စီးပွားရေးသမားတစ်ဦး၏ အကျင့်စာရိတ္တ

manawphyulayAugust 6, 20121min17012

အကျင့်စာရိတ္တက စကားလုံးများထက် တာသွားလှပေသည်။ အပွေးမြင် အပင်သိဆိုသလို သင့်ဘဝ အခြေအနေ ကို ကြည့်ကာ သင်မည်သူဖြစ်သည်ဆိုသည်ကို ဆုံးဖြတ်နိုင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ရဲ့ လုပ်ငန်းတစ်ခု စတင် တည်ထောင်တော့မယ်ဆိုရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို ဦးစွာ အာရုံစူးစိုက်ရပါမယ်။ အကျင့်စာရိတ္တဆိုသည်မှာ ကျွန်မတို့ အမှန်တကယ် ပြုမူလုပ်ဆောင်နေသော အရာများကို ဆိုလိုပါတယ်။ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ အကျင့်စာရိတ္တကို သိနိုင်မည်။ ကျွန်မတို့ လူဘဝဖြစ်တည်လာမည့် နေရာ၊ မိဘ၊ ကလေးဘဝ စသည်တို့ကို မရွေးချယ်နိုင်ပါ။ ယင်းအပြင် ကျွန်မတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ ထူးချွန်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့ကို မရွေးချယ်နိုင်ပါ။ သို့သော် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကိုမူ ရွေးချယ်မှု ပြုနိုင်ပါတယ်။

တကယ်တော့ အကျင့်စာရိတ္တကောင်းများက တာရှည်ခံတဲ့ အောင်မြင်မှုများကို ပေးစွမ်းပါလိမ့်မယ်။ သင့်အကျင့်စရိုက်များက သင့်ဘဝကို တည့်မတ်ပေးနိုင်သလို ဖြိုဖျက်ပစ်နိုင်ပါတယ်။ အနှေးနှင့် အမြန်ဆိုသလို သင့် အကျင့်စာရိတ္တများ ဗူးပေါ်သကဲ့သို့ ပေါ်လာပြီး သင် စိုက်သည့်အတိုင်း ရိတ်ရမှာပါ။ တကယ့်အခက်အခဲ အကြပ်အတည်း ဖိစီးမှုတွေနဲ့ ကြုံတွေ့လာခဲ့ချိန်မှာ သင့်အကျင့်စာရိတ္တအမှန်က သင့်ကို တည့်မတ်သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ပေးမည်ဖြစ်ပြီး တဖြည်းဖြည်းချင်း ဖြတ်သန်းကျော်လွှားသွားခွင့်ကို ပေးပါတယ်။ တစ်ခါတလေ ပြုပြင်သင့်သည်များကို ပြုပြင်ဖို့ လိုပါတယ်။ ဒီလိုအချိန်ကျရင် ကျွန်မတို့ရဲ့ အကျင့်စာရိတ္တကို ပိုမိုကောင်းမွန်လာစေရန် မည်ကဲ့သို့ ပြုကျင့်ရ မည်နည်း။ အချက် သုံးချက်ပဲ အရင်ရှာဖွေပါ။
တစ်အချက်က အားနည်းချက်များကို ရှာထားပါ။
နှစ်အချက်က နောင်တရပါ။
သုံးအချက်က ဘဝသစ်ကို စတင်ပါ
လို့ ပြောပါရစေ။
သင်မှာ မည်သည့်အားနည်းချက်မျိုး ရှိနေတယ်၊ သင့်ဝန်းကျင်မှ သူများအောက် နိမ့်ကျနေသော အရာများကို အချိန်ယူကာ ပြန်စဉ်းစားပါ။ စွဲနေသော အမှားများကို တွေ့အောင်ရှာကာ သင် သိရှိသဘောပေါက်လျှင် ဝန်ခံပါ၊ နောက်တရပါ။ သင့်အားနည်းချက် များ၏ အကျိုးဆက်ကို ခံယူပါ။ ပြီးလျှင် ဘဝအသစ်ကို စတင်ပါ။ ကောင်းသော အကျင့်စရိုက် လက္ခဏာများ စတင်ပြုကျင့်ပါ။ မှန်ကန်သော လမ်းကြောင်းဖြင့် အမှားအမှန်ကို ဝေဖန်ထောက်ရှုပြီး ပြုပြင်ပြောင်းလဲ သွားကြမယ်ဆိုရင်တော့ ပိုမို တိုးတက်ကောင်းမွန်လာမယ်လို့ ကျွန်မ မြင်မိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အောင်မြင်သော စီးပွားရေးသမား တစ်ဦးသည် သူ၏ လုပ်ငန်းအပေါ် အပြည့်အဝ တာဝန်ယူတတ်ရပါမယ်။ သူ တာဝန်ယူ လုပ်ကိုင်သည့် မည်သည့် အလုပ်ကိုမဆို အောင်အောင်မြင်မြင် လုပ်တတ်ရပါမယ်။ မည်သူမဆို ကိုယ့်တာဝန် ကိုယ် ကျေပွန်အောင် လုပ်ဆောင်မယ် ဆိုရင်တော့ လုပ်ငန်းတွေမှာ တိုးတက်ပြီး ပျော်ရွှင်တဲ့ဘဝလေးတွေ ပိုင်ဆိုင်ကြရမှာပါ။ ဒီတော့ ဘယ်အရာတွေကို သတိပြုရမလဲဆိုတာ ကျွန်မ သိသလောက်လေး ပြောပြပါဦးမယ်။
၁။ မိမိအမှားကို ဝန်ခံပါ။
၂။ လုပ်ငန်းပျက်ကွက်မှု မရှိခြင်း
၃။ ငွေအပို မသုံးခြင်း
၄။ အသေးစိတ်ကအစ ပြန်လှန်စစ်ဆေးတတ်ခြင်း
၅။ တိကျသော အနာဂတ်ထားရှိခြင်း
၆။ တစ်ပါးသူကို အမှီသဟဲ မပြုခြင်း
၇။ ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ရန် ခဲရင်းသော်လည်း တုန်လှုပ်မှု မရှိခြင်း
၈။ အစပြုခဲ့သည့်အရာများကို လက်စသတ်တတ်ခြင်း
ဆိုတဲ့ အကြောင်းလေးတွေကိုသာ လိုက်နာနေတယ်ဆိုရင်တော့ သင်ဟာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦးဆိုတာ ယုံမှားသံသယမရှိတော့ပါဘူး။
သင့်လုပ်ငန်းကို အောင်မြင်သင့်သလောက် မအောင်မြင်ရန် ဟန့်တားနေသည့်အရာမှာ စိုးရွံ့ထိတ်လန့်တတ် ခြင်းပင် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းအောင်မြင် အဆင်ပြေရန် ကြီးမားသော တံတိုင်းဖြစ်သည့် စိုးရွံ့ကြောက်ရွံ့ခြင်း ဆိုသည့် တံတိုင်းကို ကျော်ဖြတ်ရပါမည်။ သင်မှာ ရင်ဆိုင်ရဲသည့် သတ္တိ အမှန်ပင် မွေးမြူနိုင်ပြီးဆိုရင် သင့်ဘဝ စတင် နိုင်ပြီလို့ မှတ်ထားလိုက်ပါ။ အများစုမှာ အန္တရာယ်ကင်းကင်းနှင့် မိမိ၏အားကို မစိုက်ထုတ်ဘဲ လုပ်သားများ ငှားရမ်းကာ အလုပ်လုပ်လိုကြပါတယ်။ စွန့်စားခြင်းကို ပြုသည့် ခြေလှမ်းကို မလှမ်းရဲလျှင် ရှေ့တွင် စောင့်နေသည့် အခွင့်အလမ်း များအား လက်လွတ်ဆုံးရှုံးရပါမယ်။ လူအတော်များများက ပေါ်ပေါက်လာမည့် အခွင့်အရေးများကို တစ်ဖက်သတ် စောင့်မျှော်လျက်ရှိကြတာကို တွေ့ရှိရပါတယ်။ သို့သော် ကျွန်မတို့သည် အခွင့်အရေးကို ကိုယ်တိုင်ဖန်တီးသူနှင့် အခွင့်အရေးများ ကျွန်မတို့အပေါ်သို့ သက်ရောက်လာရန် ကိုယ်တိုင်ပြုလုပ်နိုင်သူများ ဖြစ်ပါတယ်။ အမှန်တကယ်တော့ အခြားသူများက သင့်ကို တွန်းအားပေးမည့်အဖြစ်၊ လက်ခံမည့်အဖြစ်၊ အကူအညီတို့ကို စောင့်မနေဘဲ သင်က စတင် လှုပ်ရှားပါ။ ခုရှုပ်မှ နောင်ရှင်းဆိုသည့်အတိုင်း နောင်ဖြစ်လာမည့် ပြဿနာများအတွက် ယခုကတည်းက ကြိုတင် ရှင်းထုတ်လိုက်ပါ။
စွန့်ဦးတီထွင်ကြသူများသည် အမှားများ၊ ပြဿနာများနှင့် အများဆုံးကြုံတွေ့ကြရသူများဖြစ်ပြီး အောင်မြင်ခြင်း အသီးအပွင့်ကိုလည်း စံစားကြရပါတယ်။ လုပ်ငန်းတစ်ခုလုပ်တာပဲဖြစ်ဖြစ်၊ စီးပွားရေးတစ်ခုကို စတင်တော့မည့်သူပဲဖြစ်ဖြစ် အရင်ဆုံး သင်ဘာလိုချင်သည်ကို သင်ကိုယ်တိုင် သိနေရပါမယ်။ အပြင်ပန်းမှ အလုပ်များကို ချောမွတ်အောင် ဦးစွာ လုပ်ပါ။ သင်လည်း ဝင်ဆန့်နိုင်စေပါ။ ပြီးမှ သင်၏အိမ်ကို တည်ဆောက်ပါ။ လက်တွေ့လုပ်ဆောင်ဖို့ တွန်းအားပေးပါ။ ကျွန်မတို့ရဲ့ လုပ်ငန်းအခြေအနေ တည်ငြိမ်ရေးကို ဦးစားပေးပြီးမှ ကျွန်မတို့ရဲ့ကိုယ်ရေးကိုယ်တာနှင့် အိမ်တွင်းရေးကို ပို၍ သာယာအောင် စွမ်းဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ စွန့်စားခြင်းတွေကိုလည်း လုပ်ဆောင်ဖို့ရန် မိမိကိုယ်၌ ဆန္ဒရှိဖို့ လိုအပ်လှပါတယ်။ နောက်တစ်ချက်ကတော့ မှားရဲပါ။ အမှားသိပြီး အမှန်ပြင်နိုင်ဖို့ ကြိုးစားစေချင်ပါတယ်။
စွန့်ဦးတီထွင် ဦးရဲမြင့်ပြောသော စကားများလည်း ပြန်လည်တင်ပြချင်ပါသေးတယ်။
ကိုယ်ကျင့်တရား လက္ခဏာ (၂) ခုကတော့
၁။ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး၊ ယဉ်ကျေးတာနဲ့ ရိုင်းစိုင်းတာကို ခွဲခြားသိတဲ့ အရည်အချင်း။
၂။ မှန်တာ၊ ကောင်းတာ၊ ယဉ်ကျေးတာကို လုပ်ဖို့ သန္နိဌာန်ပဲ ဖြစ်တယ် လို့ ပြောပါတယ်။

နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက်-
စီးပွားရေးလုပ်ငန်းတစ်ခု ကြီးပွားတိုးတက်ဖို့အတွက်-
မိသားစုတစ်စုကြီးပွားတိုးတက်ဖို့အတွက်-
– ကိုယ်ကျင့်သီလဆိုတဲ့ အုတ်မြစ်ပေါ် တည်ဆောက်ရမယ်။
– ဒီကိုယ်ကျင့်သီလဟာ ကြီးပွားတိုးတက်ဖို့အတွက် အဓိက အစိတ်အပိုင်းဘဲ။
– အဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့ တစ်ခုတည်းသော အာမခံချက်ဘဲ။

လုပ်ငန်းလုပ်ဆောင်စဉ် မလုပ်မဖြစ် လုပ်ဆောင်တတ်ရမည့် အရာမှာ စုစည်းဦးဆောင်တတ်ရန် ဖြစ်ပါတယ်။ အရာရာကို စည်းစနစ်တကျ ထားရှိတတ်ခြင်းသည် သင့်လုပ်ငန်းကို ပို၍ လွယ်ကူချောမွတ်စွာ လည်ပတ်စေပါတယ်။ ကိုယ့်လုပ်ငန်းကို ကျစ်ကျစ်လစ်လစ် ဖွဲ့စည်းတည်ဆောက်တတ်ဖို့ အရေးကြီးပါတယ်။ သင် ပိုင်ဆိုင်သည့်အရာများကို စာရင်းအတိအကျသိခြင်း၊ သင့်လုပ်ငန်းတည်ရာ၏ ပတ်ဝန်းကျင်အနေအထားများကို လေ့လာခြင်း၊ သင့်စားသုံးသူများ၏ အမှာစာများ စာရင်းကို တိတိကျကျ ထားသိုမှတ်ထားခြင်း၊ နောက် ရှင်းလင်းကာ နားလည်လွယ်သည့် အလုပ် ညွှန်ကြားချက်များနှင့် သင့်ဝန်ထမ်းများရဲ့ အဝင်အထွက် စာရင်းများကိုလည်း ပြုစုရေးသားထားဖို့ လိုပါတယ်။ လူအများကို စုစည်းဦးဆောင်နိုင်သည့် အရည်အသွေးသည် အခြားသော အရည်အသွေးများကဲ့သို့ တစ်စတစ်စ တိုးပွားလာစေရန် ပြုလုပ်ယူနိုင်ပါတယ်။ ဒီအပိုင်းမှာဆိုရင် သင်က အားနည်းသည်ဆိုရင် ထိုအရာကို ရှောင်တိမ်းခြင်းမပြုဘဲ တိုးတက်အောင် လုပ်ဆောင်စေချင်ပါတယ်။ ဦးစီးဦးဆောင်မှုအရာ၌ ကျွမ်းကျင်သူအား အားကိုးကာ သင့်လုပ်ငန်းတိုးတက်ရေးအတွက် ကြီးကြပ် အကြံပြုဖို့ တိုက်တွန်းပါတယ်။ သတိကြီးစွာ ထားပြီး ဆက်လက်လုပ်ဆောင်သွားရင်း သင်ယူသွားမယ်ဆိုရင် တော့ သင်ရဲ့ ဦးစီးဦးဆောင်နိုင်တဲ့ အရည်အချင်းတွေ တိုးတက်လာမယ်လို့ ကျွန်မ ပြောပါရစေ။
ပညာရှင်တစ်ဦး၏ ဖွင့်ဆိုချက်လေးကလည်း မှတ်သားစရာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
`ပညာရေး´ ဆိုတာ နိုင်ငံသားကောင်း (Good Citizen) မွေးထုတ်ခြင်းကို ရှေးဂရိခေတ်မှသည် မျက်မှောက်ခေတ် ပညာရေး ဒဿနထိ လက်ခံထားပါသည်။
– `နိုင်ငံသားကောင်း´ ဆိုတာ `ကိုယ်ကျင့်တရား´ (Ethics) ကောင်းပြီး နိုင်ငံအကျိုး၊ အများအကျိုးကို လိုလားတဲ့ စိတ်ထား အခြေခံပြီး အလုပ်လုပ်တဲ့သူပါ။
Message : ကိုယ်ကျင့်တရားကောင်းမှ နိုင်ငံ့သားကောင်း ဖြစ်ပါမည်။
ဂုဏ်သိက္ခာ
`ကိုယ့်မှာရှိတာလေးနဲ့ လောက်အောင်နေတာလောက် အထင်ကြီးစရာကောင်းတဲ့ ဂုဏ်သိက္ခာမရှိဘူး။

(There is no dignity quite so impressive as living within your means)
Calvin Coolidge
(30th President of USA)

အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တွေကို ကြည့်မယ်ဆိုရင် ဘာကြောင့် အောင်မြင်ကြသနည်း။ ဘယ်အရာ က သူတို့မှာ ပိုမိုတိုးတက်အောင် ကြံဆောင်ပေးနေသလဲ။ ကျွန်မ လေ့လာမိသလောက် ပြောရရင်ဖြင့် အောင်မြင်သည် ဆိုသူများသည် အခြားတစ်ပါးသော သူများထံမှ ကြိုးကြိုးနွံနွံ သင်ယူခံကြသူများ ဖြစ်ကြပါတယ်။ စိတ်နူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြပါတယ်။ စိတ်နှလုံးနှိမ့်ချတတ်သောသူများက အများအားဖြင့် နားထောင်ပြီး ရှင်သန်ကြီးထွား နိုင်ကြပါတယ်။ နှိမ့်ချခြင်းဆိုတာမှာလည်း အတိုင်းအတာ အကန့်အသတ်လေးတွေ ရှိကြပါတယ်။ အခြားသူတွေကို သူတို့က စုံလုံးပစ် မှီခိုခြင်း မဟုတ်ကြပါဘူး။ နှိမ့်ချလိုက်ခြင်း၊ ကြိုးနွံခြင်းတို့ရဲ့ နောက်ကွယ် မှာ သင်ယူရန်၊ တိုးတက်ရန် လက်စဖွင့်လိုက်ခြင်းတွေသာ ဖြစ်ကြပါတယ်။ နှိမ့်ချခြင်းဟာ လူအများနှင့် ပေါင်းသင်း ဆက်ဆံမှုအတွက် ပေါင်းကူး တံတားကြီးပင် ဖြစ်ပါတော့တယ်။

မနောဖြူလေး
၁၂.၇.၂၀၁၂
myanmarict journal တွင် ဖော်ပြပါရှိပြီး ဖြစ်ပါသည်။

12 comments

  • ko khin kha

    August 6, 2012 at 11:49 am

    ဖတ်ရတာကောင်းသလို သိချင်တာတွေလည်းအများကြီး သိခဲ့ရပါတယ်။ အဲဒီထဲမှာ-

    အချက် သုံးချက်ပဲ အရင်ရှာဖွေပါ။
    တစ်အချက်က အားနည်းချက်များကို ရှာထားပါ။
    နှစ်အချက်က နောင်တရပါ။
    သုံးအချက်က ဘဝသစ်ကို စတင်ပါလို့ ပြောပါရစေ။

    တခါတရံ အလုပ်တစ်ခုမစမှီ အားနည်းချက်ကိုတွေးမိပြီး ဝန်ထမ်းတွေမှာ ကိုယ်ပိုင်တနိုင်တပိုင်လုပ်ဖို့တောင် တွန့်ဆုတ်မှု့ ခြေတုံချတုံဖြစ်မှု့ကြုံကြရင်း လခစားဝန်ထမ်းနဲ့ဘဲ နေသွားဖြစ်တာရှိတတ်တယ်နော်၊ ဒါကြောင့် တခါတလေလည်း အရမ်းကြီး မစဉ်စားသင့်တာတွေ စီပွားရေးလောကမှာရှိနိုင်ပါတယ်။

    • manawphyulay

      August 6, 2012 at 11:59 am

      ဟုတ်ကဲ့ပါရှင်… နည်းနည်းသိတာလေး ဆွေးနွေးထားတာပါရှင်။ ဝေဖန်သုံးသပ် ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

  • htoosan

    August 6, 2012 at 6:19 pm

    မနောရေ ..မြန်မာပြည်က အောင်မြင်နေတယ်လို့ ပြောရမဲ့ စီးပွားရေး သမား များ နဲ့ ကိုက်ညီရဲ့လား ယှဉ်ထိုး ကြည့်မိလားဟင် …

  • မောင်သုည

    August 6, 2012 at 11:19 pm

    မနောရေ…မှန်ကန်သောအတွေးအခေါ် ကောင်းလေးတွေရရှိလာအောင် တင်ပြပေးနိုင်တဲ့ ပိုစ့်လေးပါပဲ…
    တန်ဖိုးရှိလှပါပေတယ်…
    အချက်သုံးချက်ကတော့ ကျနော့်အတွက် အမှန်ကန်ဆုံးပါပဲ…
    မိမိရဲ့အားနည်းချက်တွေကိုရှာထားပါ…
    နောင်တရပါ…။
    ဘဝသစ်ကိုပြန်လည်စတင်ခြင်းပါပဲ…။
    အမှားကိုသိပြီးမှ အမှန်ကိုမြင်နိုင်မှာပါ…
    အစဉ်အမြဲလေးစားခင်မင်တတ်သော…
    အညတရ(မောင်သုည)

  • shwe kyi

    August 7, 2012 at 9:46 am

    အစ်မရေ ဒီပို့စ်လေးကို ပရင့်ထုတ်ပြီးညီမတို့သူဌေးကိုသွားပြလိုက်ချင်တယ် အဟဲ တခါတည်းပြုတ်ရော။
    အစ်မရေသိပ်ကောင်းပါတယ်စီးပွားရေးသမားတွေတင်မကပဲညီမတို့လိုဝန်ထမ်းတွေအတွက်လည်းမှတ်သားစရာပါပဲ။

  • ကြည်ဆောင်း

    August 7, 2012 at 11:57 am

    {ကိုယ်ကျင့်တရားကောင်းမှ နိုင်ငံ့သားကောင်း ဖြစ်ပါမည်။}
    မှန်ပါတယ်မနောရေ …
    ပေးချင်တဲ့ message လေးအတွက်ကျေးဇူးပါ…
    ကိုယ်ကျင့်တရားကောင်း ဖို့က အရင်ဆုံးစိတ်ထားကောင်းဖို့တော့လိုမယ်ထင်ပါရဲ့ …
    စိတ်ထားအခြေခံကောင်းပြီဆိုရင်လည်း တွေးခေါ်မြော်မြင်တတ်ဖို့လဲ ထပ်လိုမယ် ထင်သေးရဲ့…
    တချို့တွေကစိတ်ထားကောင်းပေမဲ့ သိပ်ကောင်းကောင်းမတွေးတတ်တာ တွေ့ဘူးလို့လေ…
    နားလည်သလောက်လေး ဝင်ဆွေးနွေးကြည့်မိတာပါ …..။

  • နွေဦး

    August 7, 2012 at 12:28 pm

    မနောရေ..
    အောင်မြင်တဲ့ စီးပွါးရေးသမား တယောက် ဆို..သူ့ရဲ့ လုပ်ငန်းအပေါ် အပြည့်အဝတာဝန်ယူရမယ်လို့ ဆိုချင်တာလား..။
    စီပွားရေးသမားတယောက်အနေနဲ့က သူ့ရဲ့ လုပ်ရပ်တွေ အပေါ်မှာ တာဝန်အပြည့် တာဝန်ယူကြရပါတယ် (မြန်မာပြည်က မပါ)။
    စီးပွားရေးသမားနဲ့ လုပ်ငန်းရှင်နဲ့ ကလဲ မတူပါဘူး ။
    စီးပွားရေးသမားလို့ပြောရင် သူဟာရောင်းဝယ်ဖေါက်ကား ကုန်သွယ်မှုတွေနဲ့ စီးပွားရှာသူလို့ အဓိပ္ပါယ် ဖွင့်ရမှာပါ ။
    လုပ်ငန်းရှင် ဆိုတာကတော့ ရောင်းဝယ်ဖေါက်ကား ကုန်သွယ်မှုပြုလုပ်ရန် ပစ္စည်းများကို ထုတ်လုပ် ရှာဖွေသူလို့ ဆိုရမှာပါ ။
    ဒီလူ ၂မျိုးရဲ့ ခံယူချက်နဲ့ စိတ်ထား မတူတာတွေ အများကြီးရှိပါတယ် ။
    ကြားဖူးတယ်မဟုတ်လား ပုံပြင်တခုပေါ့ ။သားရေ ကုန်သည်နဲ့ စပါးကုန်သည် ကုန်ဝယ်သွားတော့ ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းကြတယ်လေ ။ ဒီမှာ ဘုန်းကြီးက စပါးကုန်သည်ကို အိပ်ယာကောင်းကောင်းနဲ့သိပ်ပြီး သားရေကုန်သည်ကိုတော့ ခပ်ညံ့ညံ့ အိပ်ယာမှာ သိပ်တယ် ။အပြန်ခရီးကြတော့ သားရေကုန်သည်ကို အိပ်ယာကောင်းကောင်းနဲ့ အိပ်စေပြီး စပါးကုန်သည်ကိုတော့ နိမ့်ကျတဲ့နေရာမှာ အိပ်စေပြန်တယ် ။ဘုန်းကြီးရဲ့ သဘောက ကုန်သည်တွေရဲ့ စိတ်နေသဘောထားကို မူတည်ပြီး သူတို့ကို ဆက်ဆံတယ်လို့ ပြောပြထားတဲ့ ပုံလေးပေါ့ ။
    ဒီလိုဘဲလေ စီပွားရေးသမားတွေဟာ သူတို့ ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝန်း အလိုက် စိတ်ထားတွေက ပြောင်းလဲသွားကြတတ်တယ် ။
    လုပ်ငန်းရှင်တွေကြတော့ သူတို့ထုတ်လုပ်တဲ့ ပစ္စည်းရဲ့ အမျိုးအစားအလိုက် သူတို့ထုတ်တဲ့ပစ္စည်းကိုသုံးစွဲသူအလိုက် သူတို့ရဲ့ စိတ်ဓါတ်ဟာပြောင်းလဲသွားတယ် ။
    နဂိုက ကိုယ်ရဲ့လုပ်ငန်းအတွက် ဘယ်လိုဖြင့်လုပ်လိုက်မယ်လို့ ကြိုတင်ပြင်ဆင်ပြီး တကယ့်လုပ်ငန်းထဲရောက်တော့လဲ လုပ်ငန်းရဲ့သဘာဝ လုပ်ငန်း လိုအပ်ချက်တွေနဲ့ လိုက်လျှောညီထွေ စိတ်ဓါတ်တွေက ပြောင်းကုန်တာပါဘဲ ။
    တခုတော့ရှိတာပေါ့ ကိုယ်က အကောင်းဆုံးလို့ ကြိုတင်တွေးထားခဲ့တာတွေဟာ အနည်းအကျဉ်းတော့ အထောက်ကူ ပြုပါတယ် ။
    တနှစ်လုံးသင်ထားသမျှ စာတွေက စာမေးပွဲ မေးခွန်းအတွက်တော့ အထောက်အကူ ဖြစ်သလိုပေါ့ ။ အားလုံးတော့ ဘယ်ပါနိုင်မလဲနော်…။

    ဆောင်းပါးက ဖတ်ရတာကောင်းပါတယ် ဗဟုသုတလဲရပါတယ် ။
    တွေးမိသလိုလေး ရေးလိုက်တာပါ ။
    နွေဦး။

    • manawphyulay

      August 7, 2012 at 1:09 pm

      ခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးပါနွေဦးရေ…. ဆက်လက်ပြီးလည်း အားလုံးဝိုင်းဝန်းဆွေးနွေးပေးစေချင်ပါတယ်။

  • etone

    August 7, 2012 at 3:12 pm

    အစ်မ မနောရေ ……

    ကြုံနေ တွေ့နေရတဲ့အခြေနေတွေကို လိုက်ပြီးပြောရလျှင်လေ .. စီးပွားရေးသမား အများစုက .. အကျင့်စာရိတ္တ ဘာဘာညာညာထက် .. သူတို့ လုပ်ငန်းအရှိန်ဟုတ်ပြင်းပြင်း လည်ပတ်ဖို့လောက်သာ စိတ်ဝင်စားကြသလိုပဲနော် … ။

    ဘယ်သူသေသေ .. ငတေမာလျှင်ပြီးရောဆိုတဲ့ .. အပေါ်ဖား အောက်ဖိ စိတ်ဓါတ်တွေနဲ ့……. အကျင့်စာရိတ္တတွေဟန်လုပ်ရှိုးထုတ်ပြီး လူကြီးလူကောင်းလုပ်နေတဲ့ စီးပွားရေး သမားတွေ အများကြီးရှိပါတယ် …. ။

    ကမာ္ဘကြီးပြားပါတယ်လို့ ဖင်ပိတ်ငြင်းပြီး ၊ လက်အောက်က လူတိုင်းကို ကမာ္ဘကြီးပြားပါတယ်ဆိုတဲ့ အသိမှား ၊ အယူမှားတာမျိုးဖြစ်အောင် … ၊ ငထုံ ငထိုင်းတွေဖြစ်အောင် လှည့်ကွက်သုံးပြီး ….. ယဉ်ပါးစွာ လက်သပ်မွေးနေတဲ့ စီးပွားရေး သမားတွေလည်း ရှိတယ် ။

    သစ်တပင်ကောင်းလို့ ငှက်တသောင်းနားနိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ၊ သီလ သမ္မာဓိရှိရှိ လုပ်ကိုင်နေကြတဲ့ စီးပွားရေးသမားတွေလည်း ရှိတယ် ….. ။

    စီးပွားရေးသမားအများစုထဲမှာမှ ….. (နှိပ်ကွပ်တာမဟုတ်ပါဘူး … ဂယ်ပြောဒါဘာ) မြန်မာနိုင်ငံသား နဲ့ နိုင်ငံခြားသားတွေရဲ့ …. အကျင့်ချင်းတောင် မတူဘူး ….. ။ မြန်မာအများစုက ….. အထက်အောက်ဆက်ဆံရေးကို အလေးမထားကြဘူး …. ငါက ပိုင်ရှင် ငါလက်ငြိုးညွှန်ရာ ရေဖြစ်ရမယ်ဆိုတဲ့စိတ်မျိုး 90%လောက် ဖြစ်နေကြတယ် … ။ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေကတော့ …. ဝန်ထမ်းပေမယ့် … မတူတဲ့ အိုင်ဒီယာမျိုးရှိလျှင် .. အင်ဗိုက်လုပ်ပြီး ဆွေးနွေးကြည့်တယ် ….. လက်ခံလို့ ရလျှင် လက်ခံတယ် …. သူဌေးဆိုပြီး ဘဝင်ကြီးမြင့်ပြီး ကိုယ့်ကျင့်သိက္ခာတွေ စာရိတ္တ သီလ သမာဓိတွေဗန်းပြီးပြီး …. တသီးတသန့်ခွဲ ထွက်မနေဘူး ။ .. ဟီးဟီး … ပို့စ်ဆိုလိုရင်းကတမျိုး … ဒီကပြောတာ တမျိုး .. လမ်းတွေချော်ကုန်ပြီ … တကယ်ပြောချင်တာက ….
    အရေခြုံ အကျင့်စာရိတ္တမဖြစ်ဖို့တော့ အရေးကြီးတာပေါ့နော် ……. ။ 😀

    • manawphyulay

      August 7, 2012 at 3:17 pm

      ဒါတော့ ခုမြန်မာမှာ ကျင့်သုံးနေကြတာ အများစုဖြစ်နေတာ တွေ့ရှိရတာအမှန်ပဲလေ။ သူတို့က ဖားတတ်ရင် နေရာပေးတယ်။ အလုပ်ပဲ သိမ်းကျုံးလုပ်တဲ့သူကျတော့ မမြင်တတ်ကြတော့ဘူး။ လူအတော်များများမှာ Skill ဘယ်ဟာအမြင့်ဆုံးလဲဆိုရင် ဖားSkill က အမြင့်ဆုံးဖြစ်နေတယ်။ ဖားတတ်ရင် အနေချောင်ပြီး နေရာရတတ်တယ်ဖြစ်နေတော့တာပဲ။ မှန်မှန်ကန်ကန်က ဘယ်ဟာကိုပြောမှန်းကိုမသိတော့ဘူး။ တကယ့်လက်တွေ့နဲ့ကတော့တခြားစီပဲဖြစ်နေကြတာ။ ဝန်ထမ်းအချင်းချင်း စည်းလုံးနေရင်လည်း တချို့သူဌေးတွေက သိပ်မကြိုက်ကြဘူးနော်။

  • မန်းရိပ်ညို

    August 8, 2012 at 10:57 am

    အချိန်ကို စည်းကမ်းရှိစွာ အသုံးချတက်ဖို့လည်း အရေးကြီးတယ်ထင်ပါတယ်……..
    မြန်မာနိူင်ငံက လူတော်တော်များများက အချိန်ကို မလေးစားကျဘူး……………….
    ချိန်းထားတဲ့အချိန်ကိုလည်း မလေးစားကျဘူး…………..

    • manawphyulay

      August 8, 2012 at 11:02 am

      ကြည့်ရတာ အတော့်ကို ချိန်းနဲ့သူကို စောင့်လိုက်ရတယ်ထင်တယ်။ မြန်မာဆိုထဲက အချိန်ချိန်းရင် နာရီဝက် တစ်နာရီ ကြိုချိန်းတတ်တဲ့ အကျင့်လေးကို ကျင့်ထားဖို့တော့ လိုလိမ့်မယ်နော်… 😛

Leave a Reply