အိမ်နီးနားချင်း

etoneJuly 13, 20104min430

အမေမရှိတော့ကတည်းက ဒီတိုက်ခန်းလေးကို ကျွန်မတို့ မိသားစုပြောင်းလာခဲ့တာ။ ပထမထပ်ဆိုတော့ လှေကားနှစ်ဆစ်ချိုး တက်ရုံသာ။ မြို့ထဲ နဲ့လည်းနီး၊ ဈေးနီး၊ ကျောင်းနီးဆိုတော့ အဖေက ဒီအိမ်ကို ဝယ်ဖို့ စိတ်ဆုံးဖြတ်လိုက်တာ။ အမေခေါင်းချခဲ့တဲ့ အရင် တိုက်ခန်းမှာ အဖေသာမက ကျွန်မတို့လည်း မနေချင် တော့လို့ အခု ဒီအခန်းကို အဖေဝယ်ယူလိုက်တော့ ကျွန်မတို့မောင်နှစ်မ သဘောတူ ထောက်ခံခဲ့တာ။ ကျွန်မအခုလို အစပျိုးနေရပေမယ့် တကယ်ပြောချင်နေတာက ကျွန်မတို့ အခန်းရဲ့ နဘေးက အခန်းနဲ့ ပတ်သက်တဲ့ အကြောင်းပါ။


ကျွန်မဟာ လုပ်ငန်းခွင်ထဲမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းသူအဖြစ် နာမည်ရပေမယ့် တကယ်တမ်း ကျွန်မရဲ့ အိမ် ပါတ်ဝန်းကျင်မှာတော့ ကျွန်မ ဟာ လူ မှုရေး ညံ့ဖျင်းသူတစ်ယောက်တောင် ဖြစ်ကောင်း ဖြစ်နေနိူင်ပါတယ် ။ ဒီတိုက်ခန်းမှာ နေခဲ့တဲ့ ၁ဝနှစ်ကျော် ကာလအတွင်း အိမ်နီးချင်းတွေရဲ့ မျက်နှာတွေကို မျက်မှန်းတမ်းမိပေမယ့်၊ သွားရင်းလာရင်း နှုတ်ဆက် ပြုံးပြဖြစ်ပေမယ့် အိမ်နီးနားချင်းတွေရဲ့ နာမည်ကိုအခုအချိန်ထိ လက်ဆယ် ချောင်း ပြည့်အောင်တောင် ကျွန်မ မသိခဲ့ပါဘူး။ ရုံးဖွင့်ရက် မနက်အိမ်က ၈နာရီထွက်၊ အိမ်ကို ညနေ ၆နာရီခွဲပြန်ရောက်။ ပိတ်ရက်ဆိုလည်း အိမ်ထဲက အိမ်ပြင်တောင် ထွက်ခဲသူ၊ ကုန်ကုန်ပြောရရင် ကိုယ့်ဘေးက အခန်းမှာ ဘယ်သူတွေနေတယ်ဆိုတာတောင် ဂဃဏန မသိတာမို့ ပေါင်းသင်းဆက်ဆံ ရေး ညံ့ဖျင်းသူလို့တောင် ဆိုလို့ရနိုင်ပါတယ်။ အခု ဘေးက အခန်းကတော့ ပြောင်းလာတာ ၂ပါတ်လောက်သာ ရှိသေးတာက လွဲလို့ကျန်တာကျွန်မ ဘာမှ မသိ။ လူဘယ်နှစ်ယောက်ပါမှန်းမသိ။ နာမည်တွေဆို ဝေလာဝေး။


တစ်နေ့မနက်မှာ ကျွန်မရုံးသွားဖို့ အိမ်တံခါးဖွင့် ခြေတစ်လှမ်းထွက်လိုက်ယုံ ရှိသေးတယ် ဆိုးဝါးတဲ့ အနံ့ဆိုးတွေကနှာခေါင်းဝကို အလုံးအရင်းနဲ့ လှိမ့်ဝင်လာပါတယ်။ ကြည့်လိုက်တော့ အခန်း၂ခန်းရဲ့ အလယ်မှာတောင် မဟုတ်၊ ကျွန်မတို့ရဲ့ အခန်းဘက်နားလို့ ဆိုလို့ရလောက်တဲ့ အခြမ်းမှာ ဒူးရင်းသီး အခွံတွေကို ပစ်စလက်ခတ် ပစ်ထားတာ ယင်တစ်လောင်းလောင်းထလို့။ စောစောစီးစီး ရုံးသွားခါနီး ကြည်လင်နေတဲ့ စိတ်ကလေး နောက် သွားပါရော။ အိမ်မှာက အမှိုက်တွေဆို နေ့စဉ် ညပိုင်းမှာ လမ်းထိပ် အမှိုက်ပုံသွားပစ်နေကြ။ ကုန်ကုန်ပြောရရင် အိမ်ထဲက ဖုန်၊ သဲတောင် အပြင် လှေကားကို လှဲမထုတ်ပဲ ဂေါ်ပြားနဲ့ ကြုံးပြီးမှ အမှိုက်ပုန်းထဲ လွှင့်ပစ်တာ။ နောက် ဒူးရင်းသီးကလည်း အိမ်မှာ ဘယ်သူမှမစား။ မတော် ကျန်တဲ့ အပေါ် ၄ထပ်၊ အခန်း ၈ခန်းက လူတွေ အဆင်းအတက်လုပ်ရင်းတွေ့ရင် ကျွန်မတို့ အိမ်ကပဲ ပစ်စလက်ခတ် ပစ်ထား သယောင်ယောင် မထင်သွား နိုင်ဘူးလား။ စိတ်ထဲထောင်းကနဲ ဖြစ်သွားပေမယ့် ရုံးချိန်နောက်ကျမှာ စိုးလို့ မြိုသိပ်ပြီးထွက်လာခဲ့ရတယ်။ ညနေ အိမ်အပြန်မှာတော့ သိချင်စိတ် တွေနဲ့ ကျွန်မလှေကားကို တက်ခဲ့တယ်။ ဟင်… အမှိုက်တွေက ပုံစံမပျက် ဒီအတိုင်းပါပဲလား။ ဆေးပေါ့လိပ်အခွံတွေ၊ စက္ကူစုတ်တွေတောင် အဆစ်ပါ လိုက်သေး။ ဒူးရင်းသီးအခွံတွေကယင်တဝဲဝဲနဲ့ အနံ့တထောင်းထောင်းထလို့။ ကျွန်မ သည်းခံလိုစိတ် ကုန်ခမ်းသွားပြီ။ လူက ရုတ်တရက် တစ်ဖက် အခန်းရှေ့ကို ရောက်သွားပြီး တံခါးကိုခေါက်လိုက်မိတယ်။


“ ဒေါက်… ဒေါက် …ဒေါက် ”


အသက် ၃ဝခန့် အမျိုးသမီး တစ်ဦး ကလေးချီလို့ တံခါးလာဖွင့်ပေးတယ် ။ သူ့ကို မျက်နှာတော့ မြင်ဘူးထားတယ်။ နာမည်တော့ မသိ။


“ ဒီမှာ.. အမှိုက်တွေကို စံနစ်တကျ စွန့်ပစ်လေ။ အပြင်မှာ ဒီလို ပြီးစလွယ်ပစ်တော့ ရောဂါလည်း ရနိုင်တယ်။ နောက်ပြီး ပစ်ထားတာကလည်း ကြည့် ဦး။ ကိုယ့်ဘက်အခြမ်းမှာတောင်မဟုတ်ဘူး။ ဒီဘက် အခြမ်းမှာတောင် ရောက်နေပြီ ”


“ ဟုတ်ကဲ့.. ဟုတ်ကဲ့.. လူမရှိသေးလို့။ သိမ်းလိုက်မယ် အစ်မ ..။ ကလေးတဖက်နဲ့မို့ပါ.. အားနာလိုက်တာ ”


ဟွန်း.. အားနာပေလို့သာဘဲ.. ။ အခုလို ပြောလိုက်ရလို့ နေသာသလို ရှိသွားပေမယ့် ကိုယ့်အခန်းဘက်သာ ပြန်ရောက်လာတယ်။ စိတ်ထဲတနုံ့နုံ့နဲ့။ ညမအိပ်ခင် တံခါးဖွင့်ကြည့်လိုက်တော့ ဒုံရင်းက ဒုံရင်း။ဒါနဲ့ မနက်လည်း မိုးလင်းရော ဒေါကန်ကန်နဲ့ ဂေါ်ပြားနဲ့ကြုံးလို့ ပလတ်စတစ်အိတ် အ ဟောင်းတစ်ခုထဲ ကောက်ထည့်။ မနက် ဈေးနားက အမှိုက်ပုံမှာ သွားပစ်လိုက်တယ်။ စိတ်လည်းတော်တော် ပျက်မိသွားတယ်။ တံခါးတော့ ထပ်မခေါက်ချင်တော့။ တွေ့လို့ကတော့ ပြောထည့်လိုက်ဦးမယ်လို့ တေးထား လိုက်မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီညနေ ရုံးက ပြန်ရောက်တော့ ဘေးခန်းက ကလေးအမေကို ကလေးချီလျှက်က လှေခါးအောက် မှာတွေ့လိုက်တယ်။ သူက ပြုံးပြီး ..


“ အစ်မ.. အလုပ်က ပြန်လာပြီလား.. နောက်ကျတယ်နော်.. ”


“ ဟုတ်ကဲ့.. ”


ကျွန်မရဲ့ ဟုတ်ကဲ့က ဝတ်ကျေတမ်းကျေမှန်း ကိုယ့်ဟာ ကိုယ်သိတယ်။ ကျွန်မအသာ သူ့ကို ကျော်ဖြတ်လို့ လှေကားအတိုင်း အိမ်ပေါ် ကို တက်ခဲ့တယ်။ ဟင်.. စက္ကူအမှိုက်တွေ၊ အပေါ့စားလေအိတ် ဖောင်းထားတဲ့မုန့်ထုတ် အခွံတွေ၊ ဆေးပေါ့လိပ် ဖင်စီခံတွေ မနက်က ရှင်းထားပေး တဲ့ နေရာမှာပြန့်ကျဲလို့ ရှိနေပြန်ပါရောလား။ မောမောနဲ့ အိမ်ပြန်အလာ ကျွန်မရင်ထဲ ကလိကလိ ဖြစ်သွားရပြန်တယ်။ ကျွန်မရဲ့ အခန်းကိုရောက် တော့ လက်ထဲက ထမင်းဘူးထည့်တဲ့ ခြင်းကို ကုလားမနိုင် ရခိုင်မဲလို့ စောင့်ချလိုက်မိတယ်။ ဒေါသစိတ်ကြောင့် ရင်က ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေပြီ။ ကျွန်မစဉ်းစားနေမိတယ်။ ငါ.. တံခါးခေါက်ပြီး သွားပြောလိုက်ရင် ကောင်းမလား။ အကယ်လို့ ဟိုနေ့ကလို ဟုတ်ကဲ့.. ဟုတ်ကဲ့နဲ့ချွေးသိပ်လိုက်ပြီး နောက်တစ်နေ့ ဒုံရင်း၊ ဒုံရင်းပဲ ပြန်ဖြစ်နေရင်ရော..။ ဟို မိန်းမက အောက်မှာ ကလေးဆင်းထိန်းနေတော့ အထဲက တစ်ယောက် ယောက်က ငါ့ကိုများ မခြေမငံပြန်ပြောရင် ငါလည်း သည်းခံနိုင်မှာမဟုတ်လို့ ခွန်းကြီးခွန်းငယ်တွေ ဖြစ်ကြရင် ရှက်စရာ။ ခွန်းကြီးခွန်းငယ် ပြောရတာလောက် ရှက်ဖို့ ကောင်းတာမရှိဘူး။ မပြောပဲ ဒီတိုင်းထားလိုက်ပြန်တော့လည်း နေ့တစ်ဓူဝ အခုလို စည်းမဲ့ကမ်းမဲ့တွေ လုပ်နေရင် ဒုက္ခပါဘဲ။ အို.. တော်ပါပြီ။ မပြော တော့ပါဘူး။ တစ်ရက်၊ နှစ်ရက်လောက် ငါစောင့်ကြည့်လိုက်ဦးမယ်။ ကျွန်မရဲ့ ဒေါသကို ကျွန်မရဲ့ အသိစိတ်က ချွန်းအုပ်လိုက်မိတဲ့ အချိန်မှာတော့ ရင်ထဲက ဒေါသတွေ လျှောကနဲ ကျသွားပါတယ်။


နောက်တစ်နေ့ မနက်ဈေးဝယ်တော့ အမှိုက်တွေက အခန်း၂ခန်းရဲ့ အဝမှာ ဒုံရင်းကဒုံရင်းသာ။ ဒါနဲ့ ဒီလူတွေကို တစ်ခုခုတော့ ပညာပေးမှ ရချေ တော့မယ်။ ဈေးထဲက ဝယ်နေကြ ပဲပင်ပေါက်သည်ဆီက နှီးနဲ့ယက်ထားတဲ့တစ်ပေခွဲအမြင့်၊ အချင်းတစ်ပေ လောက်ရှိတဲ့ အဝကျယ် အဖုံးပါတဲ့ ပလုံးတစ်ခုကို တောင်းယူလာပြီး ဈေးက ပြန်ရောက် ရောက်ခြင်း ဈေးခြင်းတောင်းလေး ဘုတ်ကနဲချ၊ အမှိုက်တွေကို သိမ်းကျုံးလို့ ပလုံးထဲထည့်၊ အဖုံးလေး အုပ်ထားလိုက်ပြီး သူတို့ အခန်းဘက်နားက နံရံနားမှာ အသာကပ်လို့ ထားလိုက်တယ်။ ဆိုလိုချင်တာက အမှိုက်တွေကို ဒီလို စံနစ်တကျ ကျုံးပြီး စွန့်ပစ်ရတယ် ဆိုတာ ပညာသားပါပါ သတိပေးလိုက်တာ။ သန့်ရှင်းသပ်ရပ်သွားတဲ့ အခန်းနှစ်ခန်းကြားက နေရာလေးကိုကြည့်ပြီး ကျွန်မ လည်း ကိုယ့်လုပ်ဆောင်ချက် ကိုယ်သဘောကျသွားတယ်။

ဒီလောက်ဆို တဖက်ခန်းကဟာတွေ သဘောတော့ ပေါက်လောက်ပါပြီ ဆိုပြီးတော့ပေါ့။


အဲ့ဒီနေ့ ညနေ ကျွန်မ ရုံးကပြန်ရောက်တော့ အခန်းဝက အမှိုက်ပုံးလေးဆီ အကြည့် ချက်ချင်းရောက်မိတယ်။ အမယ်.. မဆိုးပါ လား။ မနက်က အတိုင်း ပုံမပျက် သန့်ရှင်း သပ်ရပ်လို့။ ကျွန်မတော်တော် သဘောကျသွား တယ်။ အိမ်က လူတွေကတောင် ကျွန်မကို ချီးမွမ်းခန်းဖွင့်နေသေးလို့ ကျွန်မမှာ ပုထုဇဉ်ပီပီ ကျေနပ်မိလိုက် သေး။ ကျွန်မအိမ်က လူတွေကသိပေမယ့် တဖက်ခန်းက လူတွေကတော့ အမှိုက်ပုံးလေးကို ကျွန်မလုပ်တာ သိချင်မှ သိလိမ့်မယ်။ သူတို့သိဖို့ ကျွန်မက တကူးတကန့် သွားပြောဖို့ မလိုအပ်ဘူးထင်တာဘဲ။ ဘာလို့လည်းဆိုတော့ သူတို့ကို ဒီအမှိုက်ပုံးလေး ကျွန်မလုပ်ထားပါလို့ ပြောဖို့ထက်က ဒီအမှိုက်ပုံးလေး အထဲမှာ အမှိုက်စွန့်ပစ်ရမှာကို သူတို့သိနေဖို့က ပိုအဓိကကျတယ်လို့ ကျွန်မထင်လို့ပါ။ သူတို့ကလည်း ကျွန်မထင်သလောက် မနုံလှပါဘူး။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ဒီအမှိုက်ပုံးလေးထဲမှာ သူတို့ အမှိုက်တွေစွန့်ပစ်ထားလို့ပေါ့။

ဒီလိုနဲ့ နောက်ရက်တွေ ကျွန်မအပြင်ထွက်ဖို့ တံခါးဖွင့်ရင် ရံဖန်ရံခါ သူတို့ အမှိုက်ပုံးလေးထဲမှာ အမှိုက်ရောရာတွေ စွန့်ပစ်လို့၊ အဖုံးလေးကို ပြန်အုပ်လို့ တွေ့ရတယ်။ ကျွန်မလည်း အိမ်တံခါးဖွင့်ချိန်၊ အိမ်ပြန်ရောက်ချိန် အမှိုက်ပုံးလေးနဲ့ အမှိုက်တွေ သန့်ရှင်းကာ နေသားတကျ ဖြစ်နေ လို့အရင်ကလို သိပ်ဂရုမစိုက်မိပြန် တော့ဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်တယ်။


ဒီလိုနဲ့ ရက်သတ္တ တစ်ပါတ်လောက်ကြာလာတဲ့ တစ်နေ့။ ရုံးအပြန် လှေကားက တက်လာရင်း အမှိုက်ပုံးဆီ မျက်စိက ခလုပ်တိုက်မိသွားတယ်။ အလို.. အမှိုက်ပုံးက အဖုံးမရှိတော့ပြန်ပါလား။ အမှိုက်တွေကလည်း နှီးပလုံးထဲ လျှံနေယုံသာမက ဘေးနားတွေမှာလည်း ဟိုတစ်စ၊ ဒီတစ်စ။ ပိုဆိုးတာက အသီးအခွံတွေ၊ ကန်ဇွန်းရွက် အရိုးထိုးထိုးထောင်ထောင်နဲ့ မီးဖိုချောင်စွန့်ပစ်အမှိုက်တွေက ကြွပ်ကြွပ်အိတ် တစ်လုံးနဲ့ အမှိုက် ပလုံးရဲ့ ဘေးနား မှာရှိလို့။ ကျွန်မ ဝူး..ကနဲ သက်ပြင်းချလိုက်မိတယ်။ တော်လှ၊ တော်လှနဲ့ ပြောလို့မှ မဆုံးသေး ယောင်းမမြင်းစီး ထွက်ပြန်ပါပကော..။ ဒါနဲ့ ကျွန်မ လည်း ဒင်းတို့ကို ပြောနေလေကုန်တယ် ခဏနေ လှဲကျင်းဦးမှပဲ ဆိုပြီး အဝတ်အစားလဲ အမောဖြေပြီး တအောင့်နေတော့ တံမျက်စည်း ကိုင်ကာ ထွက်ခဲ့ပါတယ်။ ကျွန်မ တံမျက်စည်း၊ ဂေါ်ပြားကိုင်ထွက်လာတော့ တဖက်ခန်းအိမ်က တံခါးဖွင့်လျှက်၊ ကလေးအမေက ထုံးစံအတိုင်း ကလေးကို ချီထားလျှက်က…


” အစ်မ… ပေး… ပေး… ကျွန်မလှဲပေးမယ်။ နေ့လည်ထဲက လှဲမလို့ပဲ အစ်မရေ..မအားနေတာနဲ့ ခုထိကို မလှဲဖြစ်သေးတာ ” ဆိုပြီး
ပြောပြောဆိုဆိုနဲ့ ကျွန်မလက်ထဲ သူ့ကလေးငယ်ကို ထိုးထည့်လို့ ဇိုးဇိုးဇတ်ဇတ်နဲ့ ချထားတဲ့ တံမျက်စည်းနဲ့ အမှိုက်တွေကို သိမ်းကြုံးလှဲနေပါလေရော..။ အမှိုက် တွေသာ ပွထနေအောင် ပုံထားတာ။ တံမျက်လှည်းတော့ တော်သား။ တခဏချင်း ပြောင်စင်သွားလို့ စိတ်ထဲ ကျိတ်လို့ အမှတ်တောင် ပေးလိုက်မိ တယ်။ ကျွန်မလမ်းထိပ်က အမှိုက်ပုံမှာ သွားပစ်လိုက်မယ်။ ခနလေးနော် အစ်မ ဆို ပြီး ကလေးနဲ့ ကျွန်မထားခဲ့လို့။ ကျွန်မမှာ ယောင်နနနဲ့ အဟင့်.. အဟင့်နဲ့ ငိုမဲ့ချင်နေတဲ့ လက်ထဲက ကလေးငယ်ကို တစ်ကျွတ်ကျွတ်မြှူရင်း လှုပ်ချော့ရင်း သူပြန်အလာကို စောင့်နေရပါတော့တယ်။ ပြီးသွား တော့ ကိုယ့် အခန်းဖက် ပြန်မဝင်ခင် ကျေးဇူးပဲနော်လို့ သူ့ကိုတောင် ကျွန်မက ပြန်ပြောမိလိုက်သေး။ ရယ်ဖို့တော့ ကောင်းသားနော်။


ဒီလိုနဲ့ ကျွန်မအခန်းဝက အမှိုက်ပုံလေး အကြောင်းပြုပြီး တစ်ဖက်ကအခန်းနဲ့ ကျွန်မ မျက်မှန်းတမ်းလာ မိတယ်။ သင်္ကြန် အိမ်မှာ မုန့်လုံးရေပေါ် လုံးဝေတော့ သူ့တို့ အိမ်လည်းကျွန်မပေးဖြစ်တာပေါ့။ သူကလည်း အစ်မ အတွက် တရော်များများနဲ့ စပရှယ်ဆိုပြီး တရော်ကင်ပွန်းသီး ခေါင်းလျှော် ရည်ထုတ် ပြန်လာပေးတယ်။ တစ်ခါတစ်ခါ မီတာဘောက်ချာလာပေးလို့ ကျွန်မတို့အိမ်လူမရှိရင် သူက ယူထားပေးတယ်။ သူတို့ နယ်က ဒေသထွက် အစားအစာတွေရန်ကုန်ပါလာရင် တံခါးခေါက်လာပေးပြန်ရော။ အားနာတတ် တဲ့ စိတ်အခံနဲ့ မယူချင်ဘူးလို့ ငြင်းလို့ကလည်း မကောင်းဆို တော့ ကျွန်မလည်း ယူထားရတာပေါ့။


ဒီလို ဆက်ဆံရေး လေးတွေ တိုးတက်လာနေပေမယ့် လှေကားထိပ်မှာ အမှိုက်တွေက မသေမသပ်စွန့်မြဲပါဘဲ။ နောက်ပိုင်း ကွမ်းတံတွေးတွေပါ ပြီးစလွယ်ထွေးလာတော့ ကျွန်မရဲ့ ငုံ့လျိုးနေတဲ့ သည်းခံစိတ်လေးတွေက ပြန်အညွန့်တက် ချင်လာပြန်တယ်။ ကွမ်းတံတွေးတွေကို ရေတစ်ပုံးနဲ့ အုန်းတံမျက်စည်း တရှဲရှဲနဲ့ ရေဆေးချ ပြန်တော့ တံခါးလေး အသာဟကြည့်ပြီး မသိချင်ယောင်ဆောင်နေပြန်ရော..။ ဒါနဲ့ ကျွန်မလည်း နောက်တစ် နေ့ လှေကားထိပ်မှာ အမှိုက်စံနစ်တကျစွန့်ပါ၊ ကွမ်းတံတွေးမထွေးရ။ သန့်ရှင်းမှုနဲ့ ကူညီပါ… ဆို စိတ်ပေါက် ပေါက်နဲ့ ရုံးကနေ စာတစ်စောင် ကွန်ပြူတာစီလာ။ ပလပ်စတစ်လောင်းလို့ အခန်း၂ခန်း အကြားက အုတ်နံရံ မှာ စိတ်ပေါက်ပေါက်နဲ့ ကပ်ထားလိုက်တယ်။ အဖေကိုလည်း ” အဖေရေ သမီးတော့ ဒီအခန်းမှာ မနေချင်တော့ဘူး။ ပြောင်းကြရင်ကောင်းမယ်ထင်တယ် ” လို့ စပြောမိတယ်။ အဖေကတော့ တုံဏှိဘာဝေ။


ဒီလိုလုပ်လို့ မှတ်သွားမလား မထင်ပါနဲ့။ နောက်နေ့ ကျွန်မ အိမ်ရှေ့ ဝရန်တာ အဝတ်ထွက်လှမ်းတော့ သူက ကလေးထိမ်းရင်းက
သင်ပုန်းကြီး စာဖတ်သလိုမျိုး ကျွန်မရဲ့ စာကို အသံထွက်ဖတ်နေသေး။ အမှိုက်တွေကလည်း ပွထမြဲ ပွထဆဲ။ ကွမ်းတံတွေးတွေကလဲ ထွေးမြဲ။ တခြား အပေါ်ထပ် မှာနေသူတွေ၊ ဒီတိုက်ခန်းကို အလည်လာသူတွေတောင် ဒီအခန်းရှေ့မှာအမှိုက်တပုံပုံ၊ ယင်တလောင်းလောင်းနဲ့ကို သတိပြုမိနေကြပြီ။ အပေါ်ထပ် ကဆင်းလာရင်၊ အပေါ်ထပ်ကိုတက်ရင် နှာခေါင်းလေး တစ်အုပ်အုပ်နဲ့ သူတို့သိနေကြလေပြီ။ ကျွန်မလည်း အဖေ့ကိုညည်းမိတော့ အဖေက ကျွန်မ ထက်တောင် အားနာတတ်လွန်းတော့ သည်းခံလိုက်ပါ သမီးရယ်။ မနေနိုင် ကိုယ်က ဝင်လှည်းပေးလိုက်၊ ကုသိုလ်ရတယ် တဲ့။


ဒီထက်ပိုဆိုးတာ တစ်ခုက တစ်နေ့ ကလေးအမေက ကျွန်မရုံးသွားနေတုန်း ကလေးချစ်တတ်တဲ့ အဖေ့ကို ကလေးနဲ့ စကားစမြည် ပြောစေပြီး ကျွန်မတို့အခန်းထဲဝင်ထိုင်၊ နောက် စာဖတ်ဝါသနာပါလို့ စာအုပ်တွေ ငှါးဖတ်ပါရစေဆိုပြီး ဧည့်ခန်းက အဖေ့စာအုပ်စင်က စာအုပ်တွေ ငှါးသွား ပါလေရော။ဒါနဲ့ စာအုပ်အကြောင်း ပြပြီး ကျွန်မ မရှိချိန် စာအုပ်ဖတ်ပြီးသားတွေ လာထား၊
အသစ်တွေထပ်ယူနဲ့ ဇာတ်လမ်းတွေ ရှုပ်လာပြန်ရော။ အဖေကလည်း စာဖတ်သူတိုင်းကို အားပေးနေကြဆိုတော့ သူဖတ်ပြီး ပြန်လာထားနေတာပဲ သမီးရယ်… ဖတ်စမ်းပါစေလို့ပြောလာလို့ အဖေနဲ့ ကျွန်မ နောင်ဂျိန်ချရပြန်ရော။ ဒီလောက် စာအုပ်ဖတ်ဖို့ အချိန်ရရင်၊ ဒီလောက် စာပေဗဟုသုတရှိနေရင် လှေခါးထိပ် စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ဖို့ အသိ၊ အမှိုက်လှဲဖို့ အချိန်တော့ သူ့မှာ ရှိသင့်တာပေါ့ အဖေရ ..ဆိုပြီး ကျွန်မက အထွန့်တက်တော့ အဖေက ” အဲ့ဒါ ငါ့စာအုပ်တွေဟေ့.. ငါပေး ဖတ်ချင်သူ ပေးဖတ်မယ် ” ဆိုလို့ အဖေ့ကို ကျွန်မ စိတ်တွေဆိုးလို့ စကားတောင် ၂ရက်လောက် ကောင်းကောင်းမပြောနိုင်ဘူး ဖြစ်ရတယ်။


နောက်တစ်ခါ တစ်ရက် တံခါးလာခေါက်လို့ ကြည့်လိုက်တော့ တဖက်ခန်းက ကလေးအမေ။ ” အစ်မ.. ငွေလေး ၅သောင်းလောက် ခဏလှည့် ပါလားဟင်။ ညနေပြန်ပေးပါ့မယ်တဲ့ ” ။ ဒုက္ခော ။ မနက်ကတင် မိန်းမတစ်ယောက် အော်ကြီး ဟစ်ကျယ်နဲ့ ညည်းငါ့ငွေတွေ အတိုးလည်း မပေး၊ အရင်းလည်းမဆပ်နဲ့၊ ညည်း.. ငါ့အကြောင်းကောင်းကောင်းသိမယ်ဆို သူတို့ အခန်းရှေ့မှာ ပွဲတွေ ကြမ်းသွားခဲ့တာ။ အခုသူက ကျွန်မဆီမှာ ငွေလာချေးလို့ ..။ ကျွန်မလည်း ” လောလောဆည် ငွေအဆင်မပြေဘူး၊ အဓိကက ချေပြီးတိုင်း ဆုံးလို့ ဘယ်သူမှကို မချေးတော့တာ..။ စိတ်မရှိ ပါနဲ့နော်..” လို့ ပြောင်ပြောင်ပဲ ပြောငြင်းလိုက်ရတယ်။ အဖေ့ကိုလည်း အဖေရေ.. တွေ့တယ်နော်။ သတိလေးနဲ့နေလို့ပြောတော့.. ” သမီးပြောမှာ စိုးလို့။ အဖေ့ကိုလဲ မနေ့က လာချေးသေးတယ်။ အဖေက အဖိုးကြီး ဝင်ငွေမရှိဘူး။ နင့် အစ်မပြောကြည့်လို့ ပြောလိုက်တယ် ” တဲ့။ ကောင်းရော။


ဒါပေမယ့် တစ်နေ့တော့ အဖေကိုယ်တိုင်လည်း လက်ခံသွားတယ်။ သူ့ မိတ်ဆွေဆီက ငှါးလာတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်ကို
မပြောမဆို ယူသွားလေတယ်။ အဖေကတော့ ပုံမှန် စာအုပ်စင်က စာအုပ်ယူဖတ် တယ်ပဲ ထင်တာ။ သူ့ရဲ့ ဖတ်လက်စစာအုပ်ကို အခုလို အသိမပေးပဲ ယူသွားလိမ့်မယ် မထင်မိဘူး။ ဒါနဲ့ပျောက်လို့ တစ်အိမ်လုံး ရှာလိုက် ကြရတာ နေရာအနှံ့။ ဘယ်မှာမှမတွေ့။ အဖေက မေ့တတ်သူ။ ဒီရက်အတွင်း သူအပြင်သွားခဲ့သမျှ နေရာ တွေမှာလိုက်ရှာ။ သူထိုင်တဲ့ လက်ဖက်ရည်ဆိုင်၊ သူပြတဲ့ ဆေးခန်း၊ သူ့ စစ်ဘုရင်ထိုးတဲ့ သူ့မိတ်ဆွေ အိမ်၊ နောက် သူ့ရုံးခန်း .. အို စုံနေ၊ နှံ့နေ တာပါဘဲ။ နောက်ဆုံး ၃ပါတ်လောက် ရှိလာတော့ စာအုပ်ကို အစားပြန်ဝယ်ဖို့ ရှာပြန်တော့ ရှားပါးစာအုပ်ဆိုတော့ ဘယ်လိုမှ ဝယ်လို့မရ။ ဒါနဲ့ ကျွန်မက အဖေ့ကို ” အဖေ.. တဖက်ခန်းကများ ယူသွားသေးလား မသိဘူး.. မေးကြည့်ဦး ” လို့ ပြောတော့ အဖေလည်း လူကြီး တန်မဲ့ တဖက်ခန်း တံခါး သွားခေါက်ရတယ်။ အဖေပြန်လာလို့ ဘာပြောလဲ မေးကြည့်တော့ ရှာကြည့်ထားပေးမယ် ဆိုသတဲ့။


နောက်တစ်နေ့ ညနေ၊ ကျွန်မ အလုပ်က ပြန်ရောက်လို့ သိပ်မကြာသေးခင် တံခါးခေါက်သံကြားလို့ ဖွင့်လိုက်တော့ တဖက်ခန်းက ကလေးအမေ။ လက်ထဲမှာက စာအုပ်တစ်အုပ်။ အဖေပျောက်သွားတဲ့ စာအုပ် ။ ” ကုတင်ကြားထဲကျနေတာ.. အားနာလိုက်တာ အစ်မရယ် ” ..တဲ့။ ဒီတစ်ခါတော့ ကျွန်မ အားမနာနိုင်တော့ဘူး ။ ” ” ဒီမှာ.. စိတ်တော့မရှိနဲ့.. နောက်ဆို တို့အခန်းက စာအုပ်တွေ လာလာပြီး ယူမဖတ်နဲ့တော့.. စည်းကမ်းမရှိရင် လုံးဝကို မကြိုက်တာ.. လုံးဝ သည်းမခံနိုင်တော့ဘူး ” လို့ ပြောင်ပဲ ပြောထည့်လိုက်ပြီး သူလည်း လှည့်ထွက်သွားရော တံခါးကို ဂျိုင်းကနဲပဲ ပိတ်ထည့်လိုက်မိ တော့တယ်။ ဒီတစ်ခါတော့ အဖေက ကျွန်မကို လုံးဝမှ မတားလေတော့။


နောက်ရက်တွေ အဖေကထိုင်နေကျ လက်ဖက်ရည်ဆိုင်မှာ လာထိုင်တဲ့ အိမ်ပွဲစားဆီက ရလာတဲ့ သတင်းတွေအရ သူတို့က ဒီနားက တိုက်ခန်း တွေမှာ နှစ်ချုပ် အခန်းငှား နေလိုက်၊ ပြောင်းလိုက်နဲ့ နေနေတာ။ ရောက်တဲ့ တိုက်တိုင်းမှာ သူတို့နဲ့ အခန်းနီးနားချင်းနဲ့ အမြဲ ပြဿနာတက်ရ တယ်တဲ့။ ဒီအခန်းကိုတော့ သူတို့ရတဲ့ နယ်က လယ်ကွက် လေးရောင်းရ တဲ့အမွေလေးနဲ့ ညီအစ်မ၂ယောက် စပ်ပြီး အပိုင်ဝယ်လိုက်တာတဲ့။


အဖေ့ရဲ့ နောက်ဆက်တွဲ စကားကြောင့် ကျွန်မ ပြုံးမိသွားပါတော့တယ်။


” အဖေတို့ အခန်းလဲ ရောင်းချင်ရောင်းရအောင် ပွဲစားအပ်ခဲ့တယ်။ ငါ့သမီး ဒီအခန်းက ပြောင်းချင်တယ်ဆို..”
—–

သူငယ်ချင်းတစ်ယောက်ပို့ပေးတာပါ။