ပျောက်ဆုံးသွားတဲ့ကျွန်တော်
ကျွန်တော်တို့ ဝတ္ထုတပုဒ်ဖြစ်စေ စာတပုဒ်ဖြစ်စေ ဖတ်ကြသောအခါ တစ်ခါတစ်ရံ ဖတ်ပြီးခဲ့သော စာမျက်နှာများကို ပြန်လှန်ဖတ်ရှု့တတ်ပါသည်။ ထိုသို့ဖတ်ရှု့ခြင်းဖြင့် ရှေ့ကဖေါ်ပြခဲ့သော အကြောင်းအရာများနှင့် နောက်ပိုင်းတွင်ဖတ်ရှု့ရသောအကြောင်းအရာများ ဆက်စပ်မိပြီးလျှင် ရှေ့နောက်ညီ အမြီးအမောက်တည့်သော စာတပုဒ်အဖြစ် ပို၍အရသာရှိလာတတ်ပါသည်။
သို့ရာတွင် ဘဝ၏စာမျက်နှာများကို နောက်ကြောင်းပြန်ဖတ်ရာတွင်မူ တမျိုးတဖုံ ဖြစ်သွားတတ်ပါသည်။ ရှေ့နောက်မညီညွတ်သည်ကိုတွေ့ရသည့်အခါ အရသာပျက်သွားတတ်ပါသည်။ ထိုသို့ဖြစ်ခဲ့လျှင်လဲ မည်သို့မျှမတတ်နိုင်တော့ပါ..။ ရှေ့က ရေးခဲ့သည်များရော နောက်မှ ရေးခဲ့သည်များပါ ကိုယ်တိုင်ရေးခဲ့ခြင်းဖြစ်ပါသည်..။ ရေးခဲ့ပြီးသားလဲ ဖြစ်နေပါတော့သည်..။
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်က ကျွန်တော်သည် တက္ကသိုလ်မှ ထွက်လာသည်မှာမကြာသေးသော၊ လူ့လောကဝန်းကျင်ထဲသို့ တိုးဝင်လှမ်းလျှောက်ကာစ အပျံသင်ငှက်တကောင်ပမာဖြစ်ပါသည်..။ တနေ့သောအခါတွင် လူကြုံထည့်ပေးလိုက်သည့် ပစ္စည်းအထုပ်တစ်ထုပ်ကိုလက်တွင်ဆွဲလျှက် ပစ္စည်းရှင်ညွှန်းဆိုလိုက်သည့် လိပ်စာကိုရှာနေပါသည်..။ ထိုအခိုက်တွင် ဆယ့်လေးငါးနှစ်အရွယ် မိန်းမငယ်လေးတယောက်ကိုတွေ့သဖြင့် ကျွန်တော်ရှာသော လိပ်စာကိုမေးမိလေရာ…
“”အော်… ယက္ကန်းထောင်အိမ်မဟုတ်လား… လာ… လာ.. ကျွန်တော်လိုက်ပို့မယ် “”
ဟု သွက်လက်စွာပြောလျှက် ကျွန်တော့်လက်မှ အထုပ်တစ်ခုကိုဆွဲယူသယ်ပိုးကာ တစိုက်စိုက်လမ်းပြပါတော့သည်။
အဆိုပါလိပ်စာသို့ရောက်၍ အိမ်ရှင်ကိုလှမ်းခေါ်တွေ့ဆုံပြီး လူကြုံပေးသောပစ္စည်းကို ပေးပြီးသောအခါ လမ်းပြလိုက်ပို့ခဲ့သော မိန်းကလေးငယ်ကိုသတိရ၍ နောက်လှည့်ကြည့်ရာ ရှာမတွေ့တော့ပါ။ ခရီးသွားဟန်လွှဲမဟုတ်ပါပဲ ခပ်လှမ်းလှမ်းခရီးကို ပစ္စည်းဝန်ထုပ်ကိုပါကူညီသယ်ပိုးလျှက် လမ်းပြလိုက်ပို့ခဲ့သူသည် အမှတ်တမဲ့ ထွက်သွားပါလေပြီ။ ကျေးဇူးတင်စကားလေးမှ မဆိုလိုက်ရပါ။ ကျေးဇူးတင်စကားလေးကိုမှ စောင့်ပြီးနားထောင်မနေတော့ပါ။ လုပ်စရာရှိသည်ကိုလုပ်ခဲ့ပြီးသည့်နောက် သွားစရာရှိသည်ကို ဆက်၍သွားပါလေပြီ..။
ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ကိုယ်တိုင်သည်လည်း သည်လိုနှင်နှင်ပဲ ဖြစ်ပါသည်။ ကျွန်တော့်ဝန်းကျင်မှလူများသည်လည်း သည်လိုမျိုးချည်းသာ ဖြစ်ပါသည်။ မှတ်မိပါသေးသည်..။ တစ်နေ့ နေ့ခင်းတွင် ကျွန်တော်နေသောမြို့ကလေး၏ မြို့လည်ကားဂိတ်အနီးရှိ လဘက်ရည်ဆိုင်မှအထွက်တွင် ကားပေါ်မှဆင်းလာသော သက်လတ်ပိုင်းကျော်အရွယ် အမျိုးသားကြီးတစ်ဦးနှင့်ဆုံပါသည်။ သူက တော်တော်လှမ်းသောနေရာရှိ ဘုန်းကြီးကျောင်း၏အမည်ကို မေးလာသောအခါ-
“”အော်… တူုမောင်းကျောင်းတိုက်လား..။ လာ.. လာ.. ကျွန်တော်လိုက်ပို့မယ်..။ ဦးလေးအထုပ်တွေ စက်ဘီးကယ်ရီယာပေါ်တင်ပြီးတွန်းခဲ့မယ်..။ ရတယ်ဦးလေးရဲ့ အားမနာနဲ့ ..။ စက်ဘီးသယ်တာ လူသယ်ရတာမှမဟုတ်တာ..။ လာလာ.. သွားရအောင်…“”
ဤသို့ဖြင့် သူသွားလိုရာ ဘုန်းကြီးကျောင်းသို့ဆိုက်ဆိုက်မြိုက်မြိုက်လိုက်ပို့ပြီးလျှင် အထုပ်အပိုးများကိုပါ ကျောင်းပေါ်တင်ပေးခဲ့ပြီးနောက် အမှတ်တမဲ့ပင် ပြန်ထွက်ခဲ့ပါသည်။ ကျွန်တော့်ကို နှုတ်ဆက်အောင် ကျေးဇူးစကားဆိုအောင် မစောင့်..။ နေပူထဲ တမိုင်နီးပါး စက်ဘီးတွန်းလိုက်ပို့ရသည်ကို ကျေးဇူးတင်စရာဟုပင် လုံးလုံးမမှတ်ယူ..။ ကိုယ်လုပ်စရာရှိတာ ပေါ့ပေါ့ပါးပါး လုပ်ခဲ့ခြင်းသာဖြစ်ပါသည်…။ ဤစာမျက်နှာများကတော့ ကြာခဲ့ပြီဖြစ်ပါသည်..။
မကြာခင်လ များအတွင်းတွင် ကျွန်တော်ကြုံခဲ့ရသည်တို့ကိုလည်း ပြန်သတိရမိပါသည်။
တစ်နေ့တွင် ကမ္ဘာအေးစေတီမှ အထွက်လမ်းပေါ်တွင်လမ်းလျှောက်နေမိခိုက် သင်္ကန်းနွမ်းနွမ်းကိုဝတ်ထားသော ရဟန်းတပါးအနီးသို့ ချဉ်းကပ်လာသောအခါ ဘိနပ်ပြတ်သွားလို့ စာအုပ်ဖိုးမရှိလို့ စသည်ဖြင့်အကြောင်းပြလျှက် လိမ်လည်အလှူခံတော့မည်ဟု နားလည်လိုက်ပါသည်..။ ထို့ကြောင့် “ဒကာကြီး.. ဒကာကြီး.. ” ဟု ခပ်တိုးတိုး ခပ်အုပ်အုပ်လှမ်းခေါ်သည်ကို မသိကျိုးကျွန်ပြုနေလိုက်ပါသည်။ ထိုဦးပဇ္ဖင်းကလက်မလျှော့… အနားသို့ ခပ်သုတ်သုတ်လှမ်း၍ကပ်လာသည်တွင် အလှူခံပါက မာမာတင်းတင်းငြင်းဆန်ရန် ဟန်ပြင်မိပါသည်။ သို့ရာတွင် ထိုဦးပဇ္ဇင်း၏နှုတ်မှထွက်လာသည်ကား အလှူခံသည့်ကိစ္စမဟုတ်- သာသနာရေးဦးစီးဌာနမှဖွင့်ထားသော စာအုပ်အရောင်းဆိုင်ကို မေးမြန်းခြင်းသာဖြစ်ပါတော့သည်..။ ကျွန်တော့်မှာ ကျွန်တော်လမ်းညွှန်ရာသို့ တစိုက်စိုက်လျှောက်သွားသည့် ရဟန်းတော်ကို နောက်ကျောမှ လက်အုပ်ချီလျှက် စိတ်ထဲကပြောမိပါသည်…။
“အားနာလိုက်တာ ဦးပဇ္ဖင်းရယ်……”
တနေ့တွင်ကျွန်တော်ကမာရွတ်လှည်းတန်းသို့ရောက်နေခိုက် အိုင်တီလဘက်ရည်ဆိုင်တွင်လဘက်ရည်ဝင်သောက်ပါသည်။ ထိုဆိုင်မှအထွက်တွင် အသက်သုံးဆယ်ခန့်အရွယ် အမျိုးသမီးတဦးက “အကိုကြီး.. အကိုကြီး.. ”
ဟု ခပ်အုပ်အုပ်ခေါ်ကာ အနီးသို့ ကပ်လာပါသည်။ ယခင်အတွေ့အကြုံများအရ ကျွန်တော်သိလိုက်ပါပြီ..။ အင်းစိန်ကိုပြန်မလို့ ရွှေပြည်သာကိုပြန်မလို့ လမ်းစားရိတ်မရှိလို့ဆိုကာ လိမ်လည်အကူအညီတောင်းပါတော့မည်။ ထို့ကြောင့် မျက်နှာတင်းတင်းထားပြီး မောင်းထုတ်ရန်ဟန်ပြင်ခိုက်..
“အကိုကြီး…။ ကျွန်မမသိလို့ မေးပါရစေ..။ ဖုံးဆိုင်မှာ ဖုံးငွေဖြည့်ကဒ်ဝယ်ပြီးဖြည့်ခိုင်းလိုက်တာ၊ အဲဒီငွေဖြည့်ကဒ် ဆိုင်မှာကျန်ခဲ့တယ်။ အဲဒါ ပြန်တောင်းလို့မရရင် ဘာဖြစ်မလဲလို့ပါ…”
“အော်… ငွေဖြည့်ပြီးပြီဆိုရင် ငွေဖြည့်ကဒ်က အသုံးမလိုတော့ပါဘူး။ ဘာမှမဖြစ်တော့ဘူး..။ ပြန်လဲ သွားတောင်းမနေနဲ့တော့…”
ကျေးဇူးစကားဆိုပြီး ခပ်သုတ်သုတ်ထွက်သွားသော ထိုအမျိုးသမီး၏ကျောပြင်ကိုကြည့်ရင်း ကျွန်တော့်စိတ်ထဲမှ တောင်းပန်နေမိပါသည်..။
“အားနာလိုက်တာ တူမလေးရယ်…”
ကျွန်တော်သည် လမ်းလျှောက်ရန်ဝါသနာပါသူဖြစ်သဖြင့် ရာသီဥတုသာယာသောညနေခင်းများတွင် အားလျှင်အားသလို လမ်းလျှောက်လေ့ရှိပါသည်။ မကြာသေးသောတစ်ရက်ကမူ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့မှ အနောက်သို့ လမ်းလျှောက်လာခိုက် ဟောင်းနွမ်းနုံခြာလှသော အင်္ကျီလုံချည်တို့ကိုဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တဦး နောက်မှလိုက်လာပါသည်။ ကျွန်တော်က ခပ်သုတ်သုတ်လျှောက်သောအခါ ထိုသူငယ်ကလဲ ခပ်သုတ်သုတ်လိုက်လာလျှက် “ဦးလေး.. ဦးလေး..”
ဟု တချက်တချက်လှမ်းခေါ်ပါသည်..။ ဒါဆို ကျွန်တော်သိပါပြီ..။ ပန်းဆိုးတန်းနားမှာ ဟံသာဝတီကားပွဲစားတန်းနားမှာ တွေ့နေကျ လူမျိုးတွေဖြစ်မည်။ အနီးသို့အတင်းချဉ်းကပ်၊ မျက်နှာချင်းဆိုင်လမ်းပိတ်ရပ်ပြီး သူတောင်းစားမဟုတ်ကြောင်း ငွေလိုလို့တောင်းတာဖြစ်ကြောင်း မာရေကြောရေပြောကာ မိုက်ကြေးခွဲပါတော့မည်။
ကျွန်တော်က မသိကျိုးကျင်ပြုလျှက် ခပ်မြန်မြန်လျှောက်သောအခါ ထိုသူငယ်ကလဲ အရှိန်မြှင့်ပြီး ခပ်မြန်မြန်ကပ်လိုက်လာပါသည်။ ခက်ပြီ.. လွတ်အောင်ရှောင်လို့မရမှတော့ သူတောင်းတဲ့ပိုက်ဆံနဲနဲ ပေးလိုက်တာပဲအေးမည်ဟု စဉ်းစားပြီး လမ်းလျှောက်သည်ကိုရပ်၍ ထိုသူငယ်ကို မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်လေရာ ထိုသူငယ်က-
“ဦးလေး… ကျွန်တော် ဂျပန်ဆေးရုံကြီးကိုသွားချင်လို့ ..။ ဒီနားမှာလို့တော့ပြောတာပဲ.. ဦးလေးသိရင်ညွှန်ပေးပါဗျာ…”
“အော်.. ဂျပန်ဆေးရုံဆိုတာ ဟိုးရှေ့နားမှာတင်ပဲ..။ ဒီကလမ်းဖြတ်ကူးလိုက်ပြီး အဲဒီအတိုင်းသွား.. မီးပွိုင့်မရောက်ခင် လမ်းဘေးမှာပဲ ဝင်ပေါက်ကြီးတွေ့မယ်…”
ကျွန်တော့်ကိုဦးညွှတ်ကျေးဇူးစကားဆိုလျှက် လမ်းတဖက်သို့ဖြတ်ကူးသွားသော လူငယ်ကလေး၏ကျောပြင်ကိုကြည့်ရင်း ကျွန်တော့်စိတ်ထဲမှ အထပ်ထပ်ဆိုညည်းမိပါသည်…
“အားနာလိုက်တာ လူကလေးရယ်…”
မနေ့တနေ့ကျွန်တော်နှင့် လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်ကကျွန်တော် တို့ကို နှိုင်းယှဉ်ကြည့်မိတော့ ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ရပါတော့သည်…။
ဘယ်လိုအရာကများ ငယ်ငယ်တုန်းကကျွန်တော်ကို အခုကျွန်တော်ဖြစ်အောင် ထုဆစ်ပုံလောင်းလိုက်တာပါလိမ့်နော်…။
ဦးဦးပါလေရာ
၁၀.၉.၂၀၁၂
36 comments
htet way
September 10, 2012 at 10:13 pm
ခက်တာက ဒီလို စာကို ဖတ်လိုက်ရတယ်
အားမရတာက စာရေးဆရာ လုပ်ပါလားဆိုတာ လက်မခံတာပဲ
ကျုပ်တို့လို ကချိကချောက်(တကယ်ပြောတာ)
ဘယ်ဘက်လက်နဲ့ရိုက်တဲ့ပုံပြင် ကို ဖတ်ပြီးပြောကြည့်ဖူးတယ် မဂ္ဂဇင်း ပို့ပေးမယ်ဆိုတော့
မလုပ်ပါရစေနဲ့ တဲ့။
ကျွန်တော်လည်းပျောက်ဆုံးနေတယ် နှလုံးသား တစ်စုံ၊ပျော်ရွှင်မူ၊ ပြီးတော့ တာဝန်ကြေမူတွေ
ဆရာဆောင်းပါးကို လက်မထောင်ပါတယ်ဗျာ။
ကျွန်တော်လေးစားပါတယ် ဆရာဦးဦး ခင်ဗျား
ဦးဦးပါလေရာ
September 12, 2012 at 12:34 am
ကိုထက်ဝေးရေ
ကျုပ်က စာရေးကောင်းတဲ့လက်မျိုး မဟုတ်ပါဘူးဗျာ..။
အခုလဲ ရွာတံခါးဖွင့်ခါစမှာ ပိုစ့်အသစ်နည်းသေးတာနဲ့ စိတ်ထဲရှိနေတာလေး ချရေးလိုက်တာပါ…. 🙂
ကထူးဆန်း
September 10, 2012 at 10:30 pm
အတွေ့ အကြုံ
ဦးဦးပါလေရာ
September 12, 2012 at 12:35 am
ကိုယ်ချင်းစာတယ်ပေါ့…. 😀
ကိုခင်ခ
September 10, 2012 at 11:18 pm
ကိုပါရဲ့ အရေးအသားကြောင့် တန်ဖိုးရှိတဲ့စကား ရယ်ရင်ပေါ့ဆိုတာဖြစ်မှာစိုးသဖြင့်
မန့်ရမှာတောင် လက်ကတွန့်နေလို့ အားနာလိုက်တာ ကိုပါရယ်—–။
ဦးဦးပါလေရာ
September 12, 2012 at 12:37 am
ကွန်မင့်လေးအတွက် ကျေးဇူးပါ ကိုခင်ခရေ
pooch
September 11, 2012 at 12:09 am
ဦးပါရေ ငွေဖြည့်ကဒ်က ထည့်ပြီးသားလည်း ငွေမကုန်သေးရင် တခြားနောက်တလုံးက ရိုက်ထည့်သုံးလို့ရတယ် ပြောကြတယ်။ အဲ့တော့ ကိုယ့်ကဒ်မကုန်သေးရင် ကိုယ့်ဆီရှိနေတာ ပိုစိတ်ချရတယ်။
ပြောင်းလဲသွားတာ က မြို့ပြလူနေမှုပုံစံတွေ ကြောင့်ရယ် လူလိမ်တွေ များလာတာကြောင့်ရယ်လို့ ထင်ပါတယ်။ နယ်တွေမှာတော့ ဒီအလေ့လေးတွေ ခုထိရှိနေတုန်းပဲ။
ှု
ဦးပါရေ ပြောကြတာကတော့ လူတွေဟာ survival လို့ ခေါ်ကြတဲ့ စားဝတ်နေရေး ပြည့်စုံရင် rich ဆိုတဲ့ ကြွယ်ဝမှု တနည်း ( အသိကြွယ်ဝမှု ၊ ပေါင်းသင်းဆက်ဆံရေး စတဲ့ ပရဟိတစိတ် ကြွယ်ဝမှု ငွေကြေးချမ်းသာမှု) ဆီကို လှမ်းပါတယ်တဲ့။ အဲကမှ နောက်တဆင့် self-esteem ဆိုတဲ့ ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့ အဆင့်ကို တတ်သွားတာပါ။
ကျမတို့ဆီက စားဝတ်နေရေးအတွက် ပြေလည်အောင် မနည်းရုန်းကန်နေကြရတော့ အချိန်ကြာလာတာနဲ့အမျှ ကြွယ်ဝမှု အဆင့်မှာ အားနည်းသွားကြတယ် ထင်ပါတယ်။
ဦးဦးပါလေရာ
September 12, 2012 at 12:40 am
pooch ရေ
သူများကို မယုံသင်္ကာစိတ်နဲ့ အရင်ကြည့်မိတာမျိုး ခေါက်ရိုးကျိုးသွားတာတော့
ဦးပါ တကယ်ပဲ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိတယ်။ 🙁
အရီးခင်လတ်
September 11, 2012 at 4:08 am
ကိုပါရေ
ကျွန်မ လဲ တစ်ခါတစ်ခါ ရှင့်လို တွေးမိတတ်တယ်။
တစ်ကိုယ်ကောင်း စိတ်တွေက နေ အဆင့်အတန်းကွာဟ မှုတွေဖြစ်။
လူကိုလူသား ရယ်လို့တောင် မမြင်နိုင်တော့တဲ့ ဗိုင်းရပ် တွေ ကနေ ဖြစ်လာတဲ့ ရောဂါတွေ နေမှာပါ။
မနေ့က ဆိုမာလီ ကနေ ဒီမှာ နိုင်ငံသားဖြစ် နေတဲ့ မိုဖာရာ (အိုလံပစ် ၂၀၁၂ အပြေး ရွှေတံဆိပ် ၂ထပ်ကွမ်း) နဲ့ အင်တာဗျူး ကြားရတယ်။
ယူကေမှာ နေရတာ တစ်ခြားနေရာ နဲ့ မတူဘူး ဆိုတယ်။
သူဘာလူမျိုး၊ ဘယ်ဘာသာ မကြည့်ဘဲ ပရိတ်သတ်က သူ့ကို အားပေးချီးမြှောက် ကြတာ သူ့မှာ မျက်ရည်တောင်ဝဲ သတဲ့။
သူပြောမှ စဉ်းစားမိတယ်။
ဒီမှာ မာရသွန်ပြိုင်တော့ ဒီက ပရိတ်သတ်က ကိုယ့်လူတင်မဟုတ်ဘဲ တစ်ခြား ပြေးသူတွေ ကိုပါ လမ်းဘေးတွေက စောင့်ပြီး အားပေးကြတာ။
သူလူ၊ ငါ့လူ၊ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ လို့ မခွဲ ဘဲ ပြိုင်ပွဲဝင်တိုင်း ကို လက်ခုတ်တီးပေးတာ။
ဒီမှာ လူသားချင်းစာနာတတ်တာ အတော်များများ မှာ တွေ့ရတယ်။
ပါရာလန်းပစ် (မသန်မစွမ်း ပြိုင်ပွဲ) မှာလဲ အရမ်းကိုအားပေးကြတာ တွေ့ရတယ်။
လှောင်ပြောင်တာ၊ အထင်သေး ကဲ့ရဲ့တာ မရှိဘူး။
ရှိရင်လဲ အဲဒီလူ ကို ဝိုင်းရှုံ့ချကြမှာ။
မဆီမဆိုင် နှိုင်းတာမဟုတ်ပါဘူး။
လူ့အခွင့်အရေးအအော်ဆုံး အမေရိကန် မှာတောင် အစွန်းရောက် သမားတွေ များသေးတယ်။
ယူကေ မှာ ပိုပြီး အစွန်း စိတ်ဓာတ် နဲကြတယ် လို့ ထင်တယ်။
နောက်ပြီး ဒီမှာ လူတန်းစားကွာခြားမှုမျိုးတွေလဲ သိပ်မမြင့်ဘူး။
မရှိဘူးတော့ မဟုတ်ပါဘူး။
ရှိပါတယ်။
ဒါပေမဲ့ ဟိုးအရင်အစိုးရတွေထဲက အရမ်းမကွာအောင် ပုံစံတွေချခဲ့တာ ကို မြင်လို့ရတယ်။
ဒီလို နှိုင်းပြောတာက အကြောင်းရှိပါတယ်။
အမေရိကန်နိုင်ငံ က အများကြီးပိုချမ်းသာတာဘဲ။
တိုင်းပြည်ချမ်းသာရင် လူတွေချမ်းသာရင် ကိုယ်ချင်းစာစိတ်တွေ များလာမယ်။
လူအချင်းချင်း မယုံကြည်တာတွေ နဲလာမယ် ဆိုပြီး အချိုးချလို့ ရမရ။
တွေးမိတာပါ။ 🙄
စဉ်းစားဖို့ အလွန်ကောင်းတဲ့ Post လေးမို့ အကြော်စုံစားပါ ကိုပါ။
နဲနဲတော့ ပူမယ်။ သတိထား။ 😛
ဦးဦးပါလေရာ
September 12, 2012 at 12:47 am
မခင်လတ်ရယ်
တကယ်တော့ သူတစိမ်းတယောက်ကို မယုံတဲ့စိတ်ကို ဖြစ်ခွင့်ပေးရင်တောင်
ဒုတိယအဆင့်မှာမှ ဖြစ်ခွင့်ပေးချင်ပါတယ်။
ဒါပေမယ့် ကိုယ့်/ ကိုယ်ကျိုးစီးပွား ကို ထိမှာစိုးတဲ့စိတ်မျိုးက ရှေ့ကဦးနေတာ… 🙁
ထစ်ကနဲရှိရင် ကာ လိုက်မယ် ဆိုတာမျိုး လေ…။
ဒီလို လုံခြုံမှု့မရှိတဲ့စိတ်မျိုးနဲ့ ရှင်သန်လာခဲ့တာ ကြာပေါ့….. 🙁
ကထူးဆန်း
September 11, 2012 at 6:58 am
လောလောဆယ်တော့ သူကြီးလက်မတွေ ပျောက်ဆုံးနေတယ်ထင်ပါသည်။ 😀
MaMa
September 11, 2012 at 8:08 am
ဦးပါရေ-
အချိန်ကာလနဲ့ နေရာဒေသဆိုတဲ့ ပန်းပုဆရာကြီးက ထုဆစ်ပေးလိုက်တာ ကျမလည်း ဘီလူးပုံပေါက်လာပါလေရော။
ကိုယ်တိုင်တော့ ပြီးခဲ့တဲ့ရက်ကတော့ ရွာသားတစ်ယောက်ကို သွားရှာတာ မတွေ့လို့ အကူအညီတောင်းလိုက်တာ တစ်ရွာလုံးအလုပ်ရှုပ်ကုန်ကြပါရောလား။ 😛
ဦးဦးပါလေရာ
September 12, 2012 at 12:48 am
အဲဒီတော့ အဲဒီရွာသားကိုရော ဖမ်းလို့မိရဲ့လား… 😛
မောင်ပေ
September 11, 2012 at 9:13 am
အဟမ်း အဟွတ်
ဒါကတော့ ဒီလိုရှိမယ် ထင်ပါရဲ့
လက်ရှိနေထိုင်နေတဲ့ မြို့ထက် သေးတဲ့မြို့
လက်ရှိနေထိုင်နေတဲ့မြို့လောက် မဖွံ့ဖြိုးသေးတဲ့မြို့မျိုးမှာ
၆လ ၁နှစ်တန်သည် ပြောင်းရွှေ့နေခြင်း အားဖြင့်
နဂိုရည် ကို ပြန်ယူပါ
ဦးဦးပါလေရာ
September 12, 2012 at 12:50 am
ကိုပေပြောတာမှန်မယ်…
အနည်းဆုံးတော့ ကိုယ့်ဇာတိမြို့ကလေးဖြစ်ဖြစ် မန္တလေးဖြစ်ဖြစ် ပြန်နေဖို့ကောင်းတယ်။
အင်း… အဲသလိုကျတော့လဲ အလုပ် က ခက်နေပြန်ရော….
Crystalline
September 11, 2012 at 9:36 am
ကိုယ့်အကြောင်းရေးနေသလားထင်ရပါတယ်.
ဦးဦးပါလေရာ
September 12, 2012 at 12:52 am
အင်း… ပြောရရင်တော့ ရန်ကုန်သားတော်တော်များများရဲ့ အကြောင်း လို့တောင် ပြောရမလိုပါပဲ ဗျာ..
Shwe Ei
September 11, 2012 at 9:41 am
ပျောက်ဆုံးတာထက် အခါအခွင့်မသင့်တော့တာရော မဖြစ်နိုင်ဘူးလား ဦးဦးပါရယ်။ ခေတ်ကမတူတော့ဝူးလေ။ လူတယောက် အနားကပ်လာရင် ကိုယ်မသိတဲ့လူဆိုလိမ်တော့မလားလို့ တွေးကြောက်နေရတာ ရန်ကုန်တင်မဟုတ် နယ်တွေမှာပါဒီအတိုင်းဖြစ်နေပါဘီ။ ကိုယ့်ဆွေမျိုးနီးစပ်ထဲက လိုလို ဘာလိုလိုနဲ့ အိမ်ထဲဝင်လာ ထမင်းကျွေးခိုင်း ပိုက်ဆံပါချေးပြီး လိမ်စားနေကြတဲ့လူတွေ ပေါမှပေါ။ သတိဆိုတာပိုတယ်လို့မှမရှိတာ(ဆရာလုပ်တယ်မထင်ပါနဲ့ဗျ)။ ဘယ်လိုဘဲဖြစ်ဖြစ် ကူညီလိုက်တော့မယ်လို့ စဉ်းစားတယ်ဆိုကထဲက ကူညီချင်စိတ်မကုန်သေးဘူးလို့မြင်ပါတယ်ဗျာ။ ဦးဦးပါတယောက် အမြန်ဆုံးရှာဖွေတွေ့ရှိပါစေကြောင်းဆုတောင်းလျက်
တူမလေး
ရွှေအိ
ဦးဦးပါလေရာ
September 12, 2012 at 12:58 am
တူမလေးရယ်
တကယ်တော့ ခံရပါများပြီး မဲမဲမြင်ရင် သတိထားတတ်နေတော့တာပေါ့..။
မြို့ပြဝန်းကျင်ရဲ့ လိုအပ်ချက်အရပဲ ဆိုပါစို့….
ဒါပေမယ့် ဦးပါက အဲဒါကိုပဲ မကြိုက်တာ…
လူလူချင်း ဘာမှအစိုးအနှောင့်မရှိပဲ
ပေါ့ပေါ့ပါးပါး ယုံကြည်ချင်မိတယ်…။
weiwei
September 11, 2012 at 10:55 am
ဦးဦးပါက အားကိုးချင်စရာကောင်းပြီး သဘောကောင်းတဲ့သူမို့လို့ မရဲတရဲခေါ်ပြီး အကူအညီတောင်းကြတာ …. ဒါဟာလဲ ပင်ကိုယ်စိတ်ထားကောင်းတာ မျက်နှာမှာ ပေါ်လွင်နေလို့ … တကယ်လဲ စိတ်ထားကောင်းပြီး အတွေ့အကြုံအရ သတိထားနေတဲ့အနေအထားဖြစ်နေလို့ပါ …..
ကျွန်မသာဆိုရင် လူစည်ကားတဲ့ နေရာတွေရောက်ရင် တစ်လောကလုံးကို ကိုယ့်လုပ်စားထိုင်စားနေရသလို ဘုကြည့်ကြည့်လေ့ရှိလို့ အနားကို ဘယ်သူမှ မကပ်ရဲကြဘူး … သူတောင်းစားတောင် အနားမကပ်ရဲတဲ့ ဥပဓိရုပ်မျိုး 😛
surmi
September 11, 2012 at 11:18 am
ဪ …….ဒါကြောင် ့ကိုးးးးးးး
မနေ ့ကသဘောင်္ကျင်းနား ဂျလေဘီသွားရောင်းတော ့မျက်မှန်နဲ ့အန်တီကြီး
တစ်ယောက်က ဟောက်ထုတ်လိုက်တာ ။ သိပါဘီ သိပါဘီ ဟဲဟဲ
ဒီလိုဗျ ကျနော်လည်း အကြာခဏ အလိမ်ခံရပါတယ်
ဒီလိုဖြစ်ရပ်တွေက အကြိမ်များလာတော ့ သံမဏိအသည်း ဖြစ်သွားတာပါ ။
ဦးဦးပါလေရာ
September 12, 2012 at 12:59 am
မဝေရေ
တကယ်တော့ ကျုပ်ရဲ့ဥပဓိရုပ်မျိုးကို ကျုပ်ညီတယောက်က မှတ်ချက်ပေးဖူးတယ်
( သံပုရာသီး ရုပ် ) တဲ့… 😀 😀
အရီးခင်လတ်
September 12, 2012 at 2:03 am
မျက်နှာက ရှုံ့တွတွ ဖြစ်နေလို့လား။ 🙄
😉
MaMa
September 15, 2012 at 7:28 pm
ဦးပါရေ-
သွားဖမ်းတဲ့ရွာသားက နားရွက်တစ်ဖက်ရှည်ထွက်နေလို့ ပုံပျက်ပြီး မမှတ်မိလိုက်တာ။ 😀
မလတ်ရေ-
အရင်က တတိယလူရဲ့ ထင်မြင်ချက်ကို သက်သေထူနေရသေးတယ်။
ဒီတခါတော့ ဦးပါရဲ့ ကိုယ်တိုင်ဝန်ခံချက်။ ဆိုတော့ကာ…. 😆
Moe Z
September 11, 2012 at 11:22 am
ဦးဦးပါလေရာရေ ပြောင်းလဲနေတဲ့ ခေတ် စနစ်နဲ့ လူနေမှုပတ်ဝန်းကျင်ကြားမှာ ကိုယ့်ကိုကိုယ်ပျောက်မှန်းမသိပျောက်နေတဲ့ လူတွေအများကြီးပါပဲ
ဒါပေမယ့် ကိုယ်တိုင်ကလည်း သူတစ်ပါးအတွက်ပတ်ဝန်းကျင်ဆိုတော့ 🙄
အရေးအသားနဲ့ တင်ပြပုံကိုဘရာဗိုပါဗျို့ …..
ညိုပြာညက်
September 11, 2012 at 11:41 am
သူပေါတဲ့အတိုင်း ပါပဲချင့်
kyeemite
September 11, 2012 at 11:22 am
တနေ့..ကျနော်သည် မိတ်ဆွေအချို့နှင့် လဘက်ရည်ဆိုင်ကအထွက်
ကိုယ်ပိုင်ကားနှင့်လာသူမဟုတ်သဖြင့် တက္ကစီငှားရန်ပြင်နေစဉ်တွင်
အသက်ခပ်လတ်လတ် အသားဖြူဖြူ လူတစ်ဦး ကျနော့အနီးသို့
ရုတ်တရက်ချည်းကပ်လာသဖြင့် ..စိတ်ထဲတွင်..အင်း..ဘာအကူအညီတောင်းအုံးမလို့လဲမသိ
ဘာတောင်းတောင်းခပ်တင်းတင်းငြင်းဆန်မည်ဟု ဆုံးဖြတ်ထားသည့်အတိုင်း
မျက်နှာထားတင်းတင်းဖြင့်လှည့်ကြည့်လိုက်ရာ…ထိုသူက ပြုံးရွှင်ဖေါ်ရွေစွာဖြင့်
ကျွန်တော့ကားနဲ့ သွားလိုရာလိုက်ပို့ပေးပါရစေဗျာ..ဆိုပြီး အတင်းကားပေါ်တင်ပြီး
အိမ်တိုင်ရာရောက်တကူးတက လိုက်ပို့ခဲလေသည်၊ ကျနော့အိမ်ရောက်၍ကားပေါ်ကဆင်းပြီး
ချက်ချင်းမောင်းထွက်သွားသော ကားလေးကိုနောက်မှကြည့်ရင်း…
ကျွန်တော့်စိတ်ထဲမှ အထပ်ထပ်ဆိုညည်းမိပါသည်…
“အားနာလိုက်တာ ဦးပါရယ်…”။ 😛 😀
aung moethu
September 11, 2012 at 11:44 am
ဖြစ်တတ်တဲ့ အဖြစ်လေးတွေလေ… ။ ကျတော်လည်း အမြဲတမ်းကြုံရတယ်။ း)
ကြည်ဆောင်း
September 11, 2012 at 2:51 pm
လက်မလေး ပေးဖို့ကို ရှာမတွေ့ဘူး 🙄
ခဏခဏလိမ်ခံနေရတော့လဲ လိမ်တော့မလားလို့ဘဲတွေးမိတာပေါ့ ….
အတွေးလဲမမှား အရေးလဲမမှားတဲ့ သတိထား ဆင်ခြင်စရာလေးတွေပါ။
မဟာရာဇာ အံစာတုံး
September 11, 2012 at 3:09 pm
ကျုပ်ကလည်း ကျုပ်ကို လိမ်မှာကို တအားကြောက်တာဗျ ..
ပြီးတော့ ရန်ကုန်ဆိုတဲ့ နေရာက
လူလိမ်တွေ ပေါတယ်လို့ မှတ်ထားလေတော့ ..
ပိုဆိုးတာပေါ့ဗျာ ..
မှတ်ရုံတင် ဟုတ်ပါဘူး … ကိုယ်တိုင်လည်း ကြုံဖူးပါတယ် …
ဒါကြောင့် အမြဲတမ်း မျက်နှာကို ခပ်တည်တည်၊ ခပ်တင်းတင်းပဲ ထားတယ်ဗျာ ..
နည်းနည်း ရှိန်အောင်ပေါ့ .. အဟဲ …
ဦးပါရဲ့ စာထဲက အတိုင်းဆိုရင်
လူလိမ်တွေကြောင့် လူရိုးတွေမှာ
အတော်ပဲ နစ်နာရတယ်လို့ မြင်မိပါရဲ့ဗျာ …
မိုချို
September 11, 2012 at 3:11 pm
ကျမ ဆိုရင် ကိုယ် ဖြစ်ချင်တာ ၊ လုပ်ချင်တာ ကို ကိုယ့် ဘာသာကိုယ် မရ ရအောင် လုပ်တတ် တော့သူများ ဆီ က အလွယ် တကူ အကူအညီ မတောင်း တတ် သလို သူများ ကိုလည်း ကိုယ်ထိလက်ရောက် မကူညီဖူး ဘူး။ အကြောင်း သိနေတဲ့သူ ၊ တကယ် ဆင်းရဲတဲ့ သူတွေ အခက်အခဲ ရှိ နေရင် တော့ ငွေ ကြေး အား ဖြင့် နဲနဲပါးပါး ကူညီ ပေးဖူးတယ်။
ဦးပါ က အခု မှ သာ သူများ အပေါ် သံသယ ထား မိတာ။ ကျမ ဆို အနာနား ကို တစ်ယောက်ယာက် ကပ် လာပြီ ဆိုတာနဲ့ သံသယ မျက်စိနဲ့ အရင် ကြည့် တတ် တာ ၁ဝတန်း အောင် လို့ ကိုယ် တိုင် ငွေ ရှာ ပြီး ကျောင်း တက် ခဲ့ ရတဲ့ အချိန် လောက် ထဲကပဲ။
ကြောင်ကြီး
September 15, 2012 at 9:40 am
ပျောက်ဆုံးကျနော်
ရောက်တုံးဗန်းမော်
သောက်သုံးကစော်
မျောက်ရှုံးနှစ်ဖော်
ကြောက်နှုန်းစပေါ်
ဂေါက်လုံးမတော်..
etone
September 15, 2012 at 8:17 pm
ဦးဦးရေ ဒီလိုပါပဲ … တစ်ခါတစ်လေ အထင်နဲ့အမြင်လွဲပြီး ကိုယ့်အတွေးနဲ့ကိုယ် ထင်ချင်ရာထင်ပြီးမှ ၊ လက်တွေ့ အခြေနေနဲ့ နှိုင်းယှဉ်ကြည့်မိကာမှ အားနာစရာတွေ ဖြစ်ဖြစ်နေတတ်ပါတယ် ။ အားနာလို့ ပြန်လည်ကုစားမယ်ဆိုမှ ၊ အချိန်တွေကို နောက်ပြန်ဆွဲမရတော့မှန်း သတိဝင်လာမိပြီး … ပိုအားနာရတဲ့ အဖြစ်ရယ် .. 🙄
TTNU
September 15, 2012 at 9:01 pm
ကိုပါရေ…
စာကောင်းတစ်ပုဒ်လို့ အရင် ချီးမွမ်းပါရစေ။
ပျောက်ဆုံးသွားသော ကျွန်မအကြောင်းလည်းပြောပြချင်တယ်။
အခုတလော ဂျာနယ်တွေထဲမှာပါတဲ့ အိမ်ထဲဝင်လူသတ်သွားတယ်
ဘာညာတွေကြားပြီးဖော်ရွေ လန်းဆန်းစွာထားရမဲ့ ကျွန်မမျက်နှာပေးက
အတန်းတက်ချင်လို့လာစုံစမ်းသူတွေကို မသင်္ကာစိတ်နဲ့ ကြည့်မိပါတယ်။
တံခါးဖွင့်မပေးဘဲ သံတိုင်ကြားက စကားပြောမိနေပါတယ်။
အားနာပေမဲ့ … 🙄
padonmar
September 15, 2012 at 11:21 pm
ဦးပါရေ
အရင်မန့်ထားမိတာ မတွေ့တော့ဘူး။
ကွန်ကြောင့် မရတော့ဘူးထင်တယ်။
ငှက်ကထကြီးရဲ့ သနားတတ်တဲ့ နှလုံးသားကို မိကဲအမေဆီမှာပဲအပ်ထားလိုက်တာကြောင့်ဖြစ်မှာပါ။
nature
September 16, 2012 at 9:06 am
ကိုယ်နေတဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကိုယ့်ရဲ့တုန့်ပြန်မှုတွေပြောင်းလွဲတတ်တာကတော့ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။