-ကဗျာဖတ်ခြင်း အခြေခံအကြောင်း-(ဆောင်းပါး)

ကဗျာဖတ်တတ်ချင်သူများအတွက် အဓိက အရေးကြီးဆုံးက စာတတ်မြောက်ထားဖို့ပဲ ဖြစ်ပါတယ်။ စာမတတ်မြောက်သူများအတွက် ကဗျာဖတ်တတ်ဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဖတ်ရှူသူနှင့် ကဗျာအား ဆက်သွယ်ပေးသော ကြားခံနယ်က မိမိ၏ ကိုယ်ပိုင်ဘာသာစကားဖြစ်သော စာကြောင်းများသာဖြစ်သောကြောင့်ပင်။ ထိုကြောင့် ပထမဆုံးမှာချင်တာက ကဗျာဖတ်တတ်ချင်လျှင် အနည်းဆုံးတော့ စာတတ်မြောက်ထားဖို့လိုကြောင်း ပြောလိုပါတယ်။

ဆရာ ကောင်းသန့်ရဲ့ ဒဿနစာအုပ်တစ်အုပ်မှာ မှတ်သားဖူးပါတယ်။ အဲ့ဒါက ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်းက ဘဝကောင်းဖို့ လမ်းကြောင်းပြောင်းလဲ ပေးနိုင်တယ် တဲ့။ အဲ့ဒီစာကြောင်းရဲ့အဆိုအရ ကဗျာဆိုရင် ကဗျာရဲ့ ဆိုလိုရင်းကို သိဖို့လိုသလို၊ စာဆိုရင်လည်း စာရဲ့ ဆိုလိုရင်းကို သိဖို့လိုပါတယ်။ သို့မှသာ ဖတ်သူက ရေးသားသူ၏ ရည်ရွယ်ချက်ကို ခြုံငုံသိရှိကာ နှလုံးသားအထိ အမြစ်တွယ်သွားပြီး ဘဝတိုးတက်မှုအတွက် ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အဲ့ဒီမှာ ဖတ်သူတို့အား တစ်ခု ပြောချင်တာကတော့ စကားပြေမှာ ရရှိစေသော အရာများအား ကဗျာမှာ မရှာပါနဲ့။ ဒီလိုပါပဲ။ ကဗျာမှာ ရရှိစေသောအရာများအားလည်း စကားပြေမှာ မရှာပါနဲ့လို့ ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ခုဟာ လိုင်းကွဲခြင်းကြောင့် ရည်ရွယ်ချက် သဘောတရားများက တူညီနိုင်မှာ မဟုတ်လို့ပါ။

ကဗျာကောင်း တစ်ပုဒ်ကို ဖတ်ရှူတတ်သူအတွက် ခံစားရတဲ့အရသာဟာ နတ်သုဒ္ဓါတမျှ ချိုမြလှပါတယ်။ ဒါကို ခံစားဖူးသူတိုင်း သိကြမှာပါ။ ကဗျာတစ်ပုဒ်ဟာ အရမ်းကောင်းပြီဆိုရင် နှစ်ချို့ဝိုင်လိုမျိုး ဖတ်ပါများများလေလေ အရသာပိုရှိလေလေပါပဲ။ ဒါကြောင့်မို့ ထင်ရဲ့။ ကဗျာကောင်းဟာ နှစ်တစ်သောင်းအထိ ခံတယ် လို့ အချို့သူတွေက ဆိုကြတာဖြစ်မယ်။

ဒီလို ကဗျာကောင်းမှန်းသိဖို့ကလည်း ကဗျာဖတ်တတ်ဖို့လိုပါတယ်။ ကဗျာဖတ်တတ်ဖို့ဆိုတာကလည်း ကဗျာများများ ဖတ်ရမှာပါ။ ကဗျာဖတ်သက်ကြာလာတာနှင့်အမျှ ကဗျာရဲ့ အနက်အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပါလိမ့်မယ်။ ကဗျာအဓိပ္ပာယ်ကို သိရှိလာတာနဲ့အမျှ သင်ဟာ ကဗျာများကို ခံစားတတ်လာမှာပါ။ ထိုသို့ ခံစားတတ်လာရင် သင်ဟာ ကဗျာကို ချစ်တတ်လာပါလိမ့်မယ်။ ကဗျာကို ချစ်တတ်လာတာနဲ့အမျှ သင်ဟာ ကဗျာဖတ်ခြင်းကို မဖတ်ရ မနေနိုင်အောင် စွဲလမ်းလာပါလိမ့်မယ်။ ဒါဟာ အလေ့အကျင့်ကြောင့် အလေ့အထဖြစ်တာမျိုးပါ။ ဒါဟာ ကဗျာဖတ်တတ်ချင်သူများအတွက် လှေကြီးထိုး ရိုးရိုးနည်းလမ်းလေးပါပဲ။

ဂန္တဝင်ကဗျာပဲဖြစ်ဖြစ်၊ မော်ဒန်ကဗျာပဲဖြစ်ဖြစ် ဖတ်တတ်လိုလျှင် ဤနည်းအတိုင်း ကျင့်သုံးနိုင်ပါတယ်။ ကဗျာဆိုတာက အများအားဖြင့် ရေးသူရော ဖတ်သူရော အားထုတ်မှုဖြစ်ပေါ်စေသော အရာတစ်ခုပါ။ ဒါကြောင့်ပဲ ကဗျာပညာရှင် ဂျေအယ်လိုး(စ်)က ကဗျာဖတ်သူစစ်စစ်ကိုယ်တိုင်က တစ်စိတ်တပိုင်း ကဗျာဆရာဖြစ်နေရပြီး ကဗျာကို နှစ်သက်ခံစားနိုင်ရန် ကဗျာဖတ်သူက တွေးကြံယူသော ကြိုးပမ်းမှုနဲ့ အားစိုက်ရမည်ဟု ရေးသားခဲ့တာ မှတ်သားဖူးပါတယ်။

ထိုသို့ပင် အားစိုက် ကျင့်သုံးပါသော်လည်း ကဗျာတိုင်းကို လုံးစေ့ပတ်စေ့ နားလည်းလိမ့်မည်ဟု စာရေးသူ မဆိုလိုပါ။ သို့ပါသော်လည်း အကြမ်းဖျဉ်းအားဖြင့် ကဗျာကောင်းများအား ခံစားနိုင်မည်ဖြစ်ပြီး ကဗျာဆရာ၏ အသုံးဝင်ပုံကို သတိပြုစေနိုင်မယ်ဟု ယုံကြည်မိပါတယ်။ ဗြိတိသျှကဗျာဆရာ တီအက်စ်အီလီယော့ ပြောသလိုပေါ့။ ကဗျာဆရာ၏ ကဗျာများက ကျွန်ုပ်တို့အား နည်း(၃)နည်းဖြင့် အသုံးဝင်စေပါတယ်တဲ့။ ယင်းကား…

(၁) ဘာသာစကား၏ ပြည့်စုံမှုနဲ့ လှပမှုတို့ကို ထိန်းသိမ်းနိုင်ခြင်း

(၂) ဖျော်ဖြေနိုင်ခြင်း

(၃) တစ်ခါတရံတော့ ကျွန်ုပ်တို့ မသိမြင်မိသော အရာများအား သိမြင်စေခြင်းတို့ ပင်။

ကဗျာဖတ်သူများကို ကျွန်တော်လေ့လာမိသလောက် စစဖတ်သော ကဗျာဖတ်သူအများစုဟာ အချစ်ကဗျာများသာ ရွေးဖတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အချစ်နဲ့ ပတ်သက်သော ကဗျာတွေဟာ စဖတ်စ သူတွေအတွက် အခက်အခဲမရှိ ရင်ဘတ်ထဲရောက်အောင် ခံစားနိုင်ကြလို့ပါ။ ပြောရရင် ရှိတ်စပီးယားရဲ့ စာသားလေးအတိုင်းပါပဲ။ အချစ်နဲ့ ပတ်သက်ရင် လူတိုင်းဟာ ကဗျာဆရာဖြစ်သွားတတ်တယ် ဆိုတာလေ။ ထိုနည်းတူပါပဲ။ အချစ်နဲ့ မကင်းသော လူသားတွေပီပီ နှလုံးသား စာသား အနုအရွများကို ကိုယ်တိုင်လည်း နားလည်း၊ ပြောဆို၊ ရေးသား၊ မှတ်သားဖူးသူတိုင်းမို့ အချစ်ကဗျာများဟာ ဖတ်သူတိုင်းအတွက် ရိုးရှင်းစွာ ခံစားလို့ရတာပါ။

ဒီလိုနဲ့ ကဗျာစဖတ်သူများဟာ အချစ်ကဗျာများကို ရွေးချယ်ဖတ်နေရာမှ ဖတ်သက်ကြာလာတာနဲ့အမျှ နောက်ပိုင်းမှာတော့ ဘဝကဗျာများကို တစ်ဆင့်တက်လာပါလိမ့်မယ်။ ထိုနောက်တော့ သံဝေဂကဗျာများ အတွေးကဗျာများအား စူးစမ်းစိတ်နဲ့ ဖတ်ရှုလာနိုင်မှာပါ။ ဒီထဲကမှ နားမလည်သော ကဗျာစာသားများအား နားလည်အောင် အားစိုက်ဖတ်ရှု၊ လေ့လာမှတ်သား၊ ဆွေးနွေးမေးမြန်းသူများကတော့ အားလုံးထက် တစ်ပန်းသာမှာ ကျိန်းသေပါတယ်။ ထိုသူမျိုးဟာ ကဗျာဖတ်တတ်သူ စစ်စစ်ဖြစ်သလို၊ ကဗျာဆရာစစ်စစ်လည်း ဖြစ်နိုင်ပါတယ်။

ထိုသူတို့က ကဗျာတစ်ပုဒ်ဖတ်ပြီဆိုရင်လည်း မည်သို့အသုံးချခြင်းဖြင့် ဖတ်ရမည်ကိုလည်း ကောင်းကောင်းသိနေပြီး ဖြစ်ပါတယ်။ ထိုသူတို့ ဖတ်သော နည်းများထဲမှ ကျွန်တော် သိသလောက် နည်း(၃)နည်းအား ပြောပြရလျှင်…

(၁) လေ့လာမှုဆိုင်ရာ အသိပညာရပ်များအား သုံး၍ ဖတ်ခြင်း

(၂) အတတ်ပညာပိုင်းဆိုင်ရာ အသုံးချမှုဖြင့် စူးစမ်းစိတ်သွင်း ဖတ်ခြင်း

(၃) မိမိအတွေ့အကြုံနှင့် နှိုင်းယှဉ်ကာ စဉ်းစားခြင်းများ ပြုလုပ်ကာ ဖတ်ခြင်း တို့ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် လေ့လာသိရှိမိသလောက်ပါ။ ကျန်တာတွေလည်း ရှိအုံးမယ်လို့လည်း ယုံကြည်ပါတယ်။ ယင်းအဆင့်ကား ပညာရှင်အဆင့် ကဗျာဖတ်ခြင်းပင်။

ထိုသို့ အဆင့်မီ ကဗျာဖတ်တတ်ဖို့ဆိုတာကလည်း ချက်ခြင်း လက်ငင်း မဖြစ်နိုင်ပါ။ တစ်ဆင့်ချင်း အခြေခံတွေ ကြေညက်မှ ရောက်ရှိနိုင်မယ်လို့ ယူဆပါတယ်။ သိုမို့ကြောင့် ကဗျာဖတ်တတ်လိုတယ်ဆိုလျှင် ကဗျာတွေ များများဖတ်ဖို့ အရေးကြီးကြောင်းနှင့် နားလည်းခံစားတတ်ဖို့အတွက်လည်း မရှက်မကြောက် မေးမြန်း၊ လေ့လာ၊ မှတ်သားဖို့ လိုအပ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

သိသလောက် ပြန်လည်ဝေမျှရင်း…

စေပိုင်ထွဋ်(ပုသိမ်)

8 comments

  • အလင်းဆက်

    August 1, 2012 at 6:41 pm

    စာအကြောင်း ပေအကြောင်း…..လေးတွေ.ပြောတတ်တဲ ့ ကိုပိုင် ့ကို ကျေးဇူးပါ ။

    ဆက်လက်… ဝေမဆ ပါဦး..နော့ .။
    ခင်မင်လေးစားစွာ..

    • စေပိုင်ထွဋ် (ပုသိမ်)

      August 5, 2012 at 3:24 pm

      ဟုတ်ကဲ့ပါ ကိုအလင်းဆက်
      တတ်နိုင်တဲ့ဝန်ပဲ ထမ်းနိုင်ပါတယ်….
      ခင်မင်လျှက်…

  • အလင်းဆက်

    August 1, 2012 at 6:44 pm

    စာအကြောင်း ပေအကြောင်း…..လေးတွေ.ပြောတတ်တဲ ့ ကိုပိုင် ့ကို ကျေးဇူးပါ ။

    ဆက်လက်… ဝေမျှပါဦး..နော့ .။
    ခင်မင်လေးစားစွာ..

  • amatmin

    August 1, 2012 at 7:58 pm

    အများအားဖြင့်တော့ ကဗျာတွေ ကို နှစ်သက်ပါတယ်ဗျာ..
    သေချာလေ့လာမှုပိုင်းတော့ အားနည်းသမို့..
    ကဗျာ့ဆိုလိုရင်း ကိုမထိမိတာတွေလည်း ဖြစ်တတ်ပ..
    အခုဒီပို့စ်က အတွေးလေး တချို့ ရစေတာအမှန်ပဲဗျ…
    နောက် အလားတူပို့စ်တွေ ဆက်မျှော်နေပါ့မယ်..
    ဒါနဲ့ မတွေ့ရတာ ကြာပီမှတ်တယ် နော်.

    • စေပိုင်ထွဋ် (ပုသိမ်)

      August 5, 2012 at 3:21 pm

      ဟုတ်ကဲ့ ကျွန်တော် ဖေ့ဘုတ်စ်မှာ ခြေရာနှောက်နေလို့ပါ
      သတိတရရှိတဲ့အတွက်ကျေးဇူးပါပဲ။

  • မောင်ပေ

    August 1, 2012 at 9:01 pm

    ကဗျာဖတ်ရတာ အရသာရှိသလို
    ကဗျာရေးရတာလဲ အရသာရှိပါတယ်
    ကဗျာဆရာရဲ ့ကဗျာတစ်ပုဒ် မဂ္ဂဇင်း ဂျာနယ် စာစောင်များမှာ ပုံနှိပ်ခံရပြီ ဆိုရင်
    ကိုယ်ဘာကိုပြောချင်တာလဲ ဆိုတာ ပြန်လိုက်ရှင်းဖို ့မဖြစ်နိုင်တော့ပါဘူး
    ကိုယ် ခံစားလိုက်ရတဲ့ ခံစားချက်ကို ထုဆစ်ထားတဲ့ စာသားကို စာဖတ်သူ နားလည်ပါစေ လို ့ဘဲ
    ကဗျာဆရာ မျှော်လင့်ရပါတော့မယ်

  • ဝေးလွင့်တိမ်

    August 2, 2012 at 10:12 pm

    ခေတ်ပေါ်ကဗျာ ဆရာကြီးတစ်ဦးပြောဖူးပါတယ် ….
    “ ကဗျာတစ်ပုဒ်ကိုတွေ့ရင် ပထမ တစ်ကြိမ်ဖတ်ကြည့်ပါ .. နားမလည်သေးရင် … ဒုတိယတစ်ကြိမ်ဖတ်ကြည့်ပါ …. အဲဒါမှနားမလည်သေးဘူးဆိုရင်တော့ .. သေချာပါပြီ … အဲဒီကဗျာ သင့်အတွက်မဟုတ်တော့ပါဘူးတဲ့ ..´´ ကဗျာဆိုတာ စာမဟုတ်ပါဘူး .. ။ ကဗျာတစ်ပုဒ်ရဲ့ ရသဆိုတာ အလွယ်နည်းနဲ့ပြောရင် တိုတိုလေးနဲ့ထိရမယ် အဲဒါပါပဲ။ ကဗျာဆရာတစ်ယောက်ရဲ့ကျွမ်းကျင်မှုဆိုတာ
    ၁။ စကားလုံးဖေါက်ခွဲနိုင်မှုအားပြင်းရမယ်
    ၂။ ဝေါဟာရကြွယ်ဝရမယ်
    ၃။ မိမိရေးတဲ့ကဗျာတစ်ပုဒ်က တစ်ကမ္ဘာလုံးကိုကိုယ်စားပြုရမယ်
    ၄။ အဓိပ္ပါယ် ပေါင်းမြောက်များစွာကို သိုဝှက်စွာကဗျာထဲကိုထည့်သွင်းနိုင်ရမယ်
    ၅။ မိမိရေးတဲ့ကဗျာအပေါ်မှာ ရူးသွပ်စွာ တပ်မက်မှု မာန ရှိရမယ် ။

    • စေပိုင်ထွဋ် (ပုသိမ်)

      August 5, 2012 at 3:19 pm

      ကဗျာနဲ့ ပတ်သက်လို့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက
      တစ်ခုနဲ့တစ်ခု မတူတော့ဘူးဗျ။
      ဒီနေ့နဲ့ မနက်ဖြန် ကွဲလွဲသလိုပေါ့ဗျာ။
      ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးပါ။

Leave a Reply