ဝန်ထမ်းဘဝ တစ်ခါက
“တောက်”
အသံတော်တော်ကျယ်သွားသည်ထင့်။ အရှေ့ခုံမှ စာရေးမမှ ကိုရင်စိုင်းကို နားမလည်သည့် အမူအရာဖြင့် လှည့်ကြည့်သည်။ ခုလေးတင် စက်ရုံမှူးရုံးခန်းမသွားခင်ကမှ ပြုံးပြုံးရွှင်ရွှင် အားတက်သရောဖြင့် ထွက်သွားပြီး ပြန်လာသောအခါ ဖိုင်ကိုလဲ အသံကျယ်ကျယ်ပစ်ချလိုက်ပြီး တောက်ခေါက်သံလဲကြားသဖြင့် အထူးအဆန်းအနေနှင့် လှည့်ကြည့်ခြင်းဖြစ်သည်။ ကိုရင်စိုင်းမျက်နှာမှ မကျေနပ်ခြင်းများကို မြင်သွားသဖြင့်လော၊ ဒေါသများကို သိသွားသဖြင့်လောမသိ ဇက်လေးပုပြီး ပြန်လှည့်သွားလေ၏။ ရုံးခန်းတစ်ခုလုံးကား တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် အေးစက်သွားတော့သည်။ ခုံလေးတစ်ချက်ရွှေ့လိုက်သည်သော်မျှ မိုးခြိမ်းသံအလားထင်ရအောင်ပင်။
ကိုရင်စိုင်းတစ်ယောက်လဲ အံဆွဲထဲမှ Vegas ဗူးကိုထုတ်လိုက်ပြီး ဒေါသကြောင့် တုန်ရင်နေသည့် လက်ဖြင့် နှုတ်ခမ်းဖျားတွင် တပ်လိုက်ပြီး မီးခြစ်ကို ထောက်ကနဲမြည်အောင်ခြစ်လိုက်ပြီး ခပ်ပြင်းပြင်းတစ်ရှိုက်ရှိုက်လိုက်သည့်တစ်ခဏ နှုတ်ခမ်းမှ မီးခိုးလုံးတစ်ဆုပ်ကို အားပါးတရမှုတ်ထုတ်လိုက်ပြီးနောက် မီးခိုးငွေ့များ လွင့်ပါးသွားရာသို့ အတွေးများကို ရွက်လွှင့်မိပြန်သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မတရားဘူး။ အတော်လေးကို မတရားဘူးဟုထင်မိသည်။ ကိုရင်စိုင်းအပေါ်တွင်တော့မဟုတ်၊ စက်ရုံတွင်းရှိ ဝန်ထမ်းများအပေါ်တွင်ဖြစ်၏။ မိုးတွင်းကာလကြီး ပုလင်းခွံများ အတင်အချပြုလုပ်ရသဖြင့် စက်ရုံမှ အစီအစဉ်ဖြင့် မိုးကာဝယ်ပေးရန် တင်ပြတုန်းကတစ်ကြိမ်၊ တာဝန်နှင့် မသက်ဆိုင်သည့် အပျိုဆောင်ပါတ်ဝန်းကျင်ရှိ လူ့ခါးတစ်ဝက်စာရှိ မြက်ပင်များကို ရှင်းခိုင်းစဉ်ကတစ်ကြိမ်
“ငါ့မှာ နိုင်ငံတော်က ပေးတဲ့ လစာနဲ့ ရိက္ခာပဲရှိတာ၊ ဘယ်ကငွေနဲ့ ပေးရမှာလဲ”
ဆိုပြီး ခါးခါးသီးသီးငြင်းခဲ့တုန်းကလဲ အတော်လေးခံပြင်းခဲ့သည်။ ယခုတစ်ကြိမ်တွင်မတော့ ဒီစက်ရုံစီမံကိန်းကြီးပြီးဆုံးပြီး စတင်လည်ပါတ်သည့် တစ်နှစ်ပြည့်ကာလကိုလဲ ရောက်တော့မည်ဖြစ်သည်။ ကိုရင်စို်င်းတစ်ယောက် ယခုစက်ရုံနှင့် ကပ်လျက် ဘီယာစက်ရုံတွင် လုပ်ကိုင်ခဲ့ပြီးမှ ယခုစက်ရုံစီမံကိန်းစသောအခါတွင် တာဝန်ပေးခံရသည်ဖြစ်သည့်အတွက် ယခင်ဘီယာစက်ရုံအကြောင်းလဲ အတော်လေး နောကျေလေ၏။ ယခင်ဘီယာစက်ရုံတွင်မတော့ တစ်လတစ်ခါ Staff Party ကျင်းပပေး၏။ ကြိုက်သလောက်သောက်၊ အမြည်းပါစီစဉ်ပေး၏။ ကိုရင်စိုင်းလည်း ထိုအစီအစဉ်လေးကို လွန်စွာမှ နှစ်ထောင်းအားရခြင်းဖြစ်မိသည့်အလျောက် ယောကျာ်းသုံးရေမွှေးများကို ပုရိသများ အလိုရှိသမျှ ဆွတ်ဖြန်းနိုင်စေရေးအလို့ငှာ စည်ဘီယာ 30 Liter နှစ်လုံးနှင့် အမြည်းတစ်ယောက်စာ ၁၅ဝ နှုန်းဖြင့်လည်းကောင်း၊ မသောက်တတ်ရှာသော အမျိုးသမီးများအတွက် အအေးတစ်လုံး ၂၀၀၊ အမြည်း ၁၅၀၊ ဘေးပါတ်ဝန်းကျင်ရွာများမှ ရွာသူ/သားများသာ ဝန်ထမ်းအဖြစ်များကြသောကြောင့် သူတို့သဘာဝ ပျော်ရွှင်စရာဖြစ်သော ကာရင်အိုကေ ငှားလျင် တစ်ရက် ဘယ်လောက်ကုန်မည် အစရှိသည်ဖြင့် မြန်မာကျပ်ငွေ ၂ သိန်းခန့်မျှ ကုန်ကျမည့် စက်ရုံနှစ်ပါတ်လည် ပျော်ပွဲရွှင်ပွဲကြီး ကျင်းပမည့်အကြောင်း အစီရင်ခံစာကြီးကို တင်မိသဖြင့် “နိုင်ငံတော်ကပေးထားသည့်…”စကားလုံးကြီးဖြင့် ကိုင်ပေါက်ခံရပြီး အတော်လေး နင်လာသော အခါကာလလဲဖြစ်၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထိုနေ့တွင်မတော့ အာမီရမ်များ ထုတ်ပေးခြင်းကို တစ်နေ့တာမျှ ရပ်ထားခြင်းလဲပြု၏။ စက်ရုံမှူးမှ သူတို့အလေ့အထအရ မနက်စောစော ဘုန်းကြီးပင့်ပြီးတရားနာကြ၏။ ဝန်ထမ်းများအတွက် ကြာဇံကြော်ကြော်ပြီးဝေလေ၏။ ထိုမျှဖြင့်ပင် စက်ရုံနှစ်ပါတ်လည်ကာလ နိဌိတန်လေ၏။
နေ့လည် ၁၁ နာရီတွင်မတော့ ကိုရင်စိုင်းတစ်ယောက် စစ်စိမ်းရောင် Aerolus ကားကြီးရှေ့ခန်းတွင် မိန့်မိန့်ကြီးထိုင်ပြီး ဂိတ်ပေါက်မှ ထွက်သွားတော့၏။ (တော်သေး၏။ ဝန်ထမ်းများတစ်ချက်တွန်းရုံဖြင့် ဝူးကနဲ နိုးသွားသောကြောင့်ဖြစ်၏။)
ထိုကားကြီးဖြင့် ရွာလမ်းမကြီးတစ်လျှောက် မောင်းဝင်သွားပြီး ကာရင်အိုကေစက်များ ငှားသည့်နေရာအရောက် ထိုးရပ်လိုက်ပြီး ပါလာသော ဝန်ထမ်းများဖြင့် စက်များကို ကပျာကယာတင်၊ ထိုမှ တစ်ဖန် ဘီယာစက်ရုံဂိတ်ပေါက်သို့ရောက်၊စက်ရုံမှူးအား ဝင်တွေ့ပြီး ဘီယာနှစ်စည်နှင့် အမြည်းထုပ်များကိုတင်ပြီး ကိုရင်စိုင်းတို့ စက်ရုံဂိတ်ပေါက်ကြီးမှတစ်ဆင့် အောင်မြင်ခန့်ညားသော အပြုံးကြီးဖြင့် ခပ်တည်တည်ကြီးဝင်လာပြီး ပုလင်းရွေး ဂိုထောင်ကြီးအတွင်း စက်ပစ္စည်းများချ၊ နေသားတစ်ကျတပ်ဆင်ပြီး ဌာနပေါင်းစုံမှ ဝန်ထမ်းများကို သံချောင်းခေါက်လိုက်သောအခါ ကာရင်အိုကေသံဆူဆူညံညံဖြင့် ယောကျာ်းသုံးရေမွှေးများ ကိုယ်စီဆွတ်ဖြန်းကြပြီး ပျော်မဆုံး၊ မော်မဆုံး ဖြစ်ကြရလေသည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
စက်ရုံမှူးလည်း ပြူးတူးပြဲတဲဖြင့် လာကြည့်ပြီး ကိုရင်စိုင်းအား အားပါးတစ်ရ သူ့ရုံးခန်းထဲ ခေါ်ဆူ/ဆဲလေ၏။ ကိုရင်စိုင်းလည်း စပ်ဖြီးဖြီးမျက်နှာကြီးဖြင့် ဆူ/ဆဲသမျှ ခံလေ၏။ စက်ရုံမှူး၏ ဆူ/ဆဲသံများကို မကြားရတော့ပဲ တံခါးဝမှ သဲ့သဲ့လေး ကြားနေရသည့် တိန်တိန်းတိန်တိန် အသံကြီးဖြင့် ဆိုနေကြသူများအသံကိုသာ ကြားမိတော့သည်။
ထိုလက စက်ရုံမှူးလည်း လစဉ်ကိုရင်စိုင်း ရှာဖွေပေးနေသည့် နိုင်ငံတော်မှ မပေးသော လစာများလဲ မရတော့ပေ။ ထိုမှစ ရန်ညှိုးဖွဲ့သည်ထင်၊ သင်္ကြန်တွင်တစ်ခါ၊ ကထိန်တွင်တစ်ခါ စက်ရုံမှူး နိုင်ငံတော်မှ မပေးသည့် လစာများမရသည့်အတွက် ကထိန်ကာလလွန်သောအခါ ထိုစက်ရုံမှူးနှင့် ကိုရင်စိုင်း နိဌိတန်ခြင်းသို့ ဆိုက်ရောက်လေ၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မည်သို့ပင်ဆိုစေကာမူ လက်ရှိ မြန်မာနိုင်ငံပြင်ပတွင်လည်း ထိုနည်းလည်းကောင်းသာတည့်။ ထို့အတွက်ကြောင့် ကိုရင်စိုင်း ရာထူးတန့်သွားခြင်းလဲ ဖြစ်နိုင်၏။ ကိုယ်ပြုခဲ့သမျှတော့ ကိုယ်ကျေနပ်သည်သာချည့်။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
17 comments
kyeemite
September 28, 2013 at 11:10 am
ကိုရင်စိုင်းပြည်ပမထွက်ခင်က ဘီယာစက်ရုံမှာလုပ်ခဲ့တဲ့အတွေ့အကြုံဆိုပါတော့
သတိရသေးတယ်..၂၀၀၆ လောက်ကမှတ်တယ်
အဲဒီဘီယာစက်ရုံ တစ်ခါသွားလည်ဖူးတယ်ဗျ
သွားခဲ့တာ စနေနေ့မှတ်တာပဲ
အဲဒါ တစ်ပါတ်တစ်ခါ ဝန်ထမ်းတွေ ညနေအလုပ်ဆင်းတာနဲ့ နာရီဝက်(ဖယ်ရီမထွက်ခင်)ဘီယာ
ကြိုက်သလောက်သောက်ခွင့်ပြုတာတွေ့တယ်
ကြုံလို့ ကျုပ်ပါသောက်ခဲ့ရသေးတယ်… 🙂
ဖြူစိုင်း လူ
September 28, 2013 at 11:40 am
ဖယ်ရီမထွက်ခင်ကတော့ မှန်တယ်ခင်ဗျ.. ဖယ်ရီထွက်တော့လဲ ဂါလံပုန်းကြီးတွေနဲ့ သယ်သွားပြီး အိမ်အရောက် ဆွဲကြသေးတာပဲ…
တစ်ပါတ်တစ်ခါဆိုတာတော့ နည်းနည်းလွဲသွားတယ်လို့ ထင်မိပါကြောင်း
မဟာရာဇာ အံစာတုံး
September 28, 2013 at 11:41 am
ကျုပ်လည်း ဝန်ထမ်းဘွကို စိတ်ကုန်နေဘီ …
ဒီဒေါ့ …
ဝန်ထမ်း မခန့်ဘဲ ကိုယ်ဒိုင် ကိုယ်ဂျ လုပ်ငန်းတစ်ခု လုပ်မယ်လို့
အကြီးအကျယ် စဉ်းစားဒယ် ….
နောက်ဆုံး …
ကိုယ်ဒိုင် ရေခဲရေ ဖျော်ပီး တစ်ပွေတည်း စီးပွားရှာတော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ဒယ် …
မနှင်းဖြူ မှန်မှန်ပြော
September 28, 2013 at 11:41 pm
ဟိုဘက်မှာ ဖဲ့တာအားမရလို့ ဒီမှာ ထပ်ဖဲ့ဦးမယ်
ခင်ဗျားပုံနဲ့တော့ ဆက်ဆံရေးကျဲပုံနဲ့ အချိုးမပြေပုံနဲ့
ရေခဲရေတောင်မှ ဒေဝါလီခံနေရဦးမယ်..ထင်တယ်..
မှတ်ပလား..ငါကွ..ငှဲငှဲငှဲ
မဟာရာဇာ အံစာတုံး
September 29, 2013 at 5:52 am
ကိုစိုင်းကြီး ကျုပ် သူ့ကို ပြန်ဖဲ့လိုက်ဦးမယ်
ခင်ညား ပို့စ်ထဲမို့ ခွင့်တောင်းဒါ …
============
ဒီမှာ … ဒီမှာ …
ကျုပ် ပြည်တွင်းဖြစ် ရေခဲရေ ရောင်းတဲ့အခါ
ခညား လာဝယ်မယ်ဆိုလည်း ရောင်းဗူးးးး
အမငေးးး ပိုက်ဆံနဲ့ မရောင်းနိုင်ရင်လည်း
ရေခဲရေ ရောင်းခအနေနဲ့
သများကို သိမ်းပိုက်တော်မူပါ … ဆိုလာခဲ့ရင်တောင်မှ
အင်းးး ရောင်းဗူးးးးး
ဖြူစိုင်း လူ
September 28, 2013 at 11:52 am
တစ်ကယ်တော့ ဝန်ထမ်းတွေရှိတာလဲ (တစ်ခါက တစ်ခြားဘာသာဝင်တစ်ယောက် ပြောဖူးတာပေါ့)
နေ့စဉ် ကုသိုလ်ယူနေတာပဲတဲ့။ သူတို့မှာ သူတို့ကို အုပ်ချုပ်သူကလွဲရင် ကျန်တာ ဘယ်သူမှ သူတို့ကို နားမလည်တဲ့အတွက် သူတို့ကို အုပ်ချုပ်သူတွေက တရားမျှတစွာ အုပ်ချုပ်၊ မင်းလုပ်တာပဲ လက်ခံချင်ကြတယ်တဲ့။
ဒီ့အတွက် ရေးစရာတွေ အများကြီး ရှိပါသေးတယ်လေ…
(စိတ်ပါတဲ့ အခါများပေါ့)
sorrow weaver
September 28, 2013 at 12:00 pm
ဟုတ်တယ်ဂျ…မေမြို့ပြန်မယ်…ကော်ဖီပဲစိုက်စားတော့မယ်…တာမွေထိပ်က ဝက်သားတုတ်ထိုးရောင်းတဲ့ကောင်လေးကို စပ်စုမိပါတယ်…တရက်ဘယ်လောက်ကျန်လဲလို့ …
အဆင်မပြေပါဘူးအစ်ကိုရာ တစ်ရက်နှစ်သောင်းလောက်ပါတဲ့ ..တစ်လဝင်ငွေက ရုံးက ဂျူနီယာမန်နေဂျာလစာလောက်ဖစ်နေတယ်…..ကိန်လို့သာအော်လိုက်ချင်တယ်…ဘဝနှယ့်…စာတွေသင်မိတာတောင် နောင်တရသလိုလိုဖြစ်လာတယ်…ဝန်ထမ်းဘဝက 🙁
ကျော်စွာခေါင်
September 28, 2013 at 3:01 pm
ကိုစိုင်း..
အများအတွက်ပါ စဉ်းစားလုပ်ကိုင်ပေးတတ်တဲ့ စိတ်ဓါတ်ကို အရမ်းလေးစားပါတယ်ဗျာ…
နောက်လည်း အတွေ ့အကြုံတွေကို ဆက်ရေးပေးပါ..ဖတ်ချင်တယ်..။
ကျနော့်ဆီမှာ လာရေးထားတဲ့ ကိုစိုင်း ကွန်မန် ့လေးကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..ကျနော်လည်း တစ်ကောင်ကြွက်ပါဗျာ..။
ကျနော့်အမေက ရှမ်းလူမျိုးဗျ… တောင်ငူဘက်ကလေ..။
ညီအကိုတွေပေါ့နော်..။ ဟတ်လား။
KZ
September 28, 2013 at 6:06 pm
သူ့ဆန်စားမှတော့ ရဲရ မယ် ဆိုတဲ့ စကားရှိသော်လည်းးးးး
ဆန်ပေးမှ ဆီရ ဆိုသလို အလကား စားနေတာမဟုတ်ဆိုတဲ့ အတွေးမျိုးရှိနေသေးသ၍
မှန်တယ်ထင်တာသာ လုပ်ခဲ့သူပါ ကိုရင်။
စလုံးက အနော့ အရင် အလုပ်ကလည်း ဘိုးဒေါ်ကြီးနဲ့ ပတနာတက်လို့ ထွက်ခဲ့ရတာပါပဲ။
သူ့ဝန်ထမ်းဘဝက နားရင်တော့ ထမင်းဆိုင်ဖွင့်မလား စဉ်းစားထားတာပဲ။
😀
TNA
September 29, 2013 at 4:42 pm
အိုက်လာကြောင့်ဒေါ်ကေဇီဒို့ မီးနူးစုနေဒါပေါ့လေ။ များကိုတလချာအရဂါးကျွေးရမယ်နော်။ 😀
KZ
September 29, 2013 at 4:45 pm
ပြောစရာလူတွေလားးးးးး
ကျွေးမှာပေါ့လို့။
😀
ဒီလူဂျီးဆီက ကြက်ကြော်နည်းလေး အရင်ယူလိုက်ဦးမယ်။
ဆရာဂျီးတွေ ဆိုတော့လည်း ပို့(စ) တင်ပြီးတာနဲ့ ပစ်ထားပြီး ရီပလိုင်းတောင် အဖတ်လုပ်မပြန်ကြဘူးဗျာ။
ကော်မန့်ပေးရတာ အားငယ်တာ။
ကျနော့ မက်နာငယ် အယ် အယ်။
:kwi:
ဖြူစိုင်း လူ
September 30, 2013 at 1:09 pm
ရော်… ခက်တော့ ခက်နေဘာဘီလေ
ဘယ်လိုပြန်ပြောရမယ်မှန်းမသိလို့ အခက်တွေ့နေတာပါ ကြီးတော်ရယ်
အင်း…
ပြောမယ့်သာပြောရတယ်.. ဟိုတစ်လောတုန်းက အရမ်းပြန်ပြောတော့..
အလင်းဆက်
September 28, 2013 at 8:57 pm
ဘဝအတွေ ့အကြုံတွေထဲက တစိတ်တပိုင်းပေါ့လေ…။
———–
TNA
September 29, 2013 at 4:43 pm
အတွေ့အကြုံလေးတွေထပ်ဖတ်ချင်ပါသေးတယ် ကိုရှုုံးရေ။ ဖတ်ရတာစိတ်ဝင်စားစရာပါ။
Ko chogyi
September 30, 2013 at 8:37 am
“““ ကိုရင်စိုင်းတစ်ယောက်လဲ အံဆွဲထဲမှ Vegas ဗူးကိုထုတ်လိုက်ပြီး ဒေါသကြောင့် တုန်ရင်နေသည့် လက်ဖြင့် နှုတ်ခမ်းဖျားတွင် တပ်လိုက်ပြီး မီးခြစ်ကို ထောက်ကနဲမြည်အောင်ခြစ်လိုက်ပြီး ခပ်ပြင်းပြင်း တစ်ရှိုက်ရှိုက် လိုက်သည့်တစ်ခဏ နှုတ်ခမ်းမှ မီးခိုးလုံးတစ်ဆုပ်ကို အားပါးတရမှုတ်ထုတ်လိုက်ပြီးနောက် မီးခိုးငွေ့များ လွင့်ပါးသွားရာသို့ အတွေးများကို ရွက်လွှင့်မိပြန်သည်။”””
လူအများရှိတဲ့ ရုံးခန်းထဲမှာ လွတ်လွတ်လပ်လပ် ဆေးလိပ်သောက်ပြီး မီးခိုးတွေပါ အားရပါးရ မှုတ်ထုတ်သေးတာ “မွန်မွန် ” ရှိရင်တော့ ပြသနာပဲ။
nozomi
September 30, 2013 at 6:22 pm
ဒီ အတွေ့အကြုံ တွေကလဲ ဘဝ မှာတော့ နောက်တဆင့်ကို တက်နိုင်မဲ့ လှေကားထစ်လေးတွေ ဖြစ်မှာပါ
ကိုရင်စိုင်း ကြုံတုန်းလေး တစ်ခုမေးချင်လို့ KFC မှာ ကြက်ကြော်တဲ့ ဆီကို ဘယ်လောက်ပဲ သုံးမယ် ဆိုတဲ့ ကန့်သတ်ချက်က ဘယ်လောက်လဲ
မနေ့က ကြက်ကြော်စားချင်တာနဲ့ သွားဝယ်တော့ ၁၅ မိနစ်လောက် စောင့်ပါဦး ဆိုတာနဲ့
စောင့် ရင်း နဲနဲ ဗျူး ကြည့်တာ
ဒီ မှာတော့ ဆီ တစ်ခါ ထည့်ရင် အဲဒီ ဆီကို အတုံး ၁၀၀ဝ လောက်ထိ ကြော်တယ်တဲ့
သူ တို့ ရဲ့ ရောင်းအား အရ တကြိမ်ကို ၄ ရက်လောက် သုံးရတယ်
အဲဒါဆို ကျန်းမာရေးဝန်ကြီးဌာနက ပြောတဲ့ ကြော်ပြီးသား ဆီကို ပြန်ကျော်ရင် ကျန်းမာရေးထိခိုက်နိုင်တယ် ဆိုတာနဲ့ မငြိနိုင်ဘူးလား
ဖြူစိုင်း လူ
September 30, 2013 at 9:43 pm
ဒီမှာသုံးတဲ့ဆီက ဟင်းသီးဟင်းရွက်ဆီကိုသုံးပါတယ်.. တစ်ခါထည့်ရင် စက်အရွယ်အစားပေါ်မူတည်ပြီး ပေါင် ၅ဝ ကနေ ၁၁၀/ ၁၅ဝ ထိထည့်တယ်ပေါ့လေ.. အဲဒါကို တစ်ရက် သုံးကြိမ် (၅ နာရီ တစ်ခါလောက်) Magnesol XL ဆိုတဲ့ ဆီသန့်စင်ပေးတဲ့ ဓါတုချွတ်ဆေးတစ်မျိုးကို သုံးရပါတယ်.. နောက်ဆုံး ဘယ်အချိန်မှာ Discard လုပ်လဲဆိုရင် သံပြားဝိုင်းလေးကို အလည်မှာ သံချောင်းလေး ထည့်ထားတာလေးနဲ့ စမ်းရပါတယ်.. သံပြားကနေအထက်ကို ဘယ်နှစ်လက်မဆိုတာပေါ့၊ အဲဒါကို ဆီထဲနှစ်ထည့်ပြီး Pilot Lamp (ဘောပင်လို ဓါတ်မီးသေးသေးလေးနဲ့) ထိုးကြည့်လိုက်လို့ ၂ လက်မထက်ပိုပြီးတော့ ဆီထဲက သံပြားလေးကို မြင်နေရရင် ဆက်သုံးရပြီးတော့ ၂ လက်မအောက်ပဲ မြင်ရတော့ရင်တော့ (ဥပမာ – သံပြားဝိုင်းက အထက် ၁ လက်မလောက်မှာပဲ မြင်ရတော့ရင်) မသုံးတော့ပါကြောင်း…။
ဘယ်နှစ်တုံးရယ်လို့ သတ်မှတ်ထားခြင်းမရှိပဲ ပုံမှန်အားဖြင့်တော့ ရ ရက် တစ်ခါလောက်တော့ Discard လုပ်ရတယ်ဆိုတာ ပျမ်းမျှ သတ်မှတ်ထားပါတယ် ကိုရင် နိုဇိုမိရေ