မန်းလေးဂေဇက် အလှူခရီးစဉ် ( ရ )….
ဖြည်းဖြည်းမှန်မှန်…မောင်းကြမယ်ဗျို့……
ဟာ…..ရောက်ပြီ…..ရွာထပ်က စာသင်ကျောင်လေးးးးးးး
ဆိုင်းဘုတ်ကတော့ အပျံစားပဲ……
မွန်မြတ်စိတ်ထားရှိတဲ့ ဆရာလေးကို လေးစားပါတယ်ခင်ဗျာ…
အမယ်….အမယ်….တူဂ…တူဂ…မျောက်မှန်ကြီးနဲ့ ဂိုက်ပေးကြမ်းနေသေးတယ်…ရီချင်တာတော့..(မှတ်ချက်။ ။ ကျောင်းသူလေး၏ စိတ်ထဲမှ ပြောနေခြင်းဖြစ်၏။)
ဟာ….ပွတာပဲ…မုန့်တွေလည်း ပါတယ်ကွ… မနက်က ထမင်းကြမ်းပဲ လွေးခဲ့ရလို့ ဗိုက်ဆာနေတာနဲ့ အတော်ပဲ….
အယ်….ကင်မရာဆရာက နှစ်ယောက်ဆိုတော့ ဘူ့ကို ကြည့်ရမှာလဲ..ဟင်……
ဟာ…မုန့်တွေ ခုံအောက်ကျသွားပြီ…….
အေနော်က ရှက်ပါဒယ်ဆိုနေ…လာပြီးးးးဒါ့ပုံရိုက်နေတယ်….လုပ်ကြပါဦးးးးးတားတားးငိုမှာနော်….။
ကျောင်းလေးရှေ့မှာ အမှတ်တရ…….
နားမကျိုင်းရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား မော်လူးတွင်(၈.၃.၂၀၁၃) ရက်နေ့က ကျနော်တို့ အဖွဲ့မှ ဦးစီးပြီး စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်းကျင်းပသည့် စာပေဟောပြောပွဲ ဒီဗီဒီအခွေ ဆက်ကပ်လှူဒါန်းစဉ်…။
ကျနော်တို့ အဖွဲ့ ဆားမှော်ရွာလေးက ထွက်လာတော့ နံနက်(၁၀)နာရီ ထိုးလုပြီ…။ မိုးတိမ်မည်းမည်းတွေက ကောင်းကင်တစ်ခုလုံးမှာနေရာယူနေကြပါတယ်…။
မိုးမရွာပါစေနှင့်ဟုသာ စိတ်ထဲက ဆုတောင်းနေမိပါတယ်…။ဟောင်းတုန်းရွာနဲ့ ဆားမှော်ရွာကြား တောလမ်းဖြတ်ခဲ့ရတယ် ဆိုပေမယ့် အပင်ကြီးတွေ
သိပ်ပြီးကြီးကြီးမားမားမတွေ့ရ..။
ဆားမှော်ကနေထွက်ပြီးမှ တကယ့်တောရဲ့ ရနံကို ကျနော်ခံစားရတယ်…။ တောငှက်တွေရဲ့ အော်မြည်သံတွေ ကြားနေရသလို အင်၊ ကညင်၊ ကျွန်း၊ သစ်အယ်စတဲ့
အပင်ကြီးတွေကိုလည်း လမ်းဘေးဝဲယာမှာ မြင်တွေ့နေရပါတယ်…။ အရင်ရက်တွေက မိုးမပြတ်မပြတ်ရွာထားမို့ ကြည့်လေရာ မြင်လေရာတိုင်း စိမ်းစိမ်းစိုစိုနဲ့
မျက်စိကိုအေးလို့…လတ်ဆတ်တဲ့လေကိုလည်း တဝကြီးရှုရှိုက်လိုက်မိပါတယ်…။ ဒီမြင်ကွင်းလေးတွေကို ကြာကြာ မခံစားရပါဘူး…။ လမ်းတွေကဆိုးတော့ သူ့ဆိုင်ကယ်ကိုယ်တွန်း
ကိုယ်ဆိုင်ကယ်သူပြန်တွန်းနဲ့ အလုပ်ဖြစ်နေကြတော့တာ….။ တောသားဆိုတော့ တောရနံ့တွေ တောဓလေ့လေးတွေကို နှစ်သက်မိတာ အမှန်ပါ..။ ကျနော်ရန်ကုန်ရောက်တုန်းက
ကျနော့်မိတ်ဆွေတစ်ယောက်က ရန်ကုန်မှာခဏပဲနေပြီး ပြန်သွားလို့ဆိုပြီး ကျနော့်ကို”ဘာလို့ ခဏလေးနဲ့ ပြန်သွားရတာလဲ”လို့ မေးတော့ မွန်းကြပ်လို့ပါဆိုပြီး
ကျနော်ပြန်ဖြေဘူးတယ်…။ သူကတော့ မွန်းကြပ်တာကိုက ရန်ကုန်ရဲ့ အရသာဆိုပဲ…ဒီလိုဆို လွတ်လပ်ပေါ့ပါးတာက တောရဲ့ အရသာပေါ့နော်…။ လမ်းတွေက
ဆိုးသထက်ဆိုးလာတာမို့ ခရီးမတွင်တော့ပါဘူး..ဖြည်းဖြည်းချင်း တစ်စီးပြီးမှ တစ်စီးခရီးနှင်နေရတာ…။ တောင်အတက်လေးတွေမှာ တစ်စီးပြီးမှ
တစ်စီးတွန်းတင်ပေးနေကြရတာ… မြေနီမြေစေးတွေက ဗွက်ဖြစ်နေတော့ ဆိုင်ကယ်ဘီးတွေ စလစ်ဖြစ်ပြီး မတက်နိုင်…လူအားနဲ့တွန်းတင် စီးတဲ့လူကလည်း ခြေထောက်ကားပြီး
ယက်ကန် ယက်ကန်လုပ် လီဗာကိုလည်း အတင်းဟဲလို့ မရ..လီဗာကို အတင်းဟဲလိုက်လို့ကတော့ ဘိုင်းခနဲ တပတ်လည်ပြီး ပစ်လှဲမှာ အသေအချာ…
ဒါကြောင့် ဘေးကနေ နှစ်ယောက်ကတွန်း စီးတဲ့လူက ယက်ကန်ယက်ကန်လေးလုပ်ပြီး တစ်စီးချင်းတက်နေကြရတာ…. ဒီလိုတက်နေရင်း အဖွဲဝင်တစ်ယောက်ကို
ဆိုင်ကယ်နောက်က နံပါတ်ပြားခြစ်မိပြီး ပေါင်မှာ လေးလက်မလောက် အရှည် ဟက်တက်ကွဲသွားပါရော…ခံသာတာက မနက်ပဲ အပေါ်ယံလေးတင်
ပြဲသွားလို့…လွယ်လိုက်တဲ့ဆေးနည်းဗျာ…လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ ကျနော်တို့ဒေသအခေါ် ဂျာမနီပင် (ဆရာသာဂဒိုးရေးတာတော့ ပိစပ်ပင်ဆိုလားး)
အဲ့အပင်ကအရွက်ကို ပွတ်ချေပြီး အနာပေါ်အုံပေးလိုက်တယ်…သွေးတိတ်သွားသတဲ့ဗျို့….။ ဒီလိုနဲဖြည်းဖြည်းချင်း ခရီးဆက်နေပါလျက် လမ်းကချောနေတော့ ဆိုင်ကယ်လဲတဲ့သူက
လဲကြသေးတာရယ်…။ ကျနော်ကတော့ အနောက်ဆုံးကနေသူမို့ … ဖြေးဖြေးအေးအေးပေါ့…။ တောလမ်းမှာ လမ်းခွဲလေးတွေကလည်း ရှိနေသေးတော့
လမ်းမမှားသွားဖို့ တော်တော်ဂရုစိုက်နေရတယ်…။ လမ်းမှားသွားရင် အချိန်ကုန်သလို လိုရာမရောက်ဖြစ်ကြမှာလေ…။ လမ်းကျွမ်းတဲ့သူက ရှေ့ဆုံးကနေ
သွားပြီး နောက်ကလူကို စောင့်ပါလို့ ပြောထားပေမယ့် ဆရာသမားတွေက လမ်းလေးနည်းနည်းကောင်းတော့ မောင်းသွားလိုက်တာ မမီနိုင်အောင်ပဲ…။ နောက်မှာကျန်နေတဲ့
အဖွဲ့ထဲမှာ ကျနော်က မနှစ်က သွားဘူးတဲ့လမ်းမို့ နည်းနည်းမှတ်မိနေတော့ တော်သေးတယ်…. အရှေ့ရောက်နေတဲ့ အဖွဲ့ကို ဖုန်းခေါ်တော့လည်း လူကြီးမင်းနဲ့တိုးနေတော့တာပါ….။
ကျနော်တို့လည်း လမ်းလေးနည်းနည်းကောင်းတော့ အရှိန်တင်ပြီး မောင်းကြရပါတယ်….။ ရာသီဥတုလေးကလည်း မိုးမရွာ နေမပူနဲ့ဆိုတော့ တော်တော်လေး
အဆင်ပြေနေပါတယ်…ဆုတောင်းပြည့်တယ် ဆိုရမလားပဲ…။တောလမ်းခရီးကို တစ်နာရီကျော်မျှ ဖြတ်ပြီးနောက်
နားမကျိုင်းရွာလေးကို ရောက်ကြပါတော့တယ်…..။ဒီရွာလေးကတော့ နမီးချောင်းလေးရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ရွာလေးပါ။ အိမ်ခြေ(၆၀)ကျော်ရှိပါတယ်..။
လယ်ယာလုပ်ငန်းနဲ့ မုဆိုးအလုပ်တွေကို လုပ်ကိုင်ကြပါတယ်… နားမကျိုင်းရွာ မူလတန်းကျောင်းလေးကတော့ ရွာထိပ်လေးမှာ ဆောက်လုပ်ထားတာပါ…
တစ်ထပ်စာသင်ဆောင်လေးပေါ့…သက်ကယ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာထားပါတယ်…။ ကျနော်တို့က နောက်ကျနေတဲ့ အဖွဲ့မို့ ကျောင်းလေးဆီရောက်တော့ ရပ်မိရပ်ဖတွေ စုံနေကြပါပြီ…။
ဒီကျောင်းလေးမှာ အံ့ဩစရာက ကျောင်းဆရာလေးနှစ်ယောက်ကိုတွေ့ရတာပါပဲ…။ ကျနော်တို့သွားရောက်လှူဒါန်းခဲ့တဲ့ ကျောင်းတွေတိုင်း ဆရာဆိုတာ မတွေ့ခဲ့ရပါဘူးးးး
ဆရာမတွေချည်းပါပဲ..။
ဒီကျောင်းမှာတော့ ဆရာလေးက တစ်ယောက်မကဘူး နှစ်ယောက်ဆိုတော့ တော်တော် အံ့ဩမိတာပေါ့…။ ဆရာလေးတွေရဲ့ စိတ်ဓာတ်လေးတွေကိုလည်း လေးစားမိတာ အမှန်ပါ..။
ကျနော့်လိုလူကို ဒီနေရာလေးမှာ ကျောင်းဆရာလုပ်ဖို့ လခတစ်လ(၁)သိန်းပေးမယ်ဆိုရင်တောင် လုပ်ဖြစ်မယ် မထင်ပါဘူး။ ကလေးတွေကို ပညာတတ်ဖြစ်စေချင်တာမှန်ပေမယ့်…
ကျနော်ဒီလောက်ထိ မပေးဆပ်နိုင်တာ အမှန်ပါ…။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာ …. ညဆိုလည်း မှောင်မှောင်မည်းမည်း မိုးချုပ်ပြီဆိုတာနဲ့ လူသံတွေတိတ်သွားတဲ့နေရာ
ကျနော် ဘယ်လိုတွေးကြည့်တွေးကြည့် နေနိုင်မှာ မဟုတ်ပါ…။ ဆရာလေးတွေနဲ့ စကားပြောကြည့်တော့ ဒီရွာကဆိုပဲ… အရပ်ငှားဆရာလေးတွေတဲ့…။
တက္ကသိုလ်ဝင်တန်းအောင်ပြီးသားလေးတွေ အဝေးသင် စာပေးစာယူတက်နေရင်း ရွာလေးမှာ ကလေးတွေကို ပညာသင်ပေးနေကြရှာတာ… တစ်နှစ်
စပါးတင်း(၆၀)ရတယ်တဲ့လေ…။ တော်လိုက်တဲ့ ဆရာလေးတွေ.. မွန်မြတ်လိုက်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးတွေ… ဒီလို လူငယ်တွေ များလာရင် ဒီတိုင်ပြည်ကြီး မတိုးတက်ပဲ
ခံနိုင်ရိုးလားလို့ တွေးမိပါတယ်….။ ဆရာလေးတွေကို ကျောင်းသားစာရင်း မေးကြည့်တော့ အပျော်နေတဲ့ ကလေးတွေ အပါအဝင် (၅၆) ယောက်ဆိုတာ သီရပြီး
လှူမဲ့ပစ္စည်းလေးတွေကို နေရာချ… ဆရာလေးကို မြေဖြူတိုက်လေး၊ သင်ပုန်းဖျက်လေးတွေ ပေးအပ် မှတ်တမ်းဓာတ်ပုံရိုက်… ကလေးတွေကို ဝေငှ… ပစ္စည်းလေးတွေ ဝေနေရင်း
ခုနှစ်နှစ်အရွယ် အသားညိုညိုနဲ့ ကလေးမလေးကို “သမီးနာမည်က ဘယ်လိုခေါ်သလဲ”ဆိုတော့…”ဝင့်ဇာခြည်”ဆိုပဲ… ဟားးးးလှလိုက်တဲ့ နာမည်လေးးး.. တောရွာဆိုတော့
ကလေးနာမည်လေးတွေ ယောက်ျားလေးဆို အောင်ဘု၊ မောင်နီ၊ ဖိုးကြွက်၊ မိန်းကလေးဆို မနီ၊ မယ်တုတ်၊ ဘုမ ဆိုတာလောက်ပဲ ရင်းနှီးနေကြားနေရတဲ့
ကျနော်..ဒီကလေးမနာမည်ကို ကြားတော့ ….ဟုတ်ပေလိမ့်မပေါ့…ရွာနာမည်လေးကိုကပဲ နားမကျိုင်းတဲ့လေ…….။ ကလေးတွေကို ပစ္စည်းလေးတွေဝေပေးပြီး
ဆရာလေးနှစ်ယောက်နဲ့ ဆရာမလေးတွေကို အလှူရှင်တွေအကြောင်းပြောပြ သူတို့လေးတွေလည်း ဝမ်းသာအားရ သာဓုတွေခေါ်… ကလေးတွေကလည်း ပြုံးလို့ပျော်….
ဝမ်းသာပီတိဖြစ်လိုက်ရတာနော်….ကဲကြည့်…ရေးရင်းနဲ့ ကာရံလေးတွေကို ညီလို့…. ရပ်မိရပ်ဖ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျနော်တို့ အဖွဲ့ ကျောင်းလေးရှေ့မှာ
အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ကြပေါ့…။
ပြီးတော့ အလှူမှတ်တမ်းစာရွက်လေးတွေရေးပြီး လက်မှတ်ထိုး ကျောင်းကိုတစ်စောင် ကျနော်တို့အဖွဲ့ကတစ်စောင်ယူပြီး..အားလုံးကိုနှုတ်ဆက်ပြီး….နားမကျိုင်းကနေ
မူလခေါင်တုန့်စည်ရွာကို ခရီးဆက်ဖို့ပြင်ကြတော့ ရပ်မိရပ်ဖတွေက ထမင်းကျွေးဖို့ပြင်ဆင်မယ်ပြောနေလို့ မစားတော့ဘူး
ခရီးဆက်တော့မှာဆိုပြီး တော်တော်လေးငြင်းယူရပါတယ်….။ ကျောင်းလေးကထွက်ပြီး ရွာအစွန် ဘုန်းတော်ကြီးကျောင်းနားက ဈေးဆိုင်လေးမှာ ခဏနားကြတော့ ဆိုင်ပိုင်ရှင်က
ကျနော်တို့ အဖွဲ့ ရှေ့နားမှာ ဖြတ်သွားရမဲ့ ချောင်းက ရေများနေတယ်ပြောလို့… ဘယ်လိုလုပ်ကြမလဲဆိုပြီး တိုင်ပင်ကြရပြန်ရော… အားလုံးတိုင်ပင်ပြီး
ဆိုင်ကယ်တွေလျှော့မယ်…နားဖာရွာကိုယူမယ့် ပစ္စည်းတွေကို ဒီရွာမှာ ထားခဲ့ကြမယ်…။ဆိုင်ကယ် တစ်စီးကို နှစ်ယောက်နှုန်းစီးကြမယ်ဆိုတဲ့ သဘောတူညီချက်ကို
ရပါတယ်…။ ဪ.. ..ဒီနေ့ကျနော်တို့ သွားဖြစ်တဲ့ ရွာလေးရွာမှာ သုံးရွာက လမ်းကြောင်းတစ်ခုတည်း နားဖာရွာလေးကတော့ နားမကျိုင်းရွာကနေ သပ်သပ်ပြန်သွားရမဲ့
ရွာလေးပါ..။ဒါကြောင့် နားဖာရွာအတွက် ပစ္စည်းလေးတွေနဲ့ ဆိုင်ကယ်တွေကို ဈေးဆိုင်လေးမှာ အပ်ထားကြဖို့ ဆုံးဖြတ်ရတာပါ…ဆိုင်ပိုင်ရှင်ကလည်း
စိတ်ချလက်ချထားခဲ့ကြဖို့ပြောတဲ့ အပြင်ကျနော်တို့အဖွဲ့ကို ဆိုင်မှာရောင်းနေတဲ့ စားစရာတွေပါ ချကျွေးနေပါသေးတယ်…။ ကျနော်တို့ အဖွဲ့လည်း
အားမနားတမ်းးစားးကြ…အဲ…မဟုတ်ပါဘူးးး အားနာစွာငြင်းပယ်ကြပြီး…နားမကျိုင်းရွာမှ….မူလခေါင်တုန့်စည်ရွာဆီကို ခရီးဆက်ကြတော့ နေ့လည် (၁၂)နာရီထိုးလုချေပြီ….။
10 comments
kotun winlatt
July 1, 2013 at 7:29 pm
ကဲ…အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ…အလှူခရီးစဉ် ( ရ )ကို ရောက်လာပါပြီ….နောက်ထပ် ခရီးစဉ်လေးများလည်း မကြာမှီ လာမည် ဖြစ်ပါကြောင်းးးးးး
ကျေးဇူးတင်စွာဖြင့်……။
ကထူးဆန်း
July 1, 2013 at 9:03 pm
ကိုထွန်းဝင်းလတ် ကို ကိုးနတ်ရှင် နိုပ်စက်သွားပြီထင်တယ် ။ စာပိုဒ် ပြတ်ကျန်ခဲ့တယ်ဗျ ။
ကျွန်တော်တို့ က အလွယ်တစ်ကူ ပိုက်ဆံလေးလှုလိုက်တာဘဲ ..ကိုထွန်းဝင်းလတ်တို့ က မိုးထဲလေထဲ ဗွက်ထဲ တောထဲ သွားလှုပေးတာ က ပိုမလွယ်ဘူးဗျ..
လေးစားပါတယ် ဗျာ…
kotun winlatt
July 1, 2013 at 9:44 pm
ဟုတ်ပါ့..ကိုထူးဆန်းရေ..ကိုးနတ်ရှင် မှိုင်းမမှုကြောင့် စာတွေပြတ်ပြီး ကျန်နေခဲ့တာ အခုပြန်ပြင်လိုက်ပြီဗျို့… မလွယ်ပေမယ့် ပျော်ပါတယ်ဗျာ… ကျနော်ကလည်း ကျေးဇူးတင်ပါတယ်… အစစအရာရာ ကူညီပေးကြတဲ့ သူတွေအားလုံးကို….
kyaw hteik
July 1, 2013 at 10:04 pm
ဒီလိုခက်ခက်ခဲခဲ သွားရောက်လှူတန်းပေးနိုင်တဲ့ အကိုတို့အဖွဲ့ရဲ့စေတနာ မေတ္တာကို
ဝမ်းသာပီတိ သာဓုခေါ်ပါတယ် ခင်ဗျာ။အကိုတို့အဖွဲ့ သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေလို့
ဆန္ဒပြုပါတယ်။
kotun winlatt
July 1, 2013 at 10:14 pm
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေဗျာ..သွားလာသာ လာလမ်းဖြောင့်စေချင်သလို့.. တင်တိုင်းရ…..မန့်တိုင်းဖြစ်တဲ့ ကွန်နက်ရှင်မျိုးလည်း ပိုင်ဆိုင်လိုပါတယ်… ခုတော့ကွယ်… ပို့စ်လေးးးးတစ်ပုဒ်..တစ်ပုဒ်..တင်နိုင်ဖို့..အရေးးးး ဟမ်မလေးးးးးးးးးးမလွယ်ဘူးးးးးဘယ်တော့များးးးဘယ်တော့များးးးးဘယ်တော့များးးးးးးဟု ရေရွတ်ရင်းးသာ….
ဝင့်ပြုံးမြင့်
July 2, 2013 at 12:23 am
ဓာတ်ပုံတွေကြည့်၊ စာတွေဖတ်ပြီး “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဆိုတဲ့ ရှေးတုန်းကကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ကို သွားသတိရမိတယ်။ ဒုတိယမ္မိပြောပါတယ်နော်။ လေးစားပါတယ် ကိုထွန်းဝင်းလတ်ရေ။
kotun winlatt
July 2, 2013 at 11:00 am
ကျေးဇူးပါ ဆရာမရေ….
ဒီလောက်လည်း မဟုတ်သေးပါဘူးလို့ပဲ ပြောပါရစေ….
ကျနော်တို့က နှမ်းဖြူရုံတင် ဖြူးနိုင်တာပါ…
တကယ်တမ်းလေးစားသင့်သူတွေက မန်းလေးဂေဇက်က အလှူရှင်တွေပါ…
မရောက်ဘူးတဲ့ဒေသ၊ မမြင်ဘူးတဲ့လူတွေကို ယုံကြည်ပြီး အားတက်သရော လှူဒါန်းပေးကြတာလေ…
KZ
July 2, 2013 at 11:24 am
လုပ်အားစိုက်ပြီး အပင်ပန်းခံ လှူရတဲ့ အလှူအတွက် သာဓု ပေါင်းများစွာ ခေါ်သွားကြောင်းးးး 🙂
Ma Ma
July 3, 2013 at 6:59 am
ခက်ခဲပင်ပန်းမှုတွေကို ကျော်လွှားပြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းတဲ့အကြောင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရတော့ အလှူအတွက် ဝမ်းသာကြည်နူးမှုတွေ ထပ်ဆင့်ခံစားရပါတယ်။
အလှူတစ်ခုဖြစ်မြောက်ဖို့ အလှူပေး၊ အလှူခံ ရှိရမှာဖြစ်ပေမယ့်…
အဲဒီအလှူပေးနဲ့ အလှူခံကြားမှာ ဖြစ်မြောက်အောင် အကျိုးဆောင်ပေးတဲ့ ကိုဝင်းထွန်းလတ်တို့လို အကျိုးဆောင်ပုဂ္ဂိုလ်ကလည်း မရှိမဖြစ်လိုအပ်တာပါတယ်။
ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးလည်းတင် ဝမ်းလည်းသာပါတယ်။
အလင်း ဆက်
July 3, 2013 at 9:12 pm
ကြက်သီးတောင် ထ မိပါရဲ ့ဗျာ….
တကယ့်ကို လေးစား စွာ…သာဓုခေါ်ပါတယ် ။