ဝတ္ထုတိုရေးဆရာ ဝင်းဖေ ရဲ့ လက်ရာများ…။
ပြီးခဲ့တဲ့ ရက်ပိုင်းလေးထဲမှာ အမေရိကားရောက်နေကြတဲ့ ဦးဝင်းဖေ နဲ့ သူ့သမီး အဆိုတော် မီမီဝင်းဖေ တို့
ပြည်တော်ပြန်လာကြတဲ့ သတင်းကို ဂျာနယ်ထဲပါလာလို့ ဖတ်လိုက်ရပါတယ်…။
ဦးဝင်းဖေကို ရုပ်ရှင်ဒါရိုက်တာ အဖြစ် လူသိများပါတယ်…။
1981 ခုနှစ်မှာ နှင်းဆီနီအိပ်မက် ဇာတ်ကားနဲ့ အကယ်ဒမီ ရခဲ့ပါတယ်…။
အခု မြန်မာ့ ရုပ်ရှင်လောကရဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာ တစ်ယောက်ဖြစ်နေတဲ့ ဒါရိုက်တာမီးပွား ဟာ ဦးဝင်းဖေရဲ့
တပည့်တစ်ယောက်ပါတဲ့…။
ကိုမီးပွား ကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါဗျာ…။
ဆရာရိုက်ခဲ့တဲ့ ရုပ်ရှင်တွေနဲ့ အကယ်ဒမီ ရခဲ့သူတွေလည်း မနည်းလှပါဘူး…။
ဆရာ က ပန်းချီလည်းဆွဲတယ်…။
ဆရာ့ပန်းချီတွေအကြောင်းတော့ ကျွန်တော် သိတ်မသိလှလို့ မပြောတော့ပါဘူးဗျာ…။
ဆရာက စာလည်းရေးပါတယ်…။
အခု အဲဒီ ဆရာရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေအကြောင်း နည်းနည်း ပြောခွင့်ပြုပါ…။
မှန်တာ ဝန်ခံရရင် ဝင်းဖေရိုက်တဲ့ ရုပ်ရှင်တွေထက် ဝင်းဖေ ရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေကို ကျွန်တော်က ပိုစွဲလန်းပါတယ်…။
စွဲလန်းတယ်ဆိုတဲ့ စကား ကို ပိုပြောတယ်လို့ ထင်ကြမှာပါပဲ…။
ဝင်းဖေ ရေးတဲ့ ဝတ္ထုတိုတွေကို လိုက်ရှာဖတ်ရလောက်အောင်ကို ကျွန်တော် စွဲလန်းခဲ့တာပါ…။
ဟုတ်မဟုတ်ဆိုတာကတော့ ကျွန်တော် ကြိုက်ခဲ့တဲ့ ဝတ္ထုတိုလေးတွေ ပြန်တင်ပေးတဲ့အခါ ဖတ်ကြည့်ပြီး ဆုံးဖြတ်ကြဖို့ပါ။
သေသေချာချာ ကြီးမှတ်မိနေသေးတာက အဲဒီအချိန် ၁၉၉ဝ လောက်က မြန်မာစာပေလောကမှာ ဝတ္ထုတို ရွှေခေတ်ရယ်လို့
တင်စားရလောက်အောင် ဝတ္ထုတို ဆရာတွေ ဆရာမတွေ အားကောင်းမောင်းသန် ပေါ်ထွက်ခဲ့ကြတယ်ဆိုတာပါပဲ။
ဆရာဝင်းဖေက အဲဒီအထဲက တစ်ယောက်ပေါ့ ခင်ဗျာ…။
ဝတ္ထုတိုတွေချည်း သီးသန့် ဖေါ်ပြခဲ့ကြတဲ့ ရင်ခုန်ပွင့် လို စံပယ်ဖြူလို ဝတ္ထုတို မဂ္ဂဇင်း တချို့တောင် ပေါ်ပေါက်ခဲ့တာ
မှတ်မိနေပါသေးတယ်…။
ကဲဗျာ…။
နိဒါဏ်းက သိတ်ရှည်နေပါပြီ…။
တိုတို တုတ်တုတ်ပဲ ကောင်းပါတယ်…နော့…။
ဝင်းဖေရေးတဲ့ ဝတ္ထုဆိုတာ ဘယ်လိုဝတ္ထုမျိုးလဲဆိုတာ ဒီနေ့ခေတ် ညီငယ် ညီမငယ်တွေကို မိတ်ဆက်ပေးခွင့်ပြုပါ…။
ဆရာ ဝင်းဖေ ရေးခဲ့တဲ့ ချက်ကြီးအတွက်အရက် ဆိုတဲ့ ဝတ္ထုတိုနဲ့ ခေါက်တော့ မခေါက်ကောင်းပါဘူး ဆိုတဲ့
ဝတ္ထုတိုလေးတွေကို နမူနာမြည်းစမ်းကြည့်ကြဖို့ တင်ပြပေးခွင့်ပြုပါခင်ဗျာ…။
နိဂုဏ်းချုပ်ရရင်…
ဝင်းဖေဆိုတာ ဇ ရှိတဲ့ စာရေးဆရာတစ်ယောက်ပါ…။
မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဆရာ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၉ဝ လောက်က ဆရာရေးခဲ့တဲ့ ဝတ္ထုတိုလေး ၂ ပုဒ်
ကို ဘလက်ချောဆိုတဲ့ ကျွန်တော်က ဗလအားကိုးပြီး စာစီစာရိုက်သမားလုပ်လို့ မန်းဂဇက်ရွာသူရွာသားတွေ ဖတ်ဖို့
တင်ပေးလိုက်ပါတယ် …။
ဇ ရှိတဲ့ ဆရာဝင်းဖေရဲ့ ဝတ္ထုတိုလေးတွေကို ဇ ရှိကြတဲ့ ကျွန်တော်တို့ ရွာသူရွာသားတွေက ဖတ်ရှုပြီးသကာလ…
ဇ ရှိတဲ့ ကွန်းမန့်လေးများ ချီးမြှင့်ပေးကြဖို့
ဇ မရှိလို့ ဗလကိုပဲ အားကိုးနေရရှာတဲ့ ဘလက်ချောက မေတ္တာရပ်ခံခဲ့ပါတယ် ခင်ဗျာ…
ဗလအားကိုး ဘလက်ချော…
ချက်ကြီးအတွက် အရက်
တောင်ကုန်းကလေးကို ကျော်ပြီးတက်လာတဲ့ ဆရာဘမင်းကို မြင်ကတည်းက ချက်ကြီး ပျာယာခတ်သွားတယ်…။
ဆရာဘမင်းဆိုတာက ချက်ကြီးတို့တဲကို လာတတ်တယ်ဆိုပေမယ့် တစ်လတစ်ခါ၊ နှစ်လတစ်ခါ ဆိုသလိုပါ…။
လာတိုင်းလာတိုင်း ဆရာဘမင်းက သိတ်စကားပြောတာ မဟုတ်ပါဘူး…။
ချက်ကြီးတို့တဲမှာ ထိုင်မယ်… အရက်ရှိရင် သောက်မယ်… မရှိရင်လည်း ရှိတာချကျွေးရင် စားမယ်။
ချက်ကြီးတို့လင်မယားကို နည်းနည်းပါးပါး ဆုံးမမယ်… သူ့မှာပါလာတဲ့ စာအုပ်ကို ဖတ်မယ်… ဒါမမဟုတ်…
အလွန် စိတ်လိုလက်ရရှိရင် စကားနည်းနည်း ပြောမယ်…။
ပြောပြန်ရင်လည်း သူ ပြောချင်ရာ ပြောတာပါ…။
များသောအားဖြင့်ကတော့ ချက်ကြီးတို့ လင်မယား နားမလည်နိုင်တာတွေပါပဲ…။
ဘာပဲ ပြောပြော ချက်ကြီးကတော့ ဆရာဘမင်းကို လွှတ်အထင်ကြီးနေတာ သေချာတယ်…။
ချက်ကြီးကို သုံးလေးခါလောက်ကယ်ခဲ့ဖူးတယ်…။
ဒါကလည်း ရန်ဖြစ်ပြီး ရိုက်တဲ့ နှက်တဲ့ ကိစ္စတို့၊ သူ့မြေ ကိုယ့်မြေ အငြင်းပွားပြီး ရန်ဖြစ်ကြတဲ့ ကိစ္စတို့၊ ချက်ကြီး မြမေကို
ခိုးသွားတုန်းက အချုပ်ခံရတဲ့ ကိစ္စတို့… ဒါပါပဲ…။
ဆရာဘမင်းက ကျောင်းဆရာလေ… တော ကျောင်းဆရာပေါ့…။
ကြေးစဉ်ရွာက ကျောင်းထိုင်ဆရတော် ပြီးရင် ရွာမှာ ဆရာဘမင်းက ဩဇာ အရှိဆုံးပဲ…။
ကျောင်းဆရာသက်ပဲ အနှစ်သုံးဆယ်ကျော်လာပြီ မဟုတ်လား…။
ဗဟုသုတကလည်း သိပ်ရှိတယ်လို့ ပြောတယ်…။ ဒါက ရွာက လူတွေ ပြောကြတာပါ…။
ချက်ကြီးကိုယ်တိုင်ကတော့ ဆရာဘမင်း ဘာဗဟုသုတတွေရှိတယ်ဆိုတာ ဂဃနဏသိတာ မဟုတ်ပါဘူး…။
ဘာပဲပြောပြော ဆရာဘမင်းကို ချက်ကြီး လွှတ်အထင်ကြီးတယ်…လွှတ်ရိုသေတယ်…လွှတ်ကြောက်တယ်…
ချစ်လည်း ချစ်ပါတယ်…။
ဆရာဘမင်း ချက်ကြီးတို့ ခြံဝ မရောက်ခင်ကတည်းက အိမ်ရှေ့ အိမ်ဦးခန်းမှာ ချက်ကြီး သင်ဖျာခင်းပြီး ဖြစ်နေပြီ…။
လုံချည်ဟောင်း တစ်ထည်နဲ့ ကပျာကယာ ဖုန်ခါပြီးနေပြီ…။ အကြမ်းအိုး ပြေးယူပြီး ချထားနှင့်ပြီ…။
မြမေတို့ ရွာသာဘက် သွားနေလို့ပေါ့…။ နို့မို့ မြေပဲလေး ကြော်ခိုင်းရ ကောင်းသား…။
ဆရာဘမင်း တဲပေါ်တက်လာတော့ ထူးထူးထွေထွေ နှုတ်ဆက်လည်း မနေ… ဘာမှလည်း မမေးသေး…။
ခင်းထားတဲ့ သင်ဖျာပေါ်လည်း မထိုင်… ကပြင်နဲ့ အိမ်ရှေ့ခန်းအကြား တစ်ပေလောက် အနိမ့်အမြင့် ဖြစ်နေတဲ့
နေရာလေးမှာပဲ ထိုင်ချလိုက်တယ်…။
ဦးထုပ်ကို ချွတ်ပြီး ယပ်ခတ်ရင်း အမောဖြေနေတယ်…။ ဆရာဘမင်းကို ချက်ကြီးက အကြောက်လွန်…
အရိုအသေလွန်နေတော့ သင်ဖျာပေါ်ထိုင်ပါ ဆရာ… ဘာညာနဲ့ လောကဝတ်တောင် မပြောရဲပါဘူး…။
သူ ကြိုက်သလို ထိုင်လိုက်တာကိုပဲ ကြည့်နေရတယ်…။
သူ့ကို ဘာမှ မပြောသေးဘဲ အချိန် ကြာလာတော့မှ ကြောက်ကြောက်နဲ့ မေးရတယ်…။
“ဆရာကြီး နေကောင်းတယ်နော်”
ဒီလို မေးလိုက်ပေမယ့် ဆရာကြီးက ချက်ကြီးကို လှည့်လည်း မကြည့်ဘူး… ဖြေလည်း မဖြေပါဘူး…။
သူ့ဟာသူ အမောဖြေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေတယ်…။
အတော် ကြာမှ…
“နေကောင်းလို့ မင်းဆီလာနိုင်တာပေါ့ကွ”
“ဟုတ်ကဲ့”
တစ်ခါ ဘာမှမပြောဘဲ ငြိမ်နေကြပြန်ရော…။
ခဏကြာတော့ ဦးထုပ်ကို ဘေးချလိုက်တယ်…။
ချက်ကြီးက အဲဒီ ဦးထုပ်ကို အဝင်ဝဘေးက စင်မြင့်ကလေးပေါ် တင်ပေးထားဖို့ စဉ်းစားသေးတယ်…။
ဒါပေမယ့်… ကြောက်တာနဲ့ မလုပ်ဖြစ်ပါဘူး…။
အိမ်ရဲ့အလယ်တိုင်နားမှာ ခပ်ရို့ရို့ကလေး ထိုင်ချလိုက်တယ်…။ ဒီတော့မှ ဆရာဘမင်းဆီက အသံထွက်လာပြန်တယ်။
“မြမေရော”
“ဟုတ်ကဲ့…၊ မနေ့က သူ့အရီးလေး လမ်းကြုံလို့ ဝင်လာရင်း…”
“မြမေ အိမ်မှာ ရှိ မရှိသာ ဖြေစမ်းပါကွာ”
“ဟုတ်ကဲ့… မရှိဘူး ခင်ဗျ…”
“မင်းဆီမှာ အရက်ရှိလား”
“အဲ… ကျွန်တော်လည်း သတိတော့ ရသား… ဒါပေမယ့်…”
“ရှိသလား… မရှိဘူးလား မေးတာပါကွာ”
“ဟုတ်ကဲ့… မရှိဘူးဆရာ… ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံ…”
“မလိုပါဘူးကွာ… ပိုက်ဆံကတော့ ငါ့လည်း ပါပါတယ်…”
“ကျွန်တော်… ကျွန်တော်… သွားဝယ်လိုက်မယ်လေ ဆရာ…”
“နေပါစေကွာ… သွားရမှာ ဝေးလိုက်တာ… နေကလည်း ပူသေး…ပြီးတော့ ငါက မစောင့်နိုင်ဘူးကွ…”
“ဟုတ်ကဲ့…”
ဆရာဘမင်းက ဒါဆို ဒါပဲ… အထွန့်မတက်နဲ့… သူက ကြိုက်တာမဟုတ်ဘူး…။
ချက်ကြီးလည်း သတိကြီးကြီးနဲ့ ငြိမ်နေလိုက်ရတယ်…။
ဆရာဘမင်းက အပြင်မှာ နေပူနေတာကို ခဏ ကြည့်နေသေးတယ်…။
ပြီးမှ…
“မင်းဆီမှာ အရက်ပုလင်းခွံရော ရှိလား”
“ဟုတ်ကဲ့ ရှိပါတယ်”
“ပေးစမ်း”
ချက်ကြီးက အရက်ပုလင်း အလွတ်ကို အမြန်ဆုံး ယူပေးလိုက်တယ်…။
တော်ပါသေးရဲ့…ပုလင်းက ဆေးပြီး ကြောပြီးသား သန့်သန့်ရှင်းရှင်းပဲ…၊
ဒါပေမယ့် ဆရာဘမင်းက သေသေချာချာ ပြန်ကြည့်သေးတယ်…။
ပြီးတော့မှ ရေအိုးစင်ရှိရာကို သူ့ဟာသူ ထသွားတယ်…။
ချက်ကြီးလည်း ဘာမှ ဝင်မပြောရဲတော့ ဒီအတိုင်း ကြည့်နေရတယ်…။
ဆရာဘမင်းက အရက်ပုလင်းထဲကို ရေအိုးစင်က ရေတွေ အပြည့်ထည့်လိုက်တယ်…။
ပြီးတော့မှ သူ့နေရာသူ ပြန်ထိုင်တယ်..။
အရက်ပုလင်းကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်တယ်…။
နောက်ပြီး ပုလင်းဝကနေ နမ်းကြည့်တယ်…။
အရက်စစ် မစစ် နမ်းကြည့်တဲ့ ဟန်ပဲ…။
ပြီးတော့မှာ ချက်ကြီးကို လှမ်းကြည့်ပြီး…
“ပေးစမ်း… အဲဒီ ထင်းရှူးသေတ္တာလေး… ဒီနားယူခဲ့…”
ချက်ကြီးက ဆပ်ပြာသေတ္တာငယ်လေးကို ယူပြီး ရွှေ့ပေးလိုက်ရတယ်…။
ဒီတော့ ဆရာဘမင်းက ပုလင်းဝကို ထပ်ပြီး နမ်းကြည့်ပြန်တယ်…။
ပြီးတော့မှ သေတ္တာလေးပေါ်ကို ပုလင်းကို တင်လိုက်တယ်…။
“မင်းမှာ ဘာမြည်းစရာ ရှိသလဲ…”
“ရှိတယ်ခင်ဗျ… ပဲလှော်ကြော်ကို ကြက်သွန်နဲ့ သုပ်လိုက်မယ်…”
“အေး ကောင်းတယ်… ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက်လည်း ယူခဲ့ကွာ…”
“ဟုတ်ကဲ့”
ချက်ကြီး တတ်နိုင်သမျှ မြန်အောင် လုပ်ပေးတယ်…။
ပဲလှော်ကြော်သုပ်ကို ချပေးနေတုန်း…
“ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက် မြန်မြန်လုပ်ကွာ…”
“ဟုတ်ကဲ့”
ချက်ကြီးခုမှ စဉ်းစားမိတယ်…။
ရေပုလင်းလည်း ရှိနေပြီ…။
နောက်ထပ်လည်း ရေထည့်ဖို့ မတ်ခွက်ပေးဦးတော့ ဘယ်လိုလဲ…။
ဘာမှ စဉ်းစားမနေနဲ့… ဆရာကပေးဆိုပေးလိုက်… စကားရှည်မနေနဲ့…။
“ဖန်ခွက်ဟောင်းလေးနဲ့ ရေထည့်ဖို့ မတ်ခွက်ကို ယူလာခဲ့တော့… လုပ်ကွာ မြန်မြန်… မတ်ခွက်ထဲ ရေထည့်စမ်း…”
“ဟုတ်ကဲ့”
ချက်ကြီးရေခပ်အပြီး လှည့်ကြည့်တော့ ဆရာဘမင်းက ပုလင်းထဲက ရေကို ဖန်ခွက်ဟောင်းလေးထဲ ဂရုတစိုက်
ငှဲ့… ထည့်နေပြီ..။
သူ့ကြည့်ရတာ အရက်ငှဲ့နေတဲ့ အတိုင်းပါပဲ…။
တကယ်တော့ ရယ်စရာကြီး…။
ဒါပေမယ့်… ချက်ကြီးမှာတော့ ရယ်ဖို့ သတိတောင် မရပါဘူး…။
ချက်ကြီးအဖို့ ဆရာဘမင်း မေးရင် ဖြေလိုက်… ခိုင်းရင်လုပ်လိုက်… တောင်းရင်ပေးလိုက်…
ဘာမှ အထွန့်တက်မနေနဲ့… ။
အထွန့်တက်မိလို့ အငေါက်ခံရပေါင်းလည်း များလှပြီ…။
သူပြောတဲ့အတိုင်း လျှောက်လုပ်လို့ အကျိုးခံစားရပေါင်းလည်း များလှပြီ…။
မတ်ခွက်ကို ချပေးနေတုန်း ဆရာဘမင်းက ဖန်ခွက်ကို နှုတ်ခမ်းတေ့ပြီး စသောက်ပါတယ်…။
ချက်ကြီး သေသေချာချာ သတိထားမိပါတယ်…။
ဆရာဘမင်းဟာ အတော်ပြင်းတဲ့ ချက်အရက်ကို သတိနဲ့ သောက်နေတဲ့ပုံ…။
တကယ့်အစစ်ပဲ…။ အဲဒီလို မော့ချပြီးတဲ့နောက် ချက်ခြင်းဆိုသလို မတ်ခွက်ထဲက ရေတစ်ကျိုက်ကို ကပျာကယာ
သောက်ချလိုက်ပါတယ်…။
ဘယ်လိုလဲ…။
ရေနဲ့ ရေနဲ့ ရောသောက်နေတာ…။
ဒါပေမယ့် ချက်ကြီးမှာ အံ့ဩတဲ့အမူအရာတောင် မပြရဲပါဘူး…။
အိန္ဒြေရရနဲ့ အလယ်တိုင်နား ပြန်လာပြီး ထိုင်နေလိုက်ရတယ်…။
ဆရာဘမင်းက ပဲလှော်ကြော်သုပ်ကို စမြည်းနေပြီ…။
“ချက်ကြီး … မင်းဘာလုပ်စရာရှိလဲ လုပ်… လုပ် …။ မင်းလုပ်စရာ ရှိတာသာလုပ်… ငါတော့ အိုကေသွားပြီ…”
“ဟုတ်ကဲ့…”
ချက်ကြီး ခပ် မြန်မြန်ပဲ အိမ်နောက်ဖက်ဘက်ကို ထွက်ခဲ့တယ်…။ နေစမ်းပါဦး….။ ဆရာဘမင်းက ဘယ်လိုလဲ…။
ပုလင်းထဲမှာ ကျန်နေတဲ့ အရက်နဲ့ကလေးနဲ့ ရေနဲ့ ရောပြီး ရသေ့ စိတ်ဖြေ လုပ်နေတာလား…။ ဒါလည်း မဖြစ်နိုင်ပါဘူး…။
ပုလင်းက မြမေ ဆေးထားလို့ အရက်နံ့လည်း မရှိပါဘူး…။ စောစောက နမ်းတောင် ကြည့်မိသေးတာပဲ…။
ထားပါလေ…။ သူ့ဟာသူ ဘာလုပ်လုပ်ပေါ့…။ ဆရာဘမင်း လုပ်နေတာတွေကို အရင်ကလည်း ချက်ကြီး နားမလည်ခဲ့တာ
များပါတယ်…။
ပြောလို့သာ ပြောရတယ်…။
ချက်ကြီး အိမ်တွင်းအိမ်ပြင် လုပ်စရာရှိတာ ဆက်လုပ်ရင်း ဆရာဘမင်းကို လှမ်းလှမ်းကြည့်မိတာတော့ အမှန်ပဲ…။
ဆရာဘမင်းကတော့ မှန်မှန်ပဲ…။ ပုလင်းထဲက ဖန်ခွက်ထဲကို ငှဲ့လိုက်…။
မော့ချလိုက်…။ မတ်ခွက်ထဲကရေကို မျှောချလိုက်…။ ပဲလှော်ကြော်စားလိုက်နဲ့…။ သူ့ဟာသူတော့ မိနေတာပဲ…။
တစ်ခုတော့ ရှိတယ်နော်…။ ပုလင်းတစ်ဝက်လောက်လည်း ကျိုးရော…ဆရာဘမင်းရဲ့ မျက်နှာကြီးတစ်ခုလုံးဟာ
နီရဲလာတယ်…။ မျက်ထောင့်တွေလည်း နီလာတယ်…။ ချက်ကြီးတော့ ဘယ်လိုမှကို နားမလည်တော့ဘူး…။
ကြာတော့ ဆရာဘမင်းသောက်နေတာကိုကြည့်ပြီး သူ့ဟာသူလည်း တံတွေး မျိုချနေမိတယ်…။
သူ့ကိုယ်သူ သတိထားမိသလား မထားမိသလားတော့ မပြောတတ်ဘူး…။
နာရီဝက်လောက်ကြာတော့ တစ်ပုလင်း ပြတ်တာပဲ…။
“ချက်ကြီးရေ…”
“ခင်ဗျာ…”
“လာစမ်းပါဦးကွာ… နောက်တစ်ပုလင်း ထပ်ထည့်စမ်းပါဦး…”
“ဟုတ်ကဲ့…”
ပုလင်းထဲကို သောက်ရေအိုးထဲက ရေတွေ ဖြည့်ပေးနေတုန်း ချက်ကြီးနည်းနည်း စဉ်းစားကြည့်သေးတယ်…။
ဘာစဉ်းစားလို့ရမှာလဲ…။ ဒီကောင်ဘာကောင်မို့လို့ ဒါတွေ နားလည်နိုင်မှာလဲ…။ မလိုပါဘူး…။
စဉ်းစားစရာလည်း မလိုပါဘူး…။
ချက်ကြီးက ပုလင်းကို ထင်းရှူးသေတ္တာပေါ် ပြန်ချပေးတာ နည်းနည်း ကရော်ကမယ် ဖြစ်သွားတယ်…။
နည်းနည်းပါ…။ ဒါပေမယ့်…
“ခွေးမသား…”
ဟော… ကြည့်…။
ဆရာဘမင်းက ချက်ကြီးကို စဆဲပြီ…။ ဒါကိုတော့ ချက်ကြီးကောင်းကောင်းသိတယ်…။
ဆရာဘမင်း မူးပြီဆိုရင် အဆဲကလေး ပါလာတတ်တယ်…။ မမူးရင် ဘယ်တော့မှ မဆဲဘူး…။
ခု.. ဆဲပြီ…။ သေချာတာပေါ့…။ ဆရာဘမင်းမူးနေပြီ…။ မူးတာမှ တော်တော် မူးနေပြီ…။
ခက်တာက ဘာသောက်ပြီး ဘာကြောင့် မူးရမှာလဲ…။ ဒါလည်း ချက်ကြီး ဘယ်သိမလဲ…။
ဘာဖြစ်ဖြစ်လေ…။ သူ့ဟာသူ ဘာကြောင့်မူးမူး သူကျေနပ်ရင် ပြီးတာပဲ မဟုတ်လား…။
ချက်ကြီး ကြာကြာဦးနှောက်ခြောက်စရာ မလိုပါဘူး…။
ဆရာဘမင်းခဏသာ ဆက်သောက်လိုက်ရတယ်…။ ပုလင်းတစ်ဝက်ကျိုးသွားပြန်တယ်…။
ပဲလှော်ကြော်သုပ်လည်း သံပန်းကန်ပြား တစ်ဝက်ကျော် ပြုတ်သွားပြီ…။
ဘာအဆက်အစပ်မှ မရှိဘဲ ချက်ကြီးကို ခွေးမသား … ခွေးမသားနဲ့ သုံးလေးခွန်း … ဆဲပြီးပြီ…။
မျက်လုံးတွေလည်း အတော်ကြီး ရီဝေနေပြီ…။ ဘေးမှာချထားတဲ့ ဦးထုပ်ကို ကောက်ကိုင်လိုက်ပြီး ဆရာဘမင်း
နေရာက ထလိုက်တယ်…။ ဖျတ်ကနဲ ရုတ်တရက် ထလိုက်လို့လားတော့ မပြောတတ်ဘူး…။
ယိုင်တောင်သွားလိုက်သေး…။
ကောင်းကောင်း မတ်တတ် ရပ်မိပြီဆိုတော့ မျက်ထောင့်နီကြီးနဲ့ ချက်ကြီးကို ကြည့်တယ်…။
ချက်ကြီးလည်း ဘာပြောမလဲ… ဘာတောင်းမလဲ ဆိုပြီး ပြန်ကြည့်ရင်း စောင့်နေရတယ်…။
ဘာမှ မပြောပါဘူး…။ ဘာမှလည်း မတောင်းပါဘူး…။ ဖျတ်ကနဲလှည့်ပြီး ချက်ကြီးအိမ်ပေါ်ကဆင်းလိုက်တယ်…။
“သွားမယ်ကွာ…”
“ဟုတ်ကဲ့ခင်ဗျ…”
ဆရာဘမင်းဟာ ယိုင်တိုင် ယိုင်တိုင်နဲ့ ထွက်သွားတယ်…။
ခြံဝမှာ ယိုင်သွားလို့ ခြံတိုင်ကို ကိုင်ထားလိုက်ရသေးတယ်…။ ခဏနေမှ သူ့ကိုယ်သူ အနိုင်နိုင်ထိန်းရင်း ထွက်သွားတယ်…။
တောင်ကုန်းကလေးကိုကျော်တော့မယ့် အချန်မှာ သိုင်းကွက်တောင် နင်းသွားသေးတယ်…။
ဆရာဘမင်း တောင်ကုန်းတစ်ဖက်ကို ရောက်ပြီး ပျောက်ကွယ်သွားတဲ့အချိန်မှာ ချက်ကြီး သက်ပြင်းမချမိပါဘူး…။
ဘယ်.. သက်ပြင်းချနိုင်မလဲ…။ ကပျာကယာ ပုလင်းလက်ကျန် ရှိရာကို ပြေးရတာကိုး…။
ပုလင်းက တစ်ဝက်တောင် ကျန်သေးတာပဲ…။
ချက်ကြီးလည့်း အာခေါင်ခြောက်နေတာကို စိတ်ရှည်ရှည်နဲ့ ထိန်းရင်း တစ်ခွက်ငှဲ့သောက်လိုက်တယ်…။
မတ်ခွက်ထဲကရေနဲ့ မျှောချလိုက်… အမြည်းစားလိုက်နဲ့ လက်ကျန်ကို ရှင်းနေတယ်…။
ဘာမှ မကြာလိုက်ပါဘူး…။ ပုလင်းလည်းကုန် … ပဲလှော်ကြော်ပန်းကန်လည်းပြောင်… မတ်ခွက်ထဲကရေတောင်မကျန်ဘူး။
ခဏနေတော့ မြမေလည်း ပြန်ရောက်လာတယ်…
အမြဲတမ်း မိန်းမ ကြောက်ရတဲ့ ချက်ကြီးက မူးပြီး ဆဲလို့တဲ့…
လင်မယားနှစ်ယောက် ရန်ဖြစ်လိုက်ကြတာ…
ချက်ကြီးနောက်စေ့ကွဲသွားမှ ပွဲပြီးသွား ဆိုပဲ…။
ဝင်းဖေ
၁၉၉၀
ဇွန် မဟေသီ မှ…။
ခေါက်တော့ မခေါက်ကောင်းပါဘူး
သာအေးတို့အိမ် လာရတာ တစ်ခါ တစ်ခါ တော်တော် တုန်းတယ်။
ကျုပ်က မလာဘဲ မနေနိုင်လို့သာ လာလာနေရတာ…၊ ဒီကောင့်အိမ်က သိပ်လည်းနီးလှတာမဟုတ်ဘူး။
ကျုပ်အိမ်က မြို့ရဲ့တောင်ဖျားမှာ…၊ သူ့အိမ်က မြို့မြောက်ဘက်အစွန်မှာ…။
ဒါပေမယ့် ကျုပ်တို့ မြို့ကလေးက သေးတော့ တော်ပါသေးတယ်။
ဒါတောင် ကျုပ်စက်ဘီးနဲ့လာတာ…၊ ဆယ်မိနစ်လောက်တော့ နင်းရတာပါပဲ။
ကျုပ်က လမ်းခင်းတဲ့ ကျောက်ကားမောင်းတဲ့လူ…၊
သာအေးက ဘာခေါ်မလဲ… သုဘရာဇာလို့ ခေါ်လို့လည်း မဖြစ်… စဏ္ဍာလ လို့လည်း ပြောလို့မရ…၊
သူတို့က သုသာန်နဲ့ မြို့လေးအကြား မြို့စွန်မှာနေပြီး ခေါင်းစပ်တယ်။
နောက်ပြီး နိဗ္ဗာန်ယဉ်လို့ခေါ်တဲ့ အသုဘယာဉ်ပေါ့ဗျာ… အဲဒါငှားတယ်။
အဲဒါကလည်း မြို့ကြီးတွေမှာလို မော်တော်ကားကို ယိုးဒယားပန်းခက်တွေဘာတွေနဲ့ တန်ဆာဆင်ပြီး
သိတယ်မဟုတ်လား…၊ ပြသာဒ်တွေဘာတွေနဲ့ဗျာ။
အဲ…အဲဒါမျိုးတော့ မဟုတ်ပါဘူး။
သာအေးတို့ အသုဘယာဉ်က လေးဘီးတပ် လှည်းပါပဲ။
အဲဒီမှာ မဏ္ဍာပ်ထည်နဲ့ အလှအပလုပ်ထားတာပေါ့လေ။
ပိုက်ဆံတတ်နိုင်ရင် တတ်နိုင်သလို ပိုကောင်း၊ ပိုလှ၊ ပိုများ၊ ပိုသပ်ရပ်တာမျိုးပေါ့ဗျာ။
ဒါက ကျုပ်တို့မြို့ကလေးကလည်း သေးတာကိုး…၊ လူနေအိမ်ခြေကလည်း ဘာမှ သိပ်ရှိတာမှ မဟုတ်ဘဲ။
နေဦး…။
သာအေးတို့အိမ် ကျုပ်မလာဘဲ မနေနိုင်တဲ့ အကြောင်း ပြောရဦးမယ်…။ ဒီလိုဗျ…။
ကျုပ်ကကျောက်ကားမောင်းတယ်ဆိုပေမယ့် အသောက်အစား၊ အလောင်းအစား၊ အပျော်အပါး
ဆိုတာမျိုးတွေကို ဝါသနာ မပါဘူးဗျ…၊ ကျုပ်ဝင်ငွေနဲ့ တတ်လည်း မတတ်နိုင်ပါဘူးဗျာ…။
အဲ…တစ်ခုတော့ ရှိတယ်။
အားတဲ့ အချိန်မှာ ကျားထိုးတာတော့ ဝါသနာပါတယ်။
ဆိုပါတော့… ကျားကလည်း ထိုးရင်းထိုးရင်းနဲ့ ကျုပ်တို့မြို့ကလေးမှာ ကျုပ်ကို ယှဉ်ထိုးနိုင်တဲ့လူက
တဖြည်းဖြည်းနဲ့ အတော် ရှားလာတယ်။ နောက်ပိုင်း ကျုပ်နဲ့ ဘတစ်ပြန် ကျားတစ်ပြန် ယှဉ်ထိုးနိုင်တာ ဆိုလို့က
သာအေးပဲ ရှိတော့တာလေ။
ဒီတော့ ကျုပ် သူ့ဆီ လာရတာပေါ့။ အချိန်တန်ရင် မနေနိုင်ပါဘူးဗျာ…။
အဲ… သူ့ဆီသွားရတာတုန်းတယ်ဆိုတာက ဒီလိုဗျ…။
သူတို့တစ်အိမ်လုံးက ဆဲတတ်တယ်… စရိုက်ကြမ်းတယ်…။
သာအေးကစပြီး သူ့မိန်းမရော… သူ့ကလေး သုံးယောက်ရော… အားလုံးဆဲတတ်တယ်…။
သာအေးကလေးအငယ်ဆုံးကလေးဆို ဘာရှိဦးမှာလဲ… ရှိလှ လေးနှစ်ပေါ့…၊
ဆဲလိုက်တာမှ မိုးမွှန်နေတာပဲ။
ထားပါ…။
ကျုပ်တို့လည်း ဆဲတော့ ဆဲတတ်တာပါပဲ…။
အိမ်က မိညိုလည်း ဆဲတာပဲ…။
ဒါပေမယ့် သာအေးတို့ အိမ်က ကျက်သရေ ပိုတုန်းအောင်ကို ဆဲတတ်တာပါဗျာ…။
ကျုပ်က စဉ်းစားကြည့်တယ်…။
ဒီအိမ်က ဘာလို့များ ဒါလောက်ဆဲကြတာလဲ…။
ဘာကြောင့် ခဏခဏ ဆဲရလောက်အောင် ရန်ဖြစ်ကြတာလဲ…။
ဘာကြောင့် စိတ်တိုနေကြတာလဲ…။ တကယ် တွေးကြည့်လိုက်တော့လည်း ဘာမှ မဆန်းပါဘူးဗျာ…။
သာအေးဆိုတဲ့ ကောင်က တကယ်တော့ ခေါင်းစပ်တာနဲ့ အသုဘယာဉ် လိုက်စားတာကလွဲပြီး ဘာမှ
လုပ်တတ်တဲ့ ကောင်မှ မဟုတ်ပဲ…။
စဉ်းစားကြည့်လေ…။
မြို့လေး သေးသေးလေးရယ်…၊ လူဦးရေလည်း ဘယ်လောက်ရှိလို့လဲ…။
ဒီတော့ သူ့အလုပ်က ဘယ်သိပ်စည်ပါ့မလဲ…။
ရှင်းရှင်းပြောရရင် သေတဲ့လူ မရှိရင် သာအေးတို့ အလုပ်မဖြစ်ဘူး…။
အလုပ်မဖြစ်ရင် ပိုက်ဆံမရဘူး…။
ပိုက်ဆံမရှိရင် သူ့အိမ်မှာ ပူညံပူညံ ဖြစ်မယ်…။
ဖြစ်ပြီဆိုတာနဲ့ သာအေးက စဆဲမယ်…။ ကျန်တာတွေကလည်း နိုင်ရာနိုင်ရာ ဆက်ဆဲကြမယ်…။
နောက်ဆုံး အရပ်ထဲက ပျက်လုံးလိုပေါ့ဗျာ…။ ဘာမဆိုင်ညာမဆိုင်နဲ့ ခွေးပိတ်ကန်တာတို့…၊ သူ့ဟာသူ
ဖြတ်သွားတဲ့ ကြောင်ကို လှမ်းဆဲတာတို့ လုပ်တော့တာပဲ…။
သူတို့အိမ်မှာတော့ ကြောင်မရှိပါဘူး…။
ကြောင်ဆိုတာမျိုးက ကျက်သရေမရှိတဲ့အိမ်မှာ နေတတ်တာမျိုးမှ မဟုတ်ပဲ…။
အဲဒီတော့ မခက်ဘူးလား…။
သာအေးတို့ ကိစ္စက သူတို့အိမ်ကြီးပွားဖို့ မြို့ထဲကလူတွေ များများ သေပေးရမလို ဖြစ်နေတယ်…။
တစ်ခါတစ်လေ သာအေးမိန်းမက အိမ်မှာ အသင့်လုပ်ထားတဲ့ ခေါင်းကို တုတ်ကလေးနဲ့ ခေါက်တတ်တယ်…။
ကျုပ်အစက ဘာလုပ်တာလဲ မသိဘူး…။ နောက်တော့မှ သာအေး တပည့်တစ်ယောက် ပြောပြလို့ သိရတာ…။
ခေါင်းကို ခေါက်ရင် အဲဒီခေါင်းထွက်တတ်တယ်တဲ့လေ…။
ခေါင်းထွက်တယ်ဆိုတာ အဲဒီခေါင်းရောင်းရမယ်ပေါ့ဗျာ…။ လူတစ်ယောက်ယောက်သေမယ်ပေါ့ဗျာ…။
ကျုပ်က နောက်ပိုင်းမှာ သာအေးမိန်းမ မိသန်း ခေါင်းခေါက်ရင် ကြက်သီးထတယ်ဗျာ…။ တစ်မျိုးကြီးပဲ…။
တစ်ခါတစ်လေတော့လည်း သာအေးကညည်းတယ်…။
ခုတလော…
တစ်ခါ တစ်ခါ သာအေး ကျုပ်မောင်းတဲ့ ကျောက်ကားကြီးနဲ့ ဒဟပ်ပင်မီးသွေးကျင်းကို လမ်းကြုံလိုက်တယ်…။
ဆည်ထိပ်က အကြော်ဆိုင်မှာ အကြော်ဝင်ဝင် စားကြတယ်…။
အဲဒီအချိန်မျိုးမှာ သူကျုပ်ကို ကျေးဇူးတင်တဲ့အနေနဲ့ ဘာပြောတတ်တုန်းဆိုတော့ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက်
ကူညီရတာပဲတဲ့…။ သူ့အကူအညီလိုရင်လည်း အချိန်မရွေးပြောပါတဲ့…။
ခေါင်းစပ်တဲ့ ငနဲဆီက ဘာအကူအညီတောင်းရမှာလဲ…။
ဖျတ်ခနဲ ကျော်ချမ်းမိတာ ပြောတာပါ…။ သူဆိုလိုတာကတော့ အဲလို မဟုတ်ရှာပါဘူး…။
တောင်ပေါ် ဘုရားပွဲတုန်းက သာအေးမိန်းမ မိသန်း ပိုက်ဆံနှစ်ကျပ်အကုန်ခံပြီး ဗေဒင်မေးသတဲ့…။
သိတယ်မဟုတ်လား…။ ဗေဒင်ဆရာက မိသန်းတို့ လုပ်ငန်းကိုင်ငန်းတိုးတက်မယ်…။ ဘာမယ်နဲ့ ဟောလိုက်ဆိုပဲ…။
မိသန်းတို့လုပ်ငန်းက ဘာလဲ ဆိုတာ သူလည်း မသိဘဲနဲ့…။
သူ့အဟောသေချာအောင် ယတြာတွေဘာတွေတောင် ပေးလိုက်သေးဗျား…။ ယတြာကတော့ ထုံးစံအတိုင်းကောင်းပါ့…။
ဘုရားသွားပြီး လှူတန်း ကန်တော့ ရမယ့်ကိစ္စ…။ ဆုတောင်းရမယ့်ကိစ္စ…။
ဒါပေမယ့် ပြဒါးတစ်လမ်း သံတစ်လမ်းပါဗျာ…။
ဘုရားကန်တော့ပြီးမှ လူတွေများများသေပါစေလို့ ဆုတောင်းရမယ့် ကိစ္စမျိုးမဟုတ်လား…။
ဒီမြို့လေးမှာ ဒီအလုပ်မျိုး လုပ်လို့ကတော့…ဘယ်ကလာ ကြီးပွားနိုင်မှာလဲ…။
သာအေးလည်း ဒါကိုတော့ စဉ်းစားမိသလား…။ သိမှာပဲလား…။ ဒါတော့ မပြောတတ်ဘူး…။ ကျုပ်တော့ မထင်ပါဘူး…။
သာအေး အဲဒီလောက် ဉာဏ်ရှိရင် အစကတည်းက ဒီအလုပ် ဘယ်လုပ်မလဲ…။
ဒါပေမယ့် သူလိုလူ မရှိပြန်ရင်လည်း အခက်ဗျ…။ ဒါမျိုးလုပ်တဲ့လူကလည်း လောကမှာ ရှိဦးမှ…။
ခုလည်း.. သာအေးတို့အိမ် ကျုပ်ရောက်နေတာ အတော်ကြာပြီ…။ ပူညံပူညံနဲ့ လှည့်ပတ် ဆဲနေကြပြန်ပြီ…။
အလုပ်ပြတ်နေကြပြန်ပြီနဲ့ တူတယ်…။ မလွယ်ပါဘူး…။ ကျုပ်လည်း ထပြန်မလို့ပါပဲ…။
ဒါပေမယ့် သာအေးက ကျားထိုးဖို့ ကျတော့လည်း ကျုပ်ကိုပဲ မက်နေပြန်ရော…။
ကျုပ်ကို လှမ်းတားထားတယ်… နေပါဦး… တဲ့.။
ကျုပ်ကလည်း ရောက်ပြီးမှတော့…၊ ကျားကွက်ကို မြင်ပြီးမှတော့…၊ မပြန်နိုင်ဘူးလေ…။
ဒါနဲ့ပဲ အာရုံပြောင်းတဲ့ အနေနဲ့ သာအေး ဆူတဲ့ ဆဲတဲ့ ကိစ္စပြီးရင် အဆင်သင့် ကစားနိုင်အောင် ကျားကောင်ကလေးတွေကို
စီထားလိုက်တယ်…။ ဘာကြာမှာလဲ…။ အငယ်ကောင်နှစ်ကောင်ကို ဝါးခြမ်းပြားနဲ့ တီးတာ…
နှစ်ကောင်စလုံး အာပြဲနဲ့ အော်ငိုရင်း… ဆဲရင်း… အိမ်ပေါ်က ဆင်းပြေးကြတယ်…။
အငယ်ဆုံးကောင်က အဝတ်အစား လုံးဝမပါဘူး…။
ချေး(ဂျီး) ရှစ်သစ်နဲ့ အိမ်ရှေ့ ဝါးတစ်ရိုက်လောက်က မန်ကျည်းပင်အောက်ရောက်တော့ ရပ်ပြီး
သူ့ မအေ သူ ပြန်ဆဲနေသေးတယ်…။ မအေကလည်း ကြည့်စမ်းပါဦး…။
အဲဒီ လေးနှစ် ငါးနှစ် သားလောက်ကလေးကို ဟင်းချက်တဲ့ဓါးနဲ့ ထွက်လိုက်တယ်…။
ဒီတော့မှ အဲဒီပေါက်စကောင်လည်း ပြေးလိုက်တာလုံးနေတာပဲ…။
မိသန်းဟာ အိမ်ထဲကို ပြန်ဝင်လာရင်း ပါးစပ်က အမျိုးမျိုး ကျိန်ဆဲနေတယ်…။
ကလေးက မရှိတော့ဘူး မဟုတ်လား…။ ဒီတော့ ဖအေကို စောင်းမြောင်း ကျိန်ဆဲနေတော့တာပေါ့…။
သာအေးက ကျုပ်သာမရှိရင် မိသန်းကို နားရင်းထတီးမှာ သေချာပါတယ်…။
ဒါပေမယ့် ကျုပ်ကရှိနေတော့ ခွကျနေတယ်…။
မိသန်းကိုလည်း ထင်သလို ထလုပ်လို့ မရ…။ ဒီကြားထဲမှာ ကျားကလည်း ထိုးချင်လှပြီနဲ့ တူပါတယ်…။
သူ့လက်မှာပတ်ထားတဲ့ အုန်းပင်တံဆိပ်လက်ပတ်နာရီကိုဆောင့်ကြီးအောင့်ကြီးနဲ့ ဖြုတ်ပြီး
မိသန်းကို လှမ်းပစ်ပေးလိုက်တယ်။ လက်ပတ်နာရီက ဝါးကြမ်းခင်းပေါ်မှာ ကျသွားတယ်…။
“သောက်စကားမများနဲ့ …၊ အဲဒီ နာရီ သွားပေါင်လိုက်…။”
မိသန်းက နာရီကို ကပျာကယာ ကောက်ယူပြီး စက်များ ရပ်သွား.. ပျက်သွားပြီလားလို့ စိုးရိမ်တယ်နဲ့ တူပါတယ်…။
နားနား မှာ ကပ်ပြီး စက်သံ နားထောင် ကြည့်တယ်…။
“တော်ပါသေးရဲ့…၊ လုပ်လိုက်ရင် အရမ်းချည်းပဲ…၊ စက်ပျက်သွားရင်… မှန်ကွဲသွားရင်… ဘယ့်နှယ့်လုပ်မလဲ….။”
“တောက်…၊ ဒီမိန်းမ စကားများလိုက်တာ…။ ခု မကွဲဘူး မပျက်ဘူး မဟုတ်လား…။ သွားမှာ မြန်မြန် သွားစမ်းကွာ။ ဒီသောက်ပိုက်ဆံမရရင် ကိစ္စက ပြီးတော့မှာ မဟုတ်ဘူး…။”
“အံမယ်…။ အားလုံးမျိုဖို့ ဆို့ဖို့ ပါနော်… ကျုပ်လင်ငယ်ကို ပေးဖို့ မဟုတ်ပါဘူး… ကြီးကျယ်လိုက်တာ…။
ပိုက်ဆံရရင် ပြီးရောမဟုတ်လားတဲ့… သူ့နာရီ အစုတ်ကို ပေါင်လို့ ဘယ်တုန်းကများ ဘယ်လောက်ရဖူးလို့လဲ။
ရလှ ငွေ အစိတ်ပေါ့… ငွေအစိတ်နဲ့ ထမင်း ဘယ်နှနပ် စားရမယ် ထင်လို့လဲ…”
“အေးဘာပဲဖြစ်ဖြစ် ငွေအစိတ်လည်း အစိတ်ပဲ…နင့်အမေလင် တစ်ယောက်ယောက် မသေမချင်း ဒီလိုပဲ ရှိတာ ပေါင်နှံ
စားရမှာပဲ”
သာအေးကလည်း ကျက်သရေမရှိတာတွေလျှောက်ပြောတယ်…။
မိသန်းကလည်း ဗျစ်တောက်ဗျစ်တောက် နဲ့ ပြောရင်း အပေါင်ဆိုင်သွားဖို့ ပြင်တယ်…။
ကျုပ်ကတော့ အတော်ကို စိတ်ဓါတ်ကျနေပါပြီဗျာ…။
ထပြန်တော့ မလို့ပါပဲ…။ နှုတ်မဆက်ပဲ အသာလေး ထလစ်တော့ မလို့ပဲ…။
နှုတ်ဆက်နေရင် ပြန်ရမှာမှ မဟုတ်ပဲ…။
ဒါပေမယ့် ကျုပ်အထလိုက်မှာ သာအေးက မြင်သွားပြီး မကြားဝံ့မနာသာ ရေရွတ်တဲ့ ကိစ္စတွေ ရပ်သွားတယ်…။
ကျုပ်ထိုင်နေတဲ့ အိမ်ရှေ့က စားပွဲလေးနဲ့ ခုံရှည်ကလေးတွေ ရှိတဲ့နေရာကို ရောက်လာတယ်။ ဒါတောင်…
“တော်တော် သောက်သုံးမကျတဲ့ မိန်းမဗျာ…”
သူ့ပါးစပ်ကရွတ်နေသေးတယ်…။ ကျုပ်ကတော့ ဘာမှ ပြန်ပြောမနေတော့ပါဘူး…။
သူ့နေရာသူ ထိုင်မိတာနဲ့ ပထမ တစ်ကွက်ကို စရွှေ့လိုက်တယ်…။ ဒါပဲလေ…။ ဒါ… လိုရင်းကို စလုပ်လိုက်တာပဲ…။
သူလည်း ဘာမှ ဆက်ပြောနေလို့ မရတော့ဘူး…။ သူ့အလှည့် သူ ရွှေ့ ရပြီပေါ့…။
အင်း… ဘာကြာမှာလဲ…။ တစ်ယောက်သုံးလေးကွက်စီလည်း ရွှေ့မိရော နှစ်ယောက်စလုံး ကျားကွက်ထဲ စိတ်ရောက်
သွားကြပြီလေ…။ စောစောက ကိစ္စတွေအားလုံး ဘာမှ မဖြစ်သလိုပါပဲဗျာ…။
အထူးသဖြင့် ပထမပွဲမှာ သူ့အကွက်က သာသွားတယ်ဗျ…။
သိတယ် မဟုတ်လား…။
ကျားသမားဆိုတာ ကိုယ့်အကွက်ကလေးများ စီးနေပြီဆိုရင် တယ်ကျေနပ် တာပဲ…။ အရသာလေ…။
စဉ်းစားရကျပ်သွားတဲ့ ကျုပ်ကို ပြုံးကြည့်ရင်း လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့တယ်…။
ကျုပ်အတွက်လည်း တစ်ခွက် ငှဲ့ပေးတယ်…။ ဒီတစ်ပွဲတော့ဖြင့် စင်ပေါ်ကလူပဲ ဆိုတဲ့ ဂိုက်နဲ့ လေ…။
စဉ်းစားပါ… စဉ်းစားပါ… အချိန်ယူစဉ်းစားပါ… ရပါတယ် ဆိုတဲ့ အိုက်တင်လေ…။
ကျုပ်ကလည်း ရပါတယ်…၊ ဒါမျိုးက သူ့အလှည့် ရှိသလို ကိုယ့်အလှည့်လည်း လာဦးမှာပေါ့…။
အဲဒီပွဲမှာ ကျုပ်တော်တော် ဦးနှောက်ခြောက်သွားတယ်…။
သူဟာ တောက်လျှောက် စီးနေတာပဲ။ ဒါပေမယ့် ပွဲပြီးခါနီးမှ သူ ပိုင်ပြီဆိုပြီး ပေါ့လိုက်တာ တစ်ကွက် ဟာသွားတဲ့အတွက်
ပွဲဟာ သရေဖြစ်သွားတယ်…။
နိုင်နေတဲ့ပွဲက သရေဖြစ်သွားလို့ သာအေး တော်တော် ဒေါပွသွားတယ်…။ နောက်တစ်ပွဲစဖို့ ကျားတွေကို အမြန်စီတယ်…။
အဲဒီအချိန်မှာပဲ မိသန်း သူ့နောက်က ဖြတ်ထွက်သွားတယ်…။ သာအေးကတော့ ဘာသိတော့မှာလဲ…။ နောက်တစ်ပွဲ
စချင်နေပြီလေ… လောနေပြီ…။
ဒုတိယပွဲမှာ သူ နိုင်တယ်…။ တတိယပွဲကစပြီး ကျုပ်က လေးပွဲဆက်တိုက်နိုင်တယ်။
သာအေး သူ့ကိုယ်သူ တော်တော် ဒေါပွလာတယ်။ မဖြစ်စဖူး ရှူးရှူးရှဲရှဲ တောင် ဖြစ်လာတယ်…။
ကျုပ်က အဲဒီလိုကြီး ဖြစ်လာတာတော့ မကြိုက်ဖူးဗျာ။ ဘယ့်နှယ့် ကျားထိုးကြတဲ့ ကိစ္စပဲ…။
ပြီးတော့ အလောင်းအစားလည်း ပါတာ မဟုတ်ပါဘူး…။ ရှုံးတဲ့အခါ စိတ်ဓါတ်တော့ ကျတာပေါ့။ ဒါပေမယ့် ရှူးရှူးရှဲရှဲတော့
ဖြစ်စရာမလိုပါဘူး…။
အဲဒီအချိန်မှာ သာအေးမိန်းမ မိသန်း ပျာယာပျာယာနဲ့ ပြန်လာတယ်…။ သူ့မျက်နှာကတော့ လမ်းမှာ ရွှေလက်စွပ်
တစ်ကွင်းလောက်များ ကောက်ရလာသလား အောက်မေ့ရတယ်…။
သာအေး အနား ဘတ်ခနဲ ဝင်ထိုင်တဲ့ပြီး သူ ကြားခဲ့တဲ့ သတင်းကို ပြောတော့တာပဲ…။
ကျုပ်တို့မြို့က ဘုရားဖူးယာဉ်တစ်စီး မနက်က ထွက်သွားတာ မြို့တောင်ဘက်ထိပ်က
ချောင်းကူးတံတားလည်း ရောက်ရော ရုတ်တရက် စတီယာရင် ရော့ဒ်ပြုတ်ပြီး ချောင်းထဲ ထိုးကျသွားသတဲ့လေ…။
ဒရိုင်ဘာရော… စပယ်ယာရော… ဘုရားဖူး ခရီးသည်တွေ အားလုံး သုံးဆယ့်ရှစ်ယောက် ရှိဆိုပဲ…။
အဲဒါ အားလုံးကို လှည်းတွေနဲ့တင်ပြီး ဆေးရုံပို့လိုက်ရသတဲ့…။ တွေ့ခဲ့တဲ့ လူတွေက ပြောတာတော့ မြင်မကောင်းဘူး ဆိုပဲတဲ့…။
ကျုပ်ကတော့ ကပျာကယာ စဉ်းစားရတာပေါ့…။ ကျုပ်အသိ မိတ်ဆွေတွေထဲက ဘယ်သူများ ပါသွားလဲလို့…။
ကျုပ်စဉ်းစားရသလောက်ကတော့ နာရီပြင်တဲ့ ကြင်ရွှေကြီးပဲ…။ အဲ… ဒရိုင်ဘာ ကိုဘရင်ကို သိတယ်…။
သူ့ စပယ်ယာ ပေါက်စကိုလည်း သိတယ်…။ ဒါနဲ့ အလောသုံးဆယ် မေးရတာပေါ့။ သူတို့ ဘယ်လို နေကြသလဲလို့…။
မိသန်းကတော့ တံတားပေါ်က ကားကြီး တစ်စီးလုံး ကျသွားတဲ့ ကိစ္စပဲတဲ့…။ ပွဲချင်းပြီးတွေ များမှာပေါ့တဲ့…။
ကျုပ်ဗျာ… ကိုဘရင်ကြီးကိုရော ပေါက်စကိုရော … နာရီဆရာ ကိုကြင်ရွှေကိုရော မျက်စိထဲမှာ ပေါ်လာတယ်ဗျာ…။
စိတ်မကောင်းလိုက်တာ…။
သာအေးကတော့ သူ့မိန်းမ မိသန်းလောက် မဆိုးဘူးဗျ…။ ကျုပ်က ရှိနေတယ် မဟုတ်လား…။
အိန္ဒြေ ဆည်ထားနိုင်တယ်…။
အေးပေါ့ကွာ…။ စိတ်မကောင်းစရာကြီးပါတဲ့…။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲတဲ့…။ လောကဓံတရားဆိုတာ ဒီလိုပါပဲတဲ့..။
မဆိုးဘူးဗျ…။ သံဝေဂလေးနဲ့…။ ဒါပေမယ့် မိသန်းဆီက နာရီပြန်တောင်းပြီး သူ့လက်မှာ ပြန်ပတ်ထားလိုက်တယ်…။
သိတယ်မဟုတ်လား…။
ပေါင်စရာမလိုတော့ဘူးဆိုတဲ့သဘောလေ…။
မိသန်းလည်း အတော် စိတ်လက်ပေါ့ပါး သွားပုံပဲ…။ ကုန်နေတဲ့ ရေနွေးကရားကို ထပ်ဖြည့်ဖို့ ဆိုပြီး ယူသွားတယ်…။
အိမ်ထဲကို ဝင်သွားရင်း သူတို့ဆီမှာ သာအေးကို အကူလုပ်ပေးရတဲ့ လက်သမားကောင်လေး ငထွန်းကို
သွားခေါ်ရဦးမယ်လို့ ပြောသွားတယ်…။
အင်း… သာအေးတို့ စီးပွားတက်ပြန်ပြီပေါ့ဗျာ…။
စိတ်ဓါတ်ဆိုတာ အတက်အကျ တယ်သိသာတာပဲ…။ မိသန်းက အကြမ်းအိုး လာချတယ်…။ မျက်နှာက ကြည်လို့..။
သာအေးဆိုတာလည်း ဘယ်လောက်များ စိတ်လက်ပေါ့ပါးသွားလဲ..၊
စိတ်ဓါတ်တက်သွားလဲ ဆိုရင် ကျုပ်ကို ခြောက်ပွဲဆက်တိုက် နိုင်တယ်လေ…။
တစ်ပွဲ တစ်ပွဲ ဘာမှ မကစားလိုက်ရဘူး…။
ကျုပ်စိတ်ကတော့ ဘရင်ကြီးတို့ ကြင်ရွှေတို့အတွက် တွေးမိနေတော့ ဘယ်ကောင်းနိုင်ပါ့မလဲဗျာ…။
သိပ်ကြီး ခင်လှတာတော့ မဟုတ်ပါဘူး…။
ဒါပေမယ့် သိတော့ သိတယ်လေ…။
ဒါနဲ့… ကျုပ်လည်း ကျားထိုးရတာ စိတ်မပါတော့ဘူး…။ ဆက်ထိုးနေလည်း ဆက်ရှုံးမှာပါပဲ…။
ဒါနဲ့ သတင်းလေးဘာလေးတော့ မေးဦးမှ ကောင်းမှာဆိုပြီး ပြန်ဖို့ လုပ်နေတုန်း…
သာအေးတပည့် ငထွန်း စက်ဘီးနဲ့ ပေါက်ချလာတယ်…။ မိသန်းက အိမ်ဝက ဆီးတဲ့ပြီး သူလာတာ အတော်ပဲ တဲ့.။
လိုက်တောင်ခေါ်တော့မလို့လို့ ဆီးပြောတယ်…။
ဒါပေမယ့် ငထွန်းက အမောတကောပဲ ပြောချလိုက်တယ်။
မနက်က ကား ချောင်းထဲကျသွားလို့ ဒါဏ်ရာရကုန်တဲ့ လူနာတွေ ကို လှည်းတွေနဲ့ ဆေးရုံပို့ကြတော့ သူလည်း ပါတယ်တဲ့။
ဘယ်ပုံဘယ်နည်း ဖြစ်ပျက်ကုန်တာကအစ အကုန်ပြောပြတယ်…။
သူလည်း ဖတ်ဖတ်ကို မောနေတာပဲတဲ့…။
ကားတံတားက သိပ်မမြင့်လှဘူး ဆိုပေမယ့် ချောင်းရေ နည်းနေချိန် ဆိုတော့ ပိုဆိုးတယ်တဲ့…။
ဒါပေမယ့် ဘုရားဖူးယာဉ်မို့ ဘုရားကယ်တာ ဧကန်ပါပဲတဲ့။ ကားပေါ်မှာ ပါသွားတဲ့ လူအားလုံး တစ်ယောက်မကျန်
ဒဏ်ရာအသီးသီး ရကြပေမယ့် သေလောက်အောင်တော့ တစ်ယောက်မှ မထိခိုက်ကြဘူးတဲ့။ ပွန်းတာ ပဲ့တာတော့
တော်တော်များဆိုပဲ။
အဲ… နှစ်ယောက်ကတော့ လက်ကျိုးသွားသတဲ့။
ကိုဘရင်ကြီးတစ်ယောက်ပဲ ဘယ်ဘက်ခြေထောက်က ဂီယာနဲ့ ညပ်နေပြီး ကျိုးသွားသတဲ့။
ဒါလည်း အသက်နဲ့ အဝေးကြီးပါပဲတဲ့။
ဘုရားဖူးယာဉ် မဟုတ်လား။
သိကြားမတာကတော့ဖြင့် သိပ်ကို ထင်ရှားနေပါတယ်လို့ တစ်မြို့လုံး ဝမ်းသာအားရ ပြောနေကြတဲ့ အကြောင်း…၊
ဆေးရုံမှာလည်း ကိုဘရင်ကြီးတစ်ယောက်ပဲ သုံးလေးရက် နေရမှာ ဖြစ်ကြောင်း သတင်းကောင်း ချည်း ပါပဲဗျား…။
ကျုပ်က နာရီဆရာ ကြင်ရွှေနဲ့ စပယ်ယာ ပေါက်စရောလို့ မေးကြည့်တော့ ကြင်ရွှေကတော့ မေးစေ့မှာ နှစ်ချက်ပဲ
ချုပ်ရတယ်တဲ့…။
ပေါက်စကတော့ ချုပ်ရပြုရလောက်အောင်တောင် မဆိုးပါဘူးတဲ့။
ကောင်းပါလေ့ဗျာ…။
ကျုပ်ကတော့ သိပ်ဝမ်းသာသွားမိတာပါပဲ…။ သာအေးလည်း သိပ်တော့ မဆိုးဘူးဗျ…။
ဘုရားဖူးတွေ အန္တရာယ်ကင်းတာဟာ တကယ့် ဝမ်းသာစရာပါပဲ ဘာညာနဲ့ ပြောဖေါ်ရပါတယ်…။
မိသန်းကတော့ သာအေးဆီက နာရီကို ပြန်တောင်းပြီး ပေါင်ဖို့ ထွက်သွားလေရဲ့…။
ဝင်းဖေ
၁၉၉၀၊ ဇွန်လထုတ်
ရင်ခုန်ပွင့် မဂ္ဂဇင်း မှ
33 comments
surmi
October 1, 2012 at 10:26 am
ပထမတစ်ပုဒ်လို ကျနော်လည်းစိတ်ဖြေဖူးသဗျ
ကျွဲရိုင်းအချိုရည်နဲ ့ ဆိုဒါ လေးနဲ ့စပ်ပြီးတော ့သောက်တာ
တကယ်အရက်သောက်တဲ ့သူတွေလို အရက်ဝိုင်းမှာ
လေပေါနေမိတယ်ဗျို ့
အဲ ဒုတိယပုဒ်ကတော ့ တကယ်သဘာဝကျသဗျ
ကမောက်ကမဖြစ်စဉ်ထဲက အစီအစဉ်တကျလေးပေါ ့
လူ ့သဘာဝစရိုက်လေးတွေကို လက်တွေ ့ဆန်ဆန်တွေးပြီးရေးထားတာ
အတုယူစရာပါပဲ ။ဒီလိုတွေးမိရေးတတ်အောင် မဖြစ်နိုင်ပေမဲ ့ အားတော ့
အကျသားဗျာ ။
ဒါနဲ ့ အစ်ကိုပျောက်ချက်သားကောင်းနေတယ်နော် ။ဂဇက်ကိုလည်းပစ်မထား
ပါနဲ ့ဦး ။ ချိုပေါ ့ကျလည်းမသောက်ရတာကြာပေါ ့။သတိယပါရဲ ့ဗျာ
Shwe Tike Soe
October 1, 2012 at 12:23 pm
စာတော့ပီးမှဖတ်တော့မယ် ကော့မန်. အရင်ပေးထားတာ…. သေရွာပြန် ကလောင်လက်အတွက် နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျ…
ဦးဘလက်ကြီးကို အားလုံးက သတိရနေကြတယ်………… ဟုတ်တယ်ဟုတ် ရွာသူား တွေရေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
:hee: :hee:
ရွှေ ကြည်
October 1, 2012 at 3:07 pm
ဟုတ်ပ သတိရနေတာ..။
ချိုပေါ့ကျ မသောက်ရတာကြာနေပြီနော် ဦးဘလက်ရေ..။
ကိုရွှေတိုက်လိုပဲ စာနောက်မှဖတ်တော့မယ်နော်..။
ကြည်ဆောင်း
October 1, 2012 at 12:27 pm
နှစ်ပုဒ်လုံးမဖတ်ဘူးသေးဘူး ..
ဖတ်ရတာ အရသာရှိလိုက်တာ ..
ဪ … လူ ..လူ..လူ..လို့ဘဲ ရေရွတ်မိတော့တယ် …
တကယ့်လူတွေပါဘဲ ..
စိန်ဗိုက်ဗိုက်
October 1, 2012 at 12:28 pm
အလဲ့
ယာအိမ်မူး ဗိုက်ကလေးကို ဧည့်စာရင်းမတိုင်ပဲ ခရီးရက်ရှည် ထွက်သွားတာ တစ်မှု
ပြန်လာတာလည်း ယာအိမ်မူးကို သတင်းလာမပို ့တာ တစ်မှု
နှစ်မှုဆိုတော့ ဘီအီး နှစ်လုံး လာဘ်ထိုးရမယ်..
သဂျီးကတော့ ကျုပ်ကို ဝါဒီထောင်လို ့ဆိုပြီး တွေ ့တာနဲ ့ သပ်ထိုးမယ်လုပ်နေလို ့..ပြေးနေရတယ်ဗျို ့..
kyeemite
October 1, 2012 at 1:58 pm
ရွာထဲပြန်လာတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း
ဦးစွာပြောပါရစေ ကိုဘလက်ရေ….
ပထမ ဝတ္ထုတိုလေးကိုဖတ်ခဲ့ဖူးတယ်ဗျ…ကြိုက်လည်းကြိုက်ခဲ့ပါတယ်
အရေးအသားကလည်းသွက်တော့ ဖတ်ရတာရှလွှတ်ခနဲ့ပဲ…
ပုဂ္ဂိုလ်ရေး ကြည်ညို ယုံကြည် လွန်းတော့ သူလုပ်နေတာမဟုတ်မှန်းသိသိ
ချည်းနဲ့ ကျောက်ပြီး ပြန်မမေး၊ ပြန်မပြောရဲ ..သူလုပ်သလိုတောင်လိုက်လုပ်လိုက်သေး…အင်းဒါမျိုးအဖြစ်တွေ
နှစ်ပေါင်းများစွာကြုံလာခဲ့ပြီးပါပကော..ဗျာ…
ဒုတိယအပုဒ်အတွက်နောက်တစ်ခါပြန်လာပါအုံးမည်။ :ha: :om: :kwi:
shwe pont
October 1, 2012 at 2:04 pm
ဝတ္ထုတို ၂ ပုဒ်လုံး အရမ်းဖတ်လို ့ကောင်းပါတယ်။ ခုလိုတကူးတက တင်ပေးတဲ့ စေတနာကိုလည်း လေးစားပါတယ်။
ဦးဘလက် နောက်ထပ်တင်မဲ့ ဦးဝင်းဖေရဲ ့လက်ရာများကို စောင့်ဖတ်နေပါမယ်။
ဝတ္ထုတိုကို ဖတ်ရတဲ့အရသာကိုအရမ်းကြိုက်ပါတယ်။ ခေတ်စကားနဲ ့ပြောရရင် ထိ တယ်ပေါ့။ 🙂
kyeemite
October 1, 2012 at 2:26 pm
အင်း..ဒုတိယအပုဒ်တော့ မဝေဖန်တတ်အောင်ပါပဲဗျာ…
ဆရာကြီးအဆင့်တွေဆိုတော့လည်း ရေးတတ်လိုက်တာ အချက်
ကျကျ..ထိထိမိမိ..စာရေးနည်းလေးပဲအတုခိုးသွားမိကြောင်းပါ…
စဂါးမစပ် ..ဒီဇတ်မျိုး ဆင်ဆင် ရုပ်ရှင်ကြည့်ဖူးတယ်ဗျ…
ထုံးစံအတိုင်း သုဘရာဇာလုပ်တဲ့ဇတ်လိုက်ကျော်ကြီးက
ကျော်ဟိန်းပေါ့ဗျာ…ဇတ်ကားနာမည်တော့မမှတ်မိတော့ဘူးဗျို့..
ဘာပဲပြောပြော ကိုဘလက်စာလေးတွေပြန်တွေ့ရတာဝမ်းသာပါသဗျာ…
:hee: :gee:
ကြောင်ဝတုတ်
October 1, 2012 at 2:30 pm
အဘရေ…
အဘပြန်လာတော့ အရမ်းဝမ်းသာတယ်ဗျာ…
အခုတော့ စာမဖတ်နိုင်သေးဘူး… သေသေချာချာအိမ်ရောက်မှဖတ်ပါ့မယ်…
အဘရေ… တစ်ရက်လောက်တွေ့ကြမယ်ကွယ့်
ခင်မင်လျက်-
တူလေး ကြောင်ဝတုတ်
Shwe Tike Soe
October 1, 2012 at 4:27 pm
အိမ်ရောက်တော့လဲ ဖတ်ဖြစ်မယ် မထင်ပေါင်ဗျာ……. အိမ်က ဖက်စရာကြီးက စောင့်နေမယ်မလား…….. အပိုတွေ ကွာ……………….. ဟွန်.
amatmin
October 1, 2012 at 2:44 pm
အူးလေး…တင်ပေးတဲ့ ဇ ဆရာ ရဲ့ စာတွေကို
ကောင်းကောင်းဖတ်သွားပါတယ်ဗျ..
ရွာ့အရက်သမား ဆိုတော့လည်း အရက်အကြောင်းဝတ္ထုဆိုတာ နဲ့ကို
အပြေးအလွှားလာဖတ်ရတာပါပဲ.ကျောင်းဒကာရယ်. 😛
ဒါနဲ့ ချိုပေါ့ကျ လည်း ပြန်သောက်ရဖို့ မျှော်နေပါ့မယ်.နော့ 🙂
Ma Ei
October 1, 2012 at 3:08 pm
ပေဖူးလွှာ၊မဟေသီ တို့နဲ့ ကြီးခဲ့ရသူမို့
ချက်ကြီးအတွက်ကို မှတ်မိနေတယ်…
စိတ်ခံစားမှုကတော့ အထူးအဆန်းပါဘဲ…
ခေါက်တော့ မခေါက်ကောင်းပါဘူး ကိုတော့
ခုမှဖတ်ရတာပါ… စီးပွားနဲ့ယှဉ်လာတဲ့ လောဘ
သင့်၏ မသင့်၏ ၊တွေးတော ဘို့လိုအပ်ကြောင်း
အပြကောင်းလေးလို့ ထင်မိပါတယ်…
kai
October 1, 2012 at 3:29 pm
ဟိုး..တလောက.. အယ်လ်အေမှာလုပ်မယ့်.. မြန်မာ့ရုပ်ရှင်ပွဲတော်ကို.. ဦးဝင်းဖေကြွရောက် ချီးမြင့်ဖို့ဖိတ်တာ… ခရီးထွက်မှာမို့.. မလာဖြစ်တဲ့အကြောင်း.. အကြောင်းပြန်တယ်..
.. ပြည်တော်ပြန်တဲ့..
ဝမ်းသာမိပါတယ်..။
ဆိုတော့…
ဦးဝင်းဖေလိုလူမျိုး.. မြန်မာပြည်က.. အပိုင်ပြန်ခေါ်ထားနိုင်ဖို့ကောင်းတယ်.. ထင်မိတာပဲ..
ပြန်ခေါ်ထားလိုက်ကြဟေ့…
pooch
October 1, 2012 at 5:40 pm
ဆရာဝင်းဖေကို ဒါရိုက်တာတယောက်အနေနဲ့ပဲ သိခဲ့တာ။ မှန်တာပြောရရင် စာရေးမှန်း သိတာ သူတို့ပြည်တော်ပြန်အကြောင်း ဂျာနယ်တွေထဲပါမှ သိတာ။ ဒါပေမဲ့ ဒုတိယ ဝတ္ထုတိုလေးကိုတော့ ဘယ်မှာမှန်း မသိ ဖတ်ခဲ့ဖူးတယ်။ ရေးသူကိုတော့ အမှတ်တမဲ့ပဲ ရှိခဲ့တယ်ထင်ပါတယ်။
မီမီဝင်းဖေကိုတော့ အရမ်းကြိုက်တယ်။ ဒဏ္ဍာရီဇာတ်ကားထဲက သူ့သီချင်းတွေကို အကြိုက်ဆုံးပဲ။
warmly welcome back home ပါ ကိုဘလက် ။
ချိုပေါ့ကျကို ပြန်လည်စတင်ဖို့ရာ မျှော်နေပါတယ်။
အလင်းဆက်
October 1, 2012 at 6:54 pm
လေးလေးဘလက်ကို…. တတိရနေတာဂျ ။
ခုမှပဲ.တွေ ့ရတော့ဒယ် ။
ဦးဝင်းဖေ..ရဲ ့ ဝတ္ထု.တွေက
အင်မတန်…. ကျွမ်းကျင်တဲ ့ရေးဖွဲ ့မှုမျိုးပဲ..နော် .
ကျစ်လျစ်…ပြီး..ရိုးပေမယ့်… ထိရောက်တဲ ့ …
ရသ..မြောက်သောာ… စာမူ လေးတွေပါ ။
ဦးဝင်းဖေ..ရဲ ့ ဝတ္ထုလေး…ဖတ်ရတော့….
ဦး သာဓုရဲ ့.. ဝတ္ထုတိုတွေကိုလည်း…လွမ်းသွားတယ်ဗျာ ..
ဦးသာဓုလည်း.. ဝတ္ထုတို အတတ်ပညာမှာ..အလွန်တော်…တယ်..ဗျာ..။
နော ့
လေးလေး ဘလက်….
အခွင့်သာရင်..ဦးသာဓုရဲ ့စာစုတွေကိုလည်း…
ပြန်လည်…တင်ပြပေးပါလား..ဗျာ ။
လေးစားစွာ….
အလက်ဆင်း
အရီးခင်လတ်
October 1, 2012 at 6:57 pm
ရေးးးးးးးးးး
ဝါကျွတ်အမှီ ပြန်လာပြီ။
မသောက်ရတာကြာတဲ့ ချိုပေါ့ကျလေး ကို အများ မျှော်နေကြပါသရှင်။
အင်မတန် ဝမ်းမြောက်ရွှင်လန်း ဖြစ်မိပါ၏ ကဘချောရေ။
ကြည့်ရတာ မီမီဝင်းဖေ ကို ပြန်အတွေ့ ငယ်မူငယ်သွေး ပြန်ရသွားတယ် ထင်ရဲ့။ :kwi:
ဒဿ ဖွတ်ကျား
October 1, 2012 at 8:42 pm
မမန့် ဝူးဂျာ ရေးဂျင်တာရေး. ဟွန်းးးးး
ခီညားကို စိတ်ကောက်တယ်
ချော့တော့ ဒါဗျဲ.
ပုံ
နှူးဘာဂီ့
padonmar
October 1, 2012 at 11:29 pm
ဦးဝင်းဖေပြည်တော်ပြန်လာတာ ကြိုဆိုပါတယ်၊
မီမီဝင်းဖေ ပြည်တော်ပြန်လာတာလည်း အထူးကြိုဆိုပါတယ်။
ဗလကြီး ကိုဘလက် ပြည်တော်ဝင် လာတာလည်း အထူးအထူး ကြိုဆိုပါတယ်။
ဘယ်သူ့ကိုမှ ပြန်မလွှတ်တော့ပါကြောင်း။
(စိတ်ကောက်နေတဲ့ အပေါ်က ကောင်မလေးကို ဘယ်လိုချော့ရမယ်ဆိုတာ သိတယ်မလား)
Shwe Ei
October 2, 2012 at 11:29 am
၁၉၉ဝလောက်ကအရေးအသားတွေက တကယ်မိုက်တာဘဲနော်။
အခုနောက်ပိုင်းစာသိပ်မဖတ်ဖြစ်တော့ ဘယ်သူဘယ်လောက် အရေးကောင်းလဲ မသိတော့ဝူး။
တခေတ်ပီးတခေတ် ပြောင်းလဲသွားတဲ့ အရေးအသားလေးတွေပါ ချပြပါလား အန်ကယ်ဘလက်ရေ့။
ဟိဟိ ခရီးရောက်မဆိုက် အမောဆို့အောင်လုပ်လိုက်အုံးမယ်။ :kwi:
htet way
October 2, 2012 at 1:28 pm
ဒီလိုဖေါ်ထုတ်ပေးတာကျေးဇူးပါဗျာ
ကိုဘလက် စာရေးပါ အလုပ်ရှုပ်တာ လည်း မှန်ပါတယ် ဗျာ။
ကျွန်တော်က ခင်ဗျားစာတွေ ဖတ်ချင်နေပါတယ်။
ရဲစည်
October 2, 2012 at 2:54 pm
ဟယ်လို အူးလေး ပြန်လာတဲ့ အတွက် ဝမ်းသာ အားရ ကြိုဆိုပါကြောင်း
Wow
October 2, 2012 at 5:03 pm
ဦးဝင်းဖေရဲ့ ချက်ကြီးတို့လင်မယားဝတ္တုကို ဖတ်ဖူးပြီးကြိုက်လဲကြိုက်တယ်… ဝတ္တုတိုပေါင်းချုပ်တောင်ထွက်ဖူးတယ်ထင်တယ်.. သူရေးတဲ့ “အိုင်အိုဝါသားတွေမသိပါစေနဲ့ဗျာ” ဝတ္တုတိုလေးဆိုတော်တော်သဘောကျတယ်…
ရွှေ ကြည်
October 2, 2012 at 5:38 pm
ဦးဝင်းဖေက အရေးအသားတော်တော်ကောင်းတာပဲ..။ နှစ်ပုဒ်စလုံးကိုကြိုက်တယ် ရိုးရှင်းတဲ့အရေးအဖွဲ့တွေနဲ့ဆွဲဆောင်နိုင်တယ်..။ သဘာဝကျအောင်လည်းရေးနိုင်တယ်..။
ဦးဘလက်ရေကျေးဇူးပါနော်..။
blackchaw
October 3, 2012 at 10:14 am
@ surmi :
သတိရနေတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ကိုဆာမိရေ…။
အွန်လိုင်းပေါ်တက်ဖို့ အချိန်ကို မရတော့တာဗျ…။
ဘာပဲဖြစ်ဖြစ် ပထမဆုံး ရေးပေးတဲ့ ကွန်းမန့်လေးအတွက်
ကျေးဇူးအထူးပါ ခင်ဗျာ…။
@ Shwe Tike Soe :
ဆရာဝင်းဖေရဲ့ ဝတ္ထုတိုလေးတွေကို ဖတ်စေချင်တဲ့ စေတနာက အဓိက ပါဗျာ…။
အားလို့ အဆင်ပြေမယ်ဆိုရင် နည်းနည်းလေး ဖတ်ကြည့်စေချင်ပါတယ်…။
ညီလေးရဲ့ ကွန်းမန့်ကို ဖတ်ရတာ အချမ်းပြေသွားတယ်ဗျာ…။
ဆိုလိုတာက နွေးထွေးလွန်းပါတယ်ပေါ့ … နော့ …။
@ ရွှေကြည် :
စာနောက်မှ ဖတ်မယ်ဆိုပေမယ့် ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ် ရွှေကြည်ရေ…။
ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
@ ကြည်ဆောင်း :
ဖတ်သွားတယ်ဆိုတဲ့ အတွက်ရော
ဖတ်ရတာ အရသာရှိတယ် ဆိုတဲ့အတွက်
ဆရာဝင်းဖေ ပရိသတ်တစ်ယောက်အနေနဲ့
ကျေးဇူးတင် ဝမ်းသာရပါတယ် ကိုကြည်ဆောင်းရေ…။
@ စိန်ဗိုက်ဗိုက် :
ခွင့်လွှတ်ပါ ယာအိမ်မူး ရေ…။
သတင်းမပို့မိတာအတွက်လည်း ထပ်တောင်းပန်ပါတယ်…။
လာမယ့် သောကြာနေ့ အောက်တိုဘာ ၅ ရက်ညနေမှာ
လာဘ်ထိုးမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားစေလိုပါကြောင်း…။
@ kyeemite :
ကျေးဇူးပါ ကိုမိုက်ရေ…။
ဒီလိုဝတ္ထုတိုလေးတွေက ဖတ်ပြီး ပြီးမသွားပဲ
တစ်စိမ့်စိမ့်တွေးဖို့ အတွေးစတစ်ခုပေးခဲ့တဲ့ ဝတ္ထုတိုလေး တွေပါခင်ဗျာ…။
အရသာကတော့ ဖတ်သူရဲ့ အခံအပေါ်မူတည်ပြီး ကွဲပြားကောင်းကွဲပြားမှာပါ…။
ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ဗျာ…။
@ shwe pont :
ကျေးဇူးပါ ရွှေပုံ့ရေ…။
ဦးဘလက် ကိုယ်တိုင် တကယ် ကြိုက်ခဲ့ (အသက် ၂ဝလောက်က ကြိုက်ခဲ့တာနော်)
စွဲလမ်းခဲ့တဲ့ ဝတ္ထုတိုလေးတွေမို့ ပြန်တင်ပေးဖြစ်တာပါ…။
ဒါပေမယ့် ခွင့်တောင်းပြီးမှ တင်ရင် ပို ကောင်းမှာပါ…။
နောက်ထပ်ဝတ္ထုတိုလေးတွေ ကို တင်မယ်ဆိုရင်တော့
ဆရာဦးဝင်းဖေကို ကြိုးစားဆက်သွယ်ပြီးတော့ ခွင့်တောင်းပါမယ်ဗျာ…။
ခွင့်ပြုတယ်ဆိုရင်တော့ ဖတ်ရစေ့မယ်ဗျာ…။
Crystalline
October 3, 2012 at 10:29 am
ကော်ပီလုပ်ထားတယ်နောက်မှအေးဆေးဖတ်မယ်.. တလောက သီချင်းဆိုပြိုင်ပွဲတခုမှာ ဆရာညီညီသွင်ရေးပြီး ဦးထူးအိမ်သင်ဆိုခဲ့တဲ့ချိုပေါ့ကျသီချင်းလေးကို ပြိုင်တဲ့သူတွေဆိုတာနားထောင်ရတယ်..ထူးအိမ်သင်ဆိုတာ မကြားဖူးတော့ သူတို့ဆိုတာကိုတော်တော်လေးသဘောကျမိတယ်. ချိုပေါ့ကျသီချင်းနားထောင်ရင်း ဦးဘလက်ရဲ့ချိုပေါ့ကျနဲ့တွဲပြီး သတိယမိသွားတယ်.
blackchaw
October 3, 2012 at 10:31 am
@ ကြောင်ဝတုတ် :
ကျေးဇူးပါ သားရေ…။
ဘယ်တော့မှ ဖတ်ဖတ်ပါ.. ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းပါတယ်…။
တွေ့တဲ့အခါ ကြုံကြတာပေါ့ တူလေး ရေ…။
အဟွတ် အဟွတ် အဟွတ်…
အင်း… ကျန်းမာရေးက သိတ်မကောင်းလှဘူးကွယ်…
ကွန်းမန်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါ ဗျာ…။
@ Amatmin :
အဲဒီ ချက်ကြီးအတွက် အရက် ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ပြီး
အရက် မှာတင်ရပ်မနေပဲ နည်းနည်း ကျော်တွေးစေချင်ပါတယ်…
ညီလေးရေ…။
ဘယ်လိုပဲ ပြောပြောပေါ့
ဆရာဘမင်းလို ဆရာမျိုးတစ်ယောက်လောက်တော့ ရှိစေချင်မိတယ်ဗျာ…။
အော် … အရက် … အရက် … ။
@ Ma Ei :
ဖတ်လည်း ဖတ် … ကွန်းမန့်လေးလည်း ရေးပေးသွားတဲ့အတွက်
ကျေးဇူးတင်ပါတယ် မအိရေ…။
@ အလင်းဆက် :
သတိရပေးတာအတွက် ကျေးဇူးပါ အလင်းဆက်ရေ…။
ဒီပို့စ်လေးက ဦးဝင်းဖေရဲ့ လက်ရာလေးတွေကို ကြိုက်လည်းကြိုက်လွန်းလို့
ဖတ်လည်း ဖတ်စေချင်လို့ တင်ပေးတာပါ ဗျာ…။
ဦးသာဓုနဲ့ ဦးဝင်းဖေ ဝတ္ထုတွေက နည်းနည်းများဝေးသလားလို့…။
ကျွန်တော်က ဦးသာဓု တော့ တစ်ခါမှ မကြိုက်ဖူးဘူးဗျ…။
ဦးသာဓုထက်စာရင် သုမောင် ကို တောင် ပိုကြိုက်မိနေသေး…။
ဆိုတော့…
ဦးသာဓုစာတွေနဲ့ ကျွန်တော်က မနီးစပ်တဲ့အတွက်
တင်မပေးနိုင်တာ ခွင့်လွှတ်ပါ အလင်းဆက်ရေ…။
@ Wow :
အဲ … Wow က ဦးဝင်းဖေ ဝတ္ထုတွေနဲ့ သိတ်မစိမ်းဘူးလို့ ထင်ပါတယ်…။
အိုင်အိုဝါသားတွေမသိစေနဲ့ ဆိုတဲ့ ဝတ္ထုလေး ကျွန်တော်လည်း ဖတ်ဖူးပါတယ်…။
ပြသဒါးတွေ ရက်ရာဇာတွေ နဲ့ ရှုပ်ယှက်ခတ်နေတဲ့ မြန်မာတွေကို သရော်ထားတဲ့ ဝတ္ထုလေးလို့
မှတ်မိနေပါတယ်…။
ကျေးဇူးပါဗျာ…။
@ ရဲစည် :
ဝမ်းသာအားရကြိုဆိုတဲ့အတွက် ဦးလေး ပြန်လာပါကြောင်း …
တူတော် ဗလာဒီမာ ရဲစည် ရေ …။
amatmin
October 3, 2012 at 2:41 pm
ကိုဘလက်ရေ..
အရက်သမားဆိုတော့ အရက်အကြောင်းများပါလာရင် ဝင်ပြောချင်တာနဲ့
လိုရင်းကိုမရောက်လိုက်မိဘူးး… 😛
ချက်ကြီးအတွက် အရက် ဝတ္ထုဖတ်ပီး ကျနော်မြင်တာတော့..
ရေကို အရက်ပုလင်းထဲ ထဲ့ပီးမူးအောင်လုပ်သောက်တာကို ပြချင်တာထက်..
နေ့တိုင်းသောက်နေရတဲ့ရေကို အရက်လုပ်သောက်တာ မမူးမှန်းသိပါရက်
ကျနော်တို့ လူမျိုးမှာ ဖြစ်တတ်တဲ့..ကိုယ်အထင်ကြီးလိုက်မိသူ..လေးစားထားပီးသူ..
ဆရာတင်ထားမိသူက..ရှေ့ကနေဘာလုပ်လုပ်..
ဘာပြောပြော.ဘယ်လမ်းလျှောက်လျှောက်
မငြင်းမဆန် ဖင်ပိတ်ပီးလက်ခံ..တတ်တဲ့.အကျင့်စရိုက်တွေကို
သရော်တော်တော် ရေးတယ် ထင်မိတာပဲ..
စာတပုဒ်ဆိုတာက ဖတ်သူရဲ့ စိတ်အတွေးကိုလိုက်ပီး
ကြိုက်သလို ပုံဖော်နိုင်တယ်လို့ ပြောကြသကိုးး..
weiwei
October 3, 2012 at 10:45 am
ကျွန်မကတော့ ဦးဝင်းဖေကို အသံနဲ့ပိုပြီး ရင်းနှီးပါတယ် …
ဘီဘီစီက ဝင်းဖေလွယ်အိပ် ပရိတ်သတ်တစ်ယောက်ဖြစ်ခဲ့ပါတယ် … (အခုတော့ ဘီဘီစီနားမထောင်ဖြစ်တာကြာပြီ …)
blackchaw
October 3, 2012 at 11:00 am
@ Kai :
ဦးဝင်းဖေက သူ့ ချစ်သည်းကြီး (မီမီဝင်းဖေတို့ အမေ)
မျက်စိခွဲရမှာမို့ အမေရိကားကို ပြန်မှာတဲ့ခင်ဗျာ…။
ကြိုပြောထားပါတယ်…။
ဆိုတော့
မြန်မာပြည်ကလိုအပ်တဲ့ ဇ ရှိသူတွေထဲမှာ
ကျွန်တော်တို့ရွာရဲ့ပဲ့ကိုင်ရှင် သူကြီးတို့ မိသားစုတစ်စုလုံး ပါတယ်ထင်မိတာပါပဲ ခင်ဗျာ…။
လမ်းတွေကလည်း ဖြူးလို့
တံခါးတွေကလည်း ပွင့်နေပါပြီ…
ပြန်လာခဲ့ပါ သူကြီးမင်းခင်ဗျား…။
@ pooch :
နွေးထွေးစွာ ကြိုဆိုမှုအတွက် ကျေးဇူးပါ တူမတော် ပုချ်ရေ…။
ပို့စ်ထဲမှာ ထည့်ရေးခဲ့တာလေးအတွက်လည်း ကျေးဇူးအထူးတင်တယ်ပါတယ် ဗျာ…။
အချိန်အားရခဲ့ရင် ချိုပေါ့ကျ ပြန်ရေးဖို့ ကြိုးစားဦးမယ် ဖြစ်ပါကြောင်း…။
@ အရီးလတ် :
မှန်ရာပြောရရင် မီမီဝင်းဖေ က ကျွန်တော့်အတွက်တော့
တစ်ခါမှ ရင်ခုန်စရာမကောင်းခဲ့ပါဦး အစ်မရေ…။
စကားအတင်းစပ်ရရင်ဖြင့်
အစ်မကျွန်တော့်ကို ခေါ်တဲ့ ကဘချော ဆိုတဲ့နာမည်ကိုတော့
မြန်မာပြည်ထဲ စာရေးရင် ကလောင်အမည်အဖြစ်အသုံးပြုခွင့်ပြုပါလို့
ခွင့်တောင်းလိုက်ပါကြောင်း…။
ဘချော ဆိုတဲ့နာမည်နဲ့ စာရေးဖို့ ကြိုးစားမယ် အစ်မရေ…။
@ ဂီဂီ :
စိတ်ကောက်ပေမယ့် ဝင်ရေးသွားတဲ့ ကွန်းမန့်လေးအတွက်
ကျေးဇူးပါ ဂီဂီရေ…။
အော် …
ပို့စ်လေးတစ်ပုဒ်တင်ပြီး ချော့ဦးမှပါဗျာ…။
နောက်တင်မယ့်ပို့စ်လေး စောင့်သာဖတ်ပေတော့ ဗျို့…။
@ Padonmar :
အစ်မရေ … ။
အထူးအထူးကြိုဆိုတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ခင်ဗျာ …။
@ Crystalline :
ချိုပေါ့ကျ ကို သတိရပေးတဲ့အတွက် ကျေးဇူးပါ ဗျာ…။
ဆရာဦးဝင်းဖေ ဝတ္ထုလေတွေကိုလည်း ဖတ်ဖြစ်အောင် ဖတ်ကြည့်စေချင်ပါတယ်ဗျာ…။
Crystalline
October 3, 2012 at 1:17 pm
ဝတ္ထုတိုလေးနှစ်ပုဒ်ဖတ်ပြီးသွားပြီ..ပထမတပုဒ်က နောက်ဆုံးအထိဆွဲခေါ်သွားပေမယ့် အဆုံးသတ်ကျတော့ ကိုယ်ကလည်းတုံးလွန်းလို့လားမသိဘူး.. ပေးချင်တဲ့မက်ဆိမရလိုက်ဘူး..ပုလင်းလွတ်ကရေနဲ့ ဘာကြောင့်မူးလည်းမသိ.. အရင်ကတည်းကသောက်လာတာထင်တယ်နော်.. :kwi: .. ဒုတိယအပုဒ်လေးကိုတော့ သဘောကျမိတယ်.
kai
October 3, 2012 at 3:38 pm
မြန်မာပြည်မှာ.. ဘာလုပ်စားရမှန်းမသိလို့…
လုပ်တတ်သလားဆိုတော့.. နိုင်ဂျံဂါးမှာ.. တိုက်မြင့်မှန်တွေတက်သုတ်တာကနေ.. ယူအက်စ်သမ္မတရွေးပွဲကန်ပိန်းပွဲတွေအထိ လိုက်တက်ကူညီလုပ်ဖူးတယ်..
ဆိုတော့…
တောထဲသွား.. စပါးစိုက်.. စပါးနယ်ရင်း.. နေချင်မိသား.. :kwi:
blackchaw
October 3, 2012 at 11:04 am
@ weiwei :
နောက်ကျနေတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
ဒီလထဲမှာတော့ ချိန်ခွင်ပိုင်ရှင် တူရာသီဖွားတွေရဲ့ မွေးနေ့တွေ ဖြတ်သန်းကြရဦးမှာပါ…။
အရင်ဆုံး အောက်တိုဘာ ၅ ရက် မွေးနေ့ရှင် အမတ်မင်းလေး..၊
အောက်တိုဘာ ၂၁ မွေးနေ့ရှင် ဘလက်ချော..၊
အောက်တိုဘာ ဘယ်နှစ်ရက်မှန်း မသိတဲ့ မွေးနေ့ရှင်
အန်တီဝေ … ၊
စသည်ဖြင့်ပေါ့ဗျာ…။
ကြောင်ဝတုတ်
October 3, 2012 at 11:44 am
ဒုတိယစာလေးကို ပိုကြိုက်မိတယ်…
အဲဒါက ဘာလဲဆိုတော့ တပါးသူရဲ့အသက်နဲ့ဆက်ပြီး အသက်မွေးသူမို့တစ်ကြောင်း၊
ခက်ခဲတဲ့အသက်မွေးဝမ်းကြောင်းပေါ်မှာ ရပ်တည်နေတဲ့မိသားစုများမို့တစ်သွယ်၊ စိတ်ခံစားမှုရသများက အလွန်တရာထိမိပါကြောင်း…
အစ်ကိုကြီးရွှေတိုက်စိုးရေ…
သေသေချာချာဖြတ်ပြီးသွားကြောင်းနော်…
နောက်တစ်ခုက…
သောက်မယ်ဟေ့…
(၅)ရက်နေ့တစ်ပွဲ… (၂၁)ရက်နေ့တစ်ပွဲ….
ခင်မင်လျက်-
ကြောင်ဝတုတ်