မင်္ဂလာကန့်လန့်ကာနောက်ကွယ်မှ…
ပြောရမယ်ဆို ဒီနေ့ပေါ့..
ဒီနေ့ဆိုတော့ ဘယ်နေ့လို့ပြောရလဲဆိုတော့ နေ့စွဲဆိုရင် ကြာသပတေးနေ့ပေါ့နော်
ရက်စွဲနဲ့ဆိုရင်ပေါ့နော်.. ဘယ်လိုပြောရမလဲဆိုရင်ပေါ့နော် ၁၉-၁၂-၂၀၁၃ ပေါ့နော်.. အဲလိုဆိုတော့ပေါ့နော်.. ဂလိုလေးပြောတယ်ဆိုတော့လည်း ကိုရင်စိုင်းကြီးကို ဘာလား ညာလားပေါ့နော် ပြောကြမယ်ပေါ့.. ဘယ်လိုပဲပြောကြ ပြောကြလေပေါ့နော်.. မယုံကြည်သူများ စာရင်းသွင်း၊ ရက်ချိန်းလေးတော့ ယူထားစေလိုတယ်ပေါ့နော်.. ကျန်တာတော့ ဘာမှ တာဝန်မယူဘူးပေါ့လေ ပေါ့နော်၊ ငိငိ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
” ငင် “
ကိုယ့်အစိကိုယ် မယုံနိုင်ဖစ်တွားသည်။ ကိုရင်စိုင်းကို လွတ်ထွက်တော့မည် (မှားလို့) လက်ထပ်တော့မည်တဲ့။ မယုံကြည်လိုက်လေခြင်း။ သုံးနှစ်ကြာ ပြတ်လိုက်၊ ဆက်လိုက်၊ ဖုတ်လှိုက်၊ ဖုတ်လှိုက်နဲ့ ရည်းစားဘဝ ဆုံးခန်းတိုင်လေချေပြီတည့်။ လွန်စွာမှာ ပျော်လိုက်လေခြင်း၊ တျောက်တည်းဘွမှ လွတ်လေခြင်းဟု။
အချိန်သည်ကား…
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ
မိန်းမယူတော့မည်ဟု ပိုင်ဆိုင်သည်လေးများ အပေါင်ဆိုင် ပို့သင့်တာပို့၊ ရောင်းချသင့်တာရောင်းချ၊ ချေးငှားထားသမျှ ဇွတ်အတင်းပြန်တောင်း၊ အစရှိသည့် ငွေစုဆောင်းနည်းများဖြင့် စုဆောင်းပြီး တွက်လိုက်သောသကာလ..
ဟီး ဟီး
အခမ်းအနားမှူးတောင် ပေးစရာ မလောက်သေး။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
” ကောင်မလေးရေ.. အခမ်းအနားကို သူများတွေထက် မညံ့အောင် လုပ်ပေးချင်တာ.. အချိန်ခဏလေးစောင့်နော်၊ သူများတွေထက်မသာတောင် တန်းတူဖြစ်စေချင်လို့ပါ” ဟု အချိန် ၆ လခန့်ထပ်ဆွဲလိုက်ရတော့သည်။ ကျေနပ်ပြုံးဖြင့် ခေါင်းတစ်ချက် ငြိမ့်လိုက်သည့်နောက် ကိုရင်စိုင်းလဲ ဒေါင်ချာစိုင်းရတော့သည်။
၆ နှစ်ခန့်မျှ အဆက်အသွယ်မရှိခဲ့သည့် ဖခမည်းတော်၏ ကြင်ယာတော်သစ်ရှိရာကို စုံစမ်း၊ သူမ၏လေမုန်တိုင်းများကို သည်းညည်းခံပြီး ဟုတ်တာပေါ့၊ မှန်တာပေါ့၊ အင်းလေ၊ ဪ အစရှိသည်ဖြင့် နားထောင်ပြီး သားကြီးဩရသ မောင်ဂလာဆင်ကို လွှတ်တော်မူပါမည့်အကြောင်း သံတော်အူးတင်သောအခါ သူမသည် တရားဝင်ဇနီးမယားအဖြစ် တက်လိုပါသည်ဟု ဆန္ဒထုတ်ဖော်ပြလေ၏။ ကိုရင်စိုင်းလည်း ပြစရာ အဖေတစ်ယောက်ရှိရင်တော်လေပြီ၊ နောင်ကိစ္စ နောင်မှ ရှင်းမယ်ဟုဆိုပြီး ၃ လအကြာတွင် ခေါင်းငြိမ့်လိုက်လေ၏။ သတို့သမီးကို သတို့သားအမေတစ်ယောက်အနေနှင့် လိုအပ်တာတွေ မေးမြန်းဖြည့်ဆည်းပေးချင်လို့ဟုဆိုကာ နံပါတ်တောင်းသဖြင့် ပေးလိုက်ပြီး ၂ လအကြာတွင် ပြဿနာအကြီးအကျယ် တက်ကြလေပြီး ဖခမည်းတော်ကိုသော်မျှ မလွှတ်နိုင်တော့သည့်အကြောင်း ဖြစ်လာလေသတည်း။
ထိုမှတစ်ပါး မယ်တော်ကြီးရှိရာ စုံစမ်းသောအခါတွင်မတော့ သားမက်နှင့် ပြဿနာတက်ပြီး သူ့ချည်းသက်သက် တစ်ယောက်တည်း အဆောင်ငှားနေသည်ဟူသတတ်။ မရမက ဆက်သွယ်ပြီး သားကြီးဩရသ မင်္ဂလာတော် ဆောင်တော့မည်ဖြစ်သည့်အကြောင်း၊ ဘလို၊ ဘလို စီစဉ်ထားပါသည် ဆိုသည့်အကြောင်း ပြောကြားသည့်တစ်ခဏ ဝတ်စုံတော်ဆင်မြန်းဖို့အရေး၊ ဖခမည်းတော် တက်ရောက်မည်လော၊ မရောက်မည်လော၊ ဖိတ်စာတွင် အဖေရင်း၊ အမေရင်းကို ရေးမည်လော၊ သို့တည်းမဟုတ် ဖခမည်းတော်နှင့် ဥပဒေအရ ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့မိန်းမ (မှားလို့) တရားဝင်မယားကို ရေးမည်လော၊ သို့တည်းမဟုတ် ဖခင်အရင်း၊ မိခင်အမည်အရင်းကို ရေးမည်လောဟု မေးခွန်းထုတ်၊ (Unseen Questions) များကို ဂန်ဒူးမှတ်ရအောင်ဖြေပြီးသည့်နောက်
မွေးသဖခင်မှ တောင်းရမ်း၊ စေ့စပ်၊ လက်မှတ်ထိုးပြီးပြန်
မွေးသမိခင်မှ မင်္ဂလာပွဲ တက်ရောက်၊ မိန်းမအမျိုးများအား ပြသပြီး အိမ်ပြန်လေသတည်းဟု သဘူတောကြလေသတည်း။
ထိုကျတော့မှ ကိုရင်စိုင်းရင်ထဲမှ တစ်လုံးပြုတ်ကျသွားတော့၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထိုမှစ တစ်သက်လုံး မစုခဲ့လေခြင်းဟု နောင်တကြီးစွာရပြီးသည့်နောက် တစ်ချိ်န်က အမြဲတမ်း ၈ ကျပ်တန် မာလ်ဘိုရိုသောက်နေကျ ကိုရင်စိုင်းလည်း အငွေ့ထွက်ပြီးရော တစ်ဗူးတစ်ကျပ်တန် ဆေးလိပ်ကိုသောက်၊ တစ်ကျပ်ကုန်ရမည့်နေရာ ငါးမူးမျှသာကုန်အောင်သုံး၊ ထွက်သမျှလစာ အကုန်ပို့ပြီး မိန်းမယူဖို့အရေး ကြိုးပမ်းလေသည်ပေါ့။
တစ်ဖက်မှလည်း ကြိုးစားရှာပါ၏။ ပထမတော့ သူမတို့ရုံးတွင် အများသူငှာလို ခန်းမငှားဆောင်မည်ဟု၊ နောက်တော့ ရှက်သည်ဟုဆိုကာ IBC ကိုစုံစမ်းလေသည်ပေါ့။ ကိုရင်စိုင်းလဲ တစ်ဖက်တစ်လမ်းက သိသည်များကို စုံစမ်းရသည်ပေါ့။ ဆီအိုးနားတွင် သူမဝမ်းကွဲညီအစ်မများ ဆောင်သည်ဟုဆိုပြန်တော့ စုံစမ်းရသေးပြန်သပေါ့။ Ball room ငှားခတင် သိန်းဆယ်နဲ့ချီသည်ဆိုတာကိုသိတော့လဲ ကိုရင်စိုင်းမမှုပါ၊ သေချာစုံစမ်းတော့ တစ်နှစ်ခန့် ကြိုပြောရသဖြင့် ကိုရင်စိုင်းလိုချင်သည့်အချိန်မရဘူးဆိုတော့ နောက်ဂျွမ်းတောင်ပြစ်ချင်စိတ်ပေါ်အောင် ပျော်သွားသည်။
အမငီး… ဘုရားကယ်ပေခြင်းဟု။
နောက်တော့လဲ နီးစပ်ရာတွေလိုက်မေးရင်း၊ မေးရင်းနှင့် တစ်ခါတစ်လေမှ အညွန့်တစ်လူလူထွက်တတ်သည့် ဂျီးဒေါ် နွယ်ပင်နှင့် စကားပြောရင်း အဲ့ဒီနေရာလေးမှာ သူလဲ အတက်ပေါက် (မှားလို့) ဆောင်ခဲ့တယ်ဆိုတာ ပြောပြသဖြင့် မေးရင်း၊ မြန်းရင်း အဆင်ပြေသဖြင့် တစ်ဖက်လှည့်နှင့် ထိုနေရာလေးမှာပင် ဆောင်မည့်အကြောင်းပြောရင်းနှင့် ဖိတ်စာရိုက်သည့်အကြောင်း ရောက်လေ၏။
ထိုအခါမှ ဘလို၊ ဘလိုရိုက်၊ ဘလို၊ ဘလိုလုပ်ဟု လူတတ်ကြီးလုပ်ပြောပြီးကာမှ ဘုရားကျောင်းတွင် ဘတော့ဆောင်မလဲမေးသော အခါတွင်မှ ကိုရင်စိုင်း ကောင်မလေးမှ ကိုရင်စိုင်းအလိုသို့လိုက်ပြီး ကိုရင်စိုင်း စိတ်ချမ်းသာပါစေတော့ဟု ပြောလေ၏။
” ဘယ်တော့မှ မဆောင်ဘူး” ဟု။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရှိစေတော့ဟုဆိုကာ ဖိတ်စာ ဘယ်နှစ်စောင်များ ရိုက်မလဲဟု တွက်ကြသောအခါ ကောင်မလေးမှ ခြေတွေ၊ လက်တွေ၊ ချိုးလို့မှ မလောက်သဖြင့် ဆံပင်တွေပါ တစ်ချောင်းချင်းစီရေပြီး မလောက်သေးသဖြင့် ဂဏန်းပေါင်းစက် ၅ လုံးခန့်မျှ ထည့်ပေါင်းပြီးသည့်နောက် သူမဘက်မှ ၂၀ဝ ဟုဆိုလာ၏။
ကိုရင်စိုင်းလဲ အားကျမခံ တစ်ခါတည်း ခြေရော၊ လက်ရော မြှောက်ပီး တွက်၊ ထို့နောက် ရှိသမျှဆံပင်၊ တစ်ခမ်းမွှေး၊ ဂျိုင်းမွှေး၊ ခြေသလုံးမွှေး တစ်ခုမှမကျန်အောင်ရေတွက်၊ ထိုမျှ မကျေနပ်သဖြင့် တရုတ်ပေသီးခုံ ၁ဝ ခန့်မျှ ထပ်မံရေတွက်ပြီး နောက်ဆုံး အဖြေထွက်လေ၏။
သတို့သားအတွက် ဖိတ်စာ ၂၅ စောင်ဟု။
အရဲစွန့်သာပြောလိုက်ရ၏၊ ကုန်မှ ကုန်ပါ့မလားဟု။ တစ်ကယ်လဲ မကုန်ခဲ့ပါ။
(ပြောရမည်ဆိုလျင် မြန်တျန့်ပြည်မှာ ဆောင်သောကြောင့်သာဟု ဟန်ကိုယ်ဖို့ ပြောနိုင်၏။)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မှန်းထားသည်နှင့် လောက်ပေသည်ဟု ကိုယ့်ကိုယ်ကို ကျေနပ်ပြီး ပြုံးလို့မှ နှုတ်ခမ်းထောင့်စွန်းလေး ပါးသို့မရောက်ခင် မိတ်ကပ်ဆရာတော့ ဘလိုလူမှ လိုချင်တာ၊ ဝတ်စုံကတော့ ဘလောက်တန်မှ ပွဲတိုးမှာ၊ ဓါတ်ပုံ ကင်မရာကတော့ ဘသူနဲ့မှ၊ ပန်းအလှပြင်လေးလဲ လိုသေးတာပေါ့နော်၊ စောင်းသမားလဲ လိုသေးတာပေါ့၊ မဟုတ်ရင်ကြောင်တောင်တောင်ကြီး၊ စောင်းသမားလဲပါလာမှတော့ မင်္ဂလာအခါတော်ပေးနဲ့ပေါ့နော်၊ အခါတော်ပေးလဲ ကောင်းတော့ အခမ်းအနားမှူးကလဲ ကောင်းမှ၊ အခမ်းအနားမှူးကလဲ ကောင်းဦးတော့ မင်္ဂလာဦးကားလေးကလဲ…
” တော်ဘာဒေါ့…”
ဟု ကြုံးအော်လိုက်ပြီး အဆင်ပြေသလိုသာ လုပ်ကြပါတော့ကွယ် ဟု တုန်တုန်ရင်ရင်ပြောပြီး ကိုရင်စိုင်းလဲ Skype ကြီးကို စိတ်နာနာနှင့် ပိတ်လိုက်ရင်း အသံမထွက်အောင် ငိုမိတော့၏။
” ငါလိုချင်တာ မိန်းမတစ်ယောက်တည်းပါ “ ဟု စိတ်ထဲမှ တစ်ဖွဖွဆိုနေရင်း အိပ်ပျော်ခြင်းသို့ ရောက်လေ၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အကုသိုလ် အတုံးလိုက်အတစ်လိုက်ဝင်သည်ဟု ဆိုရမလား။
ကိုရင်စိုင်းကောင်မလေးမှ မင်္ဂလာမဆောင်မီတစ်လအလိုခန့်တွင်ပြောလာပါ၏။ သူမ၏ ဝမ်းကွဲညီအစ်မမှ သူမအားလိုက်ပြိုင်နေသည်ဆိုပါလား။ သူမ၏ ဝမ်းကွဲညီအစ်မမှာ သူမနှင့် တစ်ချိန်တည်းလို ဆောင်မည့်အကြောင်း၊ သူမငှားသည့် ဟိုတယ်တွင်မှ လိုက်ငှားသည့်အကြောင်း၊ သူမထက်ဦးအောင် တစ်လစောဆောင်သည့်အကြောင်း၊ သူမထက်သာအောင် တီးဝိုင်းပါငှားသည့်အကြောင်း၊ သူမပြင်မည့် မိတ်ကပ်ဆရာနှင့်ပြင်ပြီး သူမဝဝတ်မည့် ဝတ်စုံကိုဝတ်ဆင်မည့်အတွက် သူမ အောက်ကြောင်း၊ ထို့အတွက်ကြောင့် အရောင်ပါပြောင်းလိုက်ကြောင်း ပြောသည့်နောက် ကိုရင်စိုင်းလည်း ခေါင်းနားပန်းကြီးသွား၏။ စီစဉ်ရသည်မှာ အဘယ်မျှခက်သည်ကို သိသည့်အတွက်ကြောင့်ဖြစ်သည်။
တော်ပါသေး၏။ မခံချင်သဖြင့် စီစဉ်ထားသည့်အတိုင်း ဆက်လုပ်မည့်အကြောင်းပြောလာသဖြင့် နောက်ဆုံးကိုရင်စိုင်းမြန်မာပြည်ပြန်၊ စီစဉ်ထားသည့်အတိုင်း ဖခမည်းတော်မှ တောင်းရမ်းသည့်နေ့တွင်လိုက်လာ၊ သတို့သားမှရှက်ရွံ့စွာဖြင့် တောင်းရမ်းသည့်နေ့တွင် သတို့သမီးဘက်မှ လူကြီးများကို အာဘောင်အာရင်းသန်သန် နိုင်ငံရေးအကြောင်း၊ စီးပွားရေးအကြောင်း၊ လူမှုရေးအကြောင်း လေတွေဖော၊ နောက်ဆုံးတောင်းရမ်းသည့်အကြောင်း ပြောကြပါဟဲ့ဟု သတို့သမီးအမေက ပြောတော့မှ ရှက်ပြုံးလေးဖြင့် ငြိမ်ကုပ်၊ နောက်နှစ်ရက်အကြာမှာ တရားရုံးသွား၊ အချိန်မကျသေးသဖြင့်ဟုဆိုကာ သတို့သမီးမှ နာရီတစ်ကြည့်ကြည့်ဖြင့် ဘောလ်ပင်ကြီးကိုင်ကာ နာရီကို မြှောက်ကာ မြှောက်ကာကြည့်နေသည်ကို နောက်တစ်ဆက်ရှင် ရှိသေးသည်ဆိုသော မျက်နှာပေးဖြင့် စိတ်မရှည်သလို ကြည့်နေသည့် ခရိုင်ဒုတိယတရားသူကြီး သတို့သားထက် စိတ်မောနေသည်ကို ကြည့်ရင်းစိတ်ထဲမှ ရယ်မောနေရင်းဖြင့် ဥပဒေအရ လက်မထပ်မီတစ်ရက်အလိုမှာပင် လင်မယားအရာ မြောက်ခဲ့လေ၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မနက်ဖြန်ဆို အိုရချည်သေးရဲ့ဟု ကိုရင်စိုင်း တည်းခိုရာအခန်းထဲတွင် ရင်မောရင်း အိပ်မရဖြစ်နေလေ၏။ အချိန်ကား ည ၁ဝ နာရီကျော်လေပြီ။ မနက် ၆းဝဝ သတို့သမီးအိမ်တွင် တွေ့ဆုံရန်ချိန်းထားသဖြင့် အိပ်တော့မည်ဟု စောင်ကို ဆွဲခြုံကာရှိသေး ဖုန်းသံမည်လာ၏။
ကိုရင်စိုင်းလဲ ကောက်ကိုင်လိုက်ပီး..
“ဘယ်သူပါလားညော်”
” မောင်လား ”
” ဟုတ်ပါတယ် ”
” မောင်.. ကိုဘိတ်က ပြောတယ်သိလား ”
” ငင်.. တိဝူးလေ “
ခေါင်းနားပမ်းကြီးသွား၏။
” ပန်းအလှဆင်သူတွေ မနက်ကားလာကြိုပါတဲ့.. အဲဒါ ကားမောင်းမယ့်သူမရှိလို့ မောင်ကားသွားယူပြီး ကြိုပေးပါလားညော် “
ကိုရင်စိုင်းလက်မှဖုန်း တစ်ဆတ်ဆတ်တုန်ပြီး လွတ်ကျသွား၏။
ချက်ချင်းပြန်ကောက်ကိုင်လိုက်ပြီး ပြန်ဖြေလိုက်ပါ၏။
” အဲလိုဆို သတို့သားကို ဘယ်သူလာကြိုမှာလဲ ငင် ”
” အိုမောင်ရယ်… စောစောစီးစီးသွားပြီး ပြန်လာခဲ့ပေါ့ ”
” ငင်… “
ကိုရင်စိုင်းမှင်တက်သွား၏။ ဘယ်လိုပြောရမယ်မှန်းတောင်မသိပင်။ သတို့သားကိုယ်တိုင်အကြို/အပို့လုပ်၊ ပြန်လာပြင်ဆင်၊ ပြန်သွား၊ ဒီတစ်ည အိပ်ရကိန်းမမြင်တော့ပေ။ နောက်ဆုံးတစ်ခြားနည်း ကြံဖန်ပါအုန်းပြောမှ ကားငှားပြီးလာခိုင်းလိုက်မယ်နော်ပြောသဖြင့် သက်ပြင်းမောကြီးချပြီး အိပ်ပျော်သွားလေ၏။
ကိုရင်စိုင်းခမည်းတော်မှာတော့ ထိုနေ့ညကပင် ရွေးကောက်တင်မြှောက်ထားသော ဇနီးထံသို့ ပြန်ကြွတော်မူသွားလေ၏။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
စောစောစီးစီးပင် တက်ကြွနေသည့်ကြက်ဖအလား ဆံပင်ကို ကြော့နေအောင်ဖီးပြီး မြောက်ကြွမြောက်ကြွအခန်းမှထွက်လာသည့် ကိုရင်စိုင်းအား ဟိုတယ်ဝန်ထမ်းကောင်လေးများမှ အထူးအဆန်းကြည့်နေခိုက် ဒီနေ့ပြန်မလာတော့ဘူးဟု အထုပ်နှစ်ထုပ်ကို ကြမ်းပေါ်တွင် ပြစ်ချ၊ တစ်နေ့စာအတွက် ငွေရှင်း၊ ဟိုတယ်မှ အိတ်နှစ်လုံး ဆောင့်ကြွားကြွားဆွဲထွက်လာသည့် ကိုရင်စိုင်းအား နားမလည်သည့်အကြည့်များဖြင့် ကြည့်နေကြလေ၏။ ကိုရင်စိုင်း ပလပ်များ ကျွတ်သွားလေသလားဟု။
လမ်းမှာတွေ့သည့်အငှားကားအားတားပြီး သွားလိုသည့်နေရာပြော၊ ယောက္ခမအိမ်အရောက်အထုပ်ကို အသည်းအသန် ဝမ်းနှုတ်ဆေး မတရားစားထားပြီး အိမ်သာပြေးချင်နေသည့်အလား ပြေးဆွဲပြီးနေရာချ၊ ထို့နောက် သတို့သမီးနှင့် ခယ်မ၊ ယောက္ခမတို့အား အသည်းအသန်ဆွဲခေါ်လာပြီး ဟိုတယ်သို့ ပြေးလာတော့သည်။ ကိုရင်စိုင်းတို့ရောက်ပြီး များမကြာမီမှာပင် ကိုဘိတ်တို့ရောက်လာပြီး တွေ့သမျှ မိန်းမမှန်သမျှကို စိတ်တိုင်းကျပြင်နေသဖြင့် သတို့သမီး ဘယ်သူပါဆိုတာ သေချာရှင်းပြရတော့သည်။ တော်ပါသေး၏။ ထိုတွင်မှ ကိုရင်စိုင်းကောင်မလေးအား သေချာ ကျကျနန ပြင်ပါတော့၏။
သို့နှင့် နှစ်နှာရီခန့်ကြာသွားသည်ဆိုပါတော့။ သတို့သားမှာတော့ ငုတ်တုတ်ကြီးနှင့် ဘာမှ မစရသေး။
နောက်တော့ ဂျော်ဒကီးပျော့ပျော့လေးတစ်ကောင်ရောက်လာပါ၏။ ပြင်တော့မယ်တဲ့။
ကိုရင်စိုင်းလဲ တောင်ရှည်ပုဆိုး ကိုယ်တိုင်ဝတ်ရမှာလားဟု မေးသောအခါ သူမှ ဝတ်ပေးရမည်အကြောင်းဆိုလာသည့်အတွက် ညီတော်မောင်ကိုခေါ်ပြီး အောက်သို့ပြေးဆင်းလာရတော့၏။ ရှာရင်း၊ ရှာရင်းနှင့် ရွှေဂုံတိုင်အဝိုင်းသို့ရောက်သောအခါ နာရီဝက်ခန့်ရှိသွားလေ၏။ ကောင်မလေးမှ ဖုန်းဆက်ခေါ်သဖြင့် ရွှေဂုံတိုင်အဝိုင်း ကုန်တိုက်တစ်ခုမှ အတွင်းပစ္စည်းဝယ်ပြီး အမြန်ပြန်၊ ကိုယ့်ကိုယ်ကိုကာကွယ်ပြီး အခန်းထဲရောက်သောအခါ ကိုရင်စိုင်းကို ထိုဂျော်ဒဂီးမှ လိုက်ကာနောက်ခေါ်သွားပြီး တောင်ရှည်ပုဆိုး စိတ်တိုင်းကျအောင် ဝတ်ပေးတော့၏။
တော်ပါသေး၏။ အကာအကွယ်ရှိပေလို့။
ငိ ငိ။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရုပ်စပ်ဖြဲကြီးနှင့် ခန်းမထဲ ဝင်တော့မည်ဆိုတော့ မဝင်ပါနဲ့အုန်းဟု တက္ကသိုလ် ကိုကိုဇော်မှ တားလာ၏။ အကြောင်းမှာ အခါတော်ပေးဆိုမည့် စောင်းသမားမှာ ဆီအိုးနားတွင် ရေဗက္ကာဝင်းပွဲဆိုနေတာ နောက်ကျနေသဖြင့်ဟုဆိုသဖြင့် ကိုရင်စိုင်းတစ်ယောက် တောင် မရှည်တစ်ရှည် ပုဆိုးကြီး ဖိုးလျိုဖားလျားဖြင့် အရပ်ရှစ်မျက်နှာစုံအောင် လျှောက်နေတော့၏။ နာရီဝက်ခန့်နောက်ကျသွားသည်။ အခန်းထဲမှ ပရိတ်သတ်ကြီးမှာလည်း အပေါက်ဝသို့ မျှော်လင့်တစ်ကြီးငေးလျက်သား။ အခမ်းအနားတွင် ဖွင့်ထားသောသီချင်းများမှာလည်း သီချင်းအစပြီးနောက် နောက်သီချင်းအစပြန်ဖြစ်လိုက်၊ သီချင်းအလည်မရောက်ခင် နောက်သီချင်းတစ်ပုဒ် အစပြန်ဖြစ်လိုက်နှင့်။
ကောင်းလေစွတကား။
မကြာမီမှာပင် ကိုဘိတ်မှ စောင်းသမားလာလေပြီဟုဆိုကာ ဓါတ်လှေကားမှ အူယားဖားယား ပြေးဆင်းသွားလေ။ ဓါတ်လှေကား တံခါးပိတ်သွားသည့်နောက် အရေးပေါ်လှေကားမှ စောင်းကြီးပိုက်ပြီး စောင်းသမားနှင့် အဆိုတော်တို့ ပြေးထွက်လာလေ၏။ ကိုဘိတ် အောက်ဆင်းသွားသည်ဆိုသည့်အတွက် စောင်းကြီးပိုက်ပြီး အောက်ပြန်ပြေးဆင်းသွားလေ၏။ နောက်ဆုံးတွင်မတော့ ဓါတ်လှေကား တံခါးကြီးပွင့်ပြီး ကိုဘိတ်နှင့် စောင်းသမတို့ ထွက်လာသည့်နောက် ကိုရင်စိုင်းလဲ ဖြီးဖြီးကြီး မင်္ဂလာခမ်းမကြီးထဲ ဝင်လာလေတော့သတည်း။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဖြီးလို့မှ မဆုံးခင် အချိန်ကုန်တော့မည်ဆိုသည့်အတွက် စင်မြင့်ထက်မှ အူယားဖားယားပြေးဆင်း၊ မြင်မြင်သမျှ လိုက်နှုတ်ဆက်၊ အပြင်ဘက်ထွက်ပြီး ထွက်လာသမျှ ပြန်နှုတ်ဆက်နှင့် ဓါတ်ပုံတွေထွက်လာတော့ ထိုအပေါက်ဝမှာ ကိုရင်စိုင်းခေါင်းကြီးမှာ နောက်သို့လည်လျက်သားနှင့်။
လည်ဆို နောက်ကျောမှာ မင်္ဂလာလက်ဖွဲ့လက်ခံရာ ကောင်တာကြီးပေမို့လား၊
အပုံကြီးကိုကြည့်ပြီး ဘာတွေများလဲငင်.. ဟုသာ စိတ်ဝင်စားနေသောကြောင့်ဖြစ်၏။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
26 comments
nozomi
December 19, 2013 at 10:10 am
တနှစ်နောက်ကျပြီးမှ ဖတ်ရလဲ ကိုစိုင်းအရေးအသားတွေဖတ်ရတာမို့ တန်ပါတယ်
တွင်းထဲ ခုန်ချချင်သူတွေ ဒီ အဆင့်ကို ကျော်မှ တွင်းထဲ ရောက်နိုင်တယ် ဆိုတဲ့ ဗဟုသုတလေးလဲ ပေးပြီးသားဖြစ်တာပေါ့
တနှစ်မို့လို့ပဲလား ကိုစိုင်းကဉာဏ်ကောင်းလို့လား မသိ ၊ လ တွေ ရက် တွေ အတိအကျ မှတ်မိနေသေးတယ်
ကျနော်တော့ ဖေဖော်ဝါရီ ကလွဲပြီး နှစ်နဲ့ ရက်က ဝိုးတိုး ဝါးတားကို ဖြစ်လို့
ထူးခြားတဲ့ အရေးအသားနဲ့ ဆွဲဆောင်နိုင်လွန်းတာမို့ အိမ်ထောင်ရေးအတွေ့အကြုံ ဟန်းနီးမွန်း အတွေ့အကြုံလေးတွေ ရေးပါဦး
ဖြူစိုင်း လူ
December 20, 2013 at 5:07 am
ဦးနိုဇိုမိပြောလို့ နည်းနည်းအားတက်သွားတယ်
ရေးမယ်လို့ကြံနေတာ ဒီနေ့မှ ရေးဖြစ်သွားတာပါ.. ရေးရတာ လက်မတွေ့တာကြာနေပြီလေ
နောက်ပိုင်းတွေ ရေးပါဦးမယ်.. ဘယ်တော့လဲတော့ မသိသေးဘူးဖြစ်နေတယ်
kyeemite
December 19, 2013 at 10:25 am
အင်း..ဖတ်ပီးပီးချင်းရေပြေးသောက်လိုက်ရတယ် ကိုရင်စိုင်းရေ…မောသွားလို့..
မင်္ဂလုံဆုံတယ်ဆိုတာ ဂလိုပဲဗျ…မိန်းကလေးဖြစ်ချင်သမျှနောက်လိုက်ရတော့တာ..
ကျုပ်လည်းခီများ မင်္ဂလုံဆုံပွဲ တက်ခဲ့ပါတယ်..ခန်းနားပါတယ်ဗျာ..ဒါပေသိ
ရန်ကုန်ထုံးစံအတိုင်း တက်သုတ်တော့ရိုက်ရပေသပေါ့…..ဆက်ရန်ရှိသေးလားဗျ 😀
ဖြူစိုင်း လူ
December 20, 2013 at 5:11 am
ကျွန်တော်လဲ မနားတမ်းတစ်ထိုင်တည်း ဆွဲလိုက်ရတာ နှစ်နာရီလောက်ကြာသွားတယ် ဦးလေးရေ.. ရေးပြီးပြန်မစစ်ပဲ ငါ့လက်ကလွတ် ဗြွတ်ဆို ရေးလိုက်တာ
ဆက်ရန်တော့ ရှိပါသေးတယ်ပေါ့ :kwi:
ဦးကြောင်ကြီး
December 19, 2013 at 10:26 am
တော်ပီကွာ မိန်းမ အယူဒေါ့ဗူး..။ ပက်ကညော ခွစ်လေးရေ လစ်ဗင်းတူဂဲဓါး လုပ်ရအောင်..
ကြောင်ဝတုတ်
December 19, 2013 at 10:33 am
ဦးကျောက်ရဲ့ မင်္ဂလာဆောင်အတွေ့အကြုံလေးလဲ မကြာခင်ဖတ်ရတော့မယ်ထင့်
ခင်မင်လျက်-
ဖက်ဖက်ကက်
ဖြူစိုင်း လူ
December 20, 2013 at 5:12 am
အဲဒီအူးကျောက်စ်မတင်ခင် ဦးအောင်တင်ထားတာ
သူက ကိုယ့်ထက်လက်သွက်တာ.. ဝါတော့ နုသွားရှာလေပြီ ညှင်း ညှင်း :hee:
KZ
December 19, 2013 at 11:01 am
အကြောင်းအရာရော အရေးအသားရော ဒီ လ ဖတ်မိသမျှ အကောင်းဆုံးပဲ။
တကယ်ကို ချီးကျူးတယ်။
တော်လွန်းလို့။
🙂
မိန်းမယူချင်တာကိုး ဆောင် ပေါ့။
ဟိုကလည်း မင်ဂါဆောင်ချင်လို့မှ ယောက်ကျား ယူလား မသိ။
:kwi:
ဖြူစိုင်း လူ
December 20, 2013 at 5:14 am
အမြဲတမ်း ပင်တိုင်အားပေးနေတဲ့ အမာခံစာဖတ်ပရိသတ်ကြီးပါဗျာ
သူပြောလို့သာ ယုံရတယ်.. အဲ့လောက်ထိ တစ်ခါမှ မခံစားဖူးဘူး
ကိုယ်ရေးတာ ကိုယ်သိနေတာကိုးလို့
😀
alinsett
December 19, 2013 at 11:14 am
ကျနော်ကတော့ ယူချင်စိတ် ပေါက်သွားတယ်
🙂
မင်္ဂလာ ဆောင်ချင်လို့တော့ ဟုတ်ဖူး
:kwi:
TNA
December 19, 2013 at 11:33 am
မင်ဂါဆောင်နဲ့သူတိုင်းကြုံရတာပဲအေ။ မောထှာ။ ဒါတောင်ဆင်မကြောက် ကျားမကြောက် ဆောင်မယ်တကဲကဲကချိသေး အဟေးဟေး။ နောက်တခါဆောင်နဲ့တော့အေရယ် တခါနဲ့မှတ်တော့
sorrow weaver
December 20, 2013 at 1:33 pm
ဘူ့ကိုစောင်းသလဲဗျ…အဟီးဟီး …ဆောင်ချင်တယ်ဂျာ ..ဆောင်ချင်သမှ ..တစ်ပိုင်းကိုသေလို့ အဟိဟိ
TNA
December 20, 2013 at 3:47 pm
သူများပွဲပဲပြီးအောင်ကူညီလိုက်ပါအုံးအေရယ်။ ညီးကတော့နောက်မှပေါ့အေ။
sorrow weaver
December 23, 2013 at 11:09 am
ကွကိုယ် ..မင်္ဂလာဆောင်ချင်လို့ ဆောင်ချင်တယ် ပြောတာ ..ဘူ့ထိခိုက်လို့ …အနီသုံးခုတောင်ရရသတုန်း…တယ်လေ…. ( မေဂရေ့စ် … ခင်ဝင့်ဝါ..Mဆိုင်းလု များ လာနီသလား ..အာဟိ )
Wow
December 19, 2013 at 1:23 pm
မိန်းမတွေက မင်ဂါဆောင်ချင်လို့ယောက်ကျားယူတာ… ကိတ်မင်ဒယ်တန်တို့ မင်ဂါဆောင်လောက်တော့ မှန်းကြတာပဲ… ဖြစ်တာ မဖြစ်တာကတော့ နောက်ပေါ့…
sorrow weaver
December 19, 2013 at 1:34 pm
အဲ့ဆို တားတားကိုအလုပ်အပ်ပါဗျာ ယူရင်….တားတားက event planner လဲလုပ်တယ်..အဟိဟိ
အဘရဟူဒီ
December 19, 2013 at 1:43 pm
ကျော်လည်း ဒါတ်သေမှတ်တမ်း ရိုက်ဘာဒယ်ခီည…
Wow
December 19, 2013 at 3:30 pm
တားတို့ မင်ဂါဆောင် အရင်စီစဉ်ထားနှင့် ကြီးမေ ယူမဲ့ယောက်ကျား လိုက်ရှာလိုက်အူးမယ်..
ဖြူစိုင်း လူ
December 20, 2013 at 5:17 am
ကျွန်တော်တို့ကျတော့ ပြောင်းပြန်ဗျ
မိန်းမလိုချင်လို့သာ မင်္ဂလာဆောင်ရတာ.. ဘယ်သတို့သားကြည့်ကြည့်၊ လူလူသူသူပုံကိုမထွက်ဘူး.. သတို့သမီးတွေပဲ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေကြရှာတာ
သတို့သားတွေခမျာတော့ ဘယ်သူကမှလဲ စိတ်ဝင်တစားမကြည့်ကြဘူးဆိုတော့ ဘယ်သူမှလဲ မပြင်ဆင်ပေးကြဘူးလေ.. အဲဒီသတို့သမီးတွေကိုယ်တိုင်ကိုက
:harr:
Mr. MarGa
December 19, 2013 at 3:29 pm
ကိုရင်စိုင်းရယ်
ဖတ်ပြီးတော့
ပြုံးရမလား သက်ပြင်းချရမလား မဝေခွဲနိုင်အောင် ဖြစ်သွားတယ်ဗျာ။
ဖြူစိုင်း လူ
December 20, 2013 at 5:18 am
တစ်ခုခု (ပေးချင်တာတွေထဲက တစ်ခုခုတော့) ရသွားပြီထင်ပါတယ်..
ကျေနပ်ဘာဒယ်ဗျာ
padonmar
December 19, 2013 at 8:55 pm
အာတီဒုံတို့ အုပ်စုကြီးလည်း မင်္ဂလာခန်းမ အဝမှာ သတို့သားကြီးနဲ့ သတို့သမီးလေးရယ် အမျိုးတွေရယ် တန်းစီနေတာ ဖြတ်လာပြီးကတည်းက ရွာသူသားတွေ လက်ပံပင်ပေါ် ဇရက်အုပ်ပြုတ်ကျလိုက်ကြတာ၊
အင်း…ပြန်တွေးကြည့်ရင် ပျော်မိသေး။
(ကိုစိုင်းက သူများတွေ အမြီးမပြတ်အောင် ရေးနေတာ၊အခုထိတောင် သူ့မျက်နှာကြီး ဖြီးကောင်းတုန်း)
ဖြူစိုင်း လူ
December 20, 2013 at 5:24 am
အင်း… ခုကျွန်တော်ရေးထားတာကို ပြန်ဖတ်ကြည့်ရင် ရောက်ခဲ့တဲ့သူတွေတိုင်း ပြန်သရုပ်ဖော်မိမယ် ထင်ပါတယ်.. တစ်ကယ်တော့ ခမ်းမတစ်ခုလုံး သတို့သမီးဘက်က အမျိုးတွေချည်းပဲ.. သတို့သားဖက်က အမေရယ်၊ အစ်မရယ်၊ ညီရယ်ပဲရှိတယ်.. အယောက် ၃၀ဝ စာခမ်းမမှာ ၂၀ဝ လောက်က သတို့သမီးဖက်က၊ သတို့သားဖက်က ဘယ်သူရှိလဲဆိုတော့ စာရေးဆရာတွေပဲ ရှိတယ်ဆိုတော့ ထိပ်ဆုံးဝိုင်းမှာ Reserve လုပ်ခိုင်းထားလိုက်တယ်ပေါ့နော်.. မန့်သလေးဂွဇွတ် အုံးသီးလို့။ အဲဒီကိုအရင်ဆုံးရောက်လာတာ မမှီလို့ပြောပါတယ်.. သူလဲဝင်ထိုင်နေတယ်ပေါ့.. ဗြစ်တစ်သျှလိုရေးထားတာကို နားမလည်တဲ့ သတို့သမီးဖက်က အမျိုးတွေက လာလာဝင်ထိုင်နေတော့ နောက်ဆုံးမမှီတစ်ယောက်တည်းဖြစ်နေတုန်း အာတီဒုံတို့က ထောင့်ဝိုင်းလေးကို ဆွဲခေါ်သွားတယ်ကြားရတော့ ခုထိပြန်တွေးတိုင်း စိတ်မကောင်း ဖြစ်နေတုန်းပဲ..
အဲဒါကြောင့် ဓါတ်ပုံတွေရိုက်တော့ အာတီဒုံတို့အဖွဲ့ကို ဦးဆုံးခေါ်တာ..
သတို့သားဖက်က ဆွေမျိုးဆိုလို့ ဒီစာရေးဆရာတွေပဲ ရှိခဲ့တာလေ..
ပြန်တွေးတိုင်း ကျေးဇူးတင်မိပါကြောင်း။
လုံမလေးမွန်မွန်
December 19, 2013 at 10:21 pm
တစ်နှစ်ပြည့် အမှတ်တရလက်ဆောင်ပေါ့နော်… မောပေမယ့် ပြောတယ်ဟုတ်… 🙂
ကိုရင်စိုင်း၏ အတွေ့အကြုံကို အသေချာမှတ်သည်။
event planner – ကဆောရိုး
ဓာတ်သေဆြာ – ကရင်ဂီ
ငှဲငှဲ.. ဘူချိသေးလဲဟင်င်..
ဖြူစိုင်း လူ
December 20, 2013 at 5:29 am
မိတ်ကပ်အလှပြင် မာမီမိုက်ကယ်ဂျော်နီအောင်ဘု
ဘိသိတ်ဆရာ ဆရာခေါင်
မင်္ဂလာပန်းကြဲ အီးဒုန်း
အခမ်းအနားမူး မိုက်ခဲအောင်တိုက်
ကြိုဆိုဧည့်ခံ နေရာချထားရေး ဦးကြီးမိုက်
သတင်းနှင့် ပြန်ကြားရေး အာဂ
သတို့သား တစ်ခမ်းမွှေး အံဇာတုန်း
အကြွေးအမွေး အီးဇီးကွတ်ဝေဝေနှင့် ဒေါ်ဆွိ
ကျန်တာတွေ အများကြီးရှိသေးတယ်..
:hee:
Ma Ma
December 21, 2013 at 4:37 pm
မြင်ခဲ့တာတော့ မင်္ဂလာကန့်လန့်ကာရှေ့ထွက်လာတဲ့ သတို့သားရဲ့ပြုံးဖြီးဖြီးမျက်နှာကြီးကိုပဲ……