ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂)
–
–
–
–
–
–
–
–
–
–
–
ဇွဲကပင်တောင်
လတ်လောင် (16.809297,97.672914) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ)
ကျွန်တော်ရဲ့ ဘားအံခရီးစဉ် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀) မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) ကျောက်ကလပ်တောင် ကိုရောက်ပါတယ်..ကျောက်ကလပ်တောင်ကနေ ခရီးဆက်လာပြီး နာရီဝက်လောက် အကြာမှာတော့ ဇွဲကပင်တောင်ကိုရောက်ပါတယ် ..
ဇွဲကပင်တောင်မှာခြေမှာ ရုပ်ပွားတော် တွေကို တွေ့ရပါတယ်.. အဝင်လမ်းတစ်လျှောက် ဝဲ/ယာ မှာ တည်ထားတာ ဖြစ်ပါတယ်.. တောင်မကြီးထိပ်မှာ ဘုရားလေး တစ်ဆူရှိပါတယ်.. တပေါင်းလမှာ ဇွဲကပင်တောင်တက်ပွဲ ကို ပြုလုပ်လေ့ရှိပါတယ်.. တောင်က တော်တော်မြင့်ပြီး တော်တော်ကြီးပါတယ်.. သူတို့ အပြောတော့ ၃ နာရီလောက် တက်ရတယ် ဆိုပါတယ်.. ကျုပ်တော့ မထင်. ကျုပ်တို့သာဆိုရင် အနည်းဆုံး ၆ နာရီ လောက် တက်ရမယ်ထင်ပါတယ်..
တောင်ခြေမှာ စားသောက်ဆိုင်လေး ၂ ဆိုင်ရှိပါတယ်.. စားသောက်ဆိုင် ဆိုပေမယ့် အာလူးကြော်၊ ငါးမုန့်ကြော် လိုမုန့်တွေပဲရပြီး ခေါက်ဆွဲပြုတ်လောက်ထိပဲတာကြောင့် ထမင်းတွေဘာတွေ စားလို့ မရနိုင်ပါဘူး
သိပ်လဲ မရိုက်ဖြစ်တာကြောင့် ရှိတဲ့ ပုံလေးကိုပဲ တင်ပေးလိုပ်ပါတယ်.. ကပေါက်လို ရိုက်ဖို့ သတိမရတာကြောင့် စုံစုံလင်လင် မပြနိုင်တာ ခွင့်လွှတ် စေချင်ပါတယ်..
တောင်ပေါ်လဲ တက်မှာ မဟုတ်တော့ ခဏ နေပြီးတော့ပဲ ပြန်လာကြပါတယ်..
ကရင်ပြည်နယ် ခရီးစဉ်ကို ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၃) မှာ ဆက်လက်ဖော်ပြပါမယ်..
————————————————————————————————-
အောက်မှာ ဖော်ပြထားတာကတော့ ဇွဲကပင်တောင် ကရင်မောင်နှမ အကြောင်း ပုံပြင်လား သမိုင်းလားတော့ မသိပါဘူး.. စိတ်ဝင်စားသူများ ဖတ်နိုင်ကြဖို့ ကော်ပီ ပေ့ လုပ်ပေးလိုက်ပါတယ်။
ဇွဲကပင်တောင် ကရင်မောင်နှမ အကြောင်း
လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ကြည်နူးပျော်ဖွယ်ရာတို့ ရောပြွမ်းနေသော ဒေသခံတိုင်းရင်းသားများ သိနေကြသည့် ဓာတ်နန်းရှင်နေ မောင်နှမတို့အဖြစ်ကား ကရုဏာသက်စရာကောင်းလှပေတော့သည်။ အထက်ရေတံခွန်စခန်း တောင်စောင်းရှိ တောင်ယာခင်းထဲတွင် သန်မာထွားကျိုင်းသော အမျိုးသားကြီးတစ်ဦးနှင့် လူမမည်ကလေးငယ်နှစ်ယောက် နေပူကို အံတုကာ သီချင်းတကြော်ကြော်ဖြင့် တောင်ယာတွင် မြက်နုတ်နေကြသည်။ အေးမြသောလေနှင့် စိမ်းစိုသောအသီးအပွင့်များကြားဝယ် မပီကလာ ပီကလာ သီချင်းသံလေးက ကြည်နူးစရာထက် သနားစရာပင်ကောင်းနေပေသည်။ သူတို့၏တက်ကြွသော ဟန်ပန်များကလည်း ရင်တွင်းအပျော်ကို ဖုံးကွယ်၍မရနိုင်။ မပျော်ခံနိုင်ရိုးလား၊ စဝ်ဖါ့သန့်(သိုင့်)တစ်ယောက် မကြာခင်မှာပင် ရှင်းလောင်းအဖေ ဖြစ်တော့မည်။ ရှင်သာမဏေ၏ဖခင် ဖြစ်ရဦးတော့မည်။ ဇနီးဖြစ်သူ နန်ဖေါ့ယာ့သည်လည်း မိမိကဲသို့ပင် ပျော်ရွှင်ကြည်းနူးရဦးမည်။ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်းခဲ့သမျှ သားကလေးရှင်သာမဏေလောင်းဖြစ်ဖို့ စိတ်တူကိုယ်တူ အလှူကြီးပေးကြရတော့သည်။ စဝ်ဖါ့သန့်(သိုင့်)နှင့်နန်ဖေါ့ယာ့တို့ သားရှင်ပြုပွဲကြီးကို ကူညီဖို့ ရွာကလည်းမျှော်နေကြပြီ။ ထို့ကြောင့်လည်း ယခုနှစ်မှာ ပို၍ ကြိုးစားကြရင်း သားလေး စံစေ့ဖိုးနှင့် သမီးလေး နန်မူးဖါန်တို့ခမျာလည်း ကြည်နူးစိတ်ဖြင့် အဖေသွားရာနောက်က တကောက်ကောက်လိုက်ရင်း နိုင်သရွေ့ ကူညီနေကြရှာသည်။ ရခဲသောလူ့ဘဝမှာ ပြုနိုင်ခဲ့သည့် သာသနာ့အမွေ ဆက်ခံခြင်းအမှုကို စဝ်ဖါသန့်(သိုင့်)နှင့် နန်ဖေါ့ယာ့တို့ ပြုကြရတော့သည်။ “အဖေ ညီမလေး ဆာလှပြီတဲ့” မြင့်တက်လာသော နေပူကို သမီးလေးနန်မူးဖါန်က ကြံ့ကြံ့ခံနိုင်ပုံက မရရှာ၊ အစ်ကိုဖြစ်သူကို ပူဆာသဖြင့် အစ်ကိုက အဖေ့ကို လှမ်းပြောလိုက်သည်။ “အေးလေ …. ထမင်းစားကြတာပေါ့၊ သွားကြ သွားကြ တဲထဲကိုသွားကြ” မောင်နှမနှစ်ယောက် ယာထဲဆီပြေးကာ တက်ကြသည်။ ထမင်းထုပ်တွေ ဖြေပြီး ပြင်ရင်း အဖေ့ကို စောင့်ကြသည်။ ခရုပီလော၊ နေရာနှောဖုံဖုံ၊ သီးရွက်စုံဟင်းတို့က ဆာလောင်မှုကို အားဖြည့်နေကြသည်။ “ညီမလေးကလဲကွာ၊ အဖေ့ကို စောင့်ဦးမှာပေါ့” အစ်ကိုဖြစ်သူက သတိပေးနေသည့်ကြားမှ နှမငယ်လေးမှာ ဂနာမငြိမ် ဖြစ်နေသည်။ အဖေက တဲပေါ်သို့တက်လာပြီး သားနှင့်သမီးကို ပြုံးရွှင်စွာ ကြည့်သည်။ ထမင်းဟင်းတွေကို ကြည့်သည်။ ပြီးတော့ သောက်ရေအိုးဖုံးကို ဖွင့်သည်။ “ဟာ … သားနဲ့သမီး ခဏနေဦး၊ အဖေ ရေသွားခပ်ဦးမယ်၊ တို့စရာ မြှုပ်စရာလေးလဲ ရှာရင်းပေါ့၊ ခဏနော် မကြာပါဘူးကွယ်” ပြောပြောဆိုဆိုဖြင့် ဝါးကျည်တောက်လေးကို ဆွဲကာ စမ်းချောင်းဆီသို့ အဖေထွက်သွားသည်။ ဆာလောင်နေသော နှမလေးကို အစ်ကိုက နှစ်သိမ့်ရင်း ကျန်ရစ်ခဲ့သည်။ ဖခင်ထွက်သွား၍ မကြာခင်မှာပင် တောင်ကြားဆီမှ မပီမသ ခေါ်သံလိုလို ကြားမိကြသည်။ အသံမှာ တုန်ရင်လှိုက်လှဲနေသည်မို့ တွေးရ ကြပ်သွားသည်။ ဝေဒနာခံစားနေရသူ၏ ညည်းညူသံလိုလို “သားတို့ သမီးတို့ရေ” ခေါ်သံက ဖခင်အသံတည်း။ သဲကွဲသေချာသွားပြီဆိုတော့ ရုတ်တရက် ဝင်လာသော ပူပန်မှုစိတ်နှင့်အတူ ဖခင်ရှိရာသို့ မောင်နှမနှစ်ယောက် ဝုန်းခနဲ ခုန်ဆင်းကာ အူးယားဖားယား ပြေးလာခဲ့ကြသည်။ ဆာလောင်သောစိတ်က ပျောက်သွားသည်။ တောင်ယာတဲနှင့် မလှမ်းမကမ်းရှိ ရေခပ်နေကျ စမ်းချောင်းအနီးတွင် လဲကျနေသောဖခင်ကို တွေ့လိုက်ကြရသည်။ စိုးရိမ်ကဲသောရင်ကို ဖိ၍ ဖခင်ကို ပြေးပွေ့ကြသည်။ အော်လို့လည်းမကြား၊ ခေါ်လို့လည်းမထူးတော့။ လည်ပင်းတွင် သွေးတွေက မြင်မကောင်းအောင် စီးကျနေသည်။ အခြေအနေကို ကြည့်ရုံနှင့် မောင်နှမနှစ်ယောက် သိလိုက်ကြသည်။ အဖေ ကျားကိုက်ခံလိုက်ရချေပြီ။ မချိတင်ကဲ ဝမ်းနည်းစွာ အော်ဟစ်ငိုယိုသောအသံလေးများ မြိုင်ယံမှာ ပဲ့တင်ထပ်ခဲ့ချေပြီ။ နောက်ဆုံးတွင် ဖခင်အလောင်းကို ထားခဲ့၍ ရွာထဲက အိမ်မှာ ကျန်ရစ်သောမိခင်ဆီ ဒရောသောပြေးသွားပြီး အကြောင်းစုံကို ပြောပြကြရတော့သည်။ မိခင်ဖြစ်သူ နန်ဖေါ့ယာ့ခမျာ နားရှိလို့သာကြားရသည်။ သိပ်မယုံချင်၊ သို့သော် ရှိုက်ကြီးတငင်ပြောနေသော သားနှင့်သမီးကို ကြည့်ပြီး ယုံခဲ့ရတော့သည်။ အားကိုးအားထားပြုရာ အိမ်ဦးသခင်ချစ်လင်သည် သံယောဇဉ်ပန်းကလေးနှစ်ပွင့်ကို တင့်တယ်အောင်ပင် လုပ်မပေးသွားခဲ့တော့ဘဲ လောကအလယ်မှာ ထားရစ်ခဲ့ချေပြီ။ နှလုံးသားတို့ ကြွေမွမတတ်ခံစားရသည်။ အသိစိတ်တွေ လွင့်ပါးပျောက်ပျက်ကုန်ပြီလား။ သားသမီးတို့ကို သာသနာ့ဘောင်မှာ သွတ်သွင်းဖို့ ကြိုးပမ်းနေတဲ့ သူတော်ကောင်းကြီးကို သမ္မာဒေဝနတ်အပေါင်း ကယ်ရကောင်းမှန်းမသိတော့ဘူးလား။ ဘယ်လို နတ်ဆိုးမိစ္ဆာများက ရန်ငြိုးစွက်ဖက် ရက်စက်လိုက်ပါလိမ့်။ မိခင် နန်ဖေါ့ယာ့တစ်ယောက် သတိပျောက်ချုပ် ကျောက်ရုပ်ဘဝမှာ ရင်နာကြေကွဲ မျက်ရည်ရွဲပြီး မြေမှာ ဗုန်းဗုန်းလဲသွားတော့လေသည်။ လူမမယ် မောင်နှမနှစ်ယောက်၏ ငိုသံကား တစ်ရွာလုံးကို လွှမ်းခြုံသွားခဲ့သည်။ လောကတံတွာ ဓမ္မတာ သမုဒ္ဒရာ ဂင်္ဂါအတွက် သူကောငါပါ အတူတူ ရုန်းကန်နေကြရချိန်တွင် အငှားပူကို အများသူငါက ကြာရှည်စွာ မျှယူနိုင်ပါ့မလား။ ဒီလိုယူလို့ကော အပူက ငြိမ်းအေးရိုးထုံးစံ ရှိပါသလား။ အဖေမရှိသော အိမ်ထောင်တစ်ခုမှာ စနစ်ကျနမှု၊ ဝေဆာစိုပြည်မှုဆိုတာ မြဲမြံရိုးထုံးစံကလည်း မရှိနိုင်။ ဖြစ်စေတုန်းကတော့ သောကပူ၊ မောဟပူတွေကြောင့် ချစ်လင်ထားခဲ့သည့် သံယောဇဉ်လေးတွေနဲ့ တောင်ယာစိုက်ခင်းက ဆက်လက်ဝေဆာအောင် ကြိုးပမ်းရင်း လောကဓံကို မတုန်မလှုပ် ရင်ဆိုင်လိုက်မည်ဟု နန်ဖေါ့ယာ့ သတ္တိတွေမွေးခဲ့သည်။ လင်ကို အလွမ်းပြေစရာ သားသမီးတွေရှိသည်ပဲဟု ဖြေခဲ့သည်။ သားကိုသခင်၊ လင်ကို ဘုရားပမာထားပြီး သမီးအတူ ကူဖော်လောင်ဖက် လက်ရုံးတစ်ဖက်ဟု သွေးနားထင်ရောက်ခဲ့သည်။ တကယ်တမ်း ရင်ဆိုင်လာရပြီဆိုတော့ သွားလေသူ ချစ်လင်တာဝန်တွေ၊ တန်ဖိုးတွေ၊ အကျိုးကျေးဇူးတွေကို မိမိအနေဖြင့် အကုန်အစင် မကျေပွန်နိုင်ကြောင်း ဖြည်းဖြည်းချင်း သိလာခဲ့ရသည်။
အမိမဲသား ရေနည်းငါးပမာပြုကြလျှင် အဖမဲ့သားတွေအဖို့ ရေခန်းခြောက်သည့်အဏ္ဏဝါမှာ ငါးသတ္တဝါအလား ဖြစ်ရသလိုပါပဲဟုပင် ပြောရလိမ့်မည်ထင်သည်။ အဖေမရှိတော့ ဝမ်းချောင်ဆိုသောစကားနှင့်အညီ အချိန်အခါမီ ဝလင်အောင်ပင် မနည်းကြိုးပမ်းနေရသောအဖြစ်သို့ ရောက်မှန်းမသိ ရောက်လာခဲ့ရသည်။ သူလိုငါလို ဘဝတူ တောင်ယာသမားအချင်းချင်းကလည်း တောင်မင်းမြောက်မင်း မကယ်နိုင်သည့်အဖြစ်မျိုး။ နောက်ဆုံးတွင် တစ်ပင်လဲမူ တစ်ပင်ထူရတော့သည် ပြောပါတော့။ အကွပ်မဲ့ကြမ်းလို ပရမ်းပတာဖြစ်နေသော မုဆိုးမ နန်းဖေါ့ယာ့တို့သားအမိကို ဘဝဆိုးမှ လွတ်မြောက်စေလိုပါသည်ဆိုသော ရွာသူရွာသားတို့၏ တိုက်တွန်းချက်၊ မိမိဘဝကို သနားကရုဏာသက်လှပါသည်။ ကလေးတွေကိုလည်း ရင်သွေးအရင်အချာများနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်တစ်ပင်ထူထောင်ရတော့သည်။ မစွန်းရင်းကလည်း ရှိလေတော့ ကန်စွန်းခင်းအငြိတွင် သောက်မိသည့် ကာမဂုဏ်ပင်လယ်ထဲမှာ နန်းဖေါ့ယာ့ လဲတော့သည်ပဲပေါ့။ ပျိုမျစ်မှုကို တပ်မက်သော ရာဂကဖုံးကွယ်ထားသဖြင့် အစပိုင်းတွင် အဆျင်ပြေချောမွေ့သယောင်ရှိသော်လည်း နောက်ပိုင်းတွင် စရိုက်မတူ အလိုက်မတူ မကြည်ဖြူ မညီမျှ နှိုင်းညှိလို့မရတာတွေက တစ်စတစ်စ များပြားလာသည်။ စင်စစ် ပထွေးသည် ပထွေးသာဖြစ်သည်မဟုတ်ပါလော။ အိမ်ထောင်ပျက် ပထွေးဆိုတော့ သူကလည်း သူ့အတွေး သူ့အကြံနှင့် ဟန်ကျမလား၊ စံရမလား စဉ်းစားပြီး ခြေလှမ်းမှားကို စောင့်ခဲ့သူမှန်း ဇာတိရုပ်က ပြလာသည်။ ရိုးတော့မလိုနှင့် ဆန်းလာသည်။ ပျိုးတော့မယောင်နှင့် ဖမ်းလာသည်၊ ဟုတ်မလိုလိုနှင့် ယုတ်လာ ပုတ်လာသည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သောနှလုံးသားလေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောကဝေဒနာအရောင်တို့ လွှမ်းမိုးညစ်ကျူလာသည်။ ငြိမ်သက်ခဲ့သောအိမ်ကလေးမှာ ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာသည်။ အဖေမုန်းတီးခဲ့သော အရက်သေစာတို့ အိမ်ပေါ်က မဆင်းတော့ ပထွေး၏ ဒေါသနှင့်ယုတ်မာသော ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများအောက်မှာ မောင်နှမနှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။ ပထွေးစိတ်တိုင်းကျအောင် ဘယ်လောက်ပင်အနေအထိုင် ဆင်ခြင်ကြသော်လည်း အချစ်မဝင်သူအဖို့ ပြုသမျှ အပြစ်သာမြင်နေမည်မှာ သေချာလှပါသည်။ ဖခင်မဲ့ မောင်နှမနှစ်ယောက်ဘဝကား ကယ်သူဝေး၍ ပူဆွေးခြင်းတို့ဖြင့်သာ နေ့ရက်တို့ ကုနလွန်ခဲ့ကြရှာသည်။ “အရွယ်ရောက်နေကြလျက်နှင့် အလုပ်မရှိ အကိုင်မရှိ အမြိုင့်သား ထိုင်စားနေလို့ မဖြစ်သေးဘူး နန်းဖေါ့ယာ့ မင်းသားသမီးတွေကို နွားကျောင်း၊ စပါးထောင်းတော့ ခိုင်းဦး၊ ငါကပဲ သင်တို့ကို တသက်လုံး လုပ်ကျွေးနေရာတော့မှာလား” အစတုန်းကတော့ ချစ်လှချည်ရဲ့၊ သနားလှချည်ရဲ့ မ,ကိုချစ်ရင် ဥကိုလည်း မပစ်စတမ်း ချစ်စခန်းမှာအတူတူ နေနိုင်ပါသည်တဲ့။ ရမ္မက်နှောပြီး ကြားကောင်းရုံ ပြောခဲ့တဲ့စကား။ ယခုတော့ နန်းဖေါ့ယာ့ မှားခဲ့ချေပြီ။ စောဖါ့ပျုဂ်ဆိုတဲ့ ပထွေးနောက်လင် မေ့ပင်စိုက်လို့ မေ့လိုက်ပြီးတဲ့လား။ ပျားရည်ဆမ်းတဲ့ အဆိပ်ပန်းကို စွဲလန်းတပ်မက်ပြီး ဘဝသုံးခုကို ပုံအပ်မိခဲ့သမျှ ယခုကျမှ နောင်တရလို့ လာမျှထူးခြားမလာတော့။ “ကလေးတွေက ငယ်ပါသေးတယ်ရှင်၊ ခိုင်းလို့ ဖြစ်ပါ့မလား” လင်ဖြစ်သူကို အကြိုက်ပေးပြီး မျက်နှာချိုသွေးပေမယ့် အရာမထင်တော့။ “လူတိုင်း ဒီလောက်တော့ လုပ်ကြရမှာပေါ့ဟာ၊ နင့်သွေးမှ သွေးမှတ်နေသလား၊ အေ.. မလုပ်ရင် မစားနဲ့၊ ငါက နွားမဟုတ်ဘူးနော်” အလျှံရဲရဲ ပူပြင်းလောင်မြိုက်နေသော သံတုံးသံခဲကို ရေစက်ရေပေါက်ကလေး ဆွတ်ဖျန်းပေးလို့ အေးသွားရိုးထုံးစံမရှိပါ။ နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို တော့အုံချောက်ကြား နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရလေတော့သည်။ ကိုယ့်မင်းကိုယ်ဆောင် ကိုယ့်ပြန်လောင်သည့်ဘဝ၊ တည်မိသည့်စေတီ ထိပ်ဖျား လင်းတနားချင်လည်း နားပေတော့ဟု စိတ်နှလုံး တုံးတုံးချ၍ ကံကိုပဲ ရိုးမယ်ဖွဲ့ရချေတော့သည်။ “ဖေဖေ့သားသားနဲ့ သမီးလေးရေ … လာကြပါဦးကွယ်” မာန်မဲနေသော ပထွေးဖြစ်သူထံမှ လုံးဝ မမျှော်လင့်သော သာယာညင်းပျောင်းမှုကို ကြားလိုက်ရတော့ မောင်နှမနှစ်ယောက် အိပ်မက်လေလားဟုပင် အထင်ရောက်မိလိုက်သည်။ အလွန်အင်မတန် မြင်ရခဲသောအပြုံးကိုလည်း တွေ့နေရတော့ အံ့အားတသင့် ဖြစ်ကြရသည်။ အိမ်မှာ အမေ ကမရှိ၊ မောင်နှမနှစ်ယောက် ခပ်ရိုးရိုးအနေအထားဖြင့် ပထွေးအပါးသို့ ကပ်သွားမကြသည်။ “ကနေ့ အဖေနဲ့တောင်ယာထဲကိုလိုက်ပြီး ကူလှည့်ကြပါဦးကွယ်၊ နေမကောင်ဖြစ်နေလို့ပါ” မျိုသာသိမ်မွေ့သော လေသံနှင့်ဟန်ပန်တို့ကြောင့် မောင်နှမနှစ်ယောက် အကြောက်ပြေကာ လိုက်ပါသွားခဲ့ကြသည်။ ကလေးနှစ်ယောက်ကို ပထွေးဖြစ်သူ စောဖါ့ပျုဂ်က လက်ဆွဲ၍ ယာခင်းဆီသို့ သွားတော့သည်။ ယာခင်းသို့ သွားရာလမ်းတွင် မြင့်မားမတ်စောက်သော တောင်ကမ်းပါးကြီးများရှိ၏။ ယင်းတို့ကို ကျော်လွန်သွားရာ ယာခင်းသို့ရောက်သည်။ တဖြည်းဖြည်းနှင့် ရွာမှဝေးကာ တောင်ယာအနားသို့ရောက်လာကြသည်။ မြင့်စောက်သော ကမ်းပါးကြီးများပေါ်က ဖြတ်ကျော်လာကြရသည်။ “ရန်သူဆိုတာ ကျူပင်ခုတ် ကျူငုတ်တောင်မကျန်စေရဘူးတဲ့၊ နောင်တစ်ချိန် မင်းတို့ကြီးလာရင် ငါ့ကို လက်တုံ့ပြန်ကြမှာပဲ၊ ကျလူကို တက်လူကစော်ကားတာတော့ မခံဘူးဟေ့၊ ခလုတ်ကန်သင်းကိုတော့ ရှင်းပစ်ရမှာပဲကွ၊ ဟား .. ဟား .. ဟား ..” ကျယ်လောင်သောစကားသံနှင့် အားပါးတရ ရယ်မောသံကြောင့် နှစ်ယောက်သား နားမလည်စွာ မော့ကြည့်မိသည်။ ခက်ထန်ကြမ်းကြုတ်သော ဘီလူးရုပ်က ပေါ်လာသည်။ လူမိုက်တိုင်း ဒေါသနှင့်ဆင်ခြင်ဉာဏ်မဲ့သူတို့ အမှားကား ရပ်နားသွားသည်ဟူ၍မရှိ။ သူက အလုပ်လုပ်ရမည် ဆို၍ မောင်နှမနှစ်ယောက် လုပ်ခဲ့ကြရသည်။ သားသမီးတို့ကို ဝင်ကူသောအမေ့ကို ရန်ရှာသေးသည်။ ယခုလည်း တောထဲခေါ်လာပြန်ပြီး ဘာများလုပ်မလို့ပါလိမ့်။ မောင်နှမနှစ်ယောက်မှာ စဉ်းစားနေဆဲမှာပင် ရင်ထဲ အသည်းထဲမှာ အေးခနဲဖြစ်သွားသည်ကို သိလိုက်ကြရသည်။ ဆုပ်ကိုင်ထားသောလက်သို့ တွယ်ရာမဲ့သွားသည်ကိုပဲ သိလိုက်ကြရသည်။ လေဟာနယ်အတွင်းမှာ ရွက်ကြေလေးများပွင့်သလို ကျသွားကြတော့သည်။ ပထွေးဖြစ်သူက ယုတ်မာစွာဖြင့် တောင်ကမ်းပါးပေါ်မှာ ကန်ချလိုက်ပါပေါ့လားဟု သိလိုက်ကြရချိန်တွင် သူ့သို့အတွက် အမှောင်ဝဝတ်ရုံက လုံခြုံစွာ ထွေးပိုက်လိုက်ချေပြီ။ အမှောင်ဝတ်ရုံက ပိန်းပိတ်အောင် လွှမ်းခြုံထားဆဲ “ဖြစ်ရလေ သားနဲ့သမီးတို့ရယ်၊ အမေရင်ကျိုးရချည်ရဲ့” အမှောင်ကမ္ဘာ ညဉ့်ခြုံလွှအတွင်းဝယ် တူညီသောတမ်းတခြင်းဖြင့် သားအမိသုံးယောက်ခမျာ မျက်ရည်ကိုယ်စီဖြင့် တစ်ဦးနှင့်တစ်ဦး ကျစ်လစ်စွာ ပွေ့ပိုက်ထားကြသည်။ “သားသတိရတော့ ဝါးရုံပင်ကြီးအောက်မှာ တင်နေတယ်အမေ၊ ညီမလေးလည်း သားလိုပဲ … ဒါနဲ့” သားလေးပြောပြနေသော အဖြစ်အပျက်က မိခင်နှလုံးသားကို ဖျစ်ညှစ်ဆုပ်နယ်နေသလိုပါပဲ၊ ပထွေးက ပျားရည်လူးသော သင်ဓုန်းဓားကို စားဖို့ပေးထားခဲ့ခြင်းပါလား။ ကလေးနှစ်ယောက်ကို ချော့မော့ခေါ်သွားပြီး ကမ်းပါးပေါ်မှ ကန်ချထားခဲ့သည်။ ဤကိစ္စကို သူမသိလေယောင် စိတ်ပူလေယောင်ဖြင့် ဟန်ဆောင်ခဲ့သေးသည်။ ယခုတော့ ကံကြီးပေလို့ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ဆုတောင်းမိလိုက်ကြသတဲ့။ ကမ်းပါးအောက် ဝါးရုံပေါ်တင်နေလို့ အသက်ချမ်းသာရာရခဲ့ကြပါသတဲ့၊ ညဥ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုးအကြောင်း ပြောပြကြခြင်း ဖြစ်သည်။
ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရသည်။ သွားလေသူကို ပို၍ သတိရမိသည်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့ကတော့ လုံးဝမဖြစ်နိုင်တော့၊ ပထွေးဖြစ်သူ စောဖါ့ပျုဂ်ရန်က ရှိသေးသည်။ အညှာအတာကင်းသော ရက်စက်မှုတွင် သရဖူဆောင်းသူပီပီ ယခုတစ်ကြိမ်မအောင်မြင်လျှင် အချိုသတ်၍ နောက်တစ်ကြိမ် အောင်မြင်အောင် သတ်ဖြတ်ဦးမှာသေချာသည်။ ထို့ကြောင့် ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် တစ်မျိုတစ်ဖုံ စီစဉ်ရပြန်လေသည်။ အစီအစဉ်ကား တခြားမဟုတ်၊ ဇွဲကပင်တောင်ပေါ်က အန္တရာယ်ကင်းရှင်းမည့် တစ်နေရာတွင် သွားရောက်ဝှက်ထားရန် အစီအစဉ်ပင်ဖြစ်သည်။ မှားမိသည့်အလွန် သည်ဘဝမှာ နွံနစ်ရုံမကလို့ သမုဒ္ဒရာ တဏှာရဲ့ကျွန်စစ်စစ်ကြီးဟု ခါးခါးသည်းသည်း ပြောချင်လည်း ပြောကြစေတော့။ နန်းဖေါ့ယာ့တစ်ယောက်ကား လင်နှင့်သားသမီးတို့အကြား အဆီးအတားကို ဉာဏ်မှီသမျှနည်းဖြင့် ဖန်တီးလိုက်ရပြန်ချေပြီ။ ကျားဆိုး၊ မြွေဆိုးရန်ထက် ပထွေးဆိုးရန်က ပိုကြောက်ရသည် မဟုတ်ပါလား။ ဪ …. နန်းဖေါ့ယာ့ရယ် …။ ကြွေရက်တို့က မြေမှာ တဖွဲဖွဲသက်ကြသည်။ တောင်လေကလေး ကဲလာတော့ မိုးသည်းသည်းတို့ လိုက်ပါလာကြပြန်သည်။ ဝဿန္တရာသီ လွန်ပြန်တော့ ဟေမန္တနှင်းပွင့်တို့ ဝေကြပြန်သည်။ မလိုမုန်းထား အာဃာတာကြီးမားသူနှင့် တဏှာရမ္မက်၏ ကျေးကျွန်တို့နှစ်ဦးကြားဝယ် မောင်နှမနှစ်ယောက် ဗျာများခဲ့ကြရရှာသည်။ အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။ ကြည့်လေရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့အသံများကိုသာ ကြားရသည့်နေရာ သည်နေရာမှာ မိခင်က လာပို့ထားခဲ့သည်။ ပထွေးရန်ကိုကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ရန်က ရှိသေးသည်။ အနီးအပါးက ရသမျှ တောသီနှံကလေးများကို ခူးဆွတ်စားသောက်ရင်း ဥတုရသီနှင့်တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။ နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကိုလွမ်းရသော ဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတူနေကြရှာသည်။ ရံဖန်ရံခါတွင် ဇွဲကပင်တောင်သို့ ဘုရားဖူးလာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွားသော စားရေရိက္ခာလေး မစို့မပို့နှင့် မျှတစားရသည့်အခါလည်း ရှိသည်။ ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကိုလုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့။ တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူ့ထံ ရောက်လာသည်။ နှစ်ဦးသား ကြောက်လန့်၍ လိုက်သွားခဲ့ကြ၏။ သို့သော် ဘိုးရသေ့၏ မေတ္တာစက်ရိပ်နှင့် နူးညံ့သိမ်မွေ့မှုတို့ကြောင့် ချက်ချင်း အကြောင်းပြေသွားခဲ့ကြသည်။ “ငါ့မြေးတို့ကို သနားလို့ ကူညီဖို့ရာ ဘိုးဘိုးလာခဲ့တာပါ၊ မကြောက်ကြပါနဲ့” အေးမြကြည်လင်သော နှုတ်ဆက်သံကြောင့် နှစ်ယောက်သား အားတက်သွားကြသည်။ ကူညီမယ်ဆိုသော စကားသံကြောင့် အကြောက်ပြေကာ ဘိုးရသေ့ကို ခရီးဦးကြိုပြု နေရာပေးလိုက်ကြသည်။ သနားစဖွယ် လူမမယ်ကလေးနှစ်ယောက်ကို ဘိုးဘိုးရသေ့က ကြင်နာစွာကြည့်ရင်း — “ငါ့မြေးတို့ ဘိုးဘိုးစကားကို နားထောင်ကြမှာလား” ဘိုးရသေ့စကားကို နှစ်ယောက်စလုံး ဝန်ခံကတိပေးမိကြသည်။ “ဘိုးဘိုးက ကူညီမယ်ဆို နားထောင်မှာပေါ့” သူတို့လေးတွေ၏ ဟန်ပန်မှုကင်းသောစကားကြောင့် ဘိုးရသေ့ ပြုံးသည်။ “ဘိုးဘိုး သမီးကို အမေနဲ့တွေ့ပေးပါနော်” လူမမယ် သမီးငယ်ကလေးဆန္ဒကလည်း ပရိယာယ်ကင်းစင်လှသည်။ အပြစ်ကင်းမဲ့သော အဖြူရောင်နှလုံးသားလေးများကို ညစ်ထေးပေကျံအောင် အလုပ်ခံခဲ့သည့်အဖြစ်ကို ဘိုးရသေ့ သိများသိနေလား မဆိုနိုင်။ ဂရုဏာသက်စွာဖြင့် ခေါင်းကလေးကို ပွတ်ပေးလိုက်သည်။ “တွေ့ရမှာပေါ့ မြေးလေးရယ်၊ တွေ့ရမှာပေါ့၊ ဘိုးဘိုးခိုင်းတာကိုသာ မြေးလေးတွေက လုပ်ပေးကြနော်၊ ကဲ .. အဲဒီမီးပုံကို ထင်းထပ်ဖြည့်ပြီး မီးပုံကြီးဖြစ်အောင် လုပ်ကြကွယ်” မောင်နှမနှစ်ယောက် အားရဝမ်းသာစွာဖြင့် ထင်းခြောက်တွေ လိုက်ကောက်ကြသည်။ မီးပုံကြီးမှာ ခံစားနေရသော ဒုက္ခက အရွယ်နှင့်မမျှ ကြီးမားလှချေလားဟု ဘိုးရသေ့ သနားမိသည်။ မီလျှံမီးစွယ်တို့က ဖြိုးဖြိုးဖျစ်ဖျစ်မြည်လျက် ယိမ်းနွဲ့လှုပ်ရှားရင်း ကြီးမားလာသည်။ အနီးအပါးကပင် ပျိုးရွက်စိမ်းတို့ မီးဟပ်သဖြင့် လှုပ်ယမ်းနေကြသည်။ ထို့နောက် သူတို့နှစ်ယောက်ို ရွှေရောင်ဝင်းနေသည့် ဆေးလုံးသုံးလုံးပေးသည်။ လောဘဇောမတက်ဖို့ အပြန်ပြန်မှာသည်။ မောင်နှမနှစ်ယောက်က အသေအချာ မှတ်သားသည်။ မောင်နှမနှစ်ယောက်ကလည်း မှာကြားသည့်အစီအစဉ်အတိုင်း ပထမဆေးလုံးကို မီးပုံတွင်းသို့ ပစ်ထည့်လိုက်သည်။ မီးပုံတွင်းမှာ ဘိုးရသေ့ ပြာအတိဖြစ်သွားသည်။ ဒုတိယဆေးလုံးကို ပစ်ထည့်လိုက်ကြပြန်သည်။ ပြာပုံသည် ရွှေသားကြီးအသွင် ဝင်းဝင်းလက်လက်အရောက်ထွက်လာသည်။ တတိယဆေးလုံးကို ပစ်ထည့်လိုက်သောအခါတွင်ကားရွှေတုံးကြီးသည် တဖြည်းဖြည်း လူးလွန့်လာတာ အလွန်လှပသော လုလင်ပျိုလေးတစ်ဦး အသွင် ပြောင်းသွားပြီး အလျှံရဲရဲ မီးပုံတွင်းမှ ပြုံးရွှင်စွာ ထွက်လာသည်ကို တွေ့ကြရတော့သည်။ အိုးမင်းနေသော ဘိုးရသေ့မဟုတ်တော့ မောင်နှမနှစ်ယောက် မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်နေကြသည်။ ပါးစပ်အဟောင်းသားဖြင့် ငြိမ်သက်နေမိကြသည်။ “ဟာ… ဘိုးရသေ့ … အဲလေ …အစ်ကို ဘယ်လိုဖြစ်သွားတာလဲဟင်” အတန်ကြာမှ သတိဝင်လာသော အစ်ကိုလုပ်သူက တအံ့တဩမေးသည်။ “မြင်တဲ့အတိုင်းပေါ့ကွယ်”လုလင်ပျို ပြုံးရွှင်စွာဖြင့် ဖြေသည်။ နှမလေးက အစ်ကိုဖြစ်သူကို ကွယ်ကာ တအံ့တဩံ့ ငေးမောကြည့်နေသည်။ “ကျနော်တို့ကို ကူညီမယ်ဆို” အစ်ကိုဖြစ်သူ စကားကြောင့် လုလင်ပျိုက ပြုံးရွှင်ရယ်မောသည်။ “ကူညီမှာပေါ့ကွယ် … ကူညီမှာပေါ့၊ မင်းတို့ မောင်နှမမီးပုံထဲ ခုန်ဆင်းရဲပါ့မလား” “အမေနဲ့တွေ့ချင်ရင် ဆင်ရမှာပေါ့ ညီမလေးရဲ့” အစ်ကိုလုပ်သူက အားပေးမှ နှမလေးလည်း ရဲတင်းလာသည်။ ခဏချင်းမှာပင် နှစ်ယောက်သားလက်တွဲ၍ မီးပုံတွင်း ခုန်ဆင်းလိုက်ကြပေတော့သည်။ ဘိုးရသေ့ဘဝမှ ပြောင်းလဲလာသော လုလင်ပျိုသည် စောစောက မောင်နှမနှစ်ယောက် ပြုလုပ်သည့်အတိုင်း ဆေးလုံးများကို အစီအစဉ်အတိုင်း တစ်လုံးပြီးတစ်လုံး မီးပုံတွင်းသို့ ပစ်ချပေးနေလေရာ ပြာပုံအဖြစ်သို့လည်းကောင်း၊ ရွှေအတုံးအဖြစ်သို့လည်းကောင်း၊ အဆင့်ဆင့် ပြောင်းလဲသွားပြီးနောက်ဆုံး ဆေးလုံးအရောက်တွင် အလွန်လှပနုနယ်သလောက် ချစ်စဖွယ်၊ သနားစဖွယ်ကောင်းသော လုလင်ပျိုနှင့်လုံမပျိုလေးနှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ မောင်နှမနှစ်ယောက် တစ်ဦးနှင့်တစ်ဦး ပြုံးရွှင်စွာကြည့်ရင်း မီးပုံတွင်းမှ ထွက်လာကြပြီး သူတို့ကို ကြည့်နေသော လုလင်ပျိုအား ထိုင်၍ ကန်တော့လိုက်ကြသည်။ “ကဲ .. ဂတိအတိုင်း ကူညီခဲ့ပြီး စ.မ ကို ချီးမြှင့်ခဲ့ပြီ၊ မင်းတို့မောင်နှမမှာ သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်းခိုးတွေ ရကြပြီ၊ ဒီနေ့ကစပြီး သာသနာတော်အတွက် လုံ့လဝီရိယစိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညိုသူတွေရယ်၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားလာကြသူတွေ မှန်သမျှရယ်၊ စီးပွားရေးလာဘ်လာဘ တိုးအောင် ကျန်းမာရွှင်လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက်ရစ်ကြပေတော့” “ကောင်းလှပါပြီ စောင့်ရှောက်ကူညီပါ့မယ်လို့ သစ္စာပြုပါတယ် ဘိုးရသေ့” ထို့နောက် မောင်နှမနှစ်ယောက်သည် ဘိုးရသေ့ နေထိုင်ရာ မွတ်လအိစေတီရှိရာတောင်ဆီသို့ တရွေ့ရွေ့ ထွက်ခွာသွားကြပေတော့သည်။
ဇွဲကပင် ဆံင်တော်ရှင်သမိုင်းစာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
ဖါးစည်သံ http://parsithan.blogspot.com
9 comments
ရွှေတိုက်စိုး
January 31, 2013 at 9:00 am
ရာဇဝင်လေးပါ ရှင်းပြတော့ ပိုကောင်းသွားတယ်ဗျာ..ကျေးဇူး..
တစ်ခါမှမရောက်ဖူးဘူး ဘယ်တော့ရောက်မယ်ဆိုတာလဲ မသေချာတော့ ကိုအုပ် ပို.စ်ကိုပဲအားပေးသွားတယ်ဗျာ…
•*¨နန်းတော်ရာသူ •*¨
January 31, 2013 at 9:32 am
တောင်ပေါ်မတက်ပဲ လုမ္မနီကတင်လှည့်ပြန်လာတာပေါ့။
ဟုတ်ပါတယ် တောင်ပေါ်တက်ဖို့က အချိန်ပေးရတာ။ကားလမ်းမှမပေါက်တာ တက်နေကျမဟုတ်ရင် မတက်နိုင်ဘူးဗျိုု့။
တက်တဲ့လမ်းက၂လမ်းရှိတယ် လမ်းဟောင်းက ကျောက်လှေကားတွေချည့်ပဲ လမ်းတိုပေမယ့် ဒူးညောင်းတယ်။လမ်းသစ်ကတော့ ရှည်တယ်၊ပြေတယ်။နိုင်ငံခြားသားတွေကတော့ တက်တာတယ်မြန်တယ်။
အပေါ်မှာတော့ သက်သက်လွတ်စားသောက်ဆိုင်နဲ့ရုပ်မြင်သံကြားစခန်းရှိတယ်။
ရင်ပြင်တော့ကျဉ်းပြီး ဘာမှသိပ်မရှိပါဘူး။မျောက်တွေပဲရှိတယ်။တောင်ပေါ်ကနေ တောင်အောက်ကိုလှမ်းကြည့်ရင်တော့ရှုခင်းတွေလှတယ်ဗျို့။
ဒါနဲ့ တောင်နံရံမျက်နှာပြင်မှာ ပေါ်နေတဲ့ ကျောက်မောင်နှမပုံကိုရိုက်မလာဘူးနော်။
ကြည့်နေကျလူတွေမှလည်းမြင်ရတာကိုး….
ဓာတ်သေတွေအတွက် ကျေးဇူးပါဆြာအုပ်ရေ။
Ma Ei
January 31, 2013 at 10:25 am
ဇွဲကပင် တောင်နံရံက ကရင်မောင်နှမပုံရိုက်ခဲ့လားဟင်…
မရောက်ဖူးလို့ ရောက်ချင်ပေမယ့် တောင်ပေါ်တော့
တက်နိုင်မယ်မထင်…
မောင်ပေ
January 31, 2013 at 9:21 pm
ဒီတစ်ခါ ဓါတ်သေမှတ်တမ်းက အရင်ဟာတွေလောက် မလန်းဘူးဗျို ့
marblecommet
February 1, 2013 at 12:11 am
ဆြာအုပ်ရေ
ဒီတစ်ခါ ဓာတ်သေ (12)ကတော့
ကျနော့်ကို လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က
အတွေ့အကြုံတွေကို ပြန်သတိရစေတယ်ဗျာ
အဲဒီတုန်းက ကျွန်တော် ဇွဲကပင်တောင်ကို ကျွန်တော်
တက်ခဲ့တုန်းက တောင်ခြေမှ စားသောက်ဆိုင်တွေ
မရှိသေးဘူး
ဇွဲကပင်တောင်မကြီးထိပ်က ဒီဘက် သံလွင်မြစ်ဘက်မှာဆိုပေမဲ့
ဟိုး ကံ့ကော်တစ်ထောင် ရုပ်ပွားတွေရှိတဲ့ တောင်စဉ် တောင်တန်းဘက်က
စီကာစဉ်ကာ တက်ရတာကိုး
ပြီးတော့ အဲဒီတုန်းက လမ်းရယ်လို့လည်း မည်မည်ရရမရှိပါဘူး
ခေတ်ကောင်းစဉ်အခါတုန်းက လမ်းရာတွေတော့ တွေ့ခဲ့ရပါတယ်
အုတ်လှေကား ဟောင်းတွေပေါ့ဗျာ
ဒီလောက် ခက်ခဲကြမ်းတမ်းတဲ့ တောင်အထွပ် အထိပ်တွေမှာ လေးလံလှတဲ့
ကျောက်တုံး ကျောက်ခဲတွေ အုတ်ဆက်တွေကို တွေ့ရတာ
ရှေ့လူတွေရဲ့ ဘာသာတရားအပေါ်ထားတဲ့ လုံ့လ၊ အားအင်၊ တည်ဆောက်ခြင်း
အတတ်ပညာတွေကို လေးစားမိရတယ်။
ကျနော်တို့သွားတုန်းက မြန်မာစကားမတတ်တဲ့ မွန် ကိုရင်လေးနှစ်ပါးက လမ်းပြအဖြစ်
လိုက်ပို့ပေးတယ်။ လှိူတွေ၊ ချောက်တွေ၊ ကမ်းပါးတွေ ဘေးက
သည်းထိတ်ရင်ဖို ကပ်တွယ်တက်ခဲ့ရတာကို သတိရမိပါရဲ့ဗျာ။ ပြီးတော့ တောင်တက်လမ်းခရီး
အရွယ်လောက်မှာ ခရီးတစ်ထောက်နားနေတဲ့ အသက် ၇ဝ အရွယ်ရှိတဲ့
အမေအိုကြီးတစ်ယောက်နဲ့လည်း စကား ပြောခွင့်ရခဲ့ပါသေးတယ်။ အဲဒီအမေကြီးဟာ မနက်အစောကြီးကတည်းက နားနားပြီး တက်နေပါသတဲ့ဗျ။ တစ်နှစ်ကို တစ်ကြိမ်မဖြစ်မနေတက်သတဲ့ ညနေကျမှ တောင်ပေါ်ရောက်မယ်တဲ့ တောင်ပေါ်မှာ တစ်ညနားပြီးရင် နောက်နေ့ပြန်ဆင်းမယ်ပေါ့ဗျာ။
လမ်းမှာ စိ်မ့်၊ စမ်း ၊ ချောက်ကမ်းပါးတွေပေါ်မှာ မျောက်တွေကလည်း အများကြီးပဲ။ တစ်ချို့နေရာမှာ စမ်းရေခွက်တွေတွေ့လို့ မောမောနဲ့လည်း ရေသောက်ခဲ့ရပါရဲ့။ ဒေသခံတွေ တက်မယ်ဆိုရင်တော့ နှစ်နာရီ၊ သုံးနာရီလောက်တက်ရပေမဲ့ကျနော်တို့ ငါးယောက်အဖွဲ့ကတော့ လေးငါး နာရီလောက်တက်ခဲ့ရကြောင်းပါ။ အမှန်က ကျနော်တို့ ခရီးအဖွဲ့မှာ လူ သုံးဆယ်ကျော်ပါတာဗျာ အဲဒါ တောင်ပေါ်ကိုစတက်လို့ လှေကား ကြမ်း အထစ် ဆယ်ဂဏန်းမှာတင် အဖွဲ့သားတွေ ပြတ်ကျန်ခဲ့လို့ တောင်ပေါ်ကို ကျနော်တို့ငါးယောက်တည်း ရောက်ခဲ့တာပါ။
ဒါကြောင့် သူဌေးဆုချတာတောင် ခံခဲ့ရသေး ဟေး ဟေး …။
ဘယ်လောက်လောက်မောမော တောင်ထိပ်ပေါ်လည်း ရောက်ရော သံလွင်မြစ်က တိုက်ခတ်လာတဲ့လေညှင်းကို ရှူ ဘုရားဖူးလိုက်ရတာ အမောကို ပြေရောဗျာ။ တောင်ထိပ်မှာ ဘုရားဖူးရင်း ဘုရင်းဝင်းထဲက ရောင်းတဲ့ ဆိုင်ကလေးက လက်ဘက်သုတ်နဲပ ထမင်းဖြူ၊ရေနွေးကြမ်း စားသောက်ရင်း သံလွင်မြစ်ဘက်ကို ငေးခဲ့ရတဲ့ အရသာလေး ပြန်လွမ်းမိပါရဲ့။ မတ်စောက်နေတဲ့ အောက်တည့်တည့်ကို ပြန်ကြည့်တော့ ကျွန်တော်တို့ ရပ်ထားတဲ့ ကျနော်တို့ မှန်လုံကားက အပ် လောက်ပဲရှိတယ်။ သံလွင်မြစ်ကတော့ လက်ညှိုးလောက်ပဲရှိတယ်ဗျ ညှင်း ညှင်း ….
ဒီပို့စ်အတွက် ကျေးဇူးပါဗျာ ဒါကြောင့် သတိပြန်ရမိလို့ ဝင်ပြီး အာချောင်မိသွားပါတယ် ဆြာအုပ်….ကျေးကျေး
ခင်တဲ့
မောင်ကမ်း….
ဂန္ဓာရီ ဆြာအုပ်
February 1, 2013 at 12:35 am
ကရွှေတိုက်ရေ ဘားအံက သွားရင် နီးနီးလေးပါဗျာ မန်းလေးလောက်တောင် မဝေးပါဘူး ရောက်ရမှာ ပေါ့
မနန်း.နဲ့ မအိရေ. ကျောက်မောင်နှမပုံကိုရိုက်ဖို့နေနေသာသာ တောင် ကို တောင်ကြည့်ရုံပဲကြည့်နိုင်ပါကြောင်း
စားစရာကလဲ မရှိတာကြောင့် ဗိုက်စာတာရယ် ရိုက်စရာရှုခင်း မတွေ့မိတာရယ်ကြောင့် ကိုပေပြောသလို မလန်းပါခင်ဗျား
ကိုကမ်း ပြောပုံအရဆိုရင် ပြန်တောင် တက်ကြည့်ချင်ပါတယ်ဗျို့ နောက်များ ထပ်သွားဖြစ်ရင် တက်မယ်ဗျာ
နွယ်ပင်
February 1, 2013 at 9:30 am
ဇွဲကပင်တောင်ကို မရောက်ဖြစ်လိုက်ဘူး အေ0းကနေပဲ ကြည့်လိုက်ရတယ်
အခုလိုပုံတွေရော ရာဇဝင်လေးပါ ရှင်းပြပေးတာ ကျေးကျေးပါချင့် …..
မဟာရာဇာ အံစာတုံး
February 1, 2013 at 9:36 am
ဇွဲကပင်တောင်ကို တစ်ခါမှ ရောက်ဖူးဘူးးး
ပုံဒွေထဲဂ ရုပ်ပွားတော်များဆိုဒဲ့ ပုံလေးကို ခိုက်တယ်ဗျ …
ကျုပ် အတက်ကြီးမှ အိုက်မှာ တရားသွားထိုင်ရအုံးမယ် …
ပြောရရင်ဒေါ့ ဂန္ဓာရီ ခရီးစဉ် အတွင်းမှာပေါ့ …
ခညားဂလည်း ဂန္ဓာရီ ဆြာအုပ် ဆိုဒေါ့ဂါ ..
အိုက်အခါကျရင် ကျုပ်နဲ့ အဖော်ရအောင် လိုက်ခဲ့ပေါ့ ..
(အမှန်ဂ ကျုပ်တီယောက်တည်းဆို တရဲကျောက်ရို့ … )
Traditional Medicine
February 1, 2013 at 10:30 am
အတိတ်ကို ပြန်သတိရမိပါတယ် ဓာတ်ပုံတွေ အတွက်ကျေးဇူး ခုတော့မရောက်နိုင်တော့ပါ