မိန်းမတစ်ယောက် နဲ့ ဒီဇင်ဘာ

အောင် မိုးသူDecember 19, 20121min1403

“နာရီစင်ကြီးရယ်**********မကြာမီဆိုညည်းတော့မယ်******သီချင်းကြားထဲ နှစ်သစ်ကိုရောက်မယ်**** ဒီမှာကိုယ် တစ်ယောက်တည်း******နှင်းများတဖွဲဖွဲကျနေ ဒီညလေးကိုငေးမာကြည့်နေတုန်း…….”

ကျွန်တော်ဖြတ်လျှောက်သွားတဲ့ လမ်းမတစ်လျှောက်မှာ အလွမ်းနှစ်ကူးဆိုတဲ့ သီချင်းသံလေးတွေ ညံစီလို့။ အောက် စွပ်ကျယ်တစ်ထပ်နဲ့အပေါ်က ခေါင်းစွပ်(Hoody)ကို ကျွန်တော်ဝတ်ထားတယ်။ ရန်ကုန်ဆောင်းလား သိပ်မအေးဘူး။ နှင်းကျလားဆိုတော့ သိပ်မကျဘူး။ မြူတွေလောက်ပဲတွေ့ရတတ်တဲ့ ရန်ကုန်ဆောင်းရယ်။ ဒီညလား ဒီညက နှစ်သစ်ကူး (New Year) ညလေ။ ဒါကြောင့် လမ်းတိုင်းလမ်းတိုင်းလိုလို လူစည်ကားနေတာ။ နှစ်သစ်ကို ကြိုကြတော့မယ် လူငယ် လူကြီူး အစုံအလင်ပါပဲ။ ကျွန်တော်လည်း လူငယ်မို့ နယူးရီးယားညကိုကြိုဖို့ သူငယ်ချင်းအိမ်ကိုထွက်လာမိတယ်။ လက်ကနာရီကိုကြည့်လိုက်တော့ ဆယ်နာရီနဲ့မိနစ်သုံးဆယ်။ ချမ်းစိမ့်စိမ့်ရာသီကြောင့် လက်နှစ်ဖက်ကို ဘောင်းဘီအိတ် ထဲ ထည့်ပြီးလမ်းလျှောက်လာမိတယ်။ ကျွန်တော့်နှုတ်မှလည်း ထိုသီချင်းကို ညည်းနေရင်း လမ်းလျှောက်နေမိတယ်။

“လူတွေအားလုံးသိပ်ပျော်တယ်**********ဒီလိုနှစ်သစ်ရောက်ရင်ကွယ်****ပျော်စရာသီချင်းသံများနဲ့***မင်းပျော် နေတာ့မယ်****ငွေရောင်လကကောင်းကင်ထက်***ကိုကြည့်ရင်းငိုချင်တယ်***နှစ်သစ်ရောက်ရင်ပြန်ခဲ့မယ်** ခုတော့ကိုယ့်ကိုမေ့ပြီကွယ်****”

တိုးတိုးလေးညည်းနေတဲ့ကြားထဲ အေးစိမ့်တဲ့လေတစ်ချက်အဝေ့ကြောင့် ကျွန်တော်မျက်ဝန်းတွေထဲမှာ အရည်တွေလဲ့ သွားတယ်။ ရင်ဘတ်ထဲဆို့တက်လာတဲ့ခံစားမှုအချို့ကို ထိန်းမနိုင်တော့တာနဲ့ လမ်းဘေးရဲ့ခုံတန်းလျားတစ်ခုပေါ် ကျွန်တော်ထိုင်ချလိုက်တယ်။ နားထင်ကြောတွေကို လက်ညှိုးနှစ်ဖက်နဲ့ အသေအချာနှိပ်ကာ လျော့ချစမ်း….. လျော့ချစမ်း ဒီစိတ်တွေ ဆံပင်ကိုလက်တစ်ဖက်နဲ့ တစ်ချက်စုပ်ကာ အသက်ဝဝရှူလိုက်တယ်။

“ရှပ်.. ရှပ်…….ရှပ်”

မျက်လုံးတွေခဏမှိတ်ထားက ကျွန်တော်ပြန်ဖွင့်လိုက်တယ်။ ဟုတ်တယ် ဒါလူတစ်ယောက် လှမ်းတဲ့အသံ တဖြည်းဖြည်း အသံက ကျွန်တော်နဲ့ နီးလာသလို။ သေချာနားစိုက်ထောင်ကြည့်တယ်။ ကျွန်တော်ထိုင်နေတဲ့ နေရာရဲ့ဘယ်ဘက်ကပဲ။ ကျွန်တော့်ခေါင်းကိုတဖြည်းဖြည်းလှည်းကြည့်လိုက်တယ်။ ပထမဆုံးတွေ့တာ  ဖိနပ်ဗလာနဲ့ခြေထောက်တစ်စုံ အသား အရောင်က သိပ်မဖြူသလို အဝါရောင်ဘက်အနည်းငယ်သန်းတဲ့အရောင်။ ထူးဆန်းစွာ ကျွန်တော့်ရင်တွေ တစ်ဒုန်းဒုန်း ခုန်လာတယ်။ ကျွန်တော်မျက်ဝန်းပေါ်မှာ တဖြည်းဖြည်းပုံရိပ်ပေါ်သလိုမျိုးပဲ။ တွေ့ရတဲ့ခြေထောက်တစ်စုံက မိန်းမ တစ်ယောက်ရဲ့ခြေထောက်ပုံသွယ်လျလျလေး။ ကျွန်တော်မှတ်ချက်ချလိုက်တယ် သူဟာမိန်းမတစ်ယောက်ပဲလို့။ သူမရဲ့ခြေသည်းလေးတွေက ဘာအရောင်မှမရှိ ပကတိပန်းရောင်သန်းနေတယ်။ ခြေဖဝါးအစွန်းသတ်နားတွေမှာတော့ မြေမှုန့်အချို့ကပ်ပေနေတယ်။ ကျွန်တော်မျက်တောင်မခတ်ဘဲ ဆက်လက်ကြည့်နေဆဲပါပဲ။ ဟုတ်ပါတယ် သူဟာ မိန်းမတစ်ယောက်ပါ။ သူ့ရဲ့ခြေဖဝါးအနားထက်က ဂါဝန်အနားသတ်တွေကို ကျွန်တော်တွေ့လိုက်ရလို့ပါပဲ။ ဆောင်းလေ အေးစိမ့်စိမ့်က ဝဲကနဲတိုက်ခတ်သွားတယ်။ သူမရဲ့ ဂါဝန်းအနားသတ်ကလေးတွေက လှုပ်ခတ်လို့။

………………………………………………………………………………………

သူမခြေလှမ်းတွေက ကျွန်တော့်ဆီတစ်ဖြည်းဖြည်း ရောက်လာတယ်။ ရှိန်းကနဲခံစားမှုနဲ့အတူပဲ ကျွန်တော့်ရဲ့ဘယ်ဘက် ခြေထောက်က ညာဘက်ကိုအနည်းငယ် တိုးမိသွားတယ်။ သူမတစ်ချက်ပြုံးပြတယ် ပြီးတော့ကျွန်တော့်ဘေးနားမှာ ဝင်ထိုင်လေရဲ့။ သစ်ရွက်ကြားတွေထဲက လရောင်ခပ်ဖျောက်ဖျောက်တွေက သူမကိုယ်ပေါ်ကိုဖျန်းပက်ထားတယ်။ သူမဆီကအနံ့ ဟုတ်တယ်။ သူမဆီက ကိုယ်သင်းအနံ့တစ်ခု ပန်းအနံ့တစ်ခုခု ဘာပန်းအနံ့မှန်းတော့ ကျွန်တော်မသိ ဘူး။ ကျွန်တော့်မျက်ခုံးတစ်ချက်ပင့်မိသွားပါရဲ့ သူမရဲ့လက်မောင်းပေါ်မှာ စိမ်းညို့ရောင်သစ်ရွက်တစ်ရွက်ကို တွေ့လိုက်ရ လို့ပါပဲ။ သစ်ရွက်ရဲ့ဘေးအနားသတ်တွေက ညှိုးလျော်မှုမရှိဘဲ စိမ်းဖန့်နေလေရဲ့။ ဒါဟာထူးဆန်းတာပေါ့ လူတစ်ယောက် ကိုယ်ပေါ်မှာ သစ်ရွက်တစ်ရွက်ပေါက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးကိုး။ ကျွန်တော်စဉ်းစားနေတုန်းမှာပဲ သူမဆီက စကားသံအချို့ထွက်ပေါ်လာတယ်။

“Happy New Year ပါ………။”

ကျွန်တော့်လက်ထဲက နာရီကိုကြည့်လိုက်တယ်။

“၁၂ မထိုးသေးဘူးဗျ……..”

ကျွန်တော့်အဖြေသူမကြားလိုက်တော့ သူမကပြုံးပြတယ်။

“ဟုတ်လား ကျွန်မမှာ နာရီမပါတော့ ကျွန်မက နှစ်သစ်ရောက်ပြီပဲထင်တာ….” သူမ ကျွန်တော့်ဘက်အနည်းငယ်စောင်း ကာ ပြောတယ်။ ပြီးတော့ သူမလက်တစ်ဖက်ကို ဆန့်တန်းပြီးသူမကိုယ်ပေါ်ကျရောက်နေတဲ့ လရောင်ပျောက်ကျားလေး တွေကို သူမဖမ်းဆုပ်ကာဝှေ့ယမ်းနေတယ်။ သူမလှုပ်ရှားတိုင်း သူမလက်မောင်းအထက်က စိမ်းညို့ညို့သစ်ရွက်ကလေး တစ်ဖျတ်ဖျတ်နဲ့ လှုပ်ရှားနေသလို။ သူမဟာ ထူးဆန်းတဲ့မိန်းကလေးပါပဲ ကျွန်တော်တပ်အပ် ကောက်ချက်ချလိုက်တယ်။ သူမဘယ်ကရောက်လာသလဲ သူမကျွန်တော့်ဆီဘာကြောင့်လာရသလဲ။

“ရှင်ဘာတွေ စဉ်းစားနေတာလဲ”
သူမမေးတဲ့အခါ ကျွန်တော်သူမကို တစ်ချက်စိုက်ကြည့်မိလိုက်တယ်။
“ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော်ကပြောတယ်။ ကျွန်တော်တို့က မြန်မာလေ မြန်မာဆိုတော့မြန်မာ့နှစ်သစ်က တန်ခူးလမှ မဟုတ်လား။ ဘာလို့များ နှစ်သစ်ကိုကြိုဆိုရသလဲလို့…….။”

ကျွန်တော်ပြောတဲ့အခါ သူမရဲ့ ပါးလျှတဲ့နှုတ်ခမ်းစုံက အပေါ်ကိုကွေးညွတ်တက်သွားတယ်။

“အော်…..ရှင်ကလည်း ရှင်တို့ကျွန်မတို့ဆိုတာ လခစားဝန်ထမ်းတွေများတယ်မဟုတ်လား။ ကျွန်မတို့ အလုပ်တွေအသုံး ပြုတဲ့ ပြက္ခဒိန်က အင်္ဂလိပ်ပြက္ခဒိန်များတာကိုး ပြောရရင် တစ်ကမ္ဘာလုံးနီးပါးဆိုတော့လည်း။ ကျွန်မတို့အသုံးပြုနေတဲ့ ပြက္ခဒိန်အရ နှစ်သစ်ပေါ့ရှင်….။ ရိုးရာပြက္ခဒိန်အရကတော့ သက်သက်ပေါ့။ ရှေးထုံးလည်း မပယ်နဲ့…… ဈေးသုံးလည်း မလွယ်နဲ့ တဲ့စကားပုံတောင်ရှိသေးတာပဲ…”

“အချိန်ဆိုတာ သူ့ဖာသာ ပြောင်းလဲနေကြတာပါဗျာ။ ကိုယ်မကြိုလည်း သူရောက်လာမှာပဲ….။ ဒါကို အထူးအဆန်းလုပ်ပြီး ကြိုဆိုနေကြလို့ပါ………..။”

ကျွန်တော်သူမကိုကြည့်လိုက်တယ် သူမမျက်နှာအနည်းငယ်ညိူးသွားတယ် ခပ်လျော့လျော့မျက်လုံးများနဲ့ ကျွန်တော့်ကို ကြည့်တယ်။

“နောက်နှစ်သစ်ရဲ့ ပထမဆုံးရက်မှာ သက်တမ်းကုန်မှာ ကြိုတင်သိနေတဲ့ သက်ရှိအတွက်တော့ အဲသည်ရက်က ပိုအရေးပါလိမ့်မယ်လို့ ရှင်မထင်ဘူးလား………”
သူမအပြောကြောင့် ကျွန်တော်သူမကိုကြည့်လိုက်တယ်။ လရောင်ဆမ်းတဲ့ လမ်းမဘက်ကို သူမမျှော်ကြည့်နေတယ်။

“တကယ်တော့ တစ်ဦးတစ်ယောက်ကိုအကျိုးပြုတဲ့သူတွေဟာ သူတို့တွေရဲ့ ပျော်ရွှင်ချိန်ထက် သူတို့တွေအသက်ရှင်ချိန်က နည်းတယ်ဆိုတာ လူတွေမသိလို့ပါရှင်………..”

တိုးလျငြင်သာသာနဲ့သူမနှုတ်ဖျားက ညည်းသလိုမျိုး ထွက်လာတဲ့စကားသံက ကျွန်တော့်ကို တစ်ခုခုလာရိုက်ခတ်သလိုပါ ပဲ။

********************************************************

သူမကျွန်တော့်ကိုကြည့်ပြီး တစ်ချက်ထပ်ပြုံးပြတယ်။ ဒီအပြုံးကတော့ တစ်မျိုးဗျ ဘယ်လိုအဓိပ္ပာယ်နဲ့ ပြုံးပြသလဲဆိုတာ တော့ ကျွန်တော်မခွဲခြားတတ်ဘူး။ ဒီဇင်ဘာရဲ့ နောက်ဆုံးနှုတ်ဆက်နှုတ်တွေက ပိုအေးလာသလိုလို ကျွန်တော့်လက်ဖဝါး နှစ်ဖက်ကို ဆုပ်ထားမိနေတယ်။ သူမက ကျွန်တော်လက်နှစ်ဖက်ဆုပ်ထားတာကြည့်ပြီး သူမဆံပင်ကိုသပ်တင်လိုက်တယ်။ သူမဝတ်ထားတဲ့ ဂါဝန်ကမထူးမပါးပါပဲ။ လက်ပြတ်ဂါဝန်းလေးမို့လို့ပဲ သူမလက်မောင်းပေါ်က ကပ်နေတဲ့ သစ်ရွက်ခပ်စိမ်း စိမ်းလေးကို ကျွန်တော်မြင်နေရတာပေါ့။ အဲသည်သစ်ရွက်စိမ်းဟာ အတုလား အစစ်လားဆိုတာမေးဖို့ ကျွန်တော်နှုတ်က မထွက်ဖူးဖြစ်နေတာ။ သူမထိုင်ခုံမှာ ထိုင်နေရာကထလိုက်တယ် ကျွန်တော့်ဘက်ကိုလှည့်လိုက်တယ်။ ကျွန်တော် ပိုပြီး အံ့ဩစေတာက သူမဘယ်ဘက်လက်မောင်းမှာ ညို့ဖျော့ဖျော့အရောင်ရှိတဲ့ သစ်ရွက်တစ်ခုကပ်နေတာပဲ။ ကျွန်တော်အံ့ဩ နေတုန်းမှာပဲ သူမဆီက စကားသံထွက်လာတယ်။

“ရှင်နောက်ကျနေပြီလား…..”

“ဘာကိုလဲ”

“ရှင့်….အပေါင်းအသင်းတွေဆီ ရှင်မသွားဘူးလားလို့….။ အခုပဲ (၁၁)နာရီခွဲခွဲနေပြီလေ။”

သူမပြောမှပဲ ကျွန်တော့်လက်ကနာရီကြည့်မိတော့ (၁၁)နာရီ(၃၀)မိနစ်..။ ဟိုကောင်တွေတော့ ကျွန်တော့်ကို စောင့်နေ လောက်ပြီ။ ဒါဆိုကျွန်တော်အမီသွားရတော့မယ် ခေါင်းတွေကိုက်တာနဲ့ သူမနဲ့ထိုင်နေတာ အတော်ကြာသွားတာပဲ။

“ဒါဆို ကျွန်တော်လည်းပြန်တော့မယ်။ ခင်ဗျားရော……”

“ကျွန်မကတော့……… ဒီမှာပဲ ခဏထိုင်နေဦးမယ်….”

“ဒါဆို…. Happy New Year … နော်…”

“ဟုတ်ကဲ့ရှင့်…. လူသားအကျိုးသယ်ပိုးနိုင်ပါစေ….”

*************************************************

“၁၁နာရီ  ငါးဆယ့်ခွန် ၊ ၁၁နာရီ ငါးဆယ့်ရှစ် ၊ ၁၁နာရီ ငါးဆယ့်ကိုး ။ ၁၂နာရီ………  ဟေးးးးးးးးးးးးးးးးးးးးးးး  ဟက်ပီးနယူးရီးယား……………………………………………………………….“

ကျွန်တော့်တိုအုပ်စုဘက်ကော တခြားလမ်းတွေ ရပ်ကွက်တွေကရော မီးရှူးမီးပန်းတွေကော အသံတွေကော ဆူညံကာသွားတယ်။ သူမရယ်သံခပ်လွင့်လွင့်ကို ကျွန်တော်ကြားလိုက်ရတယ်။ ဒီဇင်ဘာ ည(၁၂)နာရီ ၊ ဇန်နဝါရီ (၁)ရက်နေ့မှာ ကျွန်တော့်ရှေ့ကိုစိမ်းညို့ညို့ သစ်ရွက်ကလေးတစ်ရွက် ကြွေကျလာတယ်…။ ဒါပေမယ့် အခုကျွန်တော့် ရှိနေတဲ့ပတ်ဝန်းကျင်မှာ သစ်ပင်နဲ့တူတာ တစ်ခုမှမရှိတာပါပဲ။

*****************************************************

ရင်နှင့်ရင်း၍
အောင်မိုးသူ
ဒီဇင်ဘာ ၁၈ရက် ၂၀၁၂ခုနှစ်
နေ့လည် ၂နာရီ ၂၅မိနစ်

3 comments

  • မောင်ပေ

    December 19, 2012 at 12:07 pm

    မြို ့ပြရဲ ့ နောက်ပိုင်း နယူးရီးယား ဟာ အရိုင်းဆန်ဆန်နဲ ့ ကြေကွဲစရာတွေရှိတယ်

  • ကြည်ဆောင်း

    December 20, 2012 at 11:05 am

    အင်း ……
    စဉ်းစားစရာဘဲနော်..
    လက်မောင်းမှာ စိမ်းညို့ညို့သစ်ရွက်လေးပေါက်နေတာကိုတော့သဘောကျမိတယ်
    ဘာဖြစ်မလဲ မသိပေမဲ့ ဒီလိုတထူးတဆန်းလေးတွေနဲ့တော့ကြုံဘူးချင်သား ….

    • aung moethu

      December 20, 2012 at 11:35 am

      တွေးကြည့်လေ ကိုကြည်ဆောင်းရဲ့ း)))

Leave a Reply