မျှော်လင့်ခြင်းများစွာဖြင့်

etoneJuly 28, 20106min861

မျှော်လင့်ခြင်းများစွာဖြင့်

အပိုင်း(၁)

ကိုရင်မောင် အလုပ်ကိုသာ လာရတယ်… စိတ်က မဖြောင့်…

အိမ်မှာ သားတော်မောင်က နေမကောင်းဖြစ်နေတယ်… ဒီနေ ့ ကျောင်းမတက်နိုင်…

ဒီကောင်က လေးတန်း… အိမ်နားနီးတဲ့ မူလတန်းကျောင်းမှာပဲ ထားတယ်…

သူများမိဘတွေလို ကျောင်းလိုက်မပို ့နိုင်…

သားတော်မောင်ကို ကိုယ့်အားကိုယ်ကိုး ကျောင်းသွားခိုင်းရတယ်…

ဒီကောင်ကလဲ မိဘတွေအပေါ် အလိုက်သိတယ်…

မနေ ့က ကျောင်းက အပြန် မိုးမိပြီး ဒီနေ ့ဖျားတော့ ကျောင်းမတက်နိုင်တာ…

ကျနော့်အလုပ်ကလဲ ခွင့်တင်ထားတာ မဟုတ်တော့ မသွားလို ့မရ…

ကျနော်က အစိုးရအလုပ်ရုံတစ်ခုက လုံခြုံရေးတာဝန်ခံလေ…

စကားလှအောင် ပြောတာပါဗျာ… အပေါက်စောင့်ဆိုပါတော့…

ကိုယ့်အလုပ်ရုံက မဟုတ်တဲ့ကားတွေကို စစ်ဆေးမေးမြန်း လက်မှတ်ထိုးခိုင်းပြီးမှ တံခါးဖွင့်ပေးရတာလေ…

ဝင်တဲ့ကား ပြန်ထွက်တော့လဲ ပြန်ထွက်ချိန်ကို မှတ်ထားပြီး တံခါးဖွင့်ပေးရတာ…

အလုပ်က အဆိုင်းနဲ ့ဆင်းရတာ… မနက် ၆-နာရီကနေ နေ ့လည် ၂-နာရီက တစ်ဆိုင်း၊ နေ ့လည် ၂-နာရီကနေ ည ၁၀-နာရီက တစ်ဆိုင်း၊ ည ၁၀-နာရီကနေ မနက် ၆-နာရီက တစ်ဆိုင်း အဆိုင်း
၃-ဆိုင်း ခွဲပြီး အလုပ်ဝင်ရတာ…

ဒီနေ ့ အလုပ်က မနက် ၆-နာရီ ဝင်ရမှာလေ… ပင်ပန်းပြီး အိပ်ပျော်နေတဲ့ မိန်းမကို မနှိုးတော့…

မိန်းမက အထည်ချုပ်အလုပ်ရုံမှာ အပ်ချုပ်စက် အလုပ်သမ…

သူက အချိန်ပိုလုပ်ရင် လုပ်သလောက်ရတော့ အလုပ်လောဘကြီးပြီး မနေ ့က ည ၇-နာရီမှ အိမ်ပြန်ရောက်လာတယ်…

သားတော်မောင် ကိုယ်ပူကြီးတော့ ရေခဲသွားဝယ်ပြီး အပူကျအောင် လုပ်ပေးနေတာနဲ ့ ည ၁၁-နာရီမှ အိပ်သွားရတယ်… သူ ့အလုပ်က မနက် ၉-နာရီမှ သွားရမှာ…

ကျနော်လဲ မနက် ၄-နာရီခွဲထ၊ မနေ ့က ကျန်တဲ့ ထမင်းလေးကျော်… သူတို ့နှစ်ယောက်အတွက် ချန်ပြီး အလုပ်ကို အပြေးလာခဲ့ရတာ… ညဆိုင်းဝင်တဲ့သူနဲ ့ တာဝန်လွှဲပြောင်းရတာလေ…

တာဝန်လွှဲပြောင်းပြီးတာနဲ ့ အလုပ်ရုံကို တစ်ပတ် လှည့်ပတ်ပြီး စစ်ဆေးရတယ်…

စစ်ပြီးတာနဲ ့ တံခါးဂိတ်ကို ပြန်လာပြီး အစီရင်ခံစာမှာ လိုအပ်တာတွေ ဖြည့်ရတယ်…

ထွက်လာခါနီး သားတော်မောင်ကို ကိုယ်ပူစမ်းခဲ့တာ နွေးနွေးလေး ကျန်သေးတယ်…

အလုပ်က အပြန်တော့ လမ်းထိပ်က ကုလားမဆိုင်မှာ ဆေးဝင်ဝယ်ရမယ်…

ကုလားမက အတော်အားကိုးရတယ်… ဘာဖြစ်နေတာလဲ သာ ပြောလိုက်… ဆေးကို တစ်နေ ့ ဘယ်နှစ်ကြိမ်သောက်ဆိုပြီး ဆေးတွေ နှစ်မျိုး၊ သုံးမျိုး ပေးလိုက်တာပဲ…

သူပြောတဲ့အတိုင်း သောက်ပြီးပျောက်တော့လဲ ဆေးခန်းသွားစရာ မလိုတော့ဘူးလေ…

အလုပ်က လုပ်နေရတယ်… တစ်ယောက်ထဲ အိမ်မှာကျန်ခဲ့မဲ့ သားကို စိတ်က ရောက်နေတယ်…

အရာရှိကားဝင်လာတာကို အတွေးထဲစိတ်ရောက်နေလို ့ မသိလိုက်…

ဟွန်းတီးသံကြားမှ ပြေးဖွင့်ရတယ်…

၂-နာရီမထိုးခင်လေး တာဝန်လွှဲမဲ့သူရောက်လာလို ့ တော်သေးတယ်…

အပြန် ကုလားမဆိုင်မှာ ဆေးဝင်ဝယ်ပြီး အိမ်ကို အပြေးသုတ်ခြေတင်ရတယ်…

အိမ်ရှေ့ကပြင်မှာ ညှိုးငယ်တဲ့ မျက်နှာနဲ ့ထိုင်နေတဲ့ သားတော်မောင်ကို မြင်တော့ စိတ်မကောင်းဖြစ်မိတယ်…

သားနေမကောင်းတာတောင်မှ အနားမှာနေမပေးနိုင်…

အဖေကိုမြင်တော့ ပြေးဆင်းကြိုတယ်…

ကိုယ်ပူက မကျသေးဘူး…

ရေနွေးတည်၊ ဆန်ရေဆေးပြီး ဆန်ပြုတ်လေး ပြုတ်လိုက်တယ်…

ဒီနေ ့တော့ သားတော်မောင်နဲ ့ အတူတူ ဆန်ပြုတ်လေးပဲ သောက်လိုက်တော့မယ်…

အိမ်နောက်ဖက်က မိုးတွင်းကြောင့် အိုင်ဖြစ်နေတော့ ကန်စွန်းရိုးပစ်ထားလိုက်တာ ကန်စွန်းခင်းလေး ဖြစ်သွားတယ်လေ…

ကန်စွန်းရွက်လေး ဆင်းခူးပြီး ကြက်သွန်ဖြူလေး ဓါးပြားလေးရိုက်၊ ဆီနဲနဲလေးနဲ ့ ကျော်လိုက်တယ်…

သားတော်မောင်ကို ဆန်ပြုတ်တိုက်ပြီး ဆေးသောက်ခိုင်းရတယ်…

ကျနော်လဲ အိမ်သုံးရေအတွက် တုံကင်နဲ ့ရေတင်ပြီး စည်ပိုင်းထဲ ရေအပြည့်ဖြည့်ထားလိုက်တယ်…

ပြီးတာနဲ ့ မနေ ့က ခြံထဲက မြက်ရှင်းဖို ့ခေါ်ထားတဲ့ နှစ်လမ်းကျော်က သင်္ဘောသားအိမ်ကို ထွက်လာခဲ့တယ်…

ခြံရှင်းပေးတဲ့အလုပ်ကလဲ အသင့်အတင့် ဝင်ငွေတော့ ရတာပဲလေ…

အိမ်ပြန်လာတော့ မိန်းမက ပြန်မရောက်သေး… ဒီနေ ့လဲ မိုးချုပ်အုန်းမယ်ထင်တယ်…

သားတော်မောင်က စာကျက်နေတယ်… ကိုယ်ပူစမ်းကြည့်တော့ အဖျားမရှိတော့ဘူး…

ကျနော်လဲ စိတ်အေးသွားတယ်… ကုလားမဆိုင်က အတော်အားကိုးရတာပဲ…

ရေချိုး၊ ဆန်ပြုတ်ကို ကန်စွန်းရွက်ကျော်ထည့်မွှေစားလိုက်တယ်…

ဗိုက်လေးတင်းလာတော့ ပင်ပန်းလာတာနဲ ့ အိပ်ရာပေါ်လှဲလိုက်တာနဲ ့ အိပ်ပျော်သွားတယ်…

အိပ်မက်ထဲမှာတော့ သားတော်မောင်က ပညာတတ်ကြီး၊ အိမ်ကြီးနဲ ့၊ ကားကြီးနဲ ့ ကျနော်တို ့ ဇနီးမောင်နှံကို ပြုစုပေးနေလေရဲ့….

…………………………………………………………………………………………………………..

အပိုင်း(၂)

ကျုပ်က အထည်ချုပ်စက်ရုံက အလုပ်သမလေ… နံမည်က အေးမိတဲ့…

အရင်က အမေနဲ ့ နှစ်ယောက် အတူနေတာလေ…ကျုပ်ရှာတဲ့ ဝင်ငွေက ကျုပ်တို ့သားအမိနှစ်ယောက် ကောင်းကောင်းလုံလောက်ပါတယ်…

ကျုပ်က နံမည်ကြီးအပ်ချုပ်ဆိုင်မှာ လက်ချုပ်လိုက်ရင်းနဲ ့ စက်ချုပ်လေးပါ တတ်လာခဲ့တယ်…

ဒီပညာလေးက ကျုပ်တို ့နိုင်ငံမှာ နိုင်ငံခြားကနေ လာရင်းနှီးတဲ့ အထည်ချုပ်စက်ရုံလေးမှာ စက်ချုပ်အလုပ်သမတွေ ခေါ်တော့ ကျုပ်အလုပ်ရခဲ့တာပဲ…

ကျုပ်တို ့က ပုံမှန်ဝင်ငွေအပြင် ကိုယ်လုပ်နိုင်သလောက် အချိန်ပိုလုပ်ရင် လုပ်သလောက်ရတာလေ…

ကျုပ်က အလုပ်လောဘကြီးတယ်လေ… ဒီတော့ အိမ်အပြန်မိုးချုပ်တယ်…

ဒီမှာတင် ကိုရင်မောင်နဲ ့တွေ ့ဖို ့ဖန်လာတာပဲ… သူက အလုပ်ရုံတစ်ခုက ညစောင့်…

တစ်ရက် ကျုပ် အိမ်အပြန် မိုးချုပ်တော့ အိမ်ကို သုတ်ခြေတင်လမ်းလျှောက်နေတုန်း အရက်မူးသမားနှစ်ယောက် လာပြီး ရိသဲ့သဲ့စကားတွေပြော နှောင့်ယှက်တာ ခံရတာလေ…

ကျုပ်လဲ ဘာလုပ်ရမှန်းမသိတုန်း ကိုရင်မောင် ရောက်လာတယ်…

ကျုပ်ကို ဘာလို ့နောက်ကျတာလဲ ဆိုပြီး လက်လာဆွဲခေါ်တော့ အရက်မူးသမား နှစ်ယောက်လဲ လစ်သွားတယ်… ကိုရင်မောင် က ဗလတောင့်တော့ ကြောက်သွားတာလဲ ပါမှာ…

သူက အဲဒီနေ ့က ညဆိုင်းဆင်းပြီး ပြန်လာတာ…

နောက်တော့ သူနဲ ့ မကြာခဏတွေ ့ရင်း ကြိုက်သွားကြတာ…

အမေကို သူလာပြီး ကျုပ်ကိုတောင်းတယ်…

တစ်ကောင်ကြွက်ဖြစ်တဲ့ ရိုးသားတဲ့ ကိုရင်မောင်ကို အမေကလဲ သဘောကျတယ်…

ကျုပ်တို ့သားအမိအတွက် အားကိုးရမယ်လို ့ အမေက တစ်ထစ်ချ ယုံကြည်တာလဲ ပါမှာ…

အမေက သဘောတူတော့ အနောက် ၇-အိမ်၊ အရှေ့ ၇-အိမ် ဖိတ်ပြီး ကျုပ် လက်ထပ်လိုက်တယ်…

ကိုရင်မောင်က ကျုပ်တို ့အိမ် ရောက်လာတယ်…

အမေ အားကိုးရတဲ့ သား တစ်ယောက် ရောက်လာတယ်လို ့ အမေက ပြောတယ်…

သူနဲ ့လက်ထပ်ပြီး ကျုပ်တို ့ နှစ်ယောက် ငွေစုတယ်… ကလေးမရအောင် နေတယ်…

အမေက ကျုပ်ကို စိတ်ချသွားလို ့လား မသိဘူး… လက်ထပ်ပြီး တစ်နှစ်ခွဲမှာ ကျုပ်တို ့ကို ခွဲသွားတယ်…

အမေ မရှိတော့ ကျုပ်တို ့ နှစ်ယောက် မနေတတ်ဘူး…

ဒါနဲ ့ ကျုပ် ကိုရင်မောင်နဲ ့တိုင်ပင်ပြီး ကလေးယူဖို ့ ဆုံးဖြတ်လိုက်တယ်…

ကျုပ် ကိုယ်ဝန်ရတော့ ကိုရင်မောင် ထခုန်တာ ခုထိ မှတ်မိသေးတယ်တော်…

သူ အလုပ်ကို အဆိုင်း နှစ်ဆိုင်းဆက်ဆင်းပြီး ငွေစုတယ်…ခြံရှင်း၊ မြက်ခုတ် လိုက်လုပ်တယ်…

ကျုပ်လဲ ကလေးမွေးခါနီးမှ ခွင့်ယူတယ်… ကျုပ် ညှပ်ရိုးကျဉ်းလို ့ ကလေးကို ခွဲမွေးလိုက်ရတယ်လေ…

ကျုပ်သားကို အင်းစိန်ဆေးရုံမှာပဲ ခွဲမွေးလိုက်တာ… တစ်ပြားမှ မကုန်ပါဘူး…

ကျုပ်သား မွေးတော့ သူနာပြုတွေက အကုန်ချစ်ကြတယ်…

သားက ငယ်ငယ်လေးထဲက ချစ်မွှေးပါလို ့ထင်ပါရဲ့… အသားက ဖွေးဖွေးလေး…

မွေးကတည်းက မျက်စိပွင့်ပြီး လျှောက်လိုက်ကြည့်နေတာလေ…

သူ ့ကို မြူရင် ရီတတ်တာလေ…

ကိုရင်မောင်က ကျုပ်ခွဲမွေးတာ အကျက်မြန်အောင်လို ့ ကြက်သားပြုတ်ရည်လုပ်ပြီး မနက်တစ်ခါ၊ ညတစ်ခါ ထမင်းလာပို ့တာချွေးတရွှဲရွှဲနဲ ့ မမောနိုင်၊ မပန်းနိုင်နဲ ့…

သူလာရင် သူနာပြုတွေကလဲ လာစကြတာလေ…

ကျုပ်ဆေးရုံမှာ တစ်ပတ်နေလိုက်ရတယ်…

ကျုပ် ခွင့် သုံးလယူပြီး ကလေးကို ပြုစုတယ်…

ကံကောင်းချင်တော့ ကျုပ်တို ့အထည်ချုပ်စက်ရုံမှာ ကလေးထိန်းဌာနဖွင့်ထားတော့ ကျုပ် အလုပ်ပြန်ဆင်းရတာ အဆင်ပြေသွားတယ်…

ဒီလိုနဲ ့ ကျုပ်သား ဒီအရွယ်ထိ ရောက်လာတာ…

ကျုပ် ယောကျင်္ားရ ကံကောင်းပါတယ်…

အိမ်အလုပ်တွေ မှန်သမျှ ကျုပ်လုပ်စရာမလိုဘူး…

ကျုပ်နဲ ့သား စားဖို ့ကအစ အားလုံးအဆင်သင့်ဖြစ်နေတတ်တာလေ…

သူ ဘယ်လိုချက်ကျွေးကျွေး ကျုပ်နဲ ့သားက ဂျီးမများတတ်ဘူး… စားတာပဲ…

ဒီနေ ့ ကျုပ်အိမ်ပြန်လာတော့ သားတော်မောင်က စာကျက်လို ့… ကိုယ်ပူမရှိတော့ဘူး…

ကျုပ်စိတ်အေးသွားတယ်…

ကိုရင်မောင်ကတော့ အိပ်မက်မက်ပြီး အိပ်နေတယ်ထင်ပါ့… မျက်နှာက ပြုံးပြီး အိပ်နေလေရဲ့…

ကျုပ်လဲ သူပြုတ်ထားတဲ့ ဆန်ပြုတ်လေး ပြန်နွှေးပြီး ကန်စွန်းရွက်ကျော်လေး ထည့်မွှေစားလိုက်တယ်…

သား မအိပ်သေးဘူးလားဆိုတော့ သားနေ ့လည်က အိပ်ထားလို ့ မအိပ်သေးဘူးဆိုတာနဲ ့ ကျုပ်လဲ ခြေထောက်၊ လက်ထောက်လေး ဆေးပြီး ကိုရင်မောင်ရင်ခွင်ထဲ တိုးဝင်အိပ်လိုက်တာ ချက်ခြင်းပဲ
အိပ်ပျော်သွားတယ်…

ကျုပ်အိပ်မက်ထဲမှာတော့ ကျုပ်သားက အင်ဂျင်နီယာကြီး ဖြစ်နေတာတော့…

…………………………………………………………………………………………………………..

အပိုင်း(၃)

သားနံမည်က ငြိမ်းချမ်းအေးပါ… သားနံမည်ကို အဖေနဲ ့အမေ တိုင်ပင်ပြီး ပေးထားတာတဲ့…

သူတို ့ဘဝအတွက် သူတို ့ပင်ပန်းလာတာတွေဟာ သားမျက်နှာမြင်လိုက်တာနဲ ့ ငြိမ်းချမ်းသွားလို ့ ပေးထားတာတဲ့… အေး ဆိုတာက အမေ့နံမည် ဒေါ်အေးမိက အေးကို ယူထားတာတဲ့…

သားက ကံကောင်းပါတယ်… အဖေနဲ ့အမေ သားဖြစ်ရတာ…

သားကို အရမ်းချစ်ကြတာ… သူတို ့မေတ္တာရလို ့လား မသိဘူး…

သားကလဲ အဖေနဲ ့အမေကို ချစ်တယ်…

သားတို ့အိမ်နားက မူလတန်းကျောင်းမှာ ကျောင်းစတက်တော့ အဖေရော၊ အမေပါ လိုက်ပို ့တယ်…

နောက်တော့ အဖေနဲ ့အမေ တစ်လှည့်စီ အားတဲ့သူက လိုက်ပို ့၊ လိုက်ကြိုလုပ်တယ်…

နောက်ပိုင်း နှစ်ယောက်လုံးမအားရင် သားဖာသာပဲ သွားတယ်၊ ပြန်တယ်…

အဖေက သားကို ကိုယ့်အားကိုယ်ကိုးတတ်ဖို ့ ပြောတယ်…

သူများမိဘတွေလို ပုံမှန် အကြိုအပို ့ မလုပ်ပေးနိုင်တာကို ရှင်းပြတယ်…

သားကို ပညာတတ်တစ်ယောက်ဖြစ်စေချင်တာကို ပြောပြတယ်…

အဖေနဲ ့အမေ ပင်ပင်ပန်းပန်းရှာနေရတာ ပညာမတတ်ခဲ့လို ့ဆိုတာ သားကိုရှင်းပြတယ်…

သား နားလည်ပါတယ်… အတန်းထဲမှာလဲ သား စာကြိုးစားပါတယ်…

အတန်းထဲမှာ သားက အဆင့် ၁-ကနေ ၃ အတွင်း ဝင်ပါတယ်…

မနေ ့က သားကျောင်းအပြန် မိုးမိသွားတာ…ကျောင်းကအပြန် လမ်းလျှောက်နေတုန်း ရုတ်တရက် မိုးရွာချတာ… ထီးက သံချေးနဲ ့ကြပ်ပြီး ဖွင့်မရဘူးဖြစ်သွားတာ…

ကျနော်ဖျားမှ အဖေနဲ ့အမေ မေတ္တာကို ပိုခံစားလာရတယ်…

ကျနော် ကိုယ်ပူကြီးတော့ အမေက အလုပ်ကပြန်လာပြီး ရေခဲဝတ်ကို နဖူးပေါ်တင်လိုက်၊ ရေခဲရေစိမ် ရေညှစ်ပြီး ပြန်တင်လိုက်နဲ ့ ည ၁၁-နာရီမှ အိပ်သွားတယ်…

အဖေ မနက် ၄-နာရီခွဲ ထတဲ့အသံကြားတယ်…

ထမင်းကျော်နေသံကြားတယ်… နောက် ကျနော့်ကို ကိုယ်ပူလာစမ်းပြီး အလုပ်ကိုထွက်သွားတယ်…

မနက် ၇-နာရီ အမေနိုးတော့ လမ်းထိပ်လ္ဘက်ရည်ဆိုင်မှာ ပေါင်မုန် ့ထောပတ်သုတ်နဲ ့ လ္ဘက်ရည် သွားဝယ်တယ်…သားအတွက် ထားခဲ့တယ် ဆိုတာ ပြောတယ်…

အမေလဲ အဖေကျော်ပေးထားတဲ့ ထမင်းကျော်စားပြီး အလုပ်ထွက်သွားတယ်…

သား ဒီနေ ့ကျောင်းမတက်ရတော့ ပျင်းလိုက်တာ…

နေ ့လည် အဖေပြန်လာမှ ပျော်သွားတယ်…

သားကို ဆန်ပြုတ်တိုက်၊ ဆေးတိုက်ပြီး ထွက်သွားပြန်ရော… သားချွေးတွေထွက်လာတာ…

ချွေးသုတ်၊ အဝတ်လဲ လုပ်လိုက်တယ်… ကိုယ်ပူမရှိတော့ဘူး…

ဗိုက်ကပြန်ဆာလာတာနဲ ့ ဆန်ပြုတ်ထည့်သောက်လိုက်တယ်… စာကျက်နေလိုက်တယ်…

အဖေပြန်လာတော့ မိုးချုပ်နေပြီ… အဖေက သားကို ကိုယ်ပူစမ်းပြီး ပျော်သွားတယ်…

အဖေလဲ ရေချိုး၊ ဆန်ပြုတ်သောက်ပြီးတာနဲ ့ အိပ်ပျော်သွားတယ်…

အမေပြန်လာတော့ ည ၈-နာရီထိုးနေပြီ… သားကို ကိုယ်ပူလာစမ်းပြီး စိတ်အေးသွားတယ်…

အဖေချက်ထားတဲ့ ဆန်ပြုတ်ကို ပြန်နွှေးစားတယ်… သားလဲ ထပ်စားလိုက်တယ်…

နောက် အမေလဲ ခြေ၊ လက်ဆေးပြီး အိပ်ခန်းထဲ ဝင်သွားတယ်…

သားလဲ စာခဏကျက်ပြီးတော့ အိပ်ရာဝင်တော့ အမေက အဖေရင်ခွင်ထဲ အိပ်ပျော်နေတာ တွေ ့တယ်…

သား ပြုံးမိလိုက်သေးတယ်…

သားတို ့ဘဝက သူများတွေလို လူမချမ်းသာပေမဲ့ စိတ်ချမ်းသာပါတယ်…

အဖေနဲ ့အမေ ဖြစ်စေချင်တဲ့ ပညာတတ်တစ်ယောက်ဖြစ်အောင် သားကြိုးစားမှာပါ…

မနက်ဖြန်တော့ သားကျောင်းသွားရမယ်… သားအိပ်မှဖြစ်မယ်…

သားလဲ အမေ့နောက်ကနေ အမေ့ကိုဖက်ပြီး အိပ်လိုက်တာ အိပ်ပျော်သွားရော…

သားကတော့ အိပ်မက်မမက်ပါဘူး…

အဖေနဲ ့အမေဖြစ်စေချင်တာကိုပဲ လက်တွေ ့အကောင်အထည်ဖော်ပြမှာ…

written by ko zaw

One comment

  • Thiri

    July 29, 2010 at 11:21 am

    အရမ်းကောင်းတဲ့ Post တစ်ပုဒ်ပါ၊ ငွေမရှိပေမဲ့ စိတ်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘဝကို ဖတ်လိုက်ရတဲ့အတွက် အရမ်းအားကျမိပါတယ် .. မိသားစုအားလုံး အဲဒီလိုမျိုး ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင် ကြပါစေ ..

Leave a Reply