Beyond Being … (လူရေးတဲ့ အက်ဆေး)

 

ဘာမှ မဟုတ်တော့တဲ့ နေ့ရက်တွေထဲမှာ ဘာမှ မဟုတ်တော့တဲ့ အကြောင်းတွေ ပြောရင်း ကျွန်တော်က ထူးခြားလာတယ်။  သေးသိမ်လာတဲ့ ပုလင်းအဝတွေကို ချဲ့လိုက်ပါ။ အတ္တဟာ ခင်ဗျားတို့ပြောသလောက် အသံမကျယ်ဘူး။ အစွန်းရောက်ခြင်းရဲ့ နောက်ဆုံးမှာ ပီမိုနင်းစာအုပ်တွေ ဈေးပေါနေတာကို အပြစ်တင်နေလိုက်တယ်။ လူဖြစ်ခြင်းမှာ ငါတို့ဟာ လေးညှင်းတစ်ခုရဲ့ အနတ္တ။

လှန်ရင်း လန်းလာတာ လမ်းတွေက လှမ်းကြည့်နေကြတယ်။ ရူပါနဲ့ ဇရာ။ ဖြစ်ချင်တော့ အိပ်မက်တွေက ထပြီး ဈေးဝယ်တယ်၊ ထမင်းချက်တယ်၊ အဝတ်လျှော်နေကြတယ်။ ငါဟာ ပျူလူမျိုးမှ မဟုတ်ဘဲကွယ်။ သမိုင်းကို ငါငြင်းဆန်လိုက်တယ်။ သူစိမ်းတွေကို မသတ်ကြပါနဲ့။ အချင်းချင်းသာ သတ်ကြပါ။ အမျိုးရင်းတွေက သစ္စာတကယ် ဖောက်ကြသလား ကိုလေးဖြူ။ အရှင်းကြီးပဲ .. ခင်ဗျားပြောသလိုဆို အဓိက တရားခံဟာ သေသွားပြီ။ ငါနောက်ကိုလိုက်ခဲ့ကြပါ။ တိမ်မည်းထုတို့။ မင်းတို့အားလုံး သဘက်ခါကျမှ အောင်မြင်ကြပါစေသားလို့ ငါကျိမ်ဆိုလိုက်မယ်။

အပြုံးဟာ လူကို သိက္ခာကျစေတဲ့ ခေတ်မှာ ငါက ခန့်ခန့်ညားညားကြီး ရယ်မောလိုက်တယ်။ ကျောင်းဖွင့်ချိန်ဟာ ဘာဘာညာညာ၊ မီးတောက်ရစ်သမ်က ဘာဘာညာညာ။ ချစ်ခြင်းမှာ အခါခါ လှိုက်မော။ ရူးနေခြင်း။ သေးသိမ်လာတဲ့ နားလည်မှုတွေကြားမှာ တဖြည်းဖြည်းချင်း ငါဟာ အသက်ရှူမေ့။ မေမေရယ်။ သားသွားမယ်။ အနုပညာဟာ ဘယ်လို။ ယန်းပေါဆတ်ဟာ ဘယ်လို။ လီကွမ်ယုဟာ ဘယ်လို။ လေထန်ကုန်းဟာ ဘယ်လို။

ငိုကြွေးနေတဲ့ အိမ်က တမ်းတလိုက်တယ်။ ငါ့သား အဆင်မပြေရင် ပြန်လာခဲ့။ ကျွန်တော်က အမြဲ အဆင်ပြေနေတဲ့ လူသား။ ခက်လိုက်တာကွယ်။ ကြာပန်းမှာ ဆူးမပါလို့ တင်စားနေကြသလား။ ခွဲခွာခြင်းနောက်မှာ ရင်နာခြင်းက ဘာကြောင့်များ ကြုံဆုံရမလဲ။ ကျွန်တော်ဟာ လမ်းခေါ်ရာ ဘယ်တော့မှ မလိုက်ခဲ့ဘူး။ ကိုယ့်လမ်းကိုယ်လည်း မဖေါက်တတ်ဘူူး။ ခက်လိုက်တာကွယ်။ ပြန်ဆိုဖို့ ကံကြုံမှ ရမှာလား။ မကျေနပ်ခြင်း။

နွေရာသီဟာ ပန်းလျစွာ ခွာပြာညိုသင်းနေပြီလား ဂီတနက်သန်။ ဘဝဟာ စုံစီနဖာ ရောရင်းယှက်နွယ်တဲ့ ရာသီဥတုလား။ ပန်းတိုင်တွေကို အဆုံးအဖြတ်ပေးကြပါ။ ငါဟာ ဆုမရကြောင်းသိပါရစေ။ တွေ့ကြုံဆုံကွဲခြင်းမှာ သံသရာဟာ ခဏတိုင်းချောင်းဆိုးတယ်။ ပင်လယ်က ဘက်စ်ကားမစီးတတ်ဘူး။ နာဂစ်ကိုသာ တီထွင်လိုက်ပါ။

ဘုရားသခင်များကို လူတွေ ဖန်ဆင်းထားတယ်။ ဘုရားသခင်ဟာ လူကို ဖန်ဆင်းတဲ့အကြောင်းကိုလည်း လူတွေ တီထွင်ထားကြတယ်။ အိပ်မက်ရဲ့ သုံးပုံတစ်ပုံမှာ ကောသလမင်းလန့်နိုးလာတာ။ နောက်ဆက်တွဲတွေကို ဖယ်ပေး။ သံသရာဟာ ဆံပင်ဆေးမဆိုးဘဲ အဖြူရောင် ခေါင်းပေါင်းကြီးနဲ့ ကတုံးပေါ် ထိပ်ကွက်နေတာပါ။ တောက် တစ်ချက်ခေါက်လိုက်ပြီး ပင်လယ်က အရည်ပျော်သွားတယ်။ ဒီနေ့ ငါ စစ်ရှုံးပြီး သွားတစ်ချောင်းပျောက်ခဲ့တယ် ဖြူ။

သီချင်းတွေ မဆိုကြပါနဲ့………………။ ခြုံလွှာတွေကို ဖယ်ပေး။ ခြုံလွှာတွေကို ဖယ်ပေး။ အထဲမှာ ငါ ပိတ်မိနေပြီ။ အိမ်တစ်လုံးနဲ့ ကားတစ်စင်းနဲ့ လူက ထွက်ကြည့်တယ်။ သူ့ဆီကို ငွေရေးကြေးရေးတွေ အလည်လာမလား။ အပ်တစ်ချောင်းက ညောင့်ဆူးနေပြီ။ အဖြစ်အပျက်။ လေးလံလာပြီဆို စိတ်ကိုသာ ခင်ဗျား လျှော့လိုက်တော့။ ထပ်မဖတ်နဲ့။ ထပ်မဖတ်နဲ့။ ဒီမှာတင်ရပ်လိုက်။

မိန်းမတစ်ယောက်အကြောင်းကို တွေးရတာ သရဲကားကြည့်ရသလိုပါပဲ။ ဒါပေမယ့် ရည်းစားဟောင်း တစ်ယောက်အကြောင်းကို တွေးရတာလည်း ကြည့်ပြီးသား သရဲကားကြည့်ရသလိုပါပဲ။ မစိုပြေဘူး။ ကျွန်တော့် လွယ်အိတ်ထဲမှာ ဘာတွေ လိုက်ရှာနေသလဲ ခင်ဗျား။ ကျွန်တော် ကွန်ပျူတာထဲမှာ ဘာတွေ လိုက်ရှာနေသလဲ ခင်ဗျား။ ကျွန်တော် စာအုပ်ထဲမှာလည်း ခင်ဗျား လိုက်မရှာနဲ့။ ကျွန်တော့်ကလောင်ဟာ ခင်ဗျားရှာနေတဲ့ နေရာတွေမှာ လုံးဝမရှိဘူး။

ကလေးတွေ သီချင်းဆိုပါ။ ကမာ္ဘမြေကြီး စိမ်းလန်းပါစေသား။ ကျွန်တော်တို့ ပြုသမျှ ကံကို ခင်ဗျားက မှိုနဲ့ ရော ကြော်ပစ်လိုက်တယ်။ မတရားခြင်း။ တယ်လီဖုန်းတစ်လုံးလိုတယ်။ ဟန်းဆက်လည်း ကောင်းကောင်းလိုချင်တယ်။ ကားတစ်စင်းလား။ လိုတာပဲ။ လုံးချင်းတိုက်။ သိပ်ကောင်းတာပေါ့။ မေတ္တာတရားကို မေ့သွားတယ်။ ခဏ။

အစီအစဉ်တကျ မဖြစ်ခြင်းတွေထဲမှာ ဘဝက အစီအစဉ်တွေ ကျလာတယ်။ ဖြစ်တည်ခြင်းဟာ အစကတည်းက ဇာတ်ညွှန်းပါလာခဲ့ပြီးသားလား။ ဘဝဟာ ကိုယ်ကြိုက်သလို သရုပ်ဆောင်မရတဲ့ မင်းသားလား။ ရူးချင်တယ်။ ငါ့ ကကွက်တွေကို ကြည့်ကွယ့်။ ခြေ၊လက်၊ ခေါင်း၊ခါး အချိုး၊ အသိမ်းတွေ။ စကားတွေပေါလိုက်တာ ခင်ဗျားက။ စကားကို မာရသွန်လိုပြေးနေတာ ခင်ဗျား မရှက်ဘူးလား။ ဖရုဿဝါစာကို ဂါထာလိုရွတ်ပြီး နာမည်ကြီးချင်တာလား။ သိက္ခာမဲ့။

တူရာတွေ စုပေးနေတယ်။ ခင်ဗျား မတူချင်ရင်တော့ တူရာတွေထဲမှာနေမှ မတူမှာပေါ့။ ထူးခြားခြင်း။ လူဟာ ငါလူမဟုတ်ကြောင်း သက်သေပြနေရသလို၊ ငါလူဖြစ်ကြောင်းလည်း ခဏတိုင်းမေ့ထားရတယ်။ သနားစရာ။ ခုတော့ ငြိမ်ငြိမ်လေးပဲ လွမ်းနေလိုက်တယ် ကိုဖိုးချိုရယ်။ ညှို့မျက်ဝန်းဟာ ခဏတာ ခေါက်သိမ်းသွားပြီ။ ထာဝရ။

လူတွေက ထူးခြားမှုကို ကြိုက်ကြတယ်။ ထူးခြားမှုဆိုတာကို ရေရေရာရာ မသိကြဘူး။ ထူးခြားမှုဆိုတာဘာလဲ။ ငါကိုယ်တိုင်လည်း ခုထိမသိသေးဘူး။ ခင်ဗျား ထူးခြားချင်လား။ တိုက်ဆိုင်တာတွေများလာတိုင်း ဒါဟာ တိုက်ဆိုင်တာမဟုတ်ဘူးလို့ သတ်မှတ်ရမှာလား။ တိုက်ဆိုင်မှုဟာ အခါတစ်သောင်း အခါ တစ်သိန်းလည်း ဖြစ်နိုင်တာပဲ။ ဘဝကို ဖုတ်ပူမီးတိုက် သံခြစ်ရာနဲ့ တံဆိပ်ကပ်လိုက်တယ်။ ခင်ဗျားတော်တော် ထူးခြားသွားပြီ။ လက်ခုတ်သံ။

ဘဝက လေထန်လာပြီ။ မျက်နှာမူရာအရပ်ကို တစ်ရာရှစ်ဆယ် ဒီဂရီပြောင်းလိုက်ပါ။ ခင်ဗျား ရှေ့ဆုံးကလူ ဖြစ်သွားပြီ။ လူတွေက သိပ်များလာပြီ ကမာ္ဘကြီးရဲ့။ ခင်ဗျားနည်းနည်းလေးမှ မကြီးထွားနိုင်တော့ဘူးလား။ ဘာ! …။ ခင်ဗျား လူတွေကို သတ်ဦးမလို့လား။ ဖြစ်နိုင်တာပဲ။ နေရာမရှိလို့ ပိုနေတဲ့ လူတွေကို သတ်ပစ်တာ။ ခုထိတော့ ကျုပ်မပါသေးဘူးပေါ့။ မေးခွန်းတွေ သိပ်ခက်တာပဲ။ စာမေးပွဲတွေ လူတွေကို သတ်ပစ်လိုက်ကြတယ်။ ကျောင်းသားများ စာမေးပွဲအောင်ကြပြီ။ ရယ်မောကြ။

တစ်ခတ်တစ်ခါက ဆေးဖေါ်ကြောဖက်များနှင့်အတူ ဘဝကို ဆေးကြောသုတ်သင်လိုက်တယ်။ ရိုက်ညွှန်းကိန်းများရဲ့ ကွေးညွတ်မှုနဲ့ တစ္ဆေတစ်ကောင်ရဲ့ ညစာမှာ အနည်းငယ်တူသလို ရှိလာပြီ။ လူတွေက ပဲခူးမြစ်ထဲက လမင်းကို မျှားလို့ မပြီးသေး။ လေတံခွန်က ကြိုးကို လွှတ်လိုက်တယ်။ ကြိုးများ ကောင်းကင်ပေါ် ပျံနေကြပြီ။ ဟုတ်ပါတယ်။ ကြိုးများ ကောင်းကင်ပေါ် ပျံနေကြပြီလို့ ခင်ဗျားက ထင်ပါသလား။ မဟုတ်ပါ။ တကယ်တော့ ဘယ်အရာကမှ ကောင်းကင်ပေါ် မပျံနိုင်ကြ။ ရူးသွပ်ခြင်း။

ခက်ဆစ်တစ်ပုဒ်ရဲ့ နှောင်းသံသရာကို တစ်ကျော့ပြန်တီးလိုက်တော့ လူတွေ အုပ်စုလိုက်ဖွဲ့ထားကြသည်မှာ အကြောက်တရားကြောင့်ဟု ကောက်ချက်ချလိုက်သော ပညာတတ်လူတန်းစားတစ်ချို့၏ ဟောပြောပွဲအချို့ထံသို့ ကျွန်တော်မရောက်ခင် ……………… ဝါကျတွေရှည်လာပြီ ဖြူ။ ငါ့ကို ခဏ သတ်ပေးပါ။ ခဏလေးပဲဖြစ်ဖြစ် ငါသေပါရစေ။

အလံထောင်ပါ။ ထောင်ထားတဲ့အလံဟာ ဖြူနေပါရစေ။ ကျောင်းတော်ကို ငါဂုဏ်ပြုလိုက်ပြီ။ ဘဝဟာ ဘာသာစကားမရှိတဲ့ ဝတ္ထုအရှည်ကြီး တစ်ပုဒ်ပဲ။ နွားတစ်ကောင်ကို ရိုက်လိုက်တဲ့ နှင်တံမှာ ငါ့အသွေးအသားတွေ ဒလဟော ပါသွားကြ။ ကြေကွဲ။

ငါကံကောင်းချင်တယ် ဖြူ။ ဒါပေမယ့် ငါကံကောင်းခဲ့ပါတယ်။ အက္ခရာတွေကို ငါမပိုင်ဘူး။ မပိုင်တဲ့ အက္ခရာတွေကိုတော့ ဝါကျဖြစ်အောင် ငါဆောက်သွားမယ်။ ငါ့ဝါကျဟာ ငါ့အသွေးအသား။ ငါကိုယ်ငါ ဖန်ဆင်းခြင်းဟာ အနုပညာ။ လေကို ဝအောင် ရှူပြီး ခင်ဗျား တဟက်ဟက်နဲ့ ရယ်မောလိုက်။ ပြီးမှ ကမာ္ဘမြေကို အားနာရင် ခင်ဗျား လေမလည်ပါနဲ့။

လက်တွေ့မှာ ခြေမတွေ့ဘူး။ လမ်းတွေချည်းပဲ ငါမြင်ခဲ့တယ်။ ဘုရားစာ ရွတ်ထားပါ။ သရဏဂုံတင်ထားပါ။ အဆင်သင့်ဖြစ်ပြီလား ခင်ဗျား။ စော်ကားသူကို ပြန်စော်ကားသူဟာလည်း စော်ကားသူပါ။ ကံတရားဟာ ဒီလောက်နဲ့တင် ရှုပ်ရှုပ်ထွေးထွေးဖြစ်လာပြီ။ ငါ့အတွက်တော့ ဖိနပ်ပြတ်သွားတာလည်း အနုပညာ။ မိုးရေချိုးပါ။ ကဗျာရွတ်ပါ။ ကိုယ်လက်သန့်စင်ပြီး စိတ်ကို တည်ငြိမ်အောင်ထိန်း။ ပြီးမှ တွေ့သမျှကို ပတ်ဆဲလိုက်ပါ။ ခင်ဗျား လူဖြစ်ပြီ။

ခေတ်ဟာ အဆင့်နဲ့ အလွှာနဲ့။ လျှို့ဝှက်ချက်တဲ့လားဟေ့။ လူတကာသိနေတဲ့ လျှို့ဝှက်ချက်ဟာ လျှို့ဝှက်ချက် မဟုတ်ဘူး။ တိုက်ဆိုင်ခြင်း။ ထူးခြားခြင်းရဲ့ အစွန်းမှာ လူဖြစ်လာတယ်။ ရှာသူကသက်သက်၊ တွေ့သူက သက်သက်၊ သိသူက သက်သက်။ နောက်ဆုံး လက်ခံလိုက်သူက သက်သက်။ ငါ့ကို မင်း မသတ်သေးဘူးလား ဖြူ။

တကယ်ခဏလေးပါပဲ။ Beyond Being …။ တကယ်ခဏလေးပါပဲ။ Beyond Dream…။

 

ရင်နင့်အောင်

 

 

4 comments

  • အလင်းဆက်

    August 21, 2012 at 6:34 pm

    ကောင်းလိုက်တာဗျာ.။စကားလုံးတွေ.. က ..မှော်ဝင်နေသလိုပဲ…။

    အက်ဆေး..ဆိုလည်း.ဟုတ်.. ဝတ္ထုတို..ဆိုလည်း.ဟုတ်…
    ကျွန်တော်..တော်တော်လေးသဘောကျပါတယ် ။

    လူရေးတဲ ့အက်ဆေးကို..လူ က သဘောကျတယ်..လို ့ မှတ်ပေးပါခညာ.. ။ 😀

    ခင်မင်လေးစားစွာ…

  • ခေတ်ဟာ အဆင့်နဲ့ အလွှာနဲ့။ လျှို့ဝှက်ချက်တဲ့လားဟေ့။ လူတကာသိနေတဲ့ လျှို့ဝှက်ချက်ဟာ လျှို့ဝှက်ချက် မဟုတ်ဘူး။ တိုက်ဆိုင်ခြင်း။ ထူးခြားခြင်းရဲ့ အစွန်းမှာ လူဖြစ်လာတယ်။ ရှာသူကသက်သက်၊ တွေ့သူက သက်သက်၊ သိသူက သက်သက်။ နောက်ဆုံး လက်ခံလိုက်သူက သက်သက်။ ငါ့ကို မင်း မသတ်သေးဘူးလား ဖြူ။
    မသတ်ရက်လို ့နေမှာပါဗျာ

  • မောင်ပေ

    August 22, 2012 at 8:07 pm

    ကျွန်တော် ဖတ်ကြည့်လိုက်တယ်
    တစ်ကယ်ကို ခဏလေးပါပဲ ။

  • nature

    August 23, 2012 at 6:37 am

    လျို့ဝှက်အချိန်းအချက်အချက်ပေးခြင်းပေလော။ကြိမ်းမောင်းခြင်းပေလော။လျို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ပိုစ့်တခုလေလော။

Leave a Reply