ဆုံးဖြတ်တဲ့အတိုင်း………

Aung Myat LinMay 2, 20131min3174

 

 

ဆုံးဖြတ်တဲ့အတိုင်း………1920JZYL_10001

 

 

 

 

ဆုံးဖြတ်တဲ့အတိုင်း………1920JZYL_100011920JZYL_10001

အတိတ်ကအကြောင်းတွေ ပြန်တွေးမိရင် ဒီရင်ဘတ်ကြီးနဲ့အပြည့်ပဲ ခံစားရတာလား ခံထားရတာလား မသိတာတွေပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ သက်သေတွေရှိပါတယ်။ အဲဒီအကြောင်းတွေကို ဦးပိန်တံတားကြီးသိတယ်၊ မယ်ဇယ်ပင်တန်းကြီးသိတယ်၊ စစ်ကိုင်းတောင်တန်းကြီးသိတယ်၊ မန္တလေးသူ မန္တလေးသားတွေ ချစ်ကြိုးသွယ်နေတဲ့ ကန်တော်ကြီးရေပြင်တစ်ခုလုံးသိတယ်၊ အင်းဝမြို့ဟောင်းလို့ခေါ်တဲ့ တံတားဦးမြို့က နေရာအနှံ့ကသိတယ်၊ အာဒမ် သိတယ်၊ ဧဝ သိတယ်၊ ရှင်မွှေးလွန်းသိတယ်၊ မင်းနန္ဒာသိတယ်၊ ရွှေအိမ်စည်သိတယ်၊ ပရိက္ခရားမင်းသားသိတယ်…………. သိတယ်။
အတိတ်ဆိုတာ အတိတ်မှာ ထားလို့ရခဲ့ရင်လဲ အကောင်းသားနော်။ ဒါပေမယ့် ဘယ်တော့မှထားခဲ့လို့ မရဘူး။ အတိတ်ကို အတိတ်မှာ ထားခဲ့ရင် သမိုင်းဆိုတာ ပေါ်လာမှာ မဟုတ်ဘူး။ အနော်ရထာ ရှိမှာမဟုတ်ဘူး။ ဘုရင့်နောင် ရှိမှာမဟုတ်ဘူး။ ကျန်စစ်သား ရှိမှာမဟုတ်ဘူး။ မင်းတုန်းမင်း ရှိမှာမဟုတ်ဘူး။ သီပေါမင်း ရှိမှာမဟုတ်ဘူး။ …………… ရှိမှာ မဟုတ်ဘူး။
ပန်းအိနဲ့ စပြီးဆုံတာ ကျွန်တော်တို့ မန္တလေးမြို့ရဲ့ ပညာသင်ရာ ရတနာပုံကျောင်းတော်ကြီးမှာပေါ့။ ရတနာပုံတက္ကသိုလ်ဆိုရင် လူတိုင်း သိကြပါတယ်ဗျာ။ ရတနာပုံကျောင်းတော်ကြီးရဲ့ ရင်ဘတ်ကို လှစ်ဟကြည့်မယ်ဆိုရင်….. ပညာတံခွန်စိုက်ထူပြီး သရဖူဆောင်းခဲ့တဲ့ သူတွေရဲ့ ရာဇဝင်တွေ ထွက်ကျလာမယ်။ တစ်ထောင့်တစ်ည ပြောမကုန်နိုင်တဲ့ ချစ်ပုံပြင်တွေ ထွက်ကျလာမယ်။ တူနှစ်ဖော်လက်ချင်းယှက်လို့ ဂဟေဆက်ကြသူများရဲ့ ရယ်သံလွင်လွင်တွေ ထွက်ကျလာမယ်။ အချစ်ကို ကျောခိုင်း ဘဝကို ထင်ရာစိုင်းခဲ့တဲ့ အရှုံးခံလူသားတစ်ချို့ရဲ့ မျက်ဝန်းက မျက်ရည်မြစ်တစ်စင်း ထွက်ကျလာမယ်။ ဘဝမှာဒိုင်ပွဲရပ် သရေကျပြီး ဝေးကွာခဲ့ရသူတစ်ချို့ရဲ့ အလွမ်းတောအုပ်ကြီး ထွက်ကျလာမယ်။ ဆက်ပြီးလှပ်မကြည့်ချင်တော့ပါဘူး……. တကယ်တော့ ကျောင်းတော်ကြီးဟာ ရာဇဝင်အသစ် ပုံပြင် အသစ်တွေနဲ့ ဆက်လက် ပျံသန်းနေဦးမှာပါ…….။
ကျွန်တော်နဲ့ သူစပြီးဆုံခဲ့တာ မန္တလေးမြို့ထဲနဲ့ ရတနာပုံကျောင်း ပြေးဆွဲနေတဲ့ အမှတ်(၈) ဘတ်စ်ကားပေါ်မှာပေါ့။ အဲဒီမှာ စပြီး ရင်းနှီးကြတာလေ။ အဝေးသင်ဆိုတော့ သိတဲ့အတိုင်းပဲ တစ်နှစ်မှ တစ်ခါပဲ တွေ့ရတာဆိုတော့ ပြောမနာ ဆိုမနာ စကြတာပေါ့။ သူက ဓာတုဗေဒ၊ ကျွန်တော်က သမိုင်းကလေ။ နောက်တော့ ခင်မင်ရင်းနှီးလာပြီး ကျွန်တော်တို့ တွေသူငယ်ချင်းတွေ အုပ်စုလိုက် ပျော်လိုက်ပါးလိုက်ပေါ့။ ကန်တီးမှာလဲ အတူတူပဲ စလိုက်နောက်လိုက်လေ။ ယောက်ျားလေးတွေက သိတဲ့အတိုင်း အတန်းမရှိရင် ထန်းရည်ဆိုင် ရောက်သွားတာပဲ။ သူတို့ကလဲ အကြော်လိုက်စားပေါ့။ ပျော်စရာကြီးနော်။ ကျောင်းတက်ရတဲ့ အရသာကို သိတဲ့သူတိုင်း နားလည်ပါတယ်။
ပန်းအိက သူငယ်ချင်းတွေနဲ့ တူတူသွားချင်လို့သာ ဘတ်စ်ကားနဲ့ ကျောင်းတက်တာ သူ့အိမ်က ချမ်းသာတယ်လေ။ အဝတ်အစားလဲ မဟော့ဘူး။ မြန်မာဆန်ဆန်လေးပဲ ဝတ်တတ်တတ်တယ်။ ကျွန်တော်လဲ မြန်မာဆန်ဆန်ဝတ်တဲ့ သူငယ်ချင်းတွေကို ပိုပြီးခင်တယ်။ ကျွန်တော်တို့အဖွဲ့ထဲမှာ ယောက်ျားလေး(၄)ယောက် မိန်းကလေး (၃)ယောက်ပေါ့။ အဲဒီထဲမှာ ကျွန်တော်နဲ့ ပန်းအိက အတွဲဆုံး မေဂျာမတူပေမယ့် အယူအဆချင်းလဲတူတယ်လေ စကားပြောလို့လဲ အဆင်ပြေတယ်။ ကျွန်တော်တို့က ဝါသနာတူကိုး နှစ်ယောက်လုံး အင်္ဂလိပ်စာကို လေ့လာနေကြတာလေ..။ ကျန်တဲ့သူငယ်ချင်းတွေလဲ ကိုယ့်ဝါသနာနဲ့ကိုယ်ပေါ့။
ပထမနှစ်စာမေးပွဲဖြေပြီးတော့ ကျောင်းပိတ်ထားတဲ့အချိန်မှာ သူနဲ့ ကျွန်တော် ဆက်အသွယ်မပြတ်ဘူး။ တစ်ပတ်တစ်ခါ တွေ့ဖြစ်ကြတယ်လေ သူက မြောက်ပြင်မှာနေတာပါ။ ကျွန်တော်ကတော့ တောကလာတဲ့ အညတရလေးပါ။ ဘုန်းကြီးကျောင်းသားပေါ့။ ကျွန်တော်လဲ ကျောင်းတက်ရင်း ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ ကို လေ့လာနေတယ်။ ဝါသနာတူတွေဆိုတော့ တစ်ပတ်တစ်ခါလောက် အမြဲတမ်း တွေ့ဖြစ်တယ်။ သူနဲ့တွေ့ဖြစ်တဲ့နေရာလေးတွေကတော့ အအေးဆိုင်တော့ ဘုရားတို့မှာပေါ့။ အဲဒီမှာက အေးချမ်းတယ်လေ။ သူကလဲ Laptop ယူလာပြီး ကွန်ပျူတာနဲ့ပတ်သက်တဲ့ သူမရှင်းတာတွေကို ရှင်းပြရတယ်။ နောက်ပြီးသူက ကျွန်တော့်ကို ကြိုးစားခိုင်းတယ်။ ကိုယ်ပိုင် ဆိုင်ဖွင့်နိုင်အောင် အလုပ်တစ်ခု ရှိအောင် လုပ်တဲ့။ အင်း ကျွန်တော့်မှာက အရင်းအနှီးမရှိသေးဘူးလေ။ ဒါပေမယ့် ကျွန်တော် လုပ်တာက အိမ်လိုက်ပြီး ကွန်ပျူတာသင်တာ ဆိုတော့ ဝင်ငွေလေးတော့ ရတာပေါ့ စုသင့်သလောက်လဲ စုဖြစ်ပါတယ်။ သူပြောသလောက်ထိ တော့ မရှိသေးဘူးပေါ့။
အဲဒီတစ်နေ့ပေါ့ သူနဲ့ကျွန်တော် ကန်တော်ကြီးမှာ ရှိနေတုန်း မိုးမိတယ် အဲဒီနေ့က မိုးက ဘယ်အညှိုးနဲ့လဲ မပြောတတ်ပါဘူး တောက်လျှောက်ရွာနေတာ။ ကျွန်တော်တို့မှာ ထီးကလဲ မပါဘူးလေ။ အဲဒီတုန်းက ကန်တော်ကြီးက ဒီလောက်မစည်သေးဘူး။ စားသောက်ဆိုင်တွေလဲ မပေါသေးဘူး။ သူနဲ့ကျွန်တော် နှစ်ယောက်တည်း သစ်ပင်အောက်မှာပေါ့။ ကျွန်တော် မှာ မိုးကာအကျင်္ီတစ်ထည်ပဲ ပါတယ်။ အဲဒါနဲ့ နှစ်ယောက် ခြုံထားရတယ်လေ။ အဲဒီအချိန် ကျွန်တော့်ရင်တွေ ခုန်လိုက်တာ……။ ဘာဖြစ်လို့လဲ ကျွန်တော် စဉ်းစားမိတယ်။ သူနဲ့ ခွဲဖို့ စဉ်းစားမိတယ်။ ကျွန်တော်ရင်ဘတ်ကြီးက လက်မခံနိုင်ဘူး သိလား။ ကျွန်တော် သူ့ကို ချစ်မိသွားပြီ။ ကျွန်တော် ဖွင့်ပြောလိုက်မိတယ်။ မှားသွားလား။ သူက ရှက်တဲ့ မျက်နှာလေးနဲ့ခေါင်းလေးငုံ့နေတယ်။ ချစ်တယ်ဆိုရင် ခေါင်းငြိမ့်ပြဆိုမှ သူခေါင်းလေးကို ဆတ်ကနဲ ငြိမ့်ပြတယ်။ တကယ်တော့ ကျွန်တော်တို့ ရင်းနှီးမှု အတိုင်းအတာနဲ့ သူနဲ့ကျွန်တော် မသိစိတ်ထဲက ချစ်နေတာ ကြာပါပြီလေ။
“ဂျိမ်း“ အမလေး“ အသံက အဆက်မပြတ် ထွက်ပေါ်လာပြီး ပန်းအိ ကျွန်တော့်ရင်ထဲမှာ တင်းကြပ်စွာ ဖက်ထားလိုက်မိတယ်။ ပန်းအိရယ် `ကြောက်တယ်အကို“ ပန်းအိက မိုးခြိမ်းရင် တစ်ခါတစ်ခါ သတိတောင် လစ်တတ်တယ်တဲ့ ကျွန်တော်က နောက်မှ သူငယ်ချင်းတွေ ပြောပြလို့သိတာ။ သူနဲ့ကျွန်တော် ချစ်သူဖြစ်သွားတာကို မိုးမင်းကြီးက အသိအမှတ်ပြုတဲ့ သဘောနေမှာပေါ့။ နောက်တော့ မိုးလဲ စဲသွားတယ်။
ဒီလိုနဲ့ပဲ သူနဲ့ကျွန်တော် ရည်းစားဘဝနဲ့ ပျော်စရာကြီးပါ။ ကျောင်းဖွင့်တဲ့ရက်ဆို ပိုပြီး ပျော်စရာကောင်းတယ်။ ဦးပိန်တံတား၊ စစ်ကိုင်းတောင်၊ ကန်တော်ကြီး၊ မန်းလေးတောင် လျှောက်သွားကြတာပေါ့။ ကျွန်တော်လဲ လောကကြီးကို မေ့နေမိတယ်။ ကျွန်တော်တို့ နောက်ဆုံးနှစ်ရောက်ပီ။ စာမေးပွဲတွေလဲ ဖြေပြီး။ နောက်ရက်မှာ သူကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ အရေးကြီးလို့ ကျုံးအရှေ့ဘက်က အအေးဆိုင်ကိုလာခဲ့ပါတဲ့။ ကျွန်တော်သွားတော့ သူငိုထားတယ်ထင်တယ် မျက်ရည်တွေနဲ့။ သူ့အိမ်က သူ့ကို သူ့အစ်မ ရှိတဲ့ စင်္ကာပူကို ပို့တော့မှာတဲ့ အကုန်စီစဉ်ပြီးပြီတဲ့။ မနက်ဖန်လေယဉ်နဲ့ ရန်ကုန်ဆင်းရမှာတဲ့။ ကဲ… ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ သူက မလိုက်ချင်ပေမယ့် အိမ်ကိုလဲ မလွန်ဆန်နိုင်ဘူးတဲ့။ ကျွန်တော်နဲ့ ခိုးရာလိုက်ဖို့ကျတော့လဲ ငြင်းတယ်။ ကျွန်တော် သူလိုက်အောက် ပြောပါသေးတယ်။ မရဘူးဗျာ။ သူ့အိမ်ကို ကြောက်တယ်တဲ့။ ကျွန်တော့်ကိုလဲ ပြောသေးတယ်။ ကိုရယ် ဒီဘဝ ဒီလောက်ပဲ ဆုံဆည်းခွင့်ရှိလို့ ပဲလို့ မှတ်လို်က်ပါတဲ့။ ကျွန်တော် သူ့ကို သိပ်ချစ်တယ်ဗျာ။
အော်…. နောက်ဆုံးတော့လဲ ချစ်သူဆုံးဖြတ်တဲ့အတိုင်း လက်ခံယုံမှတစ်ပါး…………..။

 

ကိုလင်း(စစ်ကိုင်း)

4 comments

  • အရိပ်စစ်

    May 2, 2013 at 6:39 pm

    စိတ်ကောင်းပါဘူကွယ်
    ချစ်တော့လည်း ချစ်တူဆုံးဖြတ်တဲ့ အတိုင်းလိုက်နာခဲ့ရတော့တယ်ပေါ့

  • Aung Myat Lin

    May 2, 2013 at 8:29 pm

    ဟုတ် ပြန်ပြောပြရင် မျက်ရည်ကျတယ် ဟင့်

    ဒိထက်ပိုပြီးလဲ မတတ်နိုင်ဘူး

    ခံစားချက်ကို ဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

  • Lutt Latt Thu

    May 3, 2013 at 6:35 am

    တွေ့ ဆုံ ကြုံ ကွဲ သဘာဝဓမ္မတာပါ။

    စိတ်မကောင်းပါဘူး။

    ပြန်လည်ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းရင်း

  • kyeemite

    May 3, 2013 at 11:29 am

    စင်္ကာပူကိုပို့တာလောက်နဲ့…
    လူကြီးတွေသဘောတူတဲ့သူတစ်ယောက်နဲ့လက်ထပ်မပေးသေးပဲနဲ့…
    ဝေးကြပြီလို့မဆိုနိုင်ပါဘူးဗျာ…
    အင်တာနက်ခေတ်မှာပိုတောင်နီးကြဖို့လွယ်သေးတယ်…
    ဒါကြောင့်..ပြန်လည်ပေါင်းစည်းနိုင်ပါစေလို့ … :kwi:

Leave a Reply