးသင့်တာ(ပေးချင်တာ)တော့ပေးရမှာပဲလေ … မဟုတ်လျှင် သူ့အပေါ် အကြွေးတင်နေသလိုချည်းခံစားရနိုင်သလို … သူ့ဘက်ကလည်း .. ငါထင်တဲ့အတိုင်း ကပ်စီးသွားတာပဲဆိုတဲ့ စိတ်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ် … ။ ဘာပဲဖြစ်ဖြစ် အန်တီအိရေ.. သင်ခန်းစာရတာပေါ့ ၊ ကိုယ်လည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးပြီလို့ပဲ သဘောထားပြီး မေ့မေ့ပျောက်ပျောက်နေလိုက်ပါနော် …. ဒါမှ စိတ်တွေလေးလံမနေပဲ … ပေါ့ပေါ့ပါးပါးနေလို့ ရမှာ … ။ 🙄
Ma Ei
May 29, 2012 at 4:34 pm
အိတုန်လေးရေ…
ကိုယ်က ပေးချင်ခဲ့တဲ့ စိတ်ရှိနေတော့ အဲ့လိုဖြစ်သွားတာပါ…
ကားပေါ်က ဆင်းခဲ့ပြီး ဖြေရခဲ့ပါတယ်…
တခဏအတွင်း စိတ်တွေယောက်ယက်ခတ်သွားခဲ့တဲ့
အဖြစ်လေး ပြောပြချင်လို့ ရေးလိုက်တာပါ…
စိတ်ပူပေးလို့ ကျေးဇူးနော်…
kyeemite
May 29, 2012 at 11:44 am
တစ်ကယ်တော့ ကားခကားဒက်ရှက်ဘုတ်ပေါ်ကို
တင်ထားပီး ကိုယ်လည်း အောက်ရောက်နေပြီဘဲ
နှုတ်ဆက်ခဲ့ရမှာ..နှုတ်မဆက်ခဲ့မိလို့သာ
ခိုးလိုးခုလုဖြစ်ပီး ဒီစာစုထွက်ပေါ်လာတာဘဲ..
အဲတော့လဲ ရွာသူားတွေ ဖတ်ရတာပေါ့…
သဂျီးလဲ ပိုက်ဆံထွက်တာပေါ့…အဟီး..နောက်တာနော်
ခင်တဲ့..ကြိုက်မီး။
Ma Ei
May 29, 2012 at 5:04 pm
နှတ်မဆက်နိုင်ခဲ့ပါဘူးဆိုမှ…
သဂျီးက ပေးချင်လို့ကို MG တည်ထားတဲ့ သူဌေးလေ…
ဒီပိုက်ဆံလောက်တော့ မှုမထင်ပေါင်…
Mon Kit
May 29, 2012 at 11:51 am
ဖြစ်တတ်ပါတယ် မအိရယ်…
မအိ ငွေတစ်ဝက်ပေးခဲ့တာလဲ မှန်ပါတယ်..
သူကမှ လက်မခံတာဆိုတော့ စိတ်ထဲမထားတော့နဲ့ပေါ့နော်..
မွန်ကစ်အနေနဲ့ဆိုရင် ကိုယ်က ပေးလို့ လက်မခံဘူး.. ခါးသီးစွာ ငြင်းနေမယ်ဆိုရင်.. ပြုံးပြုံးလေးနဲ့ဘဲ ကျေးဇူးတင်ပါတယ်ဆိုပီး ဆင်းလာခဲ့မှာ…
manawphyulay
May 29, 2012 at 1:03 pm
အင်း ဒါကတော့ ဖြစ်တတ်တဲ့သဘောတရားတွေပါပဲ။ ခဏတာတွေ့ခဲ့ကြတဲ့သူတွေပဲလေ သူကလည်း အားနာလို့ ပြောတာ ဖြစ်မှာပါ။ မနောတုန်းက စပ်စီးမိတာ ဘယ်သူမှတ်လဲ ကုလားကြီးဖြစ်နေတာ သူ့လည်း ကိုယ်က စီးရအောင် ပြောတာမဟုတ် ကိုယ်ငှားပြီးမှ သူလည်း လမ်းကြောတူတယ် တူတူစီးရအောင် ပြောပြီးတက်တော့ ဘယ်လိုမှမပြောဖြစ်တော့ပဲ သူ့ကို ရှေ့မှာပဲထိုင်ဖို့ စိတ်ကပဲ ဆုတောင်းနေမိတော့တာလေ ဘယ်လိုပဲဖြစ်ဖြစ် ခရီးစဉ်ချောမွေ့ဖို့ လိုအပ်တာပါပဲလေ…
Crystalline
May 29, 2012 at 4:46 pm
အစ်မရေ ပြီးခဲ့တာကတော့နောက်တခါအတွက်သင်ခန်းစာပေါ့။ အစ်မကတော့အစ်မရဲ့အတွေးထဲမှာ ကားစပ်စီးဖို့တွေးနေပေမယ့် သူ့အနေနဲ့က အဲလိုအတွေ့အကြုံမရှိဖူးသူထင်ပါတယ်။ သူ့အနေနဲ့ကတော့ ခရီးသည်၃ယောက်နဲ့ကလေးကိုကူညီချင်တာရာလည်းရောက်၊ သူ့အတွက်လည်းသက်တောင့်သက်သာ သွားရဆိုပြီးငှားတာထင်ပါတယ်။ အဲဒီအချိန်အစ်မကလည်းလိုက်တော့ သူတို့လည်းနည်းနည်းတော့ ကျပ်ကျပ်သပ်သပ်နောက်ခန်းမှာစီးလိုက်ရမယ်ထင်တယ်။ နောက်ခန်းမှာ လူကြီး၄ယောက်နဲ့ကလေး တယောက်ဖြစ်သွားမှာပေါ့။ အစ်မရေ ဘာပဲဖြစ်ဖြစ်သူသည်လည်း အစ်မကိုနားလည်မှု့လွဲသွားကောင်း လွဲသွားနိုင်ပေမယ့် အစ်မသူ့ကိုကားခပေးလိုက်တဲ့အချိန်မှာ အစ်မသဘောထားကိုသူနားလည်သွားမှာပါ။
ကားခတဝက်ပေးပြီး သူ့ကိုလည်းကျေးဇူးပဲလို့ပြောမိခဲ့ရင်တော့ နှစ်ဦးနှစ်ဖက်စလုံးမှာပိုစိတ်ရှင်းမယ်ထင် ပါတယ်။
ginny
May 29, 2012 at 4:50 pm
ဒီနေရာမှာ ginny ဆိုရင်လည်း အတွေးတွေအများကြီးနဲ့ ဦးဏှောက်စားနေမှာသေချာတယ်။
ကိုပေါက်(မန္တလေး)
May 29, 2012 at 4:57 pm
မယ်အိ
နောက်တစ်ခါ ဘယ်လောက်စိတ်ဆိုးဆိုး နုတ်မဆက်ဘဲမနေနဲ့နော့်။
ပြုံးပြုံးလေးနဲ့ ဘိုင်ဘိုင်လို့လုပ်လိုက်နော်
Ma Ei
May 29, 2012 at 5:20 pm
ဟုတ်..ကိုပေါက်
စိတ်ဆိုးတာမဟုတ်ခဲ့ပါဘူး…
ရှက်ရမ်းမိတာနေမှာပါ…
Ma Ei
May 29, 2012 at 5:14 pm
မွန်ကစ်ရေ…
မအိလဲဘဲပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ပါတယ်ဆိုပီး
ဆင်းလာခဲ့နိုင်ရင်ကောင်းမှာနော်…
မနောလေးရေ…
အန်တီအိတော့ ကုလားကြီးနဲ့ ကားစပ်စီးဖြစ်ခဲ့ရင်
Post တစ်ခုထပ်ရေးလိုက်မယ် …
နှတ်ဆက်ခဲ့ပါတယ်…ဆိုပြီးလေ…
ခရစ္စတယ်ရေ…
သေးသေးလေးကို အကျယ်ချဲ့သလိုဖြစ်သွားခဲ့တဲ့အတွက်…
အမလဲသူ့ကို တစ်ကယ်ဘဲ အားနာမိပါတယ်…
ဂျင်းနီရေ…
အန်တီအိလို မဖြစ်စေနဲ့နော်…
MaMa
May 30, 2012 at 7:23 am
တစ်ခုခု စိတ်ထဲခံစားရရင် အခုလို ရွာသူားတွေကို ပြောပြလိုက်နိုင်တယ်။
ရွာသူားတွေဆီက လူအမျိုးမျိုး ခံစားမှုအစုံစုံတွေနဲ့ ပြန်ပြောကြတာတွေကို ဖတ်နိုင်တယ်။
အဲဒီနည်းနဲ့ စိတ်ထွက်ပေါက် လွတ်ရပ်လမ်းကို ရနေနိုင်လို့ကို ရွာထဲမှာ လည်နေရတာ။
စိတ်ရဲ့ထွက်ရပ်လမ်းကို ရှာဖွေတွေ့ရှိခြင်း ဆိုပြီး ကိုယ့်စိတ်ဒုက္ခကို ကိုယ့်ဖာသာဖြေရှင်းနိုင်ခဲ့တုန်းက ဒိုင်ယာရီမှာ ရေးခဲ့မိတာကို သွားသတိရမိတယ်။ 🙂