ရေကန်ထဲကဆား (သို့မဟုတ်) ဘဝတိုက်ပွဲအတွက် အားဆေးတခွက်

True FaithJuly 20, 20101min725

တစ်ခါတုန်းက ဉာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး
ရှိပါတယ်။ တနေ့တော့ သူဟာ ခရီးသွားရင်း ဝမ်းနည်းငိုကြွေးနေတဲ့ လူငယ်တဦးကို တွေ့တဲ့အခါ ဘာကြောင့် ဒီလောက်ငိုနေတာလဲလို့ မေးကြည့်တော့ အိမ်မီးလောင်သွားလို့ ပိုင်ဆိုင်သမျှပစ္စည်းတွေ ဆုံးရှုံးသွားတဲ့အတွက် ငိုနေတာပါလို့ လူငယ်က ပြန်ဖြေပါတယ်။

ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလည်း တပါတည်း ယူလာခိုင်းလို်က်ပါတယ်။ အဲဒီနောက် ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ်ကို
ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်။ သောက်ပြီးတဲ့နောက် လူငယ်ကို “ဘယ်လိုအရသာရှိသလဲ”လို့မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”
လို့ ပြန်ဖြေပါတယ်။

ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း လူငယ်ကို နောက်ထပ် ဆားတစ်ဆုပ် ယူခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်။ မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း ကျယ်ဝန်းကြည်လင်လှတဲ့ ရေကန်ကြီး တစ်ကန်နားကို ရောက်လာကြပါတယ်။ ဒီအခါမှာ ပညာရှိကြီးက လူငယ်လက်ထဲမှာ
ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်။

ပြီးတဲ့အခါ လူငယ်ကို “ကဲ အခု ကန်ထဲကရေကို သောက်ကြည့်ပါဦး” လို့ခိုင်းလိုက်တဲ့အခါ လူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်။ ရေသောက်ပြီးတဲ့နောက် ပညာရှိကြီးက “ကန်ထဲက ရေကဘယ်လိုအရသာ ရှိသလဲ”လို့ မေးတဲ့အခါ လူငယ်က “လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်။

“စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်တုန်းကလို ငံသေးရဲ့လား” လို့
မေးပြန်တဲ့အခါ “မငံတော့ပါဘူး” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်။

ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာ ပုတ်လိုက်ကာ “ငါတို့ဘဝတွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ
ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူတယ်။ ဘဝမှာ ကြုံလာတဲ့ နာကြင်ဆုံးရှုံးမှုတွေကို
ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူသလဲ ဆိုတာနဲ့ပဲ
သက်ဆိုင်တယ် ကောင်လေး”

“မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုဟာ သိပ်ကို ကြီးမားတယ်လို့ မင်းထင်လိမ့်မယ်။ ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိခိုက်နာကျင်မှုတွေဟာ ဘာမှပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့”

“ဒီတော့ ဘဝမှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့ ရေကန်တစ်ကန်အဖြစ် ပြောင်းလဲကျင့်ကြံလိုက်ပါ။ ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါးသက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။

“Stop being a glass. Become a lake.”

*The taste of life ( Unknown Author) ကို ဘာသာပြန်ဆိုပါသည်။*

(အစိမ်းရောင်လွင်ပြင်မှ တဆင့် ကူးယူဖော်ပြပါသည်။)

5 comments

  • fatty

    July 20, 2010 at 2:55 pm

    ………….the problem is…………
    ………….in myanmar………….the lakes are dry………..
    ……………..and we cannot buy big bowl ,

  • True Faith

    July 20, 2010 at 3:03 pm

    ကို Fatty ရဲ့ အခက်အခဲကို ပညာရှိကြီးထံ တင်ပြကြည့်တော့ သူက ပြောပါတယ်။ ရေကန်တွေ ခမ်းနေရင်လည်း သင်ငယ်ငယ်က ကိုယ်လုံးတီးရေချိုးတဲ့ ဒန်ဇလားလောက်ဆိုရင် အဆင်ပြေပါတယ်တဲ့။ အဟိ

  • fatty

    July 20, 2010 at 3:08 pm

    ……………..Sorry I mortgaged that zinc cup.

    with thanks.

  • kopauk mandalay

    July 20, 2010 at 3:08 pm

    အကောင်းဆုံးကတော့ ခံနိုင်ရည်ရှိအောင်လေ့ကျင့်ထားဘို့ရယ်။
    တစ်ချိန်မှာဆုံးရှုံးထားသမျှပြန်ရနိုင်တယ် ပြန်ရအောင်လုပ်မယ်လို့ခံယူထားရင်
    အခုဆုံးရှံးတာကို ယာယီလို့မြင်လာရင်နေသာပါတယ်။

  • fatty

    July 20, 2010 at 3:13 pm

    the king of Myanmar should have kopauk’s point of view.

    ok ok to night…..i cannot sleep i have to laugh

    thank you all.

Leave a Reply