ပျော်လိုက်စမ်းပါဘိ

သည်ကနေ့ လူတွေကျိတ်ကျိတ်တိုးစည်ကားနေတယ်။ လက်ကလည်း  ဆက်တိုက်လှုပ်ရှားရလွန်းလို့ ညောင်းလှနေပြီ။ တော်တော်ကြာ ကုန်းကုန်းကွကွလုပ်လိုက်၊ တော်တော်ကြာ ဓါးပြေးကိုင်လိုက်နဲ့ လူလည်း ဖက်ဖက်ကိုမောလို့။ သည်ကြားထဲ ပါးစပ်ကပါ အော်ရသေးတော့ လည်ချောင်းတွေများ နာလို့။ မျက်စိတွေလည်း ရှုပ်ပါရဲ့၊ နားတွေလည်း အူပါရဲ့၊ ခေါင်းတွေလည်း ကိုက်ပါရဲ့။ ဒါပေမယ့် လောလောဆယ်တော့ အဲဒါတွေတစ်ခုမှ ဂရုမစိုက်အားဘူး။ ဘယ် ကျန်တဲ့ရက်တွေမှာ ခေါင်းကိုက် နားအူလို့ကတော့ အိပ်ယာထဲ ဇိမ်နဲ့နှပ်နေမိမှာ။ သည်ကနေ့လို့နေများတော့ ခေါင်းကိုက်ရုံမကလို့ ပြတ်ထွက်သွားချင်သွားစမ်းပါစေ ခံလိုက်ဦးမှာ။ လွယ်ထားတဲ့ ပအို့ဝ်လွယ်အိတ်ထဲမှာ ပိုက်ဆံတွေ အကြွေတွေရော ရာတန်၊ ထောင်တန်၊ နီနီကလေးတွေ စိမ်းစိမ်းကလေးတွေများ ဖောင်းပွလို့။ ဒါကိုကြည့်ပြီး ပီတိဖြစ်နေရတာ။ လာလိုက်စမ်းဟဲ့။ ဝယ်လိုက်စမ်းဟဲ့။ အော်အရေးထဲ မိုးကအုပ်ချင်လိုက်သေး။ မိုးနတ်မင်းကြီးရေ ခဏလောက်နေပြီး ကိုယ့်နေရာကိုယ် ပြန်ပုန်းနေလိုက်စမ်းပါ ကိုယ်တော် ရွှေနေပူပါမှ တပည့်တော့်မရဲ့ ဘဝ လှပမှာမို့ပါ။ဟော ဟိုက တစ်လုံး သည်က နှစ်လုံး။ ဝယ်ကြပါဟဲ့။ စားကြပါဟဲ့။ ရေဆာပြေလေး စားကြစမ်းပါဟဲ့။ မျှော်တယ်။ မျှော်တယ်။ ဝယ်သူတွေကိုမျှော်ရတယ်။ ပြီးတော့ မောတယ် မောတယ်။ အော်ရလွန်းလို့မောတယ်။ ဒါပေမယ့် နေ့တဓူဝဆိုတော့လည်း မဆန်းတော့ပါဘူးလေ။

(က)

တစ်နှစ်မှာ တစ်ကြိမ်ကျင်းပတဲ့ပွဲ။ ကြက်ပျံမကျ စည်ကားတဲ့ပွဲ။ ပွဲခင်းကြီး တမျှော်တခေါ်ကိုကြည့်လိုက်ရင် မီးခိုးငွေ့ကလေးတွေ တလူလူနဲ့။ မြင်နေရတဲ့ မြင်ကွင်းမှာ ရဟတ်ကြီးလည်နေတယ်။ ပြီးတော့ ပင်လယ်ဓါးပြလှေကြီးပေါ်က ကာလသမီး ကာလသားတွေရဲ့ တီးလုံးနဲ့အပြိုင် လိုက်အော် လိုက်ဆို နေကြတဲ့အသံတွေကို ဟောဒီဆိုင်ကလေးကတောင်ကြားရတယ်။ ပျော်ကြပါစေ။ မော်ကြပါစေပေါ့။ ပီတိတွေဖြစ်လိုက်။ ရင်တွေခုန်လိုက်နဲ့ ကျေနပ်လိုက်လေချင်း။ ခင်ရီ တို့ငယ်ငယ်တုန်းက ပွဲဆိုတာ ဘာလဲလို့မေးယူရလောက်အောင် အရောက်အပေါက်နည်းခဲ့တာ။ ခုခေတ်ကလေးတွေ ကံကောင်းကြတယ် ဆိုပြီး မဆီမဆိုင် ပီတိတွေဖြစ်ပေးနေရတာကို ခင်ရီ ကျေနပ်လေရဲ့။

ဟောဟော ပွဲခင်းထဲကနေ လေအပင့်မှာ တစ်ချက်တစ်ချက်ပါလာတဲ့ တီးလုံးမြူးမြူးတွေ ပီပီသသကြားလာတယ်။ ပွဲတော်က အရှိန်ရနေပြီ။ လူတွေ ပိုပိုစည်လာပြီး။ ဆိုင်ကယ်သံတဝှီးဝှီး၊ ကားသံ တညံညံ၊ ထော်လာဂျီသံတဖုတ်ဖုတ်နဲ့ ခင်ရီတို့ဆိုင်နားတစ်ဝှက်မှာလည်း စည်ကားနေပြီ။ လူစည်လေ ခင်ရီက ကြိုက်လေပဲ။ ဆိုင်ဘက်ကို မျက်နှာမူလိုက်ပြီဆိုတာနဲ့ ခင်ရီ ပါးစပ်ကလည်း ဟောဒလို ထွက်ပြပါလိမ့်မယ်။ အော်ပြပါလိမ့်မယ်။

“လာကြနော် ဖရဲသီးစိတ် ချိုချိုလေးတွေ၊ တစ်စိတ်မှ တစ်ရာတည်း တစ်ရာတည်း။ ပွဲခင်းထဲမှာဆိုရင် ဒီဈေးနဲ့မရဘူး။ ရေဆာလည်းပြေတယ် ။ အမောလည်းပြေတယ်။ လာကြလာကြ။ လာလာ။ “

ခင်ရီက ဒီလိုအော်လိုက်ရင် သုံးလေးယောက်ထက်မနည်း ဆိုင်ကို ဝင်ချလာကြတယ်။ ပြီးတော့ သုံးရာဖိုး ၊ ငါးရာဖိုးနဲ့ ခင်ရီတို့လက်တွေ သွက်လက်နေရပြီ။ ပါးစပ်ကလည်း

“ နေပူတယ်နော် အစ်ကိုတို့ အစ်မတို့၊ ဟော ဟိုက ငါ့ညီမတို့ ငါ့မောင်တို့ လာလာ ဒီမှာလာနားကြ။ ပြီးတော့ ဖရဲသီးချိုချိုလေးတွေ လာစားကြ။“

“အစ်မကြီးက အလကားကျွေးမှာမို့လို့လား“

“ကျွေးပါ့ ငါ့မောင်ရယ် စား၊ စား တစ်စိတ် နှစ်စိတ်နဲ့ အစ်မမမွဲသွားပါဘူး စား လာ ညီမလည်း စား“

ခင်ရီတို့ဖော်ရွေနေလိုက်ပုံများ ဒီလို ဒီလို။ အကြောင်းကလည်းရှိတယ်လေ။ ခင်ရီတို့ ဖရဲဆိုင်နဲ့ မျက်စောင်းထိုးလောက်မှာ ဖရဲဆိုင်တစ်ဆိုင်က အပြိုင်ရယ်လို့ ရောင်းနေတာမဟုတ်လား။ သည်လို ပွဲတော်အတွင်းတော့ ငြိမ်မနေနဲ့။ ငြိမ်နေလို့ကတော့ ကျန်ခဲ့မယ်ဆိုတာ ခင်ရီက သိတယ်။ ဒီလို အော်နိုင်မှ၊ ခေါ်နိုင်မှ ကိုယ့်ဖရဲတွေ တစ်လုံးပြီးတစ်လုံး ဟောခနဲ ဒိုင်းခနဲ ထွက်သွားကြတာ။ ခင်ရီတို့က မိန်းမသား။ မျက်စောင်းထိုးဆိုင်က ယောကျာ်းသားတွေလို ဟိုနားရွှေ့ရောင်း ဒီနားရွှေ့ရောင်းလည်း လုပ်နိုင်ဘူး။ လူခွဲလည်းမရှိဘူး။ အို ကုန်ကုန်ပြောရရင် ဟောဒီဖရဲသီးတွေ ဝယ်ရတာ။ ခြမ်းရတာ။ ကားတင်ရတာ။ ကားပေါ်ကချရတာအထိ ခင်ရီတစ်ယောက်တည်း ဒိုင်ခံ။ ကုန်လိုက်တဲ့ အလုပ်သမားခ။ ဒါတွေ ဒါတွေ ပြန်ကာမိအောင် ဒီဖရဲသီးတွေထဲကပဲ ပြန်ရှာတာ။ တစ်လုံးမှ အလကားဖြစ်လို့မရဘူး။ ဒါပေမယ့်လည်းပေါ့ ဘာတဲ့ ခုခေတ် ကုန်ပစ္စည်းကုမ္ပဏီကြီးတွေ လုပ်တဲ့ ပရိုမိုရှင်းဆိုလား ပတိုမိုရှင်းဆိုလား အဲ အဲဒီလောက်မလုပ်နိုင်ရင်တောင် ဖရဲသီးလေးတစ်စိတ် နှစ်စိတ်လောက်တော့ ခင်ရီ ရင်းရဲရမှာပေါ့။

ဟောပြောရင်းဆိုရင်း လက်ကောက်တွေ တဝင်းဝင်းနဲ့ မိန်းမကြီးငယ်တွေ ခင်ရီဆိုင်ထဲ ဝင်လာကြပြီ။ လာပါ လာပါ။ ဝယ်ပါ ဝယ်ပါ။ ခင်ရီလက်ထဲက လက်ပံ့ကိုင်းကပဲ အစွမ်းပြသလား။ ခင်ရီရဲ့ ပီယဝါစာ ချစ်ဖွယ်သော အသံစာစာကြောင့်လေလား။ ဘာပဲဖြစ်ဖြစ် လာပါလာပါ။ ဝယ်လိုက်ကြစမ်းပါ။

(ခ)

ထမင်းတလုပ်ကို ပါးစပ်ထဲ ပစ်သွင်းလိုက်ရင်း ရေခွက်ကို တစ်ချက်မော့လိုက်ရတယ်။ ရင်ဘတ်ထဲမှာတောင် အလုံးကြီးဆို့သွားစေလောက်တဲ့ စကားက နားထဲက မထွက်ဘူး။ ပြီးတော့ လက်တွေက တုန်တုန်ယင်ယင်။ ရင်တွေက တုန်တုန်ယင်ယင်။

“သမီးက မပေးပါဘူးဆိုတာကို မရဘူး။ ဒီမှာကြည့် တစ်ချက်အထိုးခံလိုက်ရသေးတယ်။“

“အကုန်လုံး ယူသွားတာလား ဒီသေနာက။ ငါ ကားခတွေ အကုန်မရှင်းရသေးဘူး။ ဆိုင်မှာဆိုရင် ပျောက်တတ်ရှတတ်လို့ နင့်သိမ်းခိုင်းလိုက်မှအေ။ ကုန်ပြီပေါ့ သုံးရက်ရောင်းထားတဲ့ဟာတွေ။ သေချင်းဆိုး ကာလနာ။ ဒီမှာတော့ အာတွေကိုပေါက်လို့။ ခု ပြန်လာပြီလား ဒင်းက“

“မလာသေးဘူး။ ခုဆိုကုန်လောက်ရောပေါ့ အမေရယ်။ အဖေ့အကြောင်းလဲ သိသားနဲ့ ပိုက်ဆံကပ်လို့ကတော့ တစ်ပြားတစ်ချက်မကျန်မှ ပြန်လာတတ်တယ်ဆိုတာ“

“အန်ဖတ်ဆို့လို့ သေပါစေတော်။ တကယ်ပဲ။ နင်တို့အဖေကိုတော့ ပြောကိုးမပြောချင်တော့ဘူး။ ဒီမှာ ငါဘယ်လောက်ပင်ပန်းလဲ သိသလား။ ဒင်းက။  အိမ်ကနေ အငြိမ့်သားနေရတာကို အားမရဘူး။ ထိုင်သောက်နေရတာကို အားမရဘူး။ ပြဿနာလေးတော့ ရှာလိုက်ရမှာ နေဦး ရော့ လွယ်အိတ်။ ဒင်းကို ငါကိုယ်တိုင် ခေါင်ရည်တန်းဘက်ကိုလိုက်ရှာမယ်။ တွေ့လို့ကတော့ လည်ကုန်ဆွဲပြီး အပြတ်ရှင်းရမယ်။ ဒီပွဲမှ သူနဲ့ငါ လင်ခန်းမယားခန်းမပြတ်ရင် ငါ့ကိုယ်ငါ သတ်သေလိုက်မယ်။ သိလား ရော့။ “

လွယ်အိတ်ကို သမီးရဲ့ရင်ခွင်ထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ ထဘီကို တိုတိုဝတ်လိုက်တယ်။ ဆံပင်ကို ပြင်ထုံးလိုက်တယ်။ မဖြစ်မနေတော့ ကွမ်းတစ်ရာကို ကပျာကယာ ယာပြီး ပါးစောင်ထဲ ပစ်သွင်းဖြစ်အောင် သွင်းလိုက်ရသေးတယ်။ ဆိုင်အပြင်ဘက်ကိုထွက်တော့ နေပူရှိန်က ခေါင်းတည့်တည့်ကို ထိုးနေပြီ။

စီစီညံနေတဲ့ ပွဲခင်းထဲကို ခင်ရီရောက်တော့ လူတွေ လူတွေဆိုတာ နဲမှတ်လို့။ တိုးရတယ်။ ဝှေ့ရတယ်။ မျက်စိကလည်းရှာရတယ်။ အရင်ဦးဆုံး ခင်ရီ ခြေချလိုက်တာက ခေါင်ရည်တန်း။ ဟော ဒီ ကယားတစ်ပြည်နယ်လုံးက ယောကျာ်းသားတွေရော မိန်းမသားတွေရော ကြိုက်ကြပါတယ်။ သောက်ကြပါတယ်ဆိုတဲ့ ရိုးရာ ခေါင်ရည်တန်း။

လူကြီး လူငယ် လူလတ်မကျန် ခေါင်ရည ်တန်းမှာ ဝှေ့လို့ ဝဲလို့။ စားပွဲဝိုင်းတွေဆိုတာ ပြည့်လို့။ တစ်ချို့မျက်နှာတွေ နီနီရဲ။ တစ်ချို့မျက်နှာတွေ မို့မို့ဖောင်း။ ကြည့်လေရာရာမှာ ခေါင်ခွက်နဲ့ ပါးစပ်တေ့နေကြတဲ့ လူတွေချည်းပဲ။ လေတစ်ချက်ပင့်လိုက်ရင် မိုးကာပြာပြာတွေ မြှောက်တက်သွားတယ်။ ခင်ရီ ရင်တွေလည်း မြှောက်သွားလိုက် ပြန်ကြလိုက်။ ခုထိ ကျီးကန်းတောင်းမှောက်ရှာနေတာတောင် ဒင်းဆိုတဲ့ ယောကျာ်းဖြစ်သူရဲ့ မျက်ခွက်ကို ဆင်ဆင်ကလေးမှ မတွေ့သေးဘူး။ ခေါင်ရည်တန်းတွေလှည့်ပတ်ရှာနေတာ ဒင်းကိုမတွေ့။

(ဂ)

ခင်ရီခြေလှမ်းတွေ အပျော်တမ်း ကစားဝိုင်းတွေဖက်လှည့်ရပြီ။ ဟော မြင်နေရပါပြီ။ အရုပ်ကြီးကြီးတွေ၊ ကြားနေရပါပြီ ဝေးဝေးဝါးဝါး အသံတွေ။ နားထဲမှာ အသံတွေ တဖောက်ဖောက်။ မြှားပစ်သံ တဝှစ်ဝှစ်၊ ပူစီဖောင်းသံတစ်ဖောက်ဖောက်သံကြားမှာ ဒင်းကိုရှာရပြန်တယ်။ ဆိုင်က ကောင်မလေးတွေရဲ့အသံကလည်း တစာစာ။

“ငါးရာဖိုး မြှားရှစ်ချောင်းနော်။ ရှစ်ချောင်းပစ်လို့ ရှစ်လုံးကွဲရင် ဟောဒီမှာချိတ်ထားတဲ့ ဂစ်တာတွေ၊ မွှေးပွအရုပ်ကြီးတွေ ရမယ်နော်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးကွဲရင် ချိုချသ်၊ ပီကယ်ကိုဝါးမယ်။ လေးလုံး ငါးလုံး၊ ခြောက်လုံးကွဲရင် ပင့်မှည့်တွေသောက်ရမယ်။ ရှစ်လုံးဆိုရင် တော့ မပြောတော့ဘူးနော် လာလာ ငါးရာဖိုးရှစ်ချောင်း၊ ငါးရာဖိုး ရှစ်ချောင်း“

အော် ငါ့နှယ် အရေးကောင်းမှ ရပ်နားထောင်နေရသေး။ ရှာစမ်း။ ရှာစမ်း။ ဟော ဟိုရှေ့က တာယာဂွေ(ခွေ)တွေ လှိမ့်တဲ့နေရာမှာများရှိမလား။  ကွင်းထဲမှာ အရက်ပုလင်းတွေ၊ ဘီယာ ပုလင်းတွေ၊ အချိုရည်ပုလင်းတွေ နောက် အာမီရမ် ပုလင်းတွေ ထောင်လို့။ လှိမ့်ကြပါတယ်။ မကြီးမငယ်တွေ။  ဘာတဲ့ တစ်ထောင်ဖိုး ဆယ့်တစ်ကွင်း။ ဟောဟော လှိမ့်ပြီ လှိမ့်ပြီ။ အယ်တော့ ဘီယာပုလင်းလေးပေါ်ကိုကွက်တိကြလို့။

“ဟေး……“

“အောင်မလေး ပလုပ်တုတ်“

ခင်ရီ လန့်သွားတယ်။ ဟုတ်တယ်လေ။ ဘီယာတစ်ပုလင်းလောက် စွပ်မိတာများ အဲလောက်အော်စရာလား။ မဖြစ်သေးဘူး။ ဟိုဘက်ကိုရှာရမယ်။ အယ် ခြင်းလုံးတွေနဲ့ ဘာတွေကိုပစ်နေပါလိမ့်။ နို့ဆီဘူးခွံတွေ။ ပစ်တယ်။ ဟော အကုန်ပြိုသွားပြီ။ ဘာရမှာပါလိမ့်။ မှန်းစမ်း။ အရေးထဲ ရှေ့က လူက ခင်ရီ့ထက် အရပ်က လာရှည်နေသေးတယ်။ အတင်းတိုးဝှေ့ပြီးကြည့်လိုက်တော့ အံမယ် စတီးချိုင့်တစ်လုံး အခန့်သားပွေ့လို့တော့။ ဟယ် နေဦးနေဦး လာရင်းကိစ္စ။ လာရင်းကိစ္စ။ ဒင်းမျက်နှာကိုကြည့်။ ရှာစမ်း။

ခြေလှမ်းတွေ က တောင်ရောက်မြှောက်ရောက်နဲ့ သရေပင်နဲ့ ဇီးကွက်ရုပ်ကလေးတွေကိုပစ်ရတဲ့ ဆိုင်တွေ ကျော်ခဲ့တယ်။ ပြီးတော့ ကြိမ်ကွင်းသေးသေးတွေနဲ့ ဘီယာသံဘူးတွေ ပစ်စွပ်ရတဲ့ ဆိုင်တွေကျော်ခဲ့တယ်။ ခုထက်ထိ ဒင်းကိုမတွေ့သေးဘူး။ မောတယ် မောတယ်။

“ဟဲ့ ခင်ရီ“

“ဟယ် မိတုတ်“

“ညည်း ဘယ်သူ့ကိုရှာနေတာတုန်း။“

“ဟိုသေချင်းဆိုကိုပေါ့“

“ဪ ကိုသိန်းကိုလား“

“ဟုတ်ပါ့ ကာလနာရယ်လေ။ ငါဖရဲရောင်းရတဲ့ ငွေတွေယူပြီး ထွက်သွားတာ ပြန်မလာသေးဘူးတဲ့။ ဒါကြောင့်ရှာနေရတာ။ ငါ့မှာတော့အာတွေကိုပေါက်လို့။ ဒင်းက ပြောရင်း ဒေါသတွေထွက်လိုက်တာအေ။ ပေးစမ်း မုန့်လက်ဆောင်းတစ်ခွက် ။ ပြီးမှ ဆိုင်မှာ လာယူတော့“

“အေးပါအေ အလကားသောက်။ တစ်ခွက်တည်းနဲ့တော့ ပေးမနေနဲ့။ ညည်းနယ်အေ ပွဲခင်းထဲများလိုက်ရှာနေရတယ်လို။ ခုချိန်က ပွဲခင်းထဲ အပ်ပျောက်တာကရှာရလွယ်ဦးမယ်။ လူကိုတော့ရှာမနေနဲ့။ ညည်းပိုက်ဆံတွေလည်း ခုချိန်ဆို ကုန်လောက်ပြီပေါ့။ ရော့ အုန်းနို့ထည့်ဦးမလား“

“တော်ပြီ။ အုန်းနို့က အီတယ်အေ့။“

မုန့်လက်ဆောင်းကိုသောက်ရင်းက မျက်စိတွေက ကစားရသေးတယ်။ နားထဲကို ဝင်လာတဲ့အသံကြောင့် ကျောဘက်ကိုလှည့်ကြည့်ဖြစ်တယ်။

“တစ်လုံးတည်းသော ဂဏန်းလေး။ နံပါတ်မှာ ရှစ်။ နံပါတ်မှာရှစ်။ ဟော ဒီတစ်ခါကတော့ အပူးကလေး။ နံပါတ်မှာ နှစ်၊နှစ်၊ နှစ်ဆယ့်နှစ်“

မျက်လုံးကို နှစ်ခါပြန် သုံးခါပြန်ကြည့်ပြီး ပြန်ရုတ်သိမ်းလိုက်ရတယ်။ ဒင်း ဘယ်မှာ သဝေထိုးနေပါလိမ့်။

“ရော့အေ ကျေးဇူးပဲ။ တွေ့ရင်လည်း ပြောလိုက်ပါ နင့်မိန်းမ လိုက်ရှာနေတယ်လို့ ပြန်လာရင် ဒုတ်ကောက်ခဲ့လို့ပြောလိုက်  သိလား မိတုတ်“

“သွားသွား ညည်းဖရဲဆိုင် လူတွေကျလောက်ပြီး။ ဒီနေ့လိုမျိုး ဒေါသထွက်မနေနဲ့ ။ ဆယ့်ငါးရက်နေ့ဆိုတာ မိုးဗြဲ၊ ဖယ်ခုံ၊ ငွေတောင်၊ ဒီမောဆိုတွေကအထိလာကြမှာ။ ကယားဒေးဆိုတာ ဒီနေ့မှာ စည်တာအေ့။ “

ဟုတ်သား။ ဒီနေ့ ဆယ့်ငါးရက်နေ့။ မနေ့က ဆိုင်ကိုလာရောင်းလို့ ပြက္ခဒိန်တစ်ခုတောင် ဝယ်လိုက်ရပါကော။ ဘာတဲ့ (၆၁)နှစ်မြှောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်တဲ့။

(ဃ)

ဟယ်။

ပါးစပ်ကယောင်ပြီး ထွက်သွားရလောက်အောင် မြင်ကွင်းကိုက အံ့ဩချင်စရာ။ ကြည့်စမ်း။ လူငယ်တွေ ဝေးဝေးဝါးဝါးကြားထဲမှာ တီးလုံးသံနဲ့အပြိုင် ကွေးနေအောင် ကနေတာ ဘယ်သူများပါလိမ့်လို့မှတ်တယ်။ ဒင်း။ အိမ်က လင်တော်မောင် ဒင်း။ မရှက်ဘူးတော်။ သားပျို သမီးပျိုတွေများ ဖအေဖြစ်သူရဲ့ ဒီလိုမြင်ကွင်းကို မြင်လိုက်ရလို့ကတော့ ရှက်လှချည်ရဲ့အမေရဲ့ဆိုပြီး ငိုယိုပြောကြဦးတော့မယ်။ ဒင်းအပေါ်တေးထားတဲ့ စိတ်တွေ မီးလို ထတောက်လာတယ်။ နေအပူရှိန်ကလည်း ပြင်းတထက်ပြင်းနေတာများ ခေါင်းသွေးတွေ တက်လုလိလိ။ လူငယ်တွေကြားထဲ တိုးကာ ဝေ့ကာနဲ့ ပင်လယ်ဓါးပြလှေနားကိုရောက်အောင် ခင်ရီ မနည်း လူဖယ်ခဲ့ရတယ်။ ဒင်းရဲ့လက်ကိုအမိအရဆွဲပြီး-

“လာစမ်း…။ ရှင် ဒီမှာ ဘာလုပ်နေတာလဲ“

“ဟမ်…..မိန်း မိန်း မိန်းမ မင်းလိုက်လာတယ်….“

“ဟုတ်တယ် ရှင့်ကိုသတ်မလို့ လာပါ။လာခဲ့စမ်းပါ။ ရှင်အရှက်မကွဲချင်ရင် လိုက်ခဲ့လာ။ “

“ဟာ မိန်းမ ဒီမှာ ကလို့ကောင်းနေတုန်းကွ…ဘယ်လောက်မြူးလိုက်သလဲ..မင်းနားထောင်ကြည့်“

“နားမထောင်ချင်ပါဘူး။ ရှင်နော် မလှိမ့်တပတ်လုပ်မယ်မကြံနဲ့ ဒီနားတင် အရှက်တွေ ဗျန်းဗျန်းကွဲအောင် ကျုပ်လုပ်ထည့်လိုက်ရမလားပြော“

“ဟာ ဟေ့ ဟေ့… လိုက် လိုက်ဆို လိုက်ပါ့မယ်….“

အောင်မလေးလေး ကနေလိုက်တာ ကနေလိုက်တာ။ ကွေးလို့ ချိတ်လို့။ အရွယ်ကိုမှမထောက်။ သူ့လို့အရွယ်က ဒီလို ကဲရသေးသတဲ့။ အံ့ဩချက်။ ပွဲခင်းရဲ့ချောင်တစ်ချောင်ကိုရောက်တော့ သူ့ကို ဆောင့်တွန်းချလိုက်တယ်။

“ထိုင်စမ်းပါဦး ဘယ်မလဲ ကျုပ်ပိုက်ဆံတွေ“

“ဟမ် ဘာလဲ ဘာပိုက်ဆံလဲ“

“ရှင် အူကြောင်ကြောင်လုပ်မနေနဲ့နော်။အကြီးမနားက ယူသွားတဲ့ ပိုက်ဆံသုံးသောင်း။ ဘယ်မလဲ။ ခုပေး။ “

ခေါင်းကြီး ငိုက်စိုက်ပြီး စကားတစ်လုံးမှ ပြန်မဟလာတော့ဘူး။ ကုန်ပြီလား။ ဒါဆို ကုန်သွားပြီလား။

“အဲဒါ ဘာဖြစ်နေတာလဲ။“

“ကုန်ပြီ“

“ဘာ“

“ကုန်သွားပြီလို့ မင်းနားပင်းနေလား“

“သေနာကျ ၊ ကာလနာ၊ မြွေပွေးကိုက် သောက် သိလား သေအောင်သောက်။ ဘယ်နှစ်လုံးသောက်မလဲ။ ရှင်ဒီနေ့ သောက်ပြီး သေမှ ကျုပ် နားအေးမယ်။ ဘယ့်နှယ်တော် ဈေးရောင်းရတာ ခါးကိုက် နားကိုက်။ အော်ရတာ တစ်မျိုး။ ခေါ်ရတာ တစ်မျိုး။ အာခေါင်တွေ ခြစ်ခြစ်ပူခြောက်မှ ရထားတဲ့ ရောင်းကြေးတွေ။ ဘယ်မယားငယ်ကိုပေးတာလဲ။ ဟင်။ မေးနေတယ်။ ရှင့်မယားငယ် ဘယ်သူလဲ ပြော။“

“ဟာ ဒီမိန်းမ ဘယ်မယားငယ်မှမရှိဘူး။ မင်းတောင် ကံကောင်းလို့ရထားတာဟာ“

“ဒါဆိုပြော ခုပိုက်ဆံဘယ်လောက်ကျန်သေးလဲ ကျန်တာ ပေး ကျုပ်ကို“

လက်ထဲမှာ ထောင်တန်လေး ငါးရွက်။ တွန့်ကျေလို့။ ခင်ရီ ပွဲခင်းဘက်ကို ကြည့်လိုက်တယ်။ လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ထောင်တန်။ မီးခိုးတလူလူတက်နေတဲ့ ခေါင်တန်းဘက်ကို တစ်ချက် အကြည့်ကရောက်တယ်။ ကိုသိန်း နားကို ဖင်ထိုင်ချလိုက်တယ်။ ပြီးတော့

“ရှင် ဝပြီလား“

“ဘာလဲကွ“

“ရှင် အရက်ဝပလားလို့မေးနေတာ နားပင်းနေလား။ လာ။ လာ။“

“ဘာလဲမိန်းမရာ လူတွေလည်း ကြည့်နေကြပြီ မင်းမရှက်ဘူးလား“

“လာမှာတာ လိုက်ခဲ့စမ်းပါ့။ ဘယ့်နှယ် အာခေါင်တွေ ခြစ်တိုက်အောင်အော်ထားတဲ့သူက အူမစို ။ နေရိပ်မှာနေပြီး အရက်သောက်နေတဲ့ သူက အူစိုရတယ်လို့။ လာစမ်းပါ ကျုပ်နောက်ကို“

ခင်ရီ ဒင်းရဲ့လက်ကိုဆွဲပြီ ခေါင်တန်းထဲ ဝင်လာခဲ့တယ်။ ခေါင်တန်းမှာ မီးခိုးတွေက အူနေတုန်း။

(င)

ပူစီဖောင်းတွေ တဖောက်ဖောက်နဲ့ တစ်လုံးပြီးတစ်လုံး ကွဲကုန်တယ်။ မြှားတွေဆိုတာ ဝှစ်ခနဲ ဝှစ်ခနဲ။ ပထမတစ်ချက် တစ်လုံး၊ ဒုတိယတစ်ချက် နှစ်လုံး နောက်တော့ သုံးလုံးလေးလုံး၊ ငါးလုံးနဲ့ခြောက်လုံးမြှောက်မှ ဘေးချော်ထွက်သွားတယ်။ ဝိုင်းကြည့်နေကြတဲ့တစ်ချို့လူတွေက ဟာခနဲ ဟင်ခနဲ။

“ရှင် ဒါလေးတောင် လက်မတည့်ဘူးလား ဟမ်။ ပေးစမ်း အဲ မြှားတွေ“

“မိန်းမ မင်း မူးနေပြီနော် ယောကျာ်းပစ်မယ်။ ယောကျာ်းလက်က ခုဏက မဆိုစလောက်လေး လွဲသွားလို့“

“နေစမ်းပါ ပေး“

“မိန်းမ ယောကျာ်းပစ်မယ်“

“ကောင်မလေး နောက်ထပ် ငါးရာဖိုး ပေး။ မသာနဲ့ ဓါတ်မတည့်ဘူး နော့ ငါ့ညီမ အေး ဟုတ်ပြီ။ ဘေးရှောင် ဘေးရှောင် ခင်ရီပစ်တော့မယ်။ ခင်ရီ့လက် ဘယ်လောက်တည့်လဲဆိုတာ ကြည့်။ ဟော ဒီလို ဟောဒီလို ဟာ လွဲသွားပြီး ဟိတ်…..နင်တို့ပူဖောင်း လေပျော့နေတယ် ပြန်မှုတ်ပြီး ပြန်ထည့်လိုက်။ ဘယ်ရမလဲ။ လေတင်းမှ မြှားက စိုက်မှာပေါ့ နော ယောကျာ်း“

“အေး ဟုတ်တယ် ငါ့မိန်းမပြောတာ မှန်တယ်။ လေတင်းတာလေးတွေထည့်မယ်နော်။“

နားထဲမှာ ကြားတစ်ချက်မကြားတစ်ချက်။ ခင်ရီတို့ မျက်စိတွေ ပြာဝေနေတယ်။ မူးတယ်။ မူးတယ်။ အားကြီးမူးတယ်။ ဒါလား ယောကျာ်းတွေ မက်မက်စက်စက်သောက်သုံးနေကြတဲ့ ယစ်ရွှေရည်ဆိုတာ။ အံ့ပါ့။ မူးပါ။ လူတွေလည်း သောက်တယ်။ နတ်တွေလည်းသောက်တယ်။ အောင်မလေးလေး မူးလိုက်တာ။ မှတ်ဟဆိုပြီး ကိုသိန်းကိုရွဲ့ချင်တာနဲ့ ကျန်တဲ့ လက်ကျန်ပိုက်ဆံလေးကို ခေါင်တန်းမှာ ဖြောလိုက်တယ်။ ဘော်လီကြားညှပ်လာတဲ့ ပိုက်ဆံတစ်ချို့ကို ခု ပူစီဖောင်းမြှားပစ်တယ်။ ကုန်စမ်း။ ကုန်လိုက်စမ်း။ တစ်သက်လုံး မက်မက်စက်စက်မသုံးရက် မစွဲရက်တဲ့ ငွေ။ ပါးစပ်ပေါက်အောင် အော်ပြီးရှာရတဲ့ငွေ။

သားအတွက်၊ သမီးအတွက် ပြီးတော့ ဟောဒီ သောက်သုံးမကျတဲ့ ယောကျာ်းအတွက်။ ရှာခဲ့ရတာ။ ရှာခဲ့ရတာ။ မူးလို့မောလို့။ ဒါပေမယ့် ပျော်တယ်။ နေပူပူမှာပျော်တယ်။ ကိုယ်တော်ရွှေနေပူလိုက်တာ ဒီကနေ့အတွက်တော့ ခင်ရီ့ နေ့တွက်မစီတော့ဘူးလေ။

          သော်ဇင်(လွိုင်ကော်)

Date-21st-Jan-2013

Time-4:24PM

 

 

14 comments

  • မောင်တင့် တယ်

    February 21, 2013 at 5:49 pm

    အော် ဘဝ ဘဝ..ခင်ရီ ဘဝ မလှပ ပါလား…
    သို ့သော် ကို သိန်းဘဝ အားကျသားဗျ… ဟီး…

  • Mr. MarGa

    February 21, 2013 at 8:30 pm

    နည်းနည်း လည်သွားပြီ
    ကိုသိန်းက အဲလောက်တောင် သောက်ရသလား
    ဟုတ်သေးဘူးနော်
    ဒီလောက်ငွေက သောက်လို့ ကုန်တာ မဖြစ်နိုင်ဘူး

  • padonmar

    February 21, 2013 at 11:17 pm

    ဖတ်ပြီး မပျော်ဘူး ကိုသော်ဇင်ရေ။

  • Shwe Ei

    February 22, 2013 at 10:44 am

    သံယောဇဉ် သံယောဇဉ် လူကို အရူးတပိုင်းဖြစ်စေတယ် :byae:

  • ခိုင်ဇာ

    February 22, 2013 at 10:53 am

    ကျန်း။
    ဒီ အရက်။
    ဒီ အရက်။
    ကောင်းကျိုးမပေးတဲ့ ဒီ အရက်။
    :byae:

    :byae:

    • ကိုငြိမ်းချမ်း

      February 23, 2013 at 2:12 pm

      ဘယ်ကလာ ကောင်းကျိုးမပေးရမှာတုန်း
      ကျုပ်ရဲ ့ကျေးဇူးရှင်ကြီးဗျ
      ဒီအရက်ကောင်းလို ့ ကျုုပ်မိန်းမ ခဏခဏရဒါ 😀

  • Wow

    February 22, 2013 at 12:11 pm

    အချစ်ရှိုုသီမှာ.. :byae:

  • kyeemite

    February 22, 2013 at 1:35 pm

    ရေးတဲ့သူတော့မသိဘူး…ဖတ်တဲ့သူတော့ဖတ်ပီး အမောဆို့သွားပါဂျောင်း.. :hee:

  • Traditional

    February 24, 2013 at 10:13 am

    အမျိုးသမီး တွေရဲ့ ဘွဘွ…….
    စာရေး အရမ်းကောင်းတယ်

  • မဟာရာဇာ အံစာတုံး

    February 24, 2013 at 10:23 am

    ရေးထားတာလေး မိုက်တယ်ဗျာ …
    မျက်လုံးထဲ မြင်အောင် ရေးနိုင်ပါတယ်လို့ …
    အားပေးသွားပါတယ်ဗျို့ ….

Leave a Reply