ကြီးမိုက် အိုသွားသောအခါ..When we are old…
ဒီနေ့ မနက် အလုပ်လုပ်နေတုန်း..ဖုန်းကထမြည်ပါတယ်..ကောက်ကိုင်လိုက်တော့ အမကြီးဖုန်းဖြစ်နေတယ်…အဖေ အမောဖေါက်နေလို့ ဆေးရုံပို့ဖို့ စီစဉ်နေတယ်တဲ့ ခဏနေရင် အိမ်ကထွက်မယ်ပြောတယ်…လက်ကနာရီငုံ့ကြည့်လိုက်တော့ ၁ဝနာရီခွဲ…ဒီနေ့ စနေနေ့ဆိုတော့ ၁၂နာရီ အိမ်ပြန်ရမှာ..ဆိုတော့..
ကျနော်ရုံးဆင်းတာနဲ့လိုက်လာခဲ့မယ်အမကြီးရေလို့..ပြောလိုက်ပီး အလုပ်တွေ အပြီးသတ်အောင်ဆက်လုပ်နေလိုက်ပါတယ်…အရေးထဲ အလုပ်ထဲမှာကလဲ
ပြသနာပေါင်းသောင်းခြောက်ထောင် …ပရက်ရှာတွေကလည်းများ…ကြီးမိုက်တစ်ယောက်
မန်းလေးဂေဇက်တောင် မှန်မှန်မဖတ်နိုင်ဘူး…
အလုပ်ဆင်းတော့ အိမ်မပြန်တော့ပဲ အဖေ့ကို သမားတော်နဲ့သွားပြတဲ့ အာရှတော်ဝင်
ကိုလိုက်သွားခဲ့ပါတယ်..ဟိုရောက်တော့ အဖေက ဝှီးချဲပေါ်မှာ…ဆရာဝန်နဲ့မပြရသေး
တိုကင်နံပါတ်က ၇၃ တဲ့..၁၂နာရီက ဆရာဝန်စထိုင်တာ..ကျနော်ရောက်သွားတော့
၂နာရီကျော်ပြီ.. မေးကြည့်တော့ တိုကင်နံပါတ် ၅ဝရောက်ပြီတဲ့…သိပ်မလိုတော့ပါဘူး..
အကျင့်ကပါနေတော့ စိတ်ထဲကတွက်ကြည့်လိုက်မိတယ်..လူနာတစ်ယောက်ကို နှစ်မိနစ်ခွဲနှုန်းပေါ့(တိုကင်ယူထားပြီး မလာတာတွေလဲရှိမှာပေါ့လေ..)..
မြန်သားဘဲ..ခေတ်ပညာတွေတိုးတက်လာတော့ ဆရာဝန်တစ်ယောက်ဟာ
ကျနော်တို့ငယ်ငယ်ကလို နာရီဝက်လောက်အချိန်ယူပြီးမှ လူနာတစ်ယောက်ကုနေတာမဟုတ်တော့ဘူး .. နည်းပညာတွေတိုးတက်လာလို့ဖြစ်မယ်..
အားပါးပါး..လက်ဖျားခါတယ်ဗျာ…ကဲဒါတွေထားပါအုံးလေ..အဖေက ကျနော့်ကို တွေ့တာနဲ့
ဝမ်းသာအားရပြုံးပြီး..“သား…မင်းအလုပ်ကော အားလို့လားကွာ…
မင်းမိသားစုရောနေကောင်းကြရဲ့လား..” ……………………….
အဖေ့ ရဲ့ တိုးတိမ်ပြီး အားယူပြောလိုက်တဲ့ စကား ကြားလိုက်ရတော့ ကျနော် ရင်ဘတ်ကို
တာဝေးပစ်ဒုံးကျည်တစ်စင်း ရုတ်တရက်ထိမှန်လိုက်သလို ရုတ်တရက်အောင့်ကနဲခံစားလိုက်ရတယ်…သူခံစားနာကျင်နေရတာတွေအရင်မပြော………
သူ့သား အမိုက်တုံးကြီးကိုစိတ်ပူပီး အရင်မေးရှာတယ်….
ကျနော် အဖေ့အိမ်မရောက်တာတော်တော်ကြာပြီ
ရုံးပိတ်ရက်တိုင်း အဖေ့အိမ်သွားမယ်ကြံရင်း မရောက်ဖြစ်ရင်း..အကြောင်းအမျိုးမျိုး ကိုယ့်ကိုကိုယ် ဆင်ခြေတွေပေးပြီး ကိုယ့် ကိစ္စအပေါ့စားတွေနဲ့ပဲ အချိန်တွေ သုံးပစ်ခဲ့တာ..
အဖေ့ကိုဖုန်းနဲ့တော့ဆက်ဖြစ်ပါရဲ့…ပိုက်ဆံတော့ မရောက်ရောက်အောင်ပို့ပါရဲ့..လူကိုယ်တိုင်တော့သိပ်မရောက်ဖြစ်ခဲ့……အခုတော့..
အမောဖေါက်နေတဲ့… ဝှီးချဲပေါ်က ပြုံးနေတဲ့ အဖေ့ရဲ့ မျက်နှာ ရှုံ့ရှုံ့သေးသေးလေးကို
ကြည့်ပြီး…ကြီးမိုက် ရဲ့ မျက်လုံးဟာ မျက်ရည်တွေနဲ့ဝေဝါးသွားခဲ့ရပါတယ်….အော်..အဖေရယ်…
…………………………………………………………………………………………….
တကယ်လို့သာ အဖေက ကျနော့ကို တွေ့တွေ့ချင်း “မင်းကွာ..ခုမှရောက်လာရသလား..
ဒီမှာအဖေတစ်ယောက်လုံး သေကောင်ပေါင်းလဲဖြစ်နေတာ..ဒီကြားထဲငါသေသွားရင်တောင်
မင်းမြင်လိုက်ရမှာမဟုတ်ဘူး”..လို့ပြောလာခဲ့ရင်..ကျနော် သိပ်ခံစားရမှာမဟုတ်ပါဘူး…
အော်…မေတ္တာတရားနဲ့ သာ လူမိုက်တွေကိုဆုံးမနိုင်တာပါလားလို့လည်း သတိပြုမိလိုက်ပါရဲ့..
ကျနော့ မိတ်ဆွေ ဆရာဝန်တစ်ဦးရဲ့ ဖုန်းနဲ့ ကူညီစောင်မမှု့ကြောင့် တိုကင်အတိုင်း
အလှည့်ထိမစောင့်ရတော့ ပဲ ပါရဂူနဲ့ပြခွင့်ရလိုက်ပါတယ်…
…အမကြီးရယ် ညီငယ့် မိန်းမ ရယ် လှည်းတွန်းပြီးဝင်ကြတော့
ကျနော်က အပြင်မှာနေခဲ့ရပါတယ်..ဟုတ်တယ်လေ..လူအများကြီးလိုက်ဝင်လို့မှမရတာ…
ကျနော်တွက်ထားတဲ့ စံချိန်ထက်နဲနဲတော့ပိုပါတယ်(သူငယ်ချင်းဆရာဝန်ကျေးဇူးထင်ရဲ့)..
၈ မိနစ်လောက်ကြာမှ အဖေပြန်ထွက်လာတယ်..မေးကြည့်တော့..
ဓါတ်မှန်ရိုက်ရမယ်..သွေးစစ်ရမယ်..သလိပ်စစ်ရမယ်…
အာထရာဆောင်းရိုက်ရမယ်..အီးစီဂျီ ရိုက်ရမယ်..ပြီးမှ ပြန်လာပြဆိုဘဲ…အော်
မကုရသေးပါလား..ဆေးစစ်ဖို့ ညွှန်ကြားရုံရှိသေးတာကိုး…ဘာတတ်နိုင်မှာလဲ..
ပြောတဲ့အတိုင်းလုပ်ရုံပေါ့…ကျနော်ကဘဲ ခပ်သွက်သွက် ဦးဆောင်ပြီး အထက်ကလုပ်ငန်းစဉ်
လေးတွေ ပီးမြောက်အောင် ဟိုမေး ဒီမေး ဟိုစောင့် ဒီစောင့်နဲ့ ဆောင်ရွက်ရပါတော့တယ်..
စောင့်နေရင်း ကျနော် အဖေ့အနားမှာ အမြဲကပ်ပြီး အားပေးစကား ပြောနေခဲ့ပါတယ်..
အဲဒီအချိန်တစ်လျှောက်လုံး အဖေ စကားတစ်ခွန်းဘဲ ထပ်ခါထပ်ခါပြောပါတယ်…
“ကြာလိုက်တာသားရယ်”….တဲ့ လူနာတွေများလို့ပါဆိုတဲ့အကြောင်းနဲ့ အဖေ့ကို
ဖြေသိမ့်ပေးနေရပါတယ်…
ဆေးစစ်ချက်တွေ အကုန်မရသေးပေမဲ့ ..စစ်တော့အကုန်စစ်ပီးသွားပြီ…
အဖြေရပြီးသား စစ်ချက်တစ်ချို့နဲ့အတူ သမားတော်နဲ့ပြန်ပြတော့…ဆေးရုံတက်ရမယ်တဲ့…
စုံစမ်းကြည့်တော့…ဒီလောက်အခန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့..
အာရှတော်ဝင်မှာ အခန်းလွတ်မရှိ..
အော်..မစည်သင့်မစည်အပ်တဲ့နေရာ..လာစည်နေပါလားလို့ တွေးလိုက်မိပါရဲ့…
ဒါနဲ့ပဲ အင်မာဂျင်စီမှာ အဖေ့ကို အောက်စီဂျင်ပေးထားပြီး
ဆေးရုံတင်ရေး မောင်နှမတွေ ခေါင်းချင်းရိုက် ဟိုဆေးရုံဖုန်းဆက်..ဒီဆေးရုံဖုန်းဆက်နဲ့..
နောက်ဆုံးတော့ ဆာကူရာ မှာတစ်ခန်းရမယ်ဆိုတာနဲ့ အဲဒီမှာတက်ရင်အဆင်ပြေမပြေ
သမားတော်ကို ဝင်ပြောပြ (ဟုတ်တယ်လေ သူကုမှာမဟုတ်လား..သူလာကြည့်နိုင်တဲ့ဆေးရုံဖြစ်ဖို့လည်းလိုသေးတာကိုး)ဒါနဲ့ပဲ
ဆာကူရာအထူးကုဆေးရုံကြီးမှာ အဖေ့ကို ဆေးရုံတင်လိုက်ပါတော့တယ်…
…………………………………………………………………………
ဟိုရွှေ့ ဒီရွှေ့ ဟိုပြောင်းဒီပြောင်းနဲ့ အဖေလည်းတော်တော် မောသွားရှာပါတယ်…
အခုတော့ သန့်ပြန့်တဲ့ ကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးအနားယူပီး အောက်စီဂျင်ကို
ရှုနေပါတယ်..အောက်စီဂျင်ရှုရလို့ထင်ပါရဲ့ အဖေ အတော်လေးလန်းလာတယ်..
ကျနော့်ကိုကြည့်ပြီး…“သား…အဖေဆေးရုံမှာနေဖို့လိုလို့လားကွာ..အဖေကောင်းနေပါပြီ”
တဲ့..ကျနော်သိတယ်..အဖေက အခုအသက် ၈ရနှစ်ရှိပြီ ..ဆေးရုံတစ်ခါမှ မတက်ဖူးပါဘူး
(ကျနော် သုံးတန်းလောက်က အဖေတိုက်ပွဲတစ်ခုမှာ ဒဏ်ရာရလာတဲ့ တစ်ခေါက်ကလွဲရင်ပေါ့)
ဒါကြောင့် အိမ်ပဲပြန်ချင်နေရှာတာ….ပီးတော့ ဆက်ပြောတာက…“မင်းအမေ အိမ်မှာ ဘယ်သူ
နဲ့ကျန်ခဲ့လဲ..အဆင်ရောပြေရဲ့လား”…..ဒီတော့ကျနော်က.
.နောက်ချင်စိတ်လေးပေါ်လာတာနဲ့
“အဖေ..အမေ့ကိုသတိရနေတာလား..တွေ့ချင်လို့လား..ကျနော်သွားခေါ်လိုက်မယ်လေ.အမေဒီမှာ အဖေ့ကို စောင့်အိပ်ပေးလို့ရပါတယ်…”လို့ပြောလိုက်တော့အဖေ ကျနော့်ကိုကြည့်နေရာက မျက်စိလွှဲလိုက်ပြီး ပြုံးပါတယ်.
.ပြီးမှ မဟုတ်ပါဘူးကွာ..ရပါတယ်တဲ့ အဲ့ဒီ့မချိန် အဖေပြုံး
လိုက်တဲ့ အပြုံးမျိုး အရင်ကကျနော် တစ်ခါမှ မမြင်ဖူးပါဘူး..အပြုံးက `ရှက်ပြုံးလေး´ပါ အသက် ၈ရ ရှိနေပြီဖြစ်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ အလွန်ချစ်စရာကောင်းတဲ့ အပြုံးလေးပါ
အဲ့ဒီ့အခိုက်လေးမှာ..ရုတ်တရက်ဆိုသလို..
ကျနော်တစ်ခါက(၁၉၈ရလောက်က..)TVမှာကြည့်လိုက်ဖူးတဲ့
“When we are old” ဆိုတဲ့ ဂျပန်ကားလေးကို သွားသတိရမိလိုက်တယ်…
အတိအကျမဟုတ်တောင် မှတ်မိသလောက် ဇတ်လမ်းအကျဉ်းလေးက
.ရုပ်ရှင်ထဲမှာ.ကျနော့်အဖေလောက်ရှိတဲ့အဖိုးကြီး
အဖွားကြီး လင်မယားက တောမှာသမီးတစ်ယောက် ထံ မှီခိုနေပါတယ်..သမီးလင်မယားက
လည်း နှစ်ယောက်လုံး အလုပ်လုပ်ကြရတဲ့ လက်လုပ်လက်စားတွေပါ..တစ်ရက်..အမေဖြစ်သူ
တော်တော်နာမကျန်းဖြစ်တော့ တိုကျိုမှာနေတဲ့ အကိုကိုဆက်သွယ်ပြီး ဆေးရုံတင်လိုက်ပါ
တယ်..ဆေးရုံတင်လိုက်တယ်ဆိုပေမယ့် တိုကျိုမှာရှိတဲ့ အကိုကဆေးကုသပေးရုံသာတတ်
နိုင်ပြီး တောမှာကျန်ခဲ့တဲ့ အဖေကြီးကိုလည်း ခေါ်မထားနိုင်ပါဘူး..တိုကျိုမြို့ကြီးကလည်း လူနေမှုစရိတ်က ကြီးတယ်မဟုတ်လား..ဒီလိုနဲ့ တိုကျိူမြို့က ဆေးရုံကြီးပေါ်မှာ အဖွားကြီးက
တစ်ယောက်တည်း ဆေးကုသမှုခံယူနေ..တောမှာကျန်ခဲ့တဲ့ အဖိုးကြီးကလည်း တစ်ယောက်
တည်းအထီးကျန်နေပြီး အားနေတော့ အဖွားကြီးကို လွမ်းနေ..(သူတွေးနေတာက …ငါတို့တွေကအသက်တွေကြီးလွန်းနေပြီ အချိန်မရွေးသေသွားနိုင်တယ်၊ မသေခင် အဖွားကြီးကိုတွေ့ရပါအုံးမလား..ဆိုတာပေါ့ )..သမီးနဲ့သမက်ကို တိုကျိူသွား
ချင်တယ်ပြောတော့ အဖိုးကြီးတစ်ယောက်ထဲ လွှတ်လို့လည်းမဖြစ်..သူတို့ကလည်း ကိုယ့်
အလုပ်နဲ့ ကိုယ်မို့ လိုက်မပို့နိုင်(ငွေကြေးမတတ်နိုင်တာလဲပါတာပေါ့..) ..
ဒီလိုနဲ့တစ်နေ့တော့ အဖိုးကြီးက သမီးနဲ့သမက် အလုပ်သွားနေတုန်း
တစ်အိမ်လုံး အနှံ့ ရှာတော့တာပဲ..နောက်ဆုံး..အံဆွဲတစ်ခုထဲ သမီးဖြစ်သူ ခြစ်ချုပ်စုထားတဲ့ ငွေအချို့ကိုတွေ့လို့ ယူပြီး သူနေတဲ့ မြို့ငယ်လေးက
ဘူတာရုံလေးကို အပြေးကလေး ထွက်ခဲ့ပါတော့တယ်..
စိတ်ကူးကတော့ တိုကျိူကို လိုက်သွားမယ်..အဖွားကြီးကို တွေ့မယ်ပေါ့လေ ..ရထားစီးပြီး
တိုကျိူကိုသွားတဲ့ တုန်ချိ တုန်ချိနဲ့ အဖိုးကြီးခမျာ ရှောရှော ရှူရှူ မရောက်ဘဲ လမ်းတစ်လျှောက် ဒုက္ခ မျိုးစုံတွေ့ရပုံကိုလည်း ရိုက်ပြထားပါသေးတယ် ..နောက်ဆုံး
အဖွားကြီးတက်နေတဲ့ ဆေးရုံရောက်သွားမှ..ဇတ်လမ်းသိမ်းထားတာပါ..အဲဒီဇာတ်သိမ်းမှာ..
အဖိုးကြီးနဲ့ အဖွားကြီးတွေ့ဆုံခန်းလေးက..ဇတ်လမ်းရဲ့ အသက်ပါပဲ..အဖိုးကြီးဝင်လာတော့
အဖွားကြီးက ခုတင်ပေါ်မှာ မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်နေဟန်တူပါတယ် အဖိုးကြီးက
ဘေးကခုံလေးမှာ ဝင်ထိုင်ပြီးအဖွားကြီး မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ဘေးဘီကိုတစ်ချက်
ကြည့်လိုက်ပြီး အဖွားကြီးရဲ့ အရေးအကြောင်းတွေထင်နေတဲ့ နဖူးလေးကို နမ်းဖို့လုပ်လိုက်ပါတယ် အဖိုးကြီးမျက်နှာ အဖွားကြီး
နဖူးနားရောက်လုလုမှာ အဖွားကြီး မျက်လုံးတွေပွင့်လာတော့ အဖိုးကြီးခင်မျာ ရှက်အမ်းအမ်းနဲ့ ချက်ချင်းခေါင်းကိုရုတ်လိုက်ပြီး ခုံပေါ်မှာ နောက်လှည့်ထိုင်လိုက်တယ်..ပြီးမှစကားပြောကြတဲ့
အခန်းလေး..သိပ်မိုက်တယ်ဗျာ..ဒီကားလေးကို ကြည့်ဖူးတဲ့ လူတွေလည်း ကြည့်ဖူးမှာပါ..ဆိုချင်တာကတော့ အိမ်ထောင်ဖက်တွေဟာ အသက်ကြီးလာရင် သားသမီး မြေးမြစ်တွေထက် မိမိအိမ်ထောင်ဖက်ကိုသာ အားကိုးပြီး အပြန်အလှန် အေးမြတဲ့ အချစ်နဲ့
ချစ်နေကြတော့တာပဲ..တစ်ယောက်အကြောင်း တစ်ယောက်လည်း ပိုသိကြတယ် မဟုတ်လား…..
ဒီနေရာမှာ ကိုင်ဇာရဲ့ သီချင်းလေး သွားသတိရမိပြန်ရောဗျ…..
သီချင်းနာမည်က ရွှေရတုအချစ် ဆိုလား..ကျနော်လည်း ဝါးတားတားနဲ့…
စာသားတွေလည်းအမြီးအမေါက်တည့်တည့် မမှတ်မိတော့ပါဘူး..
မှတ်မိသလောက်လေးတော့ရေးပြပါရစေ..
“မလွှဲမရှောင်သာကြုံမယ်..နောင်လာမဲ့နှစ်ပေါင်းငါးဆယ်..
ခေါင်းထက်ကဆံပင် ဖွေးဖွေးလှုပ်ကာ ..ဘာတွေညာတွေမသန်စွမ်းချိန်…
မင်းဆံပင်ဖြူဖြူပေါ် စံပါယ်ကုံးလေးပန်ပေးမယ်..မင်းပါးလေးကို ဖြေးဖြေးနမ်းမယ် ရင်တွေဘာတွေခုံပါစေ…..ခုအချိန်လိုမဟုတ်ပဲ မပူပြင်းတဲ့အချစ်နဲ့လေ..သားတို့နားမလယ် မြေးတို့နားမလယ်..
သူငယ်ပြန်တယ်ထင်လဲထင်…
အများသူငါမမြင်အောင်..စာတွေခိုးခိုးေရေးကြမယ်… အဖိုးကြီးငါ့ကို အဖွားကြီးမင်းက..မောင်တွေဘာတွေ ခေါ်ပါအုံး…”
ပြောရရင်တော့ဗျာ…ကျနော်တို့ ညီကို မောင်နှမတွေ ဘယ်လောက်ပြုစုပြုစု…
အဖေ စိတ်တိုင်းမကျဘူးဗျ..ဒါပေမဲ့ ဘာမှတော့မပြောရှာပါဘူး..ဆေးသောက်ဆိုသောက်တယ်
အစား စားဆိုစားတယ် (မနဲချော့ကျွေး တာတောင်နဲနဲပဲစားတယ်..)..အမကြီးဆိုစိတ်ကိုညစ်လို့…ကျနော်ကတော့တစ်မျိုး..
သူ့မျက်နှာကြည့်တာနဲ့ကို တစ်ခုခုစိတ်တိုင်းမကျ ဖြစ်နေမှန်း ခန့်မှန်းမိတာပါ…
ဘာရမလဲ..ကြီးမိုက်ဆိုတဲ့ကောင်က..ပေါ့သေးသေးမှမဟုတ်တာ…အပေါ်မှာပြောခဲ့ဖူးတဲ့
“ဒို့တစ်တွေ အိုမင်းကြတဲ့အခါ” ဆိုတဲ့ ရုပ်ရှင်လည်းကြည်ခဲ့ဖူးတယ်…ကိုင်ဇာဆိုခဲ့တဲ့..
“ရွှေရတုအချစ်” ဆိုတဲ့ သီချင်းလေးလဲ ခံစားနားထောင်ဖူးခဲ့တယ်…
ကိုယ်တိုင်ကလည်း အသက်ရလာပြီဆိုတော့…အိမ်ပြန်ရောက်လို့ မိန်မ မရှိတဲ့အခိုက်
သမီး သို့မဟုတ် သားလုပ်သူက ထမင်းပြင်ပေးရင်တောင် စားလို့တော့ ပြီးသွားပါရဲ့..
တစ်ခုခုလိုနေသလိုဘဲ..ခါတိုင်းလောက်အဆင်မပြေသလိုခံစားရတယ်…
ပြောရရင်တော့ဗျာ…ဖြစ်သလိုပြီးတဲ့ ထမင်းတစ်နပ်နဲ့ စိတ်ပါလက်ပါ
အရသာတွေ့တဲ့ ထမင်းတစ်နပ် ကွာသလိုပါပဲ…….
ဒါနဲ့ ကြီးမိုက် ချက်ချင်း အစီအစဉ်ဆွဲ…အမေ့ကိုသွားခေါ် တော့တာဘဲ…
ထင်တဲ့အတိုင်းပဲဗျို့…အမေလဲရောက်လာရော…အားလုံးအဆင်ပြေသွားတော့တာပဲ..
အမေက ခတ်ငေါက်ငေါက်နဲ့ ပြောသမျှ အဖေက ပြုံးပြုံးကြီး လိုက်နာနေတော့တာကိုး..
ကျွေးရခက်တဲ့ အစားကလဲ အမေကမကျွေးခင်ကတည်းက သူကတောင်းနေပြီ..
ငါဗိုက်ဆာပြီဟေ့ ကျွေးတော့တဲ့…မှတ်ကရော…
ဒီလိုနဲ့…အဖေလည်း တဖြည်းဖြည်း ကျန်းမာရေးတိုးတက်လို့လာတော့ ..
ကျနော်တို့မောင်နှမတစ်တွေစိတ်ချမ်းသာခဲ့ရပါတော့တယ်…
အဖေ ကျန်းမာရေးကောင်းလာတာတွေ့မှ..ကျနော်လည်းဂေဇက်ကို သတိရသွားတယ်..
ဂေဇက်ရွာကြီးကိုမရောက်တာကြာပါပကောလို့…
ဝန်ခံချက်။ စိတ်ကူးယဉ် ရေးဖွဲ့ထားခြင်းမဟုတ်ပါ..ကြီးမိုက်ဘဝအတွေ့အကြုံ လတ်လတ်ဆတ်ဆတ်ပါ..
အသက်အရွယ်ကြီးရင့်သူ များကို လူငယ်များက စာနာနားလည်တတ်စေရန်
စေတနာဖြင့် ကြီးမိုက်၏ဘဝအတွေ့ အကြုံမှန်ကိုတင်ပြလိုက်ရခြင်းပါ…
ဖတ်ရှု့ခံစားပေးသူအားလုံးအားကျေးဇူးဥပကာရတင်ပါဂျောင်း…
လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
51 comments
Khaing Khaing
July 25, 2012 at 4:21 pm
လေးမိုက်ကြီးရေ ……. သမီးကတော့ လေးမိုက်ပို့စ်ကိုဖတ်ပြီး ရင်ထဲမှာ စွဲကျန်တာတွေရှိတယ် …… ပထမတစ်ခုက သက်ရှိထင်ရှားရှိနေတဲ့ အဖေနဲ့အမေကို ဂရုစိုက်ဖို့နဲ့ ဒုတိယတစ်ချက်က ကိုယ်နာမကျန်းဖြစ် ချိန်ဆို သမီးက သမီးလေးတစ်ယောက်တည်းမွေးထားတော့ သူတစ်ယောက်တည်း တိုင်ပင်ဖော်မရှိဖြစ်နေမှာ ကိုစိုးရိမ်သနားမိတယ် ………..
Solid_Sn@ke
July 26, 2012 at 9:46 am
မိဘကို ပြုစုတာတော့ ပြုစုပေါ့ကွယ်..
ကိုယ့်အလှည့်ကျရင်တော့ တဦးတည်းသော သမီးငယ်လေး..ဗျာမများရအောင်
ဟိုမင်းသားကြီးဆီ ဖုန်းလေးဘာလေးကြိုဆက်ပြီး …
ခေါက်ကနဲ ဖြစ်လိုက်ပေါ့ ….
😀
Khaing Khaing
July 26, 2012 at 10:30 am
ကိုကြီးအင်ဇာဂီ သမီးကိုကြီးနဲ့သူများပို့စ်မှာ ရန်မဖြစ်ချင်ဘူးနော် …….. သမီးကိုအငြိုးနဲ့ သေစေချင်နေတာလားဟင် ……….
Solid_Sn@ke
July 26, 2012 at 10:47 am
သမီးလေးတစ်ယောက်တည်းမွေးထားတော့ သူတစ်ယောက်တည်း တိုင်ပင်ဖော်မရှိဖြစ်နေမှာ
အဲ့သလို ..အတွေးခေါင်လို့ ဝင်နောက်သွားတာပါဗျ…
ခင်ညား သာမီး က ယောက်ျား မယူတော့ ဘူးတဲ့လား …
တသက်လုံး တယောက်တည်းနေသွားတော့မှာတဲ့လား…
အဲ… သားမက်တော်ရွေးတဲ့အခါသာ … ကိုယ့်ကို
အိုမင်းမစွမ်းတဲ့အချိန်မှာ စောင့်ရှောက်မယ့် လူစားမျိုး
ရွေးမိဖို့ လိုတာပါဗျာ …
ဘဘဘလက်လို သားမက်အလိမ္မာ မျိုးရွေးပေါ့ ဗျ…
စိန်ဗိုက်ဗိုက်
July 25, 2012 at 4:29 pm
အမှန်အကန် ဖတ်လာတာဗျာ..
အောက် က ချစ်သောအဖေနဲ့အမေ..ဆေးရုံကြီးပေါ်မှာ..ကာတွန်းကြည့်ပြီး ငိုရမလို..ရီရမလို..
အတော် နောက်တဲ့ မာမီမိုက်ခ်..
အသက်ကြီးလာတဲ့ခါ လင်မယားနှစ်ယောက် မေဂျီးရေ..ဖေဂျီးရေ ဆိုပြီး တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် အပြန်လှန် ဂရုစိုက်ရင်း နေသွားရရင် သေပျော်ပါပြီဗျာ..
သားသမီးတွေနဲ ့လဲ ကီးကိုက်မှာ မဟုတ်ဘူးလေ..
🙂
etone
July 25, 2012 at 4:52 pm
ဦးမိုက်ကြီးရေ …
အဖေနေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ် ။
အသက်ကြီးတဲ့လူတွေမှာ ….. အားငယ်စိတ်လာ း ဘာလားတော့မသိပေမယ့် ..တိုင်ပင်ဖော်လိုချင်တတ်ကြတယ် ။ စကားပြောဖော်လိုချင်တတ်ကြတယ် ။ ဒါကြောင့်လည်း …. သံယောဇဉ်ရှိခဲ့သူကို ၊ ပြန်တမ်းတတတ်ကြတယ်ပေါ့ ……… ။
အခုလို အနာလည်းသိ ၊ ဆေးလည်းရှိဆိုတော့ ….. အသက်တရာကျော်အောင်နေရပါစေလို့ ဆုတောင်းပေးပါတယ် ။
amatmin
July 25, 2012 at 4:55 pm
ဦးမိုက် ပို့စ်ဖတ်ပီးဗျာ..
အမေ နဲ့အဖေကို အမြဲဘုဂလန်ု့လုပ်တတ်တုန်း..
မိသားစုနဲ့ဆို ဒေါင့်မကျိုးတုန်း ကိုယ့်စိတ်ကို ပြန်တွေ့လိုက်သဗျ…
နောက်ခါဆိုရင် ပိတ်ရက်တွေဆို ဦးမိုက်ကို
မချိန်းတော့ပါဘူးဗျာ..နော်. 🙂
အသိဝင်အောင်.သတိပေးတဲ့ပို့စ်အတွက် လက်မတချောင်း ပစ်ထောင်လိုက်ပါ၏..
ဒါနဲ့ ပြီးခါနီး ပြုံးပြုံးကြီးအဖြစ်ကတော့ ကိုယ်နဲ့မဆိုင်သလိုပဲရယ်.. 😛
ကိုရင်စည်သူ
July 25, 2012 at 5:07 pm
ဦးကြီးမိုက်ရေ.. ထိတယ်ဗျာ.. ရေလည်ဟတ်ထိတယ်..
ဦးကြီးမိုက် ရေးမယ့်ရေးတော့လဲ ကိုရင့်ရင်ထဲကို အချောင်းလိုက်ကြီးထိသွားတာ။
ကိုရင်လည်း ခုမှ ကြွေးဟောင်းကိုရော၊ ကြွေးသစ်ကိုပါ ဆပ်ဖို့
ရုန်းနေတယ်ဗျို့…
ဦးမိုက် အဖေလည်း မြန်မြန်ကျန်းမာချမ်းသာပါစေ မေတ္တာပို့ပေးပါတယ်ခင်ဗျာ… 🙂 🙂
myanmarcitizen
July 25, 2012 at 5:12 pm
ဦးမိုက်ရေ အဖေပြန်ကောင်းသွားပြီဆိုလို့ ဝမ်းသာမိကြောင်းပါ။ ဦးမိုက် ကြီးရင်တော့ ဘာမှမပူနဲ့ဗျို့ MG ကစပွန်စာလုပ်ပေးမယ် ခပ်ချောချော တောင့်တောင့် Nurse လေး ၂ ယောက်လောက်ငှားထားပေးမယ် 🙂
ဆေးပေး မီးယူပေါ့ဗျာ
Soe Naing
July 25, 2012 at 5:19 pm
Hi, Mike Gyi,
This is my first comment not only for you but also in MDL Gazette.
Hope you will know me very well.
Highly appreciate on your post that will share equal feeling to whom same experience with you, especially for me even my mother and father were passed away several years ago.
When they were hospitalized, I had have an experience same as with you and your post is drawing my tear again.
Remembering we were cycling in Pyapon and talking too much at the road side.
Carry on my friend.
blackchaw
July 25, 2012 at 6:08 pm
ကိုမိုက်ရေ..။
ဒီပို့စ်လေးအတွက် လူမှုရေးအရမဟုတ်ဘဲ
တကယ့်ကို လှိုက်လှိုက်လှဲလှဲ
ကျေနပ်အားရပါတယ် ဆိုတဲ့အကြောင်း
လေးလေးစားစား ပြောချင်ပါတယ်ဗျာ…။
ကျွန်တော်ကိုယ်တိုင်လည်း
အသက်ကြီးကြီး နှစ်စုံတွဲကြားမှာ နေထိုင်နေရတာဖြစ်လို့
ကိုမိုက်ပြောတာလေးတွေကို ခံစားမိနေတာပါ..။
ကိုမိုက်ပြောတာလေးတွေကိုလည်း ထောက်ခံသွားပါတယ်ဗျာ..။
နေ့ခင်းက ကိုမိုက်ကို သီချင်းတစ်ပုဒ်လုံး မပေးနိုင်လိုက်လို့
အခု ကွန်းမန့်ထဲကပဲ ပေးလိုက်ပါတယ်ဗျာ…။
အံ့ဩစရာကောင်းတာက ဒီသီချင်းရဲ့ တေးရေးသူက
ကျွန်တော် အင်မတန်လေးစားတဲ့ စောဘွဲ့မှူးကြီး ဖြစ်နေတာပါပဲ..။
၀ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြီးနဲ့ သီချင်းသံစဉ်စာသားလေးတွေနဲ့
မလိုက်အောင် ရေးနိုင်တဲ့ သီချင်းရေးဆရာတစ်ယောက်ပါ…။
ထပ်ပြီး တိုက်ဆိုင်ပြန်တာက ကျွန်တော်ပြောထားတဲ့
နေဆီပျံမယ့်ငှက် သီချင်းနဲ့
ကိုမိုက် ပြောထားတဲ့ ရွှေရတု အချစ် သီချင်းတွေဟာ
ကိုင်ဇာရဲ့ သီချင်းရှင်ကို ကြင်နာပါ စီးရီး ထဲမှာ
ပါခဲ့တဲ့ သီချင်းတွေပါ ကိုမိုက်ရေ…။
ရွှေရတုအချစ်
တေးရေး – စောဘွဲ့မှူး တေးဆို – ကိုင်ဇာ
VI (မလွဲမရှောင်သာ ကြုံမယ်..နောင်လာမယ့် နှစ်ပေါင်းငါးဆယ်..
ခေါင်းထက်ကဆံပင်.. ဖွေးဖွေးလှုပ်ကာ.. ဘာတွေညာတွေ မသန်စွမ်းချိန်..
မင်းအိမ်မှာဆိုလည်း အိမ်ထောင်မျိုးဆက်မြေးမြစ်တွေ..
တိုးပွားရင်းနဲ့ အများကြီးရှိလာ.. နင်ရယ်ငါရယ် နောင်တစ်ချိန်မှာ…)
VII (အခုအချိန်လိုမဟုတ်ပဲ မပူပြင်းတဲ့အချစ်နဲ့လေ
သားတို့ နားမလည်.. မြေးတို့နားမလည်.. သူငယ်ပြန်တယ်ထင်လည်းထင်..
မင်းဆံပင် ဖြူဖြူပေါ် စံပယ်ကုံးလေး ပန်ပေးမယ်..
မင်းပါးလေးကို ဖြေးဖြေးနမ်းမယ် .. ရင်တွေဘာတွေ တုန်ပါစေ…)
CHO; (rock and roll တွေ ချားချားစ် အကတွေ
ကနိုင်ခဲ့တဲ့ ဟိုးအတိတ်နဲ့တော့ စွမ်းအင်ခြင်းရယ် ဘယ်တူနိုင်မလဲ..
အဲဒီခေတ်က မလုပ်ဖြစ်ခဲ့ကြတဲ့
မေတ္တာစစ်နဲ့ ချစ်တဲ့အလုပ်ကို ဆက်လုပ်ကြမယ်..)
VIII (အများသူငါ မမြင်အောင် စာတွေခိုးခိုး ရေးကြမယ်..
အဘိုးကြီးငါ့ကို အဘွားကြီးမင်းက
မောင်တွေ ဘာတွေ ခေါ်ပါဦး..)
ကိုမိုက်ရေးခဲ့သမျှထဲမှာတော့ ဒီပို့စ် ကို အကြိုက်ဆုံးလို့
အလွန်အကျူး ပြောခွင့်ပြုပါဗျာ..။
(ရှက်တော့ ရှက်တယ်..။
လက်မလေးတစ်ချောင်း ခိုးပြီး ထောင်သွားပါတယ်ဗျာ..။)
လက်ခုတ်တီးပြီး အားပေးပါတယ်ဗျ
may flowers
July 25, 2012 at 6:12 pm
ကျွန်မခဏခဏတွေးနေခဲ့တဲ့ တွေးနေတတ်တဲ့ စကားလေးပါပဲ “ငါအိုသွားသော အခါ” ကိုလေ။
ကိုကြီးမိုက်ရေ များသောအားဖြင့် လင်မယားတွေဟာ အသက်ကြီးမှပိုခင်တွယ်လာကြတာများပါတယ်
ငယ်စဉ်တုန်းက သားရေး၊သမီးရေး ဝမ်းစာရေးအတွက်အလုပ်ရှုတ်နေကြပြီး
ပါတ်ဝန်းကျင်မှာလည်း ပြောစရာ
လုပ်စရာတွေများတော့ လင်မယားနှစ်ယောက်ဘာသိဘာသာနေကြတာများပေမဲ့ ပင်စင်ယူသွားချိန် ၊
အလုပ်အကိုင်နားချိန်၊ သားသမီးတွေလက်လွှတ်လို့ ရချိန်မှာတော့ တိုးတိုးဖော်အဖြစ်အဖိုးကြီးအဖွားကြီး
ဘဝမှာ ပိုပြီးသံယောဇဉ်ရှိလာတတ်ကြပါတယ်။ ဘေးပါတ်ဝန်းကျင်မှာ မြင်ဖူးတာပြောတာပါ..။
အရီးခင်လတ်
July 25, 2012 at 6:27 pm
ကကြီးမိုက် ရေ
ကကြီးမိုက် အဖေ သက်သာ သွားကြောင်း သိလို့ ဝမ်းသာလှပါတယ်။
ကျွန်မ သတိထားမိ တာလေး ကတော့
ကကြီးမိုက် အဖေ ဟာ အပြုသဘော ဆောင်တဲ့ အကောင်းမြင်ဝါဒီ သမားပါဘဲ။
ရှင် ကံကောင်းလှပါတယ်။
တစ်ချို့ လူကြီးတွေ အသက်ကြီးလာချိန် တဖြေးဖြေး နဲ့ ဒီပရက်ရှင် လိုလို နဲ့ အဆိုးမြင်လာတတ်ကြတယ်။
သားသမီးတွေရဲ့ ဂရုစိုက်တာ ပိုလိုချင် တာ လဲ ပါမလားဘဲ။
သူတို့ ဘက်ကနေ အလုပ်များနေလို့ နေမှာပါ ဆိုပြီး ဖြေပေး ဖို့ လိုက်မှ ၂ဖက် အကျိုးရမှာ ကို ကျွန်မ မြင်လိုက်ပါတယ်။
အမေ နဲ့ အဖေ ဒီလို အသက်အထိ တွဲ ရှိနေတာ လဲ ကုသိုလ်ကောင်း လို့ပါ။ မင်္ဂလာတစ်ပါးပါ။
ကျွန်မ တို့ အိုမင်းချိန် အတွေ့အကြုံ တွေကနေ မကောင်းတာတွေ ကို ရှောင်ပြီး ကောင်းတာ ဆောင်ဖို့ ကို ကျွန်မ တို့ သင်ခန်းစာ ရပါတယ်ရှင်။
ကိုယ်ကဘဲ ကြိုးစား ပေးပြီး ကိုယ့်ကိုပြန်ပေး ဖို့ ကို မမျှော်လင့်ဖို့ ပါဘဲ။
သူတို့ ဆီက ပြန်ရလိုခြင်း၊ ပြန်ယူလိုခြင်းမရှိဖို့ လဲ စိတ်ထားနိုင်ဖို့ ကြိုးစားရမယ်။
ဒီလို Post လေး အတွက် ကျေးဇူးပါရှင်။
ဒါထက် ကကြီးမိုက် အဖေ လဲ ကံကောင်း တယ်။
ဘုရင်မ ကို ရခဲ့လို့။
မဟုတ် ရင် မိဖုရား စကား ဆို နားထောင် မယ် မထင်နဲ့။ 😆
သန်းထွဋ်ဦး
July 25, 2012 at 8:34 pm
ကျန်းမာသက်ရှည်ပျော်ရွှင်ပါစေ။
“မလွှဲမရှောင်သာကြုံမယ်..နောင်လာမဲ့နှစ်ပေါင်းငါးဆယ်..
ခေါင်းထက်ကဆံပင် ဖွေးဖွေးလှုပ်ကာ ..ဘာတွေညာတွေမသန်စွမ်းချိန်…
မင်းဆံပင်ဖြူဖြူပေါ် စံပါယ်ကုံးလေးပန်ပေးမယ်..မင်းပါးလေးကို ဖြေးဖြေးနမ်းမယ် ရင်တွေဘာတွေခုံပါစေ…..
ခုအချိန်လိုမဟုတ်ပဲ မပူပြင်းတဲ့အချစ်နဲ့လေ..သားတို့နားမလယ် မြေးတို့နားမလယ်..
သူငယ်ပြန်တယ်ထင်လဲထင်…
အများသူငါမမြင်အောင်..စာတွေခိုးခိုးေရေးကြမယ်… အဖိုးကြီးငါ့ကို အဖွားကြီးမင်းက..မောင်တွေဘာတွေ ခေါ်ပါအုံး…”
မောင်ပေ
July 25, 2012 at 8:53 pm
အန်ကယ်ကြီးမိုက်ရေ
ဇါတ်လမ်းထဲပါ အဘိုးအိုနဲ ့အဘွားအို လို ချစ်ခြင်းမျိုးကို အရမ်းကြည်နူးသဘောကျမိတယ်ဗျာ..
အဲဒါမျိုးကမှ တစ်ကယ့် ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် နဲ ့သစ္စာရှိရှိ အိမ်ထောင်ဖက်တွေလို ့လဲ ထင်မိပါတယ်
အန်ကယ်ကြီးမိုက် ရဲ ့အဖေ လဲ အမြန်ဆုံး သက်သာ ကျန်းမာ ပျော်ရွှင်ပါစေလို ့ဆုတောင်းမေတ္တာပို ့ပါတယ်
ကြောင်လေး
July 25, 2012 at 9:12 pm
အဖေနဲ့ အမေ အသက် ဂဝ နားနီးနေပေမဲ့ ကျနော်ကတမြို့တရွာရောက်နေတော့ အမေ ရန်ကုန်ဆေးသွားပြတာတောင် မလိုက်နိုင် ၊မကြည့်နိုင်ခဲ့ဘူး၊သူများဖုန်းဆက်မှ သိရတယ်။ မိဘတွေကလည်းသားသိရင် စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောပြဘူး။ ကိုကြီးမိုက်ရဲ့ ပို့စ် ကိုဖတ်လိုက်ရတော့ အရမ်းဝမ်းနဲသွားမိတယ်၊တစ်ပတ်တစ်ခါလောက်တောင် ဖုန်းဆက်ပြီး သတင်းလေးတောင် မမေး မိတဲ့ ကိုယ့်အပစ်ကိုရှက်မိသွားတယ်။ ရင်ထဲအရမ်းထိတဲ့စာလေးမို့ လက်မထောင်သွားခဲ့ပါတယ်။ မိဘဆီကို ပုံမှန်ဖုန်းဆက်ဖို့ အသိလေးရသွားတဲ့ အတွက် ကျေးဇူးပါဗျာ။
kyeemite
July 25, 2012 at 9:18 pm
အားပေးဖတ်ရှု့ ပြီး ကွန်မန့်လေးတွေ အချိန်ယူပြီးတကူးတက ပေးကြတာ ဝမ်းသာပါသဗျာ
ကြီးမိုက်ဆိုတဲ့ကောင်ဟာ..ဖီလင်တစ်ခုခုရပီဆိုရင် အဲဒီလိုရေးလိုက်ရမှ နေသာထိုင်သာရှိသွားတာ..
အထူးသဖြင့်ကတော့ ကျနော့် စာစုလေးပေါ်မှာ ကျနော့်အဖေ အတွက် ကျန်းမာစေကြောင်းဆုတောင်းပေး
ကြတဲ့အတွက် ..အထူး အထူး ကိုကျေးဇူးတင်ကြောင်းပါ မိတ်ဆွေအပေါင်း ခင်ဗျား..
မိတ်ဆွေတွေပို့သသော မေတ္တာတွေကြောင့် ကျနော့ အဖေ မနက်ဖန် ဆေးရုံကဆင်းရမယ်လို့
ခုလေးတင်ဖုန်းရတဲ့အတွက် မိတ်ဆွေအပေါင်း ပို့သသော မေတ္တာတွေ ရောက်ကြောင်း
မှတ်လိုက်ကြပါဗျာတို့…အားလုံးကျန်းမာချမ်းသာလန်းဖြာကြပါစေ….
(အချိန်မရလို့ တစ်ဦးချင်းမပြန်ကြားနိုင်တာ နားလည်ပေးကြပါခင်ဗျား)
pooch
July 25, 2012 at 9:58 pm
ခုလိုကြားရတဲ့ အတွက် ဝမ်းသာပါတယ် ရှင်။
pooch
July 25, 2012 at 9:46 pm
ဦးကြီးမိုက်အဖေအမေ စုံတွဲက ဘိုးသက်ရှည် ဘွားသက်ရှည် စုံတွဲပေါ့။ ခုလို ဆံဖြူသွားကျိုး မြဲတဲ့ မေတ္တာက ဒီဘက်ခေတ်မှာ ရှားပါးကုန်လို အားကျစရာပါ။
ဦးကြီးမိုက်က ကံကောင်းလိုက်တာ။ ကျေးဇူးဆပ်ဖို့ ကံရှိသေးတယ်။
ကျမ အဖေက ၃ဝ ကျော်မှာ ဆုံးသွားရှာတယ် ။ အသဲရောဂါနဲ့။ အမေ တယောက်ထဲ နေလာတာ နှစ် ၂ဝ နီးပါး ရှိပြီ။
ခုတလော အမေအသက်လည်း သိပ်မကြီးပါပဲနဲ့ ရောဂါတွေ ဒီနှစ်ထဲ ပြလာတယ်။ ခုမှ ၅၂ ရှိသေးတာ။ ကျမစိတ်ထဲ အမေက ငယ်တုန်း မြန်တုန်း သန်တုန်း။
ခုပြီးခဲ့တဲ့လက ခါးကြောညပ်ပြီး ခြေထောက်ထိတာ တရွတ်ဆွဲသလို အောက်ပိုင်းလာထိလို့ အတော်လေး ကုလိုက်ရတယ်။ ပျောက်မလို့ရှိသေး အရိုးပါး ရောဂါပါ ရှိတယ် ဆိုပြီး ဆေးတွေ သောက်ရပြန်တယ်။
ခြေထောက်တွေ ရောင်လို့ လမ်းလည်း သိပ်မလျှောက်နိုင်ဘူး။ ကျမဒီရက်ပိုင်း အမေ့နားမှာ အချိန်ပြည့်ရှိသလို အိမ်အကူမထားတဲ့ ကျမတို့ အိမ်မှာ မီးဖိုချောင် တာဝန်ပါ ယူရတယ်။
အဲ့တော့မှ အမေ ဘယ်လောက်လုပ်နိုင်တယ် ဘယ်လောက်ပင်ပန်းတယ် ဆိုတာ ကျမ သိတယ်။
ဒီအချိန်မတိုင်ခင် အထိ ကျမက မီးဖိုချောင်ဆိုတာ သိပ်ဝင်လှတာ မဟုတ်။ မနက် ထိုင်ကိုယ်တော်တွေ ဆွမ်းခံကြွဖို့ အရုဏ်ဆွမ်းတို့ ပါ အစောကြီး ထချက်ရတာဆိုတော့ ညဉ့်နက်မှ အိပ်တဲ့ ကျမ ဒုက္ခတွေကို ရောက်လို့။ ခုလို လချီလာမှ အသားကျသွားတယ်။
ခုလို ရေးပြတော့ အမေ့မှာ ကျမပဲ ရှိတယ်ဆိုတာ ပိုလို့တောင် သတိပြုမိသွားတယ်။ အမေ့စိတ်ထဲ ဘယ်လို တွေးနေမယ် ခံစားမိနေမယ် ကျမ တခါမှ မတွေးမိခဲ့ဖူး။ အိမ်ထောင်ကျသွားတဲ့ ညီမထက် ကိုယ်ကပဲ အနားမှာ နေပေးရတာမို့ ဒီထက်ပို ဂရုစိုက်ရမယ် ဆိုတဲ့ စိတ်ဖြစ်လာတယ်။
ဒီပိုစ့်ကို အမေများ ဖတ်မိရင် ငိုနေမလားပဲ။ ကျမတောင် ရင်ထဲ မကောင်းဘူး။ အဖေ့ကို သတိရလို့။ အဖေသာ ဆုံးသွားတယ် ကျမ ဘာဆို ဘာမှ လုပ်ပေးခွင့် မကြုံခဲ့ပါဘူး။
padonmar
July 25, 2012 at 10:11 pm
ကိုကြီးမိုက်ရေ
ကံကောင်းလိုက်တာလို့ပြောချင်ပါတယ်။
ဒီအရွယ်ထိ မိစုံဖစုံနဲ့ နေရသေးတဲ့အတွက်၊
နားလည်ခွင့်လွှတ်တတ်တဲ့ အဖေတစ်ယောက်ရဲ့ သားဖြစ်ရတဲ့အတွက်၊
အဖေနဲ့ အမေရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့နှလုံးသားရှိတဲ့အတွက်၊
မိဘကို ပြုစုခွင့်ရနေသေးတဲ့အတွက်၊
အဖေ နေပြန်ကောင်းလာတဲ့အတွက်၊
ဒီအသက်ထိကျန်းမာပြီး ခေါက်နိုင်သေးတဲ့ အမေတစ်ယောက်ကိုပိုင်ဆိုင်ရတဲ့အတွက် ၊
သရုပ်ပီအောင်ရေးနိုင်တဲ့ လက်အတွက်၊
အားကျရင်း 7 ခုမြောက်လက်မထောင်ခဲ့ပါတယ်။
padonmar
July 25, 2012 at 10:12 pm
အမေက ငေါက်နိုင်သေးတယ်လို့ရေးတာ သတ်ပုံမှားသွားကြောင်း
surmi
July 26, 2012 at 12:15 am
ကိုမိုက်ရေ ….
ကျန်းမာတယ်ဆိုလို ့ ဝမ်းသာတယ်ဗျာ ။
ကျနော်က ခုမှရောက်တယ် ။ အကြောင်းတခုခုနဲ ့ အဲဒီဆေးရုံကိုမကြာခဏရောက်ရတော.
ဲမြင် ယောင်မိပါတယ်ဗျာ ၊ ကျွန်တော်တို.လဲ နုပျိုခြင်းကိုကျော်လွန်သွားပါပြီ ။
ဘယ်တော.သွားရမယ်မှန်းမသိတဲ.ခရီးအတွက်လဲ ကြိုပြင်သင့်ပါပြီ ။ ဒါပေမဲ. …..မှုန်ဝါးဝါးနဲ.
လမ်းဆက်လျောက်နေရတာပါဘဲ …….. ကိုမိုက်စာကိုဖတ်ပြီး အဝေးမှာရောက်နေတဲ.
အမေအိုကိုသတိယမိပါရဲ ့ဗျာ ။
TTNU
July 26, 2012 at 12:48 am
ကိုကြီးမိုက်ရေ…
I was touched!
လို့သာပြောချင်ပါတော့တယ်။အဖေ အတွက် သူနေမကောင်းနေတုန်းမှာ
သူအတွေ့ချင်ဆုံး အမေ့ ကို ခေါ်ဖို့စီစဉ်သူ ကိုကြီးမိုက်က တကယ်ကို
Thoughtful ဖြစ်လှပါတယ်။ ကျွန်မတို့ လို သက်ကြီးရွယ်အိုလူများအနီးမှာ
အဲလို တွေးခေါ်တတ်သူ၊ အကင်းပါးသူတွေ ရှိရင် အိုလမ်းခရီးဟာ ကြမ်းပေမဲ့
သိပ်ချော်မလဲတော့ဘူးပေါ့ရှင်။
ကိုကြီးမိုက်အဖေ ကျန်းမာရွှင်လန်းပါစေ၊ အမေလည်း အဖေ့ကိုပြုစုနှိုင်ဖို့
ပိုပြီး ကျန်းမာပါစေ၊ လန်းဖြာပါစေရန် ဆုတောင်းမေတ္တာပို့သလျက်။
TTNU.
Solid_Sn@ke
July 26, 2012 at 9:28 am
ဝင်မန့်တာနောက်ကျသွားတော့
အပေါ်က လူတွေ ထောင့်စုံအောင် ပြောသွားကြလို့..
မောင်ဂီ့ ဘာပြောရမှန်းတောင် မသိတော့ဘူးဗျို့…
မေ့လျော့ပေါ့ဆ စွာ အဝေးနေအနေဝေး တဲ့
ဒုက္ခအိုး တစ်ယောက်ရဲ့ ရင်ဘတ်ကို ဘုံးကနဲ လာမှန်တဲ့ ..
ရွာသူားတွေ မန့်ထားတာလေးတွေ ကုတ်ရရင်ဖြင့်…
စွာတေးမဂျီး says:
ဗိုက်ပေါက်စိန် says:
ဆုံသင်းတုံ says:
လွှတ်တော်ထဲကမဟုတ်တဲ့ ဇာတ်တော်ထဲက အကိုကြီး says:
ပင်လယ်ကိုရင် says:
အဖျော်ဆြာ ဦးလူမှောင် says:
အနောက်ကျွန်းက ဧကရီ တစ်ပါး says:
ပေါင်၂၀ဝ အေရိုးဗစ်ဆြာမ says:
မုန့်လေပွေ ဦးလေးကြီး says:
တီချာ says:
ပိုစ့်ပါအကြောင်းအရာအတွက် နောက်တခေါက် ပြန်လာပါဦးမယ်ဗျာ..
shwe kyi
July 26, 2012 at 10:33 am
အူးကြီးမိုက်ရဲ့ အဖေပြန်လည်ကျန်းမာလာပြီဆိုလို့ဝမ်းသာပါတယ်ရှင်။
အသက်ကြီးပြီဖြစ်တဲ့ မိအိုဖအိုရှိတာပေါက်ကွဲကာနီးဗုံးတလုံးကိုတထင့်ထင့်စောင့်နေရသလိုပါပဲ။
နေမကောင်းဖြစ်ပြီဆိုရင်လေပြန်ကျန်းမာပါတော့မလားဆိုပြီး ပူလောင်ရပါတယ်။
ရွှေကြည်အဖေနဲ့ရွှေကြည်နဲ့က မြေးအဖိုးလောက်အသက်ကွာပါတယ်။ အခုအဖေကအသက် တော်တော်လေးကြီးနေပါပြီ။ ဆေးတွေလည်းအမြဲသောက်ဆေးခန်းလဲအမြဲပြနေရသူပါ။
အိမ်ကိုနေ့တိုင်းဖုန်းဆက်ပြီးအဆက်အသွယ်မပြတ်အောင်နေရပါတယ်။ စိုးရိမ်စိတ်ကတော့ အမြဲအရိပ်လိုကပ်ပါနေပါတယ်။ အိမ်ကညနက်မှဖုန်းဝင်လာတဲ့အခါ ရင်ထဲမှာတဒိန်းဒိန်းပါပဲ။
အူးကြီးမိုက်အဖေနဲ့အမေအသက်ရာကျော်ရှည်ပါစေလို့…။
ahnyartamar
July 26, 2012 at 11:13 am
ကိုင်း…ကိုကြီးမိုက်ရေ…ဇာတိ၊ ဇရာ ပေါ့ဗျာ။ ရှောင်လွှဲလို့ မရတဲ့ အရာမို့လား။ မအိုခင်၊ မနာခင် အရွယ် သုံးပါးလုံးမှာ သင့်တင့်လျှောက်ပတ်အောင် နေထိုင်တတ်ရင်တော့ အိုခြင်း၊ နာခြင်းတွေကို နဲ့ ရင်ဆိုင်ရတဲ့အခါ အဆင်သင့် ဖြစ်တယ်လို့ စာတွေထဲမှာ ဖတ်ဖူးတာပဲ။ ကိုယ်တိုင် ကြုံလာရင်တော့ ဘာတွေဖြစ်လာမလဲ မသိဘူး။
ကိုကြီးမိုက် အဖေ အတွက် ဆုတောင်းပေးနေပါတယ်။ မြန်မြန် နေကောင်းပါစေလို့…………….
Ma Ei
July 26, 2012 at 11:27 am
ကိုမိုက် အဖေနဲ့ အမေ ကို
လေးစား အားကြမိပါတယ်…
ကျန်းမာကြပါစေ…
တေလေ
July 26, 2012 at 11:37 am
မိဘဟူူက ကျေးဇူးရှင်ပ
အချိန်ရှိခိုက် လုံ့လစိုက်၍
ဆပ်လိုက်ပါတော့ သူ့ကျေးဇူး
..
ကိုကြီးမိုက်ရဲ့ မိဘများ ကျန်းမာပါစေ
Gipsy
July 26, 2012 at 11:44 am
မိဘတွေရဲ့ကျေးဇူး ဘယ်လောက်ကြီးမားတယ်ဆိုတာ စာဖွဲ့လို့ မမှီနိုင်အောင်ပါ..
ကိုယ်တွေမှာ အရမ်းချစ်ရတဲ့ သားသမီးတွေ ရှိလာတော့မှပဲ..
ဪ ငါတို့ မိဘတွေဟာ ငါတို့ကို ဒီလိုပဲ အရမ်းချစ်ခဲ့ဂရုစိုက်ခဲ့မှာ ဆိုပြီး
အနှိုင်းမဲ့တဲ့ မိဘကျေးဇူးကို တဖြည်းဖြည်း သိလာခဲ့ရပါတယ် ..
ဆိုတော့..
ကျေးဇူးရှင် မိဘ များကို ကိုကြီးမိုက်လို ပြုစုစောင့်ရှောက်ခွင့် ရနုိုင်ကြပါစေ..လို့
kyeemite
July 26, 2012 at 1:30 pm
ဖတ်ရှု့ ခံစား ဝင်မန့်ပေးကြ
စာနာနားလည်ပေးကြ
မေတ္တာပို့ပေးကြသူများအားလုံး ကို ကျနော်မောင်ကြီးမိုက်က
အထူးကျေးဇူးတင်ပါဂျောင်းနဲ့..
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့
မိသားစုများနဲ့ ပျော်ရွှင်စွာ အသက်ရာကျော် နေနိုင်ကြပါစေလို့
မေတ္တာပို့သလိုက်ပါတယ်ဗျို…
~~~~~~~~~~~~~~~~~~~~
အထူးသဖြင့် ကျွန်တော်ပို့စ်လေးမှာထည့်သုံးသွားခဲ့တဲ့
ကိုင်ဇာ သီချင်း အမြီးအမါက် မတည့်တာကို
ပြည့်ပြည့်စုံစုံ ဖေါ်ပြရင်းအားဖြည့်မန့်ပေးသွားသူ..
ကျနော် ခေါ်နေကျ..ရဲဘော်ဘလက်ချောအား
ကျေးဇူးဥပကာရအထူးတင်ပါဂျောင်း..မှတ်တမ်းပြုပါရစေ…
အားလုံးကိုလေးစားချစ်ခင်တဲ့…
လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
mamanoyar
July 26, 2012 at 1:41 pm
အဖေနဲ့အမေ သားသမီးတွေ မိမိဘဝမိမိ ရပ်တည်နိုင်တဲ့အထိ
အသက်ရှင်နေတာ အရမ်းကံကောင်းကြတာပါပဲ
အဖေနဲ့အမေကို အကောင်းဆုံးကျေးဇူးဆပ်ချင်ပါတယ်
ဆပ်နိုင်အောင်လဲ ကြိုးစားသွားနေပါတယ်ရှင်
မွန်မွန်
July 26, 2012 at 1:44 pm
ဦးကြီးမိုက်ရေ…ကံကောင်းလိုက်တာလို့ပဲ ပြောချင်ပါတယ်။
အသက် ၈ဝ ကျော် မိဘတွေနဲ့ အတူတူနေနေရတာ ကံကောင်းတာပေါ့နော်။ မွန်မွန်ဆို အဖွားက အသက် ၈ဝ မှာဆုံးသွားတယ်။ အဖေက ၄၆ နှစ်မှာ ဆုံးသွားတယ်။ အဖေဆုံးသွားတဲ့အချိန်မှာ အဖေ့ကို အသေအချာပြုစုပေးချိန်၊ ကျေးဇူးဆပ်ချိန်တောင် မရခဲ့ပါဘူး။ အဖေ့အပေါ်ပြစ်မှားခဲ့တာတွေတောင် အကြွေးတင်ခဲ့ပါသေးတယ်။
နယ်မှာကျန်ခဲ့တဲ့အမေ့ကိုလည်း ပိုက်ဆံသာရောက်တာ၊ လူကတော့ တစ်နှစ်မှ တစ်ခေါက်ပဲ ရောက်တယ်။ ခေါ်ထားဖို့ကလည်း အခြေအနေကမပေးနဲ့…
ဆိုတော့ကာ.. မိဘကို ပြုစုခွင့်ရတဲ့၊ မိဘနဲ့ ဒီအချိန်အထိ အတူတူနေခွင့်ရတဲ့ ဦးကြီးကို အားကျမိပါတယ်။
မိဘကျေးဇူးကို သိတတ်ပြီး ပြန်ဆပ်တဲ့အတွက်လည်း လေးစားမိပါတယ်။
ခင်မင်ရသော…
မွန်မွန်
သူရဇော်
July 26, 2012 at 3:28 pm
လေးမိုက်ကြီးရေ လေးမိုက်ကြီးရဲ့ စားလေးတွေက ရင်ကို ထိမှန်ခဲ့ပါပကောလား…… တစ်နေ့တစ်နေ့ အလုပ်တွေထဲမှာ နစ်မြောနေတဲ့ ကျွန်တော်တို့တွေဟာ မိဘနားမှာ အချိန်ပြည့် ပြုစုခွင့်မရနိုင်ပါလားဗျာ….. ဦးမိုက်ရဲ့ အဖေပြောလိုက်တဲ့စကား သား မင်းတို့မိသားစုတွေနေကောင်းကြရဲ့လား ဆိုတော့ ရင်ကို ထိမှန်စေမှာ အသေအချာပဲဗျာ….. ဦးမိုက်ကြီး ဝဲလည်ခဲ့တဲ့ မျက်ရည်တွေဟာလဲ အရမ်းတန်ဖိုးရှိမှာပါ…..ဘာလို့လဲဆိုတော့ မိဘအေးမေတ္တာကို ရလိုက်လို့ ဝဲတဲ့မျက်ရည်တွေလေ…… လေးမိုက်ကြီးရေ ရင်ဘက်ကြီးနှင့် ခံစားသွားပါတယ်ဗျာ……..
MaMa
July 26, 2012 at 3:52 pm
ကိုကြီးမိုက်တို့များ တော်ချက်တော်။
ကိုယ့်အဖေရဲ့ လိုအပ်ချက်ကိုလည်း သိ
ကိုယ်ချင်းလည်း စာ ဆိုတော့…………. [:))]
ဖတ်ပြီး မဒမ်ကြီးမိုက်က ခပ်ဟောက်ဟောက်ပြော ကိုကြီးမိုက်က ပြုံးပြုံးကြီး ခေါင်းငြိမ့်နေတဲ့ပုံတောင် မြင်ယောင်မိပါရဲ့။
ကြောင်ဝတုတ်
July 26, 2012 at 4:03 pm
လေးမိုက်ရေ…
တကယ်တန်းပြန်စဉ်းစားကြည့်ပြန်တော့… မိဘဆိုတာလဲ အချိန်တန်ရင်အရင်ခွဲခွာသွားကြမှာပဲ… (အစဉ်အတိုင်းဆိုရင်ပေါ့)
သားသမီးဆိုတာလဲ သူ့ဘဝသူလျှောက်ကြတဲ့အခါကြရင်… နောက်ဆုံးကျန်ခဲ့ကြမှာ ဒီလင်…ဒီမယားပါပဲ…
လူကြီးတွေဆုပေးသလိုပေါ့… ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေဆိုတာလေ…
နောက်ဆုံးကိုယ့်အနားမှာ ကောင်းအတူဆိုးဘက်ကျန်နေမယ့်လူက ဒီလင်… ဒီမယားပါပဲ…
ပြောရင်းဆိုရင်းနဲ့ ရွာထဲကမိတ်ဆွေ အပျိုကြီး… လူပျိုကြီးတွေအတွက် ရင်လေးမိသကိုးဗျာ…
ကျွန်တော်တို့အသက်ကြီးသွားတဲ့အခါ…..
ကြောင်ဝတုတ်
kyeemite
July 26, 2012 at 4:06 pm
ကျနော်..စဉ်းစားကြည့်တော့…..
ဒါကတော့..မိဘတိုင်းရဲ့..တုနှိုင်းမရနိုင်တဲ့ မေတ္တာပါ..
ငတ်စရာရှိရင် ငါအရင်အငတ်ခံမယ်..
နာစရာရှိလာပြန်တော့လည်း ငါအနာခံမယ်..
စံစား ခံစားစရာတွေရှိလာရင်တော့ သားသမီးကိုအရင်သတိရကြပါတယ်..
သားသမီးတွေကသာ..သူတို့ကိုယ့်ကို ပေးခဲ့တဲ့ မေတ္တာလောက်ပြန်မပေးနိုင်ကြပါဘူး..
ဘာကြောင့်လည်းဆိုတော့..အဲဒီအချိန်မှာ မိမိမှာရှိနေပြီးဖြစ်တဲ့..သားသမီးတွေကို
မိဘမေတ္တာတွေ..အဖေအမေတို့တုံးကလိုပဲ ပေးနေရပီကိုး…အောက်ဖက်က ကိုယ့်သားသမီး
တွေနဲ့အချန်ကုန်နေရတာဆိုတော့..အထက်ဖက်ကမိဘကို အချိန်ပေးနိုင်မှု့နဲကုန်တာပေါ့လေ..
သဘာဝတရားကြီးက ကဒီလိုပဲ ပါတ်ချာလည်နေတော့တာပါဗျာ..
ကိုယ်က သားသမီးလည်းဖြစ် မိဘလည်းဖြစ်နေတော့
သိသိကြီးနဲ့ အလယ်ကောင်မှာ..လည်ထွက်နေတော့တာပါပဲ..
အားလုံးကိုလေးစါးကျေးဇူတင်လျှက်…
ကြီးမိုက်။
shwe kyi
July 26, 2012 at 4:13 pm
အူးမိုက် အူးမိုက် သတိထား သတိထား ဒီမှာရှူဆေး နှာဝလေးမှာတေ့ထား
(အူးမိုက် အလယ်မှာလည်ထွက်နေတယ်ဆိုလို့ ဟီးးးးးးးးးး စတာနော် ကန်တော့ ကန်တော့နော်)
မွန်မွန်
July 26, 2012 at 4:33 pm
မွန်မွန် အမေ့ကို ပြောနေကျစကားတစ်ခွန်းရှိတယ်။ “ကြွေးသစ်ချပေးပါ၊ ကြွေးဟောင်းပြန်ဆပ်ပေးပါမယ်” လို့… 🙂
ကျောင်းတက်တုန်းကဆို မွန်မွန့်ဝေယျာဝစ္စတွေ အကုန် လိုက်လုပ်ပေးရတာလေ။ (အခုတောင် ဝေးနေလို့… 🙂 )။ အကုန်လိုက်လုပ်ပေးနေရတာပဲ လို့ အမေက ပြောရင် အဲလို ပြန်ပြောနေကျလေ… 😛
အဲလာကြောင့်လေ…အမေ့ကို ကြွေးဟောင်းပြန်ဆပ်လို့ရအောင် ကြွေးသစ်မချဘဲ နေမလားလို့.. 😀
weiwei
July 26, 2012 at 5:05 pm
ကျွန်မ အဖေနဲ့အမေဆိုရင် အသက် ၆ဝ ပဲ ရှိသေးပေမယ့် အရမ်းချစ်ကြတယ် … ငယ်လင်ငယ်မယားတွေဆိုတော့ နားလည်မှုနဲ့ သံယောဇဉ်က သိပ်ကြီးကြပါတယ် … ကျွန်မကတော့ အားကျရုံပဲ တတ်နိုင်ပါတယ် … 😛
ကျွန်မ အိုသွားတဲ့အခါ ဆိုတာကို ယနေ့အထိ မစဉ်းစားရဲသေးပါ … 🙂
Swal Taw Ywet
July 27, 2012 at 5:12 pm
Dear Brother, Ko Kyee Mite,
Bravo and one BIG thumb UP for you.
It is a real story and it make the remembering of our BEME soldiers.
I do admire you.
I also miss my parents whom stay at Mandalay.
I informed to my parents regarding your father’s illness.
They told me that to inform you they are still remembering the period worked together at No 2 CWS ( BEME )
I could not get the chance as yours.
Please share our loving kindness to your parents, to your family and our MG villagers.
With respect,
Swal Taw Ywet.
ကိုပေါက်(မန္တလေး)
July 27, 2012 at 11:24 pm
ကိုမိုက်
အခုမှဖတ်မိတာဗျာ။
မိခင်ဖခင် အသက်ရှင်စုံညီစွာရှိခြင်းသည် မင်္ဂလာတစ်ပါး။
ဒီမင်္ဂလာလေး ပိုပို၍ အဓွန့်ရှည်စေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
ကြောင်ကြီး
July 28, 2012 at 9:49 am
ကြီးမိုက်
ကြိုက်မီး
အသိုက်ထီး
ဆိုက်ကြီးကြီးမှ
လိုချင်သူ၊
မလိမ္မာမိုက်
အိမ်ယာပိုက်
ချိန်ကာနှိုက်၍
ထိုက်ချင်သူ၊
စိန်ခေါ်လျင်
တိမ်ပေါ်လိုက်
ကြိမ်ရှာရိုက်ဖို့
စောင့်နေသူ…။
Rose Minn
July 31, 2012 at 2:05 pm
-“စလယ်ဝင်အိုးလေး ဖင်မမဲခင်”ဆိုတဲ့ အနိုင် သီချင်းလေး ဖြင့်သွားသွားသတိရမိတယ်။ လေးကြီးမိုက်ကိုလည်း အားကျတယ်။ အဖေရယ် အမေရယ်နဲ့ တူတူနေရလို့ ဒီအသက်အရွယ်ထိ။ Rose ဖြင့်မျှော်လင့်မိတာ အရမ်း အဲလိုမျိုး။ ဘယ်လောက်ပဲ ခက်ခဲမှုတွေ တွေ့တွေ့ အဖေ နဲ့ အမေ အနားမှာ ရှိရင် အင်အားကို ရှိနေတာ။ ခွဲခွာသွားမှာ ကြောက်တဲ့စိတ်က အရမ်းကို ကြီးစိုးနေခဲ့တာ။ အမေ နဲ့ အဖေ မကျန်းမာရင်ဖြင့်နေ စရာနေရာကိုမရှိဘူး။ တွယ်စရာမရှိတွယ်မိ တာပဲထင်တယ်။ အမေကတော့ Rose ရဲ့ အကြံပေးလေ။ တစ်ယောက်ယောက်များ ခရီးသွားရင် ဘာလိုနေမှန်းမသိဘူး။ ထမင်း ဝိုင်းဖြင့်တစ်ခုခုလိုနေတယ်။ စားလဲမကောင်းဘူး။ အဖေနဲ့ အမေဟာ Rose ဘဝမှာ တန်ဖိုးအကြီးဆုံးလို့၊ မရှိမဖြစ်ပါပဲ။
-လေးလေး ရဲ့အဖေ လည်းဒေါင်ဒေါင်မည် အမြန်ဆုံးကျန်းမာ လာပါစေလို့ ဆုတောင်းပေးပါတယ်။
-တစ်ခု တော့ဖြင့် ကြောက်သွားတာ က ငါအိုသွားခဲ့ရင် ဇာတ်လမ်းထဲ က အဖိုးနဲ့ အဖွား လိုဖြစ်နိုင်ပါ့မလားဆိုတဲ့ တိုင်ပင်ဖော်မရှိမှာ ကြောက်စိတ်လေးတော့ ဝင်သွားမိတာ။
char too lan
July 31, 2012 at 4:40 pm
ဦးမိုက်ပိုစ့်ကိုဖတ်ပီး စိတ်ထိခယက်တွားဒယ် ….
ခုရက်ပိုင်း အဖေနဲ့ အမေစိတ်ဆိုးပီးဇဂါးမပြောဂျဘူး
အနော်တို့လဲ ဘိုလိုလုပ်ရမလဲ မတိဘူးဂျာ………. 🙁
MaMa
July 31, 2012 at 6:41 pm
ချာတူးရေ-
အခုပိုစ့်ကို ပရင့်ထုတ်ပြီး အဖေနဲ့ အမေကို ဖတ်ခိုင်းလိုက်ပါလားးးးးးးး [:)]
ရဲစည်
July 31, 2012 at 6:56 pm
ဟင်
အလုပ်မအားလို့ မန်းဂေဇက်တောင် မဖတ်ဖြစ် မမန့်ဖြစ် တပည့်ကျော်က တွေ့ချင်တာတောင် မတွေ့ဖြစ်ဘူးပေါ့ ဟင်….
အော်
အခု အဖေ အမောဖောက်လို့ ဆေးရုံရောက်တော့မှ မန်းဂေဇက်မှာ ပို့စ်တင်နိူင်သေးတယ် ဟတ်လား
အင်း ကောင်းတယ် … ကောင်းတယ်
ဒါကြောင့်မို့လဲ နာမည်နဲ့ လူနဲ့လိုက်နေတာ ….. 😀
ဖြောင်း……….
အင် ရေးနေတုန်း ဘယ်သူနောက်က ဇက်ပိုးကို အုပ်လိုက်လဲ မသိ
ဟော
အသံပါ ထပ်ကြားတယ်
နင်လည်း ဝက်သားဒုတ်ထိုးရောင်းတော့တဲ့
အင်းပေါ့လေ
ကိုယ်ကလဲ အလိုက်ကန်းဇိုးမှ မသိတာကိုး
ကိန် ဂိန် အီ အီ….
ဪ မှားပြန်ပီဟဲ့ ခွေးအနဲ့
padonmar
August 14, 2012 at 8:08 pm
ဒေါက်ဒေါက်ဒေါက်
ဦးကြီးမိုက်ရေ
တရားဝင် ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)
အကြော်ဗန်းချပြီး လူရွှင်တော်လာလုပ်ပါ။
http://myanmargazette.net/143974
http://myanmargazette.net/143981
နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။