ဘလက်ကောင်၏ အနက်ရောင်အတွေးများ (၃) …။
စကားကြီးစကားကျယ် ပြောတယ်လို့တော့ဖြင့် မထင်ကြစေချင်ပါဘူး…။
လူ့ဘဝဆိုတာ အငိုနဲ့စ အငိုနဲ့ ဆုံး ဆိုလား…။
နားစွန်နားဖျားကြားခဲ့ဘူးပါတယ်…။
ဆိုတော့…
ကျွန်တော့်ပို့စ်ကိုတော့ဖြင့် အပျော်နဲ့စပြီး အပျော်နဲ့ပဲ အဆုံးသတ်ချင်ပါတယ်ဗျာ…။
ကဲ ပျော်စရာ ပုံပြင်လေးတစ်ပုဒ်နဲ့ စလိုက်ရအောင်…။
နိုင်ငံရေးဆိုတာ ဘာလဲကွယ်
တစ်ခါတုန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကြီး နိုဇိုးမိ ဆိုတာ ရှိသတဲ့…။
နိုဇိုးမိကြီးမှာ စိုးမြတ်သူဇာ လို ချောမောလှပတဲ့ တောင့်တောင့်ဖြောင့်ဖြောင့် ဇနီးချောကြီးရယ် အရွယ်နဲ့မလိုက်အောင် စကားကြီးစကားကျယ်ပြောတတ်တဲ့ ငါးနှစ်အရွယ် သားကြီးနဲ့ မွေးကာစ သားအငယ်တစ်ယောက်တို့ ရှိကြသတဲ့…။
မိုးဟေကို လို ဆက်စီ ဖြစ်တဲ့ အိမ်ဖေါ်မလေးတစ်ယောက်လည်း ရှိသေးတယ်တဲ့…။
(အားကျလိုက်တာနော် အာဟီး…)
တစ်နေ့တော့ နိုဇိုးမိ ကြီး ရဲ့ သားအကြီးကောင်က နိုဇိုးမိ ကြီးကို မေးခွန်းတစ်ခု မေးသတဲ့…။
ဖေဖေ နိုင်ငံရေးဆိုတာ ဘာလဲဟင်
ငါးနှစ်လောက်ပဲရှိသေးတဲ့သားက နိုင်ငံရေးကို စိတ်ဝင်စားတယ်ဆိုတော့ နိုဇိုးမိကြီး ကျေနပ်သွားတာပေါ့…။
နိုဇိုးမိ – ကိုင်း သားသိချင်တာကို ဖေဖေ ရှင်းပြမယ်
ဒီအိမ်မှာ ပိုက်ဆံ ဘယ်သူရှာလဲ
သားကြီး – ဒီအိမ်မှာ ပိုက်ဆံရှာတာ ဖေဖေပေါ့
နိုဇိုးမိ – ဖေဖေက ပိုက်ဆံရှာတာ
ဖြစ်တဲ့အတွကဒီအိမ်မှာ အရင်းရှင်သည် ဖေဖေ
သားကြီး – ဒါဆို မေမေကရော
နိုဇိုးမိ – မင်းအမေကြီးကကျတော့ ငါရှာပေးတဲ့ ပိုက်ဆံကို မင်းတို့ စားဖို့သောက်ဖို့ ကျောင်းသွားဖို့ ကျန်းမာရေးအတွက် အကုန်လုံး အဝတ်အထည်ကစလို့ စီမံခန့်ခွဲပေးရတဲ့အတွက် သူက အစိုးရ…။
သားကြီး – မေမေက အစိုးရ၊ ဖေဖေက အရင်းရှင်…၊ ဒါဆို သားကရော…။
နိုဇိုးမိ – မင်းကရှင်းတယ်လေ၊ ဖေဖေပေးတဲ့ ပိုက်ဆံကို မေမေစီမံခန့်ခွဲပေးတယ်၊ မေမေစီမံခန့်ခွဲပေးတဲ့အတိုင်း မင်းကလိုက်နာရတဲ့ အတွက် မင်းက ပြည်သူ…။
သားကြီး – ဒါဆို သားတို့အိမ်မှာ အလုပ်လုပ်နေတဲ့ ဟို အိမ်ဖေါ်မမကရော…။
နိုဇိုးမိ – အော် သူက ဖေဖေတို့ဆီမှာ လာပြီးတော့ အလုပ်လုပ်တာလေ…။ ဖေဖေတို့က သူ့ကို လခပေးရတယ်လေ၊ အဲဒီအတွက်ကြောင့်သူက အလုပ်သမားလူတန်းစား…။
သားကြီး – တစ်ယောက်ကျန်သေးတယ်ဖေဖေ၊ ပုခက်ထဲက သားညီလေးကရော…။
နိုဇိုးမိ – သားညီလေးကတော့ ဖေဖေတို့ တိုင်းပြည်ရဲ့ အနာဂတ်ပေါ့…။
သူ့အဖေက စိတ်ရှည်လက်ရှည် ရှင်းပြပေးလိုက်လို့ သားကြီးက ကျေနပ်သွားသတဲ့…။
အဲဒါနဲ့ ညကျတော့ အိပ်ကျတယ်ပေါ့နော်…။
ပုခက်ထဲက ညီလေးရဲ့ ငိုသံကိုကြားတော့ သားကြီး နိုး လာတယ်ပေါ့ဗျာ…။
သွားကြည့်လိုက်တော့ လသားအရွယ် ညီလေးက အီအီးတွေနဲ့ လူးနေတယ်တဲ့…။
သူ့အဖေနဲ့ အမေ အိပ်တဲ့ အခန်းထဲ တံခါးဖွင့်ပြီး အမေကို သွားနှိုးတယ်တဲ့…။
မေမေ…မေမေ…ထပါဦး…ညီလေး အီးတွေပါထားတယ်
စိုးမြတ်သူဇာ နဲ့တူတဲ့ နိုဇိုးမိကြီးရဲ့မိန်းမကလည်းအိပ်ပျော်နေလို့ကတော့ဆင်အော်ရင်တောင်မနိုးဘူးဆိုတဲ့
အစားထဲကခင်ဗျ…။
အဲဒါနဲ့ သားကြီးက အမေကို ဆက်မနှိုးတော့ပဲ မိုးဟေကိုနဲ့ တူတဲ့ အိမ်ဖေါ်မလေး ကို နှိုးမယ်ဆိုပြီး အခန်းတံခါး ဖွင့်ပြီးဝင်သွားသတဲ့…။ (ဟေးဟေး)
အိမ်ဖေါ်မလေးရဲ့ ကုတင်ပေါ်မှာတော့ သူ့အဖေ နိုဇိုးမိကြီးနဲ့ အိမ်ဖေါ်မလေးဟာ မောမောနဲ့ ဖက်ပြီး အိပ်မောကျနေကြသတဲ့…။
(သိတ်ဆိုးတဲ့လူကြီး)
မနက်မိုးလင်းလို့ ကော်ဖီသောက်ကြတော့ သားကြီးက နိုဇိုးမိ ကို ပြောသတဲ့…။
သားကြီး – ဖေဖေ…သားနိုင်ငံရေးကို လုံးဝနားလည်သွားပါပြီ…။
နိုဇိုးမိ – တယ်ဟုတ်တဲ့ ငါ့သားပါလား၊ ကဲပြောစမ်းပါဦးကွာ မင်းနားလည်တဲ့ နိုင်ငံရေး…။
သားကြီး – ရှင်းရှင်းလေးပါ ဖေဖေရယ်…။ ပြည်သူကို အစိုးရက မသိကျိုးကျွံပြုနေတဲ့အချိန်မှာ အရင်းရှင်နဲ့ အလုပ်သမားလူတန်းစားက ကုတင်ပေါ်မှာ ပလူးနေကြပြီး သားတို့ တိုင်းပြည်ရဲ့ အနာဂတ်က ချီးထဲမှာ မျောချင်တိုင်းမျောနေတာပေါ့ ဖေဖေရာ…။
သားကြီးပြောတဲ့ နိုင်ငံရေးကိုနားထောင်ပြီး နိုဇိုးမိကြီးဟာ အသိတရားတွေရလာသတဲ့ကွယ်…။
ဒါနဲ့ အိမ်ဖေါ်မလေး မိုးဟေကို ကို အလုပ်က ထုတ်လိုက်ပြီး စိုးမြတ်သူဇာကြီးကိုပဲ သစ္စာရှိရှိ ပေါင်းသင်းသွားပါတယ်တဲ့…။
စိုးမြတ်သူဇာကြီးခင်ဗျာတော့ ပင်ပန်းရှာတာပေါ့နော်…။
အိမ်ဖေါ်မလေးမရှိတော့ ကိုယ်တိုင်လုပ်ရရှာတာကိုး…။
အော် နိုင်ငံရေး…။ နိုင်ငံရေး…။
(ဆရာ ဇာဂနာ ၏ စာပေဟောပြောပွဲတစ်ခုမှာပါသော ပျက်လုံးကို မှီးပါသည်)
ကဲပျော်စရာပုံပြင်လေးတစ်ပုဒ်နဲ့ အစပြုပြီးသကာလ ပြောချင်တာလေးတွေကိုလည်း နည်းနည်းလောက် ပြောခွင့်ပြုပါဦး…။
မြန်မာတိုင်း(မ်) ဂိတ်
မိတ်ဆွေတို့ သတိထားမိလိုက်မလား မဆိုနိုင်ပါဘူး…။
မြန်မာတိုင်း ဂျာနယ်ရဲ့စာတည်းမှူးချုပ် (အင်္ဂလိပ်) ရော့စ်ဒန်ကလီနဲ့ မြန်မာတိုင်းဂျာနယ်ရဲ့ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ဒေါက်တာခင်မိုးမိုး တို့ အပြန်အလှန်တရားစွဲဆိုကြတယ် ဆိုတဲ့ သတင်းကိုပါ…။
ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာကတော့ စာဖတ်သူ မိတ်ဆွေ တစ်ယောက်ခြင်းစီရဲ့ သဘောပါ…။
ဘလက်ကြီးကတော့ သိထားတာလေးတွေ ပြန်ပြောပြရုံပါ…။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်မြန်မာဂျာနယ်မှာပါခဲ့တဲ့ သတင်းဆောင်းပါး တစ်ပုဒ်ရဲ့ ခေါင်းစဉ်က ဒီလိုပါ…။
နိုင်ငံခြားသားက ရှယ်ယာရှင် မြန်မာအမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားမှုမှာ မြန်မာများသတိပြုစရာ ဖြစ်လာ…
တဲ့…။
ဆောင်းပါးထဲပါတဲ့ အထဲက
မစ္စတာ ဒန်ကလီသည် ၂၀၁၁ ခုနှစ်ကလည်း မြန်မာအမျိုးသမီးငယ်တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၄ ဖြင့် ထောင်ဒဏ်တစ်လ နှင့် ပုဒ်မ ၁၃/၁ အရ ဒဏ်ငွေကျပ် တစ်သိန်းကျခံခဲ့ရကြောင်း၊ ထိုအမှုများ၌ ဒေါက်တာခင်မိုးမိုး၏ ခင်ပွန်းဖြစ်သူ MCM ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) ဒေါက်တာတင်ထွန်းဦးက အင်းစိန်ထောင်အတွင်းသို့ ပင် သွားရောက်အားပေးခဲ့ပြီးနောက် အာမခံဖြင့် အချုပ်မှလွတ်မြောက်စေရန် စီစဉ်ပေးခဲ့ကြောင်းသိရှိရသည်။
ကြားသိရသော သတင်းများအရ MCM ၏လက်ရှိ မြန်မာ ပိုင်ရှင်များအနေဖြင့် မူလရှယ်ယာရှင်များကို လက်ရှိဈေးကွက်ပေါက်ဈေးထက် များစွာသက်သာသောတန်ဘိုးဖြင့် ပြန်လည်ရောင်းချပေးရန် ကမ်းလှမ်းခဲ့သော်လည်း တိကျသော အဖြေမရရှိခဲ့ကြောင်း
တဲ့…။
ဟုတ်ပြီဗျာ…။
နောက်တစ်ပတ်လောက်နေတော့ မြန်မာတိုင်းဂျာနယ် ထဲမှာ အင်တာဗျူးတစ်ခုပါလာပါရောလားဗျာ…။
မစ္စတာရော့စ်ဒန်ကလီကို မြန်မာတိုင်း(မ်) သတင်းအဖွဲ့က တွေ့ဆုံမေးမြန်းထားတာပါ…။
ဒီအထဲမှာ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက ဇာတ်လိုက်ပါ…။
မစ္စတာရောစ်ဒန်ကလီ ရဲ့ ပါတနာဟောင်းတွေဖြစ်တဲ့ ဦးမြတ်ဆွေ(ဆန်နီဆွေ) နဲ့ ဒေါ်ယမင်းထင်အောင်တို့ဟာ ဆက်လက်ပြီး ပါတနာ မဖြစ်နိုင်တော့ဘူး ဆိုတာကို ဦးကျော်ဆန်းက ပြန်ကြားရေး ဝန်ကြီးဌာနရုံးမှာ အတိအလင်းပြောကြားခဲ့ပါသတဲ့…။
မစ္စတာရော့စ်ဒန်ကလီ အပြောအရ အဲဒီအချိန်က မြန်မာတိုင်း(မ်) ရှယ်ယာတွေကို ဦးတေဇ ကတောင် စိတ်ဝင်စားခဲ့သေးတယ်လို့ ဆိုပါတယ်…။ နောက်ထပ်ပြီး မြန်မာတိုင်း(မ်) ရှယ်ယာတွေကို ကမ်းလှမ်းခဲ့သေးတာကတော့ ဦးမိုးကျော် စုစည်းတည်ထောင်ထားတဲ့ မြန်မာ့ဈေးကွက်တင်ရောင်းချရေး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ကပဲ ဖြစ်ပါတယ်…။ ဒေါက်တာတင်ထွန်းဦးပေးခဲ့တဲ့ ရှယ်ယာဈေးထက် ၂ ဆ ပိုခဲ့ပါတယ်တဲ့…။
တကယ်လို့များ ဦးဆန်နီဆွေ တို့ ထောင်ကလွတ်လာခဲ့ရင်လည်း ရှယ်ယာများကို ပြန်လည်ရောင်းချပေးဖို့ အသင့်ရှိမယ်လို့ လည်း ပြောခဲ့ပါတယ်တဲ့…။
ဒါပေမယ့် ဦးကျော်ဆန်းကတော့ ဒေါက်တာတင်ထွန်းဦးပေးတဲ့ဈေးနှုန်းဟာ မျှတမှုရှိတယ် လို့ ပြောခဲ့ပါသတဲ့…။
အဲဒီလိုနဲ့ မစ္စတာရော့စ်ဒန်ကလီဟာ ဒေါက်တာတင်ထွန်းဦး ကို သဘောကျနှစ်သက်ခြင်းမရှိပါပဲ ရှယ်ယာရှင်အဖြစ် လက်ခံလိုက်ရတယ်လို့ ဆိုပါတယ်…။
ကိုင်း မစ္စတာရော့စ်ဒန်ကလီကတော့ မပွင့်လင်းသေးခင် အမှောင်ခေတ်က အဖြစ်အပျက်တွေကို ဖွင့်ချသွားခဲ့ပါပြီ…။
ဘယ်သူက တရားတယ် ဘယ်သူကမတရားဘူးဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားလာတော့မှာပါ…။
သိတ်ကြာကြာစောင့်ရတော့မယ် မထင်ပါဘူး…။
ဦးသန့်ကို အားနာတယ်
ရန်ကုန်မြို့က အာဇာနည်ဗိမာန်ရဲ့ မီတာ ၅ဝ အကွာမှာ တောင်ကိုရီးယား အစိုးရက အထိမ်းအမှတ်အဆောက်အဦတစ်ခု
ဆောက်လုပ်ရန် မြန်မာအစိုးရနဲ့ သဘောတူညီမှု ရရှိထားခဲ့ပါသတဲ့…။
၁၉၈၃ ခုနှစ်က မြောက်ကိုရီးယား အေးဂျင့်တွေရဲ့ လုပ်ကြံတိုက်ခိုက်မှုမှာ ကျဆုံးခဲ့ရသူတွေ အတွက်ပါတဲ့…။
အဲဒီ လုပ်ကြံမှုမှာ မြန်မာဘက်ကလည်း ကျဆုံးခဲ့သူတွေ ရှိခဲ့တာပါပဲ…။
ဒီလို သဘောတူညီချက်မျိုးကို လူတစ်ယောက် အဖွဲ့အစည်းတစ်ခုထဲရဲ့ ဆုံးဖြတ်ချက်နဲ့ မပေးသင့်ဘူးလို့ ယူဆပါတယ်…။
ဆိုလိုတာက ကျွန်တော်တို့ ပြည်သူတွေရဲ့ သဘောထားကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးကြပါဦး…။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထမတန်းစား နိုင်ငံသားကြီးလို့ပြောရမယ့် ဦးသန့်တောင် အာဇာနည်ဗိမာန်နားမှာ
နေရာမရခဲ့ရှာပါဘူး…။
ဒါတောင် ဘန်ကီမွန်းလာတုန်းက ဦးသန့်ကို အလေးပြုသွားခဲ့တာ မှတ်မိနေသေးရဲ့…။ျ
ဒီလိုဗျာ…။
တောင်ကိုရီးယားအစိုးရကဆောက်လုပ်မယ့် အထိမ်းအမှတ်အဆောက်အဦကို ရန်ကုန်မြို့ရဲ့ သင့်တော်ရာနေရာတစ်ခုမှာ
စီစဉ်ပေးလိုက်စေချင်ပါတယ်…။
အာဇာနည် ဗိမာန်နားမှာ ဆောက်လုပ်တာကိုတော့ ခွင့်မပြုစေချင်ပါဘူး…။
အာဇာနည် ဗိမာန်ဆိုတာ ကျွန်တော်တို့ အမြတ်တနိုးထိန်းသိမ်းအပ်တဲ့ နေရာ တစ်ခုမဟုတ်ပေဘူးလားဗျာ…။
အွန်စောတို့ လီဆောင်းဦးတို့ကိုတော့ အားနာပါရဲ့…။
ပြောသာပြောရတာပါ…။
အစိုးရချင်းက သဘောတူညီထားကြပြီဆိုလား…။
သူတို့ပြောကြလေသတည်း
ဒါကတော့ ထင်ရှားသူတွေပြောတဲ့ သတိထားမိတဲ့ စကားလေးတွေပါ…။
ကြိုက်ရင်လည်း ယူပေါ့ဗျာ…။
မကြိုက်တော့လည်း အဲ… ကျော်ဖတ်ပေါ့နော့်…။
စင်ရော်မောင်မောင် ပြောတဲ့ စကား
ကျွန်တော် မြန်မာပြည်မှာ အကယ်ဒမီနဲ့ ပတ်သက်လို့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လောလောဆယ် အစီအစဉ်
မရှိသေးဘူး။ ကျွန်တော် ရိုက်ဖြစ်ရင်လည်း အကယ်ဒမီပေးပွဲအတွက် ကျွန်တော့်ရဲ့ ဇာတ်ကားထုပ်ကို
ပေးဖို့ မပေးဖို့ ဆိုတာ ကျွန်တော် စဉ်းစားမယ်
(၁၁-၂-၂၀၁၃ ထုတ် အလင်းတန်းဂျာနယ်)
ဝိုင်း ပြောတဲ့ စကား
အရင်တုန်းက သရုပ်ဆောင်တွေလို စိတ်မျိုးရှိတဲ့လူကနည်းတယ်။ ကျော်ဟိန်းတို့ ဒွေးတို့ ခေတ်တုန်းက
သူတို့ ဘယ်နေရာဖြစ်ဖြစ် ထိုးရဲ သတ်ရဲတဲ့ ယောက်ျားရဲ့အစွမ်းသတ္တိ နဲ့ ပြည့်စုံကြတယ်။
ဘယ်သူလာလာချမယ်ဆိုတဲ့ စိတ်ရှိတယ်။ အခုခေတ်သရုပ်ဆောင်တွေမှာ ဘယ်သရုပ်ဆောင်ပဲလာလာ၊
ဘယ်နေရာပဲဖြစ်ဖြစ် ဆိုတဲ့ စိတ်မျိုးရှိတဲ့လူက နည်းတယ်။ ကြောက်လို့ရှောင်နေတဲ့ သဘောတွေဖြစ်နေတယ်။
(၄-၂-၂၀၁၃ ထုတ် အလင်းတန်း ဂျာနယ်)
မောင်မောင်အေး (Dream Boat) ပြောတဲ့ စကား
လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ ပါးကို အချက်တစ်ရာရိုက်ချင်လောက်အောင် မှားသွားတဲ့ လုပ်မှား ပြောမှားတွေ
ရှိခဲ့ဖူးတယ်။ ပြောပြီး လုပ်ပြီးတော့မှ ငါတော့ ဒီလိုမျိုးမပြောသင့်ဘူး၊ မလုပ်သင့်ဘူးလို့ တွေးမိတယ်။
သို့သော်လည်း ပြင်လို့မရတော့ဘူးလေ။ ကိုယ်ကလုပ်ပြီးနေပြီ။ ဒီတော့ နောက်မှသာ ဒီအမှားတွေက တစ်ဆင့်
သင်ခန်းစာယူရတယ်။
(၁၀-၂-၂၀၁၃ Sunday Journal)
ဂန္ထဝင် တင်မိုးလွင်
မနေ့က TV Channel တစ်ခုက တိုက်ရိုက်လွင့်နေတဲ့ မယ်ရွေးပွဲတစ်ပွဲကို ထိုင်ကြည့်ဖြစ်တယ်…။
အစီအစဉ်တင်ဆက်နေသူက မူလလက်ဟောင်း စက်မှုတက္ကသိုလ်ကျောင်းဆင်း ဒေါ်တင်မိုးလွင်ကြီးပါ…။
ဒေါ်တတ်ခေါ်ရမယ့်အရွယ်မို့ လေးစားသမှုနဲ့ ဒေါ်တတ်ခေါ်လိုက်ခြင်းပါ…။
ဒေါ်တင်မိုးလွင် ကို မြင်တော့ မော်ဒယ်လ် ခေတ်ဦးက လှိုင်ထိပ်ထားခင်တို့…၊ ပပဝင်းတို့ကို လည်း လှမ်း သတိရမိတယ်…။
ခေတ်ပြိုင်တွေလို့ ပြောမယ်ဆိုပြောလို့ရတဲ့သူတွေကိုး…။
အဲဒါနဲ့ တစ်ဆက်တည်း တွေးမိပြန်တာက တင်မိုးလွင် မွေးထုတ်ခဲ့တဲ့ မော်ဒယ်လ်တွေထဲ ဒီနေ့ဒီအချိန်အထိ ဒီလောကမှာ
ခန့်ခန့်ထည်ထည် ရပ်တည်နေနိုင်သူတွေ ရှိနေသေးရဲ့လားဆိုတာကိုပါ…။
၁၉၉၉ ဒီဇင်ဘာ ၁၄ ရက်ထုတ် ယနေ့ခေတ်ဂျာနယ်မှာ တင်မိုးလွင် နဲ့ သူ့ မော်ဒယ်လ်မလေးတွေရဲ့ပုံကို
မျက်နှာဖုံးတင်ထားခဲ့ပါတယ်…။
အဲဒီပုံထဲပါခဲ့သူတွေ အခု တစ်ယောက်မှ ဒီလောကမှာ ရှိမနေကြတော့ပါဘူး…။
ပုံထဲပါသူတွေထဲ ကျွန်တော် နည်းနည်းသတိထားမိခဲ့တာဆိုလို့ ပါးလ်ချမ်းမြအေး နဲ့ ဗစ်တိုးရီးယား
တို့လောက်ပဲပါပါတယ်…။
သူတို့ကလည်း လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ကြသူတွေမဟုတ်ပါဘူး…။
ဒါပေမယ့် တင်မိုးလွင် ကြီးကတော့ ဒီနေ့ဒီအချိန်အထိ ထင်ရှားတဲ့ ကြယ်ကြီးတစ်လုံး ဖြစ်နေသေးရဲ့…။
တစ်ဆက်တည်းမှာပဲ ဆယ်တန်းတုန်းက သင်ခဲ့ဘူးတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ပိုင်းတစ်စကို သတိရသွားပြန်ပါတယ်…။
For Men May Come And Men May Go,
But I Go On Forever
တဲ့…။
မော်ဒယ်လ်တွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကြတယ်…။
ပြန်ပျောက်သွားကြတယ်…။
မော်ဒယ်လ် သင်တန်းဖွင့်သူတွေ အများကြီးရှိခဲ့တယ်…။
ပြန်ပျောက်သွားကြတယ်…။
ဒါပေမယ့် တင်မိုးလွင်ကြီးကတော့ မော်ဒယ်လ် အဖြစ်နဲ့ရော မော်ဒယ်လ်သင်တန်းဖွင့်သူ အဖြစ်နဲ့ရော
အမြဲတမ်းရှိနေတယ်လို့ ဂုဏ်ပြုစကားပြောချင်ပါတယ်ဗျာ…။
တင်မိုးလွင်ကြီးရဲ့ အစီအစဉ်တင်ဆက်မှုတွေကို ကြိုက်တာ မကြိုက်တာကတော့ မိတ်ဆွေတို့ရဲ့
ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါပဲ…။
ဒါကတော့ TV ကြည့်ရင်းတွေးမိတဲ့ အတွေးလေးပါ…။
တီဗီဆိုလို့ အခုတလော ကျွန်တော် ပုံမှန်စောင့်ကြည့်ဖြစ်နေတဲ့ TV အစီအစဉ်လေးတစ်ခုအကြောင်း ဆက်ပြောချင်ပါတယ်…။
ဆက်ဆက်စောင့်ကြည့်ကြရမယ့် အိပ်မက်ဆုံရာ
Channel 7 က လွှင့်နေတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ပါဗျာ…။
တစ်ပွဲတည်း တစ်ပုဒ်တည်း နဲ့ မဆုံးဖြတ်ပဲ သေသေချာချာ အချိန်ပေး လေ့ကျင့်ပေးပြီးမှ ဂီတအမျိုးအစားတစ်ခုချင်းစီကို
ပြိုင်ကြရတဲ့ ပွဲပါ…။
ဘောလုံးနဲ့ ဥပမာပေးရရင် ရှုံးရင်ထွက်ရတဲ့ ဖလားလုပွဲပုံစံမျိုးမဟုတ်ပဲ အိမ်ကွင်းအဝေးကွင်း တစ်ရာသီလုံး ကန်ကြရတဲ့ အမှတ်ပေးပွဲလိုမျိုးပေါ့ခင်ဗျာ…။
ဒိုင်တွေပေးတဲ့ ကွန်းမန့်လေးတွေကလည်း နားထောင်ရတာ အရသာ ရှိပါတယ်…။
ဒိုင်တွေအဖြစ် တေးရေး မြင့်မိုးအောင်၊ စည်သူလွင်နဲ့ ရေဗက္ကာဝင်းတို့က ဆောင်ရွက်ကြပါတယ်…။
ရေဗက္ကာဝင်းလေးရဲ့ အလှနဲ့ အပြုံးလေးတွေကြောင့်လည်း ပွဲက ပိုအသက်ဝင်ခဲ့တယ်ပေါ့ဗျာ…။
(အပျော်ပါဗျာ)
စနေ၊ တနင်္ဂနွေနေ့တွေမှာ Channel 7 က ပုံမှန်ထုတ်လွှင့်နေတာမို့လို့ စောင့်ကြည့်ဖို့ သတင်းပေးချင်ပါတယ်…။
တချို့ ဂီတ ဝါသနာရှင် ညီငယ် ညီမငယ်တွေကိုလည်း တိုက်တွန်းချင်တာက အိပ်မက်ဆုံရာ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့
ကြိုးစားကြည့်ကြစေချင်ပါတယ်…။
ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ရတာကိုက စီးရီးတစ်ခွေထုတ်တာထက် ပိုထိရောက်တယ်လို့ ထင်ပါတယ်…။
အဆိုပညာရော ပါဖေါမန့်စ်တွေရော သင်ပေးတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်ညီငယ်ညီမငယ်တွေအတွက် ဂီတလောကမှာ
ဆက်လက်လျှောက်လှမ်းဖို့ အားဖြစ်စေမှာပါ…။
မြေတောင်မြှောက် ပေးတယ်ဆိုတာထက် မြေတစ်ကွက်ဝယ်ပေးလိုက်သလိုပါပဲ…။
ရလာတဲ့ မြေပေါ်မှာ ကိုယ့်စိတ်တိုင်းကျ အရည်အချင်းရှိရင်ရှိသလောက် ထွန်ယက်စိုက်ပျိုးကြပေတော့…။
ဒါ ကျွန်တော့် ကိုယ်ပိုင် အမြင်ပါ…။
သဘောထားကွဲလွဲနိုင်ပါတယ်…။
ဘလက်ကြီးတို့ ငယ်ငယ်တုန်းက အိပ်မက်ဆုံရာ လို အစီအစဉ်မျိုး ရှိခဲ့မယ်ဆိုရင် ဘလက်ကြီးတစ်ယောက်
စင်ပေါ်ရောက်နေမှာဗျ…။ (အခုတော့ လမ်းဘေးမှာ)
ဒီနေ့ခေတ် လူငယ်တွေ ကံကောင်းကြပါတယ်…။
မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးမယ့် စင်မြင့်တွေက အဆင်သင့်…။
အားနည်းနည်း စိုက်ထုတ်လိုက်ရင် စင်ပေါ်တစ်ခါတည်း ရောက်သွားမယ့် ခေတ်ကြီး…။
Channel 7 ရဲ့ အိပ်မက်ဆုံရာ အစီအစဉ် ဖန်တီးသူတွေကို ဒီနေရာကနေ လက်ခုတ်တီးပြီးအားပေးလိုက်ပါတယ်ဗျာ…။
လူငယ်တွေ အစွမ်းရှိသမျှ လင်းလက်ကြပေရော့…။
ဟယ်ရီလင်း ရဲ့ ဟယ်ရီလင်း
ကို ဃ ခေါ် ဟယ်ရီလင်း တစ်ယောက် ဆုံးရှာပြီတဲ့ ကျောင်းဒကာ…။
အနုပညာသမားစစ်စစ်တွေကို အလကားနေ သံယောဇဉ်ကြီးနေတတ်တဲ့ ဘလက်ကြီးတစ်ယောက်
နှမြောတသ ယူကြုံးမရ ဖြစ်နေရှာသတဲ့…။
ကို ဃ ဆိုလို့ ပြောရဦးမယ်…။
ဟယ်ရီလင်းကြီး ကို ရင်းနှီးသူတွေက “ဃ” ရယ်လို့ ခေါ်ကြပါသတဲ့…။
အမှတ်တရအနေနဲ့ ဟယ်ရီလင်းကြီးကို “ဃ” လို့ ခေါ်ကြရတဲ့ အကြောင်းလေး ပြန်ပြောပြချင်တယ်…။
ဟုတ်မဟုတ်တော့ မသိဘူးနော်…။
နားစွန်နားဖျားကြားထားတာလေး ပြန်ဖေါက်သည်ချပေးလိုက်တဲ့ သဘောပါ…။
ဟယ်ရီလင်းရဲ့ ငယ်နာမည် က အာဂ တဲ့…။
ဆိုးလွန်းလို့ မင်းကတော့ အာဂကောင်ပဲကွာ လို့ ပြောရာကနေ ဂ ကြီး ဖြစ်လာတာတဲ့…။
“ဃ” မဟုတ်ဘူးနော် “ဂ ကြီး” လို့ ခေါ်ကြရင်းကနေ “ဃ” ဖြစ်သွားတာတဲ့…။
ဟယ်ရီလင်းရဲ့ မိတ်ဆွေရင်းတစ်ယောက်က စာထဲပြန်ဖေါက်သည်ချတာလေးကို နားစွန်နားဖျားကြားမိတာလေးပါ…။
ဆိုတော့ အဲဒီ ဟယ်ရီလင်းကြီးတစ်ယောက် ဆုံးရှာပြီတဲ့ဗျာ…။
၅၂ နှစ်ပဲ ရှိသေးသတဲ့…။
တောကျတယ်ပြောရင်လည်း ခံရတော့မှာပဲ…။
ဟယ်ရီလင်း ရဲ့ ဟယ်ရီလင်း ဆိုတဲ့ တေးစီးရီးတစ်ခွေထဲကပဲ ဟယ်ရီလင်း ဖြစ်ဖို့ လုံလောက်ပါတယ်…။
အမှန်တကယ်လည်း နောက်ပိုင်း ဟယ်ရီလင်းတွေထက် အဲဒီတစ်ခွေထဲကိုပဲ ကျွန်တော် ပိုမက်မောနေမိခဲ့ပါတယ်…။
ပိုတန်ဘိုးထားနေမိခဲ့ပါတယ်…။
အတွဲခွေတစ်ခွေထဲမှာ သီချင်းလေးတစ်ပုဒ်လောက်ပေါက်ရုံနဲ့ လူဖြစ်နေကြတဲ့ ခေတ်မျိုးထဲမှာ ဟယ်ရီလင်းရဲ့ ဟယ်ရီလင်း စီးရီးထဲက သီချင်းတွေက ဟယ်ရီလင်းဖြစ်ဖို့လုံလောက်တယ်ပေါ့ဗျာ…။
ပျောက်ဆုံးသွားမှာစိုး၊
ကိုယ်ဟာ ဂျစ်ပဆီ၊
အဆိပ်ငွေကြေး၊
အချစ်နဲ့ပေါင်မုန့်
အိပ်ယာအောက်က သီချင်းတစ်ပုဒ်၊
ငြှိမ်းလို့မရတဲ့ မီး၊
အားလုံးပြန်ယူသွားပါ
Rock’N’Roll နတ်သမီး
သီချင်းတွေကတော့ ကျွန်တော် အကြိုက်ဆုံး ဟယ်ရီလင်းသီချင်းတွေပါပဲ…။
ဟယ်ရီလင်း က ဝင်းမင်းထွေးစာသားတွေနဲ့ ပို လိုက်တယ်လို့ ထင်ပါတယ်…။
ဟယ်ရီလင်းရဲ့ ဟယ်ရီလင်းခွေထဲမှာ ဝင်းမင်းထွေးရေးတဲ့ သီချင်းလေးတွေက သိသိသာသာ အားကောင်းနေခဲ့တာလည်း သတိပြုမိပါတယ်…။
မင်းချစ်သူရေးပေးခဲ့တဲ့ ဂမ္ဘီရဝိဉာဉ်သီချင်းကတော့
ဘယ်လောက်ထိပေါက်သွားလဲဆို ထီဆိုင်တွေကတောင် သောက်မြင်ကတ်လောက်အောင် ဖွင့်ခဲ့ကြတဲ့အထိ ပါပဲ…။
သုံးရက်လေးရက်လောက်ပဲ တို့ကြာတယ်
စိတ်လှုပ်ရှားနေတုန်းခဏပါကွယ်
ရင်ထဲမှာခံစားတယ် ပြီးတော့ သိတ်မကြာ
ရင်ထဲမှာ ပျောက်ဆုံး…
အဖြစ်အပျက်က သိတ်မြန်တယ်
ဆိုတဲ့…ဇော်ဝင်းထွဋ် တို့ရဲ့ ရောင်စုံသင်္ကြန်ထဲက သင်္ကြန်သီချင်းလေးကလည်း အမိုက်စားလေးပါပဲ…။
မောင်မောင်ဇော်လတ်တို့ The Ants အဖွဲ့နဲ့ ရောင်စုံချောကလက်အခွေမှာ ဝင်အော်ထားခဲ့တဲ့ ဦးဘညွန့်ရဲ့ချစ်ဒုက္ခ သီချင်းလေးကလည်း မိုက်တာပါပဲ…။
ဆိုတော့ဗျာ…။
ဟယ်ရီလင်း ကွယ်လွန်သွားတယ်…။
လူတစ်ယောက်သေတာ ဘာများဆန်းကြယ်ပါသလဲ…။
ခင်ဗျားတို့ ကျွန်တော်တို့လည်း သေကြရမှာပဲ…။
သို့သော်…။
ဟယ်ရီလင်းသေတာကိုတော့ ကျွန်တော် နှမြောတယ်…။
သေမင်းကလည်း အကောင်းကြိုက်လွန်းအားကြီးပါတယ်ဗျာ…။
အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ်
ဘဝကို ငါရောင့်ရဲတယ်
လို့ ဆိုခဲ့လေသူ ဟယ်ရီလင်းကြီးရေ…။
ပေါင်မုန့် တစ်ခုတည်းဆို အာခြောက်နေမှာပေါ့ခင်ဗျာ…။
ဘလက်လေဘယ် လေးတစ်လုံးပါ ဆောင်သွားပါဗျာ…။
ဒါမှ ရေငတ်ပြေမှာဗျ…။
(မေ့တော့မလို့…။
ကာရာအိုကေဆိုင်တွေရောက်ရင် သတိထားကြည့်ကြပါဗျာ…။
ဟယ်ရီလင်း သီချင်းတွေ ကာရာအိုကေ အနေနဲ့ တစ်ပုဒ်မှ ရှိမနေခဲ့ဘူးဆိုတာ
အံ့ဩလောက်စရာတွေ့ရပါလိမ့်မယ်…။)
နားထောင်မိသော စာပေဟောပြောပွဲများ
ခုတလော စာဖတ်တာထက် စာပေဟောပြောပွဲတွေ နားထောင်ဖြစ်နေပါတယ်…။
နားထောင်ဖြစ်တဲ့ မင်းကိုနိုင် ရဲ့ စာပေဟောပြောပွဲတစ်ခုထဲက နှစ်သက်မိတာလေးတွေ မှတ်စုထုတ်ထားတာပါ…။
အကုန်လုံး မဖေါ်ပြနိုင်တာကိုတော့ ခွင့်လွှတ်ပေးကြပါဗျာ…။
ဖတ်ကြည့်ပါ…။
မင်းကိုနိုင် – ပိုက်သာဂိုးရပ်စ် နဲ့ နှစ်ငါးဆယ် (၆-၂-၂၀၁၃ ကမာရွတ်)
ခုဏက ဆရာအော်ပီကျယ်၊ တရားခံ ဆရာအော်ပီကျယ်။ ကျွန်တော် ထောင်ကျခဲ့တာ သူ့လက်ချက်တွေလည်း အများကြီးပါတယ်…။
ကာတွန်းမန်းဘဲ ဆိုတဲ့ နာမည်နဲ့ RIT ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဘဝကတည်းက သူ့လက်ရာတွေက ကျွန်တော်တို့ကို လာလာ ဆွတယ်…။ ကျွန်တော်တို့ ကလေးဘဝမှာ…။
အဲဒီကတည်းက လက်သံပြောင်တယ်…။
နောက်တစ်ခုက သတိရလို့ပါ…။
အင်မတန်မှ ကျွန်တော်တို့ တိုင်းပြည်မှာ ဖိနှိတ် ကွပ်မျက်ခံနေရတဲ့ စာပေကင်ပေတိုင်လို့ခေါ်တဲ့ စာပေစိစစ်ရေးကနေပြီးတော့ ရေးသမျှစာတွေ ဖြတ်တောက်၊
ယမင်းရုပ်ကလေး ထုပြီးတော့ စာရေးဆရာကရေးလိုက်လည်း စာပေစိစစ်ရေးကဖြတ်ပစ်လိုက်တော့
ပဒုမပေါင်တိုဖြစ်။ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ၊ ဘာမှ ရေးလို့မရဘူး ဆွဲလို့မရဘူးဆိုတဲ့ အချိန်မှာ
အဲဒီ RIT ကျောင်းသားတွေက တယ်လီဖုန်းဘောက်စ် ထဲမှာ…
ဟိုတုန်းက သိကြမှာပေါ့…။ မှန်ကာထားတဲ့ အဲဒီ တယ်လီဖုန်းရုံထဲမှာ ကာတွန်းတွေကပ်လာတာ
ဘယ်သူမှ မခွာရဲဘူး။ ကျွန်တော် ပြောချင်တာ။
ဘာဖြစ်လို့လည်း ဆိုတော့ အားကောင်းတာကိုး…။ အစဉ်အလာကောင်းလို့…။
တစ်တိုင်းပြည်လုံးကို ဓါးထက်ထက်နဲ့ ဖြတ်တောက်ပြီးတော့ စိစစ်ရေးကအနိုင်ကျင့်ထားပါလျက်နဲ့
တစ်ခုသော တက္ကသိုလ်ကျောင်းဝန်းထဲက တယ်လီဖုန်းဘောက်စ်ထဲက ကာတွန်းတွေကိုတော့
လုံးဝ မထိရဲ မတို့ရဲဘူး…။
ဘာကြောင့်လဲ။ အစဉ်အလာ။
ကျောင်းသားထုဟာ ဒီကာတွန်းဘောက်စ် ထဲမှာ မှန်ထဲမှာ ခေတ်ကိုလှောင်တဲ့ သရော်တဲ့ ကာတွန်းတွေကို
အစဉ်အဆက်ဆွဲပြီးတော့ ကပ်လာတဲ့အခါကျတော့ အဲဒါကို သွားထိလိုက်ရင် ခါချဉ်အုံတုတ်နဲ့ထိုးသလို ဖြစ်မယ်ဆိုတာသိတယ်…။
ကျွန်တော်တို့က အဲဒီမှာ အငမ်းမရ သွားပြီးတော့ ဖတ်ရတာ…။
ဖတ်ပြီးတော့ ကျွန်တော် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်ကို တက်တဲ့အခါ ကျွန်တော် စမ်းလုပ်ကြည့်တယ်…။
ဘယ်ရမလဲ…။
လိုက်ဖမ်းလို့ ပြေးပေါက်တောင် မှားရသေးတယ်…။
ကိုယ်တစ်ယောက်တည်းဆိုတော့ တယ်မလွယ်ဘူး…။ အဲဒီလိုဖြစ်တာ…။
ဘယ်လိုပဲပြောပြောပါ…။
သူတို့နားမျက်စိဖွင့်ပေးလိုက်တဲ့ မဟုတ်တာကို ရဲရဲ ဖေါ်ထုတ်ပြောရဲရမယ် ဆိုတာမျိုးပေါ့…။
ရှေ့ကနေပြီးတော့ လမ်းပြခဲ့တယ်…။
နောက်ဆုံးအချက်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပါ…။
ကိုယ့်အလုပ်ကိုယ်မလုပ်ဘူးဆိုရင်တော့ ပြသနာတော်တော်ရှိပါတယ်…။
ဘယ်မှလည်း သွားလို့မရပါဘူး…။
ကျောင်းဆရာမတွေကို စစ်သင်တန်းတက်ခိုင်းတယ်…။
ဖေါင်ကြီးတို့ဘာတို့မှာ…။
သေနတ်ကိုင်..၊ မှောက်၊ မိချောင်းသွားသွား။
ပြီးတော့မှ ကျောင်းတွေပြန်ရောက်တဲ့အခါ အဖြူအစိမ်း နဲ့ တာဝန်အနီလက်ပတ်ကြီးနဲ့ လုံခြုံရေးဆိုပြီး
ကလေးတွေကို လိုက်ချောင်းခိုင်းတယ်…။
အရံမီးသတ်တွေကို အပျိုတွေအိပ်ယာတွေ လိုက်လှန်ခိုင်းတယ်။
ဧည့်စာရင်းစစ်တဲ့ ကြည့်စမ်း…။
မီးသတ်က ဧည့်စာရင်းစစ်၊ ကျောင်းဆရာမက လုံခြုံရေးယူ၊ စစ်ဗိုလ်တွေကကျတော့ လွှတ်တော်ထဲမှာ
ငုတ်တုတ်ကြီးဝင်ထိုင်လိုက်ပါတယ်…။ ပြီးပြီ…။
ဂရိနိုင်ငံမှာ အင်မတန်သန်စွမ်းပြီး ဗလကောင်းတဲ့ လက်ရုံးရည်အားကိုးတဲ့လူတစ်ယောက် တကယ်ရှိခဲ့ပါတယ်…။
လက်ဝှေ့ထိုးတာသာ ဘဝလို့ ထင်ထားပါတယ်…။
လူဖြစ်လာရခြင်းမှာ အသတ်အပုတ် လက်ရုံးရည်နဲ့ အနိုင်ယူရတာဟာ ဘဝရဲ့ အဓိပ္ပါယ်လို့ သူထင်ခဲ့ပါတယ်…။
ဘယ်အထိလည်း အသက်ငါးဆယ်အထိပါ…။
လက်ဝှေ့ရှိသမျှတန်းတွေ အနိမ့်တန်းကနေ အမြင့်ဆုံးအတန်းအထိ သူတက်ထိုးတာ ယှဉ်ပြိုင်မယ့်သူမရှိပဲနဲ့
ဗိုလ်တကာ့ဗိုလ် ဖြစ်သွားချိန်မှာ အသက်ငါးဆယ်ပါ…။
သူစဉ်းစားပါတယ်။
ဘဝဆိုတာဒါပဲလား…။
ဟိုမှာ ကျွန်တော်တို့ သီရိဓမ္မာသောကမင်းကြီး ကာလင်္က စစ်ပွဲအပြီးမှာ စဉ်းစားသလိုလည်း ဖြစ်ပါလိမ့်မယ်…။
သွေးချောင်းတွေ စီးပြီးတော့မှ နောက်ဆုံးရလာတဲ့ အောင်ပွဲဆိုတာ ဒါပဲလား…။
အလောင်းတွေ ရုပ်ခန္ဓာတွေ ပျက်စီးနေတဲ့ တစပြင် အလောင်းပြင် သချင်္ ိုင်းလိုတိုင်းပြည်ကိုရလိုက်တာဟာ
အောင်ပွဲလား စဉ်းစားသလိုပါပဲ…။
စစ်နဲ့ ဖြေရှင်းရုံနဲ့ ပြီးသလား…။
လက်ရုံးရည် နဲ့ ရှင်းမှ ရသလား…။
လူသားရဲ့ ဘဝဟာ လက်ရုံးရည်သမား အသတ်အပုတ်တော်လှချည်ရဲ့၊
ဗလကောင်းလှချည်ရဲ့ဆိုပြီးတော့ ပြီးသလား… သူစဉ်းစားတဲ့အခါမှာ…နောက်ဆုံး
အသက် ငါးဆယ် ပြည့်မှ စာစပြီးတော့ သင်ပါတယ်…။
ဒါပေမယ့် သူ့ရဲ့ထူးချွန်ထက်မြက်မှုကြောင့် သူဟာ သမိုင်းမှာ မှတ်တမ်းတင်ရတဲ့
သင်္ချာပညာရှင် ဒသနိကဗေဒပညာရှင် ပိုက်သဂိုးရပ်စ် ဖြစ်လာပါတယ်…။
အဲဒီ ပိုက်သဂိုးရပ်စ် ဟာ အသက်ငါးဆယ်မှာ မှ ပညာရဲ့တန်ဘိုးကိုသိပြီးတော့ ပြောင်းလဲလိုက်တာ
ကမ္ဘာကြီးတစ်ခုလုံးရဲ့ ပညာရှင်အဖြစ် ကောင်းသောအမွေကိုပေးခဲ့ပါတယ်…။
ကျွန်တော်တို့ဆီမှာ ၁၉၆၂ ကနေ စပြီးတော့ အာဏာသိမ်းခဲ့တဲ့ ဗလကြီးတွေ ခင်ဗျာ…။
အနှစ်ငါးဆယ်ပြည့်ပါပြီ…။ ၂၀၁၂ မှာ…။
ခင်ဗျားတို့လည်း ပိုက်သဂိုးရပ်စ်လို ပညာကို တန်ဘိုးထားတဲ့လူတွေ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်…။
ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
ဇာဂနာကြီးပြောတဲ့ ချိုလွန်းလို့ပါ
ကဲ ကျွန်တော့်ပို့စ်ကို အပျော်လေးနဲ့စခဲ့ပြီး အပျော်လေးနဲ့ ပဲ ဇာတ်သိမ်းလိုက်ရအောင်ဗျာ…။
စာပေဟောပြောပွဲတစ်ခုမှာ ထည့်ဟောခဲ့တဲ့ ဇာဂနာရဲ့ ပျက်လုံးလေးတစ်ခု ပြောပြချင်ပါတယ်ဗျာ…။
ကျွန်တော့်ကို သမ္မတအိမ်တော်မှာ အပေါက်စောင့်ခန့်တာပေါ့ဗျာ…။
ဆိုတော့ ကျွန်တော်က အဲဒီ အပေါက်စောင့်အနေနဲ့ သေနတ်လေးကိုင်ပြီးတော့ စောင့်နေတဲ့အချိန်မှာ
အဘိုးကြီးတစ်ယောက်က ကျွန်တော့်ကို လာမေးတယ်…။
အဘိုးကြီး – ငါ့တူကြီး ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ချင်လို့ပါ
ဇာဂနာ – အဘ သူနားသွားပြီ။ မရှိတော့ဘူး (လက်ခုတ်သံများ)
အဘိုးကြီးကပြန်သွားရော။ နာရီဝက်လောက်နေတော့ ပြန်လာပြန်ရော…။
အဘိုးကြီး – ငါ့တူကြီး ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ချင်လို့ပါ။
ဇာဂနာ – အဘ။ လွန်ခဲ့တဲ့ နာရီဝက်က ခင်ဗျားကိုတစ်ခါပြောပြီးပြီလေ။
နားသွားပြီ။ မရှိတော့ဘူး။
အဘိုးကြီးကပြန်ထွက်သွားရော။ နာရီဝက်လောက်နေတော့ ပြန်လာပြန်ရော။
အဘိုးကြီး – ငါ့တူကြီး။ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ချင်လို့ပါ…။
ဇာဂနာ – ခင်ဗျားကျွန်တော် ဘယ်နှခါပြောရမလဲ။
ဒီတစ်ခါတော့ စိတ်ကတော်တော်တိုပြီလေဗျာ။ သေနတ်နဲ့ ထိုးချိန်လိုက်တာပေါ့…။
ဇာဂနာ – ကျွန်တော်ပြောတယ်။ မရှိတော့ဘူး။ လုံးဝနားသွားပြီ။
ကျွန်တော် ဘယ်နှခါ ပြောရမလဲ။
အဘိုးကြီး – ဟုတ်ပါတယ် ငါ့တူကြီးရာ။ အဲဒီအသံလေးကြားရတာ ချိုလွန်းလို့ပါ။
လေးစားခင်မင်တဲ့ ဘလက်ချော…။
57 comments
မောင်တင့် တယ်
February 27, 2013 at 5:01 pm
ပိုစ့်ကို ဖတ်ပြီးရေရွတ်မိတာကတော့..
“အိမ်း ဟုတ်ပေသားပဲ..” (လူကြီးလေသံနဲ့…)နောက်တာ..
တန်ဖိုးရှိတဲ့ ပိုစ့်တစ်ခုလိုသတ်မှတ်မိပါတယ်..
တန်ဖိုးရှိတဲ့ ပိုစ့်အများစုမှာ.. ရည်ရွယ်ချက်ရှိပါတယ်
မေးခွင့်ရှိရင် သူတကယ်လို့များစိတ်ကလေးမဆိုးတတ်ရင်..ကိုယ်လေမေးမယ်..ဘလက်လေးရယ်..နင်ပြောပြကွယ်..
blackchaw
March 5, 2013 at 7:39 am
@ မောင်တင့်တယ် ;
တန်ဖိုးရှိတဲ့ ပို့စ် တစ်ခု လို့ သတ်မှတ်တယ်ဆိုရင်တော့
ကျွန်တော် ဝမ်းသာပါတယ် ကိုတင့်တယ်ရေ…။
ပြီးတော့ ဈေးဦးပေါက် ပေးသွားတဲ့ ကွန်းမန့်လေးအတွက်လည်း
တကယ်ကို ကျေးဇူးတင်ပါကြောင်းနဲ့…
နောက်လည်း လာအားပေးလှည့်ပါဦးလို့…
ဖိတ်ခေါ်လိုက်ပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်လေး…။
Wow
February 27, 2013 at 5:44 pm
အပေါ်ဆုံးက ဖန်တရာတေ ဟာတ တစ်ခုကလွဲလို့(ဘ ဘလက်က အားလုံးကိုပျော်စေချင်သူဂိုး)..
ကိုယ့်ထက် အိုင်ကျုမြင့်သူများ စကားကို လေးလေးစားစား ဖတ်ရှုသွားပါတယ်ရှင့်…
blackchaw
March 5, 2013 at 7:42 am
@ Wow ;
ဟုတ်ပါတယ် Wow ရေ…။
ဘ ဘလက်က အားလုံးကိုပျော်စေချင်သူကြီးပါခင်ဗျာ…။
ကျွန်တော့်ပို့စ်တွေမှာ အမြဲတမ်းအားပေးတတ်တဲ့
Wow ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘ ဘလက်…။
ရွှေတင်မောင်
February 27, 2013 at 5:44 pm
အစ ကနေ အဆုံး ကို မဟုတ်ပါဘူး …
အစနဲ့ အဆုံးကို ဖတ်သွားတယ် …
ပြီးတော့ ပြုံးသွားတယ်ဗျာ ….
တကယ် အပြတ်တော်တဲ့ လူကြီးပဲ ….
အစ ကို ဖတ်မိတော့
နိုင်ငံရေး ဥပမာက တယ်လန်းလှပါလားဆိုပြီး မှတ်ချက်ပြုမိတယ် …
အဆုံး ကို ဖတ်မိတော့ …
အော် …. ဒါ ချိုလို့ကိုးးး လို့ သိသွားတယ် ….
ခုလို ဖတ်ခွင့်ရအောင် တင်ပေးတဲ့ ဦးလေးဘလက်ကြီး ကိုလည်း ကျေးဇူးပါဗျာ ….
blackchaw
March 5, 2013 at 3:25 pm
@ ရွှေတင်မောင် ;
ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုရွှေတင်မောင် ခင်ဗျား…။
ပြုံးရုံလေးပြုံးသွားတယ်ဆိုရင်တော့ ရေးရကျိုးမနပ်ပေဘူးဗျာ…။
စိတ်လွတ်လက်လွတ် ပျော်သွားတာမျိုးဖြစ်စေချင်တာပါ…။
နာမည်နဲ့လူ အတော်တွဲယူရတယ်…။
လုပ်ကြပေါ့လေ…။
ရှင်တို့က ရဲတွေပဲကိုး…။
ချစ်ခင်လေးစားတဲ့…
ဦးလေးဘလက်ကြီး…။
pooch
February 27, 2013 at 5:47 pm
အရင်းရှင်နဲ့ အလုပ်သမား လူတန်းစားသာ ပလူးပလဲ မရှိရင် ပြည်သူတွေ ငတ်တာ ကြာသပေါ့ ကိုဘလက်ရဲ့ ။
မော်ဒယ်ခေတ်ဦးတုန်းကထဲက ခုထိရပ်တည်နိုင်တာဆိုလို့ သန္တလှိုင်တော့ မျက်လုံးထဲ ပေါ်လာသား
သူ့ကိုတော့ ဟိုးအရင်ထဲက ကြိုက်တာ ခုထိပဲ ။
သူ့ရဲ့ ပရိုဆန်လှတဲ့ မော်ဒယ်ဟန်ရော ခံယူချက်ရော ကြိုက်တာ။
ဖော်တာခြင်းတူရင်တောင် အဆင့်တန်းရှိရှိ အနုပညာမြောက်တဲ့ မော်ဒယ်မျိုးဆို လက်ခံပေးလို့ရတယ်။
ဖော်ရရုံ မော်ဒယ်လုပ်တဲ့ သူတွေကိုတော့ ဘာမှ မပြောလိုပါဘူး။
သူတို့ အဆင့်ကို သူတို့ ကိုယ်တိုင်သတ်မှတ်တာဆိုတော့ ရေရှည်မှာ မော်ဒယ်တကယ်ဟုတ်သလား မဟုတ်သလား အချိန်က ပြောသွားတာမျိုးပါ။
ဒီနေ့ လူငယ်တွေ ကံကောင်းလာတာကတော့ တကယ်ကိုဘလက်ရေ ။ တကယ်တမ်း ကြိုးစားမယ်ဆို အခွင့်ရေးတွေ အများကြီးပဲ ။
ဇာဂနာပြောသလို ကြားရတာ ချိုတယ်ဆိုပေမဲ့ ခုတလော မီးပျက်ရာသီ ရောက်လာပြန်ပြီမို့ ဒီနှစ်တော့ ဖယောင်းတိုင်မထွန်းပဲ မီးပုံပွဲ လုပ်ရမလား မသိဘူး ။ ဇာတ်နာနေလို့ ။
ဒါနဲ့ ကိုနိုဇိုမိက မိုးဟေကို ထုတ်လိုက်တော့ ကရင်မလေး ခေါ်ထားတာဆို ဘန်ကောက်အပြန်သူခေါ်လာတယ်ဆိုပဲ 😆
blackchaw
March 5, 2013 at 3:39 pm
@ pooch ;
သန္တာလှိုင် အကြောင်း ကျွန်တော်မျိုးကြီးက ပိုသိပေသပေါ့ pooch ရယ်…။
သန္တာလှိုင်နဲ့ တင်မိုးလွင်ကြီး တို့ ကြားထဲက အဓိက ကွာခြားချက်ကတော့…
သန္တာလှိုင် က ကလေး ၂ ယောက် အမေကြီးဗျ…။
တင်မိုးလွင်ကြီးကတော့ စိတ်လွတ်ကိုယ်လွတ် ပစ်မှားလို့ရသေးတယ် ကိုယ့်လူ…။
မတော်လို့ မဒမ်ဘလက်က ရှင့်ကို စိတ်ကုန်တယ်ဆိုပြီး ကျောခိုင်းသွားရင်…
တင်မိုးလွင်ကြီး စိတ်ကူးယဉ်လို့ ရသေးသဗျ…။
အပျိုကြီးကိုး နော့်…။
အဲဒါလေးပါဗျာ…။
ချစ်ခင်လေးစားတဲ့
ကိုဘလက်…။
ခိုင်ဇာ
February 27, 2013 at 6:07 pm
မျှော်တုန်း မျှော်ဆဲ သူလည်းရောက်လာ~~~
:hee:
လွမ်းရတာချင်းတူတူ ကျုပ်က ပိုတော့မပေါ့ ရွှေဘလက် ငွေဘလက်ရယ် ကိုဘလက်ရယ်။
:harr:
ကြားဖူးပြီးသားပေမဲ့လည်း ကိုနို နာမည်နဲ့ မကြီးစိုးတို့ မိုးလတ်တို့နာမည်နဲ့တွဲတွေ့ရတော့ ရသတစ်မျိုးအနေနဲ့ဖတ်သွားရရဲ့။
(စာထဲမှာမို့ပဲ။ အပြင်မှာ တွေ့ခဲ့ရင် လက်ခုပ်တီးပြီး အားပေးမယ်လို့ ပြောလိုက်)
:kwi:
ခုမှ ဖတ်ဖူးတဲ့ သတင်းတစ်ချို့အတွက် ကျေးဇူးတင်ပါတယ်။
မတင်မိုးလွင်နဲ့ ခေတ်ပြိုင်လောက်ဆို မမြရွှေဝါတို့ ညီအမရှိသေးတယ်ထင်တယ်။ ကိုဌေးမင်းထွန်းကို ရသွားလို့ မနာလိုတာနဲ့ အားမပေးတော့တာ။ ခိခိခိ။
အိမ်မက်ဆုံရာတော့ မကြည့်ဖူးသေးပါ။ ( အဲဒါရော မူ….. မူ ….အဲ ဘာမှဟုတ်တော့ဘူး။ ထားတော့။)
ကိုမင်းကိုနိုင် စိတ်ဓာတ်နဲ့ အပြောအဟောက ကိုယ်တွေ့ ၁ ခါ နားထောင်ပြီးတဲ့အချိန်မှာ အတော်သဘောကျသွားမိပါ၏။
:hee:
blackchaw
March 5, 2013 at 4:01 pm
@ ခိုင်ဇာ ;
ရင်းနှီးနွေးထွေးမှုကို ဖေါ်ပြနိုင်သော ကွန်းမန့်လေးတစ်ခု အဖြစ်
မှတ်တမ်းတင်ပါတယ်ခင်ဗျာ…။
ဆရာမောင်ပန်းမွှေးက ကဗျာလေးတစ်ပုဒ်ရေးဘူးပါတယ်…။
တဲ့…။
ဟုတ်ကဲ့…။
ဒေါ်ခိုင်ဇာ ကွန်းမန့်လေး ဖတ်ပြီး ကျွန်တော် ဝမ်းသာ သွားပါတယ်ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ရွှေဘလက် ငွေဘလက် ကိုဘလက်…။
Ghi Ghi ThE KiD
February 27, 2013 at 6:27 pm
အဲ့ဒါ အဲ့ဒါ.
လူ့အသက်ကယ်ချင်လို့ ဆြာဝန်လုပ်ပါတယ်ဆိုမှ စက်ပစ်ကွင်းသွားပီး သေနတ်ပစ်နည်း သင်ပေးနေတယ်
အော် ရယ် မိညီမ.
blackchaw
March 5, 2013 at 4:12 pm
@ Ghi Ghi ThE KiD ;
ဒီပို့စ်လေးတင်ဖြစ်တာ နဲ့ ပတ်သက်ပြီး ဝန်ခံချင်ပါတယ် ညီလေးရေ…။
ဖေဖေါ်ဝါရီလထဲက နေ့တစ်နေ့မှာ ကိုနိုဇိုးမိကြီးက ကိုယ့်ကို ဖုန်းဆက်လာပါတယ်…။
ဘဘဘလက်ကို ပြန်ခေါ်ပေးလို့ ဂီဂီ က ပြောနေတယ်တဲ့…။
ကျွန်တော် ဘယ်လို ပြန်ပြောလိုက်ရမလဲ တဲ့…။
ကိုယ် အင်မတန် ကျေနပ်ပါတယ်ဗျာ…။
အထူးသဖြင့် ဂီဂီ့လို လူငယ်လေးတစ်ယောက်က ကိုယ့်အပေါ် မှတ်မှတ်ရရ ရှိနေခဲ့တာအတွက်လည်း
ကျေနပ်မိပြန်သပေါ့…။
ပြီးတော့…
ဟယ်ရီလင်းကြီးဆုံးသွားတာကြားတော့ ညီလေးကို သတိရမိပါသေးတယ်…။
နောက်လူမြည်းရင် ချိုပါစေ ဆိုတဲ့ စာသားလေးကို ညီလေး ဆီမှာ မြင်ဘူးထားတော့လေ…။
ဟယ်ရီလင်း ပရိသတ်များလားပေါ့…။
ဘာပဲဖြစ်ဖြစ်ပါ…။
ပို့စ်အပေါ် ဝင်ရောက်ဆွေးနွေးသွားခြင်းမရှိပေမယ့်…
ကွန်းမန့်ပေးသူများစာရင်းမှာ ညီလေးနာမည်ပါနေတာလေးကိုပဲ ကိုယ်ကျေနပ်ပါတယ်…။
ချစ်ခင်လေးစားတဲ့…
ဘဘဘလက်…။
ဦး ကျောက်ခဲ
February 27, 2013 at 7:04 pm
ကိုရင်ဘလက်ရေ ခုလိုရှယ်ပေးတာ ကျေးဇူးပါဗျို့…
မြန်မာသတင်းငတ်နေတဲ့ မောင်ကျောက်အဖို့ တကယ့်ကို တန်ဖိုးရှိတယ်ဗျာ…
ကိုရင်ဘလက်တို့ ကိုရင်နိုတို့အစဖော်မှ အင်္ဂလိပ်ကဗျာလေးကိုလည်း သတိရ…
Emily Brontë ရဲ့ Wuthering Heights ဝထ္ထုရှည်ကြီးကိုလည်း သတိရ…
မော်ဒယ်လ်တို့ရဲ့မိခင် ပြုံးအလှပိုင်ရှင် တင်မိုးလွင်ကြီးကိုရော…
လှိုင်ထိပ်ထားခင်ကြီးကိုရော သတိရ… ဟီဟိ မပြောတော့ပါဘူး…
:harr:
blackchaw
March 5, 2013 at 4:21 pm
@ ဦးကျောက်ခဲ ;
ကျေးဇူးတင်စရာမလိုပါဘူးဗျာ…။
ကျွန်တော်ရော ကိုကျောက်ခဲရော ထောင့် တစ်ထောင့်စီကနေ
MG အတွက် စီးမျောနေကြတာပါပဲ…။
စကားမစပ်…
Wuthering Heights ထဲမှာ ပါတဲ့ ပူလောင်ပျင်းပြတဲ့ အနမ်းတွေကို
သတိမရမိဘူးလားဗျ…။
လွမ်းစရာကြီးဗျာ…နော့်…။
ချစ်ခင်လေးစားတဲ့…
ကိုရင်ဘလက်…။
နေဝန်းနီ
February 27, 2013 at 7:57 pm
အနက်ရောင်အတွေးချင်း အတူတူ ကို ကိုယ်စိတ်ဝင်စားရာလေးတွေပဲ ရွေးဖတ်သွားမိတယ်….။ ဒါကိုက လူတွေရဲ့ ဘာပြောမလဲပေါ့နော် ….။ အဲဒါပဲနဲ့တူပါရဲ့
blackchaw
March 5, 2013 at 4:29 pm
@ နေဝန်းနီ ;
ဟုတ်တာပေါ့ ကိုနေကြီးရေ…။
ကိုယ်နဲ့ ကီးကိုက်မယ့် စာ ရွေးဖတ်တာ အမိုက်ဆုံးပေါ့…။
ဖတ်တယ်ဆိုတာလေးနဲ့တင် မပြီးပဲ…
ကွန်းမန့်လေး ပါ ဝင်ရေးပေးသွားတဲ့အတွက်…
ကျေးဇူး အထူးပါ ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
padonmar
February 27, 2013 at 8:34 pm
အိပ်မက်ဆုံရာမှာ ပြိုင်ပွဲဝင်ကလေးတွေကို မြရွှေဝါက အက သင်ပေးနေတာကြည့်ရတာ ဘယ်လို ကြည့်ကောင်းမှန်း ပြောမပြတတ်ဘူး။
မျက်နှာတော့အိုပေမယ့် စမတ်ဖြစ်နေတာ ကလေးတွေ မမီဘူး။
blackchaw
March 5, 2013 at 4:37 pm
@ padonmar ;
မြရွှေဝါ ကတော့ မော်ဒယ်လ် ခေတ်ဦးကတည်းက ဆိုတော့
အခုအချိန်မှာ ဗဲရီးစမတ်ပေါ့ခင်ဗျာ…။
အိပ်မက်ဆုံရာ ကို အစ်မလည်း ကြည့်နေတယ်ဆိုလို့ ဝမ်းသာရပါတယ်…။
ကွန်းမန့်လေးအတွက် ကျေးဇူးပါ အစ်မရေ…။
ချစ်ခင်လေးစားတဲ့
ကိုဘလက်…။
weiwei
February 27, 2013 at 9:40 pm
Miss International 2013 ကြည့်တုန်းက ကိုဘလက်လိုပဲ တွေးမိလိုက်သေးတယ် … ဇကာတင် အယောက် ၂ဝ နဲ့ အမေး အဖြေကဏ္ဍကတော့ အရမ်းကို စိတ်ပျက်စရာကောင်းပါတယ် …
အနက်ရောင်အတွေးတွေထဲမှာ မင်းသမီးတွေအများကြီး နေရာယူထားတယ်နော် … :kwi:
blackchaw
March 5, 2013 at 4:45 pm
@ weiwei ;
ညီငယ်တစ်ယောက်က ကျွန်တော့်ကို မေးပါတယ်…။
ဘလက်ကောင်ရဲ့ အနက်ရောင်အတွေးများ ဆိုတာ ဘာကိုဆိုလိုတာလဲ တဲ့…။
ကျွန်တော်က ပြန်ဖြေပါတယ်…။
ဘလက်ကောင် ဆိုတာ အမည်းကောင်ပေါ့ကွာ…။
အနက်ရောင်ဆိုတာကလည်း အမည်းရောင်ပဲပေါ့…။
အမည်းကောင်ရဲ့ အမည်းရောင် အတွေးများ ပေါ့ လို့…။
အမည်းရောင် အတွေးများ ဆိုကတည်းက မဖြူစင်တော့ဘူးပေါ့ အန်တီဝေရယ်…။
ဒါကြောင့် မင်းသမီးတွေ အများကြီးကို နေရာပေးထားတာပေါ့…။
ဆိုတော့ ဝင်ရောက်အားပေးချီးမြှင့်သွားတဲ့အတွက် ကျေးဇူးပါဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
ရာမည
February 27, 2013 at 10:23 pm
ဦးဘလက်တို ့ရေးပြမှဘဲ လွတ်နေတာလေးတွေ
ပြည် ့သွားတယ်။
တော်တော်လေ ့လာအားကောင်းတာဘဲနော် ။
နောက်ထပ်လည်းစော့င် ့ဖတ်နေပါတယ်ဗျာ
blackchaw
March 5, 2013 at 4:48 pm
@ ရာမည ;
ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ရာမညရေ…။
ချစ်ခင်လေးစားတဲ့…
ဦးဘလက်…။
ရဲစည်
February 27, 2013 at 10:38 pm
အူးဘလက်လဲ ပျောက်ချက်သား ကောင်းနေရာကနေ ပေါ်လာပီပေါ့ … ဘလက်ကြာကြာ ရေမငုပ်ပါဘူးနော့် ….။
ကျန်တာတွေကတော့ သားနဲ့ သိပ်မပတ်သက်လို့ မန့်တတ်ဘူးရယ် … သိတာဘဲ မန့်ရရင် အိပ်မက်ဆုံရာထဲက နန့်ချစ်နဒီဇော်လေးတော့ လွှတ်ခိုက်သဗျာ။ သူ့ဗော်လ်ကယ်လ်ကလဲ အပြဲလေးဂျ တားတော့ကြည့်ရင်းနဲ့ကို အားပေးချင်စိတ်တွေ ပေါက်နေတာ တဂယ်ပြောတာ ဒလသူလေး အဲ့လောက်စွမ်းမှန်း မသိဘူးရယ်…။
အူးဘလက်တွေ့ရင် ပြောပေးပါဗျာနော် တားတားယဲက နန့်ချစ်ကို အာဘွား … ရှလူး..ရှလူးပါလို့ :harr:
နောက်တခုက ဘရိတ်ခ်အင်ထဲက နေခြည်ထွန်းထွန်းလေးလဲ ထပ်တူ ..ရှလူး..ရှလူးပါဘဲလို့ အသံအက်အက်ကလေးကို ခိုက်မိပါကြောင်း….။အူးဘလက်အဲ့လာ ထည့်ရေးသင့်တယ် ..အင်းပေါ့လေ ကွက်ပျောက်လေးတွေ အကြောင်း တားတို့လောက် ဘယ်သိမတုန်း … ခိ ခိ။
ဖိုက်မုဒ်က ပြတဲ့ စတားကင်းလဲ ကြိုက်တယ်ဗျာ .. အမြဲတမ်းစောင့်ကြည့်တယ် .. ဟိုဒုံးထက် နောက်ကထိုင်နေကြတဲ့ ကကြီး အဆိုတော်မလေးတွေကို လွှတ်ရင်ခုန်တယ်… စတက်ဖနီဆိုတာလေးက ဗမာသွေးစပ်တယ်ဆိုလား.. သူ့အဖေက အခု ပုလဲကွန်ဒိုနား နေသွားတာတဲ့ အဲ့ဒါကြောင့် ပဲခူးသူရုပ်ပေါက်နေတာတဲ့ ..
ခေတ်သစ်ပျိုမေလဲ ကြိုက်ပြန်ရော .. သဇင်နွယ်ဝင်းလေး သွားချွန်ချွန်လေးနဲ့ … ပြောရင်း ဘယ်ဘက် ရင်ဘတ်ထဲက အောင့်လာတယ် …. :kwi:
နောက်ပီး ဓာတ်ပုံဆြာမ မေကိုကိုလဲ ခိုက်တယ်လို့ပြောပေးပါ.. သူ့အိုင်ဒီယာက အဆန်းနော် အောက်ဒိုးရိုက်တာ စကဒ်တိုလေးနဲ့ … ခိခိ
အို…… ပြောရင်းနဲ့ အူးမျိုးမြတ်သူဂျီးကို အလဂါးပရိုမိုးရှင်းလုပ်ပေးနေမိပြန်ပါဘီ …. :harr:
ဒါပဲနော် အူး၄ဗလပ် နန့်ချစ်လေးဂိုတော့ ပန်းဆိုးတန်း ဆိပ်ကမ်းက သွားစောင့်ပီး တားကိုစားပြောပေးနော် … သူဒလက ကူးလာရင် အဲ့ပေါက်က သေချာပေါက် လာမှာ … တတာ
:harr: :kwi:
weiwei
February 28, 2013 at 8:11 am
ကိုရဲစည်တော့ လူနဲ့နံမည်နဲ့ လွဲနေပြီထင်တယ် …
ပန်းဆိုးတန်းဆိပ်ကမ်းမှာ သွားစောင့်နေလို့ကတော့ နမ့်ချစ်တော့ တွေ့ရမှာမဟုတ်ဘူး … ဂျူးဂျူးစံ (မင်းအောင်သမီး) နဲ့သာ တွေ့ဖို့ နီးစပ်ပါကြောင်း …. :kwi:
စကားကင်းကို အမြဲတမ်းအားပေးဖြစ်တယ် … အဲဒီလိုအစီအစဉ်မျိုး ပြည်သူလူထုကြားထဲ များများရောက်အောင် ဆောင်ရွက်ပေးသင့်တယ် .. အဲဒါမှာ လူငယ်တွေ အတုယူအားကျစိတ်ပေါက်မှာ … အခုတော့ 5 Network ကနေလွှင့်တာဆိုတော့ ပိုက်ဆံနဲနဲကုန်မှ ကြည့်လို့ရမှာမို့လို့ လူတိုင်းကြည့်နိုင်ဖို့ အခြေအနေမပေးသေးဘူးဖြစ်နေပါသေးတယ် ..
ရဲစည်
February 28, 2013 at 5:00 pm
တိန် … ဟုတ်လား(လွဲပြန်ဘီ) :kwi:
အနော်လဲ အိမ်ပြန်ရောက်တုန်း ကြည့်ခဲ့မိတာ …
စတားကင်းကတော့ 5 plus မှာလွှင့်တယ်လေ အလကားပြတာထင် ဒါပေမဲ့ ၂၀၀၉လောက်တုန်းက အကြောင်းတွေ
စကားအတင်းစပ် နမ့်ချစ်မာသားက ဘေးတိုက်ကြည့်ရင် အနော်တို့ အန်တီမမနဲ့ စွတ်ချွတ်နီးနီးတူကြောင်း အဲ့နေ့က ဝတ်ထားတာလဲ အစိမ်းရောင်ဗျ ( အမျိုးတွေလားသိဝူး ဟီး ) :harr:
MaMa
March 5, 2013 at 6:59 pm
ကြည့်ရတာတော့ လူချင်းလဲပြီး ယောက္ခမတော်ချင်ပုံရတယ်။ :kwi:
blackchaw
March 5, 2013 at 10:10 pm
@ ရဲစည် ;
ပျောက်တယ်ဆိုတော့လည်း ပျောက်တယ်ပေါ့ဗျာ…။
ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ…။
၃ ရက်နေ့လောက်က ကိုယ် ပို့စ် တင်ခဲ့ပါသေးတယ် ကိုရင် ရဲစည်ရယ်…။
ကိုယ့်ပို့စ်က အနက်ရောင်အတွေးတွေလို့ ဆိုထားပေမယ့်…
နင်ကွန်းမန့် ဝင်ရေးလိုက်တော့မှာ ပိုနက်သွားတယ် လို့ ခံစားရပါတယ်…။
အေးလေ လူငယ် လူပျိုလူလွတ်ဆိုတော့…
တွေ့ရာမြင်ရာ အကုန်သိမ်းကျုံး ပြစ်မှားခွင့်က ရှိနေပြီးသားကိုး…။
ဂွတ်မယ်ထင်ရင် ဒူးသာဒူးပါ ကိုရင်ရယ်…။
ချစ်ခင်လေးစားတဲ့…
အူး၄ဗလပ်…။
ကိုပေါက်(မန္တလေး)
February 27, 2013 at 10:46 pm
ကိုချော
တင်မိုးလွင်ကျန်နေတယ်ဆိုတာ သူက တကယ်အလုပ်လုပ်တာကိုး။
အခုချိန်မှာလက်တွေ့အလုပ်မလုပ်ဘဲ လေနဲ့ဘဲပြီးနေကြတာကိုနေရာတကာမှာတွေ့နေရတယ်။
ဒါကလဲ တိုင်းပြည်တိုးတက်မူ့ကိုနှောင့်နှေးစေတဲ့အချက်တစ်ခုပါဘဲ.
blackchaw
March 6, 2013 at 7:21 am
@ ကိုပေါက် (မန္တလေး) ;
ကွန်းမန့်လေးဝင်ရေးပေးသွားတာ ကျေးဇူးပါ ကိုပေါက်ရေ…။
တင်မိုးလွင်နဲ့ ပတ်သက်လို့ ကျွန်တော် ဟိုက်လိုက် လုပ်ချင်တာက တစ်မျိုး…
ရေးလိုက်တော့ တစ်မျိုးဖြစ်သွားတာခင်ဗျ…။
အကောင်းမြင်တဲ့ ဘက်ကို နည်းနည်း ပို အသားပေးလိုက်တာပေါ့…။
ကျွန်တော် သိထား ဖတ်ထားတာက အဖေ့ထက် သား ပို တော်ရမယ်…။
ဆရာ့ထက် တပည့်ပို တတ်ရမယ် ဆိုတာပါပဲ…။
ဒါမှ မျိုးဆက်တစ်ခုပြီး တစ်ခု မြင့်တက်လာမယ် မဟုတ်လားဗျာ…။
အခုက တင်မိုးလွင်ကြီးမှာ သူ့ထက်တော်တယ် တတ်တယ်လို့ လက်ညှိုးထိုးပြလို့ရမယ့်…
တပည့်တစ်ယောက်တစ်လေမှ မွေးထုတ်မပေးနိုင်သေးဘူးလို့…
ယူဆနေမိတယ်…။
(ကျွန်တော် တစ်ဦးတည်း ရဲ့ အယူအဆဆိုတော့ မသေချာပါဘူးခင်ဗျာ)
ဒါပေမယ့်…
ဒီနေ့ ဒီအချိန်အထိ ရပ်တည်နေနိုင်သေးတာ ကိုပဲ…
ဟိုက်လိုက်လုပ် ဂုဏ်ပြုလိုက်တာပါ ခင်ဗျာ…။
ဘာပဲဖြစ်ဖြစ် အခုထိ ဒီလောကမှာရပ်တည်နေနိုင်သေးတာကိုက…
သူ့အရည်အချင်း ကို ပေါ်လွင်စေပါတယ်…။
ချစ်ခင်လေးစားတဲ့…
ကိုချော…။
koaung
February 28, 2013 at 4:32 am
ဟုုတ်ကဲ့ မတူရင်မတုုကြပါနဲ ့ အဲဒါမင်းသားကြီး ဘလက်ချောပါ (ကိုုရင်နိုုဇိုုမိကဒေါ့ အလကားနေရင်း
ခလုုတ်အတိုုက်ခံနေရတယ် းးး)))) )
blackchaw
March 6, 2013 at 7:26 am
@ koaung ;
မတူရင် မတုနဲ့ ဆိုတဲ့ မြန်မာရုပ်ရှင် ရှိခဲ့ဘူးတယ်နော် ကိုအောင်ရေ…။
တိုးညွန့် နဲ့ သမန်းကျား အုပ်စု နာမည်ကြီးစဉ်က ရိုက်ခဲ့တာလို့ မှတ်မိနေပါတယ်…။
ကိုရင်နိုဇိုးမိ က ဖုန်းနဲ့ ကွန်းမန့်ပေးသွားပါတယ်ဗျာ…။
ကျေနပ်ပါတယ်တဲ့…။
ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
ချစ်ခင်လေးစားတဲ့…
မင်းသားကြီး ဘလက်ချော…။
MaMa
February 28, 2013 at 7:25 am
ဘလက်စတိုင် မလိုင်အပြည့်……
အဲ….
တစ်ခုပဲ။
နိုနိုနဲ့ ဘလက် အချက်ပေါ်လျှင်ဖြင့်
သူဦး သူဆော်
ကိုယ်ဦး ကိုယ်ဆော် :harr:
ိပြောရရင်- ဥပမာအပေးကောင်းလို့ ကွက်ကွက်ကွင်းကွင်း သိမြင်သွားပါကြောင်း။ :kwi:
တင်မိုးလွင် အောင်မြင်တာလည်း သူ့ကြိုးစားမှုနဲ့ သူ့တဲလန့်ကြောင့်လို့ ပြောရမယ်ထင်တယ်။
ကြုံကြွားလေး ကြွားရအုံးမယ်။
အာအိုင်တီ ဆရာကန်တော့ပွဲမှာ တင်မိုးလွင်ပ ပရယ်ဇန်တာ လုပ်တော့ သူ့ကိုဓာတ်ပုံရိုက်ခွင့်တောင်းတော့….
လာလေ တူတူရိုက်မယ် ဆိုလို့ to ရိုက်ခဲ့ပြီး သူများတွေကို လိုက်ပြပြီး ကြွားရသေးတယ်။ :harr:
မင်းကိုနိုင်ရဲ့ စာပေဟောပြောပွဲ နားမထောင်ဘူးပေမယ့်….
ဝါရင့်စာရေးဆရာကြီး(တစ်ယောက် ထင်တာပဲ)က စာအုပ်တစ်အုပ်လောက်ထုတ်ဖူးတဲ့ နိုင်ငံရေးသမားတွေနဲ့ တစင်ထဲ မဟောနိုင်ဘူး ပြောလို့ ဖေ့စ်ဘုတ်မှာ ပလူပျံသွားတာကို သတိထားမိသွားတယ်။
နောက်ကြည့်မှန် ဖတ်ပြီးကတည်းက သူ့ရဲ့ရေးလက်ကို အဆင့်ရှိတယ်လို့ မြင်မိသား။
ခုတော့လည်းဆရာဘလက်နဲ့ မျှဝေမှုကြောင့် စိတ်ရင်းကောင်းပြီး စာရေးစာဖတ်နာသူမို့ စင်တင်သင့်ပါတယ်လို့ အားပေးထောက်ခံလိုက်ပါတယ်။ :hee:
နောက်ဆုံးပြောချင်တာကတော့……
ဘလက်ဆရာရဲ့ နှစ်သက်စရာပိုစ့်တွေက…….
တစ်ပုဒ်ဆို တစ်ပုဒ် ဆိုသလောက် စာဖတ်သူကို စိတ်ကျေနပ်မှုပေး နိုင်ပါပေတယ်။ :hee:
padonmar
February 28, 2013 at 7:25 pm
တင်မိုးလွင်ပုံပဲကြည့်ပြီး အကြွားခံလိုက်တယ်ဆိုတဲ့အကြောင်း သက်သေထွက်ဆိုပါတယ်။
blackchaw
March 6, 2013 at 7:32 am
@ MaMa ;
ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါ မမရေ…။
ကိုနိုနဲ့ ကျွန်တော်က သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော် ဆိုတာထက်…
တစ်ယောက်နဲ့ တစ်ယောက် ချစ်ပြနေကြတယ်လို့ မှတ်ပေးပါဗျာ…။
တကယ်လည်း ချစ်စရာ ကောင်းတဲ့လူကြီးပါ…။
စလို့နောက်လို့လည်း အင်မတန်ကောင်းပါတယ်…။
တင်မိုးလွင်ကြီးနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တယ်ဆိုတာကတော့…
ဂုဏ်ယူစရာ ကိစ္စကြီးပဲဗျာ…။
အလှခြင်း ပြိုင် နေကြသလိုနေမှာပါပဲ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
ဦးကြောင်ကြီး
February 28, 2013 at 9:44 am
ပါးလ်ချမ်းမြအေးကို ကြိုက်လယ်… ရှမ်းတရုတ်ဗမာကုလားသွေးစုံ စပ်တယ်ပြောသံကြားတယ်… သွေးခြေဥဥ နှာတံပေါ်ပေါ် မျက်ဖန်ကောင်းကောင်း ဖြူဖြူဖွေးဖွေး ငါးရံ့ကိုယ်လုံးဗျို့… ဂလု….. လွန်ခဲ့တဲ့ဆယ်စုနှစ်တခုနဲ့ တဝက်နီးပါးလောက်က တွေ့ဖူးတာကို ပြောတာပါ…
တောက်စ် ပန်းသေးတရုတ်မတယောက်တော့ ဖန်အုံးမှပါ…။ :kwi:
blackchaw
March 6, 2013 at 7:37 am
@ ဦးကြောင်ကြီး ;
ပိုင်ရှင် ဖြစ်တဲ့ ကျွန်တော့်ကိုလည်း အားနာပါဦး ကိုကြောင်ကြီးရယ်…။
ဟေးဟေး…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
kyeemite
February 28, 2013 at 1:28 pm
ကိုဘလက်ရေ…နေမကောင်းလို့ အလုပ်မတက်နိုင်တာနဲ့
ရွာနဲ့ပါအဆက်အသွယ်တွေပြတ်ကုန်တယ်…ဒီနေ့မှ ရုံးပြန်တက်ပြီး
အလုပ်အကြွေးတွေ ရှင်းပီးလို့ ရွာထဲဝင်ကြည့်လိုက်တော့
အားပါး…ထိပ်ဆုံးမှာ ပျောက်နေသူကြီး ရဲဘော်ဘလက်ရဲ့ပို့စ်ကိုစတွေ့တာပဲ…
အမှတ်စဉ် ၃ တောင်ရောက်နေပါလားပေါ့..ဒါနဲ့ အဓိပါယ် ရှိအောင် ၁ နဲ့ ၂
အရင်ပြန်ဖတ်မယ်ဆိုပီးဖွင့်လိုက်တော့မှ…၂၀၁၁ အောက်တိုဘာကတည်းက တင်ခဲ့တဲ့ပို့စ်တွေမှန်း
သိရသလို ကျနော်လည်းမဖတ်ဖြစ်လိုက်တဲ့ပို့စ်တွေဖြစ်နေတယ်ဗျာ…ဆောဒီးပါ..
၁ နဲ့ ၂ ပီး တစ်နှစ်ကျော်ကျော်ကြာမှသုံးကိုတင်တော့ နဲနဲမျက်စေ့လည်သွားတာပါ..
ဒါနဲ့ ဇကားမစပ်…အခုအိမ်မှာခန့်ထားတဲ့ မိုးဟေကိုလေးက ကိုနိုကြီးအကြောင်း
လုံးဝမပြောပြဘူးဗျို့..စိတ်နာလို့ထင်ရဲ့…
ကျုပ်ကလည်းအရင်းရှင်ဆိုတော့…အလုပ်သမားကိုတော့ ချော့ပေါင်းရမှာပဲဗျို့..ဟီး :kwi: :kwi: :kwi:
blackchaw
March 7, 2013 at 6:27 am
@ kyeemite ;
နောက်ကျနေတဲ့အတွက် ခွင့်လွှတ်ပေးဖို့ မပြောတော့ပါဘူး ကိုမိုက်ရေ…။
ကိုယ့်ပို့စ်မှာ လာပေးသွားတဲ့ ကွန်းမန့်လေးတွေကိုတောင်မှ…
နိုင်နိုင်နင်းနင်း Reply မလုပ်နိုင်တဲ့ ဘဝမျိုးဖြစ်နေတယ်ဆိုတာ…
ကိုမိုက် က အသိဆုံးမို့ နားလည်ပေးနိုင်မှာပါ…။
ဘာပဲဖြစ်ဖြစ်ပါဗျာ…။
ကွန်းမန့်လေးအတွက် ကျေးဇူးတင်ပါတယ်…။
ချစ်ခင်လေးစားတဲ့
ကိုဘလက်…။
htet way
February 28, 2013 at 4:01 pm
(ဆရာ ဇာဂနာ ၏ စာပေဟောပြောပွဲတစ်ခုမှာပါသော ပျက်လုံးကို မှီးပါသည်)
အမှန်က တော့ ဇာကနာပြောတာသူ့ကိုယ် ပိုင် မဟုတ်ပါဘူး
နေသွေးနီရဲ့ ဆောင်းပါး ထဲက မင်းသိင်္ခ ပြောသော နိုင်ငံရေးပုံပြင်များ
ဆိုတာပါ ဆရာဘလက် ခင်ဗျား။ မနော မယ ဂျာနယ် မှာ ဖေါ်ပြ ပါရှိပါတယ် ။
ဒီလို စုစည်း အား ထုတ်ပြီးရေး ပေးတာ ကျေးဇူးတင်ပါတယ် ။
အားထုတ် နိုင်တဲ့ ဇွဲ ၊နဲ့ စေတနာကို လေးစားပါတယ် ။
တကယ် လည်း ဖတ်ရတာ ဗဟုသုတ ရစေပါတယ် ။
လေးစားပါတယ် ခင်ဗျာ။
blackchaw
March 7, 2013 at 6:35 am
@ htet way ;
အမှန်ပြင်ပေးသွားတာ ကျေးဇူးပါ ဆရာထက်ရေ…။
ကျွန်တော်ကတော့ ဇာဂနာကြီးဟောတဲ့ စာပေဟောပြောပွဲကိုပဲ
နားထောင်ဘူးပြီး…ရေးလိုက်တာဆိုတော့
ဒီလိုလေးပဲ ရေးခွင့်ပြုပါတော့ ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
အာဂ
February 28, 2013 at 5:25 pm
ကျွန်တော်လည်း ဂေဇက်ထဲ မဝင်ဖြစ်တာကြာပေါ့..။ ဝင်ဝင်ချင်းမှာဘဲ..။ ဦးဘလက် ရဲ့ အနှစ်ကလေးတွေဖတ်ရတော့ တော်တော်လေးတန်သွားတယ်။ နောက် အခုမှသိရတာက ကို ဃ ကြီးရဲ့ နာမည်က အာဂ ဖြစ်နေသရောဆိုတော့ အဟီး…အနော်တောင် ကြောက်လာဘီ..။
blackchaw
March 7, 2013 at 6:38 am
@ အာဂ ;
မမြင်ရတာ အတော်တောင် ကြာပြီ…ညီလေးရေ…။
ဟယ်ရီလင်းက ဂကြီး ဆိုရင် ညီလေးက ဂလေးပေါ့…။
အဲဒါကြောင့်ပြောပါတယ်…။
ကိုယ့်ညီက အာဂပါ ဆို…။
ချစ်ခင်လေးစားတဲ့…
ဦးဘလက်…။
marblecommet
March 1, 2013 at 1:12 am
ပြန်လာခဲ့ပါ့မယ်
အစ်ကိုကြီးရေ့…..
blackchaw
March 7, 2013 at 6:42 am
@ marblecommet ;
ဒီပို့စ်ကိုတော့ ပြန်မလာနဲ့တော့ ညီလေးရေ…။
အပြင်မှာတွေ့ကြမှ အားရပါးရ ပြောကြတာပေါ့…။
ဖတ်သွားတယ်ဆိုတာလေးနဲ့တင် ကျေနပ်နေပါပြီဗျာ…။
ချစ်ခင်လေးစားတဲ့…
အစ်ကိုကြီး ကိုဘလက်…။
kai
March 1, 2013 at 6:01 am
အာအိုင်တီကာတွန်းဘောက်စ်ကတော့.. ၈၈အရေးတော်ပုံရဲ့အဓိကဇတ်ဆောင်တခုပေါ့..
အဲဒါကြောင့်..
နို်င်ငံတခုမှာ.. လွတ်လပ်စွာရေးသားထုတ်ဝေခွင့်သာရ.. ဒီမိုကရေစီလမ်းပေါ်ရောက်နေပြီတောင်ဆိုကြတာ..
အဲဒါပေးပြီး/ရပြီးမှ.. ဒီမိုကရေစီမရရင်.. လုပ်နေတဲ့ နို်င်ငံရေးသမားတွေ.အသုံးမကျတာပဲလို့.. ခပ်ရဲရဲပြောလို့ရတယ်..။ :kwi:
ကျုပ်အနေနဲ့ခရက်ဒစ်ပေးရမယ်ဆို.. ပထမနှစ်ကစပြီး.. နိုင်ငံရေးသိပ္ပံ(P.S)သင်ပေးတဲ့.. ဆရာတွေလည်းပါမယ်..
စာအုပ်ထဲကဟာတွေသင်လိုက်.. မဆလခေတ် ..အပြင်မှာတကယ်ဖြစ်နေတာတွေပြောလိုက်နဲ့.. ..အိပ်ငိုက်နေတဲ့ကျောင်းသားတွေ.. စိတ်ဝင်စားအောင်.. သင်ပေးခဲ့တာ.. :kwi:
ဆိုတော့…
မှန်တယ်ဗျာ..
သူမဖြည့်ရဲဘူးလို့…ထင်တာလေး..ထပ်ဖြည့်ပေးလိုက်ချင်တယ်..
ဘုရားသားနဲ့..စစ်သား.. ကိုယ့်အလုပ်ကိုယ်လုပ်ရင်.. သိပ်ကောင်းမှာ… လို့..။
ဝိနည်းနဲ့.. စစ်ဥပဒေတွေထဲနေကြဖို့ပါ..။ :harr:
blackchaw
March 7, 2013 at 6:58 am
@ kai ;
ဒီပို့စ်ကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ခွင့်ပြုပါ သူကြီးရေ…။
RIT ကာတွန်းဘောက်စ် ရဲ့ အစဉ်အလာကြီးပုံကို ဒီရွာထဲရောက်မှ
ကျွန်တော် သိခွင့်ရခဲ့တာပါ…။
ဒါပေမယ့်…
ဒီလောက် အထိခရီးပေါက်ခဲ့မှန်း မသိခဲ့ရိုးအမှန်ပါ…။
ဟိုတစ်နေ့က…
ကိုမိုက်က ကျွန်တော့် ကို RIT ကာတွန်းများဆိုတဲ့ စာအုပ်လေး လက်ဆောင်ပေးပါတယ်…။
အဲဒါလေး ပြန်ဖတ်နေတုန်း…
ကိုမင်းကိုနိုင်လိုလူက ဟောပြောပွဲတစ်ခုမှာ
သူ နိုင်ငံရေးလုပ်ဖြစ်ခဲ့ခြင်းဟာ
RIT ကာတွန်းဘောက်စ်ထဲက ကာတွန်းတွေကြောင့်လည်း
ပါတယ်ဆိုပြီး ပြောလိုက်တာကို
ကြားလိုက်ရပါတယ်…။
ဒီလိုအချိန်မျိုးမှာ ကိုမင်းကိုနိုင်လိုလူတစ်ယောက်က
ပြောတဲ့စကားဟာ တန်ဘိုးကြီးပါတယ်ဗျာ…။
ဆိုတော့…။
RIT ကာတွန်းဘောက်စ်ကို သူကြီးလည်း ဖြတ်သန်းခဲ့ဘူးတယ်လို့
ကျွန်တော်သိထားပါတယ်…။
အဲဒီအတွေ့အကြုံလေးတွေ ဖတ်ခွင့်ရရင် ဖတ်ချင်ပါတယ်လို့ ဒီနေရာက
လေးလေးစားစား တောင်းဆိုပါတယ်ဗျာ…။
စကားအတင်းစပ်ရရင်ဖြင့်…
ဆရာကြီးဦးအောင်သင်းတစ်ယောက် နေမကောင်းရှာဘူးခင်ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile
March 2, 2013 at 2:00 am
ပို့စ်ကိုရော ကွန်မန်းများကိုပါ ဖတ်ရှု့လေ့လာသွားပါတယ်ခင်ဗျ။
ဗဟုသုတတိုးပွားစေပါ၏…….
ဖတ်ရတာ နှစ်သက်မိပါသည်……….
blackchaw
March 7, 2013 at 7:01 am
@ အပြုသဘောဆောင်တဲ့ mobile ;
ဝင်လည်းဖတ်သွားတယ်…။
ကွန်းမန့်လေးလည်း ရေးပေးသွားတယ်…။
နှစ်ခုစလုံးအတွက် ကျေးဇူးပါ mobile ရေ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
ရွှေ ကြည်
March 2, 2013 at 3:40 pm
လေးဘလက်ရေ ကျေးဇူးအကြီးကြီးတင်ပါကြောင်းဗျာ။ ကိုမင်းကိုနိုင်ပြောသွားတာတွေ အားကြီးသဘောကျသလို လေးဘလက်ပြောတဲ့ တောင်ကိုရီးယားကိစ္စကိုလည်း အသည်းအသန်သဘောကျထောက်ခံပါတယ် အခုအစိုးရကဘယ်လိုဖြစ်တုန်းဆိုရင် အများနဲ့ဆိုင်တဲ့ ပြည်သူနဲ့ဆိုင်တဲ့ ကိစ္စတွေကို အဖွဲ့အစည်းတခုတည်းပဲဆုံးဖြတ် ပြီးမှ ပြည်သူကိုချပြ ပြည်သူကဆန္ဒပြတော့မှ ပြည်သူ့သဘောကို အလေးထားသောအားဖြင့်ဆိုပြီးအမှတ်ယူချင်သလားမသိပါဘူးဗျာ ဒါပေမယ့် နှစ်နိုင်ငံကြားမှာ မျက်နှာပျက်နိုင်တယ်ဆိုတာသတိထားသင့်တယ်ဆိုတာလေးပါဗျာ..။ ကျန်တာတွေတော့ဖတ်ရင်းရီမောခံစားသွားပါတယ် ရီရင်းမောနေလို့လေ 😆
blackchaw
March 7, 2013 at 7:04 am
@ ရွှေကြည် ;
ဖတ်သွားတဲ့အတွက်ရော…
ကွန်းမန့်လေး ဝင်ရေးသွားတဲ့အတွက်ရော…
ဖတ်ရင်း ရီ သွားတဲ့ အတွက်ရော…
ရီ ရင်း မော သွားတဲ့ အတွက်ရော…
အားလုံးအတွက်ကျေးဇူးပါ ရွှေကြည်ရေ…။
ချစ်ခင်လေးစားတဲ့…
လေးဘလက်…။
ဦးဦးပါလေရာ
March 3, 2013 at 2:01 am
ဟမ်း… ဟမ်း…
ပြောတော့ပါဘူး…
(သူများပြောသွားတာ ကုန်နေပြီ.. 😀 )
တစ်ခုပဲ-
ကိုချော တော်တော် သတ္တိကောင်းလာတယ်လို့ခံစားမိသဗျ…
မကြာခင် နာမည်တောင် ပြောင်းချင်ပြောင်းဦးမှာ-
Red Chaw ဆိုပြီးတော့…
:harr:
blackchaw
March 7, 2013 at 7:17 am
@ ဦးဦးပါလေရာ ;
အသာလုပ်ပါ ကိုပါကြီးရယ်…။
သူများရှေ့က ရဲရဲရင့်ရင့်ပြောနေတာ တွေ့မှ နောက်က သံယောင်လိုက်ပေးတဲ့လူကို
သတ္တိကောင်းလာတယ်လို့ ပြောလို့ မသင့်တော်ပါဘူးဗျာ…။
အခု လတ်တလော လုပ်နေတဲ့ စာပေဟောပြောပွဲတွေ
တော်တော်များများကို ကျွန်တော် နားထောင်ဖြစ်ပါတယ် ကိုပါကြီးရေ…။
mp3 ဖိုင်လုပ်ပြီး ကားပေါ်မှာ တစ်ချိန်လုံး နားထောင်ဖြစ်နေသလို…
အိပ်ယာဝင်တဲ့အချိန်တွေတိုင်း (တိုင်း…လို့ ပါတယ်နော်)
စာပေဟောပြောပွဲတွေ နားထောင်ဖြစ်ပါတယ်ဗျာ…။
အခုတလောလုပ်နေတဲ့ စာပေဟောပြောပွဲတွေမှာ
ဆရာတွေ ဆရာမတွေအကုန်လုံး နီးပါးက
အခုလိုပဲ ပွင့်လင်းစွာ ပြောဆိုနေကြပြီ ခင်ဗျ…။
ဒါကြောင့်…
ကျွန်တော်က သတ္တိကောင်းလာတာမဟုတ်ပဲ…
ရှေ့က လမ်းပြတဲ့…
ဆရာတွေ ဆရာမတွေက သတ္တိ ရှိရှိနဲ့ ဟောနေပြောနေလို့ …
ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော် သတ္တိကောင်းလာသလို ဖြစ်နေတာပါ…။
ရေးဦးမယ်ဗျာ…။
အဲဒီအကြောင်း…။
ချစ်ခင်လေးစားတဲ့
ကိုချော…။
အလင်းဆက်
March 3, 2013 at 9:29 pm
အခုမှ ပဲ..ဖတ်ရတော့တယ်…လေးလေးဘလက်
Shwe Ei
March 4, 2013 at 5:04 pm
ကမာရွတ် စာပေဟောပြောပွဲတုန်းက ကို့အိမ်တံခါးပေါက်မှာ လုပ်တဲ့ပွဲဆိုတော့
အိမ်ပေါ်ကနေ ဇိမ်လေးနဲ့ နားထောင်ရတာခည
ကိုမင်းကိုနို်င် ပြောသွားတာလေးတွေ တော်တော်များများ မှတ်မိနေသေးတယ်။
၈၈ တုန်းက ဆန်ဒပျကျောင်းသားတွေ စစ်တပ်လက်က လွတ်အောင် ပြေးကြတော့
ပြည်သူတွေက ဘယ်လိုကူတယ် ကိုယ်တိုင်လဲ ဘယ်ပုံဘယ်နည်းလွတ်အောင်ကြံတယ်
ဆိုတာလေးတွေ ဟာသနှောပြီးပြောပြပေမဲ့ ကြားရတာ ငိုချင်တယ် :byae:
မှောင်ကြီး
March 5, 2013 at 1:44 am
ကောင်းပါ့ဗျား…။
ဦးဘလက်ရေ တစ်ကယ်ကြီးကိုုကောင်းတာပါ။
uncle gyi
March 6, 2013 at 10:46 pm
ကိုဘလက်ကသူကြီးသေနတ်ငှါးပြီးကိုးလုံးကျည်ထိုးနဲ့ပစ်သွားတာကိုး
တချက်ထဲနဲ့မှန်ချက်ကမနည်းပါဖူး
ပိုက်သဂိုးရပ်စ်တော့ကြိုက်သဗျို့
blackchaw
March 7, 2013 at 7:26 am
@ အလင်းဆက် ;
@ Shwe Ei ;
@ မှောင်ကြီး ;
@ uncle gyi ;
ကွန်းမန့်လေးတွေ ချီးမြှင့်ပေးသွားကြတာ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။