နောက်များတစ်ခါ…….

marblecommetOctober 25, 20131min57929

(၁)
အကုသိုလ်အတုံးအခဲ မောင်ကမ်းလွှတ်လိုက်သည့် လေးသီးအဆုံးတွင် သစ်ပင်ခွကြားမှ
ပုတ်သင်ညိုတစ်ကောင် မြေပြင်ပေါ်သို့ “ဖုတ်”ကနဲ လွင့်ပါး သက်ဆင်းသွားသည်။
သွားကောက်လိုက်တော့ ခေါင်းကို ထိထားသည့် လေးသီးဒဏ်ရာနှင့် လည်ပင်း ပြတ်လုနီးနီး။
သွေးသံရဲရဲနှင့်။ ဒီလို သွေးသံရဲရဲဆိုလျှင် ပိုကောင်းသည်။ သွေးညှီကြောင့် သူရို့ ပို၍အလိုက်များသည်။

ဒီရေတောအစပ် ခြုံစဉ်တန်းတစ်လျှောက် မောင်ကမ်းတို့ တပ်သားတစ်သိုက်၊ လေးခွတစ်ယောက်တစ်လက်၊
လွယ်အိတ်တစ်လုံးစီလွယ်ကာ ပုတ်သင်ညို ရှာဖွေရေး “မစ်ရှင်”လုပ်နေကြသည်။ စတုတ္ထတန်းကျောင်းသားကြီးများ၏
တနင်္ဂနွေအားလပ်ရက်ဖြစ်သဖြင့် လွတ်လပ်ပေါ့ပါးနေကြသည်။ မောင်ကမ်း၊ ကျော်ဇင်သိန်း(ယခုဒေါက်တို)၊
နေလင်း(ယခု ဆိုင်ကယ်ကယ်ရီ)၊ ကောင်းမော်(ယခု ပြင်ပ)၊ ဇာပချီး(ယခု ထောင်ကျ- အိမ်ထောင်) တို့
လေးယောက် ခြုံစဉ်တန်းတစ်လျှောက် ပုတ်သင်ညိုများကို သဲကြီး မဲကြီး ပစ်ခတ်လျှက်ရှိကြသည်။
မောင်ကမ်းတွင် ပုတ်သင်ညို ငါးကောင်နှင့် တစ်ပိုင်း ရပြီးနေပြီ။ ငါးကောင်နှင့် တစ်ပိုင်းဟုဆိုရခြင်းမှာ
တစ်ကောင်ကို ပစ်လိုက်သည်တွင် ခါးပြတ်ထွက်သွားကာ ခေါင်းပိုင်းမှာ ခြုံထဲတွင် ပျောက်သွားသည်။
ထို့ကြောင့် ခါးပြတ် အမြီးတစ်ပိုင်းသာ အူတန်းလန်းနှင့် ရလိုက်၍ (၅)ကောင်နှင့် တစ်ပိုင်းဟု ဆိုလိုခြင်းပင်။

“ဟေ့ကောင်တွေ ငါတော့ အစာရနေပြီ၊ ရေလည်း တက်တော့မယ်ကွာ လစ်ကြစို့”
“ငါလည်းရပြီကွ”
“ဟင်ကွာ ငါမရသေးဘူး ခဏလေး”
“အာ….ရေတက်လာတော့မယ်ကွ၊ အချိန်မရှိဘူး၊ သွားမယ်၊ မင်း ငါတို့ဆီက
တစ်ယောက်တစ်ကောင်စီ ယူလိုက်ရင် ဖြစ်ပါတယ်ကွာ…ဟင်..နော်”
ပုတ်သင်ညိုမရသေး၍ တွန့်ဆုတ်ဆုတ်လုပ်နေသည့် ဇာပချီး ကို ကောင်းမော်က ဝင်ဖြေရှင်းလိုက်သဖြင့်
မောင်ကမ်းတို့ တာရိုးပေါ်သို့ ချီတက်ခဲ့ကြတော့သည်။

(၂)
ဒီရေတောကို ဖြတ်ဖောက်ဆည်ထားသည့် ပုဇွန်ကန်ပေါင်ရိုး အဟောင်းအတိုင်း မြစ်မ မှ စီးဝင်နေသည့်
ချောင်းမကြီးဆီသို့ လာခဲ့ကြသည်။ တာရိုးတစ်လျှောက် တွေ့သည့် ကျောက်တုံးအချွန်၊ တုတ်ချောင်း သစ်ကိုင်း
အဖြောင့်များကို ချိုးခုတ် ယူခဲ့ကြသည်။ ချောင်းကမ်းနဖူး ရောက်သောအခါ ချောင်းရိုး ကျယ်ကျယ်ကွေးကွေးလေးထဲသို့
ဒီရေမှာ အမြှုပ်တဖားဖားနှင့် တိုး၍ လာနေချေပြီကော။ ချောင်းကမ်းနဖူးပေါ်တွင် ရဲဘော်များ အသီးသီး နေရာယူလိုက်ကြသည်။
ထို့နောက် ကိုင်းတံအတွက် တုတ်ချောင်း တုတ်ကောက်များကို ထပ်ချိုးလိုက်ကြပြီး လွယ်အိတ်ထဲမှ ကြိုးများကို ထုတ်ကာ
ချည်လိုက်၊ တပ်လိုက်ဖြင့် အလုပ်ရှုပ်နေကြသည်။ သစ်သားတုတ်ချောင်းအဖျားတွင် ကြိုးစချည်၊ ကြိုးအဖျားနား တစ်မိုက်လောက် အကွာမှာ အလေးအတွက် ခဲလုံး အချွန်များကို ချည်လိုက်ပြီး ကြိုးအဆုံးကျမှ ပုတ်သင်ညိုတစ်ကောင်ကို ခါးလယ်က
ပိုင်းချည်လိုက်သည်။ ထို့နောက် ဒီရေ တိုးလာနေသည့် ချောင်းမထဲသို့ “ပလုံ” ကနဲ ပစ်ချလိုက်ပြီး ကိုင်းတံကို ကမ်းနဖူးတွင်
ဖိစိုက်လိုက်သည်။ သည်လိုနှင့် တစ်ကိုင်းပြီး တစ်ကိုင်း၊ ချောင်းထဲသို့ ချနေကြသည်။ စကားမပြောအားကြ။ ကိုယ့်ဇော်နှင့်ကိုယ်။
မောင်ကမ်း၏ ခြောက်ချောင်းမြောက် ကိုင်းတံကို ချအပြီးမှာပင် တစ်ခုသော ကိုင်းတံအား ရေထဲမှ အရာတစ်ခုခုက ကွေးညွတ် နေအောင်ဆွဲနေချေပြီကော။ မောင်ကမ်း ဝမ်းသာအားရဖြင့် နှီးချောင်းနှင့် ဝိုင်းပတ်ချဉ်ထားသည့် ပိုက်ခြင်းကို ပြေးယူသည်။ ပြီးနောက် ကွေးညွတ်ကုန်းရုန်းနေသော ကိုင်းတံဆီသို့ ပြေးချသွားသည်။ ဟိုကောင်တွေကလည်း ပထမဆုံးအကောင်ဆိုတော့ မျက်လုံးအပြူ းသားနှင့် ငေးလို့။ ကိုင်းတံကြိုးဖျားလေးကို သာသာဖွဖွ ဆွဲယူသည်။ လက်သည် တင်းကနဲ ခံစားရ၏။ ရေအောက်ထဲမှ တစ်စုံတစ်ခုသော သတ္တဝါကလည်း ပြန်ဆွဲ၏။ အဆွဲကြမ်းလှချည့်။ ကြိုးပြတ်ထွက်တော့မည့်အလား။ တယ်ကောင်းတဲ့ အရသာပါလား။ မောင်ကမ်း ရင်တဒိတ်ဒိတ် ခုန်နေသည်။
ကြိုးသည် တဖြည်းဖြည်းနှင့် ရေမျက်နှာပြင်ပေါ် ရောက်လုနီးပြီ။ ထိုစဉ် ရေထဲမှ ရဲတောက်နေသော အရိပ်တစ်ခုကို
တွေ့လိုက်ရသည်။ ပုတ်သင်ညိုကောက်ကို သူ့ လက်မကြီး နှစ်ဖက်ဖြင့် အားပါးတရ ညှပ်ထားသည်။ အားပါး နည်းတဲ့ ဂဏန်းကြီးလား။ မောင်ကမ်း ပိုက်ခြင်းကို ရေထဲသို့ နှစ်လိုက်ပြီး ဂဏန်ကောင်ကြီးအောက်သို့ ကျော့သွင်းကာ ရေပေါ် ဖော်တင်လိုက်သည်။ ပိုက်ခြင်းထဲတွင် ထွေးကနဲ ရုန်းကန်ရင်း
ပါလာသည့် ဂဏန်းက နည်းတဲ့ကောင်ကြီးမဟုတ်။ လက်မတစ်ချောင်းပင် သီးမွှေးငှက်ပျောသီး နှစ်လုံးပူးစာလောက် ရှိသည်။

ထိုဂဏန်းခြင်းကို မောင်ကမ်း တာပေါ်တွင် မှောက်ချထားသည်။ လက်မနှစ်ချောင်းကို ထောင်ကာ ညှပ်ရန်ရွယ်နေသည့် ဂဏန်းကောင်၏ ကျောကုန်းပေါ်သို့ တုတ်ချောင်းတစ်ချောင်းဖြင့် ဖိထားလိုက်သည်။ ထို့နောက် ဂဏန်း၏ ခြေသန်းထိပ်ဖျားလေး ကို ဆွဲချိုးလိုက်ပြီး ဂဏန်းလက်မရင်းနားမှ အားပျော့သည့် နေရာလေးကို ခြေသန်းလေးဖြင့် ထိုးစိုက်လိုက်သည်။ နောက်လက်မ တစ်ဘက်ကိုလည်း ထိုနည်းလည်းကောင်း။ ရပြီ။ လက်ထိပ်ခတ်ပြီးပြီ။ အဲဒီ ဂဏန်းကောင်ကို ဘယ်လို သွားကိုင်ကိုင် မညှပ်နိုင်တော့။ စိပူးနေသည့် သူ့လက်မ နှစ်ချောင်းက ညှပ်ဖို့ မအာနိုင်တော့ဘူးလေ။ အဲဒီလုပ်သည်ကို မောင်ကမ်းတို့က လက်ထိပ်ခတ်သည်ဟု ခေါ်ကြသည်။

ထိုဂဏန်းကို ကြိုးချည်ပြီး ခြုံပေါ်တွင် ချိတ်ဆွဲထားလိုက်သည်။ လပ်ကီးတော့ ကောင်းချေပြီ။ အခြားရဲဘော်များလည်း သူတို့လက် နက်များကို တပ်ဆင်ပြီးလို့ ရေထဲမှာ အသီးသီးနေရာချထားပြီးနေကြပြီ။
“မင်းကောင်ကြီးက အကြီးကြီးပဲကွ ငကမ်း…အယ်….အယ်…”
မောင်ကမ်း ပွဲဦးထွက် မိထားသည့် အကောင်ကြီးကို နေလင်းက အားပါးတရ ချီးကျူ းနေတုန်းရှိသေး၊ သူ့ ကိုင်းတဲ့
ရေထဲ စွပ်ကနဲ နစ်သွားသဖြင့် တအယ်အယ်နှင့် ပြေးကိုင်သည်။
“ဆွဲနေပြီ…လုပ်ကြပါဦးဟ ပိုက်ခြင်း”
ခဏတွင်းပင် ငနေလင်း ဂဏန်းတစ်ကောင် ရလိုက်ပြန်လေသည်။ သို့သော် ဒီကောင်က မောင်ကမ်းကောင်လောက်မကြီး။
ဒီရေမှာလည်း အတော်တိုးလာနေပြီဖြစ်ရာ ရဲဘော်လေးယောက်သား အနားရသည်ပင်မရှိတော့။ မြစ်မကြီးမှ ချောင်းစွယ်လမုတောသို့ ဒီရေဝင်လာသည်နှင့် ငါး၊ ပုဇွန်၊ ဂဏန်းများ
ဒီရေနှင့်အတူ လိုက်ပါလာကြစမြဲ။ တွင်းခေါင်းထဲမှ ဂဏန်းများ အစာရှာရန် ထွက်လာကြစမြဲ။ ထိုသို့ ဂဏန်းမျှားရသည့် အလုပ်မှာ မောင်ကမ်းတို့အတွက် ထမင်းစားရေသောက်ထက်ပင် လွယ်သည့်အလုပ်။
ထိုစဉ်…
“အား….အား….ဟာကွာ နာရိုးမ ဂဏန်း အား.”
ဇာပချီး လက်ညှိုးအဆစ်တွင် ဂဏန်းလက်မရဲတွတ်တွတ် တစ်ချောင်းက တွဲလျက်။ သွေးတွေဖြာကနဲ။ မိလာသည့် ဂဏန်းကို ဖိပြီး လက်ထိပ်ခတ်ဖို့အလုပ်မှာ အမိအရ မကိုင်မိတော့ ကိုရွှေဂဏန်းက သည်ကောင့် လက်ညှိုးဆစ်ကို ညှပ်ပြီး ညှပ်ထားသည့်
သူ့လက်မကို အရင်းမှ ဖြုတ်ချကာ ရေထဲ ပလုံ ကနဲ ဆင်းပြေးသွားချေသည်။
လက်တွင် ဂဏန်းလက်မတွဲချောင်း သွေးသံရဲရဲဖြစ်နေသည့် ဇာပချီး သည်
“အင်းကွာ…..အင်းကွာ”
ဆိုပြီး ဂဏန်းလက်မကို ဒေါသတကြီး ကိုက်ပစ်လိုက်သည်။ အထဲမှ အသားကို ဇိုးဇိုးဇပ်ဇပ် ဝါးစားပစ်သည်။
“မင်းက သေချာမှ မကိုင်ဘဲ”
ကောင်းမော်က လှမ်းပြောသည်ကို ဂဏန်းတစ်ကောင် ဆုံးသွားသည့်အပြင် ဒဏ်ရာပါ အဆစ်ရလိုက်သည့် ဇာပချီးက
“ရီးမ ဂဏန်း နောက်တစ်ကောင်မိရင် တွေ့မယ်”
ဟု ကြိမ်းနေသည်။ အမှန်က ဒီကောင်လုပ်တာကိုက မဟုတ်တာ။ ဂဏန်းကို မိရင် ဘယ်တော့မှ လက်မနှစ်ချောင်းကို
တွဲလောင်းသွားမကိုင်ရ။ သူ့ဘာသာ လက်မကို ဗုံးကြဲလေယာဉ် ဗုံးတွေဖြုတ်ချသလို ဖြုတ်ချပြီး ထွက်ပြေးတတ်သည်ကို ဒီကောင် မသိလည်းမဟုတ်။ လက်မဖြုတ်ချသွားသည့် ဂဏန်းက အချိန်တန် လက်မ ပြန်ပေါက်လာသည်။ ဒီရေ ပိုတိုးလာနေလေ မောင်တမ်းတို့လည်း ဂဏန်းတွေ တစ်လုံးပြီး တစ်လုံး ဖြုတ်လို့ ဆယ်လို့ မကုန်အောင် ရှိလေဖြစ်နေသည်။ ဒီ
တစ်ခါ ဇာပချီး ကိုင်းတံတွင် မောင်မင်းကြီးသားတစ်ကောင် လာကိုက်ပြန်သည်။ ဇာပချီးသည် ဂဏန်းကို ဆယ်ယူလိုက်ပြီးသည်နှင့် တာရိုးပေါ်တွင် ပစ်ချလိုက်ကာ လက်မရော ခြေသန်းများပါ အကုန်လိမ်ချိုးပစ်လိုက်သည်။ ဂဏန်းမှာ ချက်ချင်းပင် လက်ပြတ်ခြေပြတ်ဖြစ်သွားပြီး မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေရှာသည်။ ပါးစပ်ကလည်း မှတ်ကွာ မှတ်ကွာ ရေရွတ်လိုက်သေးသည်။ အားလုံးက ပြုံးစိစိနှင့်။ အမှန်က ဆရာကျသည့် ကောင်တွေက ဂဏန်းကို ဘယ်တော့မှ
ခြေလက်တွေ ရိုက်မချိုး။ ခြေသန်းလေးချိုး လက်ထိပ်ခတ်လိုက်ရုံသာ။ ပြီးမှ ကြိုးနှင့် သိုင်းချည်လိုက်ရုံ။
ဒါကြောင့် သည်အကောင် ဒီနေ့ အမှတ်လျော့သွားသည်။ ဝါ နုသွားသည်။
အဲသည်နေ့က ဂဏန်းအတော်လိုက်သည်။ တစ်ယောက်ကို အနည်းဆုံး အကောင် (၂၀)လောက်တော့ ရနေကြပြီ။
ဒီရေအတော်ပြည့်လာတော့ ဂဏန်းလည်း အလိုက်နည်းလာပြီ။ ရဲဘော်တွေ လက်နက်ကိရိယာများကို သိမ်းဆည်းကြသည်။ ကိုင်းတံတွေကို ချိုးပြီး လွှင့်ပစ်လိုက်သည်။
နေလင်း အင်းကျီ၊ ဘောင်းဘီချွတ်ပြီး ချောင်းပေါ်မိုးနေသည့် လမုပင်ပေါ် တက်ချသွားသည်။ ပြီးမှ လေဝဲကျွမ်းဖြင့် ချောင်းထဲ
“ဗွမ်း” ကနဲ ထိုးဆင်းသွားသည်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက်။ တဗွမ်းဗွမ်းနှင့် ဗြောင်းဆန်အောင် ဆော့ကြသည်။ ရေကူးလို့ အတော်မောသွားမှ ဂဏန်းတစ်ယောက်တဆွဲနှင့် ရွာဆီပြန်လည်ချီတက်ခဲ့ကြသည်။

(၃)
နှစ်ပေါင်း (၂၀)ကျော်ခဲ့ပါပြီ။ နယ်တွေမှာ ဂဏန်းတွေ အတော်ရှားသွားပြီဟု သိရသည်။ မေင်ကမ်းတို့ ငယ်ငယ်က ဂဏန်းတွေက လေယာဉ်မစီးဖူးသေး။ လွှတ်ပေါသည်။ အပေါဆုံးက ဂဏန်းဟုပင် ပြောလို့ရသည်။ မောင်ကမ်းတို့ ဒေသက လူတွေက ဂဏန်းဆို အသေမစား။ အသေဆို ချက်ချင်းသေသွာသည့် ဂဏန်းကိုတောင်မစား။ ပေါသည်ကိုး။ ဂဏန်းဆိုတဲ့ အမျိုးက သေရင်ပုပ်သည်။ အခု ဒီက ဈေးတွေထဲမှာ ဂဏန်းကို အခွံချွတ်၊ အပုံလေးတွေပုံ၊ ရင်ပုံသားလေတွေစုပြီး ရောင်းနေကြ သည်ကို တွေ့ရသည်။ မောင်ကမ်း ယောင်လို့ပင်မကြည့်။ ပြီးတော့ ဒီက ဂဏန်းအတော်များများက ဒိုးပြားလောက် ကောင်လေးတွေ။ မောင်ကမ်းရင်မခုန်။
ဂဏန်းကို စားချင်စိတ်လည်းမရှိ။ စားဖြစ်သည့်တိုင်အောင်မှ အရှင် လတ်လတ်ဆတ်ဆတ်မှ။ လတ်လတ်ဆတ်ဆတ် စားချင်တော့လည်း သူများအသက် အရှင် လတ်လတ်တော့ သတ်ရသည်ပေ့ါ။ အရှင်လတ်လတ်ရစေဦးတော့ ဂဏန်းဆိုသည့် အမျိုးက ကုန်းပေါ်မှာ တော်တော်ကြာကြာနေလိုက်သည်နှင့် အသားလျော့သွားသည်။
မြစ်ထဲက ချက်ချင်းမိလာသည့် ဂဏန်းမှာတောင် လဆန်းဂဏန်း၊ လဆုတ်ဂဏန်းရှိသေးသည်။ လဆန်း၊ လပြည့်ဂဏန်းက အသားမရှိ၊ လက်မ၊ ခြေမ ချောင်တောင်တောင်။
လမိုက်၊ လဆုတ် ဂဏန်းက အသားပြည့်သည်။ လေးစက်စက်။ ဟိုမှာ ဆိုရိုးစကားတောင်ရှိသည်။ မိန်းကလေးတစ်ယောက် ရည်းစားများလို့ မူမမှန်တော့ဘူးဆိုရင် “အဲဒါ လ ပ ဂဏန်း၊ လဆန်း၊ လပြည့်ဂဏန်း” ပေါ့ဗျာ။
အငုံးလေးဆိုရင်တော့ “အဲဒါ လမိုက်ဂဏန်းလေး” ပေါ့လဗျာ။ သည်လိုနဲ့ ဂဏန်းမစားဖြစ်တာ ကြာခဲ့ပါပြီ။ ဟိုမှာတုန်း ပေါလွန်းလို့ မစားချင်တော့တာလည်း ပါတာပေါ့။

(၄)
သည်လိုနှင့် မောင်ကမ်းတစ်ယောက် အခု နောက်ပိုင်းမှာ ငယ်ပေါင်း ဂဏန်းတွေနှင့် ပြန်လည်ပတ်သက်ရဖို့ အကြောင်းဖန်လာသည်။ အသက်အရွယ်ရလာတော့ အကောင်ပလောင်တွေကို သတ်၊ ဖြတ် သည့်အလုပ် မလုပ်တာလည်း
ကြာခဲ့ပါပြီ။ မတတ်သာရင်တော့ ပံ့သကူတွေပဲ ခြေဦးလှည့်လိုက်ရုံ။ နောက်ဆုံး
“အစ်ကိုလေး ပံ့သကူ လိုချင်လား ဈေးထဲ တစ်ပတ်ပတ်လိုက် ပြန်လာခဲ့” ဆိုရုံ။
သို့သော်လည်း သို့သော်လည်း ပေါ့ခင်ဗျာ။ မောင်ကမ်းရဲ့ လက်ရာကိုမှ နှစ်သက်ပါတယ်ဆိုတဲ့
ကိုယ်ရေးကိုယ်တာ ပရိသတ် ရှိလာတဲ့အခါကျပြန်တော့ သူများအသက်မသတ်ချင်တဲ့ စေတနာထက် ကိုယ့်ပရိသတ်ကို
အစားကောင်းစားစေချင်တဲ့ သဒ္ဒါက ပိုများခဲ့လေတော့ ငယ်ပေါင်း ဂဏန်းတွေနဲ့ နောင်ဂျိန်ချဖို့ အကြောင်းဖြစ်လာရတာပါ့။

တစ်နေ့သားမှာတော့ ထုံးစံအတိုင်း ဂဏန်းစားချင်တဲ့ ပရိသတ်အမှာတော်ရှိလာခဲ့သည်ပေ့ါ။ သည်တော့ ဂဏန်းရှာပုံတော် ထွက်ရပြန်သည်ပေါ့။ စံပြဈေးကြီးကို လေးခေါက်လောက်ပတ်သည်အထိ ဂဏန်းက မတွေ့။ သို့သော်လည်း မောင်ကမ်းရို့ အကုသိုလ်နဲ့ပဲ အကျိုးပေးသည်လား။ သဒ္ဒါပဲ စစ်မှန်သည်လားတော့ မပြောတတ်။ ဈေးမကြီး၏ ဗုဒ္ဒဟူးထောင့်ကျဉ်းတစ်ခုမှာ လေးထောင့်သစ်ပုံးတစ်လုံးရှေ့ ခေါင်းငိုက်စိုက် ထိုင်နေသည့် လူတစ်ယောက်
လှမ်းမြင်လိုက်ရပါ၏။ အရက်နာကျနေပုံရတဲ့ ရွှေကိုယ်တော်ရှေ့က ပုံးထဲမှာ အိုဘယ့် ယာဂူဇာဖိုက်တာတွေ ရဲပလောင်းကို ခတ်လို့။ လက်မထွားထွားကြီးတွေ ဖုလို့ဖောင်းလို့။ လက်ထိပ်မခတ်ဘဲ ကြိုးနှင့်သီထားတာ။ ကြိုက်ပြီဗျား…..။ ဒလိုကောင်မျိုးတွေမှ မောင်ကမ်းတို့ သဘောကျတာ။ သည်လိုနှင့် မောင်ကမ်းတစ်ယောက်
အဲဒီနေ့မှာ ကိုယ်ရေးကိုယ်တာပရိသတ်အတွက်ဂဏန်းသောက်ဆမ်းကို အကျနဆုံး ချက်ပါ၏။
ဂဏန်းအိုးကို မီးဖိုပေါ်တင်လိုက်ပြီး မောင်ကမ်းတစ်ယောက်တည်း အိမ်ရှေ့ခန်းမှာ ဂျာမန်စာရေးဆရာ ဟားမန်းဟဲလ်ဘုတ်အုတ်ကို ဆရာကြီးပါရဂူဘာသာပြန်သည့် သိဒ္ဒထ္ထ ကို ဖတ်ပါ၏။ လည်းကောင်းစာအုပ်ထဲက
အနှီလည်းကောင်း ဇာတ်ဆောင် မြစ်ရေစီး၏ ဂီတကိုနားထောင်ရင်း အမြင်ရှုထောင့်တစ်ခုကို ရလိုက်ချိန် အခန်းလေးကို
ဖတ်နေချိန်မှာပဲ…..
“တိန်…တိန်….တောင် တောင်…ဂတ် ဂတ်
ချွင် ချွင်…ဒုတ် ဒုတ် ခရပ် ခရပ်….”
ဆင်ဖိုနီသံစုံတီးဝိုင်းတစ်ခုကို ရေးပြနေခြင်းမဟုတ်ပါခင်ဗျား။
မီးဖိုပေါ်က မီးအပူချိန် တက်လာလေ နီကျာကျာ လက်မထွားထွား တွေ မဟာပထဝီ သည်မြေကြီးမှာ ရေမှာ၊ လေမှာ ၊ မြေမှာ နေဖွယ်ရာမရှိ အပူမိပြီးသကာလ အိုးနံရံတစ်လျှောက် အပူမီးတောက်ပြီးတော့ ကူရာကယ်ရာမဲ့နေရှာလေသည့်
ဂဏန်းသောက်ဆမ်းငရဲအိုးဂီတသံပါတကားဗျာ။ သင်းရို့ လက်မနဲ့ အိုးနံရံ၊ အိုးဖင်၊ အိုးအဖုံး ထုလိုက်သမျှ အသံတွေ
မောင်ကမ်းနှလုံးသားကို အိပ်ချောင်းကလေးများနှင့် ထိုးဆွသလို ခံစားရပါ၏။
မကြာသောအချိ်န်မှာ ထိုအသံများလည်း ငြိမ်သက်သွားပါ၏။ မောင်ကမ်းပရိသတ်လည်း
အချိန်ကိုက်ရောက်လာပါ၏။ ထိုနေ့က ဂဏန်းသောက်ဆမ်းမှာ ကမ္ဘာပေါ်က အကောင်းဆုံး သောက်သမ်းတစ်ခွက်
ဖြစ်ကြောင်းလည်း မောင်ကမ်းချီးကျူ းခံရပါလေ၏။
သို့ပါသော်လည်း….

29 comments

  • ဦးကျောက်ခဲ

    October 25, 2013 at 5:22 pm

    ကိုရင်ကမ်း… အဲသည့်ပွဲမှာ ကျောက်စ် ရှယ်ရာမပါဘူးနော်…
    ဟိုတခါကလည်း ခင်ဗျားရဲ့ နံရိုးလေးပဲ အပီတွယ်သွားတာ…
    ဟီ ဟိ… စာဖတ်ရင်း မျက်လုံးထဲ မြင်ယောင်လာတာမို့…
    ဒီတစ်ခါဆိုရင်တော့… အကုသိုလ်ရှယ်ယာပါမယ်… ချက်ကျွေး…
    😀

  • nozomi

    October 25, 2013 at 5:40 pm

    ဆရာကမ်းက ကဗျာတင် အရေးကောင်းတာ မဟုတ် ကျန်တာတွေ လဲ ကောင်းပဲ ဗျ မျက်စေ့ထဲ တောင် မြင်လာတယ်
    စာရေးတင်လားဆိုတော့ အချက်ပါ ရသေးဆိုတော့ …..

    သဂျီး ပြောပြီး ရွာထဲ မှာ ရွာသားတွေ ရဲ့ ဟင်းချင်ပြိုင်ပွဲ လုပ်ခိုင်းရမယ်
    အပေါ်က လူကြီး ပဲ ရ မှာ ပါ ပဲ

  • marblecommet

    October 25, 2013 at 5:45 pm

    အပေါ်က ချစ်ကိုရီး
    လဗြိုရီးနှစ်ယောက်
    မြောက်ပေးမှတော့
    အကုသိုလ်အတုံးအခဲ
    မောင်ကမ်းတို့
    ….
    ဘာလာလာ ဒေါင်းပြီးသားပဲဗျာ…….ငိ…..

  • alinsett

    October 25, 2013 at 6:27 pm

    ဂိုးကီးရေ
    ဒေစာဂိုဖတ်ပြီးတော့ မှ
    အကျွန့် အတိတ်ကို အကျွန် ပြန်သတိရသွားပြီလေ့

    အကျွန်လည်း ကျွမ်းမှာ နေဒုန်းဂ
    . . . .
    . . . .
    . . . .

    🙁

  • marblecommet

    October 25, 2013 at 6:32 pm

    ဟုတ်ပါရဲ့
    ကိုအလင်းဆက်က
    မအောင်သား မလားဗျ…..

    • alinsett

      October 25, 2013 at 7:51 pm

      မအောင်သား မဟောက်…
      🙂

      တောင်ကုတ်ကနေ…စက်လှေလေးနဲ ့.. ထပ် သွားရတဲ ့..ကျွန်းကလေးတစ်ကျွန်းပါ ..။
      မွေးရပ်မြေတော့မဟုတ်…။
      ကျွန်တော့်ဖေဖေရဲ ့..ဇာတိပေါ့..။

  • Mr. MarGa

    October 25, 2013 at 6:46 pm

    ဟာဗျာ…
    ဒီလူ ကိုကမ်း အတော်ဆိုးတဲ့လူ
    ဖတ်ရင်းဖတ်ရင်း စားချင်စိတ် ပေါက်လာတယ်။
    ပြောရင်းဆိုရင်း ဗိုက်ဆာလာပြီဗျာ..ရှလွတ်….

    • marblecommet

      October 26, 2013 at 3:00 pm

      ဗျ…..
      ခင်ဗျားနှယ့်
      ကိုယ့်ရာထူး ကိုယ်ကျိပီးတော့မှ
      ပြောပါ….
      ဘယ့်နှယ်
      သကြားမင်းက
      ဂဏန်းအရှင်လတ်လတ်
      စားချင်ရတယ်လို့
      …..ငှင်….

      • Mr. MarGa

        October 26, 2013 at 3:27 pm

        အာ…
        အရှင်စားမလား ဗျ
        ကိုကမ်းရဲ့ ကြက်သောက်ဆမ်း စားချင်တာကိုပြောတာ

  • TNA

    October 25, 2013 at 9:12 pm

    မျက်စိထဲမယ်ကွက်ကွက်ကွင်းကွင်းပါလား ကိုကမ်းရေ။ ဖမ်းတာလဲတော် ရေးတာလဲရှယ်ပါလား။

    • marblecommet

      October 26, 2013 at 3:03 pm

      ရှဲရှဲပါတီသဲ
      ရေးဇာမရှိ
      ကြံဖန်လျှောက်
      ရေးကျိတာပါဗျာ….

  • surmi

    October 26, 2013 at 7:52 am

    ကိုကမ်​း​ရေ..
    ဒါမျိူးကိုယ်​​တွေ့​လေး​တွေဆက်​​ရေးပါဦး​နော..
    သရုပ်​​ဖော်​​ကောင်​းချက်​က​တော့ ကျုပ်​ငယ်​ငယ်​က လယ်​ကွင¨ထဲဂဏန်​း​ကောက်​တဲ့အ​ကြောင်​းပါသတိယမိ​သေးဗျာ..
    ကိုယ်​့ဆရာရဲ့ ဖဂဏန်​း​သောက်​ဆမ်​းလက်​ရာကို တစ်​​နေ့​လောက်​​တော့ အားရပါးရအုပ်​လိုက်​ချင်​သား..
    ဒီတခါချက်​ရင်​ စာရင်​းထဲ့ထားဗျို့….

    • marblecommet

      October 26, 2013 at 3:05 pm

      အနော့်လက်ရာကိုမြည်းချင်ရင်….
      အပြန်အလှန်သဘောနဲ့
      ကိုဆာ့ ရိုးမတောထဲက
      ဂျီ ကင်လေးတော့
      ပြန်ယူခဲ့ပေါ့ဗျာ…ဟဲဟဲ……
      ချိုးအမတေ တော့ မတောင်းတော့ပါဘူး
      အားနာလို့….ဟီး.

      • surmi

        November 1, 2013 at 2:00 pm

        အဲဒီ ဂျိူးအမ​တေဥက​လေ….
        ဟို​ကောင်​​မောင်​အံ​ပေါ့…
        သူ့​ရေးခိုင်​းထားတာ …..
        အဲဒါဆက်​​မ​ရေးဘဲပစ်​ထားလို ့ 🙂

  • KZ

    October 26, 2013 at 10:11 am

    ဪ။ ပညာစုံ သူ ငါ့ တူ!!
    နာ့ ကို ဂဏန်း ရခိုင်ချက်လေး သင်ပေးပါ့လား ဟေ။
    နာ့တော့ အသေပဲ ဝယ်တယ်။
    အသားချောင်တယ်ပြောပြော အချိုနည်းတယ်ပြောပြော။

    :hint:

    • marblecommet

      October 26, 2013 at 3:07 pm

      လက်ဖက်ကောင်း
      စားချင်ရင်တော့
      ပလောင်တောင်တက်
      နှေးရသလိုပဲပေါ့ တီလေးရယ်….

  • sorrow weaver

    October 26, 2013 at 10:12 am

    ကိုကမ်းရေ ..သီးမွှေးနှစ်လုံးစာ လက်မဆိုတော့ကာ…ညှပ်မိရင်မလွယ် …ကပ်ကြေးနဲ့ကွကိုယ် ကတစ်လိုက်တာမှ သက်သာအုံးမယ်…အဟေးဟေး….ပြင်ဦးလွင်မှာတုန်းက လယ်ပုဇွန်လုံးလေး ဖမ်းခဲ့ဖူးတယ်…အဲ့ကောင်တွေကဘေးတိုက်ပြေးတာတောင် အလွန်မြန်တာကလား…ဒါနဲ့ ရွာထဲမှာက ဟင်းချက်ကောင်းသူတွေအလွန်များတာကလား …

    • marblecommet

      October 26, 2013 at 2:52 pm

      ဂဏန်းက လက်မကြီးကြီး ညှပ်ခံရတာ
      သိပ်ကြောက်ဖို့မကောင်းဘူးဗျ…
      သူက အသွားတုံးတုံးနဲ့ ညှပ်တာဆိုတော့ နည်းနည်းနာရုံ
      အကောင်သေးသေးလေး ညှပ်တာမှ
      ပေါက်ပြဲပြီးသွေးရဲပလောင်းခတ်အောင်ထွက်တာ
      အကောင်သေးတော့ လက်မက အသွားမတုံးသေး
      ချွန်ထက်နေတာကိုးဗျ…

  • lele kyi

    October 26, 2013 at 10:29 am

    အဲ့လို ဉာဏ်ကောင်းတဲ့ ဂဏန်းမမြင်ဘူးဖူး။ လယ်ဂဏန်းပဲဖမ်းဖူးတာ ။အကောင်သေးသေးလေးတွေ။ ဂဏန်းလက်မက ပြန်ထွက်တယ်ဆိုတာ အခုထိမသိခဲ့ဘူး။ လေးသီး ဆိုတာ လောက်စာလုံးကိုပြောတာလား။ လောက်စာလုံးနဲ့ ပစ်တာ သွေးထွက်တယ်။ကိုယ်တစ်ပိုင်းပြတ်ထွက်တယ်။ ဒါမှ မဟုတ် တခြားပြတ်သျှစေတဲ့ လက်နက်လား။ 🙂
    ဂဏန်းဟင်း မချက်တတ်တော့ ဆိုင်မှာပဲသွားစားတယ်။ လက်ညှိုးမထိုးရဲလို့ ကီလိုနဲ့ပဲပြောလိုက်တယ်။ချိန်ချင်တဲ့အကောင်ချိန်။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ။ ဟဲဟဲ။

    • marblecommet

      October 26, 2013 at 2:58 pm

      ဟုတ်ကဲ့ဗျာ လေးသီးဆိုတာ လောက်စာလုံးကိုပြောတာပါ
      လောက်စာလုံးဆိုပေမဲ့ ရွှံ့နဲ့လုံးထားတာမဟုတ်ပါဘူး
      ပင်လယ်ကမ်းစပ်မှာ လှိုင်းရိုက်လို့ ပါးလာတဲ့
      ကျောက်စရစ်ဖြူလုံးဝိုင်းဝိုင်းတွေနဲ့ပစ်တာပါ…
      ပုတ်သင်ညို မပြောနဲ့ လောက်စာလုံး တည့်တည့် ထိတဲ့
      ငှက်တွေ ထုတ်ချင်းပေါက်ထွက်ကုန်တဲ့အထိ
      ပြင်းအားရှိတယ်ဗျ….
      အထူးပြုလုပ်ထားတဲ့ ခဲသီးမျိုးနဲ့ ပစ်ရင် လူရဲ့
      ဦးခေါင်းထဲကို အသာလေး မြုပ်ဝင်နိုင်တယ်ဗျ….
      ပုတ်သင်ညိုခေါင်းပြတ်တာက
      အနော်တို့ကလေး အတွင်းအားသာသာပဲ ရှိပါသေးတယ်
      မလီခင်ဗျ…..

  • kyeemite

    October 26, 2013 at 11:46 am

    ကိုရင်ကမ်းရဲ့ ဂဏန်းမျှားပွဲကြီးဖတ်ရတာ
    အားရသဗျာ…အတွေ့အကြုံသစ်တစ်မျိုးပဲဗျ…
    ဧရာဝတီတိုင်းဖက်နေတုန်းကတော့ ဂဏန်းမြှုံး တွေ့ဖူးတယ်
    အထဲကို ကြက်အူတွေထည့်ပြီး ချောင်း ရေထဲချထားကြတာပဲ
    မနက်သွားဖေါ်တော့ အထဲမှာ ကိုရွှေဂဏန်းတွေအားကြီးပဲဗျ…
    ကိုရင်ကမ်းပြောသလိုပဲ ဂဏန်းက လတ်မှ(အရှင်မှ)စားကောင်းတာ..
    ဆိုရိုးလေးတောင်ရှိသေး..“ဂဏန်းသေ၊ တစ္ဆေ တောင်မစားဘူး”..တဲ့
    😀

    • ဦးကျောက်ခဲ

      October 26, 2013 at 12:11 pm

      ဆြာမိုက်ရေ… အခု ကြက်အူနဲ့ မဟုတ်တော့ဘူး…
      ခွေးသေကောင်ပုပ်ကို ဖောင်အောက်မှာ ချည်ပြီး ထောင်တာခင်ဗျ…
      ဖောင်ကို လှန်လိုက်ရင် ဂဏန်းတွေမှ အပြွတ်လိုက်ကြီး…
      😀

      • marblecommet

        October 26, 2013 at 3:12 pm

        ကျွတ်ဆင်ကြီး…..
        နောက်……
        ဂဏန်းတွေက လူသေကောင်
        သိပ်ကြိုက်တာ…..
        တစ်ခါတစ်လေ
        မြစ်ထဲ လူသေကောင်မျောလာလို့
        တွေ့တဲ့လူတွေက ဆယ်ကြပြီဆို
        ဂဏန်းတစ်ပြုံတခဲကြီးတွေ
        ပျော်ပျော်ကြီး တွယ်နေကြသား…
        ကြက်သိန်းတောင်ထတယ်ဗျာ…..

    • marblecommet

      October 26, 2013 at 3:09 pm

      “ဂဏန်းသေ၊ တစ္ဆေ တောင်မစားဘူး”..တဲ့
      မှတ်သားသွားပါတယ် အူးမိုက်ရေ့….
      မကြားဖူးတဲ့ ဝေါဟာရတစ်လုံးတိုးတဲ့အတွက်ကျေးဇူးပါ…..
      အဲဒီအတွက် နောက်များဆုံတဲ့အခါ အနော်က
      တစ်လုံးပြန်ပေးပျစေ……

  • ရွှေမိုးတိမ်

    October 26, 2013 at 12:10 pm

    စာဖတ်ပြီး ဗဟုသုတရသွားပါတယ်ဗျာ ၊ ဂဏန်းတွေအကြောင်းပေ့ါ ။ ပြီးတော့ ရွာက ကလေးငယ်တွေရဲ့ အားလပ်ရက် ဂဏန်းဖမ်းပွဲကို မျက်စိရှေ့မှာ မြင်လိုက်ရသလိုပဲ

  • marblecommet

    October 26, 2013 at 3:14 pm

    အားပေးတဲ့အတွက်ကျေးဇူးပါဗျာ..
    ကလေးတွေအကြောင်း ဖတ်ရတာ သဘောကျတယ်ဆိုလို့
    ကလေးတွေ အကြောင်း ရေးစရာလေးတွေ
    ရေးကြည့်ပါဦးမယ်ဗျာ….

  • အရိပ်စစ်

    October 26, 2013 at 3:38 pm

    မိုအေးအေး မှာ
    ဂဏန်းတွေ အကြောင်းဖတ်ပီး
    သရေတွေ တောက်တောက် ကျ တွားပါဒယ်ဗျိုးးးး

  • ဗုံဗုံ

    October 27, 2013 at 11:27 am

    (ဂဏန်းကောင်၏ ကျောကုန်းပေါ်သို့ တုတ်ချောင်းတစ်ချောင်းဖြင့် ဖိထားလိုက်သည်။ ထို့နောက် ဂဏန်း၏ ခြေသန်းထိပ်ဖျားလေး ကို ဆွဲချိုးလိုက်ပြီး ဂဏန်းလက်မရင်းနားမှ )
    ဖျား..ဖျား…ရက်ချက်လိုက်တာ..အူးလေးရယ်…….

  • ကိုရင်စည်သူ

    October 27, 2013 at 10:38 pm

    ဘာပဲပြောပြောအူးလေးရက်ချက်ဒယ်.. စိတ်နာဒယ်.. ဒါဗြဲ.. 😥
    တော်ပီ ဂဏန်းလိုပဲနေတော့မယ်.. လူမုန်းချင်မုန်းပေ့စေတော့..

Leave a Reply