သူရဿဝါနှင့် မသိခြင်းဒုက္ခ (၆)

သူရႆဝါJanuary 3, 20131min1922

သူရဿဝါနှင့် မသိခြင်းဒုက္ခ (၆)
– သူရဿဝါ –

အဘိုးကြီးလည်း ဖုန်း၊ အဘွားကြီးလည်း ဖုန်း၊ မွေးကင်းစ အာဗြဲလေးလည်း ဖုန်းကြသည့် တဖုန်းဖုန်း မြည်နေသော ကာလ ကြီးတွင် မနေနိုင် မထိုင်နိုင် ယားကျိကျိ ဖြစ်လာ သဖြင့် မောင်ဝါဝါလည်း လိုက်၍ ဖုန်းမိသည်။ မောင်ဝါဝါ ဖုန်း စဝယ်တာ လွန်ခဲ့သည့် ရှစ်လခန့်ပေါ့။ ရှိသည့် ပိုက်ဆံနှင့် အဆင် အပြေဆုံး ဖြစ်နိုင်သည့် ဟာလေး ရွေးလိုက်တော့ ကံထူးရှင် ဖြစ်ရ လေသည့် အကောင်မှာ Samsung Galaxy Mini ကလေး ဖြစ်၏။ အဲဒီ တုန်းက မောင်ဝါဝါ ဂျာဗားတွေ၊ စူပါတွေ၊ ဟိုင်းတီးတွေ၊ အန်ဒွိုက်တွေ၊ အော့ဒွိုက်တွေ၊ ဝရုဖောက် တာတွေ၊ ဝရောက်ဖု တာတွေ၊ ဂျေးဘရိတ်တွေ၊ ထောင်ဘရိတ် တွေ ဘာဆို ဘာမှ မသိသေး။ လက်ထဲ ဖုန်းရောက် လာမည်၊ ဖုန်း၏ စခလင်ကို မျက်နှာ ပေါင်ဒါ ဖို့သလို ပွတ်လို့ ရမည်၊ ဆွဲလို့ ရမည်၊ အဲဒါကို တပ်စခွင်ဟု ခေါ်သည်။ ဒါလောက်ပဲ သိသေးသည်။ ဒီလောက် သိတာတောင် ကံကောင်း …. သူငယ်ချင်း တစ်ယောက်က သင်ပေး ထားလို့။

ဖုန်းစ ကိုင်သူ တို့၏ ထုံးစံ အတိုင်း မောင်ဝါဝါမှာ ယောင်ချာချာ ဖြစ်ရသည်။ ကိုယ့် ဖုန်းထဲမယ် Contact List တွေလည်း မရှိသေး၊ ကိုယ့် ဖုန်းနံပါတ် ကိုလည်း ဘယ်သူမှ မသိသေး။ ဒီတော့ ကိုယ့်ဆီ ဖုန်းလာ စရာလည်း မရှိ၊ ကိုယ်ကလည်း အထွေ အထူး ခေါ်စရာ လူမရှိ။ ဒါနှင့် အသစ် ရခါစ ဖုန်းကလေး ကိုင်ချင်၊ ဟန်ပါပါလေး ပြောချင် ဆိုချင်တော့ ကိုယ့် ဖုန်းနံပါတ် အသစ်လေး သူငယ်ချင်း တွေကို ပေးသည် ဟူသော အကြောင်း ပြချက်နှင့် သူငယ်ချင်း တွေဆီ ဖုန်းလိုက် ဆက်သည်။ လူပင် မစေ့သေး .. တစ်သောင်းတန် Top-up တစ်ကဒ် ကုန်သွားသည်။ မြန်လိုက်သည့် ဖြစ်ချင်း။ ICT နည်းပညာနှင့် ပတ်သက်သည့် ကိစ္စတွေ ထဲမှာ မြန်နှုန်း အကောင်းဆုံး ဆိုလို့ ဒီကိစ္စသာ ပထမဆုံး ကြုံရ ဖူးတာ ဖြစ်၏။ ဖုန်းတွေ လျှောက်၍ မဆက် ရဲတော့ သော်လည်း ဖုန်းအသစ်လေး တကိုင်ကိုင် လုပ်ပြ ချင်သည့် စိတ်ကတော့ မပျောက်။ ကြံစမ်း .. ကြံစမ်း .. မောင်ဝါဝါ ဉာဏ်နီ ဉာဏ်နက်တွေ သုံး၍ စဉ်းစား ရသည်။ အိုခေ .. ရပြီ။

မောင်ဝါဝါ ဘာလုပ်သည် ထင်ပါသလဲ။ ဖုန်းလေး ယူ၍ လေးလွှာ နေအိမ် တိုက်ခန်းမှ အောက်သို့ ဆင်းသည်၊ လမ်းထိပ် ကားမှတ်တိုင် လောက်ကို ရောက်သည် အထိ လျှောက်သည်။ မှတ်တိုင် ရောက်တော့မှ အိမ်ရှိ အဖေ့ဆီ ဖုန်းခေါ်သည်။ ဖုန်း မကိုင်ခင် ဖုန်းကို ပြန်ချ ပစ်လိုက်သည်။ မောင်ဝါဝါ .. Missed Call ပေးခြင်း။ အိမ်က အဖေ၊ အမေ တို့ကတော့ “ငါ့ သားလေး .. ခုတင် အောက်ဆင်း သွားတယ်၊ ခုပဲ ဖုန်းခေါ်တယ် ဆိုတော့ .. ဘာဖြစ်လို့ များလဲ မသိ” ဆိုပြီး မောင်ဝါဝါ့ဆီ ဖုန်းပြန် ခေါ်သည်။ အဲဒီကျမှ ကားမှတ် တိုင်မှာ မောင်ဝါဝါ တစ်ယောက် ဘယ်ကား မှလည်း တက်မစီး ပါဘဲ စတိုင်ပါပါ ခါးထောက်၊ ရင်ကော့၍ ကိုယ့် မျက်နှာကြီး လမ်းမဖက် ထိုးဆန့်ကာ အမေ၊ အဖေ တို့ကို ပါးစပ်ထဲ ရှိရာ ကြုံရာတွေ လျှောက် ပြောသည်။ ကိုင်း .. ဘယ့်ကလောက် ကောင်းသနည်း။ ပိုက်ဆံလည်း မကုန်၊ ဖုန်းလေးလည်း အာသာပြေ ပြောရ။ ကိုယ့်မှာ ဖုန်းဆက် စကားပြော စရာ ကိစ္စလည်း မရှိသဖြင့် မောင်ဝါဝါ အလကားနေ ဖုန်းလေး ကိုင်ချင် လာတိုင်း အောက်ဆင်း၍ အထက်ပါ နည်းအတိုင်း ခဏ ခဏ လုပ်သည်။

ကြာတော့လည်း ပျင်းလာ ပြန်သည်။ ဒီတော့ ပြောစရာ မရှိဘဲ သူများ ဖုန်းသဖြင့် လိုက်ဖုန်းပြီး ဝယ်ထား မိသည့် Galaxy Mini လေးကို ထိုင်ရာမထ ကလိ တော့သည်။ အဲဒီ အချိန်မှာ သူငယ်ချင်း ဖုန်းဆရာ တို့၏ ကျေးဇူးဖြင့် အပလီ ကေးရှင်း တွေ၊ ဝေါလ် ပေပါတွေ၊ အန်ဒွိုက်တွေ၊ အေပီကေ ဖိုင်ဆိုတာတွေ သိသင့် သလောက် သိနေပြီ။ နည်းနည်း သိလျှင် များများ ကလိ ချင်သော မောင်ဝါဝါ၏ ပင်ကိုယ် ဝါသနာ အရ နေ့မအား ညမနား၊ ဖုန်းနှင့် လူကို ဆင်ကော် ကပ်ထား သလို ခွာမရဘဲ ဖြစ်နေ တော့၏။ အွန်လိုင်း ကနေ အပလီ ကေးရှင်းတွေ အများကြီး ဒေါင်းလုပ် ဆွဲချ၊ ပြီးတော့ တစ်ခါတည်း စုပြီး အကုန်လုံး လျှောက်သွင်း လုပ်ပစ်သည်။ တစ်ခါ သွင်းလျှင် ဂိမ်းတွေရော၊ ဝေါလ် ပေပါ တွေရော၊ ဖုန်းသင်း(မ်) တွေရော၊ လောင်ချာ တွေရော အကုန် စုံစီနဖာ။ အကုန် လျှောက်သွင်းပြီး ပြန်ရှင်းရ ကောင်းမှန်းလည်း မသိ။

ပဝါမကူ ရေမရှူတမ်း ကလိ လိုက်တာ သုံး လေးလ ကြာလာတော့ ဖုန်းကလည်း ဖုန်းနှင့်ကို မတူတော့။ လေးပင်ပြီး ဖုန်းထဲ ခဲလုံးကြီး ပစ်ထည့် ထားသလို ဖြစ်ကုန်သည်။ မောင်ဝါဝါ၏ တပ်စခွင်မှာ တပ်လည်း မတပ် နိုင်တော့၊ ခွင်လည်း မခွင် နိုင်တော့ သလောက်ကို ဖြစ်ပြီ။ သည်လို နေရင်း တစ်ရက် မှာတော့ ဖုန်းစောင့် နတ်ပဲ အမြင်ကပ် လေသလား မသိ။ သုံး နေရင်းနှင့် ဖုန်းက ဘလူးတု လည်း မရတော့၊ သရဲတု လည်း မရတော့။ ငယ်ထိပ် မြွေပေါက် လေပြီ။ မောင်ဝါဝါ အသည်း အသန် မေးမြန်း စုံစမ်းပြီး သူငယ်ချင်းများ အကြံ ပေးချက် အရ Factory Reset ချကြည့်သည်။ မရ .. တုပ်တုပ်ပင် မလှုပ်။ နောက်ဆုံး ဖုန်းနှင့် ပတ်သက်သည့် ကြီးကြီး မာစတာ ဖုန်းဆရာ တစ်ယောက်က Firmware ပြန်တင် ရမည် ပြောသည်။ သူ တင်ပေးမည် ပြောသော်လည်း သူ့မှာ မအား။ မောင်ဝါဝါ ကြာတော့ စိတ်မရှည် တော့ပြီ။

တစ်နေကုန် အွန်လိုင်း တက်၍ Google ထဲ Samsung Galaxy Mini Firmware ဆိုတာတွေ ဘာတွေ ရိုက်၍ ရှာကြည့် လိုက်သည်။ ထွက်လာ လိုက်တာ .. စုံစေ့ နေတာပဲ။ မောင်ဝါဝါ စာသေချာ လိုက်ဖတ်၊ Firmware တင်နည်း တင်ပုံတွေ သေချာ လိုက်ကြည့် စသည်ဖြင့် တစ်ရက် နှစ်ရက် အချိန်ကုန် သွားသည်။ နောက်ဆုံးတော့ Custom Rom တစ်ခု သွားတွေ့ သဖြင့် သူလုပ်ပုံ ပြထားသည့် အတိုင်း ပြူးပြဲ၍ သေချာ လုပ်ကြည့် လိုက်တော့ ပြန်ရ သွားသည်။ အောင်မယ် .. ရတာမှ အရင်က ကိုယ့်ဖုန်း အန်ဒွိုက် ဗားရှင်းက 2.3.6 ဆိုလား .. အခုများတော့ 4.0 ဖြစ်နေသည်။ ဂျယ်လီဘီး(န်) ဆိုလား ဘာဆိုလားပဲ။ မောင်ဝါဝါ ဘဝင်မြင့် သွားသည်။ တယ်ဟုတ်တဲ့ ငါပါလား ပေါ့။ ဟုတ်သမှ ဟုတ် ဟုတ် မြည်လေ၏။ သေချာ သုံးကြည့်မှ ဖုန်းက ဘလူးတု အပြင် ဝိုင်ဖိုင်ပါ သုံး၍ မရတော့။ သေပြီ … ပြင်ပါတယ် ဆိုမှ နောက် တစ်ခုပါ အဆစ်ပေး လိုက်ရပြီး သုံးမရတော့။

မောင်ဝါဝါ အင်တာနက်ထဲ ခေါင်းနှစ်ရ ပြန်သည်။ နှစ်ရက်လောက် ထပ်ကုန် သွားပြန်သည်။ ဒီတစ်ခါတော့ အန်ဒွိုက် ဗားရှင်းတွေ ဘာတွေကို မက်မော မနေတော့။ ပေါင်မုန့် မီးကျွမ်း လေးပဲ ကောင်းပါတယ်လေ ဟု ဖြေတွေးကာ 2.3.6 Official Firmware လေးပဲ ပြန်ရှာ၍ လုပ်လိုက် ရသည်။ ဒီတစ်ခါတော့ အဆင်ပြေ သွားသည်။ မောင်ဝါဝါ ပျော်၏။ အွန်လိုင်းပေါ် လျှောက်ကြွား သည်။ Firmware ပြန်၍ တင်တတ် သွားပြီဟု။ ကိုယ့်ထက် သိသူများ ကတော့ နှာခေါင်း ရှုံ့ကြသည်။ အွန်လိုင်းပေါ် စာဖတ်၊ ပေးထားတဲ့ လုပ်နည်း အတိုင်း အသက်အောင့်ပြီး ပြန်လုပ် ရတာများ ရေးကြီး ခွင်ကျယ် လုပ်နေ သေးတယ် ဟူ၍။ အဲ … ကိုယ့်လောက်ပင် မတတ်သူ များကတော့ အထင်ကြီး ကြသည်။ မောင်ဝါဝါ့ကို အားကိုးတကြီး ဟိုမေး ဒီမေး လုပ်လာ ကြသည်။ ကိုယ်လည်း ရမ်းရွှီး လိုက်တာပဲ …. သိက္ခာတော့ အကျမခံနိုင်။ ဒါတောင် သူငယ်ချင်း တစ်ယောက်က မောင်ဝါဝါ့ကို အမြင်ကပ်လို့ ထင်၏။ အချွန်နှင့် ပင့်သည်။ “Galaxy Mini အတွက် Custom Rom လေးတွေ အများကြီး ရှိပ၊ မင်းဖုန်းလေး ပျက်တဲ့ အထိသာ ကလိ ပေတော့” တဲ့။

အသစ် တင်ပြီး ကတည်းက မောင်ဝါဝါ စိတ်ထဲ မသန့်။ ဖုန်းက အရင် လောက်ပဲ မကောင်းတော့ သလိုလို၊ အရင်ထက် ပိုလေးသွား သလိုလို ခံစား နေရသည်။ ကြာတော့ စိတ္တဇ ရောဂါ ဖြစ်မည် စိုးသဖြင့် ဖုန်းကို ပြန်ရောင်းဖို့ လုပ်သည်။ မသိခြင်းကြောင့် ဒုက္ခ ဖြစ်သော ဖုန်းကို လျှော့ဈေးဖြင့် ညီမ တစ်ယောက်ကို ပြန်ရောင်း ပစ်လိုက်သည်။ သူကလည်း ကိုယ့်လောက်ပင် မသိသူ ဖြစ်သဖြင့် မောင်ဝါဝါ ပေးလိုက်သော ဒုက္ခ အတုံးအခဲ ကြီးကို ဈေးသက်သက် သာသာဖြင့် ဝမ်းသာ အားရ ဝယ်ယူ လေ၏။ မောင်ဝါဝါ ကတော့ ကြိတ်၍ ဝမ်းသာ နေသည်။ ဒီလောက် ဒုက္ခ ပေးသည့်ဖုန်း ကိုယ့်လက်ထဲ မရှိတော့ …။ လွတ်ပြီ .. ကျွတ်ပြီ။ သို့သော် ….

သို့သော် ကြာကြာ ဝမ်းမသာ လိုက်ရ။ အဲသည် ညီမလေးက မောင်ဝါဝါ့ ဖုန်းကို ကိုင်၍ ခဏခဏ မောင်ဝါဝါ့ဆီ ပြန်ရောက် လာတတ်သည်။ လာတိုင်းလည်း ပါးစပ်က ပွစိ ပွစိနှင့်။ “မှားပြီ .. ဒီဖုန်း အစုတ်ကို ဝယ်မိတာ၊ အစ်ကို့ ဖုန်းလေ ဟိုဟာ ဖြစ်နေ ပြန်ပြီ၊ ဒီဟာ ဖြစ်နေ ပြန်ပြီ၊ ရော့ .. အစ်ကိုပဲ ပြန်လုပ်ပေး” ဆိုကာ မောင်ဝါဝါ့ လက်ထဲ ဒုက္ခကြီး ပြန်လာ လာထည့်၍ ကလိ ခိုင်းနေ ပြန်ပြီ။ ဘယ် တတ်နိုင် မလဲ၊ ကိုယ့်ဟာ မကောင်းဘူး အပြော ခံရ တော့လည်း “အဟီး .. အဟဲ” နှင့် မျက်နှာချို သွေး၍ မတောက် တခေါက် ပညာကို အသုံးချ လုပ်ပေး ရပြန် တာပေါ့။ ဒီလိုနဲ့ မောင်ဝါဝါမှာ ဒုက္ခကြီး ကိုယ့်လက် ထဲက လွတ်ပါစေ ဟူ၍ ရောင်းလိုက်ကာမှ မလွတ်တဲ့ အပြင် ကိုယ့်ဆီ တစ်ပတ် သုံးခါ လောက် ပြန်ပြန် ရောက်လာသည့် အဲဒီ ဒုက္ခကြီးကို အခုထိ စိတ်မရှည်စွာ ကလိရင်း ဖျက်ရင်း .. အဲလေ .. ပြင်ရင်း ဖြင့်ပင် မသိခြင်း ဒုက္ခ များကို ယခုတိုင် ကောင်းစွာ ခံစား နေရ လေပေသည် ဖြစ်တော့ သတည်း။

၂၁ – ဒီဇင်ဘာ – ၂၀၁၂
Net Guide Journal
Volume (2), Issue (67)

2 comments

  • မောင်ပေ

    January 3, 2013 at 7:32 pm

    ဆမ်ဆောင်း တံဆိပ်ကမှ တော်ဦးမယ်
    ဟွာဝေး တံဆိပ်ဆိုရင် ၊ သူ ထုတ်သမျှ မော်ဒယ်လ်တိုင်းကို မြန်မာနိုင်ငံရဲ ့ဖုန်းသုံးတဲ့လူ လေးပုံတစ်ပုံလောက်က ဝယ်သုံးနေတာတောင်မှ ၊ ဘာ ကပ်စတမ်ဆားဗစ်မှ မပေးဘူး ။ ကုမ်ပဏီရဲ ့ေxာက်ချိုး ကို ပြောပါတယ်
    အဲဒါ အဲဒါ

  • ဦးဦးပါလေရာ

    January 4, 2013 at 12:45 am

    ဖုံးတွေက ဘာမှမသုံးရင် အကောင်းပဲ…
    သူသုံးလို့ရတယ်လို့ ခွင့်ပြုထားတာတွေလျှောက်လုပ်မှ နောက်တစ်လုံးဝယ်ရတတ်တာ..

Leave a Reply