ထူးဆန်းသောမြွေနှင့် အစွမ်းထက်သော” မှော်ဝင်အဆောင်”(ဒု)
“ဒါးဝိဇ္ဇာ……..ပြဒါးဝိဇ္ဇာ……..အင်းဝိဇ္ဇာ……..သံဝိဇ္ဇာ……..ဆေးဝိဇ္ဇာ….အရက်ဝိဇ္ဇာ……..ဖဲဝိဇ္ဇာ…….
ဝိဇ္ဇာကိုးသောင်း(နှစ်မျိုးတိုးသွားလို့ တစ်သောင်းတိုးသွားတာ) ဆရာပေါင်းတို့ ရဲ့ ဒဂိုးအိတ်တိပတ်တွေ ငါ့ကို်ယ်ပေါ်ကိုရောက် ……….ဟိတ်တ်တ်တ်းးးးးးးးးးးးးးးးးးး……..
ဟောဒီ အောက်ကမြွေဟာ ဘယ်လိုဖြစ်သွားမလဲ…….ကြည့်လိုက်…….ဟိတ်တ်တ်တ်းးးးးးးးးးး ဘုန်း”
နောက်တော့ဆရာကျားဟာသေတ္တာထဲကမြွေတွေကို တစ်ကောင်ပြီးတစ်ကောင်ထုတ်ပြနေပါတယ်။ မြွေအမျိုးအစားလည်းစုံပါတယ်။ စပါးကြီး စပါးအုံး၊ လိုအကောင်ကြီးကြီးမြွေအပြင် မြက်လျှောလို၊မြွေစိမ်းမီးခြောက်လိုအကောင်သေးလေးတွေလည်းပါ ပါတယ်။ မြွေတစ်ကောင်ချင်းရဲ့အမည်တွေနဲ့ ဘယ်ကဖမ်းခဲ့တယ်ဆိုတာကိုလည်းဖြီးဖျန်းပြီးပြောပါသေးတယ်။ သူ့ရဲ့ အသံပြဲကြီး အဲလေ…အောင်မြင်ခန့်ညားတဲ့အသံကြောင့် လူတွေဟာလည်းများသထက် များလာပါတယ်။
“ဟော ဒါကတော့ခလောက်မြွေပါ….သူ့အမြီးကို ခါလိုက်ရင် ခလောက်လိုအသံမြည်ပါတယ်။ သူ့ရဲ့အစာကို အသံနဲ့ မျှားခေါ်ပြီး အနားရောက်လာမှ အသာလေး ဖမ်းစားတတ်တဲ့အကောင်ပါ..”(အထင်)
“ဒါကတော့ရေထဲမှာ အနေများတဲ့အကောင် ပါ။ ဂျပ်လုံးလို့ခေါ်ပါတယ်……..ဒီကောင်ကိုက်ရင် အရမ်း အိပ်ချင်လာပါတယ်…….ကိုက်ကိုက်ခြင်းမအိပ်မိအောင်သတိထားရပါတယ်………အိပ်လိုက်ရင်လည်း ပြန်မနိုးတော့ပါဘူး……”(သူများပြောတာကြားဖူးတာသေချာတော့မသိ)
“ဂျပ်မြွေမှာ နှစ်မျိုးရှိပါတယ် ….ဂျပ်လုံးရှိသလို ဂျပ်ပြားလည်းရှိပါတယ်….ကျနော့မှာတော့ ပြစရာပါမလာပါဘူး……..”(အလုံးတောင်ရှိတယ်ဆိုတော့အပြားလဲ ရှိနိုင်တာပေါ့)
ဆရာကျားလည်းမြွေတွေကိုပြပြီးတဆက်တည်းမှာပဲ
“ကဲကဲ ပရိတ်သတ်ကြီးကို ကျနော် ခုနက ပြောတဲ့အတိုင်းအစွမ်းထက်တဲ့ “မှော်ဝင်အဆောင်” ပစ္စည်းလေးတစ်ခုဝေငှပေးပါ့မယ်…….ဒါကမှော်ဝင်ရုံတင်မကပါဘူး…..မှော်ဝင်၊ဒိုက်ဝင်၊အမှိုက်ဝင်၊ဗေဒါဖုတ်ဝင်ဖြစ်ပြီး ထင်းတုံးကြီးပါဝင်တဲ့အဆင့်ရှိပါတယ်……….. (အဲဒလိုနဲနဲပိုပြောထားမှ လူတွေက အထင်ကြီးတတ်ကြတာ) ဒီအဆောင်လေးဟာဘယ်လိုအစွမ်းထက်သလဲဆိုရင်……..
“ဝေးနေတဲ့ သူတွေ……..မိသားစုတွေ…..အမျိုးအဆွေတွေ…….ချစ်သူတွေကို အနီးကိုရောက်လာစေပါတယ်……
“တခါတခါ အနီးနားမှာ အတူထိုင်နေသူတွေကိုလည်း အဝေးကိုရောက်သွားသလိုခံစားရစေပါတယ်….
“ချစ်သူရည်းစားတွေ ကျောင်းပိတ်ချိန်အိမ်ပြန်လို့ ညဖက်သတိရတဲ့အခါတွေမှာ မိဘမသိပဲ ခြင်ထောင်ထဲကိုရောက်လာအောင်စွမ်းဆောင်နိုင်စွမ်းရှိပါတယ်……
“သုံးတတ်သူတွေအတွက် သူများရဲ့ပိုက်ဆံတွေ ကိုယ့်ဆီကိုရောက်အောင် လုပ်နိုင်သလို …. မသုံးတတ်တဲ့သူတွေအတွက်တော့ ကိုယ့်အိပ်ထဲက ပိုက်ဆံတွေ အတောင်ပံတပ်ပြီး ပျံထွက်သွားအောင်လုပ်ပလိုက်ပါလိမ့်မယ်……
“ဒီအဆောင်ကို သွားလေရာကိုယ်နဲ့မကွာဆောင်ထားဖြစ်အောင် အထူးတလည် အာရုံထားစရာမလိုပါဘူး…….အိမ်ထဲကနေ အိမ်ပြင်ကိုထွက်မယ်ဆိုတာနဲ့ သူ့ကိုဆောင်သွားဖို့ ပရိတ်သတ်ကြီးရဲ့စိတ်ကို ညှို့ယူဆွဲဆောင်နိုင်စွမ်းပါတယ်၊သူ့ကိုထားမပစ်ခဲ့ချင်အောင်ကို ပရိတ်သတ်ကြီးစိ်တ်ထဲသတိတရဖြစ်သွားစေရပါမယ်……
“ပျော်ရွှင်ချမ်းမြေ့စရာတွေ ဖြစ်စေနိုင်သလို စိတ်ဆိုး၊ဒေါသထွက်၊ပူဆွေးသောကရောက်စရာ တွေ ကိုလည်း သယ်ဆောင်ပေးနိုင်ပါသေးတယ်….
“အဲဒီပစ္စည်းလေးကိုတော့အများကြီးမရနိုင်ပါဘူး။ ကိုးနဝင်းကျေ နှစ်ဆယ့် ခုနစ်ခုပဲရမှာပါ လိုချင်သူများလက်ညှိုုးထောင်ကြပါ….ကဲကြောင်လေး လိုက်ဝေပေးလိုက်ကွာ…ရော့…ရော့…..”
“ဒီကိုပေးပါ…..”
“ကျနော့ကိုပေးပါ……..”
“ကျမကိုပေးပါ…….”
“ဒီနောက်ကိုလည်းပေးပါ၊ရှေ့မှာပဲမပေးပါနဲ့…..”
“ဒီဘက်ကိုလာပါဦး..ဒီဘက်ကိုလည်းပေးပါဦး……… ”
“အို ကျမတို့ကြတော့မရတော့ဘူးလား…..”
“အဲလိုမျက်နှာမလိုက်ပါနဲ့ ဗျို့…….”
ကျနော်လည်းဆရာကျားဆီက ပစ္စည်းကိုယူလိုက်ပြီးပရိတ်သတ်ဆီကိုသွားရင်ပဲ အလုအယက် ဝိုင်းပြီးတောင်းကြပါတယ်။ တချို့လည်းမရလို့ ပူညံပူညံလုပ်ကြပါတယ်။
“ဆရာကျားရေကုန်သွားပြီဗျို့ မရတဲ့သူတွေ အော်ကုန်ကြပြီ………”
“ကဲကဲ…….ဟုတ်ပြီ မလောက်ရင်လည်း…နောက်နေ့ မြို့အရှေ့ပိုင်းမှာဝေဖို့ထားတဲ့အထဲက နှစ်ဆယ့်ခုနစ်ခု ထပ်ဝေပေးပါမယ်….. မရတဲ့သူတွေ ရှေ့ကိုတိုးလာပါ……ရပြီးသားသူတွေက နောက်ဆုတ်ပေးပါ….ပြန်တော့မပြန်ကြပါနဲ့ဦး……ဟိုအောက်မှာ ရှိနေတဲ့မြွေဟာဘယ်လိုဖြစ်သွားမယ်ဆိုတာစောင့်ကြည့်သွားကြပါဦး။ ဒီမြွေနဲ့ ဒီပစ္စည်းဟာဆက်စပ်မှုရှိနေပါတယ်။ ဒီပစ္စည်းတွေရဲ့အစွမ်းထက်မှုကို ဒီမြွေက အဖုံးအောက်က ထွက်လာမှ ဆောင်ကျဉ်းပေးမှာပါ။ ဒီအတိုင်းအစွမ်းမထွက်နိုင်ပါဘူး…….”
ဆရာကျားရဲ့စကားကိုကြားတယ်ဆိုရင် မရသေးတဲလူတွေရှေ့ကိုအလုအယက်တိုးလာပြီး
“ကိုကြောင်လေး ရော့ကွမ်းယာလေးစားပါဦး……..”
“ဟေ့ အကို စီးကရက်သောက်ဦးလေ……”
“ရော့အကို ဒီမှာမီးခြစ်”
ဆိုပြီး ကွမ်းယာထုပ်တွေ၊ စီးကရက်တွေလှမ်းပေးကြပါတယ်။ ကျနော်လည်း စီးကရက်တစ်လိပ်ကိုမီးခြစ် ခြစ်ပေးတဲ့သူဆီမှာ မီးတို့ပြီးခပ်တည်တညသောက်လိုက်ပါတယ်။ ကျန်တာတွေကို လွယ်အိပ်ထဲအသာထည့်လိုက်ရင်း ဆရာကျားကိုမသိမသာလှမ်းကြည့်လိုက်တဲ့အခါ
ငါမြင်တယ်နော်ဆိုတဲ့မျက်နှာထားနဲ့ ကျနော့်ကိုစိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ကျနော်ကလည်း ဆရာကျားကိုလည်းပြန်ပေးမှာပါဆိုတဲ့ မျက်နှာပေးလေးနဲ့ ပြုံးပြလိုက်ရပါတယ်။ ပြီးတော့မှ ဆရာကျားအနားသွားပြီး နောက်ထပ်အဆောင်တွေထပ်ယူပြီးဝေပေးလိုက်ပါတယ်။ ဒါနဲ့ဆို ငါးဆယ့်လေးခုပေါ့။ ဒါလည်းမလောက်သေးပါဘူး။ တချို့ယူပြီးသားသူတွေလည်းထပ်ယူလိုက်တယ်ထင်တယ်။
“ဆရာရေမလောက်သေးဘူး…”
“ဒါဆိုနောက်ကိုးခုထပ်ယူကွာ..ရော့ရော့…….”
အားလုံးခြောက်ဆယ့်သုံးခု မှ လောက်လောက်ငှငှဖြစ်သွားပါတယ်။ တချို့ကလည်းမယူကြပါဘူး။
“ကဲ…ကဲ …..အဆောင်ရထားသူတွေ အစွမ်းထက်သွားအောင် ကျနော်ဒီ အဖုံးကိုဖွင့်ပြပါမယ်…..ဒီအောက်ကမြွေလည်း ဘယ်လိုဖြစ်သွားမယ်ဆိုတာကြည့်ကြပါ…….
“မဖွင့်ခင်မှာတော့ ကျနော့်ကို တစ်ခုလောက် ပြန်ပြီး ကူညီကြပါ။ ဒီပစ္စည်းကို ရဖို့က လွယ်လွယ်ကူကူနဲ့အလကားရထားတာမဟုတ်ပါဘူး။ ကျနော့မှာကုန်ကျစရိတ်တွေ ရှိပါတယ်….ဒါကြောင့်ရထားတဲ့သူတွေက တစ်ခုအတွက် တစ်ထောင့်ငါးရာပြန်ပြီး ကျေးဇူးပြုစေချင်ပါတယ်…..
“ဒါဟာကျနော်စီးပွားရေးလုပ်စားတာမဟုတ်ပါဘူး…….အနဲငယ်ပိုလျှံတဲ့အထဲက ကျနော်တို့ ထမင်းစားန်ုိင်ရုံနဲ့ ကြောင်စာဖိုးလေးအတွက်ပါ….”
“ဟာ…..ဆရာကျားကလည်း မြွေစာဖိုးလေးလုပ်ပါဗျာ…… ဘယ်နှယ်ကျနော်နာမည်ဆွဲထည့်နေရတာလဲဗျ……”
“ဘာမြွေစာဖိုးလည်းကွ…မြွေဆိုတာ အစာတစ်ခါစားပြီးရင် အကြာကြီးနေနိုင်တယ်…… ပရိတ်သတ်ကိုမလိမ်နဲ့ …….ပရိတ်သတ်တိုင်းက ငတုံး၊ ငအတွေမဟုတ်ဘူး……… ရိုးရိုးသားသားပြောပြီးရှာစားရတယ်ကွ……အခု မင်းဆိုတဲ့ကြောင်လေးကို ငါနေ့တွက်ခ ပေးရတော့မယ်လေ…….မင်းအိမ်က ကြောင် သားသမီးတွေနဲ့ မင်းမယားကြောင်မကို ကျွေးရမယ့်ဟာ ကြောင်စာဖိုးမဟုတ်လို့ ဘာဖြစ်ရဦးမှာလဲကွ…..”
“ဟုတ်ကဲ့……ဆရာပြောတဲ့အတိုင်းသာထားပါတော့ ဆရာကျားရယ်…..”
“ကဲ…ကဲ ပရိတ်သတ်ဆီက ငွေလိုက်ကောက်လိုက်တော့ကွ……”
ကျနော်လည်း ပရိတ်သတ်ကြားထဲတိုးဝှေ့ပြီး ငွေလိုက်ကောက်တာ မပေးတဲ့သူကများပါတယ်။ တချို့ကတော့ပေးကြတယ်…တချို့က ပွစိပွစိနဲ့…..
“ဆရာရေ ဆယ်ခု ဖိုးပဲရတယ်ခင်ဗျ”
“ဘာ……..ဒီလို ယူပြီးမပေးပဲနေလို့ရမလား………”
“ပရိတ်သတ်ကြီးကိုကျနော် ထပ်ပြောပါရစေ ….. ကျနော်ခုနကတည်းကပြောထားတယ်….ဒီအဆောင်ဟာ ကောင်းတဲ့အစွမ်းတွေကို ပေးနိုင်သလို….မကောင်းတာတွေလည်း ဖြစ်နိုင်တယ်…… အဲဒီတော့ ငွေမပေးပဲ၊ ကျနော်က မကျေနပ်ပဲ ဒီပစ္စည်းကို ကိုင်ဆောင်ထားတဲ့သူတွေဟာ မကောင်းတဲ့အစွမ်းတွေက များများအကျိုးပေးပြီးဒုက္ခရောက်လိ်မ့်မယ်လို့ သတိပေးပါရစေ…….. အဲဒီတော့ပေးကြပါ……မကြာခင်မှာပဲ ဒီအဖုံးကိုဖွင့်လိုက်မှာပါ ………. အဲဒီအခါဒီအောက်ကမြွေဘာဖြစ်မလဲဆိုတာလည်းကြည့်ဖြစ်အောင်ကြည့်သွားကြပါ………. ကဲကြောင်လေးလိုက်ကောက်လိုက်ဦး……..”
ကျနော်ထပ်ပြီးလိုက်ကောက်လိုက်တော့ နောက်ထပ် ရှစ်ခု ဖိုးထပ်ရပါတယ်။
“ဆရာရေ ရှစ်ခုဖိုးပဲရတယ်။ အခုမှအကုန်လုံး ဆယ့်ရှစ်ခု ဖိုးပဲရသေးတယ်ဆရာ…….”
“ကဲ…ကဲ….မပေးရသေးတဲ့သူတွေ ပေးကြပါ….လိုချင်တုန်းက အတင်းယူထားပြီး အခုမှမပေးရင် ဒုက္ခရောက်ကြလိမ့်မယ်နော် …….. ပရိတ်သတ်ကြီးရဲ့ဦးခေါင်းထဲကဦးနှောက်မှာရှိတဲ့အမှေးပါးဆိုတာတွေယောင်ထလာပြီး ဂေါက်ကြောင် ကြောင်သွာားတာမျိုး…….အမျိုးသမီးများ သားရေအိတ်အတိုလေးထဲထည့်ပြီးပခုံးမှာလွယ်သားရင် ရင်သားကင်ဆာဖြစ်တာမျိုး….အမျိုးသားများ စွမ်းအင်တွေ ကျဆင်းပြီး မလုပ်နိုင်မကိုင်နိုင်ဖြစ်တာမျိုး (စီးပွားရေးအလုပ်၊ရုံးအလုပ်တွေပြောတာပါ) တွေနဲ့ကြုံရနိုင်တယ်လို့ ကျနော်ထပ်ပြီး သတိပေးလိုက်ပါတယ်နော်…………. ကြောင်လေးရေ လိုက်ကောက်အုံး ….လိုက်ကောက်အုံး…..”
“ဆရာရေ နောက်ခုနစ်ခုဖိုးပဲရတယ်……သုံးဆယ့်ရှစ်ခုဖိုးကျန်သေးတယ်…”
“အေး ပရိတ်သတ်ကြီးလည်း လုပ်ငန်းတွေကမကောင်း…….စီးပွားရေးတွေကကြပ်……. ငွေကြေးတွေက ရှားပါးနေပြီဆိုတော့ လဲ အရမ်းမတောင်းဆို တော့ပါဘူး။ ကိုယ်ရဲ့ကျေးဇူးရှင်ထမင်းရှင်တွေ ဆိုတော့ ကျန်တဲ့ မတတ်နိုင်သူတွေကတော့ ငါးရာလောက်ပဲပေးကြပါ……ကျနော်လည်းစီးပွားရေးလုပ်စားတာမဟုတ်ပါဘူး….. စားလို့သောက်လို့ရရင် တော်ပါပြီ……….. မကြာခင်မှာပဲ အဖုံးကိုဖွင့်လိုက်မှာပါ……..ဒီအခါမှာထူးခြားတဲ့အဖြစ်အပျက်ကိုမြင်ရမှာဖြစ်ပြီး လူကြီးမင်းတို့အဆောင်တွေဟာလည်း အများနဲ့မတူ ထူးခြားအစွမ်းထက်တဲ့ ပစ္စည်းတစ်ခုအဖြစ် ကိုင်ဆောင်ရတော့မှာပါ……….ကြောင်လေး ….လိုက်ကောက်….လိုက်ကောက်……..”
“ဟာ….အဲဒါတော့ ဘယ်တရားမလဲ..ကျနော်တို့ ကိုတစ်ထောင်ပြန်အမ်း..”
“ဟုတ်တယ်…ဟုတ်တယ်…..မတရားဘူး…”
“မကျေနပ်ဖူးကွာ”
“ရော့ဟေ့မင်းတို့ဟာပြန်ယူ၊ ငွေပြန်ပေး”
“ပရိတ်သတ်ကြီးခင်ဗျာ လိုချင်တုန်းက ကိုယ့်ဖာသာကိုယ် နည်းမျိုးစုံနဲ့ အလုအယက်ယူထားကြတာပါ၊ ကျနော်တို့ကအတင်းအကျပ်လိုက်ပေးထားတာမဟုတ်ပါဘူး………..ပေးပြီးသားပရိတ်သတ်ကြီးက တတ်နိုင်ကြလို့ပေးတယ်ပဲသဘောထားပါ၊ ဒီအဆောင်ကို တန်ဘိုးကြီးကြီး ပေးကိုင်ထားရတာ ကိုယ့်ရဲ့အဆင့်အတန်းလို့ပဲသဘောထားကြပါ၊ လှူတယ်လို့သဘေားထားကြပါခင်ဗျာ……. အဖုံးကိုလည်းမကြာခင်ဖွင့်တော့မှာပါ…….. ကြောင်လေးရေ ကောက်…ကောက်…….”
“ဆရာရေ ငါးခုဖိုးပဲ ထပ်ရတယ်ဆရာ……သုံးဆယ့်သုံးခုဖိုးလိုသေးတယ်…….”
“ဟုတ်လား………တချို့တွေလည်းငွေအဆင်သင့်ပါလာကြဘူးထင်တယ်……..ကျန်တဲ့သူတွေ ငါးရာလောက်မပါကြဘူးဆိုရင်လည်း နှစ်ရာတန်တစ်ရွက်လောက်တော့ ကူညီကြပါခင်ဗျာ…. နှစ်ရာဆိုတာမများပါဘူး၊လ္ဘက်ရေတစ်ခွက်ဖိုးပဲရှိပါတယ်ဗျာ……..”
“ဆရာရေ ဆယ်ခုဖိုးပဲရတယ်………နှစ်ဆယ့်သုံးခုဖိုးလိုသေးတယ်”
“ဟုတ်လား……..ကဲကဲ ပရိတ်သတ်ရေ၊ ကိုယ့်ကျေးဇူးရှင်မိဘတွေလို့ပဲသဘောထားပါတယ်…….
နှစ်ရာတန်တစ်ရွက်မတတ်နိုင်ရင်လဲ…….တစ်ရာတန် တစ်ရွက်ဖြစ်ဖြစ်……… ငါးဆယ်တန်တစ်ရွက်ဖြစ်ဖြစ်……. ပါသလောက်သာပေးကြပါဗျာ……. ဒါမှမဟုတ်ရင်လည်း ငါးကျပ်တန်တစ်ရွက်ပါရင်လည်း ငါးကျပ်တန်ပဲပေးကြပါ…………..
“ကဲ……ဟောဒီအဖုံးအောက်က မြွေ ဘယ်လိုဖြစ်သွားသလဲ ကြည့်ကြရအောင် ……….ကဲ ဲ ဲ ဲ ဲ ဟောဒီအဖုံးကို ဒီလို မလိုက်မယ်……….လာလေရော့ လဟယ်ယ်ယ်ယ်…….
“အဲ…အဲ…အဲ ဒီအဖုံးအောက်ကမြွေ ဟာ မိဘပြည်သူများအခု မြင်ကြရတဲ့အတိုင်း
ဟောဒီလို ခွေခွေလေး အိပ်နေပါတယ်ခင်ဗျာ”
ပြီးပါပြီ။
အားလုံးကို
ခင်မင်လေးစားစွာဖြင့်
ကြောင်လေး။
19 comments
etone
July 7, 2012 at 9:08 am
အဟီး .. ဟီး ..ကိုကြောင်လေးရေ …
မြွေထည့်ထားတဲ့ သေတ္တာက အတော်ကြီး တာပဲ .. ဟဲဗီးဝိတ် ဆရာတပည့်နှစ်ယောက် …ထမ်းလာနိုင်တာ … ဘရန်းကြက်ပေါင်းသောက်ထားလို့လား ၊ အော်ရာမင်းဂျီသောက်ထားလို့လားမသိဘူး .. ။ ပရိတ်သတ်ကိုလိမ်ပြီး ယတြာရောင်းတဲ့ … ဆရာတပည့် … 3’x2’x3′ ဆိုဒ် သေတ္တာကြီးနဲ့ … မြင်ကွင်း .. မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်မိတယ် … ။
ရန်ကုန်က မြို့ပြင်မှာ .. အဲ့လို .. မြွေတွေ ပြပြပြီး ယတြာရောင်းနေတာ .. ခဏခဏ မြင်ဖူးတယ် … ။
လူတွေကလည်း ခွေးကိုက်ရင်တောင် ဝိုင်းရပ်ကြည့်တာဆိုတော့ …. တခါတခါလာပြရင် ဝိုင်းကြည့်ကြတာ … အုံခဲနေတာပါပဲ … ။ ကိုကြောင်လေးရေ … ရုပ်ရှင်ကြည့်ရသလို ပုံဖော်ရေးနိုင်တဲ့ အရေးသားကိုတော့ … အားကျမိပါတယ် … ။
ဒါနဲ့ … အိပ်မက်က နိုးခန်း မပါလိုက်ဘူးနော် …. အဟီး 😛
ကြောင်လေး
July 7, 2012 at 12:49 pm
အိတုန်ရေ ပထမပို့မှာပြန်ဖြေပြီး ဒီဘက်ပို့ကိုဖြေဖို့ကူးတာ ဘယ်လိုမှ မရတော့ဘူး။ လေးဆယ့်ငါးမိနစ်လောက်ကြာတဲ့အထိ ကျနော့ပို့နှစ်ခုလုံးကိုပြန်ဖွင့်မရဘူး။အဲဒါနဲ့ အခုနေ့လယ်ရောက်မှပြန်ဝင်လာရတယ်။ အဲဒီသေတ္တာကြီး ကိုချယ်ဂါလီသမားငှားသယ်လာတာလေ။ရောင်းကုန်က အမြတ်အစွန်း ကောင်းကောင်းရှိတော့ငှါးနိုင်တာပေါ့။။။။။
ရေးကောင်းကောင်းနဲ့ရေးပြီးအလောတကြီးတင်လိုက်တာ ဟိုဘက်မှာ အိတုန်အိမက်ဆိုတာပြောမှ အပိတ်မှာလိုသွားပြီဆိုတာသိလိုက်တယ်။ အခုဒီပို့ကိုပြန်ဝင်ကြည့်လိုက်တော့အိတုန်ကဒါကိုထောက်ပြပြီးသားဖြစ်နေပြီ—-တယ်လဲလျှင်သကိုး……..
လတ်လတ်
July 7, 2012 at 9:36 am
မြွေဆရာက အတော်ကိုလူလည်ကျတဲ့လူ ကြောင်စာဖို.တဲ့ ဟိဟိ………..
ချည်ထှာအေ(သများလေသံဖြင့်)…………… 😀
Inz@ghi
July 7, 2012 at 11:19 am
ဘယ်သူ့လေသံလဲခည
ရှင်းသန့် နွယ်
July 7, 2012 at 9:40 am
ကိုကြောင်လေးရေ
အားပေးသွားတယ်နော်
အရေးသားကမိုက်တယ် စာဖတ်သူကို မျက်စိထဲမှာကွင်းကွင်းကွက်ကွက်မြင်နိုင်စေတယ်…..
မောင်ပေ
July 7, 2012 at 10:01 am
အဟုတ်မှတ်လို့သေချာဖတ်ပါတယ် တော်တော်ရယ်ရတယ်ဗျာ
USA က ဂိုဏ်းချုပ်အူးကြောင် လို စာဖတ်သူကို အရမ်းပြုံးရယ်ရအောင် အရေးကောင်းတယ်ဗျာ။
ပထမဆုံး လက်မထောင်ခဲ့တယ်ဗျို့
laypai
July 7, 2012 at 10:48 am
ကြောင်လေး လည်း ကြောင်ကြီး လောက် တော့ ရေး နိုင် ပါတယ် ဆို တဲ့ အရေးအသားပဲ။
အားပေးသွားပါတယ် ဗျို့။
ဦးဦးပါလေရာ
July 7, 2012 at 11:00 am
အေးဗျာ
မျက်လှည့်ပြပြီးမလောက်ချင်ယောင်ဆောင်ပြီးမတန်တဆဈေးနဲ့ရောင်းတဲ့ဖုန်းတွေကို
ခေတ်အဆက်ဆက် အားပေးခဲ့ရတာပါ
တုံးတယ် ဆိုလဲ ရှိပါစေတော့၊ ညံ့တယ်ဆိုလဲ ပြောပါစေတော့
ကိုယ့်ကိုယ်ကိုတော့ ရိုးတယ်လို့ပဲ သတ်မှတ်ပါတယ်… 😀
အခုလဲ တသိန်းတန်ဖုံးကို ထပ်မျှော်တုန်း… 😀
နွေဦး
July 7, 2012 at 12:11 pm
အောက်ကမြွေလေးက ခွေခွေ လေး အိပ်နေတာကိုး..
ကံကောင်းတယ်..ထောင်ကြည့် အဲ..ပါးပြင်းထောင်ကြည့် နေရင်တော့ ….
ပြေးပြီဗျို့……
ကြောင်လေး
July 7, 2012 at 1:15 pm
လတ်လတ်ရေ……..မြွေကောလူကောမျှစားရတာလေးမြင်စေချင်လို့ပါ၊ သူများစကားခိုးမသုံနဲ့နော်။
ဂီဂီရေ………မူပိုင်ခွင့်ဥပဒေသုံးပြီး လတ်လတ်ကို တအားဆွဲ…….အဲအဲ တရားမစွဲလိုက်ပါနဲ့ဦး။
ရှင်းသန့်နွယ်ရေ…….မြင်စေချင်တာကိုကွင်းကွင်းကွက်ကွက်မြင်တယ်ဆိုလို့ ရေးရတာ အားရှိပါတယ်။
ကိုပေရေ….ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတာလိုပေါ့၊ ပထမဆုံးနဲ့ တစ်ခုတည်းသောလက်မအတွက် ရှဲရှဲပါ။
လေပွေ…..အဲအဲ လေပြေ………ဆရာဆီကသေချာ အတုခိုးထားရတာ ဟဲဟဲ။
ဦးဦးပါရေ………မြန်မာပြည်သိန်းတန်သီချင်းလေးသတိရတယ်…ရင်မှာဝေဒနာ အပွင့်အခက်ဝါနီ ဆိုလားပဲ။
နွေဦး……အရှေ့ပိုင်းကထောင်ပြပြီးပြီလေ……ဟို….ဟို…..အရှေ့မှာပြခဲ့တဲ့မြွေဟောက်တွေ ပါးပြင်းထောင် ပြီးသွားပြီပြောတာပါ။
lazy boy
July 7, 2012 at 2:20 pm
ကိုကြောင်ရေ မွေကလေးတွေနဲ ့မကစားနဲနော်..
အိပ်နေတဲ့ မွေကလေးလန့်သွားအုံးမယ်…:D
ကိုရင်မောင်
July 7, 2012 at 6:25 pm
တော်သေးတာပေါ့…
အဆောင်လုတဲ့အထဲ တို့မပါလို့….
ကိုကြာင်လတ်တို့က…
အထောက်အထားအပြည့်အစုံနဲ့ကိုရေးတာနော်..
{ ဒါကြောင့်မြွေတစ်ကောင်ကိုသတ်ပြီးရင် ခေါင်းကို မြေမြှုပ်ပစ်ရတာဖြစ်လိမ့်မယ်…..”(ရမ်းရွှီးနေတာပါ) }
{ ဒီမြွေကိုကျနော် ဗဂိုးရိုးမထဲမှာဖမ်းခဲ့တာပါ……(သူ့အိမ်နောက်ဖေးခြုံထဲက) }
{ သူသွားရင်ရှေ့တည့်တည့်မသွားပါဘူး၊ခပ်စွေစွေသွားပါတယ်းးဒါကြောင့်ငန်းစောင်းလို့ခေါ်တာပါ.(ရမ်းပြောတာ) }
{ ကျနော်သွားခဲ့တုန်းက ဒလိုင်လားမားရဲ့အမျိုးအနွယ် တိဗက် ဘုန်းကြီး သုံးပါးနဲ့တောင်တွေခဲ့ပါသေးတယ်………(အလကား ကချင်ကရေခဲတောင်မပြောနဲ့ ရန်ကုန်ရေဝေးသုသာန်က ရေခဲတိုက်ကိုတောင်မရောက်ဖူးဘူး) }
{ ဝိဇ္ဇာကိုးသောင်း(နှစ်မျိုးတိုးသွားလို့ တစ်သောင်းတိုးသွားတာ) }
{ အိပ်လိုက်ရင်လည်း ပြန်မနိုးတော့ပါဘူး……”(သူများပြောတာကြားဖူးတာသေချာတော့မသိ) }
{ .ကျနော့မှာတော့ ပြစရာပါမလာပါဘူး……..”(အလုံးတောင်ရှိတယ်ဆိုတော့အပြားလဲ ရှိနိုင်တာပေါ့) }
……..အရေးကောင်းတဲ့ ကြောင်လတ်ရေ……..
………နှစ်ပို့စ်ပေါင်းအားပေးသွားပါတယ်………
စိန်ဗိုက်ဗိုက်
July 7, 2012 at 6:34 pm
ကြောင်လေးပါဂျ..အူးလေးရ
စိန်ဗိုက်ဗိုက်
July 7, 2012 at 6:44 pm
ဒီပို ့စ်လေး ကြိုက်တယ်ဗျို ့..
အဲသလိုလေး ရေးတတ်ချင်အိ….ကုန်ကြမ်းမစိ..ဂိန်..
ဗယာကြော် ပါ ကိုကြောင်သေး..ခင်ဗျား..ဒုတိယလက်မလေး ထောင်ခဲ့ပါရစေ..
ကြောင်လေး
July 8, 2012 at 12:18 am
မောင်ငပြင်းရေ…..အိပ်နေတဲ့မြွေလေးလန့်နို်းရင်ပိုမကောင်းဘူးလားကွယ်……….
ကိုရင်မောင်ရေ……..အဲသလိုအထောက်အထားပြည့်စုံအောင် မနဲကိုရှာဖွေထားရတာပါ။
ကပေါက်ဖော်ရေ…….ဒုတိယလက်မအတွက်တော့ကျေးကျေးပါ……ဒါပေမဲ့ကြောင်လေးတော့လုပ်ပါဂျာ…
ကြောင်သေးတော့မလုပ်ပါနဲ့………လူတွေကကြောင်သေးဆိုရင်နံလွန်းလို့လန့်ကုန်ပါဦးမယ်..ခွစ်ခွစ်ခွစ်…
ွ
ကြောင်လတ်
July 8, 2012 at 12:39 am
တော်သေးတာပေါ့…
အဆောင်လုတဲ့အထဲ တို့မပါလို့….
ကိုရင်မောင်ရေ…..အဆောင်မလုခဲ့ဘူးဆိုတာဟုတ်ရဲ့လားဂျာ….
ကိုရင်မောင်အခုကို်င်နေတဲ့ဖုန်းနံပါတ်လေးသိချင်စမ်းပါဘိ….အဟိ….
ကျနော်တောင် ဂျီ ၅၂၀—- တစ်လုံးကို နှစ်ဆယ့်ငါးသိန်းပေးပြီး ဝယ်ကိုင်ခဲ့ရပါအိ…ခွိခွိ…
စီဒီအမ်အေ ၈၅၇၈— တစ်လုံးကိုတော့ထုတ်ဈေးနဲ့ရလို့ ဆယ့်ငါးသိန်းပေးပြီးဝယ်ခဲ့ရပါအိ…….အဟိ
ရှက်လည်းရှက်ပါတယ်….ရှက်လည်းမရှက်နိုင်ပါ………..အနိုင်သီချင်းလေးပါ……….
ကြောင်ကြီး
July 8, 2012 at 10:10 am
တော်သေးတာပေါ့ဗျာ ကိုယ့်ကပြန်မပေးခဲ့ရလို့….။ မားကက်တင်းဆြာဂျီး မစ္စတာဂီဆို လကုန်တဲ့အခါ တပြားမှမကျန်ဘူး၊ သူ့ကိုယ်တာပြည့်အောင် အိပ်ဆိုက်ဝယ်နေရလို့ဒဲ့ 😀
တောသားလေး
July 13, 2012 at 11:36 am
ဒုတိယ အပိုင်းလေးကပိုစိတ်ဝင်စားဖို့ကောင်းတယ် ကိုကြောင်လေးရေ…….
ကြောင်လေး
July 13, 2012 at 12:11 pm
ကိုကြောင် …..သတ်မှတ်အရေအတွက် မကုန် ကုန်အောင်ရောင်းပေးရမယ်ဆိုလိုတာလား
တောသားလေး……စိတ်ဝင်စားစွာဖတ်တဲ့အတွက် ကျေးဇူးပါ။