iသံလုံး နှင့် ဖုတ်သွင်း ခေတ်

ムラカミAugust 14, 20121min70232

ဒီမယ်… နှင်းကေသရာ

ကျုပ်တို့ တိုက်နေတဲ့ စစ်တွေ ဘယ်တော့များမှ အဆုံးသတ်မလဲလို့မေးလာရင်

ကျုပ်တို့အရှင် သုရှင် ကိုယ်တော်ကြီး က များပြားလှစွာသော ခေါဘဏီ တပ်ကြီးကိုစီမံပြီးသကာလ

ဟောဒီ ဇမ္ဗူတခွင်လုံးက တိုင်းပြည်တွေကို အောင်နိုင်ပြီး တဲ့ အခါ လို့ ပဲ ကျုပ်ဖြေမယ်…

ကဲကဲ… ကျုပ်သွားမယ် နှင်းကေသရာ…

 
အံကိုတင်းတင်းကြိတ်… အဲမောင်းကို မြဲမြဲစွဲလို့ …ယောက်ျားပီပီသသ ..တလှမ်းချင်း

မြင်းရှိရာကို ထွက်သွားသူက … မွန်သူရဲကောင်း မတ်သံလုံ….

ထိုစဉ်… ကောင်းကင်ပြင်၌ လျှပ်ပန်းလျှပ်နွယ်များ..ပေါ်လာပြီးနောက် ..သူရဲကောင်း မတ်သံလုံတယောက်

ကမာ္ဘမြေမှ ပျောက်ကွယ်သွားလေတော့ သတည်း..။

 

ပိတ်သတ်ကြီး သိကြတဲ့အတိုင်းဖြစ်ပါသည်…. ။ အိုင်းစတိုင်းအိ သီအိုရီများ ..ဖီလာဒဲလ်ဖီးယား ဖြစ်စဉ်များ

စသည်ကို အလုံးစုံ တတ်ကျွမ်းနားလည်ပြီးသွားသော .. တိုင်းမရှင်း ကို ပိုင်ဆိုင်ပီး ဒိဗ္ဗစက္ခု ဒိဗ္ဗသောတ ရနေသော

အယ်လ်အေ အခြေစိုက် လောကဓါတ်ဆြာဂျီး အူးခိုင် ၏ လက်ဆော့ချက်ပင် ဖြစ်ပါသည်…။

 

မျက်မှောက်ခေတ်….။

လမ်းဘေးတွင် ပုဆိုး အတို အကျင်္ ီဗလာ ..ယောင်ကြီးဗွေနှင့် လူတယောက် လဲနေသည်။

သူ့ဘေးမှ ဖြတ်သွားသူအပေါင်းက အမျိုးမျိုး မှတ်ချက်ချကြအိ။ ဟာကွာ ..မိုးမှမလင်းသေးဘူး

ဘယ်တောက အရက်သမားလဲ …။ ဂေါ်ရင်ဂျီသောက်သောက်တယ်ထင်ပါ့ …။

စလံပဲ …လေတွေဘာတွေဖြတ်သွားပလားတောင်မသိ…။အဲ့သလို တယောက်တပေါက် ပြောကြ ဆိုကြတာကြားရင်း…

ကိုရင် မတ်သံလုံ နိုးထလာသည်…

 

ငါဘယ်ရောက်နေပါလိမ့် …။ ခေါင်းက ရှုပ်ထွေးနောက်ကျိနေမိသည်….။ ဟမ် …မဟုတ်သေးပါဘူး…

သုရှင် ရော ….။ သူချစ်တဲ့ နှင်းကေသရာ ရော …။ ဘယ်မှာပါလိမ့် …။ အဲ .. အမတ်ဒိန် ကို မေးဦးမှဟု

တွေးလိုက်စဉ်…။

 

အသက် ၄ဝခန့် ..လူတယောက်မှ..။

လူ။ ဟေ့ကောင် မင်းဘယ်ကကောင်လဲ..။

မတ်။ ဟင် … ကျုပ်လား … ဟံသာဝတီက..

လူ။ ဘာကွ ..ပြစမ်း မှတ်ပုံတင်..။

မတ်။ အဲ့ဒါ ဘာပြောတာတုန်း..။

လူ။ ရာအိမ်မှူးကွ .. ရာအိမ်မှူး နားလည်သလား…အူကြောင်ကြောင်လာမလုပ်နဲ့ ..။

မတ်။ ဩ .. ကိုရင်က ရာအိမ်မှူး ဟုတ်စ ..ကျုပ်က ဗိုလ်မှူးဗျ ..ဗိုလ်မှူး … နားလည်လား..။

လူ။ ဟမ်. .. အေဘေး တောသား ..ခေါင်းကဗွေမှ အားမနာ …သူ့ကိုယ်သူများ ဗိုလ်မှူးတဲ့ …။

ကြားကြရဲ့လား အရပ်ကတို့ရေ ….ဟားဟား ..ဟားဟား…။

မတ်။ အင်…။

ဘယ့်နှယ့် … ကိုယ့်ဟာကိုယ် အမှန်ပြောတာ ဝိုင်းရယ်ခံရတယ်လို့ …။ ဒါမျိုးမတ်သံလုံ ဘဝမှာ မရှိခဲ့…။

သူ့လို သူရဲကောင်းတယောက်ကိုတော့ဖြင့် …လေးစားခန့်ညားဖို့ ..ကောင်းတယ်ထင်ပါရဲ့….။

မတ်။ ဟေ့လူတွေ … မကြားဖူးဘူးလားဗျ… ဗိုလ်မှူး မတ်သံလုံဆိုတာ ကျုပ်ပဲ …။

လူ။ ဘာ ..မသံလုံး ဟုတ်စ …အော်…ဇာတ်ခေါင်းကွဲပီး နှလုံးလေဟပ်သွားတယ်ထင့် …

ခြောက်ပါ ခြောက်နေသေးတာကိုး ….။

မတ်။ ဘာဗျ …….။

ဒေါသကြောင့် အသား တဆတ်ဆတ်တုန်နေသည်….။

လူကို မလေးမစား ..သလို …အခြောက်ဟုပါ …. အပြောခံရသည် မဟုတ်ပါလား ..။

အရင်စိတ်မျိုးနဲ့ ဆိုရင် သည်လူတွေ မလွယ် .. သို့သော် …မိမိ ဘယ်ရောက်နေသည်…

ဘာဖြစ်နေသည်ကို မသိသေးသောကြောင့်… အနည်းငယ် ကိုယ်ရှိန်သတ်နေရပေတော့သည်…။

လူ။ ကဲ ကိုယ့်လူ …ထ .. . ကျုပ်ရပ်ကွက်ထဲ ဘာကြောင့်ရောက်နေတယ် မသိပေမယ့် …သည်ရောက်နေတုန်းတော့

ကောင်းကောင်းနေရမယ်… အမှုအပေါက် မကျူးလွန်ရဘူး.. ကျုပ် စကား နားထောင်ရမယ်…။

ရာအိမ်မှူး သည်တခါ အတည်ပြောခြင်းဖြစ်သည်…။ ဟုတ်သည် …သူသည်လည်း လူ-လူချင်းမို့ စာနာထောက်ထားသည်ထင့်

(သူ့အထင်) စိတ်မနှံ့သော ..ရိုးပုံရိုးပန်းရှိသောလူတယောက်ကို ..ရက်ရက်စက်စက် …မနှင်လို ..မဆက်ဆံလိုပေ…။

ထို့ပြင် သူ့မှာ အခြား တပါးသော ရည်ရွယ်ချက်လည်း ရှိသည်…။ ဟုတ်သည်…။ လူလုံးလူဖန်ကောင်းသော …

ယောင်ကြီးဗွေ နှင့် … ကိုရင် မတ်သံလုံ ကို သူ အသုံးချစရာ ရှိသည်မဟုတ်ပါလား..။

လူ။ ကဲကဲ ..ဘာမှ မစားရသေးဘူးမလား ..သည်နေ့လည်စာ ကျုပ် ကျွေးပါ့မယ် ..သွားရအောင်…။

မတ်။ ဟုတ် ..ဟုတ်…။

နိုင်ငံကျော် သူရဲကောင်းကြီးလည်း.. ဝမ်းမီးကိုတော့ မလွန်ဆန်နိုင်ပါချေ.. .. သူ ..ဆာ လှပြီ မဟုတ်ပါလား …။

သည်လိုနှင့် ..အသက်၄ဝကျော်ခန့် တိုက်ပုံဝတ် လူတယောက် နှင့် ..အကျင်္ ီဗလာ ..ထိုးကွင်းအပြည့် ဗလကောင်းကောင်း

ယောင်ကြီးဗွေ နှင် ့လူရွယ် တစ်ဦးတို့သည်.. လူအုပ်ကြားမှ တိုးကာဝှေ့ကာ …နှင့် အဆိုပါ ဆင်ခြေဖုံး မြို့နယ်လေး၏

တခုသော ထမင်းဆိုင်သို့ ခြေဦးလှည့်တော့လေသတည်း …။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝှီး … ။

အေရိုး ..ခွေးတား … သေဂျင်လို့လား …။ $%%&&'”#$’  ပဲ …။

ဖြတ်သွားသော ဘတ်စကားမှ ..ကားစပယ်ယာ ကိုးယို့ကားယား လမ်းကူးလာသော ..ကိုရင်မတ်သံလုံ ကို

ကြိမ်းမောင်းသွားသည် ….။

မတ်။ နေပါဦး အဆွေတော်ရဲ့ … အဆွေတော်တို့ အရပ်က ဖုတ်သွင်းရထားတွေက တယ်လည်း မြန်တာကလား …။

ပီး ဖုတ်သွင်းရထား ကို မျောက်သတ္တဝါလိုတွယ်တဲ့ …ငတိ .. တယ်လည်းရိုင်းသကိုး ..။

ရာ။ အင်း … ကိုရင့်နှယ့်တော့ ခက်သေးတယ်….။ သူတို့ခညာ … တခြမ်းတည်းခင်းထားတဲ့ လမ်းကို ချိုင့်တွေ ခွက်တွေ

ရှောင်ပြီး မောင်းရရှာတာဗျ. .. ခင်ဗျားက ကို့ယို့ ကားယား ကူးတာကိုး …။

မတ်သံလုံ …နည်းနည်း ဒေါဖောင်းသွားသည် … သို့သော် … ထမင်းကျွေးမယ် ့ မျက်နှာ ကရှိသေးသမို့ …

ကိုယ်ရှိန်ထပ်မံ၍ သတ်ရပြန်တော့၏။

ထမင်းဆိုင်သို့ ရောက်ချေပြီ …..။

ငါးမြင်း ဆီပြန် နဲ့ ၂ပွဲဗျို့ ….။

လည်သည် နပ်သည် ..ပါးသည်…။

ရာအိမ်မှူးပေပဲ ..သည်လောက်တော့ အကင်းပါးမှ ဖြစ်မည်…။ တောသားများ ..အစားကြီးသည် ကြားဖူး၏။

ဈေးအချိုသာဆုံး မှာထားကာမှ တော်ကာကျတော့မည် …။ အနှီဗလ နှင့် ဇာတ်ခေါင်းကွဲလူငယ်သည်..

မည်မျှ အစားကြီးမလဲ မဆိုနိုင်ပါ…။

 

မတ်။ သည်မယ် …ရောင်းရင်း ဆိုင်ထဲမှာ ဟင်းတွေ အမယ်မယ် ခင်းထားတာဗျာ.. ကြိုက်တာစားမှာပေါ့ ..ရဝူးလား…..

ရာ။ လျှာမရှည်နဲ့ ကိုယ့်လူ … ကျွေးတာစား … ပိုက်ဆံ သိပ်ပါတာ မဟုတ်ဘူး…. ။

စိတ်ထဲမတော့ … ဘယ့်နှယ့် …ခေတ်က လုပ်စား ကိုင်စား ရှာစား ရတာ ခက်ပါတယ်ဆိုမှ … သည်အရူးနဲ့…

ဟင်းစုံနဲ့ ပွဲတော်တည်ချင်နေသေး ….။

ဤသို့နှင့် အကျဉ်းချုပ် ရေးရလျင်ဖြင့်… နိုင်ငံကျော် သူရဲကောင်း မတ်သံလုံ သည် ..လောကဓါတ်ဆြာကြီး အူးခိုင်၏

လက်ဆော့မှုဖြင့် … ဆင်ခြေဖုံးထမင်းဆိုင် တဆိုင်တွင် ..သံပန်းကန် ဇွန်းတပ်ပီးသကာလ ..ငါးမြင်းဆီပြန်ဟင်း နှင့်

နေ့လည်စာကို မိုးတိုးမတ်တပ် စားသောက်ရင်းသကာလ… ဝမ်းမီးကို ငြှိမ်းရလေသတည်း….။

 

ဤနေရာတွင် ..စကားစပ်သဖြင့် …ရာအိမ်မှူး ..ဦးရဲစည် ၏ သွင်ပြင်ကို မိတ်ဆက်အံ့…။

လူပုံက ပိန်ပိန်ပါးပါး… .မျက်မှန်ထူထူ ..အဲဗား ကွမ်းစားပီး နှုတ်ခမ်းမွေးကျိုးကျဲ ရှိလင့်ကစား ..

ထူထဲသောမျက်ခုံး ပြူးသော မျက်လုံးတို့နှင့် … ငါးသားလောက် ခရိုနီ ချက်စားရာ … သာကူကျိုရာ တွင် …ပါရမီရှင်တည်း…။

ထို့ကြောင့်လည်း … ခေတ်အဆက်ဆက် …ဘယ်လိုပင် အပြောင်းအလဲတွေ ရှိစေကာမူ … မုတ်ဆိတ်မရိပ်တဲ့

ကြောင် အကြီးစား ဘက် ကပ်တန်ကပ် … ဖင်ဟောင်းလောင်းနှင့် ကသည့် ငှက်ဘက်ရပ်တန်ရပ်ပြီး ..

လှေနံ၂ဖက်နင်းတယ်ဆိုတာ … လုပ်တတ်ရင် အေရိုးဗစ် ကသလို ကြည့်လို့တောင် လှသေး ဆိုသောထုံး

နှလုံးမူသူတည်း…။ (အဟိ …လွန်ဒါချိရင် ..ဝန်ဒါမိပါ ဘရိုရေ …)

စားလို့သောက်လို့အပြီး ရာအိမ်မှူး …အူးရဲစည် … ဟန်းဖုန်း ထုတ်ဆက်လိုက်သည်…။

စည်။ ဟေ့ ..စိန်ဗိုက်… ငါစီစဉ်ခိုင်းထားတာ ..နေရာ ကျရဲ့လား….။

ဗိုက်။ ဟုတ် အာစိ… ကျော်..အခု ရွှေဂုံတိုင်မှာ …ဆေးခြောက်အောင် နေလှမ်းထားတယ်.. .ရတာနဲ့

ကျော်. . အာစိဆီ ယူလာခဲ့မယ်…။

 

စည်။ အေး .. အေး ပြီးတာပဲကွာ …။ အချိန်သိပ်မလင့်စေနဲ့ဟေ့ ..။

ဗိုက်။ ဟုတ် ..အာစိ..။

တီတီတွီ…။

တဖက်လူမှာကား ..ရပ်ကွက်ရုံးစာရေး ဘီအီးစိန်ဗိုက်ဗိုက်ဖြစ်၏။သူသည်ကား ရာအိမ်မှူး ဦးရဲစည်၏

ညာလက်ရုံး ဆိုလည်းမမှား …။ အလွန်အားကိုးရပီး …. ဖင်ပေါ့သည်..။ ဘီအီး ကစ်တတ်တာလေးကလွဲရင်…ပေါ့.။

 

ထိုစဉ်… ကိုရင်မတ်သံလုံ စကားစလာသည်…။

မတ်။ ရောင်းရင်း အဲ့ဒါဘာခေါ်တုန်းဗျ… ..ဖုတ်သွင်းစကားပြောစက်လား ..။ နေရာကျလိုက်တာဗျာ…။

ကျုပ်တို့ သုရှင်ကို ဒါမျိုး … ရှိကြောင်း သံတော်ဦးတင်ဦးမှ….။

 

အူးရဲစည်… အတော်လေသွားသည်….။ ဟုတ်လည်းဟုတ်သည်…။ ကိုရင် မတ်သံလုံတယောက် ….

မသိတာ အသစ်အဆန်းတွေ့တာ မှန်သမျှ …ဖုတ်သွင်း နဲ့ချည်း ဆော်နေလေသည်…။

ကိုရင် မတ်သံလုံနှင့်တွေ့မှ ရပ်ကွက်ရုံးသို့ ပြန်လာသည့် လမ်းတလျောက် … တွေ့တွေ့သမျှ … ဖုတ်သွင်း ခံရလေသတည်း…။

လမ်းဓါးလွယ်ခုတ်ရှိ ဘောပွဲပြနေသော လက်ဖက်ရည်ဆိုင်မှ အယ်လ်စီဒီ ကိုလည်း … ဖုတ်သွင်း အရုပ်အသံပြစက်….။

အဲ . .. ရပ်ကွက်ရုံးမှ ..ကွန်ပူတာ ပင် ဖုတ်သွင်း စာရိုက်စက် လို့ ကင်မွန်းတပ်နေသေးသည် မဟုတ်ပါလား …။

ဒါတောင် ..ရပ်ကွက်ရုံး နံရံမှ ကော့ကန်ကား အရက် တံဆိပ်တမျိုးပါ… ပြက္ခဒိန် ပင် ..ဖုတ်သွင်း ပန်းချီကား မပြောတာ

ကံကောင်း ….(ဟီး … ဒါတော့ ဖုတ်မသွင်းကောင်းပါဝူး ….)

ထားပါတော့ ဆက်ပါမည်….။

 

စည်။ ကဲ ကိုရင် ဆံပင်သွားညှပ်မယ်ဗျ …။

မတ်။ ဟင် ….။

စည်။ ဟုတ်တယ်လေဗျာ ..ကျုပ်တို့ အားလုံး ကိုကြည့် …ဆံပင်အတိုနဲ့ …ခင်ဗျားတောမှာ ဇာတ်ထဲမှာ နေတုန်းကတော့…

အကြောင်းမဟုတ်ဘူး …အခု မြို့ရောက်လာပြီ…ကျုပ် စောင့်ရှောက်ထားတယ်.. အဲ …သည်တော့ ..ကျုပ်တို့ …နဲ့

တူအောင် လိုက်လျောညီထွေအောင်နေဖို့ ပြုမူကျင့်ကြံဖို့ ..လိုလာပြီ…။

မတ်သံလုံ တချက်တွေသွားသည် ..ဟုတ်သည်… ဒီလူတွေ အကုန် ဆံပင်အတိုနှင့် …။ထို့ပြင် ရာသီဥတုကလည်း …သိတဲ့အတိုင်း.. ဟိုလူကြီးတွေ

စိမ်းစိမ်းမြင်ရာ ခုတ်ရောင်းစားနေလို့ မတ်သံလုံခေတ်ကလို မဟုတ်တော့ ….

မြင်အောင်သာရေးပြတာပါ ..ဒါတွေ မတ်သံလုံမသိ ..သူသိသည်မှာ ပူအိုက်ခြင်း ..ယောင်ထုံးကြီးနှင့် ခေါင်းလေးခြင်းသာ

ဖြစ်သည်…။ ရှုပ်ပါတယ်လေ …ဖြတ်ဆို ..ဖြတ် ပစ်လိုက်တာပေါ့…. သူသည်လောက်ပဲ တွေးဖြစ်သည်…. ။

တကယ်က …အူးစည်မှာ အကြံနှင့်ဖြစ်သည်…။ ဆံပင်ရှည်တွေ အချိန်နှင့်ရောင်းလျင် သူမျိုးမျိုးမြတ်မြတ် ရမည် မဟုတ်တုန်လော…။

(တလောလေးကပင် နာမည်ကျော် ကာတွန်းဆြာတယောက် …ဆံပင်ဖြတ်ရောင်းတာ ကြားဖူးအိ ..ခိခိ)

မတ်။ ကောင်းပြီလေ… ဖြတ်ဆို ဖြတ်တာပေါ့ ….။

စည်။ သည်လိုမှပေါ့ ကိုရင်ရယ် … ခုခေတ်က .. i ခေတ်ဗျ… (အိုင်ခေတ်) ကိုရင်လည်း i ခေတ်မှာ ..i ကျင့်သလိုကျင့်ရမယ်..

လာပါ ..ဆံသဆိုင် သွားတာပေါ့ …အဲ့မှာ ကိုရင့်ကို ..ကိုရင့်အခေါ် ဖုတ်သွင်း ဆံပင်ဖြတ်စက် နဲ့ကို ဖြတ်ပေးဦးမှာဗျား …

ကိုရင်လည်း ..ဘာတဲ့ ကိုရင့်နာမည် .. သံလုံး ဆိုလား …အဲ …မူလဘူတ သံလုံးကနေ iသံလုံး ဖြစ်တာပေါ့ဗျာ ….။

အူးစည် တယောက် အာပေါင်အာရင်း သန်သန်နှင့် စွဲဆောင် ဖြားယောင်းပြီးသကာလ …. မတ်သံလုံကို ..iသံလုံး ဘဝ

အရှင်လတ်လတ်ပြောင်းရေး…. အကွက်ချလေသည်…။

မတ်။ အင်… အိုင်သံလုံး ..ဟုတ်စ …ခွိခွိ …။

သည်နေရာမှာ လူတို့၏ ဆိုက်ကိုသဘောတရားအရ …သူရဲကောင်းလည်း တော်ကီညက်သူများတွေ့လျင် …မနေနိုင်ကြောင်း

တွေ့ရပေမည်…။ ဟုတ်သည်… ။ မတ်သံလုံး ရင်ဘတ်ထဲတွင် အသစ်အဆန်း ကို စမ်းသပ်ချင်စိတ်များ …တဖွားဖွား..

ဘာတဲ့ ဖုတ်သွင်း ဆံပင်ဖြတ်စက်ဆိုလား …။ နောက် …သူ့မှာလည်း သူ့တွက်ကိန်းနဲ့ သူ …. သုရှင်ခြေတော်ရင်း

ကိုသာ ..ဆံပင်အတိုနှင့် ပြန်ဖြစ်ခဲ့သော် … သူသည် ..သာ တဦးတည်းသော ဆံတိုစစ်သား … ရွှေနန်းရှင်၏

အပျိုတော်တွေကြားမှာ အထူးအဆန်းသဖွယ် …အလွန် ရေပန်းစားမည်မြင်ယောင်ပေမိ၏။ သုရှင်မေးသည်ထားဦး …

အလုပ်တာဝန်တွေကြောင့် ဒါဂျီးကို ဂရုမစိုက်နိုင်သမို့ ..တုံးပေါ်တင် ပိုင်းပစ်လိုက်သည် ဟု …ဖြေမည်…။

မျက်နှာကောင်းရကိန်းတည်း …. ။ဟိုကောင် စောအဲဗညား တို့ …သမိန်ဗရမ်းတို့ နောက်ကောက်ကျကိန်း…။

ရှေးမဆွ မှာလည်း ဒါမျိုးအကွက်နှင့် လုပ်စားဖူးသူ ရှိဖူးရဲ့မဟုတ်လား …။ဆံပင်ဖြတ်လို့ ရှုံးစရာမရှိတာအမှန်…။

ကိုယ့်တွက်ကိန်းနဲ့တော့ ကိုယ် ..အမှန်..ချည်းသာ…။

စည်။ ကဲ ကဲ ..ကိုယ့်လူရေ … ဟောသည့် စွပ်ကျယ်လေးတော့ ကောက်စွပ်လိုက်ဦး …။နေမစောင်းခင်..သွားကြတာပေါ့..။

မတ်။ ဟုတ်ကဲ့ ရောင်းရင်း..။

အူးစည် သူ့ကို လက်ဆောင်လာပေးထားသည့်… သူဝတ်ရမှာ ရှက်သည့် ပရိုမိုးရှင်း စွပ်ကျယ်တစ်ထည် ..

မတ်သံလုံကိုချီးမြှင့်လိုက်သည်..။ ရှက်မယ် မဝတ်ရဲဖြစ်မယ်ဆိုလည်း ဖြစ်စရာ …။

စွပ်ကျယ်ရင်ဘတ်မှာ..ရေးထားသည်က ဇာဒူးဂျီး ကာမအားတိုးဆေး …ဟူသတတ်…။ တံဆိပ်နှင့်တကွ …

ထင်ထင်ရှားရှားကြီး ..။

မတ်။ ရောင်းရင်း ..အဲ့ဒါရော ..ဖုတ်သွင်းဆေးဝါး တမျိုးလား …ဟင်..။

စည်။ အယ်… ဒါ .. ဒါတော့ …ဟီး …ရောင်းရင်းရဲ့ သည်လိုရှိတယ်. ..ကျုပ်လည်းလေ …အကုန်ဘယ်သိပါ့မလဲ..

နော်… အဟီး …။ ဝတ်မှာသာဝတ် ..အော် ..ကိုရင် ကွမ်းစားတယ်မလား ..အင့်အင့် …၁ယာ စားပါဦး ..။

ပါးစပ်မအားရင် ပီးရော ထုံး နှလုံးမူပီး အူးစည် လူလည်ကျပြန်၏။ ကွမ်းတယာ ရင်းပီး …ဖုတ်သွင်းကိုရင်ကို

ပါးစပ်ပိတ်စေလေ၏။

မတ်။ ကျေးဇူးဥပကာရပါဗျာ…။

 

အပြင်ထွက်ရန် သူတို့ ၂ယောက် ခြေလှမ်းပြင်သည်…။

မိုက်ကနဲ …အလို … … မတ်သံလုံ ..ခြေလှမ်းတွေ သာခွေယိုင်နေသည်…။

အူးစည် ၂ယောက် … ဟမ် ..ဘယ်လိုဖြစ်တာပါလိမ့် … ဟဲ့ဟဲ့ …

ခြေလှမ်းတွေမှားပြီး ..ဗိုင်းကနဲ ချော်လဲလေတော့သည်…။ ဖြစ်ပုံကသည်လို …

တံတားဦးက ကွမ်းနုဝါ ငါန်းမြှာ က ဆေး ကွမ်းသီး တောင်ငူနဲ့ ကိုင်းထုံးဖြူ ပြည်ရှား သာဝါးလို့ထွေး လာတဲ့

ကိုရင် မတ်သံလုံတယောက် ..အူးစည်၏ နိုင်တီတူး အာမွှေး ဗမာဆေး ဒဏ်ကို ခံနိုင်ရည်မရှိခြင်းပင် …။

ဒါမျိုးက ..ဆေးပါတဲ့ ဝါရင့်ကွမ်းသမား ရဲ့ ကွမ်းကို ကွမ်းမစားဖူးသူ ယူစားလျင်ဖြစ်တတ်တဲ့သဘော…။

ရမ်၂ပြားလောက် ဂင်ထားသလို ..ဟု ပြောစမှတ်ရှိ၏။ သည်လိုနှင့် ..ကျောပြင်ဝယ်..လိပ်ပြာလေးလိုဝဲပီး

ပြားပိတုန်းလို တုပ်စေရမယ် ဟုရေးထားသည့် ဇာဒူးဂျီး အမှတ်တံဆိပ်ပါ ကာမအားတိုးဆေး ကြော်ငြာမော်ဒယ်

ယောင်ကြီးဗွေနှင့် ကိုရင် မတ်သံလုံတယောက် အူးစည်၏ ဖေးမတွဲကူခြင်းနှင့် ဆံပင်ညှပ်ဆိုင်ရောက်ပြီး ..သကာလ

သူ့အခေါ် ဖုတ်သွင်း ဆံသစက်နှင့် ဆံပင်ညှပ်ခြင်း အမှု ပြီးစီးခြင်းငှာ ..စွမ်းလေသတည်း ….။

 

 

အစ်ကို .. ဖုန်းလာနေတယ်အစ်ကို ..အစ်ကိုး ..ဖုန်းလာနေတယ် ဆို ..အစ်ကိုး ဖုန်းလာနေပါတယ်ရှို …..။

ဒါက အူးစည်၏ ဟန်းဖုန်း၏ ရင်းတုန်း ဖြစ်သည်….။ အမူးပြေသွားသော ကိုရင် မတ်သံလုံ ..ခေါင်းထထောင်သည်..။

အလို ..ဘယ့်နှယ့် …။

မတ်။ ကိုရင် ..အနှီ မဲမဲလေးထဲ ဘယ့်နှယ့် ဖုတ်သွင်းမောင်းမ တယောက် ရောက်နေတာတုန်းဗျ…။

စည်။ ဟာ ..ဘယ်က ဖုတ်သွင်းမောင်းမ ရမတုန်းဗျ. ..နေပါဦး ..ခနလေး ဖုန်းပြောလိုက်ဦးမယ်…။

မတ်သံလုံ ခေါင်းကုတ်ရင်း ကျန်ခဲ့သည်…။ ခုတော့သူ ဆံပင်အတိုနှင့်ဖြစ်၏။

စည်။ ပြော စိန်ဗိုက် … နေရာကျခဲ့ပြီလား …။ အေး… ဆံသဆိုင်လာခဲ့ကွာ …။

တွီတီ့တီ…။

မတ်။ ကဲကိုရင် .ဆံလည်းဖြတ်လို့ပြီးပြီ … ဘယ်ဆက်သွားမတုန်း..။

စည်။ နေဦးဗျ … စကားပြောရင်း ရေနွေးသောက်ကြတာပေါ့ …ကျုပ် တပည့် လာမယ်… ။ သူလာမှ

ဆက်လိမ့်တာပေါ့လေ…။

မတ်။ အင်.. လမ်းလျောက်သွားမှာမဟုတ်ဝူးလား..။

အူးစည် ခေါင်းကုတ်ရပြီ ….. ဃိန် ဂိန် ကိန် လို့သာ အော်လိုက်ချင်တော့သည် …။ အော်ငါ့နှယ့်…။

 

ထိုစဉ် အူးစည်၏ တူမချောလေး ပန်ပန်ချစ် … ဆံသဆိုင်ရှေ့မှ ဖြတ်အသွား …အူးစည်ကိုတွေ့လိုက်သဖြင့်

ဆိုင်ထဲ ဝင်လာသည်….။

ပန်။ အူးလေး ..နေကောင်းလား … ဘာတွေလုပ်နေလဲ … အရီးက အိမ်လာခဲ့ဦးတဲ့…။

စည်။ အော် အေး … သည်လိုပါပဲ အေ…။အေးအေး ..လာခဲ့ပါ့မယ်လို့ … ။ ညည်းရော ဘယ်ကပြန်လာတာတုန်း..။

ပန်။ ဂျေးချူး အခွေသစ် ထွက်လို့ သွားဝယ်လာတာ ချင့် …။ တခါတည်း ဝှမ်လိဟုန် …အခွေပါတွေ့လို့ ဆွဲလာခဲ့တယ်..

သိတယ်မလား ..သမီးအသည်းကျော်လေးတွေလေ ..ခစ်ခစ်…။

 

ဘာ………။

ပန်ပန်ချစ်ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း.. ကိုရင်မတ်သံလုံ တစခန်းထ လာသည်..။

ဟုတ်သည်. . ဆံပင်အတို ရွှေရောင်ဆေးဆိုးထားပြီး စကတ်အတိုလေးနှင့် ခေတ်ကာလသားများကြားတွင်

အလွန်လန်းသော ပန်ပန်ချစ်သည်.. ကိုရင် မတ်သံလုံ မျက်လုံးထဲတွင်တော့ ဘယ်လိုမှ ထောင့်မကျိုးပေ…။

ထို့ပြင် ..စောစောကကြားလိုက်သော စိနတိုင်းမှ နာမည်များကိုမိန်းကလေးဖြစ်လျက် ..အသည်းကျော်တွေ ဘာတွေ

ပြောတာကြားရလို့ ..အမျက်က ထောင်းကနဲ ထွက်သည်..။ တို့ပြင် ဘယ်ဘက်ရင်အုံမှ … မျိုးချစ်စိတ် ရိုးရာ

စတာတွေကလည်း ဟုန်းကနဲ …။

အခြေအနေကိုသိသော အူးစည်.. ပြာပြာသလဲ ဝင်ရှင်းသည်…။

စည်။ ကိုရင် သံလုံး ရယ် ..ဘာဖစ်ရတာတုန်း…။ အဲ့ဒါ တီလုပ်အဆိုတော်လေးဒွေပါ…။ အိုင်ခေတ်ပါဆို ကိုရင် အိုင်သံလုံးရဲ့…

ကဲ ပန်ပန် ပြစမ်းပါအုံးအေ ..ညည်းအခွေတွေ ..နည်းနည်းကြည့်ကြည့်ရအောင်… ကျုပ် မိန်းမကလည်း ဒါမျိုးတွေ

အသည်းစွဲဆိုတော့ … ကောင်းရင် လာငှားတန်ငှားရအောင်…။

 

သည်လိုနှင့် ဓါး-အာဂ ၏ ဆံသဆိုင်လေး စိုစိုပြေပြေဖြစ်သွားသည် …။ ကိုရင်မတ်သံလုံး အခေါ် ဖုတ်သွင်းရုပ်သံပြစက်နှင့်

ဖုတ်သွင်း အခွေဖွင့်စက် တို့၏ ကောင်းမှုကြောင့် … ဖုတ်သွင်းဂျေချူး အဲ့လေ ..ဂျေချူး၏ အရုပ်အသံများ …

ခံစားနားစဉ်ကြရလေတော့သည်…..။

မတ်။ ဟာဗျာ ဘာတွေတုန်း ..ကျုပ်တော့ တလုံးမှ နားမလည်ဘူး … ဟိုကလေးမ ညည်းယူလာတဲ့ ဖုတ်သွင်းအဝိုင်းပြားတွေ

(ဒီဗီဒီ) တွေ မြန်မြန်သာ ပြန်ယူသွားပါအေ..။ မျက်စိနောက်လို့ပါ …။

 

သည်လိုပြောတော့ …သီချင်းသံကြားလို့ အိမ်ခန်းအတွင်းမှ ကလေးခါးထစ်ခွင်ပြီး ထွက်လာသော ..ဒါး-အာဂ ကတော်

နွယ်ဘင် က နှုတ်ခမ်းမဲ့လိုက်သည်…။

ဘင်။ ဒီမယ် ကို အဝှာ …ကျုပ်တို့ဆိုင်က ရာအိမ်မှူးမျက်နှာထောက်ပြီး တီဗီရော

အောက်စက်ပါ ပေးသုံးပြီး .ဖွင့်ပေးထားတာ ..မမြင်ချင် မျက်စိပိတ် မကြားချင်နားပိတ်… ဒါပဲ … ဒီအိမ် ဒီဆိုင်မှာ..
ကျုပ် သာလျှင် အုပ်ချုပ်သူ အုပ်ထိန်းသူ … ဂဂ- ဆက်ဖွင့် ….

ဂ။ ဟုတ်စ်….။

စကားနည်းသော ဆံသဆြာ ဓား-အာဂ ၁လုံးတည်းသော စကားကို ဆိုလေသည်… ဟုတ်စ်..တဲ့…။

 

ကိုရင် မတ်သံလုံးကတော့…အင်း … အူးစည် ဆိုတဲ့ လူရဲ့ တပည့် …ဗိုက်ပေါက်စိန် ဆိုလား ဘာလား ..မလာမချင်း…

သူတော့ စိနတိုင်းက ကွိကွိကွကွတွေ ကြား နားမုဒိန်းအကျင့်ခံရတော့မှာပဲ တွေးမိရင်း …စိတ်ပျက်နေမိ၏။

သို့သော်….သူကံကောင်းပါသည်…။ ဘယ်လောက်မှ မကြာသေး ..မီးပျက်သွားသောကြောင့်ဖြစ်သည်…။

မတ်။ အင်.. ဘာဖစ်တာတုန်းဟ ….။

စည်။ ကိုရင့်ကို သနားလို့ မိုးနတ်မင်းက ….မျက်နှာသာပေးလိုက်တာ…။

အူးစည် အလွယ်သာ ဖြေလိုက်ပါသည်။ ဟုတ်သည်.. ဤတောသား ကျပ်မပြည့်ကို …အရှည်သာရှင်းပြနေပါက…

ဖုတ်သွင်းလျှပ်စစ်ဓါတ်အား..ဖုတ်သွင်းအလှည့်ကျပေးဝေမှု ဖုတ်သွင်း ဝန်ဂျီး စတာ တွေ ဖြစ်ကုန်မည် မဟုတ်ပါလား ….

 

ဂလိုနှင့် … ဖုတ်သွင်းအဝိုင်းပြားများကို ပြန်လည်သိမ်းဆည်းပြီးသကာလ …. ပန်ပန်ချစ်လည်း ပြန်သွားသည်…။

လူဝကြီးများဖြစ်သော .. ဓားအာဂ နှင့် နွယ်ဘင်တို့လည်း… သူတို့၏ ကြီးမားတုတ်ခိုင်လှသော ခန္ဓာကိုယ်ကြီးများကို

လှုပ်လီလှုပ်လဲ့ဖြင့် ..ဆံသခုံ.. မီးဖိုချောင် အသီးသီး မြန်းကြလေတော့သတည်း…။

 

အူးစည်၏ အတွေးရေယာဉ်ကျောမှာကား .. အနှီ ဖုတ်သွင်း.လျှပ်စစ်ကိစ္စ သာ စိုးမိုးနေတော့သတည်း…။

ဟောရောက်ပါပြီ …။ အသားနီစပ်စပ် ..ခန္ဒာကိုယ် ပိန်ကပ်ကပ်နှင့် လူငယ်တယောက်…။

အလုံးအဖန်ချင်း.. ကိုရင် မတ်သံလုံနှင့် ဘယ်လိုမှ ယှဉ်မရသော်လည်း .. ယှဉ်လို့ရသော

တခုတည်းသော အရာကား … သူသည်လည်း ကိုရင်မတ်သံလုံကဲ့သို့ ..ထိုးကွင်းမင်ကြောင်များ အပြည့်

ဖြစ်နေခြင်းပင်တည်း …။ ခေတ်အခေါ်တော့ တက်တူးပေါ့ ….။ဟုတ်ပါသည် ..စိန်ဗိုက်ဗိုက်ပြန်လာပြီဖြစ်သည်…။

 

မတ်။ ဟာ …..။

ပါးစပ်အဟောင်းသား …။ ဟုတ်သည် ..အနှီလူငယ်၏ ခန္ဓာကိုယ်ပေါ်မှ ထိုးကွင်းမှင်ကြောင်များသည်..

အရောင်အသွေးလည်း စုံလှပေသည်။လှပ အသက်ဝင်ခြင်းမှာလည်း ..လုံးဝ သူမယှဉ်နိုင်အောင်…။

သူ့မှာကား ..ရွာက ဘကြီးဘုန်းကြီး တုန်တုန်ရင်ရင်ဖြင့် ဆေးပေါက်ပေးထားသော ..ကြောင်-အတက်၊

ကြောင်-အဆင်း၊ စ-ဓ-ဘ-ဝ တို့နှင့် သာမန်ထိုးကွင်းအကွက်တွေသာ ရှိလေသည်…။ ကိုရင်မတ်သံလုံ

မသိသည်မှာ တက်တူးဆိုတာ ..သူ့အခေါ်အတိုင်းရေးမည်ဆိုလျှင် ဖုတ်သွင်း တက်တူးထိုးစက်နှင့်…

နည်းပညာ နည်းစနစ် အနုပညာ အယူအဆ စတာတွေ များစွာတိုးတက်ပြောင်းလဲလာသော ခေတ်ကို

သူရောက်ရှိနေခြင်း ပင်ဖြစ်လေသည်..။

 

ဗိုက်။ အာစိရေ …ကျော် ယူလာခဲ့ပြီဗျ….။ဒါနဲ့ ပေးဝတ်မယ် ဆိုတာ ..ဒီလူလားဗျ..။

စည်။ ဟုတ်ပါ့ စိန်ဗိုက်ရေ… ။ ကဲကဲ …တခြား ဟာတွေရော ပါရဲ့လား …။

ဗိုက်။ အာစိ တပည့်ပါဗျ ..အစုံပါပါတယ်….။

ဆြာတပည့်ကတော့ လေပေးဖြောင့်လေသည်…။

စည်။ ကဲ .. သည်ချာတိတ်ကို ဂတ်စ်မီးခြစ် သုံးပုံ ပြပေးလိုက်ပါဦးကွာ …။

ဗိုက်။ ဟုတ် အာစိ. … ကဲ ဟောသည်ကအစ်ကိုရေ . .. အစ်ကိုသံလုံးဆိုလား ..ဟောဒါဂတ်စ်မီးခြစ်…

ဟောသလို သုံးရတယ်ဗျ..။ ခြစ် …ထှောက်….။

 

မတ်။ အလို.. အံ့ဩဖွယ်ကောင်းလှချည့် ..အံ့ဖွယ် ..ဖုတ်သွင်းမီးတောက်စက်ငယ်လေးပါတကား …။

သုရှင်ကို ဆက်ချင်စမ်းပါဘိ…။

သည်လိုနှင့် … နောက်ဆုံး ဂတ်စ်မီးခြစ်ကို ကျင်ကျင်လည်လည် အသုံးချတတ်သည့်အဖြစ်သို့..

ကိုရင်မတ်သံလုံ ရောက်ရှိခဲ့လေသည်…။ ထိုအချိန် အူးစည်မှ စကြတာပေါ့ လို့ ပြောရင်း..

စိန်ဗိုက်ဗိုက်ဆီမှ ..ကိုရင်မတ်သံလုံ ရခဲ့တာတွေကတော့…။

ဂတ်စ်မီးခြစ် တလုံး .. လက်ချ်မီး တံဆိပ် ဖယောင်းတိုင်တစ်ထုပ် တီရှပ်တစ်ထည် ရေသန့် ၁ဗူးနှင့်

ထမင်းပေါင်း တပွဲဖြစ်လေသည်….။

 

ဟုတ်သည် .. အလှည့်ကျ လျှပ်စစ်ပေးဝေမှု ကို ငြိမ်းချမ်းစွာလှည့်လည် ဆန္ဒ ထုတ်ဖော်ဖို့ … အူးစည်တို့

ကြံစည်ထားကြခြင်း ဖြစ်သည်…။ သို့သော် …အူးစည်ကတော့ ဂျက်စီဂျိမ်း ဆိုတော့ ..မပါလို့လည်းမကောင်း..

ပေါ်တင်ပါလို့လည်းမဖြစ် ..ကလေးတွေကို မလွန်အောင် လိုက်ထိန်းတာ ဆိုသော ခေါင်းစည်းအောက်က

မသိမသာလေး ပါမည် တွေးထားရင်း …ကိုရင် သံလုံးကို တွေ့ရင်း ချုပ် ထားခြင်းပင်ဖြစ်လေသည်။

 

ကိုရင်သံလုံး အလုပ်ကတော့ …. ၂၄နာရီ လျှပ်စစ်မီးအပြည့်အဝ ရရှိလိုပါသည် စာတမ်းပါ တီရှပ်ကိုဝတ်ရမည်..။

၄-၅ချောင်းသော ဖယောင်းတိုင်ကို ကိုင်ရင်းသကာလ ..လှည့်လည် စီတန်းပီး ..မောလျှင်နား …ရေသောက်ရင်း..

ဆာလျှင်ထမင်းထုပ်ဖြည်စား ရပေမည်…။ အူးစည်ကတော့ သူ့တွက်ကိန်းနဲ့သူ ဟုတ်နေ၏။

နောက်ရက်တွေ ကိုရင် ဟိုဘက်ရပ်ကွက်တွေ သည်ဘက်ရပ်ကွက်တွေ ကို အငှားချပေဦးမည်….။

ကိုရင် မတ်သံလုံ မှာကား မျက်ရည်နှင့်မျက်ခွက် …. ဟုတ်သည်…။ တိုက်ပွဲတွင် ဇာတိသွေးဇာတိမာန်

ကြောင့် သူသေကိုယ်သေ ရဲဝံ့စွန့်စား သော သူရဲကောင်းတယောက် ဖြစ်လင့်ကစား… ညည လမ်းပေါ်တက်ပီး

သူ ဘာမှန်းမသိသော ဖုတ်သွင်း မီး မှန်မှန်ရရေးအတွက် ..ဖယောင်းစက် အပူခံကာ ..လှည့်လည် သွားလာ

နေရသည့်ဘဝက သူဘယ်တော့ ရုန်းထွက်နိုင်မယ် မသိ …။ သို့သော် ဝမ်းရေးမို့ …ဆက်လုပ်ရပေဦးမည်..။

သည်ခေတ် အရာရာ ဖုတ်သွင်းကာလကြီးတွင် သူရှာလည်း မစားတတတ်…။

လောကဓါတ်ဆြာကြီး အူးခိုင်တယောက် မအားမလပ်ပင် ရှိနေရော့သလား .. သို့တည်းမဟုတ်

မြန်မာ့သမိုင်း ဝင် အာခိလိစ် လို ဖြစ်မှာကိုပဲ သနားလို့လား ..မသိပေ. ..ကိုရင် မတ်သံလုံးကို

မူလဘူတ ခေတ်သို့ ပြန်မပို့ဖြစ်သေး …။ အကယ်၍ စာဖတ်သူများ …ဆံပင်စုတ်ဖွား ..နှင့် ဖယောင်းတိုင်ထွန်းကာ

မျက်ရည်ဖြိုင်ဖြိုင်ကျနေသော ဗလကောင်းကောင်း လူရွယ် တစ်ယောက်များ မြင်တွေ့ဖူးပါက …အဆိုပါလူငယ်မှာ..

ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး … ဖုတ်သွင် း… အဲ့လေ … အိုင်သံလုံး ဖြစ်ကြောင်း….

လက်တို့ခဲ့ပါတော့ သတည်း…။

 

ဤတွင် ကျွန်ုပ်၏ iသံလုံး နှင့် ဖုတ်သွင်း ခေတ် ပိုစ့်ကြီး ပြီးဆုံးလေသတည်း..။

 

ပုံ

ဖုတ်သွင်းစာရေးဆြာ..

 

32 comments

  • pan pan chit

    August 14, 2012 at 11:11 am

    တိုတိုဂီ…သများအသည်းကျော်လေးတွေထဲ ဂျွန်နီဒတ်တို့၊ ဂျက်စတင်တင်းဘာလိတ်တို့
    (နာမည်အရင်းမသိတဲ့)ပရီစန်ဘရိတ်ထဲက မိုက်ကယ်စကိုးဖီးလ်လေးတို့ ပါသေးတယ်နော် :mrgreen:

    မမပင် ဂဂကို သိပ်နိုင်တယ်
    အဲ့လာကောင်းတယ်၊ ဗလာဗို!
    ဒါမှ တို့မမပင် 😛

      • pan pan chit

        August 14, 2012 at 11:23 pm

        ဂျွန်နီဒတ်တဲ့တော့်
        ဂျွန်နိဒတ်တဲ့

        • pooch

          August 15, 2012 at 3:25 pm

          ပန်ပန်ရေ Wentworth Miller တဖြစ်လဲ မိုက်ကယ်စကိုးလ်ဖီးလ်က gay ပါတဲ့ကွယ် သူငယ်ချင်းတယောက်က အဲ့ဒီသတင်းကြားခါစက ရင်ကွဲပက်လက်ဖြစ်ပြီး နောက်မကြိုက်တော့ဘူး ဆိုပြီး လာပေါက်ကွဲဖူးတယ်။
          အမကတော့ မပြောရဲပါဘူး ။ Discrimination law နဲ့ငြိမှာစိုးလို့ပါ ။ :mrgreen:

          အဲ့ဒါ ဂျွန်နီဒတ် မဟုတ်ပါဘူး ဂျွတ်နီ ဒွတ်တတ်ပါ ( ပွေးညင်း ) ။ 😆

        • pan pan chit

          August 15, 2012 at 5:09 pm

          Wentworth Millerက ဂေးတဲ့လား………………………. 🙄 😥

  • Khaing Khaing

    August 14, 2012 at 11:15 am

    အဲဒီ ဖုတ်သွင်းအိုင်သံလုံးဆိုတာကတော့ …….. အခုပို့စ်တင်တဲ့ ဖုတ်သွင်း အိုင်ဇာဂီပဲဖြစ်ပါတော့သည် ….

    အွန်း ……… မပြောချင်ဘူး ကိုရင်စည်က အစောကတည်းက စတေကာအကျီင်္ကို ရွှေဂုံတိုင်မှာအပ်ထားတာ လူကလည်းတိုက်တိုက်ဆိုင်ဆိုင်များလာတွေ့ရတယ်လို့ ……. အကယ်၍များ ကိုရင်မတ်သံလုံးကိုသာ မတွေ့ခဲ့ရင် ဦးစိန်ဗိုက်ဗိုက်ကိုများ အငှားလုပ်ခိုင်းမလားမသိဘူး ………

    • pan pan chit

      August 14, 2012 at 11:29 am

      အိုင်ဇာဂီက ဗလတောင့်တောင့် ဆေးမင်ကြောင်နဲ့ဒဲ့လား မူပိုင်ရှင်မဂျီး မမခိုင်
      ဘာပဲပြောပြော မတ်သံလုံးကတော့ဖြင့် တိုတိုဂီမဖြစ်နိုင်
      တိုတိုဂီတို့က အဲ့လောက်မအ
      ခေတ်ဘယ်လောက်ပြောင်းပြောင်း ပါးရည်နပ်ရည်နဲ့ အလည်လုပ်တတ်မည့်သူပါပေသတည်း….. :mrgreen:

  • shwe kyi

    August 14, 2012 at 12:04 pm

    အဲ ကောင်းရော ပြီးခဲ့တဲ့တပတ်လောက်ကမှ ချစ်ဦးညိုရဲ့ နှင်းကေသရာချစ်တဲ့သူရဲကောင်းကိုဖတ်ပြီး
    မတ်သံလုံ အကြောင်း ဗညားနွဲ့မင်းသား၊ အမတ်ဒိန်၊ မင်းကန်စီ တွေရဲ့ အကြောင်းတွေကလွမ်းမိုးနေတုန်း
    ဒီပို့စ်ဖတ်ပြီး အီလည်လည်ဖြစ်သွားပါလေရော 🙂
    တွေးလည်းတွေးတတ် ရေးလည်းရေးတတ်ပါပေ့ဗျာ။

    • Liquid_Sn@ke

      August 14, 2012 at 2:35 pm

      အစက ဥပါကောင်း(သမိန်ဗရမ်း) ကိုပါခေါ်လာမလို့…မထိန်းနိုင်မှာစိုးလို့…

      ဇဂါးအတင်းစပ်…

      သမိန်ဗရမ်းသည် ဟံသာဝတီသို့ပြန်ရောက်သော် ရာဇဓိရာဇ်ထံဖြစ်ကြောင်းကုန်စင်လျှောက်လေသော် ရာဇဓိရာဇ်လဲ သမိန်ဗရမ်းကို ဒုန်ဝန်ရွာကို စားစေ၏။
      တနေ့သော သမိန်ဗရမ်းသည် ဟံသာဝတီမှအပြန် လမ်းခရီးတွင် သရဲ၊တစ္ဆေတို့ခြောက်လှန့်သော သူခိုးခေါင်းပြတ်သည်မှ ဒူးခေါင်းကိုကိုက်မိသော သွားသုံးချောင်းမှ အဆိပ်တက်ကာ သမိန်ဗရမ်း အနိစ္စရောက်၏။

      ဘာဒွေတုန်း …အဲ့ဒါလေးဒွေ စိတ်ထိခိယက်ရတာ..
      ပွန်းရာပဲ့ရာ ကနေ အနာရင်းပီး မေးခိုင် သေ ရင် သေတယ်ပေါ့…
      😀

      http://wikimyanmar.co.cc/wiki/index.php?title=%E1%80%9E%E1%80%99%E1%80%AD%E1%80%94%E1%80%B9%E1%80%97%E1%80%9B%E1%80%99%E1%80%B9%E1%80%B8

  • amatmin

    August 14, 2012 at 12:39 pm

    ကိုရင်ဂီတို့လုပ်ချက်ကြောင့်
    လဂွန်းအိမ်ကြီးတော့ တိုင်ပတ်နေပါပကောလား..
    ကိုယ့်ဆြာကို ..သမိန်ဂီ့ လုပ်နေကတည်းက အဲ့လူဒွေ ပိတ်သတ်လို့တော့..
    ထင်ခဲ့သေးသား..ကြိုက်လွန်းလို့ လက်တချောင်းဗျာ.. 🙂
    နောက်ထပ် ဘာဖုတ်တွေများ သွင်းအုန်းမလဲ စိတ်ဝင်စားနေပါ၏..

    အမတ်ဒိန်ပရိသတ်စစ်စစ်
    အမတ်မင်း 😛

    • pan pan chit

      August 14, 2012 at 1:27 pm

      သမိန်လဂွမ်းတဲ့ 😆
      ခိခိ….ကိုဂီက…..

    • Liquid_Sn@ke

      August 14, 2012 at 2:53 pm

      ရာဇဓိရာဇ်အရေးတော်ပုံကျမ်း ကို အလွန်နှစ်သက်စွာ ဖတ်ရှုခဲ့ဖူးရဲ့ဗျာ…
      နှင်းကေသရာ ကိုတော့ ဝတ္ထု အနေနဲ့ပဲ ဖတ်ဖြစ်ပါတယ်…
      အဲ့ထဲက အမတ်ဒိန် နဲ့ လဂွမ်းအိမ် ကြားက ဒိုင်တွေကိုတော့ ပစ်ကြွေ ဖူးသပေါ့…
      ထိပ်ဆုံးက ဒိုင်က အမှတ်မမှားရင် သူတို့ပြောခဲ့တဲ့ထဲက ဟာကို
      မှတ်မိသလောက် ချရေးလိုက်တာပါ…

      အဲ့ဒါကြီးကို… ဟိုတလောလေးက ကျော်ကြားသွားတဲ့..
      ယိုးဒယားမူဗီ လို ရုပ်ရှင် ရိုက်နိုင်ရင်ကောင်းမယ်ဗျို့ ….။
      အဲ….တကားလုံး မိန်းမတွေ တယောက်ပီးတယောက်ယူတာ ရိုက်ပြသွားတဲ့
      ဟိုမင်းသားနဲ့တော့ မလုပ်လိုက်ပါနဲ့လို့ ..အဟိ..
      😀

  • နွေဦး

    August 14, 2012 at 12:58 pm

    ကိုရင့် ဖုတ်သွင်းခေတ်မှာ ဇာဒူးဂျီး က ကြော်ညာဖို့ လိုပါ့မလား..
    လူငယ်လူကြီး လက်သုံးတော်ဖြစ်လောက်ရောပေါ့…။

  • kai

    August 14, 2012 at 1:59 pm

    မွန်သူရဲကောင်း မတ်သံလုံကို ကျုပ်ပို့လိုက်တုံးက.. သူ့ဆောင်ဓါးကြီးပါပါတယ်..
    ဘယ်သူမောင်ခိုထုတ်လိုက်တယ်မသိ… 😕

    ထားပါတော့..

    ဖုတ်သွင်းအဝိုင်းပြားများကို ပြန်လည်သိမ်းဆည်းပြီးသကာလ .

    . ဆိုထားသမို့..
    မီးပျက်သွားတုန်း.. အဲဒီဖုတ်ပြားကို… စက်ထဲကဘယ်လိုထုတ်ရတယ်ဆိုတာလေး.. ပြောပြပါနော.. နော.. 🙂

    • Liquid_Sn@ke

      August 14, 2012 at 2:25 pm

      ညင်းညင်း … ထင့်နေတဲ့အချက်ကိုမှ ထောက်လိုက်တယ်ပေါ့….
      ဓား-အာဂ ဆိုင်က ဒီဗီဒီပလေယာက ထရေးလ် တိုက်ပ် မဟုတ်ဝူးတဲ့ သဂျီးရဲ့…
      ပလေးစတေရှင် စက်တွေလို ခေါင်မိုးကနေဖွင့်ရတဲ့ ပေါ့တေးဘဲလ် တိုက်ပ် တဲ့ …..

      • ရဲစည်

        August 14, 2012 at 5:28 pm

        သဂျီးမေးတော်မူလို့
        အဖြေရှိရန်ကော…..
        ဒီဗီဒီ စက်ကို ဘေးက မူလီလေးလုံးက တရုတ်စက်မှန်ရင် ဖြုတ်ထားတာ အကောင်ဆုံး
        ဆိုတော့……
        သွားကြားထိုးတံ ရှိရင် ပိုအလုပ်ဖြစ်ကြောင်း
        သေချာရှင်းပြလဲ ချိုင်းနားထုတ် အမေဒစ်ကန်တွင် သုံးသည်ဆိုတာမျိုး
        သုခိုင်တကာဂျီးပိတို့ နားလည်မယ် မထင်ပေါင်

        ဝင်ရှင်းပေးရတာ မောတယ်
        လောလောဆယ် ဒါလောက်ဘဲ
        ရေမြွေကို ပီးမှ လာဆဲမယ်
        ဘယ်တုန်းကများ ငါ့ကို ချဉ်နေလဲ မသိ
        လုပ်ထည့်လိုက်တာ ပိုးစိုးပက်စက်

        သများ ကွမ်းကြိုက်ပါတယ်အေ
        ဗမာဆေး(အတုမိလှ ဗံဒါရွက်ခြောက်ပေါ့) နဲ့ နွယ်ချို(လေအောင့်တာ ကာကွယ်ဖို့) သာစားကြောင်း
        ကုလားဆေးတော့ မစားပါအေ နောက်တချက်က ကိုယ်တိုင် မုတ်ဆိတ်မွှေး နှုတ်ခမ်းမွေးထားပေမဲ့
        ဟိုဟာတွေကိုတော့ မကြိုက်ကြောင်း

        လုပ်ရက်တယ်အေ အဟင့် ……
        စိတ်ထိခယက် သွားဘီ
        လောလောဆယ် တံတွေး မမြိုရလို့
        ကော့ညက်တွေဘဲ မြိုနေကြောင်း …. (မြေထဲပင်လယ် လက်ကျန်လေး)
        ဒါဘဲအေ ….
        ငါလည်း စာဖတ်ဖို့ စာရေးဖို့ အချိန်ကို မရသေးဘူး
        တခါတလေ သူများရေးတာတွေ ဖတ်ပီး အားကျထှာ

        ဇကားမစပ် ကျုပ် ခရိုနီ မုန်းသူပါ
        လောလောဆယ်တော့ ခေတ်သစ် ကော်ပိုထရေစီရဲ့ ရှေ့တန်းတိုက်စစ်မှုး
        အီးအိ်ပ်ရှ်အမ် နောက်လိုက် ခွေးအသာ ဖြစ်နေကြောင်း …………………

        ဃိန် … ဂိန် … ကိန်
        လဂွန်းအိမ်ရဲ့ အမျိုး လဗြောင်ဂွတ်
        ခေတ္တ မြေထဲပင်လယ်

    • ရွာစားကျော်

      August 14, 2012 at 3:23 pm

      မီးအားအတက်အကျမမှန်၊ မီး ခဏခဏ ပြတ်တဲ့ဒဏ်ကြောင့် ကြာတော့
      ဂဂတို့ ဖုတ်သွင်းအပြားဖွင့်စက် မော်တာက စဖွင့်ဖွင့်ချင်း မလည်နိုင်တော့ဘူး
      ဖုတ်သွင်းအပြားကို လက်နဲ့လှည့်ပြီး အင်နီချယ်ဖို့စ်ပေးမှ ထ လည်နိုင်တာ
      အဲဂလိုကြောင့် စက်ရဲ့ အပေါ်ဖုံးကို ဒီအတိုင်းလှပ်ထားရလို့ မီးပျက်လည်း ဖုတ်သွင်းအခွေ ထုတ်မရမှာ မပူရပါကြောင်း….
      ဟွင်း ဟွင်း ဟွင်း

  • kyeemite

    August 14, 2012 at 2:50 pm

    ဖုတ်သွင်းစာရေးဆြာ..ကရင်ဂီ..ဖတ်ကောင်းသဗျာ..
    စိတ်ညစ်ညူးနေတာလေးတောင်လန်းသွားပါ၏။
    ဖုတ်သွင်းလူမိုက်..
    ကြိုက်မီး။

  • Phaung Phaung

    August 14, 2012 at 3:30 pm

    ဝတ္တုတစ်ပုဒ်လုံး ဖုတ်သွင်းအကြောင်းအရာတွေချည်းပဲဖတ်လိုက်ရတယ်… ဖတ်လို့ကောင်းပါကြောင်း။
    နောင်လည်း များများရေးပါဦး… ဆရာတွေရဲ့စာတွေဖတ်ပြီး စိတ်အပန်းပြေပါကြောင်း
    သတင်းကောင်းပါးလိုက်ပါရစေလို့ …..။

  • mocho

    August 14, 2012 at 3:48 pm

    တိုင်း မ ရှင်း နဲ့ ဓါတ်ကျနေတဲ့ အမောင် ဖုတ်သွင်း စာရေး ဆြာ အိုင်ဇာဂီ ရေ
    အမ တို့ တွေ ရဲ့ နေထိုင်မှု ဘဝ တွေ ၊ ပစ္စည်း ပစ္စယတွေ နဲ့ အခြေ နေ အရပ်ရပ် အားလုံး ဟာ သက္ကရာဇ် ၂၃၀ဝ လောက် ကများ ပြန် ကြည့် လိုက် ရင် အခု လို ပဲ အံ မဝင်တဲ့ ဟား စရာတွေ ဖြစ်နေမလား။
    ဝေးဝေး မကြည့် ပဲ တို့ တွေ ရဲ့ ငယ် ဘဝ လောက် ကို ကြည့် လိုက် ရင်ကို ခု ချိန်ခါ နဲ့ ယှဉ် ရင် ပြုံးစရာ လေး တွေ ဖြစ်ကုန် တာ တွေ ရှိပါ့။ ဥပမာ ပြော ပြမယ်….အမ တို့ ငယ်ငယ် က တီဗွီ နဲ့ အောက်စက် ဆို တာ သင်္ဘောသား အိမ်တွေ လို ချမ်းသာ တဲ့ အိမ်တွေ မှ ဝယ်နိုင် တာ ဆိုတော့ ဦးလေး သင်္ဘောသား တွေ အိမ် ကို တခါတလေ သွားလည်လို့ အခွေသွား ငှား ချည် လို့ များ ခိုင်း လိုက်ရင် အမ တို့ မောင် နှ မ တွေ မှာ အခွေ လေး ကိုင် သွား ရတဲ့ အချိန် ကို ခြေထောက် နဲ့ မြေ ကြီး ထိတယ် မထင် အောင်ကို မြောက်နေ တော့ တာ။
    ခု များတော့ အောက် စက် ဆို တာ ပြတိုက် ထဲ ရောက်တော့ မယ်၊ သိပ် မကြာ ခင်မှာ CRT တီဗွီ( တီဗွီ အလုံး) တွေ လည်း ထို နည်း လည်းကောင်း ဖြစ်တော့ မယ်။
    မှတ်မှတ် ရရ …အမ ၉ တန်း နှစ် မှာ ..အဲဒီ ဦးလေး ယူ လာ တဲ့ CD ချပ်ဆိုတာ ကို မတွေ့ ဖူး လို့ သက်သက် သွား ကြည့် ခဲ့ ရတာတွေ၊ သူကိုယ်တိုင် လက်ရာ မထင်အောင် တယုတယ ကိုင် ထားတဲ့ အပြားလေး ကို ကျမ က ဆက် ခနဲ ကိုင် လိုက် လို့ အအော် ခံ လိုက် ရ တာ တွေ …ခုချိန်မှာတော့ အဲဒီ အချပ်တွေ ကို ဆင်း ရဲ သား ရပ်ကွက် က အမှိုက် ပုံ တွေ မှာဆို မမြင် ချင် မှ အဆုံး…
    ဪ…..အချိန်ကာလ ဆိုတာ အခြေအနေ တွေ ကို ပြောင်း လဲ သွား စေတဲ့ ဖုတ်သွင်း ….အဲ ဘာ ဆက် ရေး ရ မှန်း မသိတော့ ဘူး
    ဘာပဲဖြစ်ဖြစ် ဖုတ်သွင်းစာရေးဆြာ ရဲ့ ဖုတ်သွင်း စာလုံး တွေ ကတော့ အဲဗားလန်း နေလို့ ( ခါတိုင်း ကိုယ့် ဉာဏ်နဲ့ လိုက် မမီ တဲ့ စာတွေ ကို မမန့် ဖြစ် တဲ့ အတွက် ) လျှှာ ရှည်ရှည် နဲ့ မန့် မိပါကြောင်း။

  • ကိုရင်မောင်

    August 14, 2012 at 4:12 pm

    ဒီဇာတ်လမ်းမျိုး နည်းပညာကောင်းကောင်းနဲ့ရုပ်ရှင်ရိုက်ယင်….
    ဟာသဇာတ်လမ်းကောင်း ကားတစ်ကားဖြစ်လာနိုင်တယ်နော်…ကိုရင်ဂီရဲ့

  • nozomi

    August 14, 2012 at 5:57 pm

    သမိုင်းဆိုတာ တစ်ပတ်လည်တယ်တဲ့

    ဆံပင်တွေက တိုလာလိုက် ရှည်လာလိုက်

    ထမီတွေက တိုလိုက် ရှည်လိုက်

    ရွာထဲမှာလဲ ဘောလုံးကန်လိုက် အငြိမ့်ထောင်လိုက် ရာအိမ်မှူးလုပ်လိုက်နဲ့

    အားလုံးကို သဘောကျ လေးစားမိ အားကျမိပါကြောင်း

    အချိန်ရရင် မိုးအေးအေးမှာကွေးရင်း ချစ်ဦးညို ဝတ္ထုလေးတွေ နဲ့ မှိန်းနေရတဲ့ ငယ်ဘဝကို ပြန်သွားချင်ကြောင်း ဖုတ်သွင်းဆရာကြီးကို တိုင်တည်လိုက်ပါတယ်

  • ဥဥ

    August 14, 2012 at 6:10 pm

    ဆရာချစ်ဦးညိုဖတ်မိရင်တော့ ချုံးပွဲချပီး ထိုင်ငိုလောက်တယ်ဗျို့ [;)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • marblecommet

    August 14, 2012 at 11:56 pm

    သမိုင်းတစ်ပတ်လည်ပြီး
    ဖုတ်သွင်းထှာကို
    ရေလည် လေးစားပါ၏
    ဆံဘင် ဖြတ်ရောင်းဒဲ့ ကာတွန်းဆြာဘူလဲ
    သိချင်ဇမ်းလှဟယ်…….
    ဝှစ် …ဝှစ်….ဝှစ်…..

  • MaMa

    August 15, 2012 at 6:19 am

    အဲဒီ ဖုတ်သွင်းအဝိုင်းပြားများက အော်ရီဂျင်နယ်လား။
    ခိုးကူးလား သတိထားဦး။
    ခုတလော ခိုးကူးခွေတွေဖမ်းလို့ လမ်းဘေးမှာ ခွေဆိုင်တွေ ထွက်တာ မတွေ့ဘူး။
    တောက ဧည့်သည်တစ်ယောက် အရင်အပတ်က ဝယ်ထားတဲ့ခွေ ထစ်လို့ ပြန်လဲဖို့ဆိုပြီး ယူလာတာ….
    လမ်းမှာအသိတစ်ယောက်နဲ့တွေ့လို့ ပြမိတယ်တဲ့။
    ဘယ်ကရောက်လာမှန်း မသိတဲ့ အခွေငှားတဲ့ဆိုင်ရယ်၊ မြို့နယ်ကဆင်ဆာအဖွဲ့ (သူတို့ပြောတဲ့အတိုင်းပြောတာ) အဖွဲ့ အဖွဲ့ အဖွဲ့ အဖွဲ့ အဖွဲ့……တွေ ရောက်လာပြီး ခိုးကူးတွေလက်ဝယ်ရှိမှုနဲ့ တရားစွဲမယ် ရုံးတင်မယ် ပြောတာနဲ့ ကြောက်လန့်ပြီး ဖြေရှင်းလိုက်တာ အသပြာ ၁သိန်း ထွက်သွားရှာသတဲ့။
    ခိုးကူးခွေ ပပျောက်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြပုံများ ပြောပါတယ်။ :mrgreen:

    သူ့ခေတ်မှာ သူရဲကောင်းပေမယ့်….
    နိုင်ငံကျော် သူရဲကောင်းကြီးလည်း.. ဝမ်းမီးကိုတော့ မလွန်ဆန်နိုင်ပါချေ…. ဆိုတဲ့
    မတ်သံလုံရဲ့ သနားစရာမြင်ကွင်းလေးကိုလည်း မြင်ယောင်မိပါရဲ့။
    မြင်မြင်ကရာ ဖုတ်သွင်းထားတာလေးကိုလည်း သဘောကျမိပါရဲ့။ 🙂

  • ကြောင်ကြီး

    August 15, 2012 at 8:13 am

    မောင်ဂီ နင့်ဟာက တယ်ရှည်ပါကလား…။
    မောင်ဂီ
    တောင်ရှည်
    ထောင်အီ
    ပြောင်နီ
    ယောင်ဖီ
    ဒေါင်မြည်
    လှောင်ရီ
    ကောင်စီ..။

  • Novy

    August 15, 2012 at 10:45 am

    နှင်းကေသရာချစ်တဲ့မတ်သံလုံးတစ်ယောက်တော့
    ဂီဂီနဲ့ တွေ့မှ iသံလုံးဘဝပြောင်း ယောင်ကြီးဗွေပျောက်ပြီး
    ဖုတ်သွင်းမီးရရှိရေး ဆန္ဒထုတ်ဖေါ်သူဖြစ်နေရတာ
    စိတ်မကောင်းလိုက်တာအေ..
    နှင်းကေသရာ ရင်ကွဲပါပြီ

  • ဦးဦးပါလေရာ

    August 15, 2012 at 1:10 pm

    ခေတ် ဆိုတဲ့ အချိန်အတိုင်းအတာရဲ့ ခြားနားမှု့အောက်မှာ
    လူစွွှမ်းကောင်း ဆိုတာလဲ မစွမ်းတော့တာကို ပေါ်လွင်အောင် ရေးပြနိုင်ပါပေတယ်။

  • အရီးခင်လတ်

    August 15, 2012 at 4:36 pm

    လက်စသတ်တော့ အရီး နဲ့ မြန်မာပြည် မှာ တွေ့ခဲ့တဲ့ သူငယ် က “ပျင်းလေတရာ ဂျစ် တဲ့ သူရဲကောင်း” ကိုး၊
    ဒါကြောင့် ဒင်းက ထစ် ကနဲ ဆို ရှိုက်ကြီးတငင် နဲ့ ငိုမဆုံး ဖြစ်နေတာကိုး။ 😛

    Back to the Future က လို အနာဂတ် ကို လဲ ပို့ ကြည့် လိုက်ပါဦးလေ။
    အိုင်သံလုံး လေး ဘာဆက်ဖြစ်သွားမလဲ သိချင်ပါဘိ။ 🙄 😉

  • padonmar

    August 15, 2012 at 10:24 pm

    အမေဒစ်ကန်က မီးစက်ကြီးတွေ ရောက်ရင်တော့ အိုင်သံလုံးတစ်ယောက် မျက်ရည်ခဏရပ်၊
    ရာအိမ်မှူးအူးစည် နဲ့ ဓါး ဂဂ တို့ မီတာစာရွက်လေးကြည့်ပြီး ခေါင်းချင်းဆိုင် ငိုနေကြပါအုံးမယ်။

  • လုံမလေးမွန်မွန်

    November 20, 2012 at 8:01 pm

    ဖျား..ဂုမှ ဖတ်မိဒယ်..နာ့ သူရဲကောင်းကို ဘူဂ ဟိုပို့ဒီပို့လုပ်နေဒါလဲ….
    တနားဇယာကောင်းလိုက်တဲ့ အမောင်ရယ်… ဟင့်..ရွှတ်..ဖတ်…

Leave a Reply