သွေး… ဝတ်မှုန်
ကြာတော့ကြာခဲ့ပါပြီ…..
ဘဝရဲ ့အလှည်းအပြောင်းတွေနဲ ့အတူ ၊ လောကကို လေဆန်ပျံခဲ့တဲ့ ငှက်ကလေး တစ်ကောင်လို
ပျံသန်းရင်း ဝမ်းတစ်ထွာအတွက် ၁၆နှစ်သားလောက် အရွယ်မှာ
ဇာတ်သဘင်အဖွဲ ့ကြီး တစ်ခုရဲ ့ပင်တိုင်ပန်းချီ သမားအဖြစ် လိုက်တုန်းကပေါ့…။
တောင်ကြီး တန်ဆောင်တိုင်ပွဲကို ၁၃ည ကပြပြီး နမ့်ဆန်မှာကတော့….ပွဲကြည့် ပရိတ်သတ်ကလည်း များမှများ..။
တိုင်းရင်းသားတွေလေ..ရှမ်း၊ပအို ့တောင်သူတွေပေါ့…။
ဒါနဲ ့ပြဇာတ်ပြီး နှစ်ပါးခွင်ကနေတုန်း ဇာတ်ဆရာက ပြောပါတယ်…ပန်းချီဆရာ…ရုံဝင်ပေါက်ကိုသွားပြီး မန်နေဂျာ ဂျော်နီ ကိုပြောပေးပါ..လူပါးနေရင် ရုံဖွင့်လိုက်တော့ပေါ့…
ဒါနဲ ့သွားပြောတာပေါ့…ကိုယ့်ဆရာက ဖွင့်လိုက်ပြီလို ့ဇာတ်ဆရာကို သတင်းပေးပြီး၊ရုံမဖွင့်ဘဲ…အောက်ဆိုက်
ရှာနေတုန်း…ရတဲ ့ငွေ သူ ့အတွက်ပေါ့..။
ကျနော့်ကိုတောင် ခဏစောင့်ပေးပါ..ပါဆင့်နစ်ပေးမယ်..ငါအပေါ့အပါးသွားမလို ့ဆိုပြီး ထွက်သွားပါလေရောဗျာ….။
ချမ်းတာကလည်း အတော်ချမ်းတာ…အနွေးထည်ကို တင်းတင်းဆွဲပြီး ဝတ်ရသည်
အဲလို စောင့်ပေးနေတုန်းမှာ ရုံအဝင်ဝကို တောင်းလေးတွေ ဗန်းလေးတွေနဲ ့ရောက်လာတာ…
တိုင်းရင်းသူ အဖွားကြီးတွေရော ခလေးတွေရော ၁၅ယောက်ကျော်မယ်…
ခလေးမလေးတွေက ဆံပင်ညိုလဲ့လဲ့..ဆံပင်ဖွာဖွာ..ပါးလေးတွေကလည်း ရဲနေတာဘဲ…။
မျက်လုံးတွေက အညိုလိုလို အပြာလိုလိုပါ….ချစ်စရာလေးတွေ…။
ကျနော်သိလိုက်တာက….သူတို ့မျက်နှာလေးတွေ အရမ်းရိုးသားတာကိုပါ…။
ကျနော်ကြည့်နေတုန်းဘဲ အုပ်စုလိုက်ကြီး အနားကပ်လာတယ်…ပြီးတော့ ကျနော့်ကိုလည်း စကားတွေပြောတယ်..ကိုယ်ကလဲ နားမလည်..ဘာပြောရမှန်းလည်း မသိ.။
သူတို ့ကလည်း ခြေဟန်လက်ဟန်တွေနဲ ့ပြောပေါ့… ဂျော်နီ ကလည်း မလာသေး..လာလည်း သူလဲနားလည်မှာမဟုတ်ပါဘူး..
ပြောနေတာ …၅ မိနစ်လောက်ကြာမယ်…နောက်မှ သူတို ့မျက်နှာလေးတွေ ကို ကြည့်ပြီး အတွေးတစ်ခု ဝင်လာတာ…ပွဲများဝင်ကြည့်ချင်လို ့လားပေါ့…။
ကျနော်အမေကရှမ်းမို ့ရှမ်းသွေးတစ်ဝက်ပါပေမယ့် .ရှမ်းစကားကလည်း တစ်လုံးမှမတတ်တော့..
ပွဲကြည့်ချင်လို ့လားလို ့မေးဘို ့အရေး ၊ ခေါင်းခါခါလည်ခါခါနဲ ့ ကိုယ့်ကိုကိုယ်လေသင်တုန်းဆွဲနေသလားတောင်ထင်ရတယ်..။
(အမူအယာကို မျက်စေ့ထဲမှာသာ ပုံဖေါ်ကြည့်ပေတော့)….
အမူအယာ သင်္ကေတ မှန်သွားတယ်ဗျ…သူတို ့ပွဲကြည့်ချင်နေတာ…….။
ကိုယ်ကလည်း လက်ညိုးလေးနဲ ့လက်မလေး ဝိုင်းပြတော့…အားလုံးခေါင်းခါကြတယ်…
တစ်ချို ့ကလည်း ပါသလောက်ထုတ်ပြပါတယ်….ဒါပေမယ့် အားလုံးပေါင်းရင်တောင် ၁၅ ယောက်စာ မပြောနဲ ့ ၃ ယောက်စာတောင် မပြည့်ပါဘူး….ကျနော် တော်တော်စိတ်မကောင်းဖြစ်သွားတာပေါ့…ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း…
ဇာတ်ဆရာ ပြောတာ သတိရသွားတယ်… အခြေအနေ ကြည့်ပြီး ရုံကို ဖွင့်လိုက်တော့ ဆိုတာ…ဒါနဲ ့ကဲ ဖြစ်ချင်ရာဖြစ်ကွာဆိုပြီ…
“ လာ..လာ..ဝင်ကြ” ဆိုပြီး…အကုန်လံ ုး ရုံထဲ သွင်းပစ်လိုက်တာပေါ့…..။
ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆို “ သွေးက စကားပြောတာပေါ့” လေ..။
………..
သွေးကစကားပြောပြီး မကြာပါဘူး….မန်နေဂျာ စကားပြောတော့တာဘဲ…။
“ ခုန က လူ၁၅ ယောက်ကျော် မင်း သွင်းလိုက်တာ ငါမြင်လိုက်တယ်….ဘယ်လောက်ရလဲ” တဲ ့.
တစ်ပြားမှ မယူလိုက်ဘူးဆိုတော့ သူ ့ဂွင်ပျက်သွားလို ့မွှန်သွားတယ်….ပြသနာကဒီလောက်နဲ ့မပြီးပါဘူးဗျာ….
ရွှေကိုယ်တော်က ဇာတ်ဆရာဆီသွားပြီး လိုတိုးပိုလျှော့နဲ ့ လုပ်ကြံချဲ ့ကားပြီး ပြောနေလိုက်တာ….ဇာတ်စင်မှာငိုချင်းချနေတဲ့
နောက်ပိုင်းမင်းသားတောင် ဩချလောက်တယ်….ပြောကြရှင်းကြယင်းနဲ ့ဘဲ……
ဇာတ်တော်ပေါင်းလိုက်တော့ ကျနော်ရပိုင်ခွင့်ငွေထဲက ၁၆ ယောက်စာ ဖြတ်တယ်ပေါ့ဗျာ….။
ကျနော်တော်တော်အီသွားတယ်….ဘာမှတော့ပြောမနေတော့ပါဘူး……။
မပြောနိုင်ဆို မိုးလင်းရင်ထုတ်ပေးနေကြ အသုံးငွေတောင် ထုတ်မပေးတော့..ရေသောက်ဗိုက်မှောက်အိပ်ပေါ့..။
………….
ညနေဘက်ကြ ဇာတ်ရုံဘေးမှာထိုင်ပြီး တောင်တန်းတွေကို ငေးနေတာပေါ့…။
အဲဒီမှာဘဲ ၁၁နှစ်အရွယ်လောက်ရှိမယ့် ခလေးမလေးတစ်ယောက် ပြောင်းဖူးလေး၂ဖူးကိုင်ပြီး ရောက်လာတယ်..စကားပြောတော့ဘယ်နားလည်မှာလဲ..။
ကျနော့်စိတ်ထဲမှာ ပြောင်းဖူးလာရောင်းတယ်ထင်တာပေါ့….ကျနော်ခေါင်းရမ်းပြလဲ၊ မသွားဘူး…..
ငွေမရှိဘူးလို ့လက်ဟန်ခြေဟန်ပြလည်း မရဘူး….ကျနော့်ကိုဘဲစိုက်ကြည့်နေတာ…..။
နောက် မပြောမဆို ငိုပြီးထွက်သွားရော…
ကိုယ့်မှာလည်းဘာမှန်းမသိ ညာမှန်းမသိ…မစဉ်းစားတတ်ဘူး….။
ခဏနေတော့ ခုနက ခလေးမရယ်၊အဘွားအိုတစ်ယောက်ရယ်..ထောင်ထောင်မောင်းမောင်းလူတစ်ယောက်ရယ်
ပြန်ရောက်လာတယ်.
အဲဒီလူကိုတော့ ကျနော်သိတယ် ။ဇာတ်ရုံရှေ ့မှာ အရက်ရောင်းတဲ ့လူ…ဗမာစကားနည်းနည်းတတ်တယ်…
ကိုယ်လည်း ပြသနာဝင်ပြီထင်တာပေါ့….
ကိုယ်ကဘဲ အရင်ပြောပြလိုက်တယ်…ကျနော်ညီမငယ်ကို ဘာမှမလုပ်ဘူး သူငိုသွားတာလို ့ပြောတာပေါ့…။
နောက်မှ အဲဒိလူကပြန်ရှင်းပြတာ…
ဒီခလေးမြေးအဘွားကို ညက ခင်ဗျား ရုံထဲမှာ ပွဲပေးကြည့်တယ်တဲ့….သူရုံထဲရောက်တော့ ဝင်ဝင်ချင်း ဘာမှမမြင်လို ့အပေါက်နားမှာရပ်နေတုန်း သူတို ့ကို ပွဲပေးမကြည့်တဲ ့အရင်လူနဲ ့ခင်ဗျား စကားများနေတာတော့ သူမြင်တယ်တဲ ့…သူစကားနားမလည်ပေမယ့် သိတယ်တဲ ့…..။သူတို ့မှာလဲပိုက်ဆံပေးစရာ မရှိဘူတဲ ့….
ဒါကြောင့် ခင်ဗျားကို သူ ့ခြံကထွက်တဲ ့ ပြောင်းဖူးလေး ကျွေးချင်တယ်တဲ ့…။ ။
ဟာ…..ကျနော်ဗျာ ဘယ်လို ဖြစ်သွားမှန်း မသိဘူး….
မယူပါရစေနဲ ့လို ့ပြောတော့ ခလေးမရော သူ ့အဖွားပါ မျက်ရည်တွေကျနေတာ…။သူတို ့ဘာသာစကားတွေလည်း ဟိုလူကို ပြောရင်းပေါ့…….နောက်တော့ ဘာသာပြန်ပေးတဲ့ လူက ပြောတယ်..
“ ခင်ဗျား သူတို ့ကို သနားရင် ယူလိုက်ပါဗျာ” ဆိုတော့ ကျနော်လည်း မငြင်းရက်တော့ပါဘူး….ယူထားလိုက်ပါတယ်။
သူတို ့ရှေ ့မှာဘဲ စားပြလိုက်ပါတယ်….
အို….ကမ္ဘာမှာ….အချိုဆုံး ပြောင်းဖူးလေးပါ…။
ကျနော်တစ်ထိုင်ထဲ စားလို ့မကုန်ပါဘူး….
ခုချိန်ထိ အဲဒီပြောင်းဖူးလေးဟာစားလို ့မကုန်သေးပါဘူး….
ကျနော်စိတ်ထဲမှာ ယုံကြည်တာ တစ်ခုရှိနေပါတယ်..သိနေတာပါ..
လွန်ခဲ ့တဲ ့နှစ်ပေါင်းများစွာက လက်ခံခဲ ့တဲ့လက်ဆောင်လေးက
“ တစ်သက်လုံး စားမကုန်တဲ့ ပြောင်းဖူးလေး” ပါ။
ကျနော်တို ့တိုင်းပြည်က အစားအသောက်လေးတွေမှာ တိုင်းရင်းသားတွေရဲ ့နှလုံးသွေးတွေပါနေခဲ့တယ်ဆိုတာ…..
အဲဒီအချိန်ကတည်းက ကျနော်ခံစားသိရှိခဲ့ရတယ်..။
……………………………..
…………………………….. ။
လူအချင်းချင်း ခွဲခြားခြင်း…… ကင်းရှင်းကြပါစေ
ကျော်စွာခေါင်
21 comments
ဦးကျောက်ခဲ
October 16, 2013 at 7:12 am
ရင်ဘတ်ကြီးနဲ့ ဖတ်သွားတာ နှလုံးသားထဲက တစစ်စစ်နာလာတယ်…
အကိုကြီးရဲ့ စိတ်ဝင်စားစရာ ဘဝတစွန်းတစကို မျှပေးတာ ကျေးဇူးပါ…လို့
ပန်းချီနဲ့ အနုပညာကို ဒီလောက်ချစ်တာ… ဩချလောက်တယ်…
ကထူးဆန်း
October 16, 2013 at 11:46 am
…… ditto…
ကျော်စွာခေါင်
October 16, 2013 at 11:21 pm
ကိုကျောက်
ရင်ဘတ်ကြီးနဲ ့ဖတ်နေရင်း နှလုံးသားထဲက တစစ်စစ်နာလာတယ်ဆိုတာ…
နှလုံးသားမှာ ခံစားမှုခြင်းတူရင် ဖြစ်လာတတ်ပါတယ်.. ကိုကျောက်..
ကျနော့် ဘဝ အစိတ်အပိုင်း တွေ ချပြချင်ပေမယ့် နာကျင်လွန်းလို ့ မြေမြှုပ်ထားချင်တာပါ..မှန်သောစကားပါ..
ကျနော့်ကို ကိုကျောက်သိနေတယ်ဆိုတော့ ကျနော်အံ့ဩနေတာ..ကိုယ့်ဘာသာ ကိုယ်တော့ လုံပြီထင်နေတာ..။
နောက်တော့ တဖြည်းဖြည်း ရေးချင် ရေးဖြစ်မှာပါ…။
… ကျနော် အနုပညာကို ချစ်တယ်ဆိုတာကလည်း …..ကိုယ်နားခိုစရာ ရင်ခွင်က အစစ်အမှန်ဆိုလို ့ ဒီနယ်ပယ်ဘဲ ရှိတာကိုး..။
alinsett
October 16, 2013 at 7:31 am
ပန်းချီရော
စာပေအနုပညာ မှာ ပါ
အရောင်အသွေးလှလှ ချယ်မှုန်းတတ်တာကို လေးစား အားကျမိပါတယ်ဗျာ
ကျနော်တို့ ပုံမှန်မတွေးမိတဲ့ထောင့်လေးတွေကနေ တွေးပြီးရေးတဲ့
ဦးခေါင် ရဲ့ စာပေဖန်တီးမှုတွေကိုလည်း
အစဉ်အမြဲ ဖတ်ချင်နေပါတယ်
ကျော်စွာခေါင်
October 16, 2013 at 11:24 pm
အလင်းဆက်ရေ..
ပုံမှန်မတွေးမိတဲ့ ထောင့်လေးတွေက တွေးတာဆိုတော့……
ဦးခေါင်ဘဝကလည်း လွယ်ကူစွာ ပုံမှန်ကြီးပြင်းခဲ့ရတာ မဟုတ်ဘူးလေ…
အဲလိုတွေ တွေးဖြစ်ခဲ့တာကလည်း ဘဝပေး အသိတရားလေးတွေပါ..။
ဦးခေါင်လည်း ဆက်ရေးမှာပါ..
အလင်းဆက်စာတွေကိုလည်းဖတ်ပါတယ်ဗျာ…။
KZ
October 16, 2013 at 9:17 am
အဲလောက် စိတ်ခံစားမှုစွမ်းရည်မြင့်လို့ ပဲ ဒီလို အနုပညာသမားဖြစ်လာတာကိုးးးးး
ရေးထားတဲ့ အကြောင်းအရာထက်
ရေးတဲ့သူရဲ့ စိတ်ခံစားချက် အခြေခံထိကို
ဒီ အာရုံက ရောက်ရောက်နေတော့ အခက်သားကလားးးး
ကျော်စွာခေါင်
October 16, 2013 at 11:27 pm
KZ
မကေ..
ရေးသူရဲ ့စိတ်ခံစားချက်ကတော့…ကလေးဘဝက စပြီး နာကျင်လွန်းလို ့ကိုယ်ချင်းစာတတ်သွားတာ…
ပိုပြီး ကိုယ်ချင်းစာစိတ်မွေးခဲ့ရတာလို ့ဘဲ ပြောချင်ပါတယ်..။
TNA
October 16, 2013 at 12:10 pm
ရှင်းရှင်းလေးနဲ့မြင်အောင်ရေးသွားနိုင်တာချီးကျူးပါတယ်။ တကယ့်ကို မျက်စိထဲကွင်းကွင်းကွက်ကွက်မြင် မိပါတယ်။
ကျော်စွာခေါင်
October 16, 2013 at 11:29 pm
မားးးးးးးးနု
စာလာဖတ်ပြိး အားပေးတာ ကျေးဇူးပါ..
မားးးးးးနု လဲ ..ရေးတာတော်တာပါဘဲ…ဟို စပယ်ယာမလေး ပို ့စ်မှာ…
ဒူးဝါးလေးတစ်ယောက် ခြေမကိုင်မိ၊လက်မကိုင်မိကိုဖြစ်လို ့…။
sorrow weaver
October 18, 2013 at 1:50 pm
လူတစ်ဖက်သားကို ဝိုင်းသမတာ….စာရေးကောင်းကြတယ်ဆိုပြီး…အဟင့်ဟင့်..အဲ့ရာကောင်းသလား ….အရပ်ကတို့
Ma Ma
October 16, 2013 at 12:11 pm
ရွာ့ပန်းချီဆရာ ဆရာခေါင် စားခဲ့ရတဲ့…….
ကမ္ဘာမှာ အချိုဆုံး ပြောင်းဖူးလေးကို
ကမ္ဘာသူားအားလုံးကို စားသုံးစေချင်မိတယ်။
🙂
ကျော်စွာခေါင်
October 16, 2013 at 11:31 pm
မမ
တချို ့က အဲလို အစားအစာတွေ မကြိုက်ကြဘူး..မမရဲ ့..။
•*¨နန်းတော်ရာသူ •*¨
October 16, 2013 at 6:39 pm
အနုပညာသမားဆိုတော့ ကြင်နာတတ်ပေတာပေါ့
ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ပန်းချီဆရာကြီး
🙂
ကျော်စွာခေါင်
October 16, 2013 at 11:32 pm
ဟောာာာာာာာာ…………………………………
မန်းလေးနန်းတော်ထဲက တရုပ်မလေး။။။ ကျေးဇူးပါ…လာဖတ်တာ..။
padonmar
October 16, 2013 at 8:13 pm
ရှမ်းမလေးခေါင့်ကိုကျွေးသွားတဲ့ ပြောင်းဖူးကို
ကျမတို့ ဂဇက်ရွာသူားတွေလည်း စားလိုက်ရပါတယ်။
ချိုပါပေ့။
(ဟိုရှေးရှေးကလူကြီး ပြည်ကဘုရားမှာ စားသွားတဲ့ ပြောင်းဖူးနဲ့တော့ တခြားစီ၊
သိပ်မကြာခင်က လူကြီး ဈေးထဲမှာေ ထာင်ပြသွားတဲ့ ပြောင်းဖူးနဲ့လည်း ဆီနဲ့ရေ ပါပဲ။)
ကျော်စွာခေါင်
October 16, 2013 at 11:34 pm
မမမာ…
စားပါစားပါ…နှလုံးသားနဲ ့စားရင် ချိုတာပေါ့…။
ပြောင်းဖူးချင်း တူပေမယ့်…
စေတနာ မတူဘူး..မမမာရဲ ့..။
ဝင့်ပြုံးမြင့်
October 17, 2013 at 2:07 am
ဆေးစက်ကျရာ အရုပ်ထင်နေတော့တာပဲ ကိုခေါင်ရေ။
အနုပညာသမားစစ်စစ်နဲ့ တစ်ရွာတည်းနေရတာ သုခကြီးလိုက်ပါဘိ။
မနှင်းဖြူ မှန်မှန်ပြော
October 17, 2013 at 9:52 am
ပန်းချီ ၊ ကဗျာ ၊ စာတွေ ရေးတာ ဘက်စုံတော်လိုက်တာဗျာ
အားကျလိုက်တာ … အဖြစ်အပျက်တွေက ကိုယ်တိုင်ကြုံခဲ့တယ်ဆိုပေမယ့်
အရေးအသားကောင်းတော့ ကိုယ့်ရှေ့မှာ ကိုယ်တိုင် ထိုင်ကြည့်ရင်း မြင်နေရသလိုပဲ ခံစားမိပါရဲ့
အဲဒီပြောင်းဖူးလေးကိုလည်း မျှော်မှန်းပြီး စားသွားပါတယ်။
Mr. MarGa
October 17, 2013 at 11:22 am
အဲဒီ အဲဒီ ပြောင်းဖူး
ကျွန်တော် လဲ စားချင်တယ်
ကျွန်တော် စားရင်လဲ စားလို့ ကုန်မှာမဟုတ်ဘူး
စေတနာ….ဆိုတာ
ဘာနဲ့မှ လဲလို့ မရပါလား နော်……….
ကိုကြီးကျော်ရေ
ဒီပို့စ် ကလဲ
ကျွန်တော့်ကို
ပြင်းရှရှ ခံစားချက်တွေ ပေးတယ်ဗျာ…
ဖားသဂျိုးးး
Wow
October 17, 2013 at 11:51 am
😥
lele kyi
October 18, 2013 at 4:53 pm
ငယ်ငယ်တုန်းကတော့ပွဲကြိုက်ခင်ပါပဲ။ ရွာဓလေ့ ဘုရားပွဲလုပ်ရင် ဇတ်ပွဲထည့်ကြတယ်။ အနီးအနားက ရွာတွေ ကလာကြည့်ကြတာပေါ့။ နွေဦးပေါက် စပါးပေါ်ရင် လယ်သမားတွေ ငွေရွှင်ကြတယ်လေ။ ပွဲတွေအလျှိုအလျှို ရွာတွေမှာပေါ်လာတာပဲ။ ဇာတ်သမားလာရင် မှတ်သားစရာ စကားကျန်တယ်ဆိုလား ဘာလား။ မေမေပြောပြောနေတာ။နောက်တာလားအတည်လားတော့သိဘူး။ ကလေးစကားနဲ့ ဇတ်သမား စကား က တဘောင်လိုလိုဘာလိုလို။ အဲ့လို ကျေးလက်နေ တောင်သူတွေရင်ထဲမှာရှိတာပါ။ အလယ်တန်းကျောင်းသူဘဝတုန်း မင်းသားချောချောလေးကို သူငယ်ချင်းနှစ်ယောက်လိမ်မော်သီးတွေဝယ်ပြီးသွားပေးဘူးတယ်။ ဟိ။