ဓာတ်ပုံရိုက်ရန်အတွက်ယူထားသောဘွဲ့လက်မှတ်
ကြောင်ဝတုတ်တစ်ကောင် အသိုက်ပြောင်းမှာမို့ အလုပ်တွေမဟာဒယားရှုပ်တာမို့ ရွာထဲကို မနက်စောစောအိပ်ယာနိုးချိန်လေး ဖုန်းနဲ့ခဏတဖြုတ်ဝင်ကြည့်ရုံကလွဲရင် ကော်မန့်လေးတောင်မပေးနိုင်တဲ့ ဘဝမို့ မမနောဖြူပြောသလို ကြောင်ဝတုတ်တစ်ကောင်ပျောက်ခြင်းမလှပျောက်နေတာပါ…
သို့ပေသည့် အိတုန်းလေးရဲ့ “ရထားတဲ့ဘွဲ့က ဓာတ်ပုံချိတ်နိုင်ဖို့ပဲလား” ဆိုတဲ့ပိုစ့်ကို ဖတ်ပြီးတော့ ပရောဂအမှန်ဖြစ်သမို့တုန်ဆင်းလာ ရကြောင်းဝန်ခံပါရစေ… အိတုန်းရဲ့ပိုစ့်လေးက ကျွန်တော့်ကိုလွန်ခဲ့တဲ့ ဆယ်စုနှစ်တော်တော်ကျော်ကျော်ကို ပြန်ခေါ်သွားတယ်…
ကျွန်တော် (၁၀)တန်းအောင်တော့ (အခုတက္ကသိုလ်ဝင်တန်းပေါ့) အမှတ်ပေါင်းက အင်ဂျင်နီယာလိုင်းကို (၃)မှတ်လိုနေတယ်… ဆရာဝန်ဖြစ်ဖို့နဂိုကတည်းက ဝါသနာမပါသူမို့ အင်ဂျင်နီယာမဖြစ်တာကို ဝမ်းနည်းမိပေမယ့် ဘဝအတွက်တစ်ခုခုကိုရွေးချယ်ဖို့ အချိန်လို့ပြောရမည်မို့ ကိုယ်ဘာလုပ်မလဲကို အရင်ဆုံးစဉ်းစားရပါတယ်…
ဘူမိဗေဒကိုစိတ်ဝင်စားခဲ့ပေမယ့် အဖေဖြစ်သူကိုယ်တိုင် ဂျော်လောဂျစ်မို့သူ့သားကို ဂျော်လောဂျစ်ဖြစ်ဖို့ အားမပေးပါဘူး… အဓိကအကြောင်းအရင်းက ပျက်စီးမှာစိုးလို့၊ ပင်ပန်းမှာစိုးလို့ပါ… မိဘရဲ့မေတ္တာပေါ့…
တကယ်တော့ ဘယ်မှာနေနေ ပျက်စီးချင်သူက ပျက်စီးမှာပါပဲ… ဘယ်အလုပ်လုပ်လုပ် အတိုင်းအတာတစ်ခုအထိတော့ ပင်ပန်းပါတယ်… ဒါကတစ်ပိုင်းပါ… အဲဒီအချိန်မှာ ကျွန်တော်ရွေးချယ်မှုတစ်ခုလုပ်ရပါတယ်… အသင်ဘာလုပ်မလဲ…
ကျွန်တော် အင်ဂျင်နီယာမဖြစ်မယ့်အတူတူ အသုံးတည့်မယ့်အနေအထားကိုစဉ်းစားရပါတယ်… အဲဒီမှာ ကျွန်တော် အင်္ဂလိပ်စာဘာသာကိုယူဖို့စဉ်းစားပြီး English Major နဲ့ ကျောင်းတက်ခဲ့တယ်… ကျောင်းတက်ရင်းအလုပ်လုပ်ချင်တော့ အဝေးသင်ကိုသေချာရွေးလျှောက်လိုက်ပါတယ်…
ကျွန်တော့်အမှတ်နဲ့ အင်္ဂလိပ်စာကို အခက်အခဲမရှိဝင်ခွင့်ရခဲ့တယ်ဆိုပါတော့… နောက်ပိုင်းမှာတော့ ကျွန်တော့်ရဲ့အသက်မွေးဝမ်းကြောင်းပညာအနေနဲ့ Computer Networking ပိုင်းကို သေချာလေ့လာပြီး (၄)နှစ်လောက်အချိန်ပေးခဲ့ပါတယ်… အခုအချိန်မှာ ကျွန်တော်ဟာ Professional တစ်ယောက်အနေနဲ့ Networking Field မှာအလုပ်လုပ်ကိုင်နေပါပြီ…
အဲဒီမှာ ကျွန်တော်စဉ်းစားမိတဲ့အကြောင်းအရာတစ်ခုပြောပါမယ်… ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ဆိုတာ နိုင်ငံတကာပညာရေးစနစ်နဲ့အလားသဏ္ဍာန်တူပညာရေးပါပဲ… ခေတ်နောက်ကျတာတော့ရှိမှာပေါ့…
ဒါပေမယ့် ကျွန်တော်တို့ရဲ့အဓိကအားနည်းချက်က ဘာသာရပ်တိုင်း ဘာသာရပ်တိုင်းအတွက် ဆိုင်ရာလုပ်ငန်းခွင်တွေဖန်တီးမပေးနိုင်တာပါ… ဥပမာပြောရမယ်ဆိုရင် သာမာန်မေဂျာတွေထဲမှာ အမှတ်အနည်းဆုံးနဲ့ ဝင်ခွင့်ရတဲ့ဘာသာဆိုရင် ဆိုက်ကော်လော်ဂျီကို သာဓကပြရမှာပါ… ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်လောက် စိတ်ဖိစီးမှုခံစားရ ခံစားရ ဆိုက်ကော်လောဂျစ်နဲ့ပြသတိုင်ပင်တာမျိုးလုပ်လေ့လုပ်ထမရှိပါဘူး… အဲဒီတော့ ဆိုဒ်ကိုလောဂျစ်တစ်ယောက်က အလုပ်အကိုင်အခွင့်အလန်းနဲသထက် နဲလာတာပါ…
အဲဒီလိုပဲ Physic နဲ့ဘွဲ့ရ တဲ့လူတစ်ယောက်ဟာ သူ့အတွက် Physic နဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အလန်းနဲလွန်းလေတော့ နောက်ပိုင်းမှာ Computer အခြေခံသင်တန်းလေးတွေတက်ပြီး၊ လုပ်ငန်းရဲ့သာမာန်ဝန်ထမ်းတစ်ဦးဘဝကိုပဲ ရောက်သွားတာပါ… အဲဒီမှာ ပြသနာကစပါတော့တယ်… အင်ဂျင်နီယာဖြစ်ချင်ဖြစ်… မဖြစ်ရင် ဆရာဝန်ဖြစ်.. အဲဒီနှစ်မျိုးမှမဖြစ်ရင် ကျန်တဲ့ဘာသာရပ်ဆိုင်ရာဘွဲ့ပိုင်ရှင်တွေက သာမာန်ဝန်ထမ်းဖြစ်ရပါတော့တယ်…
တကယ်လို့ သာမာန်ဝန်ထမ်းမဖြစ်ချင်သူများကတော့ LCCI လိုမျိုး၊ Business Management လိုမျိုး အပြင်ကျောင်းတွေက သို့တည်းမဟုတ် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တစ်ခုခုကိုယူပြီး ကုမ္ပဏီခပ်ကြီးကြီးမှာ ရာထူးကြီးကြီးရဖို့ကြိုးစားရပါတော့တယ်…
ဒါဆိုရင်ပြသနာအရင်းအမြစ် အမှတ်စဉ်(၁)က အလုပ်အကိုင်နယ်ပယ်ကျဉ်းမြောင်းမှုလို့ဆိုရမကိုး…
နောက်တစ်ခုက ပညာရေးစီမံခန့်ခွဲမှုရဲ့ပြသနာပါ… ပညာရေးအတွက်မွေးထုတ်လိုက်သော ဆရာဆရာမများမွေးထုတ်လိုက်သော
နာ(၃)နာနှင့် လှိမ့်ပိန့်နေ အောင်နာနေကြသူများပါ… တကသိုလ်တစ်ခုမှာ ပါမောက တစ်ယောက်ဖြစ်လာပေမယ့် သူတို့မှာလုံလောက်သောဝင်ငွေမရှိတော့ ကျုရှင်ပြေးသင်ရပါတယ်… စားဝတ်နေရေးအတွက် တခြားအလုပ်တစ်ခုခုကို ရှာကြံလုပ်ရပါတယ်… အဲဒါကြောင့် အခြေခံပညာရေးက ဆရာဆရာမတွေ ကျောင်းမုန့်ဈေးရောင်းတာ ကျူရှင်လုကြတဲ့ကိစတွေဖြစ်မှန်းမသိဖြစ်လာတာပါ… အဲဒီမှာ ဆရာတွေကို သိကာမရှိဘူးလို့ပြောတာထက် ပညာရေးစီမံခန့်ခွဲနေသူအစိုးရတာဝန်မကျေဘူးလို့ပြောတာက ပိုပြီးသဘာဝကျပါလိမ့်မယ်… ဘာပြောပြော ဒီဘူတာကိုဆိုက်နေတယ်မထင်စေချင်ပါ…
ယခင်ပညာရေး ဘတ်ဂျက်ကိုလျော့ချပြီး စစ်ရေးဘတ်ဂျက်ကိုစွပ်သုံးခဲ့တဲ့ ပုန်းရှောင်လေသူဘဘကြီးများကိုပဲ အခုအချိန်မှာအပြစ်ပြောလို့ရမှာပါ… လက်ရှိအစိုးရကိုတော့ စောင့်ကြည့်နေဆဲလို့ပဲပြောချင်ပါတယ်…
အဲဒီတော့ Physic လို၊ Chemistry လို သိပံ္ပဘာသာရပ်တွေကို သင်ကြားနေကြသော ဆရာဆရာမများအပေါင်း ဘယ်လောက်များကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်တီထွင်ကြံဆမှုများနဲ့ ဒီစာတွေကိုသင်ကြားပေးနိုင်မှာလဲ… ရှင်းပါတယ်… သူတို့ သင်ရိုးညွှန်းတန်းက ညွှန်ကြားထားသလိုပဲသင်နိုင်မှာပါ… ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်သည်လဲ စာပဲတတ်ပြီး လက်တွေ့လေ့လာလိုက်စားဖို့အချိန်တွေအစား စားဝတ်နေရေးပြသနာ ဖြေရှင်းဖို့အချိန်တွေကိုပေးလိုက်ရလို့ပါ…
အဲဒီတော့ ဘာနဲ့ပဲဘွဲ့ရရ… လက်တွေ့မှာ အရင်ဆုံးအသုံးချစရာနေရာအခွင့်အလန်းမရှိဘူး…
ပညာပြန်လည်သင်ကြားမျှဝေနေသူများကလဲ သူတို့ယူထားတဲ့ဘွဲ့မှာ Professional တိတိကျကျမဖြစ်ဘူး…
အဲဒါဆို အိတုန်းပြောသလို ဓာတ်ပုံချိတ်ဖို့ဘွဲ့ယူတာလားလို့ပြောရမလိုဖြစ်နေပြီ…
အဲဒီမှာ ပညာရေးကိုထပ်ဖျက်တဲ့နောက်ပြသနာတစ်ခုက ဘွဲ့ရများများရိုက်နှိပ်ထုတ်ရေးစီမံကိန်းဖြစ်တဲ့ UDE ခေါ် အဝေးသင်ပညာရေးစနစ်ပါ… ကျွန်တော်လဲ အဲဒီထဲကသားကောင်တစ်ကောင်…
အဝေးသင်ပညာရေးစနစ်လို့ပြောရရင် ကျုပ်တို့တိုင်းပြည်ကမျိုးဆက်သစ်ဆိုတဲ့ သကောင့်သား၊ သကောင့်သမီး တွေက ဘယ်လောက်များ ကိုယ်ပိုင်လေ့လာမှု (Self Study) လုပ်နိုင်လို့ အဝေးသင်ပညာရေးစနစ်လုပ်ရသလဲဆိုတာ… ကျွန်တော်တို့ကရော ဘယ်လောက်များ အခြေခံပညာစနစ်ရဲ့အမှတ်ပေးစည်းမျဉ်းမှာ ကိုယ်ပိုင်အမြင် ကိုယ်ပိုင်အယူအဆကို ထည့်သွင်းလို့ရော ဘယ်နှမှတ်ပေးပါတယ်ဆိုတဲ့ စည်းမျဉ်းပါနေလို့ အဝေးသင်ပညာရေး စနစ်ကြီးနဲ့ ဘွဲ့ရတွေရိုက်ထုတ်ရတာလဲဆိုတဲ့မေးခွန်းကို ဘယ်နိုင်ငံတော်အကြံပေးမှမမေးခဲ့ဖူးပါဘူး…
ဘယ်ပညာရေးဝန်ကြီးမှ အရေးမစိုက်ခဲ့ပါဘူး… အဲဒီတော့ ဓာတ်ပုံချိတ်ပညာရေးစနစ်နဲ့အတူ… မြန်မာနိုင်ငံကဘွဲ့ရပညာတတ်အမည်ခံ လူငယ်တော်တော်များများဟာ ဆိုက်ကားနင်း၊ စပါယ်ယာလိုက်၊ စည်းမျဉ်းမရှိ လုပ်ထုံးလုပ်နည်းမရှိတဲ့လုပ်ငန်းတွေ ကုမ္ပဏီတွေမှာ တောက်တိုမရအဆင့်နဲ့ ဘွဲ့နဲ့အတူ မြောင်းထဲကိုရောက်ရပါတော့တယ်…
ဒါဆိုရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ… အလွယ်ဆုံးဖြေရှင်းနည်းတစ်ခုက တစ်နေရာရာမှာ Professional ဖြစ်အောင်ကြိုးစားရပါလိမ့်မယ်… ဘွဲ့တစ်ခုကို အရင်းပြုလို့မရတဲ့အနေအထားမို့ပါ… ဒါပေသည့် အဲဒီလိုဖြေရှင်းနည်းက ခဏတာပဲဖြေရှင်းလို့ရမှာပါ… အချိန်အကြာကြီးဖြေရှင်းလို့ရတဲ့အနေအထားမဟုတ်ပါဘူး…
အဲဒီမှာ ရေရှည်အတွက်တော့ ပညာရေးကောင်းလာအောင် အစိုးရက ပုဂ္ဂလိကကျောင်းတွေကို တရားဝင်လက်ခံပေးပြီး
ဒါကျက်ဒါဖြေစနစ်ကနေ ကိုယ်ပိုင်အတွေးအခေါ်များရှင်သန်လာစေသော အမှတ်ပေးစည်းမျဉ်း စနစ်ကို ပြင်ဆင်ရမှာပါ… သင်ရိုးညွှန်းတန်းပြောင်းဖို့ထက်… သင်ကြားမှုနဲ့ စာစစ်မှုပုံစံကို အရင်ပြောင်းရမှာ အဓိကပါ…
နောက်တစ်ခုက ဥပမာ… တက္ကသိုလ်ဝင်တန်းအဆင့်မှာ အခြေခံဘာသာစုံသင်ကြားရပေမယ့် အားလုံးကို ကျောင်းသားတစ်ယောက်အနေနဲ့ စိတ်ဝင်စားချင်မှစိတ်ဝင်စားမယ်… အဲဒီတော့ တက္ကသိုလ်ဝင်ခွင့်ပုံစံကို ပြောင်းလဲပေးရတော့မှာပါ… စိတ်ဝင်စားသောတက္ကသိုလ်ကိုလျှောက်ထားခွင့် လျှောက်ထားမှုကိုလက်ခံရာတွင်လဲ လျှောက်ထားသူ၏ ဘာသာရပ်အပေါ်အမှန်တကယ်စိတ်ပါဝင်စားမှုကိုအလေးပေးရန်ဆိုတာမျိုးဖြစ်ရမယ်…
အဲဒါဆိုရင် တကသိုလ်ဝင်ခွင့်ရသူနဲလာမယ်… ဘွဲ့ရသူအရေအတွက်နည်းလာမယ်…
ဒါပေမယ့်ဘွဲ့ရသူအရည်အချင်းတက်လာမယ်… တကယ်လို့များ အရည်အချင်းတက်လာပြီဆိုရင်…
အဲဒီလူတွေကို အလုပ်ပေးဖို့ ချစ်သောအစိုးရလုပ်ရတော့ပါမယ်… အဲဒီအချိန်မှာလဲ မြန်မာနိုင်ငံကဘွဲ့လေးတွေ တန်ဖိုးရှိလာမယ်လို့ထင်ပါတယ်… ကိုယ်ပိုင်အတွေးအခေါ်တစ်ခုပါ…
အဲဒီတော့ အခုနောက်ပိုင်းမြင်တွေ့ရတဲ့တလွဲဆံပင်ကောင်းမှုတွေကို ပြောရပါဦးမယ်…
ဘွဲ့ရလူငယ်တော် တော်များများ အိမ်စရိတ်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်၊ ဘီယာဆိုင်ထိုင်လုပ်နေကြပါတယ်…
အလုပ်ရှားလို့ အလုပ်မရ… ခက်တာက ဘယ်နေရာမှ Professional မဖြစ်… Professional ဖြစ်အောင်လဲမကြိုးစား…
နဲနဲ အလုပ်မှာအဆင်မပြေရင် အနှိမ်ခံရတယ်လို့ခံစား… အော်…
မြန်မာစကားပုံရှိပါတယ်… ပညာရဲရင့်ပွဲလည်တင့် အဲဒီခေါင်းစဉ်နဲ့ ငယ်ငယ်တုန်းက စာစီစာကုံးအနဲဆုံး အခေါက် ၂ဝ လောက်ရေးခဲ့ဖူးပါတယ်… သို့ပေမယ့် တကယ့်အနှစ်သာရကို မသိခဲ့ဘူး…
Professional ဖြစ်ပြီး ကိုယ့်ရဲ့ပညာကို မစော်ကားနိုင်တဲ့အနေအထား မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့လူကို ဘယ်သူမှမစော်ကားရဲပါဘူး… စော်ကားသူကိုလဲ ပြတ်ပြတ်သားသားတုံ့ပြန်သင့်၊ တုံ့ပြန်ရမှာပါ… ဒါပေမယ့် တုံ့ပြန်နိုင်ဖို့ ကိုယ့်မှာအင်အားရှိရမှာပါ…
အဲဒီတော့ လူငယ်တွေဘာလုပ်ကြမလဲ… မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ တစ်နေရာရာမှာ Professional ဖြစ်အောင်ကြိုးစားရပါမယ်… ဘဝရပ်တည်ဖို့ ဘွဲ့တစ်ခုထက် Professional တစ်ခုခုတတ်မြောက်နေဖို့ ပိုပြီးအရေးကြီးပါတယ်…
မဟုတ်ရင်တော့ Generalize ပတ်ဝန်းကျင်မှာ တောက်တိုမရလုပ်ရင်း ဘဝကိုတောက်တိုမရဖြတ်သန်းကြရတော့မှာဖြစ်ပါကြောင်း…
အဓိကပြောချင်တာကတော့ ဓာတ်ပုံချိတ်ဖို့ရိုက်ထားသောဘွဲ့ဖြစ်နေပြီ… မှားတဲ့ကိစ္စလဲမှားခဲ့ပြီ တစ်နေရာရာမှာ Professional ဖြစ်အောင် မိမိကိုယ်ကိုထိန်းကြောင်းရင်း လူ့စွမ်းအားအရင်းအမြစ်လေးများကို တိုးတက်စေချင်ပါသည်…
ခင်မင်လျက်-
ကြောင်ဝတုတ်
35 comments
etone
August 15, 2012 at 3:10 pm
Very nice ပါဗျို့ ….. ဘယာကြော်ပါ ကိုကြောင်ဖက်ရေ ……. ။
စေတနာပါပါနဲ့….ရေးထားပြီး ၊ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့ ကြုံကိုလိုက်ပြီး .. ပညာရေး စနစ်ရဲ့ ချို့ ယွင်းမှု နေရာ အချို့ကို ထောက်ပြသုံးသပ်သွားလို့ …….. နှစ်သက်မိပါတယ် … ။ ခံစားချက်ချင်း ထပ်တူကျတဲ့ပို့စ်မို့ … လက်မထောင်အားပေးသွားပါတယ် …. ။ 🙂
ko khin kha
August 15, 2012 at 3:23 pm
အဲဒီတော့ လူငယ်တွေဘာလုပ်ကြမလဲ… မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ တစ်နေရာရာမှာ Professional ဖြစ်အောင်ကြိုးစားရပါမယ်… ဘဝရပ်တည်ဖို့ ဘွဲ့တစ်ခုထက် Professional တစ်ခုခုတတ်မြောက်နေဖို့ ပိုပြီးအရေးကြီးပါတယ်…။
အကြိုက်ဆုံးစာသားလေးဘဲဗျာ။
manawphyulay
August 15, 2012 at 3:43 pm
မနောကတော့ ပရော်ဖက်ရှယ်လိုင်းတော့ လုပ်နေတယ်။ ဘွဲ့တွေကတော့ ဖုန်အတက်ခံပြီး ဓာတ်ပုံအလှချိတ်ထားတာပေါ့… အဟဲ
shwe kyi
August 15, 2012 at 4:01 pm
သစ်စ အစ်စ ဂွတ်ထ ပါလား။ မှန်ပါတယ်ရှင်။
Professional ဖြစ်အောင်ကြိုးစားရပါမယ်… ဘဝရပ်တည်ဖို့ ဘွဲ့တစ်ခုထက် Professional တစ်ခုခုတတ်မြောက်နေဖို့ ပိုပြီးအရေးကြီးပါတယ်…။
Rose Minn
August 15, 2012 at 4:05 pm
တရေးနိုးသော်အကြံပေါ် ပေါ်တဲ့ အကြံပြန်အိပ်ရန် 🙂 မဟုတ်ပဲ။ လေးလေးစားစားရေးပြသွားတဲ့ ကိုဖက်ကို ကျေးဇူးတင်ပါတယ်။
ပညာရေးနဲ့ ပါတ်သတ်လို့ ကတော့ ကိုယ်ကိုယ်တိုင်လည်း ဓားစာခံမို့ ပြောရင်း ကျောင်းတော်ကြီး တက်နေတုန်း အချိန် ဆီပြန်ရောက်သွားခဲ့ပါတယ်။ Rose လဲ ၁ဝတန်းအောင်တော့ အမှတ်နဲသွားတဲ့ အတွက် လိုချင်တဲ့ လိုင်းမရပါဘူး။ ဒီတော့ ဖြစ်ချင်ရာဖြစ် ရတဲ့ လိုင်းယူမယ်ဆိုပြီး အတွက် အချက် မေဂျာကို ယူခဲ့ပါတယ်။ ကျောင်းတက်နေရင်း စဉ်းစားမိတာ ကျောင်းပြီးရင် ငါ့ မေဂျာနဲ့ ဘာလုပ်လို့ ရမလဲလို့ formula တွေ၊ sin cosin တွေအကြောင်းစဉ်းစားတွေးနေရင်း မှာပဲ ကိုယ့် စီနီယာတွေကို မြင်တဲ့ အချိန်မှာ ဘွဲ့ရပြီး ကားထောင်စားတဲ့သူနဲ့၊ အိမ်မှာ ဈေးရောင်းသူရောင်း၊ ကုပ္မဏီတွေ မှာ စာရေး အလုပ်ဝင်လုပ်တာ တမျိုး၊ ဝိုင်းကျူရှင် ဆရာတွေလုပ်ကြနဲ့။ first yr မှာကတည်းက ကိုယ်သူတို့လို ဘွဲ့ ရရင်ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ လဲပေါင်းများစွာနဲ့ နေခဲ့ပါတယ်။ ဆရာတွေ ကိုလည်းမေးဖြစ်ပါတယ်။ ဘွဲ့ ရရင် ဒီဘာသာရပ်နဲ့ ဘာလုပ်စားရမလဲ မေးတော့ ရီပါတယ်။ အဲဒါနဲ့ business line ကိုကူးပြီး ကျောင်းနှစ်ကျောင်း နှစ်ဖက်ခွပါတော့တယ်။ အဲဒီတုန်းက အတွေးကအရမ်းမြင့်ခဲ့တာကိုး။ 😛 ကျောင်းနှစ်ကျောင်းပြီးလို့ အလုပ်ပေါင်းစုံလျှောက်တာ ကိုယ်သင်ထားတာတွေ နဲ့ ဘာမှကိုမဆိုင် ပါဘူး။ ရရာအလုပ်ကို သာဝင်လုပ်ဖြစ်ပါတယ်။ သင်ထားတာ တွေ အသုံးမချဖြစ်ပါဘူး။ တုံတုံ ပြောသလို မေးတာကို ဖြေတယ်။ သူတို့လစ်လပ်နေတဲ့ နေရာတွေ ကိုဝင်လုပ် ဖြစ်သွားပါတယ်။ အခုချိန်ထိလည်း အသုံးမချတာကြာတော့ ကိုယ်သင်ထားတဲ့ ပညာတွေ ကျောင်းကို ပြန်ရောက်သွားပါပြီ။ အမှတ်တယ အဖြစ်ဘွဲ့ပုံလေး နဲ့ ငါဘာကျောင်းပြီးခဲ့တာ လို့ပဲ ပြောနိုင်ပါတော့တယ်။ ဘာ မှမတွက်တက် မချက်တက်တော့ပါကြောင်း။ ဘယ် ဒီဂရီ ကနေဘယ်လို တိုင်း တာပြီး ပိုက်လုံးတွေ ကိုဘယ်လို လုပ်တယ်။ ဆိုတဲ့ ဂျီဩမေထီ တွေလဲ မသိတော့ပါကြောင်း ဝမ်းနည်းစွာဖြင့် နောင်လာ နောင်သား ညီ ညီမတွေ တွေးခေါ်တက်ကြပါစေ လို့ဆုတောင်းရင်း…………
ခင်မင်စွာဖြင့်
Rose
pan pan chit
August 15, 2012 at 4:11 pm
“”ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်လောက် စိတ်ဖိစီးမှုခံစားရ ခံစားရ ဆိုက်ကော်လောဂျစ်နဲ့ပြသတိုင်ပင်တာမျိုးလုပ်လေ့လုပ်ထမရှိပါဘူး…အဲဒီတော့ ဆိုဒ်ကိုလောဂျစ်တစ်ယောက်က အလုပ်အကိုင်အခွင့်အလန်းနဲသထက် နဲလာတာပါ…””
ပြောရရင် ဂျာအေးသူ့အမေရိုက်ပေ့ါ
စိတ်ဖိစီးမှုဖြစ်တိုင်းသာ ဆိုက်ကော်လောဂျစ်နဲ့ပြသတိုင်ပင်ရလို့ကတော့ ဟွင်းး ဟွင်းး (“”ကျွန်တော်တို့မြန်မာနိုင်ငံမှာ””—– တွေးကြည့်ရင် စိတ်ဖိစီးစရာချည်းပဲနော်)
ဒါနဲ့ ပြပြီပဲထားပါတော့၊ အဲ့အတွက် ပိုက်ပိုက်က လိုဘာဘီလေ
သာမန်အဖျားလောက်တော့ ကွမ်းယာဆိုင်ကဆေးလေး၁၀ဝဖိုးလောက်ပဲသောက်နေကြတဲ့လူတွေ တပုံကြီး
တော်တော်သည်းမှ ဆေးခန်းပြေးတာရယ်
ပိုက်ပိုက်လေ…ပိုက်ပိုက်
ဆရာ၊ ဆရာမတွေတောင် ပိုက်ပိုက်အတွက် ကျူရှင်တွေအပြေးအလွှားသင်နေရတာဆိုပီးတော့
သူပဲပြောပီး…အူးလေး လူဇိုး……. 🙄
Shwe Ei
August 15, 2012 at 4:26 pm
ခုခေတ်လူငယ်တွေရဲ့ အသုံးမဝင်တဲ့ မာန်တက်ချက်တခုက ရာထူးကြီးမှ လစာကောင်းမှ ကုန်မဏီကြီးမှ ကိုယ့်အရည်အချင်းနဲ့ တန်တယ်ထင်နေတာမျိုးလဲ ရှိသေးတယ်ဗျ။ ဘဝကို အောက်ခြေကစရမှာ ရှက်ကြတယ်ထင်ပ။ အလုပ်တွေကလဲ experience ရှိမှ ခေါ်ချင်တာရှိသေး။ ဆိုတော့ ပညာတော်တာတူရင် ဘွဲ့ကောင်းကောင်းရထားတာတူရင်တောင် အတွေ့အကြုံရှိတဲ့လူက နေရာရတာဘဲ။ အတွေ့အကြုံဆိုတာလဲ အောက်ခြေက မစလို့ ဘယ်ကမှမရဘူး။ မန်နေဂျာတန်းဖြစ်တဲ့ အတွေ့အကြုံလုံးဝမရှိဝန်ထမ်းဆိုရင် သူဌေးအမျိုးဘဲ ရှိမှာပေါ့ဗျာ။ ကျနော်ကတော့ ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားခြင်းအားဖြင့် ကိုယ့်ရဲ့ Professional Life ကိုရှာဖွေတွေ့ရှိသွားမယ်လို့မြင်မိပါကြောင်း။
အားပေးထောက်ခံလျက်
မရွှေအိ
Shwe Ei
August 15, 2012 at 4:31 pm
အော် ဒါနဲ့ အကိုဂျီး အသိုက်ပြောင်းတာ နေရာကောင်းရရဲ့လား။ ချွေးတလုံးလုံးနဲ့ ကြိုးစားပမ်းစား အပေါက်တွေဖောက်နေမှာမြင်ယောင်သေး။ Networking အတွက်လေ 😀
အရီးခင်လတ်
August 15, 2012 at 4:41 pm
မရွှေအိ ပြောတာလေး ကို သဘောကျ လို့ ထပ်ဆင့် ထောက်ခံ သွားပါတယ်။
အလုပ်သင် ဆိုတဲ့ စကားလုံးလေး က အလကား တော့ မဟုတ်တာ အသေအချာပါဘဲ။ 🙂
လက်မ လေး တွေ့လား ကြောင်ဝလေး။ 🙂
Moe Z
August 15, 2012 at 4:52 pm
ကိုကြောင်ဝတုတ်ရေ စာရေးသူရဲ့စေတနာကို ခံစားမိလို့ ဒုတိယမြောက်လက်မထောင်ပါတယ် ..
ကိုယ်တိုင်ကတော့ ယူထားတဲ့ဘွဲ့၊ ဝါသနာနဲ့အလုပ် ထပ်တူနီးပါးကျနေလို့
ကိုယ့်ကိုကိုယ်တော့ ကျေနပ်ပါတယ်၊ နောက်ထပ်ရည်မှန်းချက်အတွက်လည်း အားအင်အပြည့်နဲ့ကြိုးစားနေပါကြောင်း (တစ်ခါတစ်လေ မိသားစုအတွင်း ခိုလိုညည်းတတ်တာကလွဲပြီး)၊ ကံဆိုတာကို အလုပ်လို့ယူဆလို့ ရည်မှန်းချက်ကိုလည်းရောက်မည်ဟု ယုံကြည်ပါကြောင်း 🙂
ကိုရင်စည်သူ
August 15, 2012 at 5:35 pm
ကံသည် အလုပ်.. ကံသည်သာ အမိ ကံသည်သာ အဖ
ကိုယ်ပြုသောကံ ကိုယ့်ထံပြန်…။ ။
ဘွဲ့သည် အလုပ်မဟုတ် အလုပ်သည် ဘွဲ့မဟုတ်..
ဘဝကို ဖြတ်သန်းတဲ့အခါ လူတိုင်းမှာ Plan ရှိရမယ်။ မဟုတ်ရင်
ဦးတည်ချက်မဲ့နေတဲ့ သင်္ဘောလိုပဲ ဘဝပင်လယ်ပြင်ကြီးမှာ
ဘောလေမြောနေမှာပဲ… ဒီတော့
ကိုရင်လည်း ပလန်ရှိတယ်.. 😎
အသက်၄ဝကျော်ရင် ဗေဒင်ဆရာ ဘွဲ့ကိုခံယူပြီး ဗေဒင်ဟောမယ်။
အသက်၅ဝ ရောက်ရင်
ဘုန်းကြီးဝတ်ပြီး ဦးပဇင်းဘွဲ့ခံလိုက်ရင်… နောက်တစ်ခုဘွဲ့ရပီ.. 🙂 🙂
ဦးပဇင်းဘဝနဲ့ သာသနာအကျိုးသယ်ပိုးမယ် Plan လည်း ကိုရင့်မှာရှိလို့
ခုကတည်းက ကံအထောက်အပံ့အနေနဲ့ မောရပရိတ်တော်ကို နေ့စဉ်ရွတ်ဖတ်နေပါတယ်။
ဒေါင်းမလေးရေ… အိုး..ဝေ.. အိုးဝေ… 😉 😉 😆
အရီးခင်လတ်
August 15, 2012 at 6:22 pm
ဘုန်းကြီးဝတ်ရင် အရီးတို့ ကို အရင် အသိပေးပါတော်။
ဒါ့ပုံ ရိုက်ပြီး ရွာ့ ထိပ်ဆုံး စာမျက်နှာမှာ တင်ပေးထားလို့ ရအောင်လို့။ 😀
Foreign Resident
August 16, 2012 at 4:03 pm
ကိုရင် ရေ ။
2nd Mate ဖြေရင်းနှင့် အဝေးသင်ဘွဲ့ တစ်ခုလောက်ယူထားပါလား ။
လွယ်လွယ်နှင့်အောင်ပါတယ် ၊ စာကြည့်ရလှ တစ်လ ပေါ့ ။
အဘ သတိထားမိတယ် ၊ အဘ ရထားတဲ့ B.Sc ( Phys ) ဘွဲ့ဟာ ၊
မြန်မာ နိုင်ငံမှာက ဆိုက်ကားပြင်စားရုံသာ သုံးလို့ရပေမယ့် ၊
နိုင်ငံခြားမှာ Name Card ပေးလိုက်ရင် တော်တော် အထင်ကြီးတာတွေ့ရတယ် ။
သူတို့ဆီမှာ Physics ဘွဲ့က တော်တော်များ အဆင့်မြင့်နေလားမသိ ။
snow white
August 15, 2012 at 5:10 pm
တကယ်ကောင်းတဲ့ပို့စ်လေးပါ အားကျအတုယူမိတယ် ပညာရေးကတကယ်လည်း ဘွဲ့တစ်ခုရ ရင်အိမ်မှာပုံလေးတွေချိတ်ထားတာကလွဲလို့ အလုပ်ရောက်တော့လည်း တောက်တိုမယ်ရမဖြစ်အောင် အလုပ်လည်းလုပ်ရ ခုချိန်ထိလည်းသင်တန်းတက်ရပါဘဲ တကယ်ကိုကောင်းတဲ့ပို့စ်လေးပါ ။။ professional ဖြစ်အောင်တော့တော်တော်လေးလိုပါသေးတယ် ကြိုးစားဆဲပါ မိစနိုး…
P chogyi
August 15, 2012 at 5:13 pm
ယခုအခါ အလုပ်လျှောက်ရင် ဘွဲရဆိုတာသိပ်အရေးမကြီးတော့ဘူး။
IT ကျွမ်းကျင်လား၊ စက်မှုလား၊ လက်မှုလား ဘာ လက်မှတ်ရထားလဲ၊
ဘယ်မှာလုပ်ဖူးလဲ ဒါတွေပဲမေးတော့တယ်။ ဘာဘွဲလဲမမေးဘူး။
ကလေးတွေလဲ ဘွဲဆိုတာကြီးကို အဝေးသင်နဲ့ရအောင်ယူ(သင်တာမဟုတ်ဘူး)
အသက်မွေးမှုသင်တန်းအကုန် လိုက်တက်အဲဒီလိုဖြစ်နေပြီ။
pooch
August 15, 2012 at 5:19 pm
ဟိုဘက်က မန့်ထားတာလေးပဲ ပြန်ပြောပါ့မယ် ကိုဝတုတ်။
ဘယ်သူ ဘာဘွဲ့ရခဲ့တယ် ဆိုတာထက် လက်ရှိအချိန်မှာ အဲ့ဒီလူ ဘာလုပ်နေတယ် ဆိုတာကပဲ အခရာကျပါတယ် လို့သာ
ရခဲ့တဲ့ ဘွဲ့နဲ့ ဘဝနဲ့ ထပ်တူမကြခဲ့ပဲ လုပ်ချင်ရာကို သာ စွတ်ရွတ်လုပ်နေသူတဦးက ပြောသွားပါတယ်။ 🙁
ကံဆိုတာ အလုပ်လို့ ပြောကြပြီး ဘာမှမလုပ်ပဲ ထိုင်စားပြီး ဖြုန်းသုံးနေတဲ့သူတွေကို မြင်နေတွေ့နေရတာမို့ အဲ့ဒီလို လူတွေရဲ့ ကံကြတော့ အလုပ်ဟုတ်ပုံ မရဘူး ထင်ပါရဲ့ မိုးစက်ရယ် 🙁
ရဲစည်
August 15, 2012 at 5:26 pm
ဟုတ်ကဲ့ အလွန်ကောင်းတဲ့
အတွေးအခေါ် အရေးအသားနဲ့ စေတနာပါပါ ချပြထားလို့ ကျေးဇူးတင်ပါတယ်ဗျို့
ပရိုတွေ တော်တော်များများနဲ့ ကြုံဖူးပါတယ် တကယ်ကို ယုံကြည်ချက် အပြည့်အဝရှိပီး အလွန်စွမ်းဆောင်နိူင်သူများပါဗျို့
အကြောင်းအရာ တော်တော်များများကတော့ ကိုကြောင်ဝတုတ် ဆွေးနွေးပေးသွားသမို့ ။
ရွာထဲက ပရိုတွေ ဝင်ဆွေးနွေးချိန်ကို စောင့်မျှော်နေပါကြောင်း ………………………..
LIKE လုပ်
လက်မထောင် သွားပါတယ် ခင်ဗျ
မောင်ပေ
August 15, 2012 at 5:35 pm
ကိုကြောင်ဖတ်ရေ အလွန်ကောင်းတဲ့ အိုက်ဒီယာနဲ့အတွေးအခေါ် ျစေတနာတွေကို ဖတ်လိုက်ရလို့ တင့်ခရုပါဗျာ
ပုံ
ဘွဲ့ဓါတ်ပုံလုံးဝမရှိသော
မောင်ပေ
mocho
August 15, 2012 at 5:39 pm
တက္ကသိုလ်ဝင်ခွင့်ပုံစံကို ပြောင်းလဲပေးရတော့မှာပါ… စိတ်ဝင်စားသောတက္ကသိုလ်ကိုလျှောက်ထားခွင့် လျှောက်ထားမှုကိုလက်ခံရာတွင်လဲ လျှောက်ထားသူ၏ ဘာသာရပ်အပေါ်အမှန်တကယ်စိတ်ပါဝင်စားမှုကိုအလေးပေးရန်ဆိုတာမျိုးဖြစ်ရမယ်… တဲ့
လုံး ဝ ကိုထပ်တူ မျှတဲ့ စိတ် ကူး ခံစား ချက် ပါ။ ကျမ ဘဝ နဲ့ ယှဉ် တဲ့ အဲလို မျိုး ခံစားချက် အကြောင်း ကို ရေးရင်း အာရုံ တွေ နောက်နေလို့ ဆက် မရေး ပဲ ရပ် ထား မိတယ်။ အီတုန်းကော ကို ကြောင် ဝတုတ်ကော တကယ့် ကို ဗရာ ဗို ပါ။
ကျမကတော့ ကိုယ့် ရဲ့ ပြင်း ပြတဲ့ ရည်မှန်း ချက်နဲ့ လွဲ ခဲ့ ရ တဲ့နောက် ငယ် စဉ် တုန်း က တခါ မှမတွေး မိဖူးတဲ့ ဘဝ မှာရေစုန် မျော နေလိုက်တော့ တယ် လို့ပဲ ပြော ပါရစေ။
အတိသဉ္ဖာ နာဂရချစ်သူ
August 15, 2012 at 6:47 pm
အမှန်ပါဘဲဗျာ။ကျနော်တို ့လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ ဘွဲ ့ဖြစ်ဖို ့လိုနေပါပီ။
ဘွဲ ့ရပြီး စာတတ်ဖို ့လိုသလို၊အသုံးချနိုင်ဖို ့လဲ အရေးတကြီးလိုနေပါပြီ။
padonmar
August 15, 2012 at 9:48 pm
ဖက်ဖက်ကက်
လက်မထောင်ပေးပါတယ်။
ဒီနှစ် ဆေးတက္ကသိုလ်ဝင်ခွင့် မှာတော့ ဝေးလံတဲ့ နယ်စပ်က ဝါသနာပါသူတွေကို ဦးစားပေးထားတဲ့ အစီအစဉ်လေးထူးခြားလာပါတယ်။
ဒီလို နယ်စပ်က ကလေးတွေ စာလိုက်နိုင်ပါ့မလားလို့ တွေးစရာ ရှိပေမယ့် လုပ်ကြည့်မှ သိနိုင်မယ့် အပြောင်းအလဲလေးတွေ မြင်နေရပါပြီ။
တက္ကသိုလ်ဝင်ခွင့်မှာ စိတ်ဝင်စားမှုတစ်ခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရနိုင်တဲ့အတွက်
ဥပမာ ဆေးတက္ကသိုလ်ဆိုရင် အင်္ဂလိပ်စာနဲ့ ဇီဝဗေဒ အမှတ်ဟာ ဂုဏ်ထူးမှတ်နီးပါးရှိရမယ်ဆိုတာမျိုး၊
စီးပွားရေးတက္ကသိုလ်ဆိုရင် ဘောဂဗေဒ ယူမထားရင် ဘောဂ အမှတ် ၆ဝမရရင် မပေးတာမျိုး။
Physics ယူမယ့်သူဟာ Physics အမှတ် ၆ဝ ထက်မနည်းရဆိုတာမျိုး၊သတ်မှတ်ပေးသင့်တယ်လို့ မြင်ပါတယ်။
ဒါ့အပြင် လူငယ်တွေဖက်ကလည်း ဒါနဲ့ အသက်မွေးဝမ်းကျောင်းရသည်ဖြစ်စေ မကျောင်းရသည်ဖြစ်စေ ကိုယ်သင်တဲ့ ပညာကို တကယ်နားလည်ပြီး တတ်အောင် ကြိုးစားကြအောင် တတ်မှ အအောင်ပေးတဲ့ စနစ်ဖြစ်အောင် ဝိုင်းတွန်းကြရပါမယ်။
အန်တီ့ အကိုဆိုရင် Geology နဲ့ ကျောင်းပြီးပြီး ကုန်သည်လုပ်နေရပါတယ်။
ဒါပေမယ့် Geology နဲ့ပတ်သက်ရင် တော်တော်မှတ်မိနေပါသေးတယ်။
Soil Test လုပ်တဲ့နည်းပညာ ဟာ Geology ရဲ့ ထမင်းရှာစားလို့ရတဲ့ ပညာလို့ သိထားပါတယ်။
ဒါကိုတတ်ထားရင် ကိုယ့်ကိုယ်ပိုင်အဆောက်အဦဆောက်လည်း သူများညာလို့မရပါ။
တွင်းထွက်ကျောက်မျက်တွေဟာလည်း Geology ရဲ့ ဘာသာရပ်တစ်ခုပါဘဲ။
သေချာနားလည်ရင် ဘူမိဗေဒဌာနမှာ အလုပ်မရပေမယ့်
ကျောက်မျက်တူးရင်လည်းသူများထက် ပိုထိရောက်မယ်။
ကျောက်မျက်ရောင်းဝယ်ရင်လည်း လူညာမခံရပါဘူး။
အန်တီလည်း ဆေးကုမစားပေမယ့် နီးစပ်သူတွေရဲ့ ကျန်းမာရေးအတွက် အကူအညီတောင်းသမျှ ကိုယ်ကုနိုင်ကုပေး၊အကြံပေးနိုင် အကြံပေး၊လွှဲတန်တာလွှဲပေး နေတာဖြစ်လို့ ဒီပညာသင်ထားမိတာ ဘယ်တော့မှ နောင်တမရပါဘူး။
ပညာဆိုတာ လက်မှတ်မဟုတ်ပါ။(Academic & Scholar ဆိုတဲ့ ဆောင်းပါးလေး သတိရမိပါသေးတယ်)
kai
August 16, 2012 at 12:27 am
မြှောက်ပေးတာတော့မဟုတ်..
တခုခုကိုစိတ်ဝင်တစားစိုက်လိုက်မတ်တပ်လုပ်ရင်.. တကယ်လုပ်အဟုတ်ဖြစ်ကြောင်း…. စာတော့ဖတ်ကြစေလိုကြောင်း…
စာဆိုတာမှာ.. အင်တာနက်စာ။ စာအုပ်စာ.. နောက်ဆုံး.. စာကလေးပါမကျန်.. ပြောတာဖြစ်ကြောင်း..
http://www.youngentrepreneur.com/blog/100-top-entrepreneurs-who-succeeded-without-a-college-degree/
List of college-dropout billionaires
Bill Gates [5] – US
Mark Zuckerberg [6] – US
Lawrence Ellison [7] – US
Eike Batista [8] – Brazil
Michael Dell [9] – US
Marc Rich [10] – US
Ty Warner [11] – US
Gautam Adani [12] – India
Micky Jagtiani [13] – India
Shahid Balwa [14] – India
Subhash Chandra [15] – India
Vinod Goenka [16] – India
PNC Menon [17][18] – India
Roman Abramovich [19] – Russia
Sheldon Adelson [20] – US
Amancio Ortega [21] – Spain
Kirk Kerkorian [22] – US
Donald Newhouse [23] – US
François Pinault [24] – France
Jack Taylor [25] – US
Joaquín Guzmán Loera [26] (Mexican drug lord) – Mexico
David Geffen [27] – US
David Murdock [28] – US
Ted Turner [29] – US
Henry Fok [30] – Hong Kong
Ralph Lauren [31] – US
Mohammed Al Amoudi [32] – Saudi Arabia
Stanley Ho [33] – Hong Kong
Dustin Moskovitz – US
Richard Li – Hong Kong
မောင်ပေ
August 16, 2012 at 9:05 am
သဂျီး အဲဒီစာရင်းထဲမှာ
မောင်ပေ (mg) ဆိုတာကိုထပ်တိုးဖို့ ပြင်ထားပေး
မကြာမှီ
ကြောင်ကြီး
August 16, 2012 at 10:45 am
ကွန်ပြူတာ ဒုက္ခပေးတိုင်း ငယ်စဉ်ဘဝလမ်းကြောင်း ရွေးချယ်မှုမှာ အိုင်တီလမ်းမလိုက်ခဲ့မိတာ နောင်တာရမဆုံးဘူး။ ဒါနဲ့ ဘဇာကြောင့် ဖီးဆစ်သမားတွေက ကွန်ပြုတာလိုင်း ဖြစ်ကုန်ရတာလည်း။ အသိတွေထဲမှာလည်း အဲလိုပဲ ရှိကြတယ်။ သိပ်တော့ ဆိုင်ဘူးထင်တာပဲ။ ကွန်ပြူတာ တက္ကသိုလ်ရယ်လို့ သီးသန့်မရှိခင် သိပ္ပံလိုင်းတွေထဲမှာ အဲဒီဟာက ကွန်ပြူတာနဲ့ အနီးစပ်ဆုံး ဖြစ်နေခဲ့လို့များလား….။ အခြေအနေပေးရင်တော့ အေပလပ်စ်လေး ဘာလေး လေ့လာအုံးမှပါ။ ကိုယ့်ဖာသာကိုယ် စာအုပ်ဖတ် လေ့လာဖို့ကြတော့ တယ်ပင်းသဗျ။ အိပ်ဇဲလ် မက်ခရိုကိုတောင် စာအုပ်ဖတ် လေ့ကျင့်ကြည့်တာ အစတော့ ဟုတ်တိပတ်တိနဲ့ နဲနဲမြင့်လာတော့ မလွယ်ဂျော.. ဒါကြောင့် ဆရာမပြ ငါးပိဖုတ်ကအစ နည်းမကျလို့ ဆိုခဲ့တာနေမှာ…
ကြောင်ဝတုတ်
August 16, 2012 at 11:22 am
ဒီနေရာမှာ… ညီမလေးရွှေအိရယ်… အန်တီပဒုမ္မာရယ်… သဂျီးရယ်ပြောတာလေးကို ဆွေးနွေးချင်ပါတယ်ဗျာ…
ညီမလေးရွှေအိပြောတဲ့နေရာမှာ အရီးလတ်လဲထောက်ခံထားပါတယ်… အလုပ်သင် (Under Training) ပေါ့…
ကျွန်တော်တို့ ဘွဲ့တစ်ခုရသွားတဲ့အချိန်မှာ အလုပ်တစ်ခုကိုဝင်လုပ်တယ်… အဲဒီနေရာမှာ အလုပ်ဖြစ်ပြီးရောဆိုတာထက်
အလုပ်တစ်ခုအပေါ်မှာ စိတ်ဝင်တစားလုပ်ကိုင်ရင်း မိမိရဲ့အသက်မွေးဝမ်းကြောင်းအဖြစ်ရွေးချယ်သွားတာမျိုးလဲ မြင်ဖူးပါတယ်… အဲဒီလိုပဲ ဘယ်တစ်ခုမှ အသက်မွေးဝမ်းကြောင်းမဖြစ်ဘဲ… အလုပ်ဖြစ်ပြီးရောနေနေကြသူများ… ဘာအလုပ်မှမယ်မယ်ရရ၊ စွဲစွဲမြဲမြဲ မလုပ်သူများကိုလဲ တွေ့နေရပါတယ်… လူတစ်ယောက်ဟာ မိမိရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကို ပီပီပြင်ပြင်ရွေးချယ်ရမယ် လို့ဆိုလိုတာပါ… တစ်နေရာရာမှာတော့ Professional ဖြစ်အောင်လုပ်ရမယ်လို့ ပြောချင်တာပါ… ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကိုင်ထားတဲ့ဘွဲ့က လောလောဆယ်မှာ ကျွန်တော်တို့ဘဝအာမခံချက် ဘာမှမပေးနိုင်လို့ပါပဲ…
နောက်တစ်ခု အန်တီပဒုမ္မာပြောတာလေးပါ…
တက္ကသိုလ်ဝင်တန်းမှာ အရည်အချင်းပြည့်မီသူတွေကို သေချာရွေးထုတ်ရမယ့်အချိန်ပါ…
ဒါမှ နောင်အနာဂတ်အတွက်ရော… ဘွဲ့ရလူငယ်အရည်အသွေးများ တိုးတက်လာစေဖို့ဖြစ်ပါတယ်…
အန်တီပဒုမ္မာပြောတဲ့အန်တီ့အစ်ကိုဖြစ်သူ ဂျော်လောဂျစ်တစ်ယောက်ဟာ ဒီအလုပ်ကို လုပ်မစားပေမယ့်
စိတ်ဝင်တစားရှိလို့ ကျောင်းကိုစာတွေမပြန်သွားသေးပါဘူး… အန်တီဆိုလဲ ထိုနည်းလည်းကောင်းပါလို့ထင်မိပါတယ်…
အန်တီတို့ အသက်မွေးဝမ်းကြောင်းပြုမှုက ဘွဲ့အပေါ်မှာမူတည်မနေပေမယ့်… လူများစုကတော့ ဘွဲ့လေးတစ်ခုအပေါ်မှာ မှီတည်ပြီး ငွေရင်းမရှိ… ပညာလေးများရင်းကာလုပ်စားရမှာမို့ သူတို့(၃)နှစ်သုံးမိုး အနည်းဆုံးရင်းနီးထားရတဲ့ ဘွဲ့လေးကို တန်ဖိုးရှိစေချင်တာပါ… အန်တီလိုပါပဲ… ကျွန်တော်အင်္ဂလိပ်စာနဲ့ဘွဲ့ရပြီး ကွန်ပျူတာသမားဖြစ်နေပေမယ့် ကျွန်တော့ဘွဲ့လေးက နဲနဲတော့အသုံးဝင်နေပါသေးတယ်…
သဂျီးရေ-
ဘီဂိတ်ကြီး ဘွဲ့မရတာ… စတိဂျော့ကြီးကျောင်းဆက်မတက်တာ…
ပြီးတော့ သန်းကြွယ်သူဌေးတွေဖြစ်ကုန်ကြတာ… သူတို့ရဲ့တီထွင်နိုင်မှုနဲ့ တီထွင်မှုကို အသိအမှတ်ပြုမှုတွေကြောင့်ပါ…
ပြောရရင်တော့ သူတို့တတ်ကျွမ်းသော Subject ကိုချပြဖို့အခွင့်အလန်းတွေရှိလို့ပါ…
အဲဒါကတော့… ဘယ်သွားသွားပြန်ဆိုက်နေတတ်တဲ့… ဘူတာကြီးနဲ့ပဲဆိုင်ပါလိမ့်မယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
မွန်မွန်
August 16, 2012 at 1:32 pm
ပထမဆုံးပြောချင်တာကတော့ မွန့်မွန့်ဘွဲ့ဓာတ်ပုံက မချိတ်ရသေးဘူး။ 🙂
မနေ့က 7days မှာ ဖတ်လိုက်ရတဲ့ နည်းပညာတက္ကသိုလ် ပညာရေးစနစ်တွေပြောင်းတဲ့အကြောင်းကို ဖတ်လိုက်ရပါတယ်။
အခုဆိုရင် တက္ကသိုလ်ပညာရေးတွေကို အဆင့်မြင့်မြင့်ဖြစ်အောင်နဲ့ အရည်အချင်းရှိတဲ့ ဘွဲ့ရတွေဖြစ်အောင် စနစ်သစ်တွေနဲ့ အခုပညာသင်နှစ်ကနေ စတင်ကျင့်သုံးသွားမယ်လို့ သိရပါတယ်။ ကြိုဆိုပါတယ်။ တကယ်လုပ်သင့်တဲ့အလုပ်လို့လည်း ထင်ပါတယ်။
ဒါပေမယ့် အခြေခံပညာရေးအုတ်မြစ်က မခိုင်ဘဲနဲ့ တက္ကသိုလ်ပညာတွေကို အထပ်မြင့်တွေတက်မယ်ဆိုရင်လည်း မဖြစ်ပါဘူးလို့ မြင်ပါတယ်။
တစ်ခုမေးချင်လို့ပါ။ ဘာသာစကားတစ်ခုခုကိုလည်း professional လို့ သတ်မှတ်လို့ရလားဟင်??? ကျွန်မကတော့ ဇဝေဇဝါဖြစ်နေဆဲပါ။ IT ပိုင်းဖြစ်ဖြစ်၊ Engineering ဖြစ်ဖြစ် တစ်ခုခု ထပ်သင်ရင် ကောင်းမလားလို့… 🙂
အစမ်းသပ်ခံဘဝထဲကနေ မကြာခင်မှာ လွတ်မြောက်ဖို့ မျှော်လင့်မိပါတယ်…
ကြောင်ဝတုတ်
August 17, 2012 at 9:28 am
မွန်မွန်ရေ-
Professional လို့ဆိုတာ ဘာသာရပ်တစ်ခုခု (သို့တည်းမဟုတ်) အတတ်ပညာတစ်ခုခုမှာ ကျွမ်းကျင်စွာတတ်မြောက်ခြင်း လို့ပြောရမယ်ပေါ့ဗျာ…
ဥပမာ… ကားကောင်းကောင်းမောင်းတတ်ထားတာလဲ တစ်ချိန်ချိန်မှာအသုံးတည့်နိုင်မယ့် Professional တစ်ခုပေါ့…
အဲဒီတော့ ဘာသာစကားတစ်ခုကို သေသေချာချာတတ်မြောက်ပြီး ဘာသာစကားနဲ့အသက်မွေးဝမ်းကြောင်းပြုသူများ ရှိကြပါတယ်… ဘာသာပြန်ဆရာများ၊ ဘာသာစကားသင်ကြားသူဆရာများ၊ Touris Guide များ စသည့်ဖြင့်ပေါ့…
အဲဒီတော့ ဘာသာစကားတင်မကဘူး… ဘယ်အရာမဆို ကျွမ်းကျင်နားလည်တတ်မြောက်ခြင်းကို Professional အဖြစ် တတ်မြောက်တယ်လို့ခေါ်လို့ရပါတယ်…
ဥပမာ… ရွာထဲက မောင်ဂီကိုဥပမာပေးပါမယ်…
သူ့ရဲ့အဓိက Professional ကတော့ သူပြောပြောနေတဲ့ Marketing ပေါ့…
သို့ပေမယ့် အတိတ်တုန်းက Professional ဖြစ်ခဲ့ဖူးတဲ့ Software Engineer ဆိုတဲ့ ဒုတိယအရံ Professional သူ့မှာရှိတယ်…
အဲဒါအပြင် ဓာတ်ပုံရိုက်တဲ့နေရာမှာ ဝါသနာအရလေ့လာပေမယ့် တော်ရုံဓာတ်ပုံဆိုင်လောက်မှာ ဓာတ်ပုံရိုက်စားလောက်တဲ့အနေအထား Professional လက်ရာမျိုးရှိတယ်…
တခြားဒီကောင် ဘာတွေတတ်သေးလဲတော့မသိဘူး…
အဲဒီတော့ Professional ဆိုတာ သေသေချာချာတတ်မြောက်သော၊ အသက်မွေးဝမ်းကြောင်းနိုင်သောအတတ်ပညာ တစ်ခုကို ဆိုလိုပါကြောင်း…
ခင်မင်လျက်-
ကြောင်ဝတုတ်
ပစ်ပစ်ချန်
August 17, 2012 at 10:20 am
ဂီလား
တတ်တာတွေ အများကြီးရှိသေးတယ်
ဆေးမကုချင်လို့သာရယ်၊ ဆေးကျောင်းဆက်မတက်တာ
ပီးတော့ ဂျာပွန်စာသင်တဲ့ဆြာလုပ်မလား၊ ဘာသာပြန်မလား၊ အေးဆေး
နောက်ပီးတော့ စာလည်းရေးမယ်ဆိုလည်း ဖြစ်တာပဲ
နောက်ထပ်လည်းရှိသေးတယ်နော် 😀
တိုတိုဂီက တော်ဘာဒယ်ဆို
Liquid_Sn@ke
August 17, 2012 at 10:42 am
တိန်…
သများကို အသားလွတ် ပင့်နေ ကျပ်နေကြပါသလား ကွယ်…။
ဟိုအူးလေးက လော့ဂျစ်စတစ် သင်မပေးချင်တာနဲ့ သများကို ဂျောက်ချတော့တာပဲ…။
😀
ဗျို့ အူးလေး …ကြောင်ဝတုတ်..
တလောလေးက .. Inventry Control စက်ပစ္စည်း သစ် မိတ်ဆက် ကို သွားခဲ့တယ်..။
ပါဝါရိန်းဂျား လက်ပတ်နာရီ ရယ် လက်ညှိုးမှာ တပ်ထားတဲ့ ဘားကုတ်ရီဒါရယ် နဲ့…
သူ့နောက်ကွယ်က အပျော့ထည်ရယ်… ပက်ကေ့ချ် နဲ့ ရောင်းတာဗျို့ …။
အံမယ် ဒီမိုတောင် ပြလိုက်သေးတယ်..
သူ့ အလုပ်လုပ်ပုံက ရေလည် လန်းတယ်…။
ဒီအိပ်ချ်အယ်လ် တို့ ဘာတို့ လို ပါဆယ်ပုံးတွေပါတဲ့ တွန်းလှည်းလေး တွန်းလာတယ်ဗျာ..
ဂိုထောင်တခုထဲကို ….. ။စောစောက လက်ပါတ်နာရီလေးပတ်လို့ .. စင်တွေ တန်းတွေ ကို
ပထမဆုံး စက်ထဲကို နာမည်ပေးပြီး ထည့်တယ် … အဲ … ပီးတော့ လွတ်တဲ့နေရာ သွားတင်တယ်ပေါ့..
အဲ့သည့်မှာ စင် နံဘတ် ဘယ်လောက် ..ဘယ်အတန်း ဘယ်အဆင့်မှာ ဘာ ဘားကုတ်ပါတဲ့ပစ္စည်းကို
ထားထားလိုက်ပြီ ဆိုတာ ရီကော့ဒ် လုပ်တယ်… အံမယ်.. မိန်းမသံ နဲ့ နာဗီဂေးရှင်းတောင် လုပ်ပေးလိုက်သေး…။
တချိန်တည်းမှာ စင်ထွယ် ထိန်းချုပ်ခန်း ရဲ့ ဒေတာဘေ့စ်ထဲကို ဒေတာ ရောက်ပြီးသား …
အဲ… ဂိုထောင်က ပစ္စည်းထုတ်တဲ့အချိန်.. ထိန်းချုပ်ခန်းကနေ .. အိုက်တမ် အလိုက်ကြည့်ချင်လား..
ပို့ရမယ့် ဒေသအလိုက်ကြည့်ချင်လား ..အလေးချိန် အလိုက် ကြည့်ချင်လား ..ဘယ်တော့ ဆိုတဲ့ အချိန်အလိုက်
ကြည့်ချင်လား ..ကြည့်ပြီး ကောင်းကောင်း စီမံခန့်ခွဲနိုင်တော့သကိုးဗျာ …။
ပစ္စည်း အရွယ်အစား နဲ့ အလေးချိန်ကို လိုက်လို့ …ကုန်တင်ကား ဘယ်နှစီး သုံးရမယ်..
ဘယ်ကားက ဘာတင် ဆိုတာမျိုး ချိန်ဆ မျှတ တာမျိုးတွေရော ..အစုံပေါ့ …။
ဒါတောင် အင်ဗန်ထွီ ကွန်ထိုး ပဲရှိသေးတာ …
တကယ် ..သိချင်ပါတယ်ဆို… ဆပ္ပလိုင်းချိန်း
😀
kai
August 17, 2012 at 12:34 pm
ပရိုနဲ့ပါတ်သက်ပြီး.. အယ်ဒီတာ့အာဘော်ရေးဖူးတယ်..။ ၃-၄နှစ်လောက်ရှိရော့မယ်..။
ပြောချင်တာက..
“ပရိုဖက်ရှင်နယ်”ကို.. မြန်မာလိုဘာသာပြန်ရင်..” ကြေးစား”တဲ့..
ဆိုတော့…
ပရိုက.. ကြေးစား(ငွေကြေးရ/ယူ)ရမယ်..
အဲဒီကြေးက.. ကိုယ်နဲ့ကိုယ့်မိသားစုရဲ့.. စားဝတ်နေရေးအတွက်..(အနည်းဆုံး) လောက်ငှရမယ်..။
အဲဒီလိုစားဝတ်နေရေးလောက်ငှနေတာနဲ့..အနည်းဆုံး ၄နှစ်(ဘွဲ့တခုယူစာအချိန်) ဆက်တိုက်လုပ်ကိုင်နေရမယ်..
အဲဒါဆို.. အဲဒီသူ.. အဲဒီနယ်မှာ.. ပရိုပဲ…လို့..။
ပရိုဖြစ်အောင်လုပ်ကြပါ..။ ပရိုက..ဘယ်နယ်ပယ်မှာမဆိုဖြစ်နိုင်ပါတယ်..။
လမ်းဘေးကင်းမြီးကောက်ထောင်လျှောက်နေသူလည်း.. ပရိုဖြစ်နိုင်ပါတယ်..။
နောက်တာမဟုတ်..တကယ်..
နေဝန်းနီ
August 16, 2012 at 4:05 pm
ကြောင် ဝတုတ်ရေ့….။ ကိုယ်တွေ့ပြောရရင်တော့ တို့တွေ ဆယ်တန်းရောက်တဲ့အချိန်ကစပြောရမယ်…။ 1984 …။ အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ကိုမှမရောက်ရင် ရိုးရိုး မေဂျာ ဘွဲ့ဆိုတာက နေ့စားခြောက်ကျပ်ခွဲတောင် တန်းစီရတဲ့ခေတ်…။ ဒါပေမဲ့ မွေးသမိခင် ကျေးဇူးရှင်က ခေတ်မီတယ်ဗျာ…။ စာတွေလည်းဖတ်တာကိုး…။ ဝတ္ထုတွေထဲက ရာဇူးတို့ မာဇူးတို့ကို သူ့သားတော်မောင်ကို ရောက်ဖူးစေ့ချင်တယ်…။ ကျောင်းပြီးအောင် မတက်ချင်ရင်တောင် တစ်နှစ်ပဲဖြစ်ဖြစ် နှစ်နှစ်ပဲဖြစ်ဖြစ် ရောက်ဖူးတယ်ရှိအောင်သွားတက်…။ ပြီးမှ စာပေးစာယူပြောင်းတက်…။ ဘွဲ့တစ်ခု ရတာပဲ…။ ဘွဲ့ရသလားလို့ မေးရင် ဘွဲ့ရပဲ…။ နောက်ဆုံး မင်္ဂလာဆောင်ရင် နောက်က အမြီးရှိမှ ဆိုပြီး မန္တလေး တက္ကသိုလ်ကို ဇွတ်ပို့တာ…။ ဆွေမျိုးတွေက ခြောက်ကျပ်ခွဲအလုပ်နေရာဦးထား စာပေးစာယူနဲ့တက်ဆိုတာကိုသူက မရဘူး တက်ရမဲ့သူထက် အမေက ပိုပြီးတက်ကြွနေတာ…။ ယောက်ျားလေးဆိုတာ တက္ကသိုလ်တက်ဖူးရမယ်…။ စစ်မှုထမ်းဘူးရမယ် …။ ထောင်ကျဖူးရမယ် ဒါမှ လောကအတွေ့အကြုံ စုံတယ် ဆိုတဲ့ စာရေးဆြာကြီးတစ်ယောက်ရဲ့ အတွေး ဘယ်အချိန်ကတည်းဝင်နေသလဲ မပြောတတ်ဘူး…။ ဒါကြောင့် ကျောင်တက်ဖြစ်သွားတယ် …။ 1987 ပိုက်ဆံ အုံကြွမှုနဲ့ ကျောင်းပိတ်လိုက်တော့ အလုပ်ထဲရောက်သွားတယ်…။ ဒါကတော့ မဆုံးတဲ့ သီချင်းမှာရေးပြဖူးပါတယ်…။ နောက်ဆုံးတော့ အမေ ဖြစ်ချင်တာတွေ အားလုံးဖြစ်ပြီး ခုတော့ အမေ့လုပ်စာထိုင်စားနေတယ်…။ ကိုငှက်ကြီးသီချင်းလို အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့………။
ကိုသင်း
August 17, 2012 at 4:13 am
My fat cat ,
I would like to know what kind of business
Is suitable for me as I got a degree of Philosophy.
I have an idea that I will invent a special
machine that can control all of the villagers in
this village.Please,could you help me? or not?
It may be possible!
Thanks,
Ko Thinn
ကြောင်ဝတုတ်
August 17, 2012 at 9:35 am
Dear Ko Thin,
According to our citizen lifestyle and the form of business Philosophy is really difficult to be pro in Myanmar for now days. I prefer you to try for another professional field and forget your degree.
But don’t invent special machine which can control mind of the people in Mandalay Gazette.
Our village is full of democracy. We don’t want power building and capitalism.
Thanks,
Fatty Cat.
ကိုသင်း
August 17, 2012 at 12:38 pm
Cat fatty,
You are so cruel and cold-blooded! How can
I forget my degree as you brutally said? It took
me 11 years to get this one after matriculation!
But, I accept your proposal not to invent the
the machine above,and I’m also afraid of some
villagers,bearing their teeth.Shu…….. that may
be an eyesore to the headmaster.See U soon.
Thanks,
Ko Thinn
ဦး ကျောက်ခဲ
August 17, 2012 at 1:06 pm
ကိုကြောင်ဝတုတ် ရေ၊ ကျွန်တော်က ဆန္ဒနဲ့ဘဝ ထပ်တူကျလို့ ပြောစရာသိပ်မရှိပါ။ ကံနဲနဲကောင်းလို့ Geology နေမဝင်ခင် ကျောင်းပြီးခဲ့တာပါ။ နောက်ပိုင်း မြို့ပြင်တွေမှာ တက္ကသိုလ်တွေလှိမ့်ဖွင့် ပညာရေးစံနစ်က နိမ့်ကျသွားလိုက်တာ ဘွဲ့လက်မှတ်ဆိုတာ Just Paper ကိုဖြစ်သွားတာ။ စကားမစပ် ကျွန်တော့မှာ ဘွဲ့ယူဓတ်ပုံ ဘွဲ့ဝတ်စုံနဲ့ပုံ အခုအထိ မရှိပါဘူးဗျာ။