မြန်မာပြည်ကြီး မပြောင်းလဲသေးပါ

manawphyulayMay 13, 20131min29511

ကမာ္ဘမှာ ဖွံ့ဖြိုးမှု နောက်ကျနေသည့်၊ စက်မှုမထွန်းကားသည့်၊ ဆင်းရဲမှု မပပျောက်သေးသည့် နိုင်ငံများမှာ ဖွံ့ဖြိုးမှု ဖြစ်လာရန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီများမှာ လုပ်ကိုင်နေသည့် ပညာရှင်များသည် နည်းလမ်း အမျိုးမျိုးကို ရှာဖွေခဲ့သည်။ ကမာ္ဘ့ဘဏ်တို့လို နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်နေသည့် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးမှု အကူအညီပေးသည့် ပုံစံများ (Development Aid Models) ပြောင်းလဲလာသည်ကိုလည်း တွေ့ရသည်။ စစ်ပြီးကာလမှာ ၎င်းတို့ပေးသည့် ဖွံ့ဖြိုးမှု အကူအညီ အများစုသည် စက်ရုံ အလုပ်ရုံများ၊ လမ်းပန်းဆက်သွယ်ရေးကဲ့သို့သော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အတွက် ပေးသည့် အကူအညီများဖြစ်သည်။ ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင်များက သုံးသတ်သည်မှာ ဒုတိယ ကမာ္ဘစစ်ပြီး လွတ်လပ်ရေး ရရှိသွားသည့် အာဖရိကတိုက်နှင့် အာရှရှိနိုင်ငံများတွင် ဖွံ့ဖြိုးမှုနောက်ကျနေရခြင်းမှာ ကုန်ထုတ်စွမ်းအား (productivity) ကို တိုးတက်စေသည့် အရင်းအနှီးများ မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။
ယခုပြောချင်တာကတော့ ပြောင်းလဲမှုတွေ လုပ်နေသည့်ကြားကာလအတွင်း ယခုချိန်တိုင် ပြောင်းလဲမှု တွေ မတွေ့ရှိရသေးပါ။ ဘာကြောင့် ပြောင်းလဲမှုတွေ နှေးကွေးနေသလဲဆိုတာ စဉ်းစားစရာဖြစ်လို့ နေပေ သည်။ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ကိုယ်ရည်ကိုယ်သွေး မတိုးတာကြောင့်လို့ ထင်မြင်မိပါသည်။ လူတိုင်း လူတိုင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှုကို လိုချင်တဲ့ဆန္ဒများသာ ပြင်းပြနေသော်လည်း ကိုယ်တိုင်တွေ ကမူ ပြောင်းလဲမှုနဲ့ အံဝင်ခွင်ကျ လိုက်လံပြောင်းလဲရန် စိတ်ကူးမရှိကြခြင်းလည်း ဖြစ်နိုင်ပေသည်။ မည်သူမဆို ကိုယ်ဘာမှားနေသလဲဆိုတာ စဉ်းစားစိတ်ကူးမကြည့်ကြပဲ ဘယ်သူက ဘယ်နေရာမှာ မှားယွင်းနေသလဲ ဆိုတာမျိုးသာ လိုက်လံ ဝေဖန်သုံးသပ်နေပေတော့သည်။ ရှင်းရှင်းပြောရရင်တော့ ကိုယ့်မျက်ချေး ကိုယ်မမြင်ပဲ သူများမျက်ချေးလိုက်ကြည့်နေကြသူများ များပြားနေပေသည်။ ဒီလို ဘာကြောင့် ပြောရသလဲဆိုရင်ဖြင့် ပြီးခဲ့တဲ့ သင်္ကြန်တွင်းကာလ အညာဒေသဘက်သို့ ဘုရားဖူးထွက်စဉ်မှာ မြင်တွေ့ရတာတွေကတော့ အလွန်တရာမှ စိတ်မချမ်းမြေ့ဖွယ်ရာတွေပါပဲ။ ပြောင်းလဲဖို့အတွက် မြို့ပေါ်တွင်ပဲ လုပ်နေလို့ ပြောင်းလဲမလာပါဘူး။ တောရွာတွေ၊ မြို့နဲ့ဝေးပြီး အတွေးအခေါ်မဖွံ့ဖြိုးသေးတဲ့ ဒေသတွေပါ ပြောင်းလဲဖို့ လိုလာပါသည်။ ဘယ်နေရာမှ မကြည့်ပါနဲ့ဦး တစ်နှစ်တစ်ခါ ဘုရားပွဲတော်ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြီး မြန်မာပြည်အနှံ့အပြားမှ ဘုရားဖူးဧည့်သည်များအပြင် နိုင်ငံတကာမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များပါ တိုးမပေါက်အောင် စည်ကားလှသည့် ရွှေစက်တော်ဘုရားပွဲတော်ပင် ဖြစ်ပါသည်။ ရွှေစက်တော်ရာ အထက်စက်တော်ရာ အတက်စောင်းတန်းများတွင် လူကြီး၊ လူငယ် မရွေး တောင်းရမ်းစားသောက်နေသော လူအများအပြားကို တစ်နှစ်ထက် တစ်နှစ်ပိုမို တိုးတက်များပြားလာတာကို တွေ့ရှိခဲ့ရပါသည်။ နိုင်ငံခြားသားများ အထင်အမြင် သေးစရာအဖြစ် မပြောနဲ့ ကိုယ့်မြန်မာအချင်းချင်းတောင် ခြေ၊ လက် အကောင်း ကိုယ်ခန္ဓာ မချွတ်ယွင်းပဲ အသက်ငယ်ငယ် ပိုက်ဆံတောင်းနေကြသောသူများကို ကြည့်ပြီး စိတ်လည်း ပျက်မိသလို ဘယ်လို အတွေးအခေါ်တွေနဲ့ ဘဝကို ဖြတ်သန်းနေကြသလဲ၊ ဒီလိုလူမျိုးတွေ ဘယ်လောက်တောင် များပြားနေသလဲ လွယ်လွယ်ရ၊ လွယ်လွယ်သုံး၊ အများသူငှါ အလှူဒါနကို ဒီလိုမျိုးနဲ့တော့ အလွဲသုံးစားမလုပ်သင့်ဘူးလို့ မြင်မိပါသည်။ အရင်တုန်းကတော့ ကျိုက်ထီးရိုးသွားတုန်းကပဲ လမ်းပြင်နေသောသူများနဲ့ သက်ကြီးရွယ်အိုများ တောင်းရမ်းတာ မြင်ဖူးခဲ့ပါသည်။ ယခုတော့ ဒီဘုရားပွဲတော်မှာ ဒီလိုမျိုးပုံစံတွေနဲ့ မြင်မိတော့ ဘုရားဖူး ဧည့်သည်များကို စိတ်ကသိကအောင့်ဖြစ်မယ်လို့ ထင်ပါသည်။ နောက်ပြီး ဒီလိုမျိုးကို ဘုရားမှာ တာဝန်ရှိသူများ ထားရှိနေသလားဆိုတာလည်း စဉ်းစားစရာ ဖြစ်လို့နေပါသည်။ စပ်စပ်စုစုမေးကြည့်တော့ ဒီလို တောင်းစားနေ သူများသည်လည်း အခွန်ဆောင်ရသည်လို့ သိရှိရပါသည်။ အလွန်တရာ အံ့ဩပေစွ။
နောက် ရွှေစက်တော် ညနက်ပိုင်း မန်းချောင်းထဲတွင် ရေငုပ် ငါးရှာ၊ ဖားရှာများလည်း တစ်နေ့ကို ၁၅၀ဝ အခွန်ဆောင်ရသည်လို့ သိရှိရပါသည်။ တည်းခိုဆောင်စရိတ်များသည်လည်း ပွဲတော်အတွင်း ဈေးနှုန်းများကို တစ်နေ့ထက် တစ်နေ့ မတူပဲ ဈေးနှုန်းများ မြင့်တက်စွာ ငှားရမ်းနေထိုင်ခဲ့ရပါသည်။ နောက် အညာဒေသ တစ်ဝိုက် လမ်းများတွင်လည်း ရွာတစ်ရွာရောက်တိုင်း အမှန်တကယ် အလှူခံများအပြင် အုပ်စုဖွဲ့ပြီး ဖလားတစ်လုံးနဲ့ လူကြီးမပါ ဘာအတွက် ညာအတွက် မပြောပဲ အလှူခံကြသူများလည်း ရွာတိုင်းနည်းပါး လိုလိုပင် ဖြစ်လို့နေပါသည်။ တချို့အလှူခံ များသည် ဘာအတွက်အလှူခံတာလို့ ပြောဆိုကြသည့်အပြင် အလှူခံမဏ္ဍပ်ရောက်တိုင်း ဒေသအစားအစာများကို ကျွေးမွေးနေကြသည်မှာလည်း အညာဒေသရဲ့ ချစ်စရာဓလေ့တစ်ခုအဖြစ် သိမှတ်ခဲ့ရပါသည်။ အလှူအတန်းအတွက် များများလှူနိုင်အောင်လည်း ဘုရားမှာ လှူပြီး ဘုရားစောင်းတန်းတစ်လျှောက်တွင် အကြွေလဲလှယ်နေကြသူများလည်း နေရာတိုင်းပင် တွေ့ရှိခဲ့ရ ပါသည်။ တစ်ထောင်ကို ကိုးရာမျိုးနဲ့ လဲလှယ်ခဲ့ရပါသည်။ ကျွန်မသည်လည်း လဲလိုက် လှူလိုက်နဲ့ အလှူအတွက် နှံစပ်အောင် အတော်ခရီးရောက်ခဲ့ပါသည်။ ဒီနောက် ပုဂံ- ညောင်ဦးဘက်သို့ ခရီးဆက် ထွက်လာခဲ့သောအခါ အညာဒေသ၏ လူ့ယဉ်ကျေးမှုသည်လည်း သိပ်ပြီး မတွေ့ရှိရသလောက်ပင် ဖြစ်ပါသည်။ သင်္ကြန်ကာလခရီးသွားသောအခါ ရေပက်ခံကားများဖြင့် ထိပ်တိုက် တွေ့ရှိပါသည်။ ရေပက်ခံကားမဟုတ်ပဲ ဘုရားဖူးကားဖြစ်ကြောင်း ရေလောင်းတာ တော်ရုံပဲ လောင်းသင့်ကြောင်း ပြောသောအခါ ဒေသခံ လူငယ်များသည် ရိုက်မယ် နှက်မယ်ပုံစံမျိုးများ အသွင်ကို တွေ့ရှိရသည့်အခါ မြို့ကြီး ပြကြီး ထက်တောင် အလွန်ဆိုးဝါးနေပါသလားလို့ ထင်မိပါသည်။
ရှေးတုန်းကတော့ ဒီလိုဒေသများတွင် အခက်အခဲဖြစ်သူများကို အလွန်တရာ ကူညီတတ်သည့် မြန်မာ့ဓလေ့ စရိုက်များ ဘယ်တွေများ ရောက်ကုန်ကြပါလိမ့်။ ရှေးဘုရင်များလက်ထက်ကတော့ ပုဂံဒေသတွင် ကျွန်ရွာများ ရှိသည်လို့ သိမှတ်ခဲ့ရပေမယ့် တောင်းရမ်းစားသောက်နေသောသူများကို ပုဂံဘုရားများတွင် သိပ်မတွေ့ရှိခဲ့ရပါ။ လမ်းများတွင် ကလေးများ အုပ်စုဖွဲ့ပြီး လာသမျှ ခရီးသွားကားများနောက် ပြေးလိုက်နေသည်မှာလည်း အလွန်တရာ အသက်အန္တရာယ်ကြီးလှပါသည်။ မိဘများက မဟန့်တားပဲ သူတို့ဝမ်းစာ သူတို့ ရှာစားနေကြတာလို့များ တွေးထင်ထားကြသလားဆိုတာ မသိနိုင်ပေ။ ဒီလို ခရီးသွားရာသီမျိုးမှာ နိုင်ငံတစ်ကာက မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာများကို လာရောက်လှည့်ပတ်တဲ့အခါ နိုင်ငံရဲ့ ကျက်သရေ ယုတ်လျော့စေတဲ့ အပြုအမူများကို အမြန်ပြောင်းလဲသင့်နေပြီဆိုတဲ့အကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံနဲ့အဝှမ်း တစ်ပြေးညီ ပြောင်းလဲသင့်ပြီ ဖြစ်ကြောင်း မြင်တွေ့သိမှတ်ခဲ့သမျှကို ရေးသားတင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

မနောဖြူလေး
၇.၅.၂၀၁၃

11 comments

  • ဂျီးဒေါ် အော် မနေနဲ့ …
    ကော်မတီ ဖွဲ့ပလိုက် ..
    ဘာညာ ပြောင်းလဲရေး ကော်မတီ ဆိုပီးဒေါ့ပေါ့ … :mrgreen:

  • သူကြီး

    May 13, 2013 at 12:18 pm

    ရေးထားတာတွေအကုန်လုံး နီးပါးကို သဘောကျမိတယ် စာရေးသူလည်း ဒီလိုရေးနေရုံဖြင့်
    ကျုပ်တို့ စာရှု့သူတွေလည်း ဖတ်ရှု့အားပေး ဝေဖန်လေကန် နေရုံဖြင့်တော့ ဘာမှထူးလာမှာ
    မဟုက်ပေဘူး စွမ်းသလောက် ကိုယ်လုပ်နိုင်တာကို လုပ်ကြရပေမယ်
    ဆိတ်ပါ့များ အနာဖြစ် ။ သွားပါ့များ ခရီးရောက် ဆိုသလို
    တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ ဆိုသလို
    (ပုဂံကတော့မရွေ့ဘူး ရောက်လဲရောက်ရော ပျောက်လဲပျောက်ရော)

    • ခင်ခ

      May 13, 2013 at 1:18 pm

      အဲ ဘယ်တုန်းက ရွှေးချယ်တင်မြောက်ခံရတဲ့ သူကြီး ပါလဲ၊ သိချင်စမ်းပါဘိ။
      အခုခေတ်ကလည်း ပုံစံတူရိုက်ချက်တွေက များပေတော့လေ။

  • TNA

    May 13, 2013 at 12:51 pm

    ဟိုနေ့က ပြောနေကြတဲ့ဟာသလေးသွားသတိယမိတယ်။ ဆင်းရဲသားများပပျောက်ရေး စီမံချက်တဲ့။ အဲဒါကဘာလဲဆိုတော့ ဆင်းရဲသားတွေကို သူတို့လုပ်ချင်တဲ့အလုပ် ဥပမာဆိုက်ကားနင်းတဲ့သူကို ဆိုက်ကား ထောင်ပေးတာ။ ဈေးရောင်းချင်တဲ့သူကို ဈေးရင်းထုပ်ပေးတာ အစရှိသဖြင့်လုပ်ပေးတယ်တဲ့။ တလချင်းဘယ်လောက်ပြန်ဆပ် အတိုးမပါပေါ့။ အရင်းပဲဆပ် အတိုးမယူဘူးပေါ့။ နောက်နှစ်လလောက် ကျအရင်းလဲမလာ လူလဲပျောက်ကောတဲ့။ ထွက်ပြေးသွားလို့။ အဲတော့ ဆင်းရဲသားတွေပပျောက်ကုန်ရေ တဲ့။ အခုခေတ်ကလဲ စာနာစိတ်ထားတိုင်းလဲ ပြန်မရနိုင်တော့တဲ့ခေတ်ဆိုတာ ကိုယ်တွေ့မို့ ဘယ်လိုပြောရ မယ် တောင်မသိတော့ပါဘူး။ သနားမိလိုက်ရင် ခံလိုက်ရတာချည်းမို့ စာနာစိတ် သနားစိတ်လဲ အော်တိုမစ် တစ်ပျောက်သွားပါကြောင်းလေးကိုဖြင့်။

  • kyeemite

    May 13, 2013 at 4:00 pm

    မပြောင်းလဲသေး
    ဗလောင်းဗလဲမမေး
    မကောင်းလည်းရေး
    ကျောင်းလည်းမပြေး
    အဟောင်းလည်းမဆွေး
    အကောင်းပဲတွေး။ :kwi:

  • နေဝန်းနီ

    May 13, 2013 at 7:05 pm

    ပြောင်းလဲနေပြီလို့ ဘယ်သူကပြောလို့လဲ ဂျီဒေါ်ရယ်…..။ စကားတွေနဲ့ အသံတွေသာ ပြောင်းလဲမယ်လို့ ထွက်လာသေးတာပဲရှိသေးတယ်…..။ စိတ်ဓါတ်တွေနဲ့ လုပ်ရပ်တွေက အရင်အတိုင်း ….။ တစ်ချို့နေရာတွေမှာ အရင်ကထက်တောင် သာဆိုးနေလို့………. စိတ်ညစ်စရာာာာာာာာာ :kwi:

  • ရွာစားကျော် မင်းနန္ဓာ

    May 13, 2013 at 10:47 pm

    ဟွင်.. ပြောင်းတော့ပြောင်းသွားတယ်လေ..
    လွှတ်တော်မှာ ခေါင်သူကြီးလုပ်နေတဲ့ ဥလေးကြီးပြောသွားတာ..
    ပြည်သူသာ အမိ.. ပြည်သူသာ အဖ တဲ့..(သူတို့ပဲ ဟိုတုန်းက ပြောတတ်တာ.. တပ်မတော်သာ အမိ တပ်မတော်သာ အဖလို့)
    အဲဒါ ပြောင်းတာ ဟုတ်ဝူးလား.. ❓
    :harr:

  • S@i S@i Fin K@i

    May 14, 2013 at 7:07 am

    လမ်းများတွင် ကလေးများ အုပ်စုဖွဲ့ပြီး လာသမျှ ခရီးသွားကားများနောက် ပြေးလိုက်နေသည်မှာလည်း အလွန်တရာ အသက်အန္တရာယ်ကြီးလှပါသည်။

    ဒါဘာဟုတ်သေးတုန်း ..မစီးရတဲ့မီးရထား ..ခဲနဲ့ပါ ထုလွှတ်တာ…

  • ဦးကြောင်ကြီး

    May 15, 2013 at 10:41 am

    ပြောင်းလဲအောင်
    ဟောင်းဆွဲဖြောင်
    ဂေါင်းထဲချောင်
    တောင်းမြဲဆောင်…

  • Shwe Ei

    May 15, 2013 at 5:00 pm

    အွမ်းးး ခလေးတေ လမ်းပေါ်ရှောက်ပြေးတာ အိမ်က လူကြီးတွေ လွှတ်ထားလို့ပေ့ါဗျာ။

    ဘာပုလို့ အိုက်ဂလို ရှောက်ပြေးနေရလဲ ဆိုတာလေးဘာ အင်တာဗျူးခဲ့ဖို့ ကောင်းတာ :kwi:

    • manawphyulay

      September 20, 2013 at 9:25 am

      နောက်တစ်ခါသွားရင် အင်တာဗျူးခဲ့ပါမယ်။ အချိန်မရလို့ မဗျူးခဲ့မိတာပါ။ ထန်းတောက ထန်းပင်တဲ့သူတော့ ဗျူးလာခဲ့တယ် အဟိ

Leave a Reply