ဝိုးတဝါး အတွေးစကလေးများ
လူတွေဟာလေ………………….
တစ်ခါတစ်ခါကျရင် လွယ်တာကို ခက်အောင် လုပ်တတ်ကြပါလားနော်………….
ဒီတစ်ခါတော့ ဦးမာဃ ခေါင်းထဲကို ဝင်လာတဲ့ အတွေးစလေးတွေက ကလေးငယ်တွေအကြောင်းပါ။
ရန်ကုန်မတော့ မသိဘူး( မသိဘူးသာပြောတာရယ် ရန်ကုန်မလဲ ရှိတာပါပဲလေ)
မန်းမှာတော့ မီးပွိုင့်တွေမှာ……ပွိုင့်မိလို့ စောင့်ရပြီဆိုရင် အဲဒီမီးပွိုင့်နားမှာပဲ အခြေချလို့ တောင်းရမ်းနေကြတဲ့ ကလေးတွေကို တစ်ခါတစ်ခါ တွေ့ရတတ်တယ်။
တစ်ခါတစ်ခါလို့ ပြောရတဲ့ အကြောင်းရင်းက အခုနောက်ပိုင်း နည်းသွားလို့ပါ။
အရင်ကဆို လမ်း ၈၀၊ ၂၆ မီးပွိုင့်နဲ့ ၇၈၊ ၃၅ထောင့်က မီးပွိုင့်တွေမှာ သူတို့လေးတွေကို ကြိုကြားကြိုကြား တွေ့ရတတ်တယ်။
ရပ်ထားတဲ့ ကားတွေ ဆိုင်ကယ်တွေကြားထဲကနေ ဖြတ်လို့ တောင်းရမ်းနေကြတာတွေပေါ့။
ကလေးတွေပဲ များပါတယ်။
နောက် လူစည်တဲ့၊ လူသွားများတဲ့ နေရာတွေ မှာလဲ ရှိတတ်တယ်။
သူတို့လေးတွေကို မြင်တိုင်း ဘယ်လို နည်းလမ်းသုံးလို့ ရှင်းလင်းသင့်လဲဆိုတာ အမြဲတမ်း အတွေးဝင်မိတယ်။
အဲဒီအတွေးက အရင်ကတည်းက ရှိခဲ့တာပါ။
အခုနောက်ပိုင်းမတော့ အတွေ့ရနည်းသွားလို့ အဲဒီအတွေးတောင် ရေးတေးတေးပဲ ကျန်တော့တယ်။
ကြည့်ရတာ စည်ပင်သာယာကနေ အဲဒီ အခြေအနေမဲ့ကလေးတွေကို တစ်နေရာရာ ပို့ပေးလိုက်တယ်ထင်ပါတယ်။
အရင်အပတ်ကတော့ ညနေစာ ထွက်စားရင်းနဲ့ ကျန်နေတဲ့ ရေးတေးတေး အတွေးလေးကို ပြန်အစဖော်ပေးတဲ့ အဖြစ်အပျက်လေးတစ်ခု တွေ့လာတယ်။
ထမင်းဆိုင်တစ်ချို့မှာ အဲဒီကလေးတွေကို ပြန်တွေ့လာရလို့ပါ။
စားကြွင်းစားကျန်တွေ လိုက်တောင်းနေကြတာပေါ့။
စားတဲ့သူတွေက ကျွေးတဲ့သူလဲရှိ၊ ဒီအတိုင်း ဖာသိဖာသာ နေတဲ့သူတွေလဲ ရှိတာပေါ့
စားတဲ့သူတွေ အနားကို သိပ်ကပ်လာရင်တော့ ဆိုင်က စားပွဲထိုးလေးတွေက ဟန့်ကြ၊ နှင်ကြတာပေါ့။
အဲဒီမြင်ကွင်းလေးကို တွေ့ပြီးတော့ သူတို့ကို တစ်ခုခု လုပ်ပေးနိုင်မလားဆိုတာကို စားနေရင်းနဲ့ တွေးနေမိတယ်။
တွေ့တဲ့ ထမင်းဆိုင်တွေဆိုတာကလဲ စားကြသောက်ကြသူတွေ အတော်များတဲ့ ဆိုင်တွေမှာပါ။
ဆိုတော့ အဲဒီမှာ ဘယ်လိုအတွေး ထွက်လာသလဲဆိုတော့
သူတို့တစ်တွေ တစ်ဝမ်းတစ်ခါးအတွက် အဲဒီလို တောင်းရမ်းနေကြတယ်။
နည်းနည်း လွန်လာပြီဆိုရင် ဆိုင်က နှင်ထုတ်တော့ နည်းနည်း ခပ်ဝေးဝေးကို သွားလိုက်၊ လူလစ်ရင် ပြန်ရောက်လာလိုက်နဲ့ သံသရာလည်နေကြတယ်။
နောက်ကွယ်ကနေ ခိုင်းနေသူတွေ ရှိချင်လဲ ရှိမှာပေါ့လေ အဲဒါတွေကိုတော့ မပြောတော့ပါဘူး
ဒီကလေးတွေကိုသာ တစ်ခုခု (ဆိုင်တွေကနေ) လုပ်မပေးနိုင်ဘူးလားဆိုတာကိုပဲ စဉ်းစားတာပါ။
အဲဒီမှာ မြန်မာ စကားပုံတစ်ခု သွားတွေ့တယ်။
မလှူတတ်ရင် ဈေးရောင်း ဆိုတဲ့ စကားပုံလေ။
ဆိုင်တွေအနေနဲ့ အဲဒီလို ရောက်လာလိုက် နှင်ထုတ်လိုက်နဲ့ အလုပ်ပို လုပ်နေမယ့်အစား၊ ဆိုင်ကို လာစားတဲ့ ဧည့်သည်တွေကို အနှောင့်အယှက်ပေးစေမယ့်အစား
သူတို့လေးတွေကို တစ်နပ်စာပဲဖြစ်ဖြစ် ဒါနအနေနဲ့ ကျွေးမွေးလိုက်ရင် ရှင်းသွားမလားလို့ တွေးမိတာပါ။
ဦးမာဃကို ဆဲချင်လဲ ဆဲကြပါ။ ကိုယ်တိုင်လဲ စိတ်အနှောင့်အယှက် ဖြစ်မိပေမယ့် ဆိုင်တွေက ဖြေရှင်းနိုင်မယ့် နည်းလမ်းပဲ တွေးနေမိလို့လေ။
ဒါပေမယ့် တကယ် ဒီကလေးတွေကို ပပျောက်သွားချင်ရင်တော့ သူတို့ကို အဲဒီလို ပေးကျွေးနေတာဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာတော့ တွေးမိပါတယ်။
ဒီနည်းလမ်းတွေက ရေတိုပဲ အလုပ်ဖြစ်မယ်လေ။
ဘယ်သူမှလဲ တစ်သက်လုံးနီးပါး ကျွေးမွေးထားမှာမဟုတ်ဘူး(ဘယ်လောက်ပဲ ခရီးသွားဟန်လွဲ ဖြစ်နေပါစေပေါ့)
တကယ့်တကယ် လုပ်သင့်တာကတော့ သူတို့လေးတွေကို အသက်မွေးဝမ်းကျောင်း ပညာပဲဖြစ်ဖြစ် သင်ကြားပေးလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် လုပ်ပေးသင့်တာကိုး
စာရင်းအတိအကျ မရှိပေမယ့် အဲဒီလိုကလေးတွေဟာ မြန်မာတစ်နိုင်ငံလုံးမှာ အနည်းဆုံး သောင်းဂဏန်းတော့ ရှိမယ်လို့ ယူဆမိပါတယ်။
သောင်းဂဏန်း ဆိုတာက လက်ရှိ လူဦးရေနဲ့ဆို ဘာမှ မဟုတ်တဲ့ ပမာဏလို့ ပြောနိုင်ပေမယ့် သူတို့တတွေ ဒီအတိုင်း ကြီးပြင်းလာပြီး နောက်မျိုးဆက်တွေကိုပါ ဒါတွေကို လက်ဆင့်ကမ်းအမွေပေးသွားမယ် ဆိုရင်တော့
ဆက်ပြီး ထွက်လာမယ့် ကိန်းဂဏန်းတွေဟာ တဖြည်းဖြည်းနဲ့ သတိထားစရာ ဖြစ်လာပါလိမ့်မယ်။
ဒီကလေးတွေကိုသာ ကောင်းကောင်းမွန်မွန် ပညာသင်ကြားပေးနိုင်မယ်ဆိုရင်တော့
နောင်တစ်ချိန်မှာ နိုင်ငံအတွက် အားထားစရာတွေ ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။
ဒီကိစ္စတွေကို တာဝန်ရှိသူတွေကနေ သေသေချာချာ တကယ်အလုပ်ဖြစ်တဲ့ စီမံကိန်းမျိုးနဲ့ လုပ်ပေးသင့်ပါတယ်နော့
ကလေးဆိုတာဟာ ငယ်စဉ်ကတည်းက သေသေချာချာ ပုံသွင်းယူမှ လူတော်လူကောင်းကလေးတွေ ဖြစ်လာနိုင်တာပါ။
နောက် ဒီလိုကလေးမျိုးတွေဆို ပိုလို့ ဆိုးပါသေးတယ်။
အစကတည်းက အထိန်းအကွပ်၊ အဆုံးအမတွေ မရှိခဲ့တော့ သူတို့ရဲ့ စိတ်ကလေးတွေဟာ မကောင်းတဲ့ဘက်ကို ပိုလို့ အားသန်သွားတတ်ကြတယ်လေ။
သူတို့အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုတာ မရှိတော့ဘူး၊ ဘဝ အာမခံချက် ဆိုတာကို ဘာမှန်းတောင် မသိတဲ့ အခြေအနေတွေနဲ့ ရုန်းကန်ခဲ့ကြရမှာလေ။
နိုင်ငံက အခုမှ အခြေခိုင်အောင် စ တည်ဆောက်နေချိန်မှာ အရေးပါတဲ့ အကြောင်းအရာတွေ မပြောဘဲနဲ့ မဟုတ်တဲ့အကြောင်းတွေ လာပြောနေတယ်လို့ ပြောချင်လဲ ပြောကြပါဗျာ။
ဦးမာဃ အနေနဲ့တော့ ဒီလို အစီအစဉ်ဟာ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်း အေးအေးဆေးဆေး သွားရမယ် လို့ တွေးမိပါတယ်။
အခုအချိန်ကတည်းက အစပျိုးထားမှ နောင်တစ်ချိန်မှာ လွယ်လင့်တကူ အကောင်အထည် ဖော်နိုင်မယ်လို့ ထင်မိတယ်လေ။
အခုလက်ရှိမှာလဲ လုပ်နေတဲ့ စီမံကိန်းတွေ ရှိပါလိမ့်မယ်။ သို့သော် အမြစ်ပြတ်တော့ မသုတ်သင်နိုင်သေးတဲ့ အခြေအနေလို့ မြင်မိတာပါ။
တစ်ဖက်ကလဲ ကိုယ်တွေဘက်က ဘာများ လုပ်ပေးနိုင်ပါမလဲလို့ တွေးမိရုံတင်ပါ။
##########################################################
ဟိုမရောက်ဒီမရောက် တွေးစရာကလေးတွေ ပေါင်းလိုက်တာ ဘာတွေဖြစ်သွားပါလိမ့်
အစဖော်ပေးတယ်လို့သာ သဘောထားလို့ ဒီကိစ္စကို ဆက် ဆွေးနွေးပေးကြပါဦးနော်……………
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
69 comments
အလင်းဆက်
May 1, 2013 at 9:01 pm
ဟုတ်ပါတယ် ။ ဟုတ်ပါတယ် ။
ဒါ့ပေမယ့်.. မဟုတ်ပါဘူး.. မဟုတ်ပါဘူး ။
အဲ.. ဟုတ်တော့ဟုတ်ပါတယ်…
ကဲ ကိုယ် တတ်သလောက်လေး……ဆွေးနွေး သွားပါတယ် ။
🙂
Mr. MarGa
May 3, 2013 at 11:49 am
မှန်ပါတယ်
အဲ…..ဒါတော့ ဟုတ်သေးဘူးလေ
အော်……..အဲလိုလေးက အဆင်ပြေတယ်
ဦးမာဃလဲ ပြန် ဆွေးနွေးလိုက်တယ်နော် :hee:
Real အရှင် သခင် ဆရာ ကိုယ်တော် mobile
May 1, 2013 at 10:39 pm
ဝိုးတဝါးအတွေးစလေး ကနေ အပီအပြင် အခြေအနေလေး ဖြစ်လာဖို့
ကျိုးပမ်းသင့်ပါ၏…..
ဦးမာဂ ပြောတဲ့ တစ်နပ်စာဖြစ်ဖြစ် ကျွေးမယ်ဆိုတဲ့ အစီအစဉ်ဟာ ကောင်းတဲ့နည်းလမ်းမဟုက်ဆိုတာ
လက်ခံပါ၏……
ပြုစုပျိုးထောင်ပေးဖို့ အစီအစဉ် ကတော့ မိုက်တယ်………..
တစ်ခုခက်နိုင်တာက သူတိုတွေဟာ အဲ့ဒီလို ပြုစုပျိုးထောင်ပေးတာကို
နှစ်သက်ပါ့မလား လက်ခံနိုင်ပါ့မလား ဆိုတာပါ……………
အဝှါထဲပဲ မွေးတဲ့လောက် အဝှါထဲမှာပဲ ပျော်တယ်ဆိုသလိုပေါ့…(စကားပုံသုံးနှုန်းမှု မသင့်လျော်ပါက
ခွင့်လွှတ်ပါ)………
ကောင်းစေမည့် တိုးတက်စေမည့် လမ်းစဉ်ကို ချပေးမယ့်လူရှိရင်…..
ကာယကံရှင်တွေဖက်က လက်ခံဖို့လည်း လိုမယ်……..
၂ ခုလုံးအဆင်ပြေရင်တော့ အကောင်းဆုံးပေါ့………………………
ကျုပ်က သဒ္ဒါတရား အင်မတန်နည်းပါးတဲ့ လူဗျ… ဘာအလှူအတန်းမှ သိပ်လုပ်တာဟုက်ဖူးရယ်…
အလှူခံဆိုရင်လည်း လက်ရှောင်ပါ၏ပဲ…. အူးမာဂ တင်ပြသလို အနေအထားအလေးတွေ
အခြားမိမိနှစ်သက် သင့်လျော်မည်ထင်တဲ့နေရာတွေမှာဆိုရင်တော့….
ဆယ်ခါတစ်ခါ ကြုံကြိုက်သလို လှူတန်းချင်စိတ်ရှိ၏…………………….
Mr. MarGa
May 3, 2013 at 12:00 pm
ကိုရင်မိုဘိုင်းရေ
ပြုစုပျိုးထောင်ပေးရာမှာ နည်းမှန်လမ်းမှန်နဲ့သာ လုပ်မယ်ဆိုရင်တော့ သူတို့ပဲ့ ဗီဇလေးတွေ ပျောက်ကောင်းပါရဲ့
ဘာကြောင့်လဲဆိုတော့ ငယ်စဉ်မှာ သင်ကြားတာက ပိုလို့ မှတ်မိနိုင်၊ မှတ်သားနိုင်လို့ပါ
လက်မခံနိုင်ဘူး ဆိုရင်တောင်
ဒီလိုမျိုးတော့ ထပ်မလုပ်နိုင်အောင် တိတိကျကျ အရေးယူရမပေါ့
ဟုတ်ဖူးလားနော့ :hee:
ဝင့်ပြုံးမြင့်
May 2, 2013 at 12:09 am
လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက် တဲ့ တကယ့်ပြဿနာကြီးလို့ပဲ မြင်ပါတယ်။
စကိုင်ရင် ဥပဒေကနေ စကိုင်ရမယ်လို့ ထင်ပါတယ်။
အဲလိုကလေးတွေ မြန်မာပြည်မှာ သောင်းဂဏန်းမကလောက်ဘူး သိကြားမင်းရယ်။ မွေးစားခြင်းဥပဒေကနေ စပြီး ပြင်ဆင်ရမယ်လို့ ထင်ပါတယ်။ မိဘမဲ့ကလေးကျောင်းကနေ ဒီလိုကလေးတွေစကောက်ပြီး မွေးစားကလေးစောင့်ကြည့်တဲ့အဖွဲ့ ထားသင့်ပါတယ်။ မွေးစားခြင်းဥပဒေမှာ သားရင်းသမီးရင်းနဲ့ မွေးစားသားသမီး တန်းတူ အမွေခွဲဖို့ပါတယ်။ အဲဒါကြီးက ကြောက်စရာကောင်းနေတယ်။ အမွေဆက်ခံခြင်းဥပဒေမှာက သေတမ်းစာ တရားမဝင်တာ ထားပါတော့။ လူဆိုတာ မွေးလို့လူဖြစ်လာရတာ။ ဒီတော့ လူသားဖြစ်ရခြင်း အခွင့်အရေးအတွက် မိဘထံက အမွေကို သားသမီးတွေ ညီတူညီမျှ ရသင့်တာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် မွေးစားသားသမီးကျတော့ ဘယ်မိဘကမှ သားရင်းသမီးရင်းနဲ့ တန်းတူ သဘောမထားနိုင်ဘူး။ ကိုယ့်ပယောဂကြောင့် လူဖြစ်လာတာလည်း မဟုတ်ဘူး။ ပြီးတော့ ကိုယ့်ကိုပြန်ချုပ်နှောင်ပစ်လိုက်တဲ့ သဘောပါတယ်။ ဒီတော့ တော်ရုံဆို မမွေးစားရဲဘူး။ ကြောက်တယ်။
မိဘမဲ့ကလေးကျောင်းလက်ကိုင်ထားတဲ့ ဥပဒေသကလည်း ကိုယ့်သားသမီးလို သဘောမထားနိုင်ရင် မမွေးစားပါနဲ့တဲ့။ သဘောတရားကတော့ ကောင်းတယ်။ ဒါပေမယ့် သူတို့တောင် ကလေးတွေကို ထန်းညက်ခဲနဲ့ ထမင်းကျွေးနေတာ။ ဒီတော့ မိဘမဲ့ကလေးကျောင်းကလည်း ကိုယ့်ဥပဒေသကို နည်းနည်းလျှော့ပေါ့ပြီး မွေးစားကလေး စောင့်ကြည့်တဲ့အဖွဲ့ကို သာ သေချာလုပ်သင့်တယ် ထင်ပါတယ်။ အဲဒါဆိုရင် မွေးစားတဲ့မိဘတွေက မွေးစားကလေးအပေါ် အမြတ်မထုတ်ရဲတော့ဘူး။ အိမ်မှာခိုင်းစားထား တာမျိုး မလုပ်နိုင်ဘူး။ US မှာ အဲဒီလို အဖွဲ့မျိုးရှိတယ်လို့ ဖတ်ထားဖူးပါတယ်။ မွေးစားမယ့် မိဘကို သူတို့က သေချာစစ်ဆေးတယ်။ မွေးစားတဲ့ကလေးကို သေချာစောင့်ကြည့်တယ်။
—
မြန်မာပြည်မှာက လူတစ်ယောက်ကို ထမင်းကျွေးစာသင်ပေးရတာ ကုန်ကျစရိတ် တကယ်မသေးဘူး။ သူဌေးမှ လုပ်နိုင်တာ။ အဲဒီမှာ အမွေဆက်ခံခြင်း ဥပဒေက လုံးဝမညှာတော့ ဘယ်သူဌေးကမှ မစွန့်စားရဲဘူး။ ရှိတော့ရှိတယ် နည်းမှာပေါ့လေ။ ပြုံးအသိတောင် ကလေးမွေးစားဖို့ ကြိုးစားသေးတယ်။ မလွယ်လို့ လက်လျှော့လိုက်တာ။
ကလေးမွေးစားတဲ့လူ များလာရင် ဘုန်းကြီးကျောင်းတွေလည်း ဝန်သိပ်မပိ၊ မိဘမဲ့ကလေးကျောင်းတွေလည်း ဝန်သိပ်မပိတော့ဘဲ လူသားတန်ဖိုးကိုလည်း ပိုပြီးမြှင့်တင်ပေးလာနိုင်မယ်။ လူသားတစ်ယောက်ဖြစ်ထွန်းလာဖို့ အတွက် ဒီလောက်မလွယ်ဘူး။
—–
ပြီးတော့ မြန်မာလူမျိုးတွေ တစ်ခုခုမှားနေတယ်လို့ ပြုံးထင်တယ်။ အဲဒါက မြန်မာတွေဟာ ဘုရားအပေါ် ကောင်းတယ်။ သံဃာအပေါ် ကောင်းတယ်။ တိရစာ္ဆန်လေးတွေအပေါ် မေတ္တာထားတယ်။ မမြင်ရတဲ့ နတ်နဲ့ မကျွတ်မလွတ်ကြသေးတဲ့ သတ္တဝါတွေအပေါ်လည်း မေတ္တာထားနိုင်တာပဲ။ အဲ … လူသားအချင်းချင်း ကောင်းရမယ်ဆိုတာကျတော့ ထိပ်တန်းမှာ အရေးမပေးသလိုပဲ။
ဟိုစကားတောင်ရှိတယ်။ ခြေနှစ်ချောင်း မကယ်ကောင်းတဲ့။
တကယ်က မှားနေပြီနော်။ လူသားအချင်းချင်းသာ ကောင်းသင့်တာပါ။ လူသားအချင်းချင်းကိုပဲ မေတ္တာထားရမှာ။ ခိုကိုးရာမဲ့ကလေးတွေကို ကိုယ်စီကိုယ်စီ တာဝန်ယူပြီး စွန့်လွွှတ်စွန့်စား အနစ်နာခံမယ်ဆိုရင် ကို်ယ်လည်း မက်ဒေါနားဖြစ်မယ်။ အင်ဂျလီနာဂျိုလီ ဖြစ်မယ်။
—
ပြောရရင် နှစ်သစ်ကူးတာတောင် တရုတ်ဆိုရင် အကျွေးအမွေးနဲ့၊ ကလေးတွေကို အံပေါင်းပေးတယ်။ မွတ်ကျတော့ အစ်တယ်ပေါ့နော်။ အစ်နေ့ဆိုရင် အဝတ်သစ်အစားသစ်နဲ့ ဆွေမျိုးတွေဆီ အလည်သွားတယ်။ လက်ဆောင်ပေးတယ်။ ကလေးတွေကို မုန့်ကျွေးတယ်။ ခရစ်ယာန်တွေကျတော့ ခရစ္စမတ်နေ့မှာ အချင်းချင်းလက်ဆောင်ပေးတယ်။ မြန်မာတွေ နှစ်ကူးတော့ ဘာလုပ်လဲ။ ဘာရယ်မဟုတ်ဘူး။ စိတ်ထဲရှိတာလေး ပြောကြည့်တာပါ။ လူသားအချင်းချင်းသာကောင်းရမယ်လို့ ပြုံးယူဆပုံကို ပြောကြည့်တာပါ။
—-
ဥပဒေကသာ လျှော့ပေးမယ်ဆိုရင် မွေးစားလိုသူတွေများလာပြီး ဘုန်းကြီးကျောင်းနဲ့ မိဘမဲ့ကျောင်းတွေ ဝန်ပေါ့လာမယ်။ တကယ် ထိရောက်မယ်လို့ ထင်ပါတယ်။
ထမင်းတစ်နပ်ကျွေးတာမျိုးနဲ့ကတော့ ညံ့ဖျင်းစွာလှူဒါန်းခြင်းလောက်ပဲ ဖြစ်နေမှာပါ။
S@i S@i Fin K@i
May 2, 2013 at 6:28 am
simply just a bravo Comment !!!!!
ရွှေ ကြည်
May 2, 2013 at 7:00 pm
ဆရာမရေ တချို့ကိုလက်ခံပြီးတချို့ကိုလက်မခံနိုင်ပါဘူးဆရာမရေ ရွှေကြည်တို့မြန်မာတွေလည်း ကိုလုင်ပြောသလိုပေါ့နော် မြန်မာနှစ်ကူးမှာအဲလိုလေးတွေရှိပါတယ်
နောက် သီတင်းကျွတ်မှာလည်းလုပ်ပါသေးတယ်။
နောက်တခုက ကလေးမွေးစားတာမှာ အမွေဆက်ခံခွင့်ဆိုတာကတော့ ဆရာမနဲ့သဘောတူပါတယ်
ဒါပေမယ့် တန်းတူသဘောမထားနိုင်မှဆိုတာမှန်တယ်လို့မြင်မိတယ်။ မိဘာကိုယ်တိုင်က ခွဲခြားဆက်ဆံရင် သားသမီးရင်းတွေကပါ အနိုင်ကျင့်လာနိုင်တယ်လေ ကလေးမှာစိတ်ဒါဏ်ရာရနိုင်ပါတယ်။
ဂေဟာမှာက ထန်းလျှက်နဲ့စားရစေဦး ဘဝတူတွေကြားမှာအဖေါ်အပေါင်းလေးနဲ့ ပျော်နိုင်မှာပါ
Mr. MarGa
May 3, 2013 at 12:35 pm
ဆရာမရေ
ဒီလိုမျိုး စေ့စေ့စပ်စပ် ဆွေးနွေးသွားလို့ ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။
ဟုတ်တာပေါ့
မွေးစားကလေးကိုတော့ ဘယ်လိုလုပ် သားသမီးအရင်းလို တန်းတူထားနိုင်ပါ့မလဲ (ထားနိုင်တဲ့သူတွေလဲ မရှိဘူးတောမဟုတ်ပါဘူး ရှိတာပေါ့)
ဖြစ်သင့်တာ လုပ်သင့်တာက ဆရာမပြောသလို NGO တွေ၊ မိဘမဲ့ကျောင်းတွေ အပြင် အစိုးရကပါ ဒီကိစ္စအတွက် အားထုတ်သင့်တယ်လို့ ပြောချင်မိတယ်။
ဒီကလေးတွေကို သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်နိုင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် မွေးစားခြင်းပြဿနာကိုပါ ဖြေရှင်းနိုင်မလားလို့လဲ တွေးမိရဲ့။
အဓိက ကတော့ သူတို့လေးတွေဟာ ဘယ်နေရာက ဘယ်လိုလာနေပါစေ လူသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုတော့ ရသင့်သပေါ့။
သူတို့တတွေအပေါ်မှာ အမြတ်ထုတ်နေကြသူတွေကိုတော့ ထူးပြီး မပြောချင်တော့ပါဘူးဗျာ။
တကယ် အကောင်အထည်ဖော်ချင်ရင်တော့ သူတို့တတွေကို ပြတ်ပြတ်သားသားရှင်းထုတ်မှ ရမယ်ဗျ။
လောလောဆယ်မတော့ နိုင်ငံတော်မလဲ ဒီထက်ဒီထက် ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိသေးတာဆိုတော့ လက်ရှိကိစ္စတွေကိုတော့ ရေတိုနည်းနဲ့ပဲ ဆေးခါးအဖြစ် တိုက်နေရဦးမယ် ထင်တာပါပဲလေ ။
Wow
May 3, 2013 at 2:08 pm
Super like ပါ ဆရာမရေ…
တစ်ခါမန့်ဖူးပါတယ် မြန်မာတွေက ငွေလေးပြေလယ်လာရင် ဘုရားကြီးသွားရွှေချလိုက်တာပဲ…
Tommy Shane Steiner ရဲ့ What if she an angel ဆိုတဲ့ သီချင်းလေး နားထောင်စေချင်ပါတယ်…
Mလုလင်
May 2, 2013 at 12:34 am
မြန်မာနှစ်သစ်ကူးမှာ စတုဒီသာ ကျွေးကြတယ်။ သက်ကြီးရွယ်အို တွေကို ကန်တော့ကြ၊ ထောက်ပံ့ကြတယ်။ သီတင်းကျွတ် ဆိုရင်လဲ . . ဆွေမျိုးတွေစီ အလည်သွားပြီး ကန်တော့ကြတဲ့ အခါ . . လူကြီးသူမ တွေ က . .မုန့်ဖိုးပြန် ပေးတတ်ကြပါတယ်။ နောက် comment တွေ ဖတ်ပြီးမှ ပဲ ပြန်လာတော့မယ် . .။
Mr. MarGa
May 3, 2013 at 12:44 pm
ကဲ………ကိုလုင်
ပြန်လာပြီဆိုတော့ အောက်မှ အေးဆေး မန့်မယ်
တစ်ခုတော့ တွေးမိတာ ထပ်ထွက်လာသေးတယ်
လောကအလယ်မှာ တစ်ယောက်ထဲ ဖြစ်သွားရှာတဲ့ သူကလေးတွေအဖို့
အဲဒီ အခွင့်အရေးလေးတွေတောင် ရပါ့မလားလို့လေ :buu:
ဦးကြောင်ကြီး
May 2, 2013 at 10:04 am
ဝိုးတဝါး
မရိုးသား
အဖိုးများ
တန်ခိုးထွား
ပုဆိုးပါး
သတိုးဖျား
လအိုးကား
ဗဂိုးဆား..
Mr. MarGa
May 3, 2013 at 12:51 pm
ဗဂိုးဆား
သတိုးဖျား
ဆက်တိုးပွား
ဓါတ်အိုးများ
ကပ်ရှိုးဗျား :kwi:
မောင် ပေ
May 3, 2013 at 7:24 pm
ဝိုးတဝါး
ပိုးမထွား
ဆိုးကုလား
မျိုးအပွား
ခိုးမယား
surmi
May 2, 2013 at 11:41 am
သဂျားရေ
ဖွဘုတ်က ဘယ် page မှာလည်းမသိတော ့ဘူး ကျုပ်ဓတ်ပုံတင်ဖူးတယ်နော်
သူအိပ်တဲ့ခြင်ထောင်က ကျုပ်ကျောင်းတက်တုန်းက အဆောင်မှာထောင်တဲ့
ခြင်ထောင်ထက်တောင်ကောင်းနေသေးတယ်
သေချာတာတော ့ မြန်မာတစ်ပြည်လုံး သူတောင်းစား အစစ် အတု အားလုံးပေါင်းရင်
သိန်းဂဏန်းများဖြစ်နေမလားပဲ
သူတို ့ဝင်ငွေနဲ့ သူတို ့အကြောင်းကို နောက်မှသေချာဆာဗေးဆင်းပြီး
ဓတ်ပုံနဲ့တင်ပေးမယ် ။
ကျုပ်မိတ်ဆွေတစ်ယောက်ကတော့လွန်ခဲ့တဲ့နှစ်အထိ သူ ့ဆိုင်ရှေ ့မှာ
အီအီး လာလာပါလို ့ နေ ့တိုင်း ကျံးနေရလေရဲ ့
လွယ်ဘူးသဂျားရေ အစိုးရပိုင်းပါမှရမှာ
ခန် ့မှန်းဝင်ငွေကတော့
ကလေး ……..3000 >>>>5000
မိန်းမ ……….. 5000 >>>>> 8000
ဘိုး ဘွားများ …… 5000 >>>> 10000
အတုပေါင်းစုံ …10000 နှင့်အထက်
(အလစ်သုပ်ခွင့်ရလျှင် ရသလို ဝင်ငွေပိုမြင့်နိုင် )
ကလေးတစ်ဦးငှားရမ်းခ …… တစ်ဂျူတီ ၂၀၀၀
တစ်နေကုန်ငှားခ…….ညှိနှိုင်းဈေး …..
kai
May 2, 2013 at 3:38 pm
အဲဒီဆာဗေးဆင်းရင်.. သတင်းဆောင်းပါးရေးပေးပါခင်ဗျ..
သတင်းစာထဲပုံနှိပ်ဖို့ စာမူခ ၂ဝချီးမြှင့်ပြီး.. ဝယ်မယ်..
.. စရိပ်တော့ကာမိမယ်မဟုတ်ပေမယ့်.. မှတ်တမ်းကျန်ရစ်အောင်ပါနော… :harr:
အရိုက်ခံရပြီး.. အမာရွတ်ကျန်မရစ်အောင်လည်း.. သတိထားပါနော..။
ဆူး
May 2, 2013 at 4:11 pm
အမာရွတ် ကျန်ရင် မဟော်သဓာ ပုံပြင်ထဲကလို မှန်ကြည့်တိုင်း သတိရပြီး လျှော်ကြေး တောင်းလို့ ရတယ် နဲ့တူတယ်.
Mr. MarGa
May 3, 2013 at 1:36 pm
သဂျီးရယ်
ဒေါ်လှ နှစ်ဆယ် ချီးမြှင့်မယ့်အစား
အာမခံလေး လုပ်ပေးလိုက်ပါလားဗျာ
Mr. MarGa
May 3, 2013 at 1:21 pm
ဦးဆာရေ
အဲဒီပုံကို မှတ်မှတ်ရရ ရှိနေဆဲပေါ့ဗျာ
https://www.facebook.com/photo.php?fbid=337899906325195&set=o.144991562326600&type=3&theater
အဲဒီမှာပါဗျာ
ဦးဆာအတွက် အမှတ်တရ ပြန်ရှာပေးတယ်နော့
ဟုတ်တယ်ဗျ
အစိုးရပိုင်းလဲ ပါမှ
ဥပဒေလဲ ထုတ်လို့ ထိန်းချုပ်ပါမှ ပျောက်မှာပါ။
စုံထောက် မောင်စံရှား ဝတ္ထုတစ်ပုဒ်မှာ ဖတ်ဖူးပါတယ်
ခြေကျိုး ငကြိုင် ဝတ္ထုလေ။
အဲဒီမှာ သူတောင်းစားလုပ်ပြီးတော့ မိသားစုကို တင့်တောင့်တင့်တယ်တောင်ထားနိုင်သေးတယ်
ဆိုတော့ သူတို့အလုပ်ကလဲ ဝင်ငွေ မနည်းဘူးဆိုတာ တွက်နိုင်တယ်။
အစွန်းနဲ့လဲ ကင်းသေးတယ်ဗျ
တိုက်ဖျက်ဖို့တော့ အတော်ကြိုးစားရမယ် ထင်ပါကြောင်းပါဗျာ
MaMa
May 2, 2013 at 3:31 pm
စားသောက်ဆိုင်တွေက ကျွေးနိုင်တယ်ဆိုတောင် အကန့်အသတ်တော့ ရှိမှာပဲ။
အဲဒီနည်းစနစ်ကို မထောက်ခံဘူး။
အမှန်ဆို ရေသာခိုအချောင်လိုက်ချင်စိတ်မရှိပဲ အလုပ်လုပ်ချင်စိတ်ရှိမယ်၊
ခိုးချင်ဝှက်ချင်စိတ်မရှိပဲ အကျင့်စာရိတ္တလည်းကောင်းမယ်ဆိုရင် …..
စားသောက်ဆိုင်တွေမှာ ပန်းကန်သွားဆေးပေးတောင် နေရေးစားရေး စိတ်အေးရနိုင်ပါတယ်။
မိဘမဲ့ကလေးတွေနဲ့ ပတ်သက်ပြီး တခါကကြားဖူးတာ….
တချို့ NGO အသင်တွေကနေ ကလေးတွေကို မွေးစားခိုင်းတာ ရှိတယ်။
အသိတစ်ယောက်ရဲ့ သူငယ်ချင်း NGO မှာ လုပ်တာ ကလေး ၃ယောက် မွေးစားထားတယ်။
တိုင်းရင်းသားကလေးလေးတွေ။
သွားလေရာခေါ်သွားလို့ မတွေ့တာကြာတဲ့ သူငယ်ချင်းက အံ့ဩပြီး မေးကြည့်မှ မွေးစားထားတာ သိရတာ။
ကလေးတွေရဲ့ စားဝတ်နေရေးကို တာဝန်ယူပြီး လုပ်ကိုင်ပေးရတယ်။
ကျောင်းထားပေးရတယ်။
ကလေးတစ်ယောက်ကို တစ်လ ဘယ်လောက်နှုံး (နှုံးတော့မသိပါ) ဆိုပြီး ထောက်ပံ့ပေးတယ်တဲ့။
လုံလောက်တဲ့ ထောက်ပံ့မှုလို့တော့ သိရပါတယ်။
ကလေးတွေအပေါ် အမှန်တကယ် စောင့်ရှောက်ခြင်းရှိမရှိ၊ စောင့်ရှောက်မှုကောင်းမကောင်းကိုတော့ စောင့်ကြည့်တဲ့အဖွဲ့က အလျဉ်းသင့်သလို စစ်ဆေးတယ်တဲ့။
နောက်တစ်နည်းက အနောက်နိုင်ငံကြီးတွေမှာ ကျင့်သုံးပြီး အိနိ္ဒယမှာလည်း အခုစတင် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတဲ့ နည်းလမ်းလေးတစ်ခုရှိတယ်။
ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်တွေက ပိုလျှံတဲ့၊ လွှင့်ပစ်မယ့် ချက်ပြီး မချက်ပြီး စားစရာတွေကို အလှူခံပြီး လိုအပ်နေတဲ့သူတွေကို ကျွေးမွေးတာ၊ ပြန်လည်မျှဝေပေးတာမျိုးကို အသင်းအဖွဲ့ ဖွဲ့ပြီး (နာရေးကူညီမှုအသင်းလိုမျိုး) လုပ်ဆောင်တာ။
အဲဒီလို ပရဟိတ အသင်းဖွဲ့ပြီး ထိထိရောက်ရောက်လုပ်နိုင်မယ်ဆိုရင် သဘာဝရဲ့ သယံဇာတတွေ အလဟဿပျက်စီးဆုံးရှုံးတွေ လျော့နည်းသွားတယ်။
ဆင်းရဲမွဲတေမှုတွေလည်း (ပပျောက်မယ်လို့ မဆိုနိုင်ပေမယ့်) လျော့နည်းသွားနိုင်မယ်။ :hee:
အဲဒီနည်းနဲ့
Mr. MarGa
May 3, 2013 at 1:43 pm
အန်တီ မမရေ
အန်တီပြောတဲ့ နည်းလမ်းလေးကလဲ မဆိုးပါဘူး
ရေတိုအတွက် တကယ် အသုံးဝင်မဗျ။
ဒါပေမင့် ဒါကလဲ လုံးဝတော့ ဆင်းရဲမွဲတေမှုကို မတိုက်ဖျက်နိုင်ဘူးပေါ့
တကယ် လုပ်သင့်တာကတော့
သေသေချာချာ စီမံကိန်းကလေးများ ချမှတ်လို့ အကောင်အထည် ဖော်သင့်တာပေါ့။
လူ့စွမ်းအား အရင်းအမြစ် ဆိုတာဟာ နိုင်ငံအတွက် အရေးအကြီးဆုံး အရင်းအမြစ်ထဲမှာ ပါတယ်လေဗျာ
အဲဒီ အိမ်ခြေရာမဲ့ တဲ့အပြင် အလုပ်အကိုင်ပါ မဲ့နေတဲ့ ကလေးသူငယ်တွေကို
သေသေချာချာ လေ့ကျင့်ပျိုးထောင်ပေးမယ် ဆိုရင်ဖြင့်
အကျိုးအမြတ် တစ်ခုခုတော့ ထွက်လာမယ်လို့ ယူဆပါကြောင်း :hee:
kyeemite
May 2, 2013 at 4:05 pm
တစ်ခုလောက်မဆီမဆိုင်ဝင်ပြောလိုက်အုံးမယ်…
မကြာမကြာဆိုသလို စစ်ယူနီဖေါင်းနွမ်းနွမ်းနဲ့
စစ်သားဟောင်း(သူတို့အပြောပါ) ၃ယောက်လောက်ဟာ
အိမ်တံခါးအတင်းခေါက်၊ ဖွင့်ကြည့်လိုက်ရင်
လက်ထဲပွေ့လာတဲ့စာအုပ်တစ်ချို့ကို
အတင်းမငြင်းနိုင်အောင်နားပူနားဆာတိုက်ပီးရောင်းတော့တာပဲ
မဝယ်ဘူးလို့ပြောလဲထွက်မသွား..တဂျီဂျီလုပ်နေရော..
ကြာတော့ မြန်မြန်သွားအောင် တစ်ထောင်တန်တစ်အုပ်လောက်တော့ဝယ်လိုက်ကြရော(သူများတွေပါ)
ကျနော်ကတော့..လုံးဝအားမပေးဘူး…
အလကားအင်တွေ..လူတွေအားနာတတ်တာအခွင့်ကောင်းယူပီးလုပ်စားနေတာ.. :chee:
MaMa
May 2, 2013 at 4:23 pm
သူတို့ရောင်းတဲ့စာအုပ်တွေကလည်း တစ်အုပ်မှ ဝယ်ချင်စရာ မပါဘူး။
ဝယ်လိုက်ရင် မကြာခဏ လာရောင်းတယ်။
မဝယ်ရင် နောက်လာမရောင်းတော့ဘူး။
ကိုယ်တွေ့ :buu:
Mr. MarGa
May 3, 2013 at 1:54 pm
အဲဒီကိစ္စကလဲ တစ်မျိုးတစ်ဘာသာပဲဗျ
တစ်ဖက်က ကြည့်မယ်ဆိုပြန်ရင်လဲ နိုင်ငံတော်အတွက် အသက်စွန့်လို့ တာဝန်ထမ်းဆောင်ခဲ့သူတွေလေ
ဒါလောက်တော့ ကူညီသင့်တယ်လို့ ယူဆလို့ ရသလို
နောက်တစ်ဖက်က ကြည့်ပြန်တော့လဲ
တရားမဝင်တဲ့ နည်းလမ်းနဲ့ အားနာမှုကို အခွင့်ကောင်းယူလို့ လုပ်စားနေတာလို့ မြင်တယ်။
ကျွန်တော်လဲ ဒုတိယအမြင်နဲ့ပဲ သူတို့ကို မြင်မိပါတယ်။
ဘာကြောင့်လဲဆိုတော့ ပြည်သူတွေအနေနဲ့ အခွန်အခတွေထဲကနေ ပေးချေလို့ ချီးမြှင့်ပြီးပြီပဲဟာကို နော့
တကယ်လုပ်သင့်တာက တရားနည်းလမ်းကျကျ နဲ့ တောင်းခံသင့်တာကို
ဒီလို နည်းလမ်းတွေ သုံးတော့ လူအမြင်လဲ မတင့်တယ် တန်ဖိုးထားမှုကိုလဲ လျော့ကျစေတယ်လို့ပဲ ပြောပါရစေ
ခင်ခ
May 2, 2013 at 4:23 pm
ဦးမာဃ ခင်ဗျ
ဤသို့သော် မြင်ကွင်းတွေဟာ အစစ်ရှိသလို အတုလည်းရှိတယ်ဗျ။
အတုဆိုတာ နေ့စားခနဲ့ တောင်းစားတဲ့ အလုပ်လုပ်သော ဂိုဏ်းမျိုးကိုပြောတာ။
တော်ရုံကတော့ အစစ်လား အတုလား လို့ မကွဲနိုင်တော့လည်း လူမစွမ်း နတ်မဆိုသလို အခု ခေတ္တလူပြည်ဆိုတော့ နတ်ပြည်ပြန်ရောက်ရင်သာသိကြားအစည်းအဝေးခေါ်က နတ်မ ဖို့အရေး ဆွေးနွေးပေအုံးတော့ဗျာ။
Mr. MarGa
May 3, 2013 at 2:01 pm
လေးခ ရေ
အစစ်ကိုလဲ မြင်ဖူးသလို အတုကိုလဲ တွေ့ခဲ့ပါရဲ့
အစစ်အတု ခွဲခြားဖို့ကိုလဲ တွေးမိပါရဲ့
လက်ရှိခေတ်မှာက လူမစွမ်း နတ်မ ဆိုတာမျိုးမဟုတ်တော့ဘဲ
လူမစွမ်း နပ်မှ ဖြစ်နေပြီဆိုတော့
နတ် မဖို့ကို အတော် တွေးယူရမယ့်ပုံဗျ
လူကလေး
May 2, 2013 at 5:23 pm
အတွေးကောင်းပ ကမာဂ ရေ..
စီမံကိန်းတွေကို အကောင်အထည် ဖော်တဲ့နေရာမှာလဲ .. ပါဝင်ချင်ပါသေးရဲ့ ..
အခွင့်များသင့်ရင်ဖြင့် သဲတပွင့် ဖြစ်ချင်ပါတယ် ကမာဂ
Mr. MarGa
May 3, 2013 at 8:57 pm
သဲတစ်ပွင့် ဖြစ်ချင်ရင် သဲတစ်ပွင့် ဖြစ်စေနိုင်မယ့် နည်းကို ရှာပါကွယ်
လူကလေးလို လူမျိုးတွေ အများကြီး လိုပါလိမ့်မယ်ကွယ် :hee:
TNA
May 2, 2013 at 5:50 pm
ရန်ကုန်မှာလဲ အခုတလောတော့နဲသွားတာကိုသတိထားမိပါတယ်။ ရန်ကုန်မှာကတော့ စည်ပင်က လိုက်ဖမ်းပါတယ်။ ဖမ်းပြီးရင် စည်ပင်မှာပဲ နေ့စားလရှင်းဝန်ထမ်းခန့်ပါတယ်။ တချို့တွေကလဲ စည်ပင်မှာပဲ တာဝန်ကျေကျေလုပ်ကြပေမဲ့ တချို့ကတော့ ပြန်ထွက်ပြေးပြီးတောင်းရမ်းတဲ့အလုပ်ပဲလုပ်တယ်လို့ သိရပါတယ်။ ကလေးတွေကတော့ သူတို့ကိုထိန်းချုပ်တဲ့လူကြီးတွေကို ကိုင်လိုက်တော့ တော်တော်နဲသွား တယ်။ ကောင်းပါတယ်။ မဟုတ်ရင်မြင်ရတာစိတ်မချမ်းသာဘူး။ ကိုယ်ကလဲ လူမိုက်အားပေးမလုပ် ချင်တော့ တော်တော်စိတ်အနှောက်အယှက်ဖြစ်ရတယ်။
Mr. MarGa
May 3, 2013 at 8:59 pm
စည်ပင်တွေလုပ်တဲ့နည်းလမ်းကို ချီးကျူးပါတယ်။
သူတို့တတွေ ဒါလောက် လုပ်လို့ ဒါလောက်ထိ လျော့သွားတာပါ။
ဒါပေမင့်
ဒီထက် ဒီထက် ပိုတိုးလို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေတော့ ရှာသင့်တယ် ထင်ပါကြောင်း
ကိုရင်စည်သူ
May 2, 2013 at 6:05 pm
တစ်ဖက်အတွေးက စဉ်းစားပြီးပြောကြည့်မယ်ဗျာ..
ကွန့်မန့်တော်တော်များများမှာ မြန်မာတွေ အတွေးအခေါ်မမြင့်လို့၊ အစွဲကြီးလို့.. မေတ္တာထားတာမှားနေလို့..
ဘာလို့ ညာလို့.. စရိုက်ကျလို့.. စုံနေအောင် ဝေဖန်ကြနေတာပဲ။ ။
အဲ့မိဘမဲ့ကလေးတွေက သူဘာသာ သူတော့ အော်တိုမစ်တစ် ဂြိုလ်ပေါ်က ကျလာတာ
မဟုတ်ဘူးလေ.. မွေးတဲ့ အမိအဖရှိလို့။ ဘာလို့ပစ်ထားခဲ့တာလဲ.. သားသမီးကို ဟုတ်ကဲ့…
သူတို့လဲ ငတ်၊ ပြတ် ဒုက္ခရောက်ပြီး ကမာ္ဘမီးမလောင်တောင် သားတောင် ချနင်းရတာပါ။
မိဘမဲ့ စုတ်ပြတ်သတ်နေတဲ့ ကလေးတွေ များနေတာ တိုင်းပြည်မှာ မိဘတွေ ဆင်းရဲ စုတ်ပြတ် နွမ်းပါး
နေလို့ပါ။ (ငွေအဆင်ပြေရင်တော့ အနည်းဆုံး လူလားမြောက်အောင် ကျွေးနိုင်တဲ့ မေတ္တာမိဘတိုင်းမှာ ရှိပါတယ်)
စစ်အစိုးရ သင်းသတ်သွားခဲ့တဲ့ လူမှုရေး၊ စီးပွားရေး ကြောင့် မြန်မာလူမျိုး သားသမီးတွေအကုန်
ဆင်းရဲ စုတ်ပြတ်မွဲတေပြီး မိဘမဲ့ကလေးတွေ မများသင့်ပဲ များကုန်တာပါ။ အခုမိဘမဲ့ကလေးတွေ
ဒုတ်ခရောက်နေတာကို စဉ်းစားကြပြီး နောက်ကြီးထွားလာမယ့် မိဘမဲ့ကလေးတွေ မကြီးထွား မပြန့်ပွားအောင်..
ဘယ်လို ဆောင်ရွက်သင့်လဲ။ ??
ကိုယ်ကိုယ်တိုင်တောင် မိဘမဲ့ဂေဟာ (သို့) မူကြို မဖွင့်ဘူးပဲ ကလေးတွေကို အရောင်တွေမချယ်စေချင်ဘူး..
ကလေးတွေဟာ အဖြူရောင်ဗျ.. ဘာဆေးချယ်ချယ်.. အဲ့အရောင်ဖြစ်သွားမှာပဲ..။ ပန်ချီဆွဲ တဲ့လူကို ဝေဖန်မလား စက္ကူအဖြူကို ဝေဖန်းမလား.. 🙄
(ယူအက်စ်နဲ့တော့.. သွားမယှဉ်နဲ့လေ.. အဲ့ဥပဒေတွေက မာတယ်… ခိုင်ခံအောင်လုပ်ထားတာ နှစ်မနည်းတော့ဘူး.. အသားကျကုန်ပြီ။ ကမာ္ဘအချမ်းသာဆုံး၊ အင်အားအများဆုံးနဲ့ ကမာ္ဘအစုတ်ပြတ်ဆုံး တန်းဝင်နဲ့ နိုင်ငံနဲ့တော့..။
ဒီမှာက စစ်ချေးတွေ သုတ်ထားတဲ့ အနံ့တောင် စင်သေးတာမဟုတ်ဘူး။ ။
ရွှေ ကြည်
May 2, 2013 at 6:48 pm
ကရင်စည်ရေ ထောက်ခံတယ်ဗျို့ သွားဖြီးမပြပါနဲ့ ပြောတမှန်ပါတယ်
ရဲစည်
May 3, 2013 at 1:46 am
ကိုရင်စည်သူဗျ …
တလက်စတည်း ထောက်ခံသလိုနဲ့ မေးခွန်းတခု မေးပါရစေ ..။
လမ်းပေါ်က တောင်းရမ်းစားသောက်သူများထဲမှာ …………..။
မွတ်စလင် တောင်းရမ်းသူ
ဟိန္ဒူတောင်းရမ်းသူ
တရုတ်တောင်းရမ်းသူ
တွေ့ဖူးပါသလားဗျ … ဆိုတော့
ဟိုစစ်သူတောင်းဇားတွေ မျက်နှာလိုက်တယ်ပဲ ပြောရတော့မယ် ….။
သခင်မျိုးဟေ့ .. ဒို့ဘားမန်း ( ခရပ်ဒစ်တူ သဂျီး )
:harr:
kai
May 3, 2013 at 3:51 pm
ကျုပ်ကတော့..
ထုံးစံအတိုင်း..
စစ်အစိုးရကြောင့်လည်းမဟုတ်.. ဒီမိုကရေစီဦးနုအစိုးရကြောင့်လည်းမဟုတ်..။ အင်္ဂလိပ်ကိုလိုနီကြောင့်လည်းမဟုတ်..။ သက်ဦးဆံပိုင်သီပေါမင်းတုန်း… တို့ရဲ့ကုန်းဘောင်မင်းဆက်ကြောင့်လည်းမဟုတ်..
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်.. လို့.. :kwi:
kolumbus
May 3, 2013 at 5:11 pm
တွေ့ဖူးပါ့ဗျာ.. ဝင်တိုက်မိလောက်အောင်တော့ မများဖူးပေါ့.. တော်တော် နည်းပါတယ်…
ကိုရင်စည်သူ
May 3, 2013 at 5:33 pm
သခင်မျိုးဟေ့.. ဒို့ဘားမန်း..
မလုပ်.. မရှူပ်… မပြုတ်ဆိုတဲ့.. စစ်တပ်ရိုက်သွင်းသွားတဲ့ ဗီဇလို စိတ်သန္ဓေတွေ
အရိုးစွဲနေသ၍တော့ မိဘမဲ့ကလေးတွေလည်း ပိုများလာမှာဘဲ…။
ရေမြင့်ရင် ကြာက အလိုလိုတင့်လာမှပဲ.. နိုင်ငံချမ်းသာအောင်၊ ပညာရေးမြင့်အောင်
အရင်လုပ်ကြပါဦး..
ကျုပ်ကတော့ စာချုပ်စာတမ်းတွေနဲ့ ခေါင်းစားခံပြီး သူများ သားသမီးမွေးစားမလားဗျ…
မိန်းမပဲ သုံးယောက်ယူပြီး.. ကလေးတွေ များကြီးမွေးဘလိုက်မှာပေါ့..။
ကလေးမွေးစားခြင်း ဥပဒေတွေကလည်း ဘားမိစ်တို့ စိတ်နဲ့.. ဒီသုံးသက်တောင်..
ဖြစ်မယ်.. မထင်.. မထင်..
စနစ်ကြောင့်မဟုတ်ဘူး… ဝါးရင့်ထဲက မျှစ်လို စိတ်ခံတွေကြောင့်…
စနစ်ကြောင့်မဟုတ်ဘူး… မျှစ်ကြောင့်.. :kwi:
Mr. MarGa
May 3, 2013 at 9:31 pm
ကရဲစည်ရေ
တောင်းရမ်းစားသောက်သူကတော့ ဘာသာတိုင်း လူမျိုးတိုင်းမှာ ရှိတာပေါ့ဗျာ
လူသားချင်း စာနာထောက်ထားစွာနဲ့ပဲ ပေးကမ်းခြင်းကို ဘာသာတိုင်းကလဲ ကောင်းမွန်သောအလုပ်လို့ ညွှန်းဆိုထားပါတယ်။
ဒါပေမင့်
ဒါကိုပဲ စီးပွားရေးအသွင်ဆောင်လို့ လုပ်ကိုင်နေတာကိုတော့
ယုံကြည်မှု စာနာမှုကို အလွဲသုံးစားပြုတယ်လို့ ယူဆတာကြောင့်
အားမပေးချင်ပါကြောင်း :hee:
Mr. MarGa
May 3, 2013 at 9:33 pm
ကရင်စည်သူရေ
စနစ်ကြောင့် မဟုတ် မျှစ်ကြောင့်လို့ ပြောလို့
ဆရာမ ဝင့်ပြုံးမြင့်က သူ့နာမည် ယူသုံးပါတယ်ဆိုပြီး ပြောနေဦးမနော် :harr:
Mr. MarGa
May 3, 2013 at 9:36 pm
သဂျီး……….
စနစ်ကြောင့် မဟုတ် လူသားကြောင့်လို့ ပြောလို့ မရဘူးတော့မဟုတ်ပါဘူး ရပါတယ်
ဒါပေမင့် စနစ်ပါ ပါလာတာကြောင့် အဆင်း ဘီးတပ်သလို ဖြစ်သွားတာတော့ သဂျီး မငြင်းပါနဲ့
kai
May 4, 2013 at 12:04 am
တဆင့်မြှင့်တွေးရင်….
မြေခံကိုက.. ဘာလို့ အဆင်းကြီးဖြစ်နေရသလည်းတွေးဖို့ကောင်းတယ်..
Mr. MarGa
May 3, 2013 at 9:14 pm
ကိုရင်စည်သူရေ
ဟုတ်ပါတယ် ကလေးဆိုတာ မွေးပေးတဲ့ မိဘကို ရွေးချယ်လို့မှ မရတာကိုးဗျ
သူတို့ကို လူ့လောကအလယ်ကို ဆွဲခေါ်လာတဲ့ မိဘကိုပဲ အပြစ်တင်သင့်သလား
ကိုယ်မွေးတဲ့ ကလေးကို စွန့်ပစ်ရမယ့် အခြေအနေကို ဖန်ပေးလိုက်တဲ့ စနစ်ကိုပဲ အပြစ်တင်ရမလား (သဂျီးကတော့ စနစ်ကြောင့် ဟုတ်ဖူး တဲ့)
အဖြူရောင် သန့်သန့်နဲ့ ရှိနေတာကို အရောင်ဆိုးကြသူတွေကိုသာ အပြစ်ဆိုပါရစေတော့
ပြောသာပြောရတယ် အင်္ဂလန်လို နိုင်ငံမျိုးမှာတောင် သူတောင်းစားတွေ ရှိနေတာဆိုတော့
အဲဒီ စီးပွားရေးက အတော်ကောင်းမယ့်ပုံ
တစ်ခုတော့ ရှိတာပေါ့လေ ဒီနဲ့ ဟိုနဲ့ကတော့ ပုံစံရော အယူအဆရော ကွာသဗျ
ဆိုတော့ ယှဉ်တော့ ပြောလို့ မရဘူးပေါ့
ရွှေ ကြည်
May 2, 2013 at 6:42 pm
အောင်မငီးသိကြားရေ ကျုပ်ရန်ကုန်မှာလှည်းတန်းကဆိုင်တဆိုင်မှာမုန့်စားတယ် အိုက်စ်ဘယ်ရီမှာပါ။
အကြွေအမ်းစရာမရှိုလို့ဆိုပြီး မုန့်အသေးထုပ်လေးတထုပ်ပေးလိုက်တယ်။
အဲဒါနဲ့ သူငယ်ချင်းနဲ့နှစ်ယောက်စကားပြောရင်းစားနေတာ ကလေးတယောက်လာတောင်းတယ် သနားစရာလေးပေါ့ ကိုယ်က ပါးဖြဲနားဖြဲစားနေတယ် သူတို့လည်းစားချင်ရှာမယ်ဆိုပြီး မုန့်ထုပ်လေးပေးလိုက်တယ် အဲဒိမှာ အဲဒိသကောင့်သားက သူ့ဘော်ဒါတွေလက်တို့လိုက်တာသူငယ်ချင်းကမြင်လိုက်တယ် သူကပြောတယ်ထပ်လာကြတော့မယ်တဲ့
ကဲ လာပါစေပေါ့လေ စားနေရင်းကျန်တာလေးပေးပါတဲ့ အပန်းမကြီးဘူးလေ ကိုယ်လည်းဝပြီဆိုတော့ပေးလိုက်တယ် နောက်တယေက်ထပ်လာပါတယ် ကဲ ခက်ပြီ ပိုက်ဆံအိတ်မွှေနှောက်ပြီး ရှိတဲ့ အကြွေလေးပေးလိုက်တယ် စိတ်ကတော့နည်းနည်းပေါက်နေပြီ
နောက်တယောက်ထပ်လာပါတယ်ဗျားးးးးးး
ဒေါ်ရွှေကြည် ထပြေးရပါရောလားးးး ကိုယ်ကတော့ တယောက်ပေးပြီးတယောက်မပေးရင် သနားပါတယ်ဆိုပြီးပေးနေတာ နောက်ဆုံး ပြေးရပါလေရော :harr: (ဒါကကြုံတုန်း ပြောတာ)
အဲလိုများတာ နောက်တော့နည်းသွားပါတယ်..။ သူတို့လေးတွေဘဝတိုးတက်စေချင်တာတော့အမှန်ပါပဲလေ။ ဒါပေမယ့် မတတ်နိုင်တဲ့အပိုင်းဖြစ်နေတယ် ဒါကြောင့်မိဘမဲ့ဂေဟာတွေပဲ လှူတန်းနေရတယ်။
Mr. MarGa
May 3, 2013 at 9:39 pm
အဲ………..အင်း
ဒါကလဲ အဲလိုပေါ့
စီးပွားရေးသဘောအရ ပြောရမယ်ဆိုရင်
ဖောက်သည်ကောင်းကို လက်မလွှတ်ချင်ဘူးလို့ ပြောရမလား
မှတ်ချက် ပေးရမှာ ဘယ်လိုပေးရမှန်းမသိလို့
ဒါလောက်ပဲ ပြောလိုက်မယ်နော် :hee:
Mလုလင်
May 3, 2013 at 1:33 am
သိရသလောက် ပေါ့ လေ . . . . ကျုပ်က သင်္ဃန်းကျွန်းသား တပိုင်း ဖြစ်နေပြီဆိုတော့ . . . . သုဝဏ္ဏ ကွင်း နဲ့ စကိတ်ကွင်း ကြားထဲက မီးပွိုင့်မှာ . . ပွိုင့်ပိုင်ကြီး ၄ ယောက် ရှိသဗျ။ တစ်ယောက်က ခြေတဖက်နဲ့ လက်တစ်ဖက် စာနေတယ်။ တစ်ယောက်က တရွတ်ဆွဲသွားတယ်။ တစ်ယောက်က ကလေးလေး . ၁၁ နှစ်လောက်တော့ရှိပြီ . ဝတုတ်တို နေတာပဲ. ခြေကျင်းဝတ်ကနေ တုံးတိ ဖြစ်နေတယ်။ တစ်ယောက်ကတော့ မိန်းမ (အင်္ဂါစုံ) ခပ်တည်တည် ပဲ အကြွေးရှင် လို ရုပ်နဲ့ တောင်းတယ်။
တစ်ရက်ပေါ့ဗျာ . . . . . ည ၁ဝ နာရီ ခွဲ လောက်မှာ . . အဲ့ကဖြတ် အပြတ် အဲ့ ပွိုင့်ပိုင်ကြီး ၄ ယောက်ပေါင်းပြီး Taxi ငှားစီးသွားတာ တပ်အပ်မြင်ခဲ့မိတော့ . . . . . . အင်းပေါ့လေ . . သူတို့တွေလဲ လိုင်းကားတိုးစီးရတာ ခက်လဲခက်မယ်၊ ရှက်လဲရှက် ရှာမယ် လို့ သာတွေးမိခဲ့ပါတယ်။ အဲ့ဒီ တော့ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ လဲ . . . . ……………………. လဲ လဲ လဲ။
Mr. MarGa
May 3, 2013 at 9:41 pm
ပွိုင့်ပိုင် ဆိုတဲ့ ရာထူးက
နည်းနည်းနောနော မဟုတ်ဘူးနော့
သူတို့ရဲ့ ဝင်ငွေကို စုံစမ်းမယ်ဆိုရင်
သာမန်လူထက်တော့ လျော့မယ်မထင် :hee:
ရဲစည်
May 3, 2013 at 1:39 am
ဒီအတွေးနဲ့ ဆက်စပ်ပီး အကျယ်မန့်ရမယ် ဆိုရင်ဖြင့် …. မပီးနိူင် အရှည်ကြီးဖြစ်လိမ့်မယ်၊ အဲ့တော့ ကြုံဖူးသလောက် နည်းနည်း ပွားကြည့်တာပေါ့
:kwi:
ကျုပ်ကိုယ်တိုင် ဒီလောကထဲ အတော်ကြာ ဖြတ်သန်းခဲ့ဖူးတယ်။ မန်းလေးမှာတော့ ဒီလိုတောင်းရမ်းစားသောက်မှုမျိုး နည်းအဖုံဖုံဘဲ
တောင်းတဲ့သူတွေမှာလဲ စတန်းဒက်၊ တိုုက်ပ် စသဖြင့်ရှိကြသတဲ့။
အများစု အကြောင်းကို လေ့လာချင်ရင်တော့ ထဲထဲဝင်ဝင် သိနိူင်တဲ့နေရာတွေကတော့ ဘုရားကြီး ပတ်ချာလည်နဲ့ လမ်း ၄ဝဘက်က စာသင်တိုက်တွေမှာဘဲ၊ ဘုန်းကြီးကျောင်းတွေရဲ့ နောက်မှာ နေ့လည် ၁ဝနာရီမထိုးခင် ကတည်းက စုံရုံးရောက်ရှိနေတဲ့ သူတွေဟာ တရုံးရုံးဘဲ၊ အဲ အဲ့မှာ တန်းစီရတဲ့ နေရာ၊ ကိုယ်တာ ဘယ်လောက်၊ ကျွတ်ကျွတ်အိပ်ကြီးရင် ဘယ်လောက်၊ သေးရင်ဘယ်လောက် ဆပ်ကြေးလိုလို၊ လိုင်းကြေးလိုလို၊ လေလံလိုလို၊ ပါမစ်လိုလို ရှိလေရဲ့ …..။ ဆိုချင်တာက သူတို့တွေဟာ အသက်ငယ်ရွယ်ပီး အလုပ်အကိုင် မရှိကြ ၊ မရနိူင်သေးတဲ့ အရွယ်တွေ၊ တချို့လဲ ၆ပါးခိုပီး အလွယ်လိုက်နေသူတွေ ပါလေရဲ့။ ကျုပ်က သူတို့အကြောင်း သိချင်လို့ ၁ဝရက်လောက် စိန်ပန်းကနေလာပီး နေ့တိုင်း ထိုင်စောင့်၊ ကြုံတဲ့သူ အင်တာဗျူးပေါ့ အတော်လေး ဟုတ်ခဲ့သေးတယ်၊ ဝက်သားနဲ့ ထမင်းဖြူတထုပ်တောင် ရခဲ့သေး၊ အဲ့နေက အလှူရှိလို့ ခါတိုင်းလို ရောရာမဟုတ်၊ အလှူရှင် ချာတိတ်မလေးက နောက်ပေါက်က တောင်းတဲ့အဖွဲ့အတွက် သပ်သပ် အထုပ် ၁၀ဝ လှူသတဲ့၊ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ မြင်းခေါင်းစွပ်ကျယ်ဝတ်၊ နှုတ်ခမ်းမွှေး ဗလဗျစ်နဲ့ ကျုပ်ကို သနားတော်မူလို့ စီနီယာမလို ဘိုင်နိမ်းနဲ့ ထမင်းတထုပ်နဲ့ စပါကလင်တလုံးကို ကျွတ်ကျွတ်အိပ်နဲ့ ထည့်ပေးသဗျ၊ ပီးတော့ပြောသေးသဗျ အဲ့လူဂျီးက မျက်လုံးတွေရဲပီး ပိန်နေတာ သနားစရာဘဲတဲ့ … 🙂
ထားပါ ကိုယ်ရည် ကိုယ်သွေးတွေ ထုတ်ကြွားနေတာနဲ့ ဘယ်ရောက်မှန်း မသိတော့ဘူး …
ဒီလိုဗျ …
(၁)အဲ့လို တောင်းသူတွေထဲမှာ မိသားစုတွေက အလုပ်ကိုယ်စီရှိကြတယ်၊ ဒါပေသိ ရတဲ့ဝင်ငွေနဲ့ မိသားစု စားမလောက်လို့ ကလေးတွေကို ဘုန်းကြီးကျောင်းက ထမင်း၊ဟင်းတွေ တောင်းခိုင်းရတာ၊ အဲ့ဒါကို ထမင်းသပ်သပ်၊ ဟင်းကောင်း၊ အသားဖတ်ပါ တထုပ် ၁၀ဝနဲ့ ပြန်ရောင်းကြတယ်၊ အိမ်မှာလဲ စားကြတာပေါ့၊ စားရေးလဲ ဖြေရှင်းသလို တဖက်ကလဲ စမော ဘိဇိနက်ပေါ့။
(၂) လမ်းပေါ်ထွက် တောင်းတဲ့သူတွေကတော့ အဲ့ထက် ပိုအဆင်မပြေတဲ့သူတွေပေါ့၊ ပြောဖွယ်မရှိ၊
(၃) အဲ … ဂေါက်ကွင်းမှာ၊ ဂိတ်မှာ၊ အိမ်မှာ၊ ရုံးအပြင် တနေရာမှာ တောင်းတဲ့သူတွေကတော့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပိုပီးကြောက်ဖွယ် ကောင်းတာမို့ …. ပရောဂျက်တွေ ဘာတွေနဲ့ စီမံထိန်းသိမ်းရလိမ့်မယ်၊
(၄) အပေါ်မှာ အန်တီဝင်းပြုံးမြင့် ပြောသွားတယ် ဥပဒေပြင်ဖို့၊ ကောင်းတဲ့ ဥပဒေထွက်လာရင်တောင် နံပါတ်(၃) အမျိုးအစားတွေ အတွက် ပိုပီးပြုပြင်ပြောင်းလဲ သင့်တယ်လို့ တွေးမိရဲ့ ….။
စကားမစပ်
သင်္ကြန်တွင်းက ပြည်တွင်း ရုပ်သံလိုင်းတွေမှာ အပြိုင်အဆိုင်ပြနေတဲ့ စတုဒိသာ ကျွေးပွဲတွေ ဦးမင်းသကြား မြင်မယ်ဟုတ်စ …
သူတို့တွေ အဲ့လို တနှစ်တနှစ် သိန်းထောင်၊ သောင်းချီ ကျွေးဖို့အတွက် နှစ်စဉ် အခြေခံလူတန်းစားတွေနဲ့ အောက်ခြေလူတန်းစားတွေ ဘယ်လောက် အထိ ရပိုင်ခွင့်တွေ ဆုံးရှုံးနေသလဲဆိုတာ သေချာတွေးမိရင် …. မြင်ပါလိမ့်မယ် ..။
ဟာသ… သဘော ဥပမာလေး အနေနဲ့
မြန်မာနိူင်ငံ ပဲကုန်သည်ဂျီးများ အသင်းအနေနဲ့ ပြည်ပက စားတော်ပဲ ဝယ်ယူမှုရှိခဲ့ရင် …. ပို့ကုန် အခွင့်အလမ်းတွေ ပေါ်ပေါက်ခဲ့ရင် … ခင်ဗျားတို့ ကျုပ်တို့ ပဲပြုတ် ၁ဝသား ၃၀ဝနဲ့ မစားရတော့ဘူးမှတ် … :harr:
အဲတော့ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးမှု အမြန်ဆုံးလုပ်ချင်ရင် … အခြေခံလူတန်းစားကို ပြုပြင်ပြောင်းလဲမှု လုပ်မလား …
ဒါမှမဟုတ် … ဘယ်သူတွေကို Brain Wash အရင်လုပ်သင့်သလဲ …
——————————————————————————————————————————
မတူတဲ့ အတွေးနဲ့ မန့်ထှာ ..
ဘာဘဲ ဖြစ်ဖြစ် ကိုယ့်ဆြာ အတွေးအရေး ကောင်းပါ၏
လေးစားလျှက်
ယဲစီ
Mr. MarGa
May 4, 2013 at 8:05 pm
ကရင်စည်
အတွေးအရေး ကောင်းပါ၏ ဆိုလို့ နည်းနည်း မြောက်သွားမိတာတော့ ဝန်ခံပါရစေ :hee:
နံပါတ်သုံး အမျိုးအစားတွေကို အဓိက ရှင်းသင့်သလို
ကျန်တဲ့ အမျိုးအစားတွေကိုလဲ အဆင်ပြေအောင် လုပ်ပေးသင့်တယ်လို့ ပြောချင်မိတယ်ဗျ။
ဦးဦးပါလေရာ
May 3, 2013 at 1:07 pm
ဒီမနက်အတွင်း ဒီရွာထဲအရောက်ဝင်မယ်လို့ စိတ်ဆုံးဖြတ်ပြီးမလျှော့သောလုံ့လနဲ့ ကြိုးစားခဲ့လို့
အခုမှ ရွာထဲရောက်တော့တယ်။ (ဒါတောင် မွန်းလွဲနေပြီ)
မြန်မာပြည်မှာ ကလေးမွေးစားဖို့ကိစ္စလေး ဆရာမဝင့်ပြုံးမြင့်ပြောတာကို ထောက်ခံဆွေးနွေးချင်တာပါ။
မွေးစားတဲ့ကလေးကို ကိုယ့့်သားရင်းသမီးရင်းနဲ့ အရာရာတန်းတူညီမျှဖြစ်ရမယ်၊ တန်းတူညီမျှ အမွေခွဲဝေခံစားရမယ် ….
ဆိုတဲ့ အိုင်ဒီယာကို ဘယ်လိုခေါင်းအမျိုးအစားထဲက ကလော်ထုတ်ခဲ့သလဲမသိ…။
မြန်မာ့ထုံးတမ်းဥပဒေမှာ သားသမီးအရင်းချင်းတောင် အမွေ တန်းတူမရဘူး..။
အဲသလိုရွက်ပုံးသီးကွန်မြူနစ်ဘာလချောင်ကြော်တွေကြောင့် ဒီတိုင်းပြည် ဒီလိုဖြစ်သွားတာ..။
အဲဒါ ရှေးလူကြီးဖွတ်ကျားတွေ ဦးနှောက်အဆေးခံထားခဲ့ရတာထားပါတော့
နောက်တက်လူငယ်ပိုင်းကတော့ သံယောင်မလိုက်မိဖို့ ဆုတောင်းမိပါတယ်။
အဲဒီတော့ ဘာလဲ… လိုရင်းက…
မိဘမဲ့ အခြေအနေမဲ့ကလေးတွေ –
ကိုယ့်သားသမီးနဲ့တန်းတူအခွင့်အရေးမပေးနိုင်ရင် အမွေးစားမခံကြရစေနဲ့…
သူတို့ဘာသာသူတို့-
ငတ်ရင်ငတ်ပေ့စေ….
သေရင်သေပေ့စေ…
ရောဂါဘယဖြစ်ပွားရင် ဖြစ်ပွားပေ့စေ…
အသိဉာဏ်ပညာ နိမ့်ကျရင်နိမ့်ကျပေ့စေ…
လူတောမတိုး လူချင်းမတူရင် မတူပေ့စေ…
အညံ့စားမျိုးဆက်တွေ အညံ့စားအသိဉာဏ် အညံ့စားစာရိတ္တ အညံ့စားအတွေးအခေါ်ခံယူချက်တွေနဲ့
အစဉ်အဆက် ဆင်းသက်ပေါက်ပွားပေ့စေ….
…. ပေါ့
မြန်မာနိုင်ငံရဲ့ ကလေးမွေးစားဖို့စည်းမျဉ်းစည်းကမ်းတွေက အဲသလိုမဆိုလိုလဲ ဆိုလိုရာရောက်ပါတယ်..။
ကျုပ်လား..
စိတ်ချ… ဒီစည်းမျဉ်းမျိုးနဲ့ ဘယ်တော့မှ ကလေးမမွေးစားဘူး….။
ဒီစည်းမျဉ်းမျိုးက လူလူချင်း မွေးစားဖို့ တာဝန်ယူဖို့ကို အားမပေးဘူး..
စက်ရုပ် စက်ရုပ်ချင်းပဲ မွေးစားဖို့ တာဝန်ယူဖို့ ဖြစ်နိုင်မယ်…၊
အရီးခင်လတ်
May 3, 2013 at 3:06 pm
ကိုပါပြောတဲ့ အကြောင်းကို ကန့်လန့်တိုက်ကြည့်လိုက်ဦးမယ်။ 😉
{မြန်မာ့ထုံးတမ်းဥပဒေမှာ သားသမီးအရင်းချင်းတောင် အမွေ တန်းတူမရဘူး..။}
ကျွန်မ အဘွား (အဖွားရဲ့ အဒေါ်) မှာ သားသမီးရင်းမရှိပါ။
မွေးစားသမီးလို တစ်ယောက်တော့ရှိပါတယ်။
အတော်လေးကြွယ်ဝပါတယ်။ သူ့ခင်ပွန်းက အရင်ဆုံးပါတယ်။
နောက် သူကွယ်လွန်ချိန် စိန် ရွှေ အတွင်းပစ္စည်းတွေ အများကြီးကျန်ခဲ့ပါတယ်။
မကွယ်လွန်ခင်ထဲက သူ့တိုက်ကြီး ကို လှူထားလို့ အိမ် မြေ ကတော့ အမွေခွဲ တဲ့အထဲ မပါပါ။
ကျန်တာတွေကတော့ ဆင့်ပွါး ဆွေရင်း မျိုးရင်း Family Tree ချပြီး တရားဥပဒေ အရ အမွေခွဲပေးပါတယ်။
ကျွန်မ အဖွား အပါအဝင် တူ/တူမ အရင်း ၁၄ယောက်လားမသိ။
အညီအမျှ ရကြပါတယ်။
သူ့ကို တစ်ချိန်လုံး အမြဲပြုစုပေးခဲ့ မွေးစားသမီး ကတော့ စာရင်းမပါခဲ့ပါ။
ဒါပေမဲ့ နောက်ကွယ် တစ်ခြားအကြောင်း ကတော့ တကဲ့ စိန်လို အဖိုးတန် တွေမတွေ့တော့ဘဲ လူတွေရဲ့ အတင်းစကားတွေ ကြားမှာ နောက်ပိုင်း အဲဒီ မွေးစားသမီး က အတော်လေး စီးပွါးဖြစ်လာပါတယ်။
ကျွန်မ ကတော့ အဖွားကြီးကို ဘာမှ မပြုစု ခဲ့တဲ့ သူတွေထက် အဲဒီ မွေးစားသမီးကိုဘဲ အားလုံး ရသွားစေချင်တာပါဘဲ။
ဒီဇာတ်လမ်းက ကြာတော့ အတော်ကြာပြီမို့ ဥပဒေပြောင်းနေရင်တော့ မသိပါ။
တရားဥပဒေအရ ဆိုရင်တော့ အညီအမျှဘဲ ပေးရတာပါ။
တကယ်တော့ ဒါဟာ မတရားပါဘူး။
ဆိုးပေမိုက်မဲ မိဘကို နှိပ်စက် နေသူ ကို အမွေမပေးဘဲ မိဘ ကို တစ်သက်လုံး လုပ်ကျွေးပြုစုသူ ကိုဘဲ အမွေပေးလို့ မရဘူးထင်ပါတယ်။
ဘာလို့လဲ ဆိုတော့ တရားဝင် သေတမ်းစာ ဆိုတာ မြန်မာဥပဒေ (ဗုဒ္ဓဘာသာ) မှာ မရှိတာ ဆိုးတာပါ။
ကိုယ့်မရှိတော့ချိန် ကိုယ့်ပစ္စည်းကို ကိုယ်ကြိုက်သူ ဘယ်သူ့ဘဲ ပေးပေးပေါ့။
(ဦး)ဝင်းဦးတောင် မသေခင် ခရစ်ယာန်ပြောင်းတာ သေတမ်းစာမြဲ ဖို့လို့ ဆိုတာဘဲ။
မှန်မမှန်တော့ မသိ။
သူတောင်းစားအကြောင်းမှာ သေတမ်းစာ တရားဝင်ရှိသင့်ကြောင်း ရွှီးပါတယ်။
သူတောင်းစား အကြောင်း ကို ဆက်ရွှီးကြည့်ရရင်တော့ လန်ဒန်မှာ သူတောင်းစား အဆင့် လို့ သတ်မှတ်ခံ မထားဘူး ဆိုရင် မသိတဲ့သူဆီက ပိုက်ဆံတောင်းလို့ မရတဲ့ ဥပဒေရှိသတဲ့။
တောင်းရင် ဒါဏ်ရိုက်ပါတယ်။
ဒီတော့ မြန်မာပြည်မှာလဲ လူတွေ ကို အချောင်စိတ်မဝင် စေချင်ရင် ထိထိရောက်ရောက် ဥပဒေပြု ဒါဏ်ရိုက်သင့်သလားဘဲ။
သူတောင်းစား ဆိုတာ စားသောက်ဆိုင်တွေမှာ တို့ပြီး တောင်း နေသူတွေ ကိုတင် ဆိုလိုတာမဟုတ်ကြောင်း ကိုတော့ သိကြပါ။
ကားအကောင်းစားကြီးတွေ၊ အိမ်အကောင်းစားကြီး တွေပေါ် မှာလဲ သူတောင်းစားတွေ ရှိပါတယ်။
တစ်ခုတော့ ရှိတယ်။
ကိုယ့်ကိုယ်ကို သူတောင်းစားအဆင့် လို့ တရားဝင်ကြေငြာခဲ့ရင်တော့ လွတ်စေ ပေါ့။
:kwi:
ကထူးဆန်း
May 3, 2013 at 9:36 pm
ဦးပါ ပြောတာ မှန်တယ်အရီးလတ်ရဲ့ .. မြန်မာ အမွေခွဲဝေမှုမှာ သားကြီးဩရသ က ၂၅ % ပိုင်ဆိုင်ခွင့်ရှိပြီး ကျန်တာတွေကိုမှ ကျန်မောင်နှမ အညီခွဲဝေယူရတယ်လို့ မှတ်သားထားဘူးပါသည် ။
စကားအတင်းစပ်လို့ ရွာသား ဥပဒေ သမားလည်း ဘယ်ချောင်ရောက်သွားလဲ မသိ .. ပေါ်မလာတော့ဘူး ..
Mလုလင်
May 3, 2013 at 10:38 pm
အဲ့ သားကြီး ဩရသ က . . . . မိသားစု စီးပွားကို လုပ်နေသလား ဆိုတာ ပါသေးသလား ဦးထူးဆန်း ရေ . . . . အမွေခွဲ တဲ့ တရားမ မှု ရှုပ်မရှုပ်တော့ မသိ . . ဗဟန်း ထဲက ၂ ဧက လောက် ရှိတဲ့ ခြံကို သိန်း 360 နဲ့ ပွဲဖြစ်ခဲ့တဲ့ ဒေါ်ကြည့် အမှု ကိုသာကြည့်တော့ . .။
ဦးဦးပါလေရာ
May 4, 2013 at 2:27 pm
မခင်လတ်ပြောတဲ့ဥပမာက ရှေးခေတ်ကမို့ပါ
ဒီခေတ် လက်ရှိစည်းကမ်းဥပဒေတွေအတိုင်း စာချုပ်စာတမ်းနဲ့မွေးစားခဲ့ရင်
တူ တူမ ၁၄ ယောက်က တစ်ပြားမှမရပဲ မွေးစားသမီးက အကုန်ရမှာဖြစ်ပါတယ်။
သေတမ်းစာနဲ့ပတ်သက်လို့တော့
ကိုယ်ရှာထားတဲ့ပစ္စည်း ကိုယ့်သဘောနဲ့စီမံခန့်ခွဲခွင့်ရှိထိုက်ပါတယ်..။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေလိုမျိုး
မှန်လဲမမှန်၊ တရားမျှတမှု့လဲမရှိ၊ ခေတ်နဲ့လဲမဆီလျှော်၊ လူတွေအလွယ်တကူလဲလက်တလုံးခြားလုပ်နိုင်တဲ့
ကိုလိုနီခေတ်ဦးက ဥပဒေတွေကို ဖျက်သိမ်းအစားထိုးသင့်နေပါပြီ။
လူမျိုး ဘာသာ ကျားမ ကြီးငယ် မရွေး
လူမှန်သမျှကို လူလို အညီအမျှသဘောထားတဲ့ လူလို အညီအမျှလေးစားတဲ့
ဓလေ့ထုံးတမ်းအသစ်ကို
အစားထိုးကျင့်သုံးသင့်ပါပြီ…။
Mr. MarGa
May 4, 2013 at 8:28 pm
အရီးလတ်ပြောသလို တရားဝင် ကြေညာခိုင်းရင်တော့
အတော်များများ ထပ်ထွက်လာမလားပဲနော် :kwi:
Mr. MarGa
May 4, 2013 at 8:25 pm
ဦးပါရေ
အဲဒီ မွေးစားမှု အပိုင်းကိုတော့ ကျွန်တော် ဝင်ရောက် ဆွေးနွေးနိုင်လောက်အောင် မသိတာကြောင့်
ဝင် မဆွေးနွေးနိုင်တာ ခွင့်လွှတ်ပါလို့ ပြောပါရစေတော့
တစ်ခုတော့ နဲနဲ ပြောချင်မိတယ်
အဲဒီတော့ ဘာလဲ… လိုရင်းက…
မိဘမဲ့ အခြေအနေမဲ့ကလေးတွေ –
ကိုယ့်သားသမီးနဲ့တန်းတူအခွင့်အရေးမပေးနိုင်ရင် အမွေးစားမခံကြရစေနဲ့…
သူတို့ဘာသာသူတို့-
ငတ်ရင်ငတ်ပေ့စေ….
သေရင်သေပေ့စေ…
ရောဂါဘယဖြစ်ပွားရင် ဖြစ်ပွားပေ့စေ…
အသိဉာဏ်ပညာ နိမ့်ကျရင်နိမ့်ကျပေ့စေ…
လူတောမတိုး လူချင်းမတူရင် မတူပေ့စေ…
အညံ့စားမျိုးဆက်တွေ အညံ့စားအသိဉာဏ် အညံ့စားစာရိတ္တ အညံ့စားအတွေးအခေါ်ခံယူချက်တွေနဲ့
အစဉ်အဆက် ဆင်းသက်ပေါက်ပွားပေ့စေ….
မွေးစားခြင်းနဲ့ ဖြေရှင်းတာကိုလဲ ကျွန်တော်ကတော့ ကောင်းတဲ့နည်းလမ်းလို့ မပြောလိုဘူး
သူတို့ကို မြေတောင်မြှောက်လို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်ပဲ လေ့ကျင့်သင်ကြားပေးတာကပဲ
အဖြေဖြစ်မလားလို့ တွေးမိတယ်ဗျ
သျှားသက်မာန်
May 3, 2013 at 2:40 pm
ကလေးတွေကိုထမင်းခေါ်ကျွေးတာကတစ်ခါဆိုတာဘာမှမဖြစ်သွားလောက်ပါဘူး..ဒါပေမဲ့တစ်ယောက်ကိုကျွေးရင်နောက်ဒီဆိုင်ကကျွေးတယ်ဆိုပြီးတခြားသူတွေကိုပါခေါ်လာရင်မခက်ပေဘူးလား…
Mr. MarGa
May 4, 2013 at 8:31 pm
ခက်မှာပေါ့ဗျာ
တကယ်ကို ခက်မှာပေါ့
အဲဒီ ကိစ္စကိုတော့
ပိတ်ပင်ခြင်းနဲ့ပဲ ရှင်းရမယ့်ပုံနော်
GaviaGirl
May 3, 2013 at 8:18 pm
သဂျားရေ..ခုမှဝင်လို့ရတယ်ဟ… ကြုံတုန်းပြောရရင်တော့ Home Page ပေါ်ဖို့အရေး၊ post ပွင့်ဖို့အရေး၊ log in ဝင်ဖို့အရေး Try Again ကို အနည်းဆုံး နှစ်ခါဆီလောက်တော့ နှိပ်ရပါတယ်….
ငါရဲ့ ပေါက်တတ်ကရလို့ပြောမလား… မဟုတ်သုပ်ခလို့ပြောမလား… ညံ့ဖျင်းတယ်လို့ပြောမလား..အကုန်ပြောလို့ရတဲ့ အတွေးတစ်ခု တွေးဖူးတယ်ဟ… လှည်းတန်း ဦးထွန်းလင်းခြံလမ်းကနေ လှည်းတန်းဈေးအနောက်လမ်းကိုဝင်တဲ့ လမ်းဖြတ်တစ်ခုရှိတယ်..ကြာဆံချက်ဆိုင်ထောင့်ပေါ့…အဲဒီမှာ..လမ်းတစ်ဖက်မှာက ခြေနှစ်ဖက်စလုံးပြတ်နေတဲ့ လူတစ်ယောက်က ခွက်လေးရှေ့ချပြီးတောင်းနေတယ်… မျက်စောင်းထိုးလောက်မှာက ပေါင်ချိန်စက်ကိုရှေ့ချပြီး လူတစ်ယောက်က ပေါင်ချိန်လို့ရပါတယ်လို့ ပြောနေတယ်… အဲဒီမှာ လူတွေက တောင်းနေတဲ့သူထဲကို ပိုက်ဆံတွေထည့်ကြတယ်.. (ငါလည်း ပါတယ်..) ဟို ပေါင်ချိန်စက်နဲ့လူကတော့ တစ်ယောက်မှဝင်ချိန်တာမတွေ့မိဘူး.. ငါဘာတွေးလိုက်မိလဲဆိုတော့ ဟိုတောင်းတဲ့သူက ပိုက်ဆံတော်တော်ရနေတယ်.. ဒီမှာ သမ္မာအာဇီဝနဲ့ရှာစားတဲ့ ပေါင်ချိန်သမားက ဟိုလူ့တစ်ဝက်တောင် ရရဲ့လားမသိဘူး… ဆိုပြီး စဉ်းစားမိတယ်.. လမ်းဘေးထိုင်နေရတဲ့သူချင်းအတူတူ ခွက်ချထားတဲ့သူက ပိုက်ဆံရပြီး ပေါင်ချိန်စက်ချထားတဲ့သူက ပိုက်ဆံမရဘူးလို့ တွေးမိတယ်… ဘေးက သူငယ်ချင်းကို အဲဒါပြောမိတော့ သူနဲ့ငါနဲ့တောင် အငြင်းအခုန်တွေဖြစ်ခဲ့ကြသေးတယ်…
ဒါက သဂျားပြောတဲ့ ကလေးတွေနဲ့တော့ မဆိုင်ပေမယ့် ပို့စ်ကိုဖတ်ပြီး အမှတ်ရမိတာတစ်ခုပါ..
Mr. MarGa
May 5, 2013 at 7:10 pm
အင်း………………..
ဘယ်လိုပြောရပါ့
ဒါမျိုးတွေကြောင့်လဲ စီးပွားရေးဆန်ဆန် လုပ်တဲ့သူတွေ ရှိလာတယ်ထင့်
လူတွေကိုလဲ အသိပညာ ပေးဖို့ လိုလာတယ်လို့ ပဲ ပြောရမလားတော့ မသိ :buu:
uncle gyi
May 3, 2013 at 10:24 pm
ကိုမာဃရေ
ကလေးတွေထမင်းတနပ်ကျွေးဖို့ဆိုတာ အမြဲဆို တကယ်မလွယ်ပါဖူး
နောက်မွေးစားကြဖိုု့ဆိုတာလည်းသားသမီးအရင်းနဲ့တန်းတူတွေတန်းမတူတွေအသာထား
အပြင်မှာရှိနေတဲ့ကလေးတွေအကုန်ကိုမွေးစားမိဘတွေရအောင်ရှာပေးဖို့ကိုကမလွယ်ပါဖူး
မဖြစ်နိုင်ပါဖူး
ခက်တာကအဲဒီကလေးတွေကိုကအဲဒီဘဝမှာပျော်နေတာကခက်တာ
ငွေရှာရလည်းလွယ် လုူမြင်လို့မကောင်းပေမဲ့ ဝင်ငွေကကောင်းနေတော့
သူတို့ကိုယ်တိုင်ကပျော်နေတာ
အဲတော့ဒီလိုကလေးတွေလျော့နည်းအောင်ဆိုဥပဒေနဲ့ထိမ်းကျောင်းမှရမယ်ထင်ပါတယ်
နောက်တခု
ဒီလိုကလေးတွေကိုမွေးစားတာမဟုတ်ပဲသူတို့ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်
လူတိုင်းတတ်နိုင်သမျှဝိုင်းလုပ်ကြမယ်ဆိုရင်အလုပ်ဖြစ်နိုင်ပါတယ်
ကျွန်တော့်အသိတယောက်ဆိုအဲလိုမောင်နှမ၂ယောက်ကိုလူတလုံးသူတလုံးဖြစ်အောင်ပြုလုပ်
ပေးလိုက်တာကိုယ်တွေ့ပါပဲ
Mr. MarGa
May 5, 2013 at 7:16 pm
အန်ကယ်ကြီးရေ
အခုအချိန်ထိ ကျွန်တော် တွေးမိသမျှ နည်းလမ်းကလဲ
ဥပဒေနဲ့ ထိန်းကျောင်းလို့ သူတို့လမ်းကို သူတို့ လျှောက်နိုင်အောင်
သူတို့ ဘဝကို သူတို့ ပြုပြင်နိုင်အောင်
ဝိုင်းဝန်းပြုပြင်ပေးရင်တော့ ပပျောက်နိုင်ခြေ ရှိတယ်လို့ ပဲ မြင်ပါတယ်ဗျာ
မဟာရာဇာ အံစာတုံး
May 3, 2013 at 11:07 pm
ဝိုးတဝါး
အရိုးများ
မဆိုးသား
ဆက်တိုးထား
ခွက်ဆို့လား
ရက်ပို့အား
ငှက်လို့များ ….။
((ဘာတွေလည်းတော့ သိဝူး။ ဒက်ဒီကြောင် နောက်က လိုက်တီး))
ဒီလိုမန့်တာ မကျေနပ်လည်း ကိုယ့်ကိုယ်ကိုသာ သတ်သေတော့ …
စိတ်ပါမှ သေချာ လာမန့်မယ် … ဒါဗျဲ ..
Mr. MarGa
May 6, 2013 at 1:09 pm
အိမ်း………….
အသင်က ဘာမှ မပြောတော့လဲ ကျွန်ုပ် ဘာမှ မပြောတော့ပါဘု
အောက်မှာမှ ပြောတာပေါ့လေ
ဝင့်ပြုံးမြင့်
May 4, 2013 at 2:06 am
သိကြားမင်းပြောတဲ့ ( တောင်းရမ်းစားသောက်သူကတော့ ဘာသာတိုင်း လူမျိုးတိုင်းမှာ ရှိတာပေါ့ဗျာ
လူသားချင်း စာနာထောက်ထားစွာနဲ့ပဲ ပေးကမ်းခြင်းကို ဘာသာတိုင်းကလဲ ကောင်းမွန်သောအလုပ်လို့ ညွှန်းဆိုထားပါတယ်။)
အဲဒါလေးက သိမ်သိမ်မွေ့မွေ့လေး လွဲနေသလိုပဲ။ လူသားအချင်းချင်းကောင်းရမယ် ဆိုတဲ့ ကိစ္စကို အလှူဒါန ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာတွေအမြဲထားတယ်။ လူသားချင်းစာနာထောက်ထားမှု ဆိုတဲ့စကားလုံးကိုတော့ ရာဇဝတ်သား၊ အကျဉ်းသားတွေကိုလွှတ်ပေးဖို့ အသနားခံတဲ့နေရာမှာပဲ သုံးသင့်ပါတယ်။ လူသားချင်းချင်းကောင်းရမယ့် ကိစ္စဟာ အလှူဒါန မဖြစ်သင့်ဘူး။ ပရဟိတ မဖြစ်သင့်ဘူး။ ဒါဟာ လူသားတာဝန်ဖြစ်ကိုဖြစ်သင့်ပါတယ်။
ဥပမာဆိုရရင် ဆရာဝန်တစ်ယောက်ဟာ သူ့ရှေ့မှာ လူတစ်ယောက်လဲကွဲနေပြီဆိုရင် ရန်သူပင်ဖြစ်ပစေဦး၊ သူဆေးကုရမယ့် တာဝန်ရှိတယ်။ mission လို့ခေါ်သင့်တာပေါ့နော်။ အဲဒါကို ကောင်းမှုဒါန လုပ်တယ်လို့ မသတ်မှတ်သင့်ဘူး။ အလှူဒါနဆိုတာကတော့ ကိုယ့်ရှေ့မှာ ဘာတွေပဲ တွေ့နေရပစေ၊ လှူချင်လှူမယ်၊ မလှူချင်မလှူဘူး။ ဝန်ပေါ့တယ်။
အခုတက်လာမယ့် မျိုးဆက်သစ်ကိုထူထောင်ဖို့ တိုင်းပြည်အတွက် သေရေးရှင်ရေး အရေးကြီးနေတယ်။ အဲဒါကို ပရဟိတ ခေါင်းစဉ်အောက်မှာ ထားလိုက်တာ မှားတယ်လို့ မြင်ပါတယ်။ လူသားချင်းကောင်းရမှာဟာ တာဝန်တစ်ရပ်သာဖြစ်ပါတယ်။
နောက်ထပ် ဥပမာတစ်ခုပြောချင်ပါတယ်။ အနောက်နိုင်ငံမှာ အလှူလုပ်လေ့မရှိပါဘူး။ အမြတ်ခွန်ကိုသာ ပြည့်နေအောင် များနိုင်သမျှ များအောင် ပေးကြပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အရေးကြီးဆုံးတာဝန် တစ်ရပ်ကို ထမ်းဆောင်တာပါ။ အလှူထက် ပိုအရေးပါပါတယ်။ သူတို့ ပါတီပေးတယ်။ ပါတီဟာ ပါတီပဲ။ အလှူမဟုတ်ဘူး။ donation ခေါင်းစဉ်အောက်မှာ မရှိဘူး။
မြန်မာတွေကတော့ ရွာလုံးကျွတ်မီးခိုးတိတ် ထမင်းရည်ချောင်းစီး ဆိုတာမျိုး။ အဲဒါကို အလှူလို့ သတ်မှတ်ကြပါတယ်။ လုပ်ငန်းစဉ်တစ်ခုရဲ့ ရလဒ်ကို သိပ်မစဉ်းစားပါဘူး။
—
ဒီပို့စ်ကို သူတောင်းစားပပျောက်ရေး ခေါင်းစဉ်အောက်မှာ မထားသင့်သလို ပရဟိတ ခေါင်းစဉ်အောက်မှာ လည်း မထားသင့်ပါ။ တိုင်းပြည်ထူထောင်ရေး ခေါင်းစဉ်အောက်မှာ ထားသင့်တာပါ။ အခုတက်လာမယ့် မျိုးဆက်သစ်ကို အပြိုင်းအရိုင်းအားကောင်းအောင်လုပ်နိုင်မှ ဖြစ်မှာပါ။ အဲဒါဟာ ပရဟိတအဆင့်မှာ မဟုတ်ဘဲ နိုင်ငံသားတာဝန်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိသင့်ပါတယ်။ ဒါကြောင့် ဥပဒေပိုင်း အရေးကြီးတယ် ထင်ပါတယ်။
—–
ဥပဒေပိုင်းကို ကြည့်မယ်ဆိုရင် လက်ရှိဥပဒေတွေကို ဒီမိုကရေစီနဲ့ ချိန်ထိုးကြည့်ရမှာပါ။ မြန်မာပြည်ဟာ ဒီမိုတိုင်းပြည်ဆိုရင် ဘာကြောင့် တခြား ဒီမိုစစ်စစ်တိုင်းပြည်တွေရဲ့ ဥပဒေတွေနဲ့ မတူရမှာလဲ။ အနည်းဆုံးတော့ သေတမ်းစာ တရားဝင်သင့်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ်တစ်သက်လုံးရှာဖွေထား၊ ထိန်းသိမ်းထားတဲ့ ပစ္စည်းဥစ္စာပေါ်မှာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုရင် လူ့အခွင့်အရေးဆိုတာ ဘာကိုပြောတာပါလဲ။ ထားပါတော့ သားသမီးရဲ့ လူ့အခွင့်အရေးကပိုအားသာတဲ့အတွက် မိဘမှာ သေတမ်းစာ တရားမဝင်ဘူး။ ဒါဆိုရင် သားရင်းသမီးရင်းမရှိတဲ့လူတွေအတွက်တော့ သေတမ်းစာ တရားဝင်သင့်ပါတယ်။
ကလေးမွေးစားလိုသူ အများစုဟာလည်း သားသမီးမရှိတဲ့စုံတွဲတွေဖြစ်ပါတယ်။ သားရင်းသမီးရင်း မရှိတဲ့အတွက် သေတမ်းစာတရားဝင်လုပ်ပေးလိုက်ရင် ကလေးမွေးစားဖို့ များလာပါလိမ့်မယ်။ ပြီးတော့ မြန်မာပြည်မှာ အပျိုကြီး လူပျိုကြီး အုပ်စုက မသေးဘူး။ သူတို့တတွေလည်း ကလေးမွေးစားချင်ပါလိမ့်မယ်။ သူတို့တွေအတွက် သေတမ်းစာတရားဝင်ဆိုရင် သူတို့လည်း ကိုယ်မွေးတဲ့ကလေး ကိုယ့်ပြန်ချောက်မှာ သိပ်မကြောက်ရတော့ဘူး။
မိဘမဲ့ကလေးလက်ခံတဲ့ဌာနနဲ့ ကလေးမွေးစားလိုသူကြား ဆက်သွယ်ထိန်းညှိပေးတဲ့ အဖွဲ့အင်အားကောင်းဖို့လိုပါတယ်။
လူသားတစ်ယောက်ဖြစ်ထွန်းလာအောင် လုပ်ပေးဖို့ တကယ်မလွယ်ပါဘူး။ ထမင်းကျွေးရုံ၊ ပညာသင်ပေးရုံတင်မကဘူး၊ လူမှုကိစ္စအဝဝကို သင်ကြားပေးရတယ်။ ဘာသာရေးကအစ ပြောပြသွန်သင်ကြရတယ်။ နွေးထွေးတဲ့ မိသားစု မေတ္တာကို ပေးကြရတယ်။ လူမွေးရတဲ့ တာဝန်ဟာ အကြီးဆုံးနဲ့ အပင်ပန်းဆုံးပါပဲ။ မွေးစားလိုသူဟာ ပရဟိတကို လုပ်တာ မဟုတ်ပါဘူး။ အရေးကြီး နိုင်ငံသားတာဝန်ကို ထမ်းဆောင်လိုက်တာပါ။ အဲဒါကြောင့် အဲဒီလိုလူကို ထပ်မံပြီး ဥပဒေတွေနဲ့ တုပ်နှောင်လိုက်တာ မဟုတ်ဘဲ သူတို့ဘက်ကိုလည်း ထည့်သွင်းစဉ်းစားပေးရင် ကောင်းမှာပါ။
သားရင်းသမီးရင်း ရှိတဲ့လူတွေက ထပ်မံပြီးမွေးစားရင် အမွေစားအမွေခံကိစ္စကြောင့်တင်မဟုတ်၊ ဘယ်လိုပြောမလဲ ခွဲခြားမှုက ရှိဖို့များပါတယ်။ (အတွေ့အကြုံအရ) အမေထက် အဖေက ပိုဆိုးနိုင်ပါတယ်။ အဖေတွေက သားသမီးကို အတ္တနဲ့ချစ်တတ်ကြတာ ကိုယ်တွေ့မို့လို့ပါ။ ဒါကြောင့် သားရင်းသမီးရင်းရှိသူတွေကို မွေးစားခွင့်မပေးဘဲ သားသမီးမရှိသူအုပ်စုကိုသာ ဦးစားပေးပြီး အမွေကိစ္စနဲ့ မတုပ်နှောင်လိုက်ဖို့ ကို ဆိုလိုတာပါ။
—
အခုတက်မယ့် မျိုးဆက် ကွာဟချက်ကြီးမားသွားမယ်ဆိုရင် တကယ်ရင်နာစရာတွေ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ တိုင်းပြည်မှာ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးရင် ကြောက်စရာကောင်းသလို ပညာရေးကွာဟချက်ကြီးရင်လည်း ကြောက်စရာကောင်းတယ်။ အရှင်သခင်နဲ့ ကျွန်စံနစ်တစ်ရပ်ကို ဖန်တီးသလို ဖြစ်နေတယ်။ ကလေးတွေကို ထိန်းကျောင်းပေးတယ်ဆိုတာထက် ပျိုးထောင်ပေးမှလို့ ထင်ပါတယ်။ အဲလိုပျိုးထောင်တာကို ဘုန်းကြီးကျောင်းနဲ့ မိဘမဲ့ကျောင်းထက် မွေးစားမိဘက ပိုလုပ်ပေးနိုင်မယ်လို့လည်း ယုံပါတယ်။
Mr. MarGa
May 6, 2013 at 1:35 pm
ဆရာမရေ……..
ဗုဒ္ဓဘာသာမှာ သေတမ်းစာ တရားဝင် မရှိတဲ့ အကြောင်းကိုတော့ သေချာမသိလို့ မပြောလိုတော့ပါဘူးခင်ဗျ
ကလေး မွေးစားခွင့်ကိုတော့
ဥပဒေ လျှော့သင့်တယ်လို့ ကျွန်တော်လဲ မြင်မိပါတယ်
(အပေါ်က ဆွေးနွေးချက်တွေ အရရောပေါ့)
တကယ့် တကယ် ပြောရရင်လဲ
မြန်မာပြည်မှာ ပြင်ဆင်သင့်တဲ့ ဥပဒေတွေက အတော်များပါတယ်။
တချို့ တချို့ကတော့ ခေတ်နဲ့ မလျော်ညီတော့လို့
တချို့ကတော့ ခေတ်အလိုက် ပြောင်းသင့်တာမို့
တချို့ကိုတော့ အသစ်ပြန်လည်ပြင်ဆင်ဖို့
အတော်လေး လုပ်ယူကြရဦးမှာပါ။
ရှေ့ဆက် သွားမယ့် သက်တမ်းမှာ
ပြီးဆုံးအောင် ပြင်ဆင် ပြုပြင်နိုင်ကြပါစေလို့သာ ပြောချင်မိပါတယ်ဗျ
မဟာရာဇာ အံစာတုံး
May 4, 2013 at 4:48 pm
အားလုံး … အားလုံးကို ဖတ်ကြည့်ပြီးသကာလ …
ကျုပ် ပြောလိုတာကတော့ … အဟမ်းး ဟမ်းး
ဒီလို လူမျိုးတွေ၊ ကလေးမျိုးတွေဟာလည်း ရှိသင့်ပါတယ် …
ကွယ်ပျောက်သွားအောင် လုပ်ဖို့ဆိုတဲ့ ကိစ္စကို ကျုပ် အားမပေးဘူး …
လောကကြီးမှာ အရာရာဟာ ဒွန်တွဲနေရမယ် …
ချမ်းသာခြင်း ရှိရင် …၊ ဆင်းရဲခြင်း ဆိုတာလည်း ရှိမှ ရလိမ့်မယ် …။
စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ လူတွေ ..
((ကိုယ့်))တိုင်းပြည်ကြီး ကြီးပွားတိုးတက်တာ မြင်ချင်တွေ့ချင်တဲ့ လူတွေ …
ဟမ်းးး ဒီလိုလူတွေ အတွက်တော့ …
ဒီလို လမ်းဘေးက လူတွေကို အမြင့် တက်လှမ်းစေချင်ကြတာ ဖြစ်သင့်ပါတယ် ….
ဒါမယ့် … လောက်တစ်ကောင်ကို ရေမျိုးချိုးပေးပြီး အမွှေးနံ့သာ လိမ်းပေးသလိုမျိုးလည်း ဖြစ်တတ်သေးတယ် ….
ဒါက ဒဒိထားဂျဖို့ဘာ ….
အချို့ အချို့များကြပြန်တော့ တိုင်းပြည်ကို ဝေဖန်ဖို့လောက်ပဲ တတ်တယ် …
ကူတယ် ဆိုတာတော့ ဗလာနတ္ထိ ဘာမျှ မရှိ …
ဘေးကနေ ထိုင်ပြီး ဘုတော တောဖို့လောက်ပဲ …
((ပြောလို့သာ ပြောရတာ … ဒါမျိုးမှ မြန်မာ ပီသတာ))
စကားမစပ် …
ကျုပ် သမ္မတ ဖြစ်ရင် ဒီလို လမ်းဘေးက လူဒွေဂို လူတန်းစေ့ နေနိုင်အောင် လုပ်ပေးမယ် … ((အမှန်ဂ တလုတ် သိုင်းကားထဲကလို သူတောင်းစားဂိုဏ် ဖွဲ့ပေးဂျင်ဒါ …။ အမယ် သူတောင်းစား ဂိုဏ်းချုပ် အဘိုးကြီးတွေက သိုင်းပညာမှာ ချရာဂျီးဒွေနော်))
သို့ဂလိုဂျောင့် ကျုပ်ကို မဲပေးဂျဖို့ ကျိုတင် မေတ္တာ ရပ်ခံဘာဒယ် ….
လဂါး စဒါဘာ ….
ဒီလို လမ်းဘေးက ကလေးတွေ၊ အဖိုးအဘွားဒွေ စဒါဒွေကို တွေ့ဒိုင်း …
စိတ်လည်း မကောင်း ဖြစ်မိသလို ..
တစ်ခါတစ်ခါ သူတို့ကြောင့် စိတ်လည်း ညစ်မိတယ် …
အချို့ လမ်းဘေးက ကလေးတွေနဲ့ စကားပြောကြည့်တဲ့အခါ …
ကလေးအချို့ နည်းနည်း ရိုင်းသလိုပဲ ….
ဒါ ပညာရေး ကြောင့်ပဲ … ((အထင်))
အချို့ လူဂျီးဒွေနဲ့ စကားပြောကြည့်တဲ့အခါ ….
သူရို့ဘွကို ညည်းပြဂျဒယ် …
((ဟုတ်ချင်လည်း ဟုတ်မယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ်ပေါ့))
ကိုယ့်ကကျူး ကိုယ့်ဒူးတောင် ယုံရဒါ မီဟုတ်ဝူး ….
ဘာပေါပေါ ပေါက်ကရ လျောက်ပေါလိုက်ဒါ … စာဒေါ့ အတော်ဂျီး ရှေတွားဘီ …
ဒီဒေါ့ .. နောက်ဆုံး နိဂုံး အနေနဲ့ ပေါဂျင်ဒါဂဒေါ့ …
ခီညားဒို့ဒွေ .. ဂလိုမျိုး မဖြစ်စလောက် သဂျားရဲ့ အတွေးလေးနဲ့ ဆက်စပ်လို့ …
ဝင်ရောက် ဆွေးနွေးပေးဂျဒါဒွေ ဖတ်ရလို့မို့ …
ကျုပ်တို့လို လူငယ်ဒွေအဖို့ ဗဟုသုတတွေ အများကြီး ရသွားပြီ …
ပို့စ်ပိုင်ရှင် သဂျားလည်း သူ့ပို့စ်အတွက် အားရ ကျေနပ်နေလောက်ပြီ ….
ဒီဒေါ့ … ကျေးဇူးအများကြီး တင်ပါသည် ခညာ ….
ခင်မင် လေးစားစွာဖြင့် …
မဟာရာဇာ အံစာတုံး
ကိုပေါက်(မန္တလေး)
May 5, 2013 at 4:37 pm
ဦးမာဃ
ဒီသူတောင်းစားဈေးကွက်က မန္တလေးမြို့မှာ တကယ့်ကြီးမားတဲ့ဈေးကွက်။
ကျနော်ခပ်ငယ်ငယ်က သူတောင်းစားများက အရှေ့ဘက်ကလာတယ်။
စက်ဘီးကို အကြိုအပို့လပြတ်ငှားထားတာ.။
အခုခေတ်တော့ ဆိုင်ကယ် နဲ့အကြိုအပို့လုပ်ထားတယ်။
26ဘီလမ်းနဲ့လမ်း80ဒေါင့်ကတစ်ယောက်ဆယ်စုနှစ်မကတော့။
ဆိုင်ကယ်တောင်ကိုယ်ပိုင်ရှိသတဲ့။
သူတောင်းစားပပျောက်ရေးဆိုပြိး ခေတ်အဆက်ဆက်ကြိုးပမ်းဘူးပါတယ်။
ကျနော်ဒီအကြောင်းတွေကို ဆောင်းပါးရေး ဂျာနယ်မှာပုံနှိပ် ဓါတ်ပုံတွေလဲရိုက်တင်ဘူးပါတယ်။
ဒါပေမယ့် အခုချိန်ထိ မြဝတီမင်းကြီးဦးစနဲ့ ထူးအိမ်သင်ပါဘဲ။
Mr. MarGa
May 6, 2013 at 2:15 pm
လေးပေါက်ရေ
အရင်တုန်းက တော့ အရှေ့အရပ်က လာကြသပေါ့
အခုတော့ သူတို့တတွေ ပျောက်သွားပြီမို့ ဘယ်က ရောက်လာကြတယ်တော့ မသိ
လေးပေါက်ရဲ့ ပို့စ် ဖတ်ပြီးမှပဲ
အရင်တုန်းက ဘယ်လောက်များတယ်ဆိုတာကို ပြန်လို့ တွေးမိ လိုက်တယ်
အခုတော့ အဲဒီလောက် မများတော့တာမို့ ကောင်းမွန်တဲ့ လက္ခဏာလို့ ပြောရမှာပေါ့
စကားမစပ် မနေ့က ဘုရားကြီးကို သွားတော့
တောင်းရမ်းတဲ့ သူတွေ သိပ်မတွေ့တော့တာတော့ မှတ်မှတ်ရရ ပါပဲဗျာ
KZ
May 6, 2013 at 12:49 pm
အရင်က မန်းလေး မြစ်ကြီးနားလမ်းတစ်လျှောက်မှာ
ဘူတာနားမရောက်ခင် အရှိန်လျှော့တဲ့ အခါမှာ အနားနားထိပြေးလာပြီး
ရေသန့်ဘူးခွံတို့ ပိုက်ဆံတို့ တောင်းကြတယ်။
ပေးတဲ့သူကလည်း ပေးကြတယ်။
မပေးတဲ့ လူကလည်း မပေးဘူး။
တစ်ချို့က ဟောက်လွှတ်တယ်။
ပေးတဲ့ လူကတော့ မပေးတဲ့ လူကို “စေတနာတရား ခေါင်းပါးရန်ကော” အကြည့်နဲ့ ကြည့်တယ်။
ကျုပ်ကိုယ်တိုင်လည်း ခုထိ ဘယ်ဟာမှားတယ် မှန်တယ် ဝိုးတဝါးဖြစ်နေတုန်းပဲ။
ဒီ ကလေးတွေက သူတောင်းစားမဟုတ်ဘူးနော်။
မိဘလည်း ရှိတယ်။ သူတို့ မိဘတွေက ရထားလာခါနီးရင် လွှတ်လိုက်တာ။
ဒါမျိုးကျရော ဘယ်လိုလုပ်ကြမတုန်းဟင်။
🙁
:byae:
Mr. MarGa
May 6, 2013 at 2:19 pm
အဲဒါပြောတော့ တစ်ခုလဲ ပြောချင်တယ်
တောင်ပြုန်းပွဲတော် ရောက်ရင်လေ
လမ်းဘေးဝဲယာမှာ ပိုက်ဆံကြဲပါဆိုပြီး အော်လို့ လိုက်လာကြတဲ့ ကလေးတွေကို တွေ့ဖူးလား
အဲဒီကလေးတွေက ကြာနီကန်ကို အသုဘပို့တဲ့ ကားတန်းလာရင်လဲ အဲဒီလိုပဲ လမ်းဘေးကနေ အော်လို့ဟစ်လို့ တောင်းတတ်တယ်။
ဒါကလဲ သူတို့ မိဘတွေက လွှတ်တာပဲ ဆိုတော့
ဒီကလေးတွေကို အပြစ်တင်ရမလား
လွှတ်တဲ့ မိဘတွေကိုအပြစ်တင်ရမလား လို့ ပြောရင်တော့
မိဘတွေကိုပဲ အပြစ်တင်ပါလို့ ကျွန်တော် ပြောဖြစ်မလားပဲ
:buu: