အဆိပ်


          ဆောင်းလေညှင်းက အေးနေပြီ။ မနက်ဖြန်ဆိုရင် နယ်ကိုပြန်ရတော့မယ်။ ရောင်စုံ မီးရောင်တွေအောက်ကနေ ခဏသာ ပျောက်ကွယ်ရဦးတော့မှာပေါ့။ လွမ်းလို့တော့မဟုတ်ပါဘူး။ ဒါ လွမ်းလောက်စရာမှ မဟုတ်တာ။ အညှီ အဟောက်တွေမှန်းလည်း သိပြီးပြီ။ အများပိုင်ရင်ခွင်တစ်ခုမှာ တစ်ဦးဆိုင်နာမ်အတွက် စွန့်သင့်တာကို စွန့်ပစ်လိုက်ခြင်းလို့ သတ်မှတ်မိတယ်။ ဒီအနေအထားမှာ နေခွင့်ရတာကို ပျော်ပိုက်တယ်လို့ ကိုယ့်ကိုကိုယ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့။ ပြီးပြည့်စုံခြင်းမရှိတဲ့ဘဝမှာ လေလွင့်ငှက်တစ်ကောင်ရဲ့ ခိုနားရာသစ်ကိုင်းက ဆွေးနေတာတော့မဟုတ်ဘူး။ ဆွေးနေမှန်းမသိဘဲ နားခိုခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့အမှားပါပဲ။ တကယ်ဆိုရင် အပျံသင်ရင်း နယ်လွန်ခဲ့မိတဲ့ ငှက်တစ်ကောင်ရဲ့ဘဝက လေထန်နေခဲ့ခြင်း သက်သက်သာ။ ဝေဟင်မှာ လေခိုစီးရမှန်းလည်းမသိ။ အတောင်ညောင်းလို့နားခိုခဲ့မိတဲ့ နေရာလေးတစ်ခုဟာ အဆိပ်တွေနဲ့ပြည့်နေတယ်။ သူမ သောက်သုံးခဲ့မိပါတယ်။

×××××××

          သူ့ကိုတွေ့ခါစက သာမန် ယောကျာ်းတွေထဲက ဒီပုတ်ထဲက ဒီပဲပါပဲလို့ သတ်မှတ်မိခဲ့တာ။ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းဖျားမှ တေ့ပြီး ရှိုက်ဖွာနေပုံက ဂိုက်မိတယ်လို့ ပြောရမှာပဲ။ သူ့ အဖော်တွေကတော့ ဟိုဒီဝဲကြည့်လို့ လိပ်ပြာကလေးတွေကိုရှာနေကြတယ်။ သူကတော့ မျက်စိတူရှုက စားပွဲခုံမှာပဲ အကြည့်တွေ ပို့လွှတ်ထားတာပေါ့။ ဒါမျိုးတွေကလည်း ရိုးနေပါပြီ။ တစ်ချို့က မခုတ်တတ်တဲ့ကြောင်ပုံစံမျိုးနဲ့ သူမတို့ရဲ့ အသည်းတွေကိုချူတတ်ကြတယ်။ ပြီးတော့လည်း ထားခဲ့ကြတာပါပဲ။ ခဏသာပျော်ရွှင်ခြင်းအတွက် ငိုကြေးဖြင့် ဝယ်ယူခြင်းတဲ့။ စကားလုံးတွေကလှတယ်။ ဒါပေမယ့် ဘဝတွေက မလှဘူးလေ။ သူမတို့မှာလည်း အသည်းနှလုံးတွေရှိတယ်။ ချစ်တတ်တယ်။ ဖြူစင်ခြင်း သက်သက်လို့ ဘယ်သူကထင်ခဲ့လို့လဲ။

သူ့မျက်လုံးတွေ ရီဝေနေတယ်။ အင်းလေ ဒီနေရာမျိုးကိုရောက်လာမှတော့ သောက်လာခဲ့မှရမှာပေါ့။ သူမ အတွေ့အကြုံအရ ဒီနေရာကို မသောက်ပဲလာတတ်တဲ့သူက ခပ်ရှားရှား။ တကယ်လို့မသောက်ပဲ လာတဲ့ ယောကျာ်းဆိုရင် သိပ်ကို စွဲမက်တဲ့ သူတွေပဲ။ စီးကရက်တစ်လိပ်ပေါ်မှာ သူ့အာရုံတွေကိုပို့လွှတ်ထားပုံက ရယ်ချင်စရာ။ သူမ သူ့ရင်ထဲကို ခဏဝင်ကြည့်တယ်။

သူရင်တွေခုန်နေမှာပါ။ နောက် မရိုးမရွတွေဖြစ်နေမှာပါ။ တကယ်လို သူရိုးတယ်ဆိုရင်တော့။ သူရှက်နေတာနေမှာပါ။ သူမ သူ့ကိုကြည့်ရင်း အသည်းယားလာတယ်။ နောက်ထပ် ဧည့်သည်တွေ ဝင်လာတော့ သူမတို့ လူလုံးပြကြရပြန်ရော။ မမကတော့ ပျာယာခပ်နေတာပဲ။ အင်းလေ ဖြစ်သင့်ပါတယ်။ ဧည်သည့်ဆိုတာ စိတ်ကျေနပ်မှုတစ်ခုအတွက်ပဲလာကြတာမဟုတ်လား။ တစ်ချက်ကလေး ငြိုငြင်လိုက်တာနဲ့ သူမတို့ရဲ့ မမ အငြုတွေ အချွှဲတွေ ပို့လွှတ်တော့တာ။

“သမီးတို့ရေ ဧည့်သည်လာတယ်ဟေ့။ ဧည့်ဝတ်ကျေကြပါစေနော်။ မောင်လေးတို့ကြည့်ကြည့်။ အကြိုက်တွေ့ရင်ပြော။ ဈေးတော့ ဆစ်လို့မရဘူးနော်။ မမ သမီးတွေက ဟင်းရွက် ကန်စွန်းတွေမဟုတ်ဘူး။“

အပြောကောင်း မမရဲ့ စကားအဆုံးမှာ သူမ မျက်နှာတစ်ချက် မဲ့လိုက်တယ်။ ဟင်းရွက်ကန်စွန်းတွေ မဟုတ်ဘူးတဲ့။ သူမတို့က မမရဲ့ ရောင်းကုန်တွေပါနော်လို့။ ပြောလိုက်ချင်တာ။ ထားတော့။ ဒီနေ့ည သူမ ကံကောင်းတာလားမသိ။ သူမကို ဘယ်သူ့မှာ မခေါ်ဘူး။ သူ ခေါင်းငုံ့ထားတယ်။ ဟုတ်တယ်။ အရိုင်းကလေး။ သူအရိုင်းကလေးပါ။ သူအဖော်တွေ နောက်တစ်ဆက်ရှင် ဝင်နေတယ်ထင်ပါရဲ့။ သူ လှုပ်လှုပ်ရွရွဖြစ်နေပြီ။ သူမ ခြေလှမ်းတွေ သူ့ဆီကို ဦးတည်လို့။ ဘယ်အချိန်ကတည်းက လှမ်းချင်နေမှန်းမှ မသိတာနော်။

“ဟိတ်…“

သူ သူမကို မော့ကြည့်တယ်။ မျက်နှာတစ်ခုလုံး နီဆွေးနေတယ်။ အရက်ကြောင့်လား အရိုင်းလေးရယ်။

“မပျင်းဘူးလား။ “

“ မ…မပျင်းပါဘူး.. “

သူမ အူတွေယားလိုက်တာနော်။ ဒီနေရာမျိုးမှာ ဒီလိုယောကျာ်းမျိုးတစ်ယောက်ရှိနေတယ်ဆိုတာ ယုံရခက်ခက်ကြီး။

“မပျော်ချင်ဘူးလား။ ရှင့်အဖော်တွေမလာသေးဘူးမလား။ အချိန်ရပါသေးတယ်။ ယု တစ်ယောက်တည်းဖြစ်နေလို့ ပျင်းနေလို့။ “

“ကျွန်တော် ဝါသနာ မပါပါဘူး။ ဒီလိုပဲထိုင်နေပါရစေ။ တစ်ဆိတ် မင်း နေရာမင်းပြန်နေလို့ရမလား“

အဲလဲ့ မခေပါလား။ စကားတွေတော့ ပြောတတ်သား။ မမ သူမကိုလှမ်းကြည့်နေတယ်။ မျက်စတစ်ဖက်က ပစ်ပြဖြစ်အောင် ပစ်ပြသေးတာ။ သူမ သိတာပေါ့။ မမ ချွေခိုင်းနေပြီ။ သူမ ခါတိုင်း ဒီလို လုပ်လေ့မရှိဘူး။ ခေါ်ရင်ခေါ် မခေါ်ရင် မလိုက်ဘူးဆိုတာမျိုး။ သူ့ကျမှ။ ဟင်းအင်း။ သူ့ကို သူမ အဲလိုမျိုးခေါ်ချင်တာမဟုတ်ဘူး။ ဖြူစင်ခြင်းသက်သက်နဲ့ စ..ချင်တာ။ နောက်ချင်တာ။

“အို. ဒါဆို ဘာလို့ဒီနေရာကိုလာသေးလဲ။ ဒီနေရာမှာ ဒါတွေဆိုတာ ရှင်မသိဘူးလား။ နှိုက်မြည်းလို့တော့မရဘူးနော်။ အားလုံး ရောင်းကုန်တွေ“

တစ်ချို့က ညသန်းခေါင်ကျော်ကို စောင့်ကြတယ်။ သန်းခေါင်ကျော်ရင့် လျှော့ဈေးနဲ့ မိုးလင်းတော့တာ။ ပြောရရင် Nightကိုစောင့်တာ။ တစ်ဆက်ရှင်နဲ့လည်း မကျေနပ်။ နှစ်ဆက်ရှင်နဲ့လည်း မကျေနပ်တဲ့ ယောကျာ်းမျိးတွေပေါ့။

“စိတ်မဝင်စားပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မနှောက်ယှက်ပါနဲ့ဗျာ။“

သူမ ကျေနပ်တယ်။ သူ အရိုင်းကလေးပါ။ မျက်စိတွေ ဟိုကြည့် ဒီကြည့်နဲ့ ဂဏာမငြိမ်ဖြစ်နေတာ။ ဒီနေ့ ရွာထဲမှာစည်တယ်။ ကုမ္ပဏီတွေ လခထုတ်တယ်ထင်ပါရဲ့။ မူးရူးလာလိုက်ကြတာ။ သူမ သူ့အနာကနေ မမဆီကို လက်ခါ ပခုံးတွန့်ပြလိုက်တယ်။ မမက ရယ်တယ်။

အပြင်ဘက်မှာ ပုရိသတွေ တစ်သီတစ်တန်းကြီး။ သူမတောင် နောက်ဧည့်သည်အဝင်မှာ အခန်းဝင်ရရော။ သူ့ကို လှမ်းကြည်ု့လိုက်တော့ သူမနဲ့ အကြည့်ချင်းဆုံတယ်။ ဘာကြောင့်မှန်းမသိဘူး။ သူ့ကို မျက်စိမှိတ်ပြလိုက်တယ်။ သူကခေါင်းကလေးကို ပြန်ငုံ့လို့။

××××××

          မနက် ဆယ်နာရီမှာ သူမနိုးလာတယ်။ ရေမိုးချိုး ပြီး အဝတ်အစားလဲနေတော့ ချိုလွင်ဦးက နိုးလာတယ်။

“ယု ဘယ်သွားမလို့လဲ ရွာထဲလား“

“အင်း ဆေးခန်းသွားမလို့။ ပြီးရင် အကင်စားမယ်လေ။ ဗိုက်က ဟာနေပြီ“

“ချိုလဲလိုက်မယ်လေ။ ခဏစောင့်နော်။“

“လိုက်လေ အဖော်မရှိလို့ခက်နေတာ။ အတော်ပဲ။“

သူမ မှန်ရှေ့မှာအလှပြင်တယ်။ တစ်လတစ်ခါ သူမ ဆေးခန်းပြတယ်။ ဆေးစစ်တယ်။ သူမ အန္တရယ်ကိုကြောက်တယ်။ ဆေးခန်းက ဆရာမနဲ့တောင် သူမက ရင်းနှီးလို့။ သူမကို ပညာပေးစကားတွေပြောတယ်။ စာအုပ်တွေပေးဖတ်တယ်။ သူမ မရှောင်နိုင်ဘူး။ သူမအတွက် ရည်မှန်းချက်တွေလိုသေးတယ်။ ဒီလို ဟာက ကြီးကျယ်တယ်လို့ပြောဦးမယ်။

“ယု မှန်ရှေ့မှာ ဘာတွေစဉ်းစားနေတာလဲ။ သွားမယ်လေ။ ချိုကြည့်နေတာ ချိုပြန်ဝင်လာကတည်းက မှန်ရှေ့မှာထိုင်နေတာ။ တစ်ခုခုတော့ တစ်ခုခုပဲနော်။“

“ဘာမှမဟုတ်ပါဘူးဟယ်။ လာ သွားရအောင်“

မမကိုခွင့်တောင်းပြီး သူမတို့နှစ်ယောက်ရွာထဲကိုထွက်တယ်။ လမ်းထဲကို ထွက်ထွက်ချင်းပဲ ဟိုနေရာ ရွှတ်ရွှတ်။ ဒီနေရာက ရွှတ်ရွှတ် အသံဗလံတွေထွက်လာကြတယ်။ ဂရုမစိုက်ပါဘူး။ အာညောင်းရင်ရပ်သွားကြလိမ့်မယ်။

မမုံမီးသတ်ရှေ့က ဆိုင်ကယ်ကယ်ရီသမားတွေကလည်း သူမတို့ကို မျက်လုံးကျွတ်မတ်ငေးနေတယ်။ ဒီလို အကြည့်တွေက သူမတို့အတွက်တော့ ရိုးဟိုးနေပြီလေ။ သူမဆေးခန်းပြပြီးတော့ အကင်ဝင်စားတယ်။ အဲဒီမှာ သူနဲ့တွေ့တာပဲ။ သူ ဘေးလွယ်အိတ်ကလေးတစ်လုံးနဲ့ ဆိုင်ထဲဝင်လာတယ်။ သူ သူမတို့ကို မမြင်သေးဘူး။ သူ့သူငယ်ချင်းတစ်ယောက်ကတော့ မြင်သွားတယ်။ သူမတို့ ဘာဆိုတာ စားနေကျကြောင်ပါးက သိတယ်။ သူ့ကို ဒတောင်နဲ့ တွတ်ပြီးပြတယ်။

သူ သူမကို မြင်သွားတော့ ချက်ချင်း မျက်နှာလွှဲသွားရော။ သူမ မခံချင်ဖြစ်သွားတယ်။ ပြီးတော့မှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရတယ်။ သူမ ဘာလဲဆိုတာ သူမ မေ့သွားတယ်။

“ဟဲ့ နင့်မျက်လုံးတွေ ဘယ်ရောက်နေတာလဲ။ ယု..နော်။ တစ်ယောက်ထဲ မစားနဲ့။ ချို့ကိုလဲ မျှဦး“

“ချိုလိုချင်ရင် ဟိုး ဘေးလွယ်အိတ်ဘေးက တစ်ယောက်ကို ဖမ်းလေ“

သူ့သူငယ်ချင်းက မျက်လုံးရွဲကြီးတွေနဲ့ လက်က လှမ်းပြနေသေး။

“ဟွန့် မဖမ်းချင်ပါဘူး။ ညာတာစိတ်မရှိတဲ့ သူ။ အကျင့်မကောင်းဘူး။“

“ဟဲ့ နင်နဲ့ ဆုံဖူးလို့လား။“

“အောင်မလေး ဆုံပါ။ မနေ့ညကပဲ။ ယူထားတာက တစ်ချိန်ကလေး။ အဆစ်ကလိုချင်သေးတာ။ ပြီးတော့ “

“ပြီးတော့ ဘာဖြစ်လဲ.. “

“လူလို မဆက်ဆံဘူး ယုရဲ့။“

“ဪ“

သူ သူမတို့ကိုကြည့်နေတယ်။ ရှုတည်တည်ကြီးနဲ့။ အဲဒီအကြည့်တွေက ငြို့အားကောင်းလှချည်လား။ သူမတောင် ရင်တွေခုန်ချင်သလိုလို။ သူမ တစ်ချက်ပြုံးပြလိုက်တယ်။ သူ ပြန်မပြုံးပြပါဘူး။အင်းလေ။ ပတ်ဝန်းကျင်အခြေအနေက ရောင်စုံမီးရောင်တွေရဲ့ အောက်မှမဟုတ်တာ။ သူတို့ သူငယ်ချင်းနှစ်ယောက် ဘာတွေ ပြောနေမှန်းတော့မသိဘူး။ မျက်လုံးတွေကတော့ သူမတို့ဆီမှာ။

သူမတို့ အကင်ဆိုင်ကထွက်တော့ သူ လှမ်းကြည့်တယ်။ အဲဒီအချိန်ကလေးအတွင်း သူမ မျက်စိမှိတ်ပြလိုက်ပြန်တယ်။ သူကတော့ ခေါင်းငုံလို့ရယ်လေ။

××××××

          “ယု အဲဒီအလုပ်မလုပ်တော့နဲ့ကွာ။ နယ်ကိုပြန်တော့။ “

“ယု ကတိပေးထားတယ်လေ။ “

“ကို လိုချင်တာ ယု့ကို ဒီပတ်ဝန်းကျင်မှာ မမြင်ချင်တော့ဘူး။ ယု ရာ ကို့ကိုချစ်ရင် နယ်ကိုပြန်တော့နော်။ ဒီဆောင်းရောက်ရင်ပြန်တော့နော်။ ကို ယုလိုတာ ထောက်ပံ့ပေးမယ်။“

“အင်းပါဆို ကိုရာ။ ယု ကြိုးစားပါ့မယ်။“

သူမ သူ့ရင်ခွင်ကလေးထဲမှာ မှီတွယ်ရင်း သူ့ရင်အုံကြီးကို ပွတ်သပ်နေမိတယ်။ သူမ ခုထိ အိပ်မက်မက်နေတယ်လို့ ခံစားနေရတယ်။ သူမနဲ့ သူ ဘယ်လိုတွေ့ဆုံပြီး ဘယ်လိုရေစက်ဆုံခဲ့ပါသလဲ။ သူမရှိရာဝန်းကျင်မှာ သူ့သူငယ်ချင်းတွေနဲ့လိုက်ပါလာခဲ့ရင်း သူမနဲ့ စကားတွေပြောဖြစ်တယ်။ နောက်တော့ ခင်လာတယ်။ နောက်တော့ သူမကို ချစ်တယ်တဲ့။

သူမ မယုံခဲ့ပါဘူး။ ဒါပေမယ့် သူကို သူမ ယုံခဲ့ရတယ်။

“ယု ကို ကို လက်ထပ်မယ်“

“ရှင်“

“ယု မကြားဘူးလား။ ယု ကို ကိုလက်ထပ်မယ်လို့“

လက်ထပ်မယ်။ ယုံချင်ပါတယ်။ သူ့ကို သူမ ယုံချင်ပါတယ်။ ကံကြမ္မာကို သူမမယုံရဲ။ သူမလို ညငှက်တစ်ကောင်ကို လက်ထပ်မတဲ့။ သူ ရူးသွားပြီလား။

“ကို့ကို ကျေးဇူးတင်တယ် ကို“

“ဘာဖြစ်လို့လဲ ယု“

“ယု စိတ်ချမ်းသာအောင်ပြောလို့လေ။ ယု ဘယ်လို မိန်းမစားဆိုတာ ကို သိနေတဲ့ဟာ။ ယု ကို့ကို အားနာတယ်။ ကိုက ဖြူစင်တဲ့ အဖြူထည်သက်သက်ကလေးပါ။ ယုက အရောင်တွေနဲ့။ ကို့ဘဝထဲကို ယုဝင်လိုက်လို့ ကို့ဘဝ စွန်းထင်းသွားခဲ့ရင်“

ယုရဲ့ နုတ်ခမ်းကလေးကို သူ့ နုတ်ခမ်းနွေးနွေးနဲ့ ထိလိုက်တယ်။ ယု ဘာမှပြောလို့မရတော့ပါ။ ယု သူ့ရဲ့ ချစ်ခြင်းအားတွေခေါ်ဆောင်ရာနောက်လိုက်ပါမိသွားတယ်။ အနမ်းတွေ ယု ပါးပြင်မှာ မိုးစက်တွေလို တရစပ်ကျရောက်နေတယ်။ ယု လည်ပင်းထက်မှာ။ ယု နှုတ်ခမ်းထက်မှာ။

××××××

          သူမ နယ်ကိုမပြန်ဖြစ်သေးဘူး။ သူ တွေ့တိုင်းပြောတယ်။ သူမ နားမထောင်မိဘူး။ သူ ငြိုငြင်လာတယ်။ သူမ သိပါတယ်။ သူ သူမကို ထားခဲ့တော့မယ်ဆိုတာ။ အထင်နဲ့အမြင်က တစ်ခြားဆီဖြစ်နေပြန်ရော။

သူ ကုမ္ပဏီကထွက်လိုက်တယ်။ ရွာထဲမှာ အိမ်ဌားနေတယ်။ ပြီးတော့ သူမကို ခေါ်ပြီးနေမယ်တဲ့။ သူ ဘာကြောင့် အဲလောက်အထိ စွန့်စားနေရတာလဲ။ သူမအတွက်။ စွန့်ရတာ။ တန်လို့လား။

သူမ ရင်ထဲမှာ ကြည်နူးချမ်းမြေ့ခြင်းတွေပြည့်နေတယ်။ သူမ သူ့ဆီကိုသွားရင်။

“ယု ကို့နဲ့အတူနေရအောင်နော်။ ကို အိမ်ဌားထားတယ်။ ယု အဲဒီကထွက်ခဲ့တော့ကွာ။“

“ကို တကယ်ပဲ ယု ကို လက်ထပ်ရဲလို့လား။ယု့အတွက် ပတ်ဝန်းကျင်ကို ရင်ဆိုင်ရဲလို့လား။ ယုလို မိန်းမစားအတွက်က အရှက်ဆိုတာ ကျန်ခဲ့ပြီ။ မလိုတော့ဘူး ကို။ ကိုက ပညာတတ်တစ်ယောက်ပါ။ ကို ယု အတွက် စွန့်စားလွန်းနေတယ်လို့ မထင်ဘူးလား။“

“ယု ကိုပြောမယ်။ လူဆိုတာ မှားနေမှန်းသိရင် ပြင်ရတယ်။ ယု ခု မှားမှန်းသိနေတာပဲ။ ပြင်လိုက်ရင် ဘဝကို အသစ်က စလို့ရပြီ။ ကို တို့ ဒီပတ်ဝန်းကျင်ကနေ နေရာသစ်တစ်ခုကို သွားကြမယ်။ ယု ကိုလည်း ဘယ်သူမှမသိသလို ကို့ကိုလဲ ဘယ်သူမှမသိတဲ့ နေရာတစ်နေရာဆီကိုပေါ့။ အဲဒီမှာ ဘဝသစ်တစ်ခု တည်ထောင်ကြမယ်။ “

“ကို စိတ်ကူးယဉ်ဆန်လွန်းနေတယ်လို့မထင်ဘူးလား။ ခြံခုန်ဖူးတဲ့ နွားဟာ နောက်တစ်ခါ ခြံမခုန်ပါဘူးလို့ ကို အာမခံရဲလို့လား။ ယု တော့ မထင်ဘူး ကို။“

“ယု“

သူ သူမကို စိမ်းစိမ်းကြီးကြည့်တယ်။ သူမ ရင်ထဲမှာ နာကျင်နေတယ်။ သူ သူမရဲ့ ပခုံးနှစ်ဖက်ကိုဆွဲပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းတယ်။ ပြီးတော့ တရှုံ့ရှုံ့နမ်းတယ်။

“ယု ဘာကြောင့် ဒီစကားတွေပြောနေလဲဆိုတာ ကိုသိတယ်။ မပြောနဲ့တော့။ ကိုနဲ့ အတူနေရအောင်ပါနော်။“

သူမ သူ့ကို ဘာစကားမှ ပြန်မပြောမိ။ ဒီည သူနဲ့တွေ့တာ နောက်ဆုံးနေ့။ သူမ သူ့ကို နုတ်ဆက်ခဲ့ရတော့မယ်။ သူ့အတွက် သူမ ဘာပေးနိုင်သလဲ။ ဖြူစင်တဲ့အချစ်တွေအပြင် သူမ သူ့အတွက် ဘာတွေ ပေးဆပ်နိုင်သလဲ။ သူ သူမကို အဆက်မပြတ်နမ်းနေတယ်။ သူ့ကို သူမကြည့်လိုက်တယ်။ မျက်ဝန်းဆီမှာ လိုချင်တပ်မက်မှုတစ်ခု။ ဒါပေမယ့် ရိုးရှင်းသော ချစ်စိတ်ကလေးနှင့်။

သူမ လက်က လက်ဆွဲအိတ်ကလေးထဲက အိတ်ငယ်ကလေးတစ်ခုကို သူမသိအောင် မသိမသာ ဆွဲယူလိုက်တယ်။ ပြီးတော့ သူ့ကို…..။

××××××

          “ရှင် ဆရာမ “

“ဟုတ်တယ် ယု…။ ယု ဆေးစစ်ချက်မှာ Positive တဲ့“

သူမ မအံ့ဩမိပါ။

“ယု စိတ်ကို ခိုင်အောင်ထားနော်။ အားတော့မလျော့ပါနဲ့။ ခုက အကောင်းဆုံးဆေးဝါးတွေပေါ်နေပြီပဲ။ ခုက HIV အဆင့်မှာပဲရှိပါသေးတယ်။ ARVဆေးဝါးတွေ သေသေချာချာသောက်သွားမယ်။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်နေထိုင်သွားမယ်ဆိုရင် လူ့ဘဝမှ သက်တမ်းစေ့နေနိုင်ပါတယ်။ “

သူမ သက်တမ်းစေ့အောင်မနေနိုင်တာထက် သူနဲ့ခွဲရမှာကိုပဲ ကြောက်မိတယ်။ သူမ စိတ်ကလေး တစ်ချက် အလိုလိုက်ပေးမိလိုက်တာ မှားတာပဲ။ ဧည့်သည်က ပူဆာလွန်းလို့ အန္တရယ်ရှိမှန်း သိပေမယ့်လည်း လိုက်လျောခဲ့ရတယ်။ ဧည့်သည်က အဖော်မသုံးချင်ဘူးဆိုတော့ သူမ ငြင်းသေးတယ်။ ဧည့်သည်ကလည်း လူကြီးလူကောင်း စာရင်းဝင်တစ်ယောက် ဆိုတာကို သူမ ဘာကြောင့်များ အဲဒီအချိန် အထင်ကြီးလိုက်မိပါလိမ့်။ ဒီလို စိတ်မျိုးရှိတဲ့လူက ကြုံရာဝါးတဲ့ ပါးစပ်ပိုင်ရှင် ဖြစ်နေနိုင်တာပဲဆိုတာ သူမေ့သွားတာလား။ သတိ မထားမိလိုက်တာလား။

သတိတစ်ချက်ကလေး လွတ်သွားတာ။ သူမ သူနဲ့တွေ့ချိန်ကတည်းက ဆေးမစစ်မိတာ လေးလကျော်ခဲ့ပြီ။ သူရော။ သူ့ဆီမှာရော။ ဘုရား ဘုရား သူမ လက်ဆောင်မပေးမိပါစေနဲ့။ သူ့အတွက် သူမ ပေးခဲ့မိတဲ့ နောက်ဆုံးည လက်ဆောင်မွန်က မသန့်ရှင်းတော့ပြီဖြစ်တဲ့ သူမရဲ့ ဘဝ။

×××××××××××

          သူမ သူ့ကို မနုတ်ဆက်တော့ဘူး။ ဆောင်းလေညှင်းကအေးနေပြီ။ နယ်ကိုပြန်တော့မယ်။ ထားခဲ့တော့မယ် ဘဝဟောင်းကို။ အမှားတွေများတဲ့နေရာကို သူမ စွန့်တော့မယ်။ ဒါပေမယ့် အဆိပ်တွေ သူမ သောက်သုံးခဲ့မိပြီးပြီ။ မှော်တစ်ခုရဲ့ ရွာကလေးတစ်ရွာမှာ သူမ ဘဝစွန့်ခဲ့တယ်။ သူမ အချစ်တွေ စွန့်ခဲ့တယ်။

မနက်ဖြန် သူမျှော်နေပါလိမ့်မယ်။ တွေ့နေကြ နေရာလေးတစ်ခုမှာပေါ့။ ပြန်ပါဆိုတုန်းက မပြန်ပဲ တွယ်ကပ်နေခဲ့သူ။ ခုတော့လည်း မနှင်ပဲ ပြန်သွားပါလားဆိုတာ သူ သိလိုက်မှာတောင် မဟုတ်ပါဘူးလေ။

 

သော်ဇင်(လွိုင်ကော်)

Date-28th-Nov-2012

Time-7:46PM

 

5 comments

  • Mobile

    December 11, 2012 at 3:13 pm

    ခံစာချက်ပါတဲ့ စာသားလေးတွေပါ။
    ဘဝမှာ အမှား ဆိုတာလူတိုင်းနဲ့ မကင်းနိုင်ပေမယ့်
    ပြန်ပြင်လို့ရတဲ့ အမှားနဲ့ ပြန်ပြင်လို့မရတဲ့ အမှာဆိုတာ အဓိကကျလှတယ်။
    အဆိပ်တက်တာခြင်းတူရင် မြွေကိုက်လို့ အဆိပ်တက်တာနဲ့ ပုရွက်ဆိတ် ကိုက်လို့
    အဆိပ်တက်တာ ဘယ်တူနိုင်ပါ့မလဲ ဒါပေမယ့် အဆိပ်တော့ အဆိပ်ပဲလေ . . . . . . .
    တောင်ရေး မြောက်ရေး လျှောက်ရေးခဲ့ခြင်း ဖြစ်ပါကြောင်း ……….

  • koyinmaung

    December 11, 2012 at 3:39 pm

    ကိုသော်ဇင်ရေ…အတော်ကောင်းတဲ့ပို့စ်ပါ..
    ( ဒီလို စိတ်မျိုးရှိတဲ့လူက ကြုံရာဝါးတဲ့ ပါးစပ်ပိုင်ရှင် ဖြစ်နေနိုင်တာပဲဆိုတာ သူမေ့သွားတာလား )
    သူတို့လေးတွေသတိထားစရာပေါ့….နော်
    နောက်ပို့စ်တွေစောင်းမျော်နေပါတယ်…

  • Shwe Tike Soe

    December 11, 2012 at 4:09 pm

    အားပေးခံစားသွားပါတယ် ကိုသော်ဇင်ရေ…
    အဲလို ဘဝလေးတွေ အများကြီးနော်…. ဟင်းးးးးးးးးးးးးးးးးးးးးးးးး

  • ရွှေ ကြည်

    December 11, 2012 at 8:05 pm

    အဆိပ်ဆိုလို့ဘာပါလိမ့်လို့။
    ရွှေကြည်မောင်သာဆိုရင် ရင်ကျိုးရပါပြီ။ ဒီလိုမိန်းကလေးမျိုးကိုမှချစ်မိရသလားဆိုပြီးလေ။
    အကြောင်းကြောင်းကြောင့် ဒီလိုဘဝမျိုးရောက်နေရတဲ့မိန်းကလေးတွေကို စာနာသနားမိပေမယ့်..။
    သူမမှားတယ်လို့ပဲပြောချင်ပါတယ် ကိုယ်တကယ်လက်မထပ်နိုင်ဘဲနဲ့ မဖြစ်နိုင်မှန်းသိရင်ရှောင်သင့်တယ်။
    တဖက်သားမှာတွယ်ညှိပြီးမှ တော်တော်လေးခံစားသွားရရင်ဘယ်လိုလုပ်မလဲ..။
    အဲလေ ရသစာပေကိုစာပေလိုမဝေဖန်ပဲ မဆိုင်တာတွေလျှောက်ပြောနေမိပြီ..။
    ဖတ်ရှုခံစားသွားပါတယ်..။

  • Mr. MarGa

    December 15, 2012 at 7:00 pm

    ပြင်းရှရှ ရသ ပါလားဗျာ

Leave a Reply