တောင်ဇလပ်ပန်းတို့ပွင့် တဲ့ရွာ
ခြေထောက်တွေ နာကျင်လာသဖြင့် သူမ ခဏနားရန် ဆုံးဖြတ်လိုက်သည်။ ရှေ့ကလူတွေ သွားနှင့်ကြပါစေ။ သူမ သည်လမ်းကလေးအတိုင်း ဆက်လျှောက်လျှင် ရွာကိုတွေ့နိုင်သည်ပဲ။ လမ်းက ကျောက်တုံး ကျောက်ခဲများနှင့် ကြမ်းတမ်း ခက်ထန်နေသည်။ သူမ၏ ခြေဖဝါးနုနုကလေးများ သွေးချည်ဥကုန်ပြီလား။ ဘာမဆိုင် ညာမဆိုင် မျက်ရည်တစ်ပေါက် က ကြသွားသေး၏။ ခုမှတော့ ကျသွားသည့် မျက်ရည်ကို ထိုင်ကြည့်နေရုံသာရှိသည်။ အသင့်ပါလာသော ကျောပိုးအိတ်ငယ် အတွင်းမှ ရေဗူးကိုဖွင့်သောက်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့
“အို လှလိုက်တဲ့ ပန်းပွင့်တွေပါလား“
အဆုပ်လိုက် အဆုပ်လိုက်ပွင့်နေသော နီစွေးစွေး ပန်းပွင့်ကလေးတွေ။ မော်ကြွားစွာလှပနေသည့် ပန်းကလေးတွေ။ သူမသည်လည်း ပန်းပွင့်ကလေးတစ်ပွင့်ဆိုလျှင် ထိုကဲ့သို့ တင့်တင့်တယ်တယ်ဖြင့် မော်ကြွားစွာ ပွင့်လိုက်ချင်သည်။ သို့သော် သူမက ခုလက်ရှိမှာ ကိုယ့်စိတ်ကိုယ်မပိုင်သည့် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့သည်လေ။
(၁)
လေဆိပ်ကိုရောက်တော့ စိတ်လှုပ်ရှား ရင်ခုန်မှုများနှင့် သူမ ပျော်ရွှင်နေမိလေသည်။ လေယာဉ်ပေါ်မှာကတည်းက စိမ်းလန်းစိုပြေနေသော ကချင်မြေမြင်ကွင်းကို အနှစ်ခြိုက်ကြီး သဘောကျလျှက် သူမ တာဝန်ကျသည့် ရွာကလေးက ဘယ်နားမှာပါလိမ့်ဟု ရော်ရမ်းမှန်းဆပြီး ရောက်လိုစိတ် ဆန္ဒစောမိနေသေးသည်။ ခုတော့ ဘူတာအိုလေဆိပ်ကို သူမတို့တတွေ ခြေချမိပြီ။ ရောက်ရောက်ချင်း ဘူတာအိုမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကလေးကို အပြေးတပိုင်းလှမ်းလျှက် သတင်းပို့ရသည်။ ထိုမှတဆင့် သူမတို့ အသီးသီးတာဝန်ကျရာရွာများဆီသို့ လက်ကလေးပြခါ နှုတ်ကြရသည်။ တစ်လလျှင် တစ်ခေါက်သာ ပူတာအိုရှိ ခရိုင်ပြည်သူ့ဆေးရုံလေးတွင် တွေ့ကြရမည့် သူငယ်ချင်းများ။ သူမ လက်ပြကာ ပူတာအိုမြို့မှ မချမ်းဘောမြို့ကလေးဆီသို့ သုံးဘီးဆိုင်ကယ်လေးနှင့် ထွက်ခဲ့သည်။
ပူတာအိုနှင့် မချမ်းဘောမြိ်ု့ကလေးသည် ဆယ့်လေးမိုင် သာသာဝေးသည်ဟု သူမ ပူတာအို လေဆိပ်ရောက်ကတည်းက သိထားသည်။
သူငယ်ချင်းတွေက
“ဖြူနုကတော့ မချမ်းဘောကို သွားပြီးမှ ရွာရောက်မှာနော်။ “
“အဲဒါဘာဖြစ်လဲ။“
“မိန်းမ ဟန်ကိုယ်ဖို့လုပ်မနေနဲ့ ရွာရောက်မှ ထိုင်ငိုမနေနဲ့လို့ပြောမလို့။“
မချမ်းဘောရောက်ပြီး ရွာကိုဆက်ထွက်မည့် ခရီးလမ်းကိုရောက်မှ ထိုင်ငိုရမည့်အဖြစ်ကို သူမ ရုတ်တရက် ကြုံရသည်။ သူမတာဝန်ကျရာရွာကိုရောက်ရန် နည်းလမ်းမှာ တစ်သွယ်သာရှိသည်တဲ့။ ထို နည်းလမ်းမှာ ခြေကျင်သာ သွားရမည့်ခရီးဖြစ်သည်တဲ့။ မိုင်အားဖြင့် ဆယ့်သုံးမိုင်ရှိသည်တဲ့။
“ဆရာမ လာလေ သွားရအောင် ။ အားတော့နာတယ်။ ရွာကိုရောက်နိုင်မယ့် နည်းလမ်းက ခြေကျင်လျှောက်ရုံမှလွဲလို့ တခြားနည်းလမ်းမရှိလို့ပါ။“
သူမကိုလာရောက်ကြိုဆိုသော ရွာခံရွာသားတစ်ယောက်က စိတ်ပျက်နေသည့်အနေအထားနှင့် ငူငိုင်ထိုင်နေသော သူမကို လောကွတ်လုပ်လေသည်။ သူမမှာဖြင့် အားတုန့်အားနာစွာနှင့်
“ရပါတယ်ရှင်။ ကျွန်မတို့ ဝန်ထမ်းတွေဆိုတာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရတာပါ။ သွားရအောင်။ တော်ကြာမိုးချုပ်မှာဆိုးတယ်။“
သူမက ဟန်ဆောင်အပြုံးများနှင့် စကားဆိုတော့ ရွာခံလူမှာ ပြုံးလက် ခြေလှမ်းစတင်လေသည်။ သူမက ထိုလူ့နောက်မှ ထပ်လျှက်မကွာလိုက်လျှက် သူမမသိသော ရွာကလေးဆီသို့ဦးတည်လိုက်ရသည်။
“အလန်ဂါးရွာကလေးရေ မင်းဆီ ငါလာခဲ့ပြီ“
(၂)
ညက ခရီးပန်းလာသဖြင့် ခေါင်းဦးပေါ်ခေါင်းချမိသည်နှင့် တုံးခနဲ သူမ အိပ်ပျော်သွားခဲ့သည်မှာ မိုးစင်စင်လင်းမှ နိုးသည်။ သူမ အိပ်ခန်းထဲမှထွက်ပြီး မျက်နှာသစ်ဖို့ ရေကပြင်ကိုရောက်တော့ ရေစည်ပိုင်းထဲမှာ ရေကအပြည့်။ ရေတစ်ခွက်ခပ်ပြီး လက်နှင့်ထိကြည့်တော့ အေးစိမ့်နေသည်။ ဖေဖော်ဝါရီလသည် ဆောင်းအကြွှုင်းအကျန်ကလေးတွေ ဝေ့ဝိုက်နေသေးသည် ထင်၏။ မျက်နှာကိုခပ်သွက်သွက်ကလေးသစ်ပြီး အခန်းထဲပြန်ဝင်လာကာ ဆွယ်တာတစ်ထည်ကို သူမ ကောက်ဝတ်လိုက်ရသည်။
“အို“
တစ်ယောက်သောသူရဲ့ အထိအတွေ့တစ်ခုလေအလား ခံစားလိုက်ရသည့်အသိတစ်ခု သူမရင်မှာ နွေးသွားရသည်။
“သူရေ ဖြူနု သိပ်လွမ်းတာပဲ။ ဒီမှာ ဖြူနုတစ်ယောက်တည်း“
ဘာဖြစ်လို့များ သူမ မျက်ရည်တွေ လွယ်ချင်နေရသည်မသိ။ ဘယ်အကြောင်းအရာကိုတွေးလိုက် တွေးလိုက် မျက်ရည်က ဝေ့ဝဲလာတတ်သည်။ သူမ ခုလက်ရှိတွင် မချမ်းဘောမြို့နယ်အတွင်းက အလန်းဂါးရွာကလေးရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ရောက်ရှိနေခဲ့သည်။ ပြတင်းတံခါးမှ မြင်နေရသော သစ်ခေါက်မိုးအိမ်ကလေးများနှင့် သစ်လုံးအိမ်ကလေးတွေရှိသော အလန်ဂါးရွာကလေး၏ မြင်ကွင်းကို ငေးမိရပြန်သည်။ မြို့ပြနှင့်သက်ဆိုင်ခြင်းမရှိသော တိတ်ဆိတ်ငြိမ်သက်နေသည့် အလန်ဂါးရွာကလေးသည် သူမကို ကြိုလင့်သည်လား မသိ။ သူ့ဘာသာ ဘာသိဘာသာ။
“ဆရာမနိုးနေပြီလား ဒီမှာ ကော်ဖီလာပို့တာ“
စကားသံဝဲဝဲနှင့်အမျိုးသမီးတစ်ယောက် သူမအနား ရောက်လာသည်။ အငွေ့တထောင်းထောင်းနှင့် ကော်ဖီခွက်သည် သူမကို စွဲဆောင်သွားနိုင်သည်။
“ရွာမှာ ကော်ဖီရှိတယ်လား“
“ရှိတာပေါ့ မချမ်းဘောကနေ ဝယ်လာတာ ဆရာမလေး ရောက်လာမယ်ပြောလို့လေ။“
အို သူမတစ်ယောက်အတွက်နှင့် တကူးတကဝယ်ထားသော ကော်ဖီဖြစ်နေပါလား။ သူမအားနာသွားရသည်။ အမျိုးသမီးတစ်ယောက်ဆိုသော်လည်း သူမထက် ငယ်ရွယ်မှန်း အနားတွင် သေသေချာချာကြည့်မှာ သိလိုက်သည်။ ဖြူဝင်းသောအသားအရေသည် အချမ်းဒဏ်ကြောင့်ထင် ပါးပြင်နှစ်ဖက်လုံး အနီဖျော့ဖျော့ပြေးနေလိုက်ပုံမှာ ပါးအိုးနီဆိုးထားသလိုရှိနေသည်။ နှစ်လိုဖွယ်ပြုံးနေသော ထိုအမျိုးသမီးလေး၏ အပြုံးသည် သူမရွာကိုရောက်ပြီး ဒုတိယအကြိမ်မြှောက်ရရှိသော အပြုံးတစ်ခုဖြစ်သည်။
“နာမည်ဘယ်လိုခေါ်သလဲ ဟင်။ ကျွန်မ နာမည်က ဖြူနုပါ“
“ဟုတ် ဆရာမ ကျွန်မနာမည်က လရ်မရ်ညီးပါ“
“ဘယ်သူ“
ကျွန်မ ရုတ်တရက် နားမလည်ပါ။ သူကလေးရွတ်ပြသော နာမည်သည် သူမနားထဲတွင် လည်မငြီးဟုသာ ကြားမိသည်။
“လ ရသတ် လရ်၊ မ ရ သတ် မရ်၊ ည လုံးကြီးတင် ဆန်ခတ် ဝစ္စနှစ်လုံးပေါက် ညီး ၊ လရ်မရ်ညီးပါ ဆရာမ“
“ဪ ဘာလူမျိုးပါလိမ့်“
“လီဆူးလူမျိုးပါဆရာမ“
“ရွာမှာ ဘာလုပ်လဲ“
“ရွာမှာလား ဒီက ဆရာမလေးတွေလာရင် ကူရတယ်။ အဖော်လုပ်ပေးရတယ်။ ဒီလောက်ပဲ။ “
ဒါကြောင့်ထင်သည် သူမတို့လို မြန်မာစကားကို အသံနေအသံထား ဝဲရုံမှလွဲပြီး စေ့စေ့ပေါက်ပေါက်ပြောနိုင်နေသည်။ ပုံစံကြည့်ရသည်မှာ သွက်သွက်လက်လက်ရှိမည့် ဟန်မျိုးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ထိုနေ့မနက်ခင်းတွေ လရ်မရ်ညီး တည်ခင်းသော မနက်ခင်းကော်ဖီတစ်ခွက်သည် သူစိမ်းရွာကလေးဖြစ်သော အလန်ဂါးရွာကလေးတွင် သူမကို နွေးထွေးလုံခြုံသွားစေသည် ဟု ခံစားလိုက်ရသည်။
(၃)
သူမ ဆန်အိုးလေးကိုဖွင့်ကြည့်လိုက်တော့ ဆန်မရှိတော့။ ရုတ်တရက် သူမ ကြောင်အသွားသည်။ သည်နေ့ လရ်မရ်ညီး မချမ်းဘောကိုသွားမည် ဘာမှာမလဲမေးတုန်းက မေ့ပြီး ဆန်မမှာမိ။ ရွာထဲတွင်တော့ ဆန်ဝယ်၍မရနိုင်။ ရွာသူရွာသားတွေက လှောင်ထားသော စပါးတွေကို သုံးရက်စာမှ တစ်ခါဖွတ်ကြသည်။ မရောင်းကြ။ ဝယ်မစားကြ။ သူမ အတွေးအိုက်သွားရသည်။ ယနေ့ညအဖို့ ညနေစာကိုမစားပဲ ခေါက်ဆွဲခြောက်တစ်ထုပ်နှင့်ပြီးနိုင်သော်လည်း မနက်ဖြန်အတွက်မူ သူမ မချမ်းဘောကိုသွားကိုသွားရမည့်အခြေအနေ။ သူမလို မိန်းကလေးတစ်ယောက်တည်း သည်လို ကြမ်းတမ်းသည့် ခြေကျင်ခရီးတစ်ခုကို အဖော်မပါပဲ ဘယ်လိုသွားရမည်နည်း။ လရ်မရ်ညီးက မနက်ဖြန်မှာ ပြန်လာမည်။ ပြန်လာလျှင်တောင် ညနေ မိုးချုပ်ခါနီးလောက်မှ ရောက်နိုင်သည်။ နောက် သူမမှာ ရိက္ခာ ပြတ်လပ်တော့မည်။ ဝယ်ထားသော ခေါက်ဆွဲခြောက်နှင့် ကော်ဖီထုပ်များ တစ်ပတ်စာလောက်သာကျန်တော့သည်။ လက မကုန်သေး။ ပူတာအိုကိုသွားရန်ရက်က တစ်ပတ်ကျော်ကျော်လောက်လိုသေးသည်။
အိမ်ကိုပိုက်ဆံပြန်မှာရအောင်လည်း ဖုန်းမရှိ။ ဆက်သွယ်မှုဧရိယာပြင်ပကိုကျော်လွန်၍ သူမ အခြား ဂြိုဟ်တစ်လုံးပေါ်ကိုရောက်နေသည့် နှယ်ခံစားနေရသည်။
ရွာအတွင်း ဟင်းစားမရှိ။ သူ့အသီးအနှံကိုယ်တောင်းစား ကိုယ့်အသီးအနှံ သူ့ပေးစား စနစ်သာလျှင် ဤရွာကလေးတွင် အလုပ်ဖြစ်သည်။ သို့သော်ရှားရှားပါးပါး။
“ဆရာမ ဆန်အိုးကြီးလှပ်ပြီး ဘာတွေတွေးနေတာလဲ“
“ဪ“
သူမ အတွေးတွေလွန်နေသည်မှာ ကြာသွားသည်။ လှည့်ကြည့်တော့ ဒါလီးဝူက တံခါးဝတွင် ဖက်ထုပ်တစ်ထုပ်ကိုင်ပြီး ရပ်နေသည်။
“လာလေ ဒါလီးဝူ။ လက်ထဲက ဘာထုပ်ကြီးလဲဟဲ့“
“ချေ(ဂျီ)သားပါ ဆရာမ ချက်စားဖို့ယူလာတာ“
“ဒါလီးဝူရေ နင်က ဟင်းစားကောင်းကောင်းလာပေးတဲ့ရက်မှ ဆရာမမှာ အငတ်ကိန်းဆိုက်နေတာ“
“ဘာလို့လဲ ဆရာမရဲ့“
“ဆန်ကုန်နေတယ် ဟဲ့“
ဒါလီးဝူး ဆန်အိုးကိုသွားလှပ်ကြည့်သည်။ ပြီးတော့
“ဒါများဆရာမရယ် ပူနေရသေး ကျွန်တော့်အိမ်က ယူလာပေးမယ် ခဏစောင့်“
“အားနာစရာဟယ် နင်တို့က ရက်တွက်ပြီး ဆန်ဖွတ်ထားတာမလား ၊ လျှော့သွားလို့ အမိုးတို့ ပြောနေပါဦးမယ်“
“ရတယ် ဆရာမ ကျွန်တော် မနေ့က ဆရာမအတွက် ပိုဖွတ်ထားတဲ့ ဆန်တွေရှိတယ် တစ်ပုံးတောင်ဗျ“
ပြောပြောပြေးပြေး ပြေးထွက်သွားသော ဒါလီးဝူကို သူမ လိုက်ကြည့်ပြီး သက်ပြင်းတစ်ခုချမိသည်။ သူမအတွက်နှင့် ထိုကောင်လေး ဗျာများနေခဲ့သည်မှာ ဘယ်လောက်ကြာခဲ့ပြီလဲ ဟု..။
(၄)
“ဆရာမ ဒီမှာကြည့်“
“ဟယ်“
လရ်မရ်ညီး လက်ထဲမှာ ဖြူလွှလွ စာအိတ်ကလေးတစ်အိတ်က သူမ၏ ရင်ကိုအတိုင်းမသိပျော်ရွှင်သွားစေသည်။ စာတစ်စောင်မြင်တိုင်း ဘယ်ကလာလာ သူမပျော်ရွှင်ရသည်ချည်း။ သူမအတွက် လရ်မရ်ညီးနှင့် ဒါလီးဝူသည် သည်ရွာကလေးတွင် မရှိမဖြစ် လူသားများဖြစ်ကြသည်။ ကျန်သည့် လူများကတော့ သူမကို အဖက်မလုပ်ကြ။ သူမကို ကြောက်သည်လား။ ရွံ့သည်လား မကွဲပြား။ ကျန်းမာရေးအနေနှင့် သူမက လိုက်လံ ပညာပေးလျှင်တောင် လိုလိုလားလားမရှိကြ။ ဒါလီးဝူးအိမ်နှင့် လရ်မရ်ညီး အိမ်နှစ်အိမ်လောက်သာ သူမကို ပျာပျာသလဲကြိုဆို တတ်ကြသည်။
သူမ၏ ဆေးခန်းနှင့် ရွာကို ကြားခံဆက်သွယ်ပေးနေသူများမှာ ထိုနှစ်ယောက်သာရှိသည်။ သူမက ကာကွယ်ဆေးထိုးရမယ်ဆိုရင် သူတို့နှစ်ယောက်က ရွာကိုဆော်ဩကြပြီး သူမအနားတွင် ဆေးပုလင်းကိုင်ပေးတာမျိုး။ အပ်ကိုင်ပေးတာမျိုးတွေ ကူညီသည်။ သူမ ဘာလိုလို အချိန်ပြည့်နီးပါးရှိနေတတ်သော လရ်မရ်ညီးနှင့် ဒါလီးဝူပါပေ။ ခုလည်း ကြည့် သူမအတွက်ပါလာသော အရာသည် သူမမျှော်လင့်နေခဲ့သော စာတစ်စောင်ဖြစ်နေသည်။
စာအိတ်ပေါ်က လက်ရေးသော့သော့တွေက သူမရင်ကိုခုန်စေတာတော့အမှန်။
“ဖြူရေ
သိပ်လွမ်းတယ်ကွာ“
သူမ ရင်ကို စာကလေးကိုအပ်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူ့အရိပ်အယောင်သည် အာရုံတွင် ထင်ရှားစွာပေါ်လာသည်။ သူမ လွမ်းနေခဲ့သော သူ့ရဲ့စာ။
“စာမလာ သတင်းမကြားဆိုတော့ စိတ်တွေလည်းပူတယ်။ ဖြူနဲ့ ကိုယ့်အဖြစ်က အသံမကြားနိုင်တဲ့အရပ်မှာ ကမာ္ဘခြားနေတဲ့အဖြစ်နဲ့တူနေတယ်။ ဖြူလည်း အဲဒီမှာရောက်နေတာ တစ်နှစ်ရှိပြီနော်။ နောက်ထပ် နှစ်နှစ်ပဲကျန်တယ်ဆိုပေမယ့် ပြောင်းရွှေ့လျှောက်လို့ရပြီလို့ ကိုယ်တော့သတင်းကြားတယ်။ ဖြူရော မလျှောက်သေးဘူးလား။ တကယ်လို့လျှောက်ရင် ကိုယ်ရှိတဲ့ မိုးကောင်းမြို့နဲ့ သိပ်မဝေးတဲ့ မြို့တွေကိုလျှောက်ပါ ဖြူ။ ဒါမှ နေ့ချင်းပြန်ခရီးနဲ့ ကိုယ်ဖြူ့ဆီရောက်လာနိုင်မှာမို့ပါ။
ဖြူ့အတွက် စာနဲ့အတူ ရိက္ခာခြောက်ကလေးတွေ နည်းနည်းပါးပါးထည့်ပေးလိုက်တယ်။ ဖြစ်နိုင်ရင် ဒီ့ထက်ပို့ချင်တယ်။ ဒါပေမယ့် ပို့ဆောင်ခဈေးကြီးတာရယ်၊ လူကြုံကိုအားနာနေရတာကြောင့် ဒီလောက်ပို့နိုင်တာ ခွင့်လွှတ်ပါဖြူ။ အချိန်မရလို့ နောက်မှ စာထပ်ရေးဦးမယ်။
စာရရင် စာပြန်ပါဦးဖြု
သိပ်လွမ်းနေတဲ့
ဖြူရဲ့
ကိုယ်“
သူမ စာကိုကိုင်ပြီး ဘယ်လောက်တောင် ငြိမ်သက်နေမှန်းမသိ နောက်က ချောင်းဟန့်သံကြားမှ လှည့်ကြည့်မိတော့ ဒါလီးဝူ။ သူမ စာကလေးကို မသိမသာ ဆေးခြင်းတောင်းထဲသို့ ထည့်လိုက်မိသည်။ ဒါလီးဝူရဲ့ မျက်ဝန်းတွေကို သူမ ရုတ်တရက် ရင်မဆိုင်ရဲ။
“လာလေ နင့်လက်ထဲက ဆန်ထုတ်လား“
လရ်မရ်ညီးက မေးမေးပြောပြော ပြောကာ ပလိုင်းထဲမှ အထုပ်တစ်ထုပ်ကိုထုပ်ပြီး သူမကို လစ်ခနဲပြုံးပြသည်။ ပြီးတော့
“ဆရာမကသာ မချမ်းဘောကိုဘာမှမမှာတာ ကျွန်မက ဆန်အိုးလှပ်ကြည့်ပြီး ဆရာမအတွက် ဆန်ဝယ်ခဲ့ပေးပါတယ်။ ဆန်အိုးထဲထည့်လိုက်မယ်နော်“
အလိုက်သိတတ်လွန်းသော လရ်မရ်ညီးကိုကြည့်ပြီး
“ကျေးဇူးတင်လိုက်တာ ညီမရယ်။ ဒါလီးဝူ ကိုတောင် အားနာနေတာ ။ သူလည်း ဆန်ယူလာပေးတယ်လေ။ “
ခုချိန်ထိ ဆန်ထုပ်ကြီးကိုင်က ကျောက်ရုပ်တရုပ်လို မလှုပ်မယှက် ရပ်တန့်နေပါသော ထိုကောင်လေးကို သူမ ရဲရဲမကြည့်ရဲ။ လရ်မရ်ညီးက အခြေအနေကိုသဘောပေါက်စွာဖြင့် ဆန်ထားပြီး ပြန်ဦးမယ်ဟုဆိုကာ နှုတ်ဆက်ထွက်ခွာသွားသည်။ သို့သည်တိုင်အောင် အခန်းသည် တိတ်ဆိတ်ငြိမ်သက်ဆဲ။ ညိုးလျှော်ဖျော့တော့နေသည် ထိုကောင်လေး၏ မျက်ဝန်းတစ်စုံမှာ ဘာသာပြန်ခက်ခဲသော စကားလုံးတစ်ချို့ရှိနေပါလိမ့်မည်။ သူမသည် ခေါင်းလောင်းတစ်လုံးဖြစ်မည်ဆိုပါကာ အလယ်တွင် ခလောက်သံမပါသော ခေါင်းလောင်းတစ်လုံး ဖြစ်ချင်မိသွားသည်။
နံရံတစ်ဘက်တစ်ချက်ဆီကို ပြေးလွှားထိစပ်နေရသော ခလောက်တံလေးဟု ထိုကောင်လေး မယူဆစေချင်သည်ကတော့ ထိုမျက်ဝန်းတွေကြောင့် သေချာလေသည်။
(၅)
“ဆရာမ ဟိုး တောင်ဇလပ်ပန်းတွေကိုကြည့်လိုက်…။ အပွင့်တွေဆိုတာ သိပ်ကိုလှတာ။ အဲဒီထဲက ပန်းတစ်ပွင့်ဟာ ဆရာမဟုတ်ပါဘူးလို့ ဘယ်သူပြောရဲမလဲ“
အယ်…။ ကောင်လေးက တည်တည်ငြိမ်ငြိမ်ပြောနေသော်လည်း သူမ ရင်ထဲ သည်ကောင်လေး မရိုးဘူးရယ်ဟုတော့ တွေးနေမိပြီ။ သည်နေ့အဖို့ ရှင်းသန့်နေသော အသားဖြူဖြူမှာ သူမ လက်ဆောင်ပေးထားသော ရှပ်အကျီ အနီကွက်ကလေးနှင့် ကောင်လေး ကြည့်လို့ကောင်းနေသည်။ ဆေးမဆိုးပါပဲ နီနေသော ဆံပင်တွေက တောင်ကမ်းပါးယံကို ကွေ့ဝိုက်တိုက်ခတ်လာသော လေတွေကို တိုးဝှေ့နေသဖြင့် ခပ်လွှင့်လွှင့်။ သူမ တိတ်ဆိတ်စွာ နှုတ်ပိတ်ငြိမ်နေမိပြန်သည်။
“ တောင်ပေါ်မှာပွင့်တဲ့ တော်ဇလပ်ပန်းနဲ့ မြေပြန့်မှာပွင့်တဲ့ စပယ်ပန်းက အရောင်ရော၊ အဆင်းရော၊ အချင်းရော မတူဘူး။ ကျွန်တော့်အဖြစ်က ဘာနဲ့တူသလဲဆိုရင် မြေပြန့်မှာပွင့်တဲ့ စပယ်တစ်မျိုးကို တောင်ပေါ်အထိယူလာပြီး ပြုစုပျိုးထောင် စိုက်ပျိုးရသလိုပဲ။ ဘယ်နေ အပင်ကလေး ညိုးနေမလဲ၊ ဘယ်နေ အပင်ကလေး သေဆုံးမလဲ၊ ဘယ်တော့မှ အပွင့်တွေ ပွင့်လေမလဲ….“
“ဒါလီးဝူ“
“တကယ်တော့ ကျွန်တော့်အနားမှာ တောင်ဇလပ်ပန်းတွေ ဝေဝေဆာဆာပွင့်နေတယ်…..“
“ဆရာမ တစ်ခုလောက်“
“အဲဒီ တောင်ဇလပ်ပန်းတွေထဲမှာ ဆရာမကို နီစွေးစွေး ပွင့်နေစေချင်တာ ကျွန်တော် လွန်နေမလား ဟင်“
“အို“
ဘုရား…။ ကောင်လေး မျက်ဝန်းမှာ..။
သူမ သက်ပြင်းမောတစ်ခုကို ဟန်မဆောင်နိုင်ပါပဲ ချမိရပြီ။ ရွာကလေးကိုရောက်စ နေ့ရက်များနှင့် ယခုချိန်ထိ သူမနားမှာ အရိပ်လို ကပ်ပါနေခဲ့ပါသော ကောင်လေး။ လီဆူးတိုင်းရင်းသားလေ။ ရိုးသားဖြူဝင်သော ထိုကောင်လေး။ ပင့်ကူအိမ်တစ်ချို့ ယှက်မိပြီထင်ပါရဲ့။
ရွာနှင့် သူမအကြား ကြားခံ ဆက်သွယ်ပေးခဲ့သော ကောင်လေး၏ သူမအပေါ် ပေးဆပ်ခဲ့မှုများ။ တောင်ပေါ်တိုင်းရင်းသားတစ်ယောက်ရဲ့ မြေပြန့်သူတစ်ယောက်အပေါ် ဖြစ်ပေါ်မိနေသော သံယောဇဉ်အတိမ်အနက် သူမ ဘယ်လိုနည်းမျိုးနှင့် ထိုကျင်းကိုဖို့ရက်ပါမည်တဲ့လဲ။ တရိပ်ရိပ်တက်လာသော ဒီရေသည်နှယ် မြတ်နိုးမှုသည် သူမပေါ် ဖုံးလွှမ်းခဲ့ပြီ။
မိုးသည်းည၏ နောက်ပိုင်းအဖြစ်အပျက်တွေက ဒါလီးဝူဆိုသော ကောင်လေး၏ ရင်ကို အဆိပ်ခတ်မိစေခဲ့ပြီလား။
“ဆရာမက ဧည့်သည်ပါ။ ဒါလီးဝူက အိမ်ရှင် ဆရာမတို့ ဧည့်သည်ဆိုတာ အချိန်တန် အိမ်ပြန်ကြရတာလေ..။ ကိုယ့်အရပ်ကိုယ်မြေမှာ မော်ကြွားစွာပဲ ပွင့်ချင်တာ သဘာဝတော့ကျပါတယ်နော်.။ ဒါလီးဝူ ဆရာမရဲ့အရိပ်တွေကို ဘာသာပြန်မှားခဲ့တယ်လို့ ဆရာမမဆိုချင်ပါဘူး။ လူတစ်ယောက်ဟာ သူ့စိတ်ထဲမှာရှိတာကို ဖြစ်ခွင့်ရှိတယ်။ စိတ်ကူးယဉ်ခွင့်ရှိတယ်။ ဒါ သူ့ရဲ့ Personal လွတ်လပ်ခွင့်။ ခု ဒါလီးဝူစိတ်ထဲမှာ ဆရာမအပေါ် ယိုဖိတ်နေတဲ့ စိတ်တချို့ကို ဆရာမ မြင်တယ် သိတယ်။ ဒါပေမယ့်…..ဆရာမ ဘာမှမတတ်နိုင်ဘူး ကွယ်..။“
ရုတ်တရက်လှည့်ကြည့်လာသော ကောင်လေး၏ မျက်ဝန်းတွေကို ရင်မဆိုင်ဝံ့။
“ဒါဆို မိုးသည်းည အဖြစ်အပျက်က က ဘာလဲ“
သူမ မဖြေတတ်ပါ။
သူမ မြင်နေမိသည်မှာ ခပ်လှမ်းလှမ်းက လှမ်းမြင်နေရသော တောင်တစ်လုံး၏ တောင်ယာစိုက်ခင်းထဲရှိ တဲကလေးကိုသာ။ ထိုတဲကလေး၏ ညတစ်ညသည် ..။
(၆)
လမ်းခုလပ်မှာကတည်းက မိုးမိတော့မည်ဟု စိုးရိမ်စိတ်ဝင်ခဲ့သည့်အတိုင်းဖြစ်ခဲ့ပြီ။ အလန်ဂါးရွာကိုရောက်ခါနီးနေပြီ။ လျှိုတစ်ခုတော့ ခြားနေသေးသည်။ ထိုလျှိုသည် မိုးရွာပါက တောင်ကျရေတွေ အလုံးအရင်းလိုက် လိမ့်ဆင်းလာတတ်သည့် ချောင်းတစ်ခုဟုလည်း ပြော ၍ရသည်။ ခုတော့ မိုးက ရွာလေပြီ။
“ဆရာမ မြန်မြန်လာ ဟိုရှေ့မှာ လယ်တဲ တစ်လုံးရှိတယ်။ “
ဒါလီဝူးက ခေါ်သဖြင့် သူမ ခပ်မြန်မြန်ကလေး လျှောက်မိသည်။ မိုးကတော့ မလွတ်။ ခဏတွင်းချင်းပင် မိုးရေသည် သူမတစ်ကိုယ်လုံးကို ရွှဲစိုသွားခဲ့သည်။ တော်သေးသည်က သူမ၏ ဆေးအိတ်နှင့် သွေးပေါင်ချိန်တိုင်းကိရိယာကို ရရာ ပလပ်စတစ်အိတ်နှင့် ထုပ်ပိုးလာခဲ့မိ၍တော်သေးသည်။ မိုးရေတော့ မစိုတန်ကောင်းပါရဲ့။
မည်းမည်းကျုတ်နေသော ကောင်းကင်ကြီးဆီကနေ မိုးရေတွေ ခရားရေလွှတ်သလို တဗြောဗြော တအုန်းအုန်း ရွာချနေသည်။ လယ်တဲလေးသည် လေတစ်ချက်တစ်ချက် ပါလာပါက သိမ့်ခနဲ သိမ့်ခနဲ လှုပ်ယမ်းသွားတတ်သည်။ ဘယ်အချိန် တဲကလေး လေနှင့်အတူ ပါသွားလေမလဲဟု စိုးတထိတ်ထိတ်နှင့် တွေးပူနေမိသည်။ ဒါလီးဝူက
“ဆရာမ ဒီအတိုင်းဆို ဒီည ရွာကို မရောက်နိုင်တော့ဘူး “
ဟုတ်ပါရဲ့။ မိုးတွေ သည်းနေလိုက်တာများ လေရော တသောသောညံနေသည်ပဲ။ သူမ ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်လာသည်။ ပတ်ဝန်းကျင်အနေအထားကလည်း မှောင်နှင့်မည်းမည်း။ ဤတဲကလေးတွင် သူမနှင့် ဒါလီးဝူ နှစ်ယောက်တည်း။ အလင်းရောင်မရှိသော မိုးသည်းည။ သူစိမ်းယောကျာ်းလေးနှင့်အတူရှိနေပါလားဟူသော စိုးရွံ့စိတ်က ဖြစ်ပေါ်လာသည်။ သို့သော် ထိုကောင်လေး ရိုးသားသည်ပဲ။
အို မဟုတ်သေးပါဘူး။ ဆိတ်ကွယ်ရာဟုပြော၍ရသော ယခုလို မိုးညတစ်ညမှာ ထိုကောင်လေး စိတ်တွေ ဖောက်မပြားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဆန့်ကျင်ဘက်အသွင်အပြင်နှစ်ခုမှာ သွေးဆူလွယ်တတ်ကြသည်မှာ ယောကျာ်းတွေရဲ့ သဘောဝတစ်ခုဟု သူမ မှတ်သားဖူးသည်။
“ဆရာမ“
“ဟမ်…..ဘာ…ဘာလဲ ဒါလီးဝူ“
အတန်ကြာတိတ်ဆိတ်နေပြီးမှ
“ဆရာမ ကျွန်တော့်ကိုကြောက်နေတာမလား“
ဘုရားရေ …။ ဘယ်လိုစကားလုံးမျိုးနှင့် ထိုကောင်လေးကို သူမ ဝန်ခံရမည်လဲ။ အမှန်အတိုင်း ဝန်ခံလိုက်ရင်ရော.။ မြတ်စွာဘုရား။ သတ်မှတ်ချက်စံနှုန်းတွေအရ အားနွဲ့သူ မိန်းကလေးသူမ သည်အချိန်မှာ ဘယ်လို ခွန်အားတွေနှင့် ယောကျာ်းသားတစ်ယောက်ကို တွန်းလှန်နိုင်မည်လဲ။
“မကြောက်ပါနဲ့ဗျာ။ ဆရာမ အိတ်ထဲမှာ လိုရမယ်ရ ဆောင်ထားတဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်ရှိတယ်မလား။ အလင်းရောင်ရအောင် မီးထွန်းလိုက်ရအောင်။ ဒါမှ ဆရာမ ကျွန်တော့်ကို မြင်နိုင်မှာပေါ့ ။“
ဟုတ်ပါရဲ့။ မေ့နေလိုက်တာ။ ဆေးအိတ်ထဲမှ ဖယောင်းတိုင်နှင့် မီးခြစ်ကို သူမထုတ်ပြီး မီးထွန်းလိုက်သည်။ တဲအတွင်းအလင်းရောင်အနည်းငယ်နှင့် ဒါလီးဝူကို သူမ မြင်ရပြီ။ ကောင်လေးလည်း မိုးရေ ရွှဲရွွှဲစိုလို့ပါလား။ မလုံမလဲနှင့် မိုးရေကြောင့် ပါးကပ်နေသော သူမ၏ အကျီကို သတိပြုမိသည်။
လေကြောင့် ဖယောင်းတိုင်မီးမှာ တလူးလူးတလွှင့်လွှင့် မငြိမ်မသက်။ သို့ကလို သူမ စိတ်တွေလည်း မငြိမ်မသက် ပရမ်းပတာဖြစ်နေသည်။
“ဆရာမ“
“ဟင်“
“ကျွန်တော်….ကျွန်တော်လေ…..“
ဘယ်လို မျက်ဝန်းမျိုးတွေလဲ။ ညို့ရီ ကြည်လဲ့နေသည့် တောင်ပေါ်သားတစ်ယောက်၏ မျက်ဝန်းတွေမှာ အရိပ်တွေ တရိပ်ရိပ်ပြေးနေသည်။
“မင်းပြောမယ့် စကားက ဆရာမကို ချစ်တယ်ဆိုတဲ့အကြောင်းဆိုရင် မပြောပါနဲ့ ဒါလီးဝူ“
“ဗျာ“
“မဖြစ်နိုင်ပါဘူး။“
ကောင်လေး သူမနား တိုးကပ်လာသည်။ မယုံကြည်နိုင်သည့် မျက်ဝန်းတွေနှင့် ကောင်လေး၏ နုတ်ဖျားတွေသည် တဆတ်ဆတ်တုန်ယင်နေသည်။
“ကျွန်တော် သိပါတယ် ဆရာမရယ်။ ဆရာမ ဒီလိုပဲပြောမယ်ဆိုတာ။ ကျွန်တော့်အတွက် မမျှော်လင့်ကောင်းတဲ့ ပန်းတစ်ပွင့်ဆိုတာ။ ခုပြောရတာ ဆရာမ ပြောင်းရတော့မယ်ဆိုလို့။ ပြီးတော့ ဆရာမကို ခွဲရတော့မှာမို့လို့“
သူမ ကောင်လေးကိုမကြည့်ရဲ။ ဟုတ်တာပေါ့။ မကြာမီ သည်ရွာကလေးကနေ ပြောင်းရွှေ့ရတော့မည့် သူမတောင် လွမ်းချင်သလိုလိုဖြစ်သေးတာ။ သို့ပေမယ့် မတူ။ ခံစားချက်ခြင်းက မိုးနှင့်မြေ။ အလွမ်းတွင်တောင် ရိုးရိုး သံယောဇဉ်ဖြစ်တည်မှု နှင့် ပြင်းအားထိရှသော တစ်ထောင့်ငါးရာ အလွမ်း ထိုနှစ်ခု ထပ်တူမကျနိုင်။ ကောင်လေးမှာ ဖြစ်တည်နေသော စိတ်ကို သူမ မသိကျိုးကျွန် ပြုထားလက်စနှင့် မေ့ဖျောက်ထားရမည်လား သူမကိုယ်တိုင် ဇဝေ ဇဝါဖြစ်လာသည်။
အရိပ်တကြည့်ကြည့် သူမ၏ အလိုကို ဖြည့်ပေးတတ်ခဲ့သော။ ရွာနှင့် သူမ၏ကြား ပေါင်းကူးတံတားသဖွယ် အကျိုးဆောင်ပေးခဲ့လေသော ဒါလီးဝူ။ ကောင်လေး၏ မျက်ဝန်းတစ်စုံထံကနေ သူမ ဘာသာပြန်တတ်ခဲ့သည် ချစ်ခြင်းမေတ္တာတွေ။ ဒါတွေ သူမ မေ့ဖျောက်ပစ်ရဦးမှာလား။
“ဆရာမ ကျွန်တော့်ကို ဘာမှမပြောတော့ဘူးလား။“
“ဆရာမ မင်းရဲ့ခံစားချက်တွေကိုနားလည်တယ်။ ဒါပေမယ့် ဒါလီးဝူကိုတော့ ဆရာမ အဖြူထည် သံယောဇဉ်ထက် ပိုလို့မရဘူးကွယ်။ မင်းနားလည်မှာပါ။ ဆရာမက မင်းပြောသလို စံပယ်ပင်ကလေးပဲဆိုပါတော့။ မင်းပြုစုပျိုးထောင်လို့မရတော့မယ့် ပန်း လို့သာ မှတ်ယူလိုက်ပါ။ တကယ်တော့ မင်းနဲ့ဆရာမ တွေ့ဆုံခင်မင်ခဲ့ကြတာတွေဟာ အခိုက်အတန့်လေးတစ်ခုပါ။ ဒါဆိုရင် ဆရာမရဲ့ သဘောထားကို မင်းနားလည်မလား ဒါလီးဝူ “
တစ်ယောက်နှင့်တစ်ယောက် ကြည့်နေလိုက်ကြသည်မှ အကြာကြီး။ ကြည့်ပါ ဒါလီးဝူ။ ပူနွေးခြင်းအသိနှင့် သူမ ပါးပြင်ကို လက်နှင့် ထိစမ်းလိုက်သည်။
အို…။ မျက်ရည်တွေ တစ်လှိမ့်ခြင်းကျနေသည်။
မိုးသည် သည်းလာ၏။ လေသည် ကြမ်းလာ၏။ လျှပ်တပျက်အတွင်းမှာ သူမ မသိလိုက်သော အသိတစ်ခုကြောင့် ကောင်လေး၏ အနမ်းနုနုက ပါးပြင်ဆီမှာ နွေးထွေးသွားသည်။ နောက်ဆုံး နှုတ်ဆက်အနမ်း။
ဖယောင်းတိုင်မီးသည် လေကြမ်းကြောင့် ဟုတ်ခနဲ ငြိမ်းသွားသည်။ လျှပ်ပန်းလျှပ်နွယ်နှင့်အတူ မိုးသည် သည်းနေဆဲ..။
(၇)
သူမ အထုပ်အပိုးတွေနှင့် လူတစ်ယောက်ကို တောင်ကုန်းလေးထက်ကနေ မျှော်နေမိသည်။ သစ်ခေါက်မိုး အိမ်ကလေးတွေရေ ပြန်တော့မယ်ကွယ်။ လွမ်းမောစွာ သူမ ရွာကလေးကို ကြည့်နေမိသည်။ နုတ်ဆက်ခွင့်ကလေးတောင် မရှိတော့ပြီလား။ သူမ မျက်ဝန်းမှာ မျက်ရည်စို့စို့။ ရင်ဘတ်ထဲမှာ မခံနိုင်စွာ အိခနဲ လှိုက်တက်လာသဖြင့် မျက်ရည်တို့ပိုးပိုး ပေါက်ပေါက်ကျလာသည်။
“သွားရအောင် ဆရာမရယ်။ သူလာမှာ မဟုတ်တော့ပါဘူး။ “
လရ်မရ်ညီးက ဟန်မဆောင်တတ်သဖြင့် စကားလုံးတွေ ရွေးပြီး ပြောဟန်မတူ။ ဖေဖော်ဝါရီလ။ ဒီလမှာပဲ သူ ပြန်ရပြီ။ ဆေးခန်းလေးမှာ သူမ ချန်ထားခဲ့သည့် သစ်ခွပန်းတွေ။ ကောင်လေးတွေ့ရင်ဘာပြောမလဲ။ နုတ်ဆက်ဖို့အင်အားမရှိတော့သဖြင့် သူမထံရောက်မလာနိုင်တော့သည်လား။
သူ ခြေလှမ်းပြင်လိုက်သည်။
“ဆရာမ“
သူမလှည့်ကြည့်တော့ လရ်မရ်ညီးက ရွာဘက်ကိုကြည့်ရင်း သူမကို ထပ်ခေါ်သည်။
“ဆရာမ သူလာတယ်“
“ဟင်“
ဟုတ်ပါသည်။ တောင်ဇလပ်ပန်းတွေ တပွေ့တပိုက်နှင့် ပြေးလာနေသည့် ဒါလီးဝူ။ သူမ ရင်ထဲတွင် ရထားတွေ ခုန်မောင်းပြေးလွှားကုန်သည်။ သူမ ပြောမပြတတ်သည့် ခံစားမှုတွေနှင့်….။
“ဒါဆရာမအတွက်ပါ …။ ကျွန်တော့်တို့ရွာကလေးကနေ ဆရာမအတွက် လက်ဆောင်ပေါ့။ ဒါပေမယ့် ပန်းဆိုတာ နွမ်းတတ်တယ်။ မနွမ်းခင်တော့ လူတွေရဲ့ စိတ်ကြည်နူးမှုကိုအရယူရတယ်။ ဆရာမဟာ ပန်းတစ်ပွင့်ဆိုခဲ့ရင် လှပခြင်းနဲ့ မွှေးကြူခြင်းဆိုတဲ့ ဂုဏ်တစ်ခုကို ထိန်းပါ။ ကျွန်တော့်ရင်ထဲမှာတော့ မြေပြန့်က စပယ်လေးတစ်ပင်ကို ထာဝရစိုက်ပျိုးထားလိုက်ပြီ။ ခြောက်သွေ့ပြီး သေဆုံးစရာမလိုတော့ဘူး။ ကျွန်တော် မြတ်မြတ်နိုးနိုး ပျိုးထားမယ့် ပန်းလေးတစ်ပင်ပါ ဆရာမ။“
ပြောတတ်လှချည်လား တောင်ပေါ်သားလေး ဒါလီးဝူရယ်။ သူမ မျက်ရည်တွေကြားမှာ ဝိုးတဝါးနှင့် ကောင်လေး၏ မျက်နှာကို မမြင်တချက် မြင်တချက်။ မင်း ငိုနေမှာလား ဒါလီးဝူ။
“သစ်ခွတွေ မင်းကိုမျှော်နေတယ် ဒါလီးဝူ။ ဆရာ နုတ်ဆက်တယ်။ ဘာပဲဖြစ်ဖြစ် မိုးညရဲ့ မှားယွင်းဖျားယောင်းမှုတစ်ခုကို မင်းနားလည်ပေးလို့။ ပြီးတော့ ဆရာမအပေါ် သိပ်ကို ဖြူဝင်ပေးခဲ့လို့။ ဆရာမ မင်းကို ချစ်တယ်။ ဒါပေမယ့် ဒါဟာ ဒီရွာကလေးမှာပဲ ကျန်ခဲ့ပြီ…။ သွားမယ်နော်“
ဒါလီးဝူ မျက်ရည်တွေနှင့် ပြုံးသည်။ ပြီးတော့ ချာခနဲလှည့်ထွက်ကျောခိုင်းသွားသောအခါ သူမရင်ထဲမှာ ဟာခနဲ။
“ဆရာမသွားရအောင်“
ဒါလီးဝူ ..ကောင်လေးရေ။ စောင့်ထိန်းအပ်သော စည်းမျဉ်းတွေကို ဆရာမတို့ မိန်းမသားတွေက သေသေချာချာ လိုက်နာ နာခံတတ်ရတယ်။ မိန်းမသားဆိုတာ နီးရာ သာယာတတ်တဲ့ စိတ်ကလေးတွေ ရှိတတ်ကြပေမယ့် တကယ့် တကယ်တော့ ရင်ထဲက အချစ်ကို ပုံဖော်ထုဆစ်တဲ့နေရာမှာ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် သစ္စာတည်တတ်ကြတယ်လေ။ သစ်ခွပန်းအိုးကြားက မင်းအတွက် ဆရာမရေးခဲ့တဲ့ စာလေးကို မင်းဖတ်ပြီးရင် အမြင်ရှင်းသွားမှာပါ။မတူမတန်ဘူးဆိုတဲ့ စိတ်။ လူမျိုးရေးခွဲခြားလိုစိတ်တွေကြောင့်လို့ မင်းထင်နေတဲ့အရာတွေဟာ တစ်ခုမှ မဟုတ်ခဲ့ဘူးဆိုတာပေါ့။ ဆရာမကို လွမ်းမောစွာ မျှော်နေမယ့် ချစ်သူကို ဆရာမ သစ္စာတည်ရမယ်လေကွယ်…။
သူမ လက်ထဲတွင် တောင်ဇလပ်ပန်းတွေ။
ဟင်……ရှေ့မှာ တောင်ဇလပ်ပန်းတွေ အဆုပ်လိုက် ပွင့်ကြပြန်ပြီ..။ အပြုံးချိုချို အသားဖြူဖြူ ကောင်လေးတစ်ယောက်ကတော့ ရွာမှာကျန်ခဲ့ပြီ။
ကောင်လေး တွေ့လျှင် တောင်ဇလပ်ပန်းတွေက လှလိုက်တာ လို့များ ပြောလေဦးမလား…..။
သော်ဇင်(လွိုင်ကော်)
Date-8th-April-2013
Time-01:17PM
5 comments
အရိပ်စစ်
April 11, 2013 at 7:15 am
တောင်ဇလပ် ပန်းဆိုလို့ ဖတ်လိုက်တာ
တူကလည်း ငိုချင်အောင် လုပ်လိုက်ပန်ပီ ဟင့်
Ma Ei
April 11, 2013 at 10:28 am
တောင်ဇလပ်ပန်းပွင့်လေးတွေလို
လှပတဲ့ ဇာတ်လမ်းလေးပါပဲ…
အားပေးပါတယ်…
သျှားသက်မာန်
April 11, 2013 at 3:06 pm
ဖြူရဲ့
ကိုယ်“
လို့ရေးမယ့်အစား
ဖြူရဲ့ ကို“ လို့ရေးမှ ကိုဆိုတာကတခြားကောင်လေးတစ်ယောက်ကိုဆိုလိုမှန်းသိမှာပါ.
ကိုယ်ဆိုတာက .မိမိကိုယ်ကိုယ်ကိုရည်ညွန်းပြီးသုံးတာပါ.
စာသားအရေးအသားရော၊အကြောင်းအရာလေးရောစိတ်ဝင်စားဖို့ကောင်းပါတယ်..ဆက်ရေးပါဦးနော်
lady mobile
April 12, 2013 at 5:10 pm
ဝတ္ထုလေးကစိတ်ဝင်စားဖို့ကောင်းတယ်နော် လေဒီ အရင်တုန်းကဆိုရင်
ဝတ္ထုတွေ အားကြီးဖတ်လို့ အခုဆိုရင် မျက်စေ့တောင် နည်းနည်းမှုန်နေပြီ
ဝတ္ထုစာအုပ်တွေက နည်းနည်း ခေတ်ကုန်သလို ဖြစ်နေတော့ မဖတ်ဖြစ်တော့တာ
အခုတော့ အင်တာနတ်ကနေပဲ စာတွေဖတ်တော့မယ်
အလင်း ဆက်
July 7, 2013 at 7:41 pm
မိန်းကလေးတစ်ယောက်နေရာရေးသွားတာ…
ဂျူး ရဲ ့ တိမ်နဲ ့ချည်တဲ့ကြိုးကိုတောင် …သတိရသွားတယ်ဗျာ..။