လမ်းပန်းဆက်သွယ်ရေး၊လမ်းတံတားကြေးနှင့်လေလံစနစ်

padonmarJuly 9, 20121min147774

ပြီးခဲ့တဲ့ နွေရာသီ ဧပြီလ ၁ ရက်နေ့မှာ ကျွန်မရဲ့ဇာတိမြို့ကို ပြန်ခဲ့ပါတယ်။

မြို့ကလေးရဲ့ တစ်ဖက်ကမ်းမှာ လူနေရပ်ကွက်လေးတွေ ရှိပါတယ်။

ပေ ၁၀ဝ ကျော်ကျယ်တဲ့ မြစ်ကိုဖြတ်ပြီး အဲဒီ တစ်ဖက်ကမ်းက ရပ်ကွက်သူရပ်ကွက်သား တွေဟာ

မြို့ဖက်ကမ်းမှာ ကျောင်းတက် ၊ ရုံးတက် ၊ ဈေးသွား ဈေးရောင်းလုပ်ကြရပါတယ်။

ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ကူးဖို့ကိုတော့ ကူးတို့ဆိပ်ကနေ စက်တပ်ထားတဲ့ ပဲ့တောင်တစ်စီး

(လူ၂ဝ ခန့် ဆန့်)က ခေါက်တုံ့ခေါက်ပြန် မောင်းပေးပါတယ်။

တစ်ခါတစ်လေ လူနည်းနေရင် တွက်ခြေမကိုက်တော့ အနည်းဆုံး ၁ဝ ယောက်လောက်တော့

စုမိအောင် စောင့်ကြရပါတယ်။ဘတ်စကားလိုပေါ့။

နောက်တစ်မျိုးက လက်နဲ့ခပ်တဲ့ သမ္ဗာန်လေးတွေပါ။ ကျွန်မတို့အရပ်က ကူးတို့ယားလို့ ခေါ်ပါတယ်။

ကူးတို့ဆိပ်တံတားက ငှားခွင့်မရှိပဲ ကြုံရာအတက်အဆင်းမကောင်းတဲ့ တံတားတွေက ကူးတို့ပေါ်တက်ရပြီး တစ်ယောက်ထဲလည်း

သွားလို့ရတယ်။ ဝေးဝေးသွားချင်ရင်လည်း ကြေးပြောပြီး ငှားလို့ရတယ်။ စောင့်ခိုင်းလို့လည်း

ရပါတယ်။ ပုံမှန်ဟိုဖက်ကမ်းဒီဖက်ကမ်း အကွာအဝေးဆိုရင် သူကဈေးပိုကြီးပါတယ်။

ကြီးလည်းကြီးသင့်တာပေါ့။ သူ့ဝန်ဆောင်မှုက အများကြီးပိုတာကိုး။သူကတော့ Taxi နဲ့တူပါတယ်။

အရင်နှစ်က ကူးတို့ဆိပ်က ကူးတို့ခဟာ လူတစ်ယောက်ကို ၅ဝ ပေးရပါတယ်။

ကူးတို့ယားလေးတွေက လူတစ်ယောက် ၁၀ဝ ပေးရပါတယ်။

ဒီနှစ်တစ်ဖက်ကမ်းကူးမယ်လို့ ကူးတို့ဆိပ်မှာ ကူးတို့ခပေးတော့ လူတစ်ယောက် ၁၀ဝ ဖြစ်သွားပြီလို့

ကြားလိုက်ရပါတယ်။ “ဟာ၊ ၂ ဆတောင်တက်သွားပါလား” ဆိုတော့ ကူးတို့ခကောက်တဲ့

အမျိုးသမီးက (သူက ဒီကူးတို့ခ ကောက်ခံခွင့် လေလံဆွဲပြီး ကူးတို့ခကောက်လာတာ နှစ်ပေါင်း

၂ဝ လောက်ရှိပါမယ်။) “လေလံကြေး ၂ ဆ ဖြစ်သွားလို့ပါ”ဆိုပြီး ဇာတ်စုံခင်းပြပါတယ်။

ဒီနှစ်ကူးတို့ဆိပ် လေလံပစ်ချိန်မှာ မြို့ပေါ်က သူဌေးလုပ်ငန်းရှင် တစ်ဦးက အပြိုင်အဆိုင်

ဝင်ဆွဲပါတယ်တဲ့။ သူတို့ကလည်း လုပ်နေကျအလုပ်လေး ပျောက်သွားမှာစိုးလို့

ဈေးထပ်မြှင့်ပေးပါတယ်။ အဲဒီမှာ သူတိုးကိုယ်တိုး ပြိုင် ကြရင်း အရင်နှစ်ရဲ့ ၂ ဆလောက်မှာ

သူတို့က မလိုက်နိုင်တော့လို့ လျှော့ပေးလိုက်ပါတယ်တဲ့။

လေလံကို နိုင်သွားတဲ့ သူဌေးက တကယ်လည်း ကူးတို့ခ ကောက်တဲ့ အလုပ်ကိုလုပ်ဖို့ရာ

လူအင်အားမရှိဘူး ဆိုပြီး နောက်ဆုံးတော့ အရင်လုပ်နေကျ ဒီအမျိုးသမီးကိုဘဲ ြ

ပြန်ရောင်းသွားပါတယ်တဲ့။ အဲဒီတော့ ပေးလိုက်ရတဲ့ လေလံကြေး ၂ ဆ ကာမိအောင်

ကူးတို့ခလည်း ၂ ဆ ကောက်ရပါတယ်လို့ ဆိုလာပါတယ်။

သူပြောပြတော့ ကျွန်မမျက်စိထဲ သိပ္ပံမောင်ဝရဲ့ အင်းလေလံဝတ္တု မြင်ယောင်လာပါတယ်။ လေလံပွဲ

အတွက် မိုက်ကြေးတောင်းတဲ့ သူကတောင်း ၊ အပြိုင်အဆိုင် မရှိအောင် ဆို့ပိတ်ထားပြီးရင်

အစိုးရကိုတော့ ရှုံးပါတယ်လို့ လေလံကြေး နှိမ့်ခိုင်း ၊ အပြိုင်အဆိုင်ရှိတော့ ဒေါသနဲ့ ဘဝ

ပျက်အောင် တိုးပေးကြဆိုတဲ ့ခေတ်ကြီးကမကုန်သေးပါလား။

ကူးတို့ခ အသွား ၁၀ဝ အပြန် ၁၀ဝ ဆိုရင် ဒီမြို့သေးသေးလေးရဲ့ ဆင်းရဲသားရပ်ကွက်လေးက

ကျောင်းသားလေးတွေ ဘယ်လို ကျောင်းတက်ကြရပါ့မလဲ။ တစ်လကို ၆၀၀ဝ ပါ။

ကျူရှင်တွေကလည်း တက်နေရတော့ နေ့စဉ် မသွားမပြန်လို့ မရပါဘူး။

စနေ တနင်္ဂနွေ မကူးလို့မရပါဘူး။

နေ့စဉ် ရုံးတက်နေရတဲ့ ရုံးသူရုံးသားတွေ၊ ဈေးရောင်းနေရတဲ့ ဈေးသည်တွေ စားရိတ် ၂ ဆ တက်သွားပါပြီ။

လေလံကြေး ပိုသွားတဲ့အတွက် အစိုးရရဲ့ ဝင်ငွေကတော့ တိုးသွားတယ်လို့ အကောင်းဖက်က

လှည့်တွေးရင် ရပေမယ့် အဲဒီတိုးသွားတဲ့ ဝင်ငွေကို ဒီဝင်ငွေနဲ့ တိုက်ရိုက် ပတ်သက်တဲ့ လူတွေရဲ့

လူနေမှု အဆင့်အတန်း မြှင့်တင်ရေး အတွက် ပြန် အသုံးချရဲ့လား။ကျွန်မရင်ထဲမှာ မေးခွန်းတွေ

အများကြီးပါဘဲ။

ညနေရန်ကုန် ပြန်လာတော့ ဘုရင့်နောင်တံတားဖြတ်သန်းခ အပေးမှာ မနက်အသွားတုံးက

ကျွန်မတို့ကားအတွက် ၅ဝ ပေးခဲ့ရတာကို ၁၅ဝ ကျပ်တောင်းပါတယ်။ တံတားကြေး တရားဝင်

တိုးကောက်ပါတယ် ဆိုတဲ့ စာရွက်လေးလည်း ပေးတော့ အောင့်သီးအောင့်သက်

ပေးခဲ့ရပြန်တာပေါ့။

၂၃-၄-၂၀၁၂ သတင်းစာမှာကျမှ တံတားကြေးတွေကို တရားဝင် ထုတ်ပြန်ပါတယ်။

23.4.2012 သတင်းစာပါ စီမံကိန်းဝင်တံတားဖြတ်သန်းခ မှ ရန်ကုန်တိုင်း တံတားများ

အမှန်တော့ လေလံ မဆွဲခင် ဘယ်နှုန်းကောက်ရမယ်ဆိုတာ ကြော်ငြာပြီးမှ ကိုယ်ကိုက်တယ်

ထင်ရင် အဲဒီအလုပ်ကို လေလံဆွဲသင့်တယ်လို့ မြင်ပါတယ်။ လေလံဆွဲပြီးမှ ပေးရတဲ့ လေလံကြေးနဲ့

ကိုက်အောင် တိုးကောက်မယ် ဆိုတာကတော့ ပြည်သူအပေါ်မှာ ဖိစီးလွန်းတယ်လို့ မြင်ပါတယ်။

အခြားတံတားကြေးတွေတော့ ဘယ်လိုဖြစ်တယ် မသိပေမယ့် ဘုရင့်နောင်တံတား ဖြတ်သန်းခ ကိုယ်ပိုင်ကားတွေ ၅ဝ

ကနေ ၁၅ဝ တက်တာကို မကျေနပ်တဲ့ F.M.I ပဒေသာပင် အိမ်ရာက လူတွေက ကန့်ကွက်ကြလို့

F.M.I card ပါရင် ၅ဝ ဘဲ ပြန်ပေးရပါတယ်လို့ ဂျာနယ်တွေမှာ ဖတ်လိုက်ရပါတယ်။

ငိုတတ်တဲ့ ကလေး နို့စို့ရတယ်ဆိုတာလိုပေါ့နော်။ ကျန်တဲ့ကား တွေကတော့ ၁၅ဝ ပါဘဲ။

သတင်းစာမှာပါတုံးက

၂ တန်အောက်ယာဉ် (ခရီးသည်တင်ယာဉ်) ၊ ကိုယ်ပိုင်ယာဉ်ငယ်များ ၊

အငှားယာဉ်ငယ်များ ၊ မှန်လုံယာဉ်ငယ် ရ ယောက်စီးအထိ ၊ အခြားယာဉ်များ ၊

ထော်လာဂျီယာဉ်(ခရီးသည်တင်) က အမျိုးအစား (၄) မှာပါပြီး တံတားဖြတ်သန်းခ (၁၅၀) ပါ။

၂ တန်မှ ၅.၅ တန်ထိ (ခရီးသည်တင်ယာဉ်) ဟိုင်းလပ် ၊ လိုက်ထရပ် ၊ ဒိုင်နာ ၊ ကင်တာ ၊ မှန်လုံယာဉ်ငယ် ၉ ယောက်စီးနှင့် အထက် ၊ ထော်လာဂျီ(ကုန်တင်) ၊ သုံးဘီးယာဉ် (ကုန်တင်) က အမျိုးအစား (၅) တံတားဖြတ်သန်းခ ၃၀ဝ ပေးရပါမယ်။

၁-၇-၂၀၁၂ မှာတော့ သတင်းစာထဲပါတဲ့ အတိုင်းမဟုတ်ဘဲ အမျိုးအစား (၅) ထဲမှာ Double

Cab , Surf , Land Cruiser တွေ ထည့်ရေးပြီး ၃၀ဝ တိုးကောက်ပါတယ်။

1.7.12 ကစပြီး ပြောင်းလဲကောက်ခံပါတယ်လို့ ကားတွေကို ပေးတဲ့ လက်ကမ်းစာရွက်ပါ။

ဒီလိုကားမျိုးစီးတဲ့သူတွေက တတ်နိုင်လို့စီးတာ တိုးကောက်တာ ဘာမှမထိခိုက်ပါဘူးလို

့ ပြောရင်ရပေမယ့် မူလသတ်မှတ်ထားတဲ့ စည်းမျဉ်းပေါ်မှာ လေလံနှစ်တစ်နှစ် မပြည့်ခင်

တစ်မျိုးထပ်တိုးကောက်တယ် ဆိုတာမျိုးက လက်သင့်မခံထိုက်ပါဘူး။

နယ်မြို့လေးက ကူးတို့ခ ၂ ဆ တက်တာကတော့ အဆိုးဆုံးပဲပေါ့။

ဒီလိုသာ တိုးချင်တိုင်း တိုးကောက်ခွင့်ရှိတဲ့ လေလံစနစ်တွေ ရှိနေရင် ကျွန်မတို့ ပြည်သူတွေမှာ

ခံဖက်က ချည်းပါဘဲ။

ကျမက မြန်မာပြည်အနှံ့လည်း မရောက်ဖူး၊နိုင်ငံခြားတွေလည်း မနေဖူးတော့ ကိုယ်ကျင်လည်ရတဲ့

နေရာလေးဘဲ ကွက်ကွက်လေး မြင်မိနေသလားတော့ မပြောတတ်ပါဘူး။

အခြား တိုင်းပြည်တွေမှာ ဒီလိုလမ်းတံတားကြေးတွေ ဘယ်လိုပုံစံနဲ့ ကောက်တယ်။

ရတဲ့လေလံငွေတွေကို ဘယ်လိုသုံးတယ် ဆိုတာလဲ သိချင်ပါတယ်။

လေလံစနစ်မှာ နိုင်ငံတော်သို့ ဒီတံတားအတွက် တံတားကြေးသွင်းရန် ပမာဏကို

တံတားပြုပြင်ထိန်းသိမ်း စားရိတ်ကာမိရန် တွက်ချက်ခန့်မှန်းပြီး မူသေသတ်မှတ်

၊အဲဒီသွင်းရမယ့် လေလံကြေးကို သွင်းပြီးရင် ပြည်သူတွေအပေါ် ပြန်ကောက်မယ့်နှုန်း

ဘယ်လောက် လျှော့ကောက်နိုင်မယ် ဆိုတာ တင်ဒါခေါ်ပြီး အနည်းဆုံးကောက်မယ့်သူကို လေလံ

ပေးတဲ့ စနစ်မျိုး ကျင့်သုံးရင် ဖြစ်နိုင်မလားလို့ တွေးမိပါတယ်။

နောက်ပြီး အချို့တိုင်းပြည်တွေမှာ Car Pool ခေါ်တဲ့ လူများများစုပြီး သွားတဲ့ကားတွေက

လူတစ်ယောက်ကားတစ်စီး သွားတဲ့ကားတွေထက် ဦးစားပေးလမ်းထားတာ၊

တံတားကြေးကို တစ်ချို့အချိန်တွေမှာ အခမဲ့ပေးဖြတ်တာမျိုးရှိတယ်လို့ ကြားဖူးပါတယ်။

ဥပမာ ရုံးချိန် ကျောင်းချိန်တွေမှာ လူ၅ယောက်ထက်ပိုပါတဲ့ ကားတွေက တံတားကြေး အခမဲ့

(သို့)ထက်ဝက်ကြေးပေးပြီးတော့ ဦးစားပေး လမ်းကြောင်းပေးထားရင်

ယာဉ်ကြောကြပ်တဲ့ ဒုက္ခနဲ့ အများပြည်သူရဲ့ သွားလာရေး စားရိတ်တွေ

ပိုသက်သာလာမလားလို့ မျှော်လင့်မိပါတယ်။

ဒီပို့စ်မှာ ကျမပြောချင်တာလေး ပြန်ချုပ်ရရင်

(၁)ပြည်သူကို ကောက်ခံရမယ့် နှုန်းတွေ အများပြည်သူပါသိအောင် ကြေငြာပြီးမှ

လေလံခေါ်သင့်ပါတယ်။ ပွင့်လင်းမြင်သာဖို့ပါ။

(၂)သတ်မှတ်တဲ့ နှုန်းထားကနေ လေလံဆွဲသူ တွက်ခြေမကိုက်လို့ တိုးမြှင့်ကောက်ခံဖို့လည်း

ခွင့်မပြုသင့်ပါဘူး။

(၃)လေလံကြေးရငွေတွေကိုလည်း ဒီအတွက် အခွန်အခ ပေးဆောင်နေရသူများ တိုက်ရိုက် အကျိုးရှိစေရေး

ပြန်သုံးပေးသင့်ပါတယ်။

(၄)အချိန်အခါနဲ့ အခြေအနေအရ လူများစု ဦးစားပေးပြီး အခွန်အခလျှော့ပေါ့ ကောက်ခံသင့်တဲ့အခါ လျှော့ပေးဖို့

ထည့်သွင်းစဉ်းစားသင့်ပါတယ်။

လမ်းကြေး၊တံတားကြေး၊ကူးတို့ခ လုပ်ငန်းလုပ်နေတဲ့ သူတွေအပေါ်လည်း ပုဂ္ဂိုလ်ရေး မကျေနပ်မှု

မရှိပါဘူး။

ကျမရဲ့ အမြင်ကျဉ်းကျဉ်းလေးနဲ့ ဝေဖန်လေကန်တာကို မှားရင်လည်း အားမနာတမ်း

ထောက်ပြစေချင်ပါတယ်။

74 comments

  • အရီးခင်လတ်

    July 9, 2012 at 4:10 am

    အစ်မပဒုမ္ပာ
    တစ်ပုဒ်ဆို ဆိုသလောက် အတွေးတွေ အများကြီး ပေးသွားတာကိုး။
    ပြန်လာပါ့မယ်။
    အခုတော့ မယ်လက်မ လေးခေါ်ထား။ 🙂
    အိပ်ချင်နေတာ ကို မျက်လုံးအတင်းပြူးပြီး ဝင်လာတာမို့။
    အဲဒီ လေလံ စနစ် ပြသနာ ကို ဖွ စရာ ရှိပါ့။ 😛

    • padonmar

      July 10, 2012 at 9:25 pm

      မယ်လက်မလည်းခေါ်ချင်ပါတယ်။
      သူ့အရီး(BC ဒေါ်ခင်လတ်)ရဲ့ comment လေးလည်း ဖတ်ချင်ပါတယ်ဗျို့။

      အင်း..ပြောသာပြောရတယ်။ကိုယ်ကလည်း ထမင်းပွဲပြင်ပေး၊ ဧည့်သည်တွေကို အားမနာနဲ့ စားနော်လို့ပြောပြီး အပြင်သွားနေတဲ့ အိမ်ရှင်လိုဘဲ။
      ဦးဆောင်ပြီး ဆွေးနွေးပေးရမယ်ဆိုတဲ့ တာဝန်ပျက်ကွက်မိပါတယ်။
      ဒါပေမယ့်လေ ဒီရွာမှာက ပဒုမ္မာစားသောက်ဆိုင်ဆို စိတ်မဆိုးတမ်း အားမနာတမ်းစားလို့ရ ဝေဖန်လို့ရတာ သိပြီးသားဘဲနော။
      စိတ်ကြိုက်သာ ကွဲလွဲကြပါ။ဘယ်ကွန်မန့်ကိုမှ ဖျက်မပစ်ဘူး။စိတ်ချ။

  • htoosan

    July 9, 2012 at 7:15 am

    မြန်မြန် ဖွပါ အရီးလတ်..
    အန်တီပဒုမ္မာရေ .. အန်တီ့ ပေးလိုက်တဲ့ ကောက်ခံတဲ့ လက်မှတ်လေး ပြန်ကြည့်ကြည့်ပါလား ။။ serial no. ပါသလားလို့ ..
    ဆိုတော့ … ဘယ်လောက်ဝင်တယ် ဘယ်လောက်ရတယ် ဆိုတာမသိ အောင်လုပ်ထားတယ် ..
    ဆိုတော့ … ရှုံးပါတယ် ဆိုပြီး အော်လို့ ရသွားတယ်
    ဆိုတော့ … ရှုံးပါတယ် ဆိုတဲ့ သူတွေက ဘဲ အတင်း မရမက လေလံပြန်ဆွဲတယ်
    ဆိုတော့ … ရှုံးတယ် မရှုံးဘူး အသိသာကြီး
    ဆိုတော့ … ဝန်ကြီး ဝန်ကလေး ဗိုလ်ချုပ် ဗိုလ်ပြုတ် များရဲ့ သားသမီးများက နံမည်ခံပြီး ဝင်လာကြပါတယ်
    ဆိုတော့ … ဘယ်သူဘယ်လောက်ပေးလဲ လှန်ခိုင်းပြီးမှ ဈေး ပေးယူကြပါတယ် ။ (ချိတ်ပိတ်တင်ဒါ များ)
    ဆိုတော့ … ဈေးပြိုင် လုပ်လာတော့ မာန တွေ လောဘတွေ နဲ့ အပြိုင်ပေးရင်း ထိုးတက်ကုန်ပါတယ်
    ဆိုတော့ … ရှုံးပါတယ် အော်ပြီး တစ်ခါ ပြည်သူတွေဆီက တိုးကောက်ခွင့်တောင်း ပါတယ်။
    ဆိုတော့ … ဆိုတော့ …. ဆိုတော့ .. မောပြီ..
    မြို့ဝင်ကြေးပေးရတုန်းက ဆို ပိုဆိုးသေး ။

    • padonmar

      July 10, 2012 at 9:31 pm

      CJ ကြီးကလည်း၊Serial number ပါတော့လည်း ကားတိုင်းကို ဖြတ်ပိုင်းပေးတာမှမဟုတ်တာ။
      ကျမတို့က ဒီဖြတ်ပိုင်းတောင်းယူလိုက်မှ ငါပေးလိုက်တဲ့ အခွန်ငွေ ပြည်သူ့ဘဏ္ဍာထဲရောက်မယ်ဆိုပြီး ကားအရှိန်လျှော့တောင်းရင်တောင် တော်တော်လျှာရှည်တဲ့ အဖွားကြီးဆိုတဲ့ မျက်စိနဲ့ ကြည့်ခံရပါတယ်။နောက်ကားတွေကလည်း နည်းနည်းလေး ၁ဝ စက္ကန့်လောက် ဖင့်နှေးသွားရင်တပွမ်ပွမ်နဲ့ရှင့်။

      • htoosan

        July 10, 2012 at 10:10 pm

        Sorry ပါ အန်တီပဒုမ္မာ ။ ကျွန်တော်ရေးတာ မရှင်းဘူးဖြစ်သွားတယ် ။
        ကျွန်တော်ပြောချင်တာက ဘယ်ဖြတ်ပိုင်းမှာမှ serial no. မပါဘူး အန်တီပဒုမ္မာ ရဲ့ ။
        မြို့ထဲ ကားရပ်နားတဲ့ နေရာ မှာ ကောက်တဲ့ စာရွက်တွေလဲ ကြည့် ။ ဘယ်တော့မှ နံပါတ်စဉ်မပါဘူး ။ အဲ့ဒီ့တော့ သူတို့ ဖြတ်ပိုင်း ပေးရင်တောင်မှ ဘယ်လောက် ကောက်ထားပြီးပြီဆိုတာ မသိတော့ဘူးလေ ။ ဝန်ထမ်းတွေ ဘတ်တီး ပြန်မရိုက်အောင် က သူတို့ ကောင်မလေးတွေ သုံးလေးယောက်နဲ့ ပြန်မှတ်ခိုင်းထားတာ တွေ့တယ် ။

        • padonmar

          July 10, 2012 at 11:49 pm

          CJ ကြီး မန့်သလိုပါဘဲ။
          ကားတိုင်းကိုသာ မှန်မှန်ကန်ကန် ဖြတ်ပိုင်းပေးရင် နောက်ကနေ လူ ၃-၄ ယောက်နဲ့ ကားနံပါတ်မှတ်နေစရာ မလိုပါဘူး။
          နံပါတ်မှတ်တဲ့သူနဲ့ ငွေယူတဲ့သူ လက်ဝါးရိုက်ထားရင် ပိုင်ရှင်ဘယ်လိုမှ မသိနိုင်ဘူး။
          တစ်ဆင့်ပြီးတစ်ဆင့် လိမ်နေတဲ့ လောကကြီးပါ။

  • maungmoenyo

    July 9, 2012 at 7:34 am

    ဒီ ဂိတ်ကြေး ကိစ္စ ကမြန်မာနိုင်ငံမှာအမြစ်တွယ်တယ နှစ်ပရိစ္ဆေဒကြာပါပကော။ မှတ်မိသလောက် မောင်မိုးညို ပျဉ်မနား အစိုးရဝန်ထမ်းကျစဉ် (၁၉၈၈)ဝန်းကျင်လောက်က၊ ပါတီကောင်စီအုပ်ချုပ်ရေးပျက်သုဉ်းချိန်မှာ၊ ယာယီမြို့အုပ်ချုပ်ရေးတာဝန် ယူခဲ့တဲ့ ‘အထွေထွေသပိတ်ကော်မီတီ’ က သူ့ရုံးစိုက်ရာ မြို့လယ်ဓမ္မာရုံကနေ လိုအပ်တဲ့ရံပုံငွေ အတွက် ရံပုံငွေရှာရေးအစီအစဉ်ကိုကြည့်ကြပါ၊ “ပျဉ်းမနားမြို့ဝင်/ထွက်နဲ့ သစ်တောဂိတ်တွေမှာ၊ ဂိတ်ကြေးကောက်ရေး” ဆိုဘဲ။ အဲ့ဒါဘဲကြည့်ပါ။ ဒီမိုကရေစီလို့အော်ပြီး၊ တဖက်က ခေတ်နောက်ပြန်ဆွဲတဲ့အတွေးအခေါ်က ခဝါမချနိုင်ကြပါဘူး။ ကြားရသလောက်အဲ့ဒီကော်မတီမှာလည်း ရန်ဖြစ်မှုတွေကြုံခဲ့လို့၊ ကုလားထိုင်လုပွဲဆိုတဲ့စကားအစား ဖျာလုပွဲ (ဓမ္မာရုံဖြစ်နေလို့) တွေဖြစ်ခဲ့ပါတယ်။ နောက်တက်လာတဲ့ စစ်အစိုးရကိုကြည့်ပါ။ ကမ်းကုန်အောင်သောင်းကြမ်းခဲ့တာ အမြို့မြို့အနယ်နယ်ပါ။ ထိပ်ဆုံးကဝန်ကြီးတွေ၊ တိုင်းမှုးတွေဆိုရင်ကြည့်ပါ။ ပေးတာချင်းအတူတူ၊ အများဆုံးပေးနိုင်သူက အနိုင်ပိုင်းရပါတယ်။ လဘ်တောင်လေလံစနစ်နဲ့ကြီးစိုးခဲ့တဲ့ခေတ်ပါ။ ထိပ်ဆုံးကငတိက ရစရာမရှိအောင် “စား”ခဲ့တော့ အောက်ကလူတွေကပိုလုပ်လို့ကောင်းတာပေါ့။ တပ်မှူး/တိုင်းမှူးတွေဖြစ်ခဲ့ရင် သဌေးဖြစ်လက်မှတ်ပါဘဲ။ အဲ့ဒီရာထူးတွေရဘို့လဲ အထက်ဗိုလ်ချုပ်ကြီးများဆီ နင့်နေအောင်တန်ဘိုးရှိတဲ့ လက်ဆောင်တွေနဲ့ အခစားဝင်ကြရတဲ့ cultureဟာ မြန်မာပြည်မှာရှင်သန်ကြီးစိုးခဲ့ပြီး။ လဘ်နဲ့က်ငတဲ့နေရာရယ်လို့ မီးထွန်းရှာရတဲ့အချိန်ရှိခဲ့ပါတယ်။ ခုရောဘယ်လိုလဲလို့မေးရင် – စုံစမ်းသိရသလောက်၊ good governance & clean government ဆိုတဲ့ ဝေါဟာရဟာ လေထဲမှာဘဲရှိနေပါသေးတယ်။ နှစ်ရာစုနဲ့ချီပြီး ပြုပြင်ယူရမဲ့ကိစ္စပါ။
    လေ့လာမိသလောက် ဂိတ်ကြေးတွေကိုအစိုးရက ထိမ်းသိမ်းဘို့တွန်းအားပေးမှုတွေများလာတော့၊ သတင်းစာထဲထဲ့ပြီးလေလံစနစ်နဲ့ fair & square ဖြစ်အောင်လုပ်ပေမဲ့လည်း၊ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်းမို့၊ ကိုယ်နိုင်ရာပိုင်ရာ ကြီးစိုးနေကြဆုံးပါဘဲ။
    အောက်ခြေလူထုကတော့ တုံးအောက်ကဖားတွေပေါ့…။

    • padonmar

      July 10, 2012 at 9:40 pm

      အကိုကြီးမောင်မိုးညို
      အခုတလောတော့ သတင်းစာထဲမှာ သတ်မှတ်တာထက်ပိုကောက်တဲ့ ဂိတ်တွေကို လေလံပြန်သိမ်းမယ်လို့တွေ့မိပါတယ်။
      ဒါကလည်း မခံနိုင်လို့ တိုင်သူရှိမှ ဖြစ်လာမှာပါ။
      ချမှတ်ထားတဲ့ စည်းကမ်းမူဘောင်နဲ့ အညီနေမနေဆိုတာကို နောက်က ဆန်းစစ်တဲ့ စနစ်ကောင်းရှိမှ Good Governance ဖြစ်မယ်လို့ မြင်ပါတယ်။
      ခုကတော့ အပေါ်ကြည်ပြီး အောက်ခြေမှာတော့ အနည်တွေချည်းပါဘဲ။

  • ကြောင်လေး

    July 9, 2012 at 7:44 am

    ဒီလို အများနဲ့သက်ဆိုင်တဲ့၊ အများအကျိုးရှိစေမဲ့ထောက်ပြ ဝေဖန်မှုမျိုးများများရေးသင့်ပါတယ်။
    အန်တီပဒုမ္မာခင်ဗျာ တစ်ချို့ ဒေသကူးတို့တွေမှာ ကျောင်းသူ/သားများဆရာ/မ များအတွက် သီးခြား လစဉ်ကြေးနှုန်းထားတစ်မျိုးနဲ့ ပေးခွင့်ပြုထားတာရှိပါတယ်။ နေရာတိုင်းအဲသလိုသတ်မှတ်ထားသင့်ပါတယ် ခင်ဗျာ။

    • padonmar

      July 10, 2012 at 9:44 pm

      ကြောင်လေး အကြံပေးသလို တစ်ချို့ဒေသတွေမှာ ပညာရေးနဲ့ပတ်သက်ရင် ဦးစားပေးကြတယ်ဆိုတာ အရမ်းကောင်းပါတယ်။
      လေလံကန်ထရိုက်က အဲဒီလို သဘောထားကြီးပေးရင် လောကကြီးလှနေမှာပါ။
      ဒီလို သတ်မှတ်ပေးဖို့ လေလံမဆွဲခင်ကတည်းက စည်းကမ်းချက်ထဲပါရင်တော့ အကောင်းဆုံးပေါ့။နောင်နှစ်လေလံတွေမှာ စဉ်းစားကြစေချင်ပါတယ်။

  • Victory

    July 9, 2012 at 7:57 am

    ဖြစ်စဉ်ကိုဘဲ ပထမ သုံးသပ်ကြည့်ရရင်
    လေလံကြေးတိုးသွားလို့ ကောက်တဲ့နှုန်းထား မြင့်သွားရင်ကုန်စည်စီးဆင်းမှုမှာပါ
    အကျိုးသက်ရောက်တယ်ဆိုတော့ ကုန်ဈေးနှုန်းထပ်တက်ရပြန်ပါတယ်။
    ဆိုတော့ ကိုယ်ပိုင်ကားရှိလို့သွားလာရသူတွေအတွက်( ကောက်တဲ့နှုန်းထား+ကုန်ဈေးနှုန်း)အဲဒီအမြင့် ၂ မျိုးနဲ့တွေ့ရပြီး၊
    အဲဒီတံတားနဲ့မဆိုင်ပေမဲ့ ရိုးရိုးဈေးဝယ်စားသူတွေအတွက်ပါ “တက်ဈေး” ပေးရတော့မယ်။
    ဒီဘက်ကလာတဲ့ ဈေးသည်ကဈေးတက်တော့ ဟိုဘက်ကလာတဲ့ ဈေးသည်လဲ လိုက်တက်တော့တာပေါ့။
    အဲဒီလိုအခြေခံလူသုံးကုန်၊စားသောက်ကုန်ဈေးတက်တယ်ဆိုရင် တခြားလုပ်ငန်းများကလည်း ဈေးတင်ကြ
    အုန်းမှာပါ။
    ဒီလိုနဲ့ ကြပ်သထက်ကြပ်တဲ့ စီးပွါးရေးနဲ့ လူတွေ(အထူးသဖြင့်လစာနဲဝန်ထမ်းတွေ) အကျင့်ပျက်
    မှုဆက်လက်ရှိနေအုန်းတော့မှာလေ။
    သာမန်ဈေးရောင်းဈေးဝယ်မှာလဲ လည်သလိုလှီးမယ် ခုတ်မယ်တွေဆိုတဲ့
    အကျင့်တွေလဲ ဆက်ဆက်ရှိနေအုန်းတော့မှာဆိုတော့ အဲဒီ (လာဘ်စားမှုအတွက်၊အရိတ်ခံလိုက်ရမှု)အတွက်
    စရိတ်တွေထပ်တက်လာပြန်ပါရော။
    အဲဒီစရိတ်တွေက ငွေဖောင်းပွမှု(ငွေတန်ဖိုးကျမှု) ကိုဖြစ်စေတော့ ငွေရဲ့သုံးနိုင်အားကျဆင်းမှုကြောင့်
    အစိုးရဝင်ငွေ၊သုံးငွေစာရင်းမှာလိုငွေပြလာပါရော။
    အဲဒီလိုငွေ”အား”ကိုပြန်ဖြည့်ဖို့အတွက် လေလံလို၊ အခွန်လို အစိုးရဝင်ငွေတွေကို
    တိုးအောင် လေလံကြမ်းခင်းဈေးကိုမြှင့်ရတော့တာပါဘဲ။

    ဒါနဲ့ ဟိုးအစပြန်ရောက်သွားတာပေါ့။

    (ကိုယ့်ဘက်က တက်စရာအနေအထားနဲ့ရပ်တည်နေသူ(လုပ်ငန်းရှင်)ဆိုရင်ကိုယ်လဲ အများနည်းတူတက်မယ်။
    ကိုယ့်ဘက်က ဘာမှတက်စရာမရှိတဲ့ ရိုးရိုးစားသုံးသူ ဆိုရင်တော့ အဲဒီအတက် လှိုင်းအပုတ်မှာ ငှုတ်တုတ်ခံနေရတာပါဘဲ။)
    ဆိုတော့ကာ
    အဲဒီလိုဆိုးသွမ်းသံသရာမြန်မာပြည်ရဲ့ သက်တမ်းတလျှောက်ရှိနေခဲ့တာပါ။
    ဈေးကွက်စီးပွါးရေးမှာ အစိုးရရဲ့ဝင်ငွေဟာ “အခွန်” ပါ။
    ဒါပေမဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ အသေးအကြီးပေါ်မှာဘဲ ကောက်သင့်တာပေါ့။
    အခွန် ၆မျိုးရှိတဲ့အထဲမှာ တိုင်းသူပြည်သားအကုန်လုံးနဲ့ဆိုင်တာက

    ၁-တဦးချင်းဝင်ငွေခွန် (ဝင်ငွေအနဲအများအရကောက်တယ်ဆိုပေမဲ့ အခြေခံဝင်ငွေဘဲရှိသူကို
    ကင်းလွတ်ခွင့်ပေးရပါတယ်။)

    ၂-လူမှုဖူလုံရေးစောင့်ရှောက်ခွန်
    (ကျန်းမာရေးအခွန်၊စည်ပင်ခွန်- အလုပ်သမားဆိုရင်အလုပ်ရှင်က အချိုးတခုကျခံပေးရပါတယ်)

    ၃-စားသုံးခွန် (ဈေးဝယ်ရင်၊ အရောင်းအဝယ်လုပ်ရင် ပေးရတဲ့အခွန်)
    တွေဖြစ်ပါတယ်။

    ကျန်တဲ့ ၃ မျိုးကတော့
    ၁-လုပ်ငန်းခွန်
    ၂-မြေယာခွန် (အမွေလွှဲရင်လည်းပေးဆောင်ရပါတယ်)
    ၃-ကုန်သွယ်ခွန်၊
    တွေပါဘဲ။

    ရလာတဲ့အခွန်ငွေတွေကို ပြည်သူ့အကျိုးအတွက်သုံးစွဲရတာဖြစ်လို့ အခွန်(အကယ်၍)တိုးကောက်ခဲ့မယ်ဆို
    ရင်တောင် ပြည်သူတွေရဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာတွေ၊မီးရေရရှိမှုကောင်းလာတာတွေ”ဖြစ်ပေါ်”
    လာရပါတယ်။
    အခွန်သာတိုး အရင်အတိုင်းပါဘဲဆိုရင်တော့ မဟုတ်တော့ပါဘူး။
    ကိုယ်ကျိုးစီးပွါးရှာဖွေတယ်ဆိုတာ အစိုးရကလုပ်ရတာမျိုးမဟုတ်ပါဘူး။အစိုးရရဲ့အနေအထားက ထောက်ပံ့ပေးရေး၊
    သက်သာချောင်ချိစေရေးနှင့် လူမှုဖူလုံမှုဆောင်ရွက်မှုတွေကိုအဓိကထားတဲ့ စီမံကိန်း၊လုပ်ငန်းစဉ်တွေဘဲဖြစ်သင့်ပါတယ်။
    ——-
    လောလောဆယ်ကေ့စ်ကိုဘယ်လိုပြုပြင်မလဲဆိုရင်တော့………….
    လောလောဆယ် အဲဒီတံတားလေလံကေ့စ်မှာ တံတားကြေးတိုးမြှင့်ကောက်ခံဖို့မပြုဆိုတဲ့ ဥပဒေနဲ့ ထိန်းညှိရပါမယ်။
    စီးပွါးရေးလုပ်ငန်းရှင်က ကိုက်ရင်လုပ်၊မကိုက်လို့မလုပ်တော့လဲ တကယ်လိုအပ်တဲ့နေရာဆိုရင် အစိုးရက
    ဝန်ထမ်းခန့်ပြီ ကိုယ်တိုင်ဝင်လုပ်ရုံပါဘဲ။(အဲဒါ အစိုးရရဲ့ တာဝန်ပါ)
    “တိုးမြှင့်ကောက်ခံဘို့ကိုတော့ခွင့်ကိုမပြုရပါဘူး”
    ဒါမှ အထက်ကတင်ပြခဲ့တဲ့ ဆိုးသွမ်းသံသရာကို မလည်စေတော့မှာပါ။
    နောက်တခုကတော့
    အခွန်ဝန်ထုတ်ဝန်ပိုးကို အမြဲပြည်သူတွေအပေါ်ပုံချနေတဲ့ လုပ်ရပ်ကို တားဆီးကာကွယ်ရေး
    ဥပဒေတရပ်လွှတ်တော်မှာတင်သွင်းဖို့လုံးဝလိုအပ်နေပါပြီ။
    တိုင်းပြည်ထူထောင်ကာစမှာ အခွန်အတုတ်တွေ မြင့်လာတတ်တယ်ဆိုပေမဲ့ ၂ဆတိုးလို့တော့မရပါဘူး။
    မသိမသာလေးတိုးရတာမျိုးပါ။ ၅ -ရာနှုန်းကနေ ၇-ရာနှုန်းလိုဟာမျိုးက နိုင်ငံတကာလုပ်ထုံးအမှန်ပါ။
    စည်းမဲ့ကမ်းမဲ့ဗရမ်းဗတာ စနှစ်တွေကို ပြုပြင်ဖို့ အချိန်မတန်သေးဘူးလားဗျာလို့ မေးလိုက်ချင်စမ်းပါဘိ။

    • padonmar

      July 10, 2012 at 10:29 pm

      Victory
      ဖြစ်စဉ်ကိုရော ရှေ့မှာဖြစ်သင့်တာတွေပါ ထောက်ပြပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
      ဒါကြောင့်လည်း ရွာထဲမှာ Victory လိုရွာသားသစ်ရတာ ဝမ်းသာပါတယ်လို့ နှုတ်ဆက်ခဲ့ပါတယ်။
      အစိုးရတာဝန်နဲ့ နွယ်ပြီး ကြားဖူးတာလေးတစ်ခုက
      မဟာပရိနိဗ္ဗာနသုတ်မှာ မြတ်စွာဘုရားက ညီတော်အာနန္ဒာကို ဝေသာလီမင်းတွေအကြောင်း မိန့်မှာခန်းပါပါတယ်။
      အဲဒီထဲမှာ “အာနန္ဒာ၊ဝေသာလီမင်းတွေဟာ ဒီတရားတွေနဲ့အညီနေကြရင် သူတို့ကို ဆုတ်ယုတ်ပျက်စီးအောင်လုပ်လို့မရဘူး”လို့ မိန့်ခဲ့ပါတယ်။
      အဲဒီတရားတွေထဲမှာ မကောက်ဖူးသေးတဲ့ အခွန်တွေတိုးမြှင့်ကောက်ခြင်းဆိုတာ တစ်ချက်ပါပါတယ်။
      (အစည်းအဝေးကို အညီအညွတ်လာခြင်း ဆိုတာလည်း တစ်ချက်အပါပေါ့)

  • ဦးဦးပါလေရာ

    July 9, 2012 at 8:09 am

    လေလံနဲ့ပတ်သက်ပြီးပြောရရင်
    ယခင် အုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်ရေးအဆက်ဆက်ကိုက လေလံဆိုတာကို နားမလည်ဘူး/ သို့မဟုတ် နားမလည်ချင်ယောင်ဆောင်ခဲ့တယ် လို့ပဲ ပြောချင်ပါတော့တယ်။
    လေလံစံနစ်ရဲ့ သဘောတရားက အခွင့်အရေးတခုကို ဈေးနှုံးပိုသွားအောင် လုပ်ဘို့မဟုတ်ပါဘူး။
    အခွင့်အရေးတခုအပေါ် ရရှိရမယ့် အခွန်အကောက်ကိုသာ အများဆုံးရနိုင်သလောက် ရဘို့ ဖြစ်ပါတယ်။
    အဲဒါကြောင့် အဲဒီစံနစ်မှာ ထိန်းညှိထားရမှာက အခွင့်အရေးရဲ့တန်ဘိုးကို မူသေဖြစ်အောင် စောင့်ရှောက်ရမှာဖြစ်ပါတယ်။
    ဥပမာ သားသတ်လေလံအတွက် အသားလက်ကားဈေး အတိအကျ သတ်မှတ်ပေးရမယ်။
    လမ်းတံတား လေလံအတွက် လမ်းတံတားကြေး အတိအကျ(အတိအကျ) သတ်မှတ်ပေးရမယ်။
    အဲသလိုမျိုးပါ…။
    ခက်တာက အင်္ဂလိပ်လက်ထဲက လွပ်လပ်ရေးယူခဲ့ရာမှာ
    အုပ်ချုပ်ရေး ပညာ၊ အတွေးအခေါ်၊ နည်းလမ်းတွေ တွဲမယူခဲ့ဘူး..။
    ရှားရှားပါးပါး အုပ်ချုပ်ရေးပညာ တတ်ထားတဲ့ အိုင်စီအက်စ်တွေကိုလဲ မြောင်းထဲထည့်ခဲ့ကြတယ်။
    ဘာမှ လေ့လာရမှန်း၊ အတုယူရမှန်းလဲ မသိဘူး…။
    စိတ်ကောင်းစေတနာလဲမရှိဘူး…။
    မဟုတ်တာလုပ်ရမှာကို ရှက်တတ်တဲ့စိတ်လဲ မရှိကြဘူး…။
    အဲဒါတွေ မပြင်လို့ကတော့
    ရှိတာအကုန်ထုတ်-တောင်းသလောက်ပေး ဆိုတဲ့ အဆင့်က တက်မှာမဟုတ်ဘူး…။

    • pooch

      July 10, 2012 at 12:48 pm

      ဦးပါပြောသလိုပဲ ဒီအစိုးရ အဆက်ဆက် လေလံဆိုတာကို နားလည်ချင်ယောင်ဆောင်ပြီး မထော်မနန်းတွေ လုပ်ခဲ့ကြတယ်လို့ပဲ မြင်မိပါတယ်။ လေလံမှ မဟုတ်ပါဘူး အရာအားလုံးပါပဲ။
      နားလည်သူတွေ လုပ်နိုင်သူတွေကို နေရာမပေး ချောင်ထိုးခဲ့ကြလို့ ဒီနေ့ ဒီလိုမျိုးတွေ ကြုံနေရတာပါ။

      အပေါ်က ဦးVictory ပြောသွားသလိုမျိုး ဥပဒေနဲ့ ထိန်းညှိဖို့ ဆိုတာလေးက ဟိုင်းလိုက်လုပ် အရေးတကြီး ပြင်ဆင်ရမဲ့ အပိုင်းလေးလို့ မြင်မိပါတယ်။
      လာမဲ့ ၂၀၁၅ မှာ proactive တွေ အလုံးအရင်းနဲ့ ကိုယ့်ဆီလာတော့မှာမို့ ဒီကလည်း အစစအရာရာ ပြင်ဆင်ထားဖို့ လိုနေပါပြီ။ ကိုယ့်ဆီလာပြီး အကဲ့ရဲ့ မခံရအောင်ပေါ့။
      အားလုံးနဲ့ ဆီလျော်အောင် လုပ်ရတော့မှာပါ။

      • padonmar

        July 10, 2012 at 10:36 pm

        မယ်ပုရေ
        ငါတို့သွက်သွက်လျှောက်မှဖြစ်မယ်နော်။

    • padonmar

      July 10, 2012 at 10:35 pm

      ဦးပါ
      လေလံရဲ့ သဘောတရားလေးရှင်းပြပေးတာကောင်းပါတယ်။
      အင်္ဂလိပ်လက်ထက်ကို မမှီပေမယ့် ခုထိကျန်နေသေးတဲ့ သူတို့လက်ရာခြေရာတွေနဲ့ နောက်မှ တည်ဆောက်ပြီး မကြာခဏသစ်နေရတဲ့ နောက်ပေါ်စနစ်တွေနဲ့ ယှဉ်ကြည့်ရင် ကျမတို့ အတုခိုးသင့်တာအတုမခိုးခဲ့ကြဘဲ နယ်ချဲ့အင်္ဂလိပ်လို့ချည်း ထိုင်ဆဲနေခဲ့ကြမှန်းသိသာပါတယ်။
      ဒီလိုပြောပြန်တော့လည်း ကျွန်စိတ်မပျောက်ဘူးလို့ မျက်စိမှိတ်အော်နေကြတာဘဲ။

  • the best

    July 9, 2012 at 9:11 am

    “လေလံ” မဟုတ်ပါဘူး။

    “လေးလံ” လိုပြော ခေါ်သင့်ပါတယ်။

    ထမ်းရတာ မနိုင်တော့ဘူး။

    • padonmar

      July 10, 2012 at 10:38 pm

      The Best
      အဲဒီ လေးလံတွေကနေ ပြည်သူအတွက် အကျိုးမြင်သာမယ်ဆိုရင်တော့ သည်းခံပြီး ထမ်းပေးကြရအောင်။

  • kyeemite

    July 9, 2012 at 9:21 am

    အန်တီပဒုမ္မာရဲ့ အများအတွက် အကျိုးပြုပို့စ်လေး
    အတွက် လက်မတစ်ချောင်းထောင်သွားပါတယ်ဗျာ..

    • padonmar

      July 10, 2012 at 10:39 pm

      ဒေါ်ကြီးမိုက်ရဲ့ လက်မအတွက် ကျေးကျေးပါ။

  • မောင်ပေ

    July 9, 2012 at 9:25 am

    လေလံစနစ်
    အုပ်ချုပ်သူအစိုးရ အနေနဲ့ ယနေ့ဒီမိုကရေစီသွားရာ လမ်းကြောင်းမှာ လုပ်ငန်းအများစုကို လုပ်နိုင်သူတွေလက်ထဲကို လေလံစနစ် နဲ့လုပ်ခွင့်ပေးနေပါတယ်။
    ကောင်းတာလဲ ရှိ မကောင်းတာလဲရှိ
    ကောင်းတာကတော့ လမ်းကောင်းမရှိသေးတဲ့မြို့၂မြို့ကြားလမ်းပိုင်း ကို ကတ္တရာလမ်းကောင်း ခင်းခိုင်းပြီး လမ်းအသုံးပြုခ ကောက်ခံခိုင်းခြင်းမျိုး , ဘယ်နှနှစ် လုပ်ခွင့်ရမယ် ဆိုတာမျိုးပေါ့
    မကောင်းတာကတော့ လေလံဟာ ခရိုနီလေးတွေပဲရကြတဲ့အဖြစ်။

    • padonmar

      July 10, 2012 at 10:48 pm

      မောင်ပေရေ
      လမ်းခင်းတဲ့ ကမ်ပနီတွေ လမ်းကြေးကောက်တာ ပေးနိုင်ပါတယ်။
      သူ့ဟာသူ ခရိုနီဖြစ်လည်း ပေးရတာနဲ့ တန်တဲ့ ဝန်ဆောင်မှုလုပ်ပေးဖို့ဘဲလိုတာပါ။

      အန်တီ အစပိုင်းရေးထားတဲ့ ကူးတို့ဆိပ်ကလေးဟာ အန်တီတစ်သက်တာလုံးမှာ ဘာမှတိုးတက်မလာပါဘူး။တစ်ဖက်ကမ်းမှာ ခရီးသည်တွေ မိုးခိုစရာ ဇရပ်ကလေးတောင် မရှိ။ရေကျရင် ရွှံ့ထဲဆင်းပြီး ကုန်းပေါ်တက်ရတယ်။တံတားမရှိ။မြို့ဖက်ကမ်းမှာတော့ လေလံကန်ထရိုက်က တံတားလေး လူတက်သာဆင်းသာအောင် ပြင်ပေးတာကလွဲလို့ ဒီလေလံကြေးကနေ ဘာမှ တိုက်ရိုက် အကျိုးဖြစ်မလာပါဘူး။
      အဲဒါ ကန်ထရိုက်တာဝန်လို့ အန်တီကတော့ မမြင်ပါဘူး။

  • ကြောင်ကြီး

    July 9, 2012 at 10:36 am

    အနော့် ဖြတ်သွားတုန်းကတော့ ဘယ်သူမှ လမ်းတံတားဂျေး မတောင်းကြဘူး.. မတောင်းဆို အနော့်ကားက တင့်ကားလေ…။ ပစ်ထည့်လိုက်မယ် ဘာမှတ်နေသလဲ..။ ကြေးမုံဂျီးတို့အမျိုး တရုတ်ပြည်ထုတ် တောင်ဖြိုတင့်ကားကွ..။ ရှေ့တန်းမှာ သုံးမရလို့ နောက်တန်းပြန် ငရုတ်သီး အမှုန့်ကြိတ်ပေးဖို့ ပြန်လာတာ…။ :mrgreen:

    • MaMa

      July 10, 2012 at 9:05 am

      ကြားဖူးတာတော့ ခြေလေးချောင်းဆိုရင် နှစ်ဆ ပေးရတယ်တဲ့။
      ဒါပေမယ့်………….
      ကြေးမုံကြီး အမျိုးမို့၊
      လူထုအကျိုးအတွက်မို့၊
      (ငရုတ်သီးအမှုန့်ကြိတ်ပေးမယ် ဆိုလို့)
      တံတားဖြတ်သန်းခ မကောက်တာဖြစ်ရမယ်။ :mrgreen:

      • pooch

        July 10, 2012 at 12:33 pm

        အံ့ဩပါရဲ့…
        ကြောင်တွေ လမ်းလျှောက်ရင် ဖွဖွလေးနဲ့ အသံတောင် မကြားရတာ ဘယ်သူက သူဖြတ်သွားတာ သိလိုက်ပါ့မလဲလို့ ။ သူပြောတဲ့ တင့်ကားကလည်း သူ့ကျောကုန်းပေါ် တင်သွားတာဆိုတော့ ဘယ်သူက အသံကြားမလဲလို့ ။ (ငရုတ်သီးအမှုန့်ကြိတ်ရုံဆိုတော့လေ)

        ဦးကြောင်တို့များ.. နောက်ပါ့…. ဟီး :mrgreen:

    • padonmar

      July 10, 2012 at 10:53 pm

      ကျမပို့စ်မှာ ကြောင်မိသားစုတွေဆုံကြပြီ။
      ကြောင်လေး၊ကြောင်ကြီး၊ကြောင်ဝတုတ်။
      အော် ကြောင်လတ်နဲ့ ကြေးမလောင်ကတော့ မတွေ့တာကြာပြီ။

      • ကြောင်လတ်

        July 11, 2012 at 10:06 am

        အန်တီပဒုမ္မာအမှာတော်ရှိလို့ မနှေးအမြန်ပြေးလို့ရောက်လာကြောင်းပါ ခင်ဗျာ။

        လေလံတွေဈေးတက်တာအောက်ခြေကပေါင်းစားရုံတင်မကပါဘူး။
        ကျနော်ကိုယ်တွေ့အဖြစ်ကလေးရေးပြပါဦးမည်။ တနှစ်လောက်ကပေါ့။ ကျနော့အထက် …… အထက်ကအရာရှိက ရုံးချုပ်ကနေဖုန်းဆက်ပါတယ်၊ ငါ့မိတ်ဆွေတစ်ယောက်လာမယ်၊ လိုအပ်တာကူညီလိုက်ပါတဲ့။ ပြီးတော့ဖုန်းနံပါတ်လည်းပေးပါတယ်။ သူကပဲ ကျနော့်ကိုဖုန်းဆက်ပါတယ်။ ကျနော်တို့ဒေသက အင်းလေလံနှစ်ခုကို ပြောပြီးအဲဒီနေရာတွေရဲ့ လေလံပြန်ရောင်းတဲ့နှုန်း ကိုမေးတာပါ၊ကျနော်လည်းကိုယ့်လိုင်းမဟုတ်တော့မသိဘူး၊ စုံစမ်းပေးပါမယ်လို့ပြန်ပြောလိုက်ပါတယ်။ နောက်အဲဒီပုဂ္ဂိုလ်ရောက်လာပါတယ်။ တိုတိုပြောရရင် အဲဒီသူက နေပြည်တော်က ဗိုလ်မှူးတစ်ဦးရထားတဲ့လေလံကိုတဆင့်ပြန်ဝယ်ပြီး နယ်မြေမှာတကယ်လုပ်စားမဲ့ ကန်ထရိုက်ကို ပြန်ရောင်းမဲ့သူပါ၊ အဲဒီကန်ထရိုက်ကမှ တဆင့် တကယ်လုပ်(ငါးဖားရှာ)စားမဲ့ သူကို နှစ်စဉ်ကြေးနဲ့ ပြန်လုပ်ကိုင်ခွင့်ပေးတာပါ။ပြောချင်တာက အဲဒီလေလံက လုပ်ကွက်ရှိတဲ့ဒေသမှာပေးတာ နေပြည်တော်က ဗိုလ်မှူးကဘယ်လိုလုပ် ပြီးလုပ်ခွင့်ရသွား သလဲ။ ဖြစ်ချင်တော့အဲဒီဗိုလ်မှူးရထားတဲ့လုပ်ကွက်က ဈေးမကောင်းဆုံးလုပ်ကွက်ဆိုတော့ တဆင့်ဝယ်ရောင်းတဲ့သူကို ဒီက ကန်ထရိုက်ကဈေးမပေးပါဘူး၊ ဗိုလ်မှူးအဆင့်တောင် လုပ်ကွက်ကောင်းကောင်းမရဘူးဆိုတော့ လုပ်ကွက်ကောင်းကောင်းတွေ ကို ဘယ်သူ(ဘယ်အဆင့်)ကရထားသလဲ။ နိဂုံးချုပ်ရရင် အနှီပုဂ္ဂိုလ်ခင်ဗျာစရိတ်ရှုံးလို့ ကျနော့်အိမ်မှာထမင်း ထမင်းနှစ်နပ်ကျွေး ၊ကားလက်မှတ်ဝယ်ပေးပြီးပြန်လွှတ် လိုက်ရပါကြောင်း။
        အော်……..အောက်ခြေကဝန်ထမ်းတွေကိုဖြုတ်ထုတ်သတ် လုပ်ဖို့စဉ်းစားနေကြတာ………..
        အနိစ္စ (သူဂျီးထံမှ ငှါးပါသည်)

        • padonmar

          July 12, 2012 at 11:19 pm

          အပြေးလေးလာပေးတဲ့ ကြောင်လတ်ကို အဖြစ်မှန် အတွေ့အကြုံလေး မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။
          ကွယ်လွန်သွားတဲ့ ဒေါက်တာနေဝင်းမောင် မဆုံးခင် voice ဂျာနယ်ထဲမှာ ထောက်ပြသွားတဲ့ ၊
          သမ္မတကြီး မိန့်ခွန်းတွေမှာပါပါနေတဲ့ လျှော့ချရမယ့် transaction cost တွေဆိုတာ အခုဆွေးနွေးနေတဲ့ လေလံကြေး(အမှန်အကန်ကြေး၊အကြံအဖန်ကြေး)တွေ ထိပ်ဆုံးကပါပါတယ်။

  • snow white

    July 9, 2012 at 5:00 pm

    တိုးကောက်တာတော့မဖြစ်သင့်တဲ့ကိစ္စပါဘဲ ကိုယ့်ကိုက် မှ ဒီလေလံဆိုတာ ကိုလက်ခံသင့်တယ် ။။

  • nature

    July 9, 2012 at 5:35 pm

    CJကြီး ဒေါ်ပဒုမ္မာကတော့ လုပ်ချလိုက်ပြီ။
    တောင်းသလောက်ပေးနေရတာ အကျင့်ပါနေပြီမို့…
    ထူးပြီး မဆန်းတော့ ပါဘူး။
    မကြားလိုပေမယ့်လည်း ပြောရဦးမယ်။
    အဲလို အဲလို တွေကြောင့် သဂျီးက နှစ် ၁၀၀ဝ ကျိန်စာ လို့ ပြောထားတာ 🙁

    • padonmar

      July 10, 2012 at 10:57 pm

      မမ၊ကိုသန်းထွဋ်ဦး(ကျမကတော့ ဝမ်းတွင်းရူးဆိုတဲ့ နာမည်မခေါ်ချင်ပါဘူး)မနှင်းဖြူ၊အလက်ဆင်း
      ဖတ်ပြီး အားပေးတာကျေးဇူးပါ။

      တောင်းသလောက်ပေးတာ အကျင့်ပါတဲ့ ကိုသဘာဝရေ
      မုန့်ဖိုး သိန်းတစ်ရာလောက်ပေးပါနော်။

  • kai

    July 10, 2012 at 3:58 am

    တိုကျိုမှာတော့.. မီးပွိုင့်မရှိ..အဝေးပြေးလမ်းတွေကို. ဟိုက်ဝေး highway ခေါ်ပြီး.. မြို့လည်ခေါင်ဖြတ်လို့.. တံတားထိုးလမ်းမြင့်ကြီးတွေလုပ်တယ်..
    အဲ.. ဂိတ်ကြေးကောက်တယ်..
    လမ်းဖေါက်..တံထားဆောက်ခ စရိတ်ရှိတာကိုး.. ကောက်တာပေါ့…

    ယူအက်စ်မှာတော့.. မီးပွိုင့်မရှိ..အဝေးပြေးလမ်းတွေကို. ဖရီးဝေး freeway ခေါ်ပြီး. ဖင်္ရီး(ငွေပေးရန်မလို) လွတ်လပ်စွာသွားနိုင်ပါတယ်..။
    အစိုးရက.. လူထုဆီကကောက်ထားတဲ့.. အခွန်ငွေတွေနဲ့. ဆောက်လုပ်ထားတာကိုး..
    လေလံခေါ်ပြီး မရောင်းပါ..။
    အယ်လ်အေမှာ.. ကားပူးလ်လိမ်းcarpool lane ရှိပြီး.. လူ၁ယောက်အထက်ဆို.. အဲဒီအထူးလမ်းကပေးသွားပါတယ်..။

    ဘတ်စ်ကား.. ရထားတွေဆိုလည်း. လူရှိရှိ..မရှိရှိ.. နာရီနဲ့.ထုတ်ပြန်.ပေးထားတဲ့..အချိန်ဇယားအတိုင်း မောင်းနေတာပဲ..
    အယ်လ်အေဆို.. ပါ့ဗလစ်ထရန်စပို့လုပ်ငန်းတွေ.. တော်တော်လေးအရှုံးပေါ်ပါတယ်..
    ကားခ တမတ်..တဒေါ်လာနဲ့. ဘယ်လိုလုပ်ကိုက်ပါ့မလည်း..။

    မကိုက်ပဲ.. ဘာလို့လုပ်နေနိုင်သလည်း.. ဆိုတော့…
    အစိုးရက.. ငွေဝင်ဖြည့်တာပါ..။ အခွန်သက်သာခွင့်အပါအဝင်.. အထူးအခွင့်အရေးတွေ..ပေးတာပါ.။

    ပြောချင်တာက…
    လူထုနဲ့တိုက်ရိုက်ထိတွေ့ရတဲ့.. တချိူ့ကိစ္စတွေမှာ.. အထူးသဖြင့်. လမ်းပန်းဆက်သွယ်မှုအပိုင်းမှာ..
    အစိုးရက.. ဝင်ထိမ်းချုပ်သင့်ပါတယ်..။
    ကားခ..ရထားခ.. သင်္ဘောခ.. ဈေးဝင်ထိန်းသင့်ပါတယ်.
    လူထုဝန်မပိအောင်… ငွေဝင်ဖြည့်ပေးသင့်ပါတယ်.။
    ကိုယ့်လူထုရဲ့..အခြေခံလစာနဲ့.. ဝင်ငွေထွက်ငွေ သိနေနိုင်တာပဲ..
    ဒေသအလိုက်.. လူထုဟာ.. လမ်းပန်းဆက်သွယ်မှုအပိုင်းမှာ..ငွေဘယ်လောက်ပဲသုံးနှိုင်သလည်း.. သိနေရမှာပါ..
    ဒါက အစိုးရအလုပ်ပါ..

    • ကြောင်ဝတုတ်

      July 10, 2012 at 9:47 am

      သဂျီးရေ…

      တစ်ခုတော့ထပ်ပြောချင်ပါတယ်ဗျာ…
      ကျွန်တော်တို့အစိုးရလဲ ငွေဝင်ဖြည့်တာများတော့ အကြွေးတွေတင်ပြီး အခုမဖြည့်နိုင်တော့ဘူးထင်ပါ့…

      ရထားခကို ၁၀ဝ လောက်ကောက်သင့်နေတဲ့အချိန်မှာ ၁ဝ နဲ့ ဆယ်နှစ်လောက်ငွေဝင်ဖြည့်တာမျိုး
      မီတာခ ၅ဝ လောက်ကောက်သင့်တဲ့အချိန်မှာ ၁၅ကျပ်နဲ့ ဆယ်နှစ်လောက်ငွေဝင်ဖြည့်တာမျိုး
      မီးမပေးနိုင်လို့ ပြည်သူတွေဆန္ဒပြတဲ့အခါ နိုင်ငံခြားက မီးစက်ကြီးတွေဝယ်ပြီး ဒီဇယ်တွေဝယ်ပြီး မရမကမီးပေးတာမျိုးတို့…
      အစိုးရက ဖြည့်ပေးပေါင်းများပါပြီ… ခက်နေတာတစ်ခုက ဖြည့်ရမယ့်နေရာမှာမဖြည့်ပဲ
      မဖြည့်ရမယ့်နေရာတွေဖြည့်နေတာလေးတစ်ခုပါပဲ…

      ကြောင်ဝတုတ်

      • padonmar

        July 10, 2012 at 11:10 pm

        ဖက်ဖက်ကက်
        ဖြည့်ရမယ့် အချိန် မဖြည့်ဘဲ မဖြည့်ရမယ့် အချိန်မှာ ဖြည့်နေတာလေးလည်း ထည့်ပါရစေ။

      • kai

        July 11, 2012 at 5:13 am

        ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး လက်ရှိအချိန်၌ ဗဟိုဘဏ်တွင် နိုင်ငံခြားငွေကန်ဒေါ်လာ ရဘီလျံထိ

        ”နိုင်ငံခြား သုံးငွေပိုင်ဆိုင်မှုကို အားလုံးသိအောင် လုပ်ရမယ်။ အခုကျတော့ ဗဟိုဘဏ်က ငွေဖောင်းပွမှာကြောက်ပြီး ဘာမှမလုပ်ပဲ ငြိမ်နေတယ်။ တကယ်ဆို ဒေါ်လာဝယ်ပြီး ကျပ်ငွေကို တည်ငြိမ်အောင်လုပ်ရမယ်။ တန်ဖိုးမြင့်အောင် ချိတ်ဆက်ရမယ်။ ဒီလိုလုပ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူး။ အစိုးရက ဒါကို intervention လုပ်ရမယ်။ နောက်ပြီး price spots ပေးရမယ်။ တောင်သူ စပါးပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်စိုက်လို့ ရှုံးရင် အစိုးရက price spots ပေးရမယ်။ အစိုးရက သိမ်းကျုံးဝယ်ရမယ်။ နိုင်ငံတော်က တချိန်လုံး အမြတ်ရဖို့ချည်းပဲ မတွေးရဘူး။ အရှုံးခံပြီးလည်း ဝယ်သင့်တယ်။ တောင်သူလယ်သမားတွေ နစ်နာနေရင် ဝင်ထိန်းရမယ်။ အခုတော့ ဘာတစ်ခုမှ လုပ်မပေးတဲ့အတွက် ဗဟိုဘဏ်ရဲ့တာဝန်မကျေမှုကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်”ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားခဲ့သည်။
        http://news-eleven.com/index.php?option=com_content&view=article&id=14490:2012-07-10-03-59-37&catid=42:2009-11-10-07-36-59&Itemid=112

    • padonmar

      July 10, 2012 at 11:08 pm

      သူကြီးရေ
      စတစ်လုပ်ပေးလို့ ကွန်မန့်ကောင်းလေးတွေ ဖတ်ရတဲ့အတွက်ရော၊
      သူကြီးရဲ့ ဗဟုသုတရစေတဲ့ ကွန်မန့်အတွက်ပါ ကျေးဇူးတင်ပါတယ်။
      ကျမတို့ အစိုးရသစ်ဟာ သူ့တာဝန်တွေ ဘာရှိတယ်။ဘယ်လောက်ဘတ်ဂျက်နဲ့ ပေးသုံးမယ်ဆိုတာ အတွေ့အကြုံနုသေးတော့ မနိုင်မနင်းဖြစ်နေတယ်လို့ မြင်ပါတယ်။
      နိုင်ငံတကာရဲ့ အုပ်ချုပ်မှု အတတ်တွေကိုလည်း လွှတ်တော်အမတ်တွေ လေ့လာဖို့သွားကြတာတွေ့ပါတယ်။
      ဒေါ်မီမီဝင်းနဲ့ အင်တာဗျူးမှာပါသလို အစိုးရပိုင်းက အုပ်ချုပ်သူ တိုးတက်ရေးဝါဒီတွေကို အမေရိကန်၊ဥရောပစတဲ့ အုပ်ချုပ်ရေးစနစ်အခြေခိုင်တဲ့ နိုင်ငံတွေကို လေ့လာဖို့လွှတ်သင့်ပါတယ်။အမြင်ရှိမှ အပြင်ရှိမယ်တဲ့။

  • captainamerica

    July 10, 2012 at 6:34 am

    အစိုးရကမှ အစိုးရအလုပ်မလုပ်ဘဲ ပြည်သူတွေဆီကတောင်းဖိုးရမ်းဖို.ပဲလုပ်နေတော့
    အောက်ခြေအဆင့်ဆင့်ထိဒီလိုစိတ်ဓာတ်တွေကူးကုန်တာပဲ။Good Goverment
    Clean Goverment လုပ်ဖို.ဆိုတာ နှစ်တွေတော်တော်ကြာအောင်အချိန်ယူပီး
    သေသေချာချာပြန်လုပ်ရမယ့်ကိစ္စပါ။ခုလောလောဆယ်တော့အဲဒီစကားကြီး
    ဟာအပိုသက်သက်ကြီးလို.မြင်မိပါဂျောင်း 🙂 အနော်လည်းအစိုးရ ဝန်ထမ်းခင်ည
    ဒါပေမဲ့အနော်တို.ဌာနက သများရုံးတွေလို. အောက်ဆိုဒ်တွေဘာညာတွေ ဘာမှမရှိ
    ပဲအိပ်စိုက်တော့ခဏခဏ လုပ်ရသဗျ….. 🙁 တစ်ခုပြောချင်တာက စစ်သားကြီးစိုး
    သောဌာန ဆိုပျက်စီးတာ များပါဂျောင်း အရပ်သားအုပ်ချုပ်သောဌာနဆိုလျှင်တော့ အနည်းငယ်
    တော်ပါသေးဂျောင်း

    • padonmar

      July 10, 2012 at 11:13 pm

      ကက်ပတိန်ကြီးရေ
      အောက်ဆိုက်မရှိဘူးဆိုတာ ယုံရမှာလားဟေ့။
      အရပ်သားအုပ်ချုပ်သော ဌာနဆိုလျှင် အနည်းငယ်တော်ပါသေးသည်ဟု မထင်ပါဂျောင်း။

  • Inz@ghi

    July 10, 2012 at 6:38 am

    ယနေ့မနက် …မိုးလင်းကတည်းက ဟိုမေးစေ့အကွဲလေးကို သတိရနေတယ်ဂျာ ….
    အော်… ဒုက္ခ..
    😀

    ပြန်လာခဲ့ပါဦးမယ်…
    (ဟိုအဒေါ်ကြီးအားကျလို့ နေရာလာဦးတာ မဟုတ်ပါ)

    • pan pan

      July 10, 2012 at 11:03 am

      အဟဲ..
      မေးကွဲလေးနဲ့ ဟိုဥက္ကဌကြီးလား 😆

      • Inz@ghi

        July 10, 2012 at 11:10 am

        အဲ့ကပြန်လာကတည်းက ပါးစပ်ဖျားကကို မချတော့ပါလားကွယ်…
        အဟိ….
        နဝင်းလေးပါရှို…
        😳

        • padonmar

          July 10, 2012 at 11:15 pm

          မောင်ဂီ မင်းပြန်လာမယ်ပြောပြီး ပုံပြောသွားရင်တော့ လက်သီးဘဲနော်။
          ဒါထက် ကျုပ်တို့အဖွားကြီးတွေ ညည်းနဲ့ ပန်ပန်ပြောနေတဲ့ မေးအကွဲလေးကိုမသိဘူး၊တုံးပါ့။

  • nature

    July 10, 2012 at 7:02 am

    ယခင်ကလမ်းတံတားကြေးတွေကို အစိုးရက ကိုယ်တိုင်ကောက်ခံခဲ့တာတွေ့ဖူးပါတယ်။ အောက်ခြေဝန်ထမ်းတွေပဲ တိုက်ဆောက်ကားစီးပြီးနိုင်ငံတော်ကအခွန်ငွေမရသလောက်ဖြစ်ခဲ့တာမို့ ဝန်ထမ်းတွေကိုထိမ်းမရတာကြောင့် လေလံစံနစ်ကို နောက်ပိုင်းမှာ စတင်ကျင့်သုံးခဲ့တာလို့ထင်ပါတယ်။ လေလံဆိုတော့လဲသိတဲအတိုင်းအပြိုင်အဆိုင်ဆွဲကြတော့ဈေးတက်တာပေါ့။ဒီလိုအပြိုင်အဆိုင်ဆွဲတယ်ဆိုတာလည်း အကျိုးအမြတ်ကောင်းလို့ ၊လုပ်နေကျလူက သူ့အလုပ်ကလေးပျောက်သွားမှာစိုးလို့ ၊ တံတားဈေးနှုန်းသတ်မှတ်ထားချက်မရှိလို့ အပြိုင်အဆိုင်ဆွဲကြတာထင်ပါတယ်။

    ဘုရင့်နောင်တံတားဖြတ်ခ ၁၅ဝ ဆိုတာလည်းပေးသင့်တယ်လို့မြင်ပါတယ်။ ဒီတန်ဘိုးဟာတံတားတစင်းရဲ့တန်ဘိုးထက်စာရင် အင်မတန်သေးငယ်တဲ့ပမာဏတခုပါ။ မြန်မာနိုင်ငံဟာလည်း ကမာ္ဘ့အဆင်းရဲဆုံးထဲမှာပါတဲ့နိုင်ငံတနိုင်ငံပါ။ ဆင်းရဲပြီးဝင်ငွေမရှိတဲ့ကြားကထပ်စိုက်ရမယ်ဆိုရင်တော့ မွဲဆေးဖော်သလိုပဲဖြစ်နေမယ်ထင်ပါတယ်။

    ပြောရမယ်ဆိုရင်တော့ တန်ဘိုးဆိုတာထားတတ်တဲ့သူမှသိတာပါ။တံတားတွေမပြီးခင်တုန်းက ချောင်းသာ ၊ ပုသိမ်သွားချင်ရင် အင်းစိန်ဆိပ်ကမ်းကနေပြီး ဇက်နဲ့ကူးရင် ကားတစီး ၂၀၀၀-၃၀၀ဝ လောက်နဲ့ ချက်ခြင်းကူးလို့မရပဲ နေပူထဲမှာ တနေကုန်ဆင်းရဲဒုက္ခခံပြီးမှကူးခဲ့တာလေးတွေကိုတွေးမိရင် ၁၅ဝကျပ်ဆိုတာ နည်းတယ်လို့တောင်ပြောရမလိုဖြစ်နေပါလိမ့်မယ်။

    တံတားခကြောင့်ကုန်ဈေးနှုန်းတက်တယ်ဆိုတာ တော်တော်များများကယူဆကြပေမဲ့ ကျွန်တော်ကတော့လက်မခံနိုင်ပါဘူး။ ပုံမှန်အားဖြင့်စဉ်းစားရင်တော့တံတားခပေးရလို့ဈေးတင်ရောင်းကြမယ်။ကုန်ဈေးနှုန်းတက်မယ်ထင်ကြပါတယ်။ ဒါဆိုရင်ကောင်းပြီးတံတားခကို free ပေးဖြတ်မယ်။ကုန်ဈေးနှုန်းကျဖို့ဘယ်သူတာဝန်ယူမလဲဆိုတာကိုမေးချင်ပါတယ်။ တံတားခတိုးကောက်လို့ တက်တဲ့ကုန်ဈေးနှုန်းဟာ fixed cost တခုဖြစ်ပြီး သူ့ကြောင့်ဈေးနှုန်းတက်တာဈေးတိုးချိန်မှာ တချိန်ပဲတက်တာပါ။

    • padonmar

      July 10, 2012 at 11:23 pm

      ကိုနေးချားရေ
      မတူသောအမြင်နဲ့ ကွဲလွဲပေးတဲ့အတွက် ရှုဒေါင့် တစ်မျိုးမြင်ခွင့်ရလို့ ကျေးကျေးပါ။
      တံတားဖြတ်ခ ၁၅ဝ ဟာ ကျမတို့ အရင် ဇက်တွေနဲ့ ကူးရတာထက် အများကြီး အချိန်ကုန် ငွေကုန် လူပင်ပန်းသက်သာတာ မှန်ပါတယ်။
      ပေးလည်း ပေးသင့်သလို ပေးလည်းပေးနေပါတယ်။
      ဒါပေမယ့် ကောက်ခံရမယ့်နှုန်းတွေကို ပေးဆောင်ရမယ့် ပြည်သူသိအောင် အရင် ချပြပြီးမှ ကောက်သင့်ပါတယ်။ အခုက ၁.၄.၂၀၁၂ မှာ ပြောင်းကောက်တာကို ၂၃.၄.၂၀၁၂ (မြန်မာနှစ်နဲ့သာဆို တစ်နှစ်လွန်ပြီးမှ)တရားဝင် ကြေငြာတာကိုပြောတာပါ။
      နောက်ပြီး သတ်မှတ်ပြီးရင်လည်း ထပ်ပြီး အကြောင်းပြ ကြေးတိုးတာ ၊အမျိုးအစားအပို ကြားထိုးတာလေးတွေ မသင့်ကြောင်းပြောတာပါ။

      • nature

        July 11, 2012 at 6:00 pm

        တံတားဖြတ်သန်းခ ၅ဝကျပ်ကနေ ၁၅ဝကျပ်ဖြစ်သွားတာ သေးငယ်သော ပမာဏတခုဖြစ်လို့ ကုန်ဈေးနှုန်းကို အကျိုးသက်ရောက်မှုမဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ အမှန်ပြောရရင်စကောက်ကာစ တံတား ဖြတ်တုန်းကကျနော်လည်း စိတ်ထဲမှာမကျေနပ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့အစိုးရဆီက အမြဲသက်သာစွာရရမယ် ဆိုတဲ့အရိုးစွဲနေတဲ့စိတ်ဓါက်ကနေက မသိမသာကျန်နေသေးလို့ပါပဲ။

        လေလံဆွဲပြီဆိုကတည်း ဆွဲတဲ့သူမှာလည်း အကျိုးအမြတ်ရှိမှလုပ်နိုင်မှာပါ။ ကိုယ်တိုင်မလုပ်နိုင်တဲ့အတွက် လုပ်တဲ့သူကို တဆင့်အမြတ်ပေးရပါမယ်။

        …ဒါပေမယ့် ကောက်ခံရမယ့်နှုန်းတွေကို ပေးဆောင်ရမယ့် ပြည်သူသိအောင် အရင် ချပြပြီးမှ ကောက်သင့်ပါတယ်….
        ကျနော့အမြင်တော့၅ဝကျပ်ကနေ ၁၅ဝကျပ်ကိုတိုးတာလို ဒီကိစ္စလေးတွေက သိပ်ကြီးမားတဲ့ကိစ္စမဟုတ်တဲ့အတွက် ချပြတာ မချပြတာ သိပ်အရေးမကြီးဘူးလို့ထင်ပါတယ်။ ချပြကာမှ ဈေးတက်လို့ဆန္ဒပြကြလို့ အခုထဲကလမ်းပိတ်နေတဲ့ဘုရင့်နောင်တံတားကြီး သွားမရဖြစ်မှာစိုးမိပါတယ်။

        ၁၅ဝကျပ်ဆိုတာကလည်း ၅ဝကျပ်တန်အကြွေအခက်အခဲရှိလို့ အကြွေဒုက္ခကင်းသွားအောင် ၂၀ဝကျပ်သာတခါတည်းကောက်လိုက်ပါ။ မြို့ထဲမှာကားရပ်ခတွေတောင် ၂၀ဝကျပ်ဖြစ်နေတာပဲ။ ဒီတံတားကြီး၂၀ဝကျပ်နဲ့ဖြတ်ရတာတန်ပါတယ်။ 🙂
        ပဒုမ္မာ- အင်း….ရှေ့နေငှားမှ ထောင်လုံးလုံးကျပြီထင်ပါရဲ့။
        🙂 🙂 🙂

        • padonmar

          July 12, 2012 at 11:31 pm

          ရှေ့နေကြီး ကိုနေချားရဲ့
          Victory’s comment ထဲကဘဲ ကူးပြီး ပြန်ဆွေးနွေးပါမယ်
          “အစိုးရရဲ့အနေအထားက ထောက်ပံ့ပေးရေး၊
          သက်သာချောင်ချိစေရေးနှင့် လူမှုဖူလုံမှုဆောင်ရွက်မှုတွေကိုအဓိကထားတဲ့ စီမံကိန်း၊လုပ်ငန်းစဉ်တွေဘဲဖြစ်သင့်ပါတယ်။”
          အစိုးရဆီက အမြဲသက်သာစွာရမှ ပြည်သူက အစိုးရကို ကြည်ညိုမှာပေါ့။
          ………………….
          အကြွေအမ်းရသက်သာအောင် ၂၀ဝ တိုးပေးရမယ်တော့ မထင်လိုက်ပါနဲ့။
          အမ်းချင်စိတ်ရှိဖို့က အဓိကပါ။(တံတားကြေးကတော့ အကြွေရအောင်အမ်းပေးနေတာလေး ချီးကျူးပါတယ်)
          အခု အထူးကားတွေမှာ ၂၀ဝ ချည်းပါဘဲ။ဒါတောင် ၁၀၀ဝ တန် ၅၀ဝ တန်ပေးရင် အမ်းစရာမရှိဘူးလုပ်ကြပါသေးတယ်။(၁၀၀၀ဝ တန် ၅၀၀ဝ တန် မဟုတ်သေးဘူးနော်)

        • nature

          July 13, 2012 at 7:40 am

          ….အစိုးရဆီက အမြဲသက်သာစွာရမှ ပြည်သူက အစိုးရကို ကြည်ညိုမှာပေါ့။…..
          ဟီးဟီး…အဲဒါကြောင့်မို့နဲ့ထင်ပါရဲ့ ရထားခတွေ ၁ဝကျပ် ဒလသင်္ဘောခ ၁ဝကျပ်နဲ့ပြေးဆွဲတုန်းက ကြည်ညိုလွန်းလို့ထင်ပါရဲ့ ရွေးကောက်ပွဲမဲပေးတော့ခွက်ခွက်လန်အောင်ရှုံးတာပဲ။ :mrgreen:

          အရေးကြီးတာကတိုင်းပြည်ကိုကောက်ခံရရှိတဲ့ငွေနဲ့ကောင်းအောင်လုပ်နိုင်ဖို့ပါပဲ။ အတိတ်ကိုပြည်ဖုံးကားချနိုင်မှပဲအနာဂတ်အေးချမ်းသာယာနိုင်မယ်ထင်ပါတယ်။ အတိတ်ကိုပြည်ဖုံးကားမချပဲ အတိတ်ကိုပြည်လည်တူးဆွနေမယ်ဆိုရင်တော့ အတိတ်ကဇာတ်လမ်းတွေအတိုင်းပြန်ဖြစ်လာမှာစိုးမိပါတယ်။

          အခုsuper market တွေမှာ sales tax တွေကိုကောက်မယ်လို့ကြားနေရပါတယ်။ sales Tax ကိုညီညီမျှမျှကောက်ခံနိုင်ဖို့အရေးကြီးပါတယ်။ မညီမျှရင် SUPER MARKET ကဆိုင်တွေကိုသတ်သလိုဖြစ်မှာစိုးမိပါတယ်။ မြန်မာပြည်ရဲ့ဈေးကွက်အခြေနေက importer ကလက်က္ကားသမားကိုရောင်းတယ်။လက်က္ကားသမားက မြို့ပေါ်ကဆိုင်သေးတွေကိုရောင်းတယ် နယ်ကလက်က္ကားဆိုင်ကိုဖြန့်တယ်။နယ်ကလက်က္ကားဆိုင်ကလက်လီဆိုင်ကလေးတွေကိုဖြန့်တယ်။ဒီလိုအခြေအနေမှာ sales tax ကိုကောက်ရင်အဆင့်ဆင့်ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်မို့ညီမျှအောင် import exportကို custom အဝင်အထွက်မှာတခါတည်းကောက်ရင် အကောင်းဆုံးနဲ့အညီမျှဆုံးဖြစ်မယ်ထင်ပါတယ်။

          တံတားခ ၅ဝကျပ်ကနေ ၁၅ဝကျပ်တက်တာထက် အရေးကြီးတာက အခွန်ကိုဘယ်လိုကောက်မယ်ဆိုတာကိုပွင့်လင်းမြင်သာအောင်ရှင်းရှင်းလင်းလင်း ပြည်သူတွေကိုအသိပေးသင့်ပါတယ်။ အခုအသံအမျိုးမျိုးကြားနေရတော့ ဘာလုပ်ရမလဲဆိုတာကိုစဉ်းစားလို့မရပါ။

          ၅ဝကျပ်တန်ရိုက်နှိပ်ခြင်းဟာလည်း အရှုံးပေါ်နိုင်တဲ့ကိစ္စတခုဖြစ်နိုင်လို့ များပြားစွာအသုံးပြုခြင်းဟာလည်း တိုင်းပြည်ဘဏ္ဍာကိုလျှော့ပါးစေနိုင်မလားလို့ပါ။

  • blackchaw

    July 10, 2012 at 8:51 am

    သိသလောက် လေး နည်းနည်း ဝင်ပွားခွင့်ပြုပါ အစ်မရေ။
    တံတားပေါ်ဖြတ်သန်းဖို့ ခွင့်ပြုတဲ့ အလေးချိန် ကိုလည်း ခဏခဏ မပြောင်းသင့်ဘူးလို့
    ိထင်မိပါတယ်။
    ဘုရင့်နောင်တံတားတော့ မသိဘူးခင်ဗျ။
    စစ်တောင်းတံတား (အဟောင်းကို ပြောတာပါ ခင်ဗျာ) တို့ ဘာတို့ကျတော့ အဲဒါ အရေးကြီးပါတယ်။
    လေလံစဆွဲချိန်တုန်းက တံတားခံနိုင်ရည်က ၁၆ တန်ဆိုပါစို့ဗျာ။
    တန် ၂ဝ ဝန်အလေးချိန်နဲ့ ဖြတ်မယ်ဆိုရင် တန်ပို ၄ တန် အတွက် တံတားကြေးကောက်ခံသူနဲ့
    ညှိပေတော့။ ဆိုတော့ တန်ပိုအတွက် တံတားလေလံဆွဲထားသူကရတယ်ပေါ့ အစ်မရယ်။
    တန်ပိုကြေးမပေးချင်ရင် ကားလေးတွေနဲ့ ခွဲသယ်ပြီး ဖြတ်ကြတယ်ဆိုလား…။
    နောက် ၃လလောက် ကြာတော့ တံတားပေါ် ဖြတ်သန်းဖို့ ခွင့်ပြုတဲ့ အလေးချိန်ကို
    တန် ၂ဝ လို့ ပြောင်းလဲသတ်မှတ်လိုက်ပြန်ပါရော။
    အဲဒါကျတော့ တံတားကြေးကောက်ခံတဲ့သူတွေအတွက် တန်ပိုကြေးမရတော့ပဲ နစ်နာသွားပါတယ်တဲ့။
    အဲဒီ တံတားပေါ် ဖြတ်သန်းဖို့ ခွင့်ပြုတဲ့ အလေးချိန်ဆိုတာကလည်း
    တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။
    အဲဒါကိုလည်း လိုက်နိုင်ရင် လိုက်နိုင်သလိုပဲတဲ့ ခင်ဗျ။
    ပြောကြတာပဲ အစ်မရေ…။
    ဆိုတော့ တံတားဖြတ်သန်းခတွေ အကြောင်းပြောမယ်ဆိုရင်တော့
    မူဝါဒအပြောင်းအလဲတွေကိုလည်း ခဏခဏမပြောင်းဖို့လိုတယ် ဆိုတာလေး
    ဖြည့်ဆွေးနွေးသွားပါတယ်ခင်ဗျာ။

    • Inz@ghi

      July 10, 2012 at 9:08 am

      ပိုစ့်နဲ့မဆိုင်ပေမယ့် ကားနဲ့ဆိုင်နေလို့ပါ…
      သည်ကပဲ မေးခွင့်ပြုပါ..
      ဗျို့ ဘဘ ဘလက်..
      အလွမ်းကဖေး ဆိုင်ပိုင်ရှင်ကြီး
      ဘာဖြစ်တာတုန်းဗျ … ဒါ့ပုံတွေ့လိုက်လို့…???

    • padonmar

      July 10, 2012 at 11:25 pm

      ကိုဘလက်ရေ
      ကျမ လက်လှမ်းမမီတာလေး အားဖြည့်ပေးတာ ကျေးဇူးပါ။

  • ကျနော်တို့နိုင်ငံမှာ ကုန်ဈေးနူန်းမကြီးမြင့်ဘဲကြီးရတဲ့အကြောင်းရင်းထဲမှာဒီလမ်းတံတားကိစ္စကရှေ့ဆုံးဘဲ။
    လမ်းတံတားကိုလေလံပေးလိုက်တယ်။
    လေလံရအောင် ပိုက်ဆံတွေအများကြီးသုံးပြီး အပြို်င်အဆိုင်ဆွဲကြရော။
    အဲဒီပိုသွားတဲ့ပိုက်ဆံတွေက ကျနော်တို့ပြည်သူတွေခါးစီးခံကြရတာပါဘဲ။
    ဒီလိုစံနစ်တွေကို ပြောင်းဖြစ်အောင်ပြောင်းကြရမှာပါ။
    အမှန်ကတော့ ပေါင်းပြီးလုပ်စားကြတာလဲ အများကြီးရယ်။
    တိုင်းပြည်တိုးတက်စေချင်ရင် ပြည်သူပြည်သားတွေသက်သာချောင်ချိစေချင်ရင်
    ဒီလိုမတရားတဲ့အရာတွေပျောက်အောင်ဖျောက်ကြရမှာကတော့ အသေအချာပါဘဲ။

    • padonmar

      July 10, 2012 at 11:28 pm

      ကိုပေါက်ရေ
      ဒေါ်စုအရင်ကပြောဖူးတာလေး မှတ်မိပါတယ်။
      မတရားတာ ကိုယ့်မထိခိုက်သေးဘူးဆိုပြီး ငြိမ်မနေကြပါနဲ့။ငြိမ်နေရင် အဲဒီမတရားမှုဟာ ကိုယ့်ဆီထိရောက်လာပါလိမ့်မယ်တဲ့။
      ကျမတို့ ခဲလေးတစ်လုံးစီ ပစ်နေကြတာပါဘဲ။

  • pan pan

    July 10, 2012 at 11:18 am

    အန်တီရေ…လူကြီးတွေဝင်မန့်တဲ့ထဲ ပဲကြီးလှော်ဝင်မနှိုက်တော့ဘူးစဉ်းစားပေမယ့်
    တစ်ခုလောက်ပြောချင်တာလေးရှိလို့
    လေလံလို့ဆိုတာနဲ့ ငွေပိုပေးနိုင်သူကိုဦးစားပေးတယ်ဆိုတာ ပုံမှန်ပါပဲ
    အဲ့ဒါက ငွေရမယ့်လူ(ရောင်းသူ)ဖက်ကိုကြည့်တဲ့ဟာပေ့ါနော်
    ပစ္စည်းတစ်ခု(ရောင်း/အငှားချ)မယ်ဆိုရင် ပိုင်ရှင်နဲ့လေလံဆွဲသူနှစ်ဦးတည်းဆိုရင်တော့ ဈေးဘယ်လောက်ဖြစ်ဖြစ် သိပ်အရေးမကြီးဘူးပေ့ါ
    ခုဟာက လေလံရသူက အခွန်ကောက်ရမယ်ဆိုတော့ အခွန်ပေးမယ့်တတိယလူ ပါလာပြီ
    အဲ့ဒီမှာ အန်တီပြောသလို ငွေပိုပေးနိုင်သူကို လေလံပေးတာထက် အခွန်လျှော့ကောက်နိုင်မယ့်သူကို လေလံပေးတာပိုကောင်းပါတယ်
    ငွေကိုသတ်မှတ်လိုက်ပြီး အဲ့ငွေအတိုင်းလေလံပေး၊ အခွန်လျှော့နိုင်တဲ့လူ လေလံရမယ်
    လေလံကို ဘက်ပြောင်းဆွဲလိုက်ရင် ခရီးသွားပြည်သူတွေပိုအဆင်ပြေပါမယ်
    အစိုးရလည်း သတ်မှတ်ငွေရတယ်၊ ပြည်သူတွေလည်း သက်သာမယ်ထင်ပါတယ်
    အခွန်ပေးရမယ့်လူ(ဘာမှရွေးချယ်ခွင့်မရှိဘူး)ဖက်ကိုလည်း စဉ်းစားပေးစေချင်ပါတယ်ရှင် 🙂

    • padonmar

      July 10, 2012 at 11:32 pm

      ပန်ပန်ချစ်ကလေးရေ
      လေလံစနစ်သစ်က အန်တီ အိပ်မက်မက်ကြည့်တာပါ။
      ဖြစ်လာဖို့ကတော့ ပန်ပန့်တစ်မဲရပြီပေါ့နော်။

  • etone

    July 10, 2012 at 11:39 am

    အန်တီပဒုံမ္မာရေ …
    အရမ်းကောင်းတဲ့ ပို့စ်လေးမို့ ခုနှစ်ခုမြောက်လက်မလေးဝင်ထောင်သွားပါတယ်နော် ။

    နိုင်ငံတော် ဘဏ္ဍာအတွက်လေလံတွေဈေးပြိုင်ခေါ်နေတာ ကောင်းပေမယ့် … အခုလို လေလံနိုင်ပြီးသားသူတွေက ကားခတွေတိုးမြင့်ကောက်ခံတာတော့ .. ကြားထဲက ငထွားခါးနာရတာ ပြည်သူတွေဆိုတဲ့ မက်စေ့ချ်လေးပေးထားတာလည်း သဘောကျမိပါတယ် ။

    • padonmar

      July 10, 2012 at 11:37 pm

      တေးကလုံ
      လက်မလေးအတွက်ကျေးကျေးပါ။
      လေလံရတဲ့ နိုင်ငံတော် ဘဏ္ဍာကို ပြည်သူတွေအကျိုးရှိတယ်ဆိုတာ မြင်သာအောင် သုံးပြမယ်ဆိုရင် ပျော်ပျော်ပါးပါးပေးကြမှာပါ။

  • တောသားလေး

    July 10, 2012 at 12:28 pm

    အန်တီပဒုမ္မာ..ရေ..ဒီလိုဗဟုသုတရှိတာလေးတွေများများတင်ပေးစေချင်တယ်ဗျာ ဘာလို့လည်းဆိုတော့
    ကျွန်တောကတောသားလေးဆိုတော့ ဒီလိုသတင်းလေးတွေတင်တော့ကျွန်တော်တို့အတွက် အကျိုးရှိတာပေါ့။
    ကျေးဇူးအများကြီးတင်ပါတယ်ဗျာ……..

  • Ma Ei

    July 10, 2012 at 1:13 pm

    အစ်မပဒုမ္ပာရေ…
    အဲ့ဒီရက်ပိုင်းတွေမှာတော့ တံတားဖြတ်သန်းခ ပေးဆောင်ရမယ့်
    နှုန်းတွေကြော်ငြာပြီး ပိုကောက်ခံတဲ့ ဂိတ်တွေရဲ့ လေလံပြန်သိမ်းကြောင်း
    သတင်း တစ်ခုနှစ်ခု သတင်းစာထဲတွေ့မိပါတယ်…
    နောက်ထပ် အဲ့လိုသတင်းတွေ မတွေ့ရတော့လို့
    လေလံဂိတ်တွေက ငွေပိုမကောက်တော့တာလား…
    ဒါမှမဟုတ် ထုံးစံမပျက်ပြန်ဖြစ်သွားတာလား…
    စဉ်းစားစရာပေါ့နော်…

    • padonmar

      July 10, 2012 at 11:42 pm

      တောသားလေးရေ
      တောသားလေးအတွက် အကျိုးရှိတယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်။
      တောသားလေးလည်း စာဖတ်သူမှ စာရေး၍ မျှဝေသူဖြစ်လာပါစေ။

      မအိရေ
      လေလံပြန်သိမ်းတဲ့ အကြောင်းသတင်းလေး သတိပေးတာ ကျေးဇူးပါ။

  • nozomi

    July 10, 2012 at 10:22 pm

    အဲဒီတံတားဖြတ်တိုင်း မကျေမနပ်နဲ ့ ဖြတ်နေ ရတာ
    ၁၅ဝ ဆိုတာ မသိသာပေမဲ့ သူတို ့အပြိ ုင်ပေးထားတဲ့ ငွေပြန်ရအောင် လူထုဆီက တိုးကောက်တာတော့
    ကောက်တဲ့သူလဲ အကျင့်ရုတ် ခွင့်ပြ ုပေးတဲ့ တာဝန်ရှိသူများလဲ အသုံးမကျတာပါ
    ကားရပ်နားခတွေဆို ၅ဝ ကနေ ၂၀ဝ ဖြစ်သွားတဲ့ကာလက ဘာမှမကြာလိုက်ဘူး
    တကယ်က တံတားဖြတ်ခ ကို ပုံသေသတ်မှတ်ထား လေလံကြေး ့အပြိ ုင်ပေးကြတာကတော့
    ကိုယ့်ဒေါသန ဲ့ ကိုယ်ပဲ
    အန်တီလေး ခဏခဏ များများ ရေးပါနော

  • padonmar

    July 10, 2012 at 11:45 pm

    ကျောင်းဒကာကြီး ကိုနိုဇိုမီ
    အန်တီလေးတော့ ခဏခဏ များများရေးပါလို့ မြှောက်ခိုင်းပြီး သူကကျတော့ ငြိမ်နေတာ၊ပို့စ်မတင်တာကြာပြီ ဆိုတော့ ကိုဘလက်ပြောတဲ့ လှည်းတန်းကိစ္စနေမှာဘဲ။

  • kotun winlatt

    July 10, 2012 at 11:59 pm

    လေလံ….လေလံ…
    ကျုပ်တို့ဘက်မှာတော့ဗျာ..ကားဘီးတစ်ဘီးကို တစ်ထောင်ကျပ်ပဲ…
    လမ်းတွေကတော့ လှတောသားတွေပြောတဲ့ သံတုံးမျိုချသွား ဟိုရောက်ရင်အစာကြေတယ်ပေါ့..
    တံတားတွေဆိုလည်း အကျိုးအပဲ့ချည်းပါပဲ…
    ကမ်မဏီတွေက ဆွဲထားတာပဲ..ဆုထူးပန်ဆိုလား ဆုကြီးပန်ဆိုလားဗျာ…
    လမ်းတွေကိုတော့ ပြင်သလား မပြင်သလားတော့ မသိ ကျနော်ငယ်ငယ်ကတည်း
    ရွာကလူတွေလုပ်အားပေးခေါ်ပီး ကျောက်ထုခိုင်းပီးကတ္တရာခင်းထားတာခုတော့…
    အဲ့ကတ္တရာလမ်းကနေ ကျောက်ခင်းလမ်း ထိုမှ တဆင့်..ခုတော့ သဲခင်းလမ်းးဖြစ်နေပါရောလားးးး
    အော်…လေလံ…လေလံ…..ဟူးးးးးးးးးးးးးးးး

  • ကိုရင်မောင်

    July 11, 2012 at 1:28 am

    ဘယ်လေလံမဆို လေလံမဆွဲခင်
    ကောက်ခံမဲ့နှုန်းထားသတ်မှတ်ပြီးမှ
    လေလံဆွဲခွင့်ပြုသင့်ပါတယ်…..
    ခုတော့ဒီလိုမဟုတ်ဘဲ လေလံအောင်ဘို့သာအဓိက
    ဖြစ်နေတော့ …နောက်ဆုံးပြည်သူတွေဘဲ သူအဆမတန်ပေးဆွဲထားတဲ့
    လေလံကိုက်ညီအောင် ပြန်ပေးဆောင်နေရသလိုဖြစ်နေတယ်…
    စနစ်ပြောင်းလာပြီဆိုတော့ ပုံစံမကျတဲ့ ဒီလေလံဆွဲပုံလဲပြောင်လဲမယ်လို့ထင်မိပါတယ်…
    အာဏာပိုင်တွေကိုသတိပေးလိုက်တဲ့ဆောင်းပါးလေးလို့
    မြင်ပါတယ် ပဒုမ္မာရေ…..

  • အရီးခင်လတ်

    July 11, 2012 at 4:33 am

    အစ်မရေ

    အခု ဖွမဲ့ သတင်းက မြန်မာပြည်ပြန်လာတုန်း က ကြားတာ။
    ရွာမှာ သတင်းတင်ဖို့ အသေအချာ လက်လှမ်းမှီသလောက် စုံစမ်း ခဲ့ပြီးမှ စိတ်ပြောင်းပြီး မသင့်ဘူးထင်တယ် ဆိုပြီး မတင်ခဲ့တာ။
    အခု တော့ မအောင့်နိုင်တော့ဘူး။
    ဝင်ဖွပြီ။

    နေရာတော့ မပြောတော့ပါဘူး။
    ကြားတဲ့သူလဲ ကြားကြမှာပါ။
    ဧရာဝတီ မြစ်ဘေးက မြို့လေး မှာ ဖြစ်ခဲ့တာပါ။
    ဘာသာခြားလူမျိုး တွေ ရဲ့ အိမ်တစ်အိမ် ကို လူတွေ က ဝင်ပြီး ဖျက်စီးခဲ့တယ်၊ ပစ္စည်းတွေ ကို မီးပုံရှို့ခဲ့တယ်။
    အဲဒီအိမ် က အဲဒီဘာသာရဲ့ ခေါင်းဆောင်ဆရာ ရဲ့ သမီး အိမ်တဲ့။
    အကြောင်းကတော့ အဲဒီ အမျိုးသမီး က နင်တို့ မြို့ ကို တောင် ငါဝယ် လို့ ရတယ် ပြောလို့ တဲ့။

    ပထမ ဒီသတင်းကြား တော့ “လူတွေ က ကိုယ်တော့ အလုပ်ကောင်းကောင်း မလုပ်ဘူး။
    အလုပ်လုပ်ပြီး ချမ်းသာ တဲ့ ဘာသာခြား ဆို မလို တာက အရင်” လို့ ဝေဖန်ခဲ့မိသေး တယ်။
    နောက် ဆက်ပြီး စုံစမ်း လိုက်တော့ သူတို့ က သားသတ် လိုင်စင် ရပြီး ချမ်းသာ နေတာ။
    ဒီလို လိုင်စင် ကို သူတို့ ရတာ က ပြသနာ မဟုတ်ပါဘူး။
    ဟိုးကထဲ က ဒါနဲ့ သူတို့က လုပ်စား လာတာ။
    ပြသနာ ရဲ့ အစ က ဒီလို။
    အဲဒီ မြို့ က တစ်ခြား အနီးအနား မြို့ ရွာ တွေ သွားဖို့ စက်တပ် မော်တော် လိုမျိုး တွေ သုံးတယ်။
    အဲဒီ မှာ မော်တော်ဆိပ် တစ်ခု က လူစီး အများဆုံး။ မြို့လည်ခေါင် လို နေရာပေါ့။
    အဲဒီ မော်တော်ဆိပ် ကို သုံးခွင့် လေလံဆွဲ သတဲ့။
    နိုင်တဲ့ သူမှ အဲဒီ နေရာ မှာ မော်တော် ကို သုံးခွင့် ပေးသတဲ့။
    ဒီမှာ အဲဒီ အမျိုးသမီး က သိန်း ၃၀ဝ ပေးပြီး လေလံအောင်ပါသတဲ့။
    ဒီတော့ တစ်ခြား မော်တော် တွေ မှာ အလှမ်းဝေးတဲ့ မြို့စွန် လို မျိုး ကဘဲ ထွက် ရသတဲ့။
    ဒီတော့ လူအများ က ပိုအဆင်ပြေ တဲ့ နေရာ က ဘဲ စီးမှာ သဘာဝ မဟုတ်လား။
    ဒီမှာတင် ပုံသေနည်းအတိုင်းပါဘဲ။
    မော်တော်ခ ကို ဈေးမြှင့်ပါတယ်။
    ပိုဆိုးတာက အရင်က တစ်ခြားမော်တော် တွေမှာ သံဃာ ကို အခမဲ့ပါ။
    သူ့ဆီမှာ အခမမဲ့ ပါတဲ့။
    ဒီမှာတင် ဇာတ်လမ်း က စပါတယ်။
    မြို့က လူတွေ က သူ့မော်တော် ကို မစီးတော့ ဘဲ ဝေးတဲ့ နေရာ ကို ဘဲ သွားစီးခဲ့ပါတယ်။
    သူ့ဆီမှာ စီး သူ မရှိသလောက် နဲပါသွားပါတယ်။
    ဒါကို အမျိုးသမီး ကလဲ ပါးစပ်ပိတ် မနေဘဲ။
    မစီးလဲ နေပေါ့။ ငါ့မှာ ရှိတဲ့ ပိုက်ဆံတွေ က နင့်တို့တစ်မြို့လုံး ကို ဝယ်လို့ ရတယ် ဆိုပြီး ပြောခဲ့တယ် ဆိုပါတယ်။
    ဒီမှာတင် ပြသနာဖြစ်ပါတယ်။
    အခုတို့ လေလံသိမ်းလိုက်တယ် ကြားတယ်။
    (နောက်စပ်တွဲ ဖြစ်ပုံ အသေးစိတ် ကိုတော့ လေလံ နဲ့ မဆိုင် လို့ ဆက်မဖွတော့ပါဘူး)

    အမှန်တော့ ကျွန်မ အနေနဲ့ ပွဲကြည့်သူ လုပ်ရင် အဲဒီ အမျိုးသမီးလဲ စကားကြောင့် မှားပါတယ်။
    သူ့ ပိုင်နက် ကို ထိပါးသူတွေ လဲ မှားပါတယ်။
    ဒါပေမဲ့ သူတို့ ကို လူကြမ်း လို့ မမြင်ပါဘူး။

    တကဲ့ လူကြမ်းက
    အုပ်ချုပ်သူ လုပ်ပြီး ပြည်သူတွေ အကျိုး မကြည့်ဘဲ ကိုယ့် အိတ်ကပ်ထဲ ငွေထည့်ပေးမဲ့ သူ ရဲ့ အကျိုးစီးပွါး ကို တဖက်သတ်ကြည့်ပေး တဲ့ သူတွေပါ။
    ဒီလို နဲ့ ဘဲ ဦးရာလူစားစတမ်း၊ လည်သူ စားစတမ်း တွေ ဖြစ် ကုန်တာပါဘဲ။
    တစ်နိုင်ငံလုံး မှာ လက်ညိုးထိုး မလွတ် ဒီ လို ကိစ္စတွေ ရှိနေတာပါ။
    ကျွန်မ တို့ တစ်နိုင်ငံလုံး က ငွေရှိရင် လုပ်ချင်တာလုပ် ဆိုတဲ့ ဥပဒေမဲ့ ချစား နိုင်ငံကြီး ဖြစ်နေတာ အထိုင်ကျ သလိုတောင် ဖြစ်နေပါပြီ။
    တကယ်ဝမ်းနဲ စရာပါ။

    အခုတော့ တော်လိုက်ဦးမယ် အစ်မပဒုမ္မာရေ။
    ဒါမျိုး လေးတွေ များများ ပြောဖို့ ကြိုးစားကြည့်ရအောင်။

    • padonmar

      July 13, 2012 at 12:01 am

      ကိုရင်မောင်
      ဒီလေလံစနစ်ကို ပြောင်းပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။
      ကိုရင်မောင်တို့ တရုတ်ပြည်မှာ ဘယ်လိုများ လမ်းတံတားတွေ ဖြတ်ရသလဲဆိုတာ ကြုံကြိုက်ရင်တော့ သိခွင့်ရချင်ပါတယ်။
      အနောက်နိုင်ငံတွေနဲ့ ဂျပန် အကြောင်းကတော့ သူကြီးမန့်တာကနေသိရပါပြီ။
      …………
      မလတ်ရေ
      ဇာတ်လမ်းရှည်ကြီးက ရေးမယ်ဆိုရင် ပို့စ်တစ်ခုစာမကပါဘဲ။
      အနှစ်ချုပ်တော့ ငွေများတရားနိုင်နေတဲ့ခေတ်ကြီးဖြစ်နေခဲ့တာပါ။
      ဒါပေမယ့် ရှေ့မဝေးတော့တဲ့ကာလမှာတော့ စတုတ္ထမဏ္ဍိုင် ခိုင်ခဲ့ရင် အထိုက်အလျောက် တည့်မတ်လာမယ်လို့ မျှော်လင့်ပါတယ်။

  • first last

    July 11, 2012 at 11:09 am

    အမှန်တော့ လေလံ မဆွဲခင် ဘယ်နှုန်းကောက်ရမယ်ဆိုတာ ကြော်ငြာပြီးမှ ကိုယ်ကိုက်တယ်

    ထင်ရင် အဲဒီအလုပ်ကို လေလံဆွဲသင့်တယ်လို့ မြင်ပါတယ်။ လေလံဆွဲပြီးမှ ပေးရတဲ့ လေလံကြေးနဲ့

    ကိုက်အောင် တိုးကောက်မယ် ဆိုတာကတော့ ပြည်သူအပေါ်မှာ ဖိစီးလွန်းတယ်လို့ မြင်ပါတယ်။

    This is the main point. Fees must be fix and never change even the contractor loss.

    ခုတော့ဒီလိုမဟုတ်ဘဲ လေလံအောင်ဘို့သာအဓိက
    ဖြစ်နေတော့ …နောက်ဆုံးပြည်သူတွေဘဲ သူအဆမတန်ပေးဆွဲထားတဲ့
    လေလံကိုက်ညီအောင် ပြန်ပေးဆောင်နေရသလိုဖြစ်နေတယ်…

  • first last

    July 11, 2012 at 11:23 am

    Dear Ma Padonmar,

    Please revised your post according to good comments and you should send to Some Myanmar Local Journals. Myanmar people should read your very good post.

    Sincerely.

    • padonmar

      July 13, 2012 at 12:11 am

      First Last ရေ
      အားပေးတာကျေးဇူးပါ။
      ကျမစာက အင်မတန်ကျယ်ပြန့်တဲ့(တစ်ပြည်လုံးဖြစ်နေတဲ့)ပြဿနာ သမုဒ္ဒရာရေကို လက်ညှိုးလေးနဲ့တို့ပြီး ငန်တယ်နော်လို့ ပြောပြသလိုပါဘဲ။
      ကျမပို့စ် သက်သက်နဲ့တော့ ဂျာနယ်ထဲပါလောက်အောင် မကောင်းပါဘူး။
      ဝိုင်းဝန်းအကြံပေးကြတဲ့ ကွန်မန့်တွေထဲမှာ အလှတရားတွေ ပိုများနေတာဖြစ်လို့
      တစ်တွဲတည်းဂေဇက်မှာဘဲဖတ်ဖြစ်ကြတာ ပိုကောင်းပါလိမ့်မယ်။
      (အားလုံး ကိုယ်စီဉာဏ်စွမ်းထုတ်ရေးကြတဲ့ ကွန်မန့်တွေထဲက လိုတဲ့နေရာဖြတ် ယူသုံးဖို့လည်း မစွမ်းပါဘူး)

  • နွေဦး

    July 11, 2012 at 4:03 pm

    ပြောစရာမလိုအောင် ပြည့်စုံ သွားပါပြီ .
    ဒါလေးတော့ ပြောပါရစေ..
    “ကျမရဲ့ အမြင်ကျဉ်းကျဉ်းလေးနဲ့ ဝေဖန်လေကန်တာကို မှားရင်လည်း အားမနာတမ်း
    ထောက်ပြစေချင်ပါတယ်။”
    ဒီပို့စ် ဟာ..အမြင်ကျဉ်းကျဉ်းလေးရှိတဲ့သူကရေးတယ်ဘဲထားပါဗျာ(ကိုယ့်ကိုယ်ကို နှိမ့်ချပြောတာမှန်းသိပါတယ် )
    ဟိုလူကြီးတွေက အပေါ်စီးကနေ ကြီးကြီးကျယ်ကျယ် ပြောနေကြပေမဲ့..အဲဒီ အမြင်ကျဉ်းကျဉ်းလေးလောက်မှ မမြင်ကြဘူးလား။
    သိသိကြီးနဲ့လုပ်နေကြတာဆိုရင်တော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ အနီးဆုံးရန်သူ ကို တိုက် ဆိုတာ သူတို့ဘဲ..

  • Shwe Ei

    July 11, 2012 at 5:39 pm

    အန်တီပဒုမ္မာရေ လမ်းကြေး တံတားကြေးအပြင် ပေးရသေးတဲ့ ပါကင်ကြေးအကြောင်းလေးပါ ပြောပါရစေ။ မြို့ထဲမှာကားပါကင်အများစုက ၁၀ဝယူပါတယ်။ သံဈေးတို့ လသာ လမ်းမတော်တို့ကျ ၂ရာယူပါတယ်။ ကျမတို့ရုံးနားက ပုလဲကွန်ဒိုမှာကားရပ်ခ ၃၀ဝပါတဲ့။ ယုဇနပလာဇာကျ ၁နာရီ ၃၀ဝနှုန်းနဲ့ နာရီပိုသွားတိုင်း ၁၀ဝထပ်ပေးရပါတယ်။ လေဟာပြင်ဈေး မင်ဂလာဈေးတွေမှာလဲ ဝင်ကြေး၂၀ဝယူပါတယ်။ ပြောချင်တာက ကားရပ်ခတွေသာ အရေစိ ပေးနေရပြီး ကားပါကင်ဘာကြောင့်အရမ်းရှားရတာလဲဆိုတာပါဘဲ။ ယာဉ်ကြော ၂ထပ်ရပ်ရင်လဲ ပရုတ်လုံးက ဖမ်းချင်သေးတာလေ။ မဆီမဆိုင်ဝင်ပွားမိတာဆိုရင် ကြိုပြီးတောင်းပန်ထားပါရစေ။
    မေတ္တာဖြင့်
    Shwe Ei

  • weiwei

    July 11, 2012 at 10:45 pm

    ကွန်မန့်ပေးမလို့ ကြိုးစားပြီး log in လုပ်နေတာ တစ်ရက်လောက် ကြာသွားတယ် …
    ကျွန်မအိမ်က သန်လျင်မှာရှိနေတော့ အိမ်ကိုပြန်တိုင်း တံတားကြေးနဲ့ မြို့ဝင်ကြေးပေးရတယ် …. တံတားကြေးက အခု ၁၅ဝ ပါ … တံတားကြေးပေးရတာကို သိပ်မခံစားရပေမယ့် ကိုယ့်မြို့ကိုယ်ဝင်တာကို မြို့ဝင်ကြေးပေးရတာကိုတော့ စိတ်ထဲမကျေနပ်ဘူး .. မြို့ဝင်ကြေးက ၂၀ဝ ကျပ်ပါ ..

    လေလံနဲ့လုပ်ကိုင်ခွင့်ပေးတဲ့ တံတားတွေ မြို့ဝင်ကြေးဂိတ်တွေလဲ နဲသွားပါပြီ … အများအားဖြင့် အဖွဲ့အစည်းတစ်ခုခုကို လုပ်ကိုင်ခွင့် ဒီအတိုင်းပဲ ချထားပေးတယ်လို့ သိရပါတယ် ..

  • padonmar

    July 13, 2012 at 12:40 am

    နွေဦးရေ
    အန်တီက ကိုယ့်ကိုကိုယ်နှိမ့်ချပြောတာမဟုတ်ပါဘူး။
    တကယ်လည်း သိတဲ့ တတ်တဲ့ အဆင့်မဟုတ်ပါဘူး။
    ကိုယ့် field ကျွမ်းကျင်ရာပညာရပ်နယ်ပယ်လည်း မဟုတ်လို့ပါ။
    ……….
    ရွှေအိရယ်
    မဆီမဆိုင်ပွားတယ်လို့မမြင်ပါဘူး။
    ဒါတွေအားလုံးကဆက်စပ်နေတာပါဘဲ။
    ကိုသစ်ပြောတဲ့ ဆီမီနာပါဘဲ။ဒီလို ဆွေးနွေးရာကနေ ပိုကောင်းတဲ့ နည်းလမ်းတွေ တွေ့လာနိုင်ပါတယ်။
    ကားပါကင်ရှားလာတာ မြို့ပြလူနေမှုစနစ်ကို ကြိုတင် ပြင်ဆင်မထားလို့ပါ။
    အထပ်မြင့်တွေဆောက်ရင် ကားပါကင် ထည့်ဆောက်ဖို့စည်းကမ်းကြပ်ရပါတယ်။
    အချို့နိုင်ငံတွေမှာတော့ downtown မြို့လယ်မှာ နာရီနဲ့ ကားအပ်ခံတဲ့ ကားပါကင်အဖြစ်သုံးဖို့ အဆောက်အဦတွေရှိပါတယ်။
    အဲဒီမှာ ကားအပ်ပြီး မလှမ်းမကမ်းက shopping center တွေမှာ ဈေးဝယ်ကြရပါတယ်။

    ………..
    ဝေဝေရေ
    မြို့ဝင်ကြေးက ဒီမြို့သားဟုတ်မဟုတ် မစီစစ်နိုင်တော့လည်း ကားတိုင်းကိုတောင်းမှာပေါ့နော်။
    ဆင်းရဲတဲ့ နိုင်ငံဖြစ်နေသေးတော့ အစိုးရက ဒါတွေ အခမဲ့ ပေးနိုင်အုံးမှာမဟုတ်သေးဘူးလေ။
    ပေးရတဲ့ မြို့ဝင်ကြေးနဲ့ အညီ ကောင်းတဲ့ လမ်းတွေ ဖြစ်ဖို့ ပထမ ကြိုးစားကြရပါမယ်။
    ဝေဝေ အချိန်ရရင် တရုတ်ပြည်က လမ်းတွေအကြောင်း၊တံတားတွေအကြောင်းနဲ့ ဘယ်လိုကူးသန်းရတယ်ဆိုတာ တစ်ပုဒ်လောက်ရေးပေးပါလို့ တောင်းဆိုချင်ပါတယ်။

Leave a Reply