ကြက်ငတင်(၃)

htet wayJuly 13, 20121min1916

ကျေးရွာရဲ့ သဘာဝအရ ပျော်ပါးလွတ်လပ်ကြတယ်။ တော်ရုံ ပြဿနာမရှိဘူး ။ ကြက်ငတင်ကလည်း ကြက်တိုက် ၊ လောင်းကြေးနိုင်တဲ့ အခါ နိုင် ရှုံးတဲ့ အခါရှုံးနဲ့
ထူးခြားတာက ကြက်ငတင် က ကြက်ဆို အငမ်း မရ ဝါသနာကြီးတာ ညဆို သူကြက် ခြင်ကိုက်မှာ စိုးလို့ ဆိုပြီး ဂရု စိုက်ရတာအမော။နွေဆို ကြက်ကို အိမ်ပေါ်မှာ သိပ်တာပါ အိုက်မှာ စိုးလို့ ယပ်ခတ်ပေးတယ်။
သီရိ အဖေဦး သာဒွန်းက လည်း ငယ်ငယ်က ကြက်ဝါသနာပါတယ်လို့ ပြောသံကြားဖူးတယ်။ အခုလည်း ဦးသာဒွန်းတစ်ယောက် အစုကြီးရွာက အပြန်တိုက်ကြက်မျိုးကောင်တစ်ကောင်ရလာတယ်လို့ သတင်းပြန့်နေတယ်။
ဒီသတင်းကို ဖြန့်ပေးတာက မီဒီယာ ခင်မောင် ဆိုတာပြောစရာမလိုဘူး။ခင်မောင်က ရွာထိပ်ဇရပ်မှာ ဘောတစ်ချပ်နဲ့ နေ့စဉ် စာရေး
တယ်။ သပြေတန်း သားဆိုတဲ့ နာမည်နဲ့ရေးတာပါ။သူရေးတာကို လက်ပူးလက်ကြပ် ဘယ်သူမှဖမ်းလို့မရဘူး။ခင်မောင်ကတပည့်တွေလည်းမွေးထားတယ်။စည်းရုံးရေး
ကောင်းတယ်လို့ဆိုရမယ် လူအထင်ကြီးအောင်လည်းပြောတတ်တယ်။ လူစုံရင် သူ ဆယ်ရွာ လှည့်တဲ့ အကြောင်း ဘယ်သူကို ဘယ်လို ပိုင်တဲ့ အကြောင်းပြောတော့ တာပဲ။
လူတွေ က သူရေးတဲ့ စာတွေ ဇရပ်မှာ အုံနေအောင်ဖတ်တယ် ဆိုရင် သူက သဘောကျနေတယ်။လူတွေက လည်း သူရေးတာ မဟုတ်မှန်း သိတယ် ဒါပေမယ့် ဖတ်ကြတယ်
သူမကောင်းကြောင်းပြောတယ် ဒါပေမယ့်နေရာပေးကြတာပဲ။သူ့မှာကလည်း အဖွဲ့ ရှိတယ် ။ အဖွဲ့ ဆိုလို့ သိပ်တော့ အထင်မကြီးနဲ့ ပုဇုခရု စာရူးပေရူးလေးတွေနဲ့ ဖွဲ့ထားတာ
သပြေတန်း တော်လှန်ရေး အဖွဲ့ ဆိုပဲ။ ခင်မောင် ရေးသားတင်ပြပုံလေး ပြောရင်
-ဦးသာဒွန်း အစုကြီးရွာ၌ ကြွေးသိမ်း တိုက်ကြက်တစ်ကောင် အဓမ္မယူလာကြောင်း
-ရွာ လူကြီး ဆယ်အိမ်မှူး ခန့်မည် ဆိုပြီး ရွာဆော် ငပွ ကြီးထံ ငွေ နှစ်ထောင် တောင်း
-ရာအိမ်မှူး ရန်မျိုး အရက်အကြွေးသောက်ရာမှ ကြွေးထူလာပြီး အပျိုကြီး မတုတ်ကို မတော်ဩဇာ သုံး ကြောင်း
-ရပ်မိရပ်ဖ ဦးလူလေး ဇရပ် ပြင်မယ်ဆိုပြီး ငွေတွေကောက် ခုထိ မဆောက်သေးကြောင်း
ဒါမျိုးတွေ ရွာဇရပ်မှာ ဘလက်ဘုတ်လုပ်ပြီး ရေးထားတာ နာမည်က သပြေတန်း သားတဲ့ ၊ သတင်းမီဒီယာ တဲ့ ။ဒါက မီဒီယာ ခင်မောင်ရဲ့ ကြောင်ချက်တွေပါ။လူတွေက လည်း မဖတ်ဘဲနေရင်ရသားနဲ့ အရူး ဘုံမြှောက် သလို လိုက် ဖတ်ကြ စိတ်ဆိုးကြ တယ်။
အခုလည်း ကြက်ငတင် က ဦးသာဒွန်း အိမ်ဘက်ကို မဝံ့မရဲလေး ကပ်လာတယ်။ သူက သီရိကို လည်း တဖက်သတ် ချစ်နေတာကိုး။ ဦးသာဒွန်း ယူလာတဲ့ ကြက်ကို လည်း ကြည့်ချင်နေတယ်။ငတင် ဝင်သွားတော့ အိမ်ပေါ်မှာ ခင်မောင်ရောက်နေတာတွေ့ရတယ်။ ငတင် နည်းနည်းတွေသွားတယ် ဒီကောင် ..ဆိုပြီး သူဆဲလိုက်တယ် စိတ်ထဲက ဆဲတာပါ။သူ့ကို ဦးသာဒွန်းက တွေ့သွားတော့ ရယ်သလို နဲ့သွားဖြဲပြလိုက်ရတယ်။
“ လာကွာ ငတင် ..မင်းလည်း မတွေ့တာကြာပြီ”
ဦးသာဒွန်းက ခေါ်တယ် ဆိုရင်ပဲ ငတင်က ရိုရိုသေသေလေး ဝင်ထိုင်လိုက်တယ်။ဦးသာဒွန်းက နားနည်းနည်းလေးတယ်ဒါကြောင့် သူပြောတာ ကြားပါ့မလားဆိုပြီး အသံမြှင့်ပြီး
ဦးလေး နေကောင်းတယ်နော်
ဦးသာဒွန်းက သူစကားကြောင့် လန့်သလို ဖြစ်သွားတယ် ။
ဟကောင်ရ ..တိုးတိုးပြောပါ ငါကြားပါတယ် လခွီး လန့်လိုက်တာ နေမကောင်းရင် ထိုင်နိုင်မလားကွ
ခင်မောင်က ပြုံးစိစိလုပ်နေတယ်။ ငတင်ကတော့ ဘာပြန်ပြောရမယ်မှန်း မသိဖြစ်နေတယ်။နောက်တော့ ငတင်လည်း ဟိုကြည့်ဒီကြည့် လုပ်နေလိုက်တယ်။ သီရိများတွေ့မလားပေါ့
ဦးလေး ကြက်ပါလာတယ်ပြောလို့ လာကြည့်တာ
နဂိုက နားလေးတဲ့ ဦးသာဒွန်းက ငတင် က မပွင့်တပွင့်ပြောတော့ တလွဲကြားတယ်။
အေးကွ ပဲဈေးတွေက ကျနေတယ်လေ ဘာတတ်နိုင်မလဲ
ဒီမှာတင်ပဲ ငတင် ခေါင်းကုတ်တော့တာပဲ ခင်မောင်ကတော့ ပြုံးလို့ ဆေးလိပ်လေး ဖွာလိုက် နဲ့ အေးအေး သက်သာပဲ ထိုင်ပြီး သူတို့ကို ပွဲကြည့်သလို ကြည့်နေတယ်။
ဟေ့ကောင်ငတင် ..မင်းခေါင်းက တော်တော် ယားနေပုံထောက်တော့ ဒါဘောက်တက်တာကွ သံပုရာသီးနဲ့ တိုက်ရတယ်
ဟုတ်ကဲ့
ငတင်ကပါရောယောင် လို့ ထောက်ခံလိုက်မိတယ်။ပြီးမှ ဘယ်က ဘောက်တက်ရမလဲ ဦးလေးရယ် ကြက်ရလာလားလို့ ကျွန်တော်မေးတာ ဦးလေးက မကြားတာ..
ငတင်က ဒီတခါ အော်မေးတာပါ တိုးတိုးလုပ်ပါကွ ဘေးလူတွေ တစ်မျိုး ထင်ပါအုံးမယ် ဦးသာဒွန်းက ပြောရင်း အိမ်ရှေ့ လှမ်းကြည့်တယ်
အေး ကြွေးမပေးနိုင်လို့ သိမ်းလာတာလေ ..ဘာဖြစ်လို့လဲ
ခင်မောင်က ဒါ ချစ်တီး စိတ်ဓါတ်ပဲလို့ ခပ်တိုးတိုးဝင်ပြော တယ်။
“ဘာကွ ”
ဦးသာဒွန်းက ဒေါသနဲ့ အော်လိုက်တယ် ။ “ငါ့ကို ချစ်တီးပြောရအောင် မင်းက ဘာကောင်လဲကွ ”ဒေါသတကြီး အော်ရင်း မတ်တတ်ထရပ်လိုက်တယ် ။ဦးသာဒွန်း အသံက တော်တော်ကျယ် တယ် ခင်မောင်လန့်သွားပုံရတယ်။
ဦးလေး ဒေါသမကြီးပါနဲ့ ကျွန်တော်ပြောတာ ဒီလူတွေ ညစ်တီး ညစ်ပတ်လုပ်တာ လို့ပြောတာပါ။
ခင်မောင်ပြောလိုက်တော့ ဦးသာဒွန်းပြန် ထိုင် သွားတယ် ။အေးကွ ငါ့ကို ညစ်ပတ်တာကိုး ရတာ သိမ်းတာပေါ့
ခင်မောင်နဲ့ ငတင် ပြိုင်တူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး “ဒါတော့ ကြားသား ” ဆိုပြီး တိုင်ပင်ထားသလို ပြုံးမိကြတယ်။
ဒီအချိန်မှာပဲ သီရိက ဈေးဝယ်က ပြန်လာပါတယ်။ ဘေးအိမ်က လှလှ တင်က နုတ်ဆက်တာကို သီရိက ပြန်ပြောလိုက်သံကြောင့် သီရိပြန်လာတာကို သိလိုက်ကြတယ်
နှစ်ယောက်စလုံးပြိုင်တူ လှည့်ကြည့် ကြတယ်။သီရိက တော့ သူတို့ နှစ်ယောက်ကို ပြုံးရုံလေး ပြုံးပြလို့ အိမ်နောက် ဘက် ဝင်သွားတယ်။ဒါပေမယ့် ခင်မောင်ရော ငတင်ပါ ပြိုင်တူ လိုက်ငေးနေတာကို သီရိ အိမ်ထဲ ကို ဝင်လာကတည်းက အိမ်နောက်ဘက်ကို လျှောက်နေတာ ထိ မျက်လုံးကျွတ်ကျ မတတ်ငေးနေတာပါ။ဦးသာဒွန်းကလည်း သူတို့ နှစ်ယောက်ကို ကြည့်နေတယ်။
ဟေ့ကောင်တွေ
ဗျာ
နှစ်ယောက် စလုံး ဦးသာဒွန်းဆီ အကြည့်ရောက်သွားကြတယ်။သူခိုးလူမိသလို ထိတ်လန့်သွားတာရော ရှက်တာနဲ့ရောပြီး သူတို့ မျက်နှာက နီညိုရောင် သမ်းသွားတယ်။
မျက်စိမျက်နှာလည်း ပျက်သွားတယ်။
ဘာကြည့်တာလဲကွ
ဟိန်းထွက်လာတဲ့ ဦးသာဒွန်း အသံအောက်မှာ ဘာပြောရမယ်မှန်း မသိတော့ ဘူး။ ခင်မောင်က သီ..ရီ လို့ အသံ ထွက်လာတယ်။ငတင်က ကြက်လို့ အသံ ထွက်လာတယ်။
ဘာကွ ….
ဦးသာဒွန်းက ထိုင်ရာက ဆတ်ကနဲ မတ်တတ်ရပ်လိုက်တယ် ။ လက်ထဲမှာလည်း ဓါတ်ဗူးကြီး ကိုင် လို့ တကယ် လုပ် မယ့် ပုံပဲ။

( ဆက်ပါအုံးမယ်)

6 comments

  • may flowers

    July 13, 2012 at 9:38 pm

    ကြက်ငတင် ဇာတ်လမ်းလေးတွေကို ဆက်ဖတ်ဖို့ မျှော်နေပါ့မယ်။

  • MaMa

    July 14, 2012 at 9:04 am

    (သူရေးတာ မဟုတ်မှန်း သိတယ် ဒါပေမယ့် ဖတ်ကြတယ်
    သူမကောင်းကြောင်းပြောတယ် ဒါပေမယ့်နေရာပေးကြတာပဲ)
    မီဒီယာ ခင်မောင်ကို သရုပ်ဖော်သွားတာလေး သဘောကျတယ်။
    မီဒီယာရဲ့ သဘာဝရော၊ ခင်မောင်ရဲ့ သဘာဝပါ ပေါ်လွင်သွားတယ်။
    ပြင်ပလောကမှာလည်း မကြိုက်ပေမယ့် နေရာပေးကြရတာမျိုးတွေ လုပ်နေကြ/ရ တာပါပဲ။

  • Khaing Khaing

    July 14, 2012 at 10:25 am

    ဆရာထက်ရေ ………. ဇာတ်လမ်းထဲမှာ ညီမအဖေနံမည်ပါတယ် အဟင့် အဟင့် …….. တိုက်တိုက်ဆိုင်ဆိုင်ရှင် ……. အိမ်မှာတော့ ကြက်တွေရှိတာမှန်ပါတယ် …….

  • မောင်ပေ

    July 14, 2012 at 10:51 am

    စာဖတ်စရာရှားလွန်းနေတဲ့ ဂေဇက်မှာ
    ဆြာထက် လက်ရာတွေ အဆက်မပြတ်ဖတ်နေရလို့
    ပြုံးရွှင်ရပါတယ်။

  • htet way

    July 14, 2012 at 3:39 pm

    ခုလို အားပေးကြတဲ့ ဆရာ၊ ဆရာမတွေကို လေးစား ကျေးဇူးတင်ပါတယ်။

Leave a Reply