သူ့နေရာနဲ့သူ
:gee: သူ့နေရာနဲ့သူ :gee:
ဒီကောင်မလေးက သူ့မေဂျာမှာကွင်းတဲ့။
ချစ်စရာလေးပါ အသားဖြူဖြူ မျက်နှာဖောင်းဖောင်းလေးနဲ့ ခပ်ပြည့်ပြည့်လုံးလုံးလေး။
ဝတ်တာစားတာလေးကလည်းလန်းရှာတယ်။နေရာကိုလိုက်ပြီးတော့လည်းဝတ်တတ်တယ်။
ကောင်မလေးက ရှမ်းမလေးပါ။တောင်ငူမြို့မဝင်ခင် ခပေါင်းတံတားအတက်နားက ထန်းတပင် မြို့နယ်ဘက်ခွဲထွက်သွားတဲ့လမ်းအနီးတဝိုက်မှာရှိတဲ့ ရှမ်း၊ပအို့ဝ်တွေနေတဲ့ရွာလေးတစ်ရွာကဆိုပဲ။
တောင်ငူမြို့ကအမျိုးသမီးအဆောင်တစ်ခုမှာနေပြီး တောင်ငူတက္ကသိုလ်မှာနေ့ကျောင်းတက်နေတာ။
ရှမ်းမလေးမို့ မျက်နှာလေးမှာတိုင်းရင်းသူတစ်ယောက်ရဲ့အရောင်ဖုံးလွှမ်းနေပြီးသား။
ပွင့်လင်းရိုးစင်းစွာနဲ့ပြောတတ်ဆိုတတ်ပုံလေးတွေကလည်းချစ်စရာ၊ခင်စရာလေးရယ်။
ကောင်မလေးနာမည်က နန်းမို့မို့တဲ့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ခင်ပွင့်တို့အဆောင်မှာ နန်းမို့မို့အကြောင်းအတော်လေးကိုပြောနေကြသည်။
ပြောကြတာတွေက- ဒီနေ့နန်းမို့မို့ဝတ်လာတဲ့ အကျီ င်္ပုံလေးလှလိုက်တာ။
ဟိုကောင်ကတော့နန်းမိုမို့ကိုလိုက်နေတာ ..စတာတွေရယ်ပါ။ မိန်းကလေးအချင်းချင်းတွတ်ထိုးနေတိုင်း နန်းမို့မို့အကြောင်းကနေ့စဉ်နီးပါးပါစမြဲ။
“အဲဒီနန်းမို့မို့က ငါတို့ရွာကပါဟယ် ရွာမှာတော့လုံးလုံးလို့ပဲခေါ်ကြတယ်။အမလေးကျောင်းမှာသာ ကျော့မော့နေတာ ရွာမှာဆိုသူ့ကိုလာကြည့်လိုက်ဦး အမြဲတမ်းပေတူးညစ်ပတ်နေတာ။သူ့အမေမုဆိုးမ ကဝက်တွေမွေးသလို အရက်လည်းချက်ရောင်းတယ်လေ။လုံးလုံးက ဝက်စာတွေလိုက်သယ်ရသလို အရက်လည်းချက်ရတယ်။ဒီကိုရောက်ပြီဆိုရင် လှပကျော့မော့နေတာ ရွာကလူတွေမြင်ရင်တောင် မမှတ်မိဘူး ဟိဟိ ရှောက်သီးကို သကြားရည်ဆမ်းထားတာပါ”
ခင်ပွင့်ကအဆောင်သူတွေကို အမြဲထိုသို့ပြောတတ်သည်။တကယ်လည်း နန်းမို့မို့အကြောင်းတွေက ခင်ပွင့်ပြောသလိုအမှန်တွေချည်း။
နန်းမို့မို့နှင့်ခင်ပွင့်က အသက်ကွာပေမယ့် ဆယ်တန်းအောင်တဲ့နှစ်ကအတူတူမို့ တက္ကသိုလ်မှာလည်း မေဂျာကွဲပေမယ့် ပညာသင်နှစ်တူသည်။
ခင်ပွင့် ဆယ်တန်းနှစ်ကြိမ်ကျပြီး သုံးကြိမ်မြောက်မှာမှ နန်းမို့မို့တို့အငယ်တွေနဲ့အတူအောင်တာပါ။
မိဘက ယာစိုက်တောင်သူ။နန်းမို့မို့ကတော့ မိခင်မုဆိုးမ မောင်ငယ်တို့နှင့်အတူ အရက်ချက်တဲ့ အလုပ်လုပ်ကိုင်သည်။နန်းမို့မို့ ကျောင်းတက်တဲ့ကာလတွေမှာတော့လူငှားပိုထားရသည်။
ခင်ပွင့်က အသားညိုညိုနှင့်သာမန်တောသူရုပ်ရည်ကလေးရှိပြီး၊အဝတ်အစားသိပ်မဝတ်တတ်။
ခေတ်မီအဝတ်အစားတွေကိုဆီလျော်အောင်တွဲဖက်မဝတ်ဆင်တတ်သဖြင့်ကြည့်ရတာသိပ်အဆင် မပြေသလို
တစ်ရွာတည်းသူတွေချင်းအတူတူ နန်းမို့မို့အပေါ် အထင်ကြီး၊ချီးကျူး၊စိတ်ဝင်စားနေကြခြင်းများနှင့် ပတ်သတ်၍လည်း ခင်ပွင့်ရဲ့ရင်ထဲမှာ သိပ်အဆင်မပြေ။
ထို့အတွက်ကြောင့် အမှန်တရားတွေပြောနေတာပဲဟု ခေါင်းစဉ်တပ်လျက် နန်းမို့မို့ရဲ့ဇာတိရုပ်ကို အခွင့်သင့်တိုင်းလူတွေရှေ့ချချပြောရတာအမော။
ခင်ပွင့်အတွက်ရရှိတဲ့အကျိုးတရားကတော့ ခင်ပွင့်ပြောတုန်းသာ စိတ်ဝင်တစားနားထောင်ကြ စပ်စု ကြပေမယ့် နောက်ကျတော့လည်း နန်းမို့မို့အပေါ်စိတ်ဝင်စားနေကြမြဲသာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တခြားအဆောင်တစ်ခုမှာနေထိုင်ရင်းကျောင်းတတ်နေသော နန်းမို့မို့တို့ရွာသူ မခင်ပွင့်ရဲ့နန်းမို့မို့ အကြောင်းဖွင့်ချနေမှုများအပေါ် နန်းမို့မို့အနည်းငယ်တော့ ကသိကအောင့်ဖြစ်နေသည်။
ခိုးလို့ခုလုလောက်ဆိုပေမယ့် ပြောနေတာတွေတဆင့်ပြန်ကြားရဖန်တွေများလာတော့ မခင်ပွင့်တစ်ယောက် ကိုယ့်အပေါ်မကျေနပ်ချက်တွေများရှိနေလားဆိုပြီးစဉ်းစားကြည့်ရတော့သည်။
ထိုသို့စဉ်းစားကြည့်ပြန်တော့လည်း ဘာမှမကြောင်းအရာရှာမတွေ့ ။ငယ်ငယ်ကတည်းကအတန်းမတူခဲ့ သလို နေထိုင်တဲ့နေရာချင်းကလည်း ရွာရဲ့တောင်နဲ့မြောက်ဆိုတော့အတူတူပင်ဆော့ကစားတာမျိုးမရှိ ခဲ့။နန်းမို့မို့ကတို့ရှမ်းမျိုးနွယ်တူမိန်းကလေးအချင်းချင်းသာစုဝေးနေတတ်ကြတာမို့မခင်ပွင့်တို့နဲ့အဖွဲ့ကျစရာ၊ပတ်သတ်စရာ၊မကျေနပ်စရာ ဘာကိစ္စမှမရှိခဲ့ရပါ။
နန်းမို့မို့ရဲ့ပါတနာ ရေတာရှည်သ ူနေဇာထွေးကတော့ ချက်ချင်းကောက်ချက်ချထားသည်။
“တစ်ရွာတည်းသားချင်း နင့်ကိုမနာလိုလို့ပေါ့ဟယ် အသိအသာကြီး နင်ကကွင်းမို့လား ဘာတဲ့ရွာမှာဆိုရင်တော့ပေတူးနေတာပဲဆို ညစ်စုတ်မ ဟိဟိ”
နေဇာထွေးစကားကြောင့် နန်းမို့မို့ရှက်ပြုံးတော့ပြုံးမိသည်။ တကယ်လည်းသောကြာနေ့ညနေကျောင်းဆင်းလို့ရွာရောက်ပြီဆိုမှဖြင့် နန်းမို့မို့တို့မအားရတော့ ဆိုင်ကယ်ကိုအိမ်ဘေးထိုး။ခေတ္တအမောဖြေပြီးတာနဲ့ အဝတ်အစား ချက်ချင်း လဲကာ နေ့စဉ်လုပ်နေကျအလုပ်တွေကိုတစ်ပတ်စာကျုံးလုပ်တော့မည့်နှယ်ဆက်တိုက်လုပ် ဆောင် တော့သည်။နန်းမို့မို့အမေကလည်း ငါ့သမီးတက္ကသိုလ်ကျောင်းသူဖြစ်နေပြီ ဒီအလုပ်တွေလုပ်မနေနဲ့ တော့စာကိုပဲကြိုးစားသင် ဆိုတဲ့စကားမျိုးမပြောချေ။ပြောလည်းနန်းမို့မို့က လုပ်နေကျအလုပ်တွေကို လုပ်နေမှာပါ။
နန်းမို့မို့ရဲ့အမေမုဆိုးမကြီးမှာ အားကိုးစရာဆိုလို့ နန်းမို့မို့ပဲရှိသည် ဟုအမြဲခေါင်းထဲထည့်ထားသည်။
ပညာရေးအတွက်ကျောင်းသွားသွားတက်နေရပေမယ့် စီးပွားရေးပြေလည်သူမို့ကျောင်းမှာလှလှပပ ဝတ်စားနေပေမယ့် အိမ်ရောက်ရင်တော့အိမ်စိတ်ပါ။
ကျောင်းတက်နေရင်းတောင် အိမ်ကိုစိတ်ကရောက်ရောက်တတ်သေးတဲ့နန်းမို့မို့ရယ်ပါ။
“ဟဲ့ နန်းစာကြည့်ပြီးပြီလား မပြီးရင်လည်းပြန်လာမှဆက်ကြည့် ဗိုက်ဆာတယ် ၆လမ်းမှာကြေးဆီ သွားစားရအောင်”
“သွားလေ ငါကတော့ရှမ်းသုတ်ပဲစားမယ်”
သူငယ်ချင်းနှစ်ယောက်အဝတ်အစားလေးတွေသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပြီး ဆိုင်ကယ်ဖြင့် ၆လမ်းတရုတ်စားသောက်တန်းသို့ထွက်ခဲ့ကြသည်။
တခြားဆိုင်တွေမှာလူတွေပြည့်နေတာမို့ ဆိုင်ကျယ်တဲ့ကျင်းမွန်မှာပဲဆိုင်ကယ်ကိုရပ်လိုက်သည်။
။။။။။။။။။။။။။။။။။။။။။။။
နန်းမို့မို့တို့နှစ်ယောက်ဆိုင်ကယ်ရပ်ကတည်းက ဟိုဘက်ဝိုင်းကကောင်လေးတွေထံမှအသံတွေထွက် နေတာ ခင်ပွင့်တစ်ယောက်နားစွင့်နေသည်။သူငယ်ချင်းတွေကတော့သူတို့ဟာသူတို့အဖွဲ့ကျနေသည် မို့ နန်းမို့မို့တို့နှစ်ယောက်ကို သတိပြုမိသူကဝိုင်းမှာခင်ပွင့်တစ်ယောက်တည်း။
“လန်းတယ်ကွာ…ကွင်းမမအရမ်းလှတယ်”
ကောင်လေးတွေကဖရက်ရှာလေးတွေဖြစ်ပုံရသည်။နန်းမို့မို့တို့ဝိုင်းမှမျက်စိမခွာ။
နန်းမို့မို့ကခြည်ထည်အကွက်ခရမ်းရောင် အကျီ င်္ ဘောင်းဘီဝမ်းဆက်လေးနဲ့အသားအရည်က ဝင်းထွက်နေသည်။ခင်ပွင့်စိတ်ထဲ အလိုလို မနာလိုသလိုဖြစ်လာသည်။
ရွာမှာဆိုရင်နန်းမို့မို့တို့လို အရက်ချက်တဲ့မိန်းကလေးကို သိပ်အထင်မကြီးကြပါ။သူတို့ရှမ်းမတွေ အချင်းချင်းကတော့ချစ်နေကြတာပင်။ခင်ပွင့်တို့အဖွဲ့တွေကတော့ခပ်တန်းတန်းထက်ပိုစွာလုံးဝ ပတ်သတ်မှုမရှိ။
ဒီရောက်မှများဘာကြောင့်ဒီလောက်စန်းပွင့်နေပါလိမ့်ဟုတွေးကာ ဖြစ်နိုင်ရင် ရွာမှာ နန်းမို့မို့ အရက်ချက်နေပုံ၊ဝက်စာသယ်နေပုံတွေကို ဓာတ်ပုံတွေတောင်ရိုက်လာပြီးဖြန့်ဝေလိုက်ချင်တဲ့ စိတ်ရိုင်းတွေတောင်ဝင်လာမိသေးသည်။
အလိုလိုနေရင်းမနာလိုမှုစိတ်ရိုင်းရဲ့အကျိုးက မျက်နှာမှာပါထင်ဟပ်ကာ ခက်ထန်လာတော့သည်။
“ဟဲ့ ခင်ပွင့် ပိုက်ဆံရှင်းနေကြပြီလေ ပိုက်ဆံထုတ်တော့ ဘာတွေတွေးနေတာလဲ ဟဲ့ကောင်မတွေ ဟိုမှာ နန်းမို့မို့ လှတယ်နော် အဲဒီအကွက်လေးတွေ အဆောင်နေရင်းဝတ်ရတာကောင်းတယ်”
“အေး နောက်နေ့ချည်ထည်ဆိုင်သွားကြည့်ရအောင်လား ပုံအသစ်လေးတွေဝင်နေလောက်ပြီ”
သူငယ်ချင်းမတွေတစ်သိုက်နန်းမို့မို့ကိုကြည့်ပြီးတွတ်ထိုးနေကြသဖြင့်
ခင်ပွင့်တစ်ယောက်စိတ်မရှည်စွာ ပိုက်ဆံကိုချ၍ ရှေ့မှထွက်ခဲ့လိုက်တော့သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီနေ့သောကြာနေ့ညနေမို့ နန်းမို့မို့ရွာပြန်ဖို့ပြင်ဆင်နေသည်။
စာကြည့်မည့်စာအုပ်တစ်ချို့နဲ့အဝတ်အစား ဖိနပ်တချို့ ပုလင်း၊ဗူးအလွတ်တစ်ချို့တို့ကို အိတ်နှင့် ထည့်ကာဆိုင်ကယ်ခြင်းထဲထည့်ပြီး မိုးကာအကျီ င်္ ဝတ်လိုက်သည်။
ဒီနေ့ကျောင်းကပြန်ရောက်တာနောက်ကျရတဲ့အထဲ မိုးကတဖွဲဖွဲနှင့်တစ်နေကုန်စွေနေ သည်မို့ ရွာလမ်းကိုတွေးမိရင်းနန်းမို့မို့စိတ်ညစ်မိသည်။
ကျောင်းကရောက်ရောက်ချင်းဗိုက်တအားဆာလာတာနဲ့ ထမင်းစားနေရသေးတာမို့ပြန်ဖို့ရာညနေတော် တော်စောင်းနေပြီ။
တောင်ငူမြို့ကနေ ခပေါင်းတံတားအထိ ရန်ကုန်-မန္တလေး အမှတ်၂လမ်းမကြီးကဖြူးနေပေမယ့် ထန်းတပင်ဘက်ကိုခွဲတလမ်းကတော့ခပ်ကျဉ်းကျဉ်း ခပ်ချိုင့်ချိုင့်၊ဒါပေမယ့်ဆိုင်ကယ်မောင်းလို့ကတော့ ကောင်းနေသေးတာပင်။မိုးကပိုလို့ပိုလို့သည်းနေသည်။
အမှောင်ရိပ်ကသန်းနေပြီမို့ရွာဘက်ချိုးဝင်ရမယ့် ဗွက်လမ်းတွေကိုတွေးပူမိသည်။
မတတ်နိုင် အိမ်မြန်မြန်ရောက်ချင်လှပြီ။
ရွာဘက်လမ်းထဲချိုးမည်ဆိုတာနဲ့လည်ရှည်ဖိနပ်ကို ပြောင်းစီး လိုက်သည်။ ဆိုင်ကယ်ဦးထုတ်တော့မဆောင်းတော့။နို့မို့ဘေးဘီကိုကြည့်ရတာအားမရတော့လို့ပါ။
ရွာဘက်ဝင်တဲ့လမ်းတွေကထင်တဲ့အတိုင်းဗွက်တွေထူထပ်နေပြီ ကောင်းတဲ့နေရာလေးတွေကို ရွေးမောင်းနေရတာမို့ခရီးမတွင်လှ ဆိုင်ကယ်မောင်းရရုံဗွက်ပါးသည့်နေရာမှာဆိုင်ကယ်တစ်ဘီးစာ ပင်မလုံလောက်။တစ်ချို့နေရာတွေမှာဆိုရင် ဆင်းတွန်းရသည်။
သတိထားမောင်းရင်းအမှောင်ကပျိုး လာချေပြီ။လူသွားလူလာပင်မရှိသလောက်ပြတ်လို့နေပြီ။
လမ်းတစ်ဖက်တစ်ချက်က သစ်ပင်ကြီးတွေကြောင့်လည်းပိုပြီးမှောင်လို့နေတာပင်။
မှောင်ရိပ်ဆင်နေတဲ့အထဲမိုးရေတွေကြောင့်မို့ပိုပြီးမြင်ကွင်မရှင်းတော့တာကြောင့် ဆိုင်ကယ်မီးကိုဖွင့် မောင်းရင်း လာခဲ့စဉ်
ရှေ့ကလမ်းပေါ်မှာလက်တား နေသောဆိုင်ကယ်ဦးထုပ်ဆောင်းထားသူတစ်ဦးကိုတွေ့လိုက်ရသည်။
ဆိုင်ကယ်ကိုအသာရပ်ပေးလိုက်တော့ ဆိုင်ကယ်ဦးထုပ်အောက်မှာ မြင်ရတာက မခင်ပွင့်ရယ်
“တစ်ယောက်တည်းလားအမ ဘာဖြစ်လို့လဲ”
နန်းမို့မို့ကိုမြင်တော့ မခင်ပွင့်ကအိုးတို့အန်းတန်းဖြစ်သွားတဲ့မျက်နှာနှင့်ဖြစ်သွားတာကိုမြင်လိုက်ရသည်။
ဒါပေမယ့်သူမတတ်နိုင်ပုံမရ တာက သူမရဲ့ဆိုင်ကယ်ကလမ်းဘေး ကျွဲလူးအိုင်ထဲထိုးဆင်း ထားပုံရသည်။
“လမ်းချော်ပြီးကျသွားတာ ဆွဲတင်လို့ကိုမရဘူး”
မခင်ပွင့်ကအတော်လည်းချမ်းနေပုံရသည်။တကိုယ်လုံးကြွက်ရေနှစ်ထားသလိုဖြစ်နေသည်။
နံဘေးမှာလဲ ဒေါက်ဖိနပ်တစ်ရံကဗွက်ထဲနစ်နေသဖြင့် မခင်ပွင့်ခြေပြောင်နှင့်ရပ်နေရသည်။
သူမကိုကြည့်ရတာလူပြတ်တဲ့မိုးသည်းသည်းနဲ့လမ်းဆိုးဆိုး၊မှောင်မှောင်မှာတော်တော်လေးစိတ်အား ငယ်ကြောက်ရွံ့ နေပုံလည်းရသည်။
“နေဦး ကျွန်မမှာကြိုးပါတယ် ဝက်ချည်ဖို့ဝယ်လာတာ ဘီးမှာချည်ပြီးနှစ်ယောက်ဆွဲတင်ရအောင်”
နန်းမို့မို့က ဗွက်တောထဲမှအုတ်ခဲအပိုင်းတစ်ခုကိုရှာပြီး ဆိုင်ကယ်ဒေါက်အောက်ခံရပ်လိုက်သည်။
ဗွက်တောထဲမှာ လည်ရှည်ဖိနပ်နဲ့နေရာကျနေတဲ့နန်းမို့မို့ကိုကြည့်ပြီး ခင်သူအံ့ဩမိသည်။ တောင်ငူက တည်းက ဒီဖိနပ်ကြီးစီးလာတာလား ဟုလည်းမေးချင်မိပေမယ့် နန်းမို့မို့ အပေါ်မှာ ရှိန်နေသည်။
နန်းမို့မို့က လုပ်စရာရှိသည်များကို မဆိုင်းမတွအစီအစဉ်ကျအောင်ဆောင်ရွက်နေသည်။
သူမဆိုင်ကယ်ပေါ်ရှိအိတ်ထဲမှဓာတ်မီးကိုထုတ်ကာ ခင်ပွင့်ဆိုင်ကယ်ရှိရာသို့လှမ်းထိုးထားလိုက်သည်။
နန်းမို့မို့ဆိုင်ကယ်က စက်နုှးိပြီးလီဗာတင်ထားမှ မီးလင်းသောထိုင်းဘီးမို့လို့ ဆိုင်ကယ်မီးဖွင့် မထားခြင်းပါ။
ခင်ပွင့်ဆိုင်ကယ်ရှေ့ဘီးဂွေမှာကြိုးကိုလျှိုသွင်းဆွဲချည်လိုက်ပြီးကြိုးစကိုဆွဲကြည့်လိုက်သည်။
“ရလောက်တယ်မခင်ပွင့် အတူဆွဲရအောင်”
နန်းမို့မို့လုပ်ဆောင်သမျှမင်သက်စွာငေးနေမိသော ခင်ပွင့်တစ်ယောက် နန်းမို့မို့ပေးတဲ့ကြိုးကို မဆိုင်းမတွကမ်းလင့်ရင်း အတူအားစိုက်ဆွဲလိုက်ကြသည်။
ဆိုင်ကယ်က အပြားလိုက်ကြီးဒရွတ်ဆွဲတက်လာသည်။တစ်စီးလုံးတွင်ဗွက်တွေပေပွနေသည်။
နန်းမို့မို့က သူမ၏ဆိုင်ကယ်ရှေ့ခြင်းထဲမှာကျွတ်ကျွတ်အိတ်နဲ့စုထည့်လာသော ဗူးခွံတွေမှ တစ်ဗူးကို ယူပြီး လမ်းတစ်ဖက်ရေအိုင်ထဲမှာရေသွားခပ်ကာ ခင်ပွင့်ဆိုင်ကယ်ထိုင်ခုံနှင့် လက်ကိုင်များကို ရေတွေနဲ့လောင်းလောင်းချရင်းအနည်းငယ်သန့်စင်မှုပြုလုပ်လိုက်သေးသည်။
“စက်နုှးိကြည့်ပါဦးမခင်ပွင့် မရရင်တော့ကျွန်မဆိုင်ကယ်နဲ့ဆွဲသွားရမှာပဲ ဝက်ကြိုးကခိုင်ပါတယ် အစ်မနောက်ကနေလက်ကိုင်ကိုသေသေချာချာထိန်းပေါ့”
ထင်တဲ့အတိုင်းပင် ဆိုင်ကယ်ကမနှိုးသဖြင့် ခင်ပွင့်ငိုချင်သွားသည်။ခုနင်တုန်းကသေချင်လောက် အောင်ကျဆင်းနေသည့်စိတ်ကတော့ နန်းမို့မို့ရောက်လာသဖြင့်အရာရာအဆင်ပြေပြီး အားပင်တက် သွားမိသည်။
ငိုချင်စိတ်ကိုချုပ်ထိန်းကာ နန်းမို့မို့စီစဉ်သလိုပင် အားတင်းပြီးလိုက်ခဲ့လိုက်ရတော့သည်။
လမ်းတစ်လျှောက်မှောင်ရတဲ့အထဲ ခွေးတစ်ကောင်ကြောင်တစ်မြီးမှဖြတ်သွားဖြတ်လာမရှိတော့။
ဒီနေရာမှာ ခင်ပွင့်တစ်ယောက်တည်းသာဆိုရင်ဖြင့် မတွေးရဲစရာ။
နန်းမို့မို့ရဲ့ကာလံဒေသန်ကိုလိုက်၍ ပြုမူနေထိုင်လုပ်ကိုင်နိုင်မှုနဲ့တစ်ခုပြီးတစ်ခုဆက်တိုက်စီမံသွားနိုင်မှု တို့ကြောင့် ရွာထိပ်သို့ပင်ရောက်ရှိလို့လာချေပြီ။
နန်းမို့မို့ဆွဲတဲ့ဆိုင်ကယ်နောက်ကထိန်း၍လိုက်လာရင်း ခင်ပွင့်ရင်မှာနန်းမို့မို့အပေါ်အားကိုးတကြီး အလိုလိုဖြစ်မိတာနဲ့အမျှ၊အထင်ကြီးမှုတွေပါ လှိုက်ကာ လှိုက်ကာ တက်လာတော့လေသည်။
(နန်းမို့မို့လိုကောင်မလေးမျိုးအပြင်မှာတကယ်ရှိ၍ ခင်ပွင့်နှင့်ဇာတ်လမ်းလေးကတော့ စာရေးသူ၏စိတ်ကူးသက်သက်)
“နန်းတော်ရာသူ”ရေးသားသည်။
(13-11-2012)
9:06(PM)
http://nanntawyarthu.webs.com
12 comments
မောင်ပေ
November 14, 2012 at 9:06 pm
ခင်ပွင့်
ဂွင်ဆင့်
ရင်ဖြင့်
မကြင်သင့်
ပန်းမို ့မို ့
လှမ်းမခို ့တရို ့
နမ်းဖို ့ကြို ့
စမ်းတတို ့တို ့
Mon Kit
November 15, 2012 at 10:06 am
နန်းတော်ရာသူရေ….
နန်းမို့မို့လို မိန်းကလေးမျိုး အပြင်မှာ တကယ်ရှိတယ်ဆိုလို့ တွေ့ချင်ခင်ချင်မိသား…… :kwi:
သူမဟာ ရုပ်ရည်နဲ့ လိုက်ဖက်စွာ သဘောထားမြင့်မြတ်တဲ့ မိန်းကလေးဖြစ်ကြောင်း ဖေါ်ပြနေတာပေါ့…
အဆင်းလည်းလှ အချင်းလည်းပြည့်ဝတဲ့ မိန်းကလေးမျိုးနဲ့ မိတ်ဖွဲ့ချင်မိပါရဲ့..
ဆက်အားပေးနေမယ်နော်…
Inz@ghi
November 15, 2012 at 10:09 am
အဲ့ကောင်မလေးကို ရွာထဲ ခေါ်လာပါလား ဟင်င်င်င်င်င်င်
ကျော်နဲ့ …မိတ်ဆက်ပေးပါလား ဟင်င်င်င်င်င်င်င်င်
လုပ်ပါဂျာ ….နော်. နော်…
:kwi:
ခင်တဲ့
ဂီ
Mon Kit
November 15, 2012 at 10:39 am
မိဂီရေ….
ယူ့ရဲ့ နန်းချင်ဇယာလေးများ ဖစ်နေမလားလို့……… :kwi:
kyeemite
November 15, 2012 at 1:10 pm
ဖတ်လို့ကောင်းပါတယ်…
ဒါနဲ့ ဇတ်လမ်းက ပြီးသေးပုံမပေါ်ဘူး…ဆက်အုံးမှာလား???? :hee:
ခိုင်ဇာ
November 15, 2012 at 1:14 pm
ချစ်စရာ ရှမ်းမလေးပါလားနော်။ 🙂
Ko Khin Kha ( သရီးကေ )
November 15, 2012 at 3:04 pm
နန်းမို့မို့လိုကောင်မလေးမျိုးအပြင်မှာတကယ်ရှိ၍—– လို့ ပိုစ့်ပိုင်ရှင်က ညွှန်းထားတယ်နော်။
ဒါဆိုရင်တော့ ရုပ်ရည်အဆင်းလှသလို စိတ်လှသူလေးပါလားကွယ်။
လုံမလေးမွန်မွန်
November 15, 2012 at 4:12 pm
အဲ့ဒါ လုံမ မဟုတ်ဘူးနော်…
အဲ့ဒီလို မိန်းကလေးမျိုးကို တကယ်ချီးကျူးချင်ပါရဲ့…
ဆိုတော့ကာ…မယားတောသူ ဆိုသည့်အတိုင်း ရွာထဲက လူပိုဂျီး၊ လူပိုလေးများကို မိတ်ဆက်ပေးလို့ ရပါဂျောင်း… :kwi:
Ma Ei
November 15, 2012 at 4:44 pm
နန်းမို့မို့ ဆိုတာ…..
နန်းတော်ရာသူလေးများလား……….
:bar:
•*¨နန်းတော်ရာသူ •*¨
November 15, 2012 at 8:55 pm
နန်းမို့မို့လိုကောင်မလေးဆိုတာနန်းတော်ရာသူမဟုတ်ပါကြောင်း။
ကလေးမလေးက မနှစ်ကမှကျောင်းပြီးသွားပုံရပါကြောင်း။
တောင်ငူအနီးရွာတစ်ရွာမှဖြစ်ကြောင်း(ဘယ်ရွာလည်းမသိပါ)
နန်းတော်ရာသူ၏ဘကြီးဖွင့်ထားသော အမျိုးသမီးဘော်ဒါဆောင်တွင်နေခဲ့ဖူးကြောင်း။
ခရိယာန်မလေးတစ်ယောက်ဖြစ်ပါကြောင်း။
နန်းတော်ရာသူFMမှနေ၍ရွာသားများအားသတင်းပေးပို့အပ်ပါသည်။
MaMa
November 15, 2012 at 9:28 pm
နန်းမို့မို့လို ဘဝအသိ အပြည့်ရှိတဲ့ မိန်းကလေးမျိုးဟာ ချီးကျုးစရာပါ။
အားကျအတုယူသင့်ပါတယ်။
နန်းတော်ရာသူရဲ့ နန်းမို့မို့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို သရုပ်ဖော်သွားတာလည်း အပိုအလိုမရှိ ကွက်တိမို့ ပိုပြီး သရုပ်ပေါ်သွားတယ်။
အားပေးပါတယ် နန်းတော်ရာသူရေ…….
:hee:
jullies cezer
November 16, 2012 at 2:25 pm
ဖတ်ရှုအားပေးသွားပါတယ် အစ်မရေ ……..