ပဒုမ္မာရဲ့ချစ်စရာ့အရွယ် Cover Story
ကျမရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံလေးကို အားပေးတဲ့ လူနည်းစုလေးကို ကျေးဇူးတင်ပါတယ်။
ဒီပုံလေးထဲက ကလေးလေးရဲ့ အကျင်္ ီနွမ်းနွမ်းလေးကြားက တောက်ပနေတဲ့ မျက်လုံးလေးကို
ချစ်မိလို့ ပြိုင်ပွဲဝင်လိုက်တာပါ။
အရီး Khin Latt says:
(၁) ဆိုရင် ကလေးလေး ကြည့်ရတာ အဝတ်အစား တောက်တောက်ပပ မဟုတ်တောင် မျက်နှာ လေးက အပြစ်ကင်း တယ်။
သနပ်ခါး လေး နဲ့ သန့်သန့်ရှင်းရှင်း ချစ်စရာလေး။
သူ့မျက်လုံး က တစ်ခုခု ကို ပြောနေသလိုဘဲ။Inz@ghi says:
၁) DoF ပိုမို shallow ဖြစ်လျင် ပိုကြွမည်ထင်ပါသည် f/2.8 ကိုပဲ ကျနော် မျက်စိစွဲနေလို့လား မသိပါ
ဒီဓာတ်ပုံလေးဖြစ်လာပုံကို ပြောပြရရင် ဟိုးရှေးရှေးတုန်းကလို့ စရပါမယ်။
လွန်ခဲ့တဲ့ အနှစ် ၅ဝ နီးပါးကစရမှာပါ။ အဲဒီအချိန်က ကျမရဲ့ဇာတိ မြစ်ဝကျွန်းပေါ်က
မြို့သေးသေးလေးမှာ ကျမရဲ့အဖေဟာ မြို့မဈေးထဲမှာ ကုန်စုံဆိုင်လေးသေးသေးလေးတစ်ခုကို
ဦးစီးပြီး လုပ်နေခဲ့ပါတယ်။ သူ့ဆိုင်မှာ ကုန်မျိုးစုံလာဝယ်တဲ့ တောင်သူတွေဆီက ရာသီသီးနှံတွေ
ပြန်ဝယ်ပေးတယ်။ အဲဒါတွေကို စုပြီးပွဲရုံတွေကို ပြန်ရောင်းပါတယ်။ ဆီထွက်သီးနှံတွေကိုတော့
ဆီစက်တွေကို ပြန်ရောင်းပါတယ်။ တစ်နှစ်မှာ သူဝယ်စုထားတဲ့ မြေပဲတွေကို ဆီစက်ကို
ရောင်းဖို့ဈေးညှိတာ အဆင်မပြေပါဘူး။ တစ်ပိဿာကို ၆ ကျပ်ခွဲပေးဖို့ပြောတာ ဆီစက်ပိုင်ရှင်က
၆ ကျပ် ၂၅ ပြားဘဲ ပေးတဲ့အတွက် အဖေက မခံချင်စိတ်နဲ့ ဆီစက်လေးတစ်လုံးကို
မြို့ရဲ့တစ်ဖက်ကမ်း တရုတ်တန်းဆိုတဲ့ ရပ်ကွက်ကလေးမှာ တည်လိုက်ပါတယ်။
(ဒီနေရာလေးမှာ ကြားဖြတ်ပြောရရင် အဖေနဲ့ အဲဒီဆီစက်ပိုင်ရှင်ဦးလေးဟာ
အလုပ်ပြိုင်ဖြစ်လာပေမယ့် မနာလို ဝန်တိုမရှိဘဲ သားသမီးတွေဖြစ်တဲ့ ကျမတို့လက်ထက်ထိ
အဲဒီမိသားစုနဲ့ ချစ်ချစ်ခင်ခင်ရှိကြပါတယ်၊ရှေးလူကြီးတွေ အလုပ်လုပ်ပုံ နမူနာယူစရာပါ။)
၁၉၆၄ မှာ အဖေ့ကုန်စုံဆိုင်ကို ပြည်သူ့ပိုင်သိမ်းခံလိုက်ရတော့ အဖေဟာ သူစမိထားတဲ့
ဆီစက်ကလေးကိုဘဲ အာရုံစိုက်ပြီး တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ ဆီစက်တည်ရာ တရုတ်တန်း
ရပ်ကွက်သားတွေဟာလည်း အဖေ့ရဲ့ ဆီစက်မှာ လုပ်သားတွေ ဖြစ်လာကြတာပေါ့။
အဲဒီရပ်ကွက်ကလေးဟာ ရွာလေးတစ်ရွာလိုပါပဲ။ တစ်အိမ်နဲ့တစ်အိမ် လှည့်ပတ်ပြီး
အမျိုးတော်နေကြပါတယ်။ ဒီရွာသားတွေနဲ့ ဆွေမျိုးမကင်းတဲ့ ရန်ကုန်က နာမည်ကျော်
စာသင်တိုက်တစ်ခုရဲ့ နာယကဆရာတော် ကတော့ အဖေ့ကိုတွေ့တိုင်း ဒကာကြီး
ဆီစက်တည်ပေးလို့ ဦးဇင်းအမျိုးတွေ တံငါသည် ဘဝကလွတ်ကြတယ်လို့ ကျေးဇူးတင်စကား
ဆိုလေ့ရှိပါတယ်။
အဲဒီဆီစက်ကရတဲ့ဝင်ငွေနဲ့ ကျမတို့မောင်နှမတွေ တက္ကသိုလ်တက်ပညာသင်နိုင်ခဲ့ကြပါတယ်။ ကျမ
ဆရာဝန်ဖြစ် ကိုယ်ပိုင်ဆေးခန်းဖွင့်တဲ့ အချိန်မှာ အဲဒီရပ်ကွက်သားတွေဟာ ကျမရဲ့ လူနာတွေပေါ့။
ကျမဆေးခန်းပိတ်ပြီး အဖေ့ဆီစက်နဲ့ ပွဲရုံလုပ်ငန်းဆက်ခံချိန်မှာ အဖေ့နဲ့အတူတွဲလုပ်ခဲ့တဲ့
အဖေ့လုပ်သားကြီးတွေဟာ အသက်ကြီးလို့ နားတဲ့သူကနား သေတဲ့သူကသေကုန်ကြပါပြီ။
သူတို့ရဲ့သားတွေမြေးတွေဟာ ကျမရဲ့အလုပ်သမားဆက်ဖြစ်လာကြပါတယ်။
ကျမလက်ထက်မှာ ဆီစက်လုပ်ငန်းဟာ လျှပ်စစ်မီးအဆင်မပြေတာရော ဒီဇယ်ဈေးကြီးတာ
ကုန်ကြမ်းရှားပါး လာတာပါရောပြီးရပ်လိုက်ရပါတယ်။ အဲဒီအခါ တချို့လူတွေက
ကျမရဲ့ပွဲရုံလုပ်ငန်းမှာ ဆက်လုပ်နေကြသလို တချို့ကလဲ အခြားအလုပ်သွားလုပ်ကြပါတယ်။
အဖေနဲ့ကျမ အလုပ်တူတူတွဲမလုပ်ခင်ကတည်းက အဖေဟာ သူ့အလုပ်သမားတွေရဲ့
သားသမီးတွေ ကျောင်းဆက်မနေနိုင်တော့ဘူးဆိုရင် ကျမကိုထောက်ပံ့မလားလို့မေးလေ့ရှိပါတယ်။
“ကိုကျင်သိန်း သားလေး ၅ တန်း အောင်ပြီး ၆ တန်းဆက်မတက်နိုင်တော့ဘူး။
မောင်တင်ရီ့သမီးလေး ၄ တန်းအောင်တာ ၅ တန်းဆက်မတက်နိုင်တော့ဘူး။
သမီးကျောင်းထားပေးမလား” စသည်ဖြင့်ပေါ့။ ကျမလည်း အဲဒီကလေးတွေရဲ့ ကျောင်းအပ်ခ
၊ကျောင်းဝတ်စုံ၊စာရေးကိရိယာနဲ့ စာအုပ်ဖိုး စသည်ကို ကျောင်းဖွင့်ချိန်တွေမှာ
ထောက်ပံ့ပေးလေ့ရှိပါတယ်။ စာမေးပွဲကျသွားရင်တော့ ဆက်မပေးပါဘူး။
များသောအားဖြင့်၂နှစ်-၃နှစ် လောက်ထားပေးပြီးရင် သူတို့ကျောင်းဆက်မတက်တော့ပါဘူး။
ကျမကျောင်းထားပေးတဲ့ထဲက ကလေးမလေး တစ်ယောက်ဘဲ ဆယ်တန်းထိရောက်ခဲ့ပါတယ်။
သူတို့ဘာလို့ကျောင်းဆက်မတက်တော့တာလဲ။ အဓိက ကတော့
ဘာကြောင့်စာမေးပွဲကျသွားရတာလဲ ဆိုတာ ကျမ မဆန်းစစ်ကြည့်မိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ကျမ ရန်ကုန်ကို ပြောင်းလာခဲ့ပါတယ်။
တစ်နှစ်တစ်ခါ နွေရာသီရောက်တိုင်း မိဘဆွေမျိုးတွေရဲ့ အုတ်ဂူမှာ ရှိခိုးဘို့ ပြန်လေ့ရှိပါတယ်။
ပြန်တဲ့အခါတိုင်း တရုတ်တန်းရပ်ကွက်လေးကို ကျမတို့ မောင်နှမတွေ သွားကြည့်ကြပါတယ်။
စီးပွားရေးလုပ်ငန်း မလုပ်တော့ပေမယ့် အဖေအမွေ ဆီစက် အဆောက်အဦနဲ့
ရှေးဟောင်းဆီဆုံကြီးတွေ ရှိနေပါသေးတယ်။ သွားတဲ့အခါ ရပ်ကွက်သူရပ်ကွက်သားတွေ
ဝိုင်းလာပြီး နှုတ်ဆက်ကြ ၊ ကိုယ်ကလည်း သူတို့ကို အသက်ကြီးတဲ့သူတွေ အားဆေးပေး ၊
ငယ်တဲ့သူတွေ မုန့်ဖိုးပေး ဆိုတော့ အားလုံးပျော်ကြတာပေါ့။
စဉ်းစားကြည့်တော့ ဒီရပ်ကွက်လေးက တချို့ကတော့ စီးပွားရေး ထူထူထောင်ထောင်နဲ့
ချမ်းသာနေကြ ပေမယ့် အများစုကတော့ ဆင်းရဲနေဆဲပါဘဲ။
ပိုဆိုးတာက နောက်မွေးတဲ့ကလေးတွေ ပညာမတတ်တော့ပါဘူး။
အဖေ့အလုပ်သမားကြီးတွေက ၄ တန်း ၅တန်း ရေးနိုင်ဖတ်နိုင်ကြတယ်။ သူတို့ရဲ့သားသမီး ကျမ
လုပ်သားတွေ ထဲမှာ ၂ တန်း ၃ တန်း နဲ့ထွက်ထားတဲ့သူတွေ ရှိပါတယ်။ ကာတွန်းစာအုပ်ငှားပြီး
အရုပ်ပဲ ကြည့်ကြတယ်။ ကျောင်းပြန်နေပါ။ ကျမ ကျောင်းထားပေးပါမယ်
ဆိုတာတောင်မနေကြတော့ပါဘူး။ အဓိက ကတော့ သူတို့ကျောင်းက ဆရာ ဆရာမတွေနဲ့
အဆင်မပြေ ကြပါဘူး။ အဲဒီင်္ရပ်ကွက်လေးရဲ့ တစ်ခုတည်းသော မူလတန်းကျောင်းရဲ့
သင်ကြားမှုကလည်း တော်တော်လေး အားနည်းခဲ့ပါတယ်။
အခုထိ ကျမဆီမှာ အလုပ်လုပ်နေဆဲ အလုပ်သမားတွေရဲ့ သားသမီးတွေကိုတော့ ပညာရေး
အဆက်မပြတ်သွားအောင် ကျမ အားပေးနေပါတယ်။ ကလေးတွေရဲ့
ပညာအရည်အချင်းလေးတွေလည်း မဆိုးဘူးလို့ ဆိုရပါမယ်။ ရပ်ကွက်ထဲက ကလေးအများစု
ပညာရေးကတော့ ရင်လေးစရာပါဘဲ။ သူတို့လေးတွေကို အတန်းစုံ အခမဲ့ ကျူရှင်လေးပေးဖို့
စီစဉ်ခဲ့ပေမယ့် ကျမ အနီးကပ် မကြီးကြပ်နိုင်တာအပြင် တာဝန်ယူစီစဉ်ပေးမယ့်သူမရှိတာကြောင့်
မဖြစ်ခဲ့ပါဘူး။
ကျမအဖေ ချစ်တဲ့ ဒီင်္ရပ်ကွက်ကလေး ၊ ကျမတို့ကို ပညာသင်ပေးခဲ့တဲ့ ဒီရပ်ကွက်ကလေးရဲ့
တိုးတက်မှုကို ဘယ်လိုများဖော်ဆောင်ပေးရပါ့မလဲလို့ တွေးလို့မရခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး တစ်နှစ်တစ်ခါ သွားတဲ့အခါ မုန့်ဖိုးအဖြစ် ငွေပေးတဲ့အပြင်
စက်ရုံချုပ်အကျင်္ ီတွေကို ယူသွားပြီးဝေပေးခဲ့ပါတယ်။ အထူးသဖြင့် ကလေးဝတ်
များများယူသွားပါတယ်။ ကလေး ကလည်းပေါမှပေါပါဘဲ။ အကျင်္ ီလေး တွေကတန်ဖိုးမကြီးပေမယ့်
အသစ်လေးတွေ အရောင်လွင်လွင်လေးတွေဆိုတော့ ရတဲ့သူအားလုံးပျော်ကြပါတယ်။
ပထမဆုံးပေးတဲ့ နှစ်မှာ အထည် ၂၀ဝ လောက်ပေးတာကို ဝိုင်းလုလိုက်ကြတာ ရတဲ့လူကလည်း
၄- ၅ ထည် ၊ မရတဲ့လူကလည်း ရှုံ့ရှုံ့မဲ့မဲ့ပေါ့။
နောက်ဒုတိယနှစ်သွားတဲ့အခါ အားလုံးကို ၁ဝ ယောက်တန်းစီခိုင်းပြီး တစ်တန်းစီပေးသွားပါတယ်။
အဲဒီမှာ ဘာတွေ့ရလဲ ဆိုတော့ ပထမပေးပြီးတဲ့ သူတွေက လစ်လောက်ပြီဆိုပြီး
နောက်တန်းတွေမှာ ထပ်စီတာပါဘဲ။ ဒီလို လည်သူစားတမ်း စရိုက်တွေကို ဘယ်လိုပျောက်အောင်
လုပ်ရပါ့မလဲလို့ တိုင်ပင်ကြရပြန်ပါတယ်။
တတိယနှစ်ကျတော့ အကုန်လုံးကို ၁ဝ ယောက်တန်းစီပြီး
ထိုင်ထားခိုင်းပါတယ်။ အားလုံးမပြီးမချင်း မထရဘူးဆိုပြီး အလုပ်သမားကြီးတွေက
စောင့်ကြပ်ပေးပါတယ်။ အဲဒီတော့ ညီညီမျှမျှ ရသွားကြပါတယ်။ ဒါလောက်နဲ့တော့ သူတို့ကို
ရုပ်ဝတ္ထုပေးရာဘဲ ရောက်မယ်။ စိတ်ဓာတ်အင်အားပေးဖို့ စဉ်းစားကြံဆရပြန်ပါတယ်။
အဲဒီနှစ်မှာ သူငယ်ချင်း မေအေးဦးရဲ့ 2000 Group မှာဝင်ဖြစ်တော့ လူတွေရဲ့အဆင့်မြှင့်ပေးချင်ရင်
ပညာနဲ့စိတ်ဓာတ် မြှင့်မှဖြစ်မယ်လို့ သဘောပေါက်လာပါတယ်။
ဒါကြောင့် မေအေးဦးနဲ့အဖွဲ့ကိုဖိတ်ပြီး ယဉ်ကျေးလိမ္မာသင်တန်းလေးတစ်ခုနဲ့
အခမဲ့ဆေးခန်းလေးလုပ်ဖြစ်ပါတယ်။ ကလေးတွေခေါင်းထဲ
အထိုက်အလျှောက်တော့ဝင်သွားမယ်လို့မျှော်လင့်ပါတယ်။ နောက်နှစ်နွေမှာပြန်တွေ့တော့
သင်ပေးထားတာတွေ ခေါင်းထဲကျန်တဲ့ကလေးလည်းကျန်၊ မကျန်တဲ့ကလေးလည်းမကျန်ပေါ့လေ။
အမှန်တော့ နှစ်စဉ်နှစ်စဉ် သင်တန်းလေးလုပ်ပေးနိုင်ရင် ပိုကောင်းမှာပါ။ အခြေနေမပေးသေးလို့
ထပ်လုပ်ခွင့်မရသေးပါဘူး။
မနှစ်ကတော့ ကျမတို့ ကလေးတွေ စုမိတာနဲ့ အတန်းအကြီးဆုံးကလေးကို
ဦးစားပေးခေါ်လိုက်ပါတယ်။
ရ တန်း ၂ယောက်ထွက်လာတော့ အဝတ်တွေထဲက အကောင်းဆုံးပေးရွေးလိုက်ပါတယ်။
နောက်ထပ် ၆ တန်း ၊ ၅ တန်း ၊ ၄ တန်း ၊ ၃ တန်း ၊ ၂ တန်း ၊ သူငယ်တန်းဆိုပြီး
ပေးသွားလိုက်ပါတယ်။ ပညာအရည်အချင်း အမြင့်ဆုံးသင်ယူနိုင်တဲ့သူဟာ ဦးစားပေးခံရမယ်
ဆိုတာ ကလေးတွေရော မိဘတွေပါ နားလည်အောင် ထပ်ရှင်းပြလိုက်ပါသေးတယ်။ ကလေးတွေ
လုယူချင်တဲ့စိတ်မရှိတော့ပါဘူး။ မျှမျှတတရမယ်ဆိုတာ သိလာပါတယ်။
ဒီနှစ်မှာတော့ အစီအစဉ်တစ်မျိုး ထပ်ပြောင်းလိုက်ပါတယ်။ ပထမဆုံး
သူငယ်တန်းကလေးတွေခေါ်ပြီး သင်ထားတဲ့ စာတွေမေးကြည့်ပါတယ်။
ကျမတို့ရောက်တဲ့အချိန်က နွေရာသီဆိုတော့ စာမေးပွဲဖြေပြီး အောင်စာရင်းမထွက်သေးခင် ဧပြီ ၁
ရက်နေ့မှာပါ။ သူငယ်တန်းကလေး ၁၅ ယောက်လောက်မှာ ၁ဝ ယောက်က
မေးလို့ဖြေနိုင်ကြပါတယ်။ ၅ ယောက်လောက် ကကြီး ခခွေးတောင် ဖြောင့်အောင်မဆိုတတ်တဲ့
ကလေးလဲတွေ့ရတယ်။ ၁ နဲ့ ၃ ပေါင်းရင် ဘယ်လောက်ရမှန်းမသိတဲ့ ကလေးလဲ တွေ့ရပါတယ်။
ဖြေနိုင်တဲ့ ကလေးတွေကို အကျင်္ ီတစ်ထည်စီ ကြိုက်ရာ ရွေးယူခိုင်းပြီး သပ်သပ် တစ်တန်း စီခိုင်း
ထားလိုက်ပါတယ်။
အဲဒီနောက် ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်း အဆင့်ဆင့် သူတို့သင်ပြီးသား စာထဲကဘဲ
ရသင့်တာ လေး တွေမေးပြီး ဖြေနိုင်တဲ့သူက တစ်ဖက် ၊ မဖြေနိုင်တဲ့သူက တစ်ဖက်
ထားထားပါတယ်။ ဖြေနိုင်သူတွေက အကျင်္ ီတွေ ကြိုက်ရာ ရွေးယူပြီး ဝမ်းသာနေကြပါတယ်။
ဓာတ်ပုံထဲက ကလေးကတော့ ပထမတန်း ကျောင်းသားလေးပါ။ သွက်သွက်လက်လက်လေး
ဖြေတဲ့ကလေးမို့ တစ်ခါတည်း အကျင်္ ီ၂ ထည် ဆုရသွားပါတယ်။
၆ တန်း ၊ ရ တန်း အပြီးမှာတော့ ကျောင်းနေတဲ့ ကလေးကုန်သွားပါတယ်။ အကျင်္ ီတွေကလည်း
ကျန်သေးတော့ မဖြေနိုင်တဲ့ ကလေးတွေလည်း သနားလို့တစ်ထည်စီဝေအပေးမှာ ဆုရပြီးသား
ကလေးမလေးတစ်ယောက်က ဒီဘက်တန်းထဲ လာ ထိုင်နေတာ မိလိုက်ပါတယ်။
သူတို့လေးတွေမျက်နှာက သူတို့ရဲ့ဘိုးဘွားကတည်းက ကျမတို့နဲ့ရင်းနှီးတဲ့
မျက်နှာပေါက်တွေဆိုတော ့မြင်တာနဲ့ ဒါဘယ်သူ့အဆက်အနွယ်လည်း တန်းသိပြီးမှတ်မိတာပေါ့။
ဒါနဲ့ “ဟဲ့ဒီသမီးကရပြီးသားမဟုတ်လား၊ ဘာလို့ဒီမှာ လာထပ်တန်းစီရတာလဲ”လို့ ဆူလိုက်တော့
ဘေးကအတင်းခိုင်းပုံရတဲ့ သူ့အဒေါ်ကို ရှက်ရှက်နဲ့ဆိတ်ဆွဲ ထုရိုက်ရှာပါတယ်။ ကျမလဲ
သူကလေးရဲ့အဒေါ်ကို တော်တော်ဆူလိုက်ပါတယ်။ “ကလေးတွေကိုမကောင်းတဲ့ စိတ်ဓာတ်တွေ
မသွင်းကြပါနဲ့”လို့ မှာခဲ့ရပါတယ်။
အားလုံးလည်း အားကျအောင် ဆုရပြီးသားကလေးတွေကို ထပ်ပြီးတစ်ထည်စီပေးတော့
ကိုယ်ဖြေပြီးသားအတန်းက ရသင့်ရထိုက်တဲ့စာမရတဲ့ကလေး ကျောင်းမတက်တဲ့ ကလေးတွေ
အင်္ကျ ီတစ်ထည်စီရချိန်မှာ ကျောင်းစာကိုဖြေနိုင်တဲ့ ကလေးတွေက ၂ ထည် ၃ ထည်စီရလို့
အူမြူးနေကြပါတယ်။
အဲဒီထဲမှာ ၂ ခါပြန်တန်းစီမိတဲ့ ကလေးမလေးခမျာ
ရှက်ပြီးခေါင်းကြီးငုံ့နေရှာပါတယ်။
ကျမက “သမီး မှန်မှန်ကန်ကန် နေရင်လည်း အင်္ကျ ီထပ်ရမှာပဲ။ နောင်ဆိုရင် အဲဒီလိုမမှန်တာကို
လူကြီးခိုင်းလည်း မလုပ်ရဘူးနော်”လို့ မှာခဲ့ပါတယ်။
ဒီထဲမှာ စိတ်မကောင်းစရာက ဘုစုခရု ကျောင်းမနေသေးတဲ့ ကလေးတွေနဲ့ စာမဖြေနိုင်တဲ့
ကလေးတွေကြားမှာ ၁၃-၁၄ နှစ် အရွယ် အပျိုပေါက်မလေးတွေ့လို့
ကျောင်းမနေဘူးလားမေးတော့“ ၄တန်းနဲ့ထွက်လိုက်ပြီ”တဲ့။ “ဘယ်သူ့သမီးလဲ
ဘာလို့ကျောင်းမနေလဲ” မေးတော့ သူ့အမေထွက်လာပါတယ်။ သူ့အမေ နီနီမာဆိုတာ
ကျမတို့အဖေအလုပ်လုပ်နေချိန်က မြို့ဘက်ကမ်းနဲ့ ဆီစက်ဖက်ကမ်းကို သမ္ဗာန်ခပ်တဲ့
သမ္ဗာန်ဆရာကြီးရဲ့သမီးပါ။ ကျမထက်ငယ်ပေမယ့် ကစားဖော်လို့ပြောလို့ ရပါတယ်။
“နီနီမာ ၊ကလေးကိုဘာလို့ ကျောင်းမထားလဲ”လို့ ကျမဆူတော့
“ဆရာမကထားပေးမှာလား”လို့ မေးပါတယ်။
“ဟဲ့ငါကျောင်းထားပေးတဲ့ကလေးတွေ အများကြီးပါဟယ်။ နင်ကျောင်းမထားပေးနိုင်ရင်
ငါ့ကိုလာပြောရောပေါ”့လို့ဆူရပါသေးတယ်။
အဲဒီတော့မှ “အငယ် ၄ ယောက်ထားတယ်လေ သူ့ကိုတော့ခိုင်းရမယ်”လို့ပြောရှာပါတယ်။
ကဲဘယ်လိုလုပ်ရပါမလဲ။
အရင်တုံးက ကျမကျောင်းထားပေးတဲ့ ကလေးတွေ ဘာလို့ကျောင်းဆက်မတက်ကြတော့လဲ ဆိုတာ
ခုတော့ ကျမ သဘောပေါက်စပြုလာပါပြီ။ကလေးတွေ ကျောင်းစားရိတ်ကလည်း ကြီးလာပါတယ်။
ကျူရှင်မထားရင်လည်း မအောင်နိုင်ပါဘူး။ ဒါ့အပြင် ကလေး ကျောင်းစားရိတ်ကို
အပြင်လူကထောက်ပံ့ပေးရုံနဲ့တော့ ခိုင်းလို့ရလောက်တဲ့ အရွယ်သားသမီးကို
ကျောင်းမထားပေးနိုင်ကြပါဘူး။စားဝတ်နေရေးအတွက် ဒီကလေးကိုပါ ခိုင်းမှ ထမင်းနပ်မှန်သလို
ပညာရေးဆိုတာကိုလည်း တန်ဖိုး မထားချင်ကြတာပါပါတယ်။
ကျမရဲ့ ရွာဆန်ဆန် ရပ်ကွက်လေးလို ရွာလေးတွေ မြန်မာတစ်ပြည်လုံး ဘယ်လောက်များ
များနေပါမလဲ။တွေးမိရင် ရင်လေးပါတယ်။
အကျီင်္တွေ အားလုံးပေးပြီးတော့ ကလေးတွေကို “ လိမ္မာတဲ့ကလေးလေး ဖြစ်အောင်ကွယ်
ဒို့တွေအမြဲကြိုးစားမယ်” ဆိုတဲ့ သီချင်းလေးသံပြိုင်ဆိုခိုင်းပြီး သိမ်းခဲ့ပါတယ်။
ကလေးတွေကိုပြန်ခါနီး “နောက်နှစ်လာရအုံးမလား”လို့မေးတော့ “လာခဲ့ပါဆရာမ”တဲ့
ဝိုင်းအော်ကြပါတယ်။ “လာစေချင်ရင် စာတွေသေချာဖတြ်ကပေါ”့ဆိုတော့
ချာတိတ်တစ်ယောက်က “နောက်နှစ်ကျရင် စောစောလာခဲ့ပါ ဆရာမ၊
ဒါမှစာတွေမေ့မသွားအောင်လို့”တဲ့။
ကဲ ကလေးတွေနဲ့တော့ အပေးအယူလုပ်ခဲ့ ပါပြီ။
နောက်နှစ်ခါကျရင် ဘယ်လိုနေမလဲ စောင့်ကြည့်ရပါအုံးမယ်။ တစ်နှစ်မှ တစ်ခါဆိုတော့
တိုးတက်မှုကိုတော့ သိပ်မျှော်လင့်လို့ မရပါဘူး။ ဒီထက်ပိုပြီး ပညာရေးအလေးပေးလာအောင်နဲ့
စာရိတ္တကောင်းလာအောင် ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတာ အကြံပေးကြပါအုံး။
76 comments
kai
July 25, 2012 at 5:25 am
ကြည့်ရတာ.. အလယ်တန်းအထိ.. ကျောင်းစာမသင်မနေရကို ဥပဒေလုပ်ပြီး. …သေသေချာချာအကောင်အထည်ဖေါ်ရမယ်ထင်မိတယ်..
အစိုးရက လုပ်ရမှာ…။ အစိုးရပဲ.. လက်လှမ်းမှီတာပါ…။
လောလောဆယ်တော့… ပုဂ္ဂလိကတဦးချင်းစီကပဲပေါ့လေ…
အဲဒီမှာ.. တီဗီအစီအစဉ်တွေကြည့်လို့ရသလား.. သိချင်သား.
ဆက်တလိုက်တီဗီဆိုရင်တော့.. အပြီးပဲ..
padonmar
July 25, 2012 at 7:39 am
ွှTV ကြည့်လို့ရတာပေါ့။
Skynet လည်းရတာဘဲ။
ပညာရေးမှာတော့ အစိုးရအစီအစဉ် မပါရင် အခြေခံလူတန်းစားထိမရောက်နိုင်တာမို့လို့
မျှော်လင့်နေပါကြောင်း။
padonmar
July 25, 2012 at 9:45 pm
ဆက်တလိုက်တီဗီဆိုရင် ဘာပြီးတာလဲ သဂျီးရဲ့။နားမလည်လို့ပါ။
kai
July 25, 2012 at 11:25 pm
ပညာ.. အသိညဏ်တွေတော်တော်များများ.. အဲဒီကနေ.. လူတွေထဲ..ထည့်လို့ရတယ်ပြောချင်တာပါ..
padonmar
July 26, 2012 at 6:35 am
အခုလည်း ဆက်တလိုက်တွေ တီဗွီတွေ ရှိနေတာပါဘဲ သဂျီးရဲ့။
ပညာပေးအစီအစဉ်သာမရှိသလောက်နည်းသွားတာ။
အားလုံးက ကိုရီးယားကားရေယဉ်ကြောမှာမျောပါနေကြတာ။
အင်းပြောရရင် နောက်ခေါင်းစဉ်ပြောင်းရော့မယ်။
ကျမတော့ မြန်မာ့ရုပ်သံပေါ်ကာစက လွှင့်ပေးတဲ့ Fairy Tales အစီအစဉ်လေးလွမ်းမိပါရဲ့။
Foreign Resident
July 25, 2012 at 6:59 am
” အများစုကတော့ ဆင်းရဲနေဆဲပါဘဲ။
ပိုဆိုးတာက နောက်မွေးတဲ့ကလေးတွေ ပညာမတတ်တော့ပါဘူး ”
” အဓိက ကတော့ သူတို့ကျောင်းက ဆရာ ဆရာမတွေနဲ့ အဆင်မပြေ ကြပါဘူး ”
” စားဝတ်နေရေးအတွက် ဒီကလေးကိုပါ ခိုင်းမှ ထမင်းနပ်မှန်သလို “
padonmar
July 25, 2012 at 7:40 am
အဘ စဉ်းစားကြခိုင်းပါဦး
Foreign Resident
July 26, 2012 at 2:36 am
မပဒုမ္မာရေ ။
လောလောဆယ် မ စဉ်းစားခိုင်းနိုင်ပါဘူးကွယ် ။
ဗီဇာ ကိစ္စတွေနှင့် အလုပ်ရှုပ် စိတ်ညစ်နေတယ် ။
ကိုပါလေရာ ပြောသလိုပြောရရင်တော့ ၊
မြန်မာဖြစ်ရတာ တယ် ခါး သကိုးကွယ့် ။
padonmar
July 26, 2012 at 6:31 am
ကြည့်ရတာ အဘရဲ့ စဉ်းစားကြစေလိုပါတယ်( ၃၅ ထင်ပါတယ်)
အသစ်ကတော့ ဗီဇာကိစ္စ ဖြစ်မယ်ထင်တယ်။
ဥရောပခရီးစဉ်လား၊
အမေစုကိုတော့ သောင်းသောင်းဖျဖျကြိုကြပြီး ဒို့အဘဖေါကျ ရစ်နေသလား။
Foreign Resident
July 26, 2012 at 6:58 am
မှန်ပါ့ မ ပဒုမ္မာရေ ၊
စဉ်းစားကြစေလိုပါတယ် ( ၃၅ ) ဖြစ်မလားမသိဘူး ။
ရစ်တာတော့ မဟုတ်ပါဘူး ။
Visa Appointment တွေက လျှောက်တဲ့သူ များပြီး ရက်ပြည့်နေတာပါ ။
ကျနော် ဇူလိုင် ၆ ရက်နေ့က အီတလီ သံရုံး Website မှာ ၊
Visa အတွက် Appointment ဝင်ယူတာ ၊
အစောဆုံး August 22 ပဲအားပြီး Appointment ရတယ်လေ ၊
Appointment နေ့မှာမှ Application တင်ပြီး ၊
Visa Processing Time ကို တစ်ခါ ထပ်စောင့်ရဦးမယ် ။
စဉ်းစားသာကြည့်ပါတော့ ၊
Tour က နောက်ရွှေ့ရမလို ၊ နိုင်ငံလျှော့ရမလို ဖြစ်ကုန်တာပေါ့ ။
အဲဒီမှာ Home Minister က ကျနော်ရဲ့ မြန်မာနိုင်ငံသားဖြစ်မှုကို ပွစိပွစိ လုပ်တော့တာပေါ့ ။
သူတို့ကတော့ ဘယ်နိုင်ငံသွားသွား Visa မှ မလိုတာကိုး ။
ခါး ကို ခါး ပါတယ်ဗျာ ။
YE YINT HLAING
July 25, 2012 at 7:27 am
ဆရာမ လို လူတွေ ဒီထက်ပိုပြီး ကျန်းမာ ချမ်းသာ ပါစေ ၊ နေရာဒေသမရွေး အမှန်တကယ်လိုအပ်နေတဲ့ ကလေးငယ်တွေ ကို ဒီထက် ပိုပီး စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာတွေ တိုးလို့ ကူညီထောက်ပံ့ နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ!
padonmar
July 25, 2012 at 7:43 am
ကိုရဲရင့်
တော်သေးတာပေါ့။တော်တော်လျှာရှည်ပြီး အကျီင်္လေး ပေးဖို့အရေး ကလေးတွေကို နှိပ်စက်တယ် မပြောကြလို့။
ကျမလိုလူတွေ မြန်မာပြည်အနှံ့ရှိပါတယ်။
ဒါပေမယ့် မထိရောက်ပါဘူး။
သကြားလုုံးကြော်
July 25, 2012 at 8:17 am
ကိုုယ်ကျင့်တရား ကတော့ ဆင်းရဲမှုုကြောင့်ပါပဲ။
တကယ်ပိုုက်ဆံမရှိလိုု့ ဆင်းရဲတဲ့လူတွေမပြောနဲ့ ပိုုက်ဆံရှိတဲ့ နိုုင်ငံခြားကလူတချို့တောင် ပိုုက်ဆံနှမြောလိုု့ ရုုပ်ရှင်တစ်ကားစာ လက်မှတ်ဝယ်ပြီး နှစ်ကား ကြည့်တာတိုု့ ၊ ဘတ်စ်ကားလစ်စီးတာတိုု့ ၊ pirate software သုုံးတာတိုု့ လက်တလုုံးခြား လုုပ်တာတွေ ရှိတာပဲ။ အဲဒါကိုု ပြင်ဖိုု့ရာက ကိုုယ့်ကိုုကိုုယ် မဟုုတ်တာလုုပ်မိလိုု့ ရှက်တတ်အောင် နဲ့ ဗုုဒ္ဓဘာသာအရ အပြစ်သင့်ပုုံ ကိုုပြောပြ သင်ပေးမှကောင်းမယ်ထင်တယ်။
မြန်မာနိုုင်ငံက ကလေးတွေသင်ကြားမှုုမှာ လွတ်နေတတ်တာ တခုုက လူကြီးတွေက ကျိုးကြောင်းဆင်ခြင်သုုံးသပ်မပြကြတာပါ။ ဒါမလုုပ်နဲ့ ဒါမကိုုင်နဲ့ ဆိုုတာထက် ဘာကြောင့် ဆိုုတာပါတွဲပြီး သွန်သင်ဆုုံးမရင် ကလေးတွေလည်းပိုုမှတ်မိပြီး လိုုက်နာရလွယ်မှာပါ။ ဥပမာ နှစ်ခေါက် သုုံးခေါက်ပြန်တန်းဆီတဲ့ ကလေးတွေကိုု တရားမျှတဖိုု့အကြောင်းနဲ့ ဒီလိုုလက်တလုုံးခြား လုုပ်တာတွေက ခိုုးမှုု သိုု့မဟုုတ် လိမ်ညာမှုု မြောက်တဲ့ အကြောင်း ၊ ဘယ်သူမှမသိမမိရင်တောင် ကိုုယ့်စိတ်ကိုုယ် ရှက်သင့်ကြောင်း ရှင်းပြသင့်ပါတယ်။
padonmar
July 25, 2012 at 10:21 pm
သကြားလုံးကြော် ၊ချိုချဉ်ကြော်၊ပီကေကြော်လေးရေ၊
ဟုတ်ပါတယ်။
ကလေးလေးတွေ မညာချင် မလိမ်ချင်အောင် သင်ပေးဖို့တော့ စိတ်ကူးမိပါတယ်။
ဒါပေမယ့် ကိုယ်ပေးနိုင်တဲ့ အချိန်ကနည်း။အရိုးစွဲနေတဲ့ ပတ်ဝန်းကျင်ကလည်း မကောင်းမှုကို မကောင်းမှုလို့ မမြင်ကြတော့ သံသရာလည်နေတာပါဘဲ။
P chogyi
July 25, 2012 at 8:29 am
ပညာရေး၊ လူမှုရေးဒါနတွေအတွက် သာဓုခေါ်ပါတယ်။
ကျွန်တော်အမြင်ပြောရရင်တော့
လူ့ဘဝအခြေခံဖြစ်တဲ့ စား၊ ဝတ်၊ နေရေး ဆိုတဲ့ အချက် ၃ ခုကို
အဆင်ပြေချောမွေအောင် လုပ်နေရင်းနဲ့ ပညာရေးကို ဦးစားမပေးနိုင်
ဖြစ်နေရတာလို့ထင်ပါတယ်။
ယခင်အခါက ကျွန်တော်တို့ငယ်ရွယ်စဉ် ကျောင်းပညာသင်ချိန်ကာလ
၁၉၈ဝ ပတ်ဝန်းကျင်ခန့်မှာ မိဘအလုပ်လုပ်ရင်(တစ်ချို့ဆိုတစ်ဦးတည်းလုပ်တာ)
သင့်တင့်ရုံစားပြီး သားသမီးပညာသင်ပေးနိုင်တယ်။
အခုနောက်ပိုင်း အိမ်ရှိလူကုန်အလုပ်လုပ်တာတောင် သိပ်အဆင်မပြေဆင်ဘူး။
ဆက်ပြောရင် ရှည်နေမှာစိုးလို့မပြောတော့ပါဘူး။
Moe Z
July 25, 2012 at 9:03 am
အန်တီပဒုမ္မာရေ ..
ထိရောက်တဲ့အကူအညီတွေမရသေးသရွေ့
လက်လှမ်းမီသလောက်လေးတော့ ကြိုးစားနေရဦးမှာပါပဲ ..
လောလောဆယ်တော့ မအားတဲ့ကြားက ပညာဒါနအနေနဲ့သင်ပေးခဲ့တဲ့ ကလေးတစ်ယောက် ဆယ်တန်းအောင်စာရင်းမထွက်ခင် အိမ်ထောင်ပြုသွားလို့ ဘာပြောရမှန်းမသိဖြစ်နေပါတယ် 🙁
padonmar
July 25, 2012 at 10:24 pm
ဇီ ကလေးရေ
ကိုယ်ပေးပေမယ့် သူကမယူချင်တော့လည်း ကမ္မဿကာ လို့ဘဲသဘောထားပါတော့ကွယ်။
နောက်ကလေးတွေအတွက် ဆက်ကြိုးစားပေးလိုက်ပါဦး။
Shwe Ei
July 25, 2012 at 9:23 am
လူကြီးတွေက ရှာဖွေကျွေးမွေးရတာ မနိုင်တိုင်း ကလေးတွေကို ကျောင်းထွက်အလုပ် လုပ်ခိုင်းတဲ့ ကိတ်စကြီးအတွက် သားဆက်ခြားပညာပေးလုပ်သင့်ပါတယ်။ (ဒါက ပညာရေးကို အားပေးချင်စိတ်နဲ့ ပြောတာပါ။ တယောက်ဆိုတယောက် ထွန်းထွန်းပေါက်ပေါက်ဖြစ်အောင် လုပ်နိုင်စေချင်တာပေါ့။) ဒါပေမဲ့ တကဲ့ မိသားစုရှိတဲ့ အိမ်ထောင်သည်အများစုက အဲလိုပြောရင်မကြိုက်ကြပါဘူး။ ကိုယ့်မှာ ဘာမှမရှိတိုင်းသူများကို လိုက်ပိတ်ပင်တယ်လို့ အမြင်ခံရလို့ပါ။ နောက်ဆုံးတော့ ကလေးဘယ်နှယောက်မွေးမွေး ကျောင်းထားနိုင်ဖို့ လောက်လောက်ငင ရှာကျွေးနိုင်ဖို့ က နိုင်ငံတော်မှာဘဲ တာဝန်ရှိတယ်လို့ ပြောရမလိုပါဘဲ။ ပညာသင် ထောက်ပံ့ကြေးမရှိ သက်သာချောင်ချိရေးမရှိ အလုပ်အကိုင်အခွင့်အလမ်းမကောင်း တဲ့ဒီပတ်ဝန်းကျင်မှာငွေမရှိဘဲ ဘယ်လိုများ ထူးချွန်အောင်ကြိုးစားကြပါ့မလဲ။ အန်တီပဒုမ္မာလို ကူညီသူတွေက ၁၀ဝမှာ၁ယောက်အချိုးလောက်ဖြစ်နေတော့ လွယ်ကိုမလွယ်သေးပါဘူး။ အလှူအတွက် သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ အားကျစိတ်လဲဖြစ်မိပါတယ်။ ဘွဲ့ရ ပညာတတ်မှ အလုပ်ရတယ် ၊ လခကျတော့ ကျောင်းစရိတ်ရဲ့ ခြေဖျားတောင်မမီဘူးဆိုတဲ့ခေတ်အမြန်ကုန်ပါစေဗျာ။
ဆူး
July 25, 2012 at 10:05 am
ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်တုန်းက ဆွမ်းလောင်းနေကျ ကိုယ်တော်တွေ မကြွ လို့ သတင်းမေးတော့ ယဉ်ကျေးလိမ္မာ နဲ့ အတန်းကျောင်း သင်ထောက်ကူပြု သင်တန်းတွေ လိုက်ပြပေးနေလို့ နယ်ကို ရောက်နေပါတယ်လို့ ပြောပါတယ်။ စပ်စုပြီး မေးမြန်းကြည့်တော့.. စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြသွားတယ်။
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံသာ ပြောပြီး ဘာသာရေး ကို မိရိုးဖလာ ကိုးကွယ်ပြီး ဘာမှန်း မသိကြတော့ ကလေးတွေ သိဖို့ မပြောနဲ့ လူကြီးတွေတောင် ဘာမှန်း မသိဖြစ်နေကြတာ ဆိုတော့ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပြီး လူကြိးကော ကလေးကော သိအောင် သင်ပေးတဲ့ အစီအစဉ်တွေ စလုပ်ကြတာလို့ ပြောပါတယ်။ ဒီပိုစ်လေးမှာ ပါတဲ့ အကြောင်းအရာနဲ့ တိုက်ဆိုင်တာကတော့ ကလေးမိဘတွေက အပြင်မှာ အလုပ်လုပ်ခိုင်းရင်း ပိုက်ဆံ ရှာခိုင်းချင်တာမို့ အလကားသင်ပေးမယ် ပြောတာတောင် မလွတ်ချင်ကြပါဘူးတဲ့ကွယ်..
ကလေးတွေ ယဉ်ကျေးလိမ္မာသင်တန်းတွေ တက်ချင်အောင် သူတို့ တက်နေတဲ့ အတန်းနဲ့ စီလျော်တဲ့ အင်္ဂလိပ်စာ သချင်္ာတွေ သင်နိုင်တဲ့ သူက တလှည့်စီသင်ပေးရတယ်။ အတန်းကျောင်းတက်တဲ့ ကလေးတွေ နောင်နှစ် ကျောင်းတက်တဲ့ အခါ ကျူရှင်ယူစရာ မလိုပဲ စာလိုက်နိုင်အောင် သင်ပေးတဲ့ အတွက် ကျောင်းလာတက်ပါတယ်။
နောက်ကလေးတစ်မျိုးကတော့ ဒီမှာ လာတက်ရင် အလုပ်မခိုင်းရမှာ စိုးတဲ့ မိဘတွေ အတွက် ဆန်ဆီ နဲ့ စာရေး ကရိယာတွေ နောက်ပြီး စားစရာတွေ ဝယ်သွားရပါတယ်။
အဲဒီလို နယ်တွေ ဆင်းပြီး ယဉ်ကျေးလိမ္မာ သင်တန်း ပို့ချဖို့ သွားမယ် ဆိုရင် ထောက်ပံ့မှု အလှူငွေ ပြန်ရှာရပါတယ်။ အဖွဲ့အစည်းနဲ့ ဆိုတော့ တနှစ်နဲ့ တနှစ်တော့ အဆင်ပြေပြေနဲ့ လုပ်နိုင်ဖို့တော့ အမြဲကြိုးစားရတယ်လို့ ပြောသွားပါတယ်။
surmi
July 25, 2012 at 10:06 am
စားဝတ်နေရေးကတော ့ မဆလ ခေတ်တုန်းကလည်းကျပ်တည်းပါတယ်
တခုရှိတာက အဲဒီတုန်းက မသုံးဘဲနေနိုင်ပြီင်္ီး အခုမသုံးဘဲမနေနိုင်တော ့တာပါ
ကျနော်ရွာတွေ တော်တော်ရောက်ဘူးတယ် ဇာတိကလည်းနယ်ကဆ်ုတော ့
အခုမြင်ကွင်းမျိုး အမြဲမြင်တွေ ့ရနေတာ ။ ကျနော်တို ့ကပညာကို သင်ယူသင် ့တယ်လို ့
သိထားပေမဲ ့ တောမှာက ၄ တန်းဆိုကျောင်းထုတ်ပစ်ရော ။ ကျောင်းတက်တာ အိမ်အလုပ်လောက်
အကျိုးမများဘူးလို ့ခံယူထားပုံရပါတယ် ။ မဖြစ်မနေပညာတတ်သင် ့တယ်လို ့အတွေးဝင်အောင်လုပ်
ရမယ်ထင်တယ် ။ အဲဒီပညာတွေတတ်ပြီးရင် အဲဒီပညာနဲ ့ ထမင်းစားလို ့ရဖို ့လဲ လိုပြန်သေးတယ်
ဒါမှ ပညာကိုတနည်းနည်းနဲ ့စိတ်ဝင်စားလာမှာ
padonmar
July 25, 2012 at 10:30 pm
P Cho Gyi, ဆူး၊ရွှေအိ၊ကိုဆာမိ
ကလေးတွေ အလယ်တန်း ကျောင်းပညာရေး လောက်မှမတတ်ဘဲ လုပ်ငန်းခွင်ထဲရောက်နေရတာ တကယ့်ကို မသင့်ပါဘူး။
ကိုဆာမိပြောသလို ခုခေတ်က မသုံးဘဲမနေနိုင်အောင် အာရုံတွေက မြှူဆွယ်နေကြတော့
ဝင်ငွေထွက်ငွေတွေလည်း မမျှှတနိုင်ကြတော့ပါဘူး။
ဦးဦးပါလေရာ
July 25, 2012 at 10:19 am
တော်တော်ကြည်နူးအားကျစရာကောင်းတဲ့အလှူပါ မပဒုမ္မာရေ..
တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်ချက်တွေ လုပ်စရာတွေက အများကြီးမှအများကြီးပါ
အကုန်လုံးကိုဖြန့်ပြီးတပြိုင်နက်ထဲထိထိရောက်ရောက်လုပ်ပေးဘို့ အစိုးရအနေနဲ့ မဖြစ်နိုင်ပါဘူး…
အကုန်လုံးကိုမလုပ်နိုင်ရင်
အရေးကြီးတာကိုရွေးပြီး ဦးစားပေးလုပ်ရပါမယ်
တိုင်းပြည်အတွက် အရေးအကြီးဆုံးနဲ့ လိုအပ်ချက်လဲ အများဆုံးနေရာနှစ်ခုကတော့
ပညာရေးနဲ့ ကျန်းမာရေး ပါပဲ…။
စာကောင်းကောင်းမသင်ဘူးတဲ့မိဘအများစုဟာ
သူ့သားသမီးတွေ စာသင်ဘို့ အလွန်အရေးကြီးတယ်လို့ ခံယူမယ်မထင်ဘူး..။
ဒီမျိုးဆက်(စာသင်ဘို့အရေးမကြီးဘူးလို့ထင်တဲ့မျိုးဆက်) ကိုဒီမှာတင် ဖြတ်ကြဘို့သင့်ပါပြီ..။
အလယ်တန်းအထိ လုံးဝ(လုံးဝ) အခမဲ့ပညာရေးကို အစိုးရကဆောင်ရွက်ပေးပြီး
အလယ်တန်းအထိမသင်မနေရပညာရေးကို တကယ်ထိရောက်အောင် ဥပဒေပြဌာန်းပြီး ဆောင်ရွက်သင့်ပါပြီ..။
ကိုပေါက်(မန္တလေး)
July 25, 2012 at 10:44 am
မပဒုမ္မာရေ
အခုခေတ်မှာ မိဘလုပ်စာနဲ့တင်စားဝတ်နေရေးမဖူလုံတော့ကလေးတွေပါထွက်
အလုပ်လုပ်ကြရတယ်။
ကလေးတွေမှာကျောင်းနေချင်ပါရဲ့နဲ့ပညာဆက်မသင်ရ။
ပညာဆက်သင်ပေးသူရှိပေမယ့် အထက်တန်းရောက်ရင် ထပ်ခက်ပြန်ရော။
အဲတော့ ကလေးကို ကျောင်းထွက်ခိုင်းပြီး အလုပ်လုပ်ခိုင်းရပါတယ်။
ကျနော်ထိုင်နေကျလက်ဖက်ရည်ဆိုင်တွေမှာဆိုရင် ကျောင်းနေနိုင်တဲ့ ကျောင်းနေရမယ့်
ဉာဏ်ရည်မနိမ့်တဲ့ကလေးတွေချည်းပါဘဲ။
သို့သော်…………………………………………….
ဆူး
July 25, 2012 at 1:09 pm
လက်ဖက်ရည်ဆိုင်လိုမျိုးမှာတော့ ကလေး ငယ်ငယ် ချာတိတ်လို့ ပြောရလား.. အသက် ၁၅နှစ် အောက် ကလေးတွေ အများကြီးပဲ ဆူ လိုက် အော် လိုက် နဲ့ လုပ်နေကြတာ သွက်သွက် လက်လက် နဲ့ ဈေးတွက်ကလည်း သွက် ဆိုတော့ သူတို့ကို မြင်ပြီး သနားစိတ်လည်း ဖြစ်မိတယ်။ သူတို့ အရွယ် သူများတွေ ကစားနေချိန်မှာ သူတို့ စားပွဲထိုးပြီး မှာတဲ့ အတိုင်း လုပ်နေကြတာ မှားရင် အဆူခံ အဟောက်ခံရတာတွေ စိတ်မကောင်းဘူး။
ပြိုင်ဘက်တွေ ကို ယှဉ်ပြိုင်ဖို့ လုပ်အားခ ပေါပေါ ရတဲ့ ကလေးတွေကို သုံးတယ် ထင်တယ်။
အလယ်တန်း မအောင်သေးတဲ့ ကလေးတွေကို လုပ်ငန်းခွင်ထဲမှာ တွေ့ရင် ပြင်းပြင်းထန်ထန် အရေးယူသင့်တယ် ထင်တယ်။
padonmar
July 25, 2012 at 10:40 pm
ဦးဦးပါ ကိုပေါက်
ဉာဏ်ကောင်းလျက်နဲ့ ဆင်းရဲလို့ ကျောင်းမနေနိုင်လောက်အောင် ကျောင်းမှာမသင်မနေရပညာရေးစနစ်အပြင် ဘာစားရိတ်မှ ထပ်မကုန်တဲ့ ပညာရေးဖြစ်သင့်ပါတယ်။
မှတ်မှတ်ရရ ကျမတို့ မူလတန်းလောက်တုံးက ကျောင်းဖွင့်ရင် အဖြူအစိမ်းကို ထုတ်ဈေး(သက်သာစွာ)ရောင်းပေးပါတယ်။
စာရေးကိရိယာတွေလည်း ရောင်းပေးပါတယ်။
အမှန်တော့ အခမဲ့တောင်ပေးသင့်ပါတယ်။
Foreign Resident
July 26, 2012 at 2:25 am
” ကျောင်းမှာမသင်မနေရပညာရေးစနစ်အပြင်
ဘာစားရိတ်မှ ထပ်မကုန်တဲ့ ပညာရေးဖြစ်သင့်ပါတယ် ”
” အဖြူအစိမ်းကို —–
စာရေးကိရိယာတွေလည်း —–
အမှန်တော့ အခမဲ့တောင်ပေးသင့်ပါတယ် ”
” ဘာစားရိတ်မှ ထပ်မကုန်တဲ့ ပညာရေး ၊
အမှန်တော့ အခမဲ့တောင်ပေးသင့်ပါတယ် ”
အောင်မလေးဗျ ။ 😛
မပဒုမ္မာလည်း ပြောရင်း နှင့် အားပါသွားတာ ၊
ကိုယ်နေတဲ့ တိုင်းပြည်တောင် မေ့သွားတာကိုး ။
မြန်မာပြည်ပါခမျ ၊ လူမွဲတို့ တိုင်းပြည်ပါခမျ ။
ဩဇီ ကတော့ အသက် ၁၅ နှစ်အထိ မသင်မနေရ ပညာရေး ခမျ ။
ဗမာ ၉ တန်းလောက်နှင့် ညီမယ်ထင်တယ် ။
အဲဒါကြောင့်ထင်တယ် ကုလသမဂ္ဂ ကထုတ်ပြန်တဲ့
ပညာရေး ညွှန်းကိန်းမှာ
ဩဇီ ၊ နယူးဇီလန် ၊ ဖင်လန် ၊ ဒိန်းမတ် ၊ ကျူးဘား
ငါးနိုင်ငံက ပူးတွဲ ပထမ ခမျ ။
ဒါတောင်မှ ” အဖြူအစိမ်း နှင့် စာရေးကိရိယာတွေ ”
မပဒုမ္မာ မျှော်လင့်သလို ၊ အလကား မပေးနိုင်ပါဘူးကွယ် ။
( မိဘ ဆင်းရဲရင်တော့ စိုက်ဝယ်ထားပြီး ၊
နောက်မှ လူမှုဖူလုံရေး Center Links မှာ
ပြန်လျှောက် / တောင်းလို့ရတယ်တော့
ကြားဖူးပေမယ့် ၊ သေချာမသိပါ )
kai
July 26, 2012 at 3:24 am
ဘာသာရေးအဆောက်အဦတွေဖက်.. သုံးနေတဲ့ငွေတွေ.. ကျမ်းမာရေး.. ပညာရေးဖက်ပုံချလိုက်ဖို့ကောင်းပါတယ်..
ဆိုတော့…
ငွေကြေးကိုစနစ်တကျ မလည်ပါတ်..မသုံးစွဲတတ်တဲ့..
.. လူမွဲတို့ တိုင်းပြည်ပါခမျ ။ 🙂
padonmar
July 26, 2012 at 6:16 am
ကျမဆန္ဒတွေစောသွားပါတယ်အဘ၊ခွေးလွှတ်ပါနော်။
ဒါပေမယ့် အဘရယ်၊အဲဒါလေးတွေကလည်း ဆင်းရဲတဲ့မိဘတွေအတွက် ကျောင်းမထားချင်ရတဲ့ အကြောင်းထဲပါနေလေတော့………….
ဆူး
July 26, 2012 at 8:59 am
လူကြီးတွေ ကြားထဲ ဝင်ရှုပ်လိုက်အုန်းမယ်။
ကျောင်းနေဖို့ အတွက် အလကားတောင် ပေးသင့်တယ် ဆိုလို့ပါ..
အစိုးရ အလကား ပေးခဲ့ရင်တောင် အလကား မပေးတဲ့ သူတွေ ရှိပါသေးတယ်။ မမေ့ကြပါနဲ့.. ကျောင်းက ဆရာတွေ ဆရာမတွေ စေတနာ နည်းကုန်ကြပါပြီ။
ကျူရှင် တက်တဲ့ ကလေးနဲ့ မတက်တဲ့ ကလေး ခွဲခြား ဆက်ဆံခြင်းမျိုးတွေ စေတနာ မတူခြင်းမျိုးတွေကိုလည်း သတိတရ ဆွေးနွေးပေးစေချင်ပါတယ်။
သူတို့တွေ လုပ်လို့ မရှိတဲ့ မိဘတွေ ရဲ့ သားသမီးတွေ ကျောင်းတွေ ကို စိတ်ကုန်လို့ အပြင်မှာ လုပ်ငန်းခွင်ဝင်ပြီး ငွေရှာမယ် ငွေမရှိရင် အနိမ်ခံရမယ် ဆိုတဲ့ ရေရှည် ရေတို မခွဲခြားနိုင်ပဲ လမ်းဘေး ဈေးရောင်း အလုပ်ကြမ်းသမားဖြစ် ဖြစ်ရတဲ့ ကလေးတွေကိုလည်း မမေ့စေချင်လို့ပါ။
Foreign Resident
July 26, 2012 at 2:29 am
ဪ တစ်ခုကျန်ခဲ့လို့ ၊
အဲဒီ Education Index ပညာရေး ညွှန်းကိန်း မှာလေ ။
မြန်မာက ၁၂ဝ မှာရှိတယ် သိလား ( ရှာရခက်မှာစိုးလို့ )
padonmar
July 26, 2012 at 6:28 am
သဂျီးဆိုလိုချင်တာ နားလည်ပါတယ်။
အခုနောက်ပိုင်း ကျမလည်း ဘာသာရေးအဆောက်အဦးအလှူ(စေတီသစ်၊ဘုန်းကြီးကျောင်းသစ်၊သိမ်သစ်)ဆိုတာတွေထက် လူမှုရေးအလှူတွေ ပိုလှူဖြစ်ပါတယ်။လိုအပ်လို့ တိုးချဲ့ဆောက်လုပ်တာ၊ပြုပြင်မွမ်းမံတာတွေကတော့ လှူနေအုံးမှာပါဘဲ။
မဟာဂန္ဓာရုံဆရာတော်ကြီးကလည်း မြို့တစ်မြို့မှာ စေတီတစ်ဆူရှိရင်လုံလောက်ပြီ။
အဲဒီငွေတွေကို ကျောင်းတွေဆောက်ကြပါ။ဆေးရုံတွေဆောက်ကြပါတဲ့။
မင်းးကွန်းဆရာတော်ကြီးက သူ့ကို ကျောင်းဆောက်လှူမယ့် ဒကာကို ဆေးပေးခန်းဆောက်ခိုင်း၊မူလတန်းကျောင်းလေးဆောက်ခိုင်းတယ်ဆိုတာ
ဆရာတော်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေထဲပါပါတယ်။
အခုက ရုပ်ဝတ္ထုအဆောက်အဦပိုင်းထက် စိတ်ဓာတ်ပိုင်းသင်ကြားမှုအပိုင်းတွေ ပိုလိုနေတာမို့လို့ ပညာရှင်များ စဉ်းစားပြီး ဖြည့်ဆည်းပေးစေလိုပါတယ်။
(နဝတ တစ်ခေတ်မှာ ကျောင်းအဆောက်အဦကြီးတွေ ကတော့ ဟီးနေအောင် ဖြစ်လာပါရဲ့၊အတွင်းမှာ ဟောင်းလောင်းကြီး)
pooch
July 25, 2012 at 10:54 am
ဒေါ်ဒေါ်ရေ ကျမတို့ ဆင်းရဲခြင်းက မလွတ်နိုင်သေးတဲ့ ကာလပေါ့။ နောက်မျိုးဆက်အတွက် မျိုးစေ့ကောင်းလေးတွေ နိုင်သလောက် တာဝန်ကိုယ်စီယူလို့ တဖက်တလမ်းက ကြိုးစား အားထုတ်ကြရမှာပါ ။ ဒေါ်ဒေါ်ရဲ့ မွန်မြတ်တဲ့ ဒါနလေး တခုမို့ သာဓု ခေါ်ပါတယ်။ အားကျပါတယ်။
ကလေးတွေကို ကြည့်တော့ နွမ်းပေမဲ့ ပျော်နေကြတာတွေ့လို့ စိတ်သက်သာမိပါတယ်။
padonmar
July 25, 2012 at 10:42 pm
မယ်ပုလေးလည်း
နောင်မျိုးဆက်တွက် ကြိုးစားပေးနေတာသိပါတယ်။
ကြောင်ကြီး
July 25, 2012 at 11:06 am
သားဆက်ခြား ကျန်းမာရေး အသိပညာ ပြန့်ပွားဖို့ အရေးကြီးဂျောင်းဗာ။
မောင်ပေ
July 25, 2012 at 8:59 pm
ကိုကြောင်ကြီး အဆိုကို လက်ခံပါ၏ ထောက်ခံပါ၏
ဟိုပုံပြင်တစ်ပုဒ်ထဲကို
“ မင်း အလုပ်မရှိဘဲ ကလေးတွေ အများကြီး ဘာလို ့ယူထားလဲ ”
“ လုပ်စရာ ဘာမှ ကို မရှိလို ့ပါဆို… ”
အဲဒီလိုမျိုးတော့ မဖြစ်သင့်ဘူးလို ့ထင်မိပါ၏
အန်တီမာ ရဲ ့ဒါနအတွက်
သာဓု သုံးကြိမ် ခေါ်ဆိုရင်း
မန် ့ခဲ့ပါ၏
padonmar
July 25, 2012 at 10:43 pm
ဦးကြောင်၊မောင်ပေ
သဂျီးကတော့ လူဦးရေတိုးဖို့လိုနေသေးတယ် ပြောနေကျနော။
ကိုပေါက်(မန္တလေး)
July 25, 2012 at 11:35 am
ထပ်ပြောရအုံးမယ်ဆိုရင် အခုအလုပ်ရုံစက်ရုံတွေမှာ လုပ်ခလစာတွေနဲ့ပါတ်သက်ပြီးဆန္ဒတွေပြကြတယ်။
အဲဒီရဲ့အကျိုးဆက်က အသက်မပြည့်ဘဲအလုပ်လုပ်နေတဲ့ကလေးတွေ တရားမဝင်ဘူးဆိုပြီး
အလုပ်က ရပ်စဲခံလိုက်ကြရတယ်။
ဒီကလေးတွေက ကျောင်းလဲဆက်မနေရ နေဘို့လဲမတတ်နိုင်
အလုပ်လဲ ဆက်လုပ်လို့မရ။
အဲတော့ ဒီကလေးတွေရှေ့ရေးက လမ်းပျောက်သွားပြီနော်။
စဉ်းစားစရာလေးပြောပြတာပါ.
etone
July 25, 2012 at 3:01 pm
လေးပေါက်ရေ .. အခုတော့ ဆယ့်ငါးနှစ်နဲ့ အထက်ဆိုလျှင် တာဝန်ခံဆရာဝန်တစ်ယောက်က ကျန်းမာရေး ထောက်ခံချက်ပေးလျှင် အလုပ်ဝင်လို့ ရပါသတဲ့ ….. ။
padonmar
July 25, 2012 at 10:47 pm
ကိုပေါက် ၊အိတုံ
စားဝတ်နေရေးစားရိတ်တွေ ပြေလည်အောင်မလုပ်နိုင်သေးခင် ကလေးအလုပ်သမားမရှိရဆိုတာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်သေးဘူးလို့ထင်မိပါတယ်။
အချိန်ပိုင်းအလုပ်တော့ ခွင့်ပြုဖို့သင့်တယ်လို့မြင်ပါတယ်။
ကြည်ဆောင်း
July 25, 2012 at 12:00 pm
မြန်မာတပြည်လုံးအတိုင်းအတာ နဲ့ ဆိုရင် ဒီလိုအကူအညီတွေက ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါကတစ်ပင်တည်း ဆိုသလိုဘဲ အချိုးမညီဖြစ်နေရတာပေါ့…
ဒါပေမဲ့လည်း ကြယ်ငါးပစ်သူစာရင်းဝင်မို့ အားကျမိကြောင်းပါ …အမပဒုမ္မာရေ ….
shwe kyi
July 25, 2012 at 1:22 pm
အစ်မပဒုမ္မာရေ အစ်မအလှူအတွက်သာဓုခေါ်ပါတယ်။ ပညာရဲ့တန်ဖိုးကိုနားမလည်ကြတာလည်းပါမယ်ထင်ပါတယ်။
ငွေခေတ်ရောက်နေတော့ ငွေနောက်ကိုလိုက်နေရတာနဲ့ပဲ အားလုံးကသံသရာလည်နေတာပဲ။
ဘကကျောင်းလေးတွေအလှူသွားဖူးတယ်။ ဆရာမနဲ့ကျောင်းသားစာရင်းအတိအကျနဲ့ ထောက်ပံ့ပစ္စည်းကို
ဝေရတယ်။ မဟုတ်ရင်စာရင်းရှိလူမေးပြီးမှပိုပြီးဝယ်လာတာတောင်မလောက်ဖြစ်သွားတယ်။ ဆရာမလေးတွေကလည်းငယ်ပြီးမထိန်းနိုင်မိဘတွေကလည်းအတင်းဝင်အတင်းတန်းစီခိုင်း။
အဲလိုအချောင်လိုချင်နေကြတဲ့စိတ်ဓါတ်တွေ ကိုမြှင့်တင်ပေးနိုင်မှဖြစ်မယ်။ အဲလိုမြှင့်တင်နိုင်ဘို့လဲအားလုံးပညာတတ်ဖို့လိုအပ်နေတယ်။ ပညာတတ်ဖို့လည်းငွေကလိုနေပြန်တယ်
သံသရာကတော့မဆုံးနိုင်တော့ပါဘူး။
padonmar
July 25, 2012 at 10:51 pm
ကြည်ဆောင်းနဲ့ ရွှေကြည် (ကြည် ၂ကြည်)
တစ်နိုင်ငံလုံးမှာတော့ ကိုယ်နိုင်သလောက် ကြယ်ငါးလေးတွေ ပစ်နေကြရတာပါဘဲ။
ရုပ်ဝတ္ထုတွေပေးတာထက် စိတ်ဓာတ်လေးတွေကောင်းဖို့ ကိုယ်စွမ်းနိုင်သလောက် ဖြန့်ဝေပေးကြစေချင်ပါတယ်။
နေဝန်းနီ
July 25, 2012 at 1:39 pm
ဆရာမ ရဲ့ စာကို ဖတ်နေရင်း ကျွန်တော့ အတွေးထဲ သီချင်းတစ်ပုဒ်ရောက်လာတယ်….။ ဆိုင်တော့ ဆိုင်တယ် တိုက်ရိုက်ဖြစ်ချင်မှဖြစ်မယ်…။ တစ်ချိန်က အဆိုတော် သုမောင် ပြန်ဆိုခဲ့တာလား ….။ နောက်ပိုင်းကျတော့လည်း ကာရအိုကေဆိုင်တွေ မှာ လက်မလည်အောင် ဖွင့် ပေးခဲ့ရတဲ့သီချင်းပါ…။ ခုတစ်လော သိပ်မကြားမိသလိုပဲ…။ ဒါလည်းတစ်မျိုးတော့ ကောင်းတာပါပဲလေ…။ ကိုယ့်ကို မစမဲ့သူမျှော်နေတဲ့ သူမရှိတာ ကိုယ်ကိုတိုင် ကျိုးစားမယ်လို့ သဘောသက်ရောက်သွားတယ်လို့ ယူဆရင် …………….
အခုထက်ပိုပြီး အကျိုးပြုနိုင်ပါစေလို့ပဲ………. အကျိုးပြုနိုင်မဲ့သူတွေ ပိုပြီးပေါ်ထွန်းလာပါစေလို့ ပဲ ဆန္ဒပြုပါတယ်…။
padonmar
July 25, 2012 at 10:53 pm
အဘနီသီချင်းကို ကျမဆက်ဆိုမယ်။
“ကျန်းကျန်းမာမာချမ်းချမ်းသာသာ၊ဘေးရန်ကာဆီးမည်၊
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်၊ဒို့နဂါးနီ”
Ma Ei
July 25, 2012 at 2:20 pm
မပဒုမ္မာရဲ့အလှူအကြောင်းဖတ်ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်…
ကလေးတွေ ပညာရေးအတွက် မိဘတွေကို ပညာအရင်ပေးရမလားဘဲနော်…
မိဘကိုယ်တိုင် ပညာရဲ့တန်ဖိုးကိုနားမလည်တော့ စာများ ရေးတတ် ဖတ်တတ်
တော်ဘီပေါ့ …အငယ်တွေလဲရှိ…ပိုက်ဆံရအောင် အလုပ်လုပ်တော့လို့ ပြောကြတယ်…
တစ်ချို့ဆို မိဘက အလုပ်မလုပ်ဘဲ ကလေးတွေကငွေရှာပြီး ပြန်ပို့တာထိုင်စားကြတာ…
စာမသင်ခဲ့ရတဲ့ ကလေးတွေ လူကြီးဖြစ်လာပြီး၊ သူတို့ရဲ့ကလေးတွေကိုလည်း
စာမသင်ကြတော့ရင်ဖြင့် ဆက်မတွေးနိုင်၊မရေးနိုင်ဖြစ်ရပါတယ်…
ကြောင်ဝတုတ်
July 25, 2012 at 2:28 pm
ကလေးသူငယ်တွေဆိုတာ တကယ်တော့ တိုင်းပြည်ရဲ့အညွန့်အဖူးဗျ…
ကလေးအရွယ်ကတည်းက လိုအပ်တဲ့ပညာရေးဖွံ့ဖြိုးမှု၊ ကျန်းမာရေးအစောင့်အရှောက်ရှိသင့်တယ်…
ဒါမှ နောက်တစ်ခေတ်ရဲ့မျိုးဆက်သစ်ကလေးတွေဟာ တိုင်းပြည်သားကောင်းတွေဖြစ်ရမှာ…
အခုတော့ ကျောင်းမှာရှိရမယ့်အရွယ်ကလေးတွေ ဆိုက်ကားနင်းနေတာ…
လက်ဘက်ရည်ဆိုင်မှာစားပွဲထိုးလုပ်နေတာမြင်ရတိုင်း သူတို့အနာဂတ်မရှိသလို… တိုင်းပြည်အနာဂတ်မဲ့တော့မယ်လို့ခံစားရတုန်း…
အခုလို… နွမ်းပါးသူကလေးသူငယ်လေးတွေရဲ့လိုအပ်ချက်ကို တစ်ဖက်တလမ်းကဖြည့်ဆည်းပေးလျက်ရှိသော… အန်တီပဒုမ္မာတို့ကို အနာဂတ်ရဲ့မျိုးဆက်သစ်တွေကိုယ်စားကျေးဇူးတင်ပါတယ်ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
padonmar
July 25, 2012 at 10:57 pm
မအိ၊ဖက်ဖက်ကက်
အန်တီက ကိုယ်နဲ့ ပတ်သက်တဲ့တစ်နေရာထဲကို တစ်နှစ်မှ တစ်ခါဘဲ ဖြည့်ဆည်းနိုင်ပါတယ်။
ငွေကြေးအရတော့ တစ်နှစ်ပတ်လုံးပေးနိုင်ပေမယ့် အချိန်မပေးနိုင်တော့ အားမရဖြစ်မိပါတယ်။
Thu Wai
July 25, 2012 at 3:18 pm
သင်ထောင်ကူ ပစည်းလေးတွေ သွားလှူချင်ရင်ဘယ်လိုလှူရမလဲ ပြောပါအုံး
စာတောင် အပြည့်မဖတ်နိုင်ဘူး ဓါတ်ပုံလေးတွေကြည့်တာနဲ့တင် ကြည်နူးရပါတယ်
padonmar
July 25, 2012 at 11:06 pm
?ဦးသုဝေ
သင်ထောက်ကူပစ္စည်းလေးတွေ လှူချင်တယ်ဆိုတာကျေးဇူးတင်ပါတယ်။
လောလောဆယ်တော့ ကျမ e-mail ကနာမည်ရင်းနဲ့မို့ ဒီမှာမပေးတာခွင့်လွှတ်ပါ။
ကိုရင်စည်သူ
July 25, 2012 at 3:34 pm
ဆရာမကြီး padonmar တင်တဲ့ အပြစ်ကင်းတဲ့ ကလေးတွေပုံထဲက ကလေးနှစ်ဦးရဲ့
အနာဂတ်ကို အင်္ဂဝိတ်ဇာပညာနဲ့ ကျနော် နည်းနည်း ဝင်ဟောပေးချင်ပါတယ်။ ဆရာမကြီးက
ဓါတ်ပုံနဲ့ နိမိတ်ပြလိုက်တာလည်း ပါတာပေါ့နော့်…။ 🙂 🙂
-၃တန်းမှာ ပထမလို့ ပြောတဲ့ ကလေးက တစ်ချိန်မှာ ဆေးဝန်ထမ်းဖြစ်ပါလိမ့်မယ်။
-ဗိုလ်ချုပ်အောင်ဆန်း ကဗျာရွတ်သွားတဲ့ကလေးက တချိန်မှာ သေချာပေါက် စစ်သားဖြစ်ပါလိမ့်မယ်…
ဆရာမကြီးလည်း ဒီလို ဒါနတွေကြောင့် သံသရာအတွက် အထောက်အပံ့ကောင်းတွေ
ရနေပြီလို့ မြင်မိပါတယ်ခင်ည။ 😎
လေးစားလျက်
ကိုရင်စည်သူ
padonmar
July 25, 2012 at 11:09 pm
ကိုရင်
အင်္ဂဝိဇ္ဖာတွက် ကျေးကျေး။နောင်နှစ်ကလေးတွေနဲ့တွေ့ရင် ကိုရင့် ဟောကိန်းလေးပြောပြပြီး အားပေးလိုက်ပါမယ်။
ဒီကလေးတွေကြီးပြင်းတဲ့ အချိန် အန်တီလည်း မသေခဲ့သည်ရှိသော် ကိုရင်ကဟောကိန်းကြိုထုတ်ပေးသွားတာ မှန်ကြောင်း မြင်သွားချင်ပါသေးတယ်။
etone
July 25, 2012 at 4:09 pm
အန်တီပဒုံမ္မာရေ ..
ဓါတ်ပုံလေးတွေမြင်ရတာ ကြည်နူးစရာကောင်းလိုက်တာ … ။ ပျော်နေတဲ့ သူတို့မျက်ဝန်းလေးတွေ တောက်ပနေပေမယ့် …….ဘဝပေးကံကြမ္မာကြောင့် ခံယူချက်ပြင်းပြင်းနဲ့အားအင်တွေ ပျောက်ဆုံးနေသလိုပါပဲ … ။
ဒီနိုင်ငံမှာ ကျောင်းနေအရွယ်ပညာသင်ရေးလုပ်ငန်းစဉ်တွေ ၊ အခမဲ့သင်ကြားနိုင်တဲ့ ပညာရေးတွေ ၊ လုပ်လာတာ သိပ်မကြာသေးပေမယ့် ……… စာသင်ရမယ့်အရွယ်တွေ ၊ လုပ်ငန်းခွင်ထဲ ရောက်နေကြတုန်းပဲ ။ အသက်ရှင်ရပ်တည်ဖို့အတွက် ပိုက်ဆံ ရှာရမယ်ဆိုတဲ့ အသိသာ ကြီးစိုးနေခဲ့တာပါ .. ။စာသင်ရမယ့် အရွယ်မှာ စာသင်နိုင်ခွင့်မရှိတဲ့ ကလေးတွေအတွက် … လောကကြီးက မတရားဘူးပဲ … ။ အချို့မိဘတွေရဲ့ အသိဉာဏ်အားနည်းမှုနဲ့ စီးပွားရေးအခြေနေကိုလိုက်ပြီး … သေစာရှင်စာလောက်သာ တတ်မြောက်အောင်သင်ကြတဲ့ အလေ့ထ .. အခုထိရှိတုန်းပါပဲ …. ။
ဒါကလည်း မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ၊ အလုပ်ကိုင် ရရှိနိုင်ဖို့ အခွင့်ရေး ၊ လုပ်ခ လစာ ခံစားခွင့် .. စတာတွေပေါ်မူတည်နေတယ်ဆိုတော့လည်း …….. ကျောင်းနေအရွယ်ကလေးတွေ ပညာသင်ကြားခွင့်ရရှိရေးအတွက် … အစိုးရအနေနဲ့ ကလေးတွေကျောင်းတက်နိုင်ဖို့ ၊ သူတို့ မိဘ အလုပ်လက်မဲ့ မရှိအောင်ကူညီပေးမှ ရမယ်ထင်တယ် …. ။ 🙄
MaMa
July 25, 2012 at 4:10 pm
ဓာတ်ပုံချည်းပဲ ကြည့်တာနဲ့ ရှင်းလင်းချက်ကလေးပါတာနဲ့ အရသာတော်တော်ကွာခြားသွားတယ်။
ပုံလေးတင်ကြည့်တုန်းက ကလေးလေးရဲ့ ရွှင်ပြုံးကြည်လင်နေတဲ့ မျက်နှာလေးကို သတိထားမိပေမယ့်…
အကျိုးအကြောင်း သိလိုက်ရတဲ့အခါကျတော့ ကလေးတွေရဲ့ ဘဝကို လက်တွေ့မြှင့်တင်ပေးနေတဲ့ စိတ်ဓာတ်ကို ချီးကျူးမိတယ်။
မှန်ကန်တဲ့လုပ်ရပ်မို့လည်း ကလေးတွေအတွက် အကျိုးများတာကို ဝမ်းသာမိပါတယ်။
ကိုယ်နိုင်တဲ့ဘက်ကနေ လောကကို လက်တွေ့အလှဆင်လိုက်နိုင်တာမို့………..
သာဓု သာဓု သာဓု။
padonmar
July 25, 2012 at 11:11 pm
မမ
အကျိုးကသိပ်မသိသာသေးဘူးမမရဲ့။
ကျမကလောဘကြီးတော့ တစ်ခါတည်းနဲ့ တတ်သိလိမ္မာတဲ့ ကလေးတွေဖြစ်လိုက်စေချင်နေမိတယ်။
စိန်ဗိုက်ဗိုက်
July 25, 2012 at 4:12 pm
ခလေးတွေ တစ်ပြုံတစ်မကြီးနဲ ့ ပျော်စရာကြီးပါလားဗျာ
သူရို ့ကြည့်ရတာ စာပြိုင်တာနဲ ့ မတူပဲ ရွာထဲ ဆယ်လစ်ဘရစ်တီ မော်ဒယ်ဂဲဝင်လို ့ ဝိုင်းအုံကြည့်နေတဲ့အတိုင်းပဲ..
အန်တီရေ..
ဂွတ်ဂျော့ ပါဗျာ
🙂
padonmar
July 25, 2012 at 11:13 pm
စိန်ဗိုက်ဗိုက်
ဆယ်လစ်ဘရစ်တီက အန်တီလေ။
ပျော်တာတော့ မပြောနဲ့တော့။အပြန်ကျရင်တစ်လမ်းလုံးအဲဒီအကြောင်းပြောပြီးပြန်ကြရတယ်။
အရီးခင်လတ်
July 25, 2012 at 4:23 pm
မနေ့ည က စာရိုက်ရင်း ဘက်ထရီ ဒေါင်းသွားတော့ ပါဝါကြိုး က ရုံးမှာ ကျန်ခဲ့လို့ တစ်ဝက်တစ်ပျက် နဲ့ ကွန်မန့် မတင်ဖြစ်ခဲ့တာ အစ်မ ရေ။
ဒီတော့ သူကြီးမင်းက တစ် ရသွားတယ်။ 😉
အဲဒီ ကလေး က အစ်မပဒုမ္မာ ပြိုင်ပွဲဝင် ပုံပေါ့။
ကျွန်မ အပိုပြောတာ မဟုတ်ဘူး။
သူ့မျက်လုံးလေး က တကယ် စကားပြောနေတာ ခံစားလို့ ရတယ်။
အခု ပိုသေချာသွားပြီ။
အစ်မပဒုမ္မာ တို့ကို ကျေးဇူးတင်နေကြောင်း သူ့ မျက်လုံး ထဲ မှာ ရှိနေတာ။
ပြောရရင်တော့ အဲဒီလို နွမ်းနွမ်းပါးပါး ကလေး တွေ နဲ့ ရိုက်ထား တဲ့ ကျွန်မ မှာ လဲ ရှိတယ်။
အစ်မ မှာ လဲ ရှိတယ်။
ကိုထွန်းဝင်းလတ် မှာ လဲ ရှိတယ်။
တုန်တုန် လဲ တစ်ခါ တင်ဘူးတယ်။
စွယ်တော်ရွက် လဲ တင်ဘူးတယ်။
ရွှေကြည် နဲ့ မနော ဆီမှာလဲ ဒါမျိုး အတွေ့အကြုံ တွေ ရှိတယ်။
တစ်ခြားသူ တွေ လဲ ကူနေတာဘဲ။
ကျွန်မ ရဲ့ Facebook စာမျက်နှာ တွေ ပေါ်မှာ လဲ ဒီ လို ကလေးတွေ အတွက် လှူကြတာ တွေ တွေ့ရတယ်။
ဒါမျိုး ကိုယ်ကျိုးမဖက်ဘဲ ကလေးဆီက တစ်စုံတစ်ခု ပြန်လည်ရစေ မတွေး ဘဲ ကူညီတာတွေ ကို သာဓု အကြိမ်ကြိမ် ခေါ်ပါတယ်။
ဒါတွေ ကို မြင်တိုင်း လူမှုရေး လုပ်ငန်း တွေ မို့ ပီတိဖြစ်ရတာက က သတ်သတ်၊ ရင်ထဲ မှာ နင့် နေအောင် နာကျင်ခံစား နေတာ က သတ်သတ်။ 🙁
ဒီ ကလေး တွေ ဟာ မြန်မာပြည် ရဲ့ လက်ညိုးထိုး မလွဲ နေရာတိုင်းမှာ ရှိနေတာ။
ကျွန်မတို့ ဘယ်လို ဘယ်လောက် ဘဲ ပံ့ပိုး ပံ့ပိုး supply နဲ့ demand မမျှ တာရော၊ စနစ်တကျ မဖြစ်နိုင်တာရော နဲ့ အဖြစ်ဘဲ ဖြစ်နေမှာပါဘဲ။
တကယ်တော့ နိုင်ငံ တစ်နိုင်ငံမှာ ရှိတဲ့ ကလေး တွေဟာ ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေး ဆိုတာတွေ ကို မပူမပင် ရရှိနိုင်ဖို့ သူတို့မှာ အခွင့်အရေး ရှိပါတယ်။
သူတို့မှာ သူများ ကူညီမှ သူများကို ကျေးဇူးတင်ပြီး ပညာ ရ ရမှာ မဟုတ်ပါဘူး။
သူတို့ ဟာ တိုင်းပြည် ရဲ့ အနာဂါတ်မျိုးဆက် တွေပါ။
နိုင်ငံတော် က အသေအချာ စောင့်ရှောက် မှ နိုင်ငံကို ပြန်လည်ကြည့်ရှု စောင့်ရှောက်သူ လူရည်မွန်၊ လူရည်ချွန် လေးတွေ ဖြစ်လာမှာပါ။
ဒီတော့ သူတို့ ကို မစောင့်ရှောက် နိုင်ဘူး၊ ဘယ်လို စောင့်ရှောက်ရမယ် ဆိုတာ မသိ နားမလည်ဘူး။ စောင့်ရှောက် ရကောင်းမှန်း မသိဘူး ဆိုတာက
နိုင်ငံတော် ကို မစောင့်ရှောက် နိုင်ဘူး၊ ဘယ်လို စောင့်ရှောက်ရမယ် ဆိုတာ မသိ နားမလည်ဘူး။ စောင့်ရှောက် ရကောင်းမှန်း မသိဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။
ဒီတော့ အရည်အသွေးမှီ အောင် စောင့်ရှောက် နိုင် မဲ့ သူ တွေ ကို အသိမှန်မှန် စေတနာမှန်မှန် နဲ့ တာဝန် ယူခိုင်း စေသင့်ပါတယ်။
ပိုပြီး နောက်မကျခင်မှာ ပြုပြင်ကြဖို့အချိန်တန်ပါပြီ။
အများကြီး လုပ်စရာ မလိုပါဘူး။
ထိပ်ပိုင်း က လက်ချိုး ရေ လို့ရတဲ့ အဆီယစ် နေသူတွေ ကိုသာ ဖယ်လိုက်။
ပြည်သူဘဏ္ဍာတွေ ပြည်သူ့ လက်ထဲပြန်ရောက်လာစေရမယ်။ 😈
မယုံရင် စမ်းကြည့်။
ဒါကြောင့် မို့ လဲ သူတို့ ရူးချင်ယောင်ဆောင်ပြီး နေရာ မဖယ်ရဲကြတာ။
တကယ်တန်း အောက်က စားနေကြတယ် ဆိုတာ သူတို့ အိမ်တွေက မာလီဖိုး လောက်ဘဲ ရှိမယ်။
ဒီ Post လေး မှာ ပြောချင်တာ ကို အားရစွာပြောလိုက်ရလို့ ကျေးဇူး ပါဘဲ ရှင်။
အစ်မရဲ့ စိတ်ထား ကိုတော့ လေးစားပြီးရင်း လေးစားရင်းပါဘဲ။ 🙂
padonmar
July 25, 2012 at 11:16 pm
မလတ်မန့်သလို
(သူတို့မှာ သူများ ကူညီမှ သူများကို ကျေးဇူးတင်ပြီး ပညာ ရ ရမှာ မဟုတ်ပါဘူး။
သူတို့ ဟာ တိုင်းပြည် ရဲ့ အနာဂါတ်မျိုးဆက် တွေပါ။
နိုင်ငံတော် က အသေအချာ စောင့်ရှောက် မှ နိုင်ငံကို ပြန်လည်ကြည့်ရှု စောင့်ရှောက်သူ လူရည်မွန်၊ လူရည်ချွန် လေးတွေ ဖြစ်လာမှာပါ။)
ဘေးကဝိုင်းဝန်းကြမှ ချို့တဲ့တဲ့ကလေးတွေ ပညာတတ်ရတဲ့ ခေတ်ကြီး
ဘေးကဝိုင်းဝန်းတာတောင် ပညာမသင်ချင်တော့တဲ့ ခေတ်ကြီး
မြန်မြန်လွန်စေချင်ပါပြီ။
char too lan
July 25, 2012 at 4:36 pm
မပြေလည်တဲ့ကလေးတွေ စာတတ်ဖို့လာဖို့ဆိုတာ အင်မတန်ဝေးသွားပီ
အစိုးရကဒီလောက်စီစစ်ပေးနေတာတောင် မူလတန်း သူငယ်တန်းလေး ကျောင်းစအပ်ဖို့ကို
ကျောင်းဆရာမတွေက လိပ်စာကြည့်ပီး သက်ဆိုင်ရာရပ်ကွက်လမ်းတွေမှာ နီးစပ်ရာဆရာမတွေဆီ သွားကန်တော့ခိုင်းလေရဲ ့ဗျာ…………… ဒီနှစ်ကြားခဲ့ဈေးက ကလေးအိမ်နဲ့နီးတဲ့ ပွဲစားဆရာမက ၅သောင်း
ပေးခိုင်းတဲ့ဆရာမက ၅သောင်း ကလေးတစ်ယောက်ကို တစ်သိန်းပေးမှ ကိုယ်တက်မယ့် အ.ထ.က (၃) တာမွေ ဆိုတဲ့ ကျောင်းလေးရဲ ့အရိပ်ကိုနင်းခွင့်ရတယ်ထင်ပါ့ 🙄
အင်းးးးးးးးးးးးးးးးးးးး ပညာရွှေအိုး လူမခိုး ~ ရွှေအိုးရှိမှ ပညာရ……………….. ဒဲ့
padonmar
July 25, 2012 at 11:18 pm
CJ ချာတူးလေးရေ
ဖတ်ရတာ မျက်လုံးကိုပြူးရော။
ဒါတောင် အောင်ချက်မြင့်ကျောင်းကြီးတွေ မဟုတ်သေးဘူးနော။
အနိစ္စ
nozomi
July 25, 2012 at 5:38 pm
အန်တီလေး ကတော့ ရုပ်ချော မျက်နှာချို သဘောကောင်းရုံ တင် မဟုတ် စိတ်ထားပါ ဖြူစင်သူမို့ လေးစား အားကျမိပါရဲ့ ( ဒီ ထဲ ပို့စ် အရေးကောင်းတာပါ ထပ်ထည့် ရ ဦးမယ်)
နောက် နှစ် နောက် နှစ် ………………………..တွေလဲ ဆက်လက် ကူညီ လှူဒါန်းနိုင်ပါစေ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရပါစေ
နောက် နှစ်တွေ လိုက်လည်လို့ ရ မလား အန်တီလေး 😀
ဆယာလေး ( အော်စကာ ) အထီး
July 25, 2012 at 5:51 pm
လိုက်လည်လို ့ရပါတယ် အဘိုးလေး 🙂
padonmar
July 25, 2012 at 11:22 pm
ကိုနိုဇိုမီ
တူမတွေမျက်နှာနဲ့ သာသာထိုးထိုးလေးမြှောက်နေပြီ။
အင်း ဆယာလေးအော်စကာရဲ့
သူက မှန်တာတွေပြောတာ ပြောပါစေလေ……
ဒီကောင်လေးနိုဇိုမီကိုတော့ နောက်နှစ်သွားရင် အလည်ခေါ်မှပါဘဲ။
(တူမတွေတော့ ဖွက်ထားခဲ့ရမယ်)
blackchaw
July 25, 2012 at 6:20 pm
အစ်မရေ..
မီးပျက်နေလို့
နောက်ကျနေတာဗျ..။
လက်မလေး အရင်ထောင်ခွင့်ပြုပါဗျာ..။
အခုတလော ခေတ်စားနေတဲ့
ကွန်းမန့်ရေးထုံးလေးတစ်ခုကို ကူးရေးခွင့်ပြုပါ..။
ဟုတ်ကဲ့..
တကယ်ပြန်လာခဲ့ပါမယ် အစ်မရေ..။
လေးလေးစားစား ဖတ်ခွင့်ပြုပါဦး..။
ပြန်လာခဲ့ပါမယ် ခင်ဗျာ..။
အလင်းဆက်
July 25, 2012 at 7:10 pm
ကလေး ဘဝ ကိုတောင်…လွမ်းသွားတယ်… အန်တီပဒုမ္မာ…ရေ…
nature
July 25, 2012 at 9:26 pm
သာဓု သာဓု သာဓု ပါ ပဒုမ္မာရေ။
Mလုလင်
July 25, 2012 at 10:08 pm
ဒီလို ပိုစ့် တွေ့ ရင် .. မောရတယ်ဗျာ.။ တီတီ က အကြံတောင်း ထားပေမယ့် … ချက်ချင်း ဖြေစရာ .. ပေးစရာ အကြံ လဲ မရှိဘူး …. လေးစားအားကျ ပါတယ်။
padonmar
July 25, 2012 at 11:25 pm
ကိုဘလက်
ပုံမပြောရဘူးနော်။
သာထွန်းပြန့် ပဲ့ကိုင်ရှင် ကိုနေးချားနဲ့ ဘောသမား အလင်းဆက်၊လုလင်
အားပေးသွားတာ ကျေးဇူးပါ။
blackchaw
July 25, 2012 at 11:50 pm
ကလေးတွေရဲ့ မကောင်းတဲ့ စိတ်ဓါတ်တွေကို ပြုပြင်ဖို့ကတော့
သူတို့ရဲ့ ဆရာ/ဆရာမတွေက အရေးကြီးတယ်လို့ ထင်ပါတယ် အစ်မရေ…။
ဆရာနေဝင်းမြင့် စာပေဟောပြောပွဲတွေမှာ ဟောလေ့ရှိတာလေးတစ်ခုရှိပါတယ်…။
ဆရာနေဝင်းမြင့်တို့ ကျောင်းသားဘဝကတဲ့…။
ဆရာမကြီးတစ်ယောက်က ကျောင်းသားကျောင်းသူလေးတွေကို
သကြားလုံး နှစ်လုံးစီလာယူကြဆိုပြီး သကြားလုံးအိတ်ကြီးချထားပေးပါတယ်တဲ့…။
ကျောင်းသားတော်တော် များများကတော့ ဆရာမကြီးပြောသလို ၂ လုံးစီပဲ ယူကြပါတယ်တဲ့..။
တချို့ကျောင်းသားတွေကျတော့ ၂ ခါပြန် ၃ ခါပြန်ယူကြပါတယ်တဲ့…။
အားလုံးယူပြီးတော့ ဆရာမကြီးက မေးပါတယ်တဲ့။
မင်းတို့ အားလုံး သကြားလုံး တစ်ယောက် ၂ လုံး ယူပြီးကြပြီလားဆိုတော့
ကျောင်းသားကျောင်းသူတွေကလည်း ယူပြီးပါပြီပေါ့…။
အေး ဆရာမကြီးက တစ်ယောက်ကို သကြားလုံး ၂ လုံးစီပေးတာကို
မင်းတို့ အိတ်ထဲ ၂ လုံးထက်ပိုပြီးယူထားတယ်ဆိုရင် အဲဒီကောင်
သူခိုးပဲ… တဲ့။
ကျောင်းက ဆရာမက စာသင်ယုံတင်မဟုတ်ပဲ..
စိတ်ကိုပါ သင်သွားတာလေးကို ပြောသွားတာပါ..။
အဲဒီတော့ ကလေးတွေရဲ့ မကောင်းတဲ့ စိတ်တွေကို အဓိက ပြုပြင်ပေးနိုင်တာကတော့
ကျောင်းက ဆရာ ဆရာမတွေပါပဲ လို့ ဆွေးနွေးချင်ပါတယ် အစ်မရေ…။
ဆရာ ဆရာမတွေကိုယ်တိုင်က စိတ်ဓါတ်တွေ ကောင်းဖို့လိုပါတယ်ဗျာ..။
သင်ပေးပြပေးရမယ့်သူတွေကိုယ်တိုင်က စိတ်ဓါတ်မကောင်းဘူးဆိုရင်တော့…
ပြီးပြီပေါ့ဗျာ…။
ဆိုတော့
ကျောင်းတွေက
စာကိုသာမက
ိစိတ်တွေကိုပါ သင်ပေးသင့်တယ်ဆိုတာလေး …။
လေးစားစွာဖြင့်
ဘလက်…။
TTNU
July 26, 2012 at 1:15 am
ပဒုမ္မာရေ..
သာဓုခေါ်မိပါတယ်။
ဒီလိုမျိုးဆိုတာက
လုပ်ချင်ပေမဲ့…ငွေအားရှိမှ၊
ငွေအားရှိပေမဲ့… အချိန်အားမှ၊
အချိန်အားပေမဲ့… လူနေကောင်းဦးမှ။
လူနေကောင်း၊ အချိန်လည်းရ၊ ငွေအားလည်းတောင့်တင်းရက်နဲ့
လူမှုဝန်ထမ်းစိတ်ဓာတ် မရှိခဲ့ရင် ဘာမှ အရာမရောက်ပါ။
အခုတော့ ပဒုမ္မာတစ်ယောက် ကုသိုလ်ခရီးပေါက်ခဲ့၊ အားနည်းသူတွေကို
ဖေးကူနှိုင်ခဲ့ တာတွေ ဖတ်ရ၊သိရတော့ သာဓုမခေါ်ဘဲ မနေနှိုင်ခဲ့ပါ။
တော်လိုက်တာ ပဒုမ္မာရယ်။
MaMa
July 26, 2012 at 6:48 am
နယ်ကကျောင်းတွေမှာ ကျောင်းဝတ်စုံသတ်မှတ်ပေးဖို့နေနေသာသာ…
ကျောင်းနေရမယ့်ကလေးတွေကို ခိုင်းပြီး မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ခိုင်းနေရတာနဲ့တင်……..
အခမဲ့ပညာရေးဆိုရင်တောင် ကလေးတွေကို ကျောင်းမလွှတ်နိုင်တဲ့ မိဘတွေ အများကြီးရှိပါတယ်။
အင်းးးးးးးးးး ပြောချင်ရေးချင်တာတွေ များလာပြီ နော်…………
(မရေးနိုင် မသားနိုင်အောင် လက်မသွက်လို့ စိတ်ညစ်တယ်။) [:@]
ကြောင်လေး
July 26, 2012 at 8:27 am
အန်တီ ပဒုမ္မာက ဝါးခယ်မ ကထင်ပါတယ်။
ကလေးတွေကို အဝတ်အစားဝေပေးတဲ့စံနစ်ကို လိုအပ်သလိုပြောင်းပြီး
အသိပညာနဲ့ စိတ်ဓါတ်ပြောင်းအောင် တွဲပြီးဆောင်ရွက်သွားပုံလေးကို လှိုက်လှိုက်လှဲလှဲလေးစားမိပါသည်။
ကျနော်တို့ လည်း အဲဒီစံနစ်သုံးပြီးဝေခဲ့ဖူးပါသည်။ စံနစ်တကျ အလှည့်ကျယူ၊ ပိုရင် နောက်တလှည့်ထပ်လာယူ ဆိုတာမျိုးက မျှမျှ တတရပါသည်၊
အခုလူတော်တော်များများ(ဌာနဆိုင်ရာတွေမှာပါ) လည်တဲ့လူစားစတမ်းဆိုတဲ့ အတွေးတွေ ပြုမူပုံတွေအများကြီးရှိနေပါသည်။ ရတာနဲ့ လိုအပ်ချက်မမျှလို့ပဲ ဒီလိုစိတ်ဓါတ်မျိုးအကျင့်မျိုးတွေထွန်းကားနေလားမသိပါ။
နှင်းဆီ ငုံ
July 26, 2012 at 12:00 pm
အမယ် ကလေးလေးတွေက နွမ်းပါးကြပေမယ့် ဆံပင်က ကာလာလေးတွေနဲ့ အလန်းတော့ …
အန်တီ ပဒုမ္မာရေ နွမ်းပါးတဲ့သူတွေကတော့ နေရာတိုင်းမှာ ရှိနေကြတယ် …
တောလည်းတောအလျောက် မြို့လည်းမြို့အလျောက်ပါပဲ …
အန်တီတို့လို နှမ်းတစ်လုံးချင်းကနေ ဆီဖြစ်အောင်စုပြီး ကူညီနေတာတွေကို အားကျမိပါတယ် …
ငုံတို့လည်း နှမ်းတစ်ခြမ်းစာဖြစ်ဖြစ် တတ်နိုင်သလောက် လှူနိုင်အောင် ကြိုးစားပါမယ်လို့ …
လေးစားစွာဖြင့်
amatmin
July 26, 2012 at 12:10 pm
အန်တီ ပဒုမ္မာရေ..
သူတို့ဘဝလေးတွေ ပိုကောင်းမွန်မြင့်မားလာဖို့ .
ကွန်မန့်တွေ နဲ့ ဝိုင်းအကြံပေးကြတာ အားရစရာပါလို့ ..
အံတီ ပဒုမ္မာကိုလည်း လေးစားပါကြောင်း စိတ်ရင်းနဲ့ပါခင်ဗျာ..
ဆိုတော့ နောက်နှစ်များ သွားဖြစ်မယ်လို့ သံချောင်းများခေါက်ခဲ့ရင် ..
တတ်နိုင်သလောက်.အားလေးနဲ့ ပါဝင်ချင်ကြောင်းပါ ..
အားတော့နည်းကြပေမဲ့..တယောက်မှစ တရာဆိုသလို.
ဂလိုမျိုး နိုင်သလောက်ကူကြရင်း.. စိတ်ဓါတ်ကောင်း.
အခြေခံကောင်းတွေကို မျှဝေရင်းနဲ့ပဲ
ကျနော်တို့ဖြစ်စေချင်တဲ့.
လူမှုအဖွဲ့အစည်းကို ရောက်ဖို့ .ခရီးဆက်ကြရမှာပဲ…
thit min
July 26, 2012 at 10:32 pm
အစ်မဒေါက်တာ ပဒုမ္မ္မာရေ……….
ဒီထက်ပိုပြီး ပညာရေးအလေးပေးလာအောင်နဲ့
စာရိတ္တကောင်းလာအောင် ဘယ်လိုလုပ်ပေးရင်ကောင်းမလဲဆိုတော့။…………..
လူသားတွေနဲ့ ပါတ်သက်ပြီး မဖြစ်မနေလုပ်စေချင်ရင်
ပုံမှန်အားဖြင့်တော့ ဆွဲဆောင်မှု (Incentive)နဲ့ အမိန့်ပေးထိန်းချုပ်
(Command and control) ရယ်လို့ နည်းလမ်း ၂ မျိုးကို သုံးရလေ့ရှိ
တယ်ဆိုတာ အစ်မလဲ သိပြီးသားပါနော်။
အစ်မ ကလေးတွေကိုဆုချပြီး စာသင်ချင်အောင်လုပ်ပေးနေတာက
ဆွဲဆောင်မှု (Incentive)ပေးပြီး လုပ်စေတာဘဲမဟုတ်ပါလား။
ပညာရေးဘက်စပြောကြည့်ပါရစေခင်ဗျ။
ပညာရေးအတွက် စားဝတ်နေရေးမပြည့်စုံတဲ့မိသားစုက ကလေးတိုင်းကိုတော့
ဆွဲဆောင်မှု ပေးပြီး စာသင်စေ နိုင်ဘို့မလွယ်လှပါဘူး။
ဆိုလိုတာက ကလေးကိုပစ်မှတ်ထားပြီး စွဲဆောင်လို့ ရေရှည်မှာမလွယ်တာပါ။
တြိဂံ(မိဘ၊ဆရာ၊ကျောင်းသား)ဖော်မြူလာကိုပြန်ပြီး “ပြုပြင်” သုံးစွဲရမယ်လို့ ထင်ပါတယ်။
ဟုတ်ကဲ့ပါ။
အဓိက ပစ်မှတ်က “မိဘ” ပါဘဲ။
သူကြီးမန့်ခဲ့သလို အစိုးရက မသင်မနေရသတ်မှတ်(Command and control အမိန့်ပေးထိန်းချုပ်)
တဲ့ နည်းလမ်းမျိုးလဲလုပ်နိုင်တာပါဘဲ။
ဒါပေမဲ့ နယ်ကျောင်းတခုမှာ ကျောင်းစိမ်းပုဆိုးတထည်ဘဲရှိလို့ ညီအစ်ကို ၂ ယောက်မှာ တယောက်ကျောင်းလာ
ရင် နောက်တယောက် ခွင့်တိုင်တဲ့ မိသားစု။
ကလေးက စာမေးပွဲနီး အချိန်ပိုညကျောင်းတက် ရလို့ အိမ်ကအချိန်မီညစာ (သူ့အမေဈေးရောင်းပြန်မှ)မစား
ရလို့ အိမ်ကအပင်ကဇီးသီးတွေကို ညစာထမင်းအဖြစ် ယူလာရတဲ့ ကလေးမျိုး တွေ့ဘူးပါတယ်။
အဲဒီ ကလေး ၃ ယောက်စလုံး ပညာရေးကို ဆုံးခန်းမတိုင်ကြရှာပါဘူး။
ဘယ်ကလေးက ကျောင်းမှန်မှန်လဲမတက်ရ၊ကျူရှင်လဲမတက်ရဘဲ စာတော်ပါ့မလား။
ဘယ်ကလေးကရော ထမင်းဝဝ မစားရဘဲ စာကိုစိတ်ဝင်တစား သင်ချင်ပါ့မလဲနော်။
~~~~
အဲဒီလိုဆိုတော့ကျနော်က အဲဒီအချိန်ကတည်းက မိဘ ဆိုတဲ့ရပ်တည်မှုရဲ့ အဓိကကျမှုကို
သဘောပေါက်ခဲ့ရပါတယ်။
ဖြစ်နိုင်ရင် ၊လုပ်နိုင်ရင်ပေါ့လေ ကလေးတွေအတွက် ပညာရေးဖောင်ဒေးရှင်းတွေဖွဲ့ပြီး ထောက်ပံ့တာထက်
(ကျနော့ကိုယ်ပိုင်အမြင်ပါ)
ကျောင်းသားမိဘ (ကလေးမိဘ) တွေကိုအလုပ်အကိုင်ဖန်တီးပေးတဲ့ ဖောင်ဒေးရှင်း မျိုးပေါ်ပေါက်စေချင်ပါတယ်။ အဲဒီမိဘတွေရဲ့ သားသမီးတွေကို ကျောင်းတက်နိုင်အောင်လဲ စီစဉ်ပေးရမှာပေါ့နော်။ ကလေးရဲ့ ကျောင်းတက်ရက်
နဲ့ ပညာရေးတိုးတက်မှုကို မိဘရဲ့အလုပ်အကိုင်ဘက်ကနေလိုအပ်သလိုထိန်းချုပ်နိုင်မယ်။
(Incentive) ဆွဲဆောင်မှုနဲ့ အမိန့်ပေးထိန်းချုပ် (Command and control) ကိုအချိုးညီ ဆောင်ရွက်ခြင်းမျိုးပါ။
အစ်မတို့ ဖေဖေလုပ်ခဲ့သလို လူတွေအများကြီးအလုပ်ပေးနိုင်ခဲ့တဲ့ အလုပ်မျိုးတွေပေါ့နော်။
ဒီနေရာမှာပြောစရာတခုက
အဲဒီလိုအလုပ်အကိုင် ဖောင်ဒေးရှင်း ဆိုတာမျိုးမှာ တကယ်တမ်းအစိုးရရဲ့အင်အားက လိုကိုလိုအပ်ပါတယ်။
ပညာရေးရော ကွယ်ဝှက်လုပ်အားတွေရော ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလန်းတွေဖန်တီးမှု
တွေလိုပါတယ်။
ပြောရရင် ဗိုကယ်ရှင်နယ်ထရိန်နင်တွေ အစိုးရကလုပ်ပေးချိန်တန်နေပါပြီ။
အသက်မွေးဝမ်းကျောင်းနိုင်မဲ့ ပညာတရပ်ရပ်ကို လူတိုင်းကိုယ်စီတတ်ထား၊ပြီးတော့ကျွမ်းကျင်ထား
ဘို့လိုပါတယ်။ စကေးလ်လေဘာ ဆိုတာတိုင်းပြည်တပြည်ရဲ့ အရေးကြီးအင်အားတရပ်မဟုတ်ပါလား။
ဘယ်လောက်အရေးကြီးလဲ ဆိုရင်အာရှရဲ့နောက်တက် တိုင်းပြည်တွေဖြစ်တဲ့ ထိုင်းတို့ ဖိလစ်ပင်းတို့ရဲ့
စီးပွါးရေးတိုးတက်မှုတွေဟာ သူ့ရှေ့ကဆရာတွေဖြစ်တဲ့ ကိုရီးယား၊စင်ကာပူတို့ကို မှီအောင်မလိုက်နိုင်သေးပါဘူး။
တချိန်က ကိုရီးယားတို့ စင်ကာပူတို့ကတော့သူ့ရှေ့ကဆရာကြီး ဂျပန်ကိုမှီအောင်လိုက်ခဲ့လို့ ခုဆိုတန်းညှိလို့
ရနေပါပြီ။
ခုနက စကားကိုပြန်ကောက်ရရင်
အပင်ကိုသန်စေလို မြေကိုရေလောင်းရသလို ကလေး(ကျောင်းသား)မိဘများရဲ့စားဝတ်နေရေးပြေလည်အောင်ဆောင်
ရွက်ပေးရေး ပလဲန် တွေကိအစိုးရကစဉ်းစားချိန်တန်နေပါပြီ။
ဒီကနေနေ့ကလေးငယ်တွေဟာ နောင်ဒီတိုင်းပြည်ရဲ့ ခေါင်းဆောင်တွေဖြစ်လာရမှာမဟုတ်ပါလား။
မိဘ ၁ဝယောက်ကိုအလုပ်ပေးနိုင်ရင် ကလေး ၁ဝယောက်ကျောင်းတက်နိုင်ရမယ်
ဆိုတဲ့ (ကြယ်ငါး)ဖော်မြူလာကိုဘဲ သုံးချင်လဲသုံးနိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာရိတ္တကောင်းလာအောင်
ဆိုရင်တော့ ကျောင်းမှာသင်ပေးတာဟာအကောင်းဆုံးနဲ့ အထိရောက်ဆုံးပါဘဲ။
ဆရာ ဆရာမတွေကိုယ်တိုင်တော့စာရိတ္တကောင်းဘို့ အတွက် တာဝန်ယူဘို့လိုပြန်ပါတယ်နော်။
ဂျပန်မှာ လမ်းဘေးမှာအမှိုက်ပစ်ရင် ဒါဏ်မရိုက်ပါဘူး။တတွေးထွေးရင်လဲ ဘာမှမဖြစ်ပါဘူး။
ဒါပေမဲ့ ဘယ်ဂျပန်မှ အလွယ်တကူအမှိုက်ချလေ့မရှိသလို၊ တတွေးတွေ နှပ်တွေဖြစ်သလို မထွေးတတ်
မပစ်တတ်ကြပါဘူး။ မေးကြည့်ဘူးပါတယ်။
မူလတန်းကစပြီး သင်ကြားပေးခဲ့တာပါတဲ့။
ဟုတ်ကဲ့ပါ။
အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကလို့ ရေးထားတာတော့တွေ့ဘူးပါတယ်။
တကယ်တမ်းစည်းကမ်းရှိအောင်သင်ပေးနိုင်မဲ့ “အခြေအနေ” ကိုဖန်တီးပေးရပါ့မယ်။
ဆရာဆရာမတွေရဲ့ စားဝတ်နေရေးပြေလည်မှုနဲ့ သူတို့စာရိတ္တတွေဟာ တိုက်ရိုက်အချိုးကျပါတယ်။
ပညာရေး ပိုင်းဆိုင်ရာတွေမှာ ရန်ကုန်ကျောင်းတွေရဲ့ မကြားဝံ့မနာသာတွေ တော်တော်ကြားနေရတာမျိုး
ကို ထိထိရောက်ရောက် အရေးယူရပါမယ်။
အစိုးရနှင့်အလှူ့ရှင်တွေပူးပေါင်းဆောင်ရွက်လို့ရမယ်ဆိုရင် ပိုမြန်ပါလိမ့်မယ်။
နောက်ပိုင်းမှာတော့နိုင်ငံတကာအကူအညီတွေလည်းရလာနိုင်ပါတယ်။
လောလောဆယ်
” စာရိတ္တကောင်းလာအောင် ” ဆိုရင်တော့ မိဘတွေကို အဓိကထားပြောဆိုပေးလိုက်ပါ။
——————————————————–
မိဘတွေအလုပ်ပေးပြီး သွယ်ဝိုက်အကျိုးအနေနဲ့ ကလေးတွေ(အကုန်မဟုတ်တောင် ရာနှုန်းတခု)ကိုကျောင်းသား
အဖြစ်ပညာသင်စေဖို့အထောက်အပံ့ဖြစ်ခဲ့တဲ့ အစ်မရဲ့အဖေကိုလေးစားမိပါတယ်။
ဆတ်ပြီးတော့လဲ ကလေးတွေရဲ့ပညာရေးအတွက်စိုက်လိုက်မတ်တတ်အားတက်သရောရှိလှတဲ့အစ်မကိုလည်း
လေးစားမိပါတယ်။
ကလေးတယောက်ရဲ့မိဘကို အလုပ်တခုပေးပြီး ကြယ်ငါးတကောင် ကယ်ခဲ့တာမျိုးလဲ ရပါတယ်။။
အစ်မရေကျနော် ဒီပို့စ်လေးကို ကော်မန့်လွန်စွာမှ ရေးချင်ခဲ့တာပါ။
(စာမေးပွဲစစ်၊အဖြေလွှာစစ်) အချိန်အရမ်းလုနေရလို့ နောက်ကျမှပေးရပါတယ်။
ဒီအတွက်ခွင့်လွှတ်ပါ။။
ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
လေးစားခင်မင်စွာဖြင့်
သစ်မင်း(^^)