မန်းလေးဂေဇက် အလှူတော် ခရီး မှတ်တမ်းးးးး(၂)
အနာဂတ်၏ သားကောင်းရတနာလေးများးးးးးးး
အနာဂတ်၏ သားကောင်းရတနာလေးများနှင့် ကျနော်တို့ အဖွဲ့လေး အမှတ်တရ….
ကျနော်တို့ အဖွဲ့လေး ကျောင်းလေး၏ စာသင်လေးရှေ့မှာ အမှတ်တရ…..
ရွာလေးထဲမှာ တစ်အိမ်တက်ဆင်း ဂျာနယ်စာစောင်များကို လိုက်လံဝေငှကြစဉ်….
ဆရာတော်နှင့် ကျနော်တို့ အဖွဲ့ဝင်များ စကားစမြည်…..
ဆရာတော်အား ဂျာနယ်နှင့် ဓမ္မစာစောင်လေးများ ဆက်ကပ်လှူဒါန်းစဉ်…..
ခရီးစဉ်ကို စထွက်တော့ နံနက်ရှစ်နာရီခွဲနေပါပြီ … ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မော်လူးထဲမှာ ဆိုင်ကယ် ဦးထုပ်မပါတဲ့လူတွေကို ယာဥင်္ထိန်းရဲက ဖမ်းနေပါတယ်…
ဒီအကြောင်းလေးကိုလည်း ရေးချင်သားဗျ….အဟဲ…. နောက်များမှပေါ့နော့..
သုံးဘီးဆရာက ဦးထုပ်မပါလို့ ကွင်းလမ်း ရှောင်လမ်းကနေပတ်ပြီးမောင်းခဲ့ပါတယ်…..အဖွဲ့ဝင်တွေက မော်လူး၊ အုန်းဒုတ်၊ စီးမော်၊ ညောင်ပင်သာ၊ စီပိန်းစတဲ့ ရွာလေးတွေကဖြစ်ပြီး ဖားပန်ရွာကို သွားတဲ့လမ်းနဲ့
တဆက်တည်းမို့ တစ်ရွာပြီးတစ်ရွာ ဝိုင်းတော်သားလေးတွေက အားဖြည့်လာကြတာမို့ အင်အား(၂၀)ယောက်လောက် ရှိသွားပါတယ်….ရက်ကြိုပြီး ချိန်းထားတာမို့ လိုက်ပါလာကြတာပါ… တစ်ချို့တွေက
လိုက်ချင်ပေမယ့် အလုပ်မအားကြတာမို့ မလိုက်နိုင်ကြောင်း နောက်တစ်ခေါက်မှ လိုက်ပါမည်ဖြစ်ကြောင်းတွေကို အမှာတော်ပါးနေကြပါသေးတယ်… လူငယ်လေးတွေကို သုံးဘီးဆိုင်ကယ်နဲ့ လိုက်ခိုင်းပြီး
ကျန်လူတွေကတော့ ဆိုင်ကယ်ကိုယ်စီနဲ့ ခရီးစကြတာပေါ့….
ကျနော်တို့ ဖားပန်ကျေးရွာရောက်တော့ ကိုးနာရီကျော်နေပါပြီ… ရွာအဝင် မော်တော်ကားလမ်းဘေးမှာရှိတဲ့ ကျောင်းလေးကို ကျော်ပြီး ကျနော် ရွာထဲကိုသွား ရပ်မိရပ်ဖတွေကို စာရေးကိရိယာ လာလှူဒါန်းတဲ့
အကြောင်းပြောပြီး စာသင်ကျောင်းလေးဆီကို လာရောက်ပေးကြဖို့ ရပ်မိရပ်ဖတွေကို အသိပေးရပါတယ်… ဒီရွာ ဒီကျောင်းလေးကို ကျနော် ၂၀၁၁/၂၀၁၂ ပညာသင်နှစ်ကနေစပြီး စာရေးကိရိယာလာလှူဒါန်းနေတာမို့
ရွာခံတွေနဲ့လည်း ခင်မင်နေပါပြီ…
ရပ်မိရပ်ဖတွေကို အသိပေးပြီး စာသင်ကျောင်းလေးကိုပြန်လှည့်လာတော့ ကျောင်းအဝင်ဝက ဆိုင်းဘုတ်လေးက သစ်လွင်တောက်ပနေတာမို့ စိတ်ဝင်စားသွားပြီး ဖတ်ကြည့်တော့ ပညာရေးဝန်ကြီးငှာန၊
အမှတ်(၂)အခြေခံပညာဦးစီးငှာန၊ အခြေခံပညာမူလတန်းကျောင်း၊ ဖားပန်ကျေးရွာ၊ အင်းတော်မြို့နယ်ဆိုပြီးတွေ့ရပါတယ်… ဟုတ်ပါသည်။ အရင်အခေါက်တွေကတော့ ကိုယ်အားကိုယ်ကိုးမူလတန်းကျောင်း
အဆင့်သာရှိခဲ့သည့် ကျောင်းကလေးဟာ အခုအချိန်မှာတော့ နိုင်ငံတော်က အသိအမှတ်ပြုသော အခြေခံပညာ မူလတန်းကျောင်းလေး ဖြစ်ခဲ့ပါပြီ…။ ကျနော့်ရင်ထဲမှာ ဝမ်းသာစိတ်လေး လှုပ်လှုပ်ရွရွ ဖြစ်လာသလို
တစ်ဖက်မှလည်း “ဪ…. တော်လိုက်ကြတဲ့ လူတွေ….”ဟုတွေးရင်း ပြုံးလိုက်မိသည်..။ ဟိုးးးအရင်နှစ်တွေက သက်ကယ်မိုး ထရံကာထားသည့် ကျောင်းကလေးကို အကောင်းကြီးတဲ့ လူကြီးတွေ
ခရီးစဉ်မှာ မော်တော်ကားပေါ်က လှမ်းမြင်ရင် အမြင်မတော်လို့ ကျောင်းကို ဖျက်ရမယ်လို့ပြောလိုပြော.. ကျောင်းလေးကို သက်ကယ်မိုး ထရံကာနဲ့ မဖြစ်စေချင်ဘူး သွပ်မိုးနဲ့ အုတ်ကာမှသာ ကျောင်းလေးကို
ဆက်ဖွင့်ခွင့်ပြုမယ်ဆိုလိုဆို…. အခုတော့ အိမ်ခြေသုံးဆယ်မျှသာရှိတဲ့ ဒီရွာလေးက ရွာသူ/သားတွေ အလှူရှင်တွေ ဝိုင်းဝန်းပံ့ပိုးလိုက်ကြလို့ ကျောင်းလေးက သွပ်မိုးအုတ်ကာလေးလည်း ဖြစ်လာရော
အပြေးအလွှားကို နိုင်ငံတော်က အခြေခံပညာ မူလတန်းကျောင်းအဖြစ်ချပေးလိုက်တာ… တကယ်လို့များ အလှူရှင်တွေ မရှိ ရွာသူ/သားတွေကလည်း မစွမ်းဆောင်နိုင်ခဲ့ပဲ…အရင်အတိုင်း သက်ကယ်မိုး ထရံကာ
အဆင့်မှာပဲ ရှိနေခဲ့မယ်ဆိုရင် ဒီကျောင်းလေးဟာ ကျနော် ဒီနေ့မြင်တွေ့နေရသလို ဆိုင်းဘုတ်အသစ်နဲ့ အစိုးရအသိမှတ်ပြုကျောင်းလေး ဖြစ်ပါ့မလား ဆိုပြီး တွေးမိပါရဲ့ဗျာ…
ဒါကြောင့် ပြောတာပေါ့..တော်တော့်ကို တော်ကြတဲ့လူတွေလို့ သူများတွေ စွမ်းဆောင်ပြီးသွားတဲ့ အခါ နေရာယူတာ နာမည်ယူတာ တော်ကြပါပေတယ်…။ ကျနော်တို့ ရွာတွေဘက်မှာ နိုင်ငံတော် အသိအမှတ်ပြု
စာသင်ကျောင်းလေး တစ်ကျောင်းရဖို့ရာ အရင်ဆုံး မြေနေရာကျယ်ကျယ်ရှိရပါမယ်…နောက်ကျောင်းဆောင်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ရပ်သူရွာသားတွေက လုပ်အား/ငွေအား
အကုန်ကျခံ ဆောက်လုပ်ပေးရပါတယ်..ပြီးပြီဆိုတော့ အစိုးရကို အပ်ပေါ့.. အစိုးရချပေးမယဆိုတဲ့ ဆရာ/မ မရောက်ခင်အထိ ရပ်သူရွာသားတွေက အငှားဆရာမတွေနဲ့ ကလေးတွေကို စာတွေသင်ပေး လုပ်ကြရတာ..
ဒါကိုပဲ..ဟိုးတုန်းက တိုင်းမှူးးး အခုတော့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျနော်တို့ဆီ လာတဲ့ ခရီးစဉ်တစ်ခုမှာ ပြောသွားသေးတာက ” အစိုးရကိုချည်းပဲ အားကိုးမနေနဲ့ ကိုယ့်အားကိုယ်ကိုးပြီးလည်း
လုပ်ကြဦးဆိုပါလားးးး ကျနော်တို့ပြည်သူတွေမှာ ပညာရေး၊ ကျန်းမာရေး စတာ..စတာ..တွေကို ကိုယ်ထူကိုယ်ထချည်းပဲ လုပ်ခဲ့ရတာတွေပါ..လျှပ်စစ်မီးဆိုလည်း..ကိုယ်ထူကိုယ်ထ၊ လမ်းကတ္တရာခင်းဖို့လည်း
ကိုယ်ထူကိုယ်ထ၊ ဖုန်းရဖို့လည်း ကိုယ်ထူကိုယ်ထ….ဒါနဲ့များးးး ဒီလိုစကားမျိုးကို သူမို့ ပြောရက်တယ်….. ကဲ..ရေးရင်း နိုင်ငံရေးတွေပါလာပြီ…ကျနော့်ခရီးလေးကို ပြန်သွားကြစို့ရဲ့… ကျောင်းလေးထဲရောက်တော့
ဆရာမလေးက ကြိုနေပါတယ်… ဆရာမကို ကျောင်းသား/သူ အရေအတွက်မေးတော့ ၅၂ ယောက်ရှိတယ်….ကျနော်က ဆရာမတစ်ယောက်တည်းလားဆိုတော့ “ဟုတ်တယ်ရှင့်…အစိုးရက ဆရာ/မ
သုံးယောက်ချပေးမယ်ပြောလို့.. ကျမတစ်ယောက်ပဲ ရွာကငှားတော့တာလေ…လောလောဆယ်ဆယ်တော့ ဆရာ/မတွေ မရောက်သေးတော့ ကလေး (၅၂) နှစ်ယောက်ကို ကျမ တစ်ယောက်တည်း
စာသင်ပေးနေရတာပါ..” ဟုပြန်ဖြေ၏။ ကျနော်လည်း ဆရာမကို လေးစားစွာ အားကျစွာ ဂုဏ်ယူစွာဖြင့် တော်တယ် ဆရာမ ဟု ချီးကျူးထောမနာပြုမိတော့သည်။ ရပ်မိရပ်ဖတွေရောက်လာတော့
စာရေးကိရိယာလှူဒါန်းဖို့ အစီအစဉ်ကို စတင်ရပါတယ်…. ဒီနှစ်အတွက် ဒီကျောင်းလေးနှင့်တကွ တခြားစာသင်ကျောင်းလေးတွေကို စာအုပ်၊ ခဲတံ၊ ပေတံ စတဲ့ ပစ္စည်းလေးတွေကို လှူဒါန်းနိုင်ဖို့
အထောက်အပံ့ပေးတာတော့ ရတနာပုံနေပြည်တော် သတင်းစာလို့ ခေါင်းစီးတပ်ထားတဲ့ Mandalaygazette.com မှ အဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ရတနာပုံနေပြည်တော်ဆိုတာ မြန်မာပြည်မှာ ထုတ်တဲ့ သတင်းစာ
မဟုတ်… အမေရိကားမှာ ထုတ်တဲ့ သတင်းစာဖြစ်ပါကြောင်း ငွေကြေးဖြင့်ရောင်းချသော သတင်းစာမဟုတ်… အခမဲ့ဖြန့်ဝေနေသော သတင်းစာဖြစ်ကြောင်းတွေ ရှင်းပြရတာ အမောပါပဲ..
ဟုတ်တယ်လေ..ဒီကလူတွေက သတင်းစာဆိုရင် မြန်မာ့အလင်း၊ ကြေးမုံ၊ ရတနာပုံ ဒီလောက်ပဲ သိတာ..တော်ကြာ ရတနာပုံ နေပြည်တော် သတင်းစာဆိုလို့ ပြည်တွင်းက ရတနာပုံသတင်းစာ အလကားနေရင်း
နာမည်ရပြီး စောင်ရေတွေ တိုးနေဦးမယ်… စာရေးကိရိယာတွေပြင်ဆင်ပြီး ဓာတ်ပုံမှတ်တမ်းလေးတွေရိုက် ကလေးတွေကို စာရေးကိရိယာလေးတွေဝေငှ ကလေးတွေမျက်နှာလေးတွေက ပျော်ပျော်ပြုံးပြုံး
ဆရာမလေးကလည်း မြေဖြူတိုက်၊ သင်ပုန်းဖျက်၊ ဘောပင်(နီ) လေးတွေပါလာလို့ ဝမ်းသာနေရှာတယ်။ မဟုတ်ရင် နောက်တစ်ရက် မော်လူးကိုလာပြီး ဝယ်တော့မလို့ ဆိုပဲ… ဒီဆရာမလေးက ဒီကျောင်းမှာ
အရပ်ငှားဆရာမ အဖြစ် လုပ်ကိုင်နေသည်မှာ နှစ်နှစ်ရှိချေပြီ… တစ်နှစ်ကို လုပ်ခ စပါးတင်း(၅၀) ရတယ်ဆိုပဲ..တစ်တင်းကို ကာလပေါက်ဈေး ၅၀၀ဝ ကျပ်နဲ့ပဲ မြောက်ကြည့် စုစုပေါင်း နှစ်သိန်းခွဲ..ဆိုတော့ကာ
တစ်လကို ၂၅၀၀ဝ ကျပ်လောက်ပဲ ရရှာတာ..ဒါပေမယ့် ကလေးတွေကို စေတနာအပြည့်နဲ့သင်ပေးနိုင်ရှာတယ်.. ကျူရှင်ဆိုတာတော့ ဒီရွာမှာ အလကားသင်ပေးမယ်ဆိုရင်တောင် တက်လာမဲ့
ကလေးမရှိသလောက်ပါ… ပြီးတော့ သင်္ကြန်မတိုင်မှီက ကျနော် မော်လူးကို စာပေဟောပြောပွဲလာတဲ့ ဆရာမောင်သာချိုကို ဒီစာသင်ကျောင်းလေးအကြောင်း ပြောပြပြီး အကူအညီ ပေးဖို့ပြောလို့ ဆရာက
ရန်ကုန်ပြန်ရောက်တဲ့ အခါမှာ ဒီကျောင်းလေးအတွက် သိန်း(၂၀)လှူဒါန်းပေးခဲ့တုန်းက ဆရာမတစ်ဦးလျှင် ထောက်ပံ့ကြေးအဖြစ် ငွေ(၁)သိန်းကျပ်စီ ပေးစေချင်တယ်ဆိုလို့ ပေးခဲ့ပေမယ့် ဆရာမနှစ်ဦးလုံးက
တစ်ဦးလျှင် ငါးသောင်းစီသာယူပြီး ကျန်တဲ့ ငါးသောင်းစီကို ဒီကျောင်းလေး ပြီးစီးဖို့ရာအတွက် ပြန်လည်လှူဒါန်းခဲ့ကြတာပါ.. ဒီတော့ ဒီဆရာမလေးတွေကို ကျနော် ချီးကျူးမိ အားကျမိတာ မလွန်လောက်ပါဘူးနော်….
စာသင်ကျောင်းလေးမှာ ကလေးတွေကို စာရေးကိရိယာတွေ လှူဒါန်းပြီးတော့ ဒီကျောင်းလေးပြီးမြောက်အောင်မြင်ဖို့ရာ ဦးဆောင်ကြိုးပမ်းပေးခဲ့တဲ့ ဖားပန်ကျေးရွာကျောင်းထိုင်ဆရာတော်ဆီ ဖူးမြော်ဖို့သွားရင်
ကျနော်တို့မှာပါလာတဲ့ ဂျာနယ် အဟောင်းတွေကို ရွာသူရွာသားတွေ ဖတ်ကြရအောင်ဆိုပြီး တစ်အိမ်ကို တစ်စောင်ကျ လိုက်လံဝေငှကြပါတယ်……
ကျနော်တို့ လူမျိုးတွေ စာတွေများများဖတ်ပြီး စဉ်းစားဝေဖန်တတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေ ရှိလာစေချင်တဲ့ ရည်ရွယ်ချက်ပါ.. အရင်နှစ်ကလည်း ကျနော်တို့ သွားဖြစ်တဲ့ ရွာလေးတွေတိုင်းကို
စာစောင်လေးတွေ လိုက်လံဝေငှဖြစ်ပါတယ်… ကျနော်ကတော့ စာဖတ်ခြင်းအလေ့အထကို ကလေးတွေမှာ စွဲမြဲစေချင်တဲ့ အတွက် ကျနော့်နေတဲ့ ရွာက မူလတန်းကျောင်းလေးကို သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းပြီး
တစ်လကို (၈၀၀၀)ကျပ်ဖိုးလောက်တန်ဖိုးရှိတဲ့ ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ၊ ယဉ်ကျေးလိမ္မာ စတဲ့ စာစောင်လေးတွေကို လှူနေတာ ဒီနှစ်ဆိုရင် သုံးနှစ်မြောက်ရှိနေပါပြီ…..။ နောက်ထပ်ကျောင်းလေးတွေကိုလည်း
လှူချင်ပေမယ့် ငွေကြေးမတတ်နိုင်တာရယ်.. လိုက်ပြီး ပို့မပေးနိုင်တာရယ်ကြောင့် မတိုးဖြစ်တော့ပါဘူး…။ အများအကျိုးဆိုတဲ့ ပရဟိတအလုပ်ကို လုပ်ရတာလည်း မလွယ်ကူလှပါ..။
ဘယ်လောက်ကောင်းတာလုပ်လုပ် အဆိုးမြင်ပြီး ပြောခြင်ဆိုခြင်တိုက်ခိုက်ခြင်တဲ့ လူတွေကလည်း အများသားဗျ… တစ်ခါတစ်ခါ ကျနော်တော်တော်လေး စိတ်ဓာတ်ကျ စိတ်ပျက်မိပါတယ်.. ဒီလိုအချိန်တိုင်း ကျနော်ရဲ့
နားခိုရာ ဝေဘူဝေဘာတောရကျောင်းလေးကိုသွားပြီး စိတ်ဖြေလေ့ရှိပါတယ်.. ဆရာတော်မိန့်ကြားဘူးတဲ့ စကားလေးကြောင့် ကျနော်ပြန်ပြီး ဒီပရဟိတအလုပ်လေးကို လုပ်မိပြန်ရော.. ဆရာတော်မိန့်ကြားတာက
“မင်းဘယ်လောက်ကောင်းတာတွေလုပ်သေးလို့လဲ.. မင်းထက်အများကြီး မှန်တာတွေ ကောင်းတာတွေလုပ်နိုင်တဲ့ လုပ်ခဲ့တဲ့ ငါတို့ ဘုရားရှင်ကိုတောင်မှ မကောင်းပြော မကောင်းကြံကြသေးတာပဲ.. မင်းက
ဘာဟုတ်သေးလို့လဲ..”
ဟုတ်ပါသည်…. ကျနော်သည် ဘာမှ မဟုတ်သေးပါ..ဘာမှမဟုတ်သည့် ကျနော့်ကို ဘာပြောပြော စိတ်ထဲ မထားတော့ဟု တွေးပြီး ကျနော်ဆက်ပြီး ပရဟိတလေးတွေကို တတ်နိုင်သလောက်
တတ်နိုင်တဲ့နေရာလေးက လုပ်နေရပါဦးမည်….။ ကျနော်တို့ အဖွဲ့လေး ရွာဦးက ဘုန်းတော်ကြီးကျောင်းဆီရောက်တော့ ဆရာတော်က ကြိုနေပါတယ်…။ ဒီလို ပညာရေးအတွက် လှူဒါန်းမှုကို
လုပ်ကိုင်နေကြတဲ့အတွက် ဝမ်းသားမိကြောင်း နောက်လည်း ဒီထက်ပိုမိုများပြားတဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နိုင်ကြပါစေဆိုတဲ့အကြောင်း ဆုတွေပေးနေလိုက်တာ.. ဝမ်းသာပီတိဖြစ်လိုက်ရတာ..
ရင်ထဲမှာလည်း ကြည်ကြည်နူးနူးရှိလိုက်တာ မပြောပါနဲ့တော့..ဒီအတွက် ဂေဇက်ရွာသူ/သားအပေါင်းကို ကျေးဇူးအထူးးးအခါခါ တင်မိပါသည်။ ကျောင်းပေါ်ရောက်တော့ ဆရာတော်ကို ကျနော်တို့မှာ ပါလာတဲ့
ဂျာနယ်လေးတွေ၊ ဓမ္မမဂ္ဂဇင်းလေးတွေ လှူပြီး ဆရာတော်ကို ကျောင်းဆောင်လေးပြီးဆုံးအောင် ကုန်ကျငွေ အကြမ်းဖျင်းမေးတော့ (၂၅)သိန်းကျော်ဆိုတော့ ဆရာတော်က ငွေ(၆)သိန်းကျော်လောက် စိုက်ထုတ်ပြီး
လုပ်ဆောင်ခဲ့လို့သာ ပြီးဆုံးခဲ့တာပါလားဟု ဆရာတော်အားလျှောက်ထားပြီး ကျောင်းဆောင်းလေးပြီးဆုံးသွားတာ ဝမ်းသာရသည့်အပြင် နိုင်ငံတော် အသိအမှတ်ပြု စာသင်ကျောင်းလေးဖြစ်သွားတာကိုလည်း
ဝမ်းသာကြောင်း ဆရာတော်ကို လျှောက်တော့ ဆရာတော်ကပြုံးပြီး ” ဒကာလေးရေ…. အားလုံးပြီးသွားတော့ သူတို့ဟာဖြစ်သွားတော့တာ…ဒါကြောင့်ပြောတာ လောကမှာ ကိုယ်ပိုင်တာ ဘာမှမရှိဘူးဆိုတဲ့
ဘုရားရှင်ရဲ့စကား မမှန်လှပေဘူးလား ” မိန့်လို့ ကျနော့်မှာ သဘောကျစွာ ရယ်မောမိသေး၏။ ပြီးတော့ ဆရာတော်က သူ့ကျောင်းဝင်းလေး အတွင်းမှာ အရိပ်ရပင်လေးတွေ စိုက်ပျိုးချင်ကြောင်း မိန့်ကြားလို့ ကျနော်မှ
မိုးရာသီ သစ်ပင်စိုက်ပွဲအဖြစ် တပည့်တော်တို့ အဖွဲ့လာပြီး စိုက်ပေးပါ့မယ် ဘုရားဟု လျှောက်ထားခဲ့သည်။ ဆရာတော်နဲ့ စကားစမြည်ပြောပြီး ဘုန်းတော်ကြီးကျောင်းမှာ ခဏနားကာ
အပြန်ခရီးကို ပျော်ရွှင်မြူးတူးနေကြသော ကလေးများ၏ မျက်နှာလေးတွေမြင်ယောင်ရင်း …………
ဘုန်းတော်ကြီးကျောင်းပေါ်ကနေ မော်တော်ကားလမ်းမကြီးဆီကို လက်ဆော့လိုက်မိတာ သေချာကြည့်နော်..တစ်ခုခုဖြစ်နေတာ သေချာတယ်……
ဒါကတော့ အိမ်စောင့်နေတဲ့..ညီနောင် နှစ်ကောင်…….
ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းးးး ဆုမွန်းတောင်းးးရင်းးးးးး
မန်းလေးဂေဇက် အလှူတော် ခရီးမှတ်တမ်းနောက်တစ်ပိုင်း မကြာမှီလာမည်…မျှော်………
7 comments
ကြည်ဆောင်း
June 13, 2013 at 10:56 pm
ရွာလေးကြည့်ရတာတော့အေးချမ်းလိုက်တာ…ကလေးတွေရော ရွာသူရွာသားတွေရောကိုယ်တိုင်ကိုယ်ကျသွားလှုပေးကြတဲ့သူတွေရောအားလုံး ပျော်ရွှင်ကြည်နူးနေကြမယ်ထင်ပါရဲ့…
ကြည်ဆောင်း
June 13, 2013 at 11:08 pm
အလှုမှတမ်းဖတ်ရတာ စိတ်ကြည်နူးစရာ…ကိုယ်တိုင်ကိုယ်ကျသွားလှုပေးကြတဲ့သူများလဲ ကျေးဇူးတင်စရာ…ကလေးတွေလဲပျော်နေကြမယ်လို့ တွေးထင်မိပါရဲ့.,
ဦး ကျောက်ခဲ
June 14, 2013 at 1:58 pm
ကိုထွန်းဝင်းလတ်ရေ…
ဦးကျောက်မှာက အဝေးရောက်နေသူမို့ ကိုယ်တိုင်ကိုယ်ကျ မကူနိုင်ပါဘူး…
ဂဇက်မောင်နှမများရဲ့ အားထုတ်မှုကိုပဲကြည့်ပြီး မုဒိတာပွါးရတာပါ…
အခုလို ဝေးလံသီခေါင်တဲ့အရပ်က တကယ်လိုအပ်နေတဲ့ ခလေးတွေကို ထောက်ပံ့ရတာမို့…
သာဓု သာဓု သာဓုပါဗျာ…
နောင်များလည်း… အလှုခံဖလားကြီးခေါက်လိုက်ပါဦး…
Ma Ma
June 14, 2013 at 2:11 pm
ကိုယ်တိုင်သွားရောက်လှူဒါန်းဖို့ မလွယ်ကူတဲ့နေရာကို လှူနိုင်/ဖြစ်လို့ ကျေးဇူးတင်ဝမ်းသာပါတယ်။ :hee:
kyaw hteik
June 15, 2013 at 12:33 am
ကိုထွန်းဝင်းလတ်တို့ရဲ့ အလှူ ဒါနကို ဝမ်းမြောက်ဂုဏ်ယူမဆုံး ဖြစ်မိပါတယ်။
နောင်ဒီထက်မက ကုသိုလ်ဒါန ပြုနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
johnnydeer
June 15, 2013 at 12:39 am
ဟီး…တားတားလဲ အင်းတော်သား…ရတဲ့ မိန်းမကလဲ အင်းတော်သူ…ရှိသမျှ အမျိုးတွေကလဲ အင်းတော်က…ဒါပေမယ့် ဒီအင်းတော်က အလှုကို မသိလိုက်တာတော့ နာသဗျာ…လုပ်ပါဦး…လိုတဲ့နေရာလေးတွေ…ကိုယ့်အရပ်ဆိုတော့လဲ လှုချင်သား…ပုံတွေကြည့်ရတော့လဲ ကိုယ့်အရပ် ပြန်ရောက်သွားသလို…လူတွေကြည့်ရတော့လဲ ကိုယ့်အမျိုးတွေ တွေ့ရသလို..(.မောင်တို့ရယ်…လုပ်ပါဦး…ဒီကလဲ လှုချင်လိုပါညာရ်…) အင်းတော်လေသံလေးနဲ့ ပြောလိုက်ဦးမယ်…
မဟာရာဇာ အံစာတုံး
June 15, 2013 at 1:01 pm
ကိုကိုထွန်းဝင်းလတ်ကြီးရေ … ဟောဟဲ .. ဟောဟဲ ..
အလှူတော်အတွက် ..
သာဓု .. သာဓု .. သာဓု ပါဗျို့ …
ဟို ဒုပုံထဲက ခလေးလေးတွေ မြင်ရဒေါ့ …
ရင်ထဲ တစ်ညိုးဂျီး ဖစ်သွားဒယ်ဂျို့ …
ညီနောင် နှစ်ကောင် ဆိုဒဲ့ ပုံကဒေါ့ လန်းဒယ် …
ရွာက ကောင်တွေကိုတောင် လွမ်းတွားဒယ် …