ရင်နင့်………. ငြိမ်းချမ်းရေး

ကျွန်မ…..သေချင်တယ်…..။

အလုပ်ကပြန်ပြန်လာချင်း…. ဒိုင်ယာရီစာအုပ်လေးမှာ ကျွန်မရေးလိုက်တဲ့စာသား….။ ကျွန်မဘေးနား က တစ်ယောက်ယောက်ပြောနေသလိုပဲ။

သေချင်ရင်…အလွယ်လေး…တဲ့။
“ဟူး…………………”

သက်ပြင်းတစ်ချက်မှုတ်ထုတ်လို့ အသက်တစ်ရက်တိုမယ်ဆို လောကမှာ ကျွန်မနေရမယ့်နှစ်တွေ  တော်တော်လျော့ကုန်တော့မှာပဲ။ ကျွန်မကိုယ်ကျွန်မ မှန်ထဲပြန်ကြည့်မိတယ်…။ အို…. ငါတော်တော်ရင့်ရော် နေပါလား… အသက်အရွယ်နဲ့ မလိုက်အောင်ဘဲ။ အခုမှ ကျွန်မအသက်(၁၆)နှစ်။ အရမ်းကိုရင့်ကျက်နေပြီလား လို့ ကျွန်မကိုယ်ကျွန်မထင်မိတယ်….။ ဒါပေမယ့် ကျွန်မအလုပ်ဝင်နေရပြီ။

“စပရိန် ရေ…. ထမင်းစားရအောင်….”

ဟော့်…ကျွန်မအဖွားခေါ်နေပြီ။ အလုပ်ကပြန်လာကတည်းက ဗိုက်ဆာနေတာ ခုမှသတိရတော့တယ်..။ အဖွားရှိရာ ထမင်းစားခန်းကို ကျွန်မအပြေးလေးထွက်လိုက်တယ်…။ အပြေးလေးသာဆိုတယ် ကျွန်မအခန်းလေးနဲ့ ထမင်းစားခန်းဆိုတဲ့ အိမ်ရှေ့နေရာ ကျွန်မခြေလှမ်း (၃…၄)လှမ်းလောက်ဆို ရောက်သွားတာ…။ ကုလားပဲလေးကို အစေ့လိုက်ဟင်းချိုးလေးချက်ထားတယ်…။ သရက်သီးသနပ်ရယ်…. မနက်က ကျွန်မကိုထမင်းချိုင့်ထည့်ပေးလိုက်တဲ့ ကြာက်သားကြော်အချို့တစ်ဝက်ရယ်..။ ငါးကြော်နည်းနည်း ရယ်။ ဘာပဲဖြစ်ဖြစ်အဖွားချက်တာဆို အကုန်ကောင်းပါတယ်…။ ဘာပဲဖြစ်ဖြစ် ဆာနေတဲ့ဗိုက်ကပြည့်ဖို့ရယ် မဟုတ်လား။
*******************************************

ကျွန်မနာမည် စပရိန်…. အဲ မဟုတ်သေးပါဘူး… ဒါကငယ်နာမည်လေ။ တကယ့်နာမည်အရင်းက ပွင့်မြတ်သီရိတဲ့ ဘယ်လောက်လှတဲ့ နာမည်လဲ။ ဒါပေမယ့် ကျွန်မဘဝ မလှဘူးလို့ထင်တာပဲလေ…။ ခုကျွန်မက ကျွန်မအဖွားနဲ့တူတူနေနေရတယ်…။ ကျွန်မအဖေနဲ့အမေ ပြည်ဘက်က ရွှေတောင်ဆိုတဲ့မြို့မှာ မောင်လေးနဲ့ ညီမလေးနဲ့တူတူနေတယ်။ သူတို့နှစ်ယောက်အမွှာလေ ခုဆို နှစ်ယောက်လုံးက သုံးတန်းကိုတက်နေကြပြီ။ ကျွန်မအဖေကတော့ လျှပ်စစ်ပစ္စည်းတွေပြင်တဲ့သူပေါ့။ ရရစားစားပါပဲ။ ဒီနှစ်အိမ်တောင်ငှားမနေနိုင်လို့ ဘုန်းကြီးကျောင်းမှာ ကျွန်မတို့ကပ်နေရတာ။ ဆယ်တန်းတုန်းကလည်း ကျွန်မကျူရှင်ဘယ်လိုတက်နိုင်မလည်း ဒါပေမယ့် ကျွန်မဆယ်တန်းအောင်အောင်တော့ ဖြေနိုင်ခဲ့တယ်လေ..။ ဒါနဲ့အဖေက…. ရန်ကုန်ကအဖွားဆီမှာ နေ… အလုပ်လုပ်ရင်းကျောင်းတက်ဆိုတာနဲ့.. ကျွန်မရန်ကုန်ကိုရောက်ခဲ့တယ်။

ကျွန်မအဖွားနေတဲ့နေရာလေးက တောင်ဒဂုံဆိုတဲ့မြို့သစ်ရဲ့ ချောင်ကျကျတစ်နေရာမှာပေါ့..။ အိမ်သေးသေးလေးတစ်လုံးပါပဲ…. အိမ်ရှေ့နဲ့အိမ်နောက်ကို ခြေလှမ်း(၃….၄)လှမ်းလောက်နဲ့ကို ရောက်သွား တဲ့ အိမ်လေးတစ်လုံးပေါ့။ ကျွန်မကို အဖွားကအဝေးသင်ထားပေးမယ်….။ ကျွန်မက အလုပ်တစ်ခုခုလုပ်မယ်..။ အခုလည်း အဖွားအဆက်အသွယ်နဲ့ အထည်ချုပ်စက်ရုံတစ်ရုံမှာ ကျွန်မအလုပ်ရနေပြီလေ။ တစ်လကို (၄၅၀၀၀)လောက်တော့ရပါတယ်..။ အစောကြီးသွား… ညကျမှပြန်ဆိုတော့လည်း ကျွန်မဘဝကြီးက ကျဉ်းသယောင်ယောင်ဖြစ်လာတယ်။ အလုပ်ကအပြန်ညဘက်မှာ ဗဟုသုတတွေ အဆက်အသွယ်မပြတ်ဖို့ အရေး ကျွန်မဦးလေးတစ်ယောက် လာလာပေးတဲ့ ဂျာနယ်အဟောင်းလေးတွေ ကျွန်မဖတ်ရတာပေါ့..။

ကျွန်မတက်ချင်တဲ့ တက္ကသိုလ်ကို အေးအေးဆေးဆေး တက်ချင်လိုက်တာ။

ဒီနေ့တော့ အလုပ်ပင်ပန်းလိုက်တာ…။ ကျွန်မဒိုင်ယာရီစာအုပ်လေးမှာတောင် သိပ်မရေးနိုင်တော့ဘူး။ မနက်ဖြန်စောစောထ အလုပ်သွားဖို့အတွက် ကျွန်မအားမွေးရဦးမယ်။

*****************************************

ဆောင်းတွင်းနှင်းတွေဝေဝေဝါးကြားထဲမှာ… စက်ရုံကလာတဲ့ဖယ်ရီကားကို မီဖို့စောင့်နေရပြီ။ ဖယ်ရီမမီ ရင် ကားခကုန်မှာလေ နေ့တိုင်းဖယ်ရီကို ကျွန်မအမီစောင့်စောင့်နေရတယ်။ အဖွားပေးတဲ့ မုန့်ဖိုး(၂၀၀)ကို ကျွန်မလက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းပေါ့။ ကျွန်မရတဲ့ မုန့်ဖိုးကိုတော့ ကျွန်မမစားရက်ပါဘူး…။ တဖြည်းဖြည်းစုရင်း များလာတဲ့အခါ ကျွန်မဝယ်ချင်တာလေး ဝယ်ရအောင်လို့ပေါ့။ တွေးရင်းနဲ့တောင် ဖယ်ရီကားကျွန်မရှေ့ရောက်နေပြီ…။

“ပွင့်မြတ်လာလေ… ဘာငေးနေတာလဲ…”

ကားပေါ်က ကျွန်မ စီနီယာလှမ်းခေါ်မှပဲ ကျွန်မတွေးနေရာက ကားပေါ်အမြန်တက်လိုက်ရတယ်…။ ဟူး….. ဘဝဆိုတာ တကယ်အသည်းအသန်ပါပဲလား…။ စက်ရုံရောက်ရင်ပဲ ထမင်းချိုင့်ကိုယ်စီနဲ့ ကိုယ့်အလုပ်နေရာကို ကျွန်မတို့ဝင်ယူနေရပြီ..။ ကျွန်မကတော့ စက်လည်းမနင်းတက်သေးတော့ ကိုယ့်အထက်က စီနီယာတွေ ချုပ်ထားတဲ့အစတွေကိုပဲ ကတ်ကြေးနဲ့ ဖြတ်သင့်တာဖြတ်ပေးပေါ့…။ ဒီလိုနဲ့ပဲ တစ်နေကုန်ကျွန်မတို့ လှောင်အိမ်လိုစက်ရုံကြီးအတွင်းမှာ အချိန်တွေကုန်ရတာပေါ့….။

ဆောင်းအဝင်မို့လို့ထင်ပါတယ်… ညနေဆိုတာအေးစိမ့်စိမ့်အအေးဓာတ်က ပျံ့လွင့်နေပြီ။ ကားပြတင်း ပေါက်က တိုးလာတဲ့လေအေးအေးကို အံတုရင်း ကျွန်မလက်ပိုက်ထားမိလိုက်တယ်…။

“ပွင့်မြတ်ရော့……..”

ကျွန်မပေါင်ပေါ်ရောက်လာတဲ့ အထုပ်လေးတစ်အုပ်….။ ကျွန်မဖွင့်ကြည့်လိုက်တော့ ဒိုင်ယာရီ စာအုပ်လေးတ်တစ်အုပ်ရယ်… ကိုယ်သာလျှင် ကိုယ့်အရှင်သခင်ဆိုတဲ့ စာအုပ်တစ်အုပ်…။ ကျွန်မ မကြီးငြိမ်းသာ ကို မော့ကြည့်မိလိုက်တယ်..။

“ပွင့်မြတ်ဖတ်ဖို့လေ… စိတ်ဓာတ်မကျနဲ့ ပွင့်မြတ်ခံစားနေရတာတွေ အစ်မနားလည်တယ်…. အစ်မလည်း အရင်ကပွင့်မြတ်လိုပဲပေါ့… တကယ်တော့ဘဝဆိုတာ ဖြစ်ချင်တဲ့အတိုင်းဖြစ်လာတာမဟုတ်ဘူး ပွင့်မြတ်ရယ်.. ကံကိုလည်း အပြစ်ပုံမချချင်ပါဘူး…. ရောက်တဲ့ဘဝမှာကောင်းအောင်နေဖို့ အဓိကပေါ့ ဟုတ်တယ်မဟုတ်လား….”

ကျွန်မ မကြီးငြိမ်းသာကို ခေါင်းငြိမ့်ပြီးတစ်ချက်ပြုံးပြလိုက်တယ်။ ကျေးဇူးအရမ်းတင်တယ်ဆိုတဲ့ အပြုံးဆိုတာ မကြီးငြိမ်းသာသိမှာပါ….။

ဘဝဆိုတာ ဖြစ်ချင်တဲ့အတိုင်းဖြစ်လာတာမှမဟုတ်တာ…..။

အိမ်ရောက်ရောက်ချင်းပဲ ဒိုင်ယာရီစာအုပ်အသစ်ထဲမှာ ကျွန်မရေးချမိတဲ့စာကြောင်းလေး။

****************************************

ဒီညတော့ကျွန်မ မအိပ်ချင်သေးတာနဲ့ ဦးလေးယူလာတဲ့ ဂျာနယ်တွေဖတ်နေမိတယ်…။ ဂျာနယ်ထဲမှာ ဆယ်တန်းမှာ ဂုဏ်ထူးတွေပါပြီး နွမ်းပါးတဲ့ကလေးတွေကို ထောက်ပံ့ကြေးတွေပေးနေတဲ့ ဖောင်ဒေးရှင်းတွေ ကျွန်မအားကျလိုက်တာ…။ ကျွန်မတို့လည်းမညံ့ပါဘူး။ ဒါပေမယ့် ကျွန်မတို့လို အလယ်အလတ်ဖြစ်နေတဲ့ သူတွေမှာ နောက်ထပ်ပညာရေးကို ဆက်လက်ဆည်းပူးချင်လို့ ထောက်ပံ့မယ်ဖောင်ဒေးရှင်းမရှိတော့ဘူးလား.။

တော်တယ်ဆိုတဲ့ ပေတံနဲ့တိုင်းတာပြီး ထောက်ပံ့ကြတယ်….။ အလယ်အလတ်ရောက်ပြီး ရှေ့မဆက်နိုင်တဲ့ နွမ်းပါးတဲ့ကလေးတွေကို တော်အောင်မြှင့်တင်ပေးမယ့် ဖောင်းဒေးရှင်းဘာကြောင့်မရှိရတာလဲ…။

ဒိုင်ယာရီစာအုပ်လေးထဲမှာ စာတစ်ကြောင်းကျွန်မထပ်ရေးမိလိုက်တယ်……………………။

မီးအားမြင့်စက်မရှိတဲ့ ကျွန်မနေတဲ့အိမ်လေးမှာ မီးလာရဲ့သားနဲ့ ခပ်မှိန်မှိန်လေး မီးလင်းနေတယ်….။ အိမ်အပြင်ဘက်က ညအမှောင်နဲ့ တစ်ထပ်တည်းနီးပါးလောက်ပဲ အဖွားကတော့အိပ်နေလောက်ပြီ….။ တော်ပြီ ကျွန်မအိပ်တော့မယ် မအိပ်ခင်တော့ ဒိုင်ယာရီထဲမှာ စာတစ်ကြောင်းရေးဖြစ်လိုက်သေးတယ်….။

ကျွန်မဘဝ….မမှောင်သေးပါဘူး………။

*****************************************

စက်ရုံရောက်ရောက်ချင်းပဲ ကျွန်မကြားလိုက်ရတဲ့သတင်းက လူကိုခပ်မျော့မျော့ပဲ ကျန်ခဲ့သလို အားအင်တွေချည့်နဲ့သွားတယ်။ ဖြစ်မှဖြစ်ရလေ… လူမဆန်လိုက်တာ….. တန်ဘိုးမထားတတ်ကြဘူးလား… ဆိုတဲ့စကားလုံးတွေက စက်ရုံးကအလုပ်သမားတွေကြားမှာ စုံနေတာပါပဲ….။ ကျွန်မတို့စက်ရုံမှာ အတူတူအလုပ်လုပ်တဲ့ စုလတ်ဆိုတဲ့ကောင်မလေး ကျွန်မနဲ့အသက်မတိမ်းမရိမ်းပါပဲ မနေ့က အိမ်အပြန် လမ်းမမှာ… အဓမ္မပြုပြီး သတ်ခံလိုက်ရတယ်တဲ့….။ မကြီးငြိမ်းသာကတော့…… စက်ခုံပေါ်မှာ စက်ချုပ်ရင်းနဲ့ ……

“ဪ…. လူတွေ.. လူ့စိတ်မှရှိသေးရဲ့လား…. အနိုင်ကျင့်တဲ့အပြင် ရက်ရက်စက်စက်ပါ သတ်သွားတာ… ”

ညဘက်ကျွန်မ အိမ်ပြန်ရင်တောင် ဘယ်လိုပြန်ရမှန်းမသိ….။ ညနေဘက်အိမ်အပြန် ဖယ်ရီကားပေါ် ရောက်တော့…. မကြီးငြိမ်းသာ ကျွန်မကိုပစ္စည်းတစ်ခုပေးတယ်….။

“လိုလိုမယ်မယ်ဆောင်ထား…. အစ်မလည်း တစ်ခုအမြဲဆောင်ထားတယ်….”

ကျွန်မလက်ထဲကအရာကို ကျွန်မကြည့်လိုက်တယ်..။ ပြောင်ပြောင်လက်လက်နဲ့ လက်သည်းလှီးတဲ့ စတီးလ်ဓားသေးသေးချွန်ချွန်လေး…..။ ဒီနေ့ကျမှ ကျွန်မရဲ့အိမ်အပြန်လမ်းက အနည်းငယ်ကြောက်ဖို့ ကောင်းနေသလိုပဲ။ လက်ထဲမှာ မကြီးငြိမ်းပေးတဲ့….. စတီးလ်ဓားသေးသေးလေးကို ဆုပ်ကိုင်ရင်း ထမင်းချိုင့် တစ်ဖက်နဲ့…. ကျွန်မအိမ်ရဲ့ လမ်းရဲ့နည်းနည်းချောင်ကျတဲ့ဖက်လေ။ လမ်းကျကျလည်းမဟုတ်တော့ ဓာတ်တိုင် လည်းမရှိ။ ဒီနေ့ကျမှ အိမ်အပြန်လမ်းက ဝေးလိုက်တာ….။ ကျွန်မအိမ်ထဲက မီးရောင်လဲ့လဲ့ကိုမြင်မှ ကျွန်မ သက်ပြင်းချမိလိုက်တော့တယ်…။ အိမ်ထဲရောက်တော့ အဖွားကတော့ ကျွန်မကိုထမင်းစားဖို့ ထိုင်စောင့်လျှက်ပေါ့။

“စပရိန်….. နဖူးမှာလည်းချွေးတွေနဲ့….. လက်ထဲမှာလည်းဘာတုန်းဟဲ့….”

အဖွားရဲ့စကားသံကြားမှပဲ ကျွန်မနဖူးကချွေးတွေကို ကျွန်မသုတ်ရင်း အဖွားရင်ခွင်ထဲကိုပြေးဝင်မိတော့ တယ်။ မျက်ရည်မကျအောင်ထိန်းရင်း….

“ဘာမှမဖြစ်ပါဘူး အဖွားရယ်… အိုက်လို့ပါ….”

ဆောင်းတွင်းအေးစက်စက်မှာ အိုက်တယ်လို့ပြောလိုက်တာ ယုတ္တိရှိရဲ့လားမသိ။ အဖွားစိတ်ပူမှာ စိုးလို့ပါ… အဖွားရယ်…။

*********************************************

မနက်က ဦးလေးက ဂျာနယ်အသစ်တစ်စောင် ပေးသွားတာကျွန်မဖတ်ရင်း စဉ်းစားမိနေတယ်…။ ကျွန်မတို့အိမ်မှာနေတာရော လုံခြုံရဲ့လား…။ ကျွန်မအိမ်လေးကိုကြည့်လိုက်တော့လည်း ခြံစည်းရိုးမရှိ တံခါမကြီးကလည်း ခြေထောင့်နဲ့တစ်ချက်စောင့်လိုက်ရင် ပွင့်သွားနိုင်တယ်…။ အိမ်ထဲမှာ ကျွန်မနဲ့အဖွားနှစ်ယောက်တည်း….။ အို… ငါဘာတွေတွေးနေတာလဲ…..။ မနက်ဖြန်အလုပ်ဆင်းရဦးမယ်…။ မနက်ဖြန်အလုပ် ဆင်းကိုဆင်းရမှာ…။ လကုန်ရက်ဆိုတော့… လုပ်အားခထုတ်တော့မယ်လေ…။ အဖေကလည်း မောင်လေးနဲ့ညီမလေးအတွက် ပိုက်ဆံလာယူဦးမယ်..။ ကျွန်မစုထားတဲ့ ပိုက်ဆံတွေနဲ့…. လုပ်အားခကို အဖေ့ကိုထည့်ပေးရဦးမယ်။ ဆောင်းတွင်းအနွေးထည်လေတောင် မဝယ်နိုင်တော့ဘူး…။ အဖွားကိုပဲ အပုံထည်ထဲက ဈေးပေါပေါနဲ့တစ်ထည်လောက် ဝယ်ခိုင်းရမယ်….။

နွေးအောင်ဝတ်တဲ့ အကျီ င်္တစ်ထည်ဟာ အဆမတန်ဈေးကြီးနေဦး… ဝတ်လိုက်လို့ မနွေးရင် အဲသည်အကျီ င်္ ကအသုံးဝင်မှာမဟုတ်ဘူး……….။

ကျွန်မဘယ်လိုပဲ ဖြစ်နေပါစေ….။ ကျွန်မမိသားစုအတွက်တော့ တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်ချင်တယ်။

**************************************

“ဝုန်း…………”

အိပ်ယာက အသည်းအသန်ထပြီး အိပ်ယာဘေးက နာရီကို ကျွန်မကြည့်လိုက်မိတယ်…။ ဟူး.. တော်သေးတာပေါ့ အစောကြီးရှိသေးလို့….။ ရင်တွေတောင်တုန်သွားတာပဲ….။ ကျွန်မတို့ဘဝကြီးတွေ ငြိမ်းချမ်းမှုမရှိသေးပါလား….။ ငြိမ်းချမ်းခြင်းဆိုတာ….. ။ ငြိမ်းချမ်းခြင်းဆိုမှ မနေ့ကဖတ်လိုက်တဲ့ အမေစုရဲ့ ငြိမ်းချမ်းခြင်း အဓိပ္ပာယ်ဖွင့်ဆိုပုံလေးတောင် ကျွန်မကူးထားမိတယ်….။ ကျွန်မဒိုင်ယာရီစာအုပ်လေးကို ပြန်ပြီး လှန်ကြည့်လိုက်တယ်….။

အိပ်တဲ့အခါ ချမ်းသာရမယ်…။ နိုးတဲ့အခါ..ချမ်းသာရမယ်။

ကျွန်မတို့ဘဝတွေ မငြိမ်းချမ်းသေးပါဘူး….။ ကျွန်မအခန်းဝကထွက်ပြီး အိမ်ရှေ့ကို လှမ်းကြည့်လိုက် တယ်..။ ခြံစည်းရိုးမရှိတဲ့ ကျွန်မတို့အိမ်လေးက မြူတွေရစ်ဆိုင်းနေလိုက်တာ…။ အဲသည်မြူတွေထဲက ကျွန်မ ငြိမ်းချမ်းခြင်းဆိုတာကို လိုက်ရှာမိလိုက်သေးတယ်…။ ကျွန်မ ရူးနေလား….။ ဟိုး….အပေါ်က မြူတွေကြားမှာ နွေးထွေးတဲ့ နေရာင်စစလေးကိုတော့ ကျွန်မမြင်နေရတယ်….။ ကျွန်မတို့ ငြိမ်းချမ်းမှုလိုချင်ပါတယ်အမေရယ်…။

မျက်နှာသစ်အဝတ်အစားလဲပြီး အဖွားပေးတဲ့ထမင်းချိုင့်ဆွဲ…။ ကျွန်မရဲ့လက်ဆွဲအိတ်ထဲမှာ မကြီးပေးတဲ့ ဓားလေးကိုထည့်ပြီး….. ကျွန်မဖယ်ရီကားစောင့်တဲ့နေရာကို သွားရဦးမယ်….။ လောလောဆယ် ဝမ်းမီးတွေငြိမ်းဖို့ ကျွန်မရင်ကော့ပြီးနေရဦးမယ်…………….။

စူးရှ
13.12.2011
Tueday,6:45PM

9 comments

  • YE YINT HLAING

    August 24, 2012 at 4:51 pm

    ခံစားမှုလေးတွေပါသလို ဖတ်လို့လည်း ကောင်းတယ် ။ နောက်ထပ်လည်း ရေးပါဦး ! အားပေးဖတ်ရှု နေပါတယ် ။

  • pooch

    August 24, 2012 at 5:39 pm

    “အလယ်အလတ်ရောက်ပြီး ရှေ့မဆက်နိုင်တဲ့ နွမ်းပါးတဲ့ကလေးတွေကို တော်အောင်မြှင့်တင်ပေးမယ့် ဖောင်းဒေးရှင်းဘာကြောင့်မရှိရတာလဲ…။”

    ဘာဖြစ်လို့လဲ ဆိုတော့ လူတွေ တော်တော်များများက အဲ့ဒီ အလယ်အလတ်အဆင့်ကိုတောင် ရောက်အောင် မတတ်နိုင်ပဲ ဆင်းရဲတွင်းနက်နေတဲ့သူတွေ များနေသေးလို့ပါ။ ( အထင်ပါ- ခရက်ဒစ်တူ ဘပု)

    တော်တဲ့သူကိုမှ ထောက်ပံ့တယ် ဆိုတာကလည်း အလကားရပါများရင် လူတွေ က တန်ဖိုး မထားတတ်ကြတော့ ကြိုးစားချင်စိတ်ရှိအောင်လို့ ပါ။ သူများနိုင်ငံက စကော်လားရှစ်တွေ လည်း သူတို့ သတ်မှတ်အဆင့် လျော့တာနဲ့ ပြန်ရုပ်သိမ်းတတ်ကြပါတယ်။

    အလကား အချောင်ရပါများရင် လူတွေ စိတ်ဓာတ်ပျက်စီးတတ်ပါတယ်။ လမ်းပေါ်မှာ တောင်းစားနေသူ ကြီးငယ်မရွေး နေ့စဉ်နဲ့ အမျှပေါများနေတာ အဲ့လိုပျက်စီးနေတဲ့ စိတ်ဓာတ်တွေကြောင့်ပါ။

    အရေးအသားကောင်းတယ်နော်။

    • pooch

      August 24, 2012 at 5:42 pm

      စကားမစပ် ဟိုကြောက်တတ်သူဆိုတဲ့စာလေး ဆက်ပါအုန်း။ စာအဖွဲ့တွေ ကောင်းလို့ ဖတ်ရတာ အရသာရှိပါတယ်။

      • aung moethu

        August 24, 2012 at 5:50 pm

        ကြောက်တတ်သူများ မဖတ်ရ ထိန်းလန့်သည်းဖိုက တင်မှာပါ…… ပထမတင်တင်ချင်း အားမပေးကြဘူးထင်လို့ပါ…. အပြီးထိ ရေးသားပြီးပါပြီ လေး ပိုင်း ဆက်မှာပါ။ စာတွေဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ 🙂

  • မွန်မွန်

    August 24, 2012 at 6:01 pm

    ဟင်း…မောလိုက်တာနော်…ဖတ်ရင်းနဲ့ သူတို့ဘဝတွေကို စာနာမိလာတယ်…ပြောသာပြောတာပါ…ကိုယ်တွေရဲ့ဘဝလည်း လုံခြုံနေပါတယ်လို့ ပြောလို့မရပါဘူး…အရာရာတိုင်းမှာ စားသတိ၊ သွားသတိ နဲ့ နေနေရတာပဲ…

  • မောင်ပေ

    August 24, 2012 at 8:36 pm

    ဖတ်ရင်းနဲ ့စပရိန်ရဲ ့နေရာကို ကိုယ်တိုင်ရောက်သွားပြီး မောလာမိတယ်…ဗျာ
    စာရေးကောင်းတဲ့ ကိုအောင်မိုးသူရေ ၊ ဘာကလောင်နာမည်နဲ ့ဘယ်တွေမှာ ရေးနေတာလဲဗျို ့

    • aung moethu

      August 25, 2012 at 9:17 am

      ကျတော် အောင်မိုးသူ နာမည်နဲ့ပဲ စာရေးပါတယ် ပုံနှီပ်ပေါ်တော့ သိပ်မပို့ဖြစ်ဘူး ပုံနှီပ်မှာတော့ ပါဘူးတယ်ဗျ….။

  • အလင်းဆက်

    August 24, 2012 at 9:18 pm

    တကယ့်ကို စာရေး ကောင်းလိုက်တာဗျာ.။

    အားကျ မိပါရဲ ့ / 🙂

  • Foreign Resident

    August 25, 2012 at 2:40 pm

    အရေးအသားကောင်းတယ်နော် ။

Leave a Reply