မျက်စိစွေခြင်း
မျက်စိစွေတာကို ဟိုယခင်တုန်းကတော့ ခပ်ပေါ့ပေါ့သာ သဘောထားခဲ့ဖူးပါတယ်။ ကျွန်မ သမီးလေးမွေးတော့ ကလေးက မွေးရာပါ မဆိုစလောက်ကလေး မျက်စိစွေနေခဲ့တယ်။ အိမ်နီးပါးချင်းတွေက ကလေးကြီးလာရင် အလိုလိုပျောက်ကင်းသွားမယ်လို့ အားပေးခဲ့တာကတစ်ကြောင်း၊ နေတာက နယ်မြို့ကလေးဆိုတော့ မျက်စိအထူးကုဆရာဝန် မရှိတာကတစ်ကြောင်း၊ ပေါ့ဆတာကလည်းတစ်ကြောင်း၊ ဒီလိုနဲ့ ကလေး အသက် ငါးနှစ်ပြည့်ချိန်အထိ ဆရာဝန်မပြခဲ့မိပါဘူး။ စိတ်ကိုလှည့်စားဖို့အတွက်များ ဖန်တီးနေခဲ့သလား အောက်မေ့ရအောင် ကလေးမျက်စိဟာ တော်ကြာကောင်းသွားလိုက်၊ တော်ကြာစွေလိုက်နဲ့ အမျိုးမျိုးအထွေထွေ ဖြစ်နေခဲ့တယ်။ မျက်ခွံပေါ်ကနေ သံပုရာသီးနဲ့ လှိမ့်ပေးရတယ် ပြောကြလို့ နှစ်ပေါက်အောင် သံပုရာသီးနဲ့ လှိမ့်ပေးခဲ့တယ်။ မနက်မနက်ဆိုရင် မျက်စိလေ့ကျင့်ခန်းဆိုပြီး ကလေးကို မျက်လုံးကစားခိုင်းခဲ့တယ်။ ဘယ်လိုပဲလုပ်လုပ် ကလေးမျက်စိဟာ စွေချိန်ကြာမြင့်ခဲ့ပါပြီ။
ကလေးရဲ့ အဖွားက မနေနိုင်တော့ဘဲ ရန်ကုန်ကမျက်စိအထူးကုဆရာဝန်ပြဖို့ စုံစမ်းပြီး နယ်မှာနေတဲ့ ကျွန်မတို့ သားအမိသားအဖ သုံးယောက်ကိုလှမ်းခေါ်၊ ဆရာဝန်ပြတော့မှ မျက်စိစွေခြင်းရဲ့ ဆိုးကျိုးတွေကို အနည်းအကျဉ်း သိရပါတော့တယ်။ ကျွန်မတို့က လှတာ မလှတာကိုပဲ စဉ်းစားတတ်ပြီး မျက်စိကုဖို့ဆုံးဖြတ်ကတည်းက သမီးလေး လှဖို့ကိုပဲ အဓိကထားပြီး စဉ်းစားခဲ့ပါတယ်။ သမားတော်ကြီးကတော့ လှခြင်း မလှခြင်းကို စကားထဲ တစ်လုံးမှထည့်မပြောခဲ့ပါဘူး။ မျက်စိစွေတဲ့အတွက် မျက်လုံးဟာ focus မကောင်းတော့ဘဲ ဥပမာ ခွဲစိတ်ကုဆရာဝန်လိုမျိုး အဆင့်မြင့်လုပ်ငန်းတွေကို မလုပ်နိုင်တော့ကြောင်း၊ မျက်လုံးဟာ ပုံရိပ် နှစ်ခုကို မြင်နေတဲ့အတွက် ဦးနှောက်ကို ပုံရိပ်နှစ်ခုပို့တော့ ဦးနှောက်က လက်မခံနိုင်ဘဲ သူလိုချင်တဲ့ပုံရိပ်ကိုယူတဲ့အတွက် တကယ်ပြောရရင် မျက်စိတစ်လုံးဟာ မြင်ကွင်းပျောက်ကွယ်ပြီးသား ဖြစ်နေတဲ့အကြောင်း၊ အသက်ကြီးပိုင်းမှာ မျက်စိအမှုန်မြန်လာမယ့်အကြောင်း၊ ဦးနှောက်ဟန်ချက်ပျက်တဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေးကို ထိခိုက်ကြောင်း စသဖြင့် ဗဟုသုတ အနည်းအကျဉ်းရခဲ့ပါတယ်။
ကလေး မျက်စိစွေတာကို ခွဲစိတ်ကုသတဲ့နည်းနဲ့ပဲ ကုသရတော့မှာပါ။ အသက် ရှစ်နှစ်ကျော်ရင်တော့ မျက်လုံးကြွက်သားတွေ အားကောင်းခိုင်မာ သွားပြီဖြစ်တဲ့အတွက် စွေတာကို ကုသလို့ မရတော့ပါဘူးတဲ့။ ကလေး အသက် သုံးနှစ်တုန်းကသာ ခွဲစိတ်ကုသခဲ့ရင် ကလေးမျက်လုံးဟာ လူကောင်းပကတိအတိုင်းဖြစ်ရမှာပါ။ ကျွန်မတို့ကတော့ ပေါ့ဆခဲ့မိလို့ အသက်ငါးနှစ်မှခွဲတာဆိုတော့ ကလေးဟာ 3D မကြည့်နိုင်တော့ပါဘူး။
ကျွန်မသမီးကို ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန်ကြီးကတော့ သမားတော်ဦးသန်းအောင် ဖြစ်ပါတယ်။ ပထမ မေတ္တာဦးမှာ ခွဲဖို့ ရက်ချိန်းယူတော့ တစ်လနီးပါးစောင့်ရမှာဆိုတော့ မစောင့်နိုင်ဘဲ ရက်ချိန်းစောစောရတဲ့ အမေရိကန်ဗွီးရှင်း မှာ ခွဲစိတ်ခဲ့ပါတယ်။ ခွဲစိတ်ခန်းထဲ ကလေးဝင်သွားပြီး ပြန်ထွက်လာတဲ့အချိန်ထိ သုံးနာရီငါးမိနစ် စောင့်ရပါတယ်။ အဲဒါ ခွဲစိတ်ချိန်အပြည့် ဟုတ်မဟုတ် မသေချာပါဘူး။ မေ့ဆေးပြယ်မှ ခွဲစိတ်ခန်း ထဲက ထုတ်ပေးတာလား ကျွန်မ သေချာမသိပါဘူး။ မျက်စိစွေတာကို ခွဲစိတ်ကုသတာဟာ ဘေးကင်းတဲ့ခွဲစိတ်မှုပါ။ သို့သော် ကလေးက ညလယ်ကြီး ခဏခဏ နိုးလာပြီး ရုန်းရင်းဆန်ခတ်ဖြစ်လိုဖြစ်၊ မျက်လုံးပတ်တီးကို အတင်းဆွဲခွာလိုခွာ၊ ကလေးဆိုတော့ ပြောလို့ကလည်း သိပ်နားမလည်ချင်ဘူး။ အဲဒီအခါ သူနာပြုဆရာမနဲ့လွှတ်မထားဘဲ ဘေးမှာ အမေကိုယ်တိုင်စောင့်တာ အကောင်းဆုံးဆိုတာ ပြောပြချင်ပါတယ်။
ခွဲစိတ်ပြီး တစ်ပတ်ကြာတဲ့အထိ မျက်သားတွေ နီရဲနေတယ်။ အခုတော့ သမီးလေး မျက်လုံးဟာ လုံးဝ(လုံးဝ) ကို မစွေတော့ပါဘူး။ ခေတ်မီဆေးသိပ္ပံပညာနဲ့ ဆရာဝန်ကြီးတွေရဲ့အစွမ်းကတော့ အံ့မခန်းပါပဲ။ ဂေဇက်စာဖတ်သူများလည်း မိမိတို့ရဲ့ သားသားမီးမီးတွေ မျက်လုံးစွေရင် အချိန်မဆွဲမိကြစေဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ပြီးတဲ့ခေတ်၊ အသိဉာဏ် အခရာကျတဲ့ခေတ်မှာ လူသားတန်ဖိုးဟာလည်း တန်ကြေးကြီးလာတယ်။ လူသားရဲ့ လုပ်ဆောင်နိုင်စွမ်းဟာလည်း မြင့်မားလာတယ်။ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ခေတ်ကြီးထဲ ထူးခြားတောက်ပနေတဲ့ သားသားမီးမီးတို့ရဲ့ ရှေ့အနာဂတ်မှာ လူသားရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းမယ့်ကိစ္စ တစ်ခုတလေတောင် မလုပ်မိဖို့၊ ကျွန်မလို မပေါ့ဆမိကြဖို့ စေတနာကောင်းနဲ့ ရေးသားလိုက်ပါတယ်ရှင်။
19 comments
အလင်းဆက်
September 10, 2012 at 9:00 pm
ထူးခြားတောက်ပနေတဲ့ သားသားမီးမီးတို့ရဲ့ ရှေ့အနာဂတ်မှာ လူသားရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းမယ့်ကိစ္စ တစ်ခုတလေတောင် မလုပ်မိဖို့၊ …..
ဟုတ်..သားသား..ကြီးလာလို ့မိန်းမယူပြီး… သားသားရဲ့ ့သားသားမီးမီးလေးတွေ..ရလာရင်…
ဒီ စာသားလေးကို..သတိရလိုက်မယ်..ဂျာ..။
ဆရာမ ဝင့်ပြံဲးမြင့် ရဲ ့သမီးလေး.အခြေအနေကိုကြားရတာ.စိတ်မော မိပါတယ် ။အခုလို.. အောင်မြင်တဲ ့ရလဒ် ကလေးရတယ်..ကြားရတော့မှ…
သက်ပြင်းချ နိုင်ပါတယ် ။
ဆရာမ.ဝင့်ပြုံးမြင့်… စာကောင်းလေးတွေ..
များများ ဆက်ရေးပါဦးလိုူ ့…
ဆက်ဆက်က.. တောင်းဆိုပါတယ်ခဗျာ.။
😀
အလင်းဆက်
September 10, 2012 at 9:00 pm
ဝိုးးးးးးးးးးးးးးးး
ပထမ ဆုံး…ပဲ…
😀
ကထူးဆန်း
September 10, 2012 at 9:36 pm
ဆရာမရေ .. အခုလို ဆရာမရဲ့ သမီးလေး ကောင်းသွားတာသိရတာ ဝမ်းသာပါတယ် ။ ဆရာမ ဂဇက် နဲ့ တစ်လ နဲ့ ဆယ်ရက် ဝေးသွားတယ် ဆိုလို့ ဒီပိုစ် နှစ်ခု မဖတ်ရသေးဘူးဆိုရင် ဖတ်ကြည့်ပါဦးနော်..
http://myanmargazette.net/143981/creative-writing
http://myanmargazette.net/143974/creative-writing
မောင်ပေ
September 10, 2012 at 9:53 pm
ဆရာမရေ
ပိုက်ဆံဘယ်လောက် ကုန်ကျ သလဲ ဆိုတာလေးပါ ပြောပေးပါဦး
အသိထဲက အဲ့လိုရှိခဲ့ရင်
လမ်းညွှန်ပေးလို ့ရအောင်ပါ
pooch
September 10, 2012 at 10:28 pm
မပြုံးရေ ကလေးက အကောင်းတိုင်း ပြန်ဖြစ်သွားတယ် ဆိုတော့ ဝမ်းသာစရာပါပဲ။
ကျန်းမာရေးကတော့ တချက်ကလေး လွဲသွားတာနဲ့ တဘဝစာ စွန့်လွှတ်ရတယ် ဆိုတာ ဒီရက်ပိုင်း ကိုယ်တွေ့ခံစားလိုက်ရတာမို့ အတော်လေး သတိထားနေရပါတယ်။
ဝင့်ပြုံးမြင့်
September 10, 2012 at 11:20 pm
ကိုထူးဆန်းရေ လင့်ခ်တွေပေးတာ ကျေးဇူးပါနော်။ အခုလေးတင်ပဲ ဖတ်လို့ ပြီးသွားပါတယ်။
ကိုပေရေ ခွဲစိတ်ခက လုံးခနဲ သုံးသိန်းနှစ်သောင်းပေးရပါတယ်။ အဲဒီထဲမှာ အခန်းငှားခ တစ်ရက်စာ ပါပေမယ့် မနက်မိုးလင်းတော့ အခန်းမှာ သုံးစွဲတာတွေကို ကြည့်ပြီး ထပ်ပေးရပါတယ်။ ဥပမာ ရေသန့်ဘူးသုံးထားရင် တစ်ဘူးကို သုံးရာ၊ တစ်သျှူးက တစ်ထုပ် ဘယ်လောက်လဲ မသိ၊ မမှတ်မိတော့ဘူး။ သူနာပြုဆရာမကို ငါးထောင်၊ မျက်မှန် (နေကာဖို့) က သုံးထောင်။ မခွဲစိတ်ခင် မျက်စိအထူးကုဆေးရုံကြီးမှာ စမ်းသပ်တာက နှစ်ထောင် ပဲပေးရပါတယ်။ ဒါပေမယ့် မေတ္တာဦးမှာ ပြသခက ၆၅၀ဝ ပါ။ အမေရိကန်ဗွီးရှင်းမှာက စမ်းသပ်ခက တစ်သောင်းခြောက်ထောင်ပါ။ ဆီးစစ် သွေးစစ် လုပ်တာ ဘယ်လောက်လဲ မသိ မမှတ်မိတော့ဘူး။ တက္ကစီခချည်းပဲ ငါးသောင်းကုန်ပါတယ်။ စုစုပေါင်း လေးသိန်းခွဲဆို ရပါပြီ။ (စားစရိတ်မပါ)
ပုချ်ရေ။ သမီးက အကောင်းပကတိတော့ မဖြစ်ပါဘူး။ 3D မကြည့်နိုင်တော့ဘူးလေ။ မခွဲဘဲထားလိုက်ရင် အမြင်အာရုံ စောစောစီးစီး ဆုံးရှုံးသွားနိုင်တယ်လို့ စမ်းသပ်ချက်တွေက ပြနေတာနဲ့ အမြန်ဆုံးခွဲစိတ်ကုသလိုက်ရတာပါ။
မောင်ပေ
September 11, 2012 at 9:05 pm
အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျို ့
the best
September 10, 2012 at 11:32 pm
နှုတ်ခမ်းကွဲ တဲ့ကလေးတွေကို စီမံချက်နဲ ့ ကုသပေးသလို
မျက်စိစွေတဲ့ကလေးတွေကို စနစ်တကျ စီမံချက်နဲ ့ကုသပေးဖို ့
အစီအစဉ် တွေ လုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲလို ့ တွေးမိပါတယ်။
မျက်စိစွေတဲ့ကလေးတွေ စိတ်အားမငယ်စေချင်လို ့ပါ။
မျက်စိမစွေရင် လူတောထဲ ရဲရဲတိုးဝံ့တော့
မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာရင် အနာဂတ်ကောင်းတစ်ခု ပိုင်ဆိုင်လာကြမှာပါ။
မျက်စိစွေတဲ့သူတွေကို ဝိုင်းဝန်းကူညီ ဖေးမလမ်းညွှန်ပေးကြပါစို ့။
ကိုခင်ခ
September 10, 2012 at 11:36 pm
3D မကြည့်နိုင်တော့ဘူးဆိုပေမယ့်လည်း ခွဲစိတ်မှု့အောင်မြင်ပြီး မျက်လုံးအကောင်းအတိုင်း ပြန်ဖြစ်သွားတာကလည်း ဝမ်းသာစရာပါ ဆရာမရယ်။
MaMa
September 11, 2012 at 8:19 am
မပြုံးရဲ့ စာကိုဖတ်ရလို့ မျက်စိစွေတာနဲ့ပတ်သက်ပြီး စောစောကုသမှုခံယူသင့်တယ်ဆိုတာကို သိလိုက်ရပါတယ်။ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ (ဆရာဝန်၊ ဆေးဝန်ထမ်းတွေကလွဲရင်) ကျန်းမာရေးအသိ အလွန်နည်းတယ်လို့ ထင်ပါတယ်။ အခုလို ဆရာမရဲ့ကိုယ်တွေ့ကို ဖတ်ရတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ရင် တွေ့ရင် လမ်းညွှန်ပေးနိုင်တာမို့ အကျိုးများလှပါတယ်။ 🙂
weiwei
September 11, 2012 at 9:57 am
ကျွန်မ မောင်လေးတုန်းက အသက် ၁၁ နှစ်မှာမှ ဆရာဝန်နဲ့ပြဖြစ်ခဲ့လို့ ခွဲစိတ်ဖို့ နောက်ကျသွားပါတယ် … မျက်လုံးတစ်ဖက်က အခြေအနေတော်တော်ဆိုးပြီး ဝါးတားတားပဲမြင်ရလို့ သူ့ကို ကားမောင်းခွင့် (လုံးဝ) မပေးခဲ့ဘူး … အခု အသက် ၃ဝ ကျော်ချိန်မှာ အမြင်အာရုံက အရင်ကလောက် မဆိုးတော့ဘူးလို့ပြောပါတယ် … အခုကလေးတွေလက်ထက်မှာတော့ သူငယ်တန်းလောက်အရွယ်ကထဲက မျက်စိအခြေအနေမကောင်းဘူးထင်တာနဲ့ ဆရာဝန်နဲ့အရင်ဆုံးပြဖြစ်ပါတယ် …
မှော်ဆရာ
September 11, 2012 at 10:01 am
kyeemite
September 11, 2012 at 10:34 am
ကျေးဇူတင်ပါတယ်ခင်ဗျာ..မျက်စိစွေတာကုလို့ရကြောင်းခုမှသ်တယ်..ကိုယ်ပါတ်ဝန်း
ကျင်မှာတွေ့ရင်လည်း ကုသလို့ရကြောင်းအကြံပေးနိုင်တာပေါ့…
Tin Tin
September 11, 2012 at 2:30 pm
မပြုံးရေ… မျက်စိစွေတာကို စောစောခွဲစိတ်ပြီးကုရင် ကောင်းတယ်ဆိုတာသိရလို့ ကျေးဇူးတင်ပါတယ်။
သမီးလေးမျက်စိခွဲတာအောင်မြင်တဲ့အတွက်လည်း မိဘချင်းကိုယ်ချင်းစာပြီး ဝမ်းသာပါတယ်နော်…
char too lan
September 11, 2012 at 2:56 pm
ကျေးဇူးပါ တီတီပြုံး ကျနော်မှတ်သားကူးယူသွားပါတယ်
ခွင့်ပြုပါ……..
surmi
September 11, 2012 at 3:11 pm
ဆရာမရေ
ကျနော်တို ့မိသားစုထဲမှာလဲကြုံဖူးပါရဲ ့ ဒီလိုပြန်ပြောပြဖို ့
သတိမရခဲ ့ဘူး ။ အဲသည်တုန်းကမျက်စိ ဆရာဝန်ပြပေမဲ ့
ဆရာဝန်က စွေတာဘာမှလုပ်မရဘူးဆိုတော ့ ဒီအတိုင်း
ဘဲနေကြတာပေါ ့ ။နောက်တော်တော်ကြာမှ ဆရာဝန်
တယောက်ပြောလို ့ ခွဲဖြစ်တာ ။အသက်တော့ကြီးသွားတာပေါ ့။အဲဒါကျတော ့ဆရာဝန်ရဲ ့
ပေါ ့ပေါ့ဆဆ အဖြေလေ ။
ဦးဦးပါလေရာ
September 11, 2012 at 5:02 pm
ဒါကတော့ မဝင်းပြုံးမြင့်က ဆရာဝန်ကောင်းနဲ့ တန်းတိုးသွားတာဖြစ်ပါတယ်။
အခြားဆေးလောကထက်
မျက်စိဆိုင်ရာနယ်ပယ်မှာတော့
ဘယ်လိုလုပ်လို့ရတယ် မရဘူး / ဘယ်လိုလုပ်သင့် မသင့် ဆိုတာတွေ
ကျယ်ကျယ်ပြန့်ပြန့် အမြင်ကွဲပြားပါတယ်။
မျက်စိခွဲတာမှာ တိမ်ကလေးလောက်ထုတ်ပြီး ခွဲခ နင့်နေအောင်ယူလို့ရတာဆိုတော့
ခဲရာခဲဆစ် ခွဲရမယ့်ကိစ္စတွေကို တချို့ဆရာဝန်တွေက မလုပ်ချင်ပါဘူး..။
ရီစရာလား ငိုစရာလားတော့မသိဘူး
ကျုပ်အသိအကျွမ်းထဲက အဖွားကြီးတယောက် မျက်စိဆေးရုံမှာသွားခွဲတော့
တစ်ခါနဲ့ အဆင်မပြေလို့ နောက်တခါ ထပ်ခွဲရတယ်..။
အဲဒီမှာ- ခွဲစိပ်နေတုန်း ဆရာဝန်ကြီးပြောတာကို အဖွားကြီးက ကြားခဲ့ရတာက
( ဒီလောက်ခဲရာခဲဆစ်လုပ်နေရတာကို အပြင်ဆေးခန်းမှာဆိုရင် ဆယ်သိန်းမက ရနေပြီ) ဆိုပဲ…
မိုး မင်းသား
September 11, 2012 at 5:58 pm
ကလေးလည်း.နေကောင်းပြီဆိုတာ သိရလိ်ု ့ ဝမ်းသာပါတယ်။
ဆရာမလည်းနေကောင်းတယ်ဆိုလို ့.. ဝမ်းသာရပါတယ်။
ဆရာမလည်း အရမ်း ပင်ပန်းနေမှာပဲ.နော် ။
ကိုယ် ့ကျန်းမာရေးလည်း ကိုယ် ဂရုစိုက်ပါဦး ။
ချစ်ခြင်းမေတ္တာဖြင့် …
😀
ကြောင်ကြီး
September 15, 2012 at 8:37 pm
များသောအားဖြင့် အရွယ်ရောက်ပြီးသူ အများစုကို စစ်ကြည့်ရင် မျက်မှန်တပ်ရမည့်သူများတယ်၊ သို့သော် စာသိပ်မဖတ်တာရယ်၊ အလုပ်ထဲမှာ မျက်လုံးသိပ်မသုံးတာရယ်ကြောင့် ဘာသိဘာသာ နေကြတာများတယ်။ သိပ်မလိုအပ်ဘဲ ရှိုးအပျက် မခံချင်ကြဘူးပေါ့လေ…
မျက်လုံးနှစ်ဖက်စလုံး ညီတူမှုန်နေရင် ပြသနာသိပ်မရှိပေမဲ့ တဖက်နဲ့တဖက် မျက်မှန်ဒီဂရီ မညီရင် အားပိုကောင်းတဲ့ဖက်က ဝန်ပိုထမ်းရပြီး ကြာတော့ အားနည်းတဲ့မျက်လုံးကြွက်သားများ သေသွားရော..။ ဒီလိုနဲ့ မူလမှာ .၂၅လောက် ကွာရာကနေ တဖြည်းဖြည်း ၁-၂-၃ လိုမျိုး ကွာဟသွားပြီး မျက်လုံးစွေ (တနည်းကြွက်သားသေ)သွားတတ်တယ်။