ရခိုင်ပြည်နယ်သို့တစ်ခေါက်

Ko chogyiFebruary 19, 20131min20418

ကျွန်တော်ရဲ့ ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် ရခိုင်သားချင်းတို့ရဲ့ ပြည်နယ်မြို့တော် စစ်တွေမြို့ကြီးကို ၁၉၉၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်ခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ် နှစ်လယ်ပိုင်းအထိ ၃ နှစ်ကျော် ကြာမြင့်အောင် နေခဲ့ရပါတယ်။

ရန်ကုန်မြို့ ကျန်းမာရေးဆိပ်ကမ်း(ပန်းဆိုးတန်း)တံတားကနေ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းပိုင် မြစ်ကြီးနားရေယာဉ်နဲ့ ညနေ ၃ နာရီလောက် မှာ စတင်ထွက်ခွာလာခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းတစ်လျှောက် ရေယာဉ်ကြီး/ငယ်များနဲ့ကူးတို့လှေငယ်များ ဖြတ်သန်းသွားလာနေ တာတွေကို  ငေးမောကြည့်ရင်း ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်နဲ့ ပဲခူးမြစ်တို့ ပေါင်းဆုံရာမြစ်ဆုံကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ပဲခူးမြစ်ကို ဖြတ်သန်းပြီး သန်လျှင်မြို့ကို သွား ရောက်နိုင်တဲ့ သန်လျှင်တံတားကို လှမ်းမြင်မိပါတယ်။ ရန်ကုန်မြစ်အတိုင်း ပင်လယ်ဝဘက်ကိုဆက်လက် ခုတ်မောင်းလာစဉ် ဝဲယာကမ်းနှစ်ဖက်မှာရှိတဲ့ အဆောက်အဦးတွေကို ငေးမောကြည့်ရင်း ရန်ကုန်ဘက်ကို လှမ်းမျှော်အကြည့်မှာ ညနေခင်းဆည်းဆာနဲ့အတူ ကြည်ညိုဖွယ်ရာကောင်းလှတဲ့ ရွှေတိဂုံစေတီတော်မြတ် ကြီးကို လွမ်းမောဖွယ် ဖူးမျှော်ခဲ့ရပါတယ်။ ဘယ်အချိန်လောက်မှများ  ရွှေတိဂုံဘုရား ကို  ပြန်ပြီးဖူးမျှော်ရမလဲ မသိဘူးလို့ စစ်တွေကိုမရောက်ခင်ကတည်းက ရန်ကုန်ကို ကြိုလွမ်းမိတယ်။

ငယ်စဉ်ကတည်းက မိဘတွေတာဝန်ထမ်းဆောင်ရာ ဒေသတွေကို လိုက်ပါပြောင်းရွှေ့ခဲ့ဖူးပေမယ့်။ ကိုယ် တာဝန်ကျရာနေရာကို ကိုယ့်ဘာသာ သွားရတာ စစ်တွေမြို့က ပထမဦးဆုံးဖြစ်သလို ပင်လယ်ပြင်ခရီးစဉ်ကို သွားတာဟာလဲ ဒါပထမဦးဆုံးအကြိမ်မို့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ အပြည့် နဲ့  ဖြစ်နေမိတယ်။ ကော်ဖီရောင် ရွံ့နှစ်ရည်တွေကြားက ခုတ်မောင်းလာတဲ့ မြစ်ကြီးနားသင်္ဘောကြီးကတော့ ပင်လယ်ဝမှာရှိတဲ့ ရေကြောင်းပြ သင်္ဘောကြီး(ရေကြောင်းပြဟိုတယ်လို့လည်းခေါ်ကြတယ်)အနီးမှာ ရေကြောင်းပြအရာရှိကို ချပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့  စိမ်းလဲ့လဲ့ရေပြင်ကို အရှိန်တိုးမြှင့်လို့ဖြတ်သန်းမောင်းနှင်ပါတော့တယ်။ အချိန်ကာလ အားဖြင့်လည်း နေလုံးကြီးကကွယ်ပျောက်လို့ လအလင်းရောင်ကလည်း မပေါက်သေးတဲ့ အချိန်ပေါ့။ ပတ်ဝန်း  ကျင်တစ်ခွင်လုံး အမှောင်စုကြီးမိုးသွားပြီး ကုန်းမြေကမ်းခြေဆိုတာလည်း ဘယ်ဆီဘယ်ဝယ်မှာဆိုတာ မသိနိုင် တော့ဘူးပေါ့။ သင်္ဘောကြီးခုတ်မောင်း ဖြတ်သန်းရာတစ်လျှောက် သင်္ဘောကိုယ်ထည်နဲ့ ပင်လယ်ရေပြင်ထိခတ် လို့ ထွက်ပေါ်လာတဲ့ လှိုင်းကလေးတွေနဲ့ ပင်လယ်ရေရဲ့မီးစုန်းဓာတ်ကြောင့် ထွက်ပေါ်လာတဲ့အလင်းရောင်လေး ကို ငေးမောကြည့်ရင်း ဘဝရဲ့အစိတ်အပိုင်းတစ်ခုတော့ စခဲ့ပြန်ပြီပေါ့လို့ တွေးလိုက်မိပါတယ်။

ကမ်းရိုးတန်းသွား ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ်အမျိုးအစား မြစ်ကြီးနားသင်္ဘောကို နော်ဝေနိုင်ငံက တည်ဆောက်ခဲ့တာဖြစ်ပြီး အရှည် ၇၆ မီတာနဲ့ အကျယ် ၁ဝ မီတာခန့်ရှိပြီး ခရီးသည် ၃၁၅ ဦးခန့် တင်ဆောင် နိုင်ပါတယ်။ အောက်ဆုံး(ဝမ်းဗိုက်ထဲဆိုပါတော့)မှာ ခရီးသည်ခန်းရှိပြီးတော့ စီးဖူးတဲ့သူတွေအပြောအရ လေ သိပ်မဝင်ဘူး အိုက်တယ်ဆိုလို့ အပေါ်ကုန်းပတ်ပဲ့ပိုင်းမှာ နေရာနည်းနည်းရှိလို အဲဒီမှာနေရာယူပြီး စီးခဲ့တယ်။ အမှန်ပါပဲ အောက်ထပ်ခရီးသည်ခန်းက လူများပြီးလေဝင်လေထွက်လည်းမကောင်းဘူး။ အပေါ်မှာက လေ တဖြူးဖြူးနဲ့ပေါ့။ အိမ်သာနဲ့  ရေချိုးခန်းတွေကတော့ သင်္ဘောဦးပိုင်းမှာ ရှိတယ်။ သင်္ဘောဦးပိုင်းနဲ့ ပဲ့စင်(ရေယာဉ် မောင်းခန်း)အကြားမှာ ကွက်လပ်ဖြစ်ပြီး ကုန်တွေကို အဲဒီနေရာမှာတင်ပါတယ်။ ပဲ့စင်ကနှစ်ထပ်ဖြစ်ပြီး အပေါ်မှာ သင်္ဘောမောင်းသူတွေနဲ့ ဆက်သွယ်ရေးအခန်းရှိပါတယ်။ ပဲ့စင်အောက်ထပ်မှာတော့ ရေယာဉ်သားတွေရဲ့ အိပ် ခန်း၊ ခရီးသည်အိပ်ခန်း တွေနဲ့ ထမင်းချက်ခန်းရှိပါတယ်။ (တစ်ချို့ သွားနေကျသူတွေက ဆန်ယူလာပြီး အိုးကလေးတွေနဲ့ ထမင်းချက်ခန်းမှာ ကိုယ်ဘာသာချက်စားကြတယ်။)

သင်္ဘောအကြောင်းပြောရင်းက ခရီးစဉ်ဘက်ပြန်ဆက်ကြတာပေါ့။ ညနေခင်းက ကုန်းပေါ်မှာ ရန်ကုန်က မပြောင်းခင် ရန်ကုန်စာလေးစားသွားဦးမှ ဆိုပြီး စားသောက်ခဲ့တာကြောင့် ညပိုင်း ထမင်းမစားဖြစ်တော့ဘဲ။ ကြယ်ကလေးတွေ ငေးကြည့်ရင်း အိပ်ပျော်သွားခဲ့တယ်။ နံနက်စောစော သင်္ဘောစပီကာကနေ ဆရာတော် ဥူးဥတ္တမသာရရဲ့ ပရိတ်တရားတော်သံကြားလို့ အိပ်ယာကနိုးလာခဲ့တယ်။ သင်္ဘောစီးရင်းအိပ်ရတာ အိပ်လို့ ကောင်းပေမဲ့ စီးနေကျမဟုတ်လို့ ဇက်ကြောတက်သလိုလို၊ ညောင်းနေသလိုလို ခံစားရတယ်။ ကံကောင်းတာ က ရာသီဥတုသာယာတဲ့ကာလဖြစ်လို့ လှိုင်းမူးတဲ့ဒါဏ်တော့ မခံလိုက်ရဘူး။ နံနက်ခင်းပြုဖွယ်တွေပြီးတော့ နံနက်စောစောစာ စားဖို့ ထမင်းစားခန်းကိုဆင်းခဲ့တာပေါ့။ ညကထမင်းမစားဖြစ်တော့ စောစောစီးစီးဆာနေတာ နဲ့ ထမင်းကြော်(ကြက်ဥကြော်)နဲ့ ကော်ဖီသောက်ပြီး အပေါ်ကိုပြန်တက်ခဲ့ပါတယ်။

ပတ်ပတ်လည်မြင်လေရာကတော့ ရေပြင်ချည်းပါပဲ။ ထူးခြားတာတစ်ခုက ညကမအိပ်ခင်ရေအရောင်က စိမ်းလဲ့လဲ့အရောင်ဖြစ်ပြီး အခုကြတော့ အပြာရောင်ဖြစ်သွားတာပါပဲ။ ဒီလိုနဲ့ နံနက်စာစားချိန်ရောက်ရော ဆို ပါစို့။ ထမင်းစားခန်းမှာ ထမင်းနဲ့ ဟင်းမှာပြီးထိုင်စောင့်နေတာ ထမင်းလိုက်ပွဲနဲ့ ဟင်းခွက်ပဲလာချပေးလို့ နည်း နည်းကြာတော့ ကျွန်တော်ကို ထမင်းမချပေးဘူးလားလို့ မေးကြည့်မိတာပေါ့။ အဲဒီမှာစတွေ့တာပါပဲ “ ဒီမှာ ထမင်းချပေးထားတယ်လေ” တဲ့။ အဲဒါလိုက်ပွဲမဟုတ်ဘူးလားဆိုတော့ မဟုတ်ဘူး ထမင်းလိုက်ပွဲက ဒီမှာတဲ့။ ထမင်းပန်းကန်က လိုက်ပွဲ ပန်းကန်လောက်ပဲရှိပြီး လိုက်ပွဲပန်းကန်က ဆွမ်းတော်တင်တဲ့ ပန်းကန်လောက်ပဲရှိ တယ်ဗျ။ ကျွန်တော်လည်း ပြန်မပြောအားပဲ နောက်ထပ်ဝင်လာတဲ့ လူတွေများတာကြည့်ပြီး မြန်မြန်စားလိုက် ရတယ်။ သင်္ဘောပေါ်မှာ ထမင်းကို ၁ဝ နာရီခွဲထက် စောမရသလို၊ ၁၁ နာရီကျော်သွားရင်လဲ မကျန်နိုင်တော့ ပါဘူး။ ဘယ်မှလည်းသွားဝယ်စားလို့မရဘူး။ ဒါကြောင့် နောက်ထပ်ထမင်းစားချိန်တွေမှာ စကားမများနိုင်ပဲ စောစောသွားပြီး ကျွေးသလောက်ပဲ စားခဲ့ရပါတော့တယ်။ ထမင်းရောင်းလို့ကုန်မှ ဆိပ်ကမ်းကပ်တာကလည်း ပြည်တွင်းရေကြောင်းသင်္ဘောတွေအတိုင်းပါပဲ။

ထမင်းစားပြီး ခဏအကြာမှာပဲ ကိုးကိုးကျွန်းကို လှမ်းမြင်လိုက်ရပါတယ်။ ကိုးကိုးကျွန်းနားနီးလာတော့ ရေက လှိုင်းနည်းနည်းရိုက်လာပါတယ်။ ကိုးကိုးကျွန်းကိုကပ်ရင်တော့ ခဏတက်လည်လိုက်ဦးမယ်လို့ တွေး ထားတယ်။ သင်္ဘောသားတွေမေးကြည့်တော့လည်း ဒီမှာနည်းနည်း ကြာမယ်၊ နေ့လည်လောက်မှပြန်ထွက်မှာ ဆိုတော့ အပီပဲလည်ပစ်လိုက်မယ်ပေါ့။ ကိုးကိုးကျွန်းမရောက်မှီ ခန့်မှန်း ၁ မိုင်လောက်အကွာမှာ သင်္ဘောကြီးက စက်ရပ်သွားရောဗျ။ အဲဒါနဲ့ ဘာဖြစ်တာလဲမေးတော့ ဟိုကလာတဲ့လှေကိုစောင့်တာတဲ့ ဟိုမှာလှမ်းမြင်နေရတဲ့ လှေတွေက လူတွေနဲ့ ကုန်တွေ ကျွန်းကိုသယ်သွားမှာတဲ့။ ရတယ်ဒါဆိုလည်း လှေနဲ့လိုက်မယ်ပေါ့။ လှေတွေ သင်္ဘောနားရောက်တော့မှ နည်းနည်းလှုပ်နေတယ်ထင်တဲ့ လှိုင်းတွေက သင်္ဘောကိုသိပ်မလှုပ်ပေမဲ့ လှေတွေ မြင်းကဆုန်ပေါက်နေသလိုပါပဲ။ လှိုင်းအရိုက်လှေအပေါ်မြောက်လာချိန်မှာ သင်္ဘောပေါ်က လူ/ကုန်တွေ အချိန် ကိုက် ခုန်တက်/ပစ်ချရတာ။ ကျွန်တော်အောင်မြင်စွာပဲ နောက်ဆုတ်လိုက်ပါတယ်။ ကျွန်းပေါ်လိုက်မလည်တော့ ပါဘူး။ လှေပေါ်ခုန်ချလို့ တိုင်ပင်မကိုက်ရင် ခြေတောက်ကျိုးမှာနဲ့ ကဆုန်ဆိုင်းနေတဲ့ လှေပေါ်ကလိုက်ပြီး ကျွန်း ပေါ်တက်ရမှာကို ကြောက်ရွံ့စွာနဲ့ပဲ ကျွန်းပေါ်တက်လည်မယ့် အစီအစဉ်ဖျက်လိုက်ပြီး ကိုးကိုးကျွန်းဆိုတာကို အဝေးကနေပဲ ကြည့်နေခဲ့ရပါတော့တယ်။

ညနေ ၃ နာရီလောက်မှာ ကိုးကိုးကျွန်းရှေ့ရေပြင်ကနေ မြစ်ကြီးနားသင်္ဘောကြီးဆက်လက်ထွက်ခွာ ခဲ့ပါ တယ်။ လမ်းမှာကြည့်ရှုစရာဆိုလို့ ပင်လယ်ရေပြာပြာတွေဘဲရှိတာမို့ လူလဲပျင်းလာပါတော့တယ်။ ပင်လယ်ပြင် မှာ ဘာလှေမှမတွေ့လို့ ခရီးသွားတွေ မေးကြည့်တော့ သင်္ဘောကြီးတွေခုတ်မောင်းတဲ့ လမ်းကြောင်းကသွား တာမို့လို့ ကမ်းနဲ့နည်းနည်းဝေးပြီး ငါးဖမ်းလှေတောင်မတွေ့နိုင်တာတဲ့။ ဒါကြောင့်လဲ ပင်လယ်ရေကြောင်း သွားလာကြတဲ့ သူတွေက ကမ်းမမြင်လမ်းမမြင်လို့ ဆိုကြတာပါပဲ။ နောက်တနေ့ ညနေပိုင်းမှာတော့ သံတွဲကို ရောက်ခဲ့ပါတယ်။ သံတွဲဆိုပေမယ့် သံတွဲမြို့ကိုရောက်တာမဟုတ်ဘဲ သံတွဲအောက်ဘက်(တောင်ဘက်)က သဗြုချိုင်ဆိုတဲ့နေရာကို ရောက်တာပါ။ သံတွဲမြို့ကို သွားချင်သူတွေက အဲဒီမှာဆင်းပြီး လှေနဲ့လုံးသာဆိုတဲ့ ကမ်းဖက်ကိုကူးပြီး သွားလို့ရသလို သဗြုချိုင်ကနေ ကားနဲ့လည်းသွားလို့ရပါတယ်။ သဗြုချိုင်ဆိုတဲ့ ချိုင့်လိုဖြစ် နေတဲ့ ကြားထဲကို သင်္ဘောဝင်လာတော့မှ ငါးဖမ်းလှေတွေကို များများစားစားတွေ့ရတော့တယ်။ အမျိုးအစား ကလည်းစုံလင်လှပါတယ်။ ငါးဖမ်းလှေ၊ ငါးသယ်လှေ၊ ဆီတင်လှေ၊ ပိုက်ချလှေငယ်စသည်ဖြင့်ပေါ့၊ တစ်ချို့က ရေလယ်မှာကျောက်ချလို့ တစ်ချို့ကလည်းကမ်းကပ်ပြီး ငါးတွေတင်နေကြတယ်ပေါ့။ အဲဒီသဗြုချိုင်မှာ ငါးစည် သွပ်စက်ရုံလည်းရှိတယ်ဗျ။

သဗြုချိုင် ဆိပ်ကမ်းရောက်တော့ အပေါ်တက်လည်ခွင့်ရတယ်။ ကုန်ချမှာဆိုတော့ နောက်တနေ့နံနက် အစောကြီးမှ ထွက်မှာမို့ တစ်ချို့ဆို သံတွဲအထိသွားလည်ကြတယ်။ ကျွန်တော်က မရောက်ဖူးတဲ့ဒေသစိမ်း လည်းဖြစ်၊ အဖေါ်လည်းမရှိတော့ သဗြုချိုင်မှာပဲနည်းနည်းတက်ကြည့်ခဲ့တယ်။ သင်္ဘောကနေ တံတားပေါ်ကို ဆင်းပြီး လမ်းလည်းလျှောက်ရော လူကယိမ်းထိုးနေတယ်၊ ဒေသခံတွေက အဲဒါကုန်းမူးတာတဲ့၊ သင်္ဘောပေါ်မှာ လှုပ်တုပ်လှုပ်တုပ်နဲ့မသိမသာ အကျင့်ရနေပြီး ကုန်းပေါ်တက်လိုက်တော့ လူကမူးသွားတာပါ။ ဆိပ်ခံတံတား ထိပ်ကနေလျှောက်လာလိုက်တာ ကုန်းအတက်လမ်းကလေးအတိုင်း လမ်းတစ်ဖက်တစ်ချက်စီမှာ ဈေးဆိုင်မျိုး စုံနဲ့ အတော်စည်းကမ်းတဲ့နေရာတစ်ခုပါပဲ။ ကမ်းရိုးတန်းသွား သင်္ဘောတွေက တစ်လမှ တစ်ခေါက်လောက် အဝင်အထွက်ရှိပေမဲ့၊ ရာကျော်လောက်ရှိတဲ့ ကမ်းနီး/ကမ်းဝေးငါးဖမ်းလှေတွေကို အမှီပြုပြီးရောင်းချနေ ကြတာ လေ။ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်အကုန်ရှိတယ်။ နောက်ပိုင်းမှာတော့ အဲဒီဈေးသည် တွေကိုဈေးတစ်ခုဖွင့်ပေးပြီး အဲဒီဈေးမှာပဲရောင်းခိုင်းတော့တယ်။ လမ်းဘေးမှာမရောင်းရတော့ဘူးလို့သိရတယ်။ ဈေးဝယ်ချင်တဲ့သူတွေ အတွက်တော့ နည်းနည်းလှမ်း သွားတာပေါ့။

နောက်တနေ့မနက် ၃ နာရီလောက်မှာ သဗြုချိုင်ကနေပြန်ထွက်ခဲ့ပါတယ်။ သဗြုချိုင်ကနေ ထွက်ပြီး မကြာ ခင်မှာ ကျွန်းကြီးတစ်ကျွန်းတွေ့ရပြီး၊ နံသာကျွန်းလို့ခေါ်တယ်လို့ သိခဲ့ရပါတယ်။ ရှေ့ဆက်ပြီးခုတ်မောင်းလာ ခဲ့တာ နောက်တနေ့ နေလည်ပိုင်းရောက်တော့ သင်္ဘောရဲ့ညာဘက်ခြမ်းမှာ ကုန်းမြေကို ခပ်ပျပျလှမ်းမြင်ရပြီး  အဲဒါရခိုင်သူအချောအလှတွေပေါတဲ့ ရမ်းဗြဲကျွန်းလို့ သိခဲ့ရပါတယ်။ အဲဒီကျွန်းတန်းကြီးနဲ့ တစ်ဖြည်းဖြည်းနီးလာ ပြီး ညနေစောင်းမှာ သင်္ဘောကြီး ကျောက်ဖြူမြို့ကို ဦးတည်ဝင်ရောက်လာပါတော့တယ်။ ကျောက်ဖြူဆိပ်ကမ်း ကိုကပ်ပြီးချိန်မှာ ည ၈ နာရီလောက်ဖြစ်သွားပြီး သင်္ဘောကလည်း ၁ဝ နာရီအရောက်ပြန်လာဖို့ပြောတာနဲ့ ဘယ်မှမလည်ဘဲ ကုန်းပေါ်တက်ကာ ထမင်းစား ပြီး ပြန်တက်ခဲ့ပါတယ်။ နောက်တနေ့နံနက် ၄ နာရီလောက် ကျောက်ဖြူကပြန်ထွက်ပြီး ခုတ်မောင်းလာရာလမ်းတစ်လျှောက်တော့ ကုန်းမြေမှုံဝါးဝါးကို မကြာခဏတွေ့ မြင်ရတဲ့အတွက်ရော သင်္ဘောစီးတဲ့သက်တမ်း ၂ ရက်လောက်ဖြစ်လာတော့ အရင်လောက် စိုးရိမ်စိတ်မရှိ တော့ပါဘူး။

စစ်တွေမြို့ရောက်ခါနီးမှာတော့ ဖရုံကာကျွန်းတန်းများ ဆိုတာကိုလည်း လှမ်းတွေ့ရပါတယ်။ အဲဒီကျွန်း တန်းပေါ်မှာ ရခိုင်ပြည်နယ်ရဲ့အထင်ကရ ဖြစ်တဲ့ ဆံတော်ရှင်စေတီဆိုတာရှိတယ်လို့လည်းသိခဲ့ရပါတယ်။ (နောက်ပိုင်း စစ်တွေမှာနေစဉ် အဲဒီဘုရား ကို ရောက်အောင်သွားဖူးခဲ့ပါသေးတယ်။) မြစ်ကြီးနားသင်္ဘောကြီး ဟာ ဖရုံကာကျွန်းတန်းကြီးရဲ့ထိပ်နဲ့ စစ်တွေမြို့ကုန်းမြေရဲ့ ထိပ် နှစ်ခုကြား က ရေလမ်းကြောင်း ကျဉ်းကျဉ်း လေးအတိုင်း ဝင်ရောက်ရတာ ဖြစ်ပါတယ်။ အဲဒီနေရာကကျဉ်းပြီး မိုင်ဝက်တောင်မကျယ်တဲ့အပြင် ရေစီးလည်း ကြမ်းလို့ အရမ်းအန္တရာယ်များတဲ့နေရာလည်းဖြစ်ပါတယ်။ မီးပြတိုက်တစ်ခုကို လမ်းပြအဖြစ်တည်ဆောက်ထား တာကိုလည်း တွေ့ခဲ့ရပြီး အံဩဖို့ကောင်းတာက အဲဒီအဝင်ရေလမ်းကြောင်းအစမှာ ပင်လယ်ရေ စိမ်းလဲ့လဲ့နဲ့ ရွံ့ရေနောက်နောက်တို့ ရောမသွားဘဲ စည်းခြားထားသလို ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။

စစ်တွေဆိပ်ကမ်းကိုရောက်တော့ နံနက် ၁၁ နာရီခွဲကျော်ကျော်လောက်ပဲရှိသေးတာမို့ သင်္ဘောပေါ်မှာ မစားတော့ပဲ ကုန်းပေါ်ရောက်မှ ထမင်းအဝစားတော့မယ်ဆိုပြီး ကြုံးဝါးလို့ ဆင်းလာခဲ့တာ၊ တံတားထိပ်မှာ ကုန်တွေ၊ လူတွေကို အကောက်ခွန်တွေ၊ လဝကတွေစစ်ရင်းနဲ့ပဲ နေ့လည် ၁ နာရီလောက်မှ အပြင်ရောက်လို့ လာကြိုတဲ့ကားကို ခဏစောင့်ပါဦး တစ်ခုခုစားချင်လို့ဆိုပြီး ကြည့်လိုက်တာ ရခိုင်မုန့်တီဆိုင်လေးတွေ့လို့ (တစ်ကယ်ကိုဆိုင်သေးသေးလေးပါ အဖွားအိုတစ်ယောက် ခုံတစ်လုံးချပြီးရောင်းနေတာ) အားရပါးရ ၂ ပွဲ လောက်စားပစ်လိုက်တယ်။ စစ်တွေကို ရောက်ရောက်ချင်း ပထမဦးဆုံးစားတဲ့ အစားအစာဖြစ်သလို၊ ရခိုင် မုန့်တီကိုလည်း ပထမဦးဆုံးစားဖူးတာဖြစ်ပြီး အကြိုက်ဆုံးအစားအစာ တစ်ခုအဖြစ်လည်း စွဲလမ်းသွားမိပါတယ်။ ကျွန်တော်ရဲ့ ရန်ကုန်-စစ်တွေခရီးစဉ်လဲ ဒီမှာပဲ အဆုံးသတ်ပါတယ်ခင်ဗျာ။

18 comments

  • Mr. MarGa

    February 19, 2013 at 8:53 pm

    ကိုပီချိုကြီးရေ
    ဒေသန္တရ ဗဟုသုတတွေမို့ ဖတ်မှတ်လေ့လာသွားပါတယ်နော်

  • မောင်ပေ

    February 19, 2013 at 9:38 pm

    ကိုချိုကြီးနဲ ့အတူ သင်္ဘောစီးသွားပါတယ်ဗျို ့
    ကိုချိုကြီး အဲ့သွားတုန်းက ကင်မရာ မပါသွားဘူး မှတ်တယ်

  • padonmar

    February 19, 2013 at 11:41 pm

    ကိုချို
    ပုဂံပြီးတော့ စစ်တွေကို သင်္ဘောနဲ့ အလည်ခေါ်တာပေါ့လေ။
    ရခိုင်မုန့်တီပါစားသွားပါကေ။

  • surmi

    February 20, 2013 at 12:13 am

    ကိုချို
    ပုဂံကိုအလည်ခေါ်ပြီး ရခိုင်ကိုပါ ပို ့လိုက်ပြန်ပြီ ။
    ကျနော်ကတော ့ ခရီးသွားတာတွေကိုနှစ်သက်သလို
    ခရီးသွားပို ့စ်တွေကိုလည်း အလွန်ကြိုက်တယ်ဗျ။
    ပင်လယ်ပြင် ခရီးက ပျော်ဖို ့တော ့ကောင်းမယ်နော် ။
    ရွာထဲကသင်္ဘောသားများကတော ့ ငြီးငွေ ့နေမယ်ထင်တယ်
    ကျနော်တို ့ကတော ့အထူးတဆန်း ဖြစ်ရတာပေါ ့ ။
    စစ်တွေကိုတော ့ ခေါ်လာပြီးပြီ
    နောက်တခါ ဘယ်လဲ ဗျို ့ ….

  • kai

    February 20, 2013 at 3:51 am

    ရခိုင်ပြည်ဖက် တခါမှမရောက်ဖူးဘူး..
    မသွားရဲပါဘူး.. တော်ကြာ.. ဘင်္ဂလီဆိုပြီး.. ဝိုင်းလာမှ.. ပြေးပေါက်မှားနေမယ်..

    နောက်တာနော..
    အခုနေတဲ့အိမ်နားရခိုင်တွေအများကြီးနေတာ..
    ရခို်င်မုန့်တီကတော့.. စားနေကျ..

    အာဟိ.. :kwi:

  • သကြားလုုံးကြော်

    February 20, 2013 at 7:47 am

    “လှိုင်းအရိုက်လှေအပေါ်မြောက်လာချိန်မှာ သင်္ဘောပေါ်က လူ/ကုန်တွေ အချိန် ကိုက် ခုန်တက်/ပစ်ချရတာ။”
    အဟား ဟား မျက်စိထဲမြင်ကြည့်လိုုက်တာ ပျော်စရာကြီးပါလား။ တနေ့ကုုန်ထိုုင်ကြည့်နေလိုု့ ကောင်းမယ့်ပုုံ။

    သင်္ဘောကြီးနဲ့ စီးသွားရတာ Cruise vacation သွားရသလိုုပါပဲလား။ နည်းနည်းစီး ၊ ကျွန်းတစ်ကျွန်းရောက်၊ နောက်တစ်ရက်စီး နောက်တစ်နေရာရောက်။
    အခုု တိုုးရစ်တွေကရော ဒိလမ်းကြောင်းနဲ့ ရခိုုင်ကိုု cruise မစီးကြဘူးလား။ လူသိများအောင် မကြေငြာရသေးလိုု့ ဖြစ်ရင်ဖြစ်မှာ။

  • P chogyi

    February 20, 2013 at 8:24 am

    မစ္စတာမာဃရေ ကျေးဇူးပါ။
    ကိုပေရေ ကျွန်တော်မှာကင်မရာမပါသလို အဲဒီအချိန်က Digital လဲမရှိသေးလို့ အဆင်ပြေမှာမဟုတ်ပါဘူး။
    အစ်မပဒုမ္မာနဲ့ ကိုဆာမိရေ ပုဂံမှာ တဝဲလည်လည်နဲ့ ဖတ်ရတာ ပျင်းလာမှာစိုးလို့ ရခိုင်ဘက်လှည့်လိုက်တာ။ ပြီးရင် ကချင်ပြည်နယ်ဘက်သွားမယ်။
    သဂျီးရေ ဘင်္ဂါလီဆိုပြီး ဝိုင်းလာရင်တော်သေးတယ်၊ အပြန်ကြမှ နယ်ကျော်လို့မရဘူးဆိုပြီး ဆွဲထားမှ
    ပြန်လာလို့မရဖြစ်မှာ။
    သကြားလုံးကြော်ရေ သူများတွေ အတက်/အဆင်းလုပ်တာကိုတော့ ထိုင်ကြည့်ရတာ တစ်ကယ် ပျော်စရာ ကြီးပါ ကိုယ်တိုင်တော့ကြောက်လို့ မသွားဖြစ်ခဲ့ဘူး။ တိုးရစ် ခရီးစဉ်အနေနဲ့ အခု သံလွင်အပျော်စီး သင်္ဘောနဲ့ ကိုးကိုးကျွန်းခရီးစဉ်ဆွဲနေပါပြီ။ စစ်တွေဘက်တော့မသွားပါဘူး။ ကော့သောင်းဘက်တော့ သွားပါတယ်။

  • ဦးကြောင်ကြီး

    February 20, 2013 at 9:18 am

    ရခိုင်ကို ဆွေမျိုးသားခြင်းလို့ သဘောထားတယ် ဘာလို့လည်းဆိုတော့ ရတနာမိုင်လေးနဲ့ ဦးကြောင်ကြီး ရည်ငံနေလို့…… :mrgreen:

    • P chogyi

      February 20, 2013 at 9:22 am

      ဦးကြောင်ကြီး ရေငန်နေတာ ပင်လယ်ထဲရောက်နေလို့ပေါ့။

  • ခိုင်ဇာ

    February 20, 2013 at 10:02 am

    ရခိုင်စာ ရခိုင်မုန့်တီအပြင် ဘာတွေ စားခဲ့သေးတုန်းဟင်။

    ခရုသုပ်
    ငှက်ပျောအူသုပ်
    ပြည်ကြီးငါးသုပ်
    ဂုံး သုပ်

    စကားစပ်ပြောရတာကို စပ် လာသလိုပါပဲလေ။
    :kwi:

    • P chogyi

      February 20, 2013 at 11:05 am

      စပ်တဲ့အစားအစာတွေ အထူးသဖြင့် ပင်လယ်စာသုတ်တွေစားပြီးရင်
      အစပ်ပြေအောင် ပဲသီးတောင့်ရှည်ကို အနေတော်ပိုင်းပြီး ရေခဲစိမ်ထားတာ
      စားရင်ကောင်းပါတယ်။ (ထိုင်းလှေပဲ့နင်းတစ်ဦးထံမှ သိရတာပါ)

  • ဗုံဗုံ

    February 20, 2013 at 11:30 am

    ဦးလေးချိုကြီး အခု Digital တွေလည်း ရှိပြီဆိုတော့ ရခိုင်ကို တစ်ခေါက်ပြန်သွားပါ ပုံလေးတွေနဲ့တင်ပေးပါ ကြည့်ချင်လို့ပါ :mrgreen:

  • kyeemite

    February 20, 2013 at 4:00 pm

    ကိုချိုကြီးရေ..ဖတ်လို့ကောင်းတယ်ဗျာ..ငယ်ငယ်ကသဘောင်္စီးဖူးတာပြန်သတိရတယ်…
    ကျုပ်လည်း သဘောင်္စီးပီးရန်ကုန်ကနေ ကျောက်ဖြူကိုသွားဖူးတယ်..အဖေတပ်ပြောင်းတုံးကပေါ့..
    ကြာတော့တော်တော်ကြာပြီဗျ..1967ခုနှစ်လောက်က..ကျနော်တောင်ကလေးပဲရှိသေးတယ်..
    သဘောင်္နာမည်တော့မှတ်မိသဗျ..“ပြည်တော်ညွှန့်”ဆိုတဲ့သဘောင်္ကြီးပဲ
    ခုတော့မရှိတော့ဘူးတဲ့ ..နစ်သွားပီပြောတာပဲ…
    ဘာပဲပြောပြော လှိုင်းမူးလို့..စားသမျှအံထွက်တာတော့မှတ်မိနေသေးတယ်ဗျ… :kwi:

  • ရခိုင်မုန့်တီ ၂ ပွဲနဲ့ ..
    ခညားက ဗိုက်ဝသွားရောလား ..
    မယုံဘူးဗျာ …
    ဘာနဲ့ ကျိမ်ပြပြ .. :kwi:

  • ဂန္ဓာရီ ဆြာအုပ်

    February 20, 2013 at 8:13 pm

    ဥချိုဂျီး
    အဲ့တုန်းက ရခိုင်မလေးတွေနဲ့ ဖူးစာ ဆုံမလာဘူးလားဗျ
    ရခိုင်မုန့်တီနဲ့ပဲ ကျေနပ်ခဲ့ရတာလား
    ဥချိုဂျီးရေးတာနဲ့ သွားတောင် သွားချင်လာပြီဗျို့
    ပင်လယ်ခရီး တခါမှ မသွားဖူးသေးဘူး
    အမြဲတမ်း သူများကို သွားချင်အောင်ပဲလုပ်နေတဲ့ အနော်
    ခုတော့ ကိုယ်တိုင်ခံစားနေရပါလားနော်
    ဒီလိုပင်လယ်ကြီးထဲကို လှေကလေးတစ်စဉ်းနဲ့
    life of PI ထဲကလို ရွက်ကလေးလွှင့်


    ငါဟာ ရွက်လွှင့် ….ငါဟာ ရွက်လွှင့် ..

  • P chogyi

    February 21, 2013 at 8:32 am

    – ဗုံဗုံရေ ပုဂံဘုရားစုံအောင်သွားပေးပါဆိုတာက ပြသနာမရှိပါဘူး။ ဒါတောင်မနည်းစဉ်းစားပြီး ရေးရတာ
    ကိုယ်က အခုလက်ရှိသွားတာမဟုတ်ဘူးလေ၊ ငယ်ငယ်ကသွားတဲ့အကြောင်းစဉ်းစားပြီးရေးရတာ။
    အခု စစ်တွေတစ်ခေါက်ပြန်သွားခိုင်းတာတော့ လွန်သွားပြီ၊ “သွားနိုင်ဘူဟေ့” လို့ပဲပြောပါရစေ။
    – ကိုကြီးမိုက်ရေ အားပေးတာကျေးဇူးပါ၊ ကျွန်တော်က နွေရာသီသွားလို့ ကံကောင်းသွားတာ၊ နောက်ပိုင်း
    ရန်ကုန်ကို တာဝန်နဲ့ပြန်တော့ မုန်တိုင်းမိတဲ့ အကြောင်းတွေ လေယာဉ်ပျက်ကျတဲ့ အကြောင်းတွေ
    အဆင်ပြေတဲ့အခါ ထပ်ရေးပါ့မယ်။
    – ခြောက်မျက်နှာရေ ၂ ပွဲတောင်မနည်းစားရတာ၊အဲဒီအချိန်တုန်းက ကိုယ်ကပိန်ပိန်လေးပဲ ကိုယ့်ညီထက်
    ပိုကြည့်ကောင်းရုံလောက်ပဲ ရှိတာလေ။
    – ဆြာအုပ်ရေ ရွှက်လွင့်ပါဗျာ ဒါပေမဲ့ အေဒင်ပင်လယ်ကွေ့ဘက်တော့ မရောက်စေနဲ့၊ ဆိုမာလီဓါးပြတွေ
    နဲ့တွေ့ရင် ခေါင်းပေါင်းတောင်ချန်မှာမဟုတ်ဘူး။

  • ဟက်လူ ကိုဘီချိုဂျီး ….

    ခညား ….
    ရခိုင်လည်း သွားပီးဘီ …
    မကွေးလည်း ပြန်ပီးဘီ ….
    ကျန်တာတော့ …
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ ကို လာဖို့ပဲ …
    ရွာ့လူကြီးတွေက ခညားကို ခေါ်ခဲ့ဖို့ ပေါလိုက်လို့ ကျုပ် လာခေါ်ဒါဘဲ …
    မလိုက်ရင် အတင်း ဆွဲခေါ်ခဲ့တဲ့ …. :mrgreen:
    စကားမစပ် … ကျုပ်ကို နှစ်ပြန်ကြော်လေး ဆီဆမ်းနဲ့ ထမင်းလွေးဖို့ လုပ်အုံး …
    ဘာဖစ်ဖစ် မိုင်မိုင် လွေးပီးမှ တွားမယ် … ဟီးဟီး …

    ဒု – အတွင်းရေးမှူး
    မဟာအံ

    • P chogyi

      March 23, 2013 at 7:21 pm

      ခြောက်မျက်နှာရေ အခု ကချင်ပြည်နယ်ဘက်သွားပြန်ပြီ
      အလုပ်နည်းနည်းများနေလို့ ဒီရက်ထဲမှာတင်လိုက်မယ်။

Leave a Reply