ခေတ်သစ် ဘကြီးအောင်

Paing LayJanuary 16, 20141min41517

ကျွန်တော် ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အ.ထ.က ၂ ကျောင်းကို ဆရာမဆီ လည်လည်သွားရင် ကျွန်တော့်ညီ ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေမည်ဟု သိရသဖြင့် သွားဖြစ်ခဲ့ပါသည်။

 

ဖျော်ဖြေမည့် တစ်ခန်းရပ် ပြဇာတ်နာမည်ကား ဆရာကြီး “မင်းသုဝဏ်” ၏ “ဘကြီးအောင် ညာတယ်” စကားပြေကို တင်ဆင်ကပြမည်ဖြစ်သည်။ နောက်ခံပန်းချီကားမရှိ၊ နောက်ခံတီးလုံးမရှိ၊ ဆလိုက်မီး မရှိ။ ရှိတဲ့ ပစ္စည်းများ ဖြင့် ထိထိရောက်ရောက်တင်ဆက်သွားပုံမှာ နှစ်ထောင်းအားရဖွယ်ဖြစ်သည်။

 

စူး၊ဆောက်၊တူ များကိုကိုင်ပြီး ပါးစပ်တွင် ဆေးတံခဲထားသော လူကြီးတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပန်းပုရုပ်တစ်ခုကို ထုဆစ်နေသည်။ သူ့အမည်က “ဦးအောင်ချာ(ခ) ဘကြီးအောင်”။

ထိုအချိန်တွင် လွယ်အိတ်လွယ်လျက်ဝင်လာသော လူငယ်လေးတစ်ယောက်။ သူက အဓိကသရုပ်ဆောင် “မောင်ဖိုးချစ်”။ အပြန်အလှန်စကားပြောကြသည်။

“ဘကြီးအောင် မင်္ဂလာပါဗျ။” “မင်္ဂလာပါမြေး၊ ကျောင်းဆင်းခဲ့ပြီလားကွယ့်” “ဟုတ်ကဲ့ ဘကြီးအောင်၊ ကျွန်တော်ကို ဘာခိုင်းစရာရှိလဲဗျ ခိုင်းစရာရှိရင်ခိုင်းနော်” “ခိုင်းစရာဘာမှမရှိပါဘူးကွယ်” “ဒါနဲ့ ဘကြီးအောင် ဘာအရုပ်ထုနေတာတုန်းဗျ” “ကကြိုးဆင်နေတဲ့ ယမင်းရုပ်ကလေးပေါ့ကွယ် မြေးရဲ့” “ဘကြီးအောင် အရုပ်ကလေးက လှလာမှာလားဗျ” “ငါထုတဲ့ အရုပ် ဘယ်တုန်းက မလှဘဲ ရှိလို့တုန်း”

ဖိုးချစ်က စိတ်ဝင်တစားကြည့်သည်။ ဘကြီးအောင်က ပန်းပုရုပ်ကိုဆက်ပြီးထုနေသည်။ ထိုအချိန်တွင် နောက်ခံစကားပြော လုပ်ပေးသောကျောင်းသားတစ်ဦးမှ ဇာတ်လမ်းကိုရှင်းပြနေသည်။

“ဘကြီးအောင်ရဲ့ အိမ်က မူလတန်းကျောင်းလေးရဲ့ မနီးမဝေးမှာ ရှိတယ်။ မောင်ဖိုးချစ်က ကျောင်းသွားကျောင်းပြန် ဘကြီးအောင်ကို နှုတ်ဆက်လေ့ရှိတယ်။ တစ်နေ့တော့ ဘကြီးအောင် ထုနေတဲ့ ပန်းပုရုပ်ကလေး ကို စိတ်ဝင်တစား မောင်ဖိုးချစ်က ကြည့်နေတော့တယ်။ ဒီလိုနဲ့ ပန်းပုရုပ်လေးက ရုပ်လုံးပေါ်လာတော့တယ်။ ဒီတော့ အဲဒီပန်းပုရုပ်ကလေးကို  မောင်ဖိုးချစ်က လိုချင်လာတော့တယ်”

“ဘကြီးအောင် ဘကြီးအောင် ကျွန်တော် ဒီအရုပ်ကလေးကို လိုချင်လို့ ပေးပါလား” “မြေးရဲ့ အလကားမလိုချင်စမ်းပါနဲ့ကွယ် အလကားယူတတ်တဲ့သူဟာ အလကားလူပဲကွယ့်” “ကျွန်တော်လိုချင်လို့ပါ ဒါဖြင့်ရင် အလကားမယူဘူး ရောင်းဗျာ” “မြေးကဝယ်နိုင်လို့လား” “ဘယ်လောက်လဲဗျ ပြောပါ။ ကျွန်တော် ဝယ်နိုင်အောင် ကြိုးစားပါ့မယ်။” “မြေးကလိုချင်တယ်ဆိုရင် လည်းရောင်းရမှာပေါ့” “ဘယ်လောက်လဲဗျ” “တစ်ကျပ်ကွာ တစ်ကျပ်” “ကျွန်တော်က တစ်ကျပ်မမြင်ဖူးဘူးဗျ။ တစ်ကျပ်ဆိုတာ ဘယ်လောက်ရှိလဲ”“ ၆၄ပြားရှိတယ်၊ ဆယ်ပြားစေ့တော့ မင်းတွေ့ဖူးမှာပါ။ ဆယ်ပြား ခြောက်ခါနဲ့ တစ်ပြား လေးခါကွာ။”

“ကျွန်တော်က တစ်နေ့ကို တစ်ပဲ၊ နှစ်ပဲတောင် မုန့်ဖိုး မရပါဘူး။ ဒါပေမယ့် ကျွန်တော် အလုပ်လုပ်ပြီး ငွေစုမယ်။ ဘကြီးအောင် ကျွန်တော့်ကို ရောင်းနော် ဘယ်သူ့ကိုမှ မရောင်းရဘူး။ မပေးရဘူး ကတိနော် ကတိ” “အေးပါ မြေးရဲ့ အဘိုးကတိပေးပါတယ်ကွယ်”

ထိုအချိန်တွင် နောက်ခံစကားပြောသူက-

“အဲဒီအချိန်တုန်းက တစ်ကျပ်မှာ ၆၄ပြားရှိပါတယ်။ ပန်းပုရုပ်ကလေးကို သိပ်လိုချင်ရှာတဲ့ မောင်ဖိုးချစ်ကလေးက တစ်ကျပ်ပြည့်အောင် အလုပ်တွေလုပ်ပြီး ငွေရှာပါတော့တယ်။ ရွာထဲက ခိုင်းသမျှအလုပ်တွေကို လုပ်တွေကို ရေခပ်တယ်၊ ထင်းခွဲတယ်၊ ငွေစုတယ်။”

မောင်ဖိုးချစ် ထင်းခွဲနေပုံ၊ ရေခပ်နေပုံ အမူအရာကို ကြည့်ပြီး ပရိတ်သတ်များ၏ ရယ်သံများ Hall တစ်ခုလုံး လွှမ်းခြုံသွားသည်။ နောက်ခံစကားပြော ထပ်ထွက်လာပါသည်။

“မောင်ဖိုးချစ်လေးက အဲလို ငွေတွေစုတယ်။ သူ့ပန်းပုရုပ်ကလေးကို နေ့တိုင်းသွားပြီးကြည့်တယ်။ ပန်းပုရုပ်ကလေးကလည်း တော်တော့်ကို လှလာတယ်။ ပန်းပုရုပ်ကလေးကို လိုချင်လွန်းလို့ အိပ်မက်ထဲမှာပန်းပုရုပ်ကလေးနဲ့ ကစားနေရတယ်ဆိုပြီး အိပ်မက်တွေမက်တယ်။ ဒီလိုနဲ့ မောင်ဖိုးချစ် ငွေစုလာလိုက်တာ တစ်ကျပ်ပြည့်ဖို့ လေးပြားလောက်အလိုမှာတော့……..”

ကားလိပ်ချလိုက်သည်။

ကားလိပ်ပြန်အဖွင့်တွင်-

ဘကြီးအောင်က ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ အမြင့်တစ်နေရာတွင် ပန်းပုရုပ်ကလေးကို တင်ထားသည်။ ထိုအချိန်တွင် လူကြီးပုံစံ  ပြင်ဆင်ထားသော သရုပ်ဆောင် နှစ်ယောက်ဝင်လာသည်။ တစ်ယောက်က မြို့ကြီးသားပုံစံ ။ နောက်တစ်ယောက်က ရွာသားကြီးတစ်ယောက်၏ ပုံစံ။ သူတို့က လွတ်နေသော ထိုင်ခုံ ပေါ်တွင် ဝင်ထိုင်ကြသည်။

“ဦးအောင်ချာရေ။ ဒါ…မြို့ကလာတဲ့ မြို့ပိုင်မင်းကြီး ခင်ဗျ။ မြို့ပိုင်မင်းဒါက ပန်းပုဆရာကြီး ဦးအောင်ချာ။ တစ်ရွာလုံးကတော့ သူ့ကို ဘကြီးအောင်လို့ ခေါ်ကြတယ်” “တွေ့ရတာ ဝမ်းသာပါတယ် မြို့ပိုင်မင်းကြီးခင်ဗျ။ ဒါနဲ့ ဒီကို ဘာကိစ္စနဲ့ လာကြတာတုန်း သူကြီးမင်းရဲ့” “မြို့ပိုင်မင်းကို ကျုပ်က လက်ဆောင်တစ်ခု ပေးချင်နေတာ ဘကြီးအောင်က ဆင်စွယ် ပန်းပုရုပ်ကလေးတွေ ထုနေတယ်ဆို၊ ရွာထဲမှာပြောနေကြတယ်။ ပြစမ်းပါဦး၊ ဟိုအရုပ်ကလေးလား၊” “ဟုတ်တယ် သူကြီးမင်းရဲ့ ရော့ပါ၊ ကြည့်ပါ”

ရွာသူကြီးက စိတ်ပါဝင်စားစွာကြည့်သည်။ ပြီးနောက် မြို့ပိုင်မင်းလက်ထဲသို့ထည့်သည်။ မြို့ပိုင်မင်းကလည်း လိုချင်သည့် မျက်လုံးဖြင့် ကြည့်လေသည်။

“ကဲ…..ဘကြီးအောင်ရေ၊ ဒီပန်းပုရုပ်ကလေးကို လက်ဆောင်အဖြစ် မြို့ပိုင်မင်းကို ပေးချင်တယ်၊ ဘယ်နှယ့်လဲ၊ ဖြစ်နိုင်ပါ့မလား” “ သူကြီးမင်းရယ်။ မြို့ပိုင်မင်းအတွက်ဆို အလကားယူသွားပါ ရပါတယ် သူကြီးရဲ့”

ထိုအချိန်တွင် အလုပ်လုပ်နေသော မောင်ဖိုးချစ်က ဇာတ်စင်ထောင်မှ ချောင်းကြည့်ဟန် လုပ်သည်။ ဖိုးချစ်၏ ရင်ထဲမှ စကားသံများကို စပီကာမှ ထုတ်လွှင့် ပေးလိုက်သည်။

“ဟာ…..ဟာ……ဘကြီးအောင် ခင်ဗျား ကျွန်တော့်ကို ရောင်းမှာဆို အခုဘာဖြစ်လို့ မြို့ပိုင်မင်းကို ပေးလိုက်ရတာလဲဗျ။ ဟာဗျာ…..ခင်ဗျား လူကြီးဖြစ်ပြီး ကတိမတည်ဘူး။ ဘကြီးအောင် ညာတယ်။ လူကြီးတွေညာတယ်။ လူကြီးတွေ ဝိုင်းပြီးညာကြတယ်……..”

ဖိုးချစ်၏ ရင်ထဲမှ စကားသံများကို ထုတ်လွှင့်ပေးနေသော စပီကာမှ နောက်ထပ်စကားသံတစ်ခု ထွက်ပေါ်လာပြန်သည်။

“ဟုတ်ပါတယ် ဖိုးချစ်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘကြီးအောင်ဆိုတဲ့ လူကြီးရဲ့ ညာခြင်းကို ခံလိုက်ရပါတယ်။ တကယ်တော့ လူကြီးတွေက လူငယ်တွေကို မညာသင့်ပါဘူး။ လူကြီးတွေက လူငယ်တွေကို လေးစားသင့်တယ်၊ ကတိတည်သင့်တယ်။ အခုဇာတ်လမ်းလေးကို ကြည့်လိုက်ကြစမ်းပါ။ ဖိုးချစ်တစ်ယောက် စိတ်ဓာတ်ကျသွားပြီ၊ အားငယ်သွားပြီ၊ မျှော်လင့်ချက်မဲ့သွားပြီ၊ အနာဂတ်ပျောက်သွားပြီ”

“အိမ်တစ်အိမ်မှာ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေ အလိမ်ခံရရင် တိုင်းပြည်ပျက်တတ်ပါတယ်။ ဒီလိုပါပဲ၊ နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေ စိတ်ဓာတ်ကျရင် တိုင်းပြည် အောက်တန်း နောက်တန်းကျတတ်ပါတယ်။ လူငယ်တွေ မျှော်လင့်ချက်မဲ့ရင် တိုင်းပြည်ရဲ့ အနာဂတ်လည်း ပျောက်တတ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဖိုးချစ်လို လူငယ်တွေ အတွက်ထားခဲ့ရမယ့် တောတွေ၊ တောင်တွေ၊ မြစ်တွေ၊ ချောင်းတွေ သယံဇာတတွေ တန်းဖိုးမထားကြတာပေါ့၊ ဖျက်ဆီးနေကြတာပေါ့ ပုံစံအမျိုးမျိုးနဲ့ ခိုးယူနေကြတာပေါ့”

နောက်ခံစကားပြောကြောင့် ပရိတ်သတ်လက်ခုပ်သံများ လက်ခုပ်တီးကြလေသည်။ဖိုးချစ် ၏ရင်ထဲမှ စကားသံများ ထပ်မံ ထွက်ပေါ်လာသည်။

“သူကြီးမင်း၊ ခင်ဗျား ကြီးဗျာ သူကြီးနေရာ တည်မြဲဖို့ အတွက် ကျွန်တော့် ပန်းပုရုပ်ကလေးနဲ့ လာဘ်ထိုးတယ်ပေါ့။ ခင်ဗျားကြီးတို့ဗျာ ဒီနေရာတည်မြဲဖို့ ကျွန်တော့် မျှော်လင့်ချက် နဲ့ စိတ်ကူးတွေကို မဖျက်ဆီးပစ်ကြပါနဲ့ဗျာ။ တောင်းပန်ပါတယ်” ဖိုးချစ်၏စကားသံ ထပ်မံပေါ်ထွက်လာသည်။ “အလကားမြို့ပိုင်မင်း ဒီမယ်ဗျ ဘကြီးအောင်က ပြောဖူးတယ် အလကားယူတတ်တဲ့သူဟာ အလကားလူတဲ့။ ခင်ဗျား ဟိုမြို့သွားပြီး အလကားယူလိုက်၊ ဒီရွာလာပြီး အလကားယူလိုက် နဲ့ လှည့်ပတ်ပြီး ယူနေတဲ့ အလကား လူကြီး။ အခု ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေကို အလကားယူသွားပြီ။ ခင်ဗျားတို့ဗျာ လူငယ်တစ်ယောက်ရဲ့စိတ်ကူးကို ထည့်မတွက်ကြဘူး။ ခံစားချက်ကို တန်ဖိုးမထားကြဘူး။ မျှော်လင့်ချက်တွေ အနာဂတ်တွေအားလုံးကို နင်းခြေ ဖျက်ဆီးပစ်တယ်။ အလကားလူကြီးတွေ၊ အလကားလူကြီးတွေ”ထိုအခါ နောက်ခံစကားပြောသံမှ-

“ဒီဇာတ်လမ်းလေးမှာ မောင်ဖိုးချစ်လေးက ပန်းပုရုပ်ကလေး ပိုင်ဆိုင်ရဖို့အတွက် သူ့မှာ ဆိတ်ကျောင်း၊နွားကျော်ငး ထင်းခွဲရေခပ်အလုပ်တွေကို မရပ်မနား လုပ်ကိုင်ရတယ်။ ပိုက်ဆံတွေကိုလည်း မစားရက်မသောက်ရက် စုဆောင်းရတယ်။ တစ်ကျပ်ပြည့်မှ သူလိုချင်တဲ့ ယမင်းရုပ်ကလေး ရမှာလေ။ အဲဒီလောက် မျှော်လင့်ချက်ကြီးမားစွာ ကြိုးစားခဲ့ရတဲ့ မောင်ဖိုးချစ်လေးဟာ အခုတော့ဗျာ………..”

အဲဒီ ပြဇာတ်ကို ကြည့်ပြီး ကျွန်တော် အတွေး တစ်ခုဝင်လာသည်။

ကျွန်တော်တို့ တိုင်းပြည်မှာ ခေတ်အဆက်ဆက် ပြန်ပြီး ကြည့်ပါ။ လူငယ်တွေ အလိမ်အညာ ခံခဲ့ ကြရတယ်။  လူငယ်တွေ အနာဂတ်ပျောက်နေခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ။  မှန်ကန်တဲ့ အသိဉာဏ်ပေါ်မှာ အခြေခံပြီး တက်ကြွတဲ့ လူငယ်တွေ ရှိတဲ့ တိုင်းပြည်ဟာ တိုးတက်တယ် တည်ငြိမ်တယ်။ ဒီလိုပဲ လူငယ်တွေရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်တွေ ကို တန်ဖိုးထားတတ်တဲ့ ခေါင်းဆောင်တွေ  ရှိသော တိုင်းပြည်ဟာ ငြိမ်းချမ်းတယ်၊ သာယာဝပြောတယ်။ ပေးထားတဲ့ ကတိစကားတွေကို မတည်ဘဲ ဘကြီးအောင်လို လူကြီးတွေ၊ နိုင်ငံရေး သမားတွေ၊ အဖွဲ့အစည်းတွေ နိုင်ငံရေးရဲ့ ဗီလိန် အဖြစ် သမိုင်းက မှတ်တမ်းတင်သွားကြတယ်။

အဲဒီလို တွေးနေတုန်းမှာပဲ လက်ခုပ်သံများ ထွက်ပေါ်လာသည်။

ထိုလက်ခုပ်သံများကဲ့သို့-

ပေးထားသော ကတိတွေ…….

ရှိနေသော မျှော်လင့်ချက်တွေ……..

ယုံကြည်လျက်ရှိသော အနာဂတ်တွေ………

အားလုံးကို လေးစားတဲ့

Paing Lay

 

17 comments

  • Myo Thant

    January 16, 2014 at 4:42 pm

    ကောင်းပါ့ဗျာ

    ဘရာဗိုပါဗျို့ 🙂

  • kai

    January 16, 2014 at 5:18 pm

    တချို့ကိစ္စတွေအကုန်ဖွင့်ပြော လှစ်ပြနေလို့မဖြစ်ဖူးဗျ..
    အထူုးသဖြင့် စာမတတ်သူတွေလောကမှာ.. ကွန်ဆာဗေးတစ်တွေလောကမှာပြောပါတယ်..

    ဆိုတော့..
    ♫♫♫ ♪♪♪♪♪♪ ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်..♫♫♫ ♪♪♪♪♪♪
    In a democracy, the people get the government they deserve.
    တူနယ်..တယ်နှယ်.. ♫♫♫ ♪♪♪♪♪♪

    • ပြည်သူက သူနဲ့တန်တဲ့အစိုးရကိုပဲ ရတာလား.. အစိုးရက သူ့လက်ထဲက အာဏာကိုသုံးပြီး သူနဲ့တန်တဲ့ ပြည်သူဖြစ်အောင် လုပ်ခဲ့တာလား သဂျီး..

      • Mr. MarGa

        January 16, 2014 at 5:47 pm

        လေကုန်ပါတယ် အမွန်ရယ် မုန့်လုံးစက္ကူကပ် ဖြစ်တော့မယ် :mrgreenn:

      • kai

        January 17, 2014 at 6:23 am

        မြန်မာပြည်ကို.. ဂျင်နရေးရှင်းတခုချင်းစီ စိပ်ပိုင်းကြည့်ဖို့လိုတယ်..။
        ဘေဘီဘုဏ်ဘာ၊ ဂျင်နရေးရှင်း အိက်စ်၊ ဝိုင်.. စသဖြင့်ပေါ့.။

        အခုမြန်မာပြည်ဟာ.. ဘေဘီဘုမာနှောင်းပိုင်းသမားတွေနဲ့.. အိပ်စ်တွေလက်ထဲမှာရှိတယ်..။
        အိပ်စ်လက်ထဲအပြည့်ရောက်ပြီး.. ဝိုင်တွေပါလာတဲ့နေ့မှာ.. အမှောင်ထဲကလွတ်ထွက်မယ်တွေးတာပဲ..
        နောင်.. ၁ဝနှစ်လောက်စောင့်ကြ.. :mrgreen:

        2000/2001-Present – New Silent Generation or Generation Z
        1980-2000 – Millennials or Generation Y
        1965-1979 – Generation X
        1946-1964 – Baby Boom
        1925-1945 – Silent Generation
        1900-1924 – G.I. Generation

        • Mr. MarGa

          January 17, 2014 at 11:53 am

          https://en.wikipedia.org/wiki/Lost_Generation

          အဲ့မှာ သွားဖတ်ကြည့်
          နားလည်မိသလောက်ဆို အဲဒါက G.I Generation ကို ပြောတာထင်တယ်။
          ကျန်တာတော့ သဂျီး ဆက်ရှင်းပေရော့ 🙂

  • Mr. MarGa

    January 16, 2014 at 5:40 pm

    ဒီနေရာမှာ တကယ်တွေးကြည့်ရင်
    မြို့ပိုင်မင်းနဲ သူကြီးက ဖိုးချစ် လိုချင်တယ်ဆိုတာ သိမလားဟင်
    အဲဒီနေရာမှာ
    အစအဆုံး သိနေတဲ့ ဘကြီးအောင် ကသာ
    လွယ်လင့်တကူ လက်မခံခဲ့ဘဲ
    နားလည်အောင် ရှင်းပြခဲ့မယ်ဆိုရင်
    အခြေအနေက တစ်မျိုးပြောင်းချင် ပြောင်းမယ့်ပုံ
    ဒါမှမဟုတ်
    ဖိုးချစ်လေးက အဲဒီအတိုင်း ငေးကြည့်မနေဘဲ
    ပြေးထွက်လာပြီး အကြောင်းစုံ ရှင်းပြမယ်ဆိုရင်လဲ
    ဘယ်လိုဆက်ဖြစ်မယ်ဆိုတာက စိတ်ဝင်စားစရာ
    ဆိုတော့
    လူကြီးဖြစ်တဲ့ ဘကြီးအောင်ဘက်ကလည်း အားနည်းချက်ရှိတယ် သူ မှန်မှန်ကန်ကန် မလုပ်ခဲ့(ဒါကတော့ ပြသွားတယ်)
    လူငယ်ဖြစ်တဲ့ ဖိုးချစ်လေးလဲ ပြေးထွက်လာပြီး ပြောမပြ၊ ရှင်းမပြတဲ့အတွက် သူ့မှာလဲ လိုအပ်ချက် ရှိတယ်လို့ တွေးမိတယ်။
    လူကြီးတွေ လုပ်သမျှကို ထိုင်ကြည့်နေမယ့်အစား
    ဖြစ်နိုင်မယ့် ထွက်ပေါက်၊ ဖြေရှင်းဖို့ နည်းလမ်းရှာ တိုးထွက်မယ်ဆို ဘယ်လိုလဲ………….

    ကို့လို့ကန့်လန့် ပြန်တွေးကြည့်တာပါဗျို့ 🙂

    • Ma Ma

      January 16, 2014 at 7:08 pm

      ဖိုးချစ်နေရာမှာ သိကြားကို အစားထိုးပြီး ဇာတ်ပြန်တိုက်၊
      ခေတ်သစ်ဘကြီးအောင်နဲ့ ခေတ်သစ်လူငယ်ဆိုပြီး ………
      နောက်တစ်ခါ တွေ့ဆုံပွဲမှာ ကပြရအောင်။ :hint:

      • KZ

        January 17, 2014 at 7:42 am

        အဟတ်ဟတ်။
        အဲလိုတွေးနေတုန်း မမက ပြောသွားတာ ကောင်းလိုက်တာ။
        ခုခိ ခုခိ။

        😀

        😀

        • Mr. MarGa

          January 17, 2014 at 10:07 am

          အင် :kwi:

    • kyeemite

      January 17, 2014 at 12:01 pm

      ကို့လို့ကန့်လန့် မဟုတ်ပါဘူးကိုမာဃရယ်…အဲဒါမှဒဲ့မှန်တာပါ 🙁

  • တိမ်တမန်

    January 16, 2014 at 6:11 pm

    အလိမ်အညာခံရတယ်ဆိုတာ…
    လိမ်တဲ ့ညာတဲ ့သူတွေ.တော်လို ့…
    အလိမ်အညာခံရတဲ ့သူတွေ..ညံ ့လို ့… ။

    ((အခုလောလောဆယ်တော့…
    ဒီလိုပဲ..ယူဆနေမိတယ် ။))

    ဘကြီးအောင်ကို..ပြန်ညာ..ပြန် ပတ်နိုင်ဖို ့အရေး…ဒို ့အရေး…

    :kwi:

  • ဝင့်ပြုံးမြင့်

    January 17, 2014 at 12:50 am

    တချိန်တုန်းကတော့ ဘကြီးအောင်ညာတယ် ကဗျာရှည်ကို ကြိုက်လွန်းလို့ အလွတ်တောင်ကျက်ခဲ့မိတယ်။ ကိုယ်ကြောင်ပုံတွေပြောပါတယ်။ တစ်ခုခုကို ရင်ထဲမှာ ထာဝရသိမ်းဆည်းထားချင်ရင် အလွတ်ကျက်ရမယ်လို့ မှတ်ပြီး အလွတ်ကျက်ခဲ့တာလေ။ ခုချိန်မှာလည်း ဒီကဗျာဟာ ကိုယ့်ရင်ထဲမှာ timeless ပါပဲ။
    အဲဒီ ပြောင်မြောက်လွန်းလှတဲ့ကဗျာကို အခုလို ခေတ်သစ်အမြင်နဲ့ဆွဲယူတွေးလိုက်တာတော့ ဘာမှမပြောတတ်ပါ။ အရသာ ကျသွားသလိုပဲ။

  • KZ

    January 17, 2014 at 8:26 am

    အမှန်ကတော့ ခေတ်သစ် ဘကြီးအောင်လို့ ပေးမဲ့ အစားးး
    ဘဂျီး ပြောင် ညာ တယ် လို့ ပေးရမှာ။

    ဟေးဟေးဟေးးးး
    ပို့(စ) ကို ဖျက်စီးတာဟုတ်ဘူးနော်။
    :mrgreen:

    မဆိုင်တာပြောရရင်………………
    ကိုယ်နေတဲ့နေရာက လူတွေ အခြေအနေတွေ အကြောင်းအရာတွေက ကိုယ့်ကို တန်ဖိုးမထားဖြစ်စေခဲ့ရင် အဲဒီနေရာမှာပဲ ကိုယ့်တန်ဖိုးကို အသိအမှတ်ပြုလာအောင်ကြိုးစားရင် ကြိုးစားးး
    ဒါမှ မဟုတ် ကိုယ့် ကို တန်ဖိုးထားတဲ့နေရာ၊ ကိုယ့်တန်ဖိုးကို သိတဲ့နေရာကိုသာ ကြိုးစား ရှာ ရမှာပဲ။
    ညာနေတာတွေ အသည်းနာနေလို့မရတော့။
    ညာတတ်တဲ့သူတွေကို နေရာပေးထားသ၍ အညာခံရဦးမှာပဲ ဆိုတော့လေ။

    ၃ ခါ အခိုးခံရရင် သူခိုးအပြစ်မဟုတ်ဘူးဆိုတဲ့စကားလိုပဲ နောက်တစ်ခေါက် အညာခံရရင်တော့ ဘကြီးပြောင်တို့ အပြစ်မဟုတ်တော့။
    😀

  • Paing Lay

    January 17, 2014 at 2:53 pm

    သဂျီးခိုင် ရေ နောက် 10 နှစ်စောင့်ရဦးမယ်ဆိုတော့ကာ Waiting for next generation ပေါ့နော် :mrgreen:

    ဦးမာဃပြောပုံအရဆိုရင်တော့ ဖိုးချစ်လို လူငယ်တွေက ဆိုင်းဘုတ်ကိုင်ပြီး လမ်းပဲလျှောက်မလား ဖွဘုတ်ပေါ်ကနေပဲ လက်သီးပုန်းထောင်ကြဦးမလားဆိုတာ(ဒါပေမယ့်လည်း အခုလည်း ဖွလက်စနဲ့ ဆက်ဖွနေကြဆဲ) တစ်ခုခုပဲဂျို့ :mrgreenn:

    ကျွန်တော့်ရဲ့ ပို့စ်ကို ဆွေးနွေးပေးသွားတဲ့ စီနီယာများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းးးးးးး 🙂

  • TNA

    January 17, 2014 at 8:28 pm

    အင်းမနက်ကပဲပြောဖြစ်သေး ရှေ့လူကလူမှန် နောက်လူကလူလိမ် အင်းပြောဒေါ့ဘာဘူး။ ရှည်ကုန်တော့မယ် :mrgreen:

Leave a Reply