ပညာရေး မညာကြေး (တတိယပိုင်း)
၂ဝ၁၃ခု၊ မေလ၊ ၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်စ် သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ကတော့ မူလတန်းပညာရေးမှာ အင်္ဂလိပ်စာကို သုံးတန်းမှသာ စတင်သင်ကြားတော့မည်ဖြစ်ကြောင်း၊ ပြဌာန်းစာအုပ်ပြုပြင်မယ့်အကြောင်း နဲ့ ဘယ်စာသင်နှစ်မှာ စတင်အကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ မသိရသေးကြောင်း ပါရှိပါတယ်။ သုံးတန်းမှာပြဌာန်းစာအုပ်အသစ်နဲ့ စတင်သင်ပြီး ကလေးတွေရဲ့ အခြေအနေအရ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်း၊ တာဝန်ရှိသူတစ်ဦးရဲ့အပြောကတော့ “အင်္ဂလိပ်စာကို အထင်ကြီးလို့တော့ မဟုတ်ဘူး။ လူရာဝင်အောင်သင်တာပါ“ တဲ့။ သတင်းအကျဉ်းကတော့ ဤမျှသာ။
အခုလေသံနားထောင်ရတာနဲ့တင် ပညာရေးပြောင်းလဲမှုကို လက်တည့်စမ်းလုပ်ကြဦးမယ်လို့ ယူဆလို့ရနေပါပြီ။
သုံးတန်းအတွက် အင်္ဂလိပ်စာပြဌာန်းစာအုပ်ကို စတင်သင်မယ်။ ဘာဆာဗေးမှ လုပ်ထားမယ့်ပုံမရဘူး။ အခြေ အနေကြည့်ပြီး လေးတန်းအတွက် စာအုပ်ထပ်လုပ်မယ်။ အဲဒါမျိုးဖြစ်နေပါပြီ။ တကယ်ဆို ပြဌာန်းစာအုပ်ကို အတန်းစဉ်အားလုံးအတွက် စံနစ်တကျ လုပ်ထားရမှာပါ။
ကျမတို့ခေတ်တုန်းက ၁ဝတန်းအင်္ဂလိပ်စာကို Wuthering Heights သင်လိုသင်၊ Wuthering Heights သိပ်ကောင်းပါတယ်။ ဒါပေမယ့် ၁ဝတန်းကလေးအတွက် အချစ်ရေး အိမ်ထောင်ရေး လက်စားချေရေး အရှုပ်အထွေးတွေကို နားလည်နိုင်ဖို့ ဆိုတာ တကယ်မလွယ်ဘူး။ ကိုးတန်းနဲ့ ကွာဟသွားတဲ့အနေအထားကို ထည့်သွင်းစဉ်းစားမထားတော့ ကျောင်းသားတွေ ဘာမှတကယ်တတ်မလာဘူး။
အတန်းကြီး အင်္ဂလိပ်စာပြဌာန်းစာအုပ်ကို နောက်ပိုင်း အမျိုးမျိုးပြုပြင်ခဲ့ကြပါတယ်။ ဝိဇ္ဇာသိပံ္ပ ခွဲလိုက်တွဲလိုက် အကြိမ်ကြိမ်လုပ်ခဲ့ကြတယ်။ အဲဒီပညာရေးစံနစ်ထဲမှာ ဝါသနာပါတာတခြား၊ ရတဲ့ဘာသာရပ်တခြား အားလုံးကပြောင်းကပြန် ဖြစ်ခဲ့ကြတယ်။ နောက်တစ်ခါ စာမေးပွဲကိုသဘောလောက်ဖြေပြီး မှန်မှန်အတန်းတင်တဲ့စံနစ် ကျင့်သုံးပြန်ပါတယ်။ အဲဒီမှာ ကျောင်းသားတွေက သူငယ်တန်းကနေ ကိုးတန်းအထိ စာမေးပွဲစစ်စစ်မဖြေဖူးခဲ့ပါဘဲ ၁ဝတန်းရောက်မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာမေးပွဲအစစ်ဖြေကြရတော့ စာမေးပွဲအလေ့အကျင့်မရှိဘဲ အကျ များလာတယ်။ အဲဒီတော့လည်း လျှော့လျှော့ပေါ့ပေါ့အအောင်ပေးကြရပြန်ရော။
အခု မူလတန်းအင်္ဂလိပ်စာသင်ရိုးပြောင်းမယ်ဆိုတာ ဟုတ်ပါပြီ။ ဒါပေမယ့် သုံးတန်းရောက်မှသင်မယ်ဆိုတာ တစ်ခုနဲ့တင် အားလုံးအလွဲကြီးလွဲပြီလို့ ခံစားလိုက်ရတယ်။ ကလေးတွေဟာ အသက်လေးနှစ်ခွဲလောက်မှာ မှတ် ဉာဏ်အားအကောင်းဆုံး၊ အဲဒီအရွယ်မှာ အချိန်တွေအလဟသဖြုန်းတီးပစ်လိုက်ပြီး အသက် ရှစ်နှစ်ရောက်မှ၊ ကြီးတောင့်ကြီးမားဖြစ်မှ အေဘီစီဒီ လုပ်ကြရဦးမယ်။ စာသင်တယ်ဆိုတာကလည်း အသေအချာကျက်မှတ်စံနစ် ကိုမှ စာသင်တယ်လို့ပြောလို့မရပါဘူး။ ယဉ်ပါးမှုနဲ့သင်တာ သိပ်ထိရောက်ပါတယ်။ ကလေးဟာ ဘာမှန်းမသိပေ မယ့် တစ်ခွန်းစနှစ်ခွန်းစကြားထားဖူးပြီး တဖြည်းဖြည်းယဉ်ပါးသွားတဲ့အခါ ဘာသာစကားအသစ်ရဲ့ မတူကွဲပြား မှုကို လက်ခံနိုင်စွမ်းရှိသွားပါတယ်။ သူတို့ဦးနှောက်က လက်ခံပြီဆိုမှ သင်လိုက်တဲ့အခါ စိတ်တွင်းပဋိပက္ခမရှိ တော့ဘဲ သင်ယူနိုင်စွမ်းမြင့်မားလာပါမယ်။
ရန်ကုန်တိုင်းမ်စ် သတင်းစာထဲဖတ်လိုက်ရတာကတော့ တာဝန်ရှိသူရဲ့အပြောဟာ ‘‘အင်္ဂလိပ်စာကို အထင်ကြီးလို့တော့ မဟုတ်ဘူး။ လူရာဝင်အောင်သင်တာပါ ” တဲ့။ သူ့စကားက တစ်မျိုးမှ တကယ့်ကိုတစ်မျိုးကြီး။ ရှေ့စကားနဲ့ နောက်စကား မညီဘူးဖြစ်နေတယ်။ အင်္ဂလိပ်စာကို အထင်မကြီးဘူးဆိုရင် အင်္ဂလိပ်စာမတတ်တာကို လူရာမဝင်ဘူးလို့ သတ်မှတ်လို့ဘယ်ရမလဲ။ တကယ်တော့ အင်္ဂလိပ်စာကို ဘာကြောင့်သင်သလဲဆိုတာ မေးခွန်းထုတ်စရာကို မလိုတော့ တဲ့အချိန်။ ဒါပေမယ့် မြန်မာတွေဖြစ်လေတော့ ဒါဟာလည်းဖြေရှင်းရဦးမယ်ဆိုတာမျိုး။
ကျမအနေနဲ့ ”အင်္ဂလိပ်စာကို အထင်မကြီးပါဘူးရှင်။ ရှိတ်စပီးယားမှ ဒီလောက်တော်နေတာမဟုတ်ပါဘူး။ ဦးပုညဆို ရင်လည်း မြန်မာရှိတ်စပီးယားပါပဲ။ မြန်မာစာမြန်မာစကားဆိုတာ ဝေါဟာရသိပ်ကြွယ်ဝတယ်။ ဥပမာတစ်ခုပဲ ကြည့်၊ မြန်မာစကားမှာ လက်ဆိုရင်ဆေးတယ်၊ ခေါင်းဆိုရင်လျှော်တယ်၊ မျက်နှာဆိုရင်သစ်တယ်။ ဟော၊ သူ့နေရာနဲ့သူ စကားလုံးတွေ ကြွယ်ကြွယ်ဝဝ သုံးနှုန်းသွားတယ်။ အင်္ဂလိပ်မှာဆိုရင်တော့ ဒါတွေအတွက် wash တစ်လုံးပဲရှိတယ်။ မကွာလား။ ကိုးခန်းပျို့ကိုကော ဘယ်နားသွားထားမလဲ။ အခုအင်္ဂလိပ်စာ ဆိုတာ က တစ်ကမာ္ဘလုံးသုံးစွဲနေကြလို့ သင်တာပါ။ အထင်ကြီးလို့တော့ မဟုတ်ဘူး”
အဲဒီလိုအပြောလေး ရပ်ကွက်ထဲသွားပြောရင် ဟစ်ပဲ။ ဒါမျိုးကို လူတွေအကြိုက်ကျတယ်။ ဒါပေမယ့် မဟုတ်မှန်းသိနေတဲ့အခါ ကျမ မပြောနိုင်ဘူး။
အင်္ဂလိပ်စာသင်တာမှာ အထင်ကြီးခြင်း၊ အထင်မကြီးခြင်း၊ လူရာဝင်ခြင်း၊ လူရာမဝင်ခြင်း စတဲ့ပြဿနာတွေကို ထည့်သွင်းစဉ်းစားစရာမလိုအောင် ခေတ်ကပြဆိုပြီးနေပါပြီ။ ရိုးရိုးရှင်းရှင်းတွေးရင် အင်္ဂလိပ်စာကို ဘာကြောင့် သင်သင့်သလဲဆိုတော့ ပညာရေးလမ်းကြောင်းပေါ်က ပင်မလမ်းတစ်ခုဖြစ်နေလို့ သင်ကိုသင်ရပါမယ်။ အဲဒီလို သင်တာမှာ လမ်းကိုဖြောင့်ဖြောင့်တန်းတန်းလျှောက်နိုင်အောင် နည်းစနစ်မှန်စွာ သင်ကြရပါမယ်။
အမေရိကန်ပြည်ထောင်စု၊ မြောက်အီလီနွိုက် တက္ကသိုလ်က Intellectual Property Protection (IPR-2001) ကို တက်ရောက်သင်ကြားခဲ့တဲ့ ဒေါက်တာ ကျော်ဇောနိုင်ကလည်း မြန်မာ့ပညာရေး နိမ့်ကျမှုမှာ ကျောင်းသားများရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ကန့်သတ်ထားသလိုဖြစ်တဲ့ အလွတ်ကျက်စနစ်ကို ယနေ့အထိ လက်ခံကျင့်သုံးနေ တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ “နောက်တခုက ပြည်သူ့နီတိ မသင်တဲ့ အချိန်ကစပြီး ပညာရေးအတွေးအခေါ် ပျက်သွားတော့ ဒါကို သင်ကိုသင်ရမယ်။ ကျောင်းသားတွေလည်း စာကြည့်တိုက်သုံးတတ်ဖို့ သင်ရမယ်။ အခုပညာရေး အခြေအနေက ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် နိမ့်ကျရုံတင်မကဘူး ကျနော်တို့နိုင်ငံမှာ ပညာရေး ရှိပါသေးရဲ့လားလို့တောင် မေးခွန်းထုတ်ရမယ့် အခြေအနေပဲ” လို့ ဒေါက်တာကျော်ဇောနိုင်က ပြောသွားခဲ့ပါတယ်။
အငြိမ်းစား ဆေးတက္ကသိုလ် ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင်ကလည်း “ပညာရေးနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရရင် (၁) ညံ့တယ်၊ (၂) ညံ့တယ်၊ (၃) ညံ့တယ်။ ဘာကြောင့်ညံ့လည်းဆိုတော့ ပိတ်ထားလို့။ ပညာရေးစနစ်ကို မညံ့ချင်ရင် မူလတန်းကစပြီး ပြင်ရမယ်။ ပြင်ဖို့ကောင်းတာ ၂ ပိုင်းရှိတယ်။ အမြစ်ကလှန်ပြီး ပြင်ရလိမ့်မယ်။ တို့ကနန်း၊ ဆိတ်ကနန်း လုပ်လို့မရဘူး” စသဖြင့်ပြောခဲ့ပါတယ်။
ပညာရှင်တွေ ဒီလိုပြောတာဆိုတာတွေဖတ်ခဲ့ရတုန်းက ကျေနပ်အားရခဲ့မိပေမယ့် အခုနောက်ဆုံးဖတ်ရတဲ့ အင်္ဂလိပ်စာကို အထင်ကြီးလို့တော့မဟုတ်ဘူး။ လူရာဝင်အောင်သင်တာပါ ဆိုတဲ့အပြောနဲ့ သုံးတန်းရောက်မှ အင်္ဂလိပ်စာကို စတင်သင် မယ့်သတင်းကိုသိလိုက်ရတော့ ထုံးစံအတိုင်း မိုးသံတဂျိန်းဂျိန်းပေးပြီး ရွာတော့ဖျိုးဖျိုးဖျောက်ဖျောက်ကလေး ဖြစ်နေပြန်ပါပြီ။
အခု တစ်ပြည်လုံးသင်မယ့် သင်ရိုးမှာ သုံးတန်း(ပျှမ်းမျှအသက် ရှစ်နှစ်) မှာစသင်မယ်ဆိုရင် ရန်ကုန်က ဘိုကျောင်း တွေမှာကော အဲဒီလိုုလုပ်မယ်ထင်ပါသလား။ ဘိုကျောင်းတွေမှာ တက်နေတာကလည်း မြန်မာကလေးတွေပါပဲ။ ဦးနှောက်တန်းတူတွေပါပဲ။ နယ်ကကလေးတွေထက် ထူးပြီးတော်နေလို့ အသက်ငယ်ငယ်နဲ့ အင်္ဂလိပ်စာတော်သွား တာ မဟုတ်ပါဘူး။ အဲဒီကျောင်းတွေမှာသင်သလိုမဟုတ်ရင်တောင် နည်းနည်းတော့မှီအောင် ပြဌာန်းစာအုပ်ကို မြှင့်တင်ဖို့လိုတာပါ။ အခု ပြောင်းပြန်စီမံကိန်းဆွဲနေတယ်။
ဒီပညာရေးပြောင်းလဲမှုမှာ စနစ်ပြောင်းလဲဖို့ ဆုံးဖြတ်တဲ့ပညာရှင်နဲ့ ပြဌာန်းစာအုပ်ပြုစုတဲ့ပညာရှင်အဖွဲ့ သူတို့တွေရဲ့အမည်နဲ့ရာထူး တိတိကျကျဖော်ပြပြီး ဘယ်လိုအာမခံချက်မျိုးနဲ့ လုပ်မယ်ဆိုတာ ပြည်သူတွေကို အတိအလင်းကြေငြာသင့်ပါတယ်။ နောက်တစ်ခါ လက်တည့်စမ်းကြည့်တာမျိုး မဟုတ်ဘဲ တကယ်ခိုင်မာသေချာမှ တကယ့်ပညာရေးစစ်စစ်ဖြစ်တယ်ဆိုမှ ဒီပညာရေးပြောင်းလဲမှုကို တစ်တိုင်းပြည်လုံးက ကလေးတွေအပေါ် ကျင့်သုံးသင့်ပါတယ်။ စကားလုံးတွေ သဘောတရားတွေ အကြီးကြီးသုံးတာ၊ ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေ အမြင့်ကြီးဆွဲတာ၊ အဲဒါမျိုးထက် တာဝန်ယူပြောင်းလဲတဲ့အဖွဲ့ တာဝန်ယူပြဌာန်းစာအုပ်ရေးဆွဲသူများအဖွဲ့ရဲ့ အာမခံချက်ကို လိုချင်ပါကြောင်း မျိုးဆက်သစ်ရဲ့မိခင်တစ်ယောက်အနေနဲ့ တောင်းဆိုလိုက်ပါတယ်။
39 comments
ဝင့်ပြုံးမြင့်
May 8, 2013 at 1:05 am
ဒီပို့စ်လေးရေးတင်ဖို့ စာရိုက်နေတဲ့အချိန်မှာ ၆နှစ်သမီးလေးက
Mirror mirror .. on the wall
Who on this land is fairest of all?
You .. my queen are fair, it is true,
but the little Snow White is a thousand times fairer than you. ဆိုပြီး ၅နှစ်သမီးတုန်းက သင်ထားတဲ့ ပုံပြင်လေးကို အလွတ်ဆိုနေပါတယ်။ ကလေးငယ်ငယ်လေးတွေကို အင်္ဂလိပ်စာ အများကြီးသင်ပေးနိုင်တယ် ဆိုတာကို ကျမ သက်သေပြချင်တယ်။ ကလေးတွေအားလုံး စိတ်ပင်ပန်းမှုမရှိဘဲ ဆော့ရင်းစားရင်း စာတတ်မှန်းမသိတတ်သွားအောင် စာအုပ်ပြုစုတာ အရေးကြီးကြောင်း ကျမသေချာပြောချင်ပါတယ်။ ဘာမီးနင်းမှ ကျက်စရာမလို၊ သဒါပိုင်း နားလည်စရာ မလိုဘဲ တကယ်တတ်အောင် သင်တဲ့နည်း ရှိကိုရှိပါတယ်။ ဘိုကျောင်းထားမှ မဟုတ်ဘူး။
ဆရာကြောင်ကြီး ပြောသလို အပြောပိုင်းကိုလုပ်ပြီးမှ စာသင်တာ နည်းအမှန်ဖြစ်ပေမယ့် နယ်ကလေးတွေ အတွက် အပြောပိုင်း လုပ်မပေးနိုင်တဲ့အခါ စာနဲ့ပဲ ဖြစ်အောင် လုပ်တဲ့နည်း ရှိပါတယ်။
သုံးတန်းရောက်မှ အင်္ဂလိပ်စာ သင်မယ်ဆိုတာကိုတော့ လက်သင့်မခံနိုင်ပါဘူး။ သမ္မတကိုယ်တိုင် လက်မှတ်ထိုးမှ ကျေနပ်မယ်။
Silver Twig
May 8, 2013 at 1:58 am
Firstly, need to teach English to teacher to become a qualified teacher enables to teach English to advanced students., the challenges facing in Burma.
ကထူးဆန်း
May 8, 2013 at 8:47 am
ဂျာအေး သူ့ အမေရိုက်ဆဲပါဘဲ ။
ဆရာမ ပြောသလို ဘာလို့ အချိန်တွေ ဖြုန်းပစ်မလဲ ။ ငယ်ငယ်ကတည်း သင်လေ ကောင်းလေပါဘဲ ။ သို့သော်လည် သင်နိုင်မဲ့ ဆရာ ဆရာမ စွမ်းရည်ကိုလည်း မြှင့်တင်ပေးဖို့ ကရှိ ။ လက်ရှိဆရာဆရာမ များရဲ့ စွမ်းပကား က ဘယ်လောက်ရှိလဲ ဆိုတာ လည်း အားလုံးအသိ။
‘‘အင်္ဂလိပ်စာကို အထင်ကြီးလို့တော့ မဟုတ်ဘူး။ လူရာဝင်အောင်သင်တာပါ ” ဆိုတာတော့ ကျွန်တော်ကတော့ ကို်ယ်တိုင်ကြားမှ ယုံတော့မယ် ဆရာမရေ .. သတင်းသမားတွေကိုလည်း သိပ် ယုံရခက်လို့ ပါ ။ ပြောတာ တစ်မျိုး ရေးတာ တစ်မျိုး ကို်ယ်လိုချင်တဲ့ စာသားလေးတွေဘဲ ဖြတ်ပြီး ကပ်ပေးလိုက်တတ်လွန်းလို့ ပါ။
ဝင့်ပြုံးမြင့်
May 9, 2013 at 12:03 am
စီဂျေကြီးရေ
မီးက အချိန်ပိုင်းလေးပဲလာတာမို့ ကမန်းကတန်းစာရိုက်တာ မှားသွားတယ်။ မေလ ၂ရက်နေ့ထုတ် မဟုတ်၊ မေလ ၃ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်စ် သတင်းစာပါ။ ခုမှထုတ်တဲ့ သတင်းစာအသစ်ပါ။ ဂျာနယ်တွေက တစ်စောင် ၅၀ဝ ဆိုတော့ ဈေးကြီးတယ်။ စက္ကူအညံ့စားနဲ့ထုတ်တဲ့ သတင်းစာက တစ်စောင် ၁၅ဝ ပဲပေးရတယ်။ ဒါပေမယ့် အွန်လိုင်းမတင်ဘူး။ အဲဒီသတင်းစာ မျက်နှာဖုံးမှာကို ရေးထားပါတယ်။ သုံးတန်းမှသာ အင်္ဂလိပ်စာ စတင်သင်ရမည်တဲ့။ သတင်းအပြည့်အစုံကတော့ စာမျက်နှာ ၂ မှာ ရေးထားပါတယ်။
“အင်္ဂလိပ်စာကို အထင်ကြီးလို့တော့ မဟုတ်ဘူး။ လူရာဝင်အောင် သင်တာပါ” လို့ပြောတဲ့လူက အမျိုးသားပညာရေးဖောင်ဒေးရှင်းက ဒေါ်မြမြစန်းပါ။ ဒီထဲမှာ ထည့်မရေးသင့်ဘူးထင်လို့ တမင် မထည့်တာပါ။
ကထူးဆန်း
May 9, 2013 at 8:39 pm
ဒီလိုပါ ဆရာမ ရေ ..ကျွန်တော် ကို်ယ်တိုင်ကြားမှ ယုံတော့မယ် လို့ ဆိုတာ သတင်းထောက်တွေကို ကြောက်လို့ သိပ်မယုံရဲလို့ ပါ ။
ကျွန်တော်နဲ့သိခဲ့ ဘူးသော လူကြီးတစ်ဦး၏ အပြော နဲ့ ရင်းနှီးကြွမ်းဝင်တဲ့ ကုမ္မဏီ ကြောင့် သတင်းသမားကို မယုံရဲတာပါ ။
ကျွန်တော်နဲ့ သိခဲ့ဘူးသော လူကြီးတစ်ဦးဆိုလဲ သတင်းသမားတွေကို နုတ်နဲ့ မပြောပါဘူး ။ စာရေးပေးပါတယ် ။ ပြောတာတစ်ခု ရေးတာ တစ်ခု ဖြစ်မှာစိုးလို့တဲ့ ။ ကျွန်တော်နဲ့ ရင်းနှီးကြွမ်းဝင်တဲ့ ကုမ္မဏီကလည်း အဲ့ဒီလိုပါဘဲ ။ မေးစရာ ရှိတယ် ဆို လာမမေးနဲ့ ။ စာရေးပြီးမေး ။ စာရေးပြီး ဖြေပါတယ် ။အဲ့ဒီ့ ကြားထဲ က ရေးပေးလိုက်တဲ့ စာသား အားလုံး မထည့်ဘဲ ပါတဲ့စာသားတွေကို ဟိုဖြတ် ဒီဖြတ်နဲ့ ထည့်ပေးလိုက်တော့ သူပြောချင်တဲ့ အဓိပါ္ပယ် တစ်လွဲဖြစ်သွားတာသိနေရလို့ပါ ။
ဆရာမပိုစ် ကျွန်တော ်အထွန့်တက်တာနဲ့ မရေးချင်တာ ရေးလိုက်ရာတာ ဆောရီးပါ ဆရာမရေ..
kai
May 8, 2013 at 3:18 am
ဒုတိယ(ပထမဖြစ်ချင်ဖြစ်မယ်)ကတော့..
ဘုန်းဘုန်းတွေကို.. ငွေကြေးစီမံခန့်ခွဲမှုနည်းပညာတွေ သင်ကြားပေးဖို့ပါ..။ တိုင်းပြည်ရဲ့..လုပ်အားနဲ့ငွေအရင်းအမြစ်အများဆုံးစီးဆင်းရာ မဏ္ဍိုင်မို့.. MBA ဘွဲ့သင်တန်းလောက် တက်ခိုင်းသင့်တယ်လို့..။ :kwi:
(ကြည့်ရတာ.. မိုဟာမက်ကတောင်ကြီးဆီသွားမယ့်ပုံမရတာမို့.. တောင်ကြီးကိုပဲ.. မိုဟမက်ဆီအသွားခိုင်းလိုက်ရမယ့်ပုံ)
အလင်းဆက်
May 8, 2013 at 7:33 am
အမြစ်လှန်ပါစေ
ပြန်လည် ပျိုးထောင် နိုင် ပါစေ
အမြစ် လှန်ပြီးတဲ့ နောက်
လွင် တီး ခေါင် ဖြစ်မသွားပါ စေနဲ့
🙂
S@i S@i Fin K@i
May 8, 2013 at 8:45 am
ဆြာမပြုံးရေ …
အနှီ တာဝန်ရှိသူဆိုတဲ့ ဘသားချောကို မိဂီ လည်း မကျေနပ်ဘု…
ဆောင်းပါးပါ အချက်အလက်တွေကို တချက်ချင်း ထောက်ကျိတာပေါ့ဗျားးးး
အော်ရယ်.. ကိုယ့်ဆြာ .. ယင်းဂလိ စာ မတတ်ရင် လူရာ မဝင်ဘု ဆိုတာတော့ သိသေးသကိုး …။ ကောင်းလေဇွ သိသေးတာကျေးဇု…။
ဟုတ်ကဲ့ .. ဆြာတို့က အနှီ နှစ်တွေအတွင်း ယင်းဂလိစာအစား ဘာသင်ပေးကြမှာလဲ သိဂျင်ဇမ်းဘာဘိ… ချိုင်းနိစ့် စပိကင်လား …သွပ်သွပ်
ချစ်ကင်းဆု ဖော်သီဆိုးလ် သင်ဂျာ…. ဒါမှမဟုတ် ..ကလပ်စစ်ရီဒါးစ်ဒိုင်ဂျက်စ် တွေ သင်ပေါ့ …။
ဘယ့်နှယ့် ကလပ်စီကယ်လ်သိပ်ကြိုက်တယ်ထင့် …
အော်..ကိုယ့်ဆြာက လူရာမဝင်ဘု ဆိုတာတော့ သိပြီး အထင်ကြီးရကောင်းမှန်း တော့ မသိဘု ကိုးးး။
ဒီတော့ကောက်ချက်ချ .. လူရာဝင်တာကို အထင်မကြီးဘု ဆိုမှတော့ ..ကိုယ့်ဆြာ တော့ မြောင်းထဲရောက်ကာနီးပီပဲ…။
မက်ဒီဗယ်လ် ခေတ်အကြောင်း ဘိုကျောင်းတကျောင်းက အလယ်တန်းကျောင်းသားဖတ်တဲ့ စာအုပ်ကို အသက် ၁၈နှစ်မှာမှ
မျက်ကလူးဆန်ပြာ လေ့လာခဲ့ဖူးတဲ့ကောင်ပါခီညာ…။ ကိုယ်သိတဲ့စကားလုံးတွေနဲ့ချည်း ကိုယ်မသိသေးတဲ့ အကြောင်းအရာ
အဆီအနှစ်တွေချည်း ရေးထားတာ… အော်.. ကိုယ်တွေကတော့ တောင်တလုံးမြောက်တလုံး ဖတ်စာအုပ် နဲ့..။
ဒီအလယ်တန်း ကလေး မက်ထရစ်ပီးရင် ရလာမယ့် အသိပညာနဲ့ .. တက္ကသိုလ်တက်နေတဲ့ ကျနော်
ငတုံး ဖြတ်သန်းလာရတဲ့ ပညာရေးစနစ်ချင်း ကွာတာ ..ပြောဘာဒယ်။
တိန်… ကောင်းလီဇွ… အိုက်ဒလောက် စုတ်ပြတ်သတ်နေတဲ့ သင်ရိုးကိုတောင် ၃နှစ်နောက်ဆုတ်သင်ချင်သေးသတဲ့
အိုဘယ့် ..မြောင်းထဲ မရောက်အရောက်ပို့တဲ့ အလတ်ကျွတ်စ် ပညာရေး…
Intellectual Property အကြောင်းကတော့ …အင်း …ဟုတ်ကဲ့ ..စာတွေ ကျောင်းပြန်သွားဘာဘီ..
:kwi:
ပညာရေးစနစ်နဲ့ ပါတ်သတ်တဲ့ ဟာသလေးပါ ..ဘာတဲ့ …
ဟိုနားမယ် တရဲရဲနဲ့ ထတောက်နေအူးမယ် ရေဖြန်းလိုက် … ဆိုပဲ … ကောင်းအူးမယ်..
လမ်းပြင်တာနဲ့ သွားတူတာလေး သွားသတိရမိရဲ့ .. ဖတ်ဖူးတဲ့ ကာတွန်းလေးတကွက် ပါ
လမ်းပြင်နေတာကို ကြည့်ပြီး သားလုပ်သူက အဖေလုပ်သူကိုမေးတယ်.. ပြုပြင်တာနဲ့ ဖာထေးတာ အတူတူပဲလားဖေဖေ တဲ့
ပညာရေးမွမ်းမံမယ် ဆိုပြီးတော့ အထက်တန်းက စာ အောက်တန်း ကို ယူသင်တယ် အောက်တန်းမှာ မနိုင်မနင်းဖြစ်တော့ အထက်တန်းချလာ
တာတွေက (နတ်နေကိုင်း)ကြားဖူးနားဝ မြင်ဖူးမျက်စိဝ ဆိုဖူး ပါးစပ်ဝ လောက်ပါပဲတဲ့ စောင်မွဲမှာ ထည့်မမေးကြေးတဲ့ … ကောင်းရော…
အနှီကျောင်းသားတွေ အပေါ်တန်းရောက်လာတော့ အောက်တန်းမှာ ချောင်ထိုးခံရရှာတဲ့ သိသင့်သိထိုက်တဲ့ စာတွေ မသိတော့
အောက်သက်မကျေတော့ .. အောက်သက်မကျေဘဲ အထက်ရောက်လာတော့ အောက်ကဟောင်းလောင်းပွင့် နေလေရော…
အိုဘယ့် လေတဖြူးဖြူးနဲ့ ပညာရေး …အဟေးဟေးးး
ဒီတခုတော့ အတည်မန့်ပါမယ့် ဟုတ်ပါတယ် … ဘယ်သူတွေပါဝင်ရေးဆွဲမယ် သူတို့ ဘယ်ဘက်ဂရောင်းကလာတယ်
([အမှန်တကယ်တတ်တဲ့]ပညာရှင်၊[စီမံကိန်းက ထွက်တဲ့]ပညာရှင်၊ ဘောင်းဘီချွတ်၊ ဘူးယို၊ ကလပ်စစ်ကယ်ပိတ်သတ်၊ လစ်ဘရယ်၊ ကွန်ဇာ၊ ကပ်တီးမူးလဲ ၊ ချော်လဲရောထိုင်၊ လက်ညှိုးထောင်ခေါင်းညှိမ့်၊မလှုပ်မပြုတ် ၊ အီနားရှားချစ်သူ၊) စတဲ့ ပွဲထွက် လူစာရင်းကို ပြည်သူတွေ သိဖို့လိုပါတယ်။
ဖစ်နိုင်ရင် အဲ့ဒိလူဒွေရဲ့ …curriculum vitae ကိုပါ အစအဆုံး ဖတ်ချင်ပါရဲ့ ..။ အောင်မာ ..ပညာရှင်တွေရဲ့ CV ကိုဖတ်ချင်ရအောင်
ညီးက ဘာကောင်တုန်း လာမမေးနဲ့ .. ပညာရှင်ဘွဲ့ခံပြီး အနာဂါတ်ကို အပြောင်းအလဲ လုပ်မဟဲ့ ကြွေးကျော်သူတွေက CV လေးတောင်
သာမန်ပြည်သူကို ထုတ်မပြနိုင်ရင်တော့ဖြင့် တခဲနက်(တခဲနက်) ပြင်းထန်စွာ ကန့်ကွက် ပြောဆို ဆွေးနွေး အကြံပေး စန္ဒာပြ ဆဲဆို
ပြစ်တင် ဝေဖန် ကြိမ်းမောင်း ကြရပါလိမ့်မယ် …
ငတို့ အုပ်တာ ချုပ်တာ .. ငတို့ လူနဲ့ ငတို့ ကြိုက်တာလုပ်မယ်
ပြည်သူ သိစရာမလိုဘု .. ဖွဲ့ချင်သလိုဖွဲ့မယ် မကျေနပ်ရင် မတက်နဲ့ (ဘိုကျောင်းသွားထားကြ) ဆိုတာမျိုး ညစ်ကျယ်ကျယ် လုပ်မယ်ဆိုရင်တော့
ဒီမိုကရေစီ တိုင်းပြည်တခုရဲ့ အခွန်ထမ်းပြည်သူ့ အခွင့်အရေးအရ (နောက်တချီ)တခဲနက်(တခဲနက်) ပြင်းထန်စွာ ကန့်ကွက် ပြောဆို ဆွေးနွေး အကြံပေး
စန္ဒာပြ ဆဲဆို ပြစ်တင် ဝေဖန် ကြိမ်းမောင်း ကြရပါလိမ့်မယ် … ။ (ခုတောင် ဘသားချောက နာမည်ထုတ်မပြောရဲဘဲနဲ့ …)
ဒေါသဂိုဏ်း အတော်သင့်သွားဘီမို့ …တော်သေးဘီဆြာမရေ …
အဂ္ဂမဟာဖေ့စဖုတ်မှာ ရှဲခွင့်ပြုပါခီညာ…
(အဲ့မှာ ဆဲရတာပိုအားရဒယ်..)
:harr:
ဝင့်ပြုံးမြင့်
May 9, 2013 at 12:24 am
ဂီဂီရေ
“အင်္ဂလိပ်စာကို အထင်ကြီးလို့တော့မဟုတ်ဘူး။ လူရာဝင်အောင် သင်တာပါ” လို့ပြောတာက တမင် မကောင်း ပြောတဲ့ သဘောမျိုးလည်း မဟုတ်ပြန်ဘူး။ သူတို့စိတ်ထဲမှာ အဲဒါ အမှန်လို့ကို ထင်နေပုံရပါတယ်။ ဒီမှာက မျိုးချစ်ဝါဒီတွေ တအားများတော့ အင်္ဂလိပ်စာကို အထင်ကြီးပါတယ် လို့ ပြောလို့ကိုမရဘူး။ ဝိုင်းဆဲကြ လိမ့်မယ်။
သုံးတန်းမရောက်မီ အရွယ်မှာ သင်ပေးမှာက ချိုင်းနိစ်စပီကင် မဟုတ်ဘူး။ ရခိုင်၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းဘာသာစကားကို သင်မှာပါတဲ့။ (တကယ့်ကြံကြီးစည်ရာတွေနော်။ သူတို့ဘယ်လိုဆက်လုပ်ကြမလဲ မသိဘူး)
—
တစ်ခုရှိတာက တခြားနိုင်ငံတွေမှာ ကိစ္စသေးသေးလေးဆိုရင် မီဒီယာပေါ်ရောက်ပြီး အုတ်အော်သောင်းတင်း ဖြစ်သွားရော။ မြန်မာပြည်မှာ ဒီလိုမဟုတ်ဘူး။ အပြင်မှာ တော်တော်ကို ပိုးစိုးပက်စက်ဖြစ်နေပြီဆိုမှ မီဒီယာပေါ်နည်းနည်းကလေး ရောက်တယ်။ အခု ပညာရေးကိစ္စက မီဒီယာပေါ် နည်းနည်းလေးရောက်လာတာနော်။ တကယ့်လက်ရှိမှာ တော်တော်ကို ဆိုးဆိုးရွားရွား လုပ်နေကြလောက်ပြီ။ ဒါကြောင့် သုံးတန်းမှာအင်္ဂလိပ်စာ စသင်တဲ့ကိစ္စကို မဖြစ်အောင် မီဒီယာကနေ အသားကုန်အော်မှ ဖြစ်မှာ။ အဲဒါဆို အဲဒီမဟုတ်မဟပ် စီမံကိန်း ငြိမ်သွားနိုင်တယ်။
သဂျီးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ သဂျီးရဲ့ ဂဇက်ရွာထဲမှာ အခုလို အော်ခွင့်ရလို့။
S@i S@i Fin K@i
May 10, 2013 at 7:16 am
ဟိဟိ ……
အဘဖောနဲ့ အန်တီပြုံးရေ…
ကျနော် CV ဖတ်ချင်မိတယ်ဆိုတာ ဂလိုခည…..
မောင်ဂီ့မှာ ထူးထူးဆန်းဆန်း သူငယ်ချင်းတယောက်ရှိတယ်..။
ဆယ်တန်းကို ဘာသာစုံ ဂုဏ်ထူးနဲ့အောင်ပီးသကာလ ..ဆေးကျောင်းမတက်ချင်ဘုဆိုတဲ့
အကြောင်းပြချက်နဲ့ အေလယ်ဗယ် အိုလယ်ဗယ် ဆိုလားဘာဆိုလားဖြေပီး နိုင်ဂျံဂါးကို ကျောင်းသွားတက်တယ်
စကော်လာနဲ့…ဖစ်ချင်တော့ နိုင်ဂျံဂါးက ဆင်းရဲသားတိုင်းပြည်တွေက ကျောင်းသားတေကို စကော်လာပေးတယ်
ဆိုတာက လုပ်စားလို့ကောင်းမယ့် အသက်မွေးဝမ်းကျောင်း ဘာသာရပ် ဆိုတာထက် ကျောင်းသားမရှိလို့
ဌာန ပိတ်ပစ်ရတော့မယ့် လူကြိုက်မများမယ့် ဘာသာရပ်တွေသာ ဖြစ်တတ်(များတတ်ရဲ့) …သည်နေရာမှာ
ပြောခဲ့ချငတာက သတိချပ်ဖို့ပါ…(အားလုံးကိုမဆိုလိုပါခဗျား… နိုင်ငံခြားကျောင်းတက်လိုသူ လူငယ်တွေ သတိချပ်
စေချင်လို့ ပြောတာပါ)…
ဆက်ရရင် ..အနှီသူငယ်ချင်းက ၂နှစ်လောက် အချိန်ကုန်ခံပြီးမှ သူရထားတာ လုပ်စားဖို့ ဘောင်ကျဉ်းလွန်းတဲ့
ဘာသာရပ် ဖြစ်နေတော သတိပြုမိပါသတဲ့ ..သူချက်ခြင်း ရပ်ပစ်လိုက်ပြီး အခြား ပိုမြင့်တဲ့ နိုင်ငံ(တက္ကသိုလ်)
ပိုကောင်းတဲ့ အသက်မွေးဝမ်းကျောင်း ဘာသာရပ် ကိုရအောင် ရန်ကုန်ပြန်ပြီး ဝင်ခွင့်တွေ ဖြေပါတော့တယ်…။
သူ တကယ်လည်းရသွားတယ်ခည …။ဒီတခါ သူရွေးခဲ့တာက ပညာရေး ပိုင်းပါ….။ ပညာရေးမှာမှ Research ဘက်
သွားတဲ့ ပညာရေး ခည..။သင်ရိုး ညွှန်းတန်းတွေကို ကျောင်းသားတွေနဲ့အတူ စောင့်ကြည့်လေ့လာအကဲဖြတ်ပြီး
ဘယ်လို မွမ်းမံရမလဲဆိုတာ လုပ်ရတဲ့အလုပ်ဆိုပါတော့…။ သိပ်ပြီး အနုပညာဆန်သလို သိပ္ပံနည်းကျတဲ့ ကိစ္စရပ်ဗျ..။
(မားကတ္တင်းက လွဲရင် ကျနော် အတော် စိတ်ဝင်စားမိတဲ့ ပညာရပ် တခုပါ- သို့သော် ဒီဘဝတော့မဆည်းပူးနိုင်တော့)
တကယ် သဘောကျစရာကောင်းတဲ့ အချက်က အကျအန train လုပ်မထားရင် လုပ်လို့မဖြစ်နိုင်မယ့် ပညာ ဆိုပါတော့…။
သူကတော့ သဂျီးတို့ဆီကနေ ဘွဲ့ယူ ရန်ကုန်ပြန် ၁နှစ်လောက် အလုပ်လုပ်ပြီး အခု အဘတို့နားမှာ မာစတာ ဆက်လုပ်
နေလေရဲ့..။ တကယ်မလွယ်ဘု ခည… သူ့မိဘတွေကလည်း အသက်ရလာတော့ ဆီမီး-ရီတိုင်းယား လုပ်ပြီး
သူရို့ဘာသာနဲ့ နီးစပ်ရာ မူကြိုတွေမှာ ဗော်လန်တီယာလုပ်နေသူတွေ ဆိုတော့ ပညာရေး ကိစ္စရပ်တွေ မစိမ်းသူတွေ
ဆိုပါတော့ … အပေါ်က လူဂျီးမင်းတို့ရဲ့ CV ဖတ်ချင်တယ် ဆိုတာ အိုက်ဒါပါ….။ ဗျူရိုကရေစီ ယန္တရားအရ ဆိုင်ရာ
ပညာရပ် မတတ်ကျွမ်းသူတွေ ဦးဆောင်သူဖြစ်လာ ဒဇစ်ရှင်မိတ်ကာဖြစ်လာ ပညာရှင်တွေကို Research ဟေ့ ဆိုတာနဲ့
Lab ထဲသာ ထည့်ထားချင် Survey ဟေ့ ဆိုတာနဲ့ ပက်ဆံကုန်တယ်.. မလိုဘု ငါသိဘာဒယ်ကွာ …
ဆိုတာတွေ မုန်းလွန်လွန်းလို့ ..ပါဗျာ..။
ထင်တိုင်းကျဲနေတာတွေ ရပ်သင့်ပြီ ထင့်..။
:byae:
အရီးခင်လတ်
May 11, 2013 at 2:28 pm
Research အကြောင်းလေး ဝင်ဆွေးနွေးတာ ကောင်းပါတယ် မောင်ဂီ ရယ်။
Research ဆိုလို့ ဟိုတစ်လောက မာစ် မှာ လူနေနိုင်ဖို့ အရေး ကြိုးပမ်းဖို့ စပွန်ဆာ ရှာတဲ့ သတင်း နဲ့ နွယ်ပြီး ဝင်ရှုပ် ရရင်တော့
ကမ္ဘာမှာ လူတွေ များလာရင် နေဖို့ နေရာချဲ့ဖို့ ရည်ရွယ်ချက်ဆိုရင်လား။ ကောင်းပါတယ်။ လုပ်သင့်ပါတယ်။
သို့ပေသည့် လက်ရှိ ကမ္ဘာရဲ့ လူတွေကောင်းကောင်းမွန်မွန် မနေနိုင်သေးတဲ့၊ နေလို့ မရသေးတဲ့ တောင်ဝင်ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်း လို နေရာမျိုး မှာ အသေအချာ နေနိုင်အောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားတာက ပိုပြီး လက်တွေ့ဖြစ်နိုင်ခြေမရှိပေဘူးလား။
Sky is limit ဆိုတဲ့စကား မှန်ပါတယ်။ ကောင်းကင်မှာ limit မရှိ ဆိုတာတင်စားတာပေါ့။
ဒါပေသည့် Budget က တော့ limit ရှိတာမို့ တစ်ချို့ project/research တွေ ကို တကယ်အကျိုးဖြစ်တဲ့ နေရာမှာ သုံးလိုက်နိုင်ဖို့ က ပိုပြီး အရေးကြီးပါတယ်။
မြန်မာပြည်မှာက ဟန်လုပ်ပြတာများနေတော့ ကြောက်ရသေးတယ်။
တကယ်လက်တွေ့ ဖြစ်နိုင်ခြေ ကို ရအောင် လုပ်ရတာက ပိုခက်တာ မို့ တကယ်မဖြစ်နိုင်တာကို ဟန်လုပ်ပြနေကြတာ နဲ့ အချိန်တွေ၊ ငွေတွေ၊ လူ့တန်ဖိုး တွေ ဆုံးကုန် တဲ့ research တွေ၊ project တွေ လဲ စာရင်းလုပ်ပြရင် အများကြီးပေါ့။
ဒီတော့ “ကိုယ်တို့ ဘာမှမသိဘူး” လို့ သိလာရင် တကယ်သိတဲ့ လူတွေကို နေရာပေးရမယ်ဆိုတာလေးလဲ ဆက်သိပြီး လက်တွေ့ ဖယ်ပေးဖို့လိုပါတယ်။
ဒါမှ တကယ်ဘဲ တိုင်းပြည်ကို ကယ်တင်ရာရောက်မယ်။
တိုင်းပြည်ကို တကယ်တိုးတက်အောင် လုပ်ပေးချင်တဲ့ သူတွေမှာ မာဆတ်သွားဖို့၊ ကရာအိုကေဆိုဖို့ အချိန်မရှိတာ။
မာဆတ်သွားဖို့၊ ကရာအိုကေဆိုဖို့ အတွက် တော့ တိုင်းပြည်အုပ်ချုပ်သူ မဖြစ်သင့်ပါဘူး။
kai
May 11, 2013 at 3:39 pm
Mission to Mars စာအုပ်ရေးတဲ့. .Buzz Aldrin က အင်္ဂါဂြိုလ်ခရီးစဉ်နဲ့ပါတ်သက်ပြီး.. ဘာပြောသလည်းဆိုတော့…
It’s the American spirit, to “go west young man.” And now it’s to “go outward, young people, middle-aged people and old guys.” တဲ့..
“go west young man.”ကြောင့် အမေရိကတိုက်ကို သူတို့တွေ့ခဲ့ကြတယ်..
အခု.. အင်္ဂါဂြိုလ်မှာ.. လူသားတွေကိုလိုနီလုပ်ကြမယ်ပေါ့… :kwi:
အရီးခင်လတ်
May 11, 2013 at 4:01 pm
ပိုက်ဆံ ဆိုတာ ကန့်သတ်ချက်မရှိရင်တော့ ဘာဘဲအသစ်အဆန်းရှာရှာ ပြသနာမဟုတ် ပေမဲ့ အခု လို လက်ရှိ ကမ္ဘာမှာ လူတွေ ငတ်၊ ရာသီတွေ ဖောက်တာကို ပိုပြီး ထောက်ပံ့သင့်သလားဘဲ။
ဒီလို မှ မရှာရင် လဲ အသစ် တွေ့မှာ မဟုတ်တာ မှန်ပါတယ်။
လက်ခံပါတယ်။
ကန့်သတ်ချက်တွေ နဲ့ တစ်ချိန်မှာမှ ရလာဒ် ကပေါ်မှာ ဆိုတော့ စာရင်းအင်းမှာလို အနာဂါတ်တန်ဖိုးတွေ၊ လက်ရှိရင်းနှီးမှုတွေ က မြင်နိုင်ရင်တော့ ကောင်းသား။
မမြင်နိုင်တဲ့ အခါမှာတော့ ဘာလုပ်သင့်တယ် ဆိုတာက တော့ နံကြားထောက်ရွေးရတာလို ဖြစ်နေတာ။ 🙄
Foreign Resident
May 9, 2013 at 7:03 pm
မဆလခေတ်က ဦးစိန်လွင်ရဲ့ CV ၊
ပညာရေး = ခေသူ မဟုတ် ဆိုတာမျိုးကို
ဖတ်ချင်နေလို့လားဟင် ။
ဝင့်ပြုံးမြင့်
May 9, 2013 at 11:46 pm
ဘဖောပြောတာ နားမလည်ဘူး။ ပြုံး တကယ်မသိဘူး။
Foreign Resident
May 10, 2013 at 6:36 am
အဲ ၊ မ ဝင့်ပြုံးမြင့် ရေ ။ Sorry ။
ညီမ ကိုပြောတာ မဟုတ်ရပါဘူးကွယ် ။
ဂီဂီ က ခေါင်းဆောင်တဲ့သူတွေရဲ့ CV ကိုသိချင်တယ် ဆိုလို့ပါ ။
ဒီလိုကွယ့် ၊ မဆလ ခေတ်က မဆလ ပြည်သူ့လွှတ်တော် မှာ ။
လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအကျဉ်း စာအုပ် ဝေတယ်ကွဲ့ ။
အဲဒီမှာ အရင် မဆလ သမ္မတကြီးလုပ်ခဲ့တဲ့ ဗိုလ်ချုပ် စိန်လွင်မှာ ၊
ရေးလောက်စရာ အတန်းကျောင်း ပညာရေး ဘာမှ မရှိတာနှင့် ၊
သူ့ရဲ့ ကိုယ်ရေးအကျဉ်း စာမျက်နှာမှာ ၊
ပညာရေး = ခေသူ မဟုတ် ဆိုပြီး ရေးထားခဲ့တယ်ကွယ့် ။
အဘ က အဲဒီ အဖြစ်အပျက်ကို ပြောပြတာပါကွယ် ။
အဲဒီ အဖြစ်အပျက် က တကယ်ဖြစ်ပျက်ခဲ့တာနော် ၊
အဘ အရမ်းခင်တဲ့ သူငယ်ချင်းရဲ့ အဖေ က ၊
အဲဒီ ခေတ်က မဆလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကွယ့် ။
မယုံလို့ ကို ၊ သေချာကို သွားမေးခဲ့တာ ၊ အမှန်ပဲတဲ့ ။
Good™
May 15, 2013 at 12:06 pm
ဦးဖော ဒါဆို စိန်လွင် ၆တန်း တစောက်ကမ်း ဆို တကယ်ပေါ့။
ဖော်ပြစရာ ဘွဲ့ ဒီဂရီ မရှိလို့ ခေသူသူမဟုတ်လို့ ပြောတာကိုး။
KZ
May 8, 2013 at 9:05 am
အဟင့်!!! 🙁
ကြားရတာ နားဝ မသက်သာ (အဲလေ) ဖတ်ရတာမသက်သာလိုက်တာ။
ဒီမှာ ဂျပန်က လာဖွင့်ထားတဲ့ ကူမွန် ကင်ဒါဂါးဒင်း ရှိတယ်ဗျ။
ကျနော့ အဒေါ် Part Time စာသင်လို့ သွားကြိုရင်း တစ်စေ့တစ်စောင်းကြည့်ဖူးတယ်။
ဘယ်ဘာသာရပ်ကို တတ်စေချင်ချင် ဆရာမရယ် ကျောင်းသားရယ်လို့ ခွဲခြားပြီး စာသင်သလို့မဟုတ်ပဲ….
သင်ထောက်ကူများများနဲ့ သင်မှန်းမသိသင်တာ ပိုတတ်သတဲ့။
သူတို့မှာ စာသင်ခန်းမရှိ။ စာသင်ချိန်မရှိ။
ကစားကွင်းလိုမျိုးပဲရှိတယ်။
ဒါမဲ့ အဲဒီက ကလေး ၅ နှစ် ၆ နှစ်ဟာ အပေါင်းအနှုတ် အမြှောက်အစားကို တတ်နေပြီ။
Phonics Songs တွေနားထောင်ပါများပြီး စာလုံးတွေ့ရင် ပေါင်းပြီး အသံထွက်ကို အနီးစပ်ဆုံး ထွက်နိုင်နေပြီ၊။
ဂရမ်မာကိုလည်း ပုံသေနည်းတွေနဲ့ မသင်ပါဘူး။
ရေးပါများ၊ ဆိုပါများ၊ မြင်ပါများတာနဲ့ သိသွားကြတယ်။
ခု ကိုယ်တွေမှာ စကားတစ်ခွန်းပြောဖို့ ဂရမ်မာ မှန်မမှန် အရင်စဉ်နေရတာနဲ့ အတော် နှေးနေတာ။
ခုတော့ ၈ နှစ်မှ အေ၊ ဘီ၊ စီ၊ ဒီ စာအော်ကျက်ကြတော့မယ်ပေါ့။
အစမ်းသပ်ခံ အသည်းနှလုံး သဘောထားကြီးဆုံး။
အဲလာဆိုလည်း စမ်းရဲရင် ရုံးသုံး အထိ အင်္ဂလိပ်စာ လုပ်ပလိုက်။ စစ် ထုတ်ပလိုက်စမ်းဘာ။
ကလေးတွေတော့ မစမ်းပါနဲ့၊ သူတို့ဘဝနဲ့ ရင်းရတာ။
:byae:
မကြည်ပြာ
May 8, 2013 at 10:09 am
သင်ရိုးညွှန်းတမ်း ဆိုတာရီးကို ထင်သလိုပြောင်းနေကြတဲ့ ကိတ်စတေ
ရပ်သင့်နေဘာဘီလေ……..
ဦးကြောင်ကြီး
May 8, 2013 at 10:49 am
ငယ်ငယ်တုံးက တက်ခဲ့တဲ့ ဟိုက်စကူးကျောင်း စာသင်ခန်း ဓာတ်ပုံ အင်တာနက်မှာ တွေ့လိုက်တယ်။ အားပါးပါး.. တခန်း ကျောင်းသား တရာကျော်မယ်… ပညာရေး သင်ရိုးညွှန်းတမ်း ဘယ်လောက်ပြင်ပြင် ဆရာမတွေ ဘယ်လောက် သင်တန်းပေးပေး.. အဲလို ကျောင်းသားဦးရေ ဆရာမ အချိုးအစားနဲ့ ဘိုလုပ် အင်္ဂုလိစာ သင်လို့တတ်မီဒုံး…။ သဂျီးကတော့ ခလေးတွေ ထပ်မွေးအုံး.. ဘင်္ဂါလီတွေ ငွေငါးသိန်းပေးရင် နိုင်ငံသားပေးလိုက်တဲ့… သူ့ပဲ ပြင်ညာရေးဝံကျီး ခန့်ဂျပါတော့ဗျာ…. 😡
အရီးခင်လတ်
May 8, 2013 at 4:22 pm
စေတနာစကားတွေကို မြင်ရပါတယ် မပြုံးရေ။
တစ်နေ့ကမှ ဘီဘီစီ က ဆောင်းပါးလေးတစ်ပုဒ်။
အနောက်တိုင်း က တက္ကသိုလ်မတက်ခင် Gap Year ယူထားတဲ့ ကျောင်းသားတွေ ကမော္ဘဒီးယား က ကလေးတွေ ( အဓိက မိဘမဲ့ကလေးတွေ) ရဲ့ ပညာရေး ကို ကူညီ ဖို့ ဆိုပြီး သွားကြတဲ့ အကြောင်း လေး ။
အမှန်ကတော့ တကယ်သိနားလည်တာ မဟုတ်ဘဲ ကိုယ့်ဟာကိုယ် ကယ်တင်ရှင် ဟီးရိုးလို့ သတ်မှတ်ပြီး ကူညီဖို့ လုပ်နေကြတဲ့ ၁၇၊ ၁၈ အရွယ် ကလေးတွေ ရဲ့ ကူညီမှု က အန္တရာယ် ရှိကြောင်းကို ထောက်ပြထားတာ။
သဘောကတော့ အမှန်တတ်ကျွမ်းသူတွေ ကိုင်တွယ်ရမဲ့ အရာတွေကို အမှန်တတ်ကျွမ်းသူတွေ ကို သာ အားကိုးသင့်ကြောင်းလေးပါ။
http://www.bbc.co.uk/news/magazine-22294205
သဘောကျမိတာလေးက
People often say, “doing something is better than doing nothing”. But it isn’t. Not when that something is often wasteful at best, and at worst causing a lot of harm.
We need to focus on learning first – not just encouraging jumping in. Like the legal intern delivering coffee and learning what it takes to be a good lawyer, their most significant impact in the role is not achieved in a short time, but rather in avoiding being too much of a distraction in the short-term and learning how to have a real impact in the long run.
တော်တော် စိတ်ဝင်စားဖို့ကောင်းပြီး မြန်မာနိုင်ငံ ရဲ့ ရှေ့ရေးကိုလဲ ပြေးမြင်မိလိုက်တယ်။
ကိုယ်မတတ်နားမလည် ဘဲ အပေါ်ယံဟန်ပြ လုပ်လေ့ရှိတဲ့
နေရာကို ကုတ်ကပ်တွယ်ထားတဲ့ ဒီ အစိုးရ နဲ့ ကတော့ ဘယ်လိုမှ တိုးတက်စရာ မရှိပါဘူး။
ဝင့်ပြုံးမြင့်
May 9, 2013 at 12:48 am
အရီးလတ်ရေ
အခုလာမယ့်နှစ်မှာ ၁ဝ တန်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို တစ်ပြည်လုံး အတွက်အတူတူ လုပ်ကြတော့မယ်တဲ့။ အရင်လို တိုင်းဒေသကြီး တစ်ခုလိုက်စီ မဟုတ်တော့ပြန်ဘူးတဲ့။ အဲဒါကတော့ ကောင်းမယ့်ပုံပါပဲ။ ဒါပေမယ့် အတန်းစဉ် မှန်မှန်တင်ပေးတဲ့စနစ်နဲ့တော့ ဘယ်ကိုက်ညီတော့မလဲ။ အတန်းစဉ်မှန်မှန်တင်ပေးတာ မူလတန်းလောက်ပဲ လုပ်သင့်ပါတယ်။ နဂိုကတည်းက အပျင်းကြီးတဲ့လူမျိုးကို အတန်းမှန်မှန်တင်ပေးတော့ ကြိုးစားချင်စိတ်ကို ငယ်ရွယ်စဉ်ကတည်းက ဖျောက်ပစ်လိုက်သလို ဖြစ်နေမှာပေါ့။
သဂျီးပြောသလို ပရိုတွေ ခေါ်ပြီး ရှင်းနိုင်ပါစေ ဆုတောင်းပါတယ်။ ပညာရေးဌာနကတင် မလုံလောက်ရင် ပြင်ပကပညာရှင်တွေ ခေါ်ယူဆွေးနွေးသင့်နေပါပြီ။
အချိန်ကိုလည်း မဆွဲသင့်တော့ပါဘူး။
—
ဘေးအိမ်က ၈တန်းကျောင်းသူက What fun! ကို နားလည်ပုံက ပျော်စရာဘာလဲ လို့ နားလည်ထားပါတယ်။ ပျော်စရာကြီးလို့ ပြောတာကို မသိပါ။ ၁ဝတန်းကျောင်းသားက Give me a hand ကို လက်တစ်ဖက်ပေးပါလို့ပဲ သိထားပါတယ်။
ဒါဥပမာ အသေးလေးပဲ ရှိသေးတယ်။ ဒါကြောင့် ပညာရေးကိစ္စ အချိန်ထပ်မဆွဲသင့်တော့ပါဘူး။ လုံးဝမသိတာထက် မှားယွင်းစွာ သိထားတာ ပိုဆိုးပါတယ်။
သင်ယုူခဲ့ပုံ စနစ်ကိုက ညံ့ဖျင်းလို့ပါ။ သင်ရိုးကို ပရိုတွေနဲ့ပြင်ရင်း စာသင်မယ့် ဆရာမတွေကိုလည်း ဆရာ့လက်ကိုင်စာအုပ်ကိုပါ ပြင်ရမှာပါ။ အရီးတစ်ခါတုန်းက ပြောသလို ဆရာမတွေကို ပြည်ပပို့ပြီး သင်တန်းတက်ခိုင်းလို့တော့ ဖြစ်မယ် မထင်ပါ။ အဲလိုလုပ်ရင် သူတို့ပြန်လာတဲ့အခါ အစိုးရအလုပ် ဘယ်လုပ်တော့မလဲ။ ကိုယ်ပိုင်ကျောင်းထောင်စားမှာပေါ့။ မြန်မာပြည်ပြန်လာရင်ပဲ ကံကောင်းတယ်မှတ်။
ဝင်မန့်တဲ့အတွက် ကျေးဇူးပါ အရီးရေ။
weiwei
May 8, 2013 at 7:19 pm
၃ တန်း ၈ နှစ်ရောက်မှ အင်္ဂလိပ်စာ သင်ဖူးခဲ့တယ် … ၁ဝ တန်းကို wuthering heights နဲ့ ကြုံခဲ့တယ် ..
လက်ရှိလဲ ကိုယ်ပိုင်သားသမီး မရှိလေတော့ .. ဘာမှကို ဝေဖန်ပြောချင်စိတ်ကို မရှိတော့ပါဘူး … :byae:
MaMa
May 8, 2013 at 9:03 pm
သို့ ……..
ရွာသားမှ သဂျီး
သဂျီးမှ ရွာသား
ရထားဖြစ်လား။
ဖြစ်ရင် အကြောင်းပြန်။ :kwi:
နေဝန်းနီ
May 8, 2013 at 9:04 pm
5တန်းရောက်မှ အေ ဘီ စီ စသင်ရတာ ….။ ဂျီ G ရေးတာအထာမကျလို့ အရိုက်က ခံရသေး နှပ်တစ်ရှုံ့ရှုံ့ နဲ့ တစ်ဂျီထဲဂျီ G ရေးနေရတဲ့ နေဝန်းနီ ခုတော့လည်း သူလိုငါလိုပါပဲလား ……… အာဟိ
ရှိရင်းစွဲအားလုံးကို ဖျက်ပစ်ပြီး အစကပြန်ကောက် လက်တွေ့ အသုံးဝင်မဲ့စနစ် ကမ္ဘာနဲ့ တစ်ကယ်ရင်ဘောင်တမ်းလိုက်နိုင်မဲ့ စနစ်တစ်ခု ကိုပြောင်း ရိုးရိုးတန်းတန်း ပြောင်းမရရင် ဥပဒေတစ်ရပ် ပြဌာန်းပြီး ရအောင်ပြောင်း ပညာရေးစနစ်တစ်ခုထဲမဟုတ်ဘူး အားလုံး ကိုပြောင်းလဲလိုက်ရမှာ အဲဒါမှ အသွင်ကူးပြောင်းရေး လုပ်နေတယ်ဆိုတာ ပိုပြီးပေါ်လွင်လာမှာ
ဝင့်ပြုံးမြင့်
May 9, 2013 at 12:57 am
ဟုတ်ပါ့ အဘနီရေ
အဲဒီမှာ ပြောင်းပုံပြောင်းနည်းက တစ်ခါတည်း တစ်ဟုန်ထိုးပြောင်းရမှာ။ အခြေအနေကြည့်ြ့ပီး ပြောင်းရမှာ မဟုတ်ဘူး။ အခြေအနေကြည့်ပြီးပြောင်းတာက ထိန်းထိန်းသိမ်းသိမ်းလေးလို့ သဘောသွားမှာ ထင်ရတတ်တယ်။ တကယ်က အင်အားနှစ်ခု ခွဲထွက်သွားမယ်။ ပြောင်းလဲရေးအင်အားအတွက် ဆန့်ကျင်ဘက်အားအဖြစ် မပြောင်းလဲရေးအင်အားက သဘာဝအတိုင်းပေါ်ထွက်လာမယ်။ အဲဒီမှာ ဆန့်ကျင်ဘက် အင်အားနှစ်ရပ် ပေါ်ထွက်လာပြီး တန်ပြန်တိုက်ခိုက်ကြမယ်။ ပဋိပက္ခဖြစ်မယ်။ ဒါကြောင့် တဖြည်းဖြည်းစမ်းသပ်သဘောမျိုး ပြောင်းလဲတာထက် မှန်တာကို တစ်ချက်ထည်း ပြောင်းလဲပစ်လိုက်ရမှာ။
မိုက်ကယ်ဂျော်နီအောင်ပု
May 9, 2013 at 3:24 pm
တစ်ခုခုတော့ အပီပြင်ကိုမှားနေပြီထင်တယ်
သတင်းစာကဘဲ ရေးခြင်တာရေးသလားသိဘူးနော
ခုတစ်လော သတင်းစာတွေအကြောင်းက လည်းသိကြတဲ့အတိုင်းဘဲ
ရေးခြင်တာရေးနေကြတာ
အလွယ်တွေးရရင် ကျုပ်လို စာမတတ်တဲ့လူကတောင် ဒါဟာ လုံးဝမဖြစ်သင့် လက်မခံသင့်ဘူးလို့နားလည်မိတယ်
ဒီကိစ္စအမှန်ဆိုရင်တော့ ကျယ်ကျယ်လောင်လောင်လေး အသံထွက်လာမယ်ထင်တာဘဲ
ဇဂါးမစပ်
လူမိုက်ဆိုလျှင်ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ကင်းအောင်နေ
ဆိုတာကလေးကို သူငယ်တန်းကတည်းက အင်္ဂလိပ်လိုသင်ပေးသင့်ပါတယ် ဆရာမ ခင်ဗျား
uncle gyi
May 9, 2013 at 9:50 pm
မြန်မာကရေတွင်းထဲကဖားသူငယ်ဖြစ်နေတာ
ရေတွင်းထဲကထွက်ပြီးအပြင်ကိုကြည့်သင့်နေပါပြီ
ပြောမယ်ဆိုကိုယ်ကနောက်ကျနေပြီ
နောက်ကျနေလို့စိတ်မောနေစရာစိတ်ညစ်နေစရာမလို
အချို့နေရာတွေမှာနောက်ကျလို့ပိုတောင်ကောင်းသေး
အမှန်ကယူတတ်ဖို့လိုတာ
ကိုယ်တတ်လှပြီအထင်တွေဖျောက်ပြီး
ရှေ့ကပြီးနှင့်နေတဲ့နိုင်ငံတွေကအတွေ့အကြုံတွေကိုကြည့်ပြီး
ပယ်သင့်တာပယ်ယူသင့်တာယူလိုက်မယ်ဆို
သူတို့ထက်ကိုကိုယ်ကကောင်းအောင်လုပ်နိုင်မှာပါ
မဝင့်ပြောသလိုအစမ်းသပ်ခံလုပ်ရမယ့်အချိန်မဟုတ်ပါဖူး
အချိန်တွေဒီလောက်ဖြုန်းခဲ့ပြီးမှအခုမှလောနေစရာမလိုပါဖူး
ပြင်ရမှာမှန်ပေမဲ့တခါတည်းကောင်းအောင်ပြင်ဖို့လိုပါတယ်
နောက်တခါအချိန်တွေမကုန်တာအကောင်းဆုံးပါ
ရွာစားကျော် မင်းနန္ဓာ
May 9, 2013 at 10:32 pm
အိမ်ကသား အကြောင်းနဲ့ ယှဉ်ပြောကြည့်ရင်..
သူ့အတွက် Youtube မှာ Kid songs လို့ ရိုက်ပြီး Bookmarks လုပ်ပေးထားလိုက်တယ်..
အဲဒီက ပေါ်လာတဲ့ အေဘီစီ သီချင်းတွေ၊ ကလေးသီချင်းတွေ ကြည့်ပြီး အင်္ဂလိပ်စာလုံးတွေ အကုန်ရ အသံထွက်လည်း ကောင်းမှကောင်း၊ အေမှာ ဘာရှိလဲ.. ဘီမှာ ဘာရှိလဲ မေးကြည့်.. သီချင်းတွေထဲပါတဲ့ မီးနင်းတွေ ပြောပြတာ ပတ်ဝန်းကျင်က လူတွေတောင် ဩချရတယ်…
ဒီလ သားတော်မောင် လေးနှစ်ပြည့်တဲ့အချိန်မှာ မူကြိုက စာလုံးတွေ စသင်ဖို့လုပ်ပါတယ်
တနေ့ကတော့ သားက ပြောလာတယ်.. ဖေဖေ ဆရာမကလေ အိပ်က်စ်(X) ကို အိပ်ချ် တဲ့…. ကဲ..
ဟုတ်ကဲ့ အဲဒါ လေးနှစ်သားပါဗျာ.. ဘာမှလည်း သေချာ နှုတ်တိုက် သင်ပေးနေတာ မဟုတ်.. သူကြိုက်တဲ့ ကလေးသီချင်းတွေ ကြည့်ရင်း သူ့ဖာသာ မှတ်သား သိထားတာ..
ကဲ.. အဲလိုဟာကို ကျနော့်သားရဲ့ အသက်နှစ်ဆ (ရှစ်နှစ်) မှ.. အေဘီစီ စ သင်မယ် ဆိုရင်ဖြင့်..
..ဟူးးးးး ရင်လေးတယ်…
ဝင့်ပြုံးမြင့်
May 9, 2013 at 11:42 pm
ဆြာပုရေ – အဲဒီလိုပုံမျိုး အမြဲလုပ်ခဲ့တာပါ။ ဝတ်ကျေတမ်းကျေလောက် ပြည်သူကို ပြောပြီး နောက်လုပ်ချ ထည့် လိုက်တာ။ ခေါက်ရိုးကျိုးနေပြီ။ အခုဆိုရင် ပြည်သူတွေက မျိုးချစ်စိတ် အရမ်းပြင်းထန်နေကြတဲ့အချိန်။ တိုင်းရင်းစာပေသင်ဖို့ ပြောနေကြတာ ကြာပါပြီ။ ခုမှ အတည်ရေးတာပါ။ ဘာပဲပြောပြော အဲဒီသတင်းအစအန အပေါ် အခုလို ဝေဖန်တာ ကောင်းတယ်။ အဲဒါဆို သူတို့ နည်းနည်းတော့ ကိုယ်ရှိန်သတ်သွား ကြရော။
ဆြာပုရေ – လူမိုက်ဆိုလျှင် ရှောင်သွေလွှဲတာတော့ ဟုတ်ပါပြီ။ လူလိမ္မာနဲ့ လူမိုက် ဘယ်လိုခွဲခြားပြီး သိအောင် လုပ်မလဲနော့။
—–
အန်ကယ်ကြီးပြောတာလည်း မှန်ပါတယ်။ အချိန်တွေ ဒီလောက်ဖြုန်းလာခဲ့ပြီးမှ လောမယ့်အစား တစ်ခါတည်း ကောင်းအောင်လုပ်တာ ပိုမှန်ပါတယ်။
—–
ကိုရွာစားကျော်ရေ – ပြုံးပြောချင်တာ အဲဒါပဲ။ ကလေးတွေ ဉာဏ်ရည်ကွာတယ်ဆိုတာ ပြုံးမယုံဘူး။ သင်ရင် တတ်တာချည်းပဲ။ လူတစ်ယောက် ဉာဏ်ဘယ်လောက်ကောင်းတယ်ဆိုတာ ဦးနှောက်ကို သူဘယ်လောက် အသုံးချသလဲ ဆိုတာပဲမူတည်တယ်။ ယောက်ျားနဲ့ မိန်းမလည်း ဉာဏ်ရည်မကွာဘူး။ ဘာလို့ဆို လူတစ်ယောက်ဟာ သူ့ဦးနှောက်အလုပ်လုပ်နိုင်စွမ်းရဲ့ ၁၀% လောက်ပဲ လုပ်နိုင်တာပါ။ ဒါကြောင့် ကလေးတိုင်း နည်းမှန်လမ်းမှန်နဲ့ ပျော်ပျော်ရွှင်ရွှင် စာသင်သွားနိုင်စေချင်တာပါ။
ကျောင်းသားဗဟိုပြုသင်ကြားရေးဆိုပြီး ၃တန်းအတွက် ပြဌာန်းစာအုပ်လုပ်၊ အခြေအနေကြည့်ပြီး ၄တန်းအတွက်လုပ်၊ အဲဒါကို ကျောင်းသားဗဟိုပြုလို့ သတ်မှတ်ထားတာလား မသိဘူး။
—
ဟိုအရင်တုန်းက ပညာရေး အမျိုးမျိုးပြောင်းလဲတာမှာ အခုလို အွန်လိုင်းမရှိ၊ စာပေလွတ်လပ်ခွင့်မရှိတော့ သူတို့ပြုသမျှ ခံကြရတယ်။ ဒီတစ်ခါလည်း သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုရင် အဲဒါ ပြည်သူတွေ ညံ့လို့ပဲ။
kyeemite
May 10, 2013 at 2:00 pm
ကျနော်တို့လည်း ကြီးတောင့်ကြီးမား…ငါးတန်းရောက်မှ
အေ၊ဘီ၊စီ၊ဒီ…အော်ခဲ့ရတာ ဆိုတော့ အင်္ဂလိပ်စာ တော်တော်နောက်ကျခဲ့ တဲ့အပြင်
..အဲဒီတုံးကသင်ရတာ အသံထွက်ဆိုတကဲ့ ဗမာသံစစ်စစ်(ငပိသံ)တွေနဲ့…
Chair ချဲယား
There သဲယား
Where ဝှဲယား…စသဖြင့်…တယားယားနဲ့ဆိုခဲ့ကြရတာခင်ဗျ…
ခုကလေးတွေများ မူကြိုထဲက အင်္ဂလိပ်စာတော်တော်သွားနေကြပြီ…
တစ်ခါတစ်ခါ သားတော်မောင်က ကျုပ်အသံထွက်မှားနေရင် ရယ်ပြီး အမှန်ပြင်ပေးနေသေးတယ်..
ကွာသွားတာပြောပါတယ်….
နိဂုံးချုပ်အနေနဲ့ပြောရရင် ပညာရေးလက်တည့်စမ်းတာ
ကျုပ်တို့ အမျိုးမျိုးခံခဲ့ရပီးပြီ…ဘာတစ်လုံးမှပြန်မပြောနိုင်ခဲ့ဘူး…
အနာဂါတ်မှာတော့ အဲလိုမဖြစ်စေချင်ပါဘူး…
ပညာရေးကဏ္ဍကို တကယ့်ပညာတတ်များသာ ဦးဆောင်ဦးရွက်ပြုစေလိုပါကြောင်းဗျာ…
Myo Thant
May 10, 2013 at 2:26 pm
တိုင်းပြည်ခေါင်းဆောင်များ ပညာမတတ်ပါက ဘာဖြစ်သွားမည်နည်း ၊
ပညာတတ်ပေါများရေး ပညာအဆင့်အတန်းမြင့်မားရေးတို့ကို မည်သည့်အခါတွင်မှ
ဦးစားပေး စဉ်းစားလိမ့်မည် မဟုတ်ပါ ၊
စဉ်းစားရကောင်းမှန်းလည်း သိတတ်မည် မထင်ပါ ၊
စမ်းတဝါးဝါး ပညာရေးလမ်းပေါ်မှာ ကျနော့် ကလေးများကို သနားပါသည် ၊
ဝင့်ပြုံးမြင့်
May 11, 2013 at 11:30 pm
ဘဖောရေ .. ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။ ရွာထဲမှာ ရှေးမီနောက်မီ လူကြီးတစ်ယောက်ရှိနေတာ တကယ်ကောင်းတယ်။ ဒီတစ်ခါရတဲ့ ဗဟုသုတကတော့ ရှယ်ပဲ။
ဂီဂီပြောတဲ့ CV ကိစ္စလည်း ထောက်ခံပါတယ်။ အဲဒါဆို ဒီဇီရှင်မိတ်ကာ ဘယ်သူလုပ်ပါဦးမလဲ။ အဲတော့မှ ပိုခက်နေဦးမယ်။
အရီးလတ်ရေ … ပြုံးပြောတာ အဲဒီလိုပါပဲ။ တကယ်လက်တွေ့ဖြစ်နိုင်ခြေကိုပဲ ပြောတာပါ။ ပြဌာန်းစာအုပ်ကို အကောင်းစားပြုပြင်ရမယ်။ ကလေးတွေရဲ့အာရုံကို ဆွဲယူနိုင်အောင်။ ဒါပေမယ့် ဘက်ဂျက်အနေအထားအရ ပြဌာန်းစာအုပ်ကို ကျောင်းမှာပဲ အလုံအလောက်ထားပြီး အခမဲ့ဝေတာက လေ့ကျင့်ခန်းစာအုပ် ဖြစ်သင့်ပါတယ်။
ပြီးတော့ ဒီနှစ်ကျောင်းဖွင့်ရင် မူလတန်းကလေးတွေကို ဗလာစာအုပ် တစ်ဒါဇင်၊ ပြဌာန်းစာအုပ်အစုံနဲ့ ငွေကျပ်တစ်ထောင် အခမဲ့ပေးမယ်လို့ သတင်းကြားထားပါတယ်။ အဲဒါကိုလည်း ဘဝင်မကျနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလေးမိဘတွေက နွေမှာကလည်းက ကလေးကို ကြိုပြီး ကျူရှင်ထားကြတယ်လေ။ အားလုံးနီးပါးပါပဲ။ ဒီတော့ သူတို့ဆီမှာ ပြဌာန်းစာအုပ်ရှိတယ်။ ဒီတော့ လိုချင်တဲ့လူမှယူ၊ မလိုချင်ရင် မယူနဲ့ဆိုတာမျိုးကိုပဲ ကြိုက်ပါတယ်။ ငွေတစ်ထောင်ဆိုတာကလည်း ကလေးတစ်ယောက် တစ်ရက်စာ သွားရေစာပဲရှိတော့ လိုချင်မှယူ၊ မလိုချင် မယူနဲ့ ဆိုတာပဲ ဖြစ်သင့်ပါတယ်။ ငွေတွေ ပြန့်ကျဲပြီး တကယ်လိုအပ်တဲ့ နေရာမှာ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်မှာစိုးလို့ပါ။
ဆရာမတွေကို နိုင်ငံခြားပို့ပြီး သင်ကြားရေးပညာလေ့လာခိုင်းဖို့ကလည်း လက်တွေ့နဲ့ အလှမ်းဝေးပါတယ်။ ဆရာ့လက်ကိုင်စာအုပ်ကိုပဲ ပြင်ပြီး ဖောင်ကြီးသင်တန်းလိုမျိုး လပိုင်းရက်ပိုင်းလောက် သင်တန်းပေးရင် ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ နောက်တစ်ခုက သူများကိုသင်ပေးရင်း ကိုယ်တိုင်လည်း ပိုတတ်သွားတဲ့သဘောရှိတယ်။ အဲဒါကြောင့် ဆရာဆရာမ အဆင့်မမီမှာ သိပ်မစိုးရိမ်ရပါဘူး။ ကလေးတွေကိုသင်ရင်း သူတို့လည်း ပိုတတ်သွားဦးမှာပါ။
တကယ်လိုအပ်တာက နည်းစနစ်ပြောင်းလဲဖို့၊ ပရိုတွေ စုစုစည်းစည်းနဲ့ တကယ်စီမံပေးဖို့လို့ မြင်မိပါတယ်။
ဦးကြီးမိုက်နဲ့ ကိုမျိုးသန့်ရေ … စမ်းတဝါးဝါးပညာရေးမှာ ကလေးတွေ သနားစရာကောင်းပါတယ်။ ဒီအချိန်ထိမှ အခုတက်မယ့် မျိုးဆက်သစ်ကို ဘာမှ မလုပ်ပေးနိုင်ဘူးဆိုရင် နောင် နှစ် ၃ဝလောက်မှာ မြန်မာလူမျိုးပြုတ်ပြီပဲ။ (စိတ်ထဲထင်မိတာ ပြောတာပါ)
ကိုသင်း
May 12, 2013 at 1:18 am
Education,the most powerful weapon can make the country develop.Since English is the international language,we should need to learn it.
Most of books on technique,science and references are written in English.
kotun winlatt
May 12, 2013 at 9:06 am
ဆရာ ညီမင်းညိုပြောသွားတဲ့ ပညာရေးအကြောင်းလေး သွားသတိရမိရဲ့..ကျနော်တို့ နိုင်ငံရဲ့ ပညာရေးက အလှူခံတဲ့နေရာက နံနက်စောစော စက်စမ်းရင်း အော်သလိုပဲတဲ့.. နံနက်စောစော…အလှူခံစစခြင်း မိုက်၊ စက်တွေကို ဒီလို စစမ်းတယ်တဲ့ ခင်ဗျ… ဟလို…ဟလို…Testing (တက်စတင်..) …ဟလို..ဟလို…ဂေါ်…ဂေါ်…ဂွီ…ဂွီ…. ဟလို..ဟလို…ကျွီ…… စက်က စဖွင့်ဖွင့်ခြင်းဆိုတော့ အသံစုံမြည်နေတော့တာပါ… ပညာရေးဟာလည်းးးးး ဟလို…ဟလို… တက်စတင်…ကျနော်တို့ရဲ့ မြန်မာ့ပညာရေးဟာ…ဟလို..ဟလို…ဂေါ်….ဂေါ်…ဂွီ…ဂွီ…. ဟလို..ဟလို…ကျွီ…တဲ့…
Testing ဆိုတာက မြန်မာလို စမ်းသပ်တယ်ဆိုပဲ..ဒီတော့ ယနေ့မြန်မာ့ ပညာရေးဟာ စမ်းသပ်နေတုန်းပါပဲပေါ့…နောက်က ဂေါ်…ဂေါ်..ဂွီ..ဂွီ..ကတော့ ဘာမှန်းကို မသိဘူးပေါ့..နောက်..ကျွီ..ဆိုတာက..မြန်မာ့ပညာရေးဟာ..ရပ်နေတာလားးး နောက်ပြန်ဆုတ်သွားတဲ့ အသံလားးးးမပြောတတ်အောင်ပါပဲတဲ့……..
TNA
May 13, 2013 at 12:44 pm
စမ်းသပ်နေတာလဲပြီးကိုမပြီးတော့ပါလား။ တကယ့်လုပ်နိုင်တဲ့ဆရာကြီးတွေ ဆရာမကြီးတွေရှိနေပါသေး တယ်။ သတို့လုပ်နိုင်ကိုင်နိုင်တုန်းနိုင်ငံတကာသွားလေ့လာ၊ မြန်မာနဲ့ကိုက်ညီတဲ့ပညာရေးစနစ် တခု သေသေချာချာအကောင်ထည်ဖော်၊ ဒါကိုပဲရေရှည်အောင်မြင်အောင်လုပ်ဒါမျိုးဖြစ်သင့်ပါတယ်။ အနိမ့်ဆုံး စင်္ကာပူလောက် သွားလေ့လာရင်ကို အခြေခံဘာဆိုတာသိနိုင်တာမျိုးပါ။ မလေ့လာပဲ အိမ်တွင်း ပုန်းပြီးထင်ရာမြင်ရာလုပ်အုံးမယ်ဆိုရင်တော့ မြန်မာနိုင်ငံရှေ့ရေးရင်လေးစရာပါပဲ။ ဘွဲ့ရပညာမတတ် ထက်ပိုဆိုးတဲ့ ဘွဲ့ရပညာမဲ့တွေပိုတိုးလာတော့မယ်ထင်ပါတယ်။ ပြည်သူ့နီတိလဲထည့်သင့်ပါတယ်။ အခုခေတ် နှစ်ဆယ်ပါတ်ဝန်းကျင်ကလေးတော်တော်များများက တော်တော်လေးရိုင်းစိုင်းလာတာတွေ့ ရပါတယ်။ လူကြီးလူကြီးမှန်းမသိ ဂါရသဝတရားလဲမသိ တကယ်တော့သူတို့ဘာမှမသိတာကို သိတယ်လို့ ထင်နေတာတော်တော်လေးဆိုးပါတယ်။ ကွန်ပြူတာ အင်တာနက်ကလေးသုံးတတ်ရုံနဲ့ ကမ္ဘာ့အဆင့် မှီနေပြီလို့အထင်ရှိနေအောင်ကို စိတ်ဓါတ်တွေရိုက်ချုးိပုံသွင်းခံထားရပါတယ်။ နွားခြေရာခွက်ထဲက ဖားသငယ်မဖြစ်အောင် ပညာရေးကို အထူးအလေးပေးဆောင်ရွက်သင့်ပါတယ်။
padonmar
May 14, 2013 at 10:02 pm
ပြုံးရေ
အလွန်ကောင်းတဲ့ အကြံပေးချက်တွေပါပဲ။
အန်တီတို့တုံးက ၅တန်းကျမှ အင်္ဂလိပ်စာစသင်ရပါတယ်။
ကိုယ်နဲ့ ရွယ်တူတွေကြားမှာ မသိသာပေမယ့်
ကိုယ့်ထက် အသက် ၄-၅ နှစ်ကြီးပြီး ရန်ကုန် ကွန်ဗန့်ကျောင်းခေတ်မီလိုက်တဲ့ စီနီယာ အမတွေနဲ့ဆိုရင် ကိုယ့် အသံထွက်က တော်တော်ညံ့တာ သိသာပါတယ်။
(တီဗွီကြော်ငြာမှာ သန္တာလှိုင် ခရပ်ရှာရှိလား မေးတဲ့ အသံလေးဆို သဘောကျလွန်းလို့ ဘယ်လိုမှ လိုက်တုပြောကြည့်လို့ မပီဘူး။)
…………
နောက်ပြီး ကလေးတွေ သဒ္ဒါအရင်သင်ရင် စကားပြောတတ်ဖို့ အဟန့်ဖြစ်တယ်ဆိုတာလည်း ထောက်ခံပါတယ်။
အန်တီကိုယ်တိုင်လည်း စာချရေးရင်သာ ချောအောင်စဉ်းစားရေးနိုင်ပေမယ့် ပြောဖို့ကို ဂရမ်မာ မှားမှာ အသံထွက်မမှန်မှာ စိုးနေတာနဲ့ပဲ ပြောမထွက်ပါဘူး။
သူတပါးနဲ့ ဆက်သွယ်ဖို့ အဓိက အကျဆုံး အပြောကို ဦးစားပေးသင့်ပါတယ်။
……
သစ်ပြီးရင်းသစ်သော ပညာရေးစနစ်သစ်တွေ အများကြီးကြုံခဲ့ရတော့ ဒီတစ်ကြိမ်မှာ လူမျိုးကြီးဝါဒတွေ ဘေးချိတ်ပြီး ကလေးတွေတွက် အကောင်းဆုံးပြဌာန်းစာအုပ်ဖြစ်ဖို့ စဉ်းစားပေးကြစေချင်ပါတယ်။
…
တီချာကြီး ကို အချိန်ရရင် ဝင်ဆွေးနွေးပေးစေချင်လိုက်တာ။
kai
May 15, 2013 at 12:32 am
အောက်ကလင့်ခ်မှာ ..အင်မတန်ရည်ရွယ်ချက်ကောင်းကောင်းနဲ့လုပ်နေတဲ့.. ဆန်ဖရန်ကအဖွဲ့ရှိတယ်..။
သူတို့ကို ကူဖို့..အယ်လ်အေမြန်မာအသင်းက.. ပြီးခဲ့တဲ့တပါတ်…အစည်းအဝေးမှာဆုံးဖြတ်လိုက်တယ်..။ လေ့လာဖို့ပါ..။
http://sfbcbookdrive.blogspot.com/
About SFBC Bookdrive
Our Significance and Necessity
SFBC Bookdrive was created by the Burmese community in San Francisco Bay Area to donate books to Burmese libraries and communities in need of them. The reason being that in Burma, children books and literature are needed in bulk and on a cheap scale, to encourage children’s growth in knowledge and creativity, as well as learning English. In other countries, children books and literature are available to all. We need the same to in Burma. That is why we are lending our hands to do so.
Objective/Purpose
-to support and volunteer in educational and charity related works in needed community and neighbourhoods starting with our own Burmese community
Project
-to collect books (mainly children books) for libraries and communities ran by social support or educational organizations in Burma.
ဝင့်ပြုံးမြင့်
May 15, 2013 at 12:13 am
ကိုသင်းရေ – the most powerful weapon တဲ့လား။ ဒီစကားလုံးလေးအတွက် ကျေးဇူးပါနော်။
—–
ကိုထွန်းဝင်းလတ် ရေ – မျှစ်ကြော်ပြုံးတို့က စိတ်ကူးပဲကောင်းတာပါ။ လက်တွေ့ကျကျ အနစ်နာခံ လုပ်ဆောင်တဲ့ အပိုင်းမှာ ကိုထွန်းဝင်းလတ်တို့ကို မမီပါဘူး။
——-
မသဲနုရေ- ဟုတ်တယ်။ အနိမ့်ဆုံး စင်ကာပူအဆင့်လောက်ကို ဖြစ်စေချင်တာ။ စင်ကာပူလောက် သွားလေ့လာ ရင်ကို မဆိုးဘူး။
——-
အန်တီဒုံရေ – ပျောက်နေတာ ကြာပြီနော်။ မျှစ်ကြော်ပြုံး ရဲ့မိဘတွေကလည်း တစ်ယောက်က စိန့်ဂျွန်းကွန်ဗင့် တစ်ယောက်က စိန်ပေါလ် ဆိုတော့ အသံထွက်ကောင်းတယ်။ အင်္ဂလိပ်စာကတော့ မိဘတွေ သင်ပေးခဲ့တာပါပဲ။ ပြုံးက အကြားအာရုံကြော မကောင်းတော့ လေယူလေသိမ်းညံ့တယ်။ ပြုံးအစ်မကတော့ ဘိုရှုံးအောင်ပြောနိုင်သူပါ။ ဘယ်တိုင်းပြည်သွားသွား မင်းအင်္ဂလိပ်စာကို အင်္ဂလန်သွားသင်တာလားလို့ အမေးခံရတယ်။
အခုမှ သတိရတယ်။ ပြဌာန်းစာအုပ်ကို အရင်တုန်းက ကွန်ဗင့်ကျောင်းတွေမှာ သင်ခဲ့တဲ့အတိုင်းဆိုရင်တောင် မဆိုးဘူး။ အဲဒီစာအုပ်တွေ တော်တော်ကောင်းတယ်။ ခေတ်မီအောင် နည်းနည်းပြင်လိုက်ရုံပဲ။
——
အန်တီဒုံပြောသလို (လူမျိုးကြီးဝါဒတွေ ဘေးချိတ်ပြီး ကလေးတွေတွက် အကောင်းဆုံးပြဌာန်း စာအုပ်ဖြစ်ဖို့ ) ဆိုတာကို အဓိကဆိုလိုချင်တာပါအန်တီရေ။ ဝင်မန့်ပေးတဲ့အတွက် ကျေးဇူးပါ။