ထူးဆန်းသောမြွေနှင့် အစွမ်းထက်သော မှော်ဝင်အဆောင်(ပ)
ကြောင်လေးတစ်ယောက် ရှေ့အလားအလာဘာဖြစ်လာမယ်ကိုတာကိုတွေးရင်း အတော်လေး ခေါင်းစားနေပါတယ်။ ဘယ်အလုပ်ကို ဘယ်လိုလုပ်ရပါ့ဆိုတာကို အမြဲတွေးနေရတာပေါ့။ ညအိပ်ယာဝင်ရင်ခေါင်းထဲမှာ အစီအစဉ်တွေချ စဉ်းစားရင်းအိပ်ပျော်သွားတဲ့ကြောင်လေး အိပ်မက် မက်ပါတော့တယ်။
“ဒုံး… ချွမ်း…”
“ဒုံး…… ချွမ်း…..”
“တွီ…တွီ…..”
“တီတီ…”
“ဒုံး… ချွမ်း…”
မြို့လယ် ဈေးအနီးက လမ်းဘေးမြေကွက်လပ်ခပ်ကျယ်ကျယ်တစ်နေရာမှာကျနော်ဟာ လက်တစ်ဖက်က ဘင်ကြီးကို တဒုံးဒုံး ထုရင်း တဖက်က ယကွင်းကို တချွမ်းချွမ်း တီးကာ ဆရာကျားကို လှမ်းကြည့်လိုက်ပါတယ်။ ဆရာကျားဟာ ပလိုင်းထဲကမြွေတစ်ကောင် ဆွဲထုတ်လိုက် ပြီး ဗူးသီးခြောက်ပုလွေကို တတွီတွီမှုတ်လိုက် မြွေကို ပါးပြင်းထောင်အောင် ပုလွေနဲ့ ကလော်လိုက်ပါတယ်။
“ဒုံး… ချွမ်း…”
“ဒုံး…… ချွမ်း…..”
ကျနော်လည်းကိုယ်အလုပ်ကိုဆက်လုပ်ရင်းရှေ့ကိုကြည့်လိုက်တော့ လူ လေးငါးခြောက်ယောက် လောက် ရောက်လာနေပါပြီ။
“တွီ…တွီ…..တီတီ…”
ဆရာကျားကတော့ မြွေတွေကိုတစ်ကောင်ပြီးတစ်ကောင်ထုတ်လိုက် ပုလွေမှုတ်လိုက် ပါးပြင်းထောင်အောင်လုပ်လိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။
“ဒုံး… ချွမ်း…”
“ဒုံး…… ချွမ်း…..”
“တွီ…တွီ…..တီတီ…”
“ဟိတ်….. ဒုံး…… ချွမ်း…..”
“ဟိတ်….. ဒုံး…… ချွမ်း….. ဒုံး…… ချွမ်း…..”
မြွေသုံးကောင်လောက်ပါးပြင်းထောင်နေတဲ့အခါမှာတော့ ဆရာကျားဟာတဟိတ်ဟိတ် အသံပေးရင်း မြွေတွေကို သူ့ရဲ့ဗူးသီးခြောက်ပုလွေနဲ့ တို့မလိုလုပ်လိုက်ပါတယ်။ ဒီအခါ မြွေတွေဟာ ပါးပြင်းထောင် ရင်း ပုလွေကိုလှမ်းပေါက်လိုက် ဟိုဘက်နဲနဲရွှေ့လိုက်နဲ့ ယိမ်းကနေသလို ဖြစ်နေတာဟာအလွန် ကြည့်လို့ ကောင်းလှပါတယ်။
တကယ်တော့ကျနော်ဟာ မြွေလမ္မာယ်ဆရာ ကိုကျားနဲ့ လိုက်ပြီး တပည့်ခံပညာသင်ရင်း နေ့တွက်ခလေးလဲရ မြွေဆရာပေါက်စလေးလည်းဖြစ်အောင် ကျိုးစားနေတာပါ။ လောလောဆယ်မှာတော့ ဘင်တီးတောက်တိုမယ်ရပေါ့။ ကျနော်တို့ရှေ့မှာလူအယောက်နှစ်ဆယ်ကျော်သုံးဆယ်လောက်တော့ရောက်နေပါပြီ။
ဆရာကျားဟာကျနော့ကို ဘင်တီးတာရပ်လိုက်ဖို့ လက်နဲ့လှမ်းပြီးအချက်ပြပြီးသူ့အနားလာဖို့ ခေါ်လိုက်ပါတယ်။
“ကဲကြောင်လေး ဒီမြွှေတွေ ပလိုင်းထဲပြန်ထည့်လိုက်တော့……”
ကျနော်လည်းမြွေကို ကိုင်ရမှာ နဲနဲတွန့်သွားပြီး လက်ဝါးနှစ်ဖက်ကိုပွတ်နေမိပါတယ်။
“ဟိတ်ကောင် …ကိုင်ပါကွ မြွေဆရာဖြစ်ချင်ပြီးမြွေကိုင်ရမှာကြောက်နေလို့ဖြစ်မလား….”
ကျနော်လည်းဟုတ်ကဲ့လို့ပြောရင်းအရဲစွန့်ပြီး မြွေတွေကို ပလိုင်းထဲပြန်ထည့်လိုက်ပါတယ် ပျော့အိအိ ချောကျိကျိနဲ့ ကိုင်ရတာ ရင်ထဲမှာတော့ကလိလိကြီးပါ။ ရွာထဲက အိတုန်တော့မြွေလေးမွေးထားပြီးကိုင်တာဘယ်လိုခံစားရတယ်မသိ။ အဟိ…..
“ကဲဟေ့ကြောင်လေး၊….နောက်က သေတ္တာအဖုံးကိုဖွင့်လိုက်ကွ…..”
ကျနော်လည်းဆရာကျားပြောတဲ့အတိုင်း အနောက်ကသေတ္တာကိုဖွင့်လိုက်ပါတယ်၊သေတ္တာက သုံးပေ နှစ်ပေလောက်ရှိပြီးအမြင့်ကလည်း နှစ်ပေလောက်ရှိပါတယ်။ထူးခြားတာက အခြားသေတ္တာတွေလို ပတ္တာနဲ့ မဟုတ်ပဲ အံစွပ်ပုံစံပါ အဖုံးအမြင့်က လေးလက်မလောက်ရှိပြီး အတွင်းဘက်မှာ လျှာပုံသဏ္ဍာန်ကတစ်လက်မလောက်ဆိုတော့ အဖုံးကိုမြေပြင်မှာချထားရင်အမြင့် ငါးလက်မလောက်ရှိပါတယ်။ သေတ္တာထဲမှာတော့ပလိုင်းတွေကိုနှစ်ထပ်စီပြီးထည့်ထားပါတယ်။
“ကဲ….ဟောဒီကပရိတ်သတ်ကြီးကို ကျနော်က မြွေတွေစုံလင်အောင်ပြသသွားမှာပါ…မြွေတွေဟာ တကယ်တော့အကြားအာရုံမရှိဘူးလို့ ပညာရှင်တွေက ဆိုပါတယ်…….. သူတို့ဟာ လူတွေ ၊သတ္တဝါတွေကို သူတို့ မျက်လုံးထဲမှာ ဓါတ်ပုုံရိုက်သလို ရိုက်ပြီးမှတ်ထားကြပါတယ်။ မြွေတစ်ကောင်ကမှတ်ထားတဲ့ အဲဒီပုံတွေကို အခြားမြွေတစ်ကောင်ကပြန်မြင်နိုင်တယ်လို့ဆိုပါတယ်…ဒါကြောင့်မြွေတစ်ကောင်ကိုသတ်ပြီးရင် ခေါင်းကို မြေမြှုပ်ပစ်ရတာဖြစ်လိမ့်မယ်…..”(ရမ်းရွှီးနေတာပါ)
ဆရာကျားဟာအောင်မြင့်ခန့်ညားတဲ့အသံနဲ့ ခပ်ကျယ်ကျယ်အော်ပြောလိုက်ပါတယ်၊ အနားမှာရှိတဲ့သူတွေတင်မကပဲ ဟိုးခပ်လှမ်းလှမ်းမှာ လျှောက်သွားသူတွေပါကြားနိုင်လောက်တဲ့အသံပါ၊ ဒါမှလည်းလမ်းသွားလမ်းလာတွေစိတ်ဝင်စားပြီး လာကြမှာမဟုတ်လား။ ဆရာကျားဟာပလိုင်းတစ်လုံးကိုယူပြီး အထဲက မြွေတစ်ကောင်ကိုထုတ်ယူလိုက်ပါတယ်။
“ဒါကတော့အများသိကြတဲ့အတိုင်း မြွေပွေးလို့ခေါ်ပါတယ်။ သူ့ရဲ့အကွက်တွေ ဟာဘယ်မြွေနဲ့မှမတူအောင် လှပါတယ်။ အဆိပ်လည်းအင်မတန်ပြင်းပါတယ်…”
“ဒါကတော့မြွေဟောက်ပါ၊ ဒီအကောင်တွေဟာပရိတ်သတ်ကြီးသိကြတဲ့အတိုင်း ပါးပြင်းခွက်ရင် သိပ်လှပါတယ်….”
ဆရာကျားဟာမြွေကိုအောက်ချလိုက်ပြီး ပါးပြင်းခွက်အောင် ပုလွေနဲ့မလိုက်ပါတယ်၊ ပြီးတော့ဒေသဖြစ်အောင်စလိုက်တဲ့အခါ ပါးပြင်းကြီးခွက်ပြီး တဖြီးဖြီးနဲ့ဒေါသတကြီး ဆရာကျားကိုပေါက်ဖို့လုပ်ပါတယ်။
“မြွေဟောက်တွေမှာမတူတဲ့အမှတ်အသားတွေရှိကြပါတယ်။ သူ့ရဲ့ဂုတ်ပေါ်မှာ ကြည့်ပါ။ အိုမီဂါလိုအမှတ်အသားလေးပါ ပါတယ်…..|”
ဆရာကျားဟာပါးပြင်းထောင်နေတဲ့မြွေကို ဆပ်ကနဲဖမ်းကိုင်လိုက်ပြီး ပရိတ်သတ်ရှေ့ကိုတိုးသွားလိုက်ပါတယ်။ လူတွေလဲနောက်ကိုရှဲကနဲဆုတ်သွားကြပါတယ်။
“မကြောက်ကြပါနဲ့…မကြောက်ကြပါနဲ့…အဆိပ်ထုတ်ထားပါတယ်….”
ပရိတ်သတ်ကိုပြပြီး ပခြုပ်ထဲပြန်ထည့်၊သေတ္တာဘေးမှာထားပြီး နောက်တစ်ကောင်ထုတ်လိုက်ပါတယ်။
ဓဒါလဲမြွေဟောက်ပါပဲ….ဒီကောင်မှာကတော့ “၀” လုံးပုံပါ ပါတယ်…. တချို့အကောင်တွေဟာ “၀” လုံးသုံးလုံးဆက်နေတဲ့ပုံပါ၊ သံကွင်းဆက်အမှတ်အသားပါ။ ရိုးရိုးမြွေဟောက်တွေထက်ပိုအဆိပ်ပြင်းပါတယ်….”
“ဒီမြွေတွေ တွေ့ဖူးပါတယ်ကွာ”
ပရိတ်သတ်အနောက်ဖက်ထဲက အသံတစ်ခုထွက်လာပါတယ်။ ဒါကိုဆရာကျားကကြားလိုက်တော့ မိန့်မိန့်ကြီးပြုံးရင်း
“ဟုတ်ပါတယ်ခင်ဗျာ….လူတိုင်းတွေ့ဖူးကြမှာပါ……ဒါဟာကျနောနိဒါန်းပျိုးတာပါ။ဟောဒီသေတ္တာထဲမှာမြွေတွေအများကြီးပါ ပါတယ်။ ပရိတ်သတ်ကြီးမတွေ့ဖူးတဲ့ ရှားပါးမြွေတွေပါ။ ဗဟုသုတဖြစ်အောင် သိစေချင်လို့ လာရောက်ပြသရခြင်းဖြစ်ပါတယ်…….
“ဒီမြွေတွေကို ရန်ကုန်တိရိစ္ဆာန်ရုံမှာသွားကြည့်ရင် ငွေအများကြီးကုန်ပါမယ်။ ဒီလောက်စုံအောင်လည်းတွေ့ရမှာမဟုတ်ပါဘူး။ လာကြပါ…ကြည့်ကြပါ…ဟိုးလမ်းသွားလမ်းလာများလည်းလာကြည့်ကြပါ။ မြင်ရခဲတဲ့မြွေတွေပါ…….”
လူတွေလည်းတော်တော်များများအုံခဲလာပါတယ်။ နောက်ကလူတွေကအတင်းတိုးဝှေ့ကြလို့အသံတွေထွက်လာပါတယ်။
“ပရိတ်သတ်ကြီးမတိုးကြပါနဲ့ခင်ဗျာ…..နောက်ကလူတွေမြင်ရအောင် ရှေ့နှစ်တန်းကလူတွေ ထိုင်ပေးကြပါခင်ဗျာ….တောင်းပန်ပါတယ်……
“ဒါကတော့တောကြီးမြွေဟောက်ပါ…….ဒီမြွေကိုကျနော် ဗဂိုးရိုးမထဲမှာဖမ်းခဲ့တာပါ……(သူ့အိမ်နောက်ဖေးခြုံထဲက)
“ဒါကတော့ငန်းစောင်းပါ…….သူသွားရင်ရှေ့တည့်တည့်မသွားပါဘူး၊ခပ်စွေစွေသွားပါတယ်းးဒါကြောင့်ငန်းစောင်းလို့ခေါ်တာပါ….(ရမ်းပြောတာ)
“ဟောဒါကတော့ ငန်းနက်ပါ ….ဒီကောင်ကတော့ ကျနော်မွန်ပြည်နယ် ကျိုက်ထီးရိုးကိုသွားရင်း တောထဲမှာရှာပြီးဖမ်းခဲ့တာပါ……ပရိတ်သတ်ကြီး ကိုင်ကြည့်ချင်ရင်ကြည်လို့ရပါတယ်…….”
ဆရာကျားဟာ နက်ပြောင်နေတဲ့မြွေတစ်ကောင်ကို ပရိတ်သတ်ကိုလိုက်ပြရင်းကိုင်ခိုင်းနေပါတယ်။ တစ်ချို့လည်း လက်တွန့်သွားကြပြီး တချို့လည်းမရဲတရဲ ထိကြည့် ကိုင်ကြည့်လုပ်ပါတယ်။
“ကဲဒီတစ်ခါတော့အင်မတန်ထူးဆန်းတဲ့မြွေတစ်ကောင်ကိုပြပါမယ်…….. ဒါကတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့ တန်ဖဲရွာအလွန်၊ ဧရာဝတီမြစ်ဖျားစ မေခမလိခပေါင်းဆုံရာဒေသ…….. သုံးမြှောင့်ပုံသဏ္ဍာန် တြိဂံနယ်မြေ …….”
ဆရာကျားဟာ သီချင်းတစ်ပုဒ်ဆိုသလိုဆိုရင်း အဖြူရောင်လိုလို အဝါရောင်လိုလို ရောင်ပြေးလေးပြေးနေသလို အင်မတန်လှပထူးဆန်းတဲ့ မြွေတစ်ကောင်ကို ကိုင်ပြလိုက်ပါတယ်
“……..မြောက်ပိုင်းရဲ့ကုန်းမြင်မှာတည်ရှိနေ….ဆွမ်ပရာဘွမ်…..သွေးချင်းတို့ပျော်ရာမြေ…….
“အဲဒီ ကချင်ပြည်နယ်ရဲ့ ရေတွေခဲနေတဲ့ ခါကာဘိုရာဇီတောင်ထွတ်တွေဟိုဘက်နယ်စပ်က ရခဲ့တာပါ…အဲဒီဘက်ကို ခက်ခဲခဲ သွားရှာဖွေခဲ့တာပါ၊ ဒီအကောင်ဟာဟိုဘက် တိဗက်နယ်မြေထဲကနေ ဒီဘက်ကိုမျက်စေ့လည်ပြီးရောက်လာတာဖြစ်မယ်။ကျနော်သွားခဲ့တုန်းက ဒလိုင်လားမားရဲ့အမျိုးအနွယ် တိဗက် ဘုန်းကြီး သုံးပါးနဲ့တောင်တွေခဲ့ပါသေးတယ်………(အလကား ကချင်ကရေခဲတောင်မပြောနဲ့ ရန်ကုန်ရေဝေးသုသာန်က ရေခဲတိုက်ကိုတောင်မရောက်ဖူးဘူး)
“ဒီမြွေမှာထူးခြားတဲ့အစွမ်းမှော်အစွမ်းတွေ ရှိနေပါတယ်…..တိဗက်ဘုန်းကြီးတွေ သင်ပေးလိုက်တဲ့ ကျနော့ရဲ့အတတ်ပညာတစ်ခုနဲ့ပေါင်းစပ်လိုက်ရင် ဒီမြွေဟာ ဘာဖြစ်သွားမယ်ဆိုတာ စောင့်ကြည့်ကြပါ …ပရိတ်သတ်ကြီး မပြန်ကြပါနဲ့……….ဟောဒီမြွေကို ဟောဒီသေတ္တာအဖုံးနဲ့ အုပ်ထားလိုက်ပါမယ်…..ဘာ ဖြစ်သွားမယ်ဆိုတာစောင့် ကြည့်ရင်း ကျနော်နောက်ထပ်ပြမဲ့မွေတွေကို လေ့လာကြည့်ရှုကြပါ……..နောက်ပြီးအစွမ်းထက်တဲ့ “မှော်ဝင်အဆောင်” လေး တစ်ခုကို ပရိတ်သတ်ကြီးကိုဝေငှပေးဦးမှာပါ…………ကြောင်လေး အဲဒီသေတ္တာအဖုံးရှေ့ကိုမခဲ့ကွာ…..”
ကျနော်လည်း သေတ္တာအဖုံးကိုအရှေ့ကိုမသွားရပါတယ်။ ဆရာကျားဟာ အရောင်လှလှနဲ့မြွေကို အဖုံးလေးအသာမပြီး အောက်ကိုအသာလေးလွှတ်ပေးလိုက်ပါတယ်။ နောက်တော့ ပါးစပ်က မာန်ပါပါနဲ့ အောက်ကအတိုင်း ရွတ်ဆိုရင်းအဖုံးကိုလက်ဝါးနဲ့ “ဘုန်း” ကနဲပုတ်လိုက်ပါတယ်။
“မိုးပေါ်မှာ သကြား…….မိုးပေါ်မှာ သကြား….
ရေပြင်မှာ နဂါး…..
လူ့ပြည်မှာ ငါဟဲ့ ဖွတ်ကျား………အဲ..အဲ…..ငါဟဲ့ ဆရာကျား….
“ဒါးဝိဇ္ဇာ……..ပြဒါးဝိဇ္ဇာ……..အင်းဝိဇ္ဇာ……..သံဝိဇ္ဇာ……..ဆေးဝိဇ္ဇာ….အရက်ဝိဇ္ဇာ……..ဖဲဝိဇ္ဇာ…….
ဝိဇ္ဇာကိုးသောင်း(နှစ်မျိုးတိုးသွားလို့ တစ်သောင်းတိုးသွားတာ) ဆရာပေါင်းတို့ ရဲ့ ဒဂိုးအိတ်တိပတ်တွေ ငါ့ကို်ယ်ပေါ်ကိုရောက် ……….ဟိတ်တ်တ်တ်းးးးးးးးးးးးးးးးးးး……..
ဟောဒီ အောက်ကမြွေဟာ ဘယ်လိုဖြစ်သွားမလဲ…….ကြည့်လိုက်…….ဟိတ်တ်တ်တ်းးးးးးးးးးး ဘုန်း”
ဆက်လက်ဖော်ပြပါမည်။
အားလုံးကိုခင်မင်လေးစားစွာဖြင့်
ကြောင်လေး။
(ကျနော်အမှန်တကယ်ပေးချင်တဲ့မက်ဆေ့ချ် ကိုဒုတိယပိုင်းမှာဖတ်နိုင်ပါတယ်။)
9 comments
ကြောင်လေး
July 7, 2012 at 6:45 am
Comment များကို တစ်ဦးချင်းသော်လည်းကောင်း၊ ချက်ခြင်းသော်လည်းကောင်း လုံးဝသော်လည်းကောင်း ပြန်လည်ဆွေးနိုင်ခြင်းမရှိခဲ့ပါက နားလည်ပေးစေချင်ပါသည်။
အင်မတန်စုတ်ပြတ်ညံ့ဖျင်းသော ကွန်နက်ရှင်ဖြင့် အသုံးပြုနေရသဖြင့် ဖတ်ရှုခြင်းများကိုသာဦးစားပေးနေရပါသည်။ လော့အင်တစ်ခါဝင်ရန်အင်မတန်မှခက်ခဲလှပါသည်။
etone
July 7, 2012 at 8:47 am
ကိုကြောင်လေးရေ …
အိပ်မက်လို့သာပြောတယ် … အသေးစိတ်မှတ်မိနေတာပဲနော် … အဟိ 😀
ဒုတိယပိုင်းကိုတော့ ..စိတ်ဝင်စားအောင် ဆွဲခေါ်ပြီးမှ …. အိပ်မက်ဆိုပြီး လွှတ်ချလိုက်မလား မသိဘူး .. အဟီး … ။ စောင့်ဖတ်အားပေးပါဦးမယ်နော် … ။
မြွေကိုင်ရတဲ့ ဖီလင်ကတော့ … ကိုင်နေမကျရင်ကြောက်တာပေါ့ .. နောက်ပိုင်း သံယောဇဉ်ဖြစ်လာတော့ ကြောက်စိတ်ပျောက်ပြီး ကိုယ်မွေးထားသလို တယုတယ ကိုင်ရဲလာတယ် … ။
အခုတော့သူမရှိတော့ပါဘူး … မြွေစိမ်းလေးသေသွားပါပြီ … ဧပြီလ8ရက်နေ့ကတည်းက … အဟင့် .. 😥
ကြောင်လေး
July 7, 2012 at 9:17 am
အိတုန်ရေ မြွေလေးသေသွားတဲ့အကြောင်းဖတ်လိုက်ရပါတယ်။ကောင်းမှုဒါနလေးလုပ်ပြီးအမျှဝေလိုက်ပေါ့၊ ပထမတော့ ဒီဇာတ်လမ်းကို အဲဒီမြွေလေးငှါးပြီး ဇာတ်အိမ်ဖွဲ့ဖို့စဉ်းစားမိပါသေးတယ်၊ နောက်မှ သေသွားပြီဆိုတာသတိရလို့ ပြောင်းလိုက်တာပါ။
မောင်ပေ
July 7, 2012 at 9:26 am
အိပ်မက်လား တစ်ကယ်လား
ဒုပိုင်းမှာ ဆက်ဖတ်ကြည့်မယ်ဗျား
ရှင်းသန့် နွယ်
July 7, 2012 at 9:32 am
ဒုတိယပိုင်းဆက်ဖတ်လိုက်အုံးမယ်နော်…
ကြောင်လေး
July 7, 2012 at 12:59 pm
ကိုပေနဲ့ ရှင်းသန့် အားပေးတာ ကျေးကျေးပါဗျား။
ဟိုဘက်မှာပြန်မန့်တာတက်မလာလို့ ပြန်ထွက်ပြီး ဒီဘက်ကိုလာခဲ့ပါတယ်။
ဒီမှာလဲမန့်ကြည့်လိုက်ဦးမယ်၊ဘယ်လိုများနေမယ်မသိ….
ကိုင်း….လာလေရော့ …..ဟိတ်တ်တ်တ်းးးးးးးးးးးးးးးး
ho leo
July 7, 2012 at 1:06 pm
ကိုကြောင်ရေ ကျွန်တော်သိတဲ့ပုံပြင်ကမြွေက အဲ့ဒီလိုမဟုတ်ဘူးဗျ
ပြောမယ်နော် စကားပြောတက်ခါစ ကလေးလေးက သူ့အမေကို ပြောတယ် “အမေ့ဗိုက်ထဲ့မှာနေတုန်း ည ည ဆိုရင်သားဆီကိုမြွေကြီးတစ်ကောင် အလည်လာတယ်” သူ့အမေ က လန့်သွားတယ် သူက ဆက်ပြောတယ် “သူ က လာပြီးရင်ဘာမှမပြောဘူး ဝင်လို်က်ထွက်လိုက်နဲ့ နည်းနည်းကြာရင် သားကိုဘာတွေနဲ့လည်းမသိဘူးပတ်သွားတယ် အဲ့ဒီမြွေကိုတွေရင်သားဓားနဲ့လိုက်ခုတ်မှာ”သူ့အမေကတော်တော်လန့်သွားတယ်
တစ်မျိုးမတွေးပါနဲ့ သူ့သားမြွေဝင်စားတာလေ တော်တော်အကျိုးပေးတယ်တဲ့
ဒါပေမယ့်သူ့အဖေကတော့လန့်လန့်နေတယ်
အနေအထိုင်ဆင်ခြင်ရတယ်တဲ့
ကြောင်လေး
July 7, 2012 at 1:31 pm
ကိုပိုလီယို….အဲလေ ကိုဟိုလီယို အဆိပ်တွေနဲ့ မှုတ်သွားတာဖြစ်မယ်ထင်တယ်……
အဲဒီမြွေကိုရှာပြီးသတ်သင့်တယ်……. ကျနော်ပြောတာပုံပြင်မဟုတ်ဘူးဗျ…ဒုတိယပိုင်းလေးဆင်ဖတ်ကြည့်ပါ။
lazy boy
July 7, 2012 at 1:55 pm
ဒုတိယအပိုင်းကိုအားပေးဖို ့စောင့်နေပါမယ်……