ဦးလေး အမြည်းနော်

etoneJuly 22, 20101min430

ဦးလေး အမြည်းနော်

ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅၀
ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃ဝ လောက် ရှိတဲ့
သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။

ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။

သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။
မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။

အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။
hartha_02042010

သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး
နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။

အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ ကျဲကျဲဝိုင်းဆိုသလို
လက်ဖက်သုပ်(အဘိုးကြီးသုပ်)၊ ကန်စွန်းပလိန်း နဲ့ ကြက်ဥ ဟတ်ဖ်ရိုက်
ကြော်လည်း စီစဉ်ထားပါသေးတယ်။

သက်နိုင်က အရက်ကို ဖန်ခွက် နှစ် ခွက်ထဲ ညီတူ မျှတူ ငှဲ့လိုက်ပြီးတော့
သူ့ဦးလေးကို စကား စလိုက်ပါတယ်။

“ကဲ ဦးလေးကြည် ချီးယားစ် ဗျာ၊ ကျနော့် ရှိတာလေးနဲ့ ဖြစ်သလိုပဲ စီစဉ်ရတာ
ချလိုက်ရအောင်”

ဦးကြည်ကလည်း အရက်ခွက်ချင်းတိုက်လိုက်ကာ တကြိုက်တည်းမော့ချလိုက်ပြီး
လက်ဖက်သုပ် ကို နှိုက်မြည်းလိုက်တယ်။ ပြီးတော့ သက်နိုင် ကိုလည်း
ပြောလိုက်ပါတယ်။

“ကောင်းကွာ ၊ ရင်ထဲကို ပူဆင်းသွားတာပဲ၊ မင့်ရှိတာလေးလို့ ဆိုပေတဲ့
စေတနာသာ အဓိကပါကွာ”

အရက်ကဖြင့် သောက်ခါစပဲ ရှိသေး “စ လာပြီ” လို့ သက်နိုင်က တွေးလိုက်ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဦးကြည်က စာတိုပေစလေးကလည်း ဖတ်မှတ်လေ့လာ၊
အာဘောင်အာရင်း သန်သန်နဲ့ ပြောဆို ဆွေး နွေးတတ်တဲ့ ဝါသနာလေးကလည်းပါ၊
စကားပြေားရင်လည်း တကယ့်ကို အသံကျယ်ကျယ် အာဘောင် အာရင်း သန်သန်နဲ့ ပြော
တဲ့လူ။ အဲဒီလိုမျိုး လူ။ သက်နိုင်က တွေ့ဖူးကြုံဖူးတာများပြီမဟုတ်လာ

း။
ဒါပေမယ့် သက်နိုင်က အလိုက်အထိုက် လုပ်လိုက်တယ်။

“ဟုတ်ကဲ့ ဦးလေးကြည်”

အဲဒီလို သက်နိုင်ဆီက လေးစားသမှု ပုံစံပြလိုက်ရင်ပဲ ဦးကြည်က အရက်ကို
ကိုယ့်ဘာသာ ဖန်ခွက်ထဲ ငှဲ့ သောက်လိုက်၊ အမြည်း ကိုလည်း
လက်နဲ့နှိုက်လိုက်လုပ်ရင်း အသံကျယ်ကျယ်နဲ့ စကားဆက်နေပါတော့တယ်။

“အေး စေတနာ ဆိုတာ တူသော အကျိုးပေးတယ်လို့ ဘုရား ဟောထဲမှာလည်း
ပါတယ်မဟုတ်လားကွာ အေ့ ”

ဦးကြည်က အရှိန်ရလာလေပြီ။

“ဟုတ်ကဲ့”

“တဦးက စေတနာ တဦးက မေတ္တာ ဆိုတာလည်း ရှိတယ်မဟုတ်လား”

“ဟုတ်ကဲ့”

သက်နိုင်က အာရုံလွှဲချင်တဲ့ သဘောနဲ့ သူ့ ဖန်ခွက်ထဲ အရက် ငှဲ့ပေးလိုက်တာကို
ဦးကြည်က လက်ကာပြီး ပြန်ပြောတယ်။

“ရပါတယ်ကွာ ၊ တော်ပြီလေ တော်ပြီ တော်ပြီ”

တော်ပြီသာ ဆိုတယ်၊ တကယ်တော့ ဦးကြည်လက်က ဖန်ခွက်ကို အုပ်လိုက်တာ
မဟုတ်ဘူး၊ သူ့ လက်ဖဝါး နှစ်ဘက်ကို ရင်ဘတ်နားမှာ ကတ်ထားပြီးပြောနေတာ။

သောက်ရင်းစားရင်းနဲ့ အရက်လည်း တော်တော် ကုန်သွားပြီ။ အမြည်းတွေလည်း
ကုန်တော့မယ်။ သက်နိုင်လည်း အရှိန်ရနေပြီ။

ဦးကြည်က ပုလင်းထဲက အရက်ကို ငှဲ့သောက်ရင်း အမြည်း ပန်းကန်ကို
လက်လှမ်းလိုက်ပြန်ပါတယ်။

အဲဒီမှာ သက်နိုင်က ဦးကြည်ကို စပြောလာတယ်။

“ဦးလေး အမြည်း နော်”

“စားပါတယ် ငါ့ တူရ”

အဲဒီလို ဦးကြည်က သူ့ကို သက်နိုင်က အမြည်းမစားမှာ စိုးလို့
သတိပေးတယ်အထင်နဲ့ အမြည်းနှိုက်ဖို့ နောက်တခါ လက်လှုပ်ရှား တဲ့ အချိန်မှာ
သက်နိုင်ကလည်း ထပ်ပြောတယ်။

“ဦးလေး အမြည်းနော်”

“စားပါတယ် ငါ့ တူရ”

ဒီလိုနဲ့ အမြည်းက ကုန်ခါနီးဆိုတော့ သက်နို်င်က ထပ်သတိပေးတယ်။

“ဦးလေး အမြည်းနော်”

ဦးကြည်ကလည်း သူ့ကို စားခိုင်းတယ်ထင်ပြီးတော့ စောစောက အတိုင်းပဲ ပြန်ပြောတယ်။

“စားပါတယ် ငါ့ တူရ”

နောက်ဆုံး သက်နိုင် မနေနိုင်တော့ဘူး။

သက်နိုင် ဒေါသ ပေါက်ကွဲပြီး စိတ်ဆိုးမန်ဆိုးနဲ့ ဦးကြည်ကို ပြောလိုက်တာကတော့ –

“ခင်ဗျား စားလွန်လွန်းလို့ ပြောနေတာ၊ အမြည်းက အဲဒါ အကုန်ပဲ မရှိတော့ဘူး”

အဲဒီမှာတင် ထုံးစံအတိုင်း တူအရီး နှစ်ယောက် စကားများပြီး အရက်ဝိုင်းလည်း
ပျက်သွားပါတော့တယ်။

ကိုဒဲ့ဒိုး

(သူငယ်ချင်း တယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်)